အပိုင်း - ၃၇.၂
ယွမ်ရိက ပြေးထွက်သွားသော မိန်းကလေးကိုကြည့်၍ ဆံပင်တိုတိုနဲ့အမျိုးသမီးအား
"အဲ့တာက မိန်းကလေးရှဲ့သောင့်မလား"
ဆံပင်တိုတိုဖြင့် အမျိုးသမီးက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ အဲ့တာက ရှဲ့သောင့်ပါ"
"ဪ"
ယွမ်ရိက ထိုမိန်းကလေးရှဲ့သောင့်ဟာ ခန္ဓာကိုယ်အချိုးအစားကလည်း သင့်တင့်လျောက်ပတ်တဲ့အပြင် မျက်နှာလေးကပါ လှပေသည်ဟု စိတ်ထဲကနေမှတ်ချက်ပေးလိုက်မိသည်။
ဆံပင်တိုတိုနဲ့ အမျိုးသမီးက ယွမ်ရိ၏ မျက်နှာရိပ်မျက်နှာကဲကို တစ်ချက် အကဲခတ်လိုက်ပြီးသည့်နောက်
"အပ်ချုပ်ဆရာမလေးက သူမကို သိလို့လား"
ဟု သတိထားပြီး မေးလိုက်တော့သည်။
ယွမ်ရိကတော့ ပြုံးပြုံးလေးဖြင့်ပင်
"တစ်ယောက်နဲ့ တစ်ယောက်တော့မသိပါဘူးရှင်"
လို့ မယုတ်မလွန်ဖြေလိုက်သည်။ အမှန်တကယ်မှာလည်း ယွမ်ရိက ရှဲ့သောင့်၏အကြောင်းအား ကြားပဲကြားဖူးကာ တစ်ယောက်နဲ့တစ်ယောက် ခင်မင်ရင်းနှီးတာမျိုးမရှိချေ။
"ဪ"
ဆံပင်တိုတိုဖြင့် အမျိုးသမီးကလည်း ရှဲ့သောင့်၏မိခင် ရောက်နေတာကို မြင်လိုက်ရတာကြောင့် ဘာမျှထပ်မပြောတော့ပေ။
ဒါပေမယ့် သူမက လွန်ခဲ့တဲ့နှစ်ရက်အတွင်း ယွမ်ချီကျီတို့၏အကြောင်းအား ရှဲ့သောင့်၏မိခင်ကိုသာမက ရွာထဲက အခြားသောလူတချို့ကိုလည်းပြောထားမိသေး၏။
ဒါ့ကြောင့် လူအုပ်ကြီးထဲကတစ်ယောက်က ယွမ်ရိအား
"အပ်ချုပ်ဆရာမလေး မင်းက ယွမ်ချန်းရှန်ရဲ့တူမဆို။ အဲ့တာဟုတ်လား"
လို့ မေးလိုက်၏။
ယွမ်ရိပြန်မဖြေခင်မှာပဲ လူအုပ်အတွင်းကနေ
"ယွမ်ချန်းရှန်က ဘယ်သူလဲ"
ဟုမေးမြန်းသံတချို့ထွက်ပေါ်လာတော့သည်။
ထိုအခါ ယွမ်ရိကို မေးလိုက်သည့်သူကပဲ
"အဲ့ဒီလူက ရှဲ့သောင့်နဲ့လက်ထပ်မလိုဖြစ်သွားသေးတဲ့တစ်ယောက်လေ။ ဒါပေမဲ့ လက်မထပ်ဖြစ်လိုက်ဘူး။ ဘာလို့လည်းဆိုတော့ ယွမ်အိမ်ရဲ့ တတိယသမီးက သူ့ယောက်ျားနဲ့ ကွာရှင်းပြီး သူ့အမေအိမ်မှာပဲကပ်နေလို့တဲ့"
လို့ ရှင်းပြလိုက်သည်။
"အဟမ်း။အဟမ်း"
ထိုအချိန်မှာပဲ လူအုပ်အတွင်းမှ နောက်ထပ်လူတစ်ယောက်က ချောင်းဟန့်ရင်း ယွမ်ချီကျီအား ညွှန်ပြလျက်
"တကယ့် ယွမ်ချန်းရှန်ရဲ့ တတိယအမယွမ်ချီကျီဆိုတာ သူမပဲ"
လို့ ပြောပြလိုက်၏။
ထိုစကားကြောင့် လူတွေအကုန်လုံး တိတ်ဆိတ်သွားကြတော့သည်။
တခဏကြာမှ လူတစ်ယောက်က ယွမ်ချီကျီအား အားတုံ့အားနာဟန်ဖြင့်ကြည့်ကာ
