"ကိုကို"
မီယွန်းတစ်ယောက်လက်ပြရင်း ကားကိုမှီရပ်နေသောကိုကို့ဆီပြေးဖက်လိုက်သည်။ဘေးမှဖုန်းပြောနေသောအကိုWonbinကိုလည်းနှုတ်ဆက်ဖို့မမေ့ခဲ့ပါ။
"ဒီကလေးမ မတွေ့ရတာနှစ်နာရီလောက်ပဲရှိသေးတာကိုအပိုကဲနေတယ်"
"ကိုကိုကလည်း"
နှုတ်ခမ်းဆူကာစိတ်ကောက်ဟန်ပြင်နေသောချွဲစိန်လေးကိုဟုန်းဆွန်းဟန်တစ်ယောက်ခေါင်းလေးကိုပုတ်ပေးပြီး ကားထဲဝင်ဖို့တံခါးဖွင့်ပေးလိုက်သည်။ပြီးတာနဲ့သူပါကားထဲဝင်ထိုင်ရင်း မီယွန်းပြုံးကာတာ့တာပြနေသောသူဆီသို့အကြည့်တစ်ချက်ပို့လိုက်သည်။ထို့နောက်အနက်ရောင်ပြိုင်ကားလေးသည်လှစ်ခနဲမောင်းကာထွက်သွားပါတော့သည်။
"ဘယ်သူလဲ ကလေးမ"
ကားမောင်းနေရင်း ခုဏခေါင်းငြိမ့်ကာပြုံးပြရင်းထွက်သွားသူအား ဆွန်းဟန်သိချင်စိတ်ကိုမထိန်းနိုင်စွာမေးလိုက်သည်။
"ညီမလေးတို့ဂီတာဆရာကိုကို တစ်ပတ်မှာနှစ်ရက်ပဲသင်တာအကိုက"
"ဂီတာသင်ပေးတဲ့ဆရာကိုဘာလို့အကိုလို့ခေါ်တာလဲ ဆရာလို့မခေါ်ဘဲ"
"အာ...ကိုကိုကလည်း စာသင်တဲ့ဆရာမှမဟုတ်တဲ့ဟာကို ပြီးတော့အကိုWonbinကိုယ်တိုင်ကဆရာလို့မခေါ်ခိုင်းတာ"
"အဟွန်း"
"နာမည်က Wonbinလား"
ဟုန်းဆွန်းဟန်တစ်ယောက်အသံပင်ထွက်သိအထိရီမိသွားသည်။ဒါကိုရိပ်မိသည့်မီယွန်းကသူ့ကိုမျက်စောင်းထိုးလိုက်ပြီး
"ကိုကိုသိချင်ရင်တစ်ရက်တောင်မကြာပဲစုံစမ်းလို့ရနေတာကို ကိုယ့်ဘာသာစုံစမ်း"
ဆွန်းဟန် မီယွန်းစကားကြောင့်ခေါင်းခါရင်းကားကိုသာအာရုံစိုက်မောင်းနေလိုက်တော့သည်။
"မုန့်စားချင်တယ်ကိုကို"
မီးပွိုင့်မိနေတုန်းမီယွန်းထံမှအသံထွက်လာသည်။
"ကိုကိုရှေ့နားက mallမှာရပ်လိုက်မယ်နော် ကိုကိုမလိုက်တော့ဘူးကတ်ယူသွား စားချင်တာဝယ်ခဲ့လိုက် အလုပ်ကိစ္စတစ်ခုမှသတိရလို့"
"ဟုတ်ကိုကို ဟီးဟီး ခဏပဲစောင့်"
မျက်နှာချိုသွေးကာပြုံးပြ၍ကားပေါ်ကပြေးဆင်းသွားသောကလေးမကိုမနိုင်ဘူးဆိုသည့်အကြည့်နှင့်ကြည့်လိုက်ပြီး ပိုက်ဆံအိတ်ထဲမှဖုန်းကိုထုတ်လိုက်သည်။
တူ..တူ..တူ..
