အနက်ရောင်၀တ်စုံများ၀တ်ထားသည့်အဖွဲ့၏ ခေါင်းဆောင်သည် သိသိသာသာကို ဒဏ်ရာရလို့ထားသော်လည်း သူကလျှင်မြန်စွာ လှုပ်ရှားနေပြီး အိပ်ခန်းအနီး ချက်ချင်းရောက်လာလေသည်။
သူတို့လူစုက ခေါင်မိုးပေါ်မှာတစ်ဖွဲ့၊ ပြတင်းပေါက်ဘေးမှာတစ်ဖွဲ့ စသဖြင့် အခန်းအနီးတွင် ဖြန့်ကျက်လိုက်ပြီး အချင်းချင်းအချက်ပြလိုက်ကြသည်။
ထို့နောက် အဖွဲ့၏ခေါင်းဆောင်ဖြစ်သူ ဆောင်းဟွန်းက ပြတင်းပေါက်ကို အသံမထွက်ဘဲ အသာဟ၍ အိပ်ခန်းထဲက အခြေအနေကို ကြည့်လိုက်လေသည်။
ထိုအခိုက်အတန့်တွင်ပင် ဆောင်းဟွန်းတစ်ယောက် အအေးဒဏ်ကြောင့်မဟုတ်ဘဲ အမည်မသိအကြောင်းတစ်ခုကြောင့်နေရာမှာတင် အေးခဲလို့သွားလေသည်။
သူကမတုန်မလှုပ်နှင့် ကျောက်ရုပ်ကြီးကဲ့သို့ ထိုနေရာမှာတင် တောင့်တောင့်ကြီးရပ်ကာ အထဲကို မျက်တောင်မခတ်ဘဲချောင်းကြည့်လို့နေလေသည်။
သူ၏အဖွဲ့သားများက စိုးရိမ်စိတ်ဖြင့် အချက်ပြသော်လည်း ဆောင်းဟွန်းတစ်ယောက်မှာ တုန့်ပြန်ဖို့နေနေသာသာ လှည့်ပင်မကြည့်ဘဲ နေမြဲအတိုင်းသာေနနေလေသည်။
မသိလျှင် သူ၏ ကမ္ဘာလောကကြီးတစ်ခုလုံး ရပ်တန်းသွားသည့်အတိုင်းပါပင်။
သူတို့ခေါင်းဆောင်၏ ထိုသို့သောအမူအရာကိုမမြင်ဖူးသည့်နောက်လိုက်များမှာ ဆောင်းဟွန်းထိုမျှစိတ်လွတ်လောက်အောင် ဘယ်အရာကများလုပ်ပါလိမ့်ဟု သိချင်စိတ်ဖြင့် ပြတင်းပေါက်နားတိုးကပ်ကာ ချောင်းကြတော့သည်။
နောက်တစ်စက္ကန့်တွင် သူတို့ကိုယ်တိုင်လဲ ဆောင်းဟွန်းနည်းတူ အေးခဲလို့သွားလေသည်။
သူ၏ကိုယ်ပိုင်အိပ်ခန်းအနီးသို့ လူများစွာချဉ်းကပ်လာမှန်း အနည်းငယ်မျှပင်မသိရှာသော ဂျယ်ယွန်းက ထိုအချိန်၌ လက်ထဲတွင် စုတ်တံတစ်ချောင်းကိုင်ကာ ဆေးနည်းတစ်ခုကို အသစ်ထပ်တိုးရေးဖိုးပြင်နေခြင်းဖြစ်သည်။
သူ၏ သွယ်လျနူးညံ့သော လက်ချောင်းလေးများက စုတ်တံကို တည်ငြိမ်စွာ ကိုင်ထားပြီး စာရွက်ဖြူဖြူထက်တွင် စာများရေးသားလို့နေသည်။
စုတ်တံ အညိုရောင်ကလှုပ်ရှားသည့်အတိုင်း သူ၏ကွေးညွတ်နေသော လက်ချောင်းလေးများကပါ စည်းချက်ကျစွာလှုပ်ရှားလို့နေသည်မှာ မြို့တော်က ကပွဲတွေထက်ပင် ကြည့်ကောင်းသည့်မြင်ကွင်းမျိုးဖြစ်နေလေသည်။
လက်ချောင်းများမှတဆင့် အပေါ်သို့အနည်းငယ်တက်ကြည်လိုက်လျှင် ဂွမ်းကပ်အနွေး၀တ်ရုံထူထူကြီးဖြင့်တစ်ကိုယ်လုံးကိုထုတ်ပိုးထားခြင့်ကြောင့် သူကလေးမှာ ကောက်ညှင်းထုပ်လေးသကဲ့သို့ဖြစ်ေနပြီး မြင်ရသူအဖို့ ထိုကောက်ညှင်းထုပ်လေးကို ဖြည်ေဖာက်ကာ အရသာမြည်းစမ်းချင်စိတ်ပေါက်လာစေအောင် လှုံ့ဆော်ပေးလို့နေသည်။
၀တ်ရုံကြီးက ထူနေပြီး မျက်နှာလေးသာ မြင်နေရသဖြင့် ထိုပုံရိပ်လေးမှာ ကောက်ညှင်းထုပ်လူသားလေးကဲ့သို့ပင်။
ဆောင်းဟွန်းကြည့်လိုက်သည့်အခါ ကောက်ညှင်းထုပ်လူသားလေး၏ မျက်နှာလေးမှာ အလွန်တရာကိုလှပပြီး နူးညံ့လှမှန်းသိလိုက်ရသည်။
