ဂယူဘင်း ကျောင်းမသွားတဲ့ နှစ်ရက်ခန့်ရှိပြီ။
တမင်ဂျစ်ပြီးမသွားတာဆိုပေမဲ့ ယူဂျင်းဆီက အမေးစကားကိုတော့ကြားချင်ပါရဲ့။
ဂယူဘင်းဆန္ဒကတော့ ပြည့်တာပေါ့...ဒါပေမဲ့လဲ မပြည့်ပြန်ဘူး။ ယူဂျင်းဆီက 'ဘာလို့ကျောင်းကိုမလာတာလဲ' ဖုန်းဆက်အမေးကို ဂယူဘင်းကခပ်ပြတ်ပြတ်လေသံဖြင့် နေမကောင်းလို့ ဟု ပြန်ဖြေရင်း ဖုန်းချခဲ့သည်။
နေမကောင်းဘူးလေ...အနည်းဆုံးတော့ အိမ်လာပြီး လူနာသတင်းလာမေးရမယ်မဟုတ်ဘူးလား။ အဲ့နေ့ကတည်းက ဟန်ယူဂျင်းက ဖုန်းထပ်မဆက်လာတာအခုထိပါပဲ။
စာလဲမလုပ်၊ ကုတင်ပေါ်မှာ သာ သောင်တင်နေတဲ့ ဂယူဘင်းကို ကြည့်ပြီး ဂျီအွန်းကတော့ပြောရှာသည်။
ငပျင်းလုပ်နေရင်း ငဖျင်းဖြစ်တော့မည်ဟု။
သူအဲ့လောက်တောင်ဆိုးဝါးနေပြီလား...ကင််မ်ဂျီအွန်းက ညီဖြစ်သူရဲ့ခံစားချက်တွေမသိပါဘူး သိဖို့လဲ မကြိုးစားဘူး၊သူသိတာ သူ့ရည်းစားငယ်ငယ်လေးကို ဘယ်လိုချစ်ရမလဲဆိုတာပဲ။
ဂယူဘင်းက ယူဂျင်း သူ့ကို မယုံကြည်ပေးလို့ စိတ်ကောက်နေရုံလေးပါ။ အချော့ခံရဖို့လဲ မမျှော်ကိုးပါ။
အဲ့လိုမျှော်နေရအောင်လဲ သူတို့က ရည်းစားတွေဆိုတဲ့ ခေါင်းစဉ်အောက်မှာ ရှိမနေပဲလေ။
တကယ်ပဲ..အချစ်ဆိုတာ ဘယ်လိုပါလိမ့်....
အချစ်ဆိုတာခဏတာခံစားချက်ကြောင့်ရရှိလာတာတဲ့
ယာယီသဘောမျိုးဆိုရင် ဘာလို့ချစ်နေဦးမှာလဲ လို့ သီချင်းတစ်ပုဒ်မှာ နားထောင်ဖူးတယ်။
ထာဝရဆိုတဲ့ စကားလုံးက သဲရဲတိုက်တစ်ခုလိုပေါ့
ငြိမ်သက်နေတဲ့ လှိုင်းလုံးတွေရဲ့အောက်မှာပြိုလဲသွားရပြီ။
ဟူး...သက်ပြင်းတွေလဲ ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ။
အသက်ရှင်ဖို့တော့ ထမင်းတော့ စားရဦးမယ်မလား။
ဆံပင်စုတ်ဖွားနဲ့ အောက်ထပ်ကိုဆင်းလာပြီး ဧည့်ခန်းထဲမှာ ဖုန်းထိုင်ပွတ်နေတဲ့ ဂျီအွန်းကိုတွေ့တာနဲ့
"ကြက်ဥကြော် ကြော်ပေး.."
မျက်ရတာက မျက်စောင်းဟာ ဒိုင်းကနဲ
"ကြော်ပေးမှာလား မကြော်ပေးဘူးလား"
မှုန်ကုတ်ကုတ်နဲ့စိတ်မရှည်တော့တဲ့လေသံနဲ့အမိန့်ပေးတဲ့ ဂယူဘင်းက ဩဇာသီးတွေများ ခိုးစားထားသလား..မှန်းစမ်း..အကြီးကိုတောင် ပြန်ခိုင်းစားရလောက်တဲ့ ဩဇာအာဏာရှိနေလို့လေ!!...