သုံးခါမြောက်တွင်မှကိုင်လာသောဖုန်း
"ဟယ်လိုအကိုလေး"
"အင်း ငါမနက်ဖြန်ရုံးရောက်တာနဲ့ မီယွန်းဂီတာသင်တန်းကWonbinအကြောင်းကိုသိချင်တယ်"
ပြောပြီးသည်နှင့်ဆွန်းဟန်ဖုန်းချလိုက်သည်။ထို့နောက် mallထဲကမုန့်ထုတ်တွေဆွဲကာထွက်လာသောမီယွန်းကိုလှမ်းကြည့်နေလိုက်သည်။ဒီကလေးမဟာတကယ်ချစ်မွှေးလေး။
"ကိုကိုကလည်းနော် အထုတ်လေးတောင်လာကူဆွဲမပေးဘူး"
"ဒါပေမယ့်ရပါတယ် ကိုကို့ကတ်နဲ့မုန့်တွေအများကြီးဝယ်ခဲ့တာဆိုတော့ အဟီး"
ဆွန်းဟန်ကားမောင်းရင်းမှ မုန့်ထုတ်ကိုချက်ချင်းဖောက်စားနေသောမီယွန်းကို လှည့်ကြည့်လိုက်သည်။နှုတ်ခမ်းတွေမှာလည်းပေပွနေတာပဲတကယ်ကလေးပေါက်စ။
"ဒီနေ့ဒယ်ဒီနဲ့ညစာစားရမှာသိတယ်မလား
မုန့်တွေအများကြီးမစားနဲ့ ထမင်းမစားနိုင်ဘဲနေမယ်"
"ဟုတ် သိပါတယ်ကိုကိုရဲ့"
"ဒါနဲ့ပါးပါးက အဲ့မှာဘယ်လောက်ကြာမှာလဲ"
"တစ်လလောက်ကြာမယ်ထင်တယ်ဒီတစ်ခေါက်ကအလုပ်ကိစ္စနဲ့ဆိုတော့"
ဆွန်းဟန်ပြောလိုက်တော့မီယွန်းကနှုတ်ခမ်းဆူလာသည်။သူဂျစ်တိုက်ရမယ့်သူတစ်ယောက်လျော့သွားမှာမို့စိတ်ကောက်ချင်နေတာနေမှာ။
"ဟေ့ဟေ့ စိတ်ကောက်ချင်ဒယ်ဒီ့ကိုကောက်နော်ကိုကို့ကိုတော့လာမကောက်နဲ့ မင်းပါးပါးကိုစိတ်ကောက်ပြီးလက်ဆောင်တွေအများကြီးပူဆာလိုက်"
မီယွန်းကဆွန်းဟန်ပြောတာကိုမကြားသလိုလုပ်ပြီးကားမှန်ချကာအပြင်ငေးနေသည်။ဒယ်ဒီရေချော့ပေအုံးပေါ့ ဒယ်ဒီ့တူမကောက်တေးကို။
________ //________
ကားပေါ်မှပြုံးပြကာတာ့တာပြနေသောကလေးမကို Wonbin အသိအမှတ်ပြုပြန်လည်ပြုံးပြပြီးခေါင်းငြိမ့်ကာလှည့်ထွက်လိုက်သည်။ဘယ်တုန်းကမှန်းမသိကျစ်နေအောင်ဆုပ်ကိုင်ထားမိတဲ့ဂစ်တာအိတ်ကကြိုးကိုဖြေလျော့လိုက်တော့နီရဲနေသည့်လက်တွေ။ လက်တွေတောင်နီရဲသည်အထိဖြစ်သွားသည်ပဲ။ဘေးမှလှစ်ကနဲထွက်သွားသောအနက်ရောင်ပြိုင်ကားလေးကိုအမှတ်တမဲ့လိုက်ကြည့်မိသွားသေးသည်။
