သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၂၅) ငါ့ကြောင်လေးကို အနိုင်ထပ်ကျင့်ပြန်ပြီ။ သူ့ကို ရိုက်စမ်း
လင်းဖန် Bugatti ကားကြီးဖြင့် ရှန်းယွမ်ယန် စာသောက်ဆိုင်သို့ မောင်းသွားသောအခါ စားသောက်ဆိုင် ဝန်ထမ်းများက ချက်ချင်း သူ့ကို နွေးနွေးထွေးထွေး ကြိုဆိုလိုက်ကြပါသည်။
စားပွဲထိုးမလေး နှစ်ယောက်က လင်းဖန်ကို အံ့အားသင့်စွာ ကြည့်လိုက်ပါသည်။
အဘယ့်ကြောင့်ဆိုသော်... လင်းဖန်က ကြည့်ကောင်းလွန်းသောကြောင့် ဖြစ်ပါသည်။
ထို့အပြင် လင်းဖန်က ပြိုင်ကားတစ်စီးကို မောင်းလာသည်။ ပြိုင်ကား၏ မော်ဒယ်ကို စားပွဲထိုးမလေး နှစ်ယောက်က မသိသော်လည်း ဒီလိုပြိုင်ကားမျိုးက အနည်းဆုံး ယွမ် သန်းချီ တန်ဖိုးရှိကြောင်း သိပါသည်။
လင်းဖန်က ဒုတိယမျိုးဆက် သူဌေးသား တစ်ယောက်ဖြစ်သည်။ ပြိုင်ကားဖြင့် သူ့စားသောက်ဆိုင်သို့ ရောက်လာသောအခါ ချက်ချင်း VIP အခန်းထဲသို့ ပို့ခံလိုက်ရပါသည်။
"ဟယ်လို ဘာများကူညီပေးရမလဲရှင့်" စားပွဲထိုးမလေးက ပြုံးကာ ပြောလိုက်ပါသည်။
"ကော်ဖီတစ်ခွက်လောက် ချပေးပါ။ ကျွန်တော် တစ်ယောက်ယောက်ကို စောင့်နေတာပါ" လင်းဖန်က ပြောလိုက်ပါသည်။
ဒီ မျက်မမြင် ချိန်းတွေ့ခြင်းကို သူ့အမေ မျက်နှာကြောင့်သာ လာခဲ့ခြင်း ဖြစ်ပါသည်။
မဟုတ်ပါက လာမည်မဟုတ်ပေ။
ထို့အပြင် လင်းဖန်က Bugatti ကားကြီးကို ယူလာခဲ့သည်။ သူမနဲ့ တကယ် မျက်မမြင် ချိန်းတွေ့ခြင်း မလုပ်ချင်ပါ။
မဟုတ်ပါက ရှားဝမ်ချွေ့ သူ့ကို ကိုက်လိမ့်မည်။
ရှားဝမ်ချွေ့၏ဝီချက်ကိုဖွင့်လိုက်ပြီး လင်းဖန် မက်ဆေ့ပို့လိုက်၏။
လင်းဖန် : "ငါ မျက်မမြင် ချိန်းတွေ့ခြင်း လုပ်နေတာ"
[ရှားဝမ်ချွေ့ : "?"]
