လမင်းခြေသံ { Completed }

By LinMyatMo23

44.9K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၂၂} (ZAWGYI)

112 6 0
By LinMyatMo23

တစ်ညလုံး မာန် တစ်ယောက်တည်း အလုပ်ရှုပ်နေရသည်။ အဖျားမကျသေးသည့် လှိုင်းကြောင့် မာန့်မှာ နဖူးပေါ် ရေနွေးဝတ် တင်လိုက် ၊ ရေပတ်တိုက်ပေးလိုက်နှင့် အိပ်ချင်စိတ်ပင် ဘယ်ဆီဘယ်ဝယ် ရှောင်ပြေးနေသည် မပြောတတ်။ မိုးလင်းခါနီးမှ အဖျားကျသွားသဖြင့် မာန်လည်း ထိုအခါမှသာ စိတ်သက်သာရာ ရသွားရကာ စာရေးစားပွဲ၌ သွားထိုင်ရင်း မလှမ်းမကမ်းရှိ လှိုင်းအား ငေးမောကြည့်နေမိသည်။ မိနစ်ပေါင်းများစွာ လွန်သွားသည်အထိ မာန် မငြီးမငွေ့ စိုက်ကြည့်နေမိသည့် လူသားလေးသည် မာန်ရိပ်မော်အတွက် အရာရာ ဖြစ်၏။ 'ကိုရိပ်' ဟူသည့် ခေါ်သံအစ ထိတွေ့မိချိန်တိုင်း အသိစိတ် ကင်းမဲ့စေသော နှုတ်ခမ်းပါးများအဆုံး လှိုင်းသံစဉ်နှင့် ပတ်သက်သမျှ အရာ ဆိုလျှင် မည်မျှ သေးနုပ်နေပါစေ ၊ မာန့်အတွက်တော့ ယစ်မူးစေသည့် ယမကာတစ်ခွက်ကဲ့သို့ စွဲလမ်းတပ်မက်စိတ်ကို ဖြစ်ပေါ်စေသည်။

မာန်သည် လှိုင်းအား အချိန်ကာလကို မေ့လျော့သွားသည်အထိ ငေးစိုက်ကြည့်နေမိရင်းမှ ရင်ထဲ၌ အကြောင်းပြချက်မဲ့စွာဖြင့် ပြည့်ကျပ်လာသဖြင့် အကြည့်တို့ကို နှမြောတသမှုကြီးစွာဖြင့် လွှဲဖယ် ရှောင်တိမ်းလိုက်ရတော့သည်။ သည့်နောက်တွင်တော့ အပျင်းပြေသဘောမျိုးဖြင့် လှိုင်း၏ လွယ်အိတ်ကို ရှောင်တခင် ‌မွှေနှောက်လိုက်သည်။ လှိုင်းလွယ်အိတ်၏ အတွင်းဘက်၌ ပိုင်ဘုန်းသွင်၏ ပန်းချီစာအုပ်ကို တွေ့ရာ မာန်သည် စည်းစောင့်သင့်မှန်း သိသော်လည်း သည်နောက်ပိုင်း အားလပ်ချိန်တိုင်း တကုပ်ကုပ်နှင့် ပုံဆွဲနေတတ်သည့် ဘုန်းသွင်ကို ပြန်လည် မြင်ယောင်လာမိရာ ပန်းချီစာအုပ်ကို လှန်ကြည့်လိုက်မိသည်။

စာအုပ်၏ တစ်ဝက်ကျော်သည်အထိ တောင်တန်း ၊ ကမ်းခြေ ၊ ရေတံခွန် အစရှိသည့် ရှုခင်းပုံများသာ နေရာယူထားသော်လည်း စာအုပ်နောက်နားတွင်တော့ ကလေးငယ်လေးတစ်ယောက် ၊ ပိုမိုတိကျစွာ ဆိုရလျှင် ကောင်ငယ်လေးတစ်ယောက်၏ ပုံရိပ်များကသာ ကြီးစိုးထားလေသည်။ ခဲပန်းချီ ရေးခြစ်ထားသည် ဆိုသော်လည်း ဘုန်းသွင်၏ လက်ရာကြောင့် ပုံတူပန်းချီ ဆွဲခံရသည့် မျက်ဝန်းပြာများနှင့် ကလေးငယ်၏ လှုပ်ရှားမှုတိုင်းသည် အသက်ဝင်လွန်းနေသည်။ လော်လီပေါ့လေးကို ကိုင်ကာ စိုက်ကြည့်နေသည့် ပုံများက တစ်မျိုး ၊ မျက်ရည်များ မကင်းသည့် မျက်နှာလေးကို အဓိကထားကာ ဆွဲထားသည့် ပုံများက တစ်ဖုံ တူညီသော ကောင်ငယ်လေး၏ ပုံရိပ်များကို ရှုထောင့်မျိုးစုံမှ ရေးဆွဲထားသည်မှာ မနည်းမနော။ ဘုန်းသွင်၏ ပန်းချီစာအုပ်ထဲတွင် နေရာယူလာမည့် ပုံတူပန်းချီများကို မာန် စောင့်စားနေခဲ့သည် မှန်သော်ငြား ယခုလို ကလေးလေးတစ်ယောက်၏ ပုံများ ဖြစ်လိမ့်မည်ဟုတော့ မထင်မှတ်ခဲ့မိရိုး အမှန်ပါ။ ဘာလို့များ အနှီကောင်ငယ်လေး၏ ပုံတူများကို အချိန်ကုန်ခံပြီး ဤမျှ အများအပြား ဆွဲထားသည် မသိ ... ခဲပန်းချီ ဆိုသော်လည်း မျက်ဝန်းများကိုတော့ အပြာရင့်ရောင် ဆွဲထားသည်ကို ကြည့်ခြင်းအားဖြင့် ဤကလေး၏ အသွင်အပြင်သည် သိပ်ကို ထူးကဲနေလို့များ ပုံတူပန်းချီကို ဆွဲကျင့်နေသည်လား။ တကယ်လို့ ပုံတူပန်းချီကို ဆွဲကျင့်နေသည် ဆိုလျှင်လည်း သူ့အနား အမြဲ ရှိနေသည့် မာန်တို့၏ ပုံကို ဆွဲကျင့်တာ မဟုတ် ... တော်တော်နားလည်ရခက်သည့် ပိုင်ဘုန်းသွင်ပင်။

"ကိုရိပ်"

ဘုန်းသွင်၏ ပန်းချီများကို အာရုံရောက်နေစဉ် ကြားလိုက်ရသည့် ခေါ်သံသဲ့သဲ့ကြောင့် မာန်သည် အသံလာရာသို့ အယောင်ယောင် အမှားမှားဖြင့် ကပျာကသီ လှည့်ကြည့်လိုက်မိသည်။ ထိုအခါ ခုတင်ထက်၌ ထိုင်နေသည့် လှိုင်း၏ အကြည့်များသည် မာန်၏ အကြည့်တို့နှင့် စီးချင်းလာထိုးသည်။ လူကိုယ်တိုင်ကသာ အားနည်း‌နေသည်မျိုး မဟုတ်ဘဲ မျက်ဝန်းညိုများကပါ ဖျော့တော့နေသဖြင့် မာန်သည် မနေ့က တင်းထားခဲ့သည့် မာနများ အားလုံးကို ခဝါချကာ အမျက်ဒေါသ အလုံးစုံကိုလည်း မျက်ကွယ်ပြုပြီး လှိုင်းအနားသို့ တိုးကပ်သွားလိုက်သည်။

"ဘယ်လိုနေသေးလဲ ..သက်သာရဲ့လား။"

မာန်သည် ခုတင်စပ်နား ဝင်ထိုင်လိုက်ကာ သူ့အား မျက်တောင်မခတ်တမ်း ငေးနေသည့် လှိုင်း၏ နဖူးပေါ် လက်တင်ကာ အဖျားစမ်းလိုက်မိသည်။ ကိုယ်ငွေ့သေနေဆဲမို့ တော်သေးသည် ဆိုရမည် ... လှိုင်းသာ အဖျားပြန်တက်လာလျှင် မာန်က မဆီမဆိုင် သကောင့်သားလေးကို စိတ်ပူနေရဦးမည် မဟုတ်ပါလား။ တစ်စုံတစ်ယောက်အပေါ် သံယောဇဉ် တွယ်နေမိသည်ကား အတော်ကလေး စိတ်ပင်ပန်းစေသည့် ဒုက္ခတစ်ခုပင်။ သို့သော် မာန်ကိုယ်တိုင်က ထိုဒုက္ခပင်လယ်ပြင်ထဲ လိုလိုလားလား ဒိုင်ပင်ထိုးဆင်းကာ မမောနိုင် မပန်းနိုင်ဖြင့် လက်ပစ်ကူးနေမိသည်ကား ခက်သည်။

"တော်သေးတယ် ..အဖျား ထပ်မတက်လာလို့။ လှိုင်းသံစဉ် ..မင်းက အရူးလား။ ငါ တံခါးပိတ်ထားလည်း အင်္ကျီကို လဲမှပေါ့။ မလဲတော့ ခု ဖျားပြီမလား။"

"ကိုရိပ်"

မာန်သည် ဒေါမနောသံဖြင့် ဆူပူသောအခါ မာန့်ကို ရှုတည်တည်နှင့် စူးစူးစိုက်စိုက် ကြည့်နေသည့် လှိုင်းသည် မာန့်နာမည်ကို တိုးညှင်းညှင်းခေါ်ကာ ရုတ်တရက် သိုင်းဖက်လာသဖြင့် မာန် ခါးကို အလိုလို မတ်လိုက်မိသည်။ သိုင်းဖက်လာပြီး စက္ကန့်ပိုင်းအတွင်း အခန်းထဲ လှိုင်း၏ ငိုရှိုက်သံက မင်းမူလာသည်။ ငိုရုံတင် ငိုနေသည်မျိုး မဟုတ်သည့် အညိုလုံးသည် ပါးစပ်မှလည်း တတွတ်တွတ် ပြောနေပါသေးသည်။

"ကျွန်တော် တောင်းပန်ပါတယ် ကိုရိပ်ရယ်။ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါဗျာ။ နောက် ..နောက် ဒီလို ထပ်မဖြစ်စေရဘူး။ ကျွန်တော် ဆင်ခြင်ပါ့မယ်နော် ကိုရိပ် ..နော်။ တောင်းပန်ပါတယ် ..စိတ်မဆိုးပါနဲ့တော့နော် ..တကယ် တောင်းပန်ပါတယ် ..."

