လမင်းခြေသံ { Completed }

By LinMyatMo23

44.9K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၄၄} (ZAWGYI)

115 7 0
By LinMyatMo23

ယနေ့က သီတင်းကျွတ်လပြည့်နေ့ ဖြစ်လေရာ မာန်တို့တစ်အိမ်လုံးသည် ဆီမီးများ ထိန်ထိန်သာနေသည်။ အိမ်နှင့် ခြံထဲတွင် သာမက ခြံတံခါး၌လည်း ဖယောင်းတိုင်များ ထွန်းထားသည် ဖြစ်ရာ ဆီမီးရောင်များသည် မြင်ရသူကို ပူလောင်မနေစေဘဲ အေးချမ်းနေစေချင်သည်။ လှိုင်းနှင့် မာန်သည် ဆီမီးများ ပတ်ထွန်းပြီးနောက်တွင်တော့ ‌ဒေါ်သီတာ ၊ ဦးသော်ကနှင့် ဒေါ်အေးမြတ်မွန်တို့ကို ကန်တော့ရန် ပစ္စည်းများကို အောက်ထပ်သို့ ယူလာကြသည်။ ဒေါ်သီတာ စားဖို့ရန်အတွက် သူမအကြိုက် အချိုမပါသည့် မုန့်များကို မာန်နှင့် လှိုင်းနှစ်ယောက်သား ပေါင်းဝယ်ခဲ့ကြပြီး ဦးသော်ကအတွက်မူ မာန်က သူ့မုန့်ဖိုးတစ်ခုတည်းဖြင့် နာရီ ဝယ်ပေးမည် တကဲကဲ လုပ်သောကြောင့် လှိုင်းကသာ အလျှော့ပေးလိုက်ရသည်။ ဒေါ်အေးမြတ်မွန်အတွက်မူ မာန်က တစ်ပြားတစ်ကျပ်မှ မပေးချင်သဖြင့် လှိုင်းကပဲ ဒေါ်အေးမြတ်မွန် ဝတ်တတ်သည့် ပါတိတ်အဆင်လှလှကို စာသင်၍ရသည့် ပိုက်ဆံများထဲမှ ဝယ်ထားလိုက်ရသည်။

မာန်တို့ အိမ်အောက်ထပ် ရောက်သောအခါ ဧည့်ခန်းထဲ ဝင်လာသည်နှင့် မြင်လိုက်ရသည့် မြင်ကွင်းကြောင့် တက်ကြွနေသော မာန့်ခြေလှမ်းများ တန့်သွားရသည်။ ဆိုဖာ၌ ထိုင်နေသော လူကြီးများအား ထိုင်ကန်တော့ရန် လက်အုပ်ချီလျက်သား ဖြစ်နေသည့် ဇွဲမာန်ဟိန်းနှင့် မေရတီတို့ရှေ့ရှိ မှန်စားပွဲပေါ်၌ မုန့်များသည်လည်း မနည်းမနော။

ဘာလို့များ ပါပါးဆီက အမှတ်ပိုရဖို့ သူသည် အမြဲ ပါပါး၏ သားနှင့် သမီးနောက်၌ ကျန်ရစ်ခဲ့ရသနည်း။ မာန် မခံစားချင်တော့ဘူး ... ပါပါး၏ သားသမီးများနှင့် ယှဉ်လိုက်ချိန်တိုင်း သူသည် အမြဲတစေ နောက်ရောက်နေသည်ဟု အထင်ရောက်စေသော ခံစားချက်သည် ဘဝတွင် တစ်ခါမှ မခံစားဖူးသည့် သိမ်ငယ်မှုများကို အလုံးအရင်းဖြင့် ခံစားရစေသည်။ ပါပါးဘက်မှ ပြန်ရသည့် မေတ္တာများအစ သူ့ဘက်က ပါပါးကို ပေးနိုင်သည့် ဂုဏ်ယူစရာ အောင်မြင်မှုများအဆုံး အရာရာသည် ပါပါး၏ သား ဇွဲမာန်ဟိန်းကို မမှီနိုင်ပေ။

"ကိုရိပ် ..ဦးက ကိုရိပ်ကို မျှော်နေတာပါ။ ဘာမှ စိတ်မကောင်းမဖြစ်နဲ့နော်။ ကျွန်တော်လည်း ရှိနေတာပဲ ..လာ။"

ငြိမ်ကာ ရပ်ငေးနေသည့် မာန့်၏ နား'နားသို့ တိုးကပ်ကာ ခပ်တိုးတိုးသာ ပြောသည့် လှိုင်းသည် စကားအဆုံး၌ မာန့်ရှေ့မှ ဦးဆောင်သွားကာ ပါပါးတို့ ရှိရာသို့ လျှောက်လှမ်းသွားသည်။ မာန့်ရှေ့မှ ဦးဆောင်ခေါ်သွားသည့် လှိုင်းကို ကြည့်ရင်း မာန့်ရင်ထဲ နွေးခနဲ ဖြစ်သွားရသည်။ လှိုင်းသံစဉ်သာ မရှိလျှင် ဆိုသည့် အတွေးကိုပင် မတွေးရဲလောက်သည်အထိ လှိုင်းသံစဉ်သည် သူ သတိမထားမိသည့် အချိန်ကတည်းက သူ့ဘဝ၏ မရှိမဖြစ် ဖြစ်လာခဲ့သလို သူ ဂရုမပြုလိုက်သည့် အခိုက်အတန့်မှာပင် သူ့နှလုံးသားကို ဆွတ်ယူသွားခဲ့နိုင်သူ ဖြစ်သည်။

လှိုင်းသည် လက်ထဲ ပါလာသည့် မုန့်များနှင့် ပစ္စည်းများကို ဟိန်းတို့ ဝယ်လာသည့် မုန့်များဘေး၌ နေရာချထားလိုက်ကာ ဦးသော်ကတို့ တစ်ယောက်ချင်းစီအား စာအိတ်တစ်အိတ်စီ ပေးလိုက်ပြီး မာန့်ဘေး၌ ထိုင်ကာ ဟိန်းနှင့် မေတို့နှင့်အတူ လေးယောက်သား ကန်တော့လိုက်ကြသည်။ ကန်တော့ပြီးနောက် ဒေါ်သီတာမှ အစ ဒေါ်အေးမြတ်မွန်အဆုံး ကြီးစဉ်ငယ်လိုက် ဆုပေးသည်ကိုလည်း နာခံရသေး၏။ လှိုင်း မျက်နှာရိပ်မျက်နှာကဲ လိုက်ကြည့်နေမိသည့် မာန်သည် ခါတိုင်းလိုပဲ မကျေနပ်သည့် အစိုင်အခဲများကို ရင်ဝယ်ပိုက်ထားသဖြင့် ဆူပုတ်ပုတ်လေးပါပဲ။ ဆူပုတ်နေတာတောင် ချစ်စရာကောင်းနေသည့် ဆေးကျောင်းသားလေးကို သူ ဘယ်လိုနည်းနှင့်များ မချစ်မိဘဲ နေနိုင်မည်နည်း။

"လှိုင်း သား မုန့်တွေ ဝယ်လာပြီးပြီပဲ ..ဒီပိုက်ဆံတွေ ပြန်ယူ။ ဦးတို့အတွက် မလိုပါဘူး သားရဲ့။"

"ဟာ ဖေဖေ ..ကိုလှိုင်း ပိုက်ဆံတွေ ပြန်မပေးခင် သမီးတို့ကို မုန့်ဖိုးပေးဦးလေ။"

လှိုင်း ဘာမှ မပြောခင်ပင် မုန့်ဖိုးတောင်းနေသည့် မေရတီအား ဦးသော်ကသည် ပြုံးလျက်သာ ကြည့်ပြီး လှိုင်းတို့ လေးယောက်စလုံးအား လူကြီးများမှ မုန့်ဖိုးပေးသည်။ ထို့အပြင် ဦးသော်ကသည် လှိုင်းအား လှိုင်း ကန်တော့လိုက်သည့် စာအိတ်တွေကိုပါ ပြန်ပေးနေသဖြင့် အကြောက်အကန် ငြင်းဆန်ရတော့သည်။

"ဒီပိုက်ဆံတွေကို ကျွန်တော် ပြန်လက်မခံပါရစေနဲ့ ဦးရယ်။ ကျွန်တော်က ဦးတို့ကို ဒီ့ထက် အများကြီး ကန်တော့ချင်တာပါ။ ဒါပေမဲ့ အဖေတို့ကိုလည်း ပြန်ကြည့်ရသေးတော့ ဒီလောက်ပဲ ကန်တော့နိုင်တာကို တကယ် အားနာနေမိတာပါ။ ဦးကိုလည်း ဒီနှစ်တွေအတွင်း အရာရာအတွက် ကျွန်တော် ကျေးဇူးများကြီးတင်ပါတယ်ဗျ။"

"မဟုတ်တာပဲ သားရာ။ ဦးကသာ ကျေးဇူးတင်ရမှာ။ သားက ဦးကျောင်းထားပေးရကျိုးနပ်အောင် စာလည်း သေချာလိုက်လုပ်တဲ့အပြင် မာန်လေးကို သည်းခံပြီး ဂရုစိုက်ပေးလို့။ မာန်လေး ..သားလည်း လှိုင်းကို ကျေးဇူးတင်ရမယ်နော်။ ဒီကြားထဲ သား လှိုင်းအပေါ်မှာ ဆိုးတာ သားသိတယ်မလား။"

"မသိပါဘူး ပါပါးရာ။ နောက်ပြီး သိလည်း မသိချင်ဘူး။ ကျွန်တော် အပေါ်ပြန်တက်တော့မယ်။"

ရုတ်တရက်ကြီး ကောက်ကာ ငင်ကာ မတ်တပ်ထရပ်ကာ ဧည့်ခန်းထဲမှ ခြေလှမ်းကြဲများဖြင့် ထွက်သွားသည့် မာန့်နောက် လှိုင်းမှာ အပြေးတစ်ပိုင်း လိုက်ရပြန်သည်။ သည်ပန်ဒါလေးကတော့ လုပ်လိုက်လျှင် အမြဲတစေ ရေးကြီးသုတ်ဖျာဖြင့်။ ခုလည်း ဘာဖြစ်သွားမှန်း မစဉ်းစားနိုင်ခင်ပင် လှိုင်းသည် မာန့်နောက် လိုက်လာနှင့်ပြီးသား ဖြစ်နေလေသည်။

"ဘာဖြစ်တာလဲ ကိုရိပ်"

"မင်း ပြောစမ်း လှိုင်း ..ဘယ်သူက ကျေးဇူးတင်သင့်တာလဲ။"

"ဗျာ"

"ငါက မင်းကို ဘာကိစ္စ ကျေးဇူးတင်ရမှာလဲ ပြော။ တကယ်ဆို မင်းကပဲ ငါ့ကို ကျေးဇူးတင်ရမှာ မဟုတ်ဘူးလား။"

"....."

