ဂျယ်ယွန်း ကူးပြောင်းလာချိန်မှာ မူလပိုင်ရှင်ဟာ ငါးနှစ်သားအရွယ်လေးပဲရှိသေး၏။
ဘယ်လိုအဖြစ်မျိုးဖြစ်လို့များ ငါးနှစ်သားအရွယ်သခင်လေးက သေဆုံးသွားရလဲဟု မေးလာခဲ့ရင်တော့ ဂျယ်ယွန်းမှာ မူလပိုင်ရှင်၏ ကံဆိုးမှုကိုပဲ လက်ညှိုးထိုးရတော့ပေမည်။
တကယ်တမ်းတွင် မူလပိုင်ရှင်ကောင်လေးမှာ "မြူနှင်းငွေ့"ကဲ့သို့ နယ်စပ်ဒေသတွင် မွေးဖွားသူမဟုတ်ပေ။
သူကလေးသည် အင်ပါယာမြို့တော်မှ ဆွေကြီးမျိုးကြီး မျိုးရိုးမြင့် သခင်ငယ်လေးဖြစ်သည်။
ထိုသို့ဆိုရခြင်းမှာ သူ့ဖခင်သည် အင်ပါယာတရားရုံးတော်၏ လက်ထောက်တရားရေး၀န်ကြီး တစ်ဦးဖြစ်သည့်အတွက်ပင်။
လက်ထောက်တရားရေး၀န်ကြီး၏ ရာထူးမှာ ဒုတိယအဆင့်ဖြစ်ပြီး ပထမအဆင့်အမတ်များနှင့် တစ်ဆင့်သာကွာတော့သည်။
ထို့ကြောင့် ဂျယ်ယွန်းဖခင်မှာ မြို့တော်တွင် အာဏာရှိသောလူနည်းစုတွေထဲမှ တစ်ဦးအပါအ၀င်ဖြစ်လာခဲ့သည်။
သို့သော် ထိုလူကြီးမှာ အာဏာကိုမမက်မောပဲ အမှန်တရားကိုသာ လက်ကိုင်ထားသည့် တိကျသော တရားရေးအမတ်တစ်ဦးသာဖြစ်နေခဲ့သည်။
ခေတ်အဆက်ဆက်မှာ အမှန်တရားကို ထုတ်ဖော်ပြောဝံ့သူတိုင်းသူ လူမုန်းခံရစမြဲပင်။
တခြားလူတန်းစားများက သူ့အားလေးစားကြသလောက် အကျင့်ပျက်သည့် အမတ်များကတော့ ဂျယ်ယွန်းဖခင်အား မုန်းတီးကြသည်။
မည်သို့ပင်ဆိုေစ ဂျယ်ယွန်းဖခင် အမတ်မင်း ရှင်းမ်ဆွန်းသည် တကယ်ကိုလေးစားဖွယ်ရာ စံထားလောက်သည့် သစ္စာရှိသူတစ်ဦးဖြစ်သည်။
သူကနိုင်ငံတော်နှင့် ဘုရင်မင်းမြတ်အပေါ်သစ္စာရှိရုံမျှမကပါဘဲ အချစ်အတွက်လဲ သူ၏ သစ္စာကို ဖော်ပြဝံ့သူဖြစ်သည်။
ထိုအကြောင်း ပြောရမည်ဆိုလျှင် ဤကမ္ဘာတွင် တလင်တမယားစနစ်ကျင့်သုံးခြင်းမရှိဘဲ လူချမ်းသာတွေရဲ့ ထုံးစံအတိုင်း ယောက်ျားတစ်ဉီးလျှင် ဇနီးသည် သုံးယောက်နဲ့ ကိုယ်လုပ်တော်လေးယောက်မက ယူနိုင်ပေသည်။
ထိုသို့သော စနစ်အောက်တွင်ပင် ဂျယ်ယွန်းဖခင်သည် အင်ပါယာမြို့တော်၏ ဇနီးသည် တစ်ဦးတည်းရှိသော ပထမဆုံး လူထူးဆန်းတစ်ယောက်ဖြစ်လာခဲ့သည်။
လူအများက သူ့အား ရူးနှမ်းေနသည် လူ့ငကြောင်ဟု ကဲ့ရဲ့ကြသော်လည်း ဂျယ်ယွန်းဖခင်ကတော့ သူ၏ ဇနီးသည်တစ်ဦးတည်းကိုသာ အမြတ်တနိုးဖြင့်ပေါင်းသင်းခဲ့သည်။
ဂျယ်ယွန်း၏မွေးဖခင်မှာ ကော တစ်ယောက်ဖြစ်သည်။
သူ၏မိသားစုမှာ မြို့တော်၏ ပထမတန်းစားမိသားစုမဟုတ်ဘဲ စာပေပညာရှင်မျိုးရိုးမှ ဆင်းသက်လာသူဖြစ်သည်။
