လမင်းခြေသံ { Completed }

By LinMyatMo23

42.3K 2K 167

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၄၁} (ZAWGYI)

112 6 0
By LinMyatMo23

အချိန်တွေ ကုန်တာမြန်လာလိုက်တာ ... ကျန်ရစ်ခဲ့ရသော အပိုင်းအခြားတစ်ခုအပြီး၌ မာန်ပင် ဒုတိယနှစ် ဆေးကျောင်းသားကြီး ဖြစ်နေလေပြီ။ ဒါဖြင့် လှိုင်းကရော။ အင်း ... သူသည်လည်း စစ စာသင်ချင်းကနှင့် ကွဲပြားစွာ ကျောင်းသားတွေ လက်ခံလာရသည်မှာ အားလပ်ချိန်ပင် မနည်းချန်လှပ်နေရသည့် အခြေအနေ။ မည်မျှပင် မအားမလပ် ဖြစ်နေသည်ဆိုဆို လှိုင်းသံစဉ်သည် မာန့်၏ မူပိုင် ဒရိုင်ဘာကို အတတ်နိုင်ဆုံး မပျက်မကွက် လုပ်ပေးရှာသည်။ သူ့ကျောင်းသားများနှင့် အချိန်ညှိလျှင်တောင် သူကိုယ်တိုင် ရေးထားသည့် မာန့်အချိန်စာရင်းကို အိတ်ထဲမှ ထုတ်ကာ မာန့်ကို အပို့အကြို လုပ်ရမည့် အချိန်များနှင့် မညှိနေအောင် သေချာ လုပ်ထားတတ်သေးသည်။ မာန်သည်လည်း ပထမနှစ်ကတုန်းက ဂျူတီကုတ် တကားကားနှင့် ဆေး (၁) အတွင်း လျှောက်သွားခဲ့ပေမဲ့ ၊ သူငယ်ချင်း အသစ်များနှင့် အပေါင်းအသင်း လုပ်ခဲ့ပေမဲ့ ၊ ဆေးကျောင်း၏ king အဖြစ် တင်မြှောက်ခြင်း ခံရပေမဲ့ လှိုင်းသံစဉ် မရှိသော တက္ကသိုလ်၌ လစ်ဟာမှုကို ခံစားနေရဆဲ ၊ အမြဲ လေပြည်အေးနှင့် တရားဟောတတ်သည့် ဘုန်းသွင်နှင့် နောက်နောက်ပြောင်ပြောင် ပေါ့ပေါ့ပါးပါး နေတတ်သော မိုးထက်တို့နှင့် ဝေးရာတွင် စစ်မှန်သော ပျော်ရွှင်မှုကို လက်လွတ်ထားရဆဲ ၊ ပထမဆုံး တွဲဖူးသည့် ချစ်သူမိန်းကလေးအား နံဘေး၌ ထားရှိကာ လက်တွဲမဖြုတ်ဘဲ သစ္စာရှိနေဆဲ။

"ကို ..ခင်နဲ့ တစ်ခါတည်း လိုက်ခဲ့လေ။ အိမ်ပဲ ပြန်မဲ့ဟာကို။"

"မလိုက်တော့ဘူး ခင်။ ခင် ပြန်နှင့်လိုက်တော့။ ငါ လှိုင်းသံစဉ်ကိုပဲ စောင့်လိုက်မယ်။"

"အင်းပါ ဒါဆိုလည်း။ ခင် ညကျ ဖုန်းဆက်လိုက်မယ်နော် ကို။"

"အိုကေ ခင်။ ကားဖြည်းဖြည်းမောင်း။"

"ဟုတ် ကို"

ခင်သည် မာန့်ကို စိတ်မချသလို လှည့်ကြည့် လှည့်ကြည့်လုပ်ရင်းမှ တဖြည်းဖြည်း ဝေးသွားကာ မာန့်မြင်ကွင်းမှ ပျောက်ကွယ်သွားလေသည်။ မာန်သည် လွယ်အိတ်ကို လွယ်ထားရင်း လက်ထဲ၌ ဆေးစာအုပ်အထူကြီးတစ်အုပ်ကို ပိုက်ထားကာ လှိုင်း၏ အလာကို ကျောင်းရှေ့၌ ရပ်စောင့်နေလိုက်သည်။

ခါတိုင်းဆိုလျှင် မာန် အတန်းမဆင်းခင်ကတည်းက ကျောင်းဝင်းထဲရှိ လာကြိုတတ်သော်လည်း ယခုကျ အတန်းဆင်းကာ လူကုန်သည်အထိ ပေါ်တော်မမူမင်းသား လုပ်နေသည့် လှိုင်းသံစဉ်ကြောင့် မာန် ကျောင်းရှေ့ ထွက်စောင့်နေလိုက်သည်။ သို့တိုင်အောင် အချိန်တွေသာ ကုန်လွန်သွားသည် ... ပုပုသေးသေးနှင့် ရင့်ကျက်သူကြီးက တော်တော်နှင့် ကိုယ်ထင်ပြမလာသောအခါ မာန် စိတ်ထဲ အချဉ်ပေါက်လာရသည်။ ဆေးစာအုပ်ကို ကိုင်ထားရသည့် လက်လည်း ညောင်းလာပြီ ၊ အချိန်အကြာကြီး ရပ်စောင့်နေရသည့်‌ ခြေထောက်များလည်း ပျော့ခွေချင်လာပြီ ၊ ဆေးစာအုပ်ထူထူများ ပြည့်နေသည့် လွယ်အိတ် နေရာယူထားသည့် ပုခုံးများလည်း လေးလံမှုကြောင့် နာကျင်လာပြီ။

မာန် နာရီဝက်ခန့် စောင့်လိုက်ရပြီးမှ ရင်းနှီးနေသည့် ကားအဖြူလေးက မာန် ရပ်နေသော နေရာရှေ့ ထိုးဆိုက်လာသည်။ ကားရပ်ပြီး ချက်ချင်းဆိုသလို ကားပေါ်မှ ဆင်းလာကာ မာန့်ဆီ မပြေးရုံတမယ် ခြေလှမ်းလှမ်းလာသည့် လှိုင်းသံစဉ်သည် သူ၏ စတိုင်အတိုင်း ဂျင်းဘောင်းဘီရှည်ကို အောက်ခံတီရှပ်ကျီဖြူပေါ်‌ ထပ်ဝတ်ထားသော စိမ်းနုရောင် အင်္ကျီကို တွဲဖက် ဝတ်ဆင်ထားလေရာ ရိုးရှင်းမှုက တစ်မျိုး ဆန်းပြားနေစေသည်။

"ဘာလို့ နောက်ကျနေတာလဲ။"

အနားရောက်လာသည်နှင့် မျက်မှောင်ကြုတ်ကာ ခပ်ဆတ်ဆတ် မေးလိုက်ရာ ထူးဆန်းစွာ ပျက်ယွင်းနေသည့် မျက်နှာအမူအရာကို ရင့်ကျက်မှုတို့ဖြင့် ထိန်းကာ -

"ကျွန်တော် ကားထဲ ရောက်ရင် ပြောပြမယ် ကိုရိပ်။ လွယ်အိတ် ကျွန်တော့်ကို ပေး။"

ပုံမှန်အတိုင်းသာဆိုလျှင် မာန့်မေးခွန်း နောက်ဆက်တွဲအဖြစ် တောင်းပန်စကားသံ ဦးဆုံး ထွက်လာမည် ဆိုသည့်တိုင်အောင် ယခုမူ မာန် စိတ်ဆိုးနေသည်ကို သိသိလျက်နှင့် ပျာယာခတ်မနေဘဲ တည်တည်တံ့တံ့ဖြင့် ပြောကာ မာန့်လက်ထဲမှ ဆေးစာအုပ်ကို ယူပြီး လွယ်ထားသည့် လွယ်အိတ်အား လွှဲပြောင်းယူလိုက်သည်။ မာန်လည်း စိတ်က မကြည်လှသည်မို့ ကားရှိရာသို့ ရှေ့မှ ဦးဆောင်လျှောက်သွားလိုက်ပြီး ကားရှေ့ခန်း၌ ဝင်ထိုင်နေလိုက်သည်။ စက္ကန့်ပိုင်းအတွင်း ကြားလိုက်ရသည့် ကားတံခါး ဖွင့်ကာ လွယ်အိတ်နှင့် ဆေးစာအုပ်ကို ကားနောက်ခန်းထဲ ထည့်လိုက်သံ ၊ ကားတံခါးပိတ်ကာ ယာဉ်မောင်းခုံ၌ ဝင်ထိုင်သည့် လှုပ်ရှားမှုသံများ အဆုံး၌ လှိုင်း မာန့်ဘေးနား ရောက်လာသည်။ မာန် ဘာစကားကိုမှ လေကုန်ခံပြီး ပြောမနေတော့ဘဲ ရှုတည်တည် မျက်နှာဘေးနှင့် ခေါင်းစောင်းကာ အပြစ်လုပ်ထားသူအား ကြည့်လိုက်မိရာ ထင်ထားသည့်အတိုင်း ဖြေရှင်းချက်က ထွက်ပေါ်လာသည်။ သို့ပေသိ မာန် တွေးထားသည့် စကားမျိုး မဟုတ်ဘဲ စိတ်ကူးပင် မယဉ်ခဲ့ဖူးသော အကြောင်းပြချက်တစ်ခု။