ထိုခဏမှာတင် ကောင်လေးရဲ့ ခပ်ဖွဖွ စုကြုံ့ထားသော မျက်ခုံးတန်းလေးများကို ပြေလျော့စေရန် ဆောင်းဟွန်း အစွမ်းကုန်သုံးကာ ကြိုးပမ်းပေးလိုက်ချင်စိတ်က တားမရဆီးမရ ပေါ်ထွက်လို့လာလေသည်။
စုကြုံ့ထားသော မျက်ခုံးတန်းလေးများ၊ တစ်ခုခုကို လေးလေးနက်နက်စဉ်းစားနေဟန်ဖြင့် တောက်ပနေသော မျက်၀န်းလေးများအပြင် အလိုမကျဟန်ဖြင့် ကလေးဆန်ဆန်လေး ဆူထော်လိုက်သောနှုတ်ခမ်းလေးများ၊ ထင်ရှားသော နှာတံလေးနှင့် မျက်တောင်စင်းလေးများ၊တစ်ခုချင်းစီကကို အကြည့်မလွှဲချင်စရာ လှရက်လွန်းသည်။
ထိုလူသားလေး၏ နှုတ်ခမ်းများမှာ အနားသတ်တွေမှာ ကော့ညွတ်နေပြီး မြှားနတ်မောင်ရဲ့ လေးကိုင်းသဏ္ဍာန် နှုတ်ခမ်းတစ်စုံဟာ ဆောင်းဟွန်းအတွက်တော့ ဆွဲဆောင်မှုရှိသည်ဆိုသော ဖြစ်တည်မှုကိုပင် ကျော်လွန်လို့သွားချေသည်။
ထိုပန်းေရာင်သန်းေသာ နှုတ်ခမ်းလေးကိုအဝေးကမြင်ရရုံနဲ့တင် ဆောင်းဟွန်းတစ်ကိုယ်လုံးရေဓာတ်ခမ်းခြောက်လာသလိုပင်။
ထိုအခိုက်အတန့်တွင် သူက သူ၏ဒဏ်ရာကိုမေ့ကာ ပြတင်းပေါက်အပြင်ကနေ ဂျယ်ယွန်းကိုသာ မျက်တောင်မခတ်တမ်း ငေးစိုက်ကြည့်လို့နေလေသည်။
စကားတစ်ခွန်းတည်းနဲ့ပဲပြောရမယ်ဆိုရင်တော့ *ဘယ်လိုများ ချစ်စရာကောင်းပြီး တပြိုင်နက်တည်းမှာတင် လှရက်နိုင်လွန်းတာလဲ*
ဆောင်းဟွန်းေပြာရဲသည်က ထိုသည်မှာ အခန်းတွင်းရှိ ကော လေးကို မြင်သူတိုင်း တွေးမိမည့်အတွေးပင် ဖြစ်ပေတော့သည်။
ဆောင်းဟွန်းတစ်ယောက် သေမဲ့အရေးကို ဂရုမစိုက်ဘဲ မိုးရွာကြီးထဲရပ်ကာ ငမ်းကောင်း အဲလေ ငေးကောင်းနေစဉ် အနောက်နားမှကျယ်လောင်လှသော တံတွေးမြိုချသံကြီးကြောင့် မျက်မှောင်ကြီးကြုတ်ကာ သူ၏အာရုံကိုအနောက်ဖက်ပို့လိုက်ရတော့သည်။
အနောက်လှည့်လိုက်သည်နှင့် တွေ့လိုက်ရသောမြင်ကွင်းကြောင့် ဆောင်းဟွန်းတစ်ယောက် ဒေါသထွက်သွားတော့သည်။
သူ၏လက်အောက်ငယ်သားများအားလုံးမှာ ပြုစားခံလိုက်ရသည့်နှယ် မျက်လုံးကြီးပြူး၍ ပါးစပ်အဟောင်းသားတွေဖြင့် ကောင်လေး၏အလှကို ငမ်းလို့နေခြင်းကြောင့်ပင်။
သူ၏ လက်ရုံး နီခီဆိုလျှင် မျက်လုံးများကျွတ်ကျမတတ်ကြည့်နေပြီး တံတွေးပင်မြိုချလိုက်သေးသည်။
ဘာကြောင့်မှန်းမသိ ဆောင်းဟွန်းဒေါသတွေက ဆူပွက်လို့လာပြီး ငယ်ထိပ်ရောက်မတတ်ပင်မြင့်တက်လာကာ ထိုသူတို့၏ မြင်ကွင်းရှေ့သို့ သူ၏ ၀တ်ရုံအမည်းကြီးဖြင့် ပိတ်ပစ်လိုက်သည်။
ဖြူစင်သန့်ရှင်းသည့်အလှလေးကိုငေးနေတုန်း မည်းနက်သည့် အရာကြီးက မြင်ကွင်းကိုပိတ်ကွယ်သွားသဖြင့် လူတိုင်း ဒေါသထွက်သွားကြသော်လည်း တရားခံမှာ သူတို့ခေါင်းဆောင်ဖြစ်နေသဖြင့် ကြောက်လန်ကာ အနောက်ဆုတ်သွားကြလေသည်။
ဆောင်းဟွန်းက အားလုံးကိုအေးစက်စွာ စိုက်ကြည့်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။
"မင်းတို့ဒီမှာနေခဲ့ကြ ငါတစ်ယောက်တည်း၀င်သွားလိုက်မယ်"
"ဗျာ???"
