ထိုအခိုက် အင်ပါယာမြို့တော်၏ မြို့လယ်ရှိ အရာရှိတစ်ဦးပိုင် ခြံ၀င်းတစ်နေရာတွင် လူများစွာ စည်ကားသိုက်မြိုက်ေနသည့် ဧည့်ခံပွဲတစ်ခုကို ကျင်းပလို့နေခဲ့သည်။
ဂုဏ်သရေရှိဧည့်သည်တော်များက ခြံ၀န်းအလယ်တွင် ထိုင်နေသော လူလတ်ပိုင်းအရွယ် တစ်ဦးထံသို့ သူတို့၏ ဝိုင်ခွက်များကို မြှောက်ပြရင်း ဆုတောင်းစကားဆိုကြလေသည်။
"ရောင်းရင်းရှင်းမ်းကို ဂုဏ်ပြုပါတယ်"
"အမတ်ကြီးကို ဂုဏ်ပြုပါတယ်"
"အမတ်ရှင်းမ်ရဲ့ ရာထူးတိုးခြင်းအတွက် ထပ်တူ ၀မ်းမြောက်မိပါတယ်"
ဂုဏ်ပြုဆုတောင်းသံတွေ ဖြာဝေနေသော ခန်းမအလယ်တွင် ထိုင်နေသော တရားရေး၀န်ကြီး ရှင်းမ်ဆန်းက ဂုဏ်၀င့်နေသော အပြုံးဖြင့် ပြန်တုံ့ပြန်လိုက်ရင်း သူ၏ ခွက်ကိုမြှောက်ကာ နောက်လက်တစ်ဖက်ဖြင့် တိုက်တွန်းသည့်အမူအရာပြုလုပ်လိုက်သည်။
"မိတ်ဆွေအချင်းချင်းတွေပဲဗျာ လောကွတ်ပြုဖို့မလိုပါဘူး လာ လာ အားလုံးသောက်ကြရအောင်"
ရှင်းမ်ဆန်း၏ ဂုဏ်၀င့်နေသော အပြုံးအား ခန်းမအတွင်းရှိ ပထမအဆင့်အမတ်များက ရှုံ့ချသလို ကြည့်နေစဉ် ဒုတိယအဆင့်အမတ်များ၏ မျက်၀န်းအတွင်းတွင်တော့ မနာလိုမှုတွေပြည့်နှက်နေတော့သည်။
ဤနေရာရှိလူတိုင်းက ညီလာခံအတွင်းသက်တမ်းရင့်နေကြပြီဖြစ်တဲ့ မြေခွေးအိုကြီးများဖြစ်တာမို့ သူတို့၏ မျက်၀န်းများအတွင်းရှိ မတူညီသော ခံစားချက်များကို ကွယ်ဝှက်ရင်း ဝိုင်များကို မော့သောက်လိုက်ကြသည်။
ဒီနေ့ပွဲ၏ ဇာတ်ဆောင် ရှင်းမ်ဆန်းကတော့သူ့အပေါ် တခြားသူများ၏တွေးထင်နေမှုများကို ဂရုမစိုက်ပါဘဲ ဂုဏ်ယူဝံ့ကြွားစွာဖြင့် အပြုံးများဝေသီလျက် ထိုင်နေလေသည်။
*ဟားဟား နောက်ဆုံးတော့ ဟို မျိုးမစစ်ကောင် ရှင်းမ်ဆွန်းထက်သာတဲ့ တရားရေး၀န်ကြီးဖြစ်လာခဲ့ပြီကွ
ငါက သူ့ရဲ့ အရိပ်တစ်ခုသက်သက်မဟုတ်ဘဲ သူ့ထက်တော်တဲ့ ပညာရှင်ဆိုတာကို လူတိုင်းကို သက်သေပြနိုင်ခဲ့ပြီပေါ့
ရှင်းမ်ဆွန်းဆိုတဲ့ကောင်က ငါ့လို ပထမအဆင့်မူးမတ်ရဲ့ ဖိနပ်သုတ်ပေးဖို့တောင်မတန်ပါဘူးကွာ*
သေရည်မူးယစ်နေသော ရှင်းမ်ဆန်းက သူ၏အစ်ကို ရှင်းမ်ဆွန်းက ပထမဇနီးသည်၏ တရား၀င်သားဖြစ်ကြောင်းကို မေ့လျော့ကာ မျိုးမစစ်ကောင်ဟု ခေါ်ဝေါ်နေခဲ့သည်။
သူဟာ အစ်ကိုဖြစ်သူအပေါ် မည်မျှ မုန်းတီးနေသလဲဆိုရင် သေဆုံးပြီးသား သူအပေါ်ကိုပင် ယခုထက်တိုင် ကျိန်ဆဲလို့နေဆဲပင်။
ရှင်းမ်အိမ်တော်၏ ဒုတိယသား ရှင်းမ်ဆန်းဟာ ငယ်စဉ်ကတည်းက အရည်အချင်းရှိေသာ အစ်ကိုဖြစ်သူ၏ အရိပ်အာဝါသအောက် လွှမ်းမိုးခံခဲ့ရသည်။
သူမည်မျှ ကြိုးစားပါစေ ရှင်းမ်ဆွန်းထက် သာအောင်မစွမ်းဆောင်နိုင်သဖြင့် ထိုသူ့အပေါ် မနာလိုမုန်းတီးမှုတွေတဖြည်းဖြည်း စုပုံလာပြီး သူ့နှလုံးသားဟာ အမိုက်မှောင်ဖုံးလွှမ်းလို့လာခဲ့သည်။
သူက ရှင်းမ်ဆွန်းပိုင်ဆိုင်သမျှအရာအားလုံးအား အမြတမ်းလုယူချင်ခဲ့ပြီး အစ်ကိုဖြစ်သူ၏ ချစ်သူ အီဟာရူကိုလဲ တိတ်တဆိတ် တပ်မက်နေမိခဲ့လေသည်။
ရှင်းမ်ဆွန်း၏ တရားမျှတသော စီရင်စွမ်းဆောင်ချက်ေတွနဲ့ ရှင်းမ်ဆွန်းနှင့် ဟာရူ နှစ်ယောက်သား၏ စံတင်လှသည့်အချစ်အား စာဖွဲ့ကာ ပြောဆိုကြသူများလေ ရှင်းမ်ဆန်းမှာ သူ၏အစ်ကိုအား သေပါစေဟု ကျိန်ဆဲမိလေပင်။
(A/N ရှင်းမ်ဆွန်း - ဂျယ်ယွန်းဖခင် ၊ ရှင်းမ်ဆန်း - ဂျယ်ယွန်းဖခင်ရဲ့ ဖအေတူမအေကွဲညီ (ကိုယ်လုပ်တော်ဖွား ဒုတိယသား)၊ အီဟာရူ -ဂျယ်ယွန်းမွေးဖခင်)