"ကိုရိပ် ... စိတ်ကို ခိုင်ခိုင်ထားနော်။ အန်းကုန်း ဆုံးပြီ။"

မာန်သည် တအံ့တဩဖြင့် လှိုင်းအား တွေငေး၍သာ ကြည့်နေမိသည်။ ခုမှ အမိဝမ်းထဲက ထွက်လာသည့် ကလေးတစ်ယောက်လို ငိုဖို့လည်း သတိမရတော့သလို စကားပြောတတ်စ ကလေးကဲ့သို့ စကားများ ပြောနေရန်လည်း အာရုံမရှိတော့ဘဲ သွေးအေးအေးနှင့် ပြောလိုက်သည့် လှိုင်းအား ကြောင်ငေးကြည့်နေမိသည်။ ခွဲခွါခြင်းတွေက ဘာလို့ သူ့ဆီသို့ ရောက်ရှိလာရသနည်း။ ပထမဆုံး မာမားက သူ့ကို ခွဲသွားခဲ့သည်။ ယခု ဒုတိယအကြိမ်အဖြစ် အန်းကုန်းက သူ့ကို ထားသွားခဲ့ပြီတဲ့လား။

"မင်း ..မင်း ငါ့ကို လာမနောက်နဲ့ လှိုင်းသံစဉ်။ အန်းကုန်းက ဘာလို့ သေရမှာလဲ။ မဖြစ်နိုင်ဘူး ..မနက်ကတောင် အကောင်းကြီး ရှိသေးတာလေ။ ငါ ..ငါ အပြင်မထွက်ခင် သွားနှုတ်ဆက်တုန်းကတောင် ငါ့ပါးကို နမ်းပြီး ပြုံးပြသေးတယ်။ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အယုတ်တမာကောင် ..မင်း ..မင်း ငါ့ကို လိမ်တယ်။ မင်း ငါ့ကို လိမ်တာ။ အန်းကုန်းက ဘာမှ မဖြစ်ဘူး ..ငါ့ကို လာမလိမ်နဲ့ ဟိတ်ရောင်။"

မာန်သည် လှိုင်း၏ အောက်ခံတီရှပ်ဖြူကို လည်ပင်းမှ ဆွဲကာ တုန်တုန်ယင်ယင် ပြောရင်း တားဆီးမရနိုင်သည့် မျက်ရည်များ ပါးထက် ကျလာသောအခါ လှိုင်းသည် မာန့်ကို ချက်ချင်း ဆွဲဖက်လိုက်လေသည်။ မာန့်၏ ကျောပြင်ပြန့်အား သူ၏ လက်သေးသေးလေးများဖြင့် နှစ်သိမ့်ပေးနေဟန်နှင့် ပွတ်သပ်ကာ နှုတ်မှလည်း တောင်းပန်စကားကို တတွတ်တွတ် ပြောနေသေးသည်။

"တောင်းပန်ပါတယ် ကိုရိပ်ရယ် ..ကျွန်တော် တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။"

သူ ဘာမှားလို့ တောင်းပန်နေမှန်း မာန် မတွေးနိုင်သေးခင် ရင်ခွင်သေးသေးလေးထဲ မျက်နှာအပ်ကာ ရှိုက်ကြီးတငင် ငိုကြွေးနေမိတော့သည်။ ဖြစ်နိုင်၏ မဖြစ်နိုင်၏ကို မစဉ်းစားမိခင်၌ အမှန်တရားကို ပွင့်ပွင့်လင်းလင်း ပြောဆိုလိုက်သူအား အစိုးမရသော ဒေါသများနှင့် ဝမ်းနည်းစိတ်များကြောင့် စွပ်စွဲပြောဆိုနေမိသော်လည်း တောင်းပန်စကားကိုသာ ပြောရင်း တင်းတင်းကြပ်ကြပ် ဖက်ထားပေးသည့် လှိုင်းကိုလည်း မာန်သည် တန်ပြန် ဖက်ထားလျက် ပြောမပြတတ်သော ဝမ်းနည်းပူဆွေးမှုတို့ကို မျက်ရည်များအဖြစ် အသွင်ပြောင်းနေမိသည်။ ရှိုက်သည်အထိ ငိုနေမိသည့် သူ့အား ရင်ခွင်ထဲ ထည့်ထားသည့် လှိုင်းသည်လည်း မျက်ရည်များ ဝဲနေသည်ကိုတော့ မာန် သိနိုင်လိုက်မည် မထင်ပါ။

"လှိုင်း"

"ဗျာ ကိုရိပ်"

မျက်ရည်ဥများကြောင့် အရောင်လဲ့နေသည့် မျက်ဝန်းညိုများကို ကြည့်ရင်း "လှိုင်း" ဟု အားကိုးတကြီး ခေါ်မိရာ ကျဆင်းနေသည့် မျက်ရည်များကို စိတ်ရှည်လက်ရှည် သုတ်ပေးနေရင်း သံရှည်ဆွဲကာ ပြန်ထူးလာလေသည်။

"ငါ ... ငါ ဘယ်လိုလုပ်ရမလဲ။ ငါ့နားက ငါ ချစ်တဲ့ တစ်ယောက်ပြီး တစ်ယောက် ဘာလို့ ထွက်သွားကြတာလဲ။ ငါ မုန်းတယ် ... ငါ့ဆီကနေ ငါ ချစ်တဲ့ မာမားကိုရော ၊ အခု အန်းကုန်းကိုရော ဆွဲထုတ်သွားတဲ့ သေခြင်းတရားဆိုတာကြီးကို မုန်းတယ်။"

"ကိုရိပ်ရယ် ..လူတိုင်း လူတိုင်းက ခွဲခွါဖို့အတွက် ဆုံစည်းကြရတာလေ။ စိတ်မကောင်းမဖြစ်ပါနဲ့ဗျာ။ အန်းကုန်းက ကောင်းရာမွန်ရာဘဝ ရောက်မှာပါ ကိုရိပ်ရဲ့။"

မာန့်ဆီမှ စကားသံ ထွက်မလာတော့ဘဲ ကားရှေ့သို့ ရှုတည်တည်ကြည့်ကာ ငြိမ်သက်နေလေသည်။ လှိုင်းလည်း မာန့်ကို အမှန်တရားအား လက်ခံနိုင်သည်အထိ အချိန်တစ်ခု ပေးထားချင်သောကြောင့် နှုတ်ဆိတ်ပေးနေလိုက်သည်။

"အန်းကုန်းဆီ မောင်းတော့။ ငါ အန်းကုန်းကို တွေ့ချင်တယ်။"

တစ်အောင့်အကြာမှ ထွက်ပေါ်လာသော စကားသံသည် တိုးသဲ့သဲ့သာ။ ဖွင့်ဟလာသော ဆန္ဒကြောင့် လှိုင်းသည် ဆေးရုံသို့ ဦးတည်ကာ မောင်းနှင်လာလိုက်သည်။ တစ်လမ်းလုံးလည်း တိတ်ဆိတ်ခြင်းတို့က ကြီးစိုးမင်းမူနေပြီးမှ ဆေးရုံရောက်သောအခါ ကားရပ်ပြီးသည်နှင့် လှိုင်းက ဦးဆောင်ကာ မာန့်ကို အခန်းတစ်ခန်းဆီ ခေါ်သွားရသည်။