အားလုံးမှာ နားမလည်နိုင်သော အမူအရာလေးတွေဖြင့် ခေါင်းဆောင်ဖြစ်သူကိုကြည့်လိုက်သော်လည်း သူတို့ခေါင်းဆောင်က ဘာကြောင့်ဆိုပြီးဖြေရှင်းချက်မပေးပေ။
ဆောင်းဟွန်းနှင့် အရင်းနှီးဆုံးဖြစ်သော နီခီက ကျည်ဆံကိုကိုက်ကာရှေ့တိုးသွားလိုက်ပြီး ပြောလိုက်သည်။
"ခေါင်းဆောင်က ဒဏ်ရာပြင်းပြင်းထန်ထန်ရထားတာမို့ အန္တရာယ်အရမ်းများပါတယ် ကျွန်တော်တို့ကိုလိုက်ခဲ့ခွင့်ပြုပါ"
ဆောင်းဟွန်းက အင်းမလုပ်၊ အဲမလုပ်ဘဲ "ခြေတစ်လှမ်းလှမ်းရဲလှမ်းကြည့် မင်းတို့ခြေထောက်တွေရိုက်ချိုးပြမယ်"ဆိုတဲ့အကြည့်ဖြင့်သာ နီခီအပါအ၀င်အားလုံးကိုကြည့်လိုက်သည်။
ယောင်္ကျားရင့်မာကြီးများမှာ အကြည့်တစ်ချက်တည်းနဲ့တင် ကြောက်လွန်းသဖြင့် ဒူးတွေပျော့ခွေလာကာ ချက်ချင်း ပါးစပ်ပိတ်လို့နောက်ဆုတ်ကုန်ကြသည်။
ထိုအခါမှ ဆောင်းဟွန်းက ဘာအပိုစကားမှထပ်မပြောဘဲ ပြတင်းပေါက်ကိုဖွင့်၍ အခန်းတွင်း ခုန်၀င်သွားတော့သည်။
သူ့အိပ်ခန်းအတွင်း လူတစ်ယောက် အပိုရောက်နေမှန်းမသိရှာသည့် ဂျယ်ယွန်းမှာတော့ စာကြည့်စားပွဲမှာထကာ လက်ကိုအကြောဆန့်လိုက်သည်။
ထို့နောက် အိပ်ယာ၀င်ဖို့ပြင်ကာ အနောက်လှည့်မည်အလုပ်တွင် သူ့အနောက်ဖက်မှ အေးစက်သော တစ်စုံတစ်ရာက ရုတ်တရက်ဆိုသလို သူ့လည်ပင်းထက်ကျရောက်လို့လာလေသည်။
ကျင့်ကြံခြင်း ကမ္ဘာကလာသော်လည်း သရဲကြောက်တတ်သည့် ဂျယ်ယွန်းတစ်ယောက် အေးစက်သော အထိအတွေ့ကြောင့် ဆံပင်မွှေးတွေပါထောင်ထမတတ်ဖြစ်ကာ သေအောင်ကြောက်လို့သွားလေသည်။
ဂျယ်ယွန်း ရုန်းကန်ကာ နောက်လှည့်ကြည့်မည်အပြုတွင် သူ့လည်ပင်းကိုဆုပ်ကိုင်ထားသော လူက သူ့လက်အားကိုပိုမိုထည့်ကာ လည်ပင်းကိုညှစ်လိုက်ပြီး ဂျယ်ယွန်းနားနားကပ်ကာ တီးတိုးပြောလိုက်သည်။
"ရှုး အသံမထွက်နဲ့ တိတ်တိတ်နေ"
ထိုအသံက တိုးညှင်းကာ အက်ရှနေပြီး အသံထဲတွင် မငြင်းဆန်နိုင်သော အမိန့်တစုံတရာပါသကဲ့သို့ မှော်ဆန်လေသည်။
ဂျယ်ယွန်း၏ ရုန်းကန်တွန်းထိုးမှုက ငြိမ်ကျသွားပြီး အသက်ပြင်းပြင်းရှုလိုက်သည်။
အဘယ့်ကြောင့်ဆိုသော် သူ့နောက်ကလူသည် သရဲမဟုတ်ဘဲ ညအချိန်မတော်ကျူးကျော်လာသည့် မသမာသူ လူစင်စစ်ဖြစ်လေသည်။
ထိုသူ၏ ပူနွေးသောထွက်သက်များက ဂျယ်ယွန်း လည်ဂုတ်နားနှင့် နားရွက်ဖျားထက်ကျရောက်လို့နေပြီး အနောက်ဘက်ကနေ အလွန်နီးကပ်စွာရပ်ကာ စကားပြောနေသဖြင့် ဂျယ်ယွန်းကိုကျောချမ်းစေသည်။
