လမင်းခြေသံ { Completed }

By LinMyatMo23

58.7K 2.4K 176

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၂၀} (UNICODE)

782 31 1
By LinMyatMo23

"ရေး ... ငါတို့အားလုံး ဒဂုံ (၁) ပါတယ်ကွ။"

ဝမ်းသာအားရ ထခုန်သော မိုးထက်ကို ကျန်သည့်လူများနှင့် ကျောင်းသားမိဘများက ကွက်ကြည့် ကွက်ကြည့်ဖြင့်။ မိုးထက် ပျော်သလို လှိုင်းလည်း ပြောမပြတတ်အောင်ကို ပျော်သည်။ လှိုင်းတို့ ၅ ယောက်အပြင် နန်းသော်တာ၏ သူငယ်ချင်းမလေးများကပါ ဒဂုံ (၁) ရောက်ကြသဖြင့် အမြဲတတွဲတွဲ ရှိသည့် ဤအစုအဖွဲ့ကလေးသည် ယခင်ကအတိုင်း အရာမယွင်းသွားသည်ကို လှိုင်း သဘောကျသည်။

ထိုနေ့က အမှတ်စာရင်း သွားကြည့်ပြီး အပြန် အောင်ပွဲခံသော အနေဖြင့် ရုပ်ရှင်သွားကြည့်ဖြစ်ကြသည်။ ရုပ်ရှင် သွားကြည့်ပြန်တော့လည်း အားလုံး တစ်ညီတစ်ညွတ်နှင့် ကြည့်ကြသည့် ကားမှာ သရဲကား။ မာန်တို့တစ်သိုက်က သရဲကား ကြည့်လျှင် အသံပေါင်းစုံဖြင့် ဆူညံတတ်သည်ကို မကြည့်ရဲကြလျှင်လည်း မကြည့်ကြသည် မဟုတ် ... တစ်ခါလာလည်း သရဲကား ၊ နှစ်ခါလာလည်း သရဲကားဖြင့် ... ထိုသရဲကားတွေနှင့် ဘယ်ဘဝက ရေစက်ဆုံမှန်းကို မသိ။ သူတို့ သရဲကား ကြည့်ချင်သည်ကား အရေးမဟုတ် ... ကြားထဲမှ လှိုင်းမှာ ဓားစာခံ ဖြစ်ရသည်။ အဓိက အကြောင်းအရင်းက မာန်ရိပ်မော်ပင် ... ငယ်ငယ်ကအတိုင်း ဒါရိုက်တာတွေ စိတ်ကူးပေါက်ရာ ရိုက်သည့် သရဲကားဆိုလျှင် မာန်က ကြိုက်နှစ်သက်သည်။ ကြိုက်လို့ ကြည့်ပြန်လျှင်လည်း ငယ်မူအတိုင်း သရဲထွက်လာလျှင် မထင်လျှင် မထင်သလို လာလာ ရိုက်တတ်သည့် အကျင့်က ဖျောက်မရ။ အိမ်မှာ သရဲကား ကြည့်လျှင်တော့ လှိုင်း၏ကိုယ် နောက်၌ ဝင်ကာ တီဗီကို လှမ်းလှမ်းကြည့်တတ်သဖြင့် အကြောက်လွန်ပြီး လူကို မရိုက်တတ်သော်လည်း ရုံထဲ၌ သရဲကား ကြည့်ချိန်တွင်တော့ သရဲထွက်လာချိန်တိုင်း လှိုင်း၏ လက်မောင်းတစ်ဖက် ပုပ်ပြီလားဟုတောင် ထင်မှတ်ရသည်အထိ လက်စွမ်းပြသည်။

မာန်တို့အားလုံး ဒဂုံ (၁) ရောက်သွားသည်ကို ပျော်ကြသော်လည်း တကယ်တမ်း ကျောင်းအသစ်မှာ တက်ရမည် ဆိုတော့ အရင်ကျောင်းကို လွမ်းဆွတ်သတိရစိတ်က ရင်ထဲမှာ ကိန်းအောင်းနေဆဲ။ မတူညီသော ပတ်ဝန်းကျင် ၊ မရင်းနှီးသော လူများနှင့် တစ်ခန်းတည်း အတူ တက်ရသည်မှာ စိတ်ညစ်စရာတော့ ကောင်းသည်။ ဒဂုံ (၁) ရောက်မှ မာန်တို့နှင့် လှိုင်း တစ်ခန်းတည်း ကျသည်။

ကျောင်းကို အသစ် ရောက်လာကြသည့် မာန်တို့သည် ဒဂုံ (၁) မှ ကျောင်းသားဟောင်းများအကြား အတော်တော့ ပေါ်ပြူလာ ဖြစ်သည်။ ကျောင်းသားသစ်တွေမို့ မာန်တို့အဖွဲ့၌ တစ်ယောက်တစ်လေ ပေါ်ပြူလာ ဖြစ်သည်မှာ မဆန်းကြယ်သော်လည်း ယခုက ၅ ယောက်စလုံး နာမည်ကြီးနေသည်ကား ဆန်းကြယ်သည်။

အဖွဲ့ထဲရှိ မိန်းကလေးများထဲတွင် 'နန်းသော်တာမိုင်' ၏ အလှအပက ဆန်းသည်။ ကျောလယ်ထိ ရှည်လျားသော ဆံကေသာကို ပုံစံမျိုးစုံဖြင့် စည်းနှောင်ထားတတ်သည့် နန်းသော်တာသည် ဆယ်ကျော်သက် ယောင်္ကျားလေးများ၏ ရင်ခုန်သံကို မြန်ဆန်စေသည်ကား ငြင်းဆန်မရသည့် အမှန်တရား တစ်ခုပင်။ မျက်မှန်ဝိုင်းအောက်ရှိ ကော့ရွှန်းနေသော မျက်တောင်ရှည်တို့ ခြံရံထားသည့် စူးရှရှ အကြည့် ၊ ပြုံးရိပ်သန်းရုံသာ တွန့်ကွေးလေ့ ရှိသည့် နှုတ်ခမ်းဖူးဖူးများအောက် တော်ရုံ ယောင်္ကျားလေး ရုန်းမထွက်နိုင် ဖြစ်ရသည်။ နန်းသော်တာ ကျောင်းစတက်သည့် နေ့မှ စ၍ အတန်းပေါင်းစုံမှ ယောင်္ကျားလေးများ လာကြည့်ကြသော်လည်း နန်းသော်တာက မည်သူ့ကိုမှ စိတ်မဝင်စားသကဲ့သို့ သူစိမ်းယောင်္ကျားလေးများနှင့်လည်း အခေါ်အပြော မလုပ်တတ်။ မာန်တို့ အပြင် အရင်ကျောင်းမှ သူမ၏ မိန်းကလေး သူငယ်ချင်းများနှင့်သာ ပေါင်းသင်းဆက်ဆံတတ်သည်။ နန်းသော်တာသည် ယခင်ကလို မဟုတ်တော့ဘဲ ပို၍ မိန်းမဆန်လာကာ အနေအထိုင် သိမ်မွေ့လာသဖြင့် သူမအနား၌ ပုရိသတို့ တိုးသထက် တိုးလာခြင်း ဖြစ်လိမ့်မည်။