အခန်းတံခါးကို ဖွင့်ပေးပြီး မာန့်ကို အခန်းထဲ လှိုင်းက ဦးစားပေးကာ ဝင်စေသဖြင့် မာန်သည် အခန်းထဲသို့ ခြေချလိုက်သည်။ အခန်းထဲ ရောက်သည်နှင့် ခုတင်ဘေး မြင်လိုက်ရသည်ကား လူစုံတက်စုံ။ အခန်းတွင်း ကြီးစိုးနေသော ငိုကြွေးသံများသည်လည်း ညံလို့ နေလေသည် ... အသက်အကြီးဆုံးဖြစ်သည့် အန်းမားကအစ အသက်အငယ်ဆုံးဖြစ်သည့် မေရတီက အဆုံး မျက်ရည်များကို အဖော်ပြုနေကြသည်။ မာန် အခန်းထဲ လျှောက်လာရင်း ခုတင်ထက် လဲလျောင်းနေသော အန်းကုန်းကို လှမ်းမြင်နေရချိန်၌ ခြေလှမ်းများသည် နှေးကန်နေဟန်ဖြင့် တုံ့ဆိုင်းသွားလေသည်။ မာန့်နည်းတူ အခန်းတံခါးကို ပြန်ပြီး မာန့်ခြေလှမ်းများနောက် နင်းလျှောက်လာသည့် လှိုင်း၏ လှုပ်ရှားမှုများသည်လည်း ရပ်တန့်နေလေသည်။

"မာန်လေး"

မာန့်ကို မြင်သည်နှင့် ဒေါ်အေးမြတ်မွန်နှင့် သူ၏ သားသမီးနှစ်ယောက်ကို ဘေး၌ ချန်ရန်ထားသည့် ဦးသော်ကသည် မာန့်အနားသို့ လစ်ခနဲ ရောက်လာပြီး အသက်မဲ့နေသော ဦးမင်းဉာဏ်၏ အလောင်းကို မာန့်အား မမြင်စေလိုဟန်ဖြင့် မာန့်ရှေ့သို့ ပိတ်ရပ်ကာ တိုးသဲ့သဲ့ ခေါ်သည်။ ထို့နောက် စကားကို ရှေ့ဆက်လိုက်သော်လည်း ဆက်မပြောရက်ဟန်ဖြင့် တုံ့ဆိုင်းနေပြန်သည်။

"သား ..သားရဲ့ အန်းကုန်းက ..."

"ကျွန်တော် သိပြီးပြီ ပါပါး။ အန်းကုန်းကို ကျွန်တော် ကြည့်ချင်တယ်။"

မာန်သည် ဦးသော်ကအား သွေးအေးအေးနှင့်သာ တုံ့ပြန်ပြီး ရှေ့ပိတ်ရပ်ထားသည့် ဦးသော်ကကို ကျော်ကာ ခုတင်နား ပိုတိုးကပ်သွားမိလေရာ ခုတင်ဘေး အန်းကုန်းကို ဖက်ကာ ငိုနေသည့် အန်းမားသည် မာန့်ကို ကြည့်လာသည်။ မျက်ရည်များ ရွဲနေသည့် မျက်နှာကြောင့် အန်းမားသည် ဆယ်နှစ်လောက် ပို၍ အိုစာသွားသယောင်။ မာန်သည် အန်းမားကို ဖက်လိုက်ပြီး ရင်ခွင်ထဲ မျက်နှာအပ်ကာ သွားလေသူ ခင်ပွန်းအား နှမြောတသနှင့် ခွဲခွါခြင်းကို လက်မခံနိုင်သေးဘဲ ငိုနေရှာသေးသည်။

မာန်သည် အန်းမား၏ ကျောပြင်ကို လက်ဖြင့် ပွတ်သပ်ပေးရင်း နှုတ်မှလည်း "အန်းကုန်းက ကောင်းရာမွန်ရာ ရောက်မှာပါ အန်းမားရယ် ..စိတ်မကောင်းမဖြစ်ပါနဲ့" ဟု နှစ်သိမ့်ပေးနေပုံက လွန်ခဲ့သည့် မိနစ်အနည်းငယ်က လှိုင်း၏ ရင်ခွင်ထဲ မျက်နှာအပ်ကာ ငိုကြွေးခဲ့သူက မာန်ရိပ်မော် မဟုတ်သည့်အတိုင်း။ တစ်ခါတလေ မာန်သည် နားလည်ရခက်သည်။ လှိုင်းရှေ့ကျ ကလေးဆန်သလောက် လူအများနှင့် အတူ ရှိနေချိန်ဆို သူမတူအောင်လည်း ရုတ်ချည်း ရင့်ကျက်သွားတတ်သေးသည်။

မာန်သည် အန်းမားကို နှစ်သိမ့်ပေးအပြီးမှ အန်းကုန်းကို သေချာ ကြည့်နေမိသည်။ ငြိမ်းချမ်းစွာ မှေးစက်နေဟန် ရှိသည့် မျက်နှာထားဖြင့် ဦးမင်းဉာဏ်သည် နာကျင်မှုကို မခံစားရဘဲ ထွက်ခွါသွားသဖြင့် တော်သေးသည်ပဲ ဆိုရမည်။ အန်းကုန်း၏ စောင်အောက်၌ ပုန်းကွယ်နေသော လက်လေးအား မာန် ဆုပ်ကိုင်လိုက်မိရာ နွေးပျပျ အထိအတွေ့ကို ခံစားနေရဆဲမို့ ရင်ထဲ လှိုက်တက်လာရသည်။ နားထဲ ပြန်ကြားယောင်မိသည့် လှိုင်း၏ စကားသံသည်လည်း ပဲ့တင်ထပ်နေသည် ...

"လူတိုင်း လူတိုင်းက ခွဲခွါဖို့အတွက် ဆုံစည်းကြရတာလေ။" တဲ့။

ဒါဖြင့် သူကရော မာန့်ကို ခွဲသွားမှာလား။ မာန်သည် အန်းကုန်း၏ အနွေးဓာတ် ကိန်းအောင်းနေဆဲ ဖြစ်သည့် လက်လေးအား ကိုင်ထားလျက် မလှမ်းမကမ်း၌ ရပ်ကာ အန်းကုန်းအား တွေငေးနေသည့် လှိုင်းကို လှမ်းကြည့်လိုက်မိသည်။ သူ့အား မြင်ဟန် မရှိသော လှိုင်းသည် အန်းကုန်းကိုသာ ငေးကြည့်နေသည်မှာ မမှိတ်မသုန်။ ဝမ်းနည်းရိပ်များ ဖုံးလွှမ်းနေသည့်တိုင်အောင် ငိုကြွေးခြင်း အလျဉ်းမရှိဘဲ တည်ငြိမ်နေသည့် သူအား မာန် ချီးကျူးရမလိုပင် ဖြစ်နေပြီ။ ခွဲခွါရခြင်း၏ အဆုံးသတ်၌ မျက်ရည်တို့သည် ဝမ်းနည်းခြင်း သက်သေ မဟုတ်ပါလား။ တခြားမဆိုထားနှင့် ... အန်းကုန်းကို တွေတွေကလေး ရပ်ကြည့်နေသည့် ဇွဲမာန်ဟိန်းပင် မျက်လုံးထောင့်ရှိ မျက်ရည်များ သုတ်နေသည်ကို မာန် တွေ့နေရသည်လေ။ အန်းကုန်းနှင့် အချိန်တိုလေးသာ နေထိုင်ခွင့်ရသော ဟိန်းပင် ဖြေမဆည်နိုင် ဖြစ်နေသည်ကို အန်းကုန်းအား ၅ နှစ်ခန့် နှစ်ချီ ပြုစုစောင့်ရှောက်လာပေးသူက မငိုဘူးတဲ့လား။

"ပါပါး ကျွန်တော် အိမ်ပြန်နားချင်လို့ ပြန်နှင့်တော့မယ်ဗျ။ အန်းမားပါ တစ်ခါတည်း လိုက်ခဲ့ပါလား။ အန်းမား အရမ်းပင်ပန်းနေပြီ။"

"မလိုက်ဘူး မာန်လေး။ အန်းမား မင်းအန်းကုန်းနား ရှိပေးမှ ရမယ်။ မဟုတ်ရင် သူ အထီးကျန်နေမှာ။"

ပြောရင်း ထိုင်ခုံ၌ ထိုင်လျက် အန်းကုန်းလက်ကို ဆုပ်ကိုင်ဖျစ်ညှစ်ထားသည့် အန်းမားကြောင့် မာန် ငိုချင်လာသည်။ မဖြစ်ဘူး ... ပါပါး၏ မိသားစုရှေ့မှာ အားနည်းသူဟု အထင်မှားနိုင်စေသည့် မျက်ရည်များ ကျလို့ မဖြစ်။