ထို့ပြင် တစ်ဖက်လူက ဘာလိုချင်မှန်းမသိဘဲ သူ့အသက်ကိုရန်ရှာနိုင်သည်မို့ သူက ငြိမ်နေလိုက်လေသည်။
ဂျယ်ယွန်းက ငြိမ်သက်သွားသည့်အခါ သူ့လည်ပင်းထက်က လက်များကလဲ ပြေလျော့လို့သွားလေသည်။
အနောက်ဘက်ရှိဆောင်းဟွန်းမှာလဲ အတော်အတန်ကိုဒုက္ခရောက်လို့နေပြီဖြစ်သည်။
တစ်ဖက်လူ၏ လည်တိုင်သွယ်သွယ်လေးမှာ သူ့လက်တစ်ဖက်တည်းဖြင့်ဆုပ်ကိုင်ရုံမျှနှင့် လုံလောက်ပေသည်။
လက်ဖဝါးမှတဆင့် ကောင်ငယ်လေး၏ ပူနွေးသောအရေပြားကိုထိတွေ့နေရပြီး တည်ငြိမ်နေသည့် သွေးခုန်နှုန်းသဲ့သဲ့ကို ခံစားမိနေသော ဆောင်းဟွန်းမှာ ကူကယ်ရာမဲ့လို့နေသည်။
သူ့လက်ထဲရှိအားနည်းပြီး ကျိုးကြေလွယ်သော ဖြူလွှလွှလည်ပင်းလေးကြောင့် ဆောင်းဟွန်းမှာ လက်ချောင်းများပင် သိပ်မလှုပ်ရဲချေ။
ဂျယ်ယွန်းက ဆောင်းဟွန်းမှာ သူ့ကို လည်ပင်းညှစ်ထားသည်ထင်နေသော်လည်း တကယ်တမ်းတွင်မူ ဆောင်းဟွန်းသည် သူ၏လက်များတွင် အားတစ်စက်မှမထည့်ထားဘဲ ဖွဖွဆုပ်ကိုင်ထားခြင်းသာ။
ဆောင်းဟွန်းသာ အမှန်တကယ် အားထည့်ပြီးဆုပ်ကိုင်မိပါက ဂျယ်ယွန်းနေရာမှာတင် လည်ပင်းရိုးကျိုးသွားနိုင်လေသည်။
ထိုအဖြစ်ကြောင့် ကော များသည် အမှန်ပင် နုနယ်ပြီး သိမ်မွေ့နူးညံ့သော ပန်းပွင့်လေးတစ်ပွင့်နှယ်ဖြစ်ပေသည်ဟု ဆောင်းဟွန်းတစ်ယောက် ကောက်ချက်ချလိုက်တော့သည်။
သို့သော် ဆောင်းဟွန်း၏ ဦးနှောက်မှာ ယခုအချိန်တွင်များများစားစားမတွေးနိုင်သေးချေ။
အသက်ခြိမ်းေခြာက်ခံထားရေသာ်လည်း ငြိမ်သက်ေနဆဲ ကောင်လေး၏ ကျောပြင်သည် သူ၏ ရင်ဘတ်နှင့်ထိတွေ့နေပြီး သေးကွေးသော ကိုယ်လေးမှာ ဆောင်းဟွန်းရင်ခွင်နှင့် အံ၀င်ခွင်ကျဖြစ်နေသည့်နှယ်ထင်ရလေသည်။
ထို့အပြင် သူ့လက်ေချာင်းများအကြား အံ၀င်ခွင်ကျဖြစ်နေသော လည်ပင်းလေးနှင့် ခေါင်းငုံ့လိုက်ရုံနဲ့ သူ့နှုတ်ခမ်းများဖြင့် ငုံထွေးနိုင်တော့မည်ဖြစ်သော နားသန်သီးလေး၊ သို့မဟုတ် လက်ဆန့်ထုတ်ရုံနဲ့ ပွေ့ဖက်ထားလို့ရတော့မည့် ခါးသိမ်သိမ်လေး၊ အရာအားလုံးကဆောင်းဟွန်းခေါင်းကို ဘာမှမစဉ်းစားနိုင်တော့ဘဲ ဗလာဖြစ်သွားစေပြီး သေလုမြောပါးဒဏ်ရာကိုပင်မေ့သွားစေနိုင်သည်။
ထိုစဉ် မတ်တပ်ကြီးမေ့နေသောဆောင်းဟွန်းအား သူဖမ်းချုပ်ထားသည့်ကောင်လေးက မေးလိုက်လေသည်။
"ခင်ဗျားဘာလိုချင်လို့လဲ"
