လမင်းခြေသံ { Completed }

By LinMyatMo23

45K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၂၄} (ZAWGYI)

127 5 0
By LinMyatMo23

ဧည့်ခန်းထဲ ပျံ့လွင့်လာသော ဖုန်းမြည်သံသည် လှိုင်း အောက်ထပ် ဆင်းလာသည်နှင့် နားစည်ကို လာရောက် ရိုက်ခတ်သည်။

"အန်တီဝင်း နေ နေ ... ကျွန်တော် သွားကိုင်လိုက်မယ်။"

အလုပ်များနေသည့် ဒေါ်ဝင်းကို ဟန့်တားပြီး လှိုင်း ဧည့်ခန်းထဲ ပြေးဝင်ကာ ဖုန်းလက်ခံ စကားပြောလိုက်သည်။

"ဟယ်လို အမိန့်ရှိပါ။"

"မင်း ... လှိုင်း လား"

လှိုင်း ရပ်လျက်ပင် ငြိမ်သက်နေမိသည်။ တစ်ဖက်မှ အသံကို လှိုင်း ရင်းရင်းနှီးနှီး သိသည်။ မကြားရတာ ၁ နှစ်နီးပါး ရှိလုမည် ဖြစ်သော်လည်း နှလုံးသားထဲ၌ သေရာပါသွားအောင် ကမ္ပည်းရေးထိုးထားသည့် ထိုအသံပိုင်ရှင်ကို လှိုင်း ကောင်းကောင်း သိနေသည်။

"အခု ပြောနေတာ လှိုင်းသံစဉ် လား။"

ထပ်မံ ထွက်ပေါ်လာသော မာထန်ထန် မေးခွန်း၌ ရောစပ်ထားသည့် စိတ်မရှည်သလို လေယူလေသိမ်းကြောင့်ပေပဲလား ၊ သို့မဟုတ် ဒေါသစွက်နေသည့် စိတ်ရင်းအခံကို လှိုင်း မမြင်ရသော်လည်း ကြိုသိနေသောကြောင့်ပေပဲလား မပြောတတ် ... တစ်ဖက်မှ မေးခွန်းအဆုံး ကိုင်ထားသည့် ဖုန်းခွက်ကို လက်ဖြင့် ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်မိသည်။

"ဗျာ ..ဟုတ် ဟုတ်ကဲ့ အဖေ။ ကျွန်တော် ..လှိုင်းသံစဉ်ပါ။"

အားယူကာ ကြိုးစားပြောလိုက်သော်လည်း နှုတ်ခမ်းဖျားမှ လွင့်စင်ထွက်လာသော စကားသံမှာ တုန်တုန်ယင်ယင်ဖြင့် ကြောက်စိတ်များ ဖောဖောသီသီ ထည့်သွင်းခြင်း ခံထားရသယောင်။

"မင်းက ငါ့အနားမှာ မရှိတော့ဘူးဆိုတိုင်း ခေါ်တာတောင် ချက်ချင်း ပြန်မထူးတော့ဘူးပေါ့ ဟုတ်လား။"

"အဲ့လို မဟုတ်ပါဘူး အဖေရယ်။ ကျွန်တော် ..ကျွန်တော် ရုတ်တရက်မို့ အံ့ဩသွားလို့ပါ။ ဒါနဲ့ ... ဘာကိစ္စ ရှိလို့လဲဟင် အဖေ။"

"မင်း အိမ်ပြန်လာခဲ့။"

"ဗျာ"

"မင်း ငါ့ဒေါသကို လာဆွနေတာလား။ ငါ ပြောတာ မကြားဘူးလား။"

"အ ..အဖေ ... ဘာလို့ ကျွန်တော့်ကို ပြန်ခေါ်တာလဲဟင်။"

"စကားမရှည်နဲ့ ..မင်းတို့ နွေရာသီ ကျောင်းပိတ်တယ် မလား။ ငါ့အိမ်မှာ လာနေ ..."

"ဟို ..အဖေ ..ဟိုလေ ..ကျောင်းက အခု မပိတ်သေးဘူးဗျ။ မနက်ဖြန် ..စာမေးပွဲ ရှိသေးလို့။"

"အဲ့တာဆို မနက်ဖြန် ကျောင်းလွှတ်တာနဲ့ အိမ်ကို တန်းပြန်လာခဲ့။ ငါ မနက်ဖြန် မင်းကို မြင်ချင်တယ်။ ဒါပဲ။"

တစ်ဖက်မှ အဖေက သူ ပြောလိုရာ ပြောပြီး ဖုန်းအရင် ချသွားသည်။ လှိုင်းကသာ ဖုန်းကို ကိုင်လျက် ငြိမ်နေမိဆဲ။ ခန္ဓာကိုယ်ထဲရှိ သွေးကြောများ မစီးဆင်းတော့ဘူးဟု ထင်မှတ်ရလောက်သည်အထိ အံ့ဩ မှင်သေနေမိသည်။ အဖေတို့နှင့် အဝေး၌ ရှိနေသော်လည်း ယခင်က လှိုင်းသံစဉ် ဆိုသည့် ကလေးငယ်၏ ပုံစံအတိုင်း လှိုင်း၏ စိတ်များသည် ကယောက်ကယက်ဖြင့် အစိုးမရနိုင် ဖြစ်နေသည်။ ဒီနှစ်တွေအတွင်း သူ့ကိုယ်သူ အဖေတို့ လောင်းရိပ်အောက်မှ ရုန်းထွက်နိုင်ပြီဟု ထင်မှတ်ထားခဲ့သော်လည်း တကယ်တမ်းတော့ သူသည် ရှေးယခင်ကအတိုင်း အကြောက်တရား၏ ကျေးကျွန် ဖြစ်နေဆဲပါလား။

"ဟိတ်ရောင် ပုတက်"

ရင်းနှီးသော အသံ ... ထိုအသံသည် လှိုင်းကို ချောက်ကမ်းပါးသဖွယ် အတိတ်ဆိုးများမှ ပြန်လည် ကယ်တင်နိုင်စွမ်း ရှိသည်။ ခေါ်သံနှင့်အတူ လှိုင်းကို ကိုင်လှုပ်ကာ မေးလာသော မာန့်လက်မှ အထိအတွေ့ကြောင့် လှိုင်း သတိပြန်ဝင်လာသည်။ သူ့ကို စူးစမ်းသလို ကြည့်လာသည့် မာန့်ကို လှိုင်း ပြန်ငေးကြည့်နေမိသည်။ ရှိနေစေချင်သည် ... မျက်စိရှေ့ရှိ ဤလူသားအား အနား၌ စက္ကန့်မလပ် ရှိနေစေချင်သည်။ ပူလောင်နေရသည့် စိတ်အစဉ်ကို ငြိမ်းသတ်ရန် ကြည်လင်နေသော မျက်နက်ဝန်းများမှ အေးချမ်းမှုကို လှိုင်း တိတ်တခိုး ရှာဖွေနေမိသည်။

"ငါ မင်းကို ခေါ်နေတာ ကြာလှပြီ။ မင်းက ဒီမှာ ဘာရပ်လုပ်နေတာလဲ။ ဖုန်းကရော ..ဘယ်သူဆက်တာလဲ။"

"ကိုရိပ် ... စာမေးပွဲပြီးရင် ခရီးထွက်ဖြစ်မှာပေါ့နော်။"

"ဟုတ်တယ်လေ .. ချောင်းသာ သွားဖို့ ပါပါးတောင် အကုန် ပြင်ဆင်ထားပြီးပြီကို။ မင်းနဲ့ ငါတောင် ဟိုနေ့ကတည်းက အထုပ်အပိုးတွေ ထည့်ပြီးပြီလေကွာ။ မင်းက အခုမှ ဘာလာကြောင်နေတာလဲ။"

"ကိုရိပ် ... ကျွန်တော်လေ ... ကျွန်တော် ..."

