သန်းကြွယ်ခြေလှမ်း
အခန်း(၆) ကြောင်မလေး ရှားဝမ်ချွေ့
လင်းဖန်က ကောင်မလေးကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရပါသည်။ သူမတွင် ကျော့ရှင်းသည့် ခန္ဓာကိုယ်နှင့် အသားအရည်ကလည်း နှင်းလိုဖြူသည်။ ခေါင်းပေါ်တွင် ကြောင်နားရွက် ဦးထုပ်တစ်ခုကို ဆောင်းထားပြီး လက်ထဲတွင်လည်း ချစ်စရာ မီးခိုးရောင် ကြောင်လေးတစ်ကောင်ကို ချီထာားသည်။ သူမတွင် လှပသည့် ခြေတံသွယ် တစ်စုံလည်း ရှိနေပါသည်။
ကောင်မလေးက နူးညံ့စွာဖြင့် တံခါးကို တွန်းဖွင့်လိုက်သည်။ ဘယ်သူမှ မရှိတာကိုမြင်မှ စိတ်အေးလက်အေးဖြင့် သူမ၏ Mask ကို ချွတ်လိုက်သည်။ သူမ လှည့်ကြည့်လိုက်သောအခါ စမ်းရေအိုင်လို တောက်ပနေသည့် သူမ၏ မျက်လုံးများ၊ တရားလွန် လှပသည့် သူမ၏ မျက်နှာလေး နောက်ဆုံးတော့ ပေါ်လာခဲ့ပါပြီ။
သူမ၏ ပုံပန်းသဏ္ဌာန်က ၉၉ မှတ်ရလောက်ပြီး သူမ၏ သရုပ်မှန်ကတော့ တခြားသူမဟုတ်ဘဲ ပရိတ်သတ် သန်း ၈၀ ကျော်ရှိသည့် စူပါစတား ရှားဝမ်ချွေ့ပဲ ဖြစ်ပါသည်။
တွေဝေ မိန်းမောဖွယ်ကောင်းသော၊ ချစ်ဖို့ ကောင်းသော၊ လှပေသာ၊ ဆွဲဆောင််မှုရှိသော၊ အပြစ်ကင်းစင်သော ကြောင်လေးလို ကောင်မလေးဖြစ်၏။ လင်းဖန် ဒီကောင်မလေးအကြောင်း ဖော်ပြဖို့ နောက်ထပ် စကားလုံး ရှာမရတော့ပါ။
ကောင်မလေးက သူနဲ့အရင်းနှီးဆုံး အလယ်တန်းနှင့် အထက်တန်း ဘေးခုံတွင် ထိုင်ခဲ့သည့် အတန်းဖော်ပဲဖြစ်သည်။ ကလေးဘဝမှ လူကြီးဘဝအတွင်း မိန်းကလေးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ အသွင်ပြောင်းလဲခြင်းက အလွန်လျင်မြန်သည်ဟု ပြောကြပါသည်။ သူမ တက္ကသိုလ် တက်ပြီးနောက် ပို၍ပင် လှပလာပြီး သူမ၏ ထူးချွန်သော သရုပ်ဆောင်စွမ်းရည်ကြောင့် စူပါစတားတစ်ယောက် ဖြစ်လာခဲ့ပါသည်။
"မြောင်~ ~ ~" ရှားဝမ်ချွေ့လက်ထဲက ကြောင်လေးက အော်လိုက်သည်။ အလွန် ပျော်နေသည့် ပုံပင်။
"ဘာလို့ ကြောင်ကိုခေါ်လာတာလဲ" လင်းဖန်က ပြုံးကာ ရှားဝမ်ချွေ့ကို ကြည့်လိုက်ပါသည်။
"မြောင် ကြောင်လေးက အရမ်းချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား။ လမ်းဘေးကြောင်လေးနဲ့ တူတယ်နော်။ အကြာကြီး ကြည့်ပြီးမှ ငါအထဲခေါ်လာခဲ့တာ" ရှားဝမ်ချွေ့က မီးခိုးရောင် ကြောင်လေးကို ထပ်ပွတ်သပ်ပေးလိုက်ပြီး ပြုံးလိုက်ပါသည်။