သူတို့တမျိုးလုံးက ရိုးသားပြီး သိမ်မွေ့ကြသော စာပေပညာရှင်မျိုးရိုးဖြစ်သည်နှင့်အညီ ဂျယ်ယွန်း၏မွေးဖခင် အီဟာရူ သည်လဲ အလွန်တရာလှပသိမ်မွေ့သော ကောတစ်ယောက်ဖြစ်သည်။
ထိုအလှတရားမျိုးက ဘုရင်၏ အနောက်နန်းဆောင်သို့ ကိုယ်လုပ်တော်အဖြစ် ရောက်ကုန်ကြတာများသော်လည်း ဟာရူကတော့ သူ၏ ငယ်ချစ် ရှင်းမ်ဆွန်းကိုသာ လက်ထပ်ခဲ့သည်။
ရှင်းမ်ဆွန်းကလဲ ဟာရူကလွဲ၍ ဘယ်သူ့ကိုမှ ထပ်မံ လက်မထပ်တော့တာမို့ သူတို့ဇနီးမောင်နှံ၏ အိမ်ထောင်သည်ဘ၀လေးမှာ ပျော်ရွှင်ဖွယ်ကောင်းလှသည်။
ချစ်ရသူအချင်းချင်းပေါင်းဖက်ပြီးနောက် သားဦးလေး ဂျယ်ယွန်းကိုမွေးဖွားခဲ့သည်။
ဂျယ်ယွန်းေလးမှာ ဖခင်နှစ်ဦး၏ ချစ်သည်းညှာလေးအဖြစ် မထိရက်မကိုင်ရက် ပိုးမွေးသလိုမွေးခြင်းခံခဲ့ရသည်။
သို့သော် ဂျယ်ယွန်းငယ်လေး လေးနှစ်အရွယ်တွင် သူတို့မိသားစုအတွက် အိမ်မက်ဆိုးကြီးတစ်ခု ရောက်ရှိလို့လာခဲ့သညိ။
ဂျယ်ယွန်းဖခင်သည် တရားရုံးတော်မှအပြန်တွင် မသမာသူ လူတစ်စု၏ လုပ်ကြံသတ်ဖြတ်ခြင်းကိုခံခဲ့ရလေသည်။
ထိုအမှုကို အင်ယာပါဘုရင်မင်းမြတ်ကိုယ်တိုင် စစ်ဆေးခဲ့ကြသော်လည်း မကြာခင်တွင် လူရမ်းကား သူခိုးဓားပြတစ်စု၏လက်ချက်ဟုသာ အဖြေထွက်ခဲ့ပြီး ထိုလူတွေကိုသာ အပြစ်ပေးနိုင်ခဲ့သည်။
တကယ်တော့ မြို့တော်လိုနေရာမျိုးတွင် တရားရေး၀န်ကြီးတစ်ဦးကို လုပ်ကြံရဲသူ သူခိုးဓားပြဆိုတာမရှိနိုင်ချေ။
ဤကိစ္စ၏နောက်ကွယ်တွင် တရားခံ သက်သက်ရှိနိုင်သော်လည်း သက်သေမရှိသဖြင့် ဘုရင်မင်းမြတ်ပင် လက်လျှော့ခဲ့ရသည်။
သူ၏ခင်ပွန်းဖြစ်သူကိုချစ်လွန်းသော ဟာရူကတော့ ရုပ်အလောင်းကိုမြင်သည်နှင့် ကမ္ဘာပျက်မတတ် ပြိုလဲသွားတော့သည်။
ချစ်ရသူကိုဆုံးရှုံးမှုကြောင့် နဂိုထဲက နုနယ်ပြီး အထိအခိုက်မခံသည့် ဟာရူ၏ ကျန်းမာရေးမှာ ဆိုးရွာလာခဲ့ပြီး ရှင်းမ်ဆွန်းကွယ်လွန်ပြီး တစ်လအကြာတွင် ဟာရူလဲ ဆုံးပါးလို့သွားသည်။
ထို့ေကြာင့် တခြား ဇနီးမရှိသော လက်ထောက်တရားရေးအမတ်၏ အိမ်တော်တွင် လေးနှစ်သားအရွယ်သူ၏သားလေးတစ်ဦးသာ ကျန်ခဲ့တော့သည်။
ဒုတိယအိမ်တော်မှ ဂျယ်ယွန်းဦးလေးဖြစ်သူသည် 'ခိုကိုးရာမဲ့နေတဲ့ တူလေးကို မကြည့်ရက်နိုင်သဖြင့် မွေးစားခဲ့တယ်'ဆိုသည့် ဆင်ခြေကိုအသုံးပြုကာ ဂျယ်ယွန်းကိုမွေးစားလိုက်တော့သည်။