သူ၏လေသံက ကြောက်လန့်ခြင်းအလျှင်းမရှိဘဲ တည်ငြိမ်နေလျက် မိမိအိမ်က်ုရောက်လာသည့် ဧည့်သည်ကို ဧည့်ခံနေသည့်နှယ်ပင်။
နွေဦးရာသီအတွင်း စမ်းချောင်းလေးမှ ခပ်ဖြေးဖြေးစီးဆင်းလာသော ရေစီးသံလေးကဲ့သို့ သာယာနာပျော်ဖွယ်အသံလေးက ဆောင်းဟွန်း၏ နားစည်က်ုထိခတ်ကာ သူ့ကိုအပြည့်အ၀လှုပ်နှိုးလိုက်ပြန်သည်။
*ငါ...ငါဘာလိုချင်တာလဲ?*
ထိုမေးခွန်း၏အဖြေကို ဆောင်းဟွန်းမစဉ်းစားရသေးခင် အမေ့လျော့ခံ ဒဏ်ရာက သူ၏ဖြစ်တည်မှုကို ပြတဲ့အနေနဲ့ သွေးများစိမ့်ထွက်လာတော့သည်။
ကိုယ်အတွင်းရှိ သေလုမြောပါးနာကျင်မှုကြောင့်ဆောင်းဟွန်း အနည်းငယ် ဟန်ပျက်သွားသော်လည်း သူ့မျက်နှာကတော့ အမူအရာကင်းမဲ့နေဆဲပင်။
ထိုအခိုက်တွင် သူ့လက်မောင်းကြားငြိမ်နေသည့်ကောင်လေးက လေထုထဲတွင် နှာတရှုံ့ရှုံဖြင့် အနံ့ခံလိုက်သည်။
"သွေးနံ့ စိမ်းရွှေရွှေအနံ့နဲ့ မွဲခြောက်ခြောက်အနံ့တွေရောနေပုံထောက်ရင် ဒါက...ဒါက "သွေးဆွေးမြေ့"အဆိပ်ပဲ"
တစ်ဖက်လူ၏ စကားကြောင့်ဆောင်းဟွန်းမှာ အမူအရာပင်မထိန်းနိုင်တော့ဘဲ တကယ်ကိုအံ့ဩသွားတော့သည်။
ဆောင်းဟွန်းမှာအမှန်ပင် သွေးဆွေးမြေ့ အဆိပ်မိနေခဲ့တာဖြစ်ပြီး သူ့လို အင်ပါယာနယ်မြေတစ်ဝှမ်းနှံ့စပ်သူပင် ထိုအဆိပ်အကြောင်းမသိချေ။
ထိုအဆိပ်မှာ သူတို့၏မြောက်ဘက်က မိုးည အင်ပါယာ ဘက်မှ အဆိပ်ပြင်းတစ်ခုဖြစ်ပြီး မိုးညအင်ပါယာမှာပင် ရှားပါးသည့်အရာတစ်ခုဖြစ်မှန်းသာ သိထားလေသည်။
သူ့လိုလူတောင် အဆိပ်အကြောင်း မသိတာကို ဒီလိုနယ်စပ်ဒေသက လူငယ်လေးက သိနေသဖြင့် ဆောင်းဟွန်းမှာ အံ့ဩသွားရခြင်းဖြစ်သည်။
သို့သော် ဆောင်းဟွန်း အံ့အားသင့်လို့မဆုံးခင်မှာပင် ဂျယ်ယွန်းက သူ့ဘက်လှည့်၍ မေးလာသည်ကိုကြားလိုက်ရသည်။
"ခင်ဗျား သွေးဆွေးမြေ့အဆိပ်မိထားတာလား"
"အ့"
အမေးပြုလိုက်သံက ဂျယ်ယွန်းထံမှဖြစ်ပြီး နာကျင်စွာညည်းတွားသံက ဆောင်းဟွန်းထံမှဖြစ်သည်
အဘယ့်ကြောင့်ဆိုသော် ဂျယ်ယွန်းက ရုတ်တရက်အနောက်လှည့်လိုက်သဖြင့် ဒဏ်ရာဖြင့်တိုက်မိကာ နာကျင်သွားရခြင်းကြောင့်ပင်။
နာကျင်မှုကို အံ့ကြိတ်သည်းခံရင်း မျက်လုံး၀င့်ကြည့်လိုက်သောအခါ သူ့ကို စိုးရိမ်တကြီးစိုက်ကြည့်လို့နေသည့် မျက်၀န်းတစ်စုံဖြင့် အကြည့်ချင်းသွားဆုံလေသည်။
ထိုမျက်၀န်းတစ်စုံက သန့်စင်ကြည်လင်၍ စစ်မှန်လွန်းပြီးအညစ်အကြေးကင်းစင်လွန်းသည်။