နန်းသော်တာ၏ အကိုဝမ်းကွဲ 'မာန်ရိပ်မော်' မှာ အပြစ်ဆိုရက်စရာ မရှိသည့် ရုပ်ရည် ၊ အရပ်အမောင်း ၊ ထူးခြားသည့် လှိုင်းတွန့်ဆံပင်များ ၊ အမှတ်မထင် ပြုံးတတ်သည့် အပြုံးချိုချိုနှင့် မေးစေ့ထက်၌ အထင်းသား နေရာယူထားသော မှဲ့နက်လေးတို့ကြောင့် မာန့်ကို စိတ်ဝင်စားသည့် မိန်းကလေးများကလည်း အမြောက်အများ။ ခက်သည်ကား မာန်က နန်းသော်တာလို မဟုတ်။ သူ့အား လာမိတ်ဆက်သည့် မိန်းကလေးတိုင်းကို လက်ခံစကားပြောတတ်သည်။

ဤကဲ့သို့ သူစိမ်းမိန်းကလေးများနှင့် ရောရောထွေးထွေး နေတတ်သည်မှာ မာန် တစ်ယောက်တည်းတော့ မဟုတ်။ 'မိုးထက်ပိုင်' လည်း ပါသည်။ ရယ်လိုက်လျှင် လှစ်ခနဲ ပေါ်ပေါ်လာတတ်သော တစ်ဖက်တစ်ချက်စီမှ သွားတက်ဖွေးဖွေးလေးများက မိန်းကလေးများကို ရင်ခုန်စေသည်လား မပြောတတ် ... ခပ်လတ်လတ် အသားအရည်နှင့် မိုးထက်အနား၌လည်း မိန်းကလေးများ ဝိုင်းဝိုင်းလည်နေတတ်သည်။ ထိုဝိုင်းဝိုင်းလည်နေသည့် မိန်းကလေးများကိုလည်း မိုးထက်က အကုန် တွဲသည်ချည်းသာ။ ဆယ်တန်းမအောင်သေးသော်ငြား ရည်းစားထားတတ်နေပြီ ဖြစ်သော မိုးထက်သည် ဘယ်မိန်းကလေးကိုမဆို အတည်တကျ မတွဲဘဲ စိတ်ပျော်ရုံသက်သက် တွဲတတ်သည်။

ထိုအုပ်စုထဲတွင် နန်းသော်တာကဲ့သို့ အနေအေးသည်ကား 'ပိုင်မြတ်ဘုန်းသွင်' ... တမူထူးခြားစွာ ဘယ်ဘက်ပါးထက်၌သာ ပါးချိုင့်ပါသည့် ဘုန်းသွင်၏ အပြုံးကို ကောင်မလေးအများစုက သဘောကျကြသည်။ လှိုင်းတို့နှင့်အတူ ရှိမှသာ မြင်တွေ့ရတတ်သည့် ထိုပါးချိုင့်လေးကို မက်မက်မောမော လာကြည့်တတ်ကြသူများက မနည်းမနော။

မာန်တို့နှင့် ပေါင်းမှ အကျပ်ရိုက်ရသည်ကား 'လှိုင်းသံစဉ်' ပင်ဖြစ်၏။ မာန်တို့အုပ်စုကို လာရှိုးကြသည့် ကောင်မလေးများထဲတွင် 'ညိုချော' ဟူသော ဂုဏ်ပုဒ်ကို လက်ကိုင်ပြုရင်း လာချဉ်းကပ်ကြသည့် မိန်းကလေးများသည် မာန်တို့ကို ကြိုက်သည့် မိန်းကလေးများနှင့် ယှဉ်လျှင်တော့ အနည်းအကျဉ်းမျှသာ ဆိုသော်လည်း လှိုင်း မနည်း ရှောင်တိမ်းနေရသည်။ မာန်တို့လောက် လူကြိုက်မများသော်ငြား ခုလိုတွေ အာရုံ စိုက်ခံနေရတာ လှိုင်း တကယ် မကြိုက် ... အနေကျပ်သလို စိတ်လည်း ရှုပ်ရသည်။

"လှိုင်း ...
ဪ တီချယ် ... သမီးကို ဝင်ခွင့်ပြုပါ။"

နန်းသော်တာသည် လှိုင်း၏နာမည်ကို အော်ခေါ်ပြီးမှ ဆရာမကို မြင်သွားသဖြင့် အမောတကော ခွင့်တောင်းရသည်။ ဆရာမက ဝင်ခွင့်ပြုလိုက်တော့လည်း ထပ်မံ ခွင့်တောင်းရပြန်သည်။

"သမီး လှိုင်းကို ခဏလောက် ခေါ်သွားလို့ မလား တီချယ်။ အရေးကြီးလို့ပါ။"

နန်းသော်တာက ပြောသောအခါ မြန်မာစာ စာစီစာကုံး ပြိုင်ပွဲအတွက် လိုအပ်သည်များ သင်ကြားပေးနေသည့် သဘောကောင်းသော မြန်မာစာ ဆရာမက ခွင့်ပြုသည်။ ထို့ကြောင့် လှိုင်းလည်း နန်းသော်တာနှင့်အတူ စာသင်ခန်းထဲမှ ထွက်လာလိုက်ရသည်။

"ဘာဖြစ်လို့လဲ နန်းနန်း ..အလန့်တကြားနဲ့။"

မောဟိုက်နေသည့် နန်းသော်တာက အသက်ကို ပြင်းပြင်းရှူရင်း စကားပြောရန် အားယူနေသည်။

"ကိုကိုး ..ကိုကိုး ရန်ဖြစ်နေတယ်။"