ဒုတိယအိမ်တော်မှ ဦးလေးသည် ဂျယ်ယွန်းအဖိုး ကိုယ်လုပ်တော်၏ သွေးသားဖြစ်ပြီး ပထမဇနီးသည်၏ သားဖြစ်သူ ဂျယ်ယွန်းအဖေကို ကြည့်မရဖြစ်နေခဲ့သည်မှာကြာမြင့်ခဲ့ပြီဖြစ်သည်။
(A/N ဂျယ်ယွန်းဖေဖေက ဂျယ်ယွန်းအဘိုးနဲ့ ပထမဇနီးကမွေးတဲ့ သားကြီးပါ ဦးလေးက ဒုတိယသားဆိုပေမဲ့ ကိုယ်လုပ်တော်ကမွေးတာမို့ အမေမတူကြပါဘူး ဂျယ်ယွန်းဖေဖေက တရား၀င်ဇနီးရဲ့ သားဆိုေတာ့ကိုယ်လုပ်တော်တွေနဲ့ သူတို့ကလေးတွေက မကြည်ဘူးပေါ့လေ)
ထို့ကြောင့် ဂျယ်ယွန်းလေးကို ကောင်းမွန်စွာ ဆက်ဆံဖို့နေနေသာသာ ဂျယ်ယွန်း ဖခင်ထားခဲ့သမျှ အမွေများကို သိမ်းယူပြီး ဂျယ်ယွန်းဘ၀ကိုခြယ်လှယ်ခဲ့သည်။
သူပိုင်သမျှ ယူဆောင်သွားခြင်းခံရသော်လည်း လေးနှစ်အရွယ်ကလေလေးမှာ ဘာကိုမှမသိနိုင်ပေ။
ဒုတိယမိသားစု၏မေကာင်းကြံမှုက ထိုမျှနှင့်မရပ်သေးပေ။
သူ့တို့အတွေးထဲတွင် ဂျယ်ယွန်းက လူတွေမြင်ကွင်းမှာရှိနေသ၍ သူတို့အကြောင်းတွေ ပေါ်ကုန်မှာစိုးလာကြသည်။
ထို့ကြောင့် နောက်ထပ်တစ်နှစ်ကြာသောအခါ ဂျယ်ယွန်းဖခင်သေဆုံးမှုအား လူတွေမေ့လောက်ပြီဆိုသည့်အချိန်တွင် ဂျယ်ယွန်းအား လူမသိအောင် အဝေးသို့ ပို့ပစ်လိုက်တော့သည်။
ဤသို့ဖြင့် ပထမအိမ်တော်မှ မျိုးဆက်ကလေးသည် လူမသိသူမသိ ပျောက်ကွယ်သွားရလေတော့သည်။
ဂျယ်ယွန်း ဒုတိယအိမ်တော်မှ နယ်စပ်အပို့ခံရချိန်တွင် ဟာရူဘက်မှ နို့ထိန်းမာမားနမ်နှင့် အထိန်းတော်တချို့သာ ပါလာလေသည်။
ငွေလအင်ပါယာမြို့တော်မှ မြူနှင်းငွေ့ဒေသအထိ ခရီးလမ်းသည် ကြမ်းတမ်းလွန်းလှပြီး ငယ်ငယ်ထဲက ပိုးမွေးသလို မွေးခံလာရတဲ့ လေးနှစ်သားအရွယ် ဂျယ်ယွန်းငယ်လေးအဖို့ ဘယ်လိုမှ ခံနိုင်ရည်မရှိခဲ့ပေ။
ထို့ကြောင့် လမ်းခရီးတွင် မူလ ဂျယ်ယွန်းလေးဟာ ဆုံးပါးသွားခဲ့ရပြီး ထိုခန္ဓာကိုယ်အတွင်းသို့ ယခုလက်ရှိဂျယ်ယွန်း၏ ဝိညာဉ်ကူးပြောင်းလာခြင်းဖြစ်သည်။
ကလေးဘ၀ထဲက ယခုခန္ဓာထဲရောက်နေသည့် ဂျယ်ယွန်းအဖို့ မူလပိုင်ရှင်အစား အသက်ဆက်ရှင်ခဲ့သည်။
ဂျယ်ယွန်းဘ၀က မြူနှင်းငွေ့သို့ရောက်သောအခါတွင်လည်း မကောင်းမွန်ပေ။
ဒုတိယအိမ်တော်မှ သူ့ကိုစောင့်ရှောက်ရန် တာ၀န်ပေးထားသော အိမ်တော်ထိန်းဟီတို့မိသားစုသည် ဂျယ်ယွန်းကိုထောက်ပံ့ထားသည့် ရပိုင်ခွင့်များကို ဖြတ်ယူကာ ဂျယ်ယွန်းထံသို့ နည်းနည်းသာပေးကမ်းလေသည်။
ရလဒ်အနေနဲ့ အစေခံမိသားစုက သခင့်ထက် ပိုပြီး ချမ်းသာနေတော့သည်။
