Chapter 14

2K 256 0
                                    

အပိုင်း - ၁၄



ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့ စကားပြောနေစဉ်မှာ အသံတစ်သံက သူတို့အိမ်ရှေ့ကနေ ထွက်လာခဲ့သည်။
"သား၊ ချန်းကွေ့။ အပြင် ခဏထွက်ခဲ့ဦး"

ယွမ်ချန်းကွေ့လည်း ထိုအသံဟာ သူ့အဖေ ယွမ်ကျီကောင်း၏ အသံမှန်း သိနေ၍ တုံ့ဆိုင်းမနေဝံ့ဘဲချက်ချင်း အပြင်ကို ထွက်လာတော့သည်။

အပြင်ကို ရောက်တာနဲ့ အရင်ဆုံး အဖေကိုနှုတ်ဆက်လိုက်သည်။

"အဖေ"

ယွမ်ကျီကောင်းကတော့ အပိုစကားတွေ မပြောတော့ပဲ အဓိကအကြောင်းအရာကို စပြောတော့သည်။

"ငါမင်းနဲ့ အရေမရအဖက်မရတွေ မပြောချင်ဘူး။ ဒီနေ့ ငါ လာတာက ကိစ္စကို ရှင်းရှင်းလင်းလင်း ဖြစ်အောင် လုပ်ဖို့ပဲ။ ဒီနေ့ ဖြစ်သွားတဲ့ ကိစ္စကိုတော့ ထားလိုက်တော့။ ဒါပေမယ့် နောင်တစ်ချိန်မှာ တူညီတဲ့ အမှားမျိုး ကျူးလွန်လာမယ် ဆိုရင်တော့ မင်းရော၊ မင်း မိန်းမရော ငါတို့ရဲ့ယွမ်ခြံဝန်းထဲကနေ တစ်ခါတည်း ထွက်သွားရမယ်။ အဲ့တာကို သေချာမှတ်ထား"

ယွမ်ချန်းကွေ့လည်း သူ့အဖေရဲ့စကားကြောင့် မျက်နှာ အပျက်ပျက် ဖြစ်ကာ

"အဖေ၊ သူမက သူမရဲ့ အမှားကို သိပြီး အမှားထဲကနေ သင်ခန်းကောင်းတွေပါ ယူခဲ့ပြီးပါပြီ။ အနာဂတ်မှာ သူမက အခုလို လုံးဝ မလုပ်တော့ပါဘူး။ သူမကို ကျွန်တော် သေသေချာချာ ဆုံးမထားမှာပါ"

ယွမ်ကျီကောင်းက ခေါင်းညိတ်လိုက်ပြီး
"အဲ့တာဆိုရင်တော့ အကောင်းဆုံးပေါ့"

ထိုစကားကို ပြောပြီးတာနဲ့ ယွမ်ကျီကောင်းလည်းယွမ်အိမ်ဘက်ကို ပြန်လာတော့သည်။

ညစာ စားပြီးတဲ့နောက်မှာ ယွမ်ကျီကောင်း၊ လျူရှင်းဟွာ၊ ယွမ်ချန်းရှန်၊ ယွမ်ရိနဲ့ယွမ်ကျဲတို့ဟာ ဝိုင်းထိုင်နေကြပြီး တစ်ယောက်နဲ့ တစ်ယောက်စကားပြောနေကြသည်။ လျူရှင်ဟွာက သည်နေ့ကိစ္စအား ပြန်လည် ပြောပြနေကာ‌ ဆန်းရှောင်ဟိုင်၏ အကြောင်းအား ဒေါသတကြီးဖြင့်
"ဒီနေ့၊ နေ့လည်တုန်းက တစ်ယောက်ယောက်ကသာ ငါ့ကို ဝင်မဆွဲရင် ဟိုကောင်မ ပါးရှစ်စိတ်ကွဲမှာသေချာတယ်၊ ဟမ့်"

အမှန်တကယ် လျူရှင်းဟွာအနေနဲ့ ဆန်းရှောင်ဟိုင်အား ရိုက်နှက်နိုင်ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ပေ။ အဘယ့်ကြောင့်ဆိုသော် သူမ၏ အသက်အရွယ်ကအိုမင်းနေပြီ ဖြစ်၍ပင်။

သည်နေ့ ဆန်းရှောင်ဟိုင်အား ပါးရိုက်နိုင်လိုက်ရတာကလည်း အငိုက်မိသွားခြင်း ဖြစ်သလို ဆန်းရှောင်ဟိုင်ကလည်း လျူရှင်းဟွာအား နှလုံးသားအတွင်းမှ ကြောက်စိတ်တွေ ဝင်နေတာကြောင့်ဖြစ်၏။