"ဘာ"

မုန့်စားကျောင်းဆင်းချိန်၌ ဆူညံနေသော ကျောင်းဝင်းထဲ လှိုင်း၏အသံသည် အရမ်း ကျယ်သွားလေသလား မပြောတတ် ... အနီးအနားရှိ ကျောင်းသူ ကျောင်းသားတစ်ချို့ကတောင် လည်ပြန် လှည့်ကြည့်လာသည်။ နန်းသော်တာ၏ စကားက လှိုင်း၏ နားစည်တည့်တည့်ကို မိုးကြိုးပစ်ချလိုက်သလိုကို ပဲ့တင်ထပ်သွားသည်။

"ငါ့ကို E ခန်းက ဝဏ္ဏအောင်က ရည်းစားစကား ပြောလွှတ်လိုက်တာကို ကိုကိုးတို့ သိသွားတော့ ဟိုတစ်ယောက်ကို သွားရှင်းမယ်ဆိုပြီး ထွက်သွားတယ်။ လိုက်တားပါဦး လှိုင်းရာ။"

"ဘုန်းသွင်နဲ့ မိုးထက်ကရော ကိုရိပ်ကို မတားကြဘူးလား။"

"သူတို့ကပါ ကိုကိုးနောက် လိုက်သွားကြလို့ပေါ့ဟ။ မြန်မြန် E ခန်းကို နင်လိုက်သွားပါဟာ ... တော်ကြာ အခြေအနေတွေ ပိုဆိုးကုန်မယ်။"

နန်းသော်တာ၏ စကားဆုံးသည်နှင့် လှိုင်း E ခန်းသို့ ဦးတည်ပြီး ခြေထောက်၌ မော်တာ တပ်ကာ အမောတကော ပြေးရတော့သည်။ ဝဏ္ဏအောင်ဆိုသူက ကျောင်းရဲ့ ဇိုး ... လက်ရဲဇက်ရဲ နိုင်လွန်းသည့်အပြင် ခဏခဏ ရုံးခန်းခေါ်ခံရသည့် သူ။ လှိုင်း အတတ်နိုင်ဆုံး မြန်မြန် ပြေးနေသော်လည်း ခြေလှမ်းတွေက နှေးကန်နေသလိုပဲ ... E ခန်းကို တော်တော်နှင့် မရောက်နိုင် ဖြစ်နေသည်။

E ခန်းရှေ့ ရောက်သည်နှင့် ရင်ဝကို စောင့်ကန်လိုက်သည့်နှယ် အမောဆို့သွားရသည်။ ကြမ်းပြင်၌ လဲနေသည့် မာန်သည် သူ့အပေါ် အုပ်မိုးနေသည့် ဝဏ္ဏအောင်၏ လက်သီးများကို အမိအရ ဖမ်းဆုပ်ထားသည်။ တစ်ဖက်တစ်ချက်တွင်လည်း ထိုးကြိတ်နေကြသည့် မိုးထက်ကို မြင်နေရသည်။ မိုးထက်သည် ပျော်ပျော်နေတတ်သော်လည်း နဂိုကတည်းက ထစ်ခနဲရှိ လက်ပါတတ်သူမို့ ဝဏ္ဏအောင်၏ သူငယ်ချင်း ဖြစ်ဟန်တူသည့် တစ်ယောက်အား ဆင့်ကာ ဆင့်ကာ ဦးဆောင် ထိုးနေသော်လည်း ဘုန်းသွင်မှာမူ အနေအေးသူပီပီ ဝဏ္ဏအောင်ကို မထိုးဘဲ နောက်မှ အားကုန် ဆွဲနေသည်။ ဘုန်းသွင်က ဆွဲနေလျက်ပင် မာန့်မျက်နှာပေါ် ကျရောက်လာသော ဝဏ္ဏအောင်၏ လက်သီးချက်ကြောင့် အတန်းထဲ လှိုင်းသည် လေအလျင်ဖြင့် မာန့်အပေါ်ရှိ ဝဏ္ဏအောင်ဆီ ပြေးကာ အရှိန်ဖြင့် ကန်လိုက်တော့ ဝဏ္ဏအောင် ပက်လက်လဲသွားကျသည်။

ထိုမျက်နှာ ... မာန့်ကို ထိုးလိုက်ရ၍ အောင်နိုင်သူတစ်ယောက်လို အပြုံးပန်း ပန်ဆင်ထားသော ထိုမျက်နှာကို လှိုင်း ဆင့်ကဲ ဆင့်ကဲ ထိုးနေမိသည်။ ရုတ်တရက်မို့ ကြောင်အမ်းအမ်း ဖြစ်နေသည့် ဝဏ္ဏအောင်က ခဏတာ လှိုင်း၏ လက်သီးချက်များကို မခုခံနိုင်ဘဲ ငြိမ်ခံနေသည်။ ပြီးနောက်မှ သတိပြန်ဝင်လာဟန်ဖြင့် သူ့ပေါ် အုပ်မိုးကာ ထိုးနေသည့် လှိုင်းကို ပြန်ဆောင့်တွန်းကာ အားကုန် ထိုးမည်အလုပ် လှိုင်းက မြောက်တက်လာသော လက်သီးကို ပြန်ဖမ်းဆုပ်ထားသဖြင့် ဝဏ္ဏအောင်၏ ရည်ရွယ်ချက်မှာ မပြည့်ဝပေ။ သူ့လို ဇိုးတစ်ယောက်ကို မကြောက်မရွံ့ ထိုးနှက်နေသည့် လှိုင်းအား သတ်ဖြတ်တော့မလို စူးစိုက်စိုက် ကြည့်ကာ ကျန်လက်တစ်ဖက်ဖြင့် လှိုင်း၏ နှုတ်ခမ်းထောင့်ကို ထိုးချလိုက်သည်။ သိပ်မပြင်းလှသော လက်သီးအရှိန်သည် လှိုင်း၏ အမျက်ဒေါသအတွက် လောင်စာတစ်ခုနှယ် ပို၍ ဆူပွက်လာစေသည်။ လှိုင်းနှင့် ဝဏ္ဏအောင် အပြန်အလှန် ထိုးရန် လက်သီးလက်မောင်းတန်းနေကြစဉ် အခြေအနေ မဟန်တော့သဖြင့် E ခန်းထဲမှ ယောင်္ကျားလေးများသာမက မိုးထက်နှင့် ဘုန်းသွင်ကပါ ဝင်ဆွဲကြသဖြင့် ရန်ပွဲ တစ်ခန်း ရပ်သွားရသည်။ ဘုန်းသွင်တို့က အတင်း ဆွဲထားတော့မှ ဝဏ္ဏအောင်ဆီမှ အကြည့်လွှဲပြီး နောက်နားတွင် ရပ်နေသည့် မာန့်ကို လှိုင်း သေချာကြည့်မိသည်။