"ပြောလေ ကျွန်တော် ဘာဖြစ်လဲ။"

စတွေ့ကတည်းက ဤနှေးတိနှေးတုတ် ပုံစံနှင့် ... သန်ဘက်ခါ စာမေးပွဲ ဖြေပြီးလျှင် ၁၀ တန်းကျောင်းသားပင် ဖြစ်တော့မည်ကို ခုချိန်ထိ ထိုအကျင့်က မပျောက်သေး။ နားထောင်ရသည့် လူကို တကယ် စိတ်မောရအောင် လုပ်သည်။ မာန်က စိတ်မရှည်သလို ခပ်ဆတ်ဆတ် မေးလိုက်တော့ မာန့်ဆီမှ အကြည့်တို့ကို အဝေးတစ်နေရာဆီသို့ ပို့ဆောင်လိုက်သည်။

"ကျွန်တော် ... မလိုက်ဖြစ်လောက်တော့ဘူး ထင်တယ် ကိုရိပ်။"

"ဘာပြောတယ်"

တစ်ခဏလေးအတွင်း မာန် တကယ် ခြောက်ခြားပြီး ပျာယာခတ်သွားရသည်။ ဤကောင်လေး ဘာတွေ လာပြောနေတာလဲ။ မာန်က အလန့်တကြား မေးတော့ ဖယ်ခွါသွားသော အကြည့်တို့ဖြင့် မဝံ့မရဲ ပြန်မော့ကြည့်လာသည်။

"ခုနက ... ကျွန်တော့်အဖေ ဖုန်းဆက်တာ ကိုရိပ်။ အဖေက ..အဖေက နွေရာသီ ကျောင်းပိတ်ရက် အိမ်မှာ ပြန်လာနေဖို့ ..ခေါ်နေလို့။"

"ဘာ"

သူ့စကားကို ကြားတော့ မာန်၏ မျက်နက်ဝန်းများထဲ ပြောင်းလဲသွားသော အရောင်များကို လှိုင်း ဆက်မကြည့်ရက်တော့သဖြင့် ရင်နာနာနှင့် အကြည့်လွှဲလိုက်ရသည်။

မာန်၏ တိမ်စိုင်တိမ်ခိုးများဖြင့် ရုတ်ချည်း ဖုံးအုပ်လာသော မျက်ဝန်းများအောက် လှိုင်း ပြောလိုက်ချင်သည့် တောင်းပန်စကားမှာ ကြောက်အား လန့်အား ထွက်ပြေးသွားဟန်ဖြင့် လှိုင်းသည် တိတ်ဆိတ်ခြင်းကိုသာ အဖော်ပြုနေမိသည်။

"မင်းအဖေက မင်းကို အရင်က တစ်ခေါက်တောင် ဖုန်းမဆက်တာကို အခုကျမှ ဘာလို့ ပြန်လာခိုင်းနေတာလဲ။ ပြီးတော့ တစ်ရက် ၊ နှစ်ရက်လဲ မဟုတ်ဘူး ... နွေရာသီ ပိတ်ရက်က ၃ လတောင်လေ ပုတက်။"

မာန် တကယ် စိတ်တိုလာသည်။ ဟုတ်သည်လေ ... လှိုင်းသံစဉ် မာန်တို့ အိမ်ပေါ် ရောက်နေသည်မှာ ၂ နှစ်ကျော် ရှိနေလေပြီ။ လှိုင်း၏အဖေက ယခင်က တစ်ခါမှ ဖုန်းဆက်ဖော်ပင် မရဘဲ ယခုကျမှ ... တိုက်တိုက်ဆိုင်ဆိုင် မာန်တို့ ကျောင်းပိတ်ရက် ခရီးသွားမဲ့ အချိန်ကျမှ အိမ်ပြန်လာခိုင်းတာ ဘာသဘောလဲ။ ပြီးတော့လည်း ခဏပြန်လာနေ ဟု ခေါ်လျှင် တော်သေးသည် ... နွေရာသီကျောင်းပိတ်ရက် ပြန်လာ ဆိုတော့ ၃ လလုံးလုံး မျက်စိရှေ့မှ မှန်ကြောင်လေးကို မာန် မတွေ့ရတော့ဘူးလား။

"၃ လလုံး ဟုတ် မဟုတ်တော့ ကျွန်တော်လည်း သေချာ မသိဘူး ကိုရိပ်။ အဖေက ဒီတိုင်း ... ပြန်လာခဲ့ ဆိုလို့။"

"မသွားရဘူး။"

ပြတ်ပြတ်သားသား ဟန့်တားသံမှာ ရာဇသံတစ်ခုနှယ် မာန်ပါပါ ခက်ထန်လှသည်။

"ကိုရိပ်ရယ် ..ကျွန်တော် မသွားလို့ မရဘူးဗျ။ ကိုရိပ် ပြောသလို ..အဖေက တော်ရုံဆို ဖုန်းဆက်မှာ မဟုတ်ဘူးလေ။ အခုက ဖုန်းဆက်ပြီး အိမ်ခဏ ပြန်လာခိုင်းတာဆိုတော့ အရေးကြီးကိစ္စ ရှိလို့ ဖြစ်မှာပေါ့။ ကျွန်တော် ပြန်ပါရစေနော် ကိုရိပ်။"

"အရေးကြီးကိစ္စ ရှိလည်း မင်းက ပြောလိုက်ပါလား။ ခရီးသွားဖို့ ရှိတယ်ဆိုတာကို။"

"အဖေက ... ကျွန်တော့်ကို သတိရလို့ အိမ်မှာ ခဏလာနေပါလို့လည်း ..မှာလိုက်လို့ပါ ကိုရိပ်ရယ်။"

အဖေ့နှုတ်မှ ဤကဲ့သို့သော စကားမျိုး ဘယ်သောအခါမှ ထွက်လာမည် မဟုတ်မှန်း လှိုင်း သိသော်လည်း မာန်က ခါးခါးသီးသီး ငြင်းဆန်နေသောကြောင့် မုသားဆိုလိုက်ရသည်။

"အဖြူရောင်မုသား ဖြစ်တန်ကောင်းပါရဲ့ ကိုရိပ်ရယ်။"

"မင်းကရော ... အိမ်ပြန်ချင်သလား။"

သူ့ဆီမှ 'မပြန်ချင်ဘူး' ဟူသော စကားကို ကြားချင်နေမှန်း လှိုင်း သိသော်လည်း မျှော်လင့်တကြီး မေးလာသူအား ကိုယ်ချင်းစာတရား ကင်းမဲ့စွာနှင့် လိမ်ညာစကား ထပ်ဆိုရသည်။

"ကျွန်တော်လည်း ..အဖေ့ကို သတိရလို့ အိမ်ကို ခဏတော့ ပြန်ချင်တယ် ကိုရိပ်။ ကျွန်တော့်ကို ပြန်ခွင့်ပြုပါနော်။"

မုသား ဆိုရင်တောင် အဖြူရောင်မုသား ဖြစ်ဖို့ လှိုင်း မျှော်လင့်မိသည် ... တစ်ခါတလေတော့လည်း ဆိုလိုက်မိသော မုသားစကားများ အမှန်တရားအဖြစ် ပြောင်းလဲသွားခဲ့လျှင် သိပ်ကောင်းမှာပဲဟု ရူးရူးမိုက်မိုက် မျှော်လင့်မိသေးသည်။ သို့သော် သူ၏ မျှော်လင့်ချက်များသည် အဖေကိုယ်တိုင် ရိုက်ချိုးခြင်းကို အကြိမ်ကြိမ် အခါခါ ခံခဲ့ရသည်လေ ... မိခင်ဖြစ်သူ၏ သေဆုံးမှုသည် လှိုင်းကို မီးဖွားရင်း ဖြစ်ရသည် ဟူသော အချက်တစ်ခုတည်းနှင့်ပင် ဖခင်တစ်ယောက်က သားတစ်ယောက်အပေါ် ပေးအပ်မည့် မေတ္တာများ ဟန့်တားပိတ်ပင်ခံလိုက်ရသည်။ လှိုင်းထံသို့ တန်ပြန်လာမည့် မေတ္တာများအစား အဖေသည် မခံစားနိုင်သည့် ဒဏ်ရာများကိုသာ အထပ်ထပ်ပေးရင်း မျှော်လင့်ချက်များကို နေ့စဉ်ရက်ဆက် ရိုက်ချိုးဖျက်ဆီးခဲ့ဖူးသည်။

"တောင်းပန်ပါတယ် ..မျှော်လင့်ချက် ရိုက်ချိုးခံရတာ နာကျင်စေမှန်း သိသိလျက်နဲ့ အစိတ်စိတ် အမြွှာမြွာဖြစ်အောင် ရိုက်ချိုးနေမိလို့ တောင်းပန်ပါတယ် ကိုရိပ်ရယ်။"

"တောက် ... မင်းက ငါ့စကားတောင် နားမထောင်တော့ဘူးပေါ့။ ပြီးရောလေ ..ပါပါးက ခွင့်ပြုတယ် ဆိုရင်တော့ သွားပေါ့။"