ဒုတိယမိသားစုကလဲ ထိုအကြောင်း သိပေမဲ့ ဘာမှအရေးမယူပေ။
သူတို့အားလုံးအေတွးထဲတွင် ဂျယ်ယွန်းကိုပေါ်ေပါ်ထင်ထင် သတ်လို့မရသဖြင့် မြန်မြန်သေလေကောင်းလေဟု သတ်မှတ်ထားကြခြင်းသာ။
ထို့ပြင် ဂျယ်ယွန်းက ရှားပါးသည့်ကောဖြစ်တာမို့ ဂျယ်ယွန်းအရွယ်ရောက်သည်နှင့် လက်ထပ်ပေးပြီး သူတို့ အတွက် အကျိုးအမြတ်ရအောင် အသုံးချချင်ကြသေးသည်။
ဂျယ်ယွန်းဘ၀တစ်ခုလုံးဟာ သူတို့မျက်စိထဲတွင် အသုံးချခံ ၊အခြယ်လှယ်ခံလေးသက်သက်သာ။
နှစ်ထောင်ချီသက်တမ်းရှိသည့် ကူးပြောင်းလာသူ ဂျယ်ယွန်းမှာ ထိုအကြောင်းကိုသိသော်လည်း အထွေအထူးမလုပ်ချင်ပေ။
ဂျယ်ယွန်းနေရာမှာတခြားသူသာဆို လက်တုံ့ပြန်ဖို့လုပ်မည်ဖြစ်သော်လည်း "ပြဿနာကလွဲလို့ ဘာမှလုပ်စရာမရှိရင်တောင် ပြဿနာမလုပ်ဘဲ အိပ်ေနမယ်၊ စကားနည်းနည်းပြောပြီး အစားများများစားမယ်" ဆိုတဲ့ဆောင်ပုဒ်ကို လက်ကိုင်ထားသူ ဂျယ်ယွန်းကတော့ ထိုသူတွေနဲ့ ဆက်ဆံရမှာပျင်းရိလွန်းသည်။
ထို့ပြင် မူလဂျယ်ယွန်းလေးက ငါးနှစ်သားသာဖြစ်သဖြင့် ရန်သူကို မုန်းတီးရမည်ကိုနားမလည်ဘဲ သူ၏ဆန္ဒမှာ ကောင်းကောင်းရှင်သန်သွားဖို့သာဖြစ်နေသည်။
ထိုအချက်က လက်ရှိဂျယ်ယွန်း၏ ဆန္ဒနှင့်လဲကိုက်ညီနေသဖြင့် သူက မြူနှင်းငွေ့ဒေသတွင်သာ သူ့ဘ၀ကိုအေးရာအေးကြောင်းဖြတ်သန်းခဲ့သည်။
သူ့ကိုအတင်းအကြပ်လက်မထပ်ခိုင်းသရွေ့တော့ သူက ထိုလူတွေနှင့် ပိုတောင် ကင်းရှင်းစွာနေချင်သေးသည်လေ။
ဂျယ်ယွန်းသည် အိမ်တော်ထိန်းဟီတို့၏ မလေးမစားဆက်ဆံမှုကိုသည်းခံကာ သူသဘောကျသော ဆေးပညာကို ဆည်းပူးရင်း၊ သူနှစ်သက်သော အစားအသောက်များကို စားရင်းဖြင့် တဖြည်းဖြည်းအရွယ်ရောက်လာခဲ့သည်မှာ ဆယ့်ခုနစ်နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။
အရွယ်ရောက်လာသော ဂျယ်ယွန်းသည် မွေးဖခင် ဟာရူထံမှ သိမ်မွေ့သောအလှတရားနှင့်၊ဖခင်ထံမှ တည်ကြည်သော စိတ်ဓာတ်တို့ကို အမွေဆက်ခံနိုင်ခဲ့လေသည်။
ကော တစ်ယောက်ဖြစ်တာနဲ့အညီ ဂျယ်ယွန်းသည် အလွန်တရာကိုမှလှပလွန်းပြီး ယခုလက်ရှိပုံစံသည်လဲ အရင်ဘ၀မှ သူ၏ နတ်တမျှ လှပသော အသွင်အပြင်လေးနှင့် ချွတ်စွတ်တူလေသည်။
သူက ဝိညာဉ်ကူးပြောင်းလာသော်လည်း ယခင်ခန္ဓာကိုယ်သာ ပိုင်ဆိုင်ထားရသည်မြို ဂျယ်ယွန်း ကျေနပ်မိသည်မှာအမှန်ပင်။