"မင်းက တကယ်ပဲ ယွမ်ချန်းရှန်ရဲ့တတိယအမ ယွမ်ချီကျီလား"
လို့ မေးမြန်းလိုက်၏။
ယွမ်ချီကျီလည်း အပြုံးလေးတစ်ခုဆင်မြန်းကာ
"ဟုတ်ပါတယ်"
လို့ ပြန်ဖြေလိုက်သည်။
နောက်ထပ် လူအုပ်ကြီးထဲကနေပြီး
"ဒါဆိုရင် မင်းစက်ချုပ်သင်တာကရော ကြာပြီလား"
ဟု မေးမြန်းသံတစ်ခုထွက်ပေါ်လာပြန်သည်။
ထိုအခါမှာလည်း ယွမ်ချီကျီက ပြုံးပြုံးလေးဖြင့်ပင်
"ဟုတ်ပါတယ်။ ကျွန်မ စက်ချုပ်သင်တာ ခြောက်လလောက်တော့ကြာပြီ။ ဘာပဲဖြစ်ဖြစ် ကျွန်မလည်း မိဘအိမ်မှာပဲ အမြဲကပ်စားမနေချင်ဘူးလေ။ ဒါ့ကြောင့်မို့ အသက်မွေးဝမ်းကျောင်းရအောင် စက်ချုပ်သင်လိုက်တာ"
ထိုစကားတွေကိုကြားပြီးသည့်နောက် လူအုပ်ထဲမှာရှိသည့် ရှဲ့သောင့်မိခင်၏မျက်နှာဟာ ရှက်ရွံ့မှုများကြောင့်နီရဲသွားတော့သည်။
ယခင်တုန်းက သူမသမီးနဲ့ယွမ်ချန်းရှန်အား သဘောမတူရခြင်းမှာ ယွမ်ချီကျီအား မိဘအိမ်မှာ အလုပ်မရှိအကိုင်မရှိ ကပ်နေသူတစ်ယောက်အဖြစ် မြင်နေလို့ပင်။ ထိုအခါ သူ့သမက်ဖြစ်လာမည့် ယွမ်ချန်းရှန်၏ လုပ်အားခငွေတွေကိုလည်း ယွမ်ချီကျီထံ ခွဲဝေပေးရကာ သူမသမီး အကုန်မရမှာစိုး၍ သဘောမတူခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ယွမ်ချီကျီအား စက်ချုပ်ဆရာတစ်ယောက်အဖြစ် မြင်တွေ့ရလိမ့်မယ့်လို့ သူမလုံးဝ ထင်မှတ်မထားခဲ့ပေ။
ထိုအချိန်မှာပဲ လူအုပ်အတွင်းမှ
"မင်းရဲ့သမီးအတွက်တော့ ကံမကောင်းဘူးလို့ သတ်မှတ်ရတော့မှာပဲ"
ဆိုသည့်အသံတစ်သံ ပျံ့လွင့်လာတော့သည်။
ထိုစကားလုံးတွေကြောင့် ရှဲ့သောင့်မိခင်၏ မျက်နှာဟာမဲမှောင်သွားတော့သည်။ လူအုပ်ကြီးဖြစ်နေ၍ ထိုစကားတွေကို ဘယ်သူပြောလိုက်လဲဆိုတာ သူမ မသိပေ။
ဒါ့ကြောင့် ရှက်ရှက်ဖြင့်ပဲ ဆံပင်တိုတိုအမျိုးသမီး၏ ခြံဝန်းထဲကနေ လှည့်ပြန်သွားတော့သည်။
အားမိုင်ဟာလည်း ယခုမှသာ သူမသူငယ်ချင်းရှဲ့သောင့်၏ လိုက်မလာချင်ရသည့် အကြောင်းရင်းကို သိသွားတော့သည်။
ဒါ့ကြောင့် သူမလည်း ခြံဝန်းထဲကနေ ထွက်လာကာ ရှဲ့သောင့်၏အိမ်ကိုလိုက်လာတော့သည်။
ရှဲ့မိသားစုအိမ်ကိုရောက်တာနဲ့ ရှဲ့သောင့်၏အခန်းအတွင်း တိုက်ရိုက်ဝင်သွားတော့သည်။ ထိုအခါ ကုတင်ပေါ်မှာ ငူငူငိုင်ငိုင်ထိုင်ရင်း မျက်ရည်များဝိုင်းနေသည့် သူမသူငယ်ချင်းရှဲ့သောင့်အား တွေ့မြင်လိုက်ရတော့သည်။
ရှဲ့သောင့်ကလည်း သူမ ဝင်လာတာကိုမြင်တာနဲ့ မျက်ရည်ဝိုင်းနေတာကို သုတ်ဖယ်လိုက်ကာ