"မင်းပဲ စဉ်းစားကြည့် ... မင်း ငါ့အိမ်ကို စရောက်ကတည်းက ငါက မင်းကို စာပြန်ရှင်းပြရတယ်။ ငါ အကြိုက်ဆုံးဝက်ဝံရုပ်ကိုလည်း ပေးရတယ်။ ငါ့အခန်းထဲမှာလည်း ပေးနေရသေးတယ်။ မွေးနေ့ကျတော့လည်း မွေးနေ့လက်ဆောင်က‌ ပေးရသေးတယ်။ ငါ ဘယ်သွားသွား မင်းလိုက်ရှုပ်တာကိုလည်း သည်းခံရသေးတယ်။ အဲ့တာတွေထက် ပါပါးရဲ့ အချစ်တွေကိုလည်း မျှပေးရသေးတယ်လေ။ မင်း ငါ့ကို ပြော ..ဘယ်သူက ဘယ်သူ့ကို ကျေးဇူးတင်သင့်တာလဲ။"

လိုချင်တာ မရသဖြင့် သုန်မှုန်နေသည့် ကလေးငယ်တစ်ယောက်လို မှုန်ကုပ်ကုပ် မျက်နှာဘေးနှင့် တစ်ချက်ချင်း စဉ်းစားပြောနေသည့်ပုံစံကိုက ချစ်ဖို့ကောင်းနေသည်မို့ လှိုင်းသည် မာန့်ကို ကြည့်ရင်း ပြုံးလိုက်မိသည်။

"ဟုတ်ပါတယ် ..ကျွန်တော်ကသာ ကိုရိပ်ကို ကျေးဇူးတင်ရမှာ။ ကျေးဇူးတင်တဲ့အနေနဲ့ သီတင်းကျွတ်မှာ ကိုရိပ်ကို ကန်တော့မယ်လေ။"

"ဟိတ်ရောင် ..လက်ဗလာနဲ့ ငါ့ကို ကန်တော့မလို့လား။"

"ဟုတ် လက်ဗလာနဲ့ပဲလေ ကိုရိပ်။ ကိုရိပ်ပဲ ဟိုနေ့က ပြောတော့ ကန်တော့ရုံပဲဆို။"

အတည်ကြီး ခုတင်စပ်နား ထိုင်နေသည့် မာန့်ရှေ့ ဆောင့်ကြောင့်ထိုင်ချကာ လက်အုပ်တွေ ချီနေသည့် လှိုင်းကြောင့် မာန် စိတ်တွေ ပိန်လာရသည်။ ဘာလားပဲ သည်ကောင် ... သီတင်းကျွတ် ကန်တော့တာကို လက်ဗလာနဲ့ ကန်တော့တယ်တဲ့လား။ ကြား မကြားဖူးပေါင်။

"သေပါလား ..သီတင်းကျွတ် ကန်တော့တာကို ဘယ်သူက လက်ဗလာနဲ့ ကန်တော့လို့လဲ။ ထ ထ ..မကန်တော့နဲ့တော့ အလကားကောင်။"

မာန် သူ့ကို ကန်တော့စေချင်သည် ဆိုသည်မှာ မာန်က လှိုင်းထက် အသက်ပိုကြီးသည်ဆိုသော အကြောင်းပြချက်ထက် လင်မယားတွေဆိုလျှင် မိန်းမဖြစ်သူက မိမိ၏ လင်ယောင်္ကျားကို ကန်တော့တတ်ကြသည်ဟု မာန် ကြားဖူးသောကြောင့်ပင်။ ဤအယူအဆသည် မည်သို့ပင် ယောင်္ကျား မိန်းမ ပညက်ချက်များအတွက်သာ ရည်စူးထားသည် ဆိုစေကာမူ ၊ လှိုင်းသံစဉ် မာန့်ကို ကန်တော့ခြင်းကို ခံရလျှင် သွယ်ဝိုက်သောအားဖြင့် လင်မယား ဆိုသည့် ခေါင်းစဉ်အောက် သွတ်သွင်းခြင်း ခံလိုက်ရသည်ဟု မာန် မှတ်ယူထားသောကြောင့် လှိုင်းကို ကန်တော့ခိုင်းနေခြင်း ဖြစ်သည်။ သို့ပေမဲ့ လက်ဗလာနှင့် ကန်တော့တာကြီးကတော့ လက်မခံချင်စရာကောင်းနေလေသည်။ အနည်းဆုံးတော့ မုန့်လေးတစ်ခုဖြစ်ဖြစ် ဝယ်လာခဲ့သင့်သည် မဟုတ်ပါလား။

မာန်က အလိုမကျစွာဖြင့် မျက်မှောင်ကုတ်ကာ ဆူပုတ်နေလေရာ လှိုင်းသည် တစ်ချက် အသံထွက်အောင် ရယ်လိုက်သဖြင့် မာန်၏ မကျေနပ်ချက်များ ဖြည့်သိပ်ခံထားရသော အကြည့်တို့ကို လိုက်ခံရရှိလိုက်သည်။ သူ့အား စူးစူးစိုက်စိုက် ကြည့်လိုက်လေရာ လှိုင်းက ဆောင့်ကြောင့်ထိုင်နေရာမှ မတ်တပ်ထရပ်ရင်း -

"ကျွန်တော်က စတာပါ ကိုရိပ်ရဲ့။ ကိုရိပ်ကို သီတင်းကျွတ် ကန်တော့ဖို့ဆိုပြီး မနေ့က ကျွန်တော် အထူးစပယ်ရှယ် ဝယ်ထားတာ ရှိတယ်။ သွားယူလိုက်ဦးမယ်နော်ကိုရိပ် ..ခဏလေးပဲ စောင့်နော်။"

ပြုံးတုံးတုံး မျက်နှာဘေးနှင့် ပြောပြီးသည်နှင့် လှိုင်းသည် အခန်းထဲမှ ချက်ချင်း ထွက်သွားလေရာ မာန်သည် မှုန်ကုပ်နေမိရာမှ မသိလိုက် မသိဘာသာဖြင့် ပြုံးလိုက်မိသည်။ ဟက်ခနဲ တစ်ချက် ကြားလိုက်ရသည့် အသံအရ သူ အပျော်လွန်ပြီး ပြုံးရုံတင်မက ရယ်ပါ ရယ်လိုက်မိသည် ထင်ရဲ့။ လှိုင်းက သူ့အတွက် အထူးစပယ်ရှယ် ဝယ်ထားတာ ရှိတယ်တဲ့လေ။ ဘာများဖြစ်မလဲဆိုသည်ကို ရင်ခုန်ရလွန်းသဖြင့် လှိုင်းပြန်အလာကို စောင့်စားနေရသည့် မိနစ်အနည်းငယ်သည်ပင် မာန့်အတွက် တစ်ကမ္ဘာလောက် ကြာနေသလိုမျိုး။

"ကိုရိပ် မျက်လုံးခဏမှိတ်။"

လှိုင်းသည် အခန်းထဲ ပြန်ဝင်လာချိန်တွင်တော့ သူ၏ လက်နှစ်ဖက်ကို နောက်တွင် ဝှက်ကာ မာန့်ကို မျက်လုံးမှိတ်ခိုင်းနေသဖြင့် ဘာများ ဖြစ်မလဲဟု စိတ်လှုပ်ရှားစွာဖြင့် လှိုင်း၏ နောက်ဘက်သို့ လှမ်းမျှော်ကြည့်နေမိသည့် မာန်သည် မျက်လုံးကို မမှိတ်ချင် မှိတ်ချင်ဖြင့် မှိတ်လိုက်ရတော့သည်။

"ကိုရိပ် ရော့ ..မျက်လုံးဖွင့်လို့ရပြီ။"

စက္ကန့်ပိုင်းအတွင်း ထွက်ပေါ်လာသော စကားသံကြောင့် မာန်သည် ချက်ချင်းဆိုသလို မှတ်ထားသော မျက်လုံးများကို ဖွင့်ကြည့်လိုက်ရာ တဒိတ်ဒိတ် မြည်နေသော ရင်ခုန်သံပင် အံ့အားသင့်မှုကြောင့် ရပ်တန့်သွားရလေသည်။ မာန်သည်လည်း အံ့ဩလွန်းသဖြင့် အာမေဋိတ်သံပင် မပြုနိုင်တော့သည်အထိ ပါးစပ်အဟောင်းသားနှင့် ဆွံ့အနေမိသော်လည်း မာန့်ရှေ့ ဆောင့်ကြောင့်ထိုင်နေသည့် ပုတက်လေးကမူ ပြုံးရိပ်သန်းနေသော မျက်နှာထားဖြင့် မာန့်ကို မော်ကြည့်နေလေရဲ့။