တောက်တစ်ချက် ခေါက်ကာ ပြောပြီးသည်နှင့် လှိုင်းရှေ့မှ မာန် ထွက်သွားသည်။ "တောင်းပန်ပါတယ်" ဆိုသည့် စကားဖြင့် မာန့်ဒေါသများကို မချုပ်ငြိမ်းနိုင်မှန်း သိသလို ဤစကားတစ်ခွန်းနှင့် မလုံလောက်မှန်းလည်း လှိုင်း သိပါ၏။ သို့သော် လှိုင်း ဘာများ တတ်နိုင်မည်နည်း ... ယခု အဖေကိုယ်တိုင် ဖုန်းဆက်ပြီး ပြန်ခေါ်နေသည်လေ။ သူ့၌ ရွေးချယ်ရန် အခွင့်အရေး မရှိသည်ကို လှိုင်းကိုယ်တိုင် အသိဆုံး ဖြစ်သဖြင့် "အိမ်မပြန်ချင်ဘူး ကိုရိပ်ရယ်" ဟု မာန့်ကို အမှန်အတိုင်း ဝန်ခံလိုက်ချင်သော်လည်း တကယ့်လက်တွေ့၌တော့ ငြိမ်သက်နှုတ်ဆိတ်နေမိသည်။

မာန် အပေါ်ထပ် တက်လာပြီး အခန်းထဲ ဝင်နေလိုက်သည်။ စိတ်တိုလွန်းသဖြင့် ခုတင်ပေါ်ရှိ အရုပ်များကို နေရာအနှံ့ လွှင့်ပစ်နေမိသည်မှာ မရပ်မနား။ တောက်ခေါက်မိသည်မှာလည်း အကြိမ်ကြိမ် အခါခါ။ မာန် တကယ် လှိုင်းကို ပြန်ပေးလိုက်ရတော့မည်လား။ ၂ နှစ်ကျော်ဆိုသည့် အချိန်အပိုင်းအခြားတစ်ခုကို ကျော်ဖြတ်ခဲ့ပြီး ဖြစ်သည့်အပြင် သင်္ကြန်တုန်းကလည်း တစ်ရက်သာ အိမ်ပြန်ခဲ့ဖူးသည် ဖြစ်၍ သူ့မိသားစုကို သတိရသည်မှာ ယုတ္တိတန်သော အဖြေတစ်ခု ဖြစ်သော်လည်း မာန် လှိုင်းကို သူ့မိသားစုအား ပြန်မပေးချင်။ မာန် မပိုင်ဆိုင်မှန်း သိသော်လည်း လှိုင်းသံစဉ်ကို ရာသက်ပန် ပိုင်ဆိုင်ချင်သည်။ အချိန်တိုင်း အရိပ်အကဲ သိတတ်ပြီး မာန့်လိုအင်မှန်သမျှကို မဖြစ်ဖြစ်အောင် ဖြည့်ဆည်းပေးရုံသာမက မိုးထက်တို့ ဘုန်းသွင်တို့လို မာန် အနိုင်ကျင့်လျှင်တောင် စိတ်ဆိုးခြင်း အလျဉ်းမရှိဘဲ သည်းခံပေးတတ်သည့် လှိုင်းအား မာန့်အနားမှာသာ တစ်သက်တာအတွက် ရှိနေစေချင်သည်။

မာန် အခန်းထဲ ဝင်လာသည်မှာ မိနစ်အနည်းငယ် ကုန်လွန်သွားပြီ ဖြစ်သော်လည်း လှိုင်းသည် ယခုချိန်ထိ အခန်းထဲ ဝင်မလာသေး။ မဟုတ်မှလွဲရော ... တကယ်ပဲ ပါပါးဆီ ခွင့်သွားတောင်းနေလေပြီလား။ မာန် အခန်းပြင် ထွက်ကာ ဦးသော်က၏ အခန်းဝသို့ ချဉ်းကပ်သွားပြီး တံခါးနား ကပ်၍ နားထောင်ကြည့်တော့ လှိုင်း၏ စကားသံ သဲ့သဲ့ကို ကြားလိုက်ရသည်။ ထိုအခါ မာန်လည်း စိတ်တိုတိုနှင့် အခန်းထဲ အမြန် ပြန်ဝင်လာလိုက်ပြီး အခန်းတံခါးကို လော့ခ်ချထားလိုက်သည်။

"အိမ်ပြန်ရမယ်ဆိုတော့ တက်ကြွနေလိုက်တာ။ လှိုင်းသံစဉ် ..လှိုင်းသံစဉ် .. မင်းအချိုးတွေ ပြေမနေဘူးကွာ။"

"တောက်"

မနက်ဖြန် စာမေးပွဲ ရှိသည်ဆိုမှ သကောင့်သားအား စိတ်တိုနေရသည်ကား အလုပ်ကို မဟုတ်တော့။ စာရေးစားပွဲ၌ ထိုင်ကာ မျက်စိရှေ့ရှိ ဓာတုဗေဒကို ကျက်နေသော်လည်း တစ်လုံးမှ ခေါင်းထဲ မဝင် ... စိတ်က လှိုင်းသံစဉ်၌သာ တည်မှီနေသည်။

"တောက်"

မာန် တောက်ခေါက်မိပြန်သည်။ တောက်ခေါက်ရလွန်း၍ လည်ချောင်းပင် နာချင်လာသည်။ စာကလည်း ကျက်လို့ မရသည့်အဆုံး မာန် အိပ်ရာဝင်ရန်သာ ပြင်လိုက်ရတော့သည်။ ခြင်ထောင် ထောင်ပေးရမည့် တာဝန် ရှိပါလျက် မာန် လော့ခ်ချထားသည့် တံခါးကို သော့ဖြင့် ဖွင့်ဝင်မလာသည့် လှိုင်းကြောင့် ဒေါသများ ဆတိုးလာရသည်။ နေပါစေ ... ခြင်ထောင် မထောင်ဘူး။ သွေးလွန်တုပ်ကွေး ဖြစ်ရင်လည်း ဤသည်မှာ လှိုင်းသံစဉ်၏ အပြစ်သာ ဖြစ်သည်။ သွေးလွန်တုပ်ကွေး ဖြစ်လို့ကတော့ မယုံမရှိနှင့် ... လှိုင်းသံစဉ်အား ဒဏ်ခတ်သည့်အနေဖြင့် တစ်သက်လုံး မာန့်အနားမှာ ကြိုးတုပ်ထားဦးမည်။

"လှိုင်း ..လှိုင်း ... မင်း ငါ့ဘဝထဲကို ဝင်ချင်တိုင်း ဝင် ၊ ထွက်ချင်တိုင်း ထွက်နဲ့ စိတ်တိုင်းကျ လုပ်နေတာ တော်တော် တရား လွန်နေပြီ။"

ပါးစပ်မှ ရေရွတ်မိသည်အထိ စိတ်တွေက အစိုးမရနိုင်အောင် ပျံ့လွင့်နေသည်။ ဆောင်းရာသီ မရောက်သေးပါဘဲ ညတာကလည်း ရှည်လိုက်တာ ... တော်တော်နှင့်ကို မိုးမလင်းနိုင်။ မာန့်မျက်လုံးကလည်း ပြူးကျယ်မြဲ ပြူးကျယ်ဆဲ ဖြစ်နေလေတော့ အခက်သား။ တစ်ညလုံးလည်း အိပ်ချင်စိတ်ထက် လှိုင်းကို အိမ်မပြန်စေလိုသော စိတ်ဆန္ဒက အလေးသာနေသည်။ မာန် စိတ်တိုနေမှန်း သိသိလျက်နှင့် သကောင့်သားလေးက အခန်းထဲ ဝင်မလာ ... ဘယ်အခန်းလွတ်ထဲ ဝင်တိုးနေပြီလဲ မသိ။

မာန် လှိုင်း၏ အဖေကိုတောင် ဖုန်းဆက်ပြီး "လှိုင်းကို ပြန်ခွင့်မပြုဘူး" ဟု ပြောလိုက်ချင်သည်။ သို့သော်လည်း မာန့်ကို မာနတို့က ကာဆီးထားသည့်အပြင် လှိုင်းကိုယ်တိုင်က အိမ်ပြန်ချင်သည်ဟု ဝန်ခံထားလေတော့ မာန် ဘာတတ်နိုင်မည်နည်း။ သူကတောင် နေနိုင်သေးတာပဲ။ မာန်က ဘာလို့ မနေနိုင်ရမှာလဲ။ ပြန်ပလေ့စေ ... ၃ လ မကလို့ တစ်သက်လုံး ပြန်မလာလည်း အေးတာပဲ။ တော်တော် စိတ်ဒုက္ခပေးသည့် အကောင်။

