မင်းသား၃ဆောင်းဟွန်းတစ်ယောက် ဘုရင်ကြီးကို ပြဿနာတွေကူညီေဖြရှင်းပေးေနရင်း အင်ပါယာမြို့တော်တွင် သောင်တင်နေစဉ် မြူနှင်းငွေ့ဒေသရှိ ဂျယ်ယွန်းထံသို့ စာလွှာရောက်ရှိလို့လာခဲ့ပြီဖြစ်သည်။
အိမ်တော်ထိန်းဟီက ဂျယ်ယွန်းထံသို့ အမတ်ကြီး၏ အမိန့်စာလွှာကို ပေးအပ်လိုက်သော်လည်း သူ၏ မျက်၀န်းထဲတွင် သခင်ဖြစ်သူအား ရိုသေလေစားမှု နည်းနည်းလေးတောင်မရှိနေဘဲ အထင်မြင်သေးခြင်းများပြည့်နှက်နေသည်။
ခန္ဓာကိုယ်ပေါ်တွင် ၀တ်ကောင်းစားလှများ ၀တ်ဆင်ထားသည့် အိမ်တော်ထိန်းက သူဌေးသူကြွယ်တစ်ဦးသဖွယ်ဖြစ်နေပြီး ရိုးရှင်းစွာဆင်ယင်ထားသော ဂျယ်ယွန်းနှင့်ယှဉ်လျှင် ဘယ်သူကသခင် ဘယ်သူက အစေခံမှန်းပင် မသိနိုင်ပေ။
သူက သခင်ဖြစ်သူအား ခေါင်းငုံ့အရိုအသေပေးရကောင်းမှန်းမသိဘဲ မောက်မာထောင်လွှားလျက် အရိုအသေတန်နေပုံကြောင့် နို့ထိန်းမာမားမှာ အံကြိတ်ကာ ဒေါသထွက်နေတော့သည်။
ဂျယ်ယွန်းက အိမ်တော်ထိန်းအား ဂရုမစိုက်ဘဲ စာလွှာပါအကြောင်းအရာကြောင့် သက်ပြင်းလေးချလိုက်သည်။
"တကယ်ပါပဲ ဦးလေးတို့က ဘာဖြစ်ချင်နေပါလိမ့်"
ဂျယ်ယွန်း သေလား ရှင်သလားပင် စိတ်မ၀င်စားသာ ဦးလေးဖြစ်သူမှာ ဆယ်စုနှစ် တစ်ခုကြာအောင် သူ့အား ပစ်ပယ်ခဲ့ပြီး ယခုအချိန်အခါမှ မြို့တော်သို့ အခေါ်လွှတ်နေပြန်သည်မို့ တကယ်ပင် နားမလည်နိုင်တော့ပေ။
ကြည့်ရတာ ဦးလေးက အသုံးမကျဘူဟု ထင်မှတ်ထားသည့် သူ့ကို အသုံးချစရာနေရာ ရှာတွေ့သွားပြီထင်ပါရဲ့လေ။
ဂျယ်ယွန်းမှာဖြစ်နိုင်ရင် သူတစ်ခါမှမမြင်ဖူးသော ထိုသူများထံသို့ သွားချင်စိတ်မရှိပေ။
နယ်စပ်ဒေသမှာ ချို့တဲ့စွာနေရသော်လည်း အနည်းဆုံးတော့ သူလုပ်ချင်ရာကိုလုပ်နိုင်ပြီး စိတ်ချမ်းသာရသေးသည်။
မြို့တော်သို့ရောက်သွားလျှင် သူ၏ ဘ၀က ပိုပြီးဆိုးလာမလားဆိုတာ ဘယ်သူမှမသိနိုင်ပေ။
ဂျယ်ယွန်းက စာလွှာကို ပိတ်သိမ်းကာ စားပွဲပေါ်တင်ရင်း အိမ်တော်ထိန်းဟီကိုမေးလိုက်သည်။
"ကျွန်တော် မသွားချင်ဘူး
မသွားဘူးဆိုရင်ေရာဘယ်လိုဖြစ်မလဲ"
အိမ်တော်ထိန်းဟီက ယုတ်မာစွာပြုံးကာ လက်ခုပ်တီးလိုက်သောအခါ လက်နက်ကိုင် အစေခံများက ဂျယ်ယွန်း၏ အိမ်ခန်းကိုဝန်းရံလိုက်ကြသည်။
"အမတ်ကြီးရဲ့ အမိန့်ကိုမနာခံရင် ဒီအိမ်တော်မှာ သခင်လေးအတွက်နေရာမရှိပါဘူး
သခင်လေးကို လမ်းမပေါ်ထွက်သွားခိုင်းတာမဟုတ်ရင် မြို့တော်ကိုအတင်းအကြပ်ဖမ်းဆီးခေါ်ဆောင်သွားကြမှာပါ
သခင်လေးရဲ့ အထိန်းတော်တွေအတွက်ကတော့ အဆင့်နိမ့်တဲ့ ပြည့်တန်ဆာအိမ်ကိုပို့ပြီးရောင်းစားလိုက်ပါလိမ့်မယ် ကျေးဇူးပြုပြီး သေချာစဉ်းစားကြည့်ပါ"
*မောင်းထုတ်မယ်? ဒီလောက် အေးခဲနေတဲ့ ရာသီဥတုမှာ လမ်းမပေါ် နှင်ချလိုက်တာဟာ သူ့ကို သေအောင်စွန့်ပစ်လိုက်တာနဲ့ အတူတူပဲမဟုတ်လား*
ဒါ့အပြင် ဂျယ်ယွန်းမှာ သူ့ကိုယ်သူအတွက် စိတ်မပူသော်လည်း သူ၏အထိန်းတော်များ ရောင်းစားခံရမည့်အဖြစ်ကိုတော့ စိုးရိမ်ပူပန်မိလေသည်။
အဆင့်နိမ့်ပြည့်တန်ဆာအိမ်ဆိုသည်မှာ အလွန်ဆိုးဝါးသော ဂုဏ်သီတင်းဖြင့် ကျော်ကြားသည့်နေရာဖြစ်သည်မို့ ထိုနေရာသို့ သူ၏လူများကိူ မည်သည့်နည်းဖြင့်မှ အရောက်မခံနိုင်။
ဂျယ်ယွန်း၏ အမြဲအေးချမ်းနေသည့် မျက်နှာလေးမှာ ယခုဆိုလျှင် ဒေါသရိပ်တွေထင်ဟပ်လျက် ပူပန်နေဟန်ပေါ်လေသည်။
အထိန်းတော်များမှာ သူတို့ရှေ့ရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး ရာထူးအကြီးဆုံးဖြစ်ေသာ နို့ထိန်းမေမေမှာလဲ အိမ်တော်ထိန်းအား ဒေါသတကြီးဖြင့် အော်ဟစ်လိုက်သည်။
"ကျေးဇူးကန်းတဲ့ အမျိုးယုတ် ရှင်ကများ သခင်လေးအပေါ် ဒီလိုဆက်ဆံရဲသတဲ့လား
