အပိုင်း - ၃၆
ပုံမှန်အားဖြင့် ယွမ်ချန်းရှန်ဟာ မြို့ထဲကို နေ့တဝက်အတွင်း ရောက်မှာဖြစ်ပေမယ့် သူ့ကျောပေါ်မှာ လူတစ်ယောက်တင်ပြီး လမ်းလျှောက်ရသည့်အတွက် ခရီးလမ်းလေးဖင့်သွားရသည်။ကံကောင်းတာက သူတင်ခဲ့သည့် လူငယ်၏ ကိုယ်ခန္ဓာဟာပေါ့ပေါ့ပါးပါးဖြစ်တာမို့ သူမှန်းထားသည့် အချိန်ထက် နည်းနည်းဘဲနောက်ကျပြီးမှ တုန်းဖန်းမြို့သို့ရောက်လာတော့သည်။
မြို့ထဲကို ဝင်ခါနီးမှာဘဲ လူငယ်က ယွမ်ချန်းရှန်၏ ကျောပေါ်ကနေ ခုန်ဆင်းလိုက်သည်။ ပြီးတာနဲ့ သူ့အိတ်ကို သေချာပွေ့ကိုင်ကာမြို့ထဲကို ဝင်ဖို့ပြင်လိုက်တော့သည်။
ယွမ်ချန်းရှန်လည်း လူငယ်အနားသို့ ခပ်သွက်သွက်လေးလျှောက်သွားကာ
"အခု မင်းနာမည်ပြောလို့ရပြီလား။ မင်းရဲ့အိမ်ကရော ဘယ်မှာလဲ"
လူငယ်က ယွမ်ချန်းရှန်ကို တစ်ချက်စောင်းကြည့်လိုက်ပြီး
"ငါ့နာမည်က ချန်ခွန်း။ ငါ့အိမ်ကတော့ ဒီမြို့ထဲမှာဘဲ" လို့ လိုရင်းကိုတန်းပြောလိုက်သည်။
"ခွန်းကငွေများများရှာသည်ဆိုတဲ့အဓိပ္ပာယ်မလား"
ယွမ်ချန်းရှန်က ထပ်မေးလိုက်သည်။
'ဝါးးးဒီကောင် နာမည်နဲ့လူနဲ့တော်တော်လိုက်တာဘဲကွာ။ဒါ့ကြောင့်လည်း ပစ္စည်းပစ္စယတွေရောင်းရင်း ငွေရှာနေတာပဲ ဖြစ်ရမယ်' လို့ သူက စိတ်ထဲကနေ တွေးလိုက်မိသေး၏။
ချန်ခွန်းကတော့ ယွမ်ချန်းရှန်၏ မေးခွန်းကိုပြန်မဖြေခဲ့ပဲ မေးခွန်းတစ်ခုကိုသာ ပြန်မေးခဲ့၏။
"မင်းရဲ့နာမည်ကရော။ ပြီးတော့ ဘယ်မှာနေတာလဲ။မြို့ပေါ်ကို ဘာလို့ရောက်လာရတာလဲ"
ယွမ်ချန်းရှန်လည်း အသက်ကိုဝအောင်ရှုလိုက်ပြီး
"မျိုးရိုးက ယွမ်၊ နာမည်ကတော့ ချန်းရှန်ပဲ။ မြို့ကိုရောက်လာရတဲ့ အကြောင်းအရင်းကတော့ ဝယ်စရာခြမ်းစရာလေးတွေရှိနေလို့ကွာ"
"ဝယ်စရာ ခြမ်းစရာလေးတွေဟုတ်လား"
ချန်ခွန်းက ထိုစကားကြောင့် စိတ်ဝင်စားသွား၏။
ယွမ်ချန်းရှန်လည်း ခေါင်းညိတ်ပြကာ
"ဟုတ်တယ်"
လို့အဖြေပေးလိုက်သည်။
ထိုအခါ ချန်ခွန်းက ခေါင်းတညိတ်ညိတ်ဖြင့်
"ကောင်းပြီလေ။ ဒါဆိုရင် ငါလည်းမင်းနဲ့ အတူတူ လိုက်ဝယ်ပေးမယ်"
ထို့နောက် နှစ်ယောက်သားမြို့ထဲကိုဝင်ခဲ့ကြတော့သည်။ ချန်ခွန်းကလည်း သူ့အိမ်ကိုတန်းမပြန်ပဲ သမဝါယမဆိုင်သို့ ယွမ်ချန်းရှန်နဲ့အတူလိုက်သွားတော့သည်။
သမဝါယမဆိုင်ကိုရောက်တာနဲ့ ယွမ်ချန်းရှန်က သူ့အိတ်ထဲကနေ ဝယ်ရမယ့် ပစ္စည်းစာရင်းစာရွက်ကို ထုတ်ယူလိုက်သည်။
ထိုစာရွက်အား ချန်ခွန်းကလည်း ကြည့်လိုက်၏။ ထိုထဲမှာရေးထားသည့် ပစ္စည်းတွေကို မြင်တာနဲ့ ချန်ခွန်းက ယွမ်ချန်းရှန်အား
