သန်းကြွယ်ခြေလှမ်း (လင်းဖန်)
အခန်း(၁၆) ကြယ်ငါးပွင့် ဟိုတယ်ကြီးရဲ့ ဒုတိယအများဆုံး ရှယ်ယာဝင်
ကျောင်းသားဟောင်း တွေ့ဆုံပွဲသတင်းက ပျံ့နှံ့သွားခဲ့ပါသည်။
လင်းဖန်က သူလာခဲ့မည်ဟု အတည်ပြုလိုက်သောအခါ မိန်းကလေးများစွာ ပျော်ရွှင်သွားကြသည်။
ဘာပဲဖြစ်ဖြစ် လင်းဖန်က အထက်တန်းကျောင်းတွင် အချောဆုံး ကောင်လေးဖြစ်သဖြင့် မိန်းကလေးအများစုက သူ့ကို တိတ်တခိုးသဘောကျခဲ့ကြပါသည်။
လင်းဖန်ကို ချစ်ကြိုက်ကြောင်း ဖွင့်ပြောခဲ့သည့် မိန်းကလေးများစွာပင် ရှိခဲ့ဖူးသည်။
သို့သော်လည်း တစ်ယောက်မှ မအောင်မြင်ခဲ့ပါ။
သူ့ အထက်တန်းကျောင်းသားဘဝ တစ်လျှောက်လုံး လင်းဖန်၏ အတန်းဖော်ဆိုသည်မှာ ရှားဝမ်ချွေ့သာ ဖြစ်ခဲ့ပါသည်။ နေ့တိုင်း သူရှားဝမ်ချွေ့နှင့်သာ အတူတူ စာကြည့်သည်။ လျှောက်လည်သည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက် မုန့်ဝယ်ကျွေးကြ၏။ မရေမတွက်နိုင်သော ကောင်မလေးများစွာ၏ မနာလိုမှုကို သူခံခဲ့ရပါသည်။
သို့သော်လည်း ရှားဝမ်ချွေ့က စူပါစတား တစ်ယောက် ဖြစ်လာခဲ့သောအခါ အားလုံးနဲ့ တဖြည်းဖြည်း အဆက်အသွယ် ပြတ်တောက်လာခဲ့ပါသည်။
ကျောက်လီလီ၏ အချစ်ဆုံး သူငယ်ချင်း ရှဲ့ယွီထုံက လင်းဖန် အကြောင်းကြားသောအခါ အနည်းငယ် စိတ်ပျက်သွားမိပါသည်။
"သြော် လီလီ။ လင်းဖန်က တကယ်ပဲ အခုသိပ်ပြီး အဆင်မပြေဘူးလား။" ရှဲ့ယွီထုံက မေးလိုက်သည်။
ကျောက်လီလီက ခေါင်းငြိမ့်လိုက်၏။ "သူက သုံးဘီးဆိုင်ကယ် တစ်စီးနဲ့ စတုရန်းမီတာ ၂၀ - ၃၀ လောက်ရှိတဲ့ စားသောက်ဆိုင် အသေးစားလေး တစ်ဆိုင်ဖွင့်ထားတယ်။ လူတွေလည်း သိပ်မရှိဘူး။ ပြီးတော့ ဆိုင်ကိုလည်း တစ်ရက်ကို ၄ နာရီပဲ ဖွင့်တယ်။ သူ ဒီလောက်ထိ နိမ့်ကျသွားလိမ့်မယ်လို့ ငါမထင်ခဲ့မိဘူး။ အရင်တုန်းက လင်းဖန်သာဆို နင့်ကို သူ့နောက်လိုက်ဖို့ တိုက်တွန်းမိမှာ အမှန်ပဲ။ ဒါပေမယ့် အခုလင်းဖန်ကိုတော့ မေ့လိုက်ပါတော့။"
ရှဲ့ယွီထုံက ဆက်ပြော၏။ "ဒါပေမယ့် လင်းဖန်က ချောတယ်လေ..."