ကားမှတ်တိုင်သို့ရောက်သည့်အခါ ဘောင်းဘီအိတ်ထဲမှဖုန်းကိုထုတ်သည်။သွယ်လျသောလက်များသည် ဖုန်းဆက်ခရင်တွင်ပြေးလွှားသွားပြီးနောက် ကိစ္စတစ်ခုကိုရှင်းပြီးဟန်ဖြင့်ဖုန်းကိုအိတ်ထဲပြန်ထည့်ကာထရပ်လိုက်သည်။ထိုနောက်အသင့်လာရပ်သော
Busပေါ်သို့တက်လိုက်သွားတော့သည်။
"ဝမ် ၂၄၀၀၀ကျပါတယ်ရှင့်"
Wonbinကျသလောက်ထုတ်ရှင်းရင်း သူ့ကိုမသိမသာခိုးကြည့်နေသော အချိန်ပိုင်းကောင်မလေးကိုမသိချင်ယောင်ဆောင်ကာဝယ်ထားတော့ဆိုဂျူပုလင်းများနှင့်အမြည်းများထည့်ထားသောအိတ်ကိုဆွဲရင်း ထွက်လာလိုက်တော့သည်။
အခန်း password ကိုနှိပ်ပြီးအခန်းထဲဝင်လိုက်သည်နှင့်ဆွဲလက်စပန်ချီကားတစ်ချက်ကသူ့ကိုစောင့်ကြိုနေသည်။ပန်းချီထဲကပြုံးတဲ့လူရဲ့ပုံရိပ်တွေမြင်ယောင်ရင်းစိတ်ရှုပ်သွားဟန်ဆံပင်များကိုထိုးဖွလိုက်ရင်း ဝရန်တာသို့ထွက်လာလိုက်တော့သည်။
Wonbin ဆိုဂျူကိုပါးစပ်နဲ့ဖွင့်ဖောက်လိုက်ပြီး ညရဲ့ငြိမ်သက်မှုကိုဆိုဂျူသောက်ရင်းခံစားနေမိသည်။ထိုစဉ် ဘောင်းဘီအိတ်ထဲမှဖုန်းသံကထမြည်လာသည်။ ထုတ်ကြည့်လိုက်တော့ Wonbin သီချင်းဆိုသည့် band မှရင်းနှီးသည့်အကိုဖြစ်နေတာကြောင့် ဖုန်းကိုင်လိုက်ရသည်။
"Wonbin မင်းအဆင်ပြေရဲ့လား၊ တစ်ခုခုဖြစ်နေတာလား၊ နေမကောင်းဘူးလား"
ဖုန်းကိုင်ကိုင်ချင်း ဟယ်လိုပင်မပြောလိုက်ရဘဲ တစ်ဖက်မှတစ်ရစပ်မေးလာသည့်စကားများကြောင့် Wonbinအနည်းငယ်ပြုံးရိပ်သန်းသွားသည်။သို့သော်သေချာကြည့်မှသာမြင်နိုင်ပါလိမ့်မည်။Wonbinအတွက်ထိုသို့ပြုံးဖို့ကခုချိန်မှာအရမ်းခက်ခဲသည်မလား။
"ကျွန်တော်ဘာမှမဖြစ်ဘူးအကို အရေးကြီးကိစ္စပေါ်လာလို့ မလာဖြစ်တာ"
Wonbin တမင်မုသားသုံးကာထွက်လာသောစကားဖြစ်သည့်တိုင် အကိုဆူမင်းကတော့စိတ်ပူပေးနေလေသည်။
"အာ...အကိုကမင်းမလာတော့ဘူးဆိုပြီးမက်စ်ဆေ့ပို့တယ်ဆိုတော့ စိတ်ပူလို့ တစ်ခါမှလည်းမပျက်ဖူးတဲ့သူဆိုတော့လေ"
"အရေးကြီးကိစ္စဆို တီးဝိုင်းကိုအားမနာနဲ့အကိုတစ်ယောက်လုံးရှိတာမို့ ကိုယ့်ကိစ္စကိုယ်ပြီးအောင်လုပ်နော် ပြီးတော့ကျန်းမာရေးလည်းဂရုစိုက်အုံး"