"မင်းတို့အိမ်မှာ စက်ချုပ်တတ်တဲ့သူရှိတာလား"
လို့ မေးလိုက်သည်။
"ဟုတ်တယ်။ ငါ့တူမလေးလေ သူမက စက်ချုပ်တတ်တယ်" ယွမ်ချန်းရှန်က ပြန်ဖြေပေးလိုက်သည်။
"သူမက အသက်ဘယ်လောက်လဲ"
ချန်ခွန်းက သိချင်စိတ်ဖြင့် ထပ်မေးလိုက်၏။
ယွမ်ချန်းရှန်လည်း ခေါင်းမော့ကာ ဂုဏ်ယူဟန်ဖြင့်
"ငါ့တူမက အသက်ဆယ့်ငါးနှစ်ဝန်းကျင်ပဲ ရှိသေးတာ။"
ချန်းခွန်းက ခေါင်းညိတ်လိုက်ပြီး
"ငါ့အသက်က ဆယ့်ရှစ်ဆိုတော့ မင်းတူမနဲ့သုံးနှစ်ကွာတာပဲ။ ဒါနဲ့ မင်းကရော" လို့ ယွမ်ချန်းရှန်အား ပြန်မေးလိုက်သည်။
ယွမ်ချန်းရှန်က
"ငါက နှစ်ဆယ်လေ။ မင်းနဲ့ဆိုရင် နှစ်နှစ်လောက်ကွာတယ်ဟ"
ထိုအခါ ချန်ခွန်းက အံ့အားသင့်သလိုဖြစ်သွားပြီး
"ငါက မင်းကို အသက်သုံးဆယ်အရွယ်လောက်မှတ်နေတာ"
ယွမ်ချန်းရှန်၏ အပြုံးများဟာ လေထဲလွင့်ပါသွားတော့၏။
'ဒီကောင်ကတော့ အရိုက်ခံချင်တော့တာဘဲကွာ'
ထို့နောက် နှစ်ယောက်သား စကားတပြောပြောဖြင့် လိုအပ်သည့်ပစ္စည်းတွေကို ဝယ်ယူကြတော့သည်။
ဝယ်ယူပြီးတဲ့နောက်မှာ ယွမ်ချန်းရှန်က တောင်ပေါ်ကိုပြန်ဖို့ ပြင်တော့သည်။ သူက ဆိုင်ထဲကနေထွက်တာနဲ့ ချန်ခွန်းအား
"ဒီမယ် ကိုယ့်အိမ်ကိုယ်ပြန်ပြီး ရေလေးဘာလေးချိုးလို့ သပ်သပ်ရပ်ရပ်လေးနေဦး။ မျက်နှာမှာလည်း ကြောင်ဂျီးတွေနဲ့ မင်းကြည့်ရတာ မိန်းကလေးနဲ့ကိုမတူဘူး။ ဒါနဲ့ မင်းအိတ်ထဲက ပစ္စည်းတွေကို ဘယ်ကနေရတာလဲ။ ငါ့ကိုရော နည်းနည်းလောက်ပြန်ခွဲမပေးချင်ဘူးလား" လို့ မေးလိုက်သည်။
ချန်ခွန်းလည်း သူမကျောက အိတ်ကို ပြန်ကြည့်လိုက် ယွမ်ချန်းရှန်ကိုကြည့်လိုက်ဖြင့် တခဏမျှစဉ်းစားနေခဲ့သည်။
ထို့နောက် သူမက ယွမ်ချန်းရှန်ကို လူရှင်းသည့်လမ်းကြားတစ်နေရာသို့ ဆွဲခေါ်သွားတော့သည်။ ပြီးတော့ သူမ၏အိတ်ကိုဖွင့်ကာ
"ငါမင်းကို ပစ္စည်းတွေခွဲပေးနိုင်တယ်။ ဒါပေမယ့် တာဝန်ရှိသူတွေမမိအောင်တော့လုပ်။ မဟုတ်လို့ကတော့ ပြဿနာအကြီးကြီးတက်လိမ့်မယ်နော်"
ယွမ်ချန်းရှန်က အံ့အားသင့်သွားပြီး
"ဒီလိုမျိုးကြီးတော့ အလကားမပေးပါနဲ့။ အဆင်ပြေအောင် ငါ့ကိုလျော့ဈေးနဲ့ပဲ ပြန်ရောင်းချင်ရောင်း။ အဲ့တာဆို မင်းလည်းအရှုံးမထွက်တော့သလို။ ငါလည်းမင်းအပေါ် အမြတ်ထုတ်သလိုမဖြစ်တော့ဘူးပေါ့"
ချန်ခွန်းလည်း ခေါင်းညိတ်လိုက်ပြီး
"ကောင်းပြီလေ။ နင်အဲ့လိုလုပ်မယ်ဆိုလည်း ရတာပဲ။ တစ်ခုပဲ သတိပေးမယ်နော်။ ဒါတွေကို ဘယ်ကရတာလဲဆိုတာကို ဘယ်သူ့ကိုမှမပြောမိစေနဲ့"