"ပါပါး ကျွန်တော် သွားပြီ။"

မာန်သည် ချက်ချင်းဆိုသလို နေရာမှ ထွက်လာကာ အန်းကုန်း၏ ဆေးရုံခုတင်စပ်နား မလှုပ်မယှက် ကြောင်ရပ်နေသည့် လှိုင်းကိုပါ တစ်ပါတည်း လက်ဆွဲခေါ်လာလိုက်သည်။

"ဘယ်သွားမလို့လဲ ကိုရိပ်။"

"ကားဆီသွားမလို့။ ပြီးရင် ဒီအနီးအနားက ဆိုင် တစ်ဆိုင်ဆိုင် သွားပြီး စာချုပ် ဝယ်ရမယ်။"

"ဘာစာချုပ်လဲဗျ။"

"ကတိစာချုပ်"

"ဗျာ"

"ဗျာ မနေနဲ့ ..လိုက်ခဲ့။"

မာန်သည် အူတူတူပုံစံဖြင့် ပြန်မေးနေသည့် လှိုင်းအား လက်ကောက်ဝတ်နေရာမှ လှမ်းဖမ်းဆွဲကာ ကားရှိရာသို့ ခေါ်ဆောင်သွားသည်။ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားသည့် လက်ကြောင့် ရလာသော နာကျင်မှုသည် လွန်ခဲ့သော ၅ နှစ်ခန့်က မာန့်အိမ်ကို စစရောက်ချင်းတုန်းက အချိန်တွေကို ပြန်လည်အမှတ်ရသွားစေသည်။ ဆွဲလားရမ်းလား လုပ်တတ်သည့် အကျင့်သည် အချိန်တွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေ ၊ မပျောက်မပျက်ဘဲ တည်ရှိနေဆဲ။

ကားနား ရောက်သောအခါမှ ဆွဲလာသော လက်ကို လွှတ်ပေးကာ လှိုင်းကို ကားမောင်းစေပြီး သူကျ ကားရှေ့ခန်း၌ အခန့်သား လိုက်လာသည်။ ဆေးရုံအနီးအနားရှိ စတိုးဆိုင်လေး၌ စာချုပ်ကို လှိုင်း ဝင်ဝယ်ပြီး ကားထဲ စောင့်နေသော မာန့်ကို ပေးရာ မာန်သည် သူ့လွယ်အိတ်ထဲမှ ဘောပင်ကို ထုတ်ကာ သူ၏ ဆေးစာအုပ်တစ်အုပ်ကို စာချုပ်အောက်၌ ခံပြီး တစ်စုံတစ်ရာကို ရေးနေလေသည်။

"ရော့"

စကားတစ်လုံးနှင့်အတူ လက်ထဲ ထိုးပေးလာသော စာချုပ်ကို ကြည့်လိုက်မိရာ စာချုပ်ရှိ လွတ်နေသော နေရာ၌ နေရာယူထားသည့် စာလုံးများသည် သည်နောက်ပိုင်း မြင်နေကျ အင်္ဂလိပ်စာ လက်ရေးဆက်များ မဟုတ်ဘဲ မြန်မာစာ ဖြစ်နေလေရာ မမြင်ရသည်မှာ ကြာပြီ ဖြစ်သော လက်ရေးဝိုင်းများကို ပြန်လည် မြင်တွေ့ခွင့်ရလိုက်သည်။ စာချုပ်ပေါ်ရှိ စာလုံးများကြောင့် လှိုင်းရင်ထဲ နင့်ခနဲ။

"လှိုင်းသံစဉ် ... ငါ့ကို ထားမသွားဘူးဆိုတဲ့ ကတိပေး။"

"ကိုရိပ် ဒါ ..."

အထပ်ထပ် တောင်းခံဖူးသည့် ကတိမို့ ကြောင်တောင်တောင်လေး ပြန်မေးမိရာ မာန် အမိန့်ပေးရတော့သည်။ တကယ်တည်း ကတိပေးဆို ပေးလိုက်တာ မဟုတ်ဘူး ... အမေးအမြန်းက ထူချင်သေးသည်။

"ကတိပေးလို့ ရေးထားတယ်မလား ..ပေးလေ ကတိကို။ အဲ့အောက်မှာ "ကတိပေးပါတယ်" ဆိုတဲ့စာနဲ့ မင်းလက်မှတ်ကို ထိုး။"

နားမလည်သလို ပြန်မေးခွန်းထုတ်ရန် ပြင်နေသည့် လှိုင်းအား မာန်ပြောလာသည့် ပုံစံကတော့ ခပ်တည်တည် ခပ်တင်းတင်းပါပဲ။ အန်းကုန်းဆုံးသွားသဖြင့် မာန့်မျက်နှာ၌ ပေါ်လွင်နေသော ဝမ်းနည်းခြင်း အငွေ့အသက်များကို မြင်နေရသဖြင့် လှိုင်းသည် အထွန့်မတက်တော့ဘဲ ကားစတီယာတိုင်ပေါ် စာချုပ်ကို တင်ကာ မာန်‌တောင်းသော ကတိကို ပေးလိုက်မိသည်။ မာန့်ကို သည်အချိန်၌ စိတ်မညစ်စေချင်။ အန်းကုန်းကို သတိမရမိစေရန် ဤသို့နှယ် လုပ်မိလုပ်ရာ လျှောက်လုပ်ကာ အာရုံလွှဲနေသည့် မာန့်အား လှိုင်းသည်လည်း အန်းကုန်းကို ခဏတာ မေ့ပျောက်လိုက်ချင်သည်။

ခွဲခွါခြင်း၏ အဆုံးသတ်၌ ကျန်ရစ်ခဲ့ရသူများသာ နာကျင်ရစမြဲဟု ဆိုကြလျှင် အန်းကုန်း၏ နှုတ်ဆက်ခြင်းက သူ့အား တတိယအကြိမ် နောင်တကို ထွေးပွေ့ထားစေသည်။ သူ့ကြောင့်သာ လူတိုင်းက ကံဆိုးမိုးမှောင် ကျခဲ့ရတာ ... လှိုင်းသံစဉ်ဆိုသည့် ဖြစ်တည်မှုသည် တကယ်တမ်းတော့ အဖေတို့ ပြောသလို "ဂြိုလ်ဆိုးကောင်" ပင်။ လူ့လောကထဲ စဝင်လာကတည်းက မွေးမိခင်ကို လူ့လောကမှ ဆွဲခေါ်ထုတ်သွားသည့် ဂြိုလ်ဆိုးကောင် ၊ အဖွားဖြစ်သူနှင့် နှစ်ယောက်တည်း ရှိနေချိန်၌ ရောဂါထဖောက်လာသည့် အဖွားအား ဘာဆို ဘာမှ မလုပ်ပေးနိုင်ဘဲ လက်ထဲ၌ပင် ဘဝကူးသွားသည်ကို ကြည့်နေရုံသာ တတ်နိုင်ခဲ့သည့် အသုံးမကျတဲ့ကောင် ၊ ယခုလည်း အန်းကုန်းကို ဆေးရုံအမှီ မပို့ပေးနိုင်ပြန်ဘူး။

အကုန် သူ့ကြောင့်ပါပဲ ... သူသာ မွေးဖွားမလာခဲ့လျှင် မည်သူကမှ စိတ်ဆင်းရဲရမည် မဟုတ်။ သူသာ မရှိလျှင် အမေ့၏ သေဆုံးခြင်းသည်လည်း မတည်ရှိနိုင်သလို မာန်အပါအဝင် မည်သူကမှ စိတ်ဆင်းရဲရမည် မဟုတ်။ မာန့်အိမ်ကို စစရောက်ချင်းက သူ့ကြောင့် ငိုခဲ့ရသည့် မာန့်ပုံရိပ်များကို ပြန်မြင်ယောင်တိုင်း မာန့်အနားမှ အလိုက်တသိ ထွက်သွားပေးချင်စိတ်က ပေါ်လာသည်။ သို့သော် ဤရပ်ဝန်းမှ သူ မစွန့်ခွါနိုင်။ သူ၏ ရှင်သန်ရသည့် အကြောင်းပြချက်သည် မာန်ရိပ်မော် ဟူသော လူသား ဖြစ်နေလေရာ ၊ အဖေတို့နှင့် ပတ်သက်သည့် သူ့ရင်ထဲရှိ အကြောက်တရားကို မဖယ်ရှားနိုင်သေးလေရာ လှိုင်းသည် တစ်ကိုယ်ကောင်းဆန်စွာဖြင့် မာန်တောင်းသော ကတိကို ပေးကာ လက်မှတ်ရေးထိုးလိုက်သည်။

