Chapter 23

1.8K 231 0
                                    

အပိုင်း -၂၃


ဆူဆူညံညံ အသံတွေ ဖြစ်လာတာမို့ အနီးအနားကအိမ်တွေကနေ လူတွေ ထွက်လာကြတော့သည်။ ထိုလူတွေဟာ လျူရှောင်း တစ်ယောက် နာကျင်စွာဖြင့်လူးလှိမ့်နေတာကို မြင်လိုက်ကြတော့
"ဘာတွေ ဖြစ်နေကြတာလဲ"
လို့ တစ်ယောက်တစ်ပေါက် မေးမြန်းကြတော့သည်။

ယွမ်ချီကျီလည်း သူမရဲ့ယောက်ျားကို သွားထူပေးဖို့ ပြင်လိုက်သည်။ ထိုအချိန်မှာ နားကျင်စွာ လူးလှိမ့်နေသည့် လျူရှောင်းက ကျန်ရှိနေသောလက်ကျန်အားများဖြင့် ယွမ်ချီကျီ၏ ပါးအား ရိုက်ချလိုက်တော့သည်။

ထိုအချင်းအရာကြောင့် ယွမ်ချန်းရှန်လည်း ဒေါသတွေ ပြန်ထွက်လာပြန်ကာ လျူရှောင်းအား သုံးချက်လောက် ဆင့်ကန်ပစ်လိုက်တော့သည်။

ထပ်ပြီး ရိုက်နှက်ခံလိုက်ရတာကြောင့် လျူရှောင်းလည်း နာကျင်စွာ အော်ဟစ်လိုက်ရသည်။ ဘေးနားက လူတွေကလည်း ယွမ်ချန်းရှန်အား အမြန်ဆွဲထိန်းကြကာ
"ဒီမယ်။ ခင်ဗျားက ဘယ်သူလဲ။ လူတစ်ယောက်ကိုဘာလို့ဒီလောက်ထိအောင် ရိုက်နှက်ထားရတာလဲ"

ယွမ်ချန်းရှန်က ထိုစကားကို ပြောသည့် လူအားဒေါသတကြီး စိုက်ကြည့်ကာ
"အဲ့တာ မင်းရဲ့ကိစ္စလား"

ထိုသို့သော စကားကြောင့် ဘေးလူတွေရဲ့မျက်နှာပေါ်မှာ အလိုမကျမှုတွေ ပေါ်လာတော့သည်။ ယွမ်ချီကျီလည်း အခြေအနေတွေ တင်းမားလာတာကို မြင်တာကြောင့် ယွမ်ချန်းရှန်အား သူမနောက် ဆွဲလိုက်ပြီး
"သူက ကျွန်မရဲ့မောင်ပါရှင်။ တခြားသူစိမ်း မဟုတ်ပါဘူး"

ထိုစကားကို ကြားတာနဲ့ လူတိုင်းက မိသားစု အတွင်းရေး ပြဿနာ တစ်ခု ဖြစ်ကြောင်းသဘောပေါက်သွားကာ ဘာမှဝင်မပြောကြတော့ပေ။

ဒါပေမယ့် အရိုက်ခံထားရသည့် လျူရှောင်းကို ပွေ့အလိုက်ပြီး အခန်းတစ်ခုအတွင်းခေါ်သွားကြတော့သည်။

လျူရှောင်ဟာ တစ်ကိုယ်လုံး ညိုမဲစွဲနေကာ မျက်နှာကလည်း ရောင်ရမ်းနေပြီ ဖြစ်သည်။

အခန်းထဲက ထိုင်စရာ တစ်ခုပေါ်မှာ လျူရှောင်အား သေချာထိုင်ခိုင်းလိုက်ပြီးတဲ့နောက်
"ခင်ဗျား ဆေးခန်းလေး ဘာလေး သွားပြဦးမလား။‌မတော်ကာ အရိုးတွေ ဘာတွေ ကျိုးကုန်းမှာ စိုးရတယ်ဗျ"
လို့ လူတစ်ယောက်က မေးလိုက်သည်။

လျူရှောင်းဟာသူ့ရဲ့အရိုးတွေ ဘာမျှမထိခိုက်ဘူးလို့ ခံစားရပေမယ့် အသားတွေကတော့ဆန့်ကျင်ဘက်ပင်။ တဆစ်ဆစ်နဲ့ နာကျင်ကိုက်ခဲနေကာ သူ့တစ်ကိုယ်လုံး နာကျင်နေ၏။

အထူးသဖြင့် နာကျင်မှု အများစုကို သူ့မျက်နှာကပင် ခံစားနေရသည်။

ယွမ်ချီကျီနဲ့ ယွမ်ချန်းရှန်တို့ကတော့ အခန်းအပြင်ဘက်မှာ နောက်ထပ် လူတစ်စုနဲ့ ကျန်နေခဲ့၏။

အမျိုးသမီး တစ်ဦးက ယွမ်ချီကျီအား
"ဘာတွေဖြစ်နေကြတာလဲအေ။ ဟိုမှာ ညည်းယောက်ျား ဒီလောက် အရိုက်ခံနေရတာ ညည်း နည်းနည်းလေးမှ ညည်းမောင်ကို ဝင်မတားဘူးလားဟယ်"

ယွမ်ချီကျီက သူမရဲ့မျက်လုံးထဲမှ မျက်ရည်တွေ စီးကျလာကာ ဘာစကားမျှ ပြန်မပြောခဲ့ပေ။

ဒါပေမယ့် သူမနောက်မှ ယွမ်ချန်းရှန်ကတော့ဒေါသ‌ထွက်နေဆဲ ဖြစ်သည့် လေသံဖြင့်
"အစ်မ ယောက်ျားမို့လို့လည်း ကိုယ်လက်စကိုယ် ထိန်းပြီး ရိုက်တာပေါ့။ မဟုတ်ရင် အဲ့လူ သေနေပြီဆိုတာ အာမခံတယ်"

အမျိုးသမီးဟာလည်း ယွမ်ချန်းရှန်၏ လူကောင်းခပ်ကြီးကြီး၊ လေသံ ခပ်ကြမ်းကြမ်းတွေကြောင့်ထိတ်လန့်သွားသည်။ ဒါ့ကြောင့် သူမကလုပ်ပြုံးတစ်ခုကို လုပ်ယူလိုက်ပြီး ဘာမျှ ထပ်မပြောတော့ချေ။

အခြားသော လူတွေကလည်း သူတို့အထင်နဲ့ သူတို့တိုးတိုး၊ တိုးတိုးဖြင့် စကားများကို ကျွတ်စီညံနေအောင် ပြောနေကြ၏။

မကြာခင်မှာ လျူရှောင်၏ မိဘတွေပါ ယွမ်ချီကျီတို့ အိမ်ကို ရောက်လာကြတော့သည်။

သူတို့ နှစ်ယောက်ဟာ ယွမ်ချီကျီတို့နဲ့ အတူတူ မနေပေမယ့် မကြာခဏတော့ လာလည်လေ့ရှိကြပါသည်။ ယွမ်ချီကျီကလည်း အနေအေးပြီး လူကြီးမိဘတွေအပေါ် သိတတ်တဲ့ တစ်ယောက်ဖြစ်၍ သူတို့အတွက်တော့ ချွေးမကောင်းလေး တစ်ယောက် ဖြစ်သည်။

သူတို့နှစ်ယောက် ရောက်လာပြီးတာနဲ့ ခြံထဲက လူတွေကို
"ဘာတွေဖြစ်နေကြတာလဲ"
လို့ မေးလိုက်ကြသည်။

ခြံထဲက လူတွေက ပြဿနာဟာ မိသာစု အတွင်းအရေး ပြဿနာမို့လို့ တစ်ယောက်မှ စကားပြန်ပြောခဲ့ခြင်းမရှိကြပေ။

ယွမ်ချန်းရှန်က တစ်ခုခု ပြန်ပြောမလို့ ပြင်လိုက်ပေမယ့် ယွမ်ချီကျီက ဆွဲထလိုက်တာမို့ ပါးစပ်ပိတ်လိုက်ရတော့သည်။

