သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၂၂) ငါ့ကိုကြိုက်လား
"မြောင်~" ရှားဝမ်ချွေ့၏ အသံထွက်လာသည်။ လင်းဖန်ကို ကြည့်ကာ မျက်တောင်ခတ်လိုက်ပါသည်။
"နင်ရောက်နေပြီလား" လင်းဖန်က နောက်လှည့်မကြည့်ဘဲ ရယ်ကာ မေးလိုက်သည်။
"အေး"
"ငါရောက်နေတာ မပျော်ဘူးလား" ရှားဝမ်ချွေ့က နူးညံ့စွာ မေးလိုက်ပါသည်။ သူမ အပြစ်ရှိနေသလိုမျိုး သူမ၏ လှပသည့် မျက််လုံးလေးများက လင်းဖန်ကို ဝမ်းနည်းစွာ ကြည့်နေသည်။
လင်းဖန်က လှည့်လိုက်ပြီး သူ့ရှေ့က ကောင်မလေးကို ကြည့်လိုက်၏။
သူမက ကြောင်နားရွက်ဖြင့် ဦးထုပ်ကို ကြောင်မလေးလို ဝတ်ဆင်ထားဆဲဖြစ်သည်။ ဘောင်းဘီတိုကို ဝတ်ဆင်ထားပြီး ရှည်လျား သွယ်လျပြီး နှင်းလို ဖြူဖွေးသော ခြေထောက် ဖြူဖြူလေးများ ရှိသည်။ သူမက မိတ်ကပ်မပါဘဲတောင် အလွန်လှပနေပါသည်။
သူမ၏ စိတ်မကောင်းဖြစ်နေသော ပုံစံကလည်း ချစ်ဖို့ကောင်းဆဲ ဖြစ်သည်။ လင်းဖန် အစက ရှားဝမ်ချွေ့ကို အနိုင်ကျင့်ချင်ခဲ့သော်လည်း သူမကို ဒီလို မြင်လိုက်ရသဖြင့် ဘယ်လို လုပ်ရက်ပါတော့မလဲ။
"ပျော်ပါတယ်" လင်းဖန်က ပြောလိုက်သည်။
"ဟင်း ညစ်ပတ်တဲ့ လင်းဖန်။ နင်က မပျော်မရွှင် ဖြစ်ရဲတယ်ပေါ့" ရှားဝမ်ချွေ့က သူမ၏ ဦးထုပ်ကို ချွတ်လိုက်ပါသည်။ သူမ၏ ပုံစံက ပြီးပြည့်စုံဆဲပင်။
လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး ခေတ္တ ငြိမ်သက်သွားရပါသည်။
ရှားဝမ်ချွေ့က တကယ်ပဲ ကျောက်လီလီ၊ ရှဲ့ယွီထုံတို့ထက် အများကြီး ပိုကြည့်ကောင်းသည်။
သူမက နာမည်ကြီး ကြယ်ပွင့်တစ်ဦးဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်က အမြဲတမ်း အချိုးအစား ကျနလှပခဲ့သည်။ သူမ၏ အသားအရည်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထား၏။ တခြားသူများနှင့် နှိုင်းယှဥ်လို့ မရနိုင်သောအရာ ဖြစ်ပါသည်။
"ဘာကြည့်တာလဲ။ အရှက်ကို မရှိဘူး" ရှားဝမ်ချွေ့က ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ပြီး လင်းဖန်ကို မယုံသင်္ကာဖြင့် ကြည့်လိုက်ပါသည်။ သူတို့က နှစ်ယောက်တည်း အတူတူရှိနေကြသည်။ ဒီငတုံးကောင် မဟုတ်တရုတ် အတွေးတွေဝင်လာရင် ဘယ်လိုလုပ်မလဲ။
"သူတို့က မကြီးတော့ ကြည့်ရင်တောင် မမြင်ရပါဘူး" လင်းဖန်က ပြောလိုက်သည်။
"???"