ကျောက်လီလီက ပြန်ချေပလိုက်ပါသည်။ "ယွီထုံ ငွေရေးကြေးရေးက အခြေခံ အုတ်မြစ်ပဲ။ ငွေကြေးကသာ အနာဂတ်ကို အဆုံးအဖြတ် ပေးနိုင်ယ်။ နင်က အသက် ၂၃ နှစ်တောင် ရှိနေပါပြီဟာ။ နင်က အလှဆုံး အသက်အရွယ်ကို ရောက်နေပြီ။ ငါ့အမြင်မှာတော့ လင်းဖန်က အားမကိုးရဘူး။ ငါတို့ ကောင်လေး တစ်ယောက်တွေ့ရင် အများကြီး မလိုချင်ကြဘူး။ ကားတစ်စီး၊ အိမ်တစ်လုံးနဲ့ တင်တောင်းငွေ ယွမ်ထောင်ချီ နည်းနည်းလောက်ပဲ လိုချင်ကြတာ။ လင်းဖန်က အဲ့တာတွေကို ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။"
"ငါတို့က ငွေမက်တာတော့ မဟုတ်ပေမယ့် ဒီလိုပဲ လုပ်ရမှာပဲလေ။ ဘာမှ မပိုင်ဆိုင်ထားရင် ကောင်မလေးတစ်ယောက်ကို အနာဂတ် ဘယ်လိုလုပ်ပြီး ပေးနိုင်မှာလဲ။ ပြီးတော့လည်း နင်က ကိုယ်လုံးကိုယ်ပေါက် လှတယ်၊ အပျိုလည်း ဟုတ်တယ်။ ငါတို့က မာနကြီးကြီး ထားလို့ရတဲ့ အထက်တန်းကျောင်းသူတွေ မဟုတ်တော့ဘူး။ ငါတို့အနာဂတ်အတွက် စဥ်းစားဖို့ အချိန်ကျပြီ။" ဟု ကျောက်လီလီက ပြောလိုက်ပါသည်။
"အင်း ငါလည်း အဲ့လိုပဲထင်တယ် လီလီ။ နင်ပြောတာ မှန်ပါတယ်။ လင်းဖန်နဲ့ ခပ်ခွာခွာနေဖို့ အချိန်တန်ပြီ။ ကောင်းလိရှောင်း၊ ရှန်းကျားလွေ့နဲ့ ရွှယ်ယောင်ထင်းတို့အားလုံးကတော့ တော်တော်အဆင်ပြေနေကြတယ် ထင်တယ်နော်" ရှဲ့ယွီထုံက ခေါင်းငြိမ့်လိုက်ပါသည်။
"ဟုတ်တာပေါ့။ ငါပြောပြမယ်။ ရှားဝမ်ချွေ့က အခု နာမည်ကျော်တစ်ယောက်ဖြစ်လာပြီ။ သူ လင်းဖန်နဲ့ နီးနီးကပ်ကပ် နေပါဦးမလား။ ငါတို့ လင်းဖန်ကို အထင်သေးတာတော့ မဟုတ်ပါဘူး။ သူက မဆိုးပါဘူး။ သူငယ်ချင်း တစ်ယောက်အနေနဲ့ အဆင်ပြေတယ်။ ဒါပေမယ့် ရည်းစားတစ်ယောက် အနေနဲ့တော့ လိုအပ်ချက်တွေ ရှိနေတုန်းပဲ" ကျောက်လီလီက ပြောလိုက်ပါသည်။။
ရှဲ့ယွီထုံ ဖုန်းချပြီးသောအခါ အစားအသောက် စျေးထိပ်ရှိ လင်းဖန်ကို သူမ ကြည့်လိုက်သည်။ ခေတ္တ တွန့်ဆုတ်သွားသော်လည်း သူ့ကို သူမ သွားမနှုတ်ဆက်ခဲ့မိပါ။
သို့သော်လည်း လင်းဖန်က ရှဲ့ယွီထုံကို မြင်ပြီးသားဖြစ်သည်။ သူ့သုံးဘီးဆိုင်ကယ်ဖြင့် ရှေ့ဆက်တိုးလာခဲ့ပြီး သူမကို နှုတ်ဆက်လိုက်၏။ "ရှဲ့ယွီထုံ နင်လည်း ရှန်ဟိုင်းမှာ ရောက်နေတာလား။"