လျူရှောင်းရဲ့မိဘတွေလည်း ဘယ်သူမှ ပြန်မပြောတာကို မြင်တော့ အခန်းထဲကို ဝင်သွားတော့သည်။ထိုအခါ သူတို့သား၏ ရောင်ရမ်းကာ ထိခိုက်ဒဏ်ရာအပြည့် ဖြစ်နေသည့် ပုံစံကို မြင်တွေ့လိုက်ကြရတော့သည်။

ထိုမြင်ကွင်းကြောင့် လျူရှောင်း၏ မိခင်က ယူကြုံးမရဖြစ်နေသော လေသံဖြင့်
"ဒါ ဘယ်သူလုပ်တာလဲ"
လို့ မေးလိုက်၏။

"အဲ့တာ အပြင်မှာရှိတဲ့ သူ့ယောက်ဖ လုပ်တာပါ"
တစ်ယောက်ယောက်က ခပ်တိုးတိုးလေး ပြန်ဖြေလိုက်၏။

"ယွမ်ချီကျီရဲ့မောင်လား"
လျူရှောင်း၏ မိခင်က ရေရွတ်လိုက်၏။ ထို့နောက်သူမက အခန်းအပြင်ကို ကြည့်လိုက်သည်။ ပြီးလျှင်သူမယောက်ျားအား တဖန်ပြန်ကြည့်လိုက်သည်။

လျူရှောင်း၏ ဖခင်ကလည်း သူ့မိန်းမ မျက်စိထဲမှအကြည့်တွေကို နားလည်‌တာကြောင့် အိမ်ထဲမှာရှိသည့် လူများအား ကိုယ့်အိမ်ကိုပြန်ဖို့ အလိမ္မာနည်းသုံးလိုက်တော့သည်။

မိသားစု အတွင်းရေး ပြဿနာကို ကိုယ့်မိသာစစုအချင်းချင်းကြားမှာ ဖြေရှင်းသင့်ကာ အပြင်လူတွေ ရှေ့မှာ ထုတ်ဖော်ပြောကြားခြင်းတောင် မပြုသင်ပေ။

လူတွေ အကုန် ပြန်သွားတာနဲ့ လျူရှောင်၏ မိခင်ကခြံတံခါးကို အသာပိတ်လိုက်သည်။ ထို့နောက် ငိုယိုနေသေးသည့် သူမ မြေးကို အငိုတိတ်အောင်အရင်ချော့လိုက်သည်။ ပြီးမှသာ ယွမ်ချီကျီနဲ့ယွမ်ချန်းရှန်တို့ကို ခေါ်၍ အခန်းထဲကို ဝင်လိုက်တော့သည်။

ယွမ်ချီကျီနဲ့ယွမ်ချန်းရှန်လည်း အခန်းထဲဝင်လိုက်ကာ ထိုင်ခုံမှာ ထိုင်ပြီး နာကျင်မှုကြောင့် ညီးညူနေသည့် လျူရှောင်းကို ကြည့်လိုက်ကြသည်။

လျူရှောင်း၏ ဖခင်ကတော့ သူ့သား ဘေးမှာ ထိုင်နေခဲ့၏။ သူ့ရဲ့မျက်နှာက အလွန်တည်ငြိမ်လို့နေသည်။ သူက ယွမ်ချီကျီနဲ့ယွမ်ချန်းရှန်ကို ကြည့်ကာ
"ငါ့သားကို ဘာလို့ရိုက်ရတာလဲ"
လို့ မေးလိုက်သည်။

ယွမ်ချန်းရှန်ဟာ လျူဇနီး မောင်နှံတို့ကို မကြောက်ချေ။ သူသာ မှန်ရင် တဖက်က လူကြီး ဖြစ်ဖြစ်၊လူငယ် ဖြစ်ဖြစ်၊ ကလေး ဖြစ်ဖြစ် အကုန်ဆော်မှာဖြစ်၏။

ဒါပေမယ့် တစ်ဖက်က စကားကိုခခပ်အေးအေးလေး မေးလာတာ ဖြစ်၍ ယွမ်ချန်းရှန်လည်း သူ့အစ်မ၏ အင်္ကျီလက်များကို ပင့်တင်ရင်း လက်မောင်းမှ ဒဏ်ရာ ဒဏ်ချက်များကို မြင်အောင်ပြလျက်
"ဒီလောက်ဆိုရင် ဦးလေးတို့ သားကို ကျွန်တော် ရိုက်ရတဲ့ အကြောင်းအရင်းကို သိလောက်ပြီ ထင်ပါတယ်"

သည်တစ်ကြိမ်မှာတော့ ယွမ်ချီကျီလည်းသူမ၏ ဒဏ်ရာများအား ဖုံးကွယ်ဖို့ မကြိုးစားတော့ချေ။

လျူရှောင်း၏ မိဘတွေလည်း ယွမ်ချီကျီ၏ လက်မောင်းမှ ဒဏ်ရာများကို မြင်တဲ့အခါမျက်နှာထားတွေ ပြောင်းလဲကုန်ကြတော့သည်။

လျူရှောင်း၏ မိခင်က ယွမ်ချီကျီ၏ လက်မောင်းကို ဆုပ်ကိုင်၍
"ရှောင်းအာက မင်းကို ရိုက်ခဲ့တာလား"
လို့ နည်းနည်း တုန်နေသည့်လေသံဖြင့် မေးလိုက်၏။

ယွမ်ချီကျီက စကားပြန်မပြောခဲ့ပေ။ သူမ လုပ်ခဲ့သည့် တစ်ခုတည်းသော အရာက သူမ၏ အင်္ကျီအား အသာဖြေလျော့၍ သူမ၏ နောက်ကျောအား သူမ၏ ယောက္ခမဖြစ်သူထံ လှည့်ပြလိုက်ခြင်းပင်။

အမားရွတ်တွေ၊ ညိုပုပ်နေသည့် ဒဏ်ရာတွေဖြင့်ပြည့်နေသည့် ကျောပြင်တစ်ခုဟာ လျူရှောင်း၏ မိခင် မျက်လုံးအတွင်း ဝင်ရောက်လာတော့သည်။

လျူရှောင်း၏ မိခင်သည် ထိုမြင်ကွင်းကြောင့်ဒေါသတွေ ထွက်လာတော့သည်။ သူမက အရင်းဆုံး ယွမ်ချီကျီအား အင်္ကျီဖြင့် ပြန်ဖုံးပေးလိုက်ပြီး သူမသားဘက် လှည့်ကာ ရိုက်ဖို့အတွက် လက်ရွယ်လိုက်သည်။ ဒါပေမယ့် သူမသား မျက်နှာပေါ်မှာ ဒဏ်ရာတွေကို တွေ့ပြီးတဲ့နောက် မရိုက်ရက်တော့ပေ။

လျူရှောင်း၏ ဖခင်သည်လည်း အလွန်ဒေါသထွက်နေကာ သူ့ချွေးမနဲ့ သူမ၏ မိသားစုဝင်တို့အားမျက်နှာ မပြဝံ့လောက်အောင် ရှက်နေတော့သည်။

ယွမ်ချန်းရှန်က ယွမ်ချီကျီ၏ လက်ကို ဆွဲလျက်
"ကျွန်တော့်ရဲ့တတိယ အစ်မက ဒီအိမ်မှာဘယ်လောက်တောင် ဆင်းဆင်းရဲရဲ နေခဲ့ရပြီးပြီလဲ ဆိုတာကို ဦးလေးနဲ့ ဒေါ်လေးတို့ မြင်ကြမယ်လို့ ထင်ပါတယ်။ ဒါ့ကြောင့် အခု ကျွန်တော့် အစ်မကိုတောင်ပေါ်ပြန်ခေါ်သွားတော့မယ်"

ထိုစကားကြောင့် လျူရှောင်း၏ မိခင်ဟာစိုးရိမ်တကြီး ဖြစ်သွားပြီး ယွမ်ချီကျီ၏ အခြားလက်တစ်ဖက်ကို ဆွဲကိုင်ကာ
"ရှောင်းအာလည်း အခုချိန်မှာ အရိုက်ခံထားရပြီးပြီလေ။ မင်းအနေနဲ့လည်း အခုချိန်မှာ သွေးပူနေမှာပဲ။ ဒါ့ကြောင့်‌ စိတ်အေးအေးထားပြီး ပြန်စဉ်းစားပါဦးကွယ်"