သည်နေ့အတွက် သူမက ဆန်းရှောင်ဟိုင်အား ပါးရိုက်နိုင်ခဲ့သည် ဖြစ်စေ၊ မရိုက်နိုင်ခဲ့သည် ဖြစ်စေ၊ ပြင်းထန်သော စကားလုံးများဖြင့် ဆူပူကြိမ်းမောင်းခဲ့ပါသေးသည်။

ယွမ်ကျီကောင်းက ဆေးလိပ်ကို ဖြည်းညှင်းစွာသောက်နေရင်းဖြင့်
"ဘာဖြစ်ဖြစ် ဒီကိစ္စက အိမ်တွင်းရေး ပြဿနာဆိုတော့ ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်တာ‌ ကောင်းမယ်။အပြင် လူတွေရဲ့အမြင်မှာ ငါတို့က မကောင်းတဲ့သူတွေ ဖြစ်မသွားစေနဲ့"

ထိုသို့ ပြောပြီးနောက် ယွမ်ချန်းရှန်ကို ကြည့်ကာ
"အထူးသဖြင့် မင်းပဲ"
လို့ ပြောလိုက်၏။

ယွမ်ချန်းရှန်က သူ့အဖေအား ကြည့်ကာ
"အဖေ၊ သား ဒီရက်ပိုင်း ပြဿနာ ရှာတာကို မြင်ဖူးလို့လား။ သားအ‌ဖေနဲ့ အလုပ်မှာ အတူတူ လုပ်‌နေတာလေ။ ဘာလို့ သားကို လာလာမဲနေရတာလဲ"

ယွမ်ချန်းရှန် ပြောတာလဲ အမှန်ပင်။ သူဟာ သည်ရက်ပိုင်းအတွင်း ဘာပြဿနာမှ မရှာသလို ရန်လည်း မဖြစ်‌ဘဲ ယွမ်ကျီကောင်းတို့နဲ့အတူသတ္တုတွင်းထဲမှာ အလုပ်လိုက်လုပ်နေခဲ့၏။ ဒါ့ကြောင့် ယွမ်ကျီကောင်းလည်း သူ့ ငါးယောက်မြောက် သားနဲ့ ပတ်သတ်ပြီး သည်ရက်ပိုင်းအတွင်း အလွန်စိတ်ချမ်းသာနေခဲ့သည်။

ယွမ်ရိနဲ့ ယွမ်ကျဲအတွက်တော့ သည်နေ့ ကိစ္စနဲ့ ပတ်သတ်ပြီး သေသေချာချာ နားလည်ဖို့ သူမတို့ရဲ့ စိတ်တွေ မရင့်ကျက်သေးဘူးလို့ သတ်မှတ်ကာ ဆုံးမစကားများအား ယွမ်ကျီကောင်းက ပို့ချတော့သည်။

ယွမ်ရိကတော့ သည်ကိစ္စနဲ့ ပတ်သတ်ပြီး သူမ စိတ်ထဲ ဘယ်လိုမှ မခံစားရပေ။ သူမအတွက် နေ့လည်က ဖြစ်ခဲ့သည့် ကိစ္စများက ထိုအချိန်မှာ အပြီးထားခဲ့ကာ သူမ အတွေးထဲ ထပ်မံ ဝင်ရောက်ခွင့် မပြုခဲ့ပေ။ ဒါ့ကြောင့် သူမဟာ ဘာမျှ မဖြစ်သည့်အတိုင်း စိတ်လွတ် ကိုယ်လွတ် ဖြစ်နေခဲ့၏။

ဒါပေမယ့် ယွမ်ကျဲကတော့ မိသားစု စကားဝိုင်းအတွင်း ဘာစကားမျှ ဝင်ပြောခြင်း မရှိ‌ခဲ့ပေ။ တစ်ချိန်လုံး သူမ၏ မျက်လုံးထဲမှာ ဘာအတွေးမှ မရှိသကဲ့သို့ ဗလာကျင်းနေသည့် အကြည့်များဖြင့် တစ်နေရာရာကို စိုက်ကြည့်နေခဲ့သည်။

အိပ်ရာဝင်ချိန် ရောက်၍ ယွမ်ရိနဲ့ ယွမ်ကျဲလည်းသူမတို့ အခန်းအတွင်း ဝင်လာကြတော့သည်။အခန်းထဲ ရောက်တာနဲ့ ကိုယ့်ကုတင်ကိုယ် သွားကာ လှဲချလိုက်ကြ၏။ ထိုအချိန်ကျမှ ယွမ်ကျဲက ယွမ်ရိအား

"ရှောင်ရိ၊ ငါရဲ့အတိတ်ဘဝတုန်းက တော်တော်ကြီးလေးတဲ့ မကောင်းမှုတွေ ကျူးလွန်မိခဲ့တာ ဖြစ်နိုင်လောက်တယ်။ မဟုတ်ရင်း ငါ့အပေါ် မကောင်းတဲ့အမေမျိုးဆီမှာ ပြန်ဝင်စားမှာ မဟုတ်လောက်ဘူး"
လို့ ကြေကွဲနေသည့် လေသံလေးဖြင့် ပြောလိုက်သည်။