"ကိုရိပ် ယူလေဗျာ။"

မာန့်မှာ ကြောင်နစွာဖြင့် သူ ကမ်းပေးနေသည့် အရာအား ယူကာ ရင်ခွင်ထဲ လက်မောင်းများကြား ပိုက်ထားလိုက်မိသည်။ သီတင်းကျွတ် ကန်တော့သည်ကို ကမ္ဘာပေါ်ရှိ ဘယ်အရူးကများ ပန်ဒါအရုပ်ပေးမည်နည်း။ မာန့်လက်ထဲ ပန်ဒါအရုပ် ရောက်သွားသည်နှင့် လက်အုပ်ချီမိုးကာ -

"ကိုရိပ်ကို ကျွန်တော် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့နဲ့ ပြစ်မှားစော်ကားမိခဲ့သည် ရှိသော် ခွင့်လွှတ်ပေးပါရန် ဝန်ချတောင်းပန်ပါတယ်။"

ဟု ခပ်တိုးတိုး ရေရွတ်ပြီး မာန့်အား ထိခြင်းငါးပါးဖြင့် သေချာကို ကန်တော့နေသည့် လှိုင်းသံစဉ်၏ လုပ်ပုံကြောင့် မာန့်မှာ ရယ်ဖို့ မဆိုထားနှင့် ... ပြုံးတောင် မပြုံးနိုင်တော့။

ဘယ်လိုရွှေဉာဏ်တော်စူးရောက်လေးနှင့် မာန် ပက်ပင်းဆုံနေရပါသနည်း။ မာန့်မွေးနေ့တိုင်း ပန်ဒါရုပ်လေးများပါသည့် အိပ်ရာခင်း ဒီဇိုင်းမျိုးစုံကိုသာ မွေးနေ့လက်ဆောင် ပေးတတ်သည်ကို လေကုန်သဖြင့် ဘာမှ ထွေထွေထူးထူး မပြောလိုသော်ငြား ယခုကျ သီတင်းကျွတ်ကို ပန်ဒါရုပ်ပေးပြီး ကန်တော့နေသည်ကတော့ သဘောမတွေ့ချင်စရာဖြစ်နေသည်။ လွန်ခဲ့သော မိနစ်အနည်းငယ်က မာန့်ကို ကန်တော့ရန် ဝယ်ထားသည် ဆိုသဖြင့် ပျော်ရွှင်နေသော မာန့်အပျော်များပင် ဘယ်ဆီဘယ်ဝယ်သို့ တိုင်းခန်းလှည့်လည်သွားသည် မပြောတတ်တော့ပေ။ သူပြောသည့် အထူးစပယ်ရှယ်ဆိုတာ ပန်ဒါအရုပ်လေးတဲ့လား။ ပန်ဒါရုပ်ကို တစ်လှည့် ၊ ထိခြင်းငါးပါးဖြင့် ကန်တော့ပြီးနောက် မာန် ဆုပေးမည်ကို ငံ့လင့်နေသည့် လှိုင်းကို တစ်လှည့် ကြည့်နေမိရင်း မာန့်မှာ အံ့အားသင့်ခြင်း၏ နောက်ဆက်တွဲဖြစ်သော ဆွံ့အခြင်း ခေါင်းစဉ်အောက်မှ လွတ်မြောက်နိုင်စွမ်း မရှိသေးပေ။

"ကိုရိပ် ..ဆုမပေးတော့ဘူးလား။"

ငြိမ်နေသည့် သူ့အား လက်အုပ်ကို ချီမိုးထားလျက်သားနှင့် မေးနေသည့် အနှီပုတက်မှန်ကြောင်လေးအား မာန်သည် အောက်နှုတ်ခမ်းကို တစ်ချက် ဖိကိုက်လိုက်ပြီးမှ  -

"ကျန်းမာချမ်းသာပါစေ ..ပုတက်အစုတ်ပလုတ်။"

"ဟုတ် ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ကိုရိပ်။"

စိတ်က တကယ် ပေါက်နေသည်ဆိုမှ မာန့်တောင်းဆုကို ပြည့်ပါစေဟု ထပ်မံ ပြောလိုက်သည့် စကားသံကြောင့် မာန်သည် လက်ထဲရှိ ပန်ဒါရုပ်အား သကောင့်သားမျက်နှာတည့်တည့်ကို ပစ်ပေါက်လိုက်မိသည်။ အထူးစပယ်ရှယ်ကို အရုပ်ပေးမည်မှန်း မာန်သာ ကြိုသိခဲ့ပါလျှင် လက်ဗလာနှင့် ကန်တော့ခိုင်းလိုက်ပါ၏။ ဘယ်လို ဉာဏ်နှင့်များ သီတင်းကျွတ်၌ မာန့်ကို ကန်တော့ဖို့ ပန်ဒါရုပ် ဝယ်ရန် အကြံရသွားသည်ကို မာန် စဉ်းစား၍ပင် မရတော့။

"ဘာဖြစ်တာလဲ ကိုရိပ်။"

မာန် ပစ်ပေါက်လိုက်သည့် ပန်ဒါရုပ်သည် သူ့မျက်နှာကို ထိသွားသည်နှင့် လှိုင်းသည် ထိုပန်ဒါရုပ်အား ယူကာ ဆောင့်ကြောင့်ထိုင်နေရာမှ မတ်တပ်ထရပ်လိုက်ပြီး ခုတင်စပ်၌ မာန့်ဘေးနား ဝင်ထိုင်ရင်း မေးသည်။ မေးသည့်ပုံစံကိုက မာန် ဘာကို အလိုမကျဖြစ်နေမှန်း တကယ် မသိသည့် ပုံပါပဲ ... တစ်ခါတလေ လှိုင်းသံစဉ်သည် သူမတူအောင် တုံးအတတ်သည်ပင်။

"ဘာဖြစ်ရမှာလဲ ..မင်းကို ဘယ်သူက ပန်ဒါရုပ်နဲ့ ငါ့ ကန်တော့ခိုင်းလို့လဲ။"

"ဘယ်သူမှ မကန်တော့ခိုင်းပါဘူး ကိုရိပ်။ ကိုရိပ်က အရုပ်ကြိုက်တယ်လေ။ အဲ့တာကြောင့် ကျွန်တော် ပန်ဒါရုပ်လေး ဝယ်လာပေးတာ ..ဂရင်းနစ်စံချိန်ဝင် ကမ္ဘာ့အချောဆုံး ပန်ဒါလေးရဲ့ ကိုယ်ပွါးလေးလေ ကိုရိပ်။"

လွန်ခဲ့သည့် ငါးနှစ်က မာန်ကိုယ်တိုင် မိမိကိုယ်ကို ကင်ပွန်းတပ်ပေးခဲ့သည့် နာမည်က လှိုင်းနှုတ်မှ ထွက်လာလေရာ လူက အပျိုဖြန်းလေးလို ရှက်သွေးဖြာသွားသောကြောင့် ထင်ရဲ့ ... လှိုင်း၏ လက်မောင်းကို နာနာ ထိုးလိုက်မိသည်။ သို့သော်လည်း မာန် ထိုးလိုက်သည်မှာ မနာ၍လား မပြောတတ် ... ခပ်ရေးရေး ပြုံးနေသည့် လှိုင်းသံစဉ်ကြောင့် မာန် ပြဿနာဆက်ရှာနေမိသည်။

"အရုပ်ကြိုက်တယ်ဆိုတာက ငယ်ငယ်က မာန်ရိပ်မော်လေ။ နောက်နှစ်နှစ် နေရင် ဆရာဝန် ဖြစ်တော့မဲ့ ငါက အရုပ်ကြိုက်သေးတာ ဖြစ်နိုင်လို့လား။ မင်း ဦးနှောက်မရှိဘူးလား လှိုင်းသံစဉ်။"

လေသံခပ်တင်းတင်းဖြင့် ဟောက်ဆာဂျင် လုပ်လိုက်မှ နဂိုပြူးသော မျက်လုံးလေးများ ဝိုင်းစက်သွားကာ ပျာပျာသလဲဖြင့် တောင်းပန်စကား ဆိုတော့သည်။

"ဆောရီးပါ ကိုရိပ်ရယ်။ ကျွန်တော် မနေ့က အချိန်အားနေတာနဲ့ city mart ထဲ ခဏပတ်ရင်း ဒီပန်ဒါရုပ်လေး တွေ့တော့ ကိုရိပ်ကို သတိရသွားလို့ပါ။ နောက်ပြီး   သီတင်းကျွတ်ကျ ကိုရိပ်ကို ကန်တော့ရင် ဘာနဲ့ကန်တော့ရမှန်း မသိတာနဲ့ ဒီအရုပ်ဆို ကိုရိပ် ကြိုက်မှာပဲ ဆိုပြီး ဝယ်လာခဲ့မိတာပါ ဗျာ။ ကျွန်တော့်ကို စိတ်မဆိုးပါနဲ့နော်။ ကိုရိပ်မကြိုက်ဘူးဆို ကျွန်တော် တခြားတစ်ခုခု ပေးပါ့မယ်။ ကိုရိပ် ဘာလိုချင်လဲဗျ။"