ယွမ်ချီကျီက ဘာမျှပြန်မပြောခဲ့ပေ။

ယွမ်ချန်းရှန်လည်း သူ အစ်မအား ဆွဲထားသည့် လျူရှောင်းမိခင်၏ လက်များကို ဖြုတ်လိုက်ပြီး အပြင်ကို ထွက်သွားတော့သည်။

ဒါ့ကြောင့် လျူရှောင်း၏ မိခင်လည်း အမြန်ပြေးကာ ယွမ်ချီ‌ကျီ၏ လက်ကို ပြန်ဆွဲလိုက်ပြီး
"သမီးရယ်။ နောင်ကို ငါ့သား မင်းကို ထပ်မရိုက်စေရတော့ပါဘူး။ တကယ်လို့ ထပ်ရိုက်ရင် ငါ့သားကို ငါတို့ သေချာလေး အပြစ်ပေးပါ့မယ်။ အခု တစ်ကြိမ်လည်း သူ့ကို သေချာ ဆုံးမပါ့မယ်ကွယ်။ တစ်ကြိမ် တစ်ခါတော့ ခွင့်လွှတ်လိုက်ပါဦး"
လို့ တောင်းဆိုပြန်သည်။

ယွမ်ချီကျီဟာ တံခါးဝမှာ မလှုပ်မယှက် ရပ်နေခဲ့ပြီးဘာမှ ပြန်မပြောခဲ့ပေ။

ဒါ့ကြောင့် လျူရှောင်း၏ အမေလည်း ခေါင်းထဲမှာအမျိုးမျိုးတွေးပြီး အကြံတစ်ခု ရ‌သွားတော့သည်။သူမက ယွမ်ချီကျီအား
"သမီးရယ်။ အခြားဘာကိုမှ ဂရုမစိုက်တော့ရင်တောင် ကိုယ့်ကလေးရဲ့မျက်နှာကိုတော့ ထောက်ပါဦးကွယ်။ မင်းသာ ထွက်သွားရင် မင်းရဲ့ငယ်ရွယ်သေးတဲ့ ကလေးကို ဘယ်လိုလုပ်မလဲ။ မင်း ကလေးကို အမေ မရှိတဲ့ ဘဝမျိုးမှာ ကြီးပြင်းလာစေချင်တာလား"

ထို့နောက် သူမက ကလေးဘက်ကို လှည့်ကာ
"မြေးရယ်။ မင်း အမေကို ထွက်မသွားဖို့ အဖွားနဲ့အတူတူ ဝိုင်းတားပေးပါဦး"

သူ့ အဖွား၏ စကားလုံးများကို ကလေးက သေချာနားမလည်ခဲ့ပေ။ ဒါပေမယ့် သူ့အမေက သူ့ကို မလိုချင်တော့ဘူးလို့ တစ်မျိုး နားလည်သွားခဲ့သည်။ ဒါ့ကြောင့် ဝမ်းနည်းတကြီး ထပ်မံငိုကြွေးကာ ယွမ်ချီကျီ၏ ခြေထောက်များအား ဖက်၍
"မေမေ၊ မသွားပါနဲ့။ သားကို တစ်ယောက်တည်း မထားခဲ့ပါနဲ့"
ဟု ပြောတော့သည်။

ဒါ့ကြောင့် ယွမ်ချီကျီလည်း သူမ၏ လက် နှစ်ဖက်အား ယွမ်ချန်းရှန်နဲ့ လျူရှောင်း၏ မိခင်တို့ထံမှ ရုန်းလိုက်ပြီး ဒူးထောက်လျက် သူမ၏ သားအား ပြန်ပွေ့ဖက်လိုက်တော့သည်။

ယွမ်ချန်းရှန်လည်း သူ့အစ်မ၏ လုပ်ရပ်ကို မြင်တော့ မျက်မှောင်ကြုတ်ကာ
"အစ်မ၊ သေချာပြန်တွေးနော်။ အစ်မသာ ဒီမှာနေခဲ့ရင် အစ်မ ယောက်ျား ရိုက်နှက်သမျှ ခါးစည်းခံနေရဦးမှာနော်"

လျူရှောင်း၏ မိဘတွေက အကျိုးအကြောင်းဆီလျော်ပြီး ယွမ်ချီကျီကို ဘယ်လောက် သဘောကျကျ သားအရင်းထက် ချွေးမ တစ်ယောက်ကိုတော့ ပိုပြီး မချစ်နိုင်ပေ။

အကယ်၍ ယွမ်ချီကျီသာ သူနဲ့ အတူ ပြန်မလိုက်ခဲ့ပါက လျူရှောင်းက ယွမ်ချီကျီအပေါ် ဒေါ‌သတွေ ပုံချလာနိုင်သည်။

ယွမ်ချီကျီကလည်း ထိုအရာကို ကောင်းကောင်းသိပေသည်။ သူမသာ စိတ်ပျော့ပြီး ကျန်နေခဲ့ပါက သူမ ထပ်မံ အရိုက်ခံရနိုင်၏။

ဒါ့အပြင် သူမ၏ ငါးယောက်မြောက် မောင်လေးကသူမကို ကူညီပေးဖို့အတွက် တောင်ပေါ်ကနေ တကူတက ဆင်းလာခြင်း ဖြစ်ပေသည်။

ဒါ့ကြောင့် ယွမ်ချီကျီလည်း သူမ၏ သားရဲ့မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။

အကုန်လုံးကလည်း သူမ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြသည်။

လျူရှောင်း၏ ဖခင်က
"သမီးရယ်။ ကလေးတွေရဲ့မျက်နှာကိုတော့ ထောက်ပါဦး"
လို့ ဝင်ပြီးတော့ ပြောလိုက်သေး၏။

ထိုစကားကြောင့် ယွမ်ချီကျီလည်း သူမသားအား တစ်ဖန် ပြန်ငုံ့ကြည့်လိုက်သည်။ ထို့နောက် အခန်းထဲကို ဝင်သွားတော့၏။

သူမ၏ ရွေးချယ်မှုကို မြင်တော့ လျူရှောင်း၏ မိဘ နှစ်ပါးလုံး စိတ်သက်သာရာ ရသွားတော့သည်။

လျူရှောင်း၏ မိခင်က ယွမ်ချန်းရှန်အား
"ဒီကိစ္စမှာ ငါတို့ အပြစ်လည်း မကင်းတာမို့ မင်းတို့ကို တကယ် တောင်းပန်ပါတယ်ကွယ်။ နောင်ဆိုရင် မင်းတို့ အစ်မကို ငါ့သား အနိုင်မကျင့်စေရတော့ပါဘူး"

ယွမ်ချန်းရှန်က နှာခေါင်း တစ်ချက် ရှုံ့လျက်
"ကျုပ်အစ်မ အရိုက်ခံနေရတာကို ခင်ဗျားတို့ မသိဘူးဆိုတာက ဖြစ်နိုင်ပါ့မလား"
လို့ ခနဲ့လိုက်၏။

လျူရှောင်း၏ မိခင်က
"ငါတို့တွေ ဒီအိမ်ကို မကြာခဏ မလာတော့ မသိလိုက်တာပါကွယ်။ နောက်ဆိုရင် မကြာခဏ လာပြီးချီကျီ့ကို သေချာ ဂရုစိုက်ပေးပါ့မယ်"

ယွမ်ချန်ရှန်လည်း လျူရှောင်၏ မိခင်အား ဒေါသတကြီး စိုက်ကြည့်နေရုံက လွဲပြီး ဘာမှပြန်မပြောတော့ချေ။

ထိုအချိန်မှာ အခန်းထဲဝင်သွားသည့် ယွမ်ချီကျီက ပြန်ထွက်လာသည်။ သူမနဲ့အတူ အဝတ်အိတ်တစ်လုံးကိုပါ အတူသယ်ဆောင်လာ၏။ သူမကယွမ်ချန်းရှန်အနီးကို သွားကာ
"မောင်လေး ငါး။ အစ်မတို့ သွားကြစို့"
လို့ တိုးတိုးလေး ပြောလိုက်၏။