ထိုစကာကြောင့် ယွမ်ရိလည်း သူမ အသက် သုံးနှစ်မှာ သူမအား ဖန်းယန်ရွာမှာ ထားရစ်ခဲ့သည့် မူလယွမ်ရိ၏ မိဘများကို ရုတ်တရက် ပြန်စဉ်းစားမိလိုက်၏။ ဒါပေမယ့် သူမက ပြန်စဉ်းစားမိရုံလေးတင် ဖြစ်ကာ သတိတရ ဖြစ်တာမျိုးတော့ မရှိခဲ့ပေ။ ဘာဖြစ်ဖြစ် သူမက မူလ ယွမ်ရိ မဟုတ်တဲ့အပြင်မူလ ယွမ်ရိ၏ မိဘများကိုလည်း တစ်ခါမှ မတွေ့ဖူးတာကြောင့်ပင်။

ယွမ်ရိလည်း သူမ၏ အတွေးများအား ရပ်တန့်လိုက်ပြီး ယွမ်ကျဲအား နှစ်သိမ့်ပေးလိုက်သည်။

"ရှောင်ကျဲ၊ မဟုတ်တာ‌တွေ လျှောက်မတွေးနဲ့။ကလေးတွေ အနေနဲ့ သူတို့ကို မွေးဖွားမယ့်မိဘကို ဘယ်လိုလုပ်ပြီး ရွေးချယ်လို့ရမှာလဲ။ ဒါ့ကြောင့် ရလာတဲ့ ဘဝကို ရင်းဆိုင်ပြီး ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်း နေထိုင်ကြရမှာပေါ့"

ယွမ်ကျဲက အသက်ပြင်းပြင် ရှုလိုက်ပြီး

"ရှောင်ရိ၊ နင်ပြောချင်တဲ့ ကောင်းမွန်တဲ့ ဘဝ နေထိုင်ခြင်းဆိုတာ ဘယ်လိုမျိုးလဲ။ အသက်အရွယ် တစ်ခု ရောက်တဲ့အချိန် ယောက်ျားတစ်ယောက် ယူပြီး သားတွေ၊ မြေးတွေ ရတဲ့အထိ ဖန်းမင်းတောင်ပေါ်မှာ တစ်သက်လုံး နေထိုင်သွားတာမျိုးလား"

ယွမ်ကျဲထံမှ ထိုကဲ့သို့ စကားမျိုး ကြားရလိမ့်မယ်လို့ သူမ ထင်မထားခဲ့ပေ။ သူမလည်း ပွင့်ဟနေသည့် ပြတင်းပေါက်မှ တဆင့် ကြယ်များဖြင့် ပြည့်နေသည့် မိုးကောင်းကင်ကြီးအား ကြည့်ကာ ...
"ဒီလို ဘဝမျိုးကို နင်ရော နေချင်လို့လား။ ဒါမှမဟုတ် ဖန်းမင်းတောင်ပေါ်ကနေ ထွက်ခွာပြီး အပြင်လောကကို ကြည့်ချင်တာလား"

ယွမ်ကျဲက ခေါင်းညိတ်လိုက်ပြီး
"ဟုတ်တယ်။ ညီမ လိုချင်တာကလည်း ဖန်းမင်းတောင်ပေါ်ကနေ ထွက်ပြီး အပြင်လောကကို လှည့်ပတ် ကြည့်ရှုချင်သေးတာ"

ယွမ်ရိလည်း သူမနဲ့ စိတ်တူကိုယ်တူ တစ်ယောက် ရှိနေလိမ့်မယ်လို့ ထင်မထားခဲ့ပေ။ ဒါ့ကြောင့် စိတ်လှုပ်ရှားစွာဖြင့် ယွမ်ကျဲ၏ လက်အား ကိုင်ကာ

"ဒါဆိုရင် အစ်မနဲ့အတူ အပြင်လောကကို အတူတူ သွားကြည့်ကြရအောင်"
လို့ ပြောလိုက်သည်။

ယွမ်ကျဲဟာလည်း ယွမ်ရိအား ကြည့်ရင်း စိတ်လှုပ်ရှားလာသည်။ ဒါပေမယ့် တစ်ခဏကြာတဲ့နောက်မှာတော့ စိတ်ဓာတ် ပြန်ကျသွားကာ ...