ကံကောင်းစွာနှင့် ရှင်းမ်ဆန်း၏ ဆန္ဒမှာ မကြာခင်ပင် ပြည့်မြောက်ခဲ့လေသည်။
ထိုသို့ပြည့်မြောက်ရန်အတွက်လည်း သူက သူ့အစ်ကိုကို နှုတ်ပိတ်ရန်ကြိုးစားနေသည့် အင်ပါယာမိဖုရားမယ်မယ်၏ မောင်တော်စပ်သူ အမတ်ဟုန်ကို ကူညီပေးရင်း သူ့အစ်ကိုအား ကိုယ်တိုင်လုပ်ကြံခဲ့သည်။
သူ့အစ်ကို ဆုံးပါးသွားချိန်တွင် မိဖုရားမယ်မယ်၏ မောင်တော်နှင့် မိဖုရားခေါင်တို့ ဘက်မှ ထောက်ပံ့ပေးမှုကြောင့် သူ၏ အဆင့်အတန်းက မြင့်မားလာပြီး လက်ထောက်တရားရေး၀န်ကြီးဖြစ်လာခဲ့သညိ။
သူက လက်ထောက်တရားရေး၀န်ကြီးဖြစ်လာပြီးနောက် အစ်ကိုဖြစ်သူ ဈာပနအားသွားရင်း နှလုံးကွဲမတတ်ငိုကြွေးနေတဲ့ အလှလေး ဟာရူကို ပွေ့ဖက်နှစ်သိမ့်ပေးခဲ့သေးသည်။
ခင်ပွန်းသည်၏အလောင်းကို ဖက်ငိုရင်း မေ့မျောသွားသော ဟာရူအား ဂရုတစိုက်စောင့်ရှောက်ပေးနေစဉ် သူ၏ နှလုံးသားတွင်တော့ ဆိုးယုတ်သော အကြံစည်မှန်သမျှဖြင့် ပြည့်နေသည်။
သူက ခိုကိုးရာမဲ့နေသော ဟာရူအား သူ့ရင်ခွင်ထဲ ခိုလှုံခွင့်ပေးကာ စောင့်ရှောက်ပေးရင်း ဟာရူက သူ့ကို တဖြည်းဖြည်း ချစ်ခင်နှစ်သက်လာလိမ့်မယ်လို့ ထင်နေခဲ့သည်။
သူ့အစ်ကိုအားကြည့်နေကြဖြစ်ေသာ ချစ်ခြင်းမေတ္တာတွေပြည့်နှက်နေသည့်ထိုမျက်၀န်းလှလှလေးများဖြင့် ဟာရူက သူ့ကိုကြည့်လာခဲ့လျှင်ဆိုသည့်အတွေးက သူ့ကို ဘ၀င်ခိုက်စေခဲ့သည်။
ထိုအတွေးကြောင့် သူ့ခမျာ ဟာရူ့ကိုအပိုင်သိမ်းဖို့မစောင့်နိုင်တော့အောင်ပင်။
သို့သော် သူဘယ်လိုမှမထင်ထားခဲ့တာက နှလုံးသားသေဆုံးသွားပြီဖြစ်သော ဟာရူမှာ ဘယ်လိုမှ နာလန်ပြန်မထူနိုင်တော့ဘဲ သူ့ခင်ပွန်းသည်နောက်သို့ ချက်ချင်းလိုက်သွားလိမ့်မည့်အေကြာင်းကိုပင်။
သူအမြဲတပ်မက်ခဲ့သော ဟာရူကို မရခဲ့သည့်အတွက် ရှင်းမ်ဆန်း၏ အမှောင်ခြမ်းသည် ပိုပြီး ထင်ရှားလာပြီး တဆထက်တဆ ရက်စက်လို့လာခဲ့သည်။
ရှင်းမ်ဆန်းမှာ ဟာရူဆုံးပါးပြီးနောက် သူ့အစ်ကို၏သွေးသားဖြစ်သူ ဂျယ်ယွန်းငယ်လေးအားသတ်ပစ်ဖို့ပါကြံရွယ်ခဲ့သေးသည်။
ထိုကလေး၏ မျက်နှာပုံပန်းနှင့် တချို့အမူအယာတွေမှာ ဖခင်နှင့် ခုနစ်ဆယ်ရာခိုင်နှုန်းမျှတူနေသဖြင့် ရှင်းမ်ဆွန်းကို မုန်းသော ရှင်းမ်ဆန်းအဖို့ ဂျယ်ယွန်းကိုမြင်သည်နှင့် ပိုမိုမုန်းတီးမိသည်။
ဂျယ်ယွန်းကို သတ်ပစ်ဖို့ကြံရွယ်ခဲ့သည့်ညက ကလေးငယ်မှာ မျက်ရည်များပြည့်နေသော မျက်၀န်းများဖြင့် သူ့ကိုမော့ကြည့်နေခဲ့ခြင်းကြောင့် ရှင်းမ်ဆွန်းမှာ တစ်ကိုယ်လုံးအေးခဲသွားသည်။
ထိုမျက်၀န်းများ ထိုအကြည့်များသည် သူစွဲလန်းခဲ့ရသည့် ဟာရူနှင့် အင်မတန်တူလွန်းလှသဖြင့် ဂျယ်ယွန်းလည်ပင်းသေးသေးလေးထက် တင်ထားသော သူ၏ လက်များက အားလျော့သွားပြီး အသက်ချမ်းသာပေးခဲ့မိလေသည်။
သို့သော်လည်း ရှင်းမ်ဆန်းမှာ ဂျယ်ယွန်းကို မြင်လေ ရှင်းမ်ဆွန်းအပေါ် မုန်းတီးခြင်းနဲ့ ဟာရူ့အပေါ်လွမ်းဆွတ်ခြင်းတို့ ဒွန်တွဲဖြစ်ပေါ်နေသဖြင့် ထိုကောင်စုတ်လေးအား ထပ်မမြင်ရတော့အောင် ဝေးလံသော နယ်စပ်ဒေသသို့ ပို့လွှတ်လိုက်ခြင်းပင်။
သူက ဤကာလများအတွင်း ဂျယ်ယွန်း အသက်ရှင်နေသေးသည်ဟုသာ သိထားခဲ့ပြီး ထိုကလေးသေသေရှင်ရှင် ဂရုမစိုက်ခဲ့ပေ။
နှစ်ပေါင်း ဆယ့်နှစ်နှစ်ကြာမြင့်ပြီးနောက်တွင်တော့ ရှင်းမ်ဆွန်းဟာ သူ့အထက်လူကြီး တရားရေး၀န်ကြီးအား လုပ်ကြံနိုင်ခဲ့ပြီး ထိုသူ၏နေရာကို အပိုင်သိမ်းယူနိုင်ခဲ့သည်။