ရှားဝမ်ချွေ့က ခြေထောက်ကို ဆောင့်နင်းလိုက်ပြီး လင်းဖန်ကို စူးစူးဝါးဝါး ကြည့်လိုက်သည်။ ကျောကို ကော့ရင်း လင်းဖန်ရှေ့တွင် မတ်တပ်ရပ်ပြလိုက်ပါသည်။
"အရူးကောင် လင်းဖန် နင်အကုတ်ခံချင်လို့လား" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ ပုံမှန်ဆို လူတွေက သူမ၏ အလှ သို့မဟုတ် သူမ၏ ဖွံ့ဖြိုးသော ရင်ဘတ်များကို ချီးကျူးတတ်ကြသည်။
လင်းဖန်တစ်ယောက်သာ ဒီလိုစကားမျိုးကို ပြောရဲ၏။ သူကတော့ အတီးခံရဖို့ တောင်းဆိုနေသလိုပင်။
"တကယ်တော့ အနီးကပ် ကြည့်ကြည့်မှ ကြီးတော့ ကြီးသားပဲ" လင်းဖန်က ပြုံးကာ ပြောလိုက်ပါသည်။
"~~~" : ရှားဝမ်ချွေ့။
မှားယွင်းနေသလို ခံစားရသည်။ ဘာပဲဖြစ်ဖြစ် သူမချည်းပဲ ရှုံးနိမ့်နေသလို ခံစားရပါသည်။
ဒီအရှက်မရှိတဲ့ လင်းဖန်ကတော့။
ရှားဝမ်ချွေ့က အလွန်ဒေါသထွက်ဆဲ ဖြစ်ပါသည်။ ဒီအကျင့်မကောင်းတဲ့ အတန်းဖော်က အမြဲတမ်း သူမကို စိတ်ဆိုးအောင် လုပ်တတ်သည်။
"ဒီနေ့ ကျောင်းသားဟောင်းတွေ့ဆုံပွဲက ဘယ်လိုနေလဲ" ရှားဝမ်ချွေ့က စကားလမ်းကြောင်း ပြောင်းလိုက်ပါသည်။
လင်းဖန်က ခေါင်းငြိမ့်လိုက်၏။ "ပျော်ခဲ့ရပါတယ်။ ကောင်မလေးတွေ အများကြီး လာတယ်။"
ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်သည်။ "??"
လင်းဖန်က ထပ်ပြောလိုက်၏။ "ငါနဲ့ စကားပြောချင်သေးတဲ့ ကောင်မလေးတွေ ရှိတုန်းပဲဟ။ ငါအထက်တန်းကျောင်းတုန်းက လိုမျိုးပဲ။ ကျောက်လီလီနဲ့ ရှဲ့ယွီထုံတို့က ငါ့ဝီချက်ကိုတောင် မေးကြသေးတယ်။ ငါတို့ မတွေ့တာ နှစ်တော်တော်ကြာပြီ။ သူတို့ကလည်း ပိုလှလာကြပါတယ်။”
ရှားဝမ်ချွေ့ : "နှာဘူးကောင်”
ရှားဝမ်ချွေ့၏ ချစ်ဖို့ကောင်းသော မျက်နှာထားကို ကြည့်ပြီး လင်းဖန်ပြုံးလိုက်ပါသည်။
အရင်တစ်ခေါက်က ရှားဝမ်ချွေ့ကို သူ့ရှေ့မှာ အရင်းချစ်ဖို့ကောင်းအောင် ဘယ်သူ သရုပ်ဆောင်ခိုင်းခဲ့တာလဲ။
"နင် ဘာစားချင်လဲ။ အသီးအရွက်သုပ်လား" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်လိုက်ပြီး သူမ၏ ကြောင်နားရွက် ဦးထုပ်လေးကို သိမ်မွေ့စွာ ထိလိုက်ပါသည်။
"မစားတော့ဘူး" ရှားဝမ်ချွေ့က မျက်နှာလွှဲလိုက်ပါသည်။