သခင်လေး ကျွန်တော်မျိုးမတို့ကို ဂရုမစိုက်ပါနဲ့ သခင်လေးမြို့တော်ကိုသွားလို့မဖြစ်ဘူး"
အထိန်းတော်တို့မှာ သူတို့၏ အဖြစ်ဆိုးကို ကြောက်ရွံ့နေကြသော်လည်း ဂျယ်ယွန်းအား မြို့တော်သို့မလွှတ်လိုက်နိုင်။
လက်ထောက်တရားရေးအမတ်၏ အိမ်တော်သည် ဂျယ်ယွန်းအဖို့ဆိုလျှင် သူ့အား ဂုတ်သွေးစုပ်မည့် မကောင်းဆိုးဝါးများဖြင့် ပြည့်နေသော ဂူတစ်ခုဖြစ်နေလိမ့်မည်။
သူတို့၏သခင်လေးမှာ ထိုသူများလက်ထဲတွင် အရေဆုတ်ခံရသော ယုန်သူငယ်လေး ပမာဖြစ်သွားမည်ကို ကြိုတင်သိနေတာကြောင့် အထိန်းတော်များမှာ မျက်ရည်များဖြင့် ကြည့်ကာ ဂျယ်ယွန်းအား သူတို့အတွက် မစဉ်းစားပေးပါရန် လျှောက်တင်ကြသည်။
ဤကဲ့သို့ သစ္စာတရားကြီးမားပြီး ရင်ထဲထိစရာမြင်ကွင်းကိုကြည့်ကာ သခင်အပေါ် သစ္စာမရှိသော အိမ်တော်ထိန်းက နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်။
"သခင်လေးရဲ့ သဘောထားကဘယ်လိုပါလဲ မြန်မြန်ဆုံးဖြတ်ပါ ကျွန်တော်မျိုးမှာ အချိန်မရှ်ိဘူး"
နို့ထိန်းမာမားက စိတ်တိုလွန်းသဖြင့် အော်ဟစ်ကာ ထုနှက်ရန်ပြင်သောအခါ လက်နက်ကိုင်အစေခံများက ဂျယ်ယွန်းနှင့် အထိန်းတော်များအား လက်နက်များဖြင့် ချိန်ရွယ်၍ ခြိမ်းခြောက်နေတော့သည်။
ထိုသူတို့မှာ သူတို့၏သခင်အဖြစ် အိမ်ေတာ်ထိန်းကိုသာ သစ္စာခံပြီးဟန်ပေါ်လေသည်။
ဂျယ်ယွန်းက အာဏာမရှိသော သူ့ဘ၀သူသာ အပြစ်တင်ကာ နွမ်းနယ်ဟန်ဖြင့် မျက်လုံးများမှိတ်ရင်း ဖြေလိုက်သည်။
"ကောင်းပြီ မြို့တော်ကိုသွားဖို့ အသင့်ပြင်လိုက်ပါ"
"သခင်လေး မဖြစ်ပါဘူး ပြန်စဉ်းစားပါဦး"
"ဟုတ်ပါတယ် သခင်လေး မြို့တော်မှာ သခင်လေးအတွက် အန္တရာယ်များပါတယ်"
သူ့အတွက် ငိုယိုကာ တောင်းပန်နေကြသော အထိန်းတော်များအာ ဂျယ်ယွန်းက နှစ်သိမ့်ပေးလိုက်သည်။
"အမြဲတမ်းရှောင်နေလို့မှမဖြစ်နိုင်တာ ထပ်မပြောကြနဲ့တော့ ငါဆုံးဖြတ်ပြီးပြီ"
အိမ်တော်ထိန်းဟီက သူ၏အာဏာကို မလွန်ဆန်နိုင်သော ဂျယ်ယွန်းအား အထင်မြင်သေးသည့်အကြည့်များကို မဖုံးကွယ်တော့ဘဲ သူ၏ ၀တ်ရုံလက်များကို ခါယမ်းကာ လက်နက်ကိုင် အစေခံများကို ခေါ်ယူ၍ ပြန်ထွက်သွားတော့လေသည်။
ဤသို့ဖြင့် အင်ပါယာမြို့တော်သို့ သွားရမည့် ခရီးစဥ်က ဂျယ်ယွန်းအတွက် ရှောင်လွှဲမရဖြစ်လို့လာခဲ့လေပြီ။
အမတ်ကြီးအိမ်တော်မှ အလျင်လိုနေသည့်အတွက် ဂျယ်ယွန်းမှာ နောက်တစ်ရက်နေသည်နှင့် ထွက်ခွာဖို့ရာပြင်ရတော့သည်။
အထိန်းတော်များက ပစ္စည်းများသိမ်းဆညိးနေချိန် ဂျယ်ယွန်းမှာ ပြတင်းပေါက်ကို မျက်နှာမူလျက် မတ်မတ်ရပ်လို့နေသည်။
ဂျယ်ယွန်းက သိသိသာသာ မပျော်မရွှင်ဖြစ်နေသော်လည်း ခါးတွင် ချိတ်ဆွဲထားသော ကျောက်စိမ်းပြားလေးကို ကိုင်ကာ အတွေးနယ်ချဲ့ရင်း အပြင်ဘက်သို့ငေးမောနေသည်။
သူတို့သခင်လေးဘာတွေတွေးနေသလဲ အတိအကျမသိသော်လည်း သူ၏အတွေးများမှာ ကျောက်စိမ်းပြားပိုင်ရှင်နှင့် ပတ်သတ်နေလိမ့်မည်ကိုတော့ အထိန်းတော်များ သိနိုင်ကြလေသည်။
*ဟူး သခင်လေး သူစိမ်းလူတစ်ယောက်ကို မချစ်မိသွားဖို့ မျှော်လင့်ရတာပဲ*
နောက်တစ်နေ့မနက်စောစော၌ အိမ်တော်ထိန်းဟီ ပြင်ဆင်ပေးထားသော ရထားလုံးနှစ်စိီးက ဂျယ်ယွန်း အိမ်တော်ရှေ့ဆိုက်ရောက်လို့လာခဲ့သည်။
အိမ်တော်ထိန်းဟီက အရည်အသွေးညံ့ဖျင်းသော ရိက္ခာခြောက်များကို ဂျယ်ယွန်းတို့ထံပေးအပ်ရင်း နှုတ်ဆက်လိုက်သည်။
"ဒီမယ် အဘိုးကြီး ရှင့်လုပ်ရပ်က မလွန်လွန်းဘူးလား သခင်လေးက အင်ပါယာမြို့တော်အထိ ခရီးနှင်ရမဲ့ဟာကို ဒီလို ပမာဏနည်းနည်းလေးနဲ့ ညံ့ဖျင်းတဲ့ ရိက္ခာတွေပဲ ထည့်ပေးရသလား ရှင့်ရဲ့ စိတ်ဓာတ်က ဘယ်လိုတောင် ရွံဖို့ကောင်းနေပြီလဲ"