လက်ထောက်တရားရေး၀န်ကြီးအဆင့်မှ တရားရေး၀န်ကြီးတစ်ဦးဖြစ်လာပြီး ပထမအဆင့်အမတ်ဖြစ်လာပြီမို့ လူများစွာ၏အထက်တွင် နေနိုင်ခဲ့လေပြီ။
ရှင်းမ်ဆန်းက သူ့ကိုယ်သူ ရှင်းမ်ဆွန်းထက် သာသွားပြီဟု တွေးထင်လျက် စိတ်ကျေနပ်စွာဖြင့် သူ့ကိုမြှောက်ပင့်နေသော စကားသံများကို နားထောင်ရင်း ဝိုင်သောက်နေလေသည်။
ထိုစဉ် အပါးတော်မြဲ ကုန်းကုန်း၏ "စတုတ္တမင်းသား ကြွရောက်လာပါပြီ"ဟူသော ကြေညာသံကြောင့် ခြံ၀န်းထဲရှိ လူတိုင်း ရုတ်ရုတ်သဲသဲဖြစ်သွားကြတော့သည်။
ရှင်းမ်ဆန်းက ချက်ချင်းနေရာမှထကာ စတုတ္ထမင်းသားအား ခရီးဦးကြိုပြုလျက် ဖိနပ်ကို လျှာဖြင့်မလျက်ရုံတမယ် ၀တ်ကြီး ၀တ်ငယ် ပြစုလို့နေလေသည်။
မင်းသား၄က သူကိုယ်တိုင်နှင့် အိမ်ရှေ့စံမင်းသားချီးမြှင့်သည့် လက်ဆောင်များ ပေးလိုက်ရင်း အမတ်မင်းကို ဂုဏ်ပြုလိုက်သည်။
ထို့ေနာက် သူ၏မျက်၀န်းများကတော့ အနောက်ဘက်ခြံ၀န်းကိုသာ မျှော်ကြည့်ရင်း ဝိုင်ကို စိမ်ေပြနပြေေသာက်လို့နေလေသည်။
ရှင်းမ်ဆန်းမှာ သူ၏ သမီးကို တပ်မက်နေသော မင်းသား ၄ အကြောင်းသိသော်လည်း မရိုမသေမပြုရဲပေ။
မင်းသား၄ ဆိုသည်မှာ အိမ်ရှေ့စံမင်းသားတို့ဘက်မှ လူတစ်ဦးဖြစ်ပြီး သူ၏ ရာထူးနှင့် ပိုင်ဆိုင်မှုများအတွက် ထိုမင်းသားနှစ်ပါးမှ တိတ်တဆိတ်ကူညီပေးခဲ့သည်မို့ပင်။
သူကလဲ အပြန်အလှန်အနေနဲ့ အိမ်ရှေ့မင်းသားနှင့် မိဖုရားခေါင်ကြီးတို့၏ ဥပဒေမလိုက်နာမှုများကို ဖုံးဖိပေးခဲ့ရသဖြင့် သူသာ ထိုသူများမပေါ် မလိုက်နာခဲ့မိပါက သူ့အား နှုတ်ပိတ်ကာ လက်စဖျောက်လိုက်လိမ့်မှာ အသေအချာပင်။
သို့သော်ငြား ရှင်းမ်ဆန်း၏ စိတ်ထဲတွင် သူ၏ သမီးဖြစ်သူအား တဏှာရူးသက်သက်သာဖြစ်ပြီး အသုံးမကျသည့် မင်းသား၄လက်ထဲသို့ မပေးစားလိုပေ။
အဘယ့်ကြောင့်ဆ်ိုသော် သူ၏သမီးသည် ဘုရင်ဖြစ်မည့်သူဖြင့်သာ လိုက်ဖက်မည်ဟု တွေးထင်ပြီး သူ့၏သမီးအား တိုင်းပြည်ဧကရီဖြစ်လာဖို့ မျှော်မှန်းထားခြင်းကြောင့်ပင်။
ရှင်းမ်ဆန်းမှာ ထီးနန်းဆက်ခံဖို့ လျာထားခြင်းခံရသည့် မင်းသား ၂ အိမ်ရှေ့စံနှင့် မင်းသား ၃ နှစ်ဦးထဲမှ တစ်ဦးဦးဖြင့်သာ သူ၏ သမီးရှင်းမ်ဆူဂျီကို ပေးစားလိုပေသည်။
မြေခွေးအိုကြီး ရှင်းဆန်းမှာ အိမ်ရှေ့စံမင်းသားတို့ဘက်မှဖြစ်သော်လည်း မင်းသား၃ကိုလဲ လက်မလွှတ်ရဲပေ။
သူက ချိန်ခွင်လျှာကို တိုင်းတာနေဆဲဖြစ်ပြီး အလေးသာသည့်ဘက်သို့ သူ့သမီးအား ရောင်းစားလိုက်မှာပင်။
စိတ်မကောင်းစရာတစ်ခုမှာ မြို့တော်၏ နံပါတ်တစ်အလှပဂေး ရှင်းမ်ဆူဂျီမှာ တခြားယောင်္ကျားတွေကိုသာ ဖျားယောင်းလို့ ရပေမဲ့ ထိုအထဲတွင် မင်းသား ၃မပါ၀င်ခဲ့ပေ။
ရှင်းမ်ဆူဂျီမှာ အိမ်ရှေ့မင်းသားကဲ့သို့ မင်းသား၃သည်လဲ သူ၏ အလှတရားအောက် ၀ပ်ဆင်းလာစေရန် အကြိမ်ကြိမ်ကြိုးစားခဲ့ဖူးသည်။
ရလဒ်မှာတော့ မင်းသား၃ဆောင်းဟွန်းဖြင့် နီးစပ်ဖို့နေနေသာသာ မင်းသားမွေးထားသည့်ကျားဖြူကြီး၏ အစွယ်များဖြင့် နီးစပ်သွားခဲ့ရသည်။
ကျားစာကျွေးခံရလုလုဖြစ်သွားသော ဆူဂျီမှာ မင်းသား၃အနားမကပ်ဝံ့တော့သော်လည်း သူမ၏အကြံကိုတော့ လက်မလျှော့သေးချေ။
အိမ်ရှေ့စံနှင့် မင်းသား၄အပြင် တခြားသူများက သူမအပေါ် စိတ်၀င်တစား ရှိကြသော်လည်း သူမတကယ် နှစ်သက်သူမှာ မင်းသား၃သာဖြစ်သည်။
အင်ပါယာမြို့တော်၏ ချောေမာလှပဆုံးဖြစ်သော ယောက်ျားပျိုဟု တင်စားခံရသည့် မင်းသား၃အား မလိုချင်သည့်သူမှာ ရူးနှမ်းနေလို့ပင်ဖြစ်လိမ့်မည်။