ဒါကို‌ ကြားတော့ တင်းကျပ်နေသည့် ယွမ်ချန်းရှန်၏ စိတ်တွေဟာ ပြေလျော့သွားတော့သည်။

လျူရှောင်း၏ မိဘတွေရဲ့မျက်နှာကတော့ပျက်ယွင်းသွားကြတော့သည်။ သူတို့က ယွမ်ချီကျီဟာ အခန်းထဲ ဝင်သွားပြီ ဖြစ်လို့ သူမ မောင်နဲ့ ပြန်မလိုက်ပဲ နေခဲ့တော့မယ်လို့ ထင်နေကြတာပင်။

ဒါပေမယ့် မထင်မှတ်စွာ ယွမ်ချီကျီက အခန်းထဲကအဝတ်ထုပ်နဲ့ ပြန်ထွက်လာပြီး သူမ၏ မောင်နဲ့ ပြန်လိုက်သွားဖို့ ဆုံးဖြတ်ခဲ့တော့သည်။

လျူရှောင်း၏ မိခင်ဟာ ယွမ်ချီကျီ၏ လက်အားဆုပ်ကိုင်ကာ
"သမီးရယ်။ မင်း ထွက်သွားရင် မင်း ကလေးရဲ့ရှေ့ရေးကို ဘယ်လိုလုပ်မလဲကွယ်"

ယွမ်ချီကျီက ပြန်မဖြေ။ သည်တစ်ကြိမ်မှာတော့ သူမ လက်ကို ဆွဲထားသော သူမ ယောက္ခမ၏ လက်အား ကိုယ်တိုင် ဆွဲဖြုတ်ကာ ယွမ်ချန်းရှန်နဲ့အတူ အိမ်ထဲကနေ အဝတ်ထုပ် ပိုက်၍ ထွက်သွားတော့သည်။

လျူရှောင်၏ မိဘတွေဟာ သူမအား နောက်ကနေလိုက်ဖြောင်းဖြကြသည်။ ဒါပေမယ့် မရပေ။ ဒါ့ကြောင့် နည်းလမ်းဟောင်းအတိုင်း လျူရှောင်း၏ မိခင်ဟာ ယွမ်ချီကျီ၏ သားအား
"မြေးရေ။ နင့် အမေက နင့်ကို မလိုချင်တော့ဘူးတဲ့။နင့်ကို ထားသွားတော့မယ်တဲ့ကွယ်။ နင့်အမေကို မြန်မြန်တားပါဦး"

ထိုအခါ ကလေးဟာ ထပ်ပြီး ဝမ်းနည်းတကြီး ငိုကြွေး၍ ယွမ်ချီကျီတို့နောက် ပြေးလိုက်၏။ ဒါပေမယ့် လမ်းတစ်ဝက်မှာတင် ခြေချော်ကာ လဲကျသွားတော့သည်။

လျူရှောင်း၏ မိခင်ကလည်း သွားထူမပေးဘဲ
"အမလေး။ သနားစရာ ကောင်းလိုက်တဲ့ ငါ့မြေးလေးရဲ့"

သူမအသံကြောင့် ယွမ်ချီကျီလည်း ရောက်ရာနေရာမှာ ရပ်လိုက်မိ၏။ ဒါပေမယ့် သူမက နောက်ပြန်လှည့် မကြည့်ခဲ့ပေ။ ထို့‌နောက် အံတင်းတင်းကြိတ်၍ သူမ၏ မောင်နဲ့အတူ ခြံထဲကနေပါ ထွက်သွားတော့သည်။

လျူရှောင်း၏ မိခင်လည်း လျူရှောင်း၏ ဖခင်းအား
"သွား၊ ရှင့်ချွေးမကို မြန်မြန်လိုက်တားဦးလေ"
လို့ ပြောလိုက်သည်။

ဒါပေမယ့် အသက်အရွယ် ရနေပြီဖြစ်တဲ့ လျူရှောင်း၏ ဖခင်ဟာ ယွမ်ချီကျီနဲ့ယွမ်ချန်းရှန်းတို့ မောင်နှမကို လိုက်မှီခြင်း မရှိဘဲ လမ်းကြား တစ်ခုထဲ ဝင်ရောက်သွားတာကိုသာ ငေးကြည့်နေရတော့၏။


အပိုင်း -၂၃.၂


ထိုအချိန်မှာ ယွမ်ချီကျီ၏ သမီး သုံးယောက် ပြန်လာတာကို မြင်လိုက်ရ‌တာကြောင့် သူက
"ဒန်နီ၊ အာနီ၊ ဆန်နီ။ မင်းတို့ရဲ့အမေက မင်းတို့အဖေနဲ့ စကားများပြီး အိမ်ကနေ အထုပ်ပိုက်လို့ဆင်းသွားပြီး။ သွား၊ မြန်မြန်လေး မင်းတို့‌ အမေကိုလိုက်ခေါ်ကြပါဦးကွယ်"

ဒန်နီ၊ အာနီနဲ့ ဆန်နီလည်း ထိုစကားကို ကြားတော့ သူတို့ လက်ထဲက ပစ္စည်းတွေကို ချထားပြီး သူတို့၏ အမေကို လိုက်ရှာဖို့အတွက် ထွက်သွကြတော့သည်။ ဒါပေမယ့် အချိန်အတော်ကြာတဲ့အထိ နေရာအနှံ့ လိုက်ရှာခဲ့ပေမယ့် သူမတို့ အမေကို မတွေ့ခဲ့ကြပေ။ ဒါ့ကြောင့် သူမတို့လည်း အိမ်သို့ပြန်လာခဲ့ကြကာ လျူရှောင်း၏ ဖခင်အား
"အဖိုး။ အမေ့ကို မတွေ့ခဲ့ဘူး။"
လို့ ပြန်ပြောလိုက်ကြ၏။

လျူရှောင်း၏ ဖခင်က သူ မိန်းမဟာ သူ့ရဲ့မြေးအငယ်လေးနဲ့အတူ အပြင်ကို ထွက်လာတာကို မြင်လိုက်ရပြီး
"သူမက တော်တော်ဝေးဝေးကို ရောက်သွားပြီ ထင်တယ်။ လိုက်ရှာတာ မတွေ့တော့ဘူး"
လို့ ပြောလိုက်၏။

လျူရှောင်း၏ မိခင်လည်း သူမ မြေးအငယ်လေး၏ မျက်နှာပေါ်မှ မျက်ရည်များကို သုတ်ပေးလိုက်ရင်း
"သူမကလည်း ဘာလို့ အခုလိုထွက်သွားရတာလဲ။သူမရဲ့ကလေးတွေကို တကယ် ဂရုမစိုက်တော့ဘူးများလား"

လျူရှောင်း၏ ဖခင်ကလည်း သက်ပြင်းမောကြီးတစ်ခုကို ချလျက်
"ထားလိုက်ပါတော့။ အခု ငါတို့ အိမ်ကို ပြန်ကြစို့"

သူတို့တွေ အိမ်‌ပြန်ရောက်ပြီး အခန်းထဲ ဝင်လာကြတော့ သူမတို့ ဖခင်၏ ဖောင်းကားနေအောင် အရိုက်ခံထားရတဲ့ ရုပ်ကို မြင်ပြီး ဒန်နီ၊ အာနီနဲ့ ဆန်နီတို့ သုံးယောက်လုံး အံ့အားသင့်သွားကြ၏။

အာနီက
"အဖေ့ကို ဘယ်သူ ရိုက်လိုက်တာလဲ"
လို့ မေးလိုက်သည်။

ထိုမေးခွန်းကြောင့် လျူရှောင်းရဲ့မိခင်က ဒေါသတကြီးဖြင့် သူမ၏ သားအား
"မင်းရဲ့လုပ်ရပ်ကြောင့် မင်း မိန်းမက အခုအိမ်ကထွက်သွားပြီ။ သူမ ကလေးတွေရဲ့ မျက်နှာကိုတောင်မှ ပြန်လှည့်ကြည့်မသွားတော့ဘူး။ ဒါတွေ အကုန်လုံးက နင် မလိမ္မာလို့"

လျူရှောင်းက
"အဲ့လို ဟာမ ထွက်သွားလည်း အေးတာဘဲဗျ"
လို့ အကြောတင်းတင်း ပြန်ပြောလိုက်သည်။