သို့သော် တနေ့တခြား ချောမောပြီးလှပလာသော ရုပ်ရည်ကိုကြည့်လိုက်တိုင်း ဂျယ်ယွန်း ရင်မောရလေသည်။
အဘယ့်ကြောင့်ဆိုသော် ဤ ကမ္ဘာ၏ အဓိပ္ပာယ်မရှိသော ဥပဒေတစ်ရပ်ကြောင့်ဖြစ်သည်။
ဤဥပဒေမှာ ကော တိုင်းသည် အသက် နှစ်ဆယ်ပြည့်သည်နှင့် မဖြစ်မနေလက်ထပ်ရမည်ဆိုသည့်အချက်ပင်။
လူဦးရေတိုးပွားမှုနှုန်းကိုထိန်းချုပ်ရန် ထိုဥပဒေကို ပြဌာန်းထားခဲ့သော်လည်း တခြားကမ္ဘာမှလာသူ ဂျယ်ယွန်းအဖို့တော့ လက်သင့်မခံနိုင်ပေ။
အသက်နှစ်ဆယ်ဆိုတာ လက်ထပ်ဖို့ငယ်လွန်းသေးသည့်အပြင် ကိုယ့်ဆန္ဒမပါဘဲ လူကြီးတွေစီစဉ်ပေးသည့်လက်ထပ်ပွဲကို ကျင်းပရမှာ ဘယ်လိုမှ သည်းမခံနိုင်စရာပင်။
တစ်သက်လုံးတစ်ကိုယ်တော်ဖြတ်သန်းခဲ့ရသူဂျယ်ယွန်းအတွက်ဆိုလျှင်ပိုတောင်ဆိုးဦးမည်။
လက်ထပ်ဖြစ်ရင်တောင် သူချစ်ရသူနဲ့ပဲလက်ထပ်ချင်မိပြီး ထိုသို့မှမဟုတ်လျှင်တော့ လက်မထပ်ဘဲ သေသည်အထိနေသွားချင်မိသည်။
သို့သော်လည်း ဒီတိုင်းပြည်တွင်နေနေသရွေ့တော့ ဂျယ်ယွန်းကထိုဥပဒေကိုလိုက်နာရမည်ဖြစ်ပြီး သူ၏ဦးေလးမိသားစုက သူ့အား အတင်းအကြပ်လက်ထပ်ဖို့မေစခိုင်းဘဲ သူ့ဖြစ်တည်မှုအားသတိမရစေရန်သာ ဆုတောင်းနိုင်တော့သည်။
ထို့ပြင် သူအသက်နှစ်ဆယ်မပြည့်ခင် ချစ်ရသူနှင့်လည်းတွေ့ချင်မိသည်။
သို့သော်ထိုအရာက စိတ်ကူးသပ်သပ်ပင်။
ဂျယ်ယွန်းတစ်ေယာက်မှာ တနေ့တနေ့ အိမ်ထဲကအိမ်ပြင်မထွက်ဘဲ ဆေးစာအုပ်တွေပဲဖတ်နေမှတော့ သူ့ဖူးစာရှင်ကိုတွေ့ဖို့နေနေသာသာ အိမ်နီးနားချင်းတွေေတာင် မတွေ့နိုင်ပေ။
ထိုဖူးစာရှင်က မျက်စိလည်လမ်းမှာပြီး သူ့အိမ်ရှေ့တည့်တည့်ရောက်လာမှသာ ဂျယ်ယွန်းတစ်ယောက် စွံတော့မည့်ကိန်းရှိသည်။
သူကကောဖြစ်နေသဖြင့် လက်ထပ်မည့်သူကမရှားသော်လည်း အမှန်တကယ်စိတ်ရင်းနဲ့ချစ်ခင်လို့မဟုတ်ဘဲ ကလေးမွေးခိုင်းဖို့ယူမဲ့သူသာများနေလိမ့်မည်။
သေချာတာေပါ့။ နှစ်တစ်ထောင် Faလေး ရှင်းမ်ဂျယ်ယွန်းက ရူးမနေသရွေ့တော့ ကလေးမွေးလိမ့်မည်မဟုတ်ပေ။
ထို့ကြောင့်ပင် ဂျယ်ယွန်းဤခန္ဓာကိုယ်ကို ကူးပြောင်းပြီးနောက် ဆိုးဝါးလွန်းသော ကျန်းမာရေးအခြေအနေမှာရှိနေသည့် ခန္ဓာကိုယ်ကို သူ၏ ဝိညာဉ်စွမ်းအင်ဖြင့် ညှိကာ ကောင်းမွန်လာစေခဲ့သော်လည်း နဖူးထက်က အမှတ်အသားကိုတော့ ပန်းရောင်ဖျော့ဖျော့အတိုင်းသာထားခဲ့သည်။
*ကလေးမမွေးနိုင်လို့ ဘယ်သူ့မှ လက်မထပ်ချင်လဲ အေးတာပဲ*