မာန် တစ်ညလုံးလည်း အိပ်မပျော်သည်မို့ ဆက်လှဲမနေတော့ဘဲ မျက်နှာထသစ်လိုက်သည်။ မျက်နှာသစ်ပြီး ထွက်အလာ၌ မျက်နှာသုတ်ပဝါ ကိုင်ရင်း စောင့်နေတတ်သည့် ကောင်လေးကို မမြင်ရသောအခါ စိတ်အစဉ်တို့သည် တစ်ဖန် ထိုင်းမှိုင်းရှုပ်ထွေးလာရပြန်သည်။ သူ မရှိသည့်အချိန်၌ မာန် ကျင့်သား ရအောင် တမင်များ ရှောင်နေပေးသည်လား မပြောတတ်။ အစကတော့ မာန် ရေစိုနေသည့် မျက်နှာကို သုတ်မလို့ပဲ။ သို့ပေမဲ့ အချိုးမပြေသည့် အနှီငနဲ ဘယ်မှာ အိပ်နေမည်ကို သိချင်လွန်းလှသဖြင့် လော့ခ်ဖွင့်ကာ အခန်းတံခါးကို ဆွဲဖွင့်လိုက်သည် ဆိုလျှင်ပဲ တံခါးဝ ထိုင်နေသည့် လှိုင်းက ချက်ချင်း မတ်တပ်ထကာ မာန့်ရှေ့ လာရပ်သည်။ "တစ်ညလုံး မအိပ်ဘဲ အခန်းရှေ့ ထိုင်စောင့်နေတာတော့ မဟုတ်လောက်ပါဘူး" ဟု မိမိကိုယ်ကို ဖြောင့်ချက် ပေးနေသော်လည်း ဖျော့တော့နေသည့် မျက်မှန်ကိုင်းညိုအောက်ရှိ မှုန်ရီရီ အကြည့်တို့က မာန်၏ ဖြောင့်ချက် မှားယွင်းနေကြောင်း သက်သေထူနေသည်။

"မျက်နှာမှာလည်း ရေတွေနဲ့ ကိုရိပ်ရယ်။"

အစက မာန့်ကို တစ်ခုခု ပြောလိုဟန် ရှိပေမဲ့ မာန့်မျက်နှာ၌ တွဲခိုနေသည့် ရေစက်များကို မြင်လိုက်ရာ ချက်ချင်း စကားလမ်းကြောင်း ပြောင်းလိုက်ပြီး အခန်းထဲ အမြန် ဝင်သွားသည်။ ဗီရိုတံခါး ပိတ်သံအဆုံး မာန့်ရှေ့သို့ အနှီပုတက် ပြန်ရောက်လာပြီး မာန်၏ မျက်နှာကို သူ၏ လက်များ ဆန့်တန်းလျက် ဖွဖွ သုတ်ပေးနေသည်။ မျက်နှာသုတ်ပြီးသည်နှင့် မာန် အခန်းထဲ ပြန်လှည့်ဝင်လာရာ နောက်မှ ကပ်ပါလာသော ခြေသံများသည် အခန်းတံခါး ပိတ်သံသဲ့သဲ့အဆုံး တိခနဲ တိတ်ဆိတ်သွားသည်။ မာန် လှည့်ကြည့်လိုက်ရာ အခန်းတံခါးရှေ့၌ မလှုပ်မယှက် ရပ်ရင်း ကြမ်းပြင်ကိုသာ မမှိတ်မသုန် စိုက်ကြည့်နေသည့် ပုတက်ကို မြင်လိုက်ရသည်။

"ဘာရပ်လုပ်နေတာလဲ။ ကျောင်းအင်္ကျီ ထုတ်ပေးလေ။"

"ဟုတ် ကိုရိပ်"

မာန်က ခပ်မာမာ ပြောမှ ရပ်နေရာမှ စတင် ရွေ့လျားကာ လှုပ်ရှားသံများ နားထဲ တိုးဝင်လာသည်။ ဗီရိုတံခါးဖွင့်သံအစ ခြေသံသဲ့သဲ့အဆုံး လှိုင်း မာန့်ရှေ့သို့ ရောက်လာသည်။ မာန် အင်္ကျီချွတ်လိုက်ပြီးသည်နှင့် ကျောင်းအင်္ကျီ ဖြူလွလွကို ဝတ်ပေးကာ ကြယ်သီးများ တပ်ပေးနေသည်။ ထိုသို့ ကြယ်သီးတပ်ပေးနေရင်း မျက်မှန်ကို လက်ညှိုးဖြင့် တစ်ချက် ပင့်တင်လိုက်ရာ လက်သန်းကြွယ်နှင့် လက်ညှိုးကြား၌ တည်ရှိနေသည့် မှဲ့နက်သေးသေးလေးအား မာန် လိုက်ကြည့်နေမိသည်။ ထိုမှဲ့နက်လေးကို မာန် သိပ်သဘောကျသည်။ မာန့်မေးစေ့ထက်ရှိ မှဲ့လို ထင်ထင်ရှားရှား မဟုတ်ဘဲ လက်ချောင်းများအကြား သိုဝှက်စွာ ဖြစ်တည်နေသည့် ထိုမှဲ့နက်လေးသည် အချိန်တိုင်းအတွက် မြတ်နိုးချင်စရာ ကောင်းနေသည်။

မာန် အဝတ်အစား လဲပြီးသည်နှင့် လှိုင်းသည် စာရေးစားပွဲသို့ အကြည့်ရောက်သွားပြီး -

"မနေ့ညက စာမကျက်ဘူးလား ကိုရိပ်။"

ဤအခြင်းအရာကို မာန်မပြောဘဲ လှိုင်းက သိနေပြန်သည်။ အိပ်ရေးမဝ၍ရော လှိုင်းအိမ်ပြန်မည့် ကိစ္စကြောင့်ပါ မာန် စိတ်မကြည်သဖြင့် ဘာမှ ပြန်မဖြေဘဲ မကြားချင်ယောင် ဆောင်နေလိုက်သည်။

"ကျွန်တော့်ကြောင့်နဲ့တော့ စာမကျက်ဘဲ မနေပါနဲ့ဗျာ။ ဒီနေ့က စာမေးပွဲ ကိုရိပ်ရဲ့။ မပြောကောင်း မဆိုကောင်း ကိုရိပ် မဖြေနိုင်ရင် ဘယ်လိုလုပ်မလဲ။ အခု အချိန်လည်း စောသေးတာပဲ။ စာ ခဏ ပြန်နွေးလိုက်ပါနော်။ ညကလည်း ကိုရိပ် အိပ်မရဘူးမလား။ ကျွန်တော် ခေါင်းကြည်သွားအောင် သံပရာရည် သွားဖျော်ပေးမယ်။ ကိုရိပ်က စာကျက်ရင်း စောင့်နေနော်။"

သူ ပြောလိုသည်များကိုသာ တရစပ် ပြောပြီး အခန်းပြင် ထွက်သွားသည့် လှိုင်းသည် ဘယ်လိုလုပ် မာန် ညက အိပ်မပျော်သည်ကိုပါ သိရှိနေရပြန်သနည်း။ လှိုင်းသံစဉ်၏ စကားကို တစ်သွေမတိမ်း နားထောင်သည် မဟုတ်ပေမဲ့ မာန်သည် လှိုင်း ထွက်သွားပြီးသည်နှင့် စာရေးစားပွဲရှေ့ အသင့် ရောက်ရှိနေလေပြီ။ မျက်စိရှေ့ရှိ စာအုပ်မှာလည်း မနေ့ညက လှန်ထားခဲ့သည့် စာမျက်နှာ၌ အရာမယွင်းပေ။ မာန် စာပြန်နွေးနေရင်း မိနစ်အနည်းငယ်အကြာ၌ တိုးကပ်လာသော ခြေသံများသည် တစ်စထက် တစ်စ ကျယ်လောက်လာကာ "သံပရာရည် ရပြီ ကိုရိပ်" ဆိုသည့် စကားအဆုံး ခြေသံများ ဆိတ်သုဉ်းသွားသည်။

"မင်း စာပြန်မနွေးဘူးလား။"