"ဟုတ်အကို ကျွန်တော်နောက်ရက်ကျအစားပြန်ဝင်ပေးပါ့မယ် ကျေးဇူးနော်"
တစ်ဖက်လှည့်နဲ့ဖုန်းအမြန်ချချင်ကြောင်းပြနေသည့်Wonbinစကားများကိုနားလည်ဟန်အကိုဆူမင်းကဖုန်းချသွားသည်။
Wonbin ဖုန်းချပြီးသည့်နှင့်ဝရန်တာကပန်းအိုးထဲတွင်အမြဲထားတတ်သောစီးကရက်နှင့်မီးခြစ်ကိုယူလိုက်သည်။ ဆေးလိပ်ငွေ့တွေနဲ့အတူခံစားချက်တွေပါသွားရင်ကောင်းမည်ဟုတွေးရင်း တစ်လိပ်ပြီးတစ်လိပ်။
ဝယ်လာသောဆိုဂျူးပုလင်းများသည်လည်းကုန်သွားပြီးမို့Wonbinအခန်းထဲပြန်ဝင်ရင်းဆိုဖာပေါ်ဝင်သာထိုးအိပ်လိုက်တော့သည်။ကျလာသောမျက်ရည်များကိုဥပေက္ခာပြုရင်းဆိုဂျူရှိန်ကြောင့် Wonbinလွယ်ကူစွာပင်အိပ်ပျော်ခဲ့လေသည်။
______//____
"ပါးပါး ကတစ်လကြီးတောင်နေမှာလား။ဒါဆိုမီးမီးကတစ်လလုံးအကျင့်ပုပ်ကိုကိုနဲ့ပဲနေရမှာပေါ့"
ညကဒယ်ဒီအစည်းအဝေးကြောင့်အိမ်ပြန်နောက်ကျ၍ ညစာအတူမစားဖြစ်။ထိုကြောင့်
ဒယ်ဒီမသွားခင်မနက်စာစားရင်ဒယ်ဒီ့အားချွဲနေသောမီယွန်းက ဆွန်းဟန်ကိုပင်အကျင့်ပုတ်ကိုကိုတဲ့ မနေ့ကတော့ဒယ်ဒီ့ကိုသူ့ရှေ့မှာတအားစိတ်ကောက်ပြီး ခုမှသူမဟုတ်သလို။
"ဟေ့ကလေးမဘာအကျင့်ပုပ်လဲ ကိုကိုကဒီလောက်အလိုလိုက်တာကိုနော် ဒီလိုပြောတော့ညနေမုန့်လိုက်ဝယ်ကျွေးမယ့်အစီစဉ်ကိုဖျက်လိုက်တော့မှထင်တယ်"
"ဟ ကိုကိုနော်"
နှုတ်ခမ်းဆူကာဆွန်းဟန်ကိုစိတ်ကောက်ရန်ပြင်နေသောမီယွန်းကိုဒယ်ဒီကချစ်စနိုးပြုံးပြလိုက်ရင်း
"သမီးငယ်မေမေ မနက်ဖြန်လာလိမ့်မယ် ကိုကိုကပါးပါးလန်ဒန်သွားရင်ဒီကအလုပ်တွေတစ်ယောက်တည်းဦးစီးရမှာဆိုတော့အမြဲမအားနိုင်ဘူး"
"ပါးပါးဟိုကပြန်ရင်လက်ဆောင်တွေဝယ်ခဲ့မယ် စိတ်မကောက်နဲ့တော့ ကိုကို့လည်းအားရင်သမီးကိုအပြင်လိုက်ပို့မှာပါ"
ဒယ်ဒီပြောတော့မှမီယွန်းကစိတ်ပြေသွားပုံရကာပြုံးပြလာသည်။ဒယ်ဒီတစ်ယောက်ကိုယ့်သားထက်တစ်ဦးတည်းသောတူမဖြစ်သူကိုသည်းသည်းလှုပ်နေတာများ ဆွန်းဟန်ပင်အမြင်ကပ်လာသည်။