ဂျယ်ယွန်းတစ်ယောက် နောက်နှစ်အနည်းငယ်အတွင်း ကြုံရမည့် သူ့နောင်ရေးကိုတွေးလိုက်တော့ သက်ပြင်းချမိပြန်သည်။
စားပွဲထက်ရှိ ဆီမီးအိမ်နှင့် အခန်းအလည်ရှိ ကျောက်မီးသွေးမီးဖိုထံမှ မီးအလင်းရောင်သည် အမှောင်ထဲတွင် ဂျယ်ယွန်း၏ နူးညံ့သောမျက်နှာလေးအား ရောင်ပြန်ဟပ်နေစေသည်။
၀ါကျင့်ကျင့်မီးရောင်အောက်တွင် ကောင်ငယ်လေး၏ မျက်နှာထက်ရှိ ခပ်ဖျော့ဖျော့ ကြုတ်ထားသောမျက်ခုံးတန်းလေးများနှင့် စိုးရိမ်နေပုံပေါ်သော မျက်၀န်းလေးတွေကိုထင်ရှားစွာမြင်နေရလေသည်။
ဂွမ်းကပ် အနွေး၀တ်ရုံထူထူကြီး၀တ်ဆင်ထားတာကြောင့် တစ်ကိုယ်လုံးတွင် မျက်နှာလေးပဲပေါ်နေတာမို့ ကြိီးမားေသာအနွေး၀တ်ရုံကြီးကို ခြုံထားသောကောင်လေးမှာပုံမှန်ထက် ပိုချစ်ဖို့ကောင်းလှသည်။
ထိုမျက်နှာလေးထက်ရှိ ပူပန်ကြောင့်ကြမှု တစွန်းတစက မြင်ရသူအပေါင်းကို ကရုဏာသက်သွားစေနိုင်ပြီး နှလုံးသားပျော့ညံ့လို့သွားစေနိုင်သည်။
နှုတ်ခမ်းလေးတင်းတင်းစေ့လို့ သက်ပြင်းလေးချလိုက်တိုင်း ထိုကောင်လေးကို မပျော်မရွှင်ဖြစ်စေသည့်အရာများအာ ပစ်ပယ်ကာ ချက်ချင်းပင် အလိုလိုက်ချင်စိတ်ပေါက်လာစေနိုင်ပြန်သည်။
အတွင်းအိပ်ခန်းတွင် လင်းနေသော မီးကြောင့် အပြင်ဘက်မှ နို့ထိန်းမာမားက အသာ၀င်လာကာ သူမသခင်၏ ညှိုးငယ်သောမျက်နှာလေးကို ရင်နာစွာကြည့်လိုက်သည်။
"သခင်လေးရယ် အချိန်ကအတော်လေးကို ညဉ့်နက်နေပါပြီ
သခင်လေးအိပ်ရေးပျက်ရင် ကျန်းမာရေးမကောင်းဖြစ်နိုင်လို့
ဒီငယ်ကျွန် ရင်ကွဲတာမမြင်ချင်ရင် မနက်မှ စာဆက်ဖတ်ပါတော့ရှင်"
ဂျယ်ယွန်းက အားနာစွာဖြင့် ပြုံးလိုက်ပြီး ခေါင်းလေးညင်သာစွာခါလိုက်သည်။
"နှင်းမုန်တိုင်းကြောင့်ခံစားနေရတဲ့ပြည်သူတွေအတွက် ပူပန်နေမိလို့ အိပ်မပျော်ဖြစ်မိသွားတာပါ ကျွန်တော် ခဏနေ အိပ်တော့မှာမို့ နို့ထိန်းမေမေ စိတ်ချလက်ချသွားအိပ်နော် မဟုတ်ရင် မျက်နှာမှာ အရေးအကြောင်းတွေ ပေါ်လာလို့ အနာဂတ်မှာ လက်မထပ်နိုင်ဖြစ်နေရော့မယ်"
"အို ဒီကလေးနှယ့် ပေါက်ပေါက်ရှာရှာတွေကွယ်"
အသက်ေလးဆယ်ေကျာ်အရွယ် အပျိုကြီးဖြစ်သူ နို့ထိန်းမေမေကို ထိုသို့စလိုက်သဖြင့် ရှက်ပြီး ထွက်ပြေးသွားသည်ကိုကြည့်ကာ ဂျယ်ယွန်း အသံသေးသေးလေးထွက်ကာရယ်လိုက်သည်။
ထို့နောက် သူက အတွေးတွေကိုရှင်းလိုက်ပြီး စားပွဲပေါ်မှစာအုပ်ကိုပြန်အာရုံစိုက်လိုက်တော့သည်။