ရှဲ့ယွီထုံက လင်းဖန်ကို လှည့်ကြည့်လိုက်သည်။ သူမ အနည်းငယ် စိတ်ညစ်သွားပြီး ခေါင်းကို ဖြည်းညှင်းစွာ ငြိမ့်လိုက်ပါသည်။
လင်းဖန်သာ ပိုချမ်းသာခဲ့လျှင်... သူမ သူ့ကို သဘောကျနိုင်ပါသည်။
သို့သော်လည်း လင်းဖန်က သုံးဘီးဆိုင်ကယ်သာ စီးနေပြီး သူမ လိုချင်သည့် ဘဝမျိုး သူမကို မပေးနိုင်ပါ။
သူမက အသက် ၂၃ နှစ်ရှိနေပြီဖြစ်ပြီး လင်းဖန်နှင့်အတူ ဘဝကောင်းကောင်းရဖို့အတွက် အတူတူ ရုန်းကန်ဖို့ အချိန်မရှိတော့ပါ။
သူမတို့ ခပ်ခွာခွာနေဖို့ အချိန်ကျပြီဖြစ်သည်။ လင်းဖန်ကို သူမအကြောင်း စိတ်ကူးယဥ်ခွင့်ပေးလို့ မဖြစ်ပါ။
"ဟုတ်တယ်။ ငါလုပ်စရာလေးရှိသေးလို့ ငါပြန်နှင့်တော့မယ်နော်" ရှဲ့ယွီထုံက ပြောကာ လှည့်ထွက်သွားသည်။
"ဟဲ့ နင်ဟင်းချက်ပစ္စည်းတွေ မဝယ်တော့ဘူးလား" လင်းဖန်က အနည်းငယ် ကြောင်သွားပါသည်။
ကျောက်လီလီနှင့် ရှဲ့ယွီထုံတို့၏ အပြုအမူများက အထက်တန်းတုန်းကနှင့် ခြားနားလှသည်။
သို့သော်လည်း လင်းဖန်က ဂရုမစိုက်ပါ။ သူလည်း ဒီကောင်မလေးတွေကို သဘောမကျပါ။ သူတို့ စကားပြောချင်ချင် မပြောချင်ချင် ဂရုမစိုက်ပါဘူး။
...
ဝီချက်ဖွင့်လိုက်ပြီး လင်းဖန်က ရှားဝမ်ချွေ့ကို မက်ဆေ့ချ်တစ်စောင် ပို့လိုက်ပါသည်။
လင်းဖန် : "မနက်ဖြန် ကျောင်းသားဟောင်း တွေ့ဆုံပွဲရှိတယ်။ နင်လာမှာလား။"
ရှားဝမ်ချွေ့ : "ငါ့ကို လာစေချင်လား။"
လင်းဖန် : "မလာစေချင်ဘူး။ မဟုတ်ရင် မနက်ဖြန် ငါက အရှာဖွေခံရဆုံး စာရင်းထဲ ပါလာနိုင်တယ်။"
လင်းဖန် : "ငါကချောလွန်းတယ်လေ။ ငါလည်း ဘာမှမတတ်နိုင်ဘူး။ မနက်ဖြန် နင့်ထက် အများကြီး နာမည်ကြီးတဲ့ စူပါစတားတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်။"
ရှားဝမ်ချွေ့ : "မြောင်မြောင် ~ ပေါက်ကရတွေ လာပြောနေတယ်။"
ရှားဝမ်ချွေ့ : "မိန်းကလေးတွေ အများကြီး လာကြမှာလား။"
လင်းဖန် : "တော်တော်လေး များမယ်ထင်တယ်။ ကျောက်လီလီနဲ့ ရှဲ့ယွီထုံတို့လည်း လာကြလိမ့်မယ်။ ပြီးတော့ ငါတို့အတန်းထဲက ကောင်မလေးတွေ အများကြီးပဲ။"
ရှားဝမ်ချွေ့ : "တိကျလိုက်တာနော်။"
ရှားဝမ်ချွေ့ : Angry.jpg
လင်းဖန် : "???"