နို့ထိန်းမာမားက သူမ၏ဒေါသကိုမထိန်းနိုင်တော့ဘဲပေါက်ကွဲမိလေသည်။
သခင်လေးမှာ ဤကာလတစ်လျှောက်လုံး လွဲမှားစွာ ဆက်ဆံခံခဲ့ရသည့်အပြင် သူထွက်သွားတော့မည့်အချိန်တွင်ပင် သူတို့က သခင်လေးအား ဆိုးဆိုးရွားရွားဆက်ဆံရဲသေးသည်။
အထိန်းတော်များမှာ ဒေါသထွက်ရလွန်းလို့ မျက်နှာများပင် နီလာလေသည်။
ဤသို့ သိမ်ဖျင်းလှသော ရိက္ခာများမှာ အောက်ခြေလူတန်းစားများစားသည့်အရာမျိုးဖြစ်ပြီး သခင်လေးလိုအထက်တန်းလွှာများအဖို့ မြင်တောင်မြင်ဖူးမည်မဟုတ်ပေ။
ပမာဏကလဲနည်းပါးလွန်းပြီး သည်အတိုင်းသာဆိုလျှင် သူတို့မှာ ခရီးတစ်လျှောက် ငတ်ပြတ်လျက် သွားရပေလိမ့်မည်။
အစေခံများက တွေးလေလေဒေါသထွက်လေ ဖြစ်သော်လည်း ကာယကံရှင် ဂျယ်ယွန်းမှာမူ စိတ်ရှုပ်ဟန်ဖြင့် မျက်ခုံးတန်းလေးေတွသာစုကြုံ့ထားရင်း သောင်းကျန်ေနသည့် သူ့အထိန်းတော်တွေအား လက်ကာလိုက်သည်။
"ငြင်းခုန်မနေပါနဲ့ေတာ့ အချိန်မလင့်ခင် သွားကြရအောင်"
"ဒါပေမဲ့ သခင်လေးအတွက်ရိက္ခာတွေကို ဒီအဘိုးကြီး ဖြတ်စားထားတာသူ့ကို တရားစွဲရမယ်"
"မလိုပါဘူး ငါလဲ မြို့တော်ကိုသွားတော့မှာပဲ သူစားချင်သပဆိုလဲစားပါစေပေါ့ ကိုယ်ကျင့်တရားကိုရောင်းစားပြီး စားရမဲ့ ထမင်းတစ်နပ်က ဘယ်လောက်များစားကောင်းနိုင်မှာလဲ"
ဂျယ်ယွန်း၏စကားကြောင့် အထိန်းတော်များမှာ ပျော်သွားသလို အိမ်တော်ထိန်းတို့မိသားစုတစ်ခုလုံးမှာ ရှက်ရွံ့သွားကြသည်။
သူတို့နေ့စဉ်စားသောက်သုံးစွဲနေသမျှသည် ဂျယ်ယွန်း၏ ပိုင်ဆိုင်မှုများသာဖြစ်ပြီး သူတို့ဟာ သခင့်ဥစ္စာကို ခိုးယူထားတဲ့ အစေခံများသာ။
အိမ်တော်ထိန်းတို့အဖွဲ့ ဘာမှပြန်မပြောနိုင်ခင်မှာပဲ ဂျယ်ယွန်တို့အားလုံးမှာ ရထားလုံးပေါ်တက်သွားကြ၍ နေရာတွင် ရပ်နေသော အိမ်တော်ထိန်းမိသားစုမျက်နှာတည့်တည့်သို့ ဖုန်လုံးများသာ ချန်ရစ်ခဲ့ဝောာ့သည်။
ဂျယ်ယွန်းမှာ ရထားလုံးပေါ်တွင်ထိုင်ကာ သူ၏ လက်ထဲက အိတ်လေးကို သူ၏ရင်ခွင်ထဲတွင် ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလေသည်။
အိတ်အထဲတွင်ပါသည့်အရာမှာ သူအဆုံးသတ်ကာနီး ဆေးကျမ်းနှင့် ဆောင်းဟွန်းထံမှရသော ရိက္ခာများပင်ဖြစ်သည်
ရိက္ခာနဲ့ပတ်သတ်ပြိး ဂျယ်ယွန်းစိတ်မပူရသည့်အကြောင်းမှာ သူ့လက်ထဲတွင် ဆောင်းဟွန်း ပေအပ်ခဲ့သော ရိက္ခာများစွာ ကျန်နေသေးခြင်းကြောင့်ပင်။
ထိုပမာဏဟာ သူတို့ မြို့တော်ရောက်သည်အထိ လမ်းခရီးတွင်စားသောက်ဖို့ရာ လုံလောက်ပါသည်။
ဂျယ်ယွန်းမှာ ဤရက်ပိုင်းအတွင်း အကျင့်ပါနေကြအတိုင်း သူ၏ ခါးရှိ ကြိုးကြာကျောက်စိမ်းလေးကို မသိစိတ်မှ ထိတွေ့မိရင်း ဆောင်းဟွန်းအား ထပ်မံပြီး ကျေးဇူးတင်မိလေသည်။
ဂျယ်ယွန်း၏ ရထားလုံးက မြို့တော်ရောက်ဖို့ရာအတွက် ဆယ်ရက်မျှ အချိန်ယူရမည်ဖြစ်တာမို့ အေးဆေးစွာပင် မြို့တော်ရှိရာအရပ်သို့ ခရီးနှင်လာခဲ့ကြသည်။
ခရီးတစ်လျှောက်တွင် တည်းခိုရာနေရာအတွက် အခန်းခပေးချေရသဖြင့် ဂျယ်ယွန်း ဒီနှစ်တွေအတွင်း စုဆောင်းထားသမျှလေးတွေဟာ နည်းပါးလားပြီး သူ၏ တစ်ကိုယ်လုံးတွင် အဖိုးတန်သည့်အရာဆိုသည်မှာ ခါးက တံဆိပ်ပြားနှင့် သူ့မိဘတွေ၏အမွေကျောက်စိမ်းဆံထိုးလေးသာရှိတော့သည်။
ဂျယ်ယွန်းက ခက်ခဲသော ခရီးစဉ်ကိုဖြတ်ကျော်၍ မြို့တော်သို့ ဦးတည်နေချိန်တွင် အင်ပါယာနန်းတော်အတွင်း၌ ဘုရင်ကြီးမှာ ခေါင်းခဲလို့နေပြီဖြစ်သည်။
သူက သူ၏ စားပွဲရှေ့တွင် မျက်နှာသေကြီးဖြင့် ထိုင်နေသည့် ချစ်လှစွာသော ဖနောင့်နဲ့ပေါက်ချင်စရာ သားတော်လေးကို ကြည့်ကာ သူ၏ မဟာနဖူးအား ဖိနှိပ်လျက် မိန့်လိုက်သည်။