ယွမ်ချန်းရှန်လည်း ခေါင်းညိတ်ပြလိုက်၏။ ချန်ခွန်းအခုလို အတန်တန်မှာနေရတဲ့ အကြောင်းအရင်းကို သူနားလည်ပေသည်။ ထုတ်လုပ်ရေးအဖွဲ့တွေကသာ အခုလိုမျိုးပစ္စည်းတွေ တရားမဝင်ရောင်းနေတာကို သိသွားကြပါက အကျိုးဆက်တွေ ဆိုးဆိုးရွားရွားခံစားရနိုင်ပေသည်။
ယွမ်ချန်းရှန်လည်း သူ့အိတ်ထဲကနေ ငွေထုတ်ကာ ချန်ခွန်းကိုပေးချေလိုက်သည်။ ချန်ခွန်း၏ အိတ်ထဲကနေလည်း ရောင်းကောင်နိုင်မည့် ပစ္စည်းများအားရွေးယူလိုက်သည်။
ချန်ခွန်းကလည်း ယွမ်ချန်းရှန်ပေးသောငွေတွေကို ပြုံးရွှင်စွာဖြင့် လက်ခံလိုက်ပြီး ယွမ်ချန်းရှန်အား
"ငါလည်းအိမ်ပြန်တော့မယ် မင်းလည်း လမ်းခရီးဂရုစိုက်ပြီးပြန်" လို့ ပြောလိုက်သည်။
ယွမ်ချန်းရှန်လည်း မတ်တတ်ရပ်လိုက်ကာ
"မင်းရဲ့အိမ်လိပ်စာလေး ငါ့ကိုပြောခဲ့ဦးလေ။ ဒါမှ နောက်ထပ်ပစ္စည်းတွေ လိုအပ်တဲ့အခါ လာရှာလို့ရမှာပေါ့"
ချန်ခွန်းက ခက်တည်တည်မျက်နှာပေးဖြင့်
"အဲ့တာတော့ အခုချိန်မပြောသေးဘူး။ နောက်ထပ် ပစ္စည်းတွေလိုလို့ ဝယ်ချင်တယ်ဆိုရင်တော့ တုန်းဖန်းအလယ်တန်းကျောင်းနားလေးကိုသွားပြီး ငါ့နာမည်ကိုမေးလိုက်။ အဲ့နားတဝိုက်မှာ ငါ့ကိုမသိတဲ့သူမရှိဘူး။ ကဲ အခုတော့ ငါတို့နှစ်ယောက်လည်း လမ်းခွဲကြတာပေါ့" လို့ပြောကာ သူမက သူမ၏အိတ်ကိုလွယ်၍ ယွမ်ချန်းရှန်အနားကနေ ထွက်သွားတော့သည်။
ချန်ခွန်းထွက်သွားပြီးတာနဲ့ မကြာခင်မှာပဲ ယွမ်ချန်းရှန်လည်း တုန်းဖန်းမြို့ကနေထွက်လာခဲ့တော့သည်။
ဒါပေမဲ့ သူက ဖန်းယန်ရွာသို့ တန်းမပြန်ခဲ့ပေ။
လမ်းမှာရှိတဲ့ ရွာတိုင်းမှာ ခဏဝင်လေ့ရှိကာ ထိုရွာတွေထဲမှာ လူတစ်ယောက်ကိုတွေ့တိုင်း
အမြန်ချည်းကပ်လေ့ရှိပြီး
"ဆေးလိပ်ယူဦးမလား။ ဆေးလိပ်က စက္ကူနဲ့ရှယ်လုပ်ထားတာနော်"
"သကြားလုံး ဝယ်ဦးမလား"
"မင်းတို့အိမ်မှာ ကြွက်တွေသောင်းကျန်းနေလား။ဒါဆိုရင် ငါ့ဆီကနေ ကြွက်သတ်ဆေးကို အမြန်ဝယ်ယူသင့်တယ်နော်"
အရင်တုန်းက သူဟာ ဖန်းမင်းတောင်ကြောတခွင် ပြဲပြဲစင်အောင် အော်ကြောလန်ခဲ့သည်။ ဒါ့ကြောင့်ဘယ်နေရာမှာ ဘယ်သူတွေက ဘာတွေလိုအပ်နေတယ်ဆိုတာကို အကြမ်းဖျင်းသိထား၏။
ဒါ့ကြောင့်မို့လည်း ချန်ခွန်းထဲကနေတဆင့် သူဝယ်ယူလာတဲ့ပစ္စည်းတွေအကုန်လုံးကို အလွယ်တကူပဲ ရောင်းချနိုင်ခဲ့သည်။
ဒါပေမယ့် သူအခုလုပ်နေတာတွေက တရားမဝင်ဘူးဆိုတာကို ယွမ်ချန်းရှန် သိထားသည့်အတွက် တိတ်တဆိတ်ပဲ ရောင်းချခဲ့သည်။
ဒီလိုနဲ့ အိမ်ပြန်ခရီးတဝက်မကျိုးခင်မှာပဲ ချန်ခွန်းဆီကနေ သူ တဆင့်ပြန်ရောင်းဖို့ဝယ်လာသည့်အရာတွေအကုန်လုံး ကုန်သွားတော့သည်။