[ရှားဝမ်ချွေ့ : "နှာဘူးကောင်"]
လင်းဖန် : "ငါ့အမေ မိတ်ဆက်ပေးတာပါ။ သူက ငါတို့အိမ်နီးချင်းရဲ့ သမီးလေ။ ငါ့အမေ မျက်နှာမပျက်ရအောင် လုပ်တာပါ"
[ရှားဝမ်ချွေ့ : Angry.jpg]
[ရှားဝမ်ချွေ့ : Furious.jpg]
လင်းဖန် : "မသိသေးပါဘူး။ သူ့ကို မတွေ့ရသေးဘူး။ သူဘယ်လောက်ပဲ လှလှ နင့်ကိုတော့ မယှဥ်လောက်ပါဘူး။"
ရှားဝမ်ချွေ့ : "~~~"
[ရှားဝမ်ချွေ့ : "စကားပြောကောင်းတယ်နော်။ နင့်ကို သကြားလုံးတစ်လုံး ဆုချမယ်"]
လင်းဖန် : "တကယ်တော့ ငါစိတ်ပါလက်ပါ ပြောတာမဟုတ်ဘူး။ နင့်ပိုက်ဆံကို ယူထားမိလို့သာ ပြောပေးရတာပါ။"
[ရှားဝမ်ချွေ့ : "ခွေးကောင်"]
[ရှားဝမ်ချွေ့က သူငယ်ချင်းစစ်ဆေးအတည်ပြုချက်ကို ဖွင့်ထားပါသည်။ သင်က သူမ၏ သူငယ်ချင်းမဟုတ်သေးပါ။ ကျေးဇူးပြုပြီးအရင်ဆုံး သူငယ်ချင်းစမ်းသပ်အတည်ပြုမှု တောင်းဆိုချက်ကို ပို့ပေးပါ။ တစ်ဖက်လူက အတည်ပြုပြီးမှ စာပို့နိုင်ပါသည်။]
လင်းဖန် "..."
ဘာလို့ သူ့ကို Block သွားတာလဲ။
ချက်ချင်း သူမကို သူငယ်ချင်းအဖြစ် ပြန်အပ်လိုက်ပါသည်။
လင်းဖန် : "နောက်တစ်ခေါက် အရွက်သုပ် နှစ်ပွဲ လုပ်ပေးမယ်လေ။"
[ရှားဝမ်ချွေ့ : "ဟွန်း"]
လင်းဖန် : "အသီးအရွက်သုပ် ၃ ပွဲ"
[ရှားဝမ်ချွေ့ : "ပြီးတော့ ငါးပေါင်းလည်းထည့်ပေး"]
လင်းဖန် : "အေးပါ"
ရှားဝမ်ချွေ့ : "~~~"
...
ရှားဝမ်ချွေ့၏ ဝီချက်ကိုကြည့်ရင်း လင်းဖန် ပြုံးလိုက်ပါသည်။
သူ ရှားဝမ်ချွေ့နှင့် အတူရှိနေသောအခါ တခြားကောင်မလေးများနှင့် လုံးဝ ခြားနားလှပါသည်။
ဒီ မျက်မမြင် ချိန်းတွေ့ခြင်း အတွက် လင်းဖန်က ပို၍ပင် စိတ်မပါလက်မပါ ဖြစ်သွားခဲ့ပါသည်။
သူ့အမေသာ သူ့ကို အတင်းအကျပ် ထပ်စီစဥ်ပါက ရှားဝမ်ချွေ့ကို အိမ်ခေါ်သွားပြီး သူ့အမေ ဘာပြောနိုင်ဦးမလဲ ကြည့်မည်။
၄ နာရီ ခွဲသွားပါပြီ။
တစ်ဖက်လူက ရောက်မလာသေးပါ။
သူ ကော်ဖီတစ်ခွက်သောက်ရင်း စိတ်ရှည်စွာ စောင့်နေခဲ့ပါသည်။
ညနေ ၅ နာရီထိုးသွားပြီး နာရီဝက်လောက် နောက်ကျနေသော်လည်း တစ်ဖက်လူက ရောက်မလာသေးပါ။
လင်းဖန်က ထပ်ပြီး မစောင့်နိုင်တော့ပါ။ သူ့အချိန်က တန်ဖိုးရှိပါသည်။