"နင့်ကို လူတွေ မတွေ့ဘူးမလား။ နင့်မှာ ပရိတ်သတ်တွေက အများကြီးပဲ။ ဒီမှာ ငါနဲ့အတူတူရှိနေရင် သူတို့တွေ ငါ့ကို ဓားနဲ့လာခုတ်မှာ ကြောက်ရတယ်" လင်းဖန်က ဘေးပတ်လည်ကို သတိကြီးစွာ ကြည့်လိုက်သည်။
နာမည်ကျော်များက ဘယ်ပဲသွားသွား အာရုံစိုက်ခံရသည်။ ရှားဝမ်ချွေ့လို လှပသည့် မိန်းကလေးမျိုးဆိုရင်တော့ ပြောစရာပင် မလိုတော့ပေ။ သူမရိုက်သည့် ဇာတ်ကားတိုင်းကို ကြည့်ရှုသည့် ပရိတ်သတ်က မရေမတွက်နိုင်အောင် ရှိလှသည်။
ရှားဝမ်ချွေ့၏ ကိုယ်ရေးကိုယ်တာဘဝကို တူးဆွထောက်လှမ်းချင်သော သတင်းထောက်များစွာ အွန်လိုင်းပေါ်တွင် ရှိနေသည်။ သို့သော် သူတို့ ဘာမှ တူးဆွလို့ မရနိုင်ခဲ့ပါ။ ရှားဝမ်ချွေ့၏ နောက်ခံအကြောင်းက စာရွက်ဖြူ ဗလာတစ်ရွက်လိုပင်။ သူမ၏ ကျောင်းတုန်း ဓာတ်ပုံများက ပို၍ပင် ပေါ်ပြူလာ ဖြစ်သေး၏။
"လူဆိုးကောင် လင်းဖန်။ ပြောတဲ့ပုံစံက နင်နဲ့ငါ ဒီမှာ မဟုတ်တာလုပ်နေတာကြနေတာပဲ" ရှားဝမ်ချွေ့ ဘေးပတ်လည်ကို ဂရုတစိုက် ကြည့်လိုက်ရင်း ပါးများလည်း နီရဲလာ၏။
ရှားဝမ်ချွေ့မှ အပ လင်းဖန်၏ စားသောက်ဆိုင်သို့ ဘယ်သူမှ မလာနိုင်ပါ။
"မဟုတ်တာ လုပ်တယ်ဟုတ်လား။ ငါက အဲ့လို လူမျိုးမို့လို့လား" လင်းဖန်က ရိုးသားစွာ ပြန်ပြောလိုက်ပါသည်။
"ဘယ်ပြောနိုင်မလဲ မြောင် ~~" ရှားဝမ်ချွေ့က ခေါင်းကို ငုံ့လိုက်ပြီး လက်ထဲက ကြောင်လေးကို ကြည့်ကာ ကစားနေသည်။
ရှားဝမ်ချွေ့၏ တကယ့်ပုံစံအမှန်ကို ကြည့်ရင်း သူမ အနည်းငယ် ချစ်ဖို့ကောင်းသည်ဟု လင်းဖန် ခံစားလိုက်ရပါသည်။
တီဗီပေါ်တွင် မကြာခဏ ပါလာတတ်သည့် ရှားဝမ်ချွေ့တွင် အလွန်ကောင်းမွန်သည့် သရုဆောင် စွမ်းရည်များရှိသည်။ နာမည်ကျော် များစွာက ၎င်းတို့၏ အလုပ်တွင် စရိုက်သစ် တစ်ခုကို ဖန်တီးကြရ၏။ သို့သော် သူမ၏ ပုံစံအစစ်အမှန်ကိုတော့ လက်တွေ့ဘဝမှာသာ မြင်နိုင်မည်။
ရှားဝမ်ချွေ့၏ ကြောင်နားရွက် ဦးထုပ်ကို ကြည့်ရင်း လင်းဖန် ထိချင်လာ၏။
ရှားဝမ်ချွေ့ အာရုံလွဲနေသည်ကို အခွင့်ကောင်းယူပြီး လင်းဖန် လက်ကို ဆန့်ထုတ်လိုက်သည်။ မီးခိုးရောင် ကြောင်လေးက အော်ပြီး လက်သည်းများကို ထုတ်လိုက်ကာ လင်းဖန်ကို မာန်ဖီလိုက်၏။
ရှားဝမ်ချွေ့က သူမခေါင်းကို လှည့်လိုက်ပြီး လေထဲတွင် ရပ်တန့်နေသည့် လင်းဖန်၏ လက်ကို ကြည့်လိုက်သည်။ "?"