မာန် စိတ်ဆိုးချိန်တိုင်း သူ့အကျင့်အရ တသီတတန်းကြီး စာစီကာ ရှင်းလင်းခန်းဖွင့်နေသည့် လှိုင်းသံစဉ်သည် ပြောနေရင်း သူ၏ မျက်မှန်ကို ပင့်တင်လိုက်သေးသည်။ ဤမျက်မှန်သည်လည်း လှိုင်း ၈ တန်းနှစ်ကတည်းက မာန် မွေးနေ့လက်ဆောင်အဖြစ် ဝယ်ထားပေးခဲ့သည် ဆိုသော်လည်း လှိုင်းက ယခုချိန်ထိ တပ်ထားဆဲ။ ကုန်လွန်လာခဲ့သော နှစ်များအတွင်း မာန် ဝယ်ပေးထားသည့် လေးထောင့်မျက်မှန်ကိုင်းညိုထက် များစွာ လှသော ဒီဇိုင်းဆန်းများ ထွက်နေသည့်တိုင်အောင် လှိုင်းသံစဉ်သည် မျက်မှန်ကို အပြောင်းအလဲမလုပ်။ ပါဝါတိုးလာသဖြင့် မှန်လဲသည်မှအပ မျက်မှန်လေးကို တရိုတသေဖြင့် တပ်ထားသည်မှာ အံ့ဩစရာကောင်းသည်။ ဒါထက် အသက် ၂၁ နှစ်ပင် ရှိနေပြီဖြစ်သော လှိုင်းသည် ယခုထက်ထိတိုင်အောင် မျက်မှန်၌ ကြိုးတပ်ထားဆဲ ဖြစ်သည်က ပို၍ အံ့အားသင့်ဖို့ကောင်းသည်။ သူနှင့် ရွယ်တူ မည်သူကမှ ကြိုးတပ်မျက်မှန် တပ်မည် မဟုတ်။ တခြားမဆိုထားနှင့် ... မာန့်နည်းတူ ဆေးကျောင်းတက်နေသည့် လှိုင်း ဂိုက်ပြပေးခဲ့သော အေးချမ်းမောင်ပင် ကြိုးတပ်မျက်မှန် တပ်သည်မဟုတ်။

"ကိုရိပ် လိုချင်တာ ကျွန်တော့်ကို ပြောလေ ..ကျွန်တော် ဝယ်ပေးပါ့မယ်။ ဒီအရုပ်မလိုချင်ရင် ကျွန်တော်ပဲ သိမ်းထားလိုက်တော့မယ်နော် ကိုရိပ်။"

"နေဦး ..ပေး အဲ့အရုပ်။ ပြောတော့ ငါ့ကို ပေးတာဆို ..ဘာလို့ ပြန်သိမ်းထားမှာလဲ။"

မာန်သည် လှိုင်းလက်ထဲမှ ပန်ဒါရုပ်လေးအား ဆွဲယူကာ ရင်ထဲတွင် ပိုက်ထားလိုက်မိသည်။ မာန့်လုပ်ရပ်ကြောင့် လှိုင်းက နားမလည်သလိုဖြင့် မျက်လုံးအဝိုင်းသားနှင့် မာန့်ကို လိုက်ငေးနေပြန်သည်။

"ပုတက် ..ငါ မင်းကို တိုင်ပင်စရာ ရှိတယ်။"

"ဘာများလဲဟင် ကိုရိပ်။"

စိတ်ဝင်တစား မေးလာသည့် လှိုင်းအား မာန်သည် လှိုင်း၏ မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ -

"ငါ ခင်နဲ့ လမ်းခွဲတော့မလို့။"

"ဗျာ"

"ဗျာ" တစ်လုံးတည်းလား။ မာန့်စကား အဆုံးသတ်၌ ဝမ်းသာသွားသည့် အရိပ်အယောင်များကို လှိုင်း၏ မျက်ဝန်းများ၌ ဖြတ်ပြေးသွားသည်ကို အရသာခံ ကြည့်ချင်သော်လည်း ၊ မသိမသာ တွန့်ကွေးသွားသည့် နှုတ်ခမ်းထောင့်လေးကို မြင်တွေ့ချင်သော်လည်း ၊ "ဗျာ" ဟူသော အာမေဋိတ်သံ၏ နောက်ဆက်တွဲ စကားလုံးများကို ကြားနာချင်သော်လည်း တကယ်တမ်း မျှော်လင့်ထားမိသည့် တုံ့ပြန်ချက်များသည် စိတ်ကူးသက်သက်သာ။ အေးတိအေးစက်မြဲ ဖြစ်သည့် လှိုင်းသည် ဤအခြေအနေ၌လည်း အေးစက်နေဆဲ ဖြစ်လေသည်။

"ငါ ပြောတာ မကြားဘူးလား လှိုင်းသံစဉ် ..ငါ ခင်နဲ့ လမ်းခွဲတော့မယ်လို့။ အဲ့တာ ..မင်းဘယ်လို သဘောရလဲ။"

မာန့်အမေးအဆုံး အကြည့်တို့ကို လွှဲဖယ်ရှောင်တိမ်းသွားသည့် လှိုင်းသံစဉ်။

"ဘာဖြစ်လို့ လမ်းခွဲမှာလဲ ကိုရိပ်။"

မေးတာကို မဖြေဘဲ စကားလမ်းကြောင်းကို တန်ပြန်မေးခွန်းတစ်ခုနှင့် လွှဲနေသည့် လှိုင်းသံစဉ်ကြောင့် မာန် စိတ်မရှည်ချင်တော့။ မာန့်စိတ်ထဲ သေချာနေသည့် အဖြေတစ်ခုနှင့် ထပ်တူကျသည့် တုံ့ပြန်မှုမျိုးကို လှိုင်းဘက်က ပြန်ပေးရန် မာန် မျှော်လင့်နေခဲ့သော်လည်း ကွေ့ဝိုက်နေသည့်အတွက် မာန့်လေသံသည် အတန်ငယ် မာသွားလေသည်။

"ငါ မေးတာသာ အရင်ဖြေစမ်းပါ။ ငါ ခင်နဲ့ လမ်းခွဲမဲ့ကိစ္စကို မင်း ဘယ်လိုသဘောရလဲ။"

ခပ်ဆတ်ဆတ် မေးလိုက်ကာမှ မာန့်ကို ပြန်စိုက်ကြည့်လာသည့် မျက်ဝန်းညိုများသည် ပကတိကြည်လင်နေဆဲ။

"အဲ့တာက ကိုရိပ်ရဲ့ အချစ်ရေးဆိုတော့ ကျွန်တော် ဝင်ပြီး မစွက်ဖက်ချင်ဘူး ကိုရိပ်။ ကိုရိပ် ခင့်ကို လမ်းခွဲချင်တာက သူ့ကို မချစ်တော့လို့လားဗျ။  ဒါမှမဟုတ် ..ခင်နဲ့ အရင်ကလို စကားများပြီး စိတ်ဆိုး စိတ်ကောက်တာ ဆိုရင်တော့ စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့ ကိုရိပ်ရယ်။ ကိုရိပ်တို့ တွဲလာခဲ့တာလည်း ၅ နှစ်လောက် ရှိနေပြီလေ။ မိန်းကလေးတစ်ယောက်ကို ဒီလောက်နှစ်တွေအကြာကြီး လက်တွဲလာခဲ့ပြီးမှတော့ သာမန် အသေးအဖွဲ ကိစ္စတွေကြောင့်နဲ့ ..ကျွန်တော်ကတော့ လမ်းမခွဲစေချင်ဘူး။ ပြီးတော့ ကိုရိပ်တို့ စိတ်အခန့်မသင့်ဖြစ်ရုံနဲ့ လမ်းခွဲလိုက်ရင် ပတ်ဝန်းကျင်က ပြောဆိုကြရင် ခင့်ရဲ့ ဂုဏ်သိက္ခာရော ကိုရိပ်ရဲ့ ဂုဏ်သိက္ခာကိုပါ ထိခိုက်သွားနိုင်တယ်။"

"ငါ ချစ်တဲ့သူက ခင် မဟုတ်ဘဲ မင်းဖြစ်နေတယ်ဆိုတာ သာမန်အသေးအဖွဲကိစ္စလား လှိုင်းသံစဉ်" ဟု မာန် ပြန်မေးခွန်းထုတ်လိုက်ချင်သော်လည်း တကယ့်လက်တွေ့၌တော့ လှိုင်း၏မျက်ဝန်းများကိုသာ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်နေမိသည်။ စိတ်၏ ပြတင်းပေါက် ဖြစ်သော မျက်ဝန်းညိုများက ဘာလို့များ သည်လောက် ဟန်ဆောင်ကောင်းနေရသနည်း။

"ငါ အိမ်မှာ မနေချင်ဘူး ..ပျင်းတယ်။ တရုတ်တန်း သွားရအောင်။"

မာန်သည် လှိုင်း၏ အပြောင်းအလဲမရှိသော မျက်ဝန်းညိုများကြောင့် စိတ်ထဲ ထွက်ပေါက်မရှိလောက်အောင် မွန်းကြပ်ဆို့နစ်လာသဖြင့် မာန့်ဘက်မှ အကြည့်တို့ကို အရင် ရှောင်တိမ်းကာ လက်ထဲရှိ ပန်ဒါရုပ်လေးအား ခုတင်ခေါင်းရင်း၌ ထားခဲ့လိုက်သည်။ သည့်နောက်တွင်မှ အဝတ်ဗီရိုထဲရှိ အင်္ကျီလက်ပြတ်တစ်ထည်နှင့် ဒူးလောက်သာ ရှိသည့် ဘောင်းဘီတိုကို ယူကာ ရေချိုးခန်းထဲ ဝင်လာလိုက်သည်။ ဘာလို့များ လှိုင်းသံစဉ်က သည်လောက် တုံးရသနည်း။ သူ့နှုတ်က ယခင်လို "ကိုရိပ်သဘော" ဟု တစ်ခွန်း ထွက်လာလျှင်တောင် မာန်သည် ခင်နှင့် တကယ် လမ်းခွဲမိမည် ထင်သည်။ ယခုတော့ ...