ထပ်တလဲလဲ ဆိုနေသည့် တောင်းပန်စကားများသည် မာန့်နားထဲမှ လျှံထွက်လာသည်။ ဘယ်လိုတွေတောင် ခွင့်လွှတ်မှုကို အပြင်းအထန် တောင်းဆိုနေရသနည်း။ မာန် မရည်ရွယ်သော်လည်း အမှတ်တမဲ့ တစ်ချက် ပြုံးလိုက်မိသည် ထင်ရဲ့။

"လွှတ်ဦး ..ငါ ပြောစရာ ရှိတယ်။"

မာန့်စကားသံ ကြားမှ သိုင်းဖက်ထားသည့် လက်များကို ဖြေလျော့သွားကာ မျက်ရည်များ ရွှဲနေသည့် လှိုင်းက တွေတွေကလေး ကြည့်လာသည်။ သည်လိုကျပြန်တော့လည်း လူကြီးဂိုက် ဖမ်းတတ်သည့် လှိုင်းသံစဉ် မဟုတ်တော့ဘဲ အငိုသန်သော ကလေးပေါက်စနလေးနှင့် တူနေသည်။

"ဟုတ် ပြောပါ ကိုရိပ် ..ကိုရိပ် စိတ်ဆိုးပြေအောင် ကျွန်တော် ဘာလုပ်ပေးရမလဲဟင်။ ကတိ ပေးဆိုလည်း ကျွန်တော် ကတိပေးပါတယ် ..ဒီလိုမျိုးလေ နောက်တစ်ခေါက် လုံးဝ ထပ်မဖြစ်စေရပါဘူး။ ဒီတစ်ကြိမ်လေးတော့ ခွင့်လွှတ်ပေးပါဗျာ ..နော် ကိုရိပ်။"

မာန် ဘာမှ မပြောခင်ပင် မျက်လုံးလေး ကလည် ကလည်နှင့် လက်တစ်ချောင်း ထောင်ကာ နောက်တစ်ကြိမ် ထပ်မရှိရပါဘူးဟု ပြောနေသည့် လှိုင်းကြောင့် မာန် အသည်းယားလာရသည်။ သို့သော်လည်း တည်တင်းထားသော မျက်နှာထားကို မပြင်သေးဘဲ ခပ်တည်တည်ဖြင့် -

"ကတိမတည်တဲ့လူကို ငါ သိပ်မုန်းတာနော် လှိုင်းသံစဉ်။ မင်း ဒီကတိကို မတည်လို့ကတော့ ငါ မင်းကို သတ်ပစ်မှာ ..ငါ ပြောတာ ကြားလား။"

မာန်က ခပ်မာမာ မေးလိုက်ရာ ခေါင်းကို တဆတ်ဆတ် ညိတ်ပြရင်း လက်သန်းလေးကို ထောင်ပေးလာသည်။ သဘောက သူ ဒီကတိကို စောင့်ထိန်းနိုင်ပါသည်ပေါ့။ ထိုအခါမှ မာန်သည် မျက်နှာထားကို အနည်းငယ် လျှော့ကာ လက်သန်းချင်း ချိတ်လျက် ကတိကဝတ်ပြုလိုက်သည်။ သူ၏ လက်သန်းလေးကို မာန် ပြန်လွှတ်ပေးလိုက်ရာ လှိုင်းသည် မာန့်ကို မရဲတရဲလေး မျက်လုံးလှန်ကာ ကြည့်လာသည်။ မာန်သည် လှိုင်း၏ အောက်နှုတ်ခမ်းလေးကို လက်ဖြင့် မထိတထိ ထိတွေ့ကာ -

"အရမ်းနာသွားလား။"

မာန်က ခပ်တိုးတိုး မေးလိုက်သောအခါ လှိုင်းသည် ခေါင်းခါပြကာ -

"မနာပါဘူး ကိုရိပ်။"

မဆိုင်းမတွ အဖြေပြန်ပေးလာသည့် လှိုင်းကို မာန်သည် မနေ့က လုပ်ရပ်အတွက် တောင်းပန်စကား ဆိုလိုက်ချင်သော်လည်း တကယ်လက်တွေ့တွင်တော့ ဘာစကားမှ ထွက်မလာချေ။ မာန်ရိပ်မော်၏ အကျင့်ဆိုးတစ်ခုသည် ကိုယ့်ဘက်က လွန်သွားခဲ့လျှင်တောင် တောင်းပန်စကားဆိုရန် ဝန်လေးနေခြင်းပင်။ ထိုသို့ဆိုလျှင် လှိုင်းသံစဉ်၏ အကျင့်တစ်ခုသည်လည်း သူ့ဘက်က မှားသည်ဖြစ်စေ ၊ မှန်သည်ဖြစ်စေ တောင်းပန်စကား ဆိုတတ်ခြင်းပင် ... လှိုင်း၏ ဤအကျင့်သည် ကောင်းသလား ၊ ဆိုးသလား ဆိုသည်ကို မာန် မဝေခွဲတတ်သော်လည်း ဤအကျင့်ကြောင့် သူ၏ ဒေါသများ အနည်းအကျဉ်း ပြေလျော့သွားစေသည်ကတော့ ငြင်းဆန်မရသည့် အမှန်တရားတစ်ခုပင်။

လေထုသည် ခဏတာ ခြောက်ကပ်တိတ်ဆိတ်သွားနေစဉ် လှိုင်းသည် မာန့်ကို ကြည့်နေရင်းမှ မိမိကိုယ်ပေါ်ရှိ အဝတ်အစားများကို သတိပြုမိသွားသည်။ နေပါဦး ... သူ မနေ့က ဝတ်ထားသည့် အဝတ်အစားများသည် အနက်ရောင် အိမ်နေရင်း ဝမ်းဆက် မဟုတ်လား။ ယခုကျ သူ ဘယ်တော့မှ မဝတ်သည့် ဘောင်းဘီတိုနှင့် လိ​မ္မော်ရောင် အင်္ကျီကို တွဲဖက် ဝတ်ဆင်ထားသည်။ ခပ်ရေး‌ရေး မြင်နေရသည့် မိမိ၏ ခြေသလုံးမွှေးများ အမြင်အာရုံထဲ ခွင့်မပန်ဘဲ တိုးဝင်လာချိန်တွင်တော့ လှိုင်းသည် မာန့်ကို အရဲစွန့်ကာ မေးမြန်းခန်း ဖွင့်ရတော့သည်။

"ကိုရိပ် ..ကျွန်တော့်ကို အဝတ်အစားက ..ဘယ်သူ ..."

"လေးပြုံး ..လေးပြုံး လဲပေးထားတာလေ။ ဘာဖြစ်လို့လဲ။"

"သြ ဘာမှ မဖြစ်ပါဘူးဗျ။ ဒီတိုင်း မေးကြည့်တာပါ။"

မာန်၏ အဖြေကြောင့် စိုးရိမ်ကြောင့်ကြနေသည့် ဟန်ပန်များသည် လှိုင်း၏ မျက်နှာ၌ သိသိသာသာ ပြေလျော့သွားသည်။ တစ်ဖက်တွင်လည်း မာန်သည် သက်ပြင်းကို တိတ်တဆိတ် ပင့်သက်ရှိုက်ရသည်။ ဟုတ်သည်လေ ... မာန်က သူကိုယ်တိုင် အဝတ်အစား လဲပေးထားသည့်အကြောင်း အနှီငနဲလေးအား အမှန်အတိုင်း ပြောစရာလား။ မနေ့ညကတော့ မာနကို ဘယ်လိုပဲ ချနင်းကာ မအိပ်မနေ အနားမှာ ရှိပေးခဲ့သည်ဆိုဆို လှိုင်းသံစဉ်ရှေ့တွင်တော့ အဖြစ်မှန်ကို မချွင်းမချန် ချပြလို့ ဘယ်ဖြစ်ပါ့မလဲ။

"ကိုရိပ် ညက မအိပ်ဘူးလား။ ကျွန်တော့်ကြောင့် မအိပ်ဘဲ နေနေတာလားဗျ။"

မာန် စိတ်ကောက်ပြေသွားပြီ ဆိုလျှင်ပဲ တစ်စခန်း စလာပြန်ပါပြီ ... သူ မာန့်စိတ်ကို သိနားလည်သည်ဆိုသော အချိုးမျိုးတွေ။