မင်းသား၃၏ လူတိုင်းအပေါ် ထီမထင် ရက်စက်ဟန်ပေါ်သည့် မျက်၀န်းများမှာ သူမကိုကြည့်လိုက်သည်နှင့် အချစ်များပြည့်ကာ နူးညံ့သွားသည်အား လိုချင်မိသည်။
ထိုနေ့ရောက်စေရန် ဆန္ဒပြုနေမိသည့် ဆူဂျီက မင်းသား၃ ဆောင်းဟွန်းမှာလဲတခြားလူများနည်းတူ သူမ၏လက်တွင်းသက်ဆင်းလာမည်ဟုလဲ တွေးထင်ကာ စိတ်ကူးယဉ်ကောင်းဆဲပင်။
ဆူဂျီမှာ လက်ရှိတွင် သူမကို လာရှာနေသော မင်းသား၄ကို ဧည့်ခံနေရင်း မင်းသား၄နေရာမှာ မင်းသား၃သာဖြစ်လိုက်ပါတော့ဟု တိတ်တဆိတ်ညည်းညူနေသော်လည်း အပြင်ပန်းတွင်တော့ ပြိုင်ဘက်ကင်းသည့် ဟန်ဆောင်အပြုံးလေးပြုံးထားလေသည်။
သူမ၏အ၀တ်အစားတွေကို ဖောက်ထွင်းမတတ် စူးစိုက်ကြည့်နေသော မင်းသား၄ကြောင့် မသက်မသာဖြစ်နေရသော်လည်း ဘာမှမသိနားမလည်ဟန် ဖြူစင်အပြစ်ကင်းသည့်ကောင်မလေးနှယ် သရုပ်ဆောင်နေရဆဲသာ။
မင်းသား၄ ပြန်သွားပြီးနောက် ဆူဂျီမှာ သူမဖခင်၏အနောက်သို့ လိုက်ကာ ပြသနာရှာဖို့ပြင်တော့သည်။
"အဖေ့ အဲ့ဒီ့လူကို သမီး ဆက်ပြီးသည်းမခံနိုင်တော့ဘူး သူ့ရဲ့ ရိုင်းစိုင်းတဲ့အကြည့်တွေကို မုန်းလို့သေတော့မယ်လို သိရဲ့လား"
"တိတ်စမ်း!! နံရံတွေမှာ နားတွေရှိတယ် တော်၀င်မိသားစုကို စော်ကားရင် ထောင်ကျလိမ့်မယ် အမိုက်မ"
သူ့အဖေ၏ ဆူပူမှုကြောင့် အသံတိတ်သွားသော ဆူဂျီက မျက်ရည်တွေ ဘူးသီးလုံးလောက်ကျကာ နှုတ်ခမ်းကိုကိုက်ရင်း ဘီလူးဆိုင်းတီးေနရာမှ အနိုင်ကျင့်ခံနေရတဲ့အလှလေးအသွင်ပြောင်းလဲသွားတော့သည်။
ရှင်းမ်ဆန်းက သမီးဖြစ်သူမျက်ရည်ကိုမြင်တော့ နှလုံးသားပျော့ပျောင်းသွားပြီး ခေါင်းလေးပွတ်သပ်ကာ ချော့မြှူလိုက်သည်။
"မငိုနဲ့ မင်းသား၄ကမကြာခင် သမီးကို မရိုင်းပြနိုင်တော့ပါဘူး
အိမ်ရှေ့စံက သူ့အတွက် အဖေတို့အိမ်တော်ကနေ ကိုယ်လုပ်တော်တစ်ယောက် ဆက်သခွင့်ပေးထားတယ်
အဖေတို့ဘက်က သူ့ကို နှစ်သိမ့်တဲ့အနေနဲ့ လှပတဲ့တစ်ယောက်ေယာက်ကို သမီးအစား လက်ထပ်ပေးလိုက်ရင် သူလဲ ကြည်ဖြူမှာပါ"
မင်းသား၄က တကယ့်ကို တဏှာရဂကြီးသော မင်းသားဖြစ်သည်။
သူက သူ၏အစ်ကိုတော် အိမ်ရှေ့မင်းသားမှာ ဆူဂျီနဲ့ နီးစပ်မှု ရှိမှန်းသိသော်လည်း ဆူဂျီအား တပ်မက်ဆဲပင်။
သူက ဆူဂျီမှမဟုတ်ဘဲ လှပတဲ့အရာတွေကို သဘောကျပြီး စားလို့ရတာ အကုန်စားချင်သည့် သူမျိုးဖြစ်တာကို အိမ်ရှေ့မင်းသားက သိတာမို့ တခြားသူဖြင့် အစားထိုးကာ ချွေးသိပ်ရန်ကြံစည်ထားခြင်းပင်။
ထိုအကြောင်းကို မင်းသား၄က သိသော်လည်း ဆူဂျီအေပါ် သစ္စာရှိသောအချစ်မရှိဘဲ သူ့အိမ်တော်ကို ရောက်လာမဲ့ အလှလေးဖြင့် ပျော်ပါးဖို့သာ မျှော်လင့်နေလေသည်။
အိမ်ရှေ့စံမင်းသားကိုယ်တိုင်မှာလဲ ဆူဂျီကိုသဘောကျရုံသာ ရှိပြီး ဆူဂျီတို့ထင်သလို ဧကရီ တင်မြှောက်ပေးဖို့ ရည်ရွယ်ချက်မရှိပေ
အဆုံးတွင် ဆူဂျီက မည်မျှပင် လှပပါစေ သူမ၏ မျိုးရိုးကြောင့် သူမသာ ဧကရီမဖြစ်နိုင်ဘဲ သူ၏ အနောက်ဆောင်ရှိအလှပဂေးများထဲက တစ်ယောက်သာဖြစ်လာလိမ့်မည်ဟု မင်းသားက ဆုံးဖြတ်ထားလေသည်။
လူတိုင်းမှာ သူတို့၏ မတူညီသော အတွေးကိုယ်စီနဲ့ အကြံအစည်များပြည့်နှက်လို့နေတော့သည်။
ထိုအေကြာင်းေတွကို မသိသော ဆူဂျီက သူမအဖေ၏စကားသံကြောင့် အငိုတိတ်သွားပြီး ပြုံးလိုက်သည်။
"အိုး!ကောင်းလိုက်တာ ဒါဆိုရင် သမီးထပ်ပြီး သူ့ကြောင့် စိတ်တိုစရာမလိုတော့ဘူးပါ့
ဒါပေမဲ့ သမီးတို့ အိမ်တော်က ဘယ်သူကများ မင်းသား၄ရဲ့ ကိုယ်လုပ်တော်အနေနဲ့ သင့်တော်ပါ့မလဲ"
"အဲ့ဒါက..."