သူက ချန်ခွန်းထံကနေ ငါးဆယ်ဆင့်ဖိုး ဝယ်လာကာ တဆင့်ပြန်ရောင်းပြီးသည့်နောက် ခုနှစ်ဆယ်ဆင့်ပြန်ရခဲ့သည်။ ဒါဟာသူ့အတွက် အမြတ်အဖြစ် ဆင့်နှစ်ဆယ်ကျန်နေ၏။
ဆင့်ခုနှစ်ဆယ်ဆိုတာ နည်းနည်းနောနောတော့မဟုတ်ပေ။
သူ့အနေနဲ့တစ်လလုံး စားနပ်ရိက္ခာထုတ်လုပ်ရေးအဖွဲ့မှာ ပင်ပင်ပန်းပန်းဖြင့် တစ်လလုံး လုပ်ကိုင်ရင်တောင်မှ ငါးယွမ်ခြောက်ယွမ်ပဲရပါသည်။
အခုချိန်မှာ ဘာမှမပင်ပန်းပဲဖြင့် ဆင့်ခုနှစ်ဆယ်ရခဲ့သည်။ ဒါ့ကြောင့် ယွမ်ချန်းရှန်၏ စိတ်အခြေအနေဟာ အလွန်ကောင်းမွန်နေတော့သည်။
ဒါပေမဲ့ ဒီအကြောင်းတွေကို ဘယ်သူ့ကိုမှ သူပြန်ပြောမှမဟုတ်ပေ။ သူ့မိသားစုကိုတောင်မှ လုံးဝမပြောပြမှာမဟုတ်ပေ။
အထူးသဖြင့် ဒုတိယအကို၏မိန်းမ ဆန်းရှောင်ဟိုင် မသိအောင်ဖုန်းကွယ်ထားရပါမည်။ မဟုတ်ပါက သူမ၏မနာလိုချက်ဖြင့် ထုတ်လုပ်ရေးအဖွဲ့တွေထံ တိုင်ချက်သွားထုတ်လိုက်လျှင် သူတို့တစ်မိသားစုလုံး အဖမ်းခံရနိုင်ပေသည်။
နေ့လည်ကိုရောက်သည့်အခါ ယွမ်ချန်းရှန်ဟာ ဖန်းယန်ရွာသို့ ရောက်ခါနီးလာတော့သည်။ ဒါပေမဲ့ သူက ဖန်းယန်ရွာကိုချက်ချင်းမသွားပဲ ရွှေသရဖူရွာကိုအရင်သွားခဲ့၏။
ဘာလို့လည်းဆိုတော့ ယွမ်ရိနဲ့ယွမ်ချီကျီတို့က နေ့လည်ခင်းမှာဆိုရင် ရွှေသရဖူရွာမှာပဲ စက်ချုပ်တတ်တာကိုသိနေလို့ပင်။
ရွှေသရဖူရွာထဲက စက်ချုပ်ဆိုင်ကိုရောက်တာနဲ့ ယွမ်ချန်းရှန်ဟာ သူ့အိတ်ထဲကနေ ယွမ်ရိမှာတဲ့ပစ္စည်းတွေကို ထုတ်လိုက်ပြီး ယွမ်ရိထံပေးလိုက်သည်။
ယွမ်ရိဟာ သူမဦးလေးထုတ်ပေးသည့်ပစ္စည်းတွေကို ဝမ်းသာအားရ လက်ခံလိုက်ပြီး
"ကျေးဇူးတင်ပါတယ်။ ဦးလေးငါး" လို့ ပြောလိုက်သည်။
ယွမ်ချန်းရှန်ကလည်း ပျော်ရွှင်နေသော လေသံဖြင့်
"နောက်ပိုင်း တစ်ခုခု ဝယ်စရာရှိသေးရင်လည်း ဦးလေးကိုပြောနော်" လို့ ပြောလိုက်၏။
ယွမ်ရိက ခေါင်းတညိတ်ညိတ်ဖြင့်
"ဟုတ်ကဲ့ပါဦးလေးရဲ့။ ဦးလေးလည်း သမီးကြောင့် ပင်ပန်းသွားရပြီ"
ယွမ်ချန်းရှန်လည်း လက်ခါလိုက်ပြီး
"အိုက်ယားးး အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးဟာ။ ဒီတောင်ပေါ်လမ်းပေါ်မှာ လမ်းလျှောက်ရတာလောက်က တောင်ပေါ်ကသတ္တုတွင်းမှာ သတ္ထုတူးရတာလောက် ပင်ပန်းပါဦးမလား"
အမှန်တကယ်တော့ ယွမ်ချန်းရှန်ဟာ အပြင်ထွက်ပြီး လျှောက်သွားရတာကို သဘောကျသည်။ အထူးသဖြင့် မရောက်ဖူးသေးသည့်နေရာတွေကို စူးစမ်းလေ့လာချင်ခဲ့သည်။