သွေးတွေ ... မာန့်နှုတ်ခမ်းထောင့်မှာ ရဲရဲနီနေသော သွေးတွေ။ ဘုန်းသွင်တို့ ဆွဲထားသော လက်များမှ ရုန်းထွက်ကာ မာန့်အနား လှိုင်း ချက်ချင်း ချဉ်းကပ်သွားပြီး ပါးစပ်မှ အနာကို ငေးကြည့်နေမိတော့ လှိုင်းကို မာန်ကလည်း အံ့အားသင့်နေဟန်ဖြင့် မျက်လုံးအဝိုင်းသားနှင့် ပြန်ငေးကြည့်နေသည်။

"ကိုရိပ် ... သွေးတွေ"

လှိုင်းက သွေးများကို သုတ်ပေးချင်သော်လည်း မရဲတရဲ ဟန်ပန်ဖြင့် တွန့်ဆုတ်နေရင်း ဆိုလိုက်မိသည့် စကားအဆုံး၌ နှုတ်ခမ်းထောင့်မှ သွေးများကို မာန်က လက်ဖမိုးနှင့် ဖိသုတ်လိုက်သည်။ လက်ဖမိုးထက် နေရာယူသွားသည့် သွေးများက ဖွေးဆွတ်နေသော အသားအရေကြောင့် ပိုပြီး နီရဲနေသလိုပဲ။

"ဘာမှ မဖြစ်ပါဘူးကွာ။ တစ်ချက်တည်းပါ ... မင်းသာ ဟိုကောင်ကို ထိုးလိုက်တာ ရစရာ မရှိဖြစ်သွားတာ ... အဟက် ..."

ရယ်သည် ... ပြောနေရင်းဖြင့် လှိုင်း ကျောခိုင်းထားရာ အနောက်မှ ဝဏ္ဏအောင်ကို လှမ်းကြည့်ပြီး သဘောတကျ ခပ်ဟဟ ရယ်နေသည်။ ထိုအခါမှ လှိုင်း နောက်လှည့်မိသည်။ မိမိမျက်လုံးကိုပင် မယုံကြည်နိုင် ဖြစ်သွားရသည် ... မာန် ပြောသလို ဝဏ္ဏအောင်၏ မျက်နှာက တကယ် သွေးသံရဲရဲဖြင့် အနာတရများစွာနှင့် ရစရာ မရှိ ဖြစ်နေသည်။ သူ လူတစ်ယောက်ကို ယခုလောက်ထိ အခြေအနေ ဆိုးသွားအောင် မစာမနာ ထိုးလိုက်သည်လား။

ဝဏ္ဏအောင်ကို လှည့်ကြည့်ပြီး ခပ်ဟဟ ပွင့်လာသည့် လှိုင်း၏ နှုတ်ခမ်းပါးများက အံ့ဩမှုတစ်စွန်းတစ်စကို သွယ်ဝိုက်နည်းဖြင့် လှစ်ဟာပြနေသည်။

"ဒါ ဘယ်လိုတွေ ဖြစ်နေကြတာလဲ။"

အတန်းထဲ ထွက်ပေါ်လာသော အတန်းမှူးဆရာမ၏ မေးခွန်း၌ မောဟိုက်မှုတို့ကို ဒေါသရိပ်တို့က ဝန်းရံထားသည်။ မုန့်စားဆင်းချိန် ဆရာမများအားလုံး အစည်းအဝေး သွားတက်ကြသဖြင့် ဖြစ်ချင်တိုင်း ဖြစ်နေသည့် ယခု အခြေအနေက အတန်းမှူးကို လုံလောက်သည်ထက် ပိုသော ဒေါသကို ပေါ်ပေါက်စေမှန်း လှိုင်းတို့အားလုံး သဘောပေါက်ကြသည်။

မုန့်စားကျောင်းပြန်တက်တော့ လှိုင်းတို့ ၅ ယောက်ကိုသာမက ဝဏ္ဏအောင်နှင့် သူ၏ သူငယ်ချင်း စိုင်းလင်းကို အတန်းမှူးက သေချာ တစ်စုတစ်စည်းတည်း ခေါ်ကာ စစ်မေးသည်။

"သမီးကြောင့် ဖြစ်ရတာပါ တီချယ်။"

နန်းသော်တာက မည်သူ့ကိုမှ အပြစ်မဖြစ်စေချင်သဖြင့် ပြဿနာအားလုံး၏ အရင်းခံဟာ သူမပါ ဟု ဝန်ခံစကား ဆိုရှာသည်။

"မဟုတ်ဘူး တီချယ်။ ပြဿနာက ရှာတဲ့သူ မရှိရင် မဖြစ်ပါဘူး။ အခုကိစ္စက နန်းနန်းကို အဲ့ကောင် ရည်းစားစကား လာပြောရုံ မကဘဲ ရိသဲ့သဲ့ လာလုပ်လို့ ဖြစ်ရတာ။"

"ဘာပြောတယ်"

မာန့်စကား ကြားတော့ ဝဏ္ဏအောင်ကလည်း မာန်ဖီကာ ထအော်သည်။ နှစ်ဦးစလုံး၏ မျက်လုံးများသည် မီးဝင်းဝင်း တောက်လောက်နေသည်။

"မင်းကြားတဲ့အတိုင်းပဲလေ။"