"အိပ်တယ်လေ။ အိပ်ပြီးလို့ ပြန်တောင် နိုးနေပြီဟာကို။ မင်းက ရှည်ကို ရှည်တယ်။ ခုမှ ၈ နာရီကျော်ပဲ ရှိသေးတယ် ..မင်းသာ ပြန်အိပ်။"

"ကိုရိပ်‌ရော ..ပြန်မအိပ်ဘူးလား။"

အဲ့တာတွေ မာန် ကြည့်မရတာပေါ့ ... စိတ်ဆိုးပြေပြီ ဆိုတာနဲ့ သူ့ဘက်က မာန့်အရေးကို သိပ်ဂရုစိုက် ပူပန်တတ်ပါသည် ဆိုသည့် အစ်ကိုကြီးတစ်ယောက်စတိုင် ဖမ်းတာ လှိုင်းသံစဉ်၏ အကျင့်ပဲ။

"အဲ့တာ ငါ့အပိုင်းပါ။ မင်းနဲ့ မဆိုင်ဘူး။ မင်းနဲ့ ဆိုင်တာက ပါးစပ်ပိတ်ပြီး အိပ်ဖို့ ..ပြန်လှဲနေ။ နားကို ငြီးနေတာပဲ။"

မာန်က ဖိဟောက်လိုက်မှ လှိုင်းသည် အူကြောင်ကြောင်ရုပ်လေးနှင့် ပြန်လှဲလိုက်သည်။ သို့သော် မျက်လုံးမှိတ်ထားသည်မျိုး မဟုတ်ဘဲ မာန့်ကို ပျောက်ကွယ်သွားမှာ စိုးသည့်အလား မမှိတ်မသုန် စိုက်ကြည့်နေပြန်သည်။

"ပြန်အိပ်ပါဆို မျက်လုံးကို မှိတ်ထားလေ ပုတက်။"

ထိုအခါမှ သူ၏ မျက်ဝန်းညိုများကို မျက်တောင်တိုတို့ဖြင့် တွန့်ဆုတ်စွာ ၊ လေးပင်စွာ ဖုံးကွယ်ဝှက်လိုက်သည်။ မကြာလိုက်ပါဘူး ... မိနစ်ပိုင်းအတွင်း မှိတ်ထားသည့် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်ကာ မာန် ရှိ မရှိကို အကဲခတ်ကြည့်သည်။

"အာ့"

မာန်သည် သူ၏ ခေါင်းကို နာနာ လှမ်းခေါက်လိုက်သဖြင့် လှိုင်းထံမှ နာကျင်မှု၏ နောက်ဆက်တွဲအသံ ထွက်ပေါ်လာသည်။ မာန်က ခေါင်းကို မပြောမဆို ခေါက်လိုက်သဖြင့် မာန့်ကို မကျေနပ်သလို မျက်နှာဘေးနှင့် ပေစောင်းစောင်း ကြည့်လာသည်။

"အဲ့တာ ဘာရုပ် ဖြစ်နေတာလဲ။ ငါ ခေါင်းထပ်ခေါက်လိုက်ရ ဦးခေါင်းခွံ အက်သွားမယ် ..ဘာမှတ်နေလဲ။ မျက်လုံးမှိတ် အိပ်တော့"

မာန်က ခေါင်းခေါက်မည်ဟု လက်ရွယ်ပြကာ မျက်လုံးမှိတ်ခိုင်းမှ မျက်လုံးများကို မမှိတ်ချင် မှိတ်ချင်ဖြင့် မှိတ်ကာ အသက်ကို ပုံမှန် ရှူသွင်း ရှူထုတ်လုပ်နေသည်။ တစ်အောင့်အကြာ၌ ပုတက်လေး အိပ်ပျော်သွားသည်မှာ သေချာတော့မှ မာန်သည် အိမ်အောက်ထပ် ဆင်းလာလိုက်သည်။ အောက်ထပ်ရောက်သောအခါမှ မာန့်ကို တွေ့သော ‌ဒေါ်ဝင်းသည် အနည်းငယ် အံ့အားသင့်သွားဟန် ရှိသည်။

"မာန်လေး အစောကြီး နိုးနေပါလား။ ညက အိပ်ရော အိပ်ရဲ့လား။"

မဟုတ်သေးပါဘူး ... အိမ်က လူတွေ ဘယ်လိုဖြစ်နေတာလဲ။ မာန် အိပ်ရာစောစော ထတာကို အထူးအဆန်းပုံစံ ဖြစ်သွားသည်ကိုက မာန့်ကို မခန့်တာပဲ။

"အိပ်ပါတယ် အန်တီဝင်းရဲ့။ ခုက မအိပ်ချင်တော့လို့ပါ။ ဒါနဲ့လေ အကယ်၍ အန်တီဝင်းကို လှိုင်းသံစဉ်က မနေ့ညက ဘယ်သူ သူ့ကို အဝတ်စား လဲပေးလဲလို့ မေးရင် လေးပြုံး လဲပေးတာလို့ ဖြေပေးနော် အန်တီဝင်း။"

"အေးပါကွယ်။ ပြန်မအိပ်တော့ဘူးဆိုတော့ သား မနက်စာ စားတော့မလား။"

ဒေါ်ဝင်း‌မေးမှ မာန်သည် မိမိ၏ ဝမ်းဗိုက်ကို သတိပြုမိသွားသည်။ မနေ့က တစ်နေ့လုံးနီးပါး ထမင်းမစားရသေးသဖြင့် ဗိုက်ထဲရှိ သံစုံတီးဝိုင်းသည်ပင် တီးခတ်နေသည်မှာ အသံမကျယ်တော့။

"ဟုတ် စားမယ် အန်တီဝင်း။ ပြင်ထားပေးပါ ..သားပြန်လာခဲ့မယ်။"

မာန်သည် ပြောပြီးသည်နှင့် ခြံထဲရှိ သစ်ပင်ပန်းမန်များကို ရေလောင်းနေသည့် ဦးပြုံးဆီသို့ ဦးတည်လျှောက်လာလိုက်သည်။ ဦးပြုံးကိုလည်း ‌ဒေါ်ဝင်းကို မှာသည့်အတိုင်း သေချာ မှာတမ်းစကား ခြွေပြီးမှ အိမ်ထဲ ပြန်ဝင်လာလိုက်သည်။ မှာတမ်းက မခြွေလို့ မဖြစ် ... ဦးပြုံးတို့ကိုသာ ဘာမှ မမှာထားခဲ့လျှင် အလကားနေ အလကား ကျေးဇူးတင်စကား ဆိုနေတတ်သည့် အညိုလုံးသည် သူ အိပ်ရာနိုးသည်နှင့် ကျေးဇူးလာတင်နေဦးမည်။

မာန်သည် မနက်စာကို မြန်မြန်ဆန်ဆန်သာ လက်စသတ်လိုက်ပြီး အပေါ်ထပ်ရှိ အခန်းဆီသို့ ပြန်လာခဲ့လိုက်သည်။ အခန်းထဲ ပြန်ရောက်သည်နှင့် သကောင့်သားက ရင်ဝကို ဆောင့်ကန်သည်။ အိပ်ပါဆိုသည့် စကားကို မြေဝယ်မကျ နားထဲ ထည့်ထားသည့် လှိုင်းသံစဉ်သည် အိပ်ရာတွေတောင် သိမ်းနေလေပြီ။

"အိပ်ပါဆိုတာကို တော်တော် စကားနားထောင်တယ်နော် လှိုင်းသံစဉ်။"

"ကျွန်တော် ..အိပ်မပျော်တော့လို့ပါ ကိုရိပ်ရဲ့။ ကိုရိပ် စကားနားမထောင်တာ မဟုတ်ပါဘူး။"

မျက်နှာငယ်လေးနှင့် ပြန်ဖြေလာပုံကိုက မသိလျှင် မာန်ကပဲ သူ့ကို အပြစ်မရှိ အပြစ်ရှာပြီး ဆူနေသယောင်ယော။ လူကို လူဆိုးဖြစ်အောင် သိပ်လုပ်သည့် ပုတက် အစုတ်ပလုတ်။

"အိပ်မပျော်လည်း ငါက အိပ်ဆို အိပ်ရမှာပေါ့။ မင်း အချိုးတွေ မပြေဘူးနော်။"

"အိပ်တာတော့ အိပ်ပါတယ်ဗျ။ ကိုရိပ် ထွက်သွားတော့ ၅ မိနစ်လောက် အိပ်ပျော်သွားသေးတယ်။ ပြီးမှ ပြန်နိုးလာတာ။"

