အပိုင်း - ၃၉.၁
ယွမ်ချန်းရှန်ဟာ ချန်ခွန်းအနီးကို ရောက်တာနဲ့
"ဒီကို ဘာလာလုပ်တာလဲ"
ဟု မေးလိုက်သည်။
ချန်ခွန်းက ယွမ်ချန်းရှန်၏မေးခွန်းအား ချက်ချင်းပြန်ဖြေမပေးခဲ့။ သူမက ယွမ်ချန်းရှန်ကို ကျော်ကာ နောက်မှရှဲ့သောင့်အားကြည့်လိုက်၏။ ထို့နောက် တစ်ခုခုနားလည်သွားသလိုမျိုး ယွမ်ချန်းရှန်အား
"ဟေးးးကြည့်ရတာ ငါမင်းရဲ့အချိန်ကောင်းတစ်ခုကို နှောင့်ယှက်မိသွားပြီထင်တယ်"
လို့ ပြောကာ စနောက်လိုက်သည်။
ယွမ်ချန်းရှန်လည်း ပြာပြာလဲလဲဖြင့်
"ငါတို့နှစ်ယောက်က ဒီတိုင်းရိုးရိုးသာမန်သူငယ်ချင်းတွေပါပဲ"
လို့ တုံ့ပြန်လိုက်သည်။ ထို့နောက် သူက ချန်ခွန်းအား အထက်အောက်စုံဆန်ကြည့်ကာ
"မင်းက ယောက်ျားလေးအဝတ်အစားကို မဝတ်ပဲ မိန်းကလေးဝတ်စုံနဲ့ငါ့ကိုလာတွေ့တာပဲ။ ဒါကို ငါတကယ်မျှော်လင့်မထားဘူး"
"ခစ်၊ ခစ် လောကမှာ နင်မျှော်လင့်မထားတဲ့အရာတွေအများကြီးပါဟယ်"
ချန်ခွန်းက တခစ်ခစ်ရယ်ရင်း ယွမ်ချန်းရှန်ကို ပြောလိုက်သည်။
ထိုအချိန်မှာပဲ ရှဲ့သောင့်လည်း စိတ်မကောင်းဖြစ်နေသာအမူအရာဖြင့် သူတို့အနီးရောက်လာတော့သည်။
"တွေ့ရတာဝမ်းသာပါတယ်ရှင်"
ချန်ခွန်းက ရှဲ့သောင့်အား အရင်နှုတ်ဆက်လိုပ်၏။
ဒါ့ကြောင့် ရှဲ့သောင့်လည်း သူမ၏မျက်နှာထားကို အမြန်ပြင်လိုက်ကာ
ချန်ခွန်းအား ပြန်နှုတ်ဆက်လိုက်တော့သည်။
"ဟုတ်ကဲ့။ ကျွန်မလည်း တွေ့ရတာဝမ်းသာပါတယ်"
သူမက ချန်ခွန်းအား ယွမ်ချန်းရှန်နဲ့လက်ထပ်မည့်မိန်းကလေးဟုတ်လား၊ မဟုတ်ဘူးလား မေးမြန်းချင်ပေမယ့် နောက်ဆုံးမှာတော့ မမေးတော့ပေ။ ဘာလို့လည်းဆိုတော့ သူမအပေါ်ထားသည့် ယွမ်ချန်းရှန်၏သဘောထားက အရမ်းကိုရှင်းလင်းပြတ်သားနေပြီဖြစ်လို့ပင်။
ထို့နောက် သူမက ချန်ခွန်းအား
"ရှင်က ဘယ်ရွာကလဲ"
ဟု မေးမြန်းလိုက်သည်။
"အာ၊ ကျွန်မက တုန်းဖန်းမြို့ကပါရှင့်"
ချန်ခွန်းက အဖြေပြန်ပေးလိုက်သည်။
ထိုစကားကြောင့် ရှဲ့သောင်တစ်ယောက် မျက်နှာနည်းနည်းပျက်ယွင်းသွားပြန်သည်။
ယွမ်ချန်းရှန်ကလည်း ရှဲ့သောင့်အား
"နင်ပြန်ချင် ပြန်တော့လေ။ ငါ၊ ချန်ခွန်းနဲ့ ပြောစရာတချို့ရှိနေသေးလို့။ လမ်းခရီး ဂရုစိုက်သွားနော်"
ဒါဟာတဖက်လှည့်ဖြင့် ရှဲ့သောင့်အား နှင်ထုတ်လိုက်ခြင်းပင်။ ရှဲ့သောင့်ကလည်း ဒါကိုနားလည်ပေသည်။