အခုချိန်မှာ သူ့အတွက် ဂွင်ကောင်းတစ်ခုတွေ့နေ၏။ထိုအရာကတော့ အပြင်လည်းထွက်ရ၊ ချန်ခွန်းထံကနေ ပစ္စည်းတွေကိုတဆင့်ယူပြီး ခရီးလမ်းတစ်လျှောင်ပ့န်ရောင်းရင် ပိုက်ဆံလည်းရသည့်အလုပ်ပဲ ဖြစ်သည်။
ဒါ့ကြောင့် ယွမ်ချန်းရှန်၏စိတ်တွေ အလွန်တက်ကြွနေကာ ဖြစ်နိုင်ပါက အခုချက်ချင်းပဲ တုန်းဖန်းမြို့သို့နောက်တစ်ကြိမ် ပြေးလွှားသွားချင်စိတ်များ ယွမ်ချန်းရှန်စိတ်ထဲ တနုံ့နုံ့ခံစားနေရတော့သည်။
ယွမ်ချီကျီကလည်း ရယ်ရင်းမောရင်းဖြင့် ယွမ်ချန်းရှန်အား
"ငါ့မောင်ကတော့ ငယ်ငယ်လေးတုန်းကလိုပဲ တစက်မှ မပြောင်းလဲဘူး။ အပြင်ထွင်နေရရင် ဘယ်တော့မှ ပင်ပန်းတယ်၊ မောတယ်ရယ်လို့မရှိဘူး" လို့ ဝင်အရွှန်းဖောက်လိုက်တော့သည်။
သုံးယောက်သား ရယ်သံတညံညံဖြင့် စကားကောင်းနေကြစဉ်မှာဘဲ အပြင်ကနေ
"စက်ချုပ်ဆရာမလေး ရှိလား" ဆိုသည့်အသံကို ကြားလိုက်ကြရသည်။
ယွမ်ရိလည်း
"ဟုတ်ကဲ့။ ရှိပါတယ်ရှင့်" လို့ အသံပြန်ပေးလိုက်သည်။
ပြီးတာနဲ့ ယွမ်ချီကျီနဲ့အတူ ခြံအပြင်ကိုထွက်ခဲ့၏။
ခြံအပြင်မှာတော့ ဆံပင်တိုတိုတိုဖြင့် အမျိုးသမီးတစ်ဦးဟာ အသက်နှစ်ဆယ်အရွယ်လူငယ်တစ်ဦးဖြင့် ဘေးချင်းကပ်ရပ်နေသည်။ လူငယ်၏မျက်နှာပေါက်နဲ့ အမျိုးသမီး၏မျက်နှာပေါက်က ဆင်တူ၍ ထိုလူနှစ်ယောက်ဟာ သားအမိများဖြစ်နိုင်ပေသည်။
ယွမ်ရိနဲ့ယွမ်ချီကျီလည်း ထိုသားအမိနှစ်ယောက်ကို အိမ်ထဲဖိတ်ကာ
"အဝတ်အစားကို အသစ်ချုပ်ဖို့လား။ ချုပ်ပြီးသားကို ပြင်ဖို့လား" လို့ ရည်ရည်မွန်မွန် မေးလိုက်ကြ၏။
ထိုမေးခွန်ကြောင့် ဆံပင်တိုဖြင့် အမျိုးသမီးက ဂုဏ်ယူဝင့်ကြွားစွာပြုံးလိုက်သည်။
သူမက ယွမ်ရိအား
"ကျမရဲ့သားက မြို့ပေါ်မှာ အလုပ်ကောင်းတစ်ခုကိုရခဲ့တယ်လေ။ ဒါ့ကြောင့် သူ့အတွက် ဝတ်စုံအသစ်လေး နှစ်စုံ၊ သုံးစုံလောက် ချုပ်ပေးချင်နေတာ။ အဲ့တာ စက်ချုပ်ဆရာမလေးကို ကျွန်မတို့အိမ် ဖိတ်ချင်လို့"
ယွမ်ရိဟာ ဆံပင်တိုအမျိုးသမီးပြောသမျှကို ပြုံးပြုံးလေးဖြင့် နားထောင်နေခဲ့သည်။ ယွမ်ချီကျီကတော့ ဆံပင်တိုအမျိုးသမီး၏သားကို ကိုယ်တိုင်းယူဖို့အတွက် ပေကြိုးကိုသွားယူခဲ့သည်။
ဆံပင်တိုအမျိုးသမီးက သူမသယ်လာသည့်အထုပ်ကိုဖြည်ကာ အထဲမှ ပိတ်စနှစ်ခုကိုထုတ်လိုက်ပြီး
"ဒီကတ္တီပါပိတ်စနဲ့လက်တင်ပိတ်သားနှစ်မျိုးကိုတော့ အဒေါ်ဝယ်လာခဲ့တယ်။ ဒီနှစ်မျိုးနဲ့ဆိုရင် ဘယ်လိုပုံစံလေးတွေ ချုပ်လို့အဆင်ပြေမလဲ"
ယွမ်ရိလည်း ပိတ်စနှစ်ခုကိုအကဲခတ်ပြီးနောက်
"အဒေါ့်သားက မြို့ပေါ်မှာ အလုပ်လုပ်မှာဆိုတော့ မြို့ပေါ်မှာ ခေတ်စားနေတဲ့ပုံစံလေးတွေ ချုပ်ပေးပါ့မယ်ရှင့်။