"ဆောရီးပဲ ခင်။ ခင့်ကို ငါ အသုံးချမှ ရတော့မယ်။"

မာန် အဝတ်အစားလဲပြီး ရေချိုးခန်းထဲမှ ပြန်ထွက်အလာ၌ လှိုင်းသည်လည်း အဝတ်အစားလဲပြီးနှင့်သား ဖြစ်နေသည်။ လှိုင်းသည် ဂျင်းဘောင်းဘီရှည်ကို စွပ်ကျယ်ဖြူနှင့်သာ ရိုးရိုးရှင်းရှင်း တွဲဖက်ဝတ်ဆင်ထားသော်လည်း အနက်စင်းများပါသော တီရှပ်ကို ကြယ်သီးမတပ်ဘဲ သူ့အကြိုက်အဆုံး စွပ်ကျယ်ဖြူပေါ် ထပ်ဝတ်ထားသည်။

"ဟယ်လို ခင်။"

"....."

"ငါတို့ အခု တရုတ်တန်း သွားမလို့ ခင်ပါ တစ်ခါတည်း လိုက်ခဲ့မလား။"

"....."

"အဲ့တာဆို ခြံပြင်က စောင့်နေမယ်။ ထွက်လာခဲ့နော်။"

မာန် ဖုန်းချအပြီး၌ လှိုင်းကို တစ်ချက် အကဲခတ်ကြည့်ရာ မျက်နှာဘေးသည် အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပါပဲ။ အဲ့သည့်လို တုံ့ပြန်မှုမျိုးကို မာန် သဘောမတွေ့တာ ... အနည်းဆုံးတော့ သူ သဝန်တိုသင့်သည် မဟုတ်ဘူးလား။

"သွားမယ်လေ။ ဘာရပ်လုပ်နေတာလဲ။"

"ဟုတ် ကိုရိပ်။ ကျွန်တော် ဆင်းနှင့်မယ်နော်။"

ထိုမျှသာ ပြောပြီး ကားသော့ယူကာ အခန်းပြင် အရင် ထွက်သွားသည့် သူအား မာန် မျက်စိတစ်ဆုံး ကြည့်နေမိသည်မှာ အသက်ရှူရန်ပင် မေ့လျော့နေသည်အထိ။ မာန် ဒီရက်ပိုင်း စိတ်တွေ ကယောက်ကယက်နှင့် ... လှိုင်းသံစဉ်ကို သူ ချစ်နေမိသည်ဆိုသည့် အမှန်တရားကို နှလုံးသားက နားလည် လက်ခံပြီးချိန်မှစ၍ လှိုင်းနှင့် အရင်လို မနေချင်တော့ဘူး။

ဖြစ်များဖြစ်နိုင်လျှင် မာန် ဖွင့်ပြောလိုက်ချင်သည် ... မာန်ရိပ်မော်ဟာ လှိုင်းသံစဉ်ကို မရှိမဖြစ် လိုအပ်တဲ့အကြောင်း ၊ မာန်ရိပ်မော်၏ ရင်ခုန်သံသည် လှိုင်းသံစဉ်တစ်ဦးတည်းအတွက် တည်ရှိနေသည့်အကြောင်း ၊ ယုတ်စွအဆုံး မာန်ရိပ်မော်ဆိုသည့် သူသည် လှိုင်းသံစဉ်၏ လက်သေးသေးလေးအား သေတပန် သက်တဆုံး မဖြုတ်စတမ်း ဆုပ်ကိုင်ထားချင်သည့်အကြောင်း အစရှိသည့် လှိုင်းနှင့်ပတ်သက်သည့် သူ၏ ရူးသွပ်မှု အလုံးစုံကို မျက်စိစုံမှိတ် ဖွင့်ဟလိုက်ချင်တော့သည်။

သို့သော် ...။ သို့သော် ဆိုသည့် နောက်ဆက်တွဲ၌ သူ၏ မာနများ ကာဆီးထားလေရာ "ချစ်တယ်" ဆိုသည့် အရိုးရှင်းဆုံး ဖွင့်ဟစကားကိုပင် ပြောထွက်ရန် မာန် တွန့်ဆုတ်နေမိသည်။ ကွဲပြားမှု အလျဉ်းမရှိသည့် တူညီနေသော ဖြစ်တည်မှုနှစ်ခုသည်လည်း မာန့်စိတ်ဆန္ဒများကို ဟန့်တားထားလေရာ မာန်သည် လှိုင်းဘက်မှ ဦးဆုံး ဖွင့်ဟလာအောင် လုပ်ယူရမည်ပင်။

"ဦး ကျွန်တော်တို့ တရုတ်တန်း ခဏ သွားမလို့ ဘာမှာဦးမလဲဗျ။"

"ရေခဲသုပ် ကိုလှိုင်း။ မေ ရေခဲသုပ် စားချင်လို့။"

မာန်သည် လှိုင်းနောက်မှ လိုက်လာချိန်၌ ဧည့်ခန်းထဲတွင် လှိုင်းသံစဉ်ကို တွေ့လိုက်ရသဖြင့် မာန်သည် လှိုင်းရှိရာသို့ လျှောက်လာလိုက်သည်။ ဧည့်ခန်းထဲ၌ ဇွဲမာန်ဟိန်းမှအပ ဦးသော်ကတို့ တစ်မိသားစုလုံး ကိုရီးယားကား ထိုင်ကြည့်နေကြဖြင့် လှိုင်း၏ အမေးကို ဦးသော်က မဖြေခင် မေရတီက ဝင်ပြောလာသည်။

"မမှာတော့ပါဘူးကွာ ..မင်းညီမအတွက် ရေခဲသုပ်ပဲ ဝယ်လာပေးနော်။ သားတို့ ကားကို ဂရုစိုက် မောင်းဦး။"

"ဟုတ် ဦး။ ဒါဆို ခွင့်ပြုပါဦးဗျ။"

မာန်နှင့် လှိုင်းတို့ ခြံထဲ ထွက်လာပြီး လှိုင်းက ကားဒရိုင်ဘာနေရာ၌ ဝင်ထိုင်ကာ မာန်က လှိုင်းဘေး၌ ထိုင်သည်။ မာန် စိတ်တွေ ရှုပ်နေသဖြင့် ဘာစကားမှ မပြောမိသလို အနှီပုတက်လေးကလည်း စကားစမလာပါ။ လှိုင်းတို့ ခြံပြင်ရောက်သည်နှင့် ခင်တို့ခြံရှေ့၌ ကားကို ခေတ္တ ရပ်ထားကာ ခင်ဝတီစံ ထွက်လာသည်ကို စောင့်နေလိုက်ကြသည်။ ခြောက်ခြားစရာကောင်းလောက်အောင်ကို ဆိတ်ငြိမ်နေသည့် လေထုကို မလိုလားတော့ဟန်ဖြင့် လှိုင်းသည် မေးခွန်းတစ်ခုဖြင့် လေထုကို တစ်ဖန် ပြန်လည် စိုပြေလာစေလိုက်သည်။ 

"ကိုရိပ် ..ကျွန်တော့်ကို စိတ်ဆိုးနေတာတော့ မဟုတ်ဘူးမလား။"

"စိတ်ဆိုးတယ် ..မင်းစိတ်ကို ငါ သိနေလျက်နဲ့ ငါ့ရှေ့မှာ ခင်နဲ့ လမ်းမခွဲစေချင်ဘူး ဆိုတဲ့ စကားကို ပြောထွက်တဲ့ မင်းကို အရမ်းစိတ်ဆိုးတယ် ပုတက်။"

"ကိုရိပ် ..ကျွန်တော်မေးနေတာ ကြားရဲ့လားဗျ။"

သူ့အမေးကို စိတ်ထဲမှ မကျေမချမ်း ပြန်ဖြေရင်း သူ့အား မမှိတ်မသုန် စိုက်ကြည့်နေမိသည့် မာန့်မျက်နှာရှေ့ မိုးထက်ပိုင် လုပ်နေကျ အကျင့်အတိုင်း လက်ယမ်းပြကာ ပြောနေသည့် လှိုင်းအား မာန် အကြည့်လွှဲလိုက်မိသည်။

"မဆိုးဘူး"

"တကယ် စိတ်မဆိုးတာနော် ကိုရိပ်။"

"ဟုတ်ပါတယ်ဆိုကွာ မင်းကလည်း။"

စိတ်တွေ ရှုပ်ထွေးနေရသည့်အထဲ မယုံသင်္ကာသလို ပြန်မေးနေသည့် လှိုင်းအား မာန် ပိတ်အော်လိုက်သောအခါမှ ရုတ်တရက် ဆိုသလို စကားလုံးများ ဆိတ်သုဉ်းသွားသည့် ကားထဲ၌ လေအေးပေးစက်မှ ထုတ်လွှတ်နေသည့် အအေးဓာတ်သည် လှိုင်းနှင့် မာန်တို့ကြား ခပ်သော့သော့ ဝင်ရောက်နေရာယူသည်။ မာန်ကတော့ လှိုင်းကို သိပ်မကျေနပ်သည်မို့ စကားမပြောဖြစ်သော်လည်း လှိုင်းကမူ မေးချင်နေသည့် မေးခွန်းအား မေးသင့် ၊ မမေးသင့် စဉ်းစားနေရင်းမှ စိတ်ကို ဒုန်းဒုန်းချကာ -

"ကိုရိပ် ..ကျွန်တော် မေးစရာ ရှိလို့။"

"ဘာလဲ။"

"ကိုရိပ်တို့ ဆေးကျောင်းပြီးသွားရင် ခင်နဲ့ လက်ထပ်ကြမှာလား။"

"ဟုတ်တယ် ..လက်ထပ်မှာ။"