"မင့်ပဲ ကြောက်နေရတယ် ဂယူဘင်းရယ်"
ဂျီအွန်းကတော့ ဖုန်းကို ဆိုဖာပေါ်ချပြီး သူ့ညီလေး ထမင်းစားဖို့ သွားပြင်ဆင်ပေးဖို့ မီးဖိုချောင်ထဲဝင်သွားသည်။
ဒီတစ်ပတ်လုံး သူတို့အိမ်တော်ထိန်းက သူ့အိမ်ကိုပြန်သွားတာကြောင့် ဖြစ်သလိုစားဖြစ်ကြတာမဆန်း။
ကြက်ဥပဲကြော်တတ်တဲ့ ဂျီအွန်းကိုတော့ မေမေက သူ့သားငယ် ထမင်းစားတော့မယ်ဆိုရင် ကြော်ပေးလိုက် ဆိုတဲ့ အမိန့်ကြောင့် မကောင်းတတ်လို့ထကြော်ပေးရခြင်း။
ထမင်းကိုပဲငံပြာရည်နဲ့ လူးပြီး အပေါ်ကနေ ကြက်ဥမကျက်တစ်ကျက်ကိုတင်ပေးပြီး စားပွဲပေါ်မှာ မေးထောက်ကာ လဒမှိုင်သလို မှိုင်နေတဲ့ ဂယူဘင်းရှေ့ချပေးလိုက်သည်။
*အုန်း*
"ဒီကောင် မစားပဲ ဘာတွေးနေပြန်တာလဲ"
အတွေးပင်လယ်ထဲ ကူးခတ်နေတဲ့ ဂယူဘင်းရဲ့ နောက်ဆက်ကို တစ်ချက်တီးလိုက်တဲ့ ဂျီအွန်းက ဂယူဘင်းကို တော်တော် အမြည်မကြည်ဖြစ်တော့မည်။
"ဟ..ဘာလို့ လာရိုက်နေတာလဲ..နာတယ်.."
"ပြောစမ်း..ဘာတွေဖြစ်"
"ဘာမှမဖြစ်"
ဂယူဘင်းက ထမင်းကို အလုတ်ကြီးကြီး ဝါးစားပစ်လိုက်တော့ ပါးနှစ်ဖက်ဟာ ထမင်းတွေ လုံးထွေးနေရလို့ ဖောင်းနေသည်။
"ပြောစမ်း..အသဲကွဲရတဲ့အကြောင်းအရင်း"
ဂျီအွန်းက ခေါင်းခါပြီး သက်ပြင်းချကာမေးတော့ ဂယူဘင်းက မျက်လုံး အပြူးအပြဲ ဝါးနေတဲ့ ထမင်းဟာ သေချာတောင် မဝါးလိုက်ရပဲ အစာအိမ်ထဲကို ဆင်းသွားရတယ်။
"ဘ...ဘယ်လိုသိတာလဲ"
"အငယ်ကောင်ရာ..ငါလဲ မင်းအရွယ်ကနေ ကြီးပြင်းလာရတာပေါ့နော်...ဒီလောက်သိသာနေတာကို...ပြော ဘယ်လိုဖြစ်တာလဲ"
ဂယူဘင်းက သူ့အစ်ကို ကို ပြောပြရနိုးနိုး၊မပြောပြရနိုးနိုး တွန့်ဆုတ်နေ၏။ အကယ်၍ ပြောပြလိုက်မယ်ဆိုရင် သူ့ကို လှောင်ပြောင်လောက်မလား...မဖြစ်နိုင်တာ ဂျီအွန်းကိုယ်တိုင်ကိုက ယောကျာ်းလေးတစ်ယောက်နဲ့ တွဲခုတ်နေတာပဲကို။
"ဟို...ဒီလိုဗျာ...သူ့ကိုတွေ့ရင် ရင်ခုန်သံတွေမမှန်ဘူး၊ စစချင်းတုန်းကဆိုရင် အသံတုန်တဲ့အထိ..သူ့ဆီက အာရုံကို အရယူဖို့ ကြိုးစားခဲ့ရတာအမှတ်တရတွေပဲ၊ သူက ကျွန်တော့်ထက်ရင့်ကျင့်တယ်၊ ဘေးတိုက်မြင်ရတဲ့ နှာတံလေးတွေက အစ မြတ်နိုးဖွယ် အတိပဲ.."