ထိုစကားကြောင့် ဆံပင်တိုအမျိုးသမီးရဲ့မျက်ဝန်းတွေ တောက်ပသွားကာ
"တကယ်ပဲလားကွယ်"
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်ပါတယ်အဒေါ်။ ကျွန်မ ဝတ်စုံပုံစံလေးတွေ ဆွဲပေးပါ့မယ်။ အဲ့ထဲက အဒေါ်အဆင်ပြေမယ့်ဟာလေးတွေ ရွေးပေးပေါ့ရှင်"
ဆံပင်တိုအမျိုးသမီးလည်း ပြုံးလိုက်ပြီး
"ရပါတယ်ကွယ်။ မင်းအဆင်ပြေသလိုလုပ်ပါ။ ဒါဆိုရင် မနက်ဖြန် မင်းကိုခေါ်ဖို့အတွက် လူလွှတ်လိုက်မယ်နော်။ ရွာက အခြားလူတွေကလည်း ချုပ်ချင်တာလေးတွေ ရှိတယ်လို့ အဒေါ့်ကို မှာလိုက်ကြတယ်ကွယ်။ ဒီတော့ အဒေါ်တို့ရွာမှာ နည်းနည်းကြာကြာလေးနေရနိုင်တယ်နော်"
ယွမ်ရိလည်း ခေါင်းတညိတ်ညိတ်ဖြင့်
"ကောင်းပါပြီရှင်။ ကျွန်မ လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ထားလိုက်ပါ့မယ်"
ထို့နောက်သူမက
"ဒါနဲ့ အဒေါ်တို့ရွာနာမည်က ဘာလဲရှင့်"
လို့ ထပ်မေးလိုက်၏။
ဆံပင်တိုအမျိုးသမီးက ညှင်သာစွာပြုံးလိုက်ပြီး
"အဒေါ်က တောင်ပံနီကျေးရွာကပါကွယ်"
လို့ ပြန်ဖြေပေးလိုက်တော့သည်။
ထိုနာမည်ကြောင့် ယွမ်ရိနဲ့ယွမ်ချီကျီတို့ဟာ ယွမ်ချန်းရှန်အား ကြည့်လိုက်မိကြသည်။
ယွမ်ချန်းရှန်ကလည်း အံ့အားသင့်သွားဟန်ဖြင့် ဆံပင်တိုအမျိုးသမီးအား
"တောင်ပံနီရွာကဆိုတော့ ရှဲ့သောင့်ကို သိသလား"
လို့ မေးလိုက်၏။
ထိုအခါ ဆံပင်တိုတိုအမျိုးသမီးက ယွမ်ချန်းရှန်ကို သေချာအကဲခတ်လိုက်၏။ ခဏကြာမှ အမှတ်ရသွားဟန်ဖြင့်
"ဪ နင်ကရှဲ့သောင့်ရဲ့အိမ်ထောင်ဖက်ဖြစ်ခဲ့ဖူးတဲ့သူကိုးးးးရှဲ့သောင့်လေးကတော့ နောက်ထပ်လူနှစ်ယောက်နဲ့ တွေ့ကြည့်ပြီးသွားပြီ။ ဒါပေမယ့် အဆင်မပြေပါဘူးဟယ်။ ဒါ့ကြောင့် နင့်မှာအခွင့်အရေးရှိသေးတယ်နော်။"
ယွမ်ချီကျီက
"ဘာအခွင့်အရေးလဲလို့"
ရုတ်ခြည်း ဝင်မေးလိုက်သည်။
ထိုအခါ ယွမ်ချန်းရှန်၏ မျက်နှာအမူအရာပြောင်းလဲသွားရတော့သည်။
'သေစမ်း။ ဒီအမျိုးသမီးက တတိယအမကို ငါတို့မသိစေချင်တဲ့အရာတွေ ပြောတော့မှာထင်တယ်။ မဖြစ်ဘူး ငါမြန်မြန်တားမှဖြစ်မယ်'
ဒါ့ကြောင့် ယွမ်ချန်းရှန်လည်း ဆံပင်တိုတိုဖြင့်အမျိုးသမီးအား တားဖို့လုပ်ပေမယ့် သူမ၏သားက လမ်းပိတ်ထား၏။
ထိုအချိန်မှာပဲ ဆံပင်တိုတိုအမျိုးသမီးက ယွမ်ချီကျီကိုကြည့်ကာ
"သူတို့ပေးတဲ့အခွင့်အရေးက ယွမ်အိမ်ရဲ့တတိယသမီးနဲ့ဆိုင်တယ်ကွယ့်။ ယွမ်မိသားစုကသာ သူတို့ရဲ့တတိယသမီးကို ယောက္ခမအိမ်ပြန်ပို့ပေးရင် သူတို့ရဲ့သမီးရှဲ့သောင့်နဲ့လက်ထပ်ပေးမယ်တဲ့။ ပြန်မပို့ရင်တော့ လက်ထပ်မပေးနိုင်ဘူးတဲ့"