"ကျွန်တော်လည်း တစ်ခါတလေတော့ တစ်ကိုယ်ကောင်းဆန်ခွင့် ရှိတယ် မဟုတ်လား ကိုရိပ် ... ချစ်ခြင်းမေတ္တာ ပြန်မရနိုင်မဲ့ ဒီရပ်ဝန်းမှာ ရှင်သန်ရင်း ရူးရူးမိုက်မိုက် မျှော်လင့်ခွင့်လေးတော့ ရှိချင်သေးတယ်။"

လှိုင်း ပြန်ကမ်းပေးလာသည့် ကတိစာချုပ်ကို ကြည့်ကာ မာန်သည် ခပ်ရေးရေးလေး ပြုံးလိုက်မိသည်။ ခွဲခွါခြင်းများနှင့် ကြုံကြိုက်တိုင်း မာန် အကြောက်ဆုံးသော ခွဲခွါခြင်းသည် စိုးရိမ်စိတ် ကုဋေကုဋာကို မွေးထုတ်ပေးနိုင်သည်။ ပါပါး မာန့်ကို ခွဲသွားမည်ထက် လှိုင်းသံစဉ် မာန့်အား ထားသွားမည်ကို ပိုကြောက်သည်။ ပါပါးကို မာန့်ဘက်က ချစ်သလောက် ၊ ယုံကြည်ထားသလောက် ယုံကြည်မှုတို့ အလွဲသုံးစားလုပ်ခံလိုက်ရချိန်မှ စ၍ ပါပါးသည် မာန့်အပိုင် မဟုတ်တော့။ ပါပါး၌ သားသမီး ရှိနေသည် ဟူသော အသိသည် မာန့်အား ပါပါးနှင့် စည်းတစ်ခု ခြားကာ ကန့်သတ်ထားလိုက်သည့်နှယ်။

ယခင်က ဆေးကျောင်းတက်ချင်သည့် ဆန္ဒ အပါအဝင် မာန့်ဆုံးဖြတ်ချက် မှန်သမျှ၏ အကြောင်းပြချက် ဖြစ်နေခဲ့သည့် ပါပါးနှင့် မိမိကိုယ်ကို စည်းတစ်ခု ကန့်သတ်လိုက်ပြီးချိန်၌ မာန် အစိုးရိမ်ဆုံးကတော့ လှိုင်းသံစဉ် မာန့်အနားမှ ထွက်သွားမည်ကိုပင်။ ပါပါးကိုပင် မာန့်တစ်ယောက်တည်း၏ အပိုင်ဟု သတ်မှတ်လို့ မရတော့သော အခြေအနေ၌ မာန်၏ တစ်ခုတည်းသော ပိုင်ဆိုင်မှုသည် လှိုင်းသံစဉ်ပင်။ မှန်သည် ... လှိုင်းသည် သက်ရှိလူသားတစ်ဦး ဆိုသော်လည်း လှိုင်းကို မာန်ပိုင်သည်။ လှိုင်းကိုယ်တိုင်ကလည်း သူသည် မာန့်အပိုင်ဟု ပြောခဲ့ဖူးသည်။ သို့ဖြစ်၍ မာန့်စိတ်ကို စိုးရိမ်ပူပန်စေသည့် အကြောင်းအရင်းများ၏ ၉၉ ရာခိုင်နှုန်းသည် သေချာပေါက် လှိုင်းသံစဉ်ပင်။

ထို့ကြောင့်လည်း စာချုပ်၌ ရေးထားသော စာလုံးအနည်းအကျဉ်းကို ကြည့်ရင်း မာန်၏ ပူပင်သောကများ လျော့ကျသွားရသည်။

"လှိုင်းသံစဉ် ... ငါ့ကို ထားမသွားဘူးဆိုတဲ့ ကတိပေး။"

"ကတိပေးပါတယ် ကိုရိပ် ... ကျွန်တော် ကိုရိပ်ကို ထားမသွားဘူး။ ကျွန်တော်က ကိုရိပ်နဲ့ အမြဲတမ်း အေးအတူ ပူအမျှ ရင်ဆိုင်မှာ။"

စာချုပ်ထက် ရေးသားထားသော စာတစ်ချို့ကြောင့် မာန် ရင်ခုန်သွားရသည်ဟု ဝန်ခံလျှင် မာန်ရိပ်မော်၏ ရာဇဝင်များ ရိုင်းကုန်လေမလား မသိပေမဲ့ ထူးဆန်းသည်ကား ခင်ဝတီစံ တဖွဖွ ပြောနေတတ်သည့် "ချစ်တယ်" ဟူသော စကားသည် ယခု စာချုပ်ထဲ ရေးထားသော လှိုင်း၏ ကတိနှင့် ယှဉ်လျှင် မာန့်ကို ရင်ခုန်သည်ဟူသော ခံစားချက်မျိုး မပေးစွမ်းနိုင်ပေ။

လှိုင်းက သူနှင့် အေးအတူ ပူအမျှ ရင်ဆိုင်မည်ဟု ဆိုသည်။ ဒါဖြင့် မာန်ကရော ... မာန်သည်လည်း မဍအခက်အခဲမှန်သမျှကို တသ်ယောက်တည်း မဖြေရှင်းနိုင်သည့် ၊ လောကဓံ၌ တစ်ကိုယ်တည်း မရပ်တည်နိုင်သည့် ခပ်ညံ့ညံ့ လူတစ်ယောက်သာသာ။