သူမက ထပ်ပြီးအရှက်မကွဲချင်တော့၍ သူမလက်ထဲက အထုပ်အပိုးအား ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း ထိုနေရာကနေ လှည့်ပြန်သွားတော့သည်။
ရှဲ့သောင့်ထွက်သွားတာနဲ့ ယွမ်ချန်းရှန်လည်း ချန်ခွန်းအား
"မင်း၊ ဘာလို့ ငါ့ဆီကိုလာတာလဲ"
လို့ မေးလိုက်သည်။
ထိုအခါ ချန်ခွန်းက သူမ၏အိတ်ကို ပုတ်ပြကာ
"ဒီမှာ၊ မင်းအတွက် ကောင်းတာလေးတွေလာပို့တာ"
ထိုစကားကြောင့် ယွမ်ချန်းရှန်၏အကြည့်တွေ တောက်ပသွားကာ
"ကောင်းပြီလေ။ ဒါဆိုရင် တစ်နေရာရာကို သွားကြရအောင်"
လို့ ပြောလိုက်၏။
ထိုအချိန်မှာပဲ ချန်ခွန်းကိုလိုက်ပို့သည့် ကလေးက
"လေးလေးငါး၊ ကောင်းတာလေးတွေဆိုရင် ကျွန်တော်လည်း ကြည့်ချင်တယ်လေဗျာ"
လို့ ပြောတော့သည်။
ယွမ်ချန်းရှန်လည်း ထိုကလေးအား မျက်စောင်းတစ်ချက် ပစ်ကျွေးရင်း
"ဟေ့ကောင်။ ဒါက၊ ကလေးတွေကိစ္စမဟုတ်ဘူး။မင်းဘာသာမင်း တစ်နေရာမှာ သွားဆော့နေစမ်းပါကွာ"
လို့မာန်မဲလိုက်ရင်း ကလေးအား ဖင်ကနေ အသာဆောင့်ကန်လိုက်တော့သည်။
ထိုကလေးဟာ အကန်ခံလိုက်ရသည့် သူ့ဖင်အားလင်ဖြင့်ပွတ်ရင်းဖြင့်
"လေးလေးငါး၊ ခင်ဗျားကို ကျုပ်အမေနဲ့တိုင်ပြောမယ်ဗျာ"
လို့ ပြောလိုက်သည်။
"မင်းဘာသာမင်း တိုင်ချင်တဲ့နေရာကို သွားတိုင်လိုက်။ ငါ့များကြောက်မယ်ထင်နေလားကွ"
ယွမ်ချန်းရှန်က ထပ်ပြီးတော့ ဖြဲခြောက်လိုက်ပြန်သည်။
ထိုအခါ ကလေးက အနီးမှာရှိသည့် ခဲလုံးတစ်လုံးအားကောက်ကာ ယွမ်ချန်းရှန်အား ပစ်ပေါက်လိုက်သည်။ ပြီးတာနဲ့ လျှာထုတ်ပြောင်ပြ၍ အဝေးကိုအမြန် ထွက်ပြေးသွားတော့သည်။
ယွမ်ချန်းရှန်လည်း ထိုအခါမှ ပြုံးပြုံးရွှင်ရွှင်ဖြင့် ချန်ခွန်းအား
"ငါတို့လည်း သွားကြစို့"
လို့ ပြောလိုက်သည်။
ချန်ခွန်းဟာ ယွမ်ချန်းရှန်အား မျက်စောင်းတစ်ချက်ထိုးရင်း
"နင့်အသက်က သုံးနှစ်ပြည့်ခါစလေးထင်တယ်"
"သုံးနှစ်မဟုတ်ဘူး။ ငါ့အသက်က သုံးဆယ်ပါဆိုနေ"
ယွမ်ချန်းရှန်လည်း ချန်ခွန်းမှားပြောသည်အထင်နဲ့ အမှန်ပြင်ပေးလိုက်သည်။
ချန်ခွန်းလည်း သူမနှုတ်ခမ်းထက်မှာ အပြုံးတစ်ခု ဆင်မြန်းရင်း
"ငါသိတာပေါ့။ ငါပြောချင်တဲ့ သုံးနှစ်ဆိုတာက နင့်ရဲ့ကလေးတစ်ယောက်နဲ့ အပြိုင် ရန်တုဖြစ်နိုင်တဲ့ ဉာဏ်ရည်ကိုပြောတာ"
လို့ ပြောလိုက်တော့သည်။
ယွမ်ချန်းရှန် : ".............."