ရှားဝမ်ချွေ့ : "ငါအလုပ်လုပ်တော့မယ်။ မနက်ဖြန်ညကျရင် နင့်စားသောက်ဆိုင်ကို လာပြီး အသီးအရွက်သုပ် လာစားမယ်။"
လင်းဖန် : "မနက်ဖြန်ညကျရင် ကျောင်းသားဟောင်းတွေ့ဆုံပွဲရှိတယ်။ ငါ အချိန်မှီ ရောက်မလာနိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ။"
ရှားဝမ်ချွေ့ : "လုပ်ရဲလုပ်ကြည့်လိုက်လေ။"
ရှားဝမ်ချွေ့ : Angry.jpg
စာပို့ပြီးနောက် လင်းဖန် အနည်းငယ် စိတ်ညစ်သွားသည်။
အတန်းဖော်ဟောင်းများနှင့် ပြန်လည်တွေ့ဆုံပြီး စားကြသောက်ကြ၊ သီချင်းဆိုကြနှင့် တစ်နေကုန်နီးပါး အချိန်ကုန်သွားနိုင်သည်။
ညဘက် သူပြန်မလာနိုင်လောက်ပါ။
ရှားဝမ်ချွေ့က တကယ်ကြီး သူ့အသီးအရွက်အသုပ်ကို ညဘက် စောင့်နေလိမ့်မည်။
တခြားကောင်မလေးတွေနဲ့ သူအိပ်မှာကို စိတ်ပူနေတာလား။
လင်းဖန် အနည်းငယ် စိတ်ဆိုးသွား၏။ သူက အဲ့လိုလူစားမျိုးလား။
ဒီအကျင့်မကောင်းတဲ့ ကောင်မလေးကတော့။ တခြားမိန်းကလေးတွေနဲ့ ငါအိပ်ရင်တောင် နင်နဲ့ဘာဆိုင်လို့လဲ။
အမှန်ပင်။ လင်းဖန်တွင် ဒီလိုစိတ်များမရှိပါ။ ထိုကဲ့သို့ စိတ်မျိုးသာ ရှိပါက သူဘယ်လောက် ချောသလဲဆိုတာကို ကြည့်ခြင်းအားဖြင့် မိန်းကလေးများစွာက သူ့ကို ရေလာမြောင်းပေးလုပ်နိုင်ပါသည်။
အထက်တန်းကျောင်းတုန်းကလည်း ဒီလိုပဲ ဖြစ်၏။ တစ်ယောက်ယောက်က လင်းဖန်ထံသို့ ရှားဝမ်ချွေ့မှတဆင့် ရည်းစားစာ ပေးခိုင်းသော်လည်း သူမ ငြင်းခဲ့သည်။
လင်းဖန် ရထားသည့် ရည်စားစာများကိုလည်း ရှားဝမ်ချွေ့ကို ရှင်းဖို့ ပေးခဲ့ပါသည်။
အမှန်ပင် ရှားဝမ်ချွေ့ကလည်း ရည်စားစာ များစွာ ရရှိခဲ့သူဖြစ်သည်။ သို့သော် သူမ ဖတ်တောင်မကြည့်ဘဲ လင်းဖန်က ပို့သူများထံ ပြန်ပို့ပေးခဲ့ပါသည်။
နှစ်ပေါင်းများစွာ ဘေးချင်းကပ်လျက် ထိုင်ခဲ့ကြသူများ ဖြစ်သည့်အလျောက် သူတို့ စိတ်ချင်း နားလည်မှု အဆင့်တစ်ခုအထိ ရောက်နေကြပြီဖြစ်ပါသည်။
...