"သွား သွား နန်းတော်တစ်ခုလုံးကို မင်းပုခုံးပေါ်ထမ်းထားရသလို ရုပ်ကြီးနဲ့ ငါ့ရှေ့လာမထိုင်နေနဲ့"
"ဟမ့် ဘယ်သူကရော ခမည်းတော်ကို တွေ့ချင်နေလို့လဲ
သားတော်ကဖြင့် နယ်စပ်ကို သွားချင်လွန်းလို့ တစ်ပိုင်းသေနေပြီ
ခမည်းတော်သာ ရှုပ်ရှုပ်ရှက်ရှက်တွေလာမခိုင်းရင် သားတော်က နန်းတော်ဘက် သေးတောင်လှည့်မပေါက်ဘူး"
ဘုရင်ကြီးမှာ သွေးဆောင့်တက်သွားမည်စိုးသဖြင့် သူ၏ ဇက်ပိုးကို ကိုင်ကာ အသက်ပြင်းပြင်းရှုလိုက်ရသည်။
"ဘုရားရေ ပတ်ခ်ဆောင်းဟွန်း အဲ့ဒါ တိုင်းပြည်ပြည့်ရှင် မင်းဖခင်ကို ပြောရမဲ့စကားလားကွ"
ဆောင်းဟွန်းက သူ၏ ငွေရောင်တောက်ပနေသော ဓားရှည်ကိုသာ ပွတ်သပ်နေရင်း ပုခုံးတွန့်လျက် ဘာမှပြန်မဖြေပေ။
ဘုရင်ကြီးမှာ သူ့သားကိုမြင်နေရလျှင် သွေးအန်မိမည်စိုးသဖြင့် လက်ခါယမ်းကာ နှင်လွှတ်တော့သည်။
"သွားစမ်းပါ အဲ့ဒီ့ နယ်စပ်ဒေသကနေပြန်ကိုမလာနဲ့"
"အမိန့်တော်မြတ်အတိုင်းပါ ဘုရား"
မင်းသားမှာ နည်းနည်းတောင်တွန့်ဆုတ်ဟန်မပြဘဲ ထပြန်ေတာ့မည့် ဟန်ပြုေနသဖြင့် ဘုရင်ကြီးမှာ အမြန်ဟန့်တားကာ ပြန်ဆွဲထားရပြန်သည်။
"နေဦး နေဦး ပြန်ထိုင်စမ်း"
"တိုင်းပြည်ပြည့်ရှင်က ဗလောင်းဗလဲနဲ့စကားကို အမျိုးမျိုးပြောနေတာများလားဗျ"
"ငါ့ကို ရန်စမနေနဲ့ မင်းကြင်ယာတော်အကြောင်းဆွေးနွေးမလို့"
မင်းသားဟာ ကြင်ယာတော်ဆိုသည့်အသံကြားသည်နှင့် နေရာမှာချက်ချင်းပြန်၀င်ထိုင်ကာ သူ၏ အေးစက်နေတဲ့ မျက်၀န်းတွေမှာလဲ ချက်ချင်းနူးညံ့သွားတော့သည်။
ဘုရင်ကြီးမှာ စိတ်မထိန်းနိုင်ဘဲ မျက်စောင်းကြီးထိုးမိပြီးမှ သူမေးလိုသည်အား မေးမြန်းလိုက်သည်။
"မင်း ကြင်ယာတော်က နယ်စပ်မှာဆိုတော့ ဘယ်လိုသွားတောင်းရမ်းမှာလဲ"
"ဘယ်လိုတောင်းရမ်းရဦးမှာလဲ မြို့တော်ကိုခေါ်လာလိုက်ရင်မရဘူးလား"
ဘုရင်ကြီးမှာ စိတ်မထိန်းနိုင်တော့ဘဲ သူနဖူးသူပြန်ရိုက်မိသည်။
ဉာဏ်ကောင်းလှပါချည်ရဲ့ဆိုတဲ့ သူ့သားကအချစ်ရေးနဲ့ ပတ်သတ်ရင် အရူးလုံးလုံးဖြစ်သွားတာပါလား။
"ညံ့လိုက်တာ ငါ့သားရာ ခမည်းတော် မင်းအရွယ်တုန်းကဆိုရင် အလှလေးတွေ ဝိုင်းဝိုင်းလည်နေပြီ"
ဆောင်းဟွန်းမှာ အရေထူသည့် အင်ပါယာပြည့်ရှင်ကြောင့်မျက်မှောင်ကြုတ်ကာ ရုပ်တည်ကြီးလုပ်ထားလိုက်သည်။
"ကိုယ့်ဂုဏ်ကိုယ်ဖော်မသူတော် ဆိုတဲ့စကား ခမည်းတော်ကြားဖူးတယ်မလား အကောင်းပြောရင်ပြောမဟုတ်ရင် သားတော်သွားတော့မယ်"
သူ့ကို အနည်းငယ်မှ မျက်နှာသာမပေးသော သားတော်ကြောင့် ဘုရင်ကြီးမှာ အရှက်ပြေချောင်းဟန့်လိုက်သည်။
"အဟမ်း မင်းက ဒီအတိုင်းသွားခေါ်လာရအောင် ကြောင်ကလေးတွေခွေးကလေးတွေ ကောက်ယူမွေးမှာမဟုတ်ဘူးလေ
ကြင်ယာတော်ရွေးတယ်ဆိုတာ မိသားစုရဲ့ လူကြီးတစ်ယောက်ယောက်က တာ၀န်ခံပြီး လိုက်တောင်းရမ်းပေးရမယ်
ပြီးရင် အောင်သွယ်တော်တွေကနေတဆင့် စေ့စပ်ကြောင်းလမ်းရဦးမယ်
သူများသားသမီးကို သွားခေါ်လာရုံနဲ့ပြီးမလား မင်းကို တစ်ဖက်လူက မုန်းမသွားရင်တောင်ကံကောင်း"
အရာရာသူသိသူတတ်ဖြစ်နေသည့် ထူးချွန်လွန်းသော သားအား ပညာပြခွင့်ရသည့်အခါ ဘုရင်ကြီးမှာ ချစ်ရေးချစ်ရာပညာရှိကြီးသဖွယ် သရုပ်ဆောင်လျက် စိတ်လှုပ်ရှားမှုကိုထိန်းချုပ်ရင်း လမ်းညွှန်ပေးနေလေသည်။
တစ်ဖက်လူက သူ့ကိုမုန်းသွားမည့်အရေးကိုတွေးလိုက်မိသည်နှင့် အေးစက်သော ဆောင်းဟွန်းမျက်၀န်းထက်တွင် ပူပန်ရိပ်တွေပေါ်လာကာ ခမည်းတော်အား အားကိုးတကြီးကြည့်လိုက်သည်။
"ဒါ...ဒါဆို ခမည်းတော် လိုက်ပြီး တောင်းရမ်းပေး"