ဟုတ်သည်လေ ... မနေ့ညက မာန် အခန်းတံခါး ပိတ်ထားခဲ့သည့်အတွက် လှိုင်း စာပြန်နွေး၍ ရမည် မဟုတ်။ ဤသည်ကို ထိုပိစိလေးက ကျောက်ရုပ်တစ်ရုပ်နှယ် အနားလာရပ်နေသည်။ မာန်က မေးရင်း ဘေးနား ရပ်နေသူ၏ မျက်နှာကို မော့ကြည့်လိုက်ရာ တစ်ခုခု ပြောလိုဟန်ဖြင့် ခပ်ဟဟ ဖြစ်နေသော နှုတ်ခမ်းတစ်စုံသည် အနည်းငယ် တုန်ယင်နေပြီး ပြောသင့် မပြောသင့် စဉ်းစားကာ ချီတုံချတုံ ဖြစ်နေသယောင်။

"ဘာပြောမလို့လဲ"

"ကျွန်တော် ..ကျွန်တော် တောင်းပန်ပါတယ် ကိုရိပ်ရယ်။ စိတ်ချပါ ..ကျွန်တော် ပြန်လာခဲ့မှာပါ။ ကျောင်းပြန်မတက်ခင် ဆက်ဆက် ပြန်လာခဲ့မှာပါ ကိုရိပ်။ ကျွန်တော် ကတိပေးပါတယ်ဗျာ။ စိတ်တော့ မဆိုးပါနဲ့တော့နော် ကိုရိပ်။"

မာန် လှိုင်းကို စိတ်ဆိုးနေခြင်း မဟုတ်ပေမဲ့ ဘာကို အလိုမကျဖြစ်မှန်း မသိ စိတ်ရှုပ်ထွေးနေသည်။ မာန် လှိုင်းကို အိမ်မပြန်စေချင်သည်ပဲ သိသည်။ သူ့ကို အိမ်မပြန်စေချင်။ လှိုင်း မရှိသည့် နွေရာသီကိုလည်း မာန် ဘယ်လို ဖြတ်သန်းရမည်ကို စိတ်ကူးနှင့်ပင် မတွေးရဲ။

"ကိုရိပ် စိတ်မဆိုးပါနဲ့တော့နော်။"

"ဒါဆို မင်း အိမ်မပြန်နဲ့။"

မာန်၏ လက်မောင်းကို ဆွဲကာ ချော့မော့နေသည့် လှိုင်း၏ လက်များ ရုတ်ချည်း ပြေလျော့သွားသည်။ 'မဖြစ်နိုင်ဘူး' ဟု ပြောနေသည့် မျက်ဝန်းညိုများကို မြင်ရသောအခါ မာန်၏ အမျက်ဒေါသမီးသည် တဖြည်းဖြည်း လောင်မြိုက်လာတော့သည်။

"တောက် ..သွားကွာ သွား။ ငါ့နား လာရပ်မနေနဲ့။ ထွက်သွား။"

မာန်က စိတ်ခံစားမှုများ အမြင့်ဆုံး ရောက်နေသဖြင့် ပိတ်အော်လိုက်ရာ နှင်းဆီနွမ်းတစ်ခုနှယ် ညှိုးငယ်သွားသော မျက်နှာထားဖြင့် မာန့်ကို ခဏတာ စိုက်ကြည့်ပြီး အနားမှ ထွက်သွားသည်။ အနားမှ ထွက်သွားသည် ဆိုပေမဲ့ သကောင့်သားက အခန်းပြင် ထွက်သွားသည်တော့ မဟုတ်။ မာန် ညက သောင်းကျန်းထားသဖြင့် အခန်းကျယ်ထဲ ပွစာတက်နေသည့် အရုပ်များကို ပြန်ကောက်ကာ ဖုန်ခါပြီး ခုတင်ပေါ် ပြန်တင်နေသည်။ ဤသည်ကို မာန် လိုက်ကြည့်နေသဖြင့် သိနေခြင်းတော့ မဟုတ်ပါ။ ကြည့်မနေသော်လည်း နားထဲ ကြားနေရသည့် အသံများကို ကောက်နုတ်ကာ လှိုင်း၏ လုပ်ဆောင်ချက်များကို သုံးသပ်နေမိရုံသက်သက် ဖြစ်၏။

"စာနွေးပြီးရင် မနက်စာ စားဖို့ ဆင်းလာခဲ့နော် ကိုရိပ်။ ကိုရိပ် ကြိုက်တဲ့ မလိုင်နံပြား ကျွန်တော် လေးပြုံးကို အကူအညီတောင်းပြီး သွားဝယ်ခိုင်းထားတယ်။"

ဤမျှလောက်သာ ဆိုပြီး အခန်းပြင် ထွက်သွားသည့် လှိုင်းကြောင့် မာန် လက်သီးတင်းတင်းဆုပ်ထားမိသည်။ မလိုင်နံပြားလောက်နှင့် မာန့်ကို ချော့၍ ရမည်များ ထင်နေသလား မသိ။ ခုချိန်၌ မာန် လိုချင်နေသည်ကား မလိုင်နံပြားမှ မဟုတ်ဘဲ။ လှိုင်းသံစဉ် နှုတ်က ပြောမည့် 'အိမ်မပြန်တော့ဘူး' ဟူသော စကားသံကိုသာ ကြားလိုခြင်း ဖြစ်သည်။ သို့ပေမဲ့ မဖြစ်နိုင်သည့် အရာကို မျှော်လင့်နေမိမှန်း မာန် သိပါသည်။ လှိုင်းသံစဉ်သည် အိမ်ပြန်မည့်အရေးကို နောက်တစ်ကြိမ် ထပ်စဉ်းစားမည် မဟုတ်။

"လှိုင်းသံစဉ်က အရုပ် မဟုတ်ဘူး ... ခံစားချက်ရှိတဲ့ လူနော်"

နားထဲ အချိန်မတော် ပြန်ကြားယောင်လာမိသည့် ဘုန်းသွင်၏ စကားကြောင့် မာန် ခေတ္တ တွေဝေသွားရသည်။ မှန်သည် ... လှိုင်းသံစဉ်၌ ခံစားချက် ရှိသည်။ ၂ နှစ်ကျော်ကြာအောင် မိသားစုနှင့် ခွဲနေခဲ့ရသည့် လှိုင်းသည် သူ၏ မိသားစုနှင့်အတူ ခေတ္တမျှဖြစ်ဖြစ် ပြန်နေလိုသည့် ဆန္ဒ ရှိလိမ့်မည် မဟုတ်ပါလား။ ဤသည်ကို မာန် အတ္တကြီး၍ မဖြစ်။ လှိုင်းကို အနားမှာသာ ရှိနေစေချင်ပေမဲ့ အိမ်ပြန်မည့်အရေးကို မာန် သဘောမတူဘဲ သူ့၌ တစ်ကိုယ်ကောင်းဆန်စွာ တားမြစ်ပိုင်ခွင့် မရှိ။