ထိုအခိုက်မှာပင် ငြိမ်သက်ေနေသာ ကောင်းကင်ထက်မှ အားကောင်းလှသော မိုးစက်မိုးပေါက်တွေကျလာသဖြင့် ဂျယ်ယွန်း မျက်မှောင်လေးကြုပ်လိုက်သည်။
*ဟင်း မိုးမကြီးဖို့တော့ မျှော်လင့်ပါတယ်
မဟုတ်ရင် နှင်းမုန်တိုင်းဖြင့်မပြီးသေးဘူး မိုးပါကြီးလာရင်တော့ ဒီနယ်စပ်ကလူတွေအဖို့တောင့်ခံနိုင်တော့မယ်မထင်ဘူး*
ဂျယ်ယွန်း စိုးရိမ်လဲစိုးရိမ်စရာပင် ။
အဘယ်ကြောင့်ဆိုသော် မိုးစက်များမှာ ခဏအကြာတွင်သည်းကြီးမည်းကြီးရွာချလာသဖြင့် တိတ်ဆိတ်သော ညသန်းခေါင်ယံ၀ယ် တဝေါဝေါမိုးသံများ ဆူညံလို့သွားတော့သည်။
ဂျယ်ယွန်းမှာ ပြတင်းပေါက်အဟကြားမှ စိမ့်၀င်လာသော လေအေးများနှင့် မိုးစက်များကြောင့် အေးစိမ့်သွားသော်လည်း အိပ်ယာမ၀င်သေးဘဲ ခေါင်းမာမာနှင့်သာ စာဆက်ဖတ်နေလိုက်သည်။
ဂျယ်ယွန်းဖတ်နေသည့် ဆေးစာအုပ်မှာ သူကိုယ်တိုင်ရေးသားပြုစုထားသော ကျမ်းစာအုပ်ဖြစ်ပြီး ထိုစာအုပ်တွင် ပါ၀င်သမျှ ဆေးနည်းများသည် လူတန်းစားမရွေး အလွယ်တကူ ရှာဖွေတွေ့ရှိနိုင်ပြီးထိရောက်သည့် ဆေးမြီးတိုများဖြစ်လေသည်။
သမားတော်ဖြင့်မပြနိုင်သော အောက်ခြေလူတန်းစားတွေအတွက်စဉ်းစားရင်း ဂျယ်ယွန်းမှာ ထိုစာအုပ်ပါအကြောင်းအရာများကို လူတိုင်းကို သိစေချင်မိသဖြင့် ဒီနှစ်တွေအတွင်း ကြိုးစားပမ်းစား ပြုစုခဲ့သည့်ကျမ်းဖြစ်လေသည်။
ထို့ကြောင့် ယခုလို လူတွေသေနေချိန်တွင် ကူကယ်ရာမဲ့စွာ ထိုင်ကြည့်နေရသော ဂျယ်ယွန်းအတွက် ပိုပြီးခက်ခဲလာပြီး သူပြုစုလက်စကျမ်းကို အမြန်ပြီးဆုံးစေရန် အလျှင်လိုနေခြင်းပင်။
ဂျယ်ယွန်းတစ်ယောက် ဆီမီးရောင်အောက်တွင် စာဖတ်နေစဉ် အပြင်ဘက်တွင်တော့ မိုးများက အညှိုးတကြီးနဲ့ကိုရွာချနေလေတော့သည်။
မြူနှင်းငွေ့ဒေသရှိ လမ်းမများထက်တွင် ပိတ်ဆို့ကာ ခဲနေသော နှင်းထုထည်ကြီးများမှာ မိုးရေများကြောင့် ဖြေးဖြေးချင်း အရည်ပျော်လို့နေလေသည်။
နှင်းများအရည်ပျော်နေကာ မိုးရေများဖြင့်ရောနှောလာပြီး နေရာတိုင်းဟာ စိုစွတ်စွတ်အခြေအနေသို့ရောက်နေသည့်အပြင် အအေးဒဏ်ကလဲ ခုနကထက် နှစ်ဆမျှအေးလာတော့သည်။
ယခုလိုအချိန်တွင် ရူးနှမ်းနေသည့်သူပင် အပြင်ထွက်လိမ့်မည်မဟုတ်တာမို့ မြူနှင်းငွေ့ဒေသ၏ လမ်းမများထက်တွင် လူမပြောနှင့် တခြား သက်ရှိများပင် ကင်းရှင်းလို့နေပြီး တိတ်ဆိတ်လို့နေလေသည်။