"ဒါပေမယ့် ဖန်းမင်းတောင်ရဲ့ အပြင်မှာဆိုရင် ညီမတို့အတွက် လက်ထပ်ဖို့ မလွယ်တော့ဘူး။ တတိယ အဒေါ်တောင်မှ ကံကောင်းလွန်းလို့ မြို့ပေါ်မှာ အိမ်ထောင်ရက်သား ကျသွားတာ။ အစ်မဆိုရင်လည်း ဒါကို စိတ်ပူစရာ မလိုပါဘူးလေ။ နောင်ကျရင် အစ်မ အဖေက အစ်မကို စစ်စခန်းထဲကို ခေါ်သွားမှာမလား။ အဲ့ရောက်ရင် အစ်မအတွက် သင့်တော်တဲ့ ယောက်ျား တစ်ယောက်ယောက်နဲ့ ဆုံတွေ့နိုင်မှာပါ။ ညီမကသာ ..."

ယွမ်ရိအတွက်တော့ ယောက်ျားရသည် ဖြစ်စေ၊ မရသည် ဖြစ်စေ သူမ လုံးဝစိ တ်မဝင်စားပေ။ သူမကယွမ်ကျဲ၏ လက်အား အသာညစ်လျက် ...
"အစ်မကို ယုံပါ။ အစ်မ မင်းကို အပြင်လောကကိုကြည့်ရှုဖို့ ခေါ်သွားပေးမယ်"

ယွမ်ကျဲဟာ တုံ့ဆိုင်းစွာဖြင့် ...
"အဲ့တာက အဆင်ပြေပါ့မလား"

ယွမ်ရိလည်း ...
"အစ်မကို မယုံဘူးလား"

ယွမ်ကျဲလည်း ခဏမျှ စဉ်းစားလိုက်၏။ သူမအနေနဲ့ ယုံကြည်ချက် ရှိနေသ၍ တစ်နေ့မှာ ဖြစ်လာအောင် အကောင်အထည် ဖော်နိုင်စွမ်း ရှိလာနိုင်ပါသည်။ မျှော်လင့်ချက်ရှိသရွေ့ လုံးဝ အလျော့မပေးသင့်ပေ။ ဒါ့ကြောင့် ယွမ်ကျဲလည်း ခေါင်းညိတ်လိုက်ပြီး ...

"အစ်မကို ယုံပါတယ်"
လို့ မျှော်လင့်ချက် ပြည့်ဝနေသော မျက်ဝန်းများဖြင့် ပြောလိုက်သည်။

နံနက်ခင်း နေမင်း၏ အလင်းရောင်က သစ်ပင် သစ်ရွက်တွေ ကြားထဲမှ တစ်ဆင့် ကျိုးတိုးကျဲတဲကျနေ၏။ ပန်းရောင်နဲ့ အဖြူရောင်၊ နှစ်ရောင်စပ် အင်္ကျီ ဝတ်ဆင်ထားသည့် ယွမ်ရိဟာ တောင်ပေါ်လမ်းလေးမှ တစ်ဆင့် ရွှေသရဖူရွာသို့ ထွက်လာခဲ့သည်။

အဖို ဆောင်းရဲ့အိမ်ကို ရောက်တာနဲ့ ခြံတံခါးကို နှစ်ကြိမ်ခန့် ခေါက်ပြီးတော့ ဝင်ခဲ့လိုက်သည်။ အဖိုး ဆောင်ကိုတော့ အိမ်၏ ဧည့်ခန်းထဲမှာ မြင်တွေ့လိုက်ရ၍ အထဲဝင်မည့် ခြေလှမ်းများကို ရပ်တန့်ကာ အဖိုး ဆောင်ထံ သွား၍ နှုတ်ဆက်လိုက်၏။

ထိုအခါမှ အဖိုး ဆောင်ဟာ ဝါးကျင့်ကျင့် စက္ကူပေါ်မှာ ခဲတံကို သုံးလျက် အဝတ်အစား ပုံစံ တစ်ချို့ ရေးဆွဲနေတာကို သူမ မြင်တွေ့လိုက်ရတော့သည်။

'ဝါး၊ အဖိုး ဆောင်းက ဒီခေတ်နဲ့ ယှဉ်ရင် တကယ့်ကို ခေတ်ရှေ့ ပြေးလွန်းနေတာပဲ။ အဖိုးက အဝတ်အစားတွေကို ဒီခေတ်ရဲ့ပုံသေဝတ်စုံတွေအတိုင်း မချုပ်ပဲ ဆန်းသစ်တဲ့ ပုံစံတစ်ချို့ကိုပါ ဖန်းတီးနေတာ'

အဖိုး ဆောင်းက သူမ ရောက်လာတာကို မြင်ပေမာ့်မော့မကြည့်ခဲ့ပေ။ သူက ပုံဆွဲနေရင်းဖြင့် ...