လက်ငါးချောင်း ထောင်ပြကာ ပြုံးရိပ်သန်း‌ရင်း ပြောလာသည့် လှိုင်းသည် မာန့်ကို တမင် မျက်နှာချိုလာသွေး‌‌နေသည့်ဟန်။ ဘယ်လိုတွေတောင် ကလေးကလား နိုင်လိုက်သလဲလေ။ မာန် စိတ်ထင်နေသည်လား မသေချာသော်လည်း လှိုင်းသံစဉ်သည် နေမကောင်းဖြစ်ပြီးချိန်၌ ပို၍ ကလေးဆန်တတ်သလိုပဲ။ ထူးဆန်းသည်က မာန်သည် ရင့်ကျက်သော လှိုင်းသံစဉ်ထက် ကလေးဆန်ပြီး ပေါက်ကရတွေ ပြောတတ်သည့် ပုတက်လေးကို ပို၍ နှစ်သက်နေမိခြင်းပင်။ ဘယ်လိုပြောရမလဲ ... လှိုင်းက ဖျားပြီးခါစဆိုလျှင် မာန့်ထက် အသက်ကြီးသလိုမျိုး ရင့်ကျက်မနေတော့ဘဲ မာန့်ကို အစ်ကိုကြီးတစ်ယောက်လို ခံစားချက်မျိုး ရစေသည်အထိ ကလေးဆန်တတ်လေရာ မာန်သည် ထိုကဲ့သို့ အစ်ကိုတစ်ယောက်လို ဆူပူမာန်မဲရသည့် ခံစားချက်မျိုးကို နှစ်ခြိုက်မိ၏။

"ထားလိုက်တော့ ..နိုးနေပြီဆိုတော့ ဟိုမှာ တွေ့လား ဆေး။ အစာနည်းနည်း သွားစားပြီး သောက်လိုက်။"

"ဗျာ"

"ရုပ်က ဘာဖြစ်သွားတာလဲ။ မင့် ဆေးသောက်ခိုင်းနေတာ။ အဆိပ်သောက်ခိုင်းနေတာ မဟုတ်ဘူး။"

"ကိုရိပ် ..ထပ်စမ်းကြည့်ပါဗျာ။ အဖျားမရှိတော့ဘူး မဟုတ်လား။ ကျွန်တော် ..ဆေးမသောက်လို့ မရဘူးလားဟင်။"

မာန့်အနားသို့ လှစ်ခနဲ ရောက်လာပြီး ခွင့်တောင်းခြင်းလည်း မရှိဘဲ ရဲရဲတင်းတင်းဖြင့် မာန့်လက်ကို ဆွဲကာ သူ၏ နဖူးပေါ် တင်ပြီး အဖျားစမ်းစေသည်။ သည်ကောင်လေး ဆေးသောက်ရမည်ကိုတော့ သေမလောက် ကြောက်သည်ပဲ။ အမြဲ လူတတ်ကြီး လုပ်တတ်သူက ယခုလို ဆေးသောက်ဖို့အရေး ကွေ့ပတ်ရှောင်တိမ်းနေသည်ကို မြင်ရတော့ မာန် ပြုံးမိသွားသည်။

"မသောက်ခိုင်းတော့ဘူးမလားဟင် ကိုရိပ်။"

မာန့်၏ အပြုံးကို မြင်ရာ လှိုင်း၏ အရောင်မှေးမှိန်နေသည့် မျက်ဝန်းများ ချက်ချင်း တောက်ပလာသည်။

"မသောက်လို့ မရဘူး။ မနေ့ညက ဆရာဝန်က မင်း နိုးလာရင် အဲ့ဆေး တိုက်လိုက်လို့ သေချာကို မှာခဲ့တာ။ အောက်မှာ မနက်စာ သွားစားပြီးတာနဲ့ ပြန်တက်လာခဲ့။"

"ကိုရိပ် ..မသောက်ချင်ဘူး။ ကိုရိပ် နော် ..မသောက်ချင်ဘူးလို့။ ကိုရိပ် ..."

လှိုင်းက ထူးဆန်းစွာဖြင့် ချွဲနွဲ့သည့် လေသံဖြင့် မာန်၏ လက်ကို ဆွဲကာ ဂျီကျလာရာ မာန် အံ့သြတကြီးဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားရသည်။ သူ သိသည့် လှိုင်းသံစဉ်ရော ဟုတ်ပါရဲ့လား။ လူလည်လေး ... ဒီလိုပုံစံနှင့် ချွဲလျှင် မာန် လိုက်လျောပေးမည်ကို သိလို့ လှိုင်းသံစဉ် တမင် လူလည်ကျနေတာကို မာန်က သူ့သဘောအတိုင်း လိုက်လျောပေးလိုက်လို့ ဘယ်ဖြစ်မလဲ။

"ငါက ဆေးကို သောက်ဆို သောက်လိုက်ပေါ့။ ဘာအထွန့်လာတက်နေတာလဲ။ ဘာလဲ ..ငါက ပါးစပ်ဖြဲပြီး ဆေးကို ထိုးထည့်ပေးမှ သောက်မှာလား။"

"....."

"သွား ..မနက်စာ သွားစားတော့။ ဒီဆေးကို ငါ ကြိတ်ထားမယ်။"

ဆေးကို လှည့်ကြည့် လှည့်ကြည့်နှင့် လုပ်နေသည့် မျက်နှာထားကိုက မကျေမချမ်း ဖြစ်နေသည်။ ခပ်ဟဟ ပွင့်နေသည့် နှုတ်ခမ်းပါးတွေက မာန့်ကို အာခံချင်နေမှန်း သိသော်လည်း လျှာမရှည်ရဲ၍သာ ငြိမ်နေရသ်မို့ လှိုင်း၏ မျက်ခုံးတန်းတို့က အော်တို စုဆုံနေသည်။

"သွားလေ ..ဘာရပ်လုပ်နေတာလဲ။"

လေသံမာဖြင့် အော်လိုက်မှ ပေတေတေ မျက်နှာဘေးနှင့် သူ၏ အိပ်ရာဆီ ပြန်သွားပြီး ကြိုးတပ်မျက်မှန်ကို ကောက်တပ်ကာ အနီးရှိ ဆေးကို လှမ်းယူလျက် အခန်းပြင် ထွက်ရန် ပြင်သည်။

"ကျွန်တော် ကိုယ့်ဘာသာကိုယ် ကြိတ်ပြီး သောက်လိုက်မယ် ကိုရိပ်။"

အခန်းထဲက မထွက်ခင် ပေစောင်းစောင်း ကြည့်ကာ မအီမလည် အသံနှင့် ပြောသွားသေးသည်။ ပြီးနောက်မှ အခန်းထဲက နှေးတိနှေးကန်ဖြင့် ခြေထောက်ကို ရှပ်တိုက်ကာ ထွက်သွားသည်။ မာန်သည် ထိုအခါမှသာ သဘောတကျ ရယ်လိုက်မိတော့သည် ... ဘယ်လိုတွေတောင် အူယားစရာ ကောင်းနေသည့် အညိုလုံးပါလိမ့်နော်။

မာန် သွားတိုက် ၊ မျက်နှာသစ် လုပ်ပြီး အောက်ထပ် ပြန်ဆင်းလာရာ ဒေါ်ဝင်း၏ သနပ်ခါးတုံးကို ဟန်ပါပါ ကိုင်ကာ ဆေးထည့်ထားသည့် စက္ကူအပိုင်းအစအား တဒုန်းဒုန်းနှင့် ထုနေလေသည့် လှိုင်းသံစဉ်သည် မာန့်ကို ကျောခိုင်းထားလျက် သူ လုပ်လက်စ အလုပ်ကိုသာ အာရုံစိုက်နေသည်။ ဆေးမသောက်ချင်ပေမဲ့ မာန့်စကားကိုတော့ နားထောင်သားပဲ။ ဆေးကြိတ်အပြီး နောက်လှည့်လိုက်ချိန်၌ မာန့်ကို တွေ့သော်လည်း တစ်ချက်သာ ကြည့်ပြီး မမြင်ချင်ယောင် ဆောင်သွားသည့် ဟန်ပန်က သူ မသောက်ချင်သည့် ဆေးကို အတင်း သောက်ခိုင်းနေသည့် မာန့်အား စိတ်ကောက်နေသည်ဟု သွယ်ဝိုက်ပြောဆိုနေသယောင်။ မာန်လည်း ဘာမှ ပြောမနေတော့ဘဲ စိတ်ကောက်နေသူကို လွတ်လွတ်လပ်လပ် ကောက်ခွင့် ပေးလိုက်သည်။ စိတ်ကြိုက် ကောက်ပါစေ ... မာန်မှ ပြန်ချော့ဖို့ရာတော့ အစီအစဉ် မရှိဘဲ။ စိတ်ကောက်သည့်သူကို ပြန်ချော့တတ်သည့် ထုံးစံသည် မာန်ရိပ်မော်၏ ရာဇဝင်၌ မရှိခဲ့ဖူးပါချေ။

"ဟွန်း ..ခါးလိုက်တာ။"

ကြိတ်ထားသည့် ဆေးကို ရေနှင့် အနည်းငယ် ရောပြီး သောက်ချပြီးသည်နှင့် လှိုင်းက အသံပြုလာသည်။ အလုံးအတိုင်း သောက်၍ ရနေသည့် ဆေးကို ညက်ညက်ကြေအောင် ကြိတ်ပြီး သောက်မှတော့ ဆေးက မခါးဘဲ နေနိုင်ရိုးလား။ ဆေးလေး တစ်ဇွန်းစာကို ရေနှစ်ခွက်လောက် ဆင့်သောက်ပြီးသည့်တိုင်အောင် ရှုံ့မဲ့နေသည့် မျက်နှာက အရာမယွင်းဘဲ ရှုံ့မဲ့နေဆဲ ဖြစ်ရာ မာန်သည် အောက်ထပ်မဆင်းလာခင်တုန်းက ယူလာခဲ့သည့် ကော်ဖီသကြားလုံးအား လှိုင်းထံသို့ ပစ်ပေးလိုက်သည်။ မာန် ပေးလိုက်သည့် သကြားလုံးအား အမိအရ ဖမ်းကာ စက္ကန့်မခြားပါဘဲ အခွံခွါပြီး သကြားလုံးကို ပါးစပ်ထဲ ခပ်မြန်မြန် ထည့်လိုက်သည်က တွေဝေမှု ကင်းမဲ့စွာနှင့်။ သကြားလုံး၏ အရသာသည် လျှာ၌ ပျော်ဝင်သွားမှ မျက်နှာက ပြန်လည် ပြေပြစ်လာကာ မာန့်ကို ပြုံးပြရင်း -