လင်းဖန်က နောက်ထပ်လက်တစ်ဖက်ဖြင့် သခွားသီးတစ်လုံးကို အမြန်ယူလိုက်ပြီး နှစ်ခြမ်းချိုးကာ တစ်ခြမ်းကို ရှားဝမ်ချွေ့ကို ပေးလိုက်၏။ "သခွားသီး စားဦးမလား။"
"စားမှာပေါ့" ရှားဝမ်ချွေ့က သခွားသီးကို ယူလိုက်ပြီး ချိုသာစွာ ပြုံးလိုက်သည်။
"ခုနက ငါ့ကို တကယ်သခွားသီးပေးဖို့ ကြံနေတာကော ဟုတ်ရဲ့လား" ရှားဝမ်ချွေ့က မျက်တောင်ခတ်ရင်း လင်းဖန်ကို ကြည့်လိုက်သည်။
"အေး...အေးပေါ့" လင်းဖန်က ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးပါ" ရှားဝမ်ချွေ့က ချိုမြိန်စွာ ပြုံးလိုက်ပြီး သခွားသီး တစ်ကိုက် သေးသေးလေး ကိုက်စားလိုက်ပါသည်။
"သစ္စာဖောက် ကြောင်အိုကြီး..." လင်းဖန် ဟိုဘက်လှည့်လိုက်ပြီး ချွေးစေးများ ပြန်လာ၏။ ထိုလမ်းဘေးကြောင်ကို သူ မကြာခဏ အစာကျွေးရသည်။ သို့သော် ရှားဝမ်ချွေ့ရောက်လာသည်နှင့် သူ့ကို သစ္စာဖောက်သွား၏။
လင်းဖန်က ကြောင်ကို ပြန်ကြည့်လိုက်သည်။ မီးခိုးရောင် ကြောင်က ရှားဝမ်ချွေ့၏ လက်ထဲတွင် ဇိမ်ခံနေသည်ကို မြင်လိုက်ရပါသည်။ မျက်လုံးကို ပိတ်ထားပြီး တော်တော်လေး ပျော်နေပုံရ၏။ မကြာခဏ ရှားဝမ်ချွေ့၏ ရင်ဘတ်ကို ပွတ်သပ်ကာ အော်နေသည်။
"%$@$^%%" လင်းဖန် တိုးတိုးတိတ်တိတ် ဆဲဆိုလိုက်မိပါသည်။
"နင်ဘာစားမလဲ" လင်းဖန်က ကြောင်ကို မသိချင်ယောင်ဆောင်ကာ ပြုံးလိုက်သည်။ နောက်ပိုင်း သူအားတဲ့အချိန်ကျ ကြောင်ကို ဝှေးသင်းပြီး ဘေးနားမှာ ကြောင်မ ၁၀ ကောင်လောက် မွေးထားပေးလိုက်မည်။ အကျင့်ယုတ်တယ်ဆိုတာဘာလဲ ဒီကြောင်သိအောင် ပြလိုက်ပါဦးမည်။
"ကြက်ဥခေါက်ဆွဲစားမယ်" ရှားဝမ်ချွေ့က ပြောလိုက်၏။
အဘယ့်ကြောင့်ဆိုသော်... ကြက်ဥခေါက်ဆွဲကလွဲပြီး လင်းဖန်ချက်ပြုတ်သည့် ကျန်တာ အားလုံးက သိပ်ပြီးအရသာမကောင်းသောကြောင့်ဖြစ်သည်။
ခဏလောက်ကြာသောအခါ ရှားဝမ်ချွေ့က သခွားသီးကို ကုန်အောင်စားလိုက်ပါသည်။ အတော်လေး အရသာရှိတာကိုတော့ ဝန်ခံရမည်။
စားသောက်ဆိုင် အသေးစားလေးဖြစ်သဖြင့် လင်းဖန် ချက်ပြုတ်နေတာကို ရှားဝမ်ချွေ့ မြင်နိုင်ပါသည်။
ဇွန်းခက်ရင်းများကို သေသေချာချာ စိစစ်ပြီးနောက် လင်ဖးန်က ခရမ်းချဥ်သီးများကို လှီးပြီး ဆီကို အိုးထဲတွင် ချက်ထားလိုက်သည်။ ကြက်သွန်မြိတ်နည်းနည်း ထည့်ပြီး ခရမ်းချဥ်သီးများကို မွှေကြော်လိုက်၏။
ထို့နောက် အိုးထဲ ရေလောင်းထည့်ပြီး ဆူမည့်အချိန်ကို စောင့်လိုက်သည်။ ထို့နောက် လင်းဖန်က ကြက်ဥနှစ်လုံး အိုးထဲသို့ ထည့်လိုက်၏။