ဤေမးခွန်းက ရှင်းမ်ဆန်းအား ခေါင်းစားစေသည့်အရာဖြစ်သည်။
ရှင်းမ်ဆန်းတွင် ကိုယ်လုပ်တော်တွေအများကြီးရှိသော်လည်း သူ၏စွမ်းဆောင်ရည်အားက အကန့်အသတ်ရှိတာကြောင့် သားသမီး သိပ်မထွန်းကားပေ။
သူ၏ ပထမဇနီးမှာ ဆူဂျန်နှင့် ဆူဂျီဟူသော သားနှင့် သမီး မွေးဖွားပြီး ကျန်ကိုယ်လုပ်တော်အများစုမှာတော့ ကလေးအဖတ်မတင်ချေ။
သူ့တွင် လက်ရှိ၌ သားသမီးဆိုလို့ ဆူဂျန်နှင့် ဆူဂျီအပြင်ကိုယ်လုပ်တော်တစ်ဦး၏ နေမကောင်းသော သမီးတစ်ယောက်နှင့် နောက်ထပ် ကိုယ်လုပ်တော်၏ ငါးနှစ်အရွယ်သားလေးတစ်ယောက်သာ ရှိနေသည်မို့ မင်းသား၄အား ဘယ်သူ့ကို ဆက်သလို့ သရမှန်းမသိ ခေါင်းရှုပ်နေရလေသည်။
ရှင်းမ်ဆန်းက ၀မ်းကွဲဆွေမျိုးများအတွင်း သင့်တော်သူတစ်ယောက်ယောက်ကို စဉ်းစားနေချိန်တွင် ဆူဂျီ၏မျက်၀န်းများတောက်ပသွားပြီး သူ့အဖေကိုပြောလိုက်သည်။
"အဖေ ရှင်းမ်ဂျယ်ယွန်းဆိုရင်ရော သူ့ကိုမင်းသား၄နဲ့ ပေးစားဖို့ အသင့်တော်ဆုံးပဲမဟုတ်လား"
ရှင်းမ်ဂျယ်ယွန်းဆိုသည့်နာမည်ကြောင့် ရှင်းမ်ဆန်း၏ မျက်နှာက မဲမှောင်သွားသလောက် ဆူဂျီကတော့ ပျော်နေမိသည်။
သူမ ငယ်စဉ်ကတည်က အရာအားလုံးပြီးပြည့်စုံကာ ပိုးမွေးသလို မွေးမြူခံခဲ့ရတဲ့ ဂျယ်ယွန်းအား မုန်းတီးခဲ့လေသည်။
မိဘမဲ့ဖြစ်သွားသော ဂျယ်ယွန်းသူတို့အိမ်တွင် ခဏနေခဲ့စဉ်က သူမ၏အသက်အရွယ်လေးနှင့်မှမလိုက်အောင် ဂျယ်ယွန်းအား အမျိုးမျိုးအနိုင်ကျင့်ခဲ့သေးသည်။
ယခုတွင် ဂျယ်ယွန်းအား ကျေးလက်မှ ပြန်ခေါ်ရင်း တချိန်က မင်းသားလေးလို ခစားခံခဲ့ရသည့် သူ့နေရာတွင် သူမရောက်ရှိနေပြီဖြစိကြောင်း၊ သူက နိမ့်ကျသော ကျေးတောသားဖြစ်နေချိန်တွင် သူမမှာတော့ မြင့်မြတ်တင့်တယ်သည့် အထက်တန်းလွှာ မိန်းမပျိုလေးဖြစ်နေပြီဖြစ်ကြောင်း သိစေချင်ခဲ့သည်။
ဂျယ်ယွန်းအား နှိမ်ကာ ဆက်ဆံရမည်ကိုတွေးသည်နှင့် ဆူဂျီမျက်၀န်းများ တောက်ပကာ အပြုံးသေးသေးလေးပြုံးလိုက်သည်။
မင်းသား၄ဆိုသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသည့်မင်းသားမို့ ဂျယ်ယွန်းအား ထိုသူလက်ထဲထည့်ပေးလိုက်ရင် ပျော်စရာကောင်းလိမ့်မှာပင်။
မင်းသားလေး၏ ကိုယ်လုပ်တော်များမှာ မည်သို့သောအကြောင်းရင်းကြောင့်မှန်းမသိ သက်ဆိုးမရှည်ကြသည်မို့ ဂျယ်ယွန်းလဲ ထိုသို့ဖြစ်လာနိုင်တာပဲလေ။
အိပ်ယာပေါ်တွင် ထူးကဲသော ဝါသနာရှိသည့် မင်းသား၄၏ ညှင်းပမ်းနှိပ်စက်မှုများအောက်တွင် မင်းသား၄အိမ်တော်မှ ဂျယ်ယွန်း၏ နေ့ရက်များဟာ ငရဲတမျှဖြစ်နေလိမ့်မည်။
*ဟွန့် အဲ့ကောင်စုတ် မင်းသား၄ လုပ်တာခံရပြီး အိပ်ယာပေါ်မှာသေသွားလဲ အေးတာပဲ*
သူ့အေပါ် ဘယ်သောအခါမှ အပြစ်မပြုဖူးသော ရှင်းမ်ဆွန်းအား ရှင်းမ်ဆန်းက မုန်းတီးခဲ့သလို အပြစ်ကင်းစင်လှသော ဂျယ်ယွန်းအား ဂျီဆူ၏ မုန်းတီးမှုမှာလဲ မလျော့ခဲ့ပေ။
သူတပါးအပေါ် ယုတ်မာဖို့ ထူးခြားသော အကြောင်းပြချက်မရှိဘဲ သူတို့သားအဖ၏ နှလုံးသားများကိုက မည်းနက်ကာ အညစ်အကြေးများပြည့်နေခြင်းကြောင့်သာဖြစ်ပေလိမ့်မည်။
ဂျီဆူ၏ တိုက်တွန်းများကို နားယောင်လာသော ရှင်းမ်ဆန်းက ပြုံးကာ စာလွှာတစ်ခုရေးလိုက်ရင်း ခြေမြန်တော်ဖြင့် မြူနှင်းငွေ့ဒေသသို့ ပို့လွှတ်လိုက်တော့သည်။
"ကောင်းပြီလေ တူေလးအတွက် သင့်တော်တဲ့ ကြင်ဖက်ရှာပေးဖို့က ဦးလေးရဲ့တာ၀န်ပဲမို့ ငါ့တူလေး သဘောကျလိမ့်မယ်လို့ ထင်ပါတယ် ဟားဟား"
ဖခင်ဖြစ်သူ၏စကားကြောင့် ဂျီဆူကပါ သဘောတကျလိုက်ပြုံးလိုက်သော်လည်း သူမ၏ လှပသော မျက်နှာက စုန်းမတစ်ယောက်နှယ် ကြောက်မက်ဖွယ်ကောင်းနေတော့သည်။
...
ထိုအဖြစ်များအပြီး လေးရက်ကြာပြီးနောက် အင်ပါယာမြို့တော်တစ်နေရာတွင်...