ယွမ်ချန်းရှန်၏ ပြောစရာ စကားများပျောက်ရှသွားပုံကိုကြည့်ပြီး ချန်ခွန်းလည်း သဘောကျစွာရယ်မောမိလိုက်သည်။ ထို့နောက် နှစ်ယောက်သား စကားတပြောပြောဖြင့် လူသူကင်းရှင်းသည့်နေရာသို့ ထွက်လာခဲ့ကြတော့သည်။
လူရှင်းသည့်နေရာကို ရောက်တာနဲ့ နှစ်ယောက်သား မျက်နှာချင်းဆိုင် ထိုင်လိုက်ကြ၏။
ချန်ခွန်းက ယွမ်ချန်းရှန်အား
"ငါ့ဆီက ယူသွားတဲ့ပစ္စည်းတွေ အကုန် ကုန်သွားပြီလား"
လို့ မေးလိုက်သည်။
ယွမ်ချန်းရှန်လည်း ရင်ကော့လျက်
"အဲ့တာတွေအကုန်လုံးက အဲ့ဒီနေ့ကတည်းက ကုန်သွားခဲ့တာ။ ဘယ်လိုလဲ ငါတော်တယ်မလား"
"ဝါးးး မင်းကအရမ်းတော်တာပဲ"
ချန်ခွန်းက ယွမ်ချန်းရှန်၏ ဈေးရောင်းကျွမ်းကျင်မှုအား ချီးမွမ်းလိုက်သည်။
ယွမ်ချန်းရှန်လည်း
"အဲ့လောက်ကြီး တော်နေတာလည်း မဟုတ်ပါဘူး"
လို့ပြောရင်း ကိုယ့်ကိုယ်ကိုယ်နှိမ့်ချလိုက်သည်။
ထို့နောက် ချန်ခွန်းက သူမ၏ အိတ်အား ယွမ်ချန်းရှန်ထံ ဖွင့်ပြလိုက်ကာ
"ဒီပစ္စည်းတွေ အကုန်ယူလိုက်လေ။ မင်းဘက်ကရော ယူမှာလား"
ယွမ်ချန်းရှန်လည်း အိတ်ထဲက ပစ္စည်းတွေကို တလှည့်၊ ချန်ခွန်းအား တလှည့် ကြည့်လိုက်သည်။ ဘာလို့လည်း ဆိုတော့ အိတ်ထဲမှာ ယခင်တစ်ခေါက်ကထပ် ပစ္စည်း ပိုများနေလို့ပင်။
ဒါ့ကြောင့် သူက ချန်ခွန်း၏စိတ်ထဲ ဘာတွေ တွေးနေလဲဆိုတာ မခန့်မှန်နိုင်ခဲ့ပေ။
တကယ်တော့ ချန်ခွန်းကလည်း ယွမ်ချန်းရှန်နဲ့ တွေ့ပြီးသည့်နောက်မှာ သူမအတွက် ငွေရပေါက် တစ်ခုပွင့်လာခဲ့သည်။ ထိုအရာကတော့ သူမက ယွမ်ချန်းရှန်ထံကို အမြတ်နည်းနည်းလေးတင်ပြီး ပြန်ရောင်းပေးလိုက်ပါက အလကားနေရင်းအလကား သူမအတွက် ငွေဝင်နေသလိုဖြစ်နေတော့မှာပင်။
သူမကိုယ်တိုင်လည်း ပစ္စည်းတွေကို ရောင်းဦးမှာဆိုတော့ သူမအတွက် ဝင်ငွေ နှစ်ခုရနေသလို့ ဖြစ်နေတော့မှာပင်။ ဒါ့ကြောင့်မို့လည်း ပစ္စည်းတွေကို ယွမ်ချန်းရှန်အတွက် ကိုယ်တိုင်ကိုယ်ကျလာရောင်းခြင်းဖြစ်ပေသည်။
ယွမ်ချန်းရှန်က
"ဒါတွေအားလုံး ဘယ်လောက်လဲ"
လို့ ချန်ခွန်းကို မေးလိုက်သည်။
"ငါးယွမ်"
ချန်ခွန်းက ပြောပြလိုက်သည်။
ယွမ်ချန်းရှန်လည်း ပင့်သက်ရှိုက်လိုက်
"အရမ်းများတယ်။ ငါ့ဆီမှာ အဲ့လောက်ကြီးမရှိသေးဘူးဟ"
"ဒါဆိုရင်လည်း နင့်အိမ်ကနေ သွားတောင်းချေလေ"
ယွမ်ချန်းရှန် : "........"