"ကျေးဇူး ကိုရိပ်"

"အဲ့လို ချစ်ချစ်ခင်ခင် နေကြမှာပေါ့။ ဘယ့်နှယ့် မနေ့က တစ်ယောက်က အခန်းပြင်မှာ ငိုတယ်။ နောက်တစ်ယောက်က အခန်းထဲမှာ ငိုတယ်။ နှစ်ယောက်လုံး ငိုတော့ အန်တီဝင်းက ဘယ်စိတ်ကောင်းပါ့မလဲ ..မဟုတ်ဘူးလား။"

ဒေါ်ဝင်းက အစဖော်လိုက်မှ မာန်သည် အသိစိတ်ပြန်ကပ်လာပြီး သကြားလုံး ပေးလိုက်မိသည့် လုပ်ရပ်အတွက် နောင်တကြီးစွာ ရမိသွားသည်။ သူ ဘာလုပ်လိုက်မိတာပါလိမ့် ... သူ့လုပ်ရပ်က စိတ်ကောက်နေသူကို ရည်ရွယ်ချက်ရှိရှိဖြင့် သကြားလုံး ပေးကာ ချော့လိုက်မိသည် မဟုတ်ပါလား။

"ရာဇဝင်ရိုင်းလိုက်တာ မာန်ရိပ်မော်ရာ။"

"ငိုတယ် ..ကိုရိပ်ကလား။"

ဒေါ်ဝင်းက ကန်ဇွန်းရွက် ခြွေနေရင်း သဘောတကျ ပြုံးကာ ပြောလိုက်သည့် စကားကို လှိုင်းသံစဉ်သည် တအံ့တအားဖြင့် မျက်လုံးအဝိုင်းသားနှင့် မေးခွန်းပြန်ထုတ်နေသည်။ ကိုယ့်အတွေးနှင့်ကိုယ် နောင်တရခြင်းပင် ဆုံးခန်းမတိုင်သေးချိန်၌ မာန့်ကို မယုံသင်္ကာဟန်ဖြင့် ကြည့်လာသည့် လှိုင်းကြောင့် မာန် မျက်နှာပင် မထားတတ်တော့အောင် ဖြစ်သွားရသည်။

"အန်တီဝင်းကလည်း ..သား ဘယ်မှာ ငိုလို့လဲ။ မငိုပါဘူး ..ဒီကောင်ပဲ ငိုတာ။"

"ဟုတ်လား အန်တီဝင်း။ ကျွန်တော်ပဲ ငိုတာလား။"

မာန့်စကားကို ယုံတစ်ဝက် မယုံတစ်ဝက်ဖြင့် ဒေါ်ဝင်းဘက် လှည့်ကာ မေးခွန်းပြန်ထုတ်နေသည့် လှိုင်းကို ကြည့်ရင်း ဒေါ်ဝင်းသည် အသံလွင်လွင်ဖြင့် ရယ်ကာ -

"ဒါတော့ အန်တီဝင်းကို လာမမေးနဲ့တော့လေ လှိုင်းရဲ့။ သားကိုရိပ်ရဲ့ စကားက ဖြစ်နိုင်တယ် ထင်ရင် ယုံပေါ့။"

ဒေါ်ဝင်းအား မာန် မျက်စောင်းခဲပစ်လိုက်သည်။ ဘာလဲမသိ ... လူရှေ့သူရှေ့ဆို ဖုံးကွယ်ချင်သည့် အကြောင်းအရာများကို ဘူးပေါ်သလို ပေါ်လာသည်အထိ ပြောတတ်သည့် ဒေါ်ဝင်းကြောင့် မာန် နေရာမှာတင် အငွေ့ပျံချင်လာသည်။ ဒေါ်ဝင်း၏ သို့လော သို့လော စကားကြောင့် လှိုင်းသည် မာန့်ကို ခေတ္တမျှ စူးစူးစိုက်စိုက် ကြည့်လာပြီးမှ -

"ကိုရိပ်ကတော့ ... မငိုလောက်ပါဘူး။ ကျွန်တော်တစ်ယောက်တည်း ငိုတာ ဖြစ်မှာပါ အန်တီဝင်းရဲ့။ အန်တီဝင်း မှားနေတာ ထင်တယ်ဗျ။"

ရှက်ရမ်းရမ်းပြီး ငြင်းသည့် မာန့်စကားကိုကျ လက်ခံပြီး မျက်စိဖြင့် တပ်အပ်မြင်သဖြင့် ပြောပြနေသည့် သူမစကားကိုကျ မှားနေသည်ဟု ပြောနေသည့် လှိုင်းအား ဒေါ်ဝင်းသည် ချစ်မြတ်နိုးစွာဖြင့် ဖက်ထားလိုက်မိသည်။ သည်ကလေး၏ ရိုးသားပုံကို သူမ ချစ်လိုက်ရတာ ... ရင်သွေး မရှိသည့် သူမတို့ လင်မယားအတွက် မာန်နှင့် လှိုင်းသည် သွေးသားရင်းချာများသဖွယ် ချစ်ခင်တွယ်တာရသူများ ဖြစ်သည်။

"အန်တီဝင်း ..သားကျတော့ မဖက်ဘူး။"

"မဟုတ်ပါဘူး မာန်လေးရယ်။ လာ ..."

မာန်က ဆူပုတ်ပုတ်နှင့် ဆိုသောအခါ ဒေါ်ဝင်းသည် ခပ်ဟဟ ရယ်ကာ မာန့်ကိုပါ သူမ၏ ရင်ခွင်ထဲ၌ ထည့်ထားလေသည်။ မိခင်မေတ္တာ ငတ်မွတ်နေကြသူများပီပီ ဒေါ်ဝင်းသည်လည်း မာန့်အတွက် သာမက လှိုင်းအတွက်ပါ မိခင်တစ်ယောက်လို ၊ အဒေါ်တစ်ယောက်လို သံယောဇဉ် တွယ်မိသူများ ဖြစ်သည်။

ရန်ဖြစ်သောအမှုကို အကြောင်းပြုကာ ယနေ့ကစ တစ်ပတ်တိတိ ကျောင်းနားခံထားရသည်မို့ မနက်ခင်းကို စာကျက်ရင်း၌သာ အချိန်ကုန်ဖြစ်ကြသည်။ စာကျက်ဝိုင်းသည်လည်း ယနေ့ ပိတ်ရက်မို့ စာကျက်အပြီးတွင်တော့ လှိုင်းသည် ဝတ္ထုစာအုပ်ကို ကိုင်ကာ အိပ်ရာထဲ ငြိမ့်နေသည်။ စာကိုသာ စိတ်ဝင်တစား ဖတ်နေရုံ သာမက သူ့မုန့်ဖိုးဖြင့် ဝယ်ထားသည့် မှတ်စုစာအုပ်ထဲ စာတွေ ကူးရေးနေသော လှိုင်းသံစဉ်ကြောင့် မာန် စိတ်အချဉ်ပေါက်လာရသည်။ သူ့ကို အနားမှာ မရှိသည့်အလား လုံးလုံးလျားလျား လျစ်လျူရှုနေသည်ကိုက မာန့်ကို အလိုလို စိတ်တိုလာစေသည်။

"ဘာတွေ ရေးနေတာလဲ လှိုင်းရာ။ ငါ ပျင်းလာပြီ။"

"ဒီထဲက စာသားလေး ကြိုက်လို့ ကူးနေတာပါ ကိုရိပ်ရဲ့။"

"ဘာစာသားလဲ။"

"အချစ်ဆိုတာက ပေးသင့်တယ် ထင်ပြီး ပေးလို့ရတာမျိုး မဟုတ်ဘူး ၊ ပေးချင်မှ ပေးလို့ရတာ။ ကိုယ်ပေးတိုင်းလည်း သူ မရပါဘူး ... ကိုယ်ပေးချင်တိုင်းလည်း သူမယူပါဘူးတဲ့။ ဘယ်လောက်ကောင်းလိုက်တဲ့ စာသားလဲနော် ကိုရိပ်။"

ခံစားချက်နှင့် ထပ်တူကျနေသည့် စာသားများသည် လှိုင်း၏ နှလုံးသားထဲထိ နေရာဝင်ယူထားလေရာ လှိုင်းသည် ထိုစာသားများကို မာန့်အား စေ့စေ့ကြည့်ကာ ခပ်တိုးတိုး ရေရွတ်လိုက်မိသည်။ မှန်သည် ... လှိုင်း သိကျွမ်းခဲ့ရသည့် ချစ်ခြင်းမေတ္တာသည် အသွားအပြန် ရှိသည်မျိုးမှ ဟုတ်မနေဘဲ။