"ဆိုင်ရှင်ဦးလေးကြီး ရှင်ကြားပြီးပြီလား"
ဆိုင်ရှင်က ဘေးဘီဝဲယာကို အရိပ်အခြေကြည့်ကာ တီးတိုးစကားဆိုလိုက်သည်။
"ဘာလဲ မြောက်ဘက်က စစ်မြေပြင်မှာ နတ်ဆိုးမင်းသားတိုက်ပွဲကျသွားပြီဆိုတဲ့အကြောင်းလား"
"အလိုတော် ရှင်ကတောင် သိနှင့်နေပါရောလား ဒါပေမဲ့ ကျွန်မကြားတာ နတ်ဆိုးမင်းသားက အဆိပ်မိတာတဲ့တော်ရေ အဆိပ်တောင် ရိုးရိုးအဆိပ်မဟုတ်ဘဲ သွေးဆွေးမြှေ့အဆိပ်တဲ့ရှင်"
"ဘုရား ဘုရား ဒါဆိုရင်တော့ မင်းသား ကွယ်လွန်တဲ့သီတင်းက အမှန်ထင်တယ် မင်းသားက ဘယ်လောက် အစွမ်းရှိရှိ နယ်စပ်မှာ အဆိပ်မိပြီးတော့ သူဘယ်လိုမှ အသက်ရှင်နိုင်မယ်မထင်ဘူး"
"ဟုတ်ပါရဲ့တော် ကျွန်မလဲ ဒီလိုကျတော့ ၀မ်းနည်းမိသားပဲ မင်းသားက ရက်စက်တယ်ဆိုပေမဲ့ သူရှိနေလို့သာ တိုင်းပြည်ရဲ့မြောက်ဘက်ပိုင်းက ကျူးကျော်တာကို မခံရဘဲ အေးအေးချမ်းချမ်းနေလာခဲ့ရတာလေ"
"အင်း လာမဲ့နေ့ရက်ေတွကေတာ့ တိုင်းရေးပြည်ရေးရှုပ်ထွေးဦးမှာပဲ ငါတို့လို အောက်ခြေလူတန်းစားတွေမထိခိုက်ဖို့သာ မျှော်လင့်ပါတယ်လေ ပြီးတော့ တရား၀င်သတင်းမထုတ်ပြန်သေးသရွေ့ မင်းသား အသက်ရှင်ပါစေ ဆုတောင်းပါတယ်ကွာ "
"ဟုတ်တယ် ကျွန်မလဲ မင်းသားအသက်ရှင်ဖို့ ဆုတောင်းပေးပါတယ်ရှင်"
ထိုသို့သောအလားတူစကားဝိုင်းများက အင်ပါယာမြို့တော်၏ လူထူထပ်ေသာလမ်းမများထက်၌၊ လူအများရောင်း၀ယ်ဖောက်ကားနေကြသော ဈေးများ၌ ထပ်တူညီစွာပေါ်ပေါက်လို့နေသည်။
သူတို့ တော်၀င်မိသားစုအရေးမို့ တိုးတိုးတိတ်တိတ်သာ ဝေဖန်ကြသော်လည်း တစ်ေယာက်စကားတစ်ယောက်ချဲ့ကားရင်းဖြင့် ဆောင်းဟွန်း ဆုံးပါးသွားပြီဆိုသည့်အကြောင်းမှာ မြို့တော်တခွင်လုံး ပျံ့နှံ့လို့နေပေသည်။
ဧကရာဇ်မင်းကိုယ်တိုင်သည်လည်း ဘာကိုမှ တရား၀င် မိန့်ဆိုခြင်းမရှိသည့်တိုင် သူ၏ မျက်နှာတော်မှာ မသာမယာဖြစ်နေကာ မနက်ခင်းညီလာခံကိုပင် ခဏမျှသာ တက်ရောက်နိုင်သည်။
သီတင်းအမှန်ကို မသိသဖြင့် မရေမရာဖြစ်နေသေးသော အောက်ခြေလူတန်းစားများဖြင့် မတူညီသည်က လူလည်ကျသော အထက်တန်းလွှာများသည် မင်းသား၏ အဆိပ်မိခြင်းမှာ သွေးရိုးသားရိုးမဟုတ်ကြောင်း သိနေကြသည်။
အိမ်ရှေ့စံနှင့် နီးစပ်သူများကတော့ မင်းသား၃အား သေပြီဟုပင် အပိုင်တွက်ထားကာ စိတ်ချမ်းသာနေကြသည်။
ဟုတ်ပေသည်။
သူတို့၏ စိတ်ထဲတွင် *မင်း သွေးဆွေးေမြ့အဆိပ်မိပြီးလို့မှ မသေရင်လဲ လူမဟုတ်နိုင်တော့ဘူး*ဟု တွေးထင်ထားကြသည်။
သူတို့မေ့သွားခဲ့သည့်အချက်မှာ ဆောင်းဟွန်းသည်အစထဲက သာမန်လူမဟုတ်ဘဲ နတ်ဆိုးဆန်သော လူသားတစ်ယောက်ဖြစ်ကြောင်း ကိုပင်။
လူပြောများပြီး ရေပန်းစားနေသော ကာယကံရှင် မင်းသား၃မှာတော့ ယခုဆိုလျှင် အေမွးများမှာ ဆီလူးထားသကဲ့သို့ နက်မှောင်ပြောင်လက်နေသည့် မြင်းနက်ကြီးစီးကာ လရောင်ေဖျာ့ေဖျာ့သာ လင်းနေသော ညအမှောင်အောင်တွင် မြို့တော်အနီးတစ်ဝိုက်သို့ ချဉ်းကပ်လာလေပြီဖြစ်သည်။
မြို့ရိုးရောက်သောအခါ ဆောင်းဟွန်းမှာ မြင်းပေါ်မှ ဆင်းကာ ရုပ်ဖျက်၍ မြို့ထဲ၀င်လေသည်။
မင်းသားမှာ သူ၏အိမ်တော်ကို ပြန်ကာ ရေမိုးချိုး သန့်စင်၍ ညစာတွေဘာတွေစားပြီးကားမှ သူ့ကိုစိတ်ပူနေရှာသော ဖခင်အိုကြီးထံ အခစား၀င်ရန်သတိရသွားတော့သည်။
ဤသို့ဖြင့် ဆောင်းဟွန်း နန်းတော်၀င်ရောက်ချိန်တွင် အချိန်မှာ ညဉ့်သန်းခေါင်ကိုကျော်လွန်နေပြီဖြစ်သည်။
မင်းသား၃ဆောင်းဟွန်းမှာ ထုံးစံအတိုင်း နန်းတော်တံခါး၀မှ မ၀င်ဘဲ ဘုရင့်အိပ်ဆောင်ရောက်သည်အထိ ခေါင်မိုးထက်မှပြေးလွှား ကိုယ်ယောင်ဖျောက်ရင်း ရောက်လာခဲ့တော့သည်။
ဆောင်းဟွန်းမှာ ဘုရင့် အိပ်ဆောင်ခန်းမကျယ်အတွင်း ပြတင်းပေါက်မှတဆင့်ခုန်ဆင်းလာတာကို ပထမဆုံးမြင်လိုက်သူမှာဘုရင့်ကိုယ်ရံတော်ခေါင်းဆောင်ဖြစ်သည်။
သူ၏နောက်တွင် ဘုရင့်အပါးတော်မြဲ ကုန်းကုန်းဟူနှင့် ယခုထက်တိုင် မအိပ်သေးဘဲ ပေလိပ်များကိုစီရင်နေသည့် အင်ပါယာပြည့်ရှင်တို့နှစ်ဦးပင်ဖြစ်သည်။
သူတို့မှာ ရုတ်တရက်၀င်လာသော ၀တ်ရုံနက်နဲ့ အရိပ်မည်းကြီးကြောင့် နှလုံးတွေပင် အခုန်မြန်သွားကာ တိုက်ခိုက်ရန်အသင့်ပြင်လိုက်သည်။
အင်ပါယာခမျာလဲ အနောက်ပင် ထခုန်မတတ်လန့်သွားကာ သူ၏ရာဇအိန္ဒြေပျက်ပြားအောင် လုပ်သော တရားခံ၏မျက်နှာအားကြည့်လိုက်လေသည်။