"တိတ်ကြစမ်း ..ငါ့ရှေ့မှာ ထသတ်ကြတော့မလို့လား။ ဝဏ္ဏ ..မင်းလည်း မင်းပဲ။ ဘာလို့ သမီးနန်းနန်းကို ရည်းစားစကား သွားပြောတာလဲ။ မင်းတို့က ဒီအရွယ်မှာ ဒါတွေ စိတ်ဝင်စားစရာလား။ နောက်ပြီး မာန် ..မင်းကလည်း ဒီကိစ္စကို တီချယ်တို့ကို လာပြောလေ။ ခုလိုမျိုး ပြဿနာကို ရှင်းတော့ အကုန် ရှုပ်ကုန်တာပေါ့။ ဘုန်းသွင်တို့ စိုင်းတို့ကလည်း ကိုယ့်သူငယ်ချင်းတွေကို မထိန်းဘဲ ရန်လိုက်ဖြစ်လို့ ဘယ်ဖြစ်မလဲ။ အဆိုးဆုံးကတော့ လှိုင်း ..မင်းကရော ဘာလို့ ဝဏ္ဏကို ဒီလောက်ထိ ထိုးလိုက်ရတာလဲ။"

တစ်ယောက်ချင်းစီ၏ အပြစ်ကို ထောက်ပြနေသည့် အတန်းမှူးက နောက်ဆုံး လှိုင်းဘက်သို့ မြားခေါင်းလှည့်လာသည်။ အတန်းမှူးဆရာမ မေးသည့် မေးခွန်းအတွက် လှိုင်း၌ အဖြေ အသင့်ရှိသည် ... "ကိုရိပ်ကို ထိုးလိုက်လို့ပါ တီချယ်"။ သို့သော် အမျိုးအမည် ခွဲခြားမရသော ခံစားချက်တစ်ခုက လှိုင်းကို ဟန့်တားနေသည်။

"ဒီကိစ္စက တစ်ယောက်တည်းရဲ့ အမှား မဟုတ်ဘူး။ အားလုံး အတူတူ မှားကြတာ။ အဲ့အတွက် မနက်ဖြန် အကုန်လုံး မိဘခေါ်ခဲ့ ..သမီးနန်းနန်း မပါဘူး။"

အခုလို အချိန်မျိုးကျပြန်တော့ အကုန်လုံးက သွေးစည်းကြသည်။ ဆရာမ၏ ပြောစကားကို "ဟုတ်ကဲ့" ဟူ၍ပင် ပြန်မပြောဘဲ အားလုံး ငြိမ်သက်နေကြသည်။ မာန်တို့အာလုံး အခန်းထဲ ပြန်ရောက်တော့ အတန်းထဲမှ လူများ၏ စူးစမ်းအကြည့်များက မာန်တို့နား တဝဲလည်လည်။ သူတို့ ကျောင်းကို ရောက်လာတာဖြင့် နှစ်ဝက်ပင် မရှိသေးသည့် မာန်တို့ အုပ်စုက သူတို့ ကျောင်း၏ ဇိုးနှင့် ရန်ဖြစ်သည်ဆိုသည့် သတင်းသည် ဟိုးလေးတကျော်ကျော်။

လှိုင်းတို့အုပ်စုထဲ၌ အထိုးမခံရသည်ဆိုလို့ ပိုင်မြတ်ဘုန်းသွင်သာ ရှိမည်။ ကျန်သည့် မိုးထက် ၊ မာန်နှင့် လှိုင်းတို့၏ မျက်နှာ၌ ဒဏ်ရာကိုယ်စီ တည်နေသည်။ အတန်းထဲ၌ သုံးယောက် တစ်တန်း ထိုင်ရသည့်အတွက် ဘုန်းသွင် ၊ မာန်နှင့် လှိုင်းက နှစ်စကတည်းက အတူ တွဲထိုင်သည်။ မိုးထက်ကတော့ မာန်တို့ နောက်လိုင်း၌ ဤကျောင်းသစ်ရှိ ကျောင်းသားတစ်ယောက်နှင့် နှစ်ယောက်တည်း ယှဉ်ထိုင်သည်။

မိုးထက် နေရာ၌ ဝင်ထိုင်သည်ဆိုလျှင်ပဲ နားကြပ်ကို တပ်ကာ စာအုပ်ကိုသာ မမှိတ်မသုန် ပေါက်ထွက်မတတ် ကြည့်နေသည့် တစ်ဖက်လူ၏ နားကြပ်တစ်ဖက်ကို ဆွဲဖြုတ်လိုက်သည်။ သည်အတိုင်း နားကြပ်သာ အမြဲတပ်ထားပြီး ပတ်ဝန်းကျင်ကို အာရုံမရှိလျှင် သူ့ဘေး၌ ကမ္ဘာပျက်နေလျှင်တောင် ကျေးဇူးရှင်က သိမည့်ပုံ မပေါ်။ မိုးထက်၏ လုပ်ရပ်ကြောင့် စက္ကန့်မလပ် မျက်စောင်းတစ်ချက် လှမ်းခဲပြီး တစ်ခုခုပြောရန် ပါးစပ်ပြင်ပြီးမှ အံ့အားသင့်သွားဟန်ဖြင့် မျက်ရစ် ထင်းနေသော မျက်ဝန်းများ အနည်းငယ် ဝိုင်းစက်သွားကာ ခပ်ဟဟ ဖြစ်နေသည့် နှုတ်ခမ်းဖူးလေးများမှ ပွင့်ထွက်လာမည့် စကားလုံးများ တန့်သွားသည်။

"ငါ့ကို ဘာလို့ ဒီလောက် ကြည့်နေတာလဲ။ ငါ ချောလို့လား။"

စိုးရိမ်ရိပ်သန်းသွားသော မျက်ဝန်းများသည် သွားတက်များ ပေါ်အောင် ရယ်ပြလာသည့် အချိုးမပြေသော မိုးထက်၏ စကားကြောင့် ပြန်လည် မှေးစင်းသွားကာ အကြည့်တို့ကို လွှဲဖယ်သွားသည်။ သည်နောက်မှ မိုးထက် ကြားနိုင်ရုံမျှ ခပ်မာမာ ဆိုလာသည်။

"မင်း ကိုယ့်စကားဆို ဘယ်တော့မှ နားမထောင်ဘူးနော် ရိန်း။"

ခပ်တည်တည် မျက်နှာထားသည် တည်တင်းလျက်ရှိရာ မိုးထက်က စားပွဲ၌ ခေါင်းမှောက်ကာ တစ်ဖက်လူ ရှိရာဘက်သို့ ခေါင်းစောင်းကြည့်လိုက်သည်။ သူ့ကို ကြည့်မနေသော တစ်ဖက်သူမှာ ဘေးတိုက်အနေအထားဖြင့်ပင် ချောမောခန့်ငြားမှု အရှိန်အဝါများ ဝန်းရံ ခစားနေသည်။