ထိုစကားတွေကို နားထောင်ပြီးသည့်နောက် ယွမ်ချီကျီ၏မျက်နှာမှာ စိတ်မကောင်းခြင်းတွေ၊ ကိုယ့်ကိုယ်ကိုယ်အပြစ်တင်စိတ်တွေဖြစ်ပေါ်လာကာ ယွမ်ချန်းရှန်အား ညှိုးငယ်စွာကြည့်လိုက်၏။
ယွမ်ချန်းရှန်ဟာလည်း အံတကြိတ်ကြိတ်ဖြင့် သူ့မျက်လုံးကို အသာအယာမှိတ်လိုက်တော့သည်။
ယွမ်ရိလည်း ထိုစကားတွေကြောင့် အံ့အားသင့်သွားရသည်။ သူမက သူမဦးလေးအား အံ့အားသင့်စွာဖြင့်စိုက်ကြည့်လိုက်၏။
'ဒီတော့ အိမ်ကလူတွေက ဒီအကြောင်းတွေကို တတိယအဒေါ်မသိအောင် ဖုံးကွယ်ထားကြတာထင်တယ်'
ယွမ်ချီကျီက ယွမ်ချန်းရှန်ကိုကြည့်ကာ
"မောင်လေး။ ဒီအကြောင်းတွေက အမှန်ပဲလားကွယ်" လို့ စိတ်မကောင်းခြင်းများစွာဖြစ်တည်နေသည့် လေသံဖြင့်မေးမြန်းလိုက်၏။
ယွမ်ချန်းရှန်လည်း ကပျာကယာဖြင့်
"တတိယအမ။ သူ့စကားကိုနားမထောင်နဲ့ အဲ့တာတွေကအမှန်မဟုတ်ဘူးနော်"
ဒီတစ်ခါ အံ့အားသင့်ရမည့်အလှည့်က ဆံပင်တိုတိုအမျိုးသမီးအလှည့်ပင်။ သူမက ယွမ်ချန်းရှန်၏စကားကြောင့် အလွန်အံ့အားသင့်သွားဖြင့် ယွမ်ချီကျီအား
"မင်းက ယွမ်အိမ်ရဲ့တတိယသမီးလား"
လို့ ကြောင်အအ အမူအရာဖြင့်လှည့်မေးလိုက်သည်။
ပြီးတော့ သူမက ယွမ်ရိဘက်ကိုလှည့်ကာ
"မင်းကရော ယွမ်ချန်းရှန်နဲ့ဘာတော်တာလဲ"
ယွမ်ရိ
"ကျမက သူ့တူမ"
ဆံပင်တိုတိုအမျိုးသမီးဟာ မကြာသေးခင်က သူမပြောခဲ့သည့် စကားတွေကြောင့် တစ်ကိုယ်လုံးနည်းနည်းတောင့်သွား၏။ တခဏကြာမှ ယွမ်ရိအား
"တောင်ပေါ်က လူအများစုက မင်းကို စက်ချုပ်ဆရာမလေးအဖြစ်ပဲ သိကြပြီး ဘယ်ရွာ၊ ဘယ်အိမ်က၊ ဘယ်သူ့သမီးလဲလို့ မသိကြဘူး။ လက်စသတ်တော့ မင်းက ဖနစ်မျက်လုံးရွာ၊ ယွမ်အိမ်ကလူတစ်ယောက်ဖြစ်နေခဲ့တာပဲ။ ဒါနဲ့ မင်းရဲ့ တတိယအဒေါ်ကရော စက်ချုပ်တတ်တာလား" လို့ စကားလမ်းကြောင်း ပြောင်းမေးလိုက်၏။
ယွမ်ရိက ခေါင်းညိတ်ကာ
"ဟုတ်တယ်။ ကျွန်မရဲ့တတိယအဒေါ်က စက်ချုပ်တတ်တယ်။ သူမရဲ့ လက်ရာကလည်း အရမ်းကောင်းတယ်"
ထို့နောက် ဆံပင်တိုတိုနဲ့အမျိုးသမီးဟာ စကားနည်းနည်းပြောပြီးသည့်နောက် သူမယူလာသည့် ပိတ်စတွေကို အထုပ်ထဲ သေချာပြန်ထည့်လိုက်သည်။ ပြီးသည့်နောက် ယွမ်ရိအား
"စက်ချုပ်ဆရာမလေး အဒေါ်တို့ ပြန်လိုက်ဦးမယ်ကွယ်။ မနက်ဖြန်ကျရက် မင်းကိုခေါ်ဖို့ လူလွှတ်လိုက်ပါ့မယ်" လို့ပြောကာ ပြန်ဖို့ပြင်တော့သည်။
"ဖြည်းဖြည်းသွားပါရှင်"
ယွမ်ရိကလည်း နှုတ်ဆက်လိုက်၏။