သားဖြစ်သူ၏ ဤမျှလောက်စိတ်လှုပ်ရှားနေသည့်ပုံကို မမြင်ဖူးသော ဘုရင်မှာ စစ်တုရင်ကစားပွဲအနိုင်ရခြင်းထက်ပင် ပျော်ရွှင်နေမိလေသည်။
သူက အချစ်ကြောင့် ပူလောင်ေနေသာ သားတော်ရှေ့တွင် ခေါင်းမော့ရင်ကော့ကာဖြင့် ကိုယ်ရည်သွေးဖို့လဲမမေ့ပေ။
"အဟမ်း ကိုယ်တော်က တိုင်းရေးပြည်ရေးတွေ အင်မတန်ရှုပ်ထွေးေနတာကြောင့် မင်းနောက်ကို လိုက်နိုင်လိမ့်မယ်မထင်ဘူး
ဘာကြောင့်များ အကြံပေးအမတ်ကြီးကို မခေါ်သွားရတာလဲ"
ဆောင်းဟွန်းမျက်၀န်းများက ရုတ်ချည်းတောက်ပသွားလျက် ဆိုလိုက်သည်။
"ဟုတ်သားပဲ ဦးလေးဂူက ဒီတာ၀န်အတွက် အသင့်တော်ဆုံးဆိုတာကို သားတော်ဘာလို့မတွေးမိခဲ့ပါလိမ့်"
ဆောင်းဟွန်းမှာ ဂျယ်ယွန်းအား တောင်းရမ်းချင်စိတ်တွေဖြင့် အရမ်းကိုတက်ကြွကာ ဘုရင်ကြီးကိုပင် နှုတ်မဆက်နိုင်ဘဲ ပြတင်းပေါက်မှ ခုန်ဆင်းသွားပြန်တော့သည်။
ဘုရင်မင်းမြတ်မှာလဲ ပုလ္လင်ပေါ်တွင်ထိုင်လျက် မြေခွေးတစ်ကောင်၏ ဉာဏ်များသောအပြုံးကိုပြုံးရင်းေကျနပ်နေသည်။
အကြောင်းမှာ အတိုင်ပင်ခံအမတ်ဂူမှာ သူ၏ တစ်ဦးတည်းသော ပြောမနာဆိုမနာသူငယ်ချင်းဖြစ်ပြီး ထိုလူကြီးမှာ ဘုရင်မင်းမြတ်ကို မကြောက်ရွံ့သော်ငြား သူ၏တတိယသားတော် ဆောင်းဟွန်းအား အလွန်ကြောက်ရွံ့ခြင်းကြောင့်သာ။
ယခုတော့ ဘုရင်ကြီးမှာ ကိုင်တွယ်ရခက်သည့် သူ့သားအား အမတ်ဂူထံအရောက်ပို့ပေးလိုက်သဖြင့် သူ့သူငယ်ချင်း၏ အဖြစ်ဆိုးအား ကြိုတင်တွေးတောရင်း စိတ်ချမ်းမြေ့နေတော့သည်။
အပါးတော်မြဲကုန်းကုန်းမှာတော့ တိတ်တဆိတ်ပြုံးကာခေါင်းခါယမ်းလိုက်တော့သည်။
ငွေလတစ်ပြည်လုံး ကြောက်ရွံ့လေးစားကြသည့် အင်ပါယာဘုရင်မင်းမြတ်နဲ့ သူ၏ တတိယသားတော်မှာ အမှန်တကယ်ကို ကလေးကြီးတွေနှင့် တူလှပေသည်။
သူ့ဖခင်၏ အကြံဆိုးကို မသိသည့်ဆောင်းဟွန်းမှာလဲ အဆောက်အဦးများ၏ခေါင်မိုးများထက်ပြေးလွှားရင်း မြို့တောင်ဘက်ရှိ အတိုင်ပင်ခံအမတ်ကြီးအိမ်ေတာ်သို့ရောက်လို့လာခဲ့လေသည်။
သူက အိမ်ခေါင်မိုးမှတဆင့် ပြတင်းပေါက်ဘေးခုန်ချလိုက်သောအခါ အမတ်ကြီး၏ သက်တော်စောင့်တို့က၀န်းရံလိုက်ကြသော်လည်း ဆောင်းဟွန်းလက်ထဲမှ နတ်ဆိုးဝံပုလွေ တံဆိပ်ပြားကြောင့် ထိတ်လန့်သွားကြကာ သူတို့၏ ပျော့ခွေနေသော ခြေထောက်တွေကိုအားပြုလျက် နောက်ဆုတ်ပေးလိုက်ကြလေသည်။
ဆောင်းဟွန်းမှာ အတိုင်ပင်ခံအမတ်ကြီးသည့် ညဉ့်နက်ကြီး မဖွယ်မရာတွေပြုလုပ်နေလျှင် မိမိမျက်လုံးများ ညစ်ညမ်းသွားမည်ကိုမှာစိုးရိမ်နေခဲ့သော်လည်း တစ်ဖက်လူမှာ ပညာရှိအမတ်ပီသစွာနဲ့ စာကြည့်ခန်းထဲတွင် စာဖတ်နေခဲ့သည်မို့ စိတ်သက်သာရာရသွားလေသည်။
"အဟမ်း ဒီမင်းသား၀င်ခဲ့လို့ရတယ်မလား"
ဆောင်းဟွန်းက ထိုသို့ဆိုလိုက်သော်လည်း သူအသံက အနောက်မှာကျန်ရစ်ခဲ့ကာ လူကတော့ စာဖတ်ခန်းထဲရောက်လို့နေပြီဖြစ်သည်။
အမတ်ကြီးမှာ ဘာတွေပါမှန်းတောင်မသိဘဲ ဟန်ကိုယ့်ဖို့ ကောက်ဖွင့်ထားသော စာအုပ်ကို ပိတ်ကာ ကြောင်ကိုတွေ့လိုက်သောာကြွက်တစ်ကောင်ကဲ့သို့ တုန်တုန်ရီရီဖြင့် မတ်တပ်ထရပ်ကာ နှုတ်ဆက်လိုက်ရတော့သည်။
"ရောက်လာပါပြီလား အရှင့်သား"
ဆောင်းဟွန်းက ခြေထောက်တွေတုန်နေသော အမတ်ကြီးအား မျက်ခုံးပင့်ကာကြည့်လိူက်ရင်း ထိုင်ခိုင်းလိုက်ရလေသည်။
"ထိုင်ပါ ဒီမင်းသားက ဦးလေးကို ကိုက်မစားပါဘူး အဲ့သလောက် ကြောက်နေစရာလိုလို့လား"
အမတ်ကြီးက ရိုကျိုးစွာထိုင်လိုက်သော်လည်း စိတ်ထဲကနေ ရှုံ့မဲ့ကာ ဆိုလိုက်သည်။
*ဟုတ်တယ်လေ မင်းသားက ကျွန်တော်မျိုးကို ကိုက်မစားပေမဲ့ ဦးနှောက်ဖောက်စားနေကြပဲဟာ မကြောက်ပဲနေမလား*