ချက်ချင်းဆိုသလို လင်းဖန်ထံသို့ နောက်ထပ် ဖုန်းတစ်လုံး ဝင်လာခဲ့သည်။ ရွှယ်ယောင်ထင်းထံမှ ဖြစ်၏။
"လင်းဖန် မနက်ဖြန်လာဖို့ မမေ့နဲ့နော်။ ညနေ ၄ နာရီ။ ခေတ်သစ် လီရှန်းဟိုတယ်မှာ အားလုံး မင်းကို စောင့်နေကြမှာ။ ကောင်းလိရှောင်းက ပြုစုမှာဆိုတော့ သူ့ကိုအသေသတ်ကြတာပေါ့။ ဟီးဟီး" ရွှယ်ယောင်ထင်းက ပြောလိုက်သည်။
"ပြီးတော့ ရှားဝမ်ချွေ့ကော လာမှာလား။ အထက်တန်းကျောင်းတုန်းက မင်းနဲ့သူနဲ့က ရင်းနှီးတယ်ဆိုတော့ သူ မင်းကို မျက်နှာသာ ပေးမှာပါ ဟုတ်တယ်မလား" ရွှယ်ယောင်ထင်းက သွယ်ဝိုက်စွာ မေးလိုက်ပါသည်။ အဓိကက လင်းဖန်ကို အချိန်အသိပေးခြင်းဖြစ်ပြီး ဒုတိယက ရှားဝမ်ချွေ့အကြောင်း မေးချင်သောကြောင့် ဖြစ်သည်။
"သူ မလာပါဘူး..." လင်းဖန်က ပြောလိုက်သည်။
ရွှယ်ယောင်ထင်းက ဒါကို ကြားသောအခါ သူ ထင်ထားသည့် အတိုင်းပင်။ ရှားဝမ်ချွေ၏ အဆင့်အတန်းမျိုးဖြင့် လင်းဖန် သူမကို အဆက်အသွယ် မလုပ်နိုင်လောက်တော့ပါ။
"အေးပါကွာ ရပါတယ် ရပါတယ်။ ယောက်ဖ မင်းမှာ ကောင်မလေး မရှိသေးဘူးမလား။ ဒီကျောင်းသားဟောင်း တွေ့ဆုံပွဲကို ကောင်းကောင်းအသုံးချနော်။ မဟုတ်ရင် ငါတို့ ကူညီပေးပါ့မယ်ကွာ။" ရွှယ်ယောင်ထင်းက ရယ်လိုက်၏။
"မနက်ဖြန်ကျရင် ငါဖုန်းဆက်ဦးမယ် တာ့တာ" ရွှယ်ယောင်ထင်းက ဖုန်းချလိုက်ပါသည်။
လင်းဖန် အချိန်ကိုကြည့်လိုက်သည်။ မနက်ဖြန် ညနေ ၄ နာရီတွင် ကျောင်းသားဟောင်းတွေ့ဆုံပွဲသို့ သွားရမည်ဖြစ်သည်။
ဒီဆိုသာဆို အချိန်က အနည်းငယ် လောရနိုင်သည်။
သူတို့ စားကြသောက်ကြ စကားပြောပြီးကြသောအခါ ညည့်နက်နေလောက်ပြီ ဖြစ်ပြီး ဝမ်ရှင်းယီကလည််း ဒီနေ့ည အသီးအရွက်သုပ်စားဖို့ လာဦးမည်။
ဒီလိုတွေးရင်း ဒီနေ့ Sign-in မလုပ်ရေသေးမှန်း လင်းဖန် သတိရသွားပါသည်။
"ဒင်... အောင်မြင်စွာ Sign-in လုပ်ပြီးပါပြီ။"
"ကြယ်ငါးပွင့် ဟိုတယ်ကြီးဖြစ်သည့် ရှန်ဟိုင်းမြို့က ခေတ်သစ်လီရှန်းဟိုတယ်၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်သွားသည့်အတွက် သခင်လေးအား ဂုဏ်ပြုပါတယ်။ ခေတ်သစ် လီရှန်း ဟိုတယ်မှာ ဒုတိယ ရှယ်ယာအများဆုံးသူ ဖြစ်သွားခြင်းနှင့် ညီမျှပါတယ်။"