လျူရှောင်း၏ မိခင်ဟာ သူမ၏ သားအား အရိုးကွဲသည်အထိ ရိုက်ချင်စိတ်တွေ ပေါက်လာခဲ့ပြီး
"ချီကျီမှာ ဘာအပြစ်ရှိလို့ နင်က ရိုက်ရတာလဲ။ သူမက အနေအေးတယ်။ အိမ် အလုပ်ကိုလည်း ပိုင်နိုင်တယ်။ ကလေးတွေကိုလည်း ကောင်းကောင်းမွန်မွန် ထိန်းနိုင်တယ်။ ငါတို့ တစ်မြို့လုံကို နင် ပတ်ရှာကြည့်လိုက်။ ချီကျီလောက် ကောင်းမွန်တဲ့ မိန်းမတစ်ယောက်မှ မရှိဘူးဟဲ့၊ အကောင်ရဲ့။ အဲ့လို‌ မိန်းမမျိုးကို နင်က အိမ်ကနေ ထွက်သွားအောင် လုပ်လိုက်တယ်လေ။ နင်က လူမိုက်ပဲ"

လျူရှောင်းက
"သူမရဲ့ မျက်နှာကို မြင်နေရတာ ကျွန်တော် နေ့တိုင်း စိတ်ညစ်တယ် ဗျ"
လို့ ပြန်အော်ပြောလိုက်၏။

ကြားထဲက လျူရှောင်း ဖခင်းဟာ သည်းမခံနိုင်တော့ဘဲ သူ့သား၏ မျက်နှာအား ရိုက်ချလိုက်တော့သည်။

သူက ရိုက်ပြီးတာနဲ့ တစ်ဖက်သို့ လှည့်သွားပြီး
"မင်းက တကယ့်ကို အရိုက်ခံရဖို့ ထိုက်တန်တယ်"
လို့ ရေရွတ်လိုက်တော့သည်။

'ဟက်ချိုး'

ယွမ်ရိဟာ ကျောက်တုံးကြီးပေါ်မှာ လဲလျောင်းရင်းတရုတ် ကဗျာများကို ချရေးနေတုန်း ရုတ်တရက်နှာချေမိလိုက်သည်။

ယွမ်ကျဲက နှာချေသံကြောင့် ခေါင်းလှည့်လာပြီး
"အစ်မ၊ အအေးမိနေတာလား"
လို့ စိတ်ပူသော လေသံဖြင့် မေးလိုက်၏။

လင်းယောင်ကလည်း ယွမ်ရိကို လှည့်ကြည့်လာ၏။

ယွမ်ရိက ခေါင်းယမ်းလိုက်ပြီး
"မဟုတ်ပါဘူး ဟယ်။ ဒီအတိုင်း နှာခေါင်းယားလို့နှာချေမိလိုက်တာပါ"

တကယ်တော့ သူမ ဒီနေ့ အကြိမ်ကြိမ် နှာချေနေမိ၏။ အဖိုး ဆောင်း အိမ်မှာ ပန်ချီဆွဲနေစဉ်မှာတောင်မှ နှစ်ကြိမ်လောက် နှာချေမိခဲ့သေးသည်။

သူမဟာ နှာချေမိတိုင်း သူမ၏ တတိယအဒေါ် ယွမ်ချီကျီ‌အကြောင်း တွေးလိုက်မိသည်။ အခုခေတ်၊ အခုချိန်မှာ လမ်းပန်း ဆက်သွယ်ရေးတွေ မတိုးတက်သေးတာမို့ဦးလေး ငါးနဲ့ တတိယအဒေါ်တို့ရဲ့အခြေအနေ ဘယ်လိုရှိလဲ သူမတို့ မသိနိုင်ချေ။သူမတို့အနေနဲ့ စောင့်ဆိုင်းရုံလောက် တတ်နိုင်ပေသည်။

ညဘက် အိပ်ရာ ဝင်ဖို့ ကုတင်ပေါ် လဲလျောင်းသည်အထိ သူမက တတိယအဒေါ်အကြောင်း တွေးမိနေဆဲပင်။ သူမက ယွမ်ကျဲအား
"ဦးလေး ငါးလည်း သွားနေတယ် ဆိုပေမယ့် သူကတကယ် တတိယအဒေါ်ကို ကူညီနိုင်ပါ့မလား"

အကယ်၍ သူမသာ တောင်အောက်ကို မဆင်းပဲ၊သူမ အဒေါ်၏ လက်မှ ဒဏ်ရာများကို မမြင်တွေ့ခဲ့မိပါက သူမ၏ တတိယအဒေါ်ဟာ အခုချိန်ထိ အရိုက်နှက်ခံနေရဦးမှာပင်။ ထိုအကြောင်းအား တွေးမိလိုက်တာနဲ့ သူမ ဒေါသတွေ တနုံ့နုံ့ ထွက်လာရ၏။

အကယ်၍ ဖြစ်နိုင်လျင် တတိယအဒေါ်၏ ယောက်ျား လျူရှောင်းအား ကိုယ်တိုင်ပင် ရိုက်ပစ်ချင်မိ၏။

ယွမ်ကျဲက
"တတိယ ဦးလေးက ကြမ်းတမ်းပြီး ရန်ခဏခဏဖြစ်တတ်ပေမယ့် သူက တတိယအဒေါ်ကိုအကူအညီ ကောင်းကောင်း ပေးနိုင်မှာပါ"

ယွမ်ရိက ပြုံးလိုက်ပြီး
"နင်က ဦးလေး ငါးကို ချီးကျူးနေတာလား။အပြစ်တင်နေတာလား"

ယွမ်ကျဲက
"ဘာဘဲဖြစ်ဖြစ် ဦးလေး ငါးက ညီမတို့နှစ်ယောက်အပေါ်မှာတော့ အရမ်းကောင်းတယ်။
အပြင်မှာ အရသာရှိတဲ့ စားစရာ တစ်ခုခု ရလာတိုင်းညီမတို့ဖို့ အမြဲ ယူလာပေးတယ်လေ။ အပြင် လူတွေအနေနဲ့ ဦးလေး ငါး အပေါ် ဘယ်လို ထင်မြင်ကြပါစေ၊ ညီမကတော့ ဦးလေး ငါးကကောင်းတယ်လို့ မြင်တယ်"

ယွမ်ရိကလည်း ခေါင်းညိတ်လိုက်ပြီး
"နင် ပြောတာ မှန်တယ်"
လို့ထောက်ခံလိုက်သည်။

ညီအစ်မ နှစ်ယောက်လုံး အိပ်ငိုက်လာတဲ့အထိစကားတွေ အများကြီး ပြောခဲ့ကြ၏။ အိပ်ငိုက်လာပြီးတဲ့နောက်မှာတော့ စကား ပြောတာတွေကို ရပ်လိုက်ကြပြီး အိပ်စက်လိုက်ကြတော့သည်။

နောက်ရက်မှာတော့ စောစောထပြီး အဖိုးဆောင်း အိမ်မှာ အပ်ချုပ်ပညာ သွားသင်ရမယ့် သာမန်နေ့လေး တစ်နေ့သာသာပင်။

အဖိုးဆောင်းတို့ အိမ်ကို ရောက်တော့ သူမက ပုံတွေကိုသာ ဆက်ဆွဲနေခဲ့ပြီး ယွမ်ရွယ်ဂျင်းကိုလျစ်လျူရှုထားလိုက်သည်။ သူ့အနေနဲ့ သူမကို လာမစသရွေ့ သူမက အဖက်တောင် လုပ်မှာ မဟုတ်ချေ။

ယွမ်ရွယ်ဂျင်းကတော့ မကြာခဏ သူ့ရဲ့အရည်အချင်းတွေကို ထုတ်ကြွားတတ်၏။ ဒါကို အဖိုးဆောင်းက အမြင်ကပ်ကာ ယွမ်ရွယ်ဂျင်းအား သူ့ စိတ်ထဲကနေ ငတုံးတစ်ယောက်အဖြစ် သတ်မှတ်ကာ ခနဲ့သော စကားများဖြင့် ပြန်ပြောလေ့ရှိသည်။

တုံးအသည့် ယွမ်ရွယ်ဂျင်းကတော့ ထိုခနဲ့စကားများအား သူ့ကို ချီးကျူးနေသည့် စကားလုံးများလို့ထင်မှတ်ကာ ပိုပြီး မြောက်ကြွ၊ မြောက်ကြွ ဖြစ်လာတော့သည်။