"ဒီနေ့တော့ အပ်ချုပ်တာနဲ့ ပတ်သတ်ပြီး ဘာမှ သင်စရာ မရှိဘူး။ ဘာလို့လည်း‌ဆိုတော့ ငါ ပုံစံတချို့ ရေးဆွဲနေတာ မို့လို့။ မင်းအနေနဲ့ ဒီနေ့ပြန်ချင်ရင်ပြန်နိုင်ပြီ"
လို့ ပြောလိုက်၏။

ယွမ်ရိလည်း အဖိုး ဆောင်း ပုံဆွဲနေတာအား နေ့တစ်ဝက်လောက် လေ့လာကြည့်ရှုခဲ့၏။ အဖိုး ဆောင်က အင်္ကျီတစ်ပုံချင်းစီအား သေချာအလေးထား ဆွဲနေခဲ့၍ နေ့တစ်ဝက်အတွင်း သုံးပုံတည်းပြီးခဲ့၏။

နေ့လည်ရောက်တဲ့အခါမှာ ယွမ်ရိစိတ်ထဲ အခြားသော အတွေးတစ်ခု ဝင်ရောက်လာ၏။ ဒါ့ကြောင့်အဖိုး ဆောင်းအား နှုတ်ဆက်လျက် ရွှေသရဖူရွာကနေ ထွက်ခွာလာခဲ့တော့သည်။

ဒါပေမယ့် သူမက အိမ်ကို တန်းမပြန်သေးချေ။ သူမက လင်းယောင် ရှိတတ်သည့် နေရာများအားသွားခဲ့၏။ မကြာခင်မှာ တောင်စောင်း တစ်နေရာ၌ ဝက်များကို ထိန်းကျောင်းနေသည့် လင်းယောင်ကို သူမ တွေ့လိုက်ရတော့သည်။

ဒါ့ကြောင့် လင်းယောင် အနားကို အမြန် ပြေးသွားကာ ...
"ဟေး၊ ယောင်ယောင်လေး၊ နင့် အိမ်မှာ စာအုပ်တွေ ရှိလား"
လို့ မေးလိုက်၏။

သူမ အနေနဲ့ ဖန်းမင်းတောင် တစ်ခွင် စာအုပ် ငှားချင်ပါက အဖြစ်နိုင်ဆုံး လူကို ပြပါဆိုလျှင်လင်းယောင်ကို လက်ညိုးထိုးပြရပေလိမ့်မည်။ ဒါ့ကြောင့်လည်း သူမက လင်းယောင်ထံ ပြေးလာခဲ့ခြင်းဖြစ်၏။

သူမဟာ မနေ့ညက ယွမ်ကျဲကို ပြောခဲ့သည့် ဖန်းမင်းတောင် အပြင်ကို ထွက်ခွာကြမယ်ဆိုသည့်စကားကို ဖြည့်ဆည်းပေးဖို့ လင်းယောင်ထံ စာအုပ်လာငှားခြင်း ဖြစ်၏။ သည်ကာလမှာ ဖန်းမင်းတောင် အပြင်ထွက်ပြီး ကိုယ့်ကံကြမ္မာကို ကိုယ်တိုင် ထုဆစ် ပြောင်းလဲနိုင်အဖို့အတွက်ကောလိပ်ကျောင်းမှာ တက်ရောက်နိုင်မှ ဖြစ်နိုင်ပါလိမ့်မည်။

အရင်တုန်းက သူမဟာ သည်အကြောင်း မတွေးမိသေးပေ။ အဘယ့်ကြောင့်ဆိုသော် ကောလိပ်အတွက် အချိန် လိုသေးတာကြောင့် ဖြစ်၏။

ဒါ့အပြင် သူမကဲ့သို့ စာပေ သင်ကြားရေးမှာ အခြေခံ ကောင်းကောင်း ရှိတဲ့အပြင်၊ အရင်ဘဝမှ‌ ကောလိပ်ပြီးသည်အထိ ပညာသင်ယူပြီးထားပြီ ဖြစ်တာမို့ သည်ခေတ်၏ ကောလိပ်ဝင်ခွင့်ကို သူမ လုံးဝ စိတ်ပူခြင်း မရှိခဲ့ပေ။

ဒါပေမယ့် ယွမ်ကျဲကဲ့သို့ စာပေနဲ့ ပတ်သတ်ပြီး အခြေခံ လုံးဝ မရှိသည့် သူတစ်ယောက်အတွက်ကောလိပ် ဝင်ခွင့် မစတင်ခင် အချိန်လေးဟာ အလွန်နည်းပါလှပြီး လုံလောက်ခြင်း လုံးဝ မရှိပေ။

ယွမ်ရိဟာလည်း မူလယွမ်ရိ၏ မှတ်ဉာဏ်များအတွင်းမှ သည်နေရာ၏ စာပေ သင်ကြားရေစနစ်ကို မြင်တွေ့ခဲ့ရသည်။ ထိုနေရာမှ စကားလုံးအနည်းအကျဉ်းကိုသာ သင်ကြားပေးပြီး သူမတို့အတွက် အသုံးဝင်သည့် အရာ သိပ်မရှိပေ။