နာကျင်စွာ လက်ခံရမည်ကား လှိုင်းသံစဉ်သည် မာန် ရာသက်ပန် ပိုင်ဆိုင်နိုင်မည် မဟုတ်သည့် လူသားသက်ရှိတစ်ဦး ဖြစ်သည်။

~~~~~~~~~~~~~~~~~~~~~~~

စာမေးပွဲအပြီး မာန်နှင့် လှိုင်း စကားမပြောဘဲ အိမ်ပြန်လာခဲ့ကြသည်။ ကျောင်းကအပြန် အိမ်ပြန်ရောက်တော့ လှိုင်းကို အခန်းထဲ ဝင်ခွင့် မပေးဘဲ ကိုယ့်ဘာသာ ကျောင်းအင်္ကျီ လဲပြီး မာန် အောက်ထပ် ပြန်ဆင်းလာချိန်၌ အောက်ထပ်တွင် လှိုင်းကို မတွေ့တော့။ ဒေါ်ဝင်းကို မေးကြည့်တော့မှ လှိုင်းသံစဉ်၏ အချိုးမပြေပုံက ဘူးပေါ်သလို ပေါ်လာသည်။

"သူ့အိမ်ကို ပြန်သွားပြီ​လေ သား။ လှိုင်းကို သားရဲ့ လေးပြုံးတောင် ပြန်လိုက်ပို့ပေးနေတယ်။"

အိမ်ပြန်သွားတာတောင် မာန့်ကို တစ်ခွန်း မနှုတ်ဆက်သွားဘူးတဲ့လား။ မာန်လေ စိတ်တွေ တိုလိုက်တာ ဆိုတာ ... အခန်းထဲ ပြန်လာပြီး ခုတင်ပေါ် စီစီရီရီ လဲလျောင်းနေခဲ့သည့် အရုပ်များကို နေရာအနှံ့ ပစ်ပေါက်ကာ ဝုန်းဒိုင်းကြဲနေမိသည်။ သို့သော်လည်း အမျက်ဒေါသတို့သည် လျော့ကျသွားသည် မရှိ။

တွေးလေ ဒေါသ ထွက်လာလေပါပဲ။ အာရုံ လွှဲသောအနေဖြင့် လှိုင်းနှင့် အမှတ်တရများစွာ ရှိနေသည့် အိပ်ခန်းကို ကျောခိုင်းကာ အောက်ထပ်ရှိ ဧည့်ခန်းထဲ ရုပ်ရှင်သာ လာကြည့်လိုက်သည်။ တီဗီ ဖွင့်လိုက်သည်နှင့် အချိန်ကိုက် လာနေသော ပေါင်ချိန် ကားကြောင့် တီဗီကို ပြန်ပိတ်လိုက်ရသည်။ လှိုင်းသံစဉ် ဆိုသည့် ငနဲက ပေါင်ချိန်ဆို သိပ်ကြိုက်သည်။ ကြိုက်ရုံ မကဘဲ ဘယ်လောက်ထိ အရူးထသလဲ ဆိုရင် ပေါင်ချိန် ကြည့်သည့်အခါတိုင်း "ကျွန်တော်လည်း ကျန်ကျောင်းလို တိုက်ရည်ခိုက်ရည် ကောင်းချင်တယ်" ဟု တဖွဖွ ပြောတတ်သေးသည်။ မာန်က "ဘာလို့လဲ" ဟု မေးတော့ "ကိုရိပ်ကို ကာကွယ်ပေးချင်လို့" ဟု အရိုးခံမျက်နှာလေးနှင့် မတုံ့မဆိုင်း အဖြေပြန်ပေးဖူးသည်။ သူက ကာကွယ်ပေးရအောင် မာန်က အားနွဲ့သည့် မိန်းကလေးတစ်ယောက် မို့လို့လား။ တကယ်တည်း ... ပြောနေပုံကိုက မသိလျှင် သူက မာန့်ထက် အသက် ၁၀ နှစ်ခန့် ကြီးသည့် အစ်ကိုကြီးတစ်ယောက် ကျနေတာပဲ။ အတိတ်ကို စဉ်းစားနေရင်းမှ စိတ်တိုနေသည့်ကြားထဲ မာန် ပြုံးမိသေးသည်။

ထိုမျက်မှန်ကိုင်းအညိုဖြင့် ထုံပေပေ မျက်နှာထားကို ယခု ၃ လလုံးလုံး မြင်တွေ့ခွင့် မရတော့ဘူး ဆိုသည့်အသိ ပြန်ဝင်လာသောအခါ စိတ်တို့ တစ်ဖန် ပြန်လည် ထိုင်းမှိုင်းရပြန်သည်။ မာန် အိမ်မှာလည်း မနေချင်တော့ ... အိမ်ထဲမှာ ဘယ်နေရာရောက်ရောက် အနှီငနဲလေးကိုပဲ မြင်ယောင်နေတာ တကယ် အဆင်မပြေ။

ဧည့်ခန်းမှာ တီဗီမကြည့်တော့ဘဲ ခြံထဲ ထွက်ပြန်တော့ အားသည့်အချိန် ဘတ်စကတ်ဘော ဆော့တိုင်း မမှီမကမ်းနှင့် လက်ထဲမှ ဘောလုံးကို လိုက်လုတတ်သည့် ပုတုတု ကောင်လေးကို သတိရလာသည်။ သည်လိုနှင့် အိမ်ထဲ ပြန်ဝင်ပြီး ထမင်းစားခန်းရှေ့က ဖြတ်တော့လည်း ထမင်းစားပွဲမှာ မှန်ကြောင်လေးရဲ့ လှုပ်စိလှုပ်စိနှင့် ထမင်းစားပွဲ ပြင်​ပေးနေသည့် ပုံရိပ်ယောင်က ပေါ်လာသေးသည်။ ထို့အပြင် မာန်နှင့်အတူ ထမင်းစားချိန်တိုင်း မာန့်ပန်းကန်ထဲ ဟင်းမျိုးစုံ ထည့်ပေးတတ်သည့် ကောင်လေးကို ပြန်မြင်ယောင်လာမိ၍ ပြုံးမိပြန်သည်။

မာန် သည်လိုတွေ ဖြစ်နေရတာ တကယ် မကြိုက် ... ဖခင်အရင်း ဖြစ်သူ ဦးသော်က မန္တလေး ပြန်သွားလျှင်တောင်မှ ယခုလောက် စိတ်တို့ မလေးလံဖူးသကဲ့သို့ စိတ်အစဉ်ကို သတိရစိတ်တို့ လွှမ်းမိုးနေခြင်း မရှိ။ ယခု သွေးမတော် သားမစပ်သည့် ထိုကောင်စုတ်လေးကြောင့် လူက လောလောလတ်လတ် အသည်းကွဲထားသူ တစ်ယောက်လို ဖြစ်နေတာက တကယ် အဓိပ္ပာယ် မရှိ။ စိတ်တွေ တိုလိုက်တာ ... သည်ကောင့်ကို သတိရတာနဲ့ စိတ်တိုရလွန်းလို့ မာန်တော့ ရူးတော့မှာပဲ။ ဒါတောင် အခု သူ့ကို မမြင်ရသည်မှာ နာရီပိုင်းပဲ ရှိသေးသည် ... အကယ်၍များ ၃ လလုံးလုံး အမှန်တကယ် အိမ်ပြန်မလာလျှင် မာန် ဘယ်လိုများ နေရပါ့မလဲ။

~~~~~~~~~~~~~~~~~~~~~~~

ချောင်းသာသို့ ခရီးထွက်ချိန်၌ မာန် အတော် ပျင်းရသည်။ ပျော်ရွှင်ဖို့ရန် ထွက်သော ခရီး ဆိုပေသိ မာန့်မှာ မပျော်ရွှင်နိုင်။ တစ်ယောက်သောသူကိုသာ သတိရ လွမ်းဆွတ်နေမိသည်။ ခုချိန်ခါများ လှိုင်းသံစဉ်တစ်ယောက် ဘာတွေ လုပ်နေလိမ့်မည်နည်းဟု တွေးရင်း မာန်သည် သောင်ပြင်ကို လာရောက် ရိုက်ခတ်နေသည့် လှိုင်းလုံးများကို ကြည့်ရင်း သက်ပြင်းတွေ ချနေမိသည်။ ပုတက်လေးသာ ပါလျှင် ရေထဲပဲ ဆင်းဆော့နေမလား ၊ သို့တည်းမဟုတ် သောင်ပြင်တစ်လျှောက် လမ်းပဲ လျှောက်နေမလား ၊ သို့မဟုတ်လျှင်လည်း မြင်းပဲ စီးနေမလား ဟု မာန် တွေးတောနေမိသည်။

"လဒ (လင်းတ) မှိုင် မှိုင်နေပါလား ကိုကိုး။ ဘာဖြစ်နေတာလဲ။"

နန်းသော်တာက မာန့်အနား ဝင်ထိုင်ရင်း မေးသောအခါ မာန့်၌ အဖြေ မရှိ။ သူ ဘာတွေ ဖြစ်နေမှန်း နားမလည်။ တကယ်ဆို ယခုတစ်ခေါက် ချောင်းသာသို့ ခရီးနှင်လာခဲ့ချိန်၌ အနားမှာ လှိုင်းတင်မကဘဲ မိုးထက်နှင့် ဘုန်းသွင်တို့လည်း ပါမလာ။ ဤသည်ကို ငယ်စဉ်ကတည်းက ပုခုံးဖက် ပေါင်းသင်းလာခဲ့သည့် နှစ်ယောက်ကိုတော့ ယောင်လို့တောင် စိတ်မကူးမိပေမဲ့ ရင်းနှီးလာသည်မှာ ၂ နှစ်ကျော်မျှသာ ရှိသေးသည့် ပုတက်လေးကိုတော့ သတိရ လွမ်းဆွတ် တမ်းတနေသည်မှာ သိပ်တော့ အဓိပ္ပာယ် မရှိလှပေ။

"ကိုကိုး ..ဘာဖြစ်နေတာလဲလို့။"

"ငါ ဘာဖြစ်နေလို့လဲ။"