"မင်းက လူကဖြင့် လက်တောက်လောက်လေး ရှိသေးတယ်။ အချစ်အကြောင်း ပြောနေပြီပေါ့ ဟုတ်လား။ ငါ့ကို ပြောစမ်းပါဦး ..မင်းက အချစ်အကြောင်း ဘာသိလို့လဲ ဟမ်။ အချစ်ကိုရော ..ခံစားဖူးလို့လား။"

မာန်သည် လှိုင်း ဖတ်နေသည့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်ကို ပိတ်ချလိုက်ပြီး လှိုင်းနှင့် အကြည့်ချင်းဆုံကာ မေးလာသည်။ အကြည့်တို့သည် သိလိုစိတ်ပြင်းပြနေသဖြင့် တလက်လက် တောက်ပနေသောကြောင့် လှိုင်းသည် မာန်၏ စူးရှရှ မျက်နက်ဝန်းများကို ရင်ဆိုင်ကာ မတိုးလွန်း မကျယ်လွန်းသော လေသံဖြင့် ပြန်ဖြေလိုက်မိသည်။

"တစ်ယောက်ယောက်ကို ချစ်တယ်ဆိုတာက အပင်တစ်ပင် စိုက်ရတာနဲ့ အတူတူပဲ ကိုရိပ်ရဲ့။ ကိုယ် နေ့တိုင်း ချစ်ခြင်းမေတ္တာကို ရင်းပြီး ရေလောင်းပေါင်းသင်ပေးနေတဲ့ အပင်လေး ကောင်းကောင်းမွန်မွန်နဲ့ ကြီးထွားလာတယ်ဆိုရင် အပျော်ရွှင်ရဆုံးက မေတ္တာတွေ ချခင်းခဲ့တဲ့ ဥယျာဉ်မှူးပဲလေ။ ဒါပေမဲ့ ... တစ်ခု နှမြောဖို့ ကောင်းတာက တစ်ခါတလေကျရင် အဲ့အပင်လေးကနေ ပွင့်လာမဲ့ ပန်းကိုတော့ ..ဂရုတစိုက်နဲ့ ပျိုးထောင်ပေးခဲ့တဲ့ ဥယျာဉ်မှူးက ပန်ဆင်ခွင့် မရှိဘူး။"

"ဘာလို့ ပန်ခွင့် မရှိရမှာလဲ။ သူ ပန်ချင်ရင် ကိုယ့်ဘာသာကိုယ် ခူးပြီး ပန်ရင် ရတာပဲ။ ဘယ်သူက သူ့ ဘာလုပ်မှာမို့လို့လဲ။"

"မဟုတ်သေးဘူးလေဗျာ ..တစ်ချို့လူတွေအတွက်ကျတော့ သူတို့ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တဲ့ ပန်းလေးက ခူးဆွတ်ဖို့တောင် အဖိုးထိုက်တန်လွန်းနေတာတွေ ရှိတယ် ကိုရိပ်ရဲ့။ အဲ့အခါမျိုးကျရင် ဥယျာဉ်မှူးကိုယ်တိုင်က ..အဲ့ပန်းနဲ့ သင့်တော်တဲ့သူရဲ့ လက်ထဲကို ရင်နာနာနဲ့ ပေးလိုက်ရတဲ့ အခြေအနေတွေ ရှိတယ်။"

"မင်း ..ဖျားပြီး ဂေါက်သွားတာလား။ ဒီနေ့မှ ထူးထူးဆန်းဆန်း ကဗျာတွေ လာဆန်နေတယ်။ အဲ့အပင်တွေ ဥယျာဉ်မှူးတွေကရော ..ဒီစာအုပ်ထဲကပဲလား။"

"မဟုတ်ပါဘူးဗျာ။ ကျွန်တော် သိတဲ့ အချစ်အကြောင်း ကိုရိပ် မေးလို့ ပြောပြတာလေ။"

"ဒါဆို ... မင်းမှာ ချစ်ရမဲ့သူ ... ရှိနေပြီပေါ့ ဟုတ်လား။"

စိုးရိမ်တကြီးဖြင့် တွန့်ဆုတ်လျက် မေးလာသည့် မာန်သည် တစ်စုံတစ်ခုကို ပူပန်နေသယောင်။ မေးခွန်းအဆုံး၌ လှိုင်း၏ မျက်ဝန်းညိုများကို စေ့စေ့ကြည့်ကာ မျက်ဝန်းများမှ အဖြေတစ်ခုခုကို ရှာဖွေနေသည်။ ထိုအခါ လှိုင်းသည်လည်း အလောသုံးဆယ်ဖြင့် အကြည့်တို့ကို လွှဲဖယ်လိုက်ရသည်။

"ဟိတ်ရောင် မေးနေတယ်လေ။"

"ကိုရိပ် ... ကျွန်တော် တစ်ယောက်ယောက်ကို သဘောကျပြီဆိုရင် တခြားသူတွေထက် ကိုရိပ်ကို အရင်ဆုံး အသိပေးပါ့မယ်။ အခုချိန်ထိတော့ ..တကယ် ချစ်ရတဲ့ မိန်းကလေး မရှိသေးဘူး။"

"အဲ့ဒါ မင်းပြောတာနော် ပုတက်။ ငါ့ကို အရင်ဆုံး မပြောပြလို့ကတော့ တစ်သက်လုံး မခေါ်ဘူး မှတ်။"

"ဟုတ်ပါပြီဗျာ ..ကိုရိပ်ကို အရင်ဆုံး ပြောပြမှာပါ။"

ဆင့်ကဲဆိုလိုက်သည့် လှိုင်း၏ အာမခံစကားကြောင့် မာန်က ကျေနပ်သွားသလို မျက်နှာဘေး ဖြစ်သွားသည်။ ထိုမျှသာမက အနည်းငယ်ပင် ပြုံးရိပ်သန်းသွားသေးသဖြင့် လှိုင်း ရင်မောလာရသည်။ မာန်သည် လှိုင်း ကူးရေးနေသည့် ဝတ္ထုစာအုပ်ကို ဆွဲယူကာ ဟိုလှန် ဒီလှောဖြင့် ဖတ်နေသည်။ ခုတင်ပေါ်၌ မှောက်လျက်လဲကာ ဝတ္ထုကို မဖတ်စဖူး စူးစူးစိုက်စိုက် ဖတ်နေသည့် မာန့်ကို ကြည့်ရင်း လှိုင်းသည် အတွေးထဲရှိ စကားလုံးများကို မှတ်စုစာအုပ်၏ အလယ်ကို လှန်ကာ ဖြူလွလွ စာရွက်၌ ချရေးလိုက်မိသည်။

ကိုယ်ချစ်တဲ့သူကို ချစ်နေတဲ့အကြောင်း ကျွန်တော်လည်း ပြောပြချင်တာပေါ့ ကိုရိပ်ရယ်။ ဒါပေမဲ့ ကျွန်တော် စိုက်ခဲ့တဲ့ အပင်လေးကနေ ပွင့်လာတဲ့ ပန်းက ငေးကြည့်နေဖို့တောင် မြင့်မြတ်လွန်းနေတော့ ... ချစ်တယ်လို့ ကျွန်တော် ပြောမထွက်ဘူး။

ထိုစဉ်ပင် ပေါက်ခနဲ စာရွက်ပေါ်သို့ ခုန်ဆင်းချလာသည့် သွေးတစ်စက်။ လှိုင်းသည် ချက်ချင်း စာရွက်ပေါ်ရှိ သွေးစက်ကို သုတ်ကာ စာအုပ်ကို ပိတ်လိုက်ရင်း စားပွဲထက်ရှိ တစ်ရှူးလိပ်ကို ဆွဲယူလိုက်သည်။ ပြီးသည်နှင့် စက္ကန့်ပိုင်းအတွင်း အိမ်သာနှင့် တွဲလျက် ဆောက်ထားသည့် ရေချိုးခန်းထဲသို့ တစ်ချိုးတည်း ပြေးရပါတော့သည်။

သည်တစ်ကြိမ်နှင့်ဆို လှိုင်း နှာခေါင်းသွေးလျှံသည်မှာ ဒုတိယအကြိမ်မြောက်။ ပထမအကြိမ်က မှတ်မှတ်ရရ သင်္ကြန်အကြိုနေ့က အဖေတို့နှင့် ပြဿနာတက်ရင်း နှာခေါင်းကို မတော်တဆ ထိသွားသောကြောင့် ထင်သည် ... တစ်သက်နှင့်တစ်ကိုယ် ပထမဆုံးအကြိမ် နှာခေါင်းသွေး လျှံခဲ့ဖူးသည်။ ယခုလည်း နှာခေါင်းသွေး လျှံလာပြန်ပြီ။ သည်တစ်ကြိမ်ကတော့ ဖျားသွားသည့် အရှိန်ကြောင့်ပေပဲလား ၊ ယနေ့ မိုးမရွာဘဲ နေပြင်းနေသောကြောင့်ပေပဲလား မပြောတတ်။

"လှိုင်းသံစဉ် ဘာဖြစ်တာလဲ။"

လှိုင်း ရေချိုးခန်းထဲ ရောက်ပြီး တစ်ရှူးအနည်းငယ်ကို ဖြဲကာ လိပ်နေစဉ်ပင် အပြင်မှ လှမ်းအော်သည့် မာန်၏ အသံသည် နားထဲ စူးခနဲ တိုးဝင်လာသည်။

"ဘာမှ မဖြစ်ဘူး ကိုရိပ်။ ကျွန်တော် ..ဗိုက်ရစ်လာလို့။"