လင်းယောင်က
"ဘာစာအုပ်လဲ"
လို့ ပြန်မေးလိုက်သည်။

ယွမ်ရိလည်း ခဏမျှ စဉ်းစားပြီးသည့်နောက်
"ကျောင်းသုံး စာအုပ်၊ ပြဌာန်း စာအုပ်လေးတွေ"

လင်းယောင်းလည်း ခေါင်းညိတ်လိုက်ပြီး ...
"ကောင်းပြီလေ။ အဲ့တာတွေ ယူဖို့ ငါ့အိမ်လိုက်ခဲ့"

ထိုနောက် လင်းယောင်လည်း ဝက်တွေကို သူတို့ နေတဲ့ မိုးပျံမျှော်စင်ဆီ ကျောင်းခဲ့ရင်း ဝက်ခြံထဲ ပြန်ထည့်ထားလိုက်တော့သည်။

ထို့နောက် သူအခန်းထဲ ဝင်ကာ ကုတင်အောက်မှ ခရီဆောင် အိတ်တစ်အိတ်ကို ထုတ်လိုက်တာကို ယွမ်ရိ တွေ့လိုက်ရသည်။ ခရီဆောင်အိတ်ဟာ ဖုန်း လုံးဝ တင်မနေတာကို တွေ့လိုက်ရ၍ ထိုအိတ်ကိုမကြာခဏ ဖွင့်တတ်ကြောင်း ယွမ်ရိ သိလိုက်သည်။

လင်းယောင်လည်း ခရီးဆောင်အိတ်အား ဖွင့်ပြလိုက်ပြီး ...
"ဒီမှာ စာအုပ်တွေ အကုန်ရှိတယ်။ နင် လိုတာကို ရှာယူလိုက်"
လို့ ပြောလိုက်၏။

မူလတုန်းက သည်စာအုပ်တွေကို သူ့အဖေကလွင့်ပစ်ဖို့ လုပ်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ လွင့်မပစ်တော့ပဲ ကုတင်အောက်မှာ သိမ်းထားလိုက်၏။ ဒါပေမယ့် သူကတော့ ခဏခဏ ထုတ်ထုတ် ဖတ်တတ်၍ အိတ်ပေါ်မှ ဖုန်လုံးဝ ကျန်မနေခဲ့ခြင်းပင်။

ယွမ်ရိလည်း ခရီးဆောင် အိတ်ကြီးအတွင်းမှ စာအုပ်များကို သေချာကြည့်လိုက်၏။ အများစုက ရူပဗေဒ စာအုပ်များ ဖြစ်ကာ နက်နဲလွန်း၍ သူမ လုံးဝ နားလည်နိုင်ခြင်း မရှိချေ။ ထိုထဲမှ အနည်းငယ်ကိုသာ သူမ နားလည်၏။ ထိုစာအုပ်တွေကတော့ အလယ်တန်းနဲ့ အထက်တန်းအတွက် သင်ရိုးစာအုပ်များပင်။

ယွမ်ရိလည်း စာအုပ်တွေအား တစ်ရွက်ချင်း လှန်ကြည့်ရင်းဖြင့် ...
"ဟဲ့၊ နင့်အဖေက အရင်တုန်းက တခြား ဘာအလုပ်လုပ်သေးလဲ"
လို့ မေးလိုက်သည်။

"သူလား၊ သူက အရင်တုန်းက ကောလိပ်မှာ ရူပဗေဒ သင်တဲ့ ဆရာအဖြစ် အလုပ် လုပ်ခဲ့ဖူးတယ်"
လင်းယောင်က ချက်ချင်း ပြန်ဖြေလိုက်သည်။

ယွမ်ရိလည်း ထိုစကားကြောင့် အံ့အားသင့်သွားတော့သည်။

'ဪ၊ ယောင်ယောင်လေးက ငယ်ငယ်လေးနဲ့ ဒီလောက် သိနေတာက သူ့အဖေရဲ့လွှမ်းမိုးမှုကြောင့်ပဲ။ ဒါပေမယ့် သူ့ရဲ့ဉာဏ်ရည်ကလည်း တကယ့်ကိုအံ့အားသင့်စရာလေ"

ယွမ်ရိလည်း နောက်ထပ် သူမ သိချင်သည့် မေးခွန်းကို မေးလိုက်၏။
"နင် နိုင်ငံခြားကိုရော ရောက်ဖူးလား"

လင်းယောင်က ခဏတုံ့ဆိုင်းပြီးသည့်နောက်ခေါင်းညိတ်ပြလိုက်၏။

"ဒါဆိုရင် နင်တို့ မိသားစုက အရမ်းချမ်းသာတာပဲ"