ဆောင်းဟွန်းက သူ့ကို သရဲတစ်ကောင်လို ကြောက်ရွံ့နေသော အမတ်ကြီးကို လျစ်လျူရှုကာ အမတ်ကြီးစားပွဲထက်မှ အခါးရည်အား ခွက်အသစ်ဖြင့် ငှဲ့သောက်လိုက်သည်။
အမတ်ကြီးဂူ၏ ရာထူးမှာ အတိုင်ပင်ခံအမတ်ဖြစ်သော်လည်း တကယ်တမ်းတော့ ထိုလူကြီးမှာ မရိုးရှင်းပေ။
သူ၏ ဘိုးဘေးများမှာ နတ်ဆရာမိသားစုဖြစ်သဖြင့် အမတ်ဂူသည်လဲ ထူးကဲသော စွမ်းရည်များပိုင်ဆိုင်ထားပြီး အကြားမြင်ပညာရပ်ကို တတ်ကျွမ်းလေသည်။
သူ၏စွမ်းရည်ဖြင့် အင်ပါယာဘုရင်မင်းမြတ်အား တိုင်းရေးပြည်ရေးအဆုံးအဖြတ်ချရာတွင်ကူညီပေးခဲ့သော အရေးကြီးပုဂ္ဂိုလ်တစ်ဦးဖြစ်သည်။
သို့သော် ထိုမြင့်မြတ်သော ပုဂ္ဂိုလ်မှာ ကလေးငယ် ဆောင်းဟွန်းအားမြင်သည်နှင့် တတိယသားတော်သည် အင်မတန်ထူးခြားကာ ဆန်းကြယ်မှုများနှင့်ပြည့်နေသည့် ဖြစ်တည်မှုဟု ဟောကိန်းထုတ်ခဲ့သည်။
သူက သေမျိုးများထက် ထူးချွန်ထက်မြတ်လှသော်လည်း သူ၏ စိတ်မှာ အဖျက်စွမ်းအားများဖြင့် ပြည့်နှက်နေသဖြင့် ဘ၀တစ်လျှေက်တွင် သူ့အားဖြေသိမ့်နိုင်သည့် ရတနာတစ်ပါးအား ရှာမတွေ့ခဲ့ပါက ဆောင်းဟွန်း၏ စိတ်များက အမှောင်ဖုံးလာပြီး တိုင်းပြည်ပျက်သည်အထိပင် စွမ်းဆောင်နိုင်ချေရှိသည်ဟုလဲဆိုခဲ့သည်။
ထိုဟောကိန်းမှာ ဘုရင်ကြီးနှင့် အမတ်ဂူနှစ်ဉီးတည်းသာသိသော ထိပ်တန်းလျှို့ဝှက်ချက်ဖြစ်ပြီး ဘုရင်ကြီးမှာ သူ့ သားတော်ကို အသက်ဆက်ရှင်စေခဲ့သလို ထိုအကြောင်းအားလဲ မည်သူ့ကိုမျှပြောခွင့်မပေးခဲ့ပေ။
ထိုအကြောင်းတွေကိုမသိသော ဆောင်းဟွန်းကိုယ်တိုင်မှာလဲ အရွယ်ရောက်ကတည်းက တိုင်းပြည်၏နေရာအနှံ့ကိုနှံ့စပ်အောင်လျှောက်သွားနေခဲ့သည်မှာ သူ၏ ပုန်းကွယ်နေသော ရတနာကို ရှာဖွေဖို့ရန်ဖြစ်ကြောင်း အဖြစ်မှန်အား အမတ်ဂူတစ်ဦးတည်းသာသိထားလေသည်။
ထူးခြားေသာ ဂမ္မီရ ပညာရှင် အမတ်ဂူမှာ ဆောင်းဟွန်းရှေ့ရောက်သည်နှင့် အမည်မသိသော အကြောင်းတစ်ခုကြောင့် အလိုလို ဖိနှိပ်ခံနေရပြီး သူ့အား မွန်းကြပ်စေသည်။
ထိုခံစားချက်မှာ တစ်စုံတစ်ခုအမှားလုပ်မိသည်နှင့် အဆိပ်ပြင်းသောသားရဲကောင်က မိမိ၏လည်ပင်းအား ကိုက်ခဲပစ်ရန် စောင့်ဆိုင်းနေသည်နှင့်ဆင်တူလေသည်။
ကြည့်ရသည်မှာ ဆောင်းဟွန်း၏ စိတ်စွမ်းအားက မိမိထက် များစွာ သာလွန်နေခြင်းကြောင့်သာဖြစ်လိမ့်မည်ဟု အမတ်ဂူက ကောက်ချက်ချလိုက်သည်။
သူကနဖူးပေါ်မှချွေးစေးများကို သုတ်လျက် သူခန့်မှန်းထားသည့်အရာအား ဖွင့်ဟမေးလိုက်သည်။
"အရှင့်သား ကျွန်တော်မျိုးဘာများကူညီပေးရမလဲ"
အမတ်ဂူမှာ ဆောင်းဟွန်းသည် သူ၏ရတနာအား ရှာဖွေတွေ့ရှိပြီးဖြစ်သဖြင့် သူ့ထံရောက်လာခြင်းဟု တွေးမိနေလေသည်။
အမတ်ဂူတွေးသည်မှာ မှန်ကန်ကြောင်းသက်သေပြရန် ဆောင်းဟွန်းက လေးနက်စွာခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် ကျွန်တော့်အတွက် ကြင်ယာတော်တစ်ပါးတင်ေမြှာက်ေတာ့မှာမို့ အမတ်ဂူကို လိုက်ပါတောင်းရမ်းခိုင်းမလို့"
အမတ်ဂူ၏တုံ့ပြန်မှုမှာ ဘုရင်ကြီးထက်ဆိုးရွားပြီး လက်ဖက်ရည်တွေပါ သီးကုန်လေသည်။
"အဟွတ် အဟွတ် မင်းသားပြောတာ လက်ထပ်ထိမ်းမြားတော့မယ်လို့ပြောတာလား"
"ဟုတ်တယ် ကြင်ယာတော်ကိုသွားတောင်းရမ်းမလို့ ဦးလေးရဲ့ အကူအညီလိုတယ်"
အမတ်ဂူမှာ ခြောက်ခြားနေသည့်စိတ်အစဉ်ကို တည်ငြိမ်အောင်ကြိုးစားလျက်သဘောတူလိုက်ရသည်။
"ကောင်းပါပြီ အရှင့်သား သဘောအတိုင်းပါ"
ဆောင်းဟွန်းမှာ ကျေနပ်စွာဖြင့် နယ်စပ်ဒေသသို့ နောက်တစ်ရက်အတွင်းထွက်ခွာမည့်ခရီးစဉ်အား ပြောပြလိုက်ပြီးေနာက် ထပြန်ဖို့ရာကြံလိုက်လေသည်။