မာန်ရိပ်မော် ဟူသည် လှိုင်းသံစဉ် ရှိမှ ထွန်းလင်းနိုင်မည့် လမင်းတစ်စင်းသာ။

~~~~~~~~~~~~~~~~~~~~~

"လှိုင်းသံစဉ် မင်း ဘာလုပ်နေတာလဲ။ ထွက်ခဲ့ အခု။"

မာန့်ကို ခြင်ထောင်ထောင်ပေးပြီးကတည်းက အိမ်သာထဲ ဝင်သွားတာ ဘယ်လောက်တောင် ကြာနေပြီလဲ။ မာန် အိမ်သာတံခါး သွားခေါက်မှ "ဟုတ် ဟုတ် လာပြီ ကိုရိပ်" ဟူသော စကားနှင့်အတူ ကျေးဇူးရှင် မကြာမီပင် မာန့်ရှေ့ ရောက်လာသည်။

"အထဲမှာ အကြာကြီး ဘာဝင်လုပ်နေတာလဲ။"

"ဘာမှမလုပ်ပါဘူးကိုရိပ်။"

မေးနေသော်လည်း ခေါင်းကို ငုံ့ငိုက်ထားလျက် စကားပြန်လာသည့် လှိုင်းကြောင့် မျက်မှန်အောက်ရှိ မျက်ဝန်းများကို မာန် မမြင်ရဖြစ်နေသဖြင့် စိတ်က မရှည်ချင်တော့။ မေးစေ့မှနေ၍ ရေစိုနေသော မျက်နှာကို မော့လိုက်ရာ ရီဝေနေသော မျက်ဝန်းညိုများ၌ မျက်ရည်များ ဝေ့သီနေသည်။ သည်ကောင်လေးတော့ အိမ်သာထဲမှာ ခိုးငိုပြီး မာန် မရိပ်မိအောင် မျက်နှာသစ်လာပုံပါပဲ။

"မင်းကို ဘယ်သူက အိမ်သာထဲ ဝင်ငိုခိုင်းလဲ။"

"ကိုရိပ်"

"မင်း ရေဝေးမှာကတည်းက ငိုချင်နေတာ ငါ သိတယ်။ လှိုင်း ..ငါ့ကို ကြည့်။"

ကြည့်ဆိုတော့လည်း မျက်လုံးများကို ဟိုဟိုဒီဒီ ကစားနေရင်းမှ မာန့်ကို စူးစိုက်ကြည့်လာရှာသည်။

"ငါ့ရှေ့မှာ မင်း မျက်ရည်ကျလို့ ဖြစ်တယ် ပုတက်။ ငိုချင် ငိုချလိုက်။"

ပြောလိုက်ကာမှ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် မာန့်ကို ခေတ္တကြည့်နေရင်း ခပ်တိုးတိုး ဆိုလာသည်။

"တောင်းပန်ပါတယ်ကိုရိပ်။"

"ဘာကို တောင်းပန်နေတာလဲ။"

"အဲ့နေ့က ကျွန်တော်သာ အန်းကုန်းကို ဆေးရုံအမီ ပို့ပေးနိုင်လိုက်ရင် အန်းကုန်း ခုလို ထွက်သွားမှာ မဟုတ်ဘူး။ ကျွန်တော်ကြောင့်ပါ ..ကျွန်တော် အသုံးမကျလို့။ ကျွန်တော့်ကြောင့် ... အမေရော ၊ အဖွားရော ဆုံးတာ။ အကုန် ကျွန်တော့်ကြောင့်ချည်းပဲ။"

ပြောရင်း ငိုမဲ့မဲ့လေး ဖြစ်ကာ မျက်ရည်များ ကျလာသည့် လှိုင်းကြောင့် မာန် သက်ပြင်းခိုးချရတော့သည်။ ယနေ့မှ အန်းကုန်းကို င်္သဂြိုလ်သည်ဆိုသော်လည်း အန်းကုန်းဆုံးပြီးချိန်မှ ၃ ရက်အတွင်း လှိုင်းသည် လုံးဝမငိုခဲ့။ မာန့်ကိုသာ နှစ်သိမ့်ပေးနေသူက ဝမ်းနည်းနေမည်မှန်း သိသော်လည်း ယခုလို အများကြီး တွေးကာ သူ့ကိုယ်သူ အပြစ်တင်နေမည်လို့တော့ မထင်ခဲ့ရိုးအမှန်ပင်။ ဒါထက် သူ့အမေနှင့် အဖွား၏ သေဆုံးမှုအတွက် သူ့ကိုယ်သူ ဘဝတစ်လျှောက်လုံး အပြစ်တင်ကာ အပြစ်သားတစ်ယောက်လို နေလာခဲ့မှန်း မာန် စိတ်ကူးဖြင့်ပင် မတွေးမိခဲ့ဖူးပေ။

"လှိုင်း ..ငါပြောတာ သေချာ နားထောင်။ အန်းကုန်း ဆုံးတာ မင်းနဲ့ ဘာမှမဆိုင်ဘူး။ အန်းကုန်းက သေနေ့စေ့လို့ လူ့လောကထဲက ထွက်သွားတာ။ အဲ့နေ့က မင်း အန်းကုန်းကို ဆေးရုံကို အချိန်မီ ပို့ပေးလိုက်နိုင်ရင်တောင် အန်းကုန်းက ထွက်သွားမှာပဲ။ အဲ့တာကြောင့် အန်းကုန်းသေတာ မင်းအပြစ် မဟုတ်ဘူး။ နောက်ပြီး ..မင်းအမေနဲ့ အဖွားနဲ့ကလည်း သေနေ့စေ့လို့ ဆုံးသွားကြတာလေ။ ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာလဲ။"

ဖြည်းဖြည်းမှန်မှန် ပြောကာ လှိုင်းကို နွေးထွေးသော မျက်ဝန်းများဖြင့် ကြည့်နေသည့် မာန့်ကြောင့် လှိုင်း အမှန်တကယ် ပိုတိုး၍ ငိုချင်လာသည်။ သူ ဘာလို့ ကိုယ့်ကိုကိုယ် အပြစ်တင်နေတာလဲ။ ထိုမေးခွန်းအတွက် အဖြေကို လှိုင်း မသိဘူး ... လူမှန်းသိတတ်စအရွယ်ကတည်းက သူ့ကြောင့် အမေ သေခဲ့ရတာဆိုသော အချက်သည် ခေါင်းထဲ သံမှိုရိုက်ထားသလို စွဲကပ်နေခဲ့သည်။ အဖေတို့၏ အပြစ်ဖို့သံများကို နေ့စဉ် ကြားနေရသည့် သူသည် သူ့အပြစ် ဟုတ်ခြင်း မဟုတ်ခြင်းကို မစဉ်းစားနိုင်မိခင်ပင် သူသည် ထိုစွပ်စွဲချက်အတွက် အပြစ်ကို ပေးဆပ်ရန် အသင့် ဖြစ်နေခဲ့သည်။

"လှိုင်းသံစဉ်"

တွေကာ မှိုင်ကာ ရီဝေဝေကြည့်နေသည့် သူ့အား စိတ်တိုတိုင်း နာမည်အပြည့်အစုံ ခေါ်သလို ခေါ်လိုက်သည် ဆိုပေမဲ့ ခေါ်သံ၌ နူးညံ့မှုတို့ ပျော်ဝင်နေသလို နွေးထွေးမှုတို့ နေပျော်နေလေသည်။

"ဘယ်သူ့သေဆုံးခြင်းကမှ မင်းရဲ့အပြစ် မဟုတ်လို့ ..နောက်ထပ် ဘယ်တော့မှ ကိုယ့်ကိုကိုယ် အပြစ်မတင်နဲ့။ ငါပြောတာ ကြားလား။"

ခေါင်းတဆတ်ဆတ် ညိတ်ပြရင်း မျက်ရည်များ ကျနေသည့် လှိုင်းအား မာန်သည် ပါးထက်ရှိ အရည်ကြည်များကို သုတ်ဖယ်ပေးနေမိသည်။ ဒါဟာလည်း တစ်အောင့်ပါပဲ ... လှိုင်းသံစဉ် ပီသစွာ မျက်ရည်မိုးကို စက္ကန့်ပိုင်းလောက်သာ ရွာသွန်းစေပြီး ငိုနေသည်ကို တိခနဲ ရပ်တန့်လိုက်သည်။

"ကိုရိပ် အိပ်ချင်နေလောက်ရောပေါ့။ အိပ်နှင့်နော်။ ကျွန်တော် ဘုရားသွားရှိခိုးလိုက်ဦးမယ်။"

လှိုင်းသည် ပြောပြီးသည်နှင့် အခန်းထဲမှ ထွက်သွားလေရာ မာန့်စိတ်ထဲ စိတ်မချသဖြင့် နောက်မှ လိုက်သွားမည် ပြင်သည်။ သို့သော် တစ်ခု သတိရသွားသဖြင့် ပါပါး ဝယ်ပေးထားသော Huawei ဖုန်းကို ယူကာ အခန်းပြင်သို့