လင်းယောင်က သည်တစ်ခါမှာတော့ ဘာမျှပြန်မပြောခဲ့ပေ။

ယွမ်ရိလည်း ဘာစကားမှ ထပ်မပြောတော့ပဲ သူမအလိုရှိသည့် စာအုပ်များကို ဆက်ရှာလိုက်သည်။ ဒါပေမယ့် မတွေ့၍ စာအုပ်တွေ အကုန်လုံးကို ခရီးဆောင်အိတ်ထဲ သပ်သပ်ရပ်ရပ် ပြန်ထည်ပေးလိုက်သည်။

လင်းယောင်က သူမ စာအုပ်တွေ ပြန်ထည့်နေတာကို မြင်၍
"မင်း လိုချင်တဲ့ စာအုပ်ကို မတွေ့ဘူးလား"
လို့ မေးလိုက်၏။

ယွမ်ရိက ခေါင်းညိတ်ပြလိုက်ပြီး
"ဒီစာအုပ်တွေ အကုန်လုံးက ငါ့အတွက် အရမ်းခက်တယ်။ ငါ လေ့လာလို့ ဖြစ်မယ့် စာအုပ်ကို အခြားတစ်ယောက်စီကနေ ရှာကြည့်လိုက်ဦးမယ်"

ထိုစကားကြောင့် လင်းယောင်လည်း အနည်းငယ်စိတ်မကောင်း ဖြစ်သွားကာ ...
"ငါ့ဆီက စာအုပ်တွေက မင်းအတွက် အကူအညီ မရလို့ တောင်းပန်ပါတယ်"

ယွမ်ရိလည်း တောင်းပန်နေသည့် လင်းယောင်ကိုကြည့်ကာ ပြုံးလိုက်မိသည်။ ထို့နောက် အကြံတစ်ခုရသွားကာ ...
"ဒီလို လုပ်ကြမယ်လေ။ ငါ မသိတဲ့ စာတွေကို နင့်ဆီ လာမေးမယ်လေ။ နင်က ငါ့ကို သင်ပေးပေါ့။ ဘယ်လိုလဲ"

လင်းယောင်က နှစ်ခါ မစဉ်းစားပဲ ချက်ချင်း အဖြေ ပြန်ပေးလိုက်သည်။
"ကောင်းပြီ"

ထိုအဖြေကြောင့် ယွမ်ရိ အလွန် ပျော်ရွှင်သွားတော့သည်။

'ဟားဟား၊ ယောင်ယောင်လေးက ငါ့အတွက် ကောင်းကင်က ချီးမြှင့်ထားတဲ့ ကံကောင်းခြင်းကြယ်လေးပဲ'

မိုးပျံ မျှော်စင်ကနေ ပြန်လာချိန်မှာတော့ညနေ စောင်းနေပြီ ဖြစ်၏။ အိမ်ပြန်ဖို့ ပြင်လိုက်ချိန်မှာ သူမ အတွေးထဲ မူလ ယွမ်ရိတို့ စာသင်ခဲ့သည့် ဆရာအကြောင်း တွေးမိလိုက်သည်။ ဒါ့ကြောင့် ထိုဆရာတို့ အိမ်ကို သွားဖို့ ဆုံးဖြတ်လိုက်တော့သည်။

လင်းယောင်က လွဲလျှင် ဖန်းမင်းတောင်ပေါ်မှာ သူမ လိုအပ်သည့် စာအုပ်များ ရှိနိုင်သည့် နေရာက ထိုဆရာတို့ အိမ် ဖြစ်၏။

မူလတုန်းက ဖန်းမင်းတောင်ပေါ်မှ ကလေးများအား ထိုဆရာက စာသင်ကြားပေးခဲ့သော်လည်းတော်လှန်ရေး စတင်ပြီးသည့်နောက် ထိုဆရာက စာသင်တာကို ရပ်နားထားခဲ့၏။

ယွမ်ရိလည်း ထိုဆရာတို့ အိမ်နားကို ရောက်သည့်အခါ အလုပ်က ပြန်လာသည့် ဆရာနဲ့ တန်းတွေ့တော့သည်။ ယွမ်ရိလည်း ...
"ဆရာ ဂျင်"
လို့ ခေါ်ရင်း နှုတ်ဆက်လိုက်၏။

ဆရာဂျင်လင်းက သူ ထမ်းထားသည့် တောင်းအား ဘေးချလိုက်ကာ ...
"ဪ၊ ရှောင်ရိပါလား။ ငါက ဆရာ မဟုတ်ပါဘူးဟာ ၊ဒီအတိုင်း ဦးလေး ဂျင်လို့ ခေါ်လည်း ရပါတယ်။ ဒါနဲ့ ငါ့ဆီ ဘာလာလုပ်တာလဲ"