"မနာလို ဖြစ်နေတလာား" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"နင်ကမှ မနာလိုဖြစ်နေတာ။ နင်တို့ တစ်မိသားစုလုံးက မနာလိုဖြစ်နေတာ" ရှားဝမ်ချွေ့က အရွဲ့တိုက်လိုက်ပါသည်။
"ရိုးရိုးသားသား ပြောရရင် သူတို့က နင့်လောက် မလှကြပါဘူး" လင်းဖန်က ရှားဝမ်ချွေ့ကို ကြည့်ရင်း ပြောလိုက်ပါသည်။
"~~~" ရှားဝမ်ချွေ့
"ငါအသီးအရွက်သုပ် နည်းနည်းတော့ စားလိုက်ပါ့မယ်။ အသားလည်း စားချင်တယ်။ ဒါပေမယ့် ဝလာမှာဆိုးလို့။" ရှားဝမ်ချွေ့က သူမ၏ ဗိုက်ကိုကိုင်ကာ ပြောလိုက်သည်။ အရေးအကြီးဆုံး၏ သူမ၏ ဗိုက်အောက်တွင် ဘာအဆီမှ ရှိမနေခြင်းပင်။
"ရပါတယ်။ ညစာစားပြီးရင် လူအများကြီး လေ့ကျင့်ခန်း လုပ်ဖို့ပဲလိုတာ" လင်းဖန်က စဥ်းစားပြီး ပြောလိုက်ပါသည်။
"လူအများကြီး လေ့ကျင်ခန်းဟုတ်လား" ရှားဝမ်ချွေ့က လင်းဖန်ကို ကြည့်လိုက်ပါသည်။ "ငါလေ့ကျင့်ခန်း အများကြီး လုပ်ရတာ သိပ်သဘောမကျဘူး။ လူနှစ်ယောက်လောက်ပဲ လေ့ကျင့်ခန်း အတူတူ လုပ်ရတာ သဘောကျတယ်။ အဲ့လိုဆိုရင် ငါဝိတ်ကျတာ ပိုမြန်တယ်။”
လင်းဖန် ချက်ပြုတ်ဖို့ စပြင်လိုက်စဥ်မှာပင် မီးပျက်သွားလေသည်။
စားသောက်ဆိုင်ကို မဆိုဦးနှင့်၊ လမ်းတစ်လမ်းလုံး ပိန်းပိတ်အောင် မှောင်မိုက်သွားခဲ့ပါသည်။
အားလုံး မှောင်မဲနေ၏။
"အာ..." ရှားဝမ်ချွေ့ တီးတိုး ရေရွတ်လိုက်သည်။ သူမက အမှောင်ကြောက်၏။
"ငါ အသီးအရွက်သုပ် လုပ်လို့ မရတော့ဘူး" လင်းဖန်က ရှားဝမ်ချွေ့ဘေးသို့ လျှောက်လာပြီး စိတ်ပျက်လက်ပျက် ပြုံးလိုက်ပါသည်။
ရှားဝမ်ချွေ့ ငယ်စဥ်ကတည်းက အမှောင်ကို ကြောက်ရွံ့ခဲ့ပါသည်။ သူမ၏ ဘေးပတ်လည်တွင် မှောင်မဲနေသည်။ အထက်တန်းကျောင်းတုန်းကလိုပဲ လင်းဖန်၏ ပွေ့ဖက်မှုကြားထဲတွင် ပုန်းနေခဲ့သည်။ မီးပျက်သွားသောအခါ တခြားကျောင်းသားများက ပျော်မြူးနေတတ်သော်လည်း သူမတစ်ယောက်တည်းသာ လင်းဖန်ကို မှီတွယ်နေရ၏။
"နင် အမှောင်ကြောက်လို့လား" လင်းဖန်က ပြုံးလိုက်ပါသည်။ သူ ရှားဝမ်ချွေ့နှင့် နီးကပ် လွန်းနေသည်ဟု ခံစားရပြီး သူ့ခန္ဓာကိုယ်က နွေးလာခဲ့ပါပြီ။
"အမ် ရပါတယ်" ရှားဝမ်ချွေ့က ခေါင်းငြိမ့်လိုက်သည်။