ဆံပင်တိုအမျိုးသမီးဟာ သူမသား၏လက်ကိုဆွဲလို့ အဝေးကိုထွက်သွားတော့၏။
ထိုလူနှစ်ယောက် ထွက်သွားတာနဲ့ ခြံထဲမှာ ယွမ်ရိ၊ယွမ်ချီကျီနဲ့ယွမ်ချန်းရှန်တို့ သုံးယောက်ပဲ ကျန်တော့သည်။
ယွမ်ချီကျီက ယွမ်ချန်းရှန်အား
"ဘာလို့ ငါ့ကိုမပြောခဲ့ရတာလဲ" လို့ ထပ်မေး၏။
ယွမ်ချန်းရှန်က ပုခုံးတွန့်လျက်
"အဲ့တာက အရေးမှမပါတာ။ ဒါ့ကြောင့်မို့ အမကိုပြောမနေတော့တာ"
"ဒါပေမယ့် နင်က ရှဲ့သောင့်ကို ကြိုက်နေတယ်မဟုတ်ဘူးလား" ယွမ်ချီကျီက ထပ်မပြန်သည်။
ယွမ်ချန်းရှန်က အနီးနားမှရှိသည့် ခုံမှာဝင်ထိုင်လိုက်ပြီး
"အမရယ် တစ်လကျော်ကျော်လေး သွားတွေ့ကြည့်ရုံနဲ့ သူ့ကိုကြိုက်သွားတယ်ဆိုတာကြီးက ဖြစ်နိုင်ပါ့မလား။ ပြီးတော့ သူတို့မိသားစုက လက်မထပ်ခင်အချိန်မှာတောင် ဒီလိုတောင်းဆိုချက်မျိုး လုပ်နေတာ၊ လက်သာထပ်ပြီးသွားလို့ကတော့ ဒီထက်ပိုဆိုးတာတွေပါ တောင်းဆိုလာနိုင်တယ်လေ။ အဲ့လိုလူတစ်ယောက်ကို လက်ထပ်ဖို့အတွက် ကိုယ့်အမကို အိမ်ကနေမောင်းထုတ်ဖို့ဆိုတာကြီးက မမိုက်ပါဘူးဗျာ"
ယွမ်ချီကျီက
"ဒါဆိုရင် နင့်အိမ်ထောင်ရေးးးးး"
ယွမ်ချီကျီ၏ စကားမဆုံးခင်မှာပဲ ယွမ်ချန်းရှန်က ဖြတ်ပြောလိုက်တော့သည်။
"တတိယအမ ကျွန်တော့် အိမ်ထောင်ရေးအတွက် ကျွန်တော့်ဘာသာပဲ ဆုံးဖြတ်ပါ့မယ်ဗျာ။ စောင့်သာကြည့်နေကြပါ အဲ့ဒီရှဲ့သောင့်ထက်သာတဲ့ မိန်းကလေးမျိုးကို ကျွန်တော်ယူပြမယ်ဗျာ"
ယွမ်ချီကျီက သူ့မောင်ကိုသာ စိတ်မကောင်းဖြစ်စွာကြည့်နေတော့သည်။
ဒါ့ကြောင့် ယွမ်ရိလည်း မနေသာတော့ပဲ ယွမ်ချီကျီအား
"တတိယအဒေါ် စိတ်မကောင်းမဖြစ်ပါနဲ့။ ဦးလေးက ကောင်းမွန်တဲ့မိန်းကလေးတစ်ယောက်ကို သေချာပေါက်လက်ထပ်နိုင်မှာပါ" လို့ပြောကာ နှစ်သိမ့်လိုက်၏။
ထိုအခါမှ ယွမ်ချီကျီကလည်း အငိုမျက်လုံးအပြုံးမျက်နှာဖြင့် သက်ပြင်းတစ်ခုချကာ
"သေချာတာပေါ့။ ငါ့မောင်လုပ်နိုင်မယ်ဆိုတာ ငါသေချာပေါက်ပြောရဲတယ်" လို့ ပြောလိုက်တော့သည်။
တစ်ဖက်မှာတော့ ဆံပင်တိုတိုနဲ့အမျိုးသမီးဟာ သူမသားနဲ့အတူ တောင်ပံနီရွာကို ပြန်ရောက်လာကြတော့သည်။ ရွာထဲကိုရောက်တာနဲ့ သူတို့ဟာ ကိုယ့်အိမ်ကိုယ်အရင်မပြန်ကြ။ ရှဲ့မိသားစုအိမ်သို့ ဝင်လိုက်သေး၏။
ဆံပင်တိုတိုအမျိုးသမီးက ရှဲ့သောင့်၏မိခင်အား
"ဟဲ့ နင့်သမီးတော့ အများကြီးဆုံးရှုံးသွားပြီထင်တယ်နော်"
ရှဲ့သောင့်၏အမေက ဆံပင်တိုတိုအမျိုးသမီးစကားကို နားမလည်သဖြင့်
"ဘာတွေဖြစ်တာလဲဆိုတာ ရှင်းအောင်ပြောစမ်းပါဟယ်"
Report content on this page