ယွမ်ချန်းရှန်လည်း ခဏမျှ စဉ်းစားပြီးနောက်
"ဒီလိုလုပ်ကြရင်ရော။ ငါမင်းကို နှစ်ယွမ်အရင်ပေးထားမယ်လေ။ ကျန်တဲ့သုံးယွမ်ကိုတော့ ပစ္စည်းတွေရောင်းပြီးမှ ပြန်ပေးမယ်လေ"
ထိုအခါ ချန်ခွန်းက
"အဲ့လိုလုပ်လို့ဘယ်ဖြစ်မလဲ။ တကယ်လို့ နင်ငါ့ကိုလိမ်ပြီး ထွက်ပြေးသွားရင် ငါပဲဆုံးရှုံးရမှာလေ"
ယွမ်ချန်းရှန်လည်း ပြုံးလိုက်ပြီး
"မင်းကလည်းဟာ 'ဘုန်းကြီးက အဝေးကိုသွားနိုင်ရင်တောင် ဘုန်ကြီးကျောင်းက မသွားနိုင်ဘူး'ဆိုတဲ့စကားတောင်ရှိသေးတာပဲ။ မင်းလည်း ငါ့ရဲ့အိမ်ကိုသိနေတာပဲဟာ။ ငါထွက်ပြေးမသွားပါဘူးဟ"
ချန်ခွန်း : ".........."
ဒီတစ်ခါတော့ ချန်ခွန်းဆွံ့အရမည့်အလှည့်ပဲ ဖြစ်သည်။
ဒါ့ကြောင့် သူမက အမြန်ပဲ စကားလမ်းကြောင်းပြောင်းလိုက်တော့သည်။
"ဒါနဲ့ ခုနက အမျိုးသမီးက မင်းနဲ့ သာမန်သူငယ်ချင်းဆိုတာက သေချာလို့လား"
ဒီတစ်ကြိမ်မှာတော့ ယွမ်ချန်းရှန်လည်း အမှန်အတိုင်းပဲ ပြောပြလိုက်တော့သည်။
"တကယ်တော့ သူမက ငါနဲ့ လက်ထက်မလို ဖြစ်သွားတဲ့တစ်ယောက်လေ။ ဒါပေမယ့် သူတို့ဘက်က လက်ထပ်ပွဲကို ဖျက်လိုက်ကြတယ်လေ။ အခုမှ နောင်တရပြီး လက်ထပ်ပွဲပြန်ကျင်းပဖို့အတွက် ငါ့ကိုလာပြောနေတာ"
ချန်ခွန်းက သိချင်စိတ်ဖြင့်
"မင်းသူ့ကို ပြန်လက်ခံလိုက်လား"
ယွမ်ချန်းရှန်က ခေါင်းခါကာ
"မဟုတ်ဘူး။ လက်မခံခဲ့ဘူး။ မင်းကို ငါကလက်ထပ်တော့မှာလို့ပြောပြီး သူမကို အပြတ်ငြင်းလာခဲ့တာ"
"မင်း သေချင်နေတာပဲ"
ချန်ခွန်းလည်း သူမလက်ထဲက အိတ်ဖြင့် ယွမ်ချန်းရှန်အား ရိုက်ဖို့ပြင်လိုက်သည်။
ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း သူ့လက်ဖြင့်အမြန်ကာလိုက်ကာ
"မင်း ငါ့ကိုတကယ်ရိုက်မလို့လား။ အိတ်ထဲက ပစ္စည်းတွေအတွက်ရော ထည့်မစဉ်းစားတော့ဘူးလား"
ထိုအခါမှာ ချန်ခွန်းလည်း သူမလက်ထဲကအိတ်ဖြင့် ယွမ်ချန်းရှန်ကို ရိုက်လိုက်ပါက အိတ်ထဲက ပစ္စည်းတွေပါ ပျက်စီးသွားနိုင်တာကို သတိပြုမိလိုက်ပြီး ရိုက်ဖို့ပြင်ထားရာကနေ ရပ်လိုက်တော့သည်။
ထို့နောက် သူမက ယွမ်ချန်းရှန်အား
"အံ့ဩစရာတော့ မရှိတော့ဘူး။ ဒါ့ကြောင့်လည်း သူမက ငါ့ကို တစ်ချိန်လုံး မရင်းမနှီးနဲ့စိုက်ကြည့်နေတာနေမှာ။ ပြီးတော့ ငါ့ရဲ့ဇာတိကိုတောင်မှ မေးလိုက်သေးတယ်"