တံခါးဖွင့်သံရော ခြေသံများပါ မကြားအောင် သတိချပ်လျက် ဘုရားခန်း၌ ဆောင့်ကြောင့်ထိုင်ကာ လက်အုပ်ကို ချီထားလျက် လေတိုးသံဖြင့် ဘုရားရှိခိုးနေသည့် လှိုင်းအနား ချဉ်းကပ်သွားလိုက်သည်။ ဘုရားရှိခိုးလျှင် မျက်လုံးစုံမှိတ်ကာ ဘုရားစာများ တတွတ်တွတ် ရွတ်ဆိုနေတတ်သည့် လှိုင်းအနား မာန် သွားထိုင်သည်ကိုပင် သိပုံမပေါ်။ ရွတ်လက်စ ဘုရားစာကို မနားတမ်း ရွတ်ဆိုနေသည့် ပုံစံသည် အသည်းယားစရာကောင်းနေသည်မို့ မာန် ရယ်ချင်လာသည်။

ရယ်ချင်စိတ်ကို ထိန်းကာ သိမ်းကာဖြင့် လက်ထဲ အသင့်ပါလာသော ဖုန်းနှင့် စိတ်ကူးထဲရှိ အကြံကို အကောင်အထည် ဖော်လိုက်တော့သည်။ ဖုန်း screen ပေါ် ပေါ်နေသည့် ကောင်လေးတစ်ယောက်၏ ဘုရားရှိခိုးနေဟန်သည် မိန်းကလေးများလို နန်းဆန်ပြီး ကြည့်ကောင်းနေသည်မျိုး မဟုတ်သော်လည်း မာန် လှိုင်းဘုရားရှိခိုးနေပုံကို ခိုးကြည့်ရတာ သဘောကျသည် ... သည်လို လှိုင်း ဘုရားရှိခိုးတိုင်း အနားကို ခိုးကြောင်ခိုးဝှက်လာပြီး ကြည့်နေခဲ့သည်မှာလည်း ညပေါင်းမနည်းတော့ပါဘူး ... ငတုံးလေးကသာ ဘာမှမသိတာ။ အတန်ကြာသည်အထိ ဘုရားစာတွေ ရွတ်ဆိုအပြီးမှ အမျှဝေနေသည့် လှိုင်းကြောင့် မာန်သည် ရိုက်လက်စ video ကို ရပ်ကာ ဖုန်းကို ကိုင်ရင်း  အိပ်ခန်းထဲ ခြေသံလုံလုံဖြင့် ပြန်လျှောက်လာလိုက်သည်။

အခန်းထဲ ရောက်သောအခါ အိပ်ရာထဲ တန်းဝင်လိုက်သော်လည်း မာန်သည် မအိပ်သေးဘဲ ဖုန်း gallery ကို ဖွင့်ကာ စောနက ရိုက်ထားသည့် video ကို ပြန်ကြည့်နေမိသည်။ လှိုင်းသံစဉ်က အမျှဝေနေပြီ ဆိုပေသိ အမျှဝေပြီးလျှင်လည်း မပြီးနိုင်မစီးနိုင်စွာဖြင့် ဘုရား နားငြီးသည်အထိ ဆုတောင်းခြွေတတ်သည်မို့ မာန် video ကို ပြန်ကြည့်ပြီးသည်အထိ အခန်းထဲ ဝင်မလာသေး။ မာန်သည် လှိုင်းဝင်လာလျှင် သူ့အား အိပ်နေသည် ထင်အောင် ခြင်ထောင်စကို မ'ကာ ဖုန်းကို လှိုင်း၏ တစ်ယောက်အိပ်ခုတင်ပေါ် ဝှီးခနဲ ပစ်တင်လိုက်ပြီး တစ်ဖက်လှည့်ကာ အိပ်ချင်ယောင် ဆောင်နေလိုက်သည်။

မာန် ထင်ထားသည့်အတိုင်း မိနစ်အနည်းငယ်အတွင်း လှိုင်း အခန်းထဲ ဝင်လာသည့် လှုပ်ရှားမှုအသံများကို ကျောပေးထားသည့်တိုင်အောင် ကြားနေရသည်။ ခြေသံလုံအောင် လျှောက်လာ၍လား မသိ ... ခြေသံများ မကြားရသော်လည်း ထိုင်ခုံမ'ရွှေ့ပြီး ပြန်ချသည့် အသံသဲ့သဲ့လေး ကြားလိုက်ရသည်။ အတန်ကြာသည်အထိ ခြင်ထောင်ထဲ ဝင်မလာသေးသဖြင့် မာန်သည် အိပ်ချင်ယောင်ဆောင်နေရာမှ နောက်လှည့်ကာ ကြည့်မိတော့ ဝါကြင်ကြင်မီးရောင်၏ ပံ့ပိုးမှုအောက် မြင်နေရသော ပုံရိပ်တစ်ခုသည် စာရေးစားပွဲ၌ ထိုင်လျက်သား။ မာန်သည် သေချာ စူးစိုက်ကြည့်လိုက်မှ မြင်လိုက်ရသည့် လက်ထဲက ဓာတ်ပုံဘောင်လေး။ ဒေါင်လိုက်ဓာတ်ပုံဘောင်လေးကို ကိုင်ထားဟန်ရှိသည့် လှိုင်းသည် ဘောင်အတွင်း ထည့်ထားသည့် ဓာတ်ပုံကိုသာ စူးစူးစိုက်စိုက် ကြည့်နေလေရာ မာန် ဆက်ပြီး လဲမနေနိုင်တော့ဘဲ ခြင်ထောင်ပြင် ထွက်လာရတော့သည်။

"ဟိတ်ရောင်"

"ကိုရိပ်"

လန့်ဖျန့်သွားကာ ထွက်လာသော အာမေဋိတ်သံကြောင့် မာန် ပြုံးမိသွားသည်။ လှိုင်းသံစဉ်ဆိုတာ ဘယ်လိုတွေတောင် ချစ်စရာကောင်းနေလိုက်သလဲလေ ... ယောင်တာတောင် "ကိုရိပ်" တဲ့။

"မအိပ်သေးဘူးလား။"

မာန်အိပ်ပျော်နေပြီအထင်နှင့် တစ်ယောက်တည်း ကြိတ်ပြီး အသံငိုနေပြန်ပြီ ထင်ပါရဲ့။ မာန့်ကို မမေးခင် မျက်ရည်များကို ခပ်သွက်သွက် သုတ်ဖယ်ပြီးမှ တွေငေးလျက် ကြည်လြာသည်။ မာန်သည် စာရေးစားပွဲ၌ မှီလျက် -

"ဘာလို့ ငိုနေပြန်တာလဲ။ မင်းအဲ့လောက် မျက်ရည်ပေါနေလား ဟမ်။"

ဆူသင့်နေပြီမို့ လေသံမာဖြင့် ဟောက်တော့ မော့ကြည့်နေရင်းမှ ခေါင်းကို ပြန်ငုံ့သွားကာ -

"ကျွန်တော် ... အဖွားကို သတိရလို့ ..."

အဖျားခတ်ကာ တိမ်ဝင်သွားသည့် စကားသံအဆုံး ပါးထက် ခုန်ဆင်းချလာသည့် မျက်ရည်တစ်စက်သည် ပေါက်ခနဲ။ လူကို ဥပက္ခာပြုမနေနိုင်အောင် သိပ်လုပ်နိုင်သည့် လှိုင်းသံစဉ်။ မာန် သူ့မျက်ရည်တွေကို မြင်လျှင် ရင်ထဲ မီးမြိုက်သလို ခံစားရတယ်ဆိုတာ သူ မသိဘူးလား။ စားပွဲကို မှီရပ်နေရင်းမှ လှိုင်းအနားတိုးကပ်သွားကာ ထိုင်ခုံ၌ ထိုင်နေသော ကောင်လေးရှေ့ ခါးကို ကိုင်းညွှန့်လျက် အကြည့်ချင်း ဆုံလိုက်သည်။

"မငိုနဲ့ တိတ်တော့။ မင်းအဖွားက မင်းငိုနေတာ သိရင် စိတ်ကောင်းမှာ မဟုတ်ဘူး။ တိတ်တော့နော် လှိုင်း ... လိမ္မာတယ်။"

တအံ့တဩ ပြူးကြောင်ကြောင်လေး ကြည့်နေသည့် မျက်ဝန်းများမှ ကျလာသည့် မျက်ရည်စက်လေးကို မာန်သည် မျက်မှန်ကို ချွတ်လိုက်ကာ လက်မဖြင့် ခပ်ဖွဖွ သုတ်ပေးပြီး လှိုင်းကို ပြုံးပြလိုက်မိသည်။ ထိုအခါ အရူးလေးက ငိုနေရင်းမှ အူကြောင်ကြောင်လေးနှင့် မျက်နှာထားလေးနှင့် မာန့်အပြုံးအတိုင်း လိုက်ပြုံးသည်။

"တကယ့်အညိုလုံးလေး မင်းက။ ငါ့ကို ဆွဲဆောင်ထားတဲ့ ပုတက်အစုတ်ပလုတ်လေး။"

စိတ်ထဲမှ ရေရွတ်မိရင်း မာန်သည် ပိုတိုး၍ ပြုံးလိုက်မိသည်။ နှစ်ဦးသား ခေတ္တမျှ ဘာစကားတစ်ခွန်းမှ မပြောဘဲ အကြည့်ချင်း ဆုံလျက်သာ အပြုံးပန်းများ အပြန်အလှန် ပွင့်လန်းစေနေမိသည်မှာ တံခါးခေါက်သံ ကြားပါမှ အကြည့်တို့ကို လွှဲလိုက်မိကြသည်။

"ကျွန်တော် သွားဖွင့်လိုက်မယ် ကိုရိပ်။"

ချက်ချင်းဆိုသလို ရင်ဘတ်၌ တွဲလွဲကျနေသည့် လေးထောင့်မျက်မှန်ညိုလေးအား ကောက်တပ်ကာ တံခါးသွားဖွင့်သည့် လှိုင်းသည် ငိုမဲ့မဲ့လေး မဟုတ်တော့ဘဲ နဂိုအတိုင်း တည်တည်တံ့တံ့ဖြင့်။