"ငါတော်တော်ကံဆိုးတယ်လို့ ခံစားနေရတယ်ဟာ။ငါမှားသွားခဲ့တာများလား"
လို့ဝမ်းနည်းဟန်ဖြင့် ပြောလိုက်သည်။
အားမိုင်ဟာလည်း သူမသူငယ်ချင်းအား ယခုလို မြင်တွေ့လိုက်ရတာကြောင့် စိတ်မကောင်းခြင်းများစွာဖြစ်သွားရ၏။ ဒါ့ကြောင့် သူမက
"နင်ကလည်းဟာ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်မနေပါနဲ့တော့။ နင့်ဘဝမှာ ယွမ်ချန်းရှန်ထက် ပိုပြီးသာလွန်တဲ့သူနဲ့တွေ့ဆုံနိုင်မှာပါ"
လို့ပြောကာ နှစ်သိမ့်ပေးလိုက်တော့သည်။
ဒါပေမယ့် သူမ၏နှစ်သိမ့်စကားတွေက ရှဲ့သောင့်အား ဒေါသတွေပိုထွက်လာစေ၏။ ရှဲ့သောင့်ဟာ ခြေထောက်အား အသံထွက်သည်အထိ စောင့်ချလိုက်ပြီး
"ပိုပြီးသာတဲ့သူကိုတွေ့နိုင်တယ်ဟုတ်လား။ အဲ့တာက ပြောတာသာလွယ်တာ။ အခုချိန်ထိ အောင်သွယ်တော်အများကြီးရဲ့ အကူအညီနဲ့ အိမ်ထောင်ဖက် အများအပြားကို တွေ့ပြီးသွားပြီ။ တစ်ယောက်မှ ယွမ်ချန်းရှန်နဲ့ မနှိုင်းယှဉ်နိုင်ဘူး"
အားမိုင်က
"သူငယ်ချင်းရယ်။ အကောင်းမြင်စိတ်လေးနဲ့ တွေးကြည့်စမ်းပါဟယ်။ နင်နဲ့ တွေ့တဲ့ သူတွေအကုန်လုံးက ဖန်းမင်းတောင်ပေါ်က လူတွေချည်းပဲလေ။ နင့်ရဲ့ရည်မှန်းချက်ကို မြင့်မြင့်လေးမှန်းပြီး မြို့ပေါ်က လူတွေကိုစဉ်းစားကြည့်လိုက်စမ်းပါ"
လို့ အကြံပေးလိုက်၏။
ထိုအခါ ရှဲ့သောင့်က နှုတ်ခမ်းကိုအသာကိုက်ကာ အားမိုင်အား
"မြို့ပေါ်ကလူတွေဟုတ်လား။ အဲ့တာက ပိုတောင်ခက်သေးတယ်။ ငါတို့သိတဲ့ အောင်သွယ်တော်အကုန်လုံးက မြို့ပေါ်မှာအဆက်အသွယ်သိပ်မရှိကြဘူး။ ဒီတော့ ကောင်းမွန်တဲ့ အိမ်ထောင်ဖက်တစ်ယောက်နဲ့ ငါ့ကို မိတ်ဆက်ပေးဖို့ သူတို့အတွက် ဖြစ်နိုင်မှာမဟုတ်ဘူး"
လို့ သက်ပြင်းတချချဖြင့် ပြောပြလိုက်သည်။
အားမိုင်လည်း သူမ၏သူငယ်ချင်းရှဲ့သောင့်နည်းတူ သက်ပြင်းမောကြီးတစ်ခုချကာ
"အဲ့တာဆိုရင်တော့ ငါလည်း မစဉ်းစားတတ်တော့ဘူးဟယ်။"
ရှဲ့သောင့်လည်း သူမ၏မျက်နှာအား လက်ဖြင့်အုပ်ကာ ခေါင်းကိုငုံ့ချမိလိုက်တော့သည်။ သူမစိတ်ထဲမှာလည်း ဒေါသတွေအပြင်းအထန် ထွက်နေ၏။
ထိုဒေါသတွေဟာ အခြားသူအပေါ်ထွက်သည့် ဒေါသများမဟုတ်ပဲ သူမကိုယ်သူမ ထွက်နေသည့် ဒေါသများပင်။
ယွမ်ရိနဲ့ယွမ်ချီကျီတို့ ဆံပင်တိုတိုအမျိုးသမီးအိမ်မှာ စက်ချုပ်နေကြစဉ်မှာပဲ ယွမ်ချန်းရှန်း၊ ယွမ်ချီကျီနဲ့ရှဲ့သောင့်တို့ကြား ဖြစ်ခဲ့သည့်ကိစ္စတွေဟာ တစ်ယောက်စကားတစ်ယောက်နားဖြင့် တောင်ပံနီတစ်ရွာလုံးပျံ့နှံ့သွားတော့သည်။