"ပြီးရော ပြီးရော ..မင်းဟာကလည်း အလန့်တကြားနဲ့။"

မာန်၏ စကားသံကို နားစွင့်နေရင်းမှ လှိုင်းသည် သွေးလျှံလာသည့် ညာဘက်နှာခေါင်းပေါက်ထဲသို့ တစ်ရှူးလိပ်ကို ထိုးထည့်ကာ မျက်နှာကို မော့ထားရသည်။ ထိုအခါ မျက်နှာကျက်ရှိ မီးအလင်းရောင်ကြောင့် မျက်လုံးများကို အသာ မှိတ်ထားလိုက်ရသည် ... မျက်စိတွေ စူးလိုက်တာ။ အတန်ကြာသည်အထိ မျက်လုံးမှိတ်ကာ ခေါင်းမော့နေပြီးမှ နှာခေါင်းထဲရှိ တစ်ရှူးအား ထုတ်လိုက်ရာ မြင်လိုက်ရသည့် သွေးများမှာ ရဲလို့ နေသည်။ ထိုတစ်ရှူးလိပ်လေးအား နောက်ထပ်သော တစ်ရှူးများဖြင့် ဖုံးအုပ်ကာ လုံးချေပြီးမှ ဘောင်းဘီအိတ်ကပ်ထဲ ထည့်ပြီး လက်ဆေးလိုက်ရသည်။ ရေချိုးခန်းအပြင် ရောက်မှ ဘောင်းဘီအိတ်ကပ်ထဲရှိ တစ်ရှူးများကို လွှင့်ပစ်ရမည် ... ဤတစ်ရှူးစများကို မာန် မြင်သွား၍ မဖြစ်။

လှိုင်း ရေချိုးခန်းထဲမှ ထွက်လာသည်နှင့် မာန့်ကို ရေချိုးခန်းရှေ့၌ တွေ့လိုက်ရသည်။ လက်ထဲမှာလည်း ဝတ္ထုစာအုပ်ကို အရန်သင့် ကိုင်ထားသေးသည်။

"မင်း နောက်ဆို ဝတ္ထုတွေ မဖတ်နဲ့တေ့။"

"ဗျာ"

"မ ဗျာ နဲ့။ ငါ မင်းကို ခုချိန်ကစပြီး ဘာဝတ္ထုမှ ပေးမဖတ်ဘူး။"

"ဘာလို့လဲ ကိုရိပ်ရဲ့။ ကျွန်တော်က အားတဲ့အချိန်ပဲ ဖတ်တဲ့ဟာကို။"

"လျှာမရှည်နဲ့။ ငါက မဖတ်နဲ့ဆို လာထိဖို့ မကြိုးစားနဲ့။ ခုချိန်ကစပြီး မင်းရဲ့ စာအုပ်စင်ကို ငါ သိမ်းမယ်။"

ပြောပြီးသည်နှင့် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာအုပ်ကို လှိုင်း၏ စာအုပ်စင်အသေးလေး၌ သွားထားကာ "မာန်ရိပ်မော်အပိုင်" ဆိုသည့် စာကို ကပ်ပြီး စာအုပ်စင်ကို မောင်ပိုင်စီးထားပါလေရော။ မာန် ဤသို့ မလုပ်၍ မဖြစ် ... မိုးထက်ပိုင်ဆိုသည့် အနှီငနဲလေးသည် ဆရာတက္ကသိုလ်ဘုန်းနိုင်၏ စာများ ဖတ်ပြီး ဆယ်တန်းက မမများကို လိုက်တာ အောင်မြင်သည်ဟု တစ်ခါ ဆိုဖူးသည်ကို မာန် မှတ်မိသည်။ မဖြစ်ဘူး ... လှိုင်းသံစဉ်ကို နောက်ထပ် ဘာဝတ္ထုမှ ပေးဖတ်လို့ မဖြစ်တော့ဘူး။ အခုတောင် လူက လက်တောက်လောက်နှင့် အချစ်အကြောင်း အလုံးစုံ သိနေသည့်ပုံစံ ဖြစ်နေလေပြီ။ တော်ကြာ ဝတ္ထုတွေ အဖတ်များပြီး မိုးထက်ပိုင် လမ်းစဉ်လိုက်သွားမှဖြင့်။ မာန်သည် ပိုင်ဆိုင်ကြောင်း ရေးထားသည့် စာကို စာအုပ်စင်၌ ကပ်ထားပြီး နောက်ပြန်လှည့်ကြည့်လိုက်ရာ သကောင့်သားလေးက မျက်မှန်ကို ပင့်တင်ရင်း မာန့်ကို တွေငေးနေသည်။

"ဘာကြည့်နေတာလဲ။ ဘာလဲ ..မင်းက မကျေနပ်လို့လား ပြော။"

လှိုင်းရှေ့သို့ ပြန်လျှောက်လာပြီး ခြေဖျားထောက်ကာ လှိုင်းကို အပေါ်စီးမှ အုပ်မိုးကြည့်နေသည့် မာန်သည် မျက်နှာကိုလည်း ချီထားသေး၏။ မာန့်ကိုမော့ကြည့်ရင်း လှိုင်း သဘောတကျဖြင့် ခပ်ဟဟ ရယ်လိုက်မိသည်။ ကိုရိပ်တစ်ယောက်က ဘယ်လိုတွေတောင် ချစ်စရာကောင်းနေသလဲလေ။ မာန် ချစ်ဖို့ကောင်းပုံက မိန်းကလေးများနှင့် မတူသော်ငြား လှိုင်းတွေ့ဆုံဖူးသည့် မိန်းကလေးများနှင့် ကွဲပြားစွာ ပို၍ပင် ချစ်စရာကောင်းနေသေးသည်။ ဒါကြောင့်လည်း လှိုင်းသည် ဤလူသား ရှိရာ ရပ်ဝန်းနှင့် ဝေးဝေးကို မသွားနိုင် ဖြစ်နေရသည် ထင်ရဲ့။

"မင်းက ငါ့ကို လှောင်တယ်ပေါ့ ဟုတ်လား။"

မာန်က မျက်မှောင်ကုတ်ကာ ပြောရင်း လှိုင်း၏ ကျောပေါ်သို့ ခုန်တက်လိုက်ရာ လှိုင်းမှာ မာန် ပြုတ်မကျသွားစေရန် မနည်းမနော ကြိုးစားကာ ချီထားရသည်။

"ဘာလုပ်တာလဲ ကိုရိပ် ..လေးတယ်။ ဆင်းပါဗျာ ..ကျွန်တော် မနိုင်ဘူး။"

"မင်း ငါ့ကို သံယောဇဉ် မရှိဘူးလား။"

"ဘာတွေ မေးနေတာလဲ ကိုရိပ်ရာ ..ဆင်းပါဗျာ နော်။"

"ငါ မေးတာသာ ဖြေ။ ငါ့ကို မင်း သံယောဇဉ် မရှိဘူးလား။"

"ရှိတယ် ရှိတယ်ဗျ ကိုရိပ်ရဲ့။"

"ရှိတယ်ဆို ငါ့ကို ကုန်းပိုးပြီး အောက်ထပ်ကို ခေါ်သွားပေး။ ငါ လမ်းမလျှောက်ချင်လို့။"

"ဗျာ"

"နားလေးနေတာလား။ ငါ လမ်းမလျှောက်ချင်လို့ပါဆို ... let's go"

"ကိုရိပ်ကလည်းဗျာ။"

မာန်ရိပ်မော် ဆိုလျှင် ယခင်ကတည်းက လှိုင်း လိုက်လျောပေးနေကျမို့ ယခုတစ်ခေါက်လည်း မလွန်ဆန်နိုင်ဘဲ "အမိန့်တော်မြတ်အတိုင်းပါဘုရား" ဟု အလိုလိုက်ရပြန်ပါသည်။ လှိုင်း အခန်းပြင်ထွက်ပြီး လှေကားဆင်းမည် အပြုတွင်တော့ ကမ္ဘာဦးအစကတည်းက ပွင့်ခဲ့ဖူးသည့် ဘုရားအဆူဆူကို တိုင်တည်ရတော့သည်။ တော်သေးသည်ကား လှေကားထစ်များသည် ‌အရေအတွက်အားဖြင့် နည်းသည်မို့ ‌တစ်ခဏလေးအတွင်း အောက်ထပ်သို့ ရောက်သွားသည်။

"ကိုရိပ် အောက်ရောက်ပြီ ..ဆင်းတော့ဗျာ။"

"ခြံထဲထိ သွား ပုတက်။"

မာန်၏ စေခိုင်းသံအဆုံး၌ အထွန့်တက်သံ မကြားရတော့ဘဲ လှိုင်းသည် ခြံထဲသို့ ‌သွားရန် ခြေလှမ်းပြင်သည်။ ၉ တန်းကျောင်းသား ဆိုသော်လည်း မသိလျှင် တက္ကသိုလ်ကျောင်းသားအလား ၅ ပေ ၈ လက်မဟူသော ရှည်လျားသော အရပ်အမောင်းနှင့် ပြည့်ဖြိုးသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသည့် မာန့်အား ကုန်းပိုးလာရသဖြင့် လှိုင်း ချွေးပင် စို့လာရသည်။

"ဟဲ့ ဟဲ့ ကလေးနှစ်ယောက် ..ဒါ ဘယ်လိုဖြစ်နေတာလဲ။"