ကောင်မလေး ဘယ်လောက်တောင် သူ့ကို တွေ့ချင်ကြမလဲ သူ မသိပါ။ ကျောင်းလီလီနှင့် ရှီယုထုံတို့က သူ့ကိုဝီချက်မက်ဆေ့များစွာ ပို့ခဲ့သည်။ သူ့ကို အပြင်တွင် စားသောက်ဖို့ ခေါ်ချင်သော်လည်း လင်းဖန်က ငြင်းခဲ့ပါသည်။
လင်းဖန်က ချက်ချင်းပဲ ရှဲ့ထျင်ထျင်ကို မက်ဆေ့ပို့လိုက်သည်။
လင်းဖန် : "ဘာလို့ နာရီဝက်တောင် နောက်ကျနေတာလဲ။"
ရှဲ့ထျင်ထျင် : "သြော် ကျွန်မ ကိစ္စတစ်ခုရှိလို့ပါ။ ဒါပေမယ့် ကျွန်မလာဖို့လည်း မလိုဘူးထင်တယ်။ ကျွန်မ လိုရင်းပြောပြီး ရှင့်ကို မေးခွန်း နည်းနည်းလောက် မေးမယ်နော်။"
လင်းဖန် : "ကောင်းပါပြီ"
[ရှဲ့ထျင်ထျင် : "လက်ထပ်ချင်တဲ့လူတွေက ကားတွေအိမ်တွေကို စိတ်ဝင်စားကြတာသိတယ်မလား။ ကျွန်မက ပစ္စည်းမက်တဲ့လူ မဟုတ်ပါဘူး။ ရှန်ဟိုင်းမြို့စွန်မှာ ရှင် အိမ်တစ်လုံးပိုင်လား။"]
လင်းဖန် : "မပိုင်ဘူး။"
[ရှဲ့ထျင်ထျင် : "ကားတော့ ရှိမှာပေါ့။ Audi A7 တစ်စီးလောက် ရှိလား"]
လင်းဖန် : "မရှိဘူး..."
[ရှဲ့ထျင်ထျင် : "ရှင့်လစာကကော။ ရှင့်မှာ အာမခံနဲ့ ငွေရှိလား။"]
လင်းဖန် : "ကျွန်တော့်မှာ... လစာလည်း မရှိဘူး အာမခံငွေလည်း မရှိပါဘူး။"
လင်းဖန် : "သူဘယ်ရောက်သွားတာလဲ။"
[ရှဲ့ထျင်ထျင်က သူငယ်ချင်း စစ်ဆေးအတည်ပြုချက်ကို ဖွင့်ထားပါသည်။ သင်က သူမ၏ သူငယ်ချင်း မဟုတ်သေးပါ။ ကျေးဇူးပြုပြီး အရင်ဆုံး သူငယ်ချင်း စမ်းသပ်အတည်ပြုမှု တောင်းဆိုချက်ကို ပို့ပေးပါ။ တစ်ဖက်လူက အတည်ပြုပြီးမှ စာပို့နိုင်ပါသည်။]
လင်းဖန် : "..."
ရှဲ့ထျင်ထျင် ပြောသွားတာ သိပ်မှန်ပါသည်။ ယနေ့ခေတ်တွင် ဘယ်လိုကောင်မလေးက လက်ထပ်ပြီဂ အိမ်တစ်လုံး ကားတစ်စီးမလိုချင်ဘဲ နေမည်နည်း။ သူမ မေးသွားသည့် မေးခွန်းများက သာမန်ပဲဖြစ်သည်။ ပြဿနာက လင်းဖန် စကားပြောဖို့ပင် အချိန်မရလိုက်တာသာရှိသည်။
သူ့မှာ ရှန်ဟိုင်းမြို့စွန်တွင် အိမ်တစ်လုံး မရှိပါ။ Audi A7 ကားကြီးလည်း မရှိပါ။ ထို့အပြင် ဘယ်သူကမှလည်း သူ့ကို လစာမပေးပါ။ အာမခံငွေလည်း မရှိပါ။
သို့သော်လည်း...