"နန်းနန်း ..မအိပ်သေးဘူးလား။"

"ငါ တစ်ယောက်တည်း အိပ်လို့ မပျော်လို့။ နင်တို့နဲ့ လာအိပ်မလို့။"

လှိုင်း တံခါးဖွင့်ပေးလိုက်သည်နှင့် ခါးထိ ရှည်နေသော ဆံပင်ရှည်များကို ချထားသော နန်းသော်တာသည် သူမ ယူထားသည့် ခေါင်းအုံးနှင့်စောင်ကို ပိုက်ကာ အခန်းထဲ ဝင်လာရင်း လှိုင်း၏ အမေးကို ပြန်ဖြေသည်။

"မိနန်း ဘာလာရှုပ်တာလဲ။ သွားဟာ ကိုယ့်အခန်း ကိုယ်ပြန်။"

"ကိုကိုးကလည်း ..ငါ အိပ်မပျော်လို့ပါဆို။ ဒီမှာ တစ်ညပဲ လာအိပ်မှာ။ မနက်ဖြန် ငါတို့ပြန်တော့မဲ့ဟာပဲကို။"

"မသိဘူး ၊ မသိဘူး ..ထွက် ထွက် အခု။"

မာန်သည် လှိုင်း၏ တစ်ယောက်အိပ်ခုတင်၌ သူမ၏ ခေါင်းအုံးနှင့် စောင်ကို နေရာချနေသည့် နန်းသော်တာအား အတင်းဆွဲထုတ်မည် ပြုတော့ နန်းသော်တာကလည်း မာန့်လက်ကို အားကုန်ပြန်ဆွဲထားကာ -

"မထွက်ဘူး ကိုကိုးရာ။ ငါ အိပ်မပျော်လို့ပါဆို။ ငါ လှိုင်းရဲ့ခုတင်မှာ အိပ်မလို့။"

"မအိပ်ရဘူး။ အခန်းထဲကထွက် နန်းနန်း ..နင်တစ်ယောက်တည်း အိပ်လို့မပျော်ရင် ဟိုကလေးမ အခန်းသွားအိပ်။"

"ဟာ သွားမအိပ်ချင်ပါဘူး။ မေက တစ်ယောက်အိပ်ခုတင်နဲ့ အိပ်တာလေ ကိုကိုးရဲ့။ သူနဲ့ သွားအိပ်ရင် နှစ်ယောက်လုံး ကျပ်နေမှာပေါ့။"

"ကျပ်ရင်လည်း သည်းခံပြီး အိပ်လိုက်လေ နန်းနန်း။ ယောင်္ကျားလေးနှစ်ယောက် နေတဲ့အခန်းထဲ နင် လာအိပ်လို့ မဖြစ်ဘူး ..ထွက် အခု။"

"မာန်ရိပ်မော် ..နန်းသော်တာမိုင်က နင့်ညီမနော်။"

"အဲ့တော့ ဘာဖြစ်လဲ။"

"ဘာဖြစ်ရမှာလဲ။ မာန်ရိပ်မော်အတိုင်း ခေါင်းမာတယ်။ အဲ့တာကြောင့် ငါ ဒီည ဒီမှာပဲ အိပ်မှာ။"

နန်းသော်တာသည် မာန့်လက်ကို အတင်းကာရော ဆွဲဖြုတ်ကာ လှိုင်း၏ တစ်ယောက်အိပ်ခုတင်၌ ဝင်လှဲလိုက်သည်မှာ လေအလျင်ထက်ပင် မြန်ဆန်နေသေးသည်။ ဒါ သက်သက် ယုတ်မာတာ။ မာန် မကျေနပ်ဘူး ... သို့ပေမဲ့ ပြောလို့ မရမှန်းလည်း သိနေသဖြင့် ခေါင်းသာ ခါကာ ခုနက ခုတင်ပေါ် ပစ်တင်လိုက်သည့် ဖုန်းကို အမြန်ယူလိုက်ရသည်။ တော်ကြာ ကျေးဇူးရှင်မ ဖိအိပ်လိုက်နှ ဖုန်းလေးပြားကုန်ဦးမယ်။ ဖုန်းကို စာရေးစားပွဲပေါ် လှမ်းတင်ရင်း လှိုင်းသံစဉ်ကို တစ်ချက် လှမ်းကြည့်ပြီးမှ မာန် ခြင်ထောင်ထဲ ဝင်လာလိုက်ရတော့သည်။ မာန် ခြင်ထောင်ထဲ ရောက်ပြီးသောအခါ ပုတက်လေးက လူပုသလောက် သူ လျှာရှည်ကြောင်း သက်သေထူနေပြန်သည်။

"နန်းနန်း ငါ ခြင်ထောင်ထောင်လိုက်မယ်နော်။ မဟုတ်ရင် နင့်ကို ခြင်တွေ ဝိုင်းကိုက်လိမ့်မယ်။"

"အင်း ထောင်ပေး လှိုင်း။ ကျေးဇူးနော်။"

"ရပါတယ်နန်းနန်းရာ။"

အဲ့တာပဲ ကြည့် ... ခုနကကျ အဖွားကို သတိရလို့ ဆိုပြီး ကလေးလို ငိုနေတာက သူ။ ယခုကျတော့ နန်းသော်တာရှေ့ အလိုက်သိတတ်သည့်ဟန်ဖြင့် ဟီးရိုးလိုလို စူပါမန်းလိုလိုနှင့် ခြင်အပေါင်းရန်မှ ကာကွယ်ရန် ခြင်ထောင်ထောင်ပေးနေတာကလည်း သူပဲ။ လှိုင်းသံစဉ်၏ အဲ့လို အချိုးမပြေပုံတွေကြောင့် မာန် ကြည့်မရတာ။ နန်းသော်တာကို ခြင်ကိုက်လည်း သူ့အရေးလား။ ခြင်ကိုက်ရုံမက ခြင်တစ်သိုက်လုံး နန်းသော်တာကို ချီသွားရင်တောင် သူနှင့် ဘာများ သက်ဆိုင်နေလို့လဲ။

မာန်သည် အိပ်ရာထဲမှနေ၍ နန်းသော်တာအား ခြင်ထောင် ထောင်ပေးနေသည့် လှိုင်းသံစဉ်ကို ကြည့်ရင်း အတွေးပွါးရင်း ဒေါသထွက်နေမိသည်။ မာန် တကယ် ကြိုက်မနေဘူး ... လှိုင်းသံစဉ် နန်းသော်တာကို ယခုလို ဂရုစိုက်ပေးနေတာရော ၊ ဂရုစိုက်ပေးနေသည့် လှိုင်းကို ကြည့်ရင်း စိတ်တွေ တိုနေမိသည့် ကိုယ့်ကိုကိုယ်ရော ကြည့်မရသည်ကတော့ အမှန်ပင်။ တစ်ခါတလေကျ လှိုင်းသံစဉ် တခြားသူကို ဂရုစိုက်ပေးနေသည် ၊ စိုးရိမ်ပေးနေသည်ကို မြင်လျှင် ဒေါသတထောင်းထောင်း ထွက်တတ်သည့် သူကပဲ ညောင်ရေအိုးထဲက ကျွမ်းထိုးကောင်လို ခြေမကိုင်မိ လက်မကိုင်မိနှင့် အတွေးတွေ ကယောက်ကယက် ဖြစ်နေတတ်သည်။

ဤခံစားချက်တွေ၏ အကြောင်းအရင်းကို မာန် ဘယ်လိုရှာဖွေရမည်နည်း။ အချိန်တွေ ကြာလာလေ နားလည်ရ ခက်လာလေ ဖြစ်သည့် ခံစားချက် ကုဋေကုဋာသည် လှိုင်းသံစဉ်နှင့် ပတ်သက်လာတိုင်း အမြဲတစေ
တစ်ကိုယ်ကောင်းဆန်လွန်းနေခဲ့သည်သာ။

ရင်တွင်းကိန်းအောင်းနေသော ခံစားချက်များ၏ အရင်းမြစ်သည် သံယောဇဉ်ထက် သာလွန်သည့် ချစ်ခြင်းမေတ္တာမှန်းသာ မာန် ကြိုတင်သိရှိခဲ့ပါလျှင် ...

~ 15/9/2023 (6:10 p.m.) ~

Continue Reading

You'll Also Like

230K 22.7K 74
"ကံ့ကော်ဆိုတာ မပြောင်းလဲတဲ့ချစ်ခြင်း သက်သေ"
3.2K 108 33
စိတ်တူကိုယ်တူနဲ့ အကြိုက်မတူတာ မရှိသလောက်ရှားတဲ့ သူငယ်ချင်းကောင်လေးနှစ်ယောက် ဘယ်လိုအကြောင်းကြောင့်ခွဲခွာသွားရတာလဲ ပြန်တွေ့ကြတဲ့အခါ ဘယ်လိုတွေဆက်ဖြစ်မှာ...
719K 17.8K 39
Angsty teen stuff. Harry misses his lover and decides enough is enough, he leaves headquarters and no one knows where he's gone, the search is on but...
3.1K 68 10
I'll figure out the title later (I figured that out already! This is old news lol 💀). This story is like any other Lucifer x reader I've read so far...