ယွမ်ရိလည်း ခေါင်းကို ငုံ့လျက်
"ဆရာ့ဆီမှာ‌ ပြဌာန်း စာအုပ်အချို့ ရှိသေးလား ရှင့်။သမီး ခဏလောက် ငှားချင်လို့ပါ"

ဆရာဂျင်လည်း ယွမ်ရိအား သူ့အိမ်သို့ ခေါ်သွားကာ အိမ်အပြင်မှာ ခဏစောင့်စေ၏။ ထို့နောက် အိမ်ထဲဝင်သွားတော့သည်။ ဆရာဂျင်၏ ဇနီးက မီးဖိုချောင်ထဲမှာ ထမင်းချက်နေပြီး သူ့ရဲ့ သားနှစ်ယောက်ကတော့ အပေါက်ဝမှာ ထိုင်ကာ သူမအားထူးဆန်းသည့် သတ္တဝါကြီး တစ်ကောင်ကဲ့သို့ ဝိုင်းကြည့်နေခဲ့၏။

တစ်ခဏ ကြာတဲ့နောက်မှာ ဆရာ ဂျင်က စာအုပ် အနည်းငယ် ကိုင်လျက် အိမ်ထဲမှ ပြန်ထွက်လာခဲ့၏။ သူက ထိုစာအုပ်တွေကို ယွမ်ရိထံ ပေးလိုက်ကာ ...
"ငါ့ဆီမှာ တစ်တန်းကနေ ငါးတန်းအထိ တရုတ်စာနဲ့ သင်္ချာဘာသာရပ်ပဲ ရှိတယ်။ ကျန်တဲ့ဟာတွေတော့ ငါ့ဆီ မရှိဘူး။ ဒါပေမယ့် သင်ချင်ရင်တော့ လာခဲ့ပါ။ ငါ သင်ပေးမယ်"

ယွမ်ရိလည်း စာအုပ်တွေအား စိတ်လှုပ်ရှားစွာ လက်ခံရယူလိုက်ပြီး ဆရာ ဂျင်အား ...
"ကျေးဇူးတင်ပါတယ်၊ ဆရာ ဂျင် ရှင့်"
လို့ ပြောလိုက်သည်။

ဆရာ ဂျင်လည်း
"စာအုပ်တွေကို သေချာ ဂရုစိုက်ပါ"
လို့ မှာပြီးတဲ့နောက် အိမ်ထဲ ပြန်ဝင်သွားတော့သည်။

"စိတ်ချပါ ဆရာ ရှင့်"
ယွမ်ရိလည်း ကတိပေးလိုက်ရင်း စာအုပ်များအား လောကမှာ တန်းဖိုး အရှိဆုံး အရာတစ်ခုကဲ့သို့ အမြတ်တနိုး ဆုပ်ကိုင်ထားလိုက်သည်။

သူမက အိမ်ပြန်ရောက်တာနဲ့ ယွမ်ကျဲကို အခန်းထဲခေါ်သွားလိုက်၏။ ထို့နောက် စာအုပ်များကို စားပွဲပေါ် တင်လိုက်ကာ ...
"ဒီ‌နေ့ကစပြီး ငါနဲ့အတူ နင်လည်း စာလုပ်ရမယ်။ ဒါဟာ ငါတို့ရဲ့ အနာဂတ်အတွက်"
လို့ ပြောလိုက်၏။

"အနာဂတ် အတွက်၊ ဟုတ်လား"
ယွမ်ကျဲဟာ ယွမ်ရိ၏ စကားများကို နားလည်နိုင်ခြင်း မရှိပေ။ ဒါပေမယ့် သူမက ယွမ်ရိ စိတ်လှုပ်ရှားနေတာကို မြင်လိုက်ရတာကြောင့်
"အစ်မ၊ နင် တကယ် ပြောနေတာလား"
လို့ ပြန်မေးလိုက်သည်။

ယွမ်ရိလည်း ယွမ်ကျဲ၏ မျက်ဝန်းများအတွင်း စိုက်ကြည့်ရင်း
"အစ်မကို မယုံဘူးလား"
လို့ ပြန်မေးလိုက်ပြန်သည်။

ယွမ်ကျဲလည်း ယွမ်ရိ၏ မျက်ဝန်းများ အတွင်းသို့ စေ့စေ့စပ်စပ် ပြန်ကြည့်လိုက်၏။ အချိန်အတော်ကြာအောင် ညီအစ်မ နှစ်ယောက် စိုက်ကြည့်နေမိကြသည်။ ထို့နောက် ယွမ်ကျဲဟာ အသက်ကို ခပ်ပြင်းပြင်း ရှူထုတ်လိုက်ပြီး
"အစ်မ၊ စာအတူတူ လုပ်ကြစို့"
လို့ ပြောလိုက်တော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now