"ဖုန်းထဲမှာ ဓာတ်မီးရှိတယ်လေ" လင်းဖန်က ပြောလိုက်၏။
"ဒါပေမယ့်... ငါကြောက်နေတုန်းပဲ" ရှားဝမ်ချွေ့၏ အသံက သေးငယ်ပြီး တုန်ယင်နေပါသည်။
"ငါအနားမှာရှိရင် ဘာမှကြောက်စရာ မလိုပါဘူး" လင်းဖန်က နူးညံ့စွာ ပြုံးလိုက်ပါသည်။
"ဒါပေမယ့် ငါဗိုက်ဆာတယ်လေ" ရှားဝမ်ချွေ့က သနားစရာ ကောင်းစွာ ပြောလိုက်ပါသည်။ ညစာတောင် မစားဘဲ လင်းဖန်ကိုလာတွေ့ခဲ့ခြင်းဖြစ်သည်။
"နင်... ငါ့အိမ်ကိုလာခဲ့ပါလား" ရှားဝမ်ချွေ့၏ အသံထွက်လာခဲ့သည်။ "အိမ်မှာ ဘယ်သူမှမရှိဘူး။"
"နင့်အိမ်ကို သွားရမယ်ဟုတ်လား" လင်းဖန် သည်းမခံနိုင်တော့ပါ။ ရှားဝမ်ချွေ့က အလွန်လှပလွန်းနေသောကြောင့် ဖြစ်ပါသည်။
"ငါ အသီးအရွက်သုပ် စားချင်တယ်" ရှားဝမ်ချွေ့က ပြောလိုက်၏။
"ဟုတ်ပြီ၊ အပြင်မှာ မီးပျက်နေတော့ အဲ့ပဲ သွားကြတာပေါ့။ နင့်လက်မောင်းကို ခဏငှားလို့ ရမလား" လင်းဖန်က မေးလိုက်သည်။
"ဟင်" ရှားဝမ်ချွေ့ အနည်းငယ် ဇဝေဇဝါဖြစ်သွားပါသည်။
"ဒါဆို နင်လက်ခံတယ်လို့ ယူဆလိုက်မယ်နော်" လင်းဖန်က ရှားဝမ်ချွေ့၏ လက်မောင်းကို ကိုင်လိုက်ပါသည်။ သူ့ဖုန်းက ဓာတ်မီးကို အသုံးပြုပြီး စားသောက်ဆိုင်ထဲမှ ထွက်ကာ တံခါးကို ပိတ်လိုက်၏။
ဒီအဖြစ်အပျက်ကိုသာ ဗီဒီယိုရိုက်ထားပါက ဝေ့ပေါ် တွေ ရေပန်းအစားဆုံး အကြောင်းအရာ ဖြစ်လာနိုင်သည်။
သို့သော်လည်း ရှားဝမ်ချွေ့က မငြင်းခဲ့ပါ။ သူမက နာမည်ကျော်တစ်ယောက်ဖြစ်သော်လည်း လင်းဖန်နှင့် အတူတူရှိနေသောအခါ သူမ ဘာမှစိတ်ပူစရာ သိပ်မရှိပေ။
ထို့အပြင် လောလောဆယ် မီးပျက်နေသဖြင့် ဘေးပတ်လည်မှာ ဘယ်သူမှ မရှိပေ။
"ငါ့မှာ ကားရှိတယ်" ရှားဝမ်ချွေ့၏ ပါးလေးများက အနည်းငယ် နီရဲနေသည်။ လင်းဖန်က သူမလက်မောင်းကို ကိုင်ထားပြီး သူမရင်တွေလည်း ခုန်နေပါသည်။
လင်းဖန်လက်မတွဲရသည့် အကြောင်းအရင်းက သူနဲ့ ရှားဝမ်ချွေ့တို့မှာ ရည်းစားမဟုတ်ကြသေးသဖြင့် မိန်းကလေးကို အသားမယူချင်သောကြောင့် ဖြစ်ပါသည်။
သူတို့ ရှားဝမ်ချွေ့အိမ်သို့ ရောက်သောအခါ ရှားဝမ်ချွေ့ အဆင့်မြင့် ရပ်ကွက်မျိုးမှာ နေတာ မဟုတ်မှန်း လင်းဖန် သိလိုက်ရပါသည်။
အခန်းက မကြီးမားပါ။ ၁၀၀ စတုရန်းမီတာလောက်သာ ရှိ၏။