"ငါက ဘာလုပ်နေလို့လဲ စန်းရ။"

မိုးထက် ဖြုတ်လိုက်သည့် နားကြပ်တစ်ဖက်ကို ရှိုင်းနောင်ခန့်က ပြန်တပ်မည့်ဟန် ပြင်နေသည့်အတွက် မိုးထက်က လက်ကို ဖမ်းဆွဲပြီး ဟန့်တားလိုက်ရာ လွှဲဖယ်ထားသော မျက်ဝန်းတစ်စုံဖြင့် ခပ်စူးစူး ပြန်ကြည့်လာသည်။ မျက်မှန်ဝိုင်းများအောက်၌ တည်နေသော အကြည့်တို့မှာ အမျက်ဒေါသ၏ ပံ့ပိုးမှုကြောင့် စူးရှနေသော်လည်း ထုံးစံအတိုင်း အသက်မပါ။

"မင်းကို ရန်မဖြစ်ဖို့ ကိုယ် မပြောထားဘူးလား။"

ခပ်ပြတ်ပြတ် မေးသံအဆုံး မိုးထက် နှုတ်ခမ်းဆူလိုက်မိသည်။ သူ့ကို စူးရဲရဲ စိုက်ကြည့်နေဆဲ ဖြစ်သည့် အကြည့်တို့သည် မိုးထက်ကို ဖြေရှင်းချက်တို့ ထပ်မံ ဖွင့်ဟလာစေရန် တွန်းအား ပေးနေသယောင်။

"အဲ့ ဝဏ္ဏအောင်ဆိုတဲ့ ကောင်က အရင်ရန်စတာ စန်းရဲ့။ မင်းမယုံရင် မာန်တို့ကို မေးကြည့်လို့ ရတယ်။ မာန် ငါပြောတာ ဟုတ်တယ်မလား ..သူတို့ဘက်က အရင် စည်းကျော်တာ။"

"အင်း"

ရှေ့နေလာငှါးနေသည့် မိုးထက်အား မာန် တစ်ခွန်းသာ ပြန်ပြောလိုက်သည်။ ဝဏ္ဏအောင် ဆိုသည့် အနှီကျက်သရေတုံး ထိုးလိုက်သည်က နာရသည့်အထဲ မိုးထက်ပိုင်က ရှိုင်းနောင်ခန့်ရှေ့ သူ မှန်ကန်ကြောင်း သက်သေထူကာ နာမည်ကောင်း ဝင်ယူနေလေရာ မာန် စိတ်ရှုပ်လာရသဖြင့် စားပွဲထက် ခေါင်းမှောက်ကာ အိပ်နေလိုက်သည်။

"တွေ့လား ..အင်းတဲ့။ ငါ့အလွန် မဟုတ်ဘူးနော် စန်း။ ကဲပါ ငါ့ကို ပြုံးပြပါဦး ..မင်း အမြဲ အဲ့လို ခပ်တည်တည်‌ နေနေလို့ မင်းနား ဘယ်သူမှ မကပ်ရဲတာ။ ငါ့လို လိုက်ပြုံးကြည့် ..smile"

မိုးထက်က မျက်လုံးများ မှိတ်သွားသည်အထိ ပြုံးပြကာ ရှိုင်း၏ ပါးကို သူ၏ လက်နှစ်ဖက်ဖြင့် ကိုင်ရင်း နှုတ်ခမ်းထောင့်များကို လက်ဖြင့် ပင့်တင်ကာ အပြုံးကို သူကိုယ်တိုင် ဖန်တီးနေလေသည်။ တော်တော် ပိုင်စိုးပိုင်နင်း နိုင်သည့် ကောင် ... ရှိုင်းကို တစ်ချက် ခွင့်မတောင်းဘဲ အမြဲ လက်ဆွဲလိုက် ၊ ပုခုံးဖက်လိုက် ၊ ပါးဆွဲလိုက်နှင့်။

"ဘာလို့ မျက်နှာလာရူးနေတာလဲ ရိန်း ..ကိုယ့်ကို မင်းရည်းစားလို့များ ထင်နေတာလား။ ပါးတွေ လာလာ မဆွဲနဲ့။ ကိုယ်မကြိုက်ဘူး။"

"စန်းကလည်းကွာ ..ငါက ချစ်လို့ စတာကိုး။ မင်းကရော ဘာလို့ ဒီလောက် ‌ဒေါသထွက်နေရတာလဲ။ ရန်ဖြစ်တာက သူတို့ဘက်က အရင် ရန်စတာပါဆိုနေ။"

"ရန်စတိုင်း ပြန်တုံ့ပြန်ရမယ်လို့ မင်းကို ဘယ်သူပြောလဲ။ ရိန်း ..မျက်နှာမှာ အမြဲ ဒဏ်ရာဒဏ်ချက် တစ်ခုခု ရှိနေမှ မင်းက နေသာထိုင်သာ ရှိတာလား။ ဒါဆိုလည်း သဘောပဲ ..မင်းရန်ဖြစ်ရင် ကိုယ် ဘယ်တော့မှ မတားတော့ဘူး။ မင်းဆန္ဒရှိတဲ့အတိုင်း လုပ်ချင်တာသာ လုပ်တော့။ နောက်ပြီး ... ချစ်လို့ ဆိုတဲ့ စကားကို ရင်ထဲက မပါဘဲ ဘယ်တော့မှ မပြောနဲ့။"