*ဖြူစင်လွန်းတယ် ဖြူစင်လွန်းလို့ သည်းမခံနိုင်လောက်အောင်ပဲ အဲဒီ့ဖြူစင်မှုကို ဖျက်စီးပစ်ချင်လာစေတယ်*
ထိုအတွေးက နာကျင်နေသည့်ကြားမှ ဆောင်းဟွန်းတွေးမိသည့်အရာသာဖြစ်လေသည်။
ဂျယ်ယွန်းက သူ့ရှေ့ရှိ လူစိမ်းအား အမှန်ကို စိုးရိမ်ပူပန်နေပြီး ယိုင်နဲ့သွားသော လူ၏လက်မောင်းအား သူ့လက်ေလးနဲ့ ချက်ချင်းထိန်းကိုင်ပေးထားလိုက်သည်။
သူ၏လက်မောင်းတွေကိုလာရောက်ဆုပ်ကိုင်သော သူကြောင့် ဆောင်းဟွန်း ခတ္တမျှတန့်သွားသော်လည်း ခဏအကြာတွင် နူးညံ့သော လက်လေး၏အထိအေတွ့ကြောင့် အသက်ရှူသံတွေပြင်းထန်လာသည်။
ထိုအခြင်းအရာကိုမသိသူဂျယ်ယွန်းမှာ တစ်ဖက်လူ၏ လေးလံသောအသက်ရှုသံဟာ နာကျင်မှုကြောင့်ဟုထင်သွားပြိး အနားတိုးကပ်သွားကာ တွဲထိန်းလိုက်ပြိး သူ၏အိပ်ယာပေါ်ခေါ်သွားလိုက်သည်။
နီးကပ်လာသည်နှင့်အမျှ တစ်ဖက်လူ၏ သင်းပျပျကိုယ်သင်းရနံ့က ဆောင်းဟွန်းနှာခေါင်း၀မှာ ဝေ့ဝိုက်လို့နေပြီး နှစ်ချို့ဝိုင်ထက်ပင် ယစ်မူးသွားစေသည်။
ဂျယ်ယွန်းက ဆောင်းဟွန်းကို ထိန်းကိုင်ကာ အိပ်ယာတွင် ထိုင်နိုင်စေရန် သူ့ကိုယ်ကိုအနည်းငယ်ကုန်းလိုက်သောအခါ သူ၏နောက်ကျောမှ ဖားလျားချထားေသာ အနက်ရောင်ဆံနွယ်ရှည်များသည် အရှေ့ဘက်သို့ ညှင်ညှင်သာသာလေး ဝေ့ဝဲကျလာပြီး ဆောင်းဟွန်း လည်ပင်းနားသို့ ထိတွေ့ရိုက်ခတ်သွားလေသည်။
ထို့သည်က ဆောင်းဟွန်း၏ နှလုံးသားမှာ ပုရွက်ဆိတ်အကောင်ပေါင်းများစွာ ဝိုင်းအကိုက်ခံလိုက်ရသကဲ့သို့ ယားယံသွားစေတာမို့ မသိစိတ်မှနေ၍ လက်သီးတင်းတင်းဆုပ်လိုက်မိသည်။
ဂျယ်ယွန်းက သူကအိပ်ယာထက်တွင် လက်သီးဆုပ်ကာထိုင်နေသော သူကို တစ်ချက်ကြည့်လိုက်သည်။
တစ်ဖက်လူမှာ မျက်နှာကိုပုဝါမည်းဖြင့် ဖုံးအုပ်ထားတာမို့ သူ၏သရုပ်မှန်ကိုမသိရပေ။
သွေးဆွေးမေ့အဆိပ်က အလွန်ဝေးကွာလွန်းသော တစ်ဖက်အင်ပါယာမှ အဆိပ်ပြင်းတစ်ခုဖြစ်ပြီး ရှားပါးလွန်းသောထိုအဆိပ်မိလာသူ၏ သရုပ်မှန်မှာလဲ အတော်လေးကိုမရိုးရှင်းပေ။
သို့သော် မည်မျှပင်လူစိမ်းဖြစ်နေပါစေ သူ့အိမ်ကို တိုက်ဆိုင်စွာရောက်လာသူအား အသက်မကယ်ဘဲ နေဖို့ရာ ဂျယ်ယွန်းနှလုံးသားကမမာပေ။
သူက သက်ပြင်းလေးချကာ တစ်ဖက်လူ မတုံ့ပြန်နိုင်သေးခင်တွင် လက်ကောက်၀တ်ကိုဆွဲယူ၍ သွေးခုန်နှုန်းကို တိုင်းတာလိုက်သည်။
ဝါးဂွမ်းလေးလို နူးညံ့အိစက်လက်ဖဝါးလေးက သူ၏လက်ဖျံကိုဆုပ်ကိုင်ထားပြီး နောက်လက်တစ်ဖက်မှ လက်ချောင်းသွယ်လေးများက သူ့လက်ကောက်၀တ်ပေါ်တင်၍ ထားသည်ကိုမြင်လိုက်သည့်အခါ ဆောင်းဟွန်းသွေးတွေခဲသွားတော့မလိုပင်။