ကြက်ဥများ ကျက်သွားသောအခါ ခေါက်ဆွဲများကို အိုးထဲထည့်လိုက်ပါသည်။ မွှေးရနံ့ သင်းသင်းပျံ့ပျံ့လေး ထွက်လာပြီး လင်းဖန်က ပဲချဥ်ရည်၊ ဗနီကာ၊ ဆားနှင့် ဆလတ်ရွက်များကို ပေါင်းထည့်လိုက်ပါသည်။
ကြက်ဥခေါက်ဆွဲချက်ဖို့က မခက်ပါ။ လင်းဖန်က ကြက်ဥခေါက်ဆွဲချက်ဖို့ အလွန်အာရုံစိုက်ထားသည်။
ရှားဝမ်ချွေ့က လင်းဖန်ကို မော့ကြည့်လိုက်၏။
ဒီကောင်က ပိုပိုပြီး ချောလာသည်။ လမ်းပေါ်မှာ သူ့ကိုသဘောကျတဲ့ ကောင်မလေးတွေ အများကြီး ရှိတယ်မဟုတ်လား။
ရှားဝမ်ချွေ့က လင်းဖန် ကြက်ဥခေါက်ဆွဲ ချက်နေတာကို တစ်ချိန်လုံးကြည့်နေပြီး ပြုံးနေပါသည်။ သူခေါက်ဆွဲများ လုပ်နေစဥ် သူမအလုပ်လုပ်သည့် ကုမ္ပဏီမှ ယောက်ျားလေး ဆယ်လီများထက်ပင် ပိုချောမောပါသေးသည်။
"မြောင်~" မီးခိုးရောင် ကြောင်လေးက သနားစရာ ကောင်းစွာ အော်လိုက်သည်။ လင်းဖန် အနားတွင် ရှိနေလျှင် သူမက ကြောင်လေးကို သေသေချာချာ ပွတ်သပ်သည်။
သို့သော် လင်းဖန် ကြက်ဥခေါက်ဆွဲသွားချက်သည့် အခါတွင်တော့ ရှားဝမ်ချွေ့၏ အာရုံစိုက်မှုက သူ့အပေါ်တွင်သာ ရှိနေပြီး ကြောင်ကို လုံးဝ လျစ်လျူရှုထားပါသည်။
လင်းဖန် ရှားဝမ်ချွေ့ကို လှည့်ကြည့်လိုက်သောအခါ သူမက မသိမသာ ခေါင်းပြန်ငုံ့သွားပြန်သည်။ သူမ၏ လက်ထဲက ကြောင်လေးကို ပွတ်သပ်နေပြီး ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်လိုက်ပါသည်။
အမှန်ပင်။ လင်းဖန်ကတော့ ဒီအသေးစိတ် အကြောင်းအရာများကို မသိခဲ့ပါ။
သိပ်မကြာလိုက်ပေ။ လင်းဖန်က ကြက်ဥခေါက်ဆွဲ ချက်ပြီးသွားပြီး ရှားဝမ်ချွေ့ရှေ့တွင် ချပေးလိုက်ပါသည်။
ရှားဝမ်ချွေ့က ပျော်ရွှင်စွာ ခေါင်းငြိမ့်လိုက်ပြီး တူကို ကောက်ကိုင်လိုက်သည်။ လင်းဖန်ကို သူမကြည့်လိုက်၏။ "အတူတူ စားကြမလား။"
"အတူတူ စားကြမယ်ဟုတ်လား" လင်းဖန် ကြက်သေသေသွားသည်။ ထို့နောက် ခေါင်းခါလိုက်၏။ "ငါခေါက်ဆွဲတစ်ပန်းကန်ပဲ လုပ်ထားတာ။"
ရှားဝမ်ချွေ့က လင်းဖန်၏ ရှက်နေသည့် မျက်နှာကို ကြည့်လိုက်သည်။ သူမ အထက်တန်းအရွယ်တုန်းက မှတ်ဉာဏ်များ ပြန်လည်ဝင် ရောက်လာခဲ့ပါသည်။ ထိုအချိန်တုန်းက လင်းဖန်က သူမကို မုန့်ဝယ်ကျွေးတတ်ပြီး အတန်းထဲတွင် မုန့်ခိုးစားကြကာ ဆရာမ သိမ်းတာပင် ခံခဲ့ရဖူးသည်။
ထိုသို့ စဥ်စားမိပြီး ရှားဝမ်ချွေ့ မနေနိုင်ဘဲ ဝါးလုံးကွဲ ရယ်မောလိုက်မိပါသည်။ "မြောင်မြောင် တစ်လုတ်ထဲပါ။ ငါခွံ့ကျွေးပါ့မယ်။"
လင်းဖန် လက်ကို အမြန်ခါပြလိုက်သည်။ သူက အဲ့လိုလူမျိုး မို့လို့လား။ သူငတ်သေပြီး ဒီကနေ ခုန်ချသွားရရင်တောင် ရှားဝမ်ချွေ့၏ ခေါက်ဆွဲကို စားမည်မဟုတ်ပါ။
...