ရွာထဲကလူတွေဟာ ရှဲ့သောင့်အား ကွယ်ရာမှာ 'ကံမကောင်းလိုက်တဲ့ ကလေးမလေး'လို့ သနားစဖွယ် ခေါ်ဝေါ်ကြတော့သည်။
အရင်တုန်းကတည်းက ကွာရှင်းထားသောယွမ်ချီကျီအား သူမ၏မိဘအိမ်မှာ ကပ်နေတာကို လျစ်လျူရှု၍ ယွမ်ချန်းရှန်ဖြင့် လက်ထပ်ခဲ့ပါက အခုချိန်လောက်ဆို ရှဲ့သောင့်၏ဘဝဟာ သာယာစိုပြေနေတော့မှာဖြစ်သည်။ ဘာလို့လဲဆိုတော့ ယွမ်အိမ်ကနေ ယွမ်ရိသာမကယွမ်ချီကျီကပါ စက်ချုပ်ဆရာတစ်ယောက်ဖြစ်လာကာ ဝင်ငွေအမြောက်အမြားဝင်တော့မှာ မို့လို့ပင်။
ဒါပေမယ့် အခုချိန်မှာတော့ ရှဲ့သောင့်သာမက ရှဲ့မိသားစုဝင်အကုန်လုံး စိတ်နှလုံးလေးလံကာ နောင်တတွေ ရနေကြတော့သည်။
ဒါ့ကြောင့် ရှဲ့မိသားစု၏ ညစာစားပွဲလေးဟာ အလွန်အမင်း ခြောက်ကပ်နေတော့၏။
အထူးသဖြင့် ရှဲ့သောင့်၏ အဒေါ်ဖြစ်သူဟာ သူမ၏ခေါင်းကိုပင် မဖော်ရဲပဲ ငုံ့လို့နေ၏။
ဘာလို့လည်းဆိုတော့ ယွမ်ချန်းရှန်နဲ့ ရှဲ့သောင့်တို့၏လက်ထပ်ပွဲမလုပ်ဖြစ်သွားရသည့် အဓိက အကြောင်းအရင်းက သူမကြောင့်ဖြစ်နေလို့ပင်။
အကယ်၍ သူမသာ ထိုအချိန်တုန်းက ယွမ်အိမ်အကြောင်းသတင်းတွေ မကြားခဲ့လျှင်၊ ထိုသတင်းတွေကို သူမ၏တူမလေးနဲ့အမထံ မပြောခဲ့လျှင် အခုလိုမျိုး သူတို့ခံစားနေရမှာမဟုတ်ပေ။
ဒါ့ကြောင့်မို့ သူမက ရှဲ့သောင့်နဲ့ ရှဲ့သောင့်၏မိခင်ဖြင့် အကြည့်ချင်းမစုံရဲကာ ခေါင်းကိုသာငုံ့ထားရခြင်းဖြစ်သည်။
တစ်ယောက်နဲ့ တစ်ယောက်စကားမပြောကြ၍ ညစာစားပွဲလေးက လုံးဝတိတ်ဆိတ်နေတော့သည်။
အချိန်ခဏကြာမှ ရှဲ့သောင့်၏မိခင်က
"မင်း ဖန်းယန်ရွာကို သွားတုန်းက ဘာလို့များ ယွမ်ရိနဲ့ယွမ်ချီကျီက စက်ချုပ်ဆရာတွေဖြစ်တယ်ဆိုတဲ့အကြောင်းတွေကို သိအောင်မမေးမြန်းခဲ့ရတာလဲ"
လို့ မေးလိုက်၏။
ရှဲ့သောင့်၏အဒေါ်က
"အမရယ်၊ ယွမ်ရိလိုမျိုး အသင်ငယ်ငယ်မိန်းကလေးတစ်ယောက်က ကိုယ်တိုင်လည်း စက်ချုပ်တတ်တဲ့အပြင် သူမရဲ့အဒေါ်ကိုပါ တတ်အောင်သင်ကြားပေးနိုင်မယ်လို့ ကျွန်မလည်းဘယ်ယုံပါ့မလဲ။ အမတောင်မှ ကိုယ်တိုင်သွားကြည့်ပြီး မျက်မြင်တွေ့မှ ယုံခဲ့တာမဟုတ်ဘူးလား"
ထိုစကားကြောင့် ရှဲ့သောင့်၏ မိခင်လည်း တိတ်ဆိတ်သွားရတော့သည်။
ဘာလို့လဲဆိုတော့ သူမကိုယ်တိုင်လည်း သူမမျက်စိဖြင့် ကိုယ်တိုင်မြင်ပြီးမှသာ ယုံကြည်သွားခဲ့ခြင်းဖြစ်နေလို့ပင်။