နောက်တစ်စက္ကန့်တွင် အင်ပါယာမှာ ချက်ချင်းမတ်တပ်ထရပ်ရင်း တုန်ရီကာ ၀မ်းမြောက်နေသော လက်အစုံဖြင့် ဆောင်းဟွန်းထံလှမ်းကာ ခေါ်လိုက်သည်။
"သားတော်~"
အမြဲလိုလို တည်ငြိမ်ကာ အမူအရာမဲ့သော အင်ပါယာ၏ မျက်နှာထက်တွင် သားတော်အား ချစ်ခင်ကြင်နာမှုများဖြင့် ပြည့်နှက်နေလျက် သူ၏ သားတော်အသက်ရှင်နေသည့်အတွက်ကြောင့် ၀မ်းမြောက်နေပုံရလေသည်။
အင်ပါယာမှာ အိန္ဒြေပင်မဆည်နိုင်တော့ဘဲ ဆောင်ဟွန်းထံပြေးသွားကာ သူ့သား၏ လက်မောင်းကို ရင်းနှီးစွာ ပုတ်လိုက်သည်။
"ကျေးဇူးကန်းတဲ့သားလေး အခုထိ မသေသေးဘူးလား"
ဆောင်းဟွန်းက မြင့်မြတ်လှသော အင်ပါယာ၏လက်ကို ပုတ်ထုတ်ကာ ပြန်ရန်တွေ့သည်မှာ
"သေစရာလား အခုထက်ထိ အိမ်ထောင်တောင်မပြုရသေးတာကို အဖေကျွန်တော့်ကို ကျိန်ဆဲမနေပါနဲ့"
"တယ် ငါမွေးထားတဲ့သားကို ငါကပြန်ကျိန်ဆဲမလား လာပါဦး ကျေးဇူးရှင် ဖအေအိုကြီးကို ရင်ပူအောင်လုပ်ရတာ တော်တော်မှပျော်ရဲ့လား"
"မဆိုးပါဘူး ခမည်းတော်က ကိုယ့်ဘာသာတော့ အိုနေပြီမှန်း သိသေးသားပဲ"
သူ့သလွန်တော်ရှိရာသို့ ပြန်လှည့်သွားသော။ ဘုရင်မင်းမြတ်အနောက်မှ နေ၍ မင်းသားမှာ အေးဆေးသက်သာစွာလိုက်သွားသော်လည်း သူ၏ နှုတ်မှထွက်သော စကားများကတော့ မင်းကြိးသွေးအန်ဖို့ လုံလောက်ပေသည်။
မင်းကြီးမှာ ထို သားမိုက်အား "ခွေးသားလေး"လို့ ကျိန်ဆဲချင်သော်လည်း သူခွေးလုံးလုံးဖြစ်သွားမည့်အကြောင်းအား သတိရမိပြီး မနာကျင်စေနိုင်သော စုတ်တံတစ်ချောင်းဖြင့် ဆောင်းဟွန်းရှ်ိရာ ကောက်ပေါက်ပစ်လိုက်တော့သည်။
ဆောင်းဟွန်းမှာတော့ တည်ငြိမ်စွာရှောင်လိုက်ပြီး မင်းကြိးရှေ့တွင် ၀င်ထိုင်ကာ ဘုရင်တစ်ဦးတည်း သုံးဆောင်ခွင့်ရသည့် ရတနာကိုးသွယ် လက်ဖက်ခြောက်ဖြင့်နှပ်ထားသော လက်ဖက်ရည်အား သူ့ဘာသူ ငှဲ့သောက်၍ အအေးခံနေလေသည်။
ဘုရင်ကြီးမှာလဲ ဆောင်းဟွန်းကို ပါးစပ်ကနေ ဆူပူနေရင်း အခြွေရံများအားနောက်ထပ် လက်ဖက်ရည်တစ်အိုး ကြိုခိုင်းနေခဲ့လေသည်။
ဘုရင့်အမှုတော်ထမ်းများအဖို့တော့ ထိုမြင်ကွင်းကိုကျင့်သားရနေကြပြီဖြစ်သည်။
ဘုရင်ကြီးမှာ သူ၏ သားတော်အား အလွန်ချစ်မြတ်နိုးပြီး သားတော်နှင့်တွေ့သည်နှင့် သူ၏ တည်ငြိမ်သော ရုပ်ရည်မှာ လူစားထိုးခံလိုက်ရသကဲ့သို့ လူသားဆန်ပုံပေါ်ပေါက်လာတတ်သည်။
ထိုသားအဖနှစ်ယောက်မှာ တွေ့တာနှင့် စကားကို စောင်းမြောင်းပြောဆိုနေကြသော်လည်း တကယ်မုန်းခြင်းမဟုတ်ရပါဘဲ အချစ်စမ်းနေကြခြင်းသက်သက်သာ။
ဆောင်းဟွန်းမှာ ရတနာကိုးသွယ် လက်ဖက်ရည်ကို ၀အောင်သောက်ပြီးကာမှ မေးခွန်းများ တရစပ်ေမးေနေသာ သူ၏ဖခင်ကို ဖြေလိုက်သည်။
"သွေးဆွေးမြေ့အဆိပ်မိခဲ့တာ အမှန်ပဲ ကျွန်တော် ဒီတစ်ခေါက်တကယ် သေတော့မလို့"
ဘုရင်ကြီးရဲ့ တည်ငြိမ်သောနှလုံးက ပြင်းထန်စွာခုန်လှုပ်ကာ နာကျင်သွားသည်။
သူက ဒီသားတော်၏ မွေးဖခင်ကိုရော ဒီသားတော်ကိုပါ ချစ်လွန်းသဖြင့် သားတော်လေး ဘေးဖြစ်မှာကို မကြည့်ရက်ပေ။
ဘုရင်က သူ၏ အသက်ရှုသံကို ပြန်ထိန်းညှိပြီး လေသံနိမ့်ဖြင့်မေးလိုက်သည်။
"အိမ်ရှေ့စံတို့လား"
ဆောင်းဟွန်းက နှုတ်ခမ်းတစ်ဖက်တည်းကို တွန့်ကွေးလျက် ပြက်ရယ်ပြုဟန်ဖြင့် လှောင်ရယ်လိုက်သည်။
"ဖြစ်ကောင်းဖြစ်နိုင်ပါတယ်"
မင်းသားမှာ သူ၏အသက်ကို ရန်ရှာခံရသည့်အကြောင်းနှင့် သေဘေးကြုံခဲ့ရပုံကို တခြားသူ၏အတွေ့အကြုံအလား လက်ဖက်ရည်သောက်ရင်း အေးဆေးစွာ ပြန်ပြောပြနေသည်။
"သွေးဆွေးမြေ့အဆိပ်ဆိုတာ မိုးညအင်ပါယာရဲ့ အဆိပ်ဆိုတော့ ဒီဘုရင် စိုးရိမ်မိတာက...."
ဘုရင်က သူ့ဘာသူတွေးနေဟန်ဖြင့် ဆက်မပြောသလို မင်းသားဆောင်းဟွန်းကလဲ ဘာမှတ်ချက်မှမပေးချေ။
ဦးနှောက်ပါသူတိုင်းအနေနှင့် အိမ်ရှေ့စံဟာ ရန်သူ့ဘက်နဲ့ အဆက်အသွယ်ရှိနေတာကို တွေးနိုင်လေသည်။
"နောက်ပြိီး ဒီလိုပြိုင်ဘက်ကင်းအဆိပ်ကို ကုသပေးနိုင်တဲ့ သမားတော်လား သေချာပေါက် နတ်ဆေးသမားတော်ပဲဖြစ်မယ်
ဘာလို့ နန်းတွင်းကို မဖိတ်ခေါ်ရမှာလဲ သမားတော်ရဲ့ တည်နေရာကို ခုပြောပြစမ်း"
ဆောင်းဟွန်းက သူ၏ အပြုံးကို ဖခင်မမြင်အောင် လက်ဖက်ရည်ခွက်ဖြင့် ဖုံးလိုက်ရင်း
"စိတ်မပူပါနဲ့ ခမည်းတော်မကြာခင် ဖိတ်ခေါ်ခွင့်ရမှာပါ
သားတော်ရဲ့ ကြင်ယာတော်အနေနဲ့လေ"
"အာ?"