သူကယခုထက်တိုင် အူကြောင်ကြောင်ဖြစ်နေသေးသော အမတ်ကိုကျောခိုင်းပြီးကာမှ ခေါင်းက်ိုေစာင်းငဲ့၍ ပြန်လှည့်ကြည့်လာသဖြင့် အမတ်ကြီးခမျာ အသည်းခိုက်အောင် ကြောက်လန့်သွားသည်
သို့သော်လည်း မင်သား ဆက်ပြောလိုက်သည့်စကားကြောင့် အမတ်ကြီးမှာ သူ့နားတွေမကောင်းတော့တာလားဟုတွေးထင်ရင်း မျက်လုံးပြူးသွားလေသည်။
မင်းသား အနောက်လှည့်လာပြီး ပြောလိုက်သည်မှာကတော့
"အဟမ်း~ အမတ်ကြီး စားပွဲပေါ်က ကိတ်မုန့်အချိုလေးက ကောင်းသားပဲ ခရီးသွားရင် တစ်ဘူးထည့်လာခဲ့လိုက်ပါ
ကိုယ်တော့် ကြင်ယာတော်လေးက အချိုကြိုက်တတ်လို့လေ"
ထို့နောက် အမတ်ကြီး၏ စိတ်ရှုပ်ထွေးနေသော အမူအရာကို လျစ်လျူရှုကာ ဆောင်းဟွန်းတစ်ယောက်မှာ ပြတင်းပေါက်မှတဆင့် ထွက်သွားတော့သည်။
ညအမှောင်ထဲ၀င်ရောက်ပျောက်ကွယ်သွားသော သူ၏ ၀တ်ရုံစသည် လေအဝှေ့့တွင် တဖျတ်ဖျတ်ခပ်လို့နေသညအားကြည့်ရင်း အမတ်ကြီးမှာ သူ အိပ်မက်မက်နေသလားဟု တွေးထင်နေမိလေသည်။
အချိန်အတော်ကြာမှာ အမတ်ကြီးမှ ဖြစ်ရပ်မှန်ကိုသဘောပေါက်သွားလေသည်။
တတိယမင်းသားသည် သူ၏ ရတနာလေးအားရှာတွေ့ခဲ့ပြီဖြစ်ပြီး သူလိုအပ်နေသော ရတနာလေးမှာ သက်မဲ့ပစ္စည်းဟုတ်မနေခဲ့ဘဲ သက်ရှိထင်ရှား လူသားလေးတစ်ယောက်ပင်။
မည်သို့ပင်ဆိုစေကာမူ မင်းသား၃အနေဖြင့် အထိန်းအကွပ်မရှိ စိတ်ဖောက်ပြန်မသွားဘဲ သူ၏ရတနာလေးကို ရှာတွေ့ပြီဖြစ်သဖြင့် တိုင်းပြည်ပျက်စီးမည့်အရေးမှ ကာကွယ်နိုင်ပြီဖြစ်တာမို့ အမတ်ဂူလဲ ပျော်နေမိလေသည်။
ထိုအခိုက်တွင် အင်ပါယာမြို့တော်သို့ လာနေသော လမ်း၌ ဂျယ်ယွန်းမှာ အခက်အခဲမျိုးစုံကြုံတွေ့နေရလေသည်။
အမတ်ကြီးသာ လုံလောက်တဲ့ အစောင့်အရှောက်တွေမထည့်ပေးရင် ဂျယ်ယွန်းမှာ သူ့ကို ထိကပါးရိကပါးလုပ်တဲ့လူတွေလက်ထဲ၌ လမ်းခရီးမှာပင် ဘ၀ပျက်နေလောက်ပြီဖြစ်သည်။
ဂျယ်ယွန်းက လမ်းတစ်၀က်ရောက်သောအခါ ဆောင်းဟွန်းမှာတော့ ဖြတ်လမ်းကနေ အရှိန်ပြင်းပြင်း ခရီးနှင်လာသဖြင့် ဂျယ်ယွန်းတို့ရှိရာအနီးသို့ရောက်ရှိလို့လာပြီဖြစ်သည်။
အင်ပါယာမြို့တော်သို့ဦးတည်နေသော ဂျယ်ယွန်းတို့၏ရထားလုံးမှာ မြို့တော်ဘက်မှထွက်လာသော ဆောင်းဟွန်း၏ မြင်းတပ်နှင့် တောလမ်းတနေရာတွင် ဘေးချင်းယှဉ်ရက်သားဖြင့် ဖြတ်ကျော်သွားမိကြသည်။
နီခီက သူ၏ ခေါင်းဆောင်အနားသို့ တိုးကပ်ကာမေးလိုက်သည်။
"ခေါင်းဆောင် ရထားလုံးတစ်ခုက ကျွန်တော်တို့ဘေးက ဖြတ်သွားပါတယ် ဘယ်သူတွေလဲဆိုတာ စုံစမ်းလိုက်ရမလား"
"မလိုဘူး"
ဆောင်းဟွန်းမှာ အနည်းငယ်မျှပင်မစဉ်းစားပဲပြန်ဖြေလိုက်သည်။
သူ့အဖို့ ယခုလက်ရှိတွင် ဂျယ်ယွန်းမျက်နှာလေး မြင်ချင်ရုံကလွဲလို့ ဘယ်အရာကမှ အရေးမပါပေ။
ဖြတ်သွားဖြတ်လာတစ်ဦးဦးအား စစ်ဆေး၍ သူ၏အချိန်တွေမနှောင့်နှေးစေချင်သဖြင့် ဆောင်းဟွန်းက ပြတ်သားစွာငြင်းလိုက်သည်။
သူ့မှာ ဂျယ်ယွန်းအား ပြေးတွေ့ချင်လှပြီဖြစ်သည်။
လမ်းမှာတွေ့သည့်သူအား ဂရုစိုက်ရန် နည်းနည်းမျှပင် စိတ်မ၀င်စားချေ။
နီခီကလဲ သခင်ဖြစ်သူ၏ အမိန့်ကြောင့် ရထားလုံးအား ဖြတ်သန်းခွင့်ပြုလိုက်တော့သည်။
သူ့လုပ်ရပ်ကိုနောင်တရရကောင်းမှန်းမသိသော ဆောင်းဟွန်းတစ်ယောက်မှာတော့ ထိုအတိုင်းပင် မြင်းကိုဒုန်းဆိုင်းစီးလျက် လေးရက်အတွင်း မြူနှင်းငွေ့သို့ ရောက်ရှိသွားတော့လေသည်။
မြူနှင်းငွေ့ကိုရောက်သည်နှင့် ဂျယ်ယွန်းအိမ်ရှိရာသို့ဦးတည်သွားသောဆောင်းဟွန်းမှာ အမောပြေ ချစ်သူ့မျက်နှာတော်အား မော်ဖူးလိုသော်လည်း အတွင်းအပြင် ဗလာဖြစ်နေသော အိမ်တော်အား မြင်လိုက်ရချိန်တွင် အမောဆို့သွားတော့၏။
ထိုသူက သူ့ကိုစောင့်မနေခဲ့ဘူးပဲ...