လင်းဖန်တွင် သန်းရာကျော် တန်သည့် နှလုံးသားရေကန် ဗီလာကြီးတစ်လုံးရှိသည်။ သန်းရာကျော်တန်သည့် ပြိုင်ကားတစ်စီး ရှိ၏။ ကြွေပန်းဥယျာဥ် ကျောင်းခရိုင်မှာလည်း အိမ်နှစ်လုံး ရှိပါသည်။
စုစုပေါင်း ပိုင်ဆိုင်မှုက ယွမ် သန်း ၄၀၀ နီးပါးရှိသည်။
ထို့အပြင် လင်းဖန်က ကြယ်ငါးပွင့် ခေတ်သစ်လီရှန်း ဟိုတယ်ကြီး၏ ဒုတိယ အများဆုံး ရှယ်ယာဝင်ဖြစ်ပါသည်။
သူဘာမှ မပြောလိုက်နိုင်ခင်မှာပဲ သူ့ကို သူငယ်ချင်းအဖြစ်က ပယ်ရှားလိုက်တယ်တဲ့လား။
လင်းဖန်က သူ Bugatti ကားကြီး မောင်းလာသဖြင့် တစ်ဖက်လူက အနည်းဆုံးတော့ ရှေးဟောင်း ပါးရိုက်သည့် နည်းလမ်းကို မသုံးလောက်ပါဟု ထင်ထားခဲ့သည်။
သို့သော်လည်း အခုတော့ တစ်ဖက်လူက သူ့ကို စကားပြောခွင့်ပင် မပေးခဲ့ပါ။
သို့သော်လည်း အဆင်ပြေပါသည်။ လင်းဖန် စိတ်ရှုပ်ခံပြီး ရှင်းပြဖို့ မလိုတော့ပါ။ မစ်ရှင် အောင်မြင်ပြီ။
ငွေရှင်းပြီးနောက် လင်းဖန်က ရှားဝမ်ချွေ့ထံသို့ စာပို့ထားသည့် မှတ်တမ်းကို ပို့ပေးလိုက်ပါသည်။
[ရှားဝမ်ချွေ့ : "~~~"]
[ရှားဝမ်ချွေ့ : "ငါ့ကြောင်လေးကို အနိုင်ထပ်ကျင့်သွားပြန်ပြီ။ သူ့ကို ရိုက်စမ်း"]
လင်းဖန် : "နင် ဘာလို့ အရမ်းပျော်နေတဲ့ပုံ ပေါက်နေတာလဲ"
ရှားဝမ်ချွေ့ "~~~"
ထိုအချိန်တွင် သူ မကြာသေးခင်က ရရှိလိုက်သော ကျောင်းခရိုင် အိမ်အကြောင်းကို စဥ်းစားလိုက်မိပါသည်။
ကျောင်းခရိုင်အိမ်ကို သွားကြည့်ပြီး ငှားရမ်းဖို့ အခွင့်ကောင်းဖြစ်သည်။
လင်းဖန်က Bugatti ကားကြီးကို ကြွေပန်းဥယျာဥ်အိမ်ရာသို့ တန်းတန်းမတ်မတ် မောင်းလာခဲ့ပါသည်။
....
တစ်ဖက်တွင်။
အိမ်ရာမြေအပိုင်းတွင် အလုပ်လုပ်နေသည့် ရှဲ့ထျင်ထျင်က ရှားရန်ရန်ကို အတင်းပြောလိုက်ပါသည်။ "ဒီနေ့ လူတစ်ယောက်နဲ့ ငါ မျက်မမြင် ချိန်းတွေ့ခြင်း လုပ်ခဲ့တာ သိလား။ သူ့မှာ ကားလည်းမရှိ၊ အိမ်လည်းမရှိတဲ့အပြင် သူက လစာကော၊ အာမခံငွေကော ဘာမှ မရှိဘူး။ အဲ့တာကြောင့် ငါသူ့ကို Block ပြစ်လိုက်တယ်။ ဒီနေ့ဒီခေတ်ထဲ ဘယ်လိုလုပ်ပြီး ဒီလောက် အသုံးမကျတဲ့လူမျိုး ရှိနေရတာလဲ မသိဘူး။ သူ့မှာ ကားမရှိ၊ အိမ်မရှိ၊ လစာမရှိပဲနဲ့ မိန်းကလေးတစ်ယောက်က သူနဲ့ လက်ထပ်ပြီးရင် အငတ်နေရမှာလား။"