လင်းဖန် မီးဖိုချောင်ထဲတွင် အလုပ်များနေသည်ကို ရှားဝမ်ချွေ့ ထိုင်ကြည့်နေပါသည်။
သူမ ညှို့ယူခံထားရသလိုပင်။
သူမက နာမည်ကျော်တစ်ယောက် ဖြစ်နေတာတောင် လင်းဖန်နှင့် အမြဲတမ်း ဆက်ဆံရေး ကောင်းမွန်ခဲ့သည်။
လင်းဖန်က တကယ်ချောမော၏။
သူမ၏ ကုမ္ပဏီထဲက ယောက်ျားလေး သရုပ်ဆောင်များစွာကပင် လင်းဖန်နှင့် မယှဥ်နိုင်ကြပါ။
အသီးအရွက်သုပ် သုပ်ပြီးနောက် လင်းဖန်က ဆန်နက်ဆန်ပြုတ် တချို့လည်း လုပ်ခဲ့သည်။ မွှေးရနံ့က သင်းပျံ့လွန်းလှပါသည်။
"အရသာရှိရဲ့လား" လင်းဖန်က ရှားဝမ်ချွေ့ ကိုကြည့်ကာ ပြုံးလိုက်၏။
"အင်း တကယ်အရသာရှိတာပဲ"။
"အသီးအရွက်သုပ်ကို ဒီလောက် အရသာရှိအောင် သုပ်နိုင်တာကို မြင်ဖူးတာ ဒါပထမဆုံးပဲ" ရှားဝမ်ချွေ့က ပြောလိုက်ပါသည်။ လင်းဖန်ရဲ့ အချက်အပြုတ်စကေးတွေ ဘယ်တုန်းက ဒီလောက်ထိ ကောင်းလာခဲ့တာလဲ။
"လင်းဖန် နင့်အချက်အပြုတ်စကေးတွေ ဘယ်တုန်းက ဒီလောက်ထိ တိုးတက်လာတာလဲ" ရှားဝမ်ချွေ့က မေးလိုက်သည်။
"အမြဲတမ်း ကောင်းနေကျပါဟာ" လင်းဖန်က သူ့ရင်ဘတ်ကို ပုတ်ရင်း ပြောလိုက်ပါသည်။ ယခု သူ့တွင် မာစတာအဆင့် အချက်အပြုတ် စကေးရှိနေပြီ ဖြစ်သည်။ တချို့ ထိပ်တန်း စားဖိုမှူးများကပင် သူ့လောက် ကောင်းကောင်းမွန်မွန် မချက်ပြုတ်နိုင်လောက်ပါ။
"နင်ငါ့ကို နင့်အိမ်ကို ခေါ်လာတာ တစ်ယောက်ယောက်သာ တွေ့သွားရင် ဘယ်လိုလုပ်မလဲ" လင်းဖန်က ပန်းသီး တစ်လုံး စားရင်းမေးလိုက်သည်။
"ပြောတဲ့ပုံစံက နင်နဲ့ငါနဲ့ တွဲနေတဲ့ပုံစံနဲ့" ရှားဝမ်ချွေ့ ရှက်သွေးဖြာသွားပါသည်။
"တခြားသူတွေသိသွားရင် မကောင်းဘူးပေါ့။ ဒါပေမယ့် နင်ချက်ပြုတ်တာတွေသာ စားရရင် သူများတွေ တွေ့သွားလည်း ကိစ္စမရှိပါဘူး" ရှားဝမ်ချွေ့က တခစ်ခစ် ရယ်မောလိုက်ပါသည်။
လင်းဖန်က ရှေ့တိုးကာ အသီးအရွက်သုပ် စားနေသည့် ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။ သူပြုံးလိုက်၏။ "နင်က ငါလုပ်တဲ့ အစားအသောက်တွေကို အရမ်းကြိုက်တာပဲနော်။ ငါ့ကိုကော ကြိုက်လား"။
ရှားဝမ်ချွေ့က အံကြိတ်ကာ လင်းဖန်ကို စူးစူးဝါးဝါးကြည့်လိုက်ပါသည်။
"ဖျင်ခေါင်းကျယ်တဲ့ကောင် နင့်ကို ဝက်တွေပဲ ကြိုက်လိမ့်မယ်"