မတုံ့မဆိုင်း ပြန်ပေးလာသည့် အဖြေကြောင့် လှိုင်းသည် လက်ချောင်းများကို ဖိဆုပ်ထားလိုက်မိသည်။ သူ ဘာတွေ မျှော်လင့်နေမိပါလိမ့်။ မာန်ရိပ်မော်ဆိုသည့် သူ ချစ်ရသူက မိန်းကလေးတစ်ယောက်ကို လက်ထပ်ရန်ထိ မရည်ရွယ်ထားဘဲ ၅ နှစ်တိတိ တွဲမည့်သူမျိုးမှ မဟုတ်တာ။ နောက်ပြီး ခင်က မာန့်အတွက် အသင့်တော်ဆုံး မိန်းကလေးတစ်ယောက်ပဲလေ။ ရုပ်ရည်ပိုင်းဆိုင်ရာလည်း မာန်နှင့် အတွဲညီသလို ငွေရေးကြေးရေးအရလည်း မာန်နှင့် တန်းတူနီးပါး ရှိသည့် ကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ထားသည့်အပြင် ပညာအရည်အချင်းသည်လည်း မာန်နှင့် ရင်ဘောင်တန်းနိုင်ကာ မာန့်ကို မျက်နှာမငယ်စေသည့် မိန်းကလေးတစ်ယောက် ဖြစ်သည်။ ဤမျှ ပြီးပြည့်စုံခြင်းတို့ ခစားခြင်းကို ခံနေရသည့် မိန်းကလေးကို မာန်က သေချာပေါက် လက်ထပ်ပြီး တစ်အိုးတစ်အိမ် ထူထောင်မည် ဆိုသည်ကို မမေးလည်း အတပ်သိနေပါလျက်နှင့် လှိုင်းသည် မလိုလားအပ်သည့် မေးခွန်းကို မေးလိုက်မိသည်ပဲ။

"ဘာလို့ ငြိမ်သွားတာလဲ။"

"ဘာမှ မဟုတ်ပါဘူး ကိုရိပ်။ ကျွန်တော် စဉ်းစားနေတာ ..ကိုရိပ်တို့သာ လက်ထပ်ပြီးသွားရင် ..."

"ဘာဖြစ်လဲ ဆက်ပြောလေ။"

"ဘာမှ မဟုတ်တော့ပါဘူး ကိုရိပ်ရယ်။ ကျွန်တော် ဒီတိုင်း ... မလိုတာတွေ လျှောက်တွေးနေမိလို့။"

တိကျသော အဖြေမပေးဘဲ မရေရာ မသေချာခြင်းများနှင့် အဆုံးသတ်လိုက်သည့် စကားကြောင့် မာန် လက်သီးကို တင်းတင်းဆုပ်ထားလိုက်မိသည်။ ဤသို့နှယ် မပွင့်တပွင့်နှင့် တွန့်ဆုတ်စွာ ပြောတတ်သည်က လှိုင်းသံစဉ်၏ အမူအကျင့်မှန်း သိသော်လည်း မာန် အားမလို အားမရဖြစ်ရသည်ကတော့ အမှန်ပင်။ သူ မပြောဘဲ တုံ့ဆိုင်းနေသည့် စကားကို မာန် မရမက မေးလိုက်ချင်သော်လည်း ခင်က အချိန်ကိုက် ရောက်လာသောကြောင့် မာန် ဆန္ဒကို မျိုသိပ်လိုက်ရသည်။

"ကို ..ခင်နဲ့ အနောက်မှာ လာထိုင်လေ။"

ကားထဲ ရောက်သည်နှင့် ပြောလိုက်သော ခင်၏ စကားကြောင့် မာန် လှိုင်းကို တစ်ချက် လှမ်းကြည့်မိလိုက်သော်လည်း အပြောင်းအလဲ မရှိသည့် မျက်နှာထားကြောင့် မာန်သည် ချက်ချင်းဆိုသလို ကားပေါ်မှ ဆင်းကာ ခင်ရှိရာ ကားနောက်ခန်း၌ ဝင်ထိုင်လိုက်သည်။ ကားမထွက်သေးပုံကို ခြုံငုံသုံးသပ်ခြင်းအားဖြင့် မာန်တို့အား ကားနောက်ကြည့်မှန်မှတစ်ဆင့် လှိုင်း ကြည့်နေလိမ့်မည်ကို မာန့်စိတ်ထဲ အလိုလို သိနေသဖြင့် မာန်သည် ခင်၏ ပန်းနုရောင် နှုတ်ခမ်းလေးအား ထိသည် ဆိုရုံမျှ အနမ်းမမည်သော အနမ်းတစ်ပွင့် ခြွေချလိုက်သည်။

"ကို ဒီနေ့ ဘာဖြစ်နေတာလဲ။"

"ဘာဖြစ်လို့လဲ။"

"ခင့်ကို ရုတ်တရက်ကြီး နမ်းလိုက်လို့လေ။"

"ကိုယ့်ရည်းစား ကိုယ် နမ်းတာ မရဘူးလား။ ခင်က ငါ နမ်းတာ မကြိုက်လို့လား။ ပြီးရောလေ ဒါဆိုလည်း ..နောက်ခါကျ ငါ မနမ်းတော့ဘူး။"

"မဟုတ်ပါဘူး ကိုရယ် ..ခင်က အံ့ဩသွားလို့ပါ။ ကို နမ်းတာကို ခင်က မကြိုက်စရာလား။"

ခင်သည် ကော့စင်းနေသော မျက်တောင်ရှည်များ ခြံရံထားသည့် မျက်လုံးများဖြင့် မာန့်ကို ဝင့်ကြည့်ကာ ပြုံးရိပ်သန်းနေသော သူမ၏ နှုတ်ခမ်းပါးများနှင့် တန်ပြန် ထိကပ်လာသည်။ မာန်တို့ စနမ်းသည် ဆိုလျှင်ပဲ လှုပ်ရှားသွားသော ကားကြောင့် မာန့်ဒေါသများသည် မကျေနပ်ချက်များနှင့်အတူ မြှင့်တက်လို့ လာလေသည်။ သူ့ရှေ့မှာ ခင်နှင့် နမ်းနေတာတောင် ဘာမှ မဖြစ်သလို ကားကိုသာ အာရုံစိုက်မောင်းနေသည့် လှိုင်းသည် ဇွဲမာန်ဟိန်းနည်းတူ အနုပညာလောကထဲ ဝင်လိုက်ဖို့ ကောင်းသည်။

"မင်းပဲ ဟန်ဆောင်ကောင်းနိုင်မလား ငါပဲ မင်း သဝန်တိုအောင် လုပ်နိုင်မလားဆိုတာ ကြည့်ကြသေးတာပေါ့ လှိုင်းသံစဉ်။"

တရုတ်တန်းသို့ ရောက်သောအခါ မာန်နှင့် ခင်သည် ရှေ့မှ လက်ချင်းချိတ်ကာ လျှောက်သွားသည်ကို လှိုင်းသည် နောက်မှ အရိပ်တစ်ခုလို လိုက်ရင်း မလွတ်တမ်း ကိုင်ထားသည့် လက်တစ်စုံ၌ အကြည့်တို့ကို ပို့လွှတ်ထားလိုက်မိသည်။ မာန့်တစ်ယောက်တည်းအတွက် ရည်ရွယ်ထားသော နှလုံးသားရှိ ဒဏ်ရာသည် မာန့်အနား၌ ခင့်ကို တွဲမြင်လိုက်ရချိန်တိုင်း တဆစ်ဆစ်ဖြင့် အဆမတန် ကိုက်ခဲ့လာတတ်သည့် အမာရွတ်ကျန်နေသော အနာတစ်ခုလိုပင်။

တစ်ခါတလေ ကိုယ်ချစ်ရသူ၏ ကျောပြင်ကို ငေးကြည့်နေရသည့် အခိုက်အတန့်သည် စာဖွဲ့ပြ၍မရလောက်အောင် နာကျင်ရတတ်ပါသည် ... အထူးသဖြင့် သူဟာ ကိုယ် ဖမ်းဆုပ်မထားနိုင်သည့် အကွာအဝေး၌ တည်ရှိနေသော လမင်းသဖွယ် ဖြစ်တည်မှုတစ်ခု ဖြစ်နေခဲ့လျှင်ပေါ့။

"ကိုရိပ် ..ဟိုမှာ မေ့အတွက် ရေခဲသုပ် သွားဝယ်လိုက်ဦးမယ်နော်။ ကိုရိပ်တို့ သွားရင် သွားနှင့် ..ကျွန်တော် လိုက်လာခဲ့မယ်။ ကိုရိပ်လည်း စားမယ်မလားဗျ ..ရေခဲလျှော့ထည့်ပြီး နာနတ်ယို မပါတာလေးလေ။"

မလှမ်းမကမ်း၌ မြင်နေရသည့် ရေခဲသုပ်ဆိုင် ရောင်းနေသော လှည်းလေးကြောင့် လှိုင်းသည် မာန်တို့နောက် ပြေးလိုက်ကာ မာန့်ဆီမှ ခွင့်ပြုချက်တောင်းလိုက်သည်။ လှိုင်း လက်ညှိုးညွှန်ပြရာကို မာန်က တစ်ချက် လှမ်းကြည့်ပြီးမှ -

"ခင်ရော စားဦးမလား။"

"မစားတော့ဘူး ကို။ ခင်က ဟိုရှေ့က ရေခဲမုန့်စားချင်လို့။"

"အဲ့တာဆို ငါ့အတွက် တစ်ခွက် ပိုဝယ်ခဲ့။ ငါတို့ ရေခဲမုန့်ဆိုင်ရှေ့က စောင့်နေမယ်။ ဒီမှာ ..ပိုက်ဆံယူသွားဦး။"

"နေ နေ ကိုရိပ် ..ကျွန်တော့်မှာ ပိုက်ဆံပါတယ်။ သွားပြီနော်။"

လှိုင်းက ခပ်သွက်သွက်ပါပဲ ရှုပ်ယှက်ခတ်နေသည့် လူများကြား တိုးဝင်ကာ ပျောက်ကွယ်သွားသည်။ မာန် စိတ်မချသဖြင့် ရေခဲသုပ်လှည်းနား အုံနေသော လူအုပ်ထဲနှင့်အတူ ရပ်နေသည့် ဘိုကေတိုတိုနှင့် ကောင်လေးအား လှမ်းမျှော်ကြည့်နေသော်လည်း လက်ကို လာချိတ်ကာ ရေခဲမုန့်ဆိုင်ရှိရ်ာသို့ ဆွဲခေါ်နေသည့် ခင့်ကြောင့် ခြေလှမ်းများကို လေးကန်စွာဖြင့် ရွေ့လျားလိုက်ရသည်။