နှံ့စပ်အောင်လိုက်လို့ရှာသော်လည်း ဗလာဖြစ်နေတဲ့ အိမ်တစ်အိမ်လုံးမှာ အကြင်သူ၏အရိပ်အယောင်ပင် မတွေ့ချေ။
ထိုအခြေအနေမှာ သူ့ရဲ့နှလုံးသားကို တစ်ယောက်ယောက်က ဆွဲထုတ်လိုက်သကဲ့သို့၊သူ၏နှလုံးအိမ်တစ်ခုလုံး ဗလာကျင်းသွားသကဲ့သို့ ခံစားရစေသည်။
ဤလောကမှာ သူ့ရဲ့ရင်ခွင်ကသာ ထိုသူ့အတွက်နေရာမှန်တစ်ခုဖြစ်ပြီး သူ့လက်မောင်းတွေကြားမှာပဲရှိရမဲ့လူသား၊ သူ့မျက်စိေရှ့ေမှာက်တွင်သာ ရှိနေသင့်သည့်လူသားမှာ သူ့မျက်ကွယ်ရာရောက်လို့နေသည်တဲ့လေ။
မဖြစ်သင့်ပေ။
မဟုတ်ဘူး...အဲ့သည်လိုမဖြစ်ရပေ။
ထိုသူက သူ့အပိုင်သာ ဖြစ်သင့်ပေသည်။
သူ့အတွက် အဖိုးအနဂ္ဂအထိုက်တန်ဆုံးသော အရာတစ်ခု ပျောက်ဆုံးသွားသကဲ့သို့ မင်းသား၏ စိတ်ဝိညာဉ်တစ်ခုလုံး ဗလာကျင်းလို့သွားသည်။
သူ၏ စိတ်ဝိညာဉ်ပျောက်ဆုံးသွားပြီးနောက် ကျန်ရစ်ခဲ့သည်မှာ သူ့မျက်၀န်းနက်များထဲရှိ အဆုံးအဆမဲ့သော အမှောင်ထုကြီးသာ။
*မပိုင်ဆိုင်ရရင် ဖျက်စီးပစ်မယ်
သူမရှိတဲ့ဒီနေရာတစ်ခုလုံးဟာ ဖျက်စီးခံရဖို့သာထိုက်တန်တယ်*
နီခီတို့တပ်သားများဟာ ခေါင်းဆောင်၏ အေးစက်သော အရှိန်အဝါကိုခံစားမိပြီးကြောက်ရွံ့နေကြသော်လည်း အမတ်ဂူမှာတော့ အရှင့်သားနံဘေးမှ သာမန်မျက်စိဖြင့်မမြင်နိုင်သော အဖျက်စွမ်းအင် အစုအဝေးကြီးကို မြင်နေရသဖြင့် သွေးပျက်မတတ်ထိတ်လန့်သွားသည်။
သူက သေစေနိုင်လောက်သော ဆောင်းဟွန်း၏ အကြည့်များရှေ့ ဒူးထောက်ကာ လျှောက်တင်လိုက်သည်။
"စိတ်ကိုထိန်းတော်မူပါ အရှင့်သား
အရှင့်သားရဲ့ကြင်ယာတော်က စိတ်နှလုံးသားနူးညံ့သူမို့ သူနေခဲ့တဲ့ အိမ်တော်နဲ့ ပတ်၀န်းကျင် ပျက်ဆီးသွားမှာကို သဘောမကျနိုင်ပါဘူး ဘုရား
ဒါ့အပြင် ကျွန်တော်မျိုးတို့ ကြင်ယာတော်ကို အချိန်မှီ လိုက်ရှာရဦးမှာမို့ ကြင်ယာတော်အကြောင်းစုံစမ်းဖို့ မင်းသား အမိန့်ပေးတော်မူပါ"
ဆောင်းဟွန်း၏ သွေးကြောများဖြင့် ရဲနေသော မျက်သားနီနီများနှင့် နက်မှောင်သော မျက်စံများက ဖြည်းညှင်းစွာဖြင့် ပုံမှန်ပြန်ဖြစ်သွားပြီး ဓါးရိုးပေါ်ရောက်ရှိနေသော သူ၏လက်များကိုပြန်ရုတ်သိမ်းလိုက်လေသည်။
"ဟုတ်တယ် အမတ်ကြီးမှန်တယ် သူက ဖြူစင်တဲ့ ကလေးလေးဆိုတော့ သူ့ကိုခြောက်လှန့်လို့မဖြစ်ဘူး
အရိပ်နက်တပ်ဖွဲ့ အမိန့်နာခံစေ!
ကြင်ယာတော်နဲ့ပတ်သတ်ပြီး တစ်ခုမကျန် အမြန်ဆုံး စုံစမ်းကြ"
တပ်သားများမှာလဲ တစ်စက္ကန့်ပင်အချိန်မဆွဲရဲဘဲ ထွက်သွားကြပြီး အမတ်ဂူသာ ဒူးထောက်လျက်ကျန်ခဲ့သည်။
လူအိုကြီးမှာ မထချင်လို့မဟုတ်ပါဘဲ ပျော့ခွေနေသော သူ့ခြေထောက်များမှာ မတ်မတ်မရပ်နိုင်သဖြင့် ဟန်ကိုယ့်ဖို့ဆက်ဒူးထောက်နေခြင်းသာ။
*ဟူး သေဘေးကနေ ကပ်သီးလေး လွတ်လာလို့တော်သေးတယ်*
အမတ်ဂူမှာ ချွေးစေများထွက်နေသော်လည်း မင်းသားမှာတော့ သူ့ခါးကကျောက်စိမ်းပြားကို ဖြုတ်ယူကာ လက်ထဲတွင်ဆော့ကစားရင်း ပြတင်းပေါက်မှတဆင့် မိုးကုတ်စက်ဝိုင်းအပြင်ဘက်ကိုမျှော်ငေးလို့နေလေသည်။
သူ၏စိတ်မှာ ခုနကကဲ့သို့ ဖောက်ပြန်ခြင်းမရှိတော့သည့်တိုင် သူ၏ ဗလာကျင်းနေသော မျက်၀န်းနက်များမှာတော့ ဆန်းကြယ်ကာ အန္တရာယ်များလွန်းဟန်ပေါ်နေသည်။
သို့သော် ထိုေအးခဲေနေသာမျက်၀န်းများက အတွင်း၀တ်ရုံ၏ရင်ဘတ်မှ ပိုးသားလက်ကိုင်ပုဝါလေးကို ထုတ်ယူလိုက်စဉ်တွင် နူးညံ့မှုများဖြင့်ပြည့်နှက်သွားသည်။
သူကလက်ကိုင်ပုဝါလေးအား နှုတ်ခမ်းတစ်စုံဖြင့် ဖိကပ်သည်ဆိုရုံမျှအနမ်းပေးလိုက်ရင်း ပြုံးလိုက်သည်။
"ဘယ်လိုလုပ်မလဲ မင်းကကိုယ့်ကိုစောင့်မနေပေမဲ့ ကိုယ်ကတော့ မင်းရှေ့ကိုအရောက်လာခဲ့ဦးမှာပဲ"
တတိယမင်းသား၏ အလွန်အမင်း ချောမောသော မျက်နှာထက်က အပြုံးသည် နက်ရှိုင်းလို့နေပြီး ထိုနတ်ဆိုးဆန်သောအပြုံးမှာ သူ့အား လောကကိုအုပ်စိုးသော မသေမျိုး နတ်ဆိုးတစ်ပါးနှယ် ထင်သွားရစေနိုင်လေ၏။
{ဆက်ရန်}