တည်တည်ငြိမ်ငြိမ် တင်းတင်းမာမာ ပြောနေရင်း ရှိုင်းက နားကြပ်တစ်ဖက်ကို နားထဲ ပြန်ထည့်လိုက်သည်။ စိတ်တိုသွားပြန်တာလား။ ရှိုင်း စိတ်ဆိုးလျှင် မိုးထက် ပြန်မချော့တတ်။ ငယ်စဉ်ကတည်းက မာန်တို့နှင့် ပေါင်းလာခဲ့သော်လည်း သူ့ကြောင့် ဘုန်းသွင်တို့ အားလုံးက စိတ်ဆိုးသည်မှာ ခပ်ရှားရှားရယ်။ စိတ်ဆိုးလျှင်လည်း မာန်ရိပ်မော်သာ ဖြစ်လိမ့်မည်။ မာန် စိတ်ဆိုးခဲ့လျှင်တောင် သူက အရွှန်းဖောက်လိုက်လျှင် စိတ်ဆိုးပြေသွားသည်ချည်းသာ။ သို့သော် ယခု ရှိုင်းနောင်ခန့်ကတော့ မတူ။ မိုးထက်၏ ရယ်ရွှင်ဖွယ်စကားများ ကြားလျှင်လည်း ဆွံ့အ နားမကြားသူတစ်ယောက်နှယ် အဖက်လုပ်ကာ ရယ်မောခြင်း မရှိသကဲ့သို့ အရေးတယူ စကားပြန်ပြောခြင်းလည်း နည်းပါးသည်။ အချိန်တိုင်း နားကြပ်ကို နားထဲ ထည့်ကာ တစ်ယောက်တည်း ကိုယ်ပိုင် ကမ္ဘာ တည်ဆောက်နေတတ်သည်။ ယခုလောက် စကားပြောကာ မိုးထက်ကို မာန်မဲလာသည်မှာလည်း ခင်မင်လာသည်မှာ အင်းလျားကန်ဘောင်မှာ စခင်သည့် အချိန် အပါအဝင် ၃ လခန့် ရှိနေပြီ ဖြစ်သောကြောင့်ပင်။

ဒါပေသိ ရှိုင်း၏ ထိုသို့ မှုန်ကုပ်ကုပ် မျက်နှာထားသည် မိုးထက်ကို စိတ်လှုပ်ရှားစေသည်ကိုတော့ ငြင်းဆန်မရ။ ဒဂုံ (၁) ၌ ကျောင်းစတက်သည့် နေ့က အတန်းထဲ ဝင်လာသည်နှင့် တစ်ယောက်တည်းသာ ထိုင်နေသည့် ရှိုင်းကို တွေ့လိုက်ရာ မိုးထက် အပျော်ကြီး ပျော်ခဲ့ရသည်။ ဒဂုံ (၁) ၌ တက်ခွင့်ရကတည်းက ရှိုင်းနှင့်တစ်ကျောင်းတည်း တက်ရတော့မည် ဆိုသည့် အသိသည် စာမသင်ချင်သည့်သူ့ကို ကျောင်းတက်ဖို့ တက်ကြွလာစေသည်။ ရှိုင်းသည် ယခင်ကလှိုင်းနည်းတူ အပေါင်းအသင်း တစ်စုံတစ်လေ မရှိသော်ငြား လှိုင်းနှင့် ကွဲလွဲစွာ အားနာစိတ် အလျဉ်းမရှိဘဲ လူကို အဖက်မလုပ်နိုင်စွမ်းက ကြီးမားလှသည်။ ဒါပေမဲ့ ဤအချက်သည်ပင် ရှိုင်းအား ပို၍ပင် စိတ်ဝင်စားစရာ ကောင်းနေစေသည်။ ယခုလည်း ကြည့် ... အရင်က ရန်ဖြစ်တိုင်း မိုးထက်၏ ဒဏ်ရာများကို ဆေးလိမ်းပေးတတ်သော်လည်း မိုးထက်က လိမ်းပေးဖို့ မတောင်းဆိုမချင်း မျက်နှာပေါ်ရှိ ဒဏ်ရာများကို မြင်လျှင်တောင် ဘယ်သောအခါမှ အရေး မစိုက်ဘဲ မှင်သေသေဖြင့်သာ ဘာသိဘာသာ နေတတ်သည်။

"စန်း ..."

သံရှည်ဆွဲခေါ်ရင်း နားကြပ်ကို ဒုတိယအကြိမ် ထပ်ဆွဲဖြုတ်လိုက်ရာ မပြောင်းလဲသော ခံစားချက်မဲ့နေသည့် အကြည့်တို့ဖြင့် ကြည့်လာပြန်သည်။ ခက်သည်ကား ရှိုင်း၏ ထိုအကြည့်တို့ကို မိုးထက် သဘောကျလို့ မဆုံး ဖြစ်နေခြင်းပင်။

"နာတယ် ..ငါ့ကို ဆေးလိမ်းပေး။"

အထိုးခံလာရသော ညာဘက် မျက်လုံးအောက်နားရှိ အနာကို လက်ဖြင့် အသာ ကိုင်ကာ သနားကမားအမူအရာဖြင့် တောင်းဆိုရာ ရှိုင်းက မျက်နှာသေသေဖြင့် ခပ်တိုးတိုး ပြောလာသည်။

"ရန်မဖြစ်ဖို့ ကိုယ် ခဏ ခဏ တားတယ်လေ။ မင်းမှ နားမထောင်တာ။ အဲ့အတွက် မင်း အနာကိုလည်း ကိုယ် ဆေးမလိမ်းပေးနိုင်ဘူး။"

"စန်းကလည်းကွာ ..ရုပ်လေးက ဒီလောက် ချစ်ဖို့ကောင်းပြီး အဲ့လို စိတ်မပုပ်ရဘူးလေ။ လုပ်ပါ ဆေးလိမ်းပေးလို့ ..နော်။ မင်း ဆေးမလိမ်းပေးရင် ငါက နာနာနဲ့ အကြာကြီး နေနေရတော့မှာပေါ့။ စန်း ..ဆေးလိမ်းပေးကွာ နော် ..နော်လို့။"

အတင်းလက်မောင်းကို ဆွဲကာ ချွဲနွဲ့ပြောဆိုနေသည့် ဟန်ပန်ကို ရှိုင်း တုံ့ပြန်ပုံက မထုံတတ်သေးဖြင့်။ အမှန်ကို ပေါင်းရ သင်းရ ခက်သည့် လူပင်။ လက်မောင်းကို အတင်း ဆွဲထားသည့် မိုးထက်၏ မျက်နှာကို ကြည့်ရင်း ရှိုင်း သက်ပြင်းသာ ချရတော့သည်။

"ကိုယ့်လက်ကို လွှတ်။"

မိုးထက်က ချက်ချင်း လက်ကို လွှတ်ပေးလိုက်ပြီး မှိုရသလို ပြုံးဖြီးဖြီး လုပ်နေသည်။ ရှိုင်းက သူ၏ လွယ်အိတ်ရှေ့ဇစ်ထဲရှိ အရက်ပြန် ၊ ဂွမ်းထုပ်နှင့် လိမ်းဆေးကို ထုတ်ကာ ဆေးလိမ်းခြင်းအမှုကို စတင် ပြုလုပ်ရတော့သည်။ ဤပစ္စည်းများသည် မိုးထက်နှင့် ပေါင်းမှ ရှိုင်းနောင်ခန့်၏ မရှိမဖြစ်အရာများနှယ် အရေးပါလာသဖြင့် သွားလေရာ ဆောင်ထားရတော့သည်။

"အား ဖြည်းဖြည်း ..နာတယ်။ နာတယ် စန်းရ။ ဖြည်းဖြည်းလုပ် ..."