*လူတစ်ယောက်ရဲ့ လက်ဖဝါးက ဘာကြောင့်များဒီလောက် အိစက်နူးညံ့နေနိုင်ရတာလဲ*
သူ့လက်ကိုထိနေသော ထိုေကာင်ေလး၏ လက်လေးများကိုကြည့်ရင်း ဆောင်းဟွန်းက သူ၏အိမ်တော်တွင် မွေးထားသော ကြောင်ဖြူလေး၏ လက်ဖဝါးနုနုလေးများကို သတိရသွားလေသည်။
ပန်းနုရောင်သန်းနေတာခြင်းအတူတူ ကောင်လေး၏ လက်ဖဝါးလေးများက သူ့ကြောင်လေးထက်ပင်နူးညံ့ကာ ကိုင်ချင်စရာကောင်းလို့နေသည်။
ဆောင်းဟွန်း၏အေတွးက ဘာမဆိုင်ညာမဆိုင်နှင့်ပင် သူ့ရှေ့ကကောင်လေးမှာ သူ၏ကြောင်လေးကဲ့သို့ ပျင်းတိပျင်းရွဲထိုင်နေရင်း သူ၏လက်ဖဝါးများကို လျှာနီနီလေးထုတ်ကာ လျက်နေမည့် မြင်ကွင်းကို စိတ်ကူးယဉ်မိသွားလေသည်။
*သေစမ်း ငါ ဘာတွေတွေးမိနေတာလဲ*
သူက မလျော်ကန်သော အတွေးများကို ထိန်းချုပ်လိုက်သော်လည်း သူ၏ လည်စိလေးက နိမ့်ခြည်မြင့်ခြည်ဖြစ်နေပြီး နှလုံးခုန်နှုန်းတွေမြန်လာသည်။
သွေးခုန်နှုန်းစမ်းသပ်နေသော ဂျယ်ယွန်းက ရုတ်တရက်ကြီး ဆောင့်တက်လာသော နှလုံးခုန်နှုန်းေကြာင့် အဆိပ်၏အကျိုးသက်ရောက်မှုဟုသာထင်သွားပြီး လန့်သွားကာ သူ့လက်ကိုပြန်ရုတ်လိုက်လေသည်။
ဆောင်းဟွန်းက သူ့လက်ကောက်၀တ်က အထိအတွေ့လေးကို နှမြောတသစွာဖြင့် လက်လွှတ်လိုက်ရလေသည်။
ဂျယ်ယွန်းက ဆောင်းဟွန်းအား သက်တောင့်သက်သာဖြင့် ကုတင်ခေါင်းရင်းကိုမှီထိုင်နိုင်အောင် ပြုလုပ်ပေးလိုက်ပြီး တည်ငြိမ်သောလေသံဖြင့်ပြောလိုက်သည်။
"ခင်ဗျား အ၀တ်တွေချွတ်လိုက်ပါ"
ဆောင်းဟွန်း၏မျက်၀န်းနက်တွေက ဂျယ်ယွန်းကို မော့ကြည့်နေရင်း ပိုမိုနက်မှောင်လာသည်။
*ညအချိန်မတော်အခန်းထဲရောက်လာတဲ့ သူအား ကုတင်ပေါ်ဆွဲတင်၍ အ၀တ်တွေချွတ်ခိုင်းနေသည်တဲ့လား
သည် ကော လေးက ထင်သလောက် မဖြူစင်ဘူးပဲ*
ဆောင်းဟွန်း၏ မတုန်မလှုပ် အမူရာမဲ့နေသည့်ပုံကြောင့် ဂျယ်ယွန်းက ထပ်မံ တိုက်တွန်းလိုက်သည်။
"မြန်မြန်လုပ် အချိန်ဆွဲနေလို့မဖြစ်ဘူးနော်"
ဆောင်းဟွန်းက ခေါင်းငုံ့ကာ သူ့မျက်၀န်းတွေကို ဖုံးကွယ်လိုက်သည်။
*သူဘယ်လောက်တောင်အလျှင်လိုနေတာလဲ ဒီထက်ပိုပြီးတောင် စိတ်မရှည်နိုင်တော့ပါလား*
*ကောင်းပြီလေ ငါကိုယ်တိုင်လဲ အဆိပ်မိပြီး မကြာခင်သေရတော့မှာပဲ။ ဒီညမှာပဲ လူပျိုဘ၀ကို အဆုံးသတ်လိုက်တာပေါ့*