"ကို ..ခင်တို့နဲ့ ဘာလို့ အမြဲ လှိုင်းသံစဉ်ကို ခေါ်လာခဲ့တာလဲဟင်။ ခင်တို့ချည်းပဲသွားလို့ မရဘူးလား ကိုရယ်။"

"မရဘူး ခင်။ လှိုင်းကို တစ်ယောက်တည်း အိမ်မှာ ထားခဲ့လို့ မရဘူး။ သူ ငါ့မျက်စိအောက်မှာပဲ ရှိနေမှရမှာ။ ဘာလို့လဲ ..လှိုင်းပါတာကို ခင်က ဘာလို့ မကျေမနပ်ဖြစ်နေတာလဲ။"

"မကျေမနပ်ဖြစ်တာတော့ မဟုတ်ပါဘူး ကိုရယ်။ ကိုပဲ စဉ်းစားကြည့်လေ ..ခင်တို့ တွဲလာတာ ၅ နှစ် ရှိပြီ။ သူ ကျူရှင်သင်ဖို့ ရှိတဲ့အချိန်က လွဲရင် ခင်တို့ဘယ်သွားသွား သူပါတယ်။ ခင်က ကိုနဲ့ နှစ်ယောက်တည်း လွတ်လွတ်လပ်လပ် သွားချင်တာလေ ကိုရယ်။"

"ခင် ..ငါ ဒေါသမထွက်ချင်ဘူးနော်။ ဒီအကြောင်း ဆက်မပြောကြရအောင်။ ခင် ဘာရေခဲမုန့် စားမှာလဲ။"

ခင် သဘောမတွေ့တာ ဒါပါပဲ ... သူမ အမြတ်တနိုး "ကို" ဟု ခေါ်ဝေါ်နေမိသည့် ချစ်သူသည် လှိုင်းသံစဉ်နှင့် ပတ်သက်ပြီး တစ်ခုခု ပြောမိလျှင် ဤသို့နှယ် အနည်းငယ် ခက်ထန်နေတတ်ပြီး စကားလမ်းကြောင်း လွှဲသွားတတ်သည်မှာ တစ်ခါ ၊ နှစ်ခါ မဟုတ်။ လှိုင်းသံစဉ် ဆိုသည်ကလည်း အလိုက်မသိတတ်ပုံက တော်ရုံမဟုတ် ... အမြဲတစေ မာန်နှင့် ခင် ဘယ်သွားသွား လိုက်နေသည်ကို အားနာစိတ် နည်းနည်းမှပင် မဖြစ်ဘူးလား မပြောတတ်။ မာန့်ကို ပြောမိပြန်လျှင်လည်း သူမနှင့် ပြဿနာ တက်ဦးမည် ဖြစ်ရာ ခင်သည် လှိုင်းနှင့် ပတ်သက်သည့် အကြောင်းကို ဆက်မပြောတော့ဘဲ ရေခဲမုန့်သာ မှာလိုက်သည်။

"ချောကလက် ရေခဲမုန့်တစ်ခွက် ပေးပါ။"

ခင်က သီးစုံရေခဲမုန့်နှင့် စတော်ဘယ်ရီရေခဲမုန့်ကို အရောတစ်ခွက် မှာပြီးသည်နှင့် ထွက်ပေါ်လာသော မာန့်စကားသံကြောင့် မာန့်ကို မျက်စောင်းလှမ်းခဲလိုက်မိသော်လည်း သူမကို အာရုံရှိမနေသည့် မာန်သည် ရေခဲမုန့်နှစ်ခွက်စာအတွက် ပိုက်ဆံရှင်းရန်သာ ဟန်ပြင်နေသည်။ စတော်ဘယ်ရီရေခဲမုန့်သာ စွဲစွဲမြဲမြဲ စားတတ်သူက ယခုလို ချောကလက်ရေခဲမုန့် မှာသည် ဆိုကတည်းက ဖြစ်နိုင်ချေက တစ်ခုတည်း။

"ကို ..ခင်တို့ တခြားနေရာသွားရအောင်။ ရှေ့မှာ မုန့်တွေ လျှောက်စားချင်လို့။"

မိနစ်အနည်းငယ် ကြာအောင် ရေခဲမုန့်ဆိုင်ရှေ့ ရပ်စောင့်ပြီးနောက်တွင်တော့ ခင် ပျင်းလာသဖြင့် မာန့်ကို ပြောကြည့်ရာ ထင်မှတ်ထားသည့်အတိုင်း ဟန့်တားသံက အသံအတက်အကျမရှိ ဩဇာသံ လွှမ်းလျက်။

"ခဏစောင့်ဦး ခင်။ လှိုင်းသံစဉ် လာမှ သွားကြမယ်။"

နေရာတကာ လှိုင်းသံစဉ်က မပါလျှင် မပြီးသည်မို့ ခင့်ရင်ထဲမှ အစိုင်အခဲသည်လည်း မြူမှုန်တစ်ခုချင်းစီမှ တဖြည်းဖြည်းနှင့် တစ်ဆ တစ်ဆ ကြီးထွားလာလေရာ ဆူးညှောင့်တစ်ခုနှယ် အစိုင်အခဲသည် နှလုံးသားထဲ နေရာယူထားခဲ့သည်မှာ ကြာနေလေပြီ။

"ဆောရီး ကိုရိပ်။ ရေခဲသုပ်က အမှာများပြီး စောင့်နေရလို့။ ကျွန်တော် ကြာသွားတယ်မလား။"

"မင်းအတွက်ရော မဝယ်လာဘူးလား။"

တစ်အောင့်အကြာ၌ ရေခဲသုပ်နှစ်ခွက်ကို ကိုင်ကာ အနားပြန်ရောက်လာသည့် လှိုင်းအား မာန်သည် ခပ်ဆတ်ဆတ် ပြန်မေးလိုက်ရာ ခေါင်းခါပြလျက် -

"ကျွန်တော် မစားချင်လို့ ကိုရိပ်။ ဒါ ကိုရိပ်အတွက် ..နာနတ်ယို မထည့်ခိုင်းဘဲ မြေပဲနည်းနည်းပိုထည့်ခိုင်းထားတယ်။"

မာန့်အကြိုက် မှန်သမျှကို တစ်ခါပြောဖူးသည်နှင့် တစ်သက်စာ စွဲနေအောင် မှတ်ထားတတ်သည့် လှိုင်းသည် မာန့်အား ရေခဲသုပ်ခွက်ကို ကမ်းပေးလာရာ မာန်သည် အရည်ပျော်စပြုနေပြီ ဖြစ်သော ရေခဲမုန့်အား သူ့ဘက် ပြန်ကမ်းပေးလိုက်သည်။ ထိုအခါ လှိုင်းသံစဉ်၏ မူပိုင် အမူအကျင့်လေးအတိုင်း နဂိုပြူးသော မျက်လုံးအဝိုင်းသားလေးနှင့် မော့ကြည့်လာသည်။

"မင်းအတွက်လေ။"

"ဩ ဟုတ် ဟုတ် ကိုရိပ် ..ကျေးဇူး။"

မာန့်ကို ရေခဲသုပ်ခွက်အား ထည့်ပေးပြီး ရေခဲမုန့်ကို လှမ်းယူသည့် လက်လေး၌ သိုဝှက်နေတတ်သည့် မှဲ့နက်လေးသည် လှုပ်ရှားလိုက်ချိန်တိုင်း သိသိသာသာ ကိုယ်ထင်ပြတတ်သည်။

"ကို ဝက်သားတုတ်ထိုး စားရအောင်။"

ဟိုဟိုဒီဒီ မုန့်များ လျှောက်စားပြီးနောက် ကားရှိရာသို့ ပြန်လျှောက်လာချိန်တွင် ခင်သည် ဝက်သားတုတ်ထိုး စားရန် မာန့်ကို ပူဆာတော့သည်။ မာန်သည်လည်း ခင့်ဆန္ဒကို ပိတ်ပင်တားဆီးခြင်း မရှိဘဲ ၁၇ နှစ်လမ်းထိပ်ရှိ ဝက်သားတုတ်ထိုးဆိုင်၌ ဝင်ထိုင်လိုက်သည်။ ထိုအခါ လှိုင်းသည် ယောင်နနလေးဖြင့် မာန့်ဘေး၌ ဝင်ထိုင်ပြီး သူ့လက်ထဲရှိ ရေခဲသုပ်ခွက်ကို စားပွဲပေါ် တင်ထားလိုက်သည်။

"ဟိတ်ရောင် စားလေ။"

"ကျွန်တော် မစားနိုင်တော့လို့ ကိုရိပ်။"

ရေခဲသုပ် ဝယ်တော့လည်း ကြိုက်ပါလျက်နှင့် သူ့အတွက် ဝယ်မလာသည့် လှိုင်းသံစဉ်သည် ယခုလည်း ဝက်သားတုတ်ထိုး စားရန် ငြင်းဆန်နေပြန်သည်။ သူက မစားနိုင်ရအောင် ဘာတွေများ များများစားစား စားထားလို့လဲ။ မာန် ဝယ်ပေးသည့် ချောကလက် ရေခဲမုန့်တစ်ခွက်က ဗိုက်ပြည့်စေတာ ဖြစ်နိုင်လို့လား။ ခုလည်း ဝက်သားတုတ်ထိုးဆိုင်၌ ထိုင်ပြီး ရေခဲမုန့်ထိုင်စားနေသည့် လှိုင်းသံစဉ်သည် မြင်ရသူအဖို့တော့ အေးချမ်းနေသည့်အသွင်။