ပြောသာပြောရတယ် ဆွန်းဟန်သည်လည်း မွေးချင်းမရှိသောကြောင့် ဒီဝမ်းကွဲညီမလေးမီယွန်းကညီမအရင်းတစ်ယောက်လိုပင်။ချွဲစိန်လေးကလည်းမချစ်ရမနေနိုင်အောင်ချွဲတတ်သည်ကိုး။
_____________
"အကိုလေး ရှာခိုင်းထားတဲ့ Park Wonbinရဲ့အချက်အလက်တွေပါ"
ဆွန်းဟန်ခေါင်းတစ်ချက်ညိမ့်ကာ အတွင်းရေးမှုးကမ်းပေးလာသောဖိုင်ကိုကြည့်လိုက်သည်။
"Park မျိုးရိုးက သူ့ထက်နှစ်လကြီးသည်ပဲ"
"အဟွန်း"
ဆွန်းဟန်Parkမျိုးရိုးကြောင့်ဒုတိယအကြိမ်ပြုံးလိုက်မိသည်။
ထို့နောက်မပြီးပြတ်သေးသည့်သူ့အလုပ်ကိစ္စများ၊ဒယ်ဒီအလုပ်များကိုမနားတမ်းလုပ်ရပါတော့သည်။
ဆွန်းဟန်အလုပ်လုပ်နေရင်း ဖုန်းသံကြားမှညောင်းနေသည့်ခါးကိုသတိပြုမိရင်းမတ်တပ်ထရပ်ကာဖုန်းကိုင်လိုက်သည်။နေ့လည်ထမင်းစားပြီးတည်းကအစည်းဝေးထိုင်၊ခုလည်းဒယ့်ဒီအလုပ်တွေလုပ်ပေးနေရတာပုံမှန်သူဒီလောက်ထိအလုပ်ခုံမှာမထိုင်ဖူး။
ဖုန်းကို accept လုပ်လိုက်သည်နှင့်ကြားလိုက်ရသောဆဲသံများကြောင့်ဆွန်းဟန်ဖုန်းကိုနားနားကပင်ခွာလိုက်မိသည်။
"မင်း ဒီနေ့ညတော့လာခဲ့ရမယ်ဟေ့ကောင် ငါ့မွေးနေ့မှမလာရင်မင်းကိုတစ်သက်လုံးမခေါ်ဘူး"
ဆွန်းဟန်ဒီညနေညီမလေးကိုမုန့်ဝယ်ကျွေးမယ်ပြောထားသည်ကိုအမှန်တကယ်ဖျက်ရတော့မည်ပဲ။ မတတ်နိုင်။မနက်ဖြန်အီဆော့ မွေးနေ့ကိုမေ့နေတာနှင့်ပဲသူများလွန်းနေပြီမလား။ငယ်ငယ်တည်းကတစ်ဦးသောသူငယ်ချင်းမွေးနေ့ကိုမေ့သွားသည်အထိအလုပ်တွေရှုပ်နေခဲ့သည်ပဲ။
"လာမှာပေါ့ကွငါ့ကောင်ရ ဘယ်နေရာလဲ
မက်စ်ဆေ့ပို့ထားလိုက် 7နာရီခွဲအရောက်လာခဲ့မယ် ငါခုရုံးချုပ်မှာထိုင်နေရလို့"
"မိန်းမလည်းမရှိဘဲဘယ်သူ့အတွက်အဲ့လောက်ကုန်းရုန်းရှာနေမှန်းကိုမသိဘူး"
အီဆော့အပြောကြောင့်ဆွန်းဟန်ပုခုံးလှုပ်သည်အထိရီမိသွားသည်။
"ဒါပဲဟေ့ကောင် ငါအိမ်ပြန်ရေမိုးချိုးပြီးပြန်ထွက်ခဲ့မယ် see you "
//
"ကိုကို ဒီညနေမုန့်လိုက်မကျွေးတော့ဘူးနော်ချီးထုပ် အကိုအီဆော့ကသူ့မွေးနေ့ခေါ်ထားလို့"
"ညီမလေးလည်းလိုက်..."