"အရှက်မရှိ အော်မနေနဲ့လေ။ မင်း ယောင်္ကျားမဟုတ်ဘူးလား။ လုပ်ရဲရင် ခံရဲရမှာပေါ့။"

မိုးထက်၏ အော်သံကြောင့် ရှေ့လိုင်းမှ မာန်တို့ သုံးယောက်အပြင် ဘေးဘီကပါ သူတို့ကို ကြည့်လာသဖြင့် မိုးထက် ပါးစပ်ကို ပိတ်ထားလိုက်ရသည်။ မာန်တို့ကလည်း မိုးထက်ပိုင်ကို ထိန်းချုပ်နိုင်မည့်သူကို တွေ့ဆုံ ကြုံကြိုက်ထားသဖြင့် ဘာမှ ဝင်မစွက်ဖက်ဘဲ မသိချင်ယောင်သာ ဆောင်နေကြသည်။

မုန့်စားကျောင်း ပြန်တက်ပြီးချိန်မှစ၍ ကျောင်းမဆင်းမချင်း လှိုင်း စာထဲ အာရုံစိုက်လို့ မရ။ ဆရာမတစ်ယောက် ထွက်သွားပြီး နောက်ဘာသာ ဆရာမ အတန်းထဲ ဝင်လာတိုင်း "မင်္ဂလာပါ ဆရာမ" ဟု နှုတ်ခွန်းဆက်သနေရသော်လည်း အကြည့်တို့ကို ဘေးနား ထိုင်နေသည့် မာန့်ဆီမှ ခွါမရ။ သွေးဆို့နေသည့် နှုတ်ခမ်းထောင့်ကို မြင်တိုင်း ထွက်လာရသည့် ဒေါသဆိုသည်မှာလည်း အတိုင်းအဆ မဲ့စွာ။

ကျောင်းဆင်းခေါင်းလောင်းထိုးသံ ကြားသောအခါ လှိုင်း ရှေ့ဆုံးမှ တန်းစီလိုက်သည်။

"ကိုရိပ် ဒီမှာ နေရာလွတ်တယ်။ ကျွန်တော့်အနား လာခဲ့။"

မာန့်ကို အနားဆွဲခေါ်ရင်း ကျောင်းပြင်သို့ မြန်မြန် လျှောက်လာရသည်။ ကျောင်းဝင်းအပြင်ရောက်တော့ မာန့်ကို ကားထဲ၌ ခဏစောင့်နေစေကာ အနီးအနားရှိ ဆေးဆိုင်ကို ခြေသော့တင်ကာ ပြေးရသည်။ ဆေးဝယ်ပြီးသည်နှင့် ကားဆီပြန်လာတော့ ဦးပြုံးက မာန့်နှုတ်ခမ်းထောင့်မှ ဒဏ်ရာကို ကရုဏာသက်စွာဖြင့် ကြည့်နေသည်။

"ဘယ်တွေ သွားနေတာလဲ။"

"ကိုရိပ် အနာကို ဆေးထည့်ပေးမလို့ ကျွန်တော် ဆေးသွားဝယ်တာ။"

"ဟာ အဲ့တာတွေ မလိုပါဘူး ..ရှုပ်ရ ရှုပ်နဲ့။ ငါ ယောင်္ကျားလေးပါကွ။ ဒီလောက်လေးကတော့ စာတောင် မဖွဲ့ဘူး။ ဒီဒဏ်ရာလောက်နဲ့လည်း သေမသွားဘူး။"

"အသက်နဲ့ အဝေးကြီးမှန်းတော့ သိတာပေါ့ ကိုရိပ်ရယ်။ ဒါမဲ့ ဆေးကတော့ မထည့်လို့ မရဘူး။ ဘယ်အနာမဆို ဂရုမစိုက်ရင် အမာရွတ် ကျန်ခဲ့တတ်တယ်ဗျ။ ကျွန်တော့်စကား ဒီတစ်ခါတော့ နားထောင်ပါ ကိုရိပ် ..နော်။"

အားတက်သရော ပြောပြီး ဂွမ်းဖြူဖြူကို ထုတ်ကာ အရက်ပြန် ဆွတ်နေသည့် လှိုင်းအား မာန် ဟန့်တားမနေတော့ဘဲ လွှတ်ထားလိုက်တော့သည်။ လှိုင်းတစ်ယောက် ဒီနေ့ တကယ် စိတ်တိုနေသည် ... ၂ နှစ်နီးပါး အတူရှိခဲ့ချိန်များ၌ မာန့်ရှေ့ ဒေါသထွက်ခဲသည့် လှိုင်းကို ဒေါသများ ကင်းဝေးရာ ငြိမ်းချမ်းသော လူသားတစ်ဦးအဖြစ် မာန် မှတ်ယူထားခဲ့သည်။ သို့သော် ယနေ့ ဒေါသမီး ဟုန်းဟုန်း တောက်လောင်နေသည့် အကြည့်တို့ကို ကွက်ကွက်ကွင်းကွင်း မြင်တွေ့လိုက်ရသည်။ ဘယ်အရာက လှိုင်းကို သည်လောက် ဒေါသဖြစ်သွားစေမှန်း မာန် မခန့်မှန်းတတ်။

"အာ့"

အရက်ပြန်နှင့် ထိတွေ့မှုကြောင့် စပ်သွားသဖြင့် မာန် မရည်ရွယ်ဘဲ အာမေဋိတ်သံ ပြုမိသည်။

"ကိုရိပ် ခဏလေး သည်းခံနော်။ ပြီးတော့မှာ ..ပြီးတော့မှာ။"

ပြောပြောဆိုဆိုနှင့် မျက်နှာကို အနားပိုတိုးကပ်လာကာ မာန့်နှုတ်ခမ်းထောင့်ကို လေမှုတ်ပေးသည်။ အနီးကပ် မြင်တွေ့ရသည့် မျက်မှန်အောက်ရှိ မျက်ဝန်းများသည် ရန်ဖြစ်တုန်းက ဒေါသမီးများ