ယွမ်ရွယ်ဂျင်း၏ ကိုယ့်ကိုယ်ကိုယ် အထင်တကြီးဖြစ်နေပြီး အိမ်ပြန်သည့် အချိန်တိုင်း တကယ့် အပ်ချုပ်ဆရာ တစ်ယောက်ကဲ့သို့ အပြုအမူကြောင့် ဆန်းရှောင်ဟိုင်လည်း အလွန်ကျေနပ်နေတော့သည်။ ထိုကျေနပ်မှုကြောင့် သူမက ယွမ်ကျဲနဲ့ယွမ်ရိအား ဒုက္ခပေးမယ့် အကြောင်းကိုပင် သိပ်မပြောတော့ချေ။

ယွမ်ရွယ်ဂျင်းအနေနဲ့ အပ်ချုပ်ဆရာ တစ်ယောက်ဖြစ်နိုင်၊ မဖြစ်နိုင်က နတ်သကြားတွေသာ သိနိုင်ပေသည်။ ဒါပေမယ့် ယွမ်ရိ အပ်ချုပ်ဆရာ တစ်ယောက် ဖြစ်မှာကိုတော့ အဖိုးဆောင်း ကိုယ်တိုင် သိပေ၏။

ယွမ်ရိဟာ နေ့လည်ခင်းမှာ အဖိုးဆောင်း အိမ်ကနေပြန်လာခဲ့ပြီး ယွမ်ကျဲနဲ့အတူ လင်းယောင်ထံမှာ စာသွားသင်ကြ၏။ ညနေခင်းရောက်သည့်အခါ အိမ်ပြန်လာခဲ့ပြီး ညစာ စား‌၍ အိပ်ရာပေါ် ပြန်လှဲလိုက်တော့သည်။ ဒီလိုနဲ့ တစ်နေ့တာဟာ ကုန်ဆုံးသွားပြန်၏။

ယွမ်ရိက အိပ်ရာပေါ် လှဲနေရင်းဖြင့်
"မနက်ဖြန်လောက်ဆိုရင် ဦးလေး ငါး ပြန်ရောက်လောက်ပြီ"
ဟု ယွမ်ကျဲအား ပြောလိုက်သည်။

ယွမ်ကျဲက တစ်ခုခု ပြန်ပြောမလို့ ပြင်လိုက်သည်။ထိုအချိန်မှာ အိမ်အပြင်ကနေ
"အဖေ၊ အဖေ။ တတိယ အစ်မကို ကျွန်တော်နဲ့အတူ ပြန်ခေါ်ခဲ့ပြီ"
ဆိုသည့် ယွမ်ချန်းရှန်၏ အသံ ထွက်ပေါ်လာတော့သည်။

ထိုအသံကြောင့် ယွမ်ရိနဲ့ ယွမ်ကျဲဟာ အိပ်ရာပေါ်ကနေ အမြန် ထလိုက်ကြပြီး အိမ်တံခါးကို အမြန်ပြေးဖွင့်ပေးလိုက်၏။ ယွမ်ကျီကောင်းနဲ့ လျူရှင်းဟွာတို့ နှစ်ယောက်ကတော့ အသက်အရွယ် ရနေပြီမို့လို့ဖြည်းညှင်းစွာ အိမ်ထဲကနေ ထွက်လညကြတော့သည်။

ယွမ်ချီကျီကို မြင်တော့ လျူရှင်းဟွာ၏ မျက်ဝန်းတွေဟာ စိုစွတ်သွားကာ
"ကောင်မစုတ်လေး။ ညည်း အိမ်ပြန်လာဖို့တော့ သိသေးသားပဲ"
လို့ ဂရုဏာ လေသံလေးဖြင့် ဆူပူလိုက်၏။

ယွမ်ချီကျီရဲ့မျက်ဝန်း အိမ်ထဲမှာလည်း မျက်ရည်ကြည်တွေ ဝိုင်းလာကာ
"တောင်းပန်ပါတယ်၊ အမေ"
လို့ လေသံ တိုးတိုးလေးဖြင့် ပြောလိုက်သည်။

လျူရှင်းဟွာလည်း သူမ သမီး၏ မျက်ရည်များအား သုတ်ပေးလိုက်သည်။ ထို့နောက် ယွမ်ချန်းရှန်ဘက်ကို လှည့်ကာ
"မင်းရဲ့တတိယအစ်မကို ခေါ်ခဲ့တာတော့ ဟုတ်ပါပြီ။ လျူရှောင်းရော ဘယ်လိုနေခဲ့လဲ"

ယွမ်ချန်းရှန်က
"ကျွန်တော် သူ့ကို ဖောင်းကားပြီး ဝက်တစ်ကောင် ဖြစ်တဲ့အထိ ရိုက်နှတ်ထားခဲ့လိုက်တယ်"

လျူရှင်းဟွာက ထိုစကားကြောင့် စိုးရိမ်သွားပြီး
"လက်လွန် ခြေလွန်တွေ ဖြစ်ခဲ့သေးလား။ ငါ မင်းကို တောင်အောက် မဆင်းခင်တုန်းက စိတ်လိုက်မာန်ပါ မလုပ်ဖို့ မှာခဲ့သေးတယ်လေ။ ဘာလို့ မေ့ပစ်လိုက်ရတာလဲ"

ယွမ်ချန်းရှန်က
"အမေကလည်းဗျာ။ ကျွန်တော့် လက်စ ကျွန်တော် သိပါတယ်။ ပြီးတော့ ကျွန်တော် နည်းနည်း စိတ်မထိန်းနိုင် ဖြစ်သွားလို့ပါ။ အမေ မသိလို့ ကျွန်တော် ဟိုကို ရောက်တော့ အဲ့ခွေးကောင်က အစ်မကို ရိုက်နှက် ကန်ကျောက် နေတာလေ။ အဲ့လို လုပ်ရတဲ့အကြောင်းအရင်းကို သိရင် အမေ ပိုအံ့ဩသွားလိမ့်မယ်။ ရေအင်တုံ အလေးကြီးကို အစ်မကို မ,ခိုင်းပြီး အစ်မက မ,မနိုင်ပဲ လက်ချော်ကျသွားလို့တဲ့လေ။ ကျွန်တော်သာ အချိန်မှီ မရောက်သွားခဲ့ရင် အဲ့ခွေးမသားက အစ်မကို ဘယ်လောက်တောင် ရိုက်နှက်နေလိမ့်မလဲ မသိဘူး"

ယွမ်ကျီကောင်းလည်း ထိုစကားတွေကြောင့်ဒေါသ‌တွေ ထွက်လာပြီး
"ဒီခွေးကောင်ကတော့။ ငါ့ သမီးက သူ့ကို လက်ထပ်လိုက်တာနဲ့ ငါ့ သမီးကို ရိုက်ချင်တိုင်း ရိုက်လို့ ဖြစ်မလားကွ"

လျူရှင်းဟွာကလည်း အရမ်းတွေ ဒေါသထွက်နေခဲ့သည်။ သူမက သူမ၏ သမီး လက်အား ညှင်သာစွာဆုပ်ကိုင်လျက်
"သမီး အဆင်ပြေရဲ့လားကွယ်"

ယွမ်ချီကျီလည်း စိုစွတ်နေသော မျက်ဝန်းများဖြင့်
"အမေ။ သမီး အဆင်ပြေပါတယ်"
လို့ ခေါင်းညိတ်ကာ ပြောလိုက်သည်။

တစ်ဖက်အိမ်မှာ ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့လည်း အသံဗလံတွေကို ကြားနေရပေမယ့်ချက်ချင်း ထမလာခဲ့ကြပေ။

ဆန်းရှောင်ဟိုင်က စိတ်ဝင်စားနေသော လေသံဖြင့်
"ချန်းရှန်က ချီကျီကို ဘာလို့ ပြန်ခေါ်ခဲ့တာပါလိမ့်"

ယွမ်ချီကျီဟာ တောင်ခြေက မြို့မှာ အချိန်အတော်ကြာအောင်နေခဲ့ပြီး အိမ်ကို ပြန်မလာတာ နှစ်နည်းနည်း ကြာနေပြီ ဖြစ်သည်။ အခုလို ဗြုန်းစာကြီး ပြန်ရောက်လာတော့ ဆန်းရှောင်ဟိုင်အတွက် နည်းနည်း ထူးဆန်းနေခဲ့၏။