"မလိုက်ရဘူး"
မီယွန်းသူ့စကားမဆုံးခင်ဖြတ်ပြောလိုက်သည့်ကိုကို့ကြောင်အနည်းငယ်ကောက်ချင်နေသည့်စိတ်ကလေးကနိုးကြွလာသည်။
"ပါးပါးမရှိတာနဲ့အလိုမလိုက်တော့ဘူး ကိုကို့ကိုတကယ်စိတ်ဆိုးတယ် ပါးပါးနဲ့တိုင်ပြောမှာကိုကို့ကို"
"မီယွန်း မဆိုးနဲ့ကွာ အီဆော့ကသူ့တစ်ခြားသူငယ်ချင်းတွေပါခေါ်လာမှာလေ ပြီးတော့barသွားမှာကို ညီမလေးကဘယ်လိုလိုက်လို့ရပါ့မလဲ"
မီယွန်းကဘာမှပြန်မပြောသည်မို့ဆွန်းဟန်သက်ပြင်းချလိုက်ပြီး မီယွန်းထိုင်နေသည့်ရှေ့သို့သွားထိုင်လိုက်သည်။ဒီကလေးအရင်ကထက်အတော်ဆိုးလာသည်ပဲ။
"မနက်ဖြန် မိဘမဲ့ကျောင်းမှာ အကိုအီဆော့သူ့မွေးနေ့အလှူလုပ်မှာ အဲ့ကျရင်ခေါ်မယ်"
အီဆော့သည်ဆွန်းဟန်ထက်ငါးလငယ်ကာအခုမှ24ပြည့်မည်ဖြစ်သည်။သူတို့သည်မွေးနေ့မတိုင်ခင်ညတွင် ဝိုင်းထိုင်လေ့ရှိပြီးမွေးနေ့တွင်တော့ မိဘမဲ့ကျောင်းတွင်အလှုလုပ်ကာ ညနေအထိနေလေ့ရှိသည်။ငယ်စဉ်သိတတ်စတည်းက မွေးနေ့တိုင်ထိုသို့ဖြတ်သန်းလာခဲ့သည်မှာယခု24နှစ်ထိတိုင်ပင်ဖြစ်သည်။
"တကယ်ခေါ်ရမယ်နော် "
"ဒါဆိုညီမလေး စာအုပ်သွားဖတ်တော့မယ်ကားကိုဂရုစိုက်မောင်းကိုကို"
မီယွန်းအမှန်တကယ်စိတ်ဆိုးပြေသွားမှန်းသိ၍အပေါ်ထပ်သို့တက်ကာအီဆော့ဆီသို့သွားရန်ပြင်ဆင်ရတော့သည်။
//
__Happy After__
ဆွန်းဟန်မြင်နေရသောဆိုင်းဘုတ်ကိုနောက်တစ်ခေါက်ပင်ပြန်မော့ကြည့်လိုက်သည်။ဘယ်လိုတောင်ကြောင်တောင်ကြောင်နိုင်တဲ့နာမည်ကြီးပါလိမ့်။ရီချင်နေသောစိတ်ကိုချိုးနှိပ်ရင်ခပ်တည်တည်ပင်ဆိုင်ထဲသို့ဝင်ခဲ့လိုက်သည်။
ဆိုင်ထဲရောက်သည်နှင့်ကြားရသောသီချင်းသံခပ်ငြိမ့်ငြိမ့်။ ဆွန်းဟန်လှမ်းကြည့်လိုက်တော့ ဂစ်တာတီးရင်သီချင်းဆိုနေပါသော Wonbin ။
"ဟေ့ကောင်ငါတို့ဒီမှာ"
ဆွန်းဟန်သီချင်းဆိုနေသူကိုငေးနေရင်းမှ
အီဆော့အသံကြားရာဘက်ကိုလှမ်းကြည့်ရလိုက်သည်။အနှောက်အယှက်ကောင်ဟုစိတ်ထဲကတွေးရင်း အီဆော့တို့ထိုင်နေသည့်ဝိုင်းကိုလျှောက်သွားလိုက်သည်။အီဆော့နှင့်ပတ်သတ်၍ရင်းနှီးနေသည့်မျက်နှာများကိုခေါင်းညိတ်နှုတ်ဆက်ရင်းလွတ်သည့်ထိုင်ခုံတွင်ဝင်ထိုင်လိုက်သည်။