...
"တကယ်အရသာရှိတာပဲ" လင်းဖန်က တစ်လုတ်စားကြည့်လိုက်ပြီး ချီးကျူးလိုက်ပါသည်။
"ဟင်း အရှက်ကိုမရှိဘူး။ ဒါနဲ့များ ကြွားလုံးထုတ်နေသေးတယ်" ရှားဝမ်ချွေ့က နှုတ်ခမ်း စူလိုက်ပါသည်။ လင်းဖန် တကယ်ကြီး သူမခေါက်ဆွဲကို တစ်လုတ်အပြည့်ကြီး စားသွားသည်။ သူမ စိတ်ဆိုးသွား၏၊
လင်ဖးန်က ရှန်ဟိုင်းမှာနေတာ ၃ နှစ်လောက် ရှိပြီဆိုသော်လည်း လွန်ခဲ့သည့် ၃ နှစ်လုံးလုံး သူငှားထားသည့် တိုက်ခန်းလေးထဲတွင် ဝတ္ထုများကို ရေးသားခဲ့သည်။ နောက်ဆုံးတော့ သူ့ဝတ္ထုများ မအောင်မြင်ဘဲ တော်တော်လေး ကြည့်ရဆိုးသွား၏။ ဒီနှစ်မှ စားသောက်ဆိုင်ငယ်လေး တစ်ဆိုင် စဖွင့်တာဖြစ်ပြိး အရမ်းကြီးလည်း မကျွမ်းကျင်ပါ။ ထို့ကြောင့်လည်း စီးပွားရေး မကောင်းတာဖြစ်သည်။
သို့သော် လင်းဖန် တကယ်ဂရုမစိုက်ပါ။ သူ့ဘဝကို တိုးတိုးတိတ်တိတ်သာ ပျော်ချင်ပြီး တခြား ဘယ်သူ့ကိုမှ အနှောင့်အယှက်မပေးစေချင်ပါ။ မကြာခဏ ရှားဝမ်ချွေ့နှင့် နှစ်ယောက်တည်း အတူနေကာ သူမအတွက် အရသာရှိသော အစားအသောက်များကို ချက်ပြုတ်ပေးသည်။ သူသာ တကယ် ပိုက်ဆံရှာချင်ပါက သူ့ပုံစံနဲ့ဆို မီဒီယာတစ်ခု ထောင်ပြီး ကတ်စတမ်မာမြောက်များစွာကို ဆွဲဆောင်နိုင်ပါသည်။
ထို့အပြင် ရှားဝမ်ချွေ့လည်း အနားမှာရှိနေသည်။ သူမသာ စားသောက်ဆိုင်ကို တစ်ခေါက်လောက် ကြော်ညာပေးလိုက်ပါက ခရီးသွားဧည့်သည်များ လာရောက်ရာ နေရာလို ဖြစ်သွားနိုင်သည်။
ထို့အပြင် လင်းဖန်တွင် Sign-in စနစ်ရှိနေပြီး သူ့အနာဂတ်အတွက်လည်း စိတ်ပူစရာမလိုပါ။ သူလုပ်စရာများများစားစား သိပ်မရှိခြင်းက တကယ်တော့ တော်တော်လေး ကောင်းပါသည်။
အနည်းဆုံး သူမတော့ ရှိနေပါသေးသည်။