ယွမ်ချန်းရှန်က
"ဘာပဲဖြစ်ဖြစ် ငါတို့သူမနဲ့နောက်ထပ်တွေ့ဖို့ အကြောင်းမရှိတော့ပါဘူး"
ချန်ခွန်းလည်း ခေါင်းညိတ်ကာ ထောက်ခံလိုက်သည်။
ထို့နောက် ယွမ်ချန်းရှန်အား သူမက
"ငါ့ကို သုံးပြီး အကာအကွယ်ယူခဲ့တာမို့လို့ ငါ့ကို ငွေထပ်ပေးရမယ်နော်"
ယွမ်ချန်းရှန်က
"မင်းက ဓားပြနဲ့တူနဲ့မိန်းကလေးတစ်ယောက်ပဲ"
လို့ ပြောလိုက်တော့သည်။
ထိူ့နောက်သူက ချန်ခွန်းအား
"ဒီနေရာမှ ခဏစောင့်နေရစ်ဦး။ ငါအိမ်ပြန်ပြီးငွေသွားယူလိုက်ဦးမယ်"
လို့ပြောကာ ထိုနေရာကနေ ထွက်လာခဲ့တော့သည်။
အိမ်ပြန်ရောက်တာနဲ့ ယွမ်ချန်းရှန်ဟာ လိုအပ်သည့် အထုပ်အပိုးတွေကို ပြင်ဆင်ခဲ့သည်။ ပြီးတာနဲ့ သူ့အမေ လျူရှင်းဟွာအား
"အမေ သားဒီရက်ပိုင်း အလုပ်ကိစ္စလေးရှိလို့ အိမ်ကို ရက်နည်းနည်းလောက် ပြန်မလာဘူးနော်။ စိတ်ပူနေမှာစိုးလို့ ကြိုပြောထားတာ အမေ"
လို့ ပြောလိုက်၏။
လျူရှင်းဟွာက
"ဘာအလုပ်ကိစ္စလဲ။ စကားကြီးစကားကျယ်နဲ့။တေလေကြမ်းပိုး လုပ်ဖို့ သွားမှာမလား။ လူကြားကောင်းအောင် လုပ်မနေစမ်းပါနဲ့ဟယ်"
ယွမ်ချန်းရှန်လည်း ပုခုံးအသာတွန့်ရင်း
"အမေ မယုံရင်နေဗျာ။ ပြီးတော့ သတင်းကောင်းတစ်ခုရှိတယ်။ အပြန်ကျရင် အမေ့အတွက် ချွေးမတစ်ယောက် ရလာနိုင်ချေရှိတယ်နော်"
ထို့ကြောင့် လျူရှင်းဟွာ ဝမ်းသာသွားကာ
"ဟုတ်လား။ ဘယ်ဇာတိလဲ။ ဘယ်သူ့သမီးလဲ။ ပုံစံလေးကရော။"
အစရှိသဖြင့် မေးခွန်အများကြီး တန်းစီမေးတော့သည်။
ယွမ်ချန်းရှန်က ပြုံးလိုက်ပြီး
"အဲ့တာနောက်တော့ သိရမှာပေါ့ အမေရယ်"
လို့ လျှို့ဝှက်ချင်ယောင်ဆောင်လိုက်သည်။
လျူရှင်းဟွာက ခေါင်းတညိတ်ညိတ်ဖြင့်
"အေးပါဟယ်။ တစ်ခုပဲ နင့်ရဲ့ ဒုတိယမရီးလိုဟာမျိုးတော့ ရှာမလာနဲ့နော်။ အဲ့လိုဟာရှာလာလို့ကတော့ နင်နဲ့ငါနဲ့၊ ငါနဲ့နင်တွေ့ ကောင်းကောင်းကြီး တွေ့ပြီသာမှတ်"
လို့ပြောရင်း သတိပေးလိုက်သည်။
ယွမ်ချန်းရှန်လည်း
"ဟုတ်ကဲ့ပါဗျာ"
လို့ ပြောရင်း သားလိမ္မာလုပ်လိုက်တော့သည်။
ထို့နောက် လျူရှင်းဟွာကို နှုတ်ဆက်ကာ ချန်ခွန်းစောင့်နေသည့်နေရာကို ပြန်လာခဲ့တော့သည်။