ဆောင်းဟွန်းက ခြောက်ကပ်လာသော သူ့နှုတ်ခမ်းကိုသပ်ကာ
စိတ်ဆုံးဖြတိလိူက်ပြီးနောက် မိုးရေစိုထားသော သူ၏ ၀တ်စုံကိုချွတ်လိုက်သည်။
အနက်ရောင်၀တ်ရုံကို ချွတ်လိူက်သောအခါ ဖြူဖွေးနေသော ခန္ဓာကိုယ်က အချိုးအစားကျနနေကာ ထွင်းထုထားသော ကျောက်စိမ်းပန်းပုကဲ့သို့တင့်တယ်လှသည်။
သူ၏ ကြွက်သားများမှာ ဖုဖောင်းမနေဘဲ ကျစ်လစ်ကာ မျက်စိပသာဒဖြစ်စေသည်မှာ တုနှိုင်းမရတဲ့ အနုပညာတစ်ရပ်သဖွယ်ပင်။
ထိုသူ၏ ကြည့်ကောင်းလွန်းသော ခန္ဓာကိုယ်အပေါ်ပိုင်းအား သတိလက်လွတ် ငေးကြည့်နေရင်း ခဏအကြာမှ သတိ၀င်သွားသော ဂျယ်ယွန်းမှာ ရှက်ပြီးမျက်နှာလွှဲလိုက်လေသည်။
ဆောင်းဟွန်းကတော့ ယခုထက်တိုင်လေးနက်ေနဆဲ အမူအရာနှင့် ဂျယ်ယွန်းမျက်နှာအမူအရာကိုလေ့လာပြီး သေချာအောင် မေးလိုက်သည်။
"ကိုယ်က အဆိပ်မိထားတာနော်
ကိုယ်တို့...အဲ့ဒါကို...အခုလုပ်ရင် မင်းအတွက် ပြဿနာမဖြစ်စေနိုင်တာသေချာရဲ့လား အဆင်ပြေပါ့မလား"
ဆောင်းဟွန်း ဒုတိယအကြိမ်မြောက်အေနနဲ့ ပါးစပ်ဖွင့်ဟကာ ပြောလာသောစကားမှာ ထိုအတိုင်းဖြစ်သည်။
သေချာတာေပါ့။ နှစ်တစ်ထောင်ေကျာ် Fa ဂျယ်ယွန်းကတော့ ဆောင်းဟွန်းစကားများ၏ နက်နဲမှုကို သဘာ၀ကျစွာနားမလည်နိုင်ပေ။
သူက မျက်တောင်လေးကို အပြစ်ကင်းစင်စွာ ခတ်လိုက်ပြီးစဉ်းစားလိုက်သည်။
*ပြေတာပေါ့ ဆေးကုတာကို အခုမလုပ်မှသာ ပြဿနာဖြစ်မှာလေ*
ဂျယ်ယွန်းက သူ့လူနာ၏ စိုးရိမ်ပူပန်မှုကိုစာနာစွာဖြင့် နှစ်သိမ့်လိုက်သည်။
"ပြဿနာမဖြစ်ပါဘူး မစိုးရိမ်ပါနဲ့
အဆင်ပြေသွားမှာပါ ကျွန်တော့်ကိုယုံ"
စိတ်အားထက်သန်နေသော ကောင်လေးအား ဆောင်းဟွန်းလဲ တားမရတာမို့ ခေါင်းညိတ်လိုက်သည်။
"ကောင်းပြီလေ"
ထိုအခါ ဂျယ်ယွန်းကလဲ ဆောင်းဟွန်းပုခုံးအား ပုတ်ကာ အကြံပေးလိုက်သည်။
"တကယ်လို့ အရမ်းနာရင်လဲ သည်းခံလိုက်နော် ခဏနေကျရင်ကောင်းသွားမှာပါ"
ဆောင်းဟွန်းကလဲ နားမလည်နိုင်ခြင်းကြီးစွာနဲ့ ဂျယ်ယွန်းကိုမော့ကြည့်ကာတွေးနေလေသည်။
*နာရင်သည်းခံလိုက်နော်ဆိုတာက ဘာလဲ နာရမှာက ငါမှမဟုတ်တာ?*
ဆောင်းဟွန်းကမူအပြည့်အ၀နားမလည်ေပမဲ့ငြိမ်နေလိုက်သော်လည်း အခန်းအပြင်ဘက်ရှိ ဆောင်းဟွန်း ငယ်သားများမှာတော့ ပြတင်းပေါက်မှတဆင့်ထိုမြင်ကွင်းကိုကြည့်ကာ ချောင်းကြည့်ကာ ငြိမ်မနေနိုင်တော့ဘဲ *လောကကြီးဘာတွေဖြစ်ကုန်တာလဲ*ဟု အော်ဟစ်မိတော့မတတ်ပင်။
{ဆက်ရန်}