သို့သော် ထိုကဲ့သို့ မိုးသည်းပြီးေအးခဲနေသည့်အချိန်မှာပင် အနီးအနားသစ်ပင်များထက်မှ ခုန်ဆင်းလာသော အရိပ်မည်းများသည် တိတ်ဆိတ်နေသော လမ်းမထက်သို့ အသံတစ်စက်မထွက်ဘဲ ရောက်လာကြလေသည်။
ထိုအရိပ်မည်းများသည် တခြားမဟုတ်ဘဲ အနက်ေရာင်၀တ်စုံ၀တ်ထားသည့် လူတစ်စုဖြစ်လေသည်။
သူတို့၏ မျက်နှာများမှာ ပုဝါစဖြင့် ဖုံးကာလို့ထားပြီး သစ်ပင်အမြင့်ကြီးပေါ်မှ တစ်ချက်တည်းဆင်းလာသည်ကိုကြည့်ရုံနှင့် သိုင်းပညာ ကျွမ်းကျင်သူများဖြစ်ကြောင်းသိနိုင်သည်။
သူတို့က မျက်နှာကိုဖုံးအုပ်ထားသော်လည်း အားလုံး၏ မျက်၀န်းများထဲရှိ စိုးရိမ်စိတ်နှင့်ကြောက်စိတ်ကိုတော့ သိသိသာသာမြင်နေရသေးသည်
သူတို့အားလုံးက အလည်ရှိ တစ်စုံတစ်ယောက်ကို စိုးရိမ်စွာ စူးစိုက်ငေးကြည့်နေကြရင်း ပိုမိုကျဆင်းလာသည့် အေးစက်သော မိုးရေများကြားတွင် ဘာလုပ်လို့ဘာကိုင်ရမှန်းမသိဖြစ်နေကြလေသည်။
ကျားသစ်နက်တစ်ကောင်၏မျက်၀န်းများကဲ့သို့ မှေးကျဉ်းကာ စူးရှသည့် မျက်၀န်းပိုင်ရှင်ကောင်လေးက လူနှစ်ယောက် ထိန်းကာ တွဲပေးထားရသော သူကို ပူပန်စွာကြည့်ကာ ပြောလိုက်သည်။
"ခေါင်းဆောင် ကျွန်တော်တို့ ဒီလိုဆက်သွားနေလို့မဖြစ်တော့ဘူး
မြို့တော်ကိုမရောက်ဘဲ လမ်းမှာတင် အားလုံးသေသွားကြလိမ့်မယ်
အဆိုးဆုံးက ခေါင်းဆောင်ရဲ့ ဒဏ်ရာအေခြအေနက ခေါင်းမာပြီး ဆက်သွားရင် ဘယ်လိုမှေကာင်းနိုင်မှာမဟုတ်ဘူး
အခြေအနေကြည့်ဖို့ ဒီနေရာမှာယာယီနားကြရင်ေရာဘယ်လိုလဲ"
နံဘေးဘက်မှ လူနှစ်ယောက်က ထိန်းကာ တွဲပေးထားရသော လူမှ ထိုကောင်လေးကို သူ၏ မျက်၀န်းနက်တွေဖြင့် စူးစိုက်ကြည့်လိုက်ပြီး ခေါင်းညိတ်လိုက်သည်။
ထို့နောက် သူက ညအမှောင်မှာတောင် တောက်ပနေသော မျက်၀န်းများဖြင့် ဘေးဘီကို ကြည့်လိုက်ပြီး ယခုအချိန်ထိ မီးလင်းနေသေးသည့် တစ်လုံးတည်းသော အိမ်တစ်အိမ်ကို လှမ်းမြင်လိုက်ရသဖြင့် သူ့အဖွဲ့ကို မေးဆတ်ပြလိုက်သည်။
ထို့နောက်တွင်တော့ ထိုသူက သူ၏ သွေးမရှိသလို ဖြူဖျော့ကာ မိုးရေများစိုစွတ်နေသည့် နှုတ်ခမ်းကိုဖွင့်ဟ၍ အဖြေပေးလိုက်ေတာ့သည်။
"ကောင်းပြီ အဲ့ဒီ့အိမ်ကိုသွား"
အဖွဲ့သားများက လေးစားစွာဖြင့် ခေါင်းငုံ့အရိုအသေပေးလိုက်ပြီးနောက် များမကြာမီတွင် အဝါေရာင်မီးေလးလင်းနေသော အိပ်ခန်းဆောင်အနီးသို့ ညအမှောင်ထုနှင့် ခွဲခြားမရသည့် အရိပ်မည်းများစွာက အသံတိတ် ချဉ်းကပ်လာကြတော့သည်။
{ဆက်ရန်}