ယွမ်းချန်းကွေ့က
"ငါက ဘယ်လိုလုပ် သိမှာလဲ။ လာ။ ငါတို့လည်း သွားကြည့်ရအောင်"

ထို့နောက် နှစ်ယောက်သား သူတို့ အိမ်ထဲကနေ ယွမ်အိမ်ဘက်သို့ ကူးလာခဲ့ကြ၏။

ယွမ်အိမ်အတွင်း ဝင်လိုက်တာနဲ့ ထိုင်နေကြသည့် လူတစ်စုကို မြင်လိုက်ကြရသည်။

ဆန်းရှောင်ဟိုင်က ယွမ်ချီကျီအား
"တတိယညီမ။ ဘယ်လိုဖြစ်ပြီး အိမ်ကို ပြန်လာတာလဲ"

လူတိုင်းက ဆန်းရှောင်ဟိုင်၏ မေးခွန်းကို ပြန်မဖြေခဲ့ကြပေ။

ဒါပေမယ့် ယွမ်ချန်းရှန်က ထရပ်လိုက်ပြီးတော့
"ဘာလဲ။ ဒီအိမ်က တတိယအစ်မရဲ့အိမ်ပဲလေ။ သူ့အိမ်သူ ဘယ်အချိန် ပြန်လာလာ၊ အစ်မဆီကခွင့်ပြုချက် တောင်းရဦးမှာ မို့လို့လား"

ယွမ်ချန်းကွေ့က
"အမေ၊ ရှောင်ဟိုင်က အဲ့လို သဘောမျိုးနဲ့ ပြောတာမဟုတ်ပါဘူး"
လို့ လျူရှင်းဟွာ အထင်လွဲမှာ စိုး၍ မြန်မြန် ရှင်းပြလိုက်သည်။

လျူရှင်းဟွာက
"နင်တို့ ဒီကို ဘာလာလုပ်ကြတာလဲ။ မိုးလည်း ချုပ်နေပြီ။ သွား၊ နင်တွေ အိမ်ကို ပြန်အိပ်ကြတော့"
လို့ ပြောလိုက်သည်။

သူမ စိတ်ထဲမှာ သူမ၏ ဒုတိယသားတို့ မိသားစုဟာအိမ်ခွဲလိုက်ပြီ ဖြစ်တာမို့ သူမတို့နဲ့ သက်ဆိုင်ခြင်းသိပ်မရှိတော့ချေ။

"ဟုတ်ကဲ့ပါ။ အမေ"
ယွမ်ချန်းကွေ့လည်း နာခံစွာ ခေါင်းညိတ်ပြလိုက်ပြီးသူ့ မိန်းမကို ခေါ်၍ သူတို့အိမ် သူတို့ ပြန်သွားကြတော့သည်။

နှစ်ယောက်သား အိမ်ကို ပြန်ရောက်‌တော့ ဆန်းရှောင်ဟိုင်းက လေသံတိုးတိုးလေးဖြင့်
"ချီကျီက အဝတ်ထုပ် ပိုက်ပြီး တစ်ယောက်တည်း ပြန်လာတာနော်။ သူမရဲ့ကလေးတွေကိုတောင် ခေါ်မလာဘူး။ မဟုတ်မှ သူမရဲ့ယောက်ျား ဒါမှမဟုတ် ယောက္ခမတွေနဲ့ အဆင်မပြေ ဖြစ်လာတာများလား"

ယွမ်ချန်းကွေ့က ကုတင်ပေါ်ကနေ
"ကိုယ်ကိစ္စသာ ကိုယ်ဟာကို အာရုံစိုက်စမ်းပါဟာ။ဟိုလျှောက်တွေး၊ ဒီလျှောက်တွေး လုပ်မနေနဲ့။ အိပ်တော့"

ယွမ်ချန်းကွေ့သာ အိပ်ပျော်သွားခဲ့ပေမယ့် ဆန်းရှောင်ဟိုင်ကတော့ အိပ်မပျော်ခဲ့ချေ။ ဒါ့ကြောင့် သူမက ယွမ်အိမ်ဘက်ကို တိတ်‌တိတ်လေး ထွက်လာပြီး အကွယ် တစ်နေရာကနေ အတွင်းမှ စကားသံများကို ချောင်းနားထောင်လိုက်တော့သည်။

ယွမ်အိမ်မှာတော့ လျူရှင်းဟွာက ယွမ်ချန်းကွေ့နဲ့ ဆန်းရှောင်ဟိုင်တို့ ထွက်သွားပြီးတဲ့နောက် ယွမ်ချီကျီ လက်ကို ကိုင်ကာ
"သမီးရယ်။ အမေ့ကို အမှန်အတိုင်း ပြောပြစမ်းပါ။ ဒီနှစ်တွေထဲ သမီး ဘယ်လို နေထိုင်ခဲ့ရတာလဲ"

ယွမ်ချီကျီလည်း ရှိုက်သံ တစ်ချက် ထွက်လာပြီးတဲ့နောက်

"လွန်ခဲ့တဲ့ ခုနှစ်နှစ်၊ ရှစ်နှစ်လောက်တုန်းကတော့ သူက ပုံမှန်ပါပဲ။ သူက သမီးအပေါ် ကောင်းကောင်းမွန်မွန် ဆက်ဆံပြီး တစ်နှစ်တစ်ခေါက် သူနဲ့ အတူတူအမေတို့ဆီ ပြန်လာခဲ့ကြသေးတယ်လေ။ ဒါပေမယ့် သားငယ်လေးကို မွေးပြီးတဲ့နောက် သူ ပြောင်းလဲသွားတယ်။ သူ စိတ် မထင်ရင် မထင်သလို သမီးကိုရိုက်တယ်။ သူ ဒေါသထွက်တဲ့ အချိန်တွေ ဆိုရင် ပိုဆိုးတယ်"

ယွမ်ကျီကောင်းလည်း သူ့သမီး၏ ပြောပြချက်ကြောင့် စိတ်မကောင်း ဖြစ်သွားပြီး
"သမီးရယ်။ ဒီအကြောင်းတွေကို အဖေတို့ကို စောစောပြောသင့်တာပေါ့။ ဒီလိုဆိုရင် သမီး အခုလိုမျိုး ခံစားခဲ့ရမှာ မဟုတ်ဘူး။ သမီးက သည်းခံပြီး နေခဲ့တော့ ဒီကောင်က ရောင့်တက်လာတော့တာလေ"

ယွမ်ချီကျီလည်း သူမ အဖေ၏ စကားကြောင့် သူမခေါင်းကို အသာငုံ့လိုက်ပြီး
"အိမ်နဲ့က အရမ်း ဝေးတယ်လေ။ သမီး ဘယ်လိုနည်းလမ်းတွေနဲ့ ပြောရမှာလဲ"

ယွမ်ချန်းရှန်က
"အစ်မရာ။ အစ်မကလည်း ဟုတ်တော့ မဟုတ်သေးပါဘူး။ အိမ်ကို အစ်မကိုယ်တိုင် လာပြောလို့ရနေတာ ဟာကို။ အစ်မ ယောက်ျားက အစ်မကို ကြိုးနဲ့ တုပ်ထားတာမှ မဟုတ်တာ။ ဘာလဲ၊ အစ်မက အစ်မ မိသားစုဆီကနေ အကူအညီ မတောင်းချင်တာများလား"

ယွမ်ချီကျီလည်း သက်ပြင်းချလိုက်ပြီး
"ဟုတ်တယ်။ ငါ အိမ်ကို အကူအညီ မတောင်းချင်ဘူး။ ငါ့ အတွက်နဲ့ အိမ်က လူတွေ ဒုက္ခဖြစ်မှာ စိုးတယ်"

သူမဟာ အရင်တုန်းက သူမ အိမ်ကို အကူအညီတောင်းဖို့ စဉ်းစားခဲ့ဖူးပေမယ့် ပြဿနာတွေ ပိုဖြစ်လာမှာ စိုး၍ ကိုယ်ဘာသာကိုယ် ကြိတ်မှိတ်သည်းခံနေခဲ့ရသည်။

ဒါပေမယ့် အခုလို ဖြစ်သွားတော့လည်း ကောင်းပေသည်။ အခြေအနေတွေက သူမအတွက် လက်ခံနိုင်ဖို့ ခက်ခဲပေမယ့် လက်ခံနိုင်သည့် အတိုင်းအတာတွင်းမှာ ရှိနေဆဲ ဖြစ်နေလို့ပင်။