"ရော့ မင်းဆက်စားလိုက်တော့။"

မာန်သည် ကျန်နေသေးသည့် ရေခဲသုပ်တစ်ဝက်ကို လှိုင်းရှေ့ ချပေးလိုက်တော့လည်း ငေးကြည့်လာသော မျက်ဝန်းညိုများသည် နှစ်ပေါင်းများစွာ ကုန်လွန်လာသည့်တိုင်အောင် ပကတိ ဖြူစင်နေဆဲ။

"ဟုတ် ကိုရိပ်။"

မာန်က ရေခဲသုပ်ခွက်ကို တစ်ချက် မေးဆတ်ပြလိုက်ကာမှ နားလည်သဘောပေါက်နေဟန်ဖြင့် မာန့်လက်ကျန် ရေခဲသုပ်အား ဆက်စားသည်။ စားတော့လည်း မာန် စားထားသည့် ဇွန်းနှင့်သာ မရွံမရှာ ခပ်စားနေသည့် လှိုင်းသံစဉ်သည် မရွံတတ်သည်တော့ မဟုတ်။ မှတ်မှတ်ရရ ကျောင်းတုန်းက မိုးထက် သူ့ရေဘူးကို ယူသောက်ပြီးချိန်တိုင်း လှိုင်းသည် ထိုရေဘူးကို ဆက်မသောက်တတ်တော့သည်ကို မာန် သတိထားမိသည်။ သို့သော် မာန်နှင့်ဆိုလျှင် ခွက်တစ်ခွက်တည်း မျှသောက်ဖို့တောင် မရွံရှာတတ်သည့် လှိုင်းသည် မာန့်အကျန်များကို ဆက်စားရန်လည်း တွေဝေခဲ့ဖူးသည် မဟုတ်။ တစ်ပါးသူတွေအပေါ် ထားရှိတတ်သည့် သူ၏ ကန့်သတ်ချက်များသည် မာန့်တစ်ယောက်တည်းအတွက် အကန့်အသတ်မဲ့နေသည်မျိုး။

မာန်နှင့် ခင် ဝက်သားတုတ်ထိုး စားပြီးသည်နှင့် အိမ်သို့သာ ပြန်လာလိုက်ကြသည်။ အပြန်လမ်းတစ်လျှောက်လုံးလည်း City FM မှ တစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်နေသည့် သီချင်းသံများကသာ ကြီးစိုးအာဏာဖြန့်ကျက်ထားလေသည်။ စကားသံဟူ၍ ဆိတ်သုဉ်းတိတ်ဆိတ်နေသည့် ကားထဲ၌ မင်းမူနေသည့် ထူးအိမ်သင် (ဦးငှက်) ၏ သီချင်းသံများအောက် ရင်ခုန်သံများသည်လည်း အပြိုင် ဟစ်ကြွေးနေကြသယောင် လှိုင်း၏ ရင်ထဲ ခံစားချက်အပေါင်း ယောက်ယက်ခတ်နေသည်။ "မပြည့်သည့်အိုး ဘောင်ဘင်ခတ်" ဆိုသည့် စကားပုံနှင့် ကွဲလွဲစွာ မာန့်အပေါ်ထားသည့် ချစ်ခြင်းမေတ္တာများ ပြည့်လျှံနေသည့် သူ့နှလုံးသားသည်လည်း သောကအပေါင်း ဝမ်းနည်းမှုအထွေထွေဖြင့် ဘောင်ဘင်ခတ်နေလေသည်။

"လှိုင်း"

"ဗျာ ကိုရိပ်"

"မင်း ဂစ်တာတီး ဘာလို့ မသင်တာလဲ။"

သူ့အား ပါပါး မွေးနေ့လက်ဆောင် ပေးထားသည့် ဂစ်တာနက်လေးအား လှိုင်းသည် မကြာခဏ ဖုန်သုတ်တတ်သော်လည်း ဂစ်တာတီးတတ်ရန် တစ်ကြိမ်တစ်ခါပင် မကြိုးစားခဲ့ဖူးပေ။ မာန်သည် လှိုင်း ကန်တော့ထားသည့် ပန်ဒါရုပ်လေးကို ဖက်ထားလျက် ဖုန်းသုံးနေရင်းမှ စာရေးစားပွဲ၌ ထိုင်ကာ စာရေးနေသည့် လှိုင်းကို ကြည့်လိုက်မိရာ မနီးမဝေး၌ ထောင်ထားသော ဂစ်တာလေးက အမြင်အာရုံထဲ ရည်ရွယ်ချက်ရှိရှိ တိုးဝင်ရောက်လာသည်။

"ကျွန်တော်မအားလို့ပါ ကိုရိပ်ရယ်။ ကျွန်တော် မတီးတတ်လည်း ကိုရိပ် တီးတတ်နေတာပဲဟာ။ ဂစ်တာတီးချင်လို့လား ကိုရိပ်။"

"အင်း"

မာန်က "အင်း" တစ်လုံးထဲ ဖြေလိုက်သောအခါ လှိုင်းသည် ချက်ချင်း ထိုင်နေရာမှ မတ်တပ်ထကာ မာန့်၏ ဂစ်တာနီလေးအား ယူလာပေးသည်။

"ငါ ဒီဂစ်တာကြီး မတီးချင်ဘူး။ ကြည့်ဦး ..ကြိုးတွေက ညှိရဦးမှာ။ မင်းဂစ်တာပဲ ပေး။"

"ဟုတ် ကိုရိပ်"

မာန် ဘာပြောပြော ထောက်ခံပေးတတ်သူက မာန် တောင်းဆိုတာ မှန်သမျှကိုလည်း ငြင်းဆန်ခြင်း မပြုတတ်ဘဲ ဖြည့်ဆည်းပေးတတ်သည်မှာ ရှေးယခင်ကအတိုင်း မူမပျက်။ ယခုလည်း သူ၏ ဂစ်တာအား မာန့်ကို တုံ့ဆိုင်းခြင်း အလျဉ်းကင်းမဲ့စွာဖြင့် ပေးလာပြီး ရေးလက်စ စာကို သွားရေးနေသည့် လှိုင်းကြောင့် မာန့်စိတ်ထဲ တစ်မျိုးပါပဲ။ မာန့်ကို ယခုလို ပစ်ထားပြီး သူ့ကျောင်းသားများအတွက် notes ထုတ်‌ ၊ အမှတ်ခြစ်နေတတ်သည့် အချိန်မျိုးဆိုလျှင် မာန် အလိုလို ဒေါသထွက်လာမိသည်။

"တင်းတယ် တင်းတယ် တင်းတယ် တင်းတယ်ဟေ့"

စိတ်တိုတိုနှင့် ရောက်တတ်ရာရာ အော်ဆိုလိုက်သည့် သီချင်းသည် မိန်းကလေး သီချင်းကြီး ဖြစ်နေသောကြောင့်ပေပဲလား ၊ ထူးထူးဆန်းဆန်း သီချင်းအော်ဆိုနေတတ်သောကြောင့်ပေပဲလား မပြောတတ် ... မာန့်ကို စာရေးနေရင်းမှ လှည့်ကြည့်လာသည့် လှိုင်းသံစဉ်။

"ဘာဖြစ်တာလဲ ကိုရိပ်"

"ဘာမှ မဖြစ်ဘူး"

မာန် ခပ်ပြတ်ပြတ်သာ တစ်ခွန်း ပြန်ဖြေလိုက်ပြီး လှိုင်းအား နဂါးမျက်စောင်းတစ်ချက်သာ ပို့လွှတ်လိုက်ကာ အကြည့်လွှဲရင်း လက်ထဲရှိ ဂစ်တာကိုသာ စိတ်ကူးပေါက်ရာ လျှောက်တီးနေလေသည်။

လိမ္မော်နုရောင် သုတ်ထားသည့် အခန်းကျယ်ထဲ ရင်ထဲရှိ မကျေနပ်ချက်များကို ဂစ်တာသံစဉ်များအဖြစ် ဖွင့်ထုတ်နေသည့် ကောင်လေးအား ငေးကြည့်ရင်း သဘောတကျ ပြုံးနေသည့် ကောင်လေးတို့သည် သီတင်းကျွတ်လပြည့်ညလေး၌ ထပ်တူကျသော ရင်ခုန်သံတေးချင်းများကို တီးခတ်လျက် မနီးမဝေး၌ တည်ရှိနေကြသည်။ ယခုနှစ် သီတင်းကျွတ်လပြည့်နေ့၌ ပြည့်ဝန်းနေသည့် ကောင်းကင်ထက်ရှိ လမင်းကြီးသည် ကျန်သော လပြည့်နေ့များထက် ပိုမို၍ ထိန်ထိန်ညီးနေတော့သည်။

~ 23/9/2023 (9:00 p.m.) ~

{ Author's Note :
နှစ်ရက်ခြား တစ်ပိုင်း update လာပါမယ်နော် သဲငယ်လေးတို့ 💜 }

Continue Reading

You'll Also Like

990K 91.2K 89
ဂေါ်လီ့သားက ဂေါ်ပြီးသား........
111K 3.2K 48
Intro (Uni) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲခေါ်ပါဆို" "တောက်...ရတုမင်းခန့်မောင်... မင်း...." "ဟုတ်ကဲ့ပြောပါ မ...
109K 3.4K 32
[ONGOING 🔞] #8 insanity :- Wed, May 15, 2024. #2 yanderefanfic :- Sat, May 18, 2024. After y/n became an orphan, she had to do everything by herself...
3.1K 50 11
After a Black Friday tragedy happens in Massachusetts, Zuma and his friends end up targets in a murder spree with a axe wielding manic. ᴄᴏᴠᴇʀ ᴄʀᴇᴅɪᴛ:...