ဘုရင်ကြီးသာမက အပါးတော်မြဲနှင့် ကိုယ်ရံတော်ပင် သူတို့ကြားလိုက်ရသည်အား မယုံနိုင်ဖြစ်သွားသည်။
*ကြင်ယာတော်တဲ့လား နတ်ဆိုးမင်းသားပါးစပ်ကနေ သားတော်ရဲ့ကြင်ယာတော်ဆိုပြီးပြောထွက်တယ်တဲ့လား?*
ဘုရင်ကြီးနှင့်သူ့လူများ ပုံမှန်ပြန်မဖြစ်သေးခင် ဆောင်းဟွန်းက ထပ်မံပြီး ဖောက်ခွဲပစ်လိုက်ပြန်သည်။
"ဟုတ်တယ်လေ အခုတောင် သားတော် လက်ထပ်တော့မဲ့အကြောင်းလာပြောတာ"
"ဘာ...ဘာကြီး?? လက်ထပ်တာ??"
ဘုရင်ကြီး၏ ပထမဆုံး အတွေးမှာ *အဆိပ်က ဦးနှောက်ထဲ၀င်သွားလို့များ သူ့သား ရူးသွားပြီလား*ဟူ၍ပင်။
တစ်သက်လုံး ချော့တခါခြောက်တလှည့် အိမ်ထောင်ပြုခိုင်းမရသည့်သူက ရုတ်တရက်ကြီး လက်ထပ်မယ်ပြောနေသဖြင့် ဘုရင်ကြီးမှာမယုံနိုင်ရှာ။
သူ့သားမှာ လက်ထပ်ရမည့် အရွယ်ပင်ကျော်နေပြီးဖြစ်သော်လည်း ကြင်ယာတော်တစ်ပါးမှမတင်မြှောက်သဖြင့် ဘုရင်ကြီးမှာ သားတော်က ဟိုကိစ္စနှင့် ပတ်သတ်ပြီး မစွမ်းဆောင်နိုင်တာလားဟု တိတ်တဆိတ် စစ်ဆေးခဲ့ဖူးသေးသည်။
ဘုရင်ကြီးက နံဘေးရှိ ကုန်းကုန်းအား ဆိတ်ဆွဲကာ မေးလိုက်သည်။
"နာလား"
"နာပါတယ်ဘုရား"
"ဒါဆိုငါအိပ်မက်မက်နေတာမဟုတ်ဘူးပဲ မောင်မင်းရောကြားလိုက်တယ်မလား သူဘာပြောလိုက်တာလဲဆိုတာ"
"ကြားပါတယ် အရှင့်သားက လက်ထပ်တော့မယ်လို့ပြောလိုက်တာပါ"
ဘုရင်ခမျာ စိတ်လှုပ်ရှားရလွန်းလို့ သလွန်တော်ပေါ်က ပြုတ်ကျလျှင် ကျော်မကောင်းကြားမကောင်းဖြစ်ကုန်မည်စိုးရသဖြင့် ကုန်းကုန်းဟူမှာလိုက်ထိန်းနေရသည်။
"သားတော် မင်း လက်ထပ်မှာ ဘယ်သူလဲ"
"မြူနှင်းငွေ့မှာတုန်းက သားတော်အသက်ကို ကယ်ပေးခဲ့တဲ့သူ
သူက အရမ်းချစ်ဖို့ကောင်းပြီး အရမ်းလဲတော်တယ် သားတော်သူ့ကို ခုချက်ချင်းသွားတောင်းရမ်းတော့မယ် အဲ့ဒါ ခမည်းတော်ကို သီတင်းလာပေးတာ မဂ်လာပွဲအတွက် ပြင်ဆင်ထားပေးတော့"
သူ့သားမျက်၀န်းထဲက နူးညံ့မှုတွေကြောင့် ဆောင်းဟွန်းမှာ အမှန်တကယ် ချစ်မိနေပြီမှန်း ဘုရင်ကြီး သတိပြုမိလိုက်သည်။
သူက သူ့သားတော်သာ ချစ်နေသမျှ နယ်စပ်ဒေသက ကလေးဖြစ်နေပါစေ ပေးစားမည့်သူပင်။
သူ့သားသာလိုချင်ပါက မုဆိုးမတစ်ခုလပ်သာမက အသက်ရှစ်ဆယ်အဖွားကြီးဆိုလျှင်တောင် ပျော်ပျော်ကြီးပေးစားလိုက်ဦးမှာပင်။
"မင်းလက်ထပ်တာကဟုတ်ပါပြီ ဒီနေ့မှ မြို့တော်ရောက်တာ ခုချက်ချင်း ပြန်သွားမယ် ဆိုတော့မလွန်လွန်ဘူးလား"
"မလွန်ဘူး သူ့ကိုလွမ်းလှပြီ အမြန်ဆုံးလက်ထပ်ယူပြီးသားတော်အနားမှာ ခေါ်ထားမှာ"
ဘုရင်မှာ သူ့ပုံရိပ်ကိုဂရုမစိုက်နိုင်ဘဲ မျက်လုံးလှိမ့်လိုက်သည်။
"နေဦး အိမ်ရှေ့စံရှုပ်ထားတဲ့ အစွယ်အပါးတချို့ကို ငါ့အတွက်ကူရှင်းပေးပြီးမှသွား"
"မနေဘူး"
ဘုရင့်အမိန့်ကိုတစ်ခွန်းဆိုတစ်ခွန်းနားထောင်သူကြောင့် ဘုရင်ကြီးခေါင်းကိုက်လာသည်။
"မင်းကြင်ယာတော်အတွက် ထိပ်တန်းအဆင့်ကျောက်စိမ်းဖြူတုံးရထားတယ် ငါ့ကို ကူပေးရင် အပိုင်ပေးမယ် မနေမှာသေချာလား"
ကျောက်စိမ်းဖြူမျက်နှာကြောင့် ဆောင်းဟွန်းမှာ အင်တင်တင်နှင့် ခေါင်းညိတ်ကာ ပြတင်းပေါက်မှတဆင့် ပြန်ခုန်ထွက်သွားတော့သည်။
ကိုယ်ရံတော်ခေါင်းဆောင်ခမျာလဲ နန်းတော်လာတ်ိုင်း ပုံမှန်အတိုင်းမလာဘဲ လုပ်ကြံသတ်ဖြတ်သူလိုလို ၀တ်ရုံနက်ကြီး ၀တ်၀တ်လာတတ်တဲ့ မင်းသားကိုကြည့်ကာ နှုတ်ခမ်းတွန့်ရုံမှတပါး မတတ်သာတော့ချေ။
{ဆက်ရန်}