လျူရှင်းဟွာက ယွမ်ချီကျီ၏ ခေါင်းကို ပွတ်လျက်
"ကောင်မစုတ်လေး။ နင်ကလည်း ငါ့တို့ မိသားစုဝင်ပဲလေ။ နင် ဒုက္ခရောက်နေချိန်မှာ ငါတို့မှ မကူညီရင် နင့်ကို ဘယ်သူတွေက လာပြီး ကူညီမတဲ့တုံးကွယ်။နောက်ဆို တစ်ခုခုဖြစ်ရင် ကိုယ့်မိသားစုကို အရင်ဆုံး ပြောရမယ်နော်။ ကြားလား"

ယွမ်ချီကျီလည်း ဝမ်းနည်းတကြီး ဖြစ်သွားပြီး
"အမေ။ သမီး တောင်းပန်ပါတယ်။ ဒါတွေက သမီး အသုံးမကျလို့ ဖြစ်ရတာပါ"
လို့ တတွက်‌တွတ် တောင်းပန်နေတော့သည်။

လျူရှင်းဟွာလည်း သူမ သမီး ဝမ်းနည်းနေတာကိုမြင်၍ ချက်ချင်း နှစ်သိမ့်ပေးလိုက်တော့သည်။
"သမီး အမှား မဟုတ်ပါဘူးကွယ်။ အစတည်းက သမီးကို လျူရှောင်းနဲ့ လက်ထပ်ပေးလိုက်မိတဲ့ အမေ့ အမှားပါ။ အချိန်တွေကို နောက်ပြန်ဆုတ်လို့ရရင် သမီးကို လျူရှောင်းနဲ့ လက်ထပ်ပေးဖို့ မစီစဉ်တော့ပါဘူးကွယ်"

ယွမ်ချီကျီက ခေါင်းခါလိုက်ပြီး
"မဟုတ်ဘူး။ အမေ့ အမှား မဟုတ်ပါဘူး။ သမီးကိုယ်တိုင်ကလည်း လက်ထပ်ချင်နေခဲ့တာကြောင့်ရော ပါ,ပါတယ် အမေ"

ထိုစဉ်အခါက သူမသည် မြို့သား လျူရှောင်းနဲ့ လက်ထပ်ရတော့မှာကို တွေးပြီး ပျော်ရွှင်ခဲ့ရ၏။သူမကဲ့သို့ တောင်ပေါ်သူ‌ တစ်ယောက်အနေနဲ့ မြို့ပေါ်မှ လူတစ်ယောက်ဖြင့်လက်ထပ်ခွင့်ရတာဟာဘဝ အဆက်ဆက် ပြုလုပ်ခဲ့သည့် ကောင်းမှုကုသိုလ်များကြောင့်ပင်။

သူမအတွက်လည်း ကလေး လေးယောက် မွေးမပေးခင်တုန်းက တကယ့်ကို ကံကောင်းခဲ့တာပင်။ အရာအားလုံးက သားငယ်လေး‌ကို မွေးပြီးတဲ့နောက်ပိုင်းမှ ပြောင်းလဲသွားခြင်း ဖြစ်၏။

လျူရှင်းဟွာလည်း သူမ သမီးအတွက် အလွန် စိတ်မကောင်း ဖြစ်နေတော့သည်။

"ကဲပါ။ အဲ့အကြောင်းတွေ ပြန်တွေးနေရင် စိတ်ဆင်းရဲရတာပဲ အဖက်တင်မယ်။ အိမ်မှာ ကြိုက်သလောက် စိတ်အေး လက်အေးနဲ့နေ ဟုတ်ပြီလား။လျူအိမ်ဘက်က လိုက်လာရင်လည်း အမေတို့နဲ့ အကျိုး‌အကြောင်း စကားပြောပြီး ဆုံးဖြတ်ချက်တစ်ခုခု ချကြတာပေါ့ကွယ်"

ယွမ်ချီကျီလည်း သူမ အမေ၏ စကားကို နားထောင်လိုက်ပြီး
"ဟုတ်ကဲ့ပါ အမေ"
လို့ ပြန်ပြောလိုက်တော့သည်။

ဒါပေမယ့် တစ်ချိန်လုံး ဘေးနားကနေ နားထောင်နေသည့် ယွမ်ရိက
"ဘာလို့ သူတို့ လာတဲ့အခါကျမှ ဆွေးနွေးရမှာလဲ။သမီးတို့ဘက်က အခုတည်းက တစ်ခါတည်း ဆုံးဖြတ်ထားသင့်တာပေါ့။ ပြီးတော့ တစ်ခါတည်း ကွာရှင်းပေးဖို့ တောင်းဆိုလိုက်တော့"

ဒါကို ကြားတော့ အခန်းထဲမှာ ရှိတဲ့ လူတိုင်း ယွမ်ရိအား အံ့ဩတကြီး လှည့်ကြည့်လာကြတော့သည်။

ယွမ်ကျီကောင်းက
"တယ်။ ကလေးတွေက ဘာသိလို့လဲ။ လူကြီးတွေစကားပြောနေချိန် ဝင်မပြောရဘူးလေ"

ယွမ်ရိက
"အဖိုး သေချာ မသိဘူးနော်။ လူတစ်ယောက်ရဲ့အမူအကျင်ဆိုတာ ပြင်ဆင်ဖို့က အရမ်းခက်တယ်။တတိယအဒေါ်ရဲ့ယောက်ျားက ဒီနေ့မှာ တောင်းပန်ပြီး တတိယအဒေါ်ကို အိမ်ပြန်ခေါ်သွားတယ် ဆိုပါစို့။ အိမ် ပြန်ရောက်တဲ့အခါ ကျရင် တတိယအဒေါ်ကို မရိုက်ဘူးလို့ အဘိုးတို့ ပြောနိုင်သလား။ ခံရရင်တတိယအဒေါ်ပဲ ခံရမှာစိုးလို့ သမီးက စေတနာနဲ့ သတိပေးတာပါရှင်"

ယွမ်ရိရဲ့စကားကြောင့် အခန်းထဲမှာ ရှိတဲ့ လူတိုင်း အတွေးတွေ များသွားကာ တိတ်ဆိတ်သွားတော့သည်။

အချိန်အတော်ကြာအောင် စကား မပြောကြတော့တဲ့အတွက် စကားဝိုင်းကို သိမ်းလိုက်ကာ အိပ်စက်ဖို့ ပြင်ကြတော့သည်။

ယွမ်ချီကျီက ယွမ်ရိနဲ့ယွမ်ကျဲတို့နဲ့အတူ တစ်ခန်းတည်း အိပ်မှာမို့ ယွမ်ရိနဲ့ ယွမ်ကျဲလည်း တစ်ကုတင်တည်း အတူ ပေါင်းအိပ်လိုက်ကာ ယွမ်ချီကျီအား ကုတင် တစ်လုံး ပေးလိုက်ကြတော့သည်။

ယွမ်ချီကျီ ရေချိုးနေတုန်းမှာ ယွမ်ရိက ယွမ်ကျဲအား
"တတိယအဒေါ်‌အနေနဲ့ကွာရှင်းမယ်လို့ ထင်လား"

ယွမ်ကျဲလည်း ခေါင်းယမ်းလိုက်ပြီး
"မသိဘူးလေ။ ဖန်းမင်းတောင် တစ်ခုလုံးမှာတော့ ကွာရှင်းတဲ့ လူဆိုတာ လုံးဝ မရှိဖူးဘူး"

ယွမ်ရိလည်း အသက်ပြင်းပြင်း ရှူလိုက်ပြီး
"ကဲပါ။ စကား ကောင်းနေတာနဲ့ မိုးတောင် တော်တော် ချုပ်နေပြီ။ အိပ်ကြစို့"
လို့ ပြောပြီး သူမ မျက်လုံးကို မှိတ်၍ အိပ်လိုက်တော့သည်။

ယွမ်ကျဲလည်း ယွမ်ရိ နည်းတူ အိပ်စက်လိုက်တော့၏။

 1970 ခုနှစ်မှလှပသောအရံဇာတ်ကောင်လေး Where stories live. Discover now