"မသိဘူးလေ။ ပုံစံ ကြည့်ရတာတော့ မျောက်အိုကြီး အသည်းကွဲနေတဲ့အတိုင်းပဲ။"

"မိနန်း"

"ဟီးဟီး ..ငါက စတာပါဟ။ ပြော ..နားထောင်ပေးမယ်။ ဘာဖြစ်နေတာလဲ။"

"ငါလည်း သေချာ မသိဘူး။ ဘာမှ မလုပ်ချင်တာပဲ သိတယ်။"

"ငါ ခန့်မှန်းတာ မမှားရင် ..လှိုင်းကို သတိရနေတာမလား။"

"အေး။ ဒီချိန် ပုတက် ဘာတွေများ လုပ်နေမလဲဆိုပြီး စဉ်းစားနေတာ။"

"သူ့အိမ် သူ ပြန်သွားတာပဲ ကိုကိုးရာ။ အိမ်မှာ အေးဆေး နားနေမှာပေါ့။ နင့်နား နေရင်တောင် နင် ဟိုခိုင်း ဒီခိုင်းနဲ့ ပင်ပန်းနေဦးမယ်။"

"အေးနော်။ သူလည်း နားချင်မှာပေါ့။"

"လှိုင်း ငါတို့နဲ့ မလိုက်လာတာ သူ အနားရတယ်လို့ မှတ်လိုက်ရင် ပြီးရောပေါ့။ ထစမ်းပါဟာ ..ကမ်းခြေ ရောက်ရင် ရေထဲ ဆင်းနေကျ လူက ဒီလိုမျိုး မှိုင်နေတော့ ကြည့်ရတာ အဆင်ကို ပြေမနေဘူး။ ထ ..ရေထဲ ဆင်းမယ်။"

နန်းသော်တာ အတင်း ဆွဲခေါ်ရာနောက်သို့ မာန် လိုက်ပါသွားရသည်။ စိတ်တို့ကတော့ အသိမပေးဘဲ အိမ်က ထွက်ခွါသွားသည့် လှိုင်းသံစဉ်နောက် ကောက်ကောက်ပါအောင် လိုက်သွားသည် ထင်ရဲ့။

ချောင်းသာမှ ပြန်အလာ၌ ချောင်းသာတွင် နန်းသော်တာမိုင် ဆွယ်သည့် နောက် မာန် လိုက်နေရသဖြင့် အသားများ သိသိသာသာ နက်မှောင်လာသည်။ ဖွေးဆွတ်နေမြဲ ဖြစ်သော အသားရောင်သည် ယခုမူ လှိုင်းသံစဉ်နီးပါး ညိုလာသည်။ မိမိအသားအရေကို ပြန်ကြည့်ရင်း သကောင့်သားလေးအား သတိရလာပြန်သည်။ ချောင်းသာ၌ ၂ ပတ် အချိန်ကုန်ခဲ့သည် ဖြစ်ရာ လှိုင်းကို တွေ့ချင်လျှင်တောင် ဘာမှ မတတ်နိုင်သည့် အခြေအနေ။ ယခုတော့ ရန်ကုန် ပြန်ရောက်လာပြီ ဖြစ်သဖြင့် ဦးပြုံးကို လှိုင်း၏ နေအိမ်သို့ လိုက်ပို့ခိုင်းရသည်။ အစကတော့ အိမ်ကို ဖုန်းဆက်မည် ကြံသော်လည်း လှိုင်း၏ အိမ်၌ ကြိုးဖုန်းပင် မရှိဟု ဆိုသောကြောင့် အိမ်သို့ လိုက်သွားရန်သာ တတ်နိုင်သည်။

"မရောက်သေးဘူးလား လေးပြုံး။"

"ရောက်တော့မယ် မာန်လေးရဲ့။ အပေါ်ဆုံးထပ်ဆိုတော့ နည်းနည်း ထပ်တက်ရဦးမယ်။"

၈ ထပ်တိုက်အမြင့်ပေါ် တက်ရသည့် အရေးက လွယ်ကူလှသည်တော့ မဟုတ်။ ဤအမြင့်ကို လတိုင်း တက်ပြီး ထောက်ပံ့ငွေ လာပေးရသည့် ဦးပြုံးကိုတောင် မာန် ကရုဏာသက်လာမိသည်။ မာန့်နည်းတူ နားနားပြီး တက်နေသည့် ဦးပြုံးသည်လည်း ဟောဟဲဆိုက်နေရသည်။ နောက်နှစ်ထပ်လောက် ထပ်တက်ပြီးနောက်မှ လှေကားအဆုံးသို့ ရောက်ရှိလာသည်။ ထိုအခါ တံခါး မခေါက်သေးဘဲ မာန်နှင့် ဦးပြုံး အတိုင်အဖောက်ညီစွာ အမောဖြေနေကြသည်။ စိတ်ဆောင်နေ၍ ရှေ့မှ သွက်သွက် တက်လာခဲ့သည့် မာန်သည် ယခုချိန်ကျမှ အသက်ကို လုရှူနေရသည်။ တစ်ချိန်တည်းမှာပင် လှိုင်းသံစဉ်ကို ပြန်တွေ့ရတော့မည် ဆိုသည့် အသိကြောင့် နှလုံးခုန်များသည် ဆတိုး မြန်လာရသည်။ နှလုံးခုန် မြန်လာခြင်းသည် ခန္ဓာကိုယ်တွင်း အောက်ဆီဂျင် မလုံလောက်သောကြောင့် ဖြစ်မှာပါ ဟု တစ်ယောက်တည်း မလုံမလဲဖြင့် စိတ်ထဲ ဖြောင့်ချက်တွေ ပေးနေမိသေးသည်။

"တင်းတောင်"

ဘဲလ်သံ တိုးတိုး ထွက်ပေါ်ပြီး မကြာမီပင် တိုက်ခန်း တံခါး ပွင့်လာသည်။ ပွင့်ဟလာသော တံခါးကြောင့် ဦးစွာ ခံစားလိုက်မိသည်ကား ခပ်စူးစူး အနံ့တစ်ခု။ ရှူရှိုက်မိရုံဖြင့် မူးမိုက်သွားစေသည့် အနံ့သည် မာန်၏ အနံ့ခံအာရုံကို လာရောက် ထိတွေ့သည်။ မာန် နှာခေါင်းရှုံ့လိုက်မိသည်ကိုတော့ တစ်ဖက်ရှိ လူကြီး မမြင်တန်ကောင်းရဲ့။

"ဩ ခင်ဗျားပါလား။ လ မကုန်သေးပါဘူး။ ဘာလာလုပ်တာလဲ။"

ယိုင်ချင်နေသည့် ကိုယ်ကို တံခါးကို ကိုင်ကာ ထိန်းထားရင်း ခပ်ဆတ်ဆတ် လှမ်းမေးနေသည့် စကားသံသည်လည်း ဗလုံးဗထွေးဖြင့် မပီသချင်။ ထိုလူကြီးသည် မာန့်ကိုလည်း မြင်ဟန် မတူ။ အိမ်ထဲသို့လည်း ဧည့်သည်ကို ဖိတ်ရန် သတိမရသည့် သည်လူကြီးက ဘယ်သူပါလိမ့်။

"လှိုင်းကို လာတွေ့တာပါ ကိုဌေးကြည်။ ဒီဘက်က ဆရာ့ရဲ့ သား မာန်ရိပ်မော်ပါ။"

အိမ်ထဲ ပေးမဝင်သဖြင့် ဧည့်ဝတ်မကျေသူအား ဦးပြုံးက အိမ်ပေါက်ဝ၌ပင် မာန်နှင့် မိတ်ဆက်ပေးရတော့သည်။ ထိုအခါ ကောင်းကောင်းပင် မပွင့်ချင်တော့သည့် ရီဝေဝေ မျက်လုံးများဖြင့် မာန့်ကို သေချာ စိုက်ကြည့်လာသည်။

"လှိုင်းသံစဉ် အိမ်မှာ မရှိဘူး။"

"လှိုင်းက ဘယ်သွားတာလဲ ဦးလေး။"

"သူ ... သူ ..ရွာပြန်သွားတယ်။"

"ရွာ ဟုတ်လား။ ဘယ်က ရွာလဲ။"