ခြံထဲ မရောက်ခင် အိမ်အဝင်အဝ၌ ပက်ပင်းတိုးသည့် ‌ဒေါ်ဝင်းသည် အလန့်တကြား မေးပါတော့သည်။

"ပြောပါဦး အန်တီဝင်းရယ်။ ကျွန်တော် မနိုင်ပါဘူးဆိုမှ အတင်း ကုန်းပိုးခိုင်းနေတယ်။"

"ပြုတ်ကျကုန်ပါဦးမယ် မာန်လေးရယ်။ ဆင်းပါကွယ် ..လှိုင်းလည်း မောနေပြီ။"

"ဟိတ်ရောင် စစ်ကူသွားတောင်းမနေနဲ့။ ငါက ခြံထဲ ရောက်မှ ဆင်းမှာ ..မြန်မြန်သွား။"

ဒေါ်ဝင်း၏စကားကိုပင် နားမဝင်နိုင်တော့သည်အထိ မာန်သည် လှိုင်း ကုန်းပိုးထားသည်ကို နှစ်သက်နေမိသည်။ လှိုင်းသံစဉ် ဟူသည် မာန်ရိပ်မော်ကို အသစ် အသစ်သော ခံစားချက်များဖြင့် ပြုစားထားနိုင်သည့် တစ်ယောက်တည်းသောသူပင် ဖြစ်၏။

"ကဲ ရောက်ပြီ ..ဆင်းတော့ ကိုရိပ်"

ခြံထဲရောက်သောအခါမှ မာန်သည် လှိုင်းအား သနားညှာတာသောအားဖြင့် လှိုင်း၏ ကျော‌ပေါ်မှ အသာ ခုန်ဆင်းလိုက်သည်။ ထိုအခါမှသာ လှိုင်းသည် ဆောင့်ကြောင့်ထိုင်ချလျက် အသက်ကို ပြင်းပြင်းရှူရင်း -

"မောလိုက်တာ ကိုရိပ်ရာ"

"မင်းကပဲ မောရတယ် ရှိသေး။ ငါ မောဖို့လည်း ချန်ပါဦးကွ။"

"‌ဟောဗျာ ..ကိုရိပ်က ဒီတိုင်း ကျွန်တော့်ကျောပေါ်ကနေ လိုက်လာတာတဲ့ဟာကို မောသေးတာလား။"

ဘေးနား မတ်တပ်ရပ်နေသည့် မာန့်အား လှိုင်းက အမောဖြေနေရာမှ မော့ကြည့်ကာ မေးခွန်းပြန်ထုတ်လာသည်။ မအူမလည်ရုပ်နှင့် လှိုင်းကို ကြည့်ရင်း မာန် ရယ်ချင်လာသော်လည်း မျက်နှာထားကို တင်းထားလျက် -

"‌မမောဘဲ နေမလား။ မင်းကျောပေါ် လိုက်ရတာက ဘယ်တော့များ ပြုတ်ကျမလဲဆိုပြီး စိတ်မောနေရတာလေ။ မင်းက လူပဲ ပင်ပန်းတာ ..ငါက စိတ်ပါ ပင်ပန်းတာ ငတုံးကောင်ရဲ့။ ဒါလေးတောင် မသိဘူးလား။"

မာန်၏ စကားသံအဆုံး နားစည်ကို ခပ်ဟဟ ရယ်သံလွင်လွင်က လာရိုက်ခတ်သည်။ ဆောင့်ကြောင့်ထိုင်နေရင်းမှ ခေါင်းတခါခါဖြင့် သဘောတကျ ရယ်နေသည့် လှိုင်း၏ ဆံပင်များသည် အုပ်ဖောင်းဖောင်း ဖြစ်နေသည်။ မာန့်ကို လှမ်းလှမ်းကြည့်ကာ ရယ်နေသည်ကား ရယ်စရာ ပျက်လုံးတစ်ခုကို ကြားလိုက်ရသည်နှယ်။ အညိုရောင် မျက်မှန်အောက်ရှိ မျက်ဝန်းညိုများ မှေးကျဉ်းသွားသည်အထိ ရယ်နေပုံက တစ်မျိုးတစ်ဖုံ စွဲမက်စရာ ကောင်းနေသည်ကား မာန်၏ နှစ်ယောက်မရှိသော ပုတက်လေးပင်။ လှိုင်းကို ကြည့်ရင်း မာန်ပါ လိုက်ပြုံးမိသည်အထိ လှိုင်း၏ ရယ်သံသည် ဆွဲဆောင်အား ပြင်းလွန်းသည်။

"လှိုင်း"

တိုးလျလျ ခေါ်သံသည် သဘောတကျ ရယ်သံအလုံးစုံကို ဆိတ်သုဉ်းသွားစေသည်။ တစ်ချိန်တည်းမှာပင် လှိုင်း မတ်တပ်ထကာ မာန့်အနား တိုးကပ်သွားလိုက်သည်။

"ပြောလေ ကိုရိပ်။ ဘာပြောမလို့လဲ။"

ရွှန်းရွှန်းစားစား ကြည့်နေသည် မဟုတ်သည့်တိုင်အောင် အဓိပ္ပာယ်ပါသော အကြည့်တို့ဖြင့် ကြည့်နေသည့် မာန်သည် တစ်ခုခုကို ပြောလိုနေသည့်ဟန်၌ တွန့်ဆုတ်ခြင်းတို့ကို ထည့်သွင်းထားသည်။

"ဘာပြောမလို့လဲ ကိုရိပ်ရဲ့။ ပြောလေဗျာ။"

"ဘာမှ မဟုတ်တော့ဘူး။"

မာန်က ပြောပြီးသည်နှင့် အိမ်ထဲ အပြေးဝင်သွားသည်။ ပြေးဝင်သွားပုံက ရှက်သွေးဖြာသွားသည့် အပျိုဖြန်းလေးနှင့်ပင် ဆင်တူနေသေးသည်။ စိတ်ကောက်သွားသည့် ပုံတော့ မပေါ်သော်ငြား ဘာဖြစ်သွားသည်ကို လှိုင်းလည်း သေချာမသိ။ တစ်ခါတလေ မာန်က ထိုသို့နှယ် နားလည်ရခက်တတ်သေး၏။

မာန် အိမ်ပေါ်ထပ် ရောက်သောအခါမှ သက်ပြင်းပူတို့ကို မှုတ်ထုတ်လိုက်မိသည်။ လှိုင်း၏ အပြုံးများကို မြင်ရသည့်အချိန်၌ သူ့ဘဝတစ်ခုလုံးသည် ဟာကွက်မရှိ ပြည့်စုံသွားသလို ခံစားလိုက်ရ၏။ သို့သော်ငြား ထိုအပြုံးများကို သူမှအပ တခြား မည်သူ့ကိုမှ မမြင်စေလို။ မျှဝေခံစားခြင်းသည် ကောင်းသော ခွဲဝေမှုမျိုး ဖြစ်မှန်း သိသော်လည်း လှိုင်းသံစဉ်ဆိုသည့် လူသားနှင့် ပတ်သက်သမျှကိုတော့ မာန် မည်သူနှင့်မှ မဝေမျှချင်။ လှိုင်း၏ အပြုံးများကအစ လှိုင်း၏ အထိအတွေ့များအဆုံး မာန်ရိပ်မော်အတွက်သာ ဖြစ်နေစေချင်သည်။ ဤသည်မှာ တစ်ကိုယ်ကောင်းဆန်နေမှန်း နားလည်သော်လည်း တစ်ဦးတည်းသောသား ဖြစ်သည့် သူ့အတွက်တော့ ဝေမျှရခြင်းဆိုသည့် အတတ်ပညာကို ငယ်စဉ်ကတည်းက မသင်ယူခဲ့ရသည်မို့ လှိုင်းသံစဉ်ကိုလည်း သူတစ်ယောက်တည်းသာ ပိုင်ဆိုင်ရမည်။

"လှိုင်းသံစဉ် ... မင်း ငါ့အတွက်ပဲ ဖြစ်ရမယ်။"

~ 9/8/2023 (12:14 a.m.) ~

Continue Reading

You'll Also Like

1.1M 62.6K 40
Millie Ripley has only ever known one player next door. Luke Dawson. But with only a couple months left before he graduates and a blackmailer on th...
1M 91.6K 39
𝙏𝙪𝙣𝙚 𝙠𝙮𝙖 𝙠𝙖𝙧 𝙙𝙖𝙡𝙖 , 𝙈𝙖𝙧 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙢𝙞𝙩 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙃𝙤 𝙜𝙖𝙮𝙞 𝙢𝙖𝙞...... ♡ 𝙏𝙀𝙍𝙄 𝘿𝙀𝙀𝙒𝘼𝙉𝙄 ♡ Shashwat Rajva...
111K 3.2K 48
Intro (Uni) "ရတုမင်းခန့်မောင်...." "ဟော....နာမည်ကိုအရှည်ကြီးခေါ်ပြန်ပြီ မောင်လို့ပဲခေါ်ပါဆို" "တောက်...ရတုမင်းခန့်မောင်... မင်း...." "ဟုတ်ကဲ့ပြောပါ မ...
72.4K 868 32
A couple of fluffs and hyper unrealistic realities where you get to date, Sebastian Stan! (c'mon who doesn't want that?) And you're probably already...