ရှဲ့သောင့်၏အဒေါ်က ခဏတိတ်ဆိတ်ပြီးသည့်နောက်
"အမ။ ယွမ်ချန်းရှန်ဆိုတဲ့ တစ်ယောက်က အခုချိန်ထိ လက်မထပ်ရသေးဘူး။ ဒီတော့ ရှဲ့သောင့်လေးမှာ အခွင့်အရေးရှိသေးတယ်။ ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်က တစ်လကျော်ကြာတဲ့အထိ ရင်းနှီးပြီးသားဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် သံယောဇဉ်တွယ်နေကြမှာပါ"
ရှဲ့သောင့်၏မိခင်ဟာလည်း ခဏမျှတိတ်ဆိတ်နေပြီးသည့်နောက်
"တကယ်တော့ မနေ့တုန်းက ငါ့ဆီ ညီမဝူရောက်လာသေးတယ်။ ယွမ်ချန်းရှန်က သူမဆီလာပြီး ရှဲ့သောင့်ရဲ့အိမ်ထောက်ဖက်တွေ့တာတွေ၊ လက်ထပ်ဖို့ဆုံးဖြတ်လိုက်ပြီလား၊ မဆုံးဖြတ်ရသေးဘူးလား စတာတွေ လာမေးတယ်လို့ ငါ့ကိုပြောတယ်"
ထိုစကားကြောင့် ခေါင်းငုံ့၍ ထမင်းစားနေသည့် ရှဲ့သောင့်ဟာ ခေါင်းပြန်မော့လာ၏။ သူမ၏မျက်ဝန်းအတွင်းမှာ မျှော်လင့်ချက်အရိပ်အယောင်တွေ ထွန်းတောက်လို့နေသည်။
ရှဲ့သောင့်၏အဒေါ်က သက်ပြင်းချရင်း
"ဒီတစ်ကြိမ်တော့ ငါဝင်မပါချင်တော့ဘူး။ ငါ့ရဲ့ စဉ်းစားဉာဏ်ကနည်းတော့ အရင်တစ်ကြိမ်ကလို အမှားအယွင်းဖြစ်သွားမှာစိုးလို့။ ပြီးတော့ ကျွန်မတို့ရွာကို ယွမ်ရိနဲ့ယွမ်ချီကျီတို့ ရောက်နေတာပဲဟာ။ သူတို့နဲ့ နည်းနည်းပါးပါး စကားသွားပြောကြည့်ကြတာပေါ့"
ထိုအခါ ရှဲ့သောင့်၏မိခင်က နည်းနည်းမျက်နှာပျက်သွား၏။ ဒါပေမယ့် သူ့သမီး၏ရှေ့ရေးအတွက်လို့တွေးကာ မာန်ကိုသွင်းလျက်
"ကောင်းပြီလေ။ ငါ သူတို့နှစ်ယောက်နဲ့ စကားသွားပြောကြည့်လိုက်မယ်"
ရှဲ့သောင့်လည်း သူမ၏မိခင်အား မျက်ရည်ဝိုင်းနေသော မျက်ဝန်းများဖြင့် ဝမ်းသားအားရကြည့်လိုက်မိတော့သည်။
ရှဲ့သောင့်၏မိခင်ဟာ ညစာစားပြီးတာနဲ့
လက်ဆောင်ပေးဖို့အတွက် အိမ်ကနေတစ်ခုခုယူခဲ့ကာ ဆံပင်တိုတိုဖြင့်အမျိုးသမီးအိမ်ကို ထွက်လာခဲ့တော့သည်။
ဆံပင်တိုတိုနှင့်အမျိုးသမီးဟာ သူမကိုမြင်တာနဲ့ ချိုသာစွာနှုတ်ဆက်၏။ ရှဲ့သောင့်၏မိခင်ဟာလည်း ကွေ့ပတ်မနေတော့ပဲ လာရင်းအကြောင်းကိစ္စကို တန်းပြောလိုက်သည်။
"ကျွန်မ ယွမ်ရိနဲ့ယွမ်ချီကျီတို့ကို တွေ့ချင်လို့ပါ"
ဒါ့ကြောင့် ဆံပင်တိုတိုဖြင့် အမျိုးသမီးလည်း ရှဲ့သောင့်၏မိခင်အား ယွမ်ရိနဲ့ယွမ်ချီကျီတို့ထံ ခေါ်သွားပေးလိုက်တော့သည်။
ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ ဆံပင်တိုတိုဖြင့်အမျိုးသမီး၏ အိမ်ခန်းတစ်ခုအတွင်းမှာ စက်ချုပ်နေကြဆဲဖြစ်သည်။
ထိုအချိန်မှာပဲ ရှဲ့သောင့်၏မိခင်ရောက်လာကာ သူမတို့အား တရင်းတနှီးနှုတ်ဆက်လာ၏။
ဒါ့ကြောင့် ယွမ်ရိနဲ့ယွမ်ချီကျီလည်း ရှဲ့သောင့်၏မိခင်အား ကောင်းကောင်းမွန်မွန် ပြန်နှုတ်ဆက်လိုက်ကြသည်။
တကယ်တော့ သူမတို့နှစ်ယောက်လုံး ရှဲ့သောင့်၏မိခင်ရောက်လာရသည့် အကြောင်းအရင်းကို ခန့်မှန်းမိကြပေ၏။ ဒါပေမယ့် ဘာမျှမပြောပဲ ချိုသာစွာဖြင့်ပင် ပြန်လည်နှုတ်ဆက်လိုက်ကြ၏။
ရှဲ့သောင့်၏မိခင်ဟာ အခြေအနေလေးကောင်းအောင် စကားနည်းနည်းပါးပါးပြောပြီးတာနဲ့ သူမလာရင်းကိစ္စကို ပြောဖို့ စကားဦးသန်းလိုက်၏။
"အရင်တုန်းက ဖြစ်ခဲ့တဲ့ကိစ္စတွေဟာ တကယ်တော့ အောင်သွယ်တော်ဖန်းရဲ့အမှားပဲ။ သူမက ငါတို့ကို အကြောင်းစုံပြောမပြပဲ ဖုံးကွယ်ထားခဲ့တယ်လေ။ အဲ့ဒီဖုံးကွယ်ထားတဲ့ဟာက ငါတို့စိတ်ထဲ တနုံ့နုံ့ခံစားနေရတာကြောင့်မို့လို့ လက်ထပ်ပွဲကို မလုပ်ဖို့စဉ်းစားခဲ့ကြတာ"
ယွမ်ချီကျီလည်း အပြုံးတစ်ခုဆင်မြန်းလျက်
"အဲ့တာတွေအားလုံး ပြီးသွာတာ ကြာနေပါပြီရှင်။ ပြီးခဲ့တာတွေလည်း ပြီးပါစေတော့"
လို့ ပြန်တုံ့ပြန်စကားဆိုလိုက်သည်။
ထိုစကားကြောင့် ရှဲ့သောင့်မိခင်၏မျက်နှာပေါ်က အပြုံးဟာ တောင့်တင်းသွားရသည်။
'ပြီးခဲ့တာတွေလည်း ပြီးပါစေတော့ ဟုတ်လား။ ဒါပေမယ့် ငါတို့က မပြီးစေချင်သေးဘူးလေ'
ရှဲ့သောင့်၏မိခင်လည်း တောင့်တင်းနေသည့် အပြုံးအား အမြန်ပြင်လိုက်ကာ မျက်နှာပြောင်တိုက်စွာဖြင့် ယွမ်ချီကျီအား
"တကယ်တော့ ကျမတစ်ခုသိချင်တာရှိသေးတယ်။မင်းရဲ့မိဘတွေက ယွမ်ချန်းရှန်ရဲ့အိမ်ထောင်ရေးအကြောင်း ပြောကြသေးလား"
ရှဲ့သောင့်မိခင်၏စကားဆုံးတာနဲ့ ယွမ်ရိလည်း စကားဝိုင်းအတွင်း ဝင်လာခဲ့တော့သည်။ သူမက
"ကျွန်မရဲ့ ဦးလေးငါးက အောက်သွယ်တော်တွေအပေါ် အယုံအကြည်မရှိတော့ဘူး။ ဒါ့ကြောင့်မို့လို့ သူ့အိမ်ထောင်ဖက်ကို အောင်သွယ်တော်တွေအပေါ် အားမကိုးတော့ပဲ ကိုယ်တိုင်ရှာတော့မယ်လို့ ပြောတယ်"
ဒါကိုကြားတော့ ရှဲ့သောင့်၏မိခင်က
"ဒါဆိုရင် ယွမ်ချန်းရှန်က သူလက်ထပ်မယ့် မိန်းကလေးနဲ့ တွေ့သွားပြီလား"
လို့ ထပ်မေးလိုက်ပြန်သည်။
ယွမ်ချီကျီက
"အဲ့တာတော့ ကျွန်မလည်းမသိဘူးလေ။ တွေ့ချင်လည်း တွေ့သွားရောပေါ့"
လို့ ပြန်ပြောလိုက်သည်။
ရှဲ့သောင့်၏မိခင်လည်း မျက်နှာပျက်သွား၏။ ထို့နောက် မျက်နှာထားကို အသာပြင်လိုက်ကာ
"ကောင်းပါပြီကွယ်။ မင်းတို့လုပ်စရာရှိတာ ဆက်လုပ်ကြပါ။ အဒေါ်လည်း အဒေါ့်ရဲ့အိမ်မှာ လုပ်စရာလေးတစ်ခု စိတ်ထဲပေါ်လာလို့ အဒေါ်ပြန်တော့မယ်နော်"
လို့ပြောကာ နှုတ်ဆက်လိုက်တော့သည်။
"ဟုတ်ကဲ့ပါရှင့်။ ဖြည်းဖြည်းပြန်ပါ"
ယွမ်ရိနဲ့ယွမ်ချီကျီလည်း ရှဲ့သောင့်၏မိခင်အား နှုတ်ဆက်စကား ဆိုလိုက်ကြတော့သည်။
ရှဲ့အိမ်။
ရှဲ့သောင့်ဟာ သူမ၏အမေထွက်သွားကတည်းက ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အိမ်ရှေ့မှာထွက်စောင့်နေခြင်းဖြစ်သည်။
သူမအမေပြန်လာတာနဲ့ သူမအမေအနီးကို အမြန်ပြေးသွားကာ မျက်နှာရိပ်မျက်နှာကဲ ဖမ်းလိုက်၏။
သူမအမေ၏ ပျက်ယွင်းနေသည့် မျက်နှာထားကိုမြင်ပြီးသည့်နောက် ရှဲ့သောင့်တစ်ယောက် ရင်ထိတ်သွားတော့သည်။ ဒါ့ကြောင့် သူမက အသံတုန်ရီရီဖြင့်
"သူတို့ဘက်က ဘာတဲ့လဲ"
လို့ မေးလိုက်၏။
ရှဲ့သောင့်၏မိခင်လည်း အသက်ပြင်းပြင်းရှူထုတ်လိုက်ပြီး
"ငါလည်း သူတို့ဘက်ကို သေချာပြောခဲ့တာပဲ။ ဒါပေမယ့် ယွမ်ချန်းရှန်ကသူ့အိမ်ထောင်ရေးကို သူကိုယ်တိုင်ပဲ ဆုံးဖြတ်တော့မယ်လို့ ယွမ်ချီကျီကငါ့ကိုပြောတယ်။ ပြီးတော့ သူလက်ထပ်ချင်တဲ့မိန်းကလေးကိုတောင် တွေ့ပြီးသွားပြီထင်တယ်"
ထိုစကားတွေကြောင့် ရှဲ့သောင့်၏မျက်ဝန်းအတွင်းမှ မျှော်လင့်ချက်မီးတောက်လေးဟာ 'ဟုတ်'ကနဲ ငြိမ်းသွားတော့သည်။
သူမ၏မျက်ဝန်းအတွင်းမှာလည်း မျက်ရည်ကြည်များ သီဖွဲ့လာကာ
"သူလက်ထပ်မယ့် မိန်းကလေးရဲ့ ပုံပန်းသွင်ပြင်ကိုရော အမေသိခဲ့လား"
လို့ငိုချင်နေသော လေသံဖြင့် မေးမြန်းလိုက်၏။
ရှဲ့သောင့်၏ မိခင်က
"အဲ့တာတွေကိုတော့ ငါမမေးခဲ့ဘူး။ လက်ထပ်မယ့် ကိစ္စအကြောင်း စကားဦးသန်းပြီး အဆင်မပြေတာနဲ့ ငါလည်း တန်းပြန်လာခဲ့တာ"
လို့ ပြောလိုက်၏။
ထို့နောက် သူမ၏သမီးကိုခေါ်ကာ အိမ်ထဲကိုဝင်လာခဲ့ကြသည်။ အိမ်ထဲကိုရောက်တာနဲ့ ရှဲ့သောင့်၏အဒေါ်က ရှဲ့သောင့်၏မိခင်အား
"ဘယ်လိုလဲ အဆင်ပြေခဲ့ရဲ့လား"
လို့ မေးလိုက်၏။
ရှဲ့သောင့်၏မိခင်က ခေါင်းယမ်းပြကာ
"အဆင်မပြေပါဘူးဟယ်။ ယွမ်ချန်းရှန်ဆိုတဲ့အကောင်က လက်ထပ်တော့မယ်တဲ့"
ထိုအချိန်မှာ ရှဲ့သောင့်က မတ်ထပ်ထရပ်ကာ
"မဟုတ်ဘူး။ သမီးလုံးဝမယုံဘူး။ ဒါ့ကြောင့် မနက်ဖြန်ကျရင် ဖန်းယန်ရွာကိုသွားပြီးတော့ ယွမ်ချန်းရှန်နဲ့ လူကိုယ်တိုင်တွေ့ပြီး မေးကြည့်ရမယ်"
လို့ ငိုချင်းချလေသံဖြင့်ပြောလိုက်သည်။
ထိုအခါ ရှဲ့သောင့်၏ မိခင်က မျက်မှောင်ကြုတ်ကာ သူမ၏သမီးအား
"ဟဲ့ နင်ကဲလှချည်လား။ ဘာကိစ္စနဲ့ အဲ့ဒီကောင်ကို သွားတွေ့နေဦးမှာလဲ။ ငါတို့ကို တစ်ပူပေါ်နှစ်ပူဆင့်ပြီး တစ်ရှက်ကနေနှစ်ရှက်ရအောင် လုပ်နေတာလား။ မိုက်မဲလိုက်တာ"
လို့ ကြိမ်းမောင်းမာန်မဲလိုက်သည်။
ရှဲ့သောင့်ဟာ တရှုံ့ရှုံ့ငိုနေရုံကလွဲလို့ သူမ၏မိခင်အား ဘာမျှပြန်မပြောခဲ့ပေ။
ဒါပေမဲ့ ရှဲ့သောင့်၏အဒေါ်ကတော့ ရှဲ့သောင့်၏မိခင်အား
"အမ ရှဲ့သောင့်ကို မတားပါနဲ့။ သူမကို သွားခွင့်ပေးလိုက်ပါ။ ယွမ်ချီကျီဆိုတဲ့တစ်ယောက် ပြောတဲ့စကားတွေက အမှန်မဟုတ်ပဲ အလိမ်အညာတွေလည်း ဖြစ်နေနိုင်တာပဲလေ။ ပြီးတော့ အမ အခုယွမ်မိသားစုရဲ့ အခြေအနေကို တစ်ချက်လောက် ခေါင်းအေးအေးထားပြီး စဉ်းစားကြည့်စမ်းပါဦး"
လို့ ဖျောင်းဖျလိုက်သည်။
ရှဲ့သောင့်၏မိခင်က
"ဘာအခြေအနေတွေကို စဉ်းစားစရာလိုလို့လဲ"
လို့ ခပ်ပြတ်ပြတ်တုံ့ပြန်လိုက်၏။
ရှဲ့သောင့်၏အဒေါ်လည်း ပြုံးလိုက်ပြီး
"အမရယ်။ သေချာတွေးကြည့်စမ်းပါ။ ယွမ်မိသားစုမှာဆိုရင် ယွမ်ရိက ကွယ်လွန်သွားတဲ့အဖိုးဆောင်းထံကနေ အမွေတွေဖြစ်တဲ့ အိမ်၊ ခြံနဲ့ပိုင်ဆိုင်သမျှအကုန်ရခဲ့တာနော်။ ဒါပေမဲ့ သူမက တစ်နေ့ကျရင် သူမမိဘတွေဆီ ပြန်သွားရမှာပဲ။ အဲ့အခါကျရင် အဖိုးဆောင်းရဲ့အိမ်နဲ့ခြံကြီးက ယွမ်မိသားစုလက်ထဲကိုကျရောက်လာတော့မှာ။ နောက်ပြီးတော့ ယွမ်ချီကျီ၊ သူမကလည်း စက်ချုပ်ဆရာတစ်ယောက်အဖြစ် သတ်မှတ်လို့ရနေပြီ။ သူမရှာသမျှငွေတွေအားလုံးကလည်း ယွမ်အိမ်အတွက်ပဲ။ ယွမ်ချန်းရှန်ဆိုတာက ယွမ်အိမ်ရဲ့ အငယ်ဆုံးသား။ ဒီတော့ ယွမ်အိမ်ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးက ယွမ်ချန်းရှန်ဆီ ရောက်လာမှာပဲ။ ဒုတိယသားယွမ်ချန်းကွေ့အကြောင်းတော့ ခေါင်းထဲကနေ ခေါက်ထားလိုက်။ ဘာလို့လဲဆိုတော့ အဲ့ငတုံးမိသားစုက ယွမ်မိသားစုနဲ့ အိမ်ခွဲလိုက်တယ်လေ။ ဒါ့ကြောင့်မို့လို့ နောက်ဆုံးမှာဆိုရင် ယွမ်အိမ်ရဲ့စည်းစိမ်မှန်သမျှကို ယွမ်ချန်းရှန် တစ်ယောက်တည်းကပဲ ဆက်ခံရမှာ။ ကျွန်မ ပြောချင်တာကို နားလည်ပြီလားအမ"
ရှဲ့သောင့်၏မိခင်လည်း ရှဲ့သောင့်အဒေါ်၏ စကားများကို နားထောင်ပြီးသည့်နောက် စိတ်ငြိမ်သွားတော့သည်။