လှိုင်းနှုတ်မှ ရွာ ဆိုသည့် စကားလုံး မထွက်ခဲ့ဖူး။ လှိုင်း၏ ဇာတိက ရန်ကုန်မဟုတ်ဘဲ နယ်မြို့တစ်မြို့လား ဆိုသည်ကို မာန် မသိ။ တကယ်တော့ လှိုင်းနှင့် စပ်လျဉ်းသည့် အတွင်းရေးများကို မာန် ဘာမှ မသိခဲ့ရ။ မသိခဲ့ဆို သူကိုယ်တိုင်က အရေးတယူ စိတ်ဝင်တစား မမေးခဲ့ဖူးသကဲ့သို့ လှိုင်းကလည်း လိုလိုလားလား ဖွင့်ဟ ပြောပြခဲ့ခြင်း မရှိ။

"ဘားအံဘက်က ရွာကို သွားတယ်။ အဲ့မှာ ... သူ့အဒေါ် ရှိလို့ ..ကျောင်းပိတ်ရက် ပြန်ရောက်တုန်း သွားနေတယ်။"

"ဘယ်တော့လောက် သူ ပြန်ရောက်မလဲ ဦးလေး။"

"ကျောင်းဖွင့်ခါနီးမှ ပြန်လာမှာ။ အရင်ကလည်း နွေရာသီ ၃ လလုံး ဟိုမှာပဲ သူက နေနေကျ။ အဲ့တော့ ..မင်းတို့ နောက်ထပ်လာရင်လည်း သူ့ကို တွေ့ရမှာ မဟုတ်ဘူး။ ကျောင်းပြန်ဖွင့်မှပဲ တွေ့ကြတော့ပေါ့။"

မာန်၏ မျှော်လင့်ချက်များ တစ်စစီ ကွဲကြေသွားလေသည်။ ငြိမ်ကျသွားသော မာန်ကြောင့် ဦးပြုံးကသာ လောကွတ်ပြုရတော့သည်။

"ကျေးဇူးပဲ ကိုဌေးကြည်။ ဒါဆို ကျွန်တော်တို့ကို ခွင့်ပြုပါဦး။"

ခေါင်းသာ ညိတ်ပြပြီး တံခါးပြန်ပိတ်မည် ပြင်နေသည့် လူကြီးအား မာန် သတိတရ မှာတမ်းခြွေရသေးသည်။

"ခဏလေးပါ ဦးလေး။ သူနဲ့ ဖုန်းရတဲ့အခါ မာန်ရိပ်မော် အိမ်လာသွားတယ်လို့ ပြောပေးပါ။"

အဖြေပြန်မလာဘဲ ခေါင်းသာ ညိတ်ပြပြီး တံခါးကို ဂျိန်းခနဲ မြည်အောင် ပိတ်လိုက်သည်။ ထိုအခါ တံခါးပိတ်သံသည် တိတ်ဆိတ်နေသော လှေကားခွင်အတွင်း ဟိန်းထွက်လာလေသည်။ မာန်တို့ လှေကားမှ ပြန်ဆင်းမည်အပြု မာန့်နားထဲ ခြေသံများ ခပ်စိပ်စိပ် ကြားလိုက်ရသည်။ လှေကားပေါ် စည်းချက်မှန်မှန် တက်လာသည့် ခြေသံမျိုး မဟုတ်ဘဲ မာန့်နားထဲ တိုးဝင်လာသော ခြေသံများသည် တိုက်အောက်သို့ အလောတကြီး ခပ်သွက်သွက် ပြေးဆင်းသွားသည့် ခြေသံမျိုး။ သို့ပေသိ မာန့်စိတ်တွေ ထှိုင်းမှိုင်းနေသဖြင့် ကြားနေရသည့် ခြေသံများကို အာရုံမစိုက်နိုင်ဘဲ တိုက်အောက်သို့ အတွေးနယ်ချဲ့ရင်း ပြန်ဆင်းလာလိုက်သည်။

"လေးပြုံး ခုနလူကြီးက ..လှိုင်းအဖေလား။"

လှိုင်းနှင့် သိပ်မတူသော လူကြီးကြောင့် မာန့်စိတ်များ ထွေပြားလာရသည်။ ထို့အပြင် ထိုလူကြီးဆီမှ ရနေသည့် အနံ့ပြင်းကြောင့် လှိုင်းအဖေ မဖြစ်နိုင်ဟု စိတ်ထဲ ယုံကြည်နေမိသည်။ 

"ဟုတ်တယ် မာန်လေးရဲ့။ လှိုင်းရဲ့အဖေ။"

"အဲ့လူကြီးဆီက အနံ့ရတယ်နော် လေးပြုံး။ အနံ့က အရမ်းပြင်းတာပဲ။"

"ပြင်းမှာပေါ့ မာန်လေးရဲ့ ..အရက်နံ့ကိုး။"

"ဗျာ အရက်နံ့! လှိုင်းအဖေက အရက်သမားလား။"

လှေကားဆင်းနေသည့် မာန့်၏ ခြေလှမ်းများ တန့်သွားကာ နောက်မှ လိုက်ပါလာသော ဦးပြုံးကို လှည့်မေးလိုက်မိသည်။ မာန် ယခင်က အရက်နံ့ကို တစ်ခါမှ မရှူရှိုက်ဖူးသဖြင့် အရက်နံ့သည် ဤမျှ ပြင်းလိမ့်မည်ဟု မသိခဲ့ရိုး အမှန်ပင်။ သည့်ထက် အံ့အားသင့်မိသည်ကား လှိုင်း၏ အဖေသည် အရက်သောက်သည် ဆိုသော အချက်ပင်။

"ဆိုပါတော့။ လေးပြုံး ပိုက်ဆံလာပေးတိုင်းတော့ ကိုဌေးကြည်ဆီက အရက်နံ့ တထောင်းထောင်း အမြဲ ရနေတာပဲ။"

လူတွေက အရက်ကြောင့် အသိစိတ် လွတ်သွားတတ်သည်ဟု မာန် ကြားဖူးနားဝ ရှိဖူးသည်။ လှိုင်း၏ အဖေဖြစါသူ ၊ ဦးပြုံး ခေါ်ပုံအရ ဦးဌေးကြည်ဆိုသည့် လူသည်လည်း အရက်ကြောင့် အသိစိတ် ကောင်းကောင်းကပ်ပုံ မပေါ်။ တစ်ခု တော်သေးသည်ကား လှိုင်းက ဘားအံရှိ ရွာကို ရောက်နေသည်ပင်။ မဟုတ်လျှင် အရက်သမားအဖေနှင့်အတူ နေနေမည့် လှိုင်းကို မာန်စိတ်မချ။ ယမကာကြောင့် သားဖြစ်သူကိုတောင် ပြန်သတ်ပြီး အရက်နှင့် မြည်းသည့် ဘုရားဟောဇာတ်ကို မာန် ငယ်စဉ်က ကြားဖူးခဲ့သဖြင့် ထိုသို့သော အရက်နှင့် မကင်းသည့် ဖခင်ဖြစ်သူနှင့် လှိုင်းကို မနေစေလိုသည်ကား အမှန်ပင်။

လှိုင်းကို မတွေ့လိုက်ရသဖြင့် စိတ်ထဲ မွန်းကြပ်သွားရပေမဲ့ တစ်ဖက်တွင်လည်း အရက်သောက်နေသည့် ဦးဌေးကြည်အနား ရှိမနေသည့်အတွက် မာန် စိတ်အေးရသည်။

"သတိရတယ် လှိုင်းရာ။ သိပ်သတိရတယ်ကွာ။"

ခွဲခွါရခြင်းသည် ဤမျှ နာကျင်စေမှန်း ကြိုသိခဲ့လျှင် နူးညံ့မှု မရှိသည့် လက်တစ်စုံအား မာန် မာနတွေ တင်းခံမထားဘဲ မလွှတ်တမ်း ဖမ်းဆုပ်ထားခဲ့မိမည်ပင်။

~ 13/8/2023 (3:02 p.m.) ~

Continue Reading

You'll Also Like

72.4K 868 32
A couple of fluffs and hyper unrealistic realities where you get to date, Sebastian Stan! (c'mon who doesn't want that?) And you're probably already...
14.9K 377 12
☆8 strangers in the same groupchat all with their own unique personallity promises one thing and one thing only there is gonna be lots of chaos☆ text...
1.1M 62.7K 40
Millie Ripley has only ever known one player next door. Luke Dawson. But with only a couple months left before he graduates and a blackmailer on th...
111K 3.5K 32
[ONGOING 🔞] #8 insanity :- Wed, May 15, 2024. #2 yanderefanfic :- Sat, May 18, 2024. After y/n became an orphan, she had to do everything by herself...