"ရှယ်ယာ လွှဲပြောင်း သဘောတူစာချုပ်နဲ့ သက်ဆိုင်ရာ မူပိုင်ခွင့် စာချုပ်တွေအားလုံးကို စနစ်၏ သိုလှောင်ခန်းထဲမှာ ထည့်ထားပြီးပါပြီ။ သခင်လေး အချိိန်မရွေး ထုတ်ကြည့်နိုင်ပါတယ်။"
စနစ်၏ အသံထွက်လာသောအခါ လင်းဖန် မျက်လုံး ပြူးကျယ်သွားရ၏။
အရင်တုန်းက သူဗီလာတစ်လုံးနှင့် Bugatti တစ်စီးသာ ရခဲ့သည်။ ထိုအရာအားလုံးက ငွေသားဖြင့် လဲလှယ်၍ မရနိုင်ပါ။ ငွေသားဖြင့် လဲလှယ်နိုင်သည့် တစ်ခုတည်းသော အရာက ကံစမ်းမဲလက်မှတ်ဖြစ်သည်။ သို့သော် သူက ကံဆိုးလွန်းပြီး ၁၀၀,၀၀၀ ယွမ်သာ ရခဲ့သည်။
ယခုတော့ ကြယ်ငါးပွင့် ဟိုတယ်ကြီး၏ ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရရှိသွားခဲ့လေပြီ။
ရှန်ဟိုင်းမြို့၏ ခေတ်သစ်လီရှန်းဟိုတယ်ကြီးမှာ ထိပ်တန်း ကြယ်ငါးပွင့် ဟိုတယ်ကြီးဖြစ်ပြီး ၎င်း၏ စျေးကွက်တန်ဖိုးက ၁.၈ ဘီလီယံကို ရောက်ရှိသွားပြီဖြစ်သည်။
ဟိုတယ်က ရှန်ဟိုင်းမှာပဲ ရှိတာ မဟုတ်ပါ။ တစ်ချိန်တည်းမှာပင် မြို့တော်၊ ကျန်းတု၊ လင်ကျိုး၊ ချန်းရှန်နှင့် တခြားပြည်နယ်များတွင်လည်း ရှိနေပါသေးသည်။ အလွန် ကျယ်ပြန့်သည့် ဟိုတယ်ကြီးတစ်ခုဖြစ်ပြီး အနေအထိုင် အစားအသောက်များက အလွန်အဆင့်မြင့်မား၏။
လင်းဖန်က ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရခဲ့ပြီး ကြယ်ငါးပွင့် ဟိုတယ်ကြီးတစ်ခု၏ ဒုတိယရှယ်ယာ အများဆုံးလူ ဖြစ်လာခဲ့သည်။ နှစ်စဥ် အစုပေါ်အမြတ် သန်းဆယ်ချီ ရရှိခြင်းနှင့် ညီမျှပါသည်။
ဒုတိယ အများဆုံး ရှယ်ယာဝင်ဖြစ်ရတာ သက်တောင့်သက်သာ ပိုရှိပါသည်။ အများဆုံး ရှယ်ယာဝင်ဖြစ်ရတာလောက် ပင်ပန်းစရာမရှိပေ။ အိမ်မှာ ထိုင်နေရုံနဲ့ ဝင်ငွေ အများကြီး ရနိုင်ပါသည်။
အလီဘာဘာ၏ ဘော့စ်ဖြစ်သူ ဂျက်ခ်မာကိုပဲ နမူနာယူကြည့်ပါ။ သူက နေ့တိုင်း လုပ်စရာတွေ အများကြီး ရှိတယ်။ လင်းဖန်က ဒီလိုဘဝမျိုးကို သဘောမကျပါဘူး။ အေးဆေးလှဲနေပြီး ငွေရခြင်းကိုသာ ပိုသဘောကျပါသည်။
သူဌေးတစ်ယောက်အဖြစ် တိုးတိတ်စွာ နေသည်။ အိမ်ငှားခ ကောက်ခံပြီး ပြိုင်ကား တစ်စီး မောင်းမည်။ ထို့နောက် ရှားဝမ်ချွေ့အတွက် မကြာမကြာ အသီးအရွက်အသုပ် လုပ်ပေးမည်။ ဒီလို ဘဝမျိုးက ပျော်ရွှင်ဖို့ ကောင်းပါသည်။