"..."
"သူ့ကိုမြင်တာနဲ့ တစ်သက်လုံး ငါကာကွယ်ပေးရမယ့် သူပါလားဆိုတာသိလိုက်ရတယ်၊ ကျွန်တော်ကသဲရဲတိုက်ဆိုရင် သူကရေလှိုင်းပေါ့၊ ခဏခဏတိုက်စားတာခံရလို့ နှလုံးသားကမျှော့မျှော့ပဲကျန်တယ်"
"...."
"ဟက်...ငတုံးလေး...ဒီအစ်ကိုကြီးက အဲ့သည်လောက်ချစ်နေရရှာတာကို မသိဘူး"
ဂယူဘင်းက ဂျီအွန်းကိုဖြစ်စဉ်တွေပြောပြနေရင်းမှ အတွေးထဲဝယ် ယူဂျင်းမျက်နှာက ပေါ်လာတာကြောင့် တစ်ကိုယ်တော်ရေရွတ်လိုက်ရပါသေးသည်။
ကိစ္စကြီးကြီးကျယ်ကျယ်မဟုတ်တာကို သူ့မှာ စိတ်ဆိုးလိုက်ရတာ...ဟိုကလေးက သူ့ကို စိတ်ထဲမှာတောင်ရှိမှာမဟုတ်...ဂယူဘင်း သိပ်သိတာပေါ့။ ယူဂျင်းက သူ့ကို ရင်ခုန်တာမျိုးတောင် ရှိမှာမဟုတ်သလို...ဒီအတိုင်း..အတင်းအကြပ် ဆေးလိပ်ကနေအစပြုပြီး နီးကပ်စေခဲ့လို့သာပေါ့။
လူနှစ်ယောက်နီးစပ်ဖို့သာဆိုလျှင် တစ်ယောက်ကတော့ မာန်မာနတွေ ခဝါချပြီး အလျှော့ပေးရစမြဲ။
ထိုတစ်ယောက်ကတော့ ဂယူဘင်းဆိုတဲ့သူ ဖြစ်ပါလိမ့်မည်။
ကော်ဖီလိုစွဲလမ်းမိပြီ...ရင်တုန်ပြီးအ်ိပ်မပျော်ဖြစ်စေတဲ့အချက်ဟာ ဟန်ယူဂျင်းကိုချစ်တဲ့အချစ်တွေနဲ့ ညီမျှလေ၏။
ဟန်ယူဂျင်း ဘာလုပ်လုပ် အပြစ်မမြင်၊ ချစ်ချင်တာပဲ သိတဲ့ ဂယူဘင်းအဖို့ အချစ်ဟာ ပူလောင်ကြောင်း တစ်စုံတစ်ယောက်က သင်ပြပေးဖို့လိုအပ်နေပြီ။
ဘယ်လိုချစ်ရမလဲဆိုတာ သူကိုယ်တိုင် မသင်မိလိုက်ပဲ တတ်မြှောက်ခြင်းဟာ ချစ်ခြင်းပုစ္ဆာရဲ့ လှပသော ဝဋ်ကြွေး။
ဒါဆိုရင် ခံစားချက်ကင်းမဲ့ဟန်ရှိတဲ့ ဟန်ယူဂျင်းဟာ သူ့ရဲ့ လှပသော ဝဋ်ကြွေးလေးပဲပေါ့။
#1.12.23-4.12.23
Update လေးပိစိလေးကြာပါမယ်နော်><