ရှားရင်ရင် မျက်လုံးများ ပြူးကျယ်သွား၏။ "ဟင်"
ရှဲ့ထျင်ထျင်က ပျင်းကြောဆွဲလိုက်သည်။ "ငါသိတယ်။ သူ့မိသားစုက တော်တော်ဆင်းရဲတာ။ အဲ့တာကြောင့် မျက်မမြင် ချိန်းတွေ့ခြင်းတောင် ငါ မသွားခဲ့ဘူး။ သွားဖို့လည်း မလိုပါဘူး။ သူ့ကို အထင်သေးတာတော့ မဟုတ်ဘူး။ သူ့မှာ ကားမရှိ အိမ်မရှိမှန်းသိလို့ ငါ ဝီချက်မှာ မေးပြီး အတည်ပြုလိုက်တာလေ။"
ရှားရန်ရန်က ရှဲ့ထျင်ထျင်ကို ကြည့်လိုက်ပါသည်။ "နင်လုပ်တာ မဟုတ်သေးပါဘူး။ နင်က လက်ခံပြီးသားကို မသွားဘဲနေလို့ရမလား။ ဒါသူ့ကို စော်ကားလိုက်တာပဲ မဟုတ်ဘူးလား။"
ရှဲ့ထျင်ထျင်က ခဏလောက် စဥ်းစားလိုက်ပြီး ပြောလိုက်ပါသည်။ "နင်ပြောတာဟုတ်ပါတယ်။ နောက်တစ်ခေါက်ကျမှ သွားတောင်းပန်လိုက်မယ်။ ဒါပေမယ့် သူ့မှာ ကားမရှိ အိမ်မရှိ၊ အလုပ်မရှိ အကိုင်မရှိနဲ့ ဘယ်သူမှ လက်ထပ်ချင််မှာမဟုတ်ဘူး။"
ရှဲ့ထျင်ထျင်က ရေခွက်တစ်ခွက်ကို ယူလိုက်ပြီး ရှားရန်ရန်ကို ကြည့်လိုက်သည်။ "နင့်ကို မနာလိုလိုက်တာ။ မကြာသေးခင်က ဒိမှာ သန်း ၂၀ ကျော်တန်တဲ့ အိမ်တစ်လုံးကို သူဌေး တစ်ယောက်ဝယ်သွားတယ်လို့ ကြားတယ်။ သူ့ကို အိမ်ကိုစီမံဖို့ နင်ကူညီပေးရတယ်ဆို။ အဲ့ဒီသူဌေးက နင့်ကို ချီးကျူးတောင် သွားမယ်ထင်တယ်။ ကုမ္ပဏီက နင့်ကို လစာတိုးပေးတယ်။ နင်သာ သူနဲ့နီးစပ်အောင် လုပ်နိုင်ရင် နင့်တစ်ဘဝလုံး စိတ်ပူစရာ မလိုတော့ဘူး"။
ရှားရန်ရန်က လင်းဖန်အကြောင်းကို စဥ်းစားလိုက်ပြီး ရှက်သွေးဖြာသွားပါသည်။ "သူက အရမ်းချမ်းသာပြီး ချောလည်းချောတယ်။ ငါက ဘယ်လိုလုပ်ပြီး သူနဲ့ တန်မှာလဲ။ သူ့မှာ ကျောင်းခရိုင် အိမ်နှစ်လုံးရှိတာ သိလား။ အိမ်နှစ်လုံး စုစုပေါင်းတန်ဖိုးက သန်း ၄၀ ကျော်တယ်"။
"ပြီးတော့... ယွမ် သန်း ၂၀၀ ကျော်တဲ့ နှလုံးသား ရေကန် ဗီလာကြီးလည်းရှိတယ်။ ပြီးတော့ သန်း ၁၀၀ ကျော်တဲ့ ပြိုင်ကားကောပဲ။ အရေးအကြီးဆုံးက... သူက ချောတယ်။ အရမ်းချောတယ်။"