အထူးတစ်လည်မိတ်ဆက်ပေးစရာမလိုတာမို့အီဆော့ထည့်ပေးသည့်အရက်ခွက်ကိုကိုင်ရင်းသီချင်းဆိုနေသူအားလှမ်းကြည့်နေလိုက်သည်။သွယ်လျနေသည့်လက်တွေဂီတာကို ကျွမ်းကျင်စွာတီးခတ်နေသည်ကပန်းချီကားတစ်ခုအလား ဆွန်းဟန်စိတ်လွတ်ကိုယ်လွတ်ကိုငေးမိနေသည်။
နှစ်ပုဒ်လောက်ဆိုပြီးသွားတော့ သူ့အလှည့်ပြီးသွားဟန် ဂီတာကိုဘေးချကာ တီးဝိုင်းကလူတစ်ချို့နှင့်စကားပြောပြီးဆိုင်ပြင်သို့ထွက်သွားသည်ကိုမြင်လိုက်သည်မို့ဆွန်းဟန်လိုက်သွားရန်ထရပ်လိုက်သည်။
"ဟေ့ကောင်မင်းဒီညမပြန်ရဘူးနော်"
အီဆော့အာလေးလျှာလေးဖြင့်ပြောလာသည်။ဒီကောင်အစောကြီးရှိသေးတယ်မူးနေပြီလား။
"ဆေးလိပ်သောက်ပြီးပြန်လာခဲ့မယ်"
ဆွန်းဟန်ထိုမျှသာပြောပြီး ထွက်သွားသူနောက်သို့အပြေးလိုက်သွားမိသည်။
ဆိုင်ပြင်ရောက်တော့ဆေးလိပ်သောက်နေသည့် Wonbinကိုတွေ့ရသည်။ဂီတာတီးသည့်လက်တွေက စီးကရက်ကိုညှပ်ထားတော့လည်းတစ်မျိုးကြည့်ကောင်းနေသည်ပဲ။ဆွန်းဟန်ဒီမြင်ကွင်လေးကိုရပ်ထားပစ်ချင်သည်အထိ အဲ့ဒီလူဟာသူ့ကိုဆွဲဆောင်နိုင်သည်။
ဆွန်းဟန်အိတ်ကပ်ထဲတွင်ထည့်ထားသောစီးကရက်ဘူးထဲမှ တစ်လိပ်ထုတ်ကာ ထိုလူ့ဆီသို့တစ်လှမ်းချင်းလျှာက်သွားလိုက်သည်။
"မီးခြစ်ခဏလောက် ငှားပေးလို့ရမလားဗျ"
ဆွန်းဟန်ပြောလိုက်တော့လှည့်ကြည့်လာသောမျက်ဝန်းတွေ။ရဲဆွေးနေတဲ့နှုတ်ခမ်းဖူးဖူးလေး။ဆေးလိပ်မသောက်တတ်ပါဟုပြောရင်တောင်ယုံလိုက်လို့ရသည်အထိ။ဒီလူဟာအပြစ်ပြောစရာမရှိအောင်ကိုချောလွန်းလှသည်။တစ်ချိန်တည်းမှာပဲချစ်စရာလည်းကောင်းနေသည်ကိုဆွန်းဟန်မသိစိတ်ကပါဝန်ခံမိနေသည်။
ဆေးလိပ်တစ်လိပ်ကုန်သွားဟန်ထိုလူကနောက်တစ်လိပ်ကိုထုတ်ရင်းမီးညှိလိုက်သည်။ထို့နောက် ဆွန်းဟန်နှုတ်ခမ်းတွင်တေ့ထားသောစီးကရက်ကိုပါမီးညှိပေးရင်းဆွန်းဟန်နဲ့အကြည့်ချင်းဆုံစေလိုက်သည်။
ထိုနောက်...
"ဆေးလိပ်သောက်တတ်ရင် မီးခြစ်လေးတော့ဆောင်ထားသင့်တယ်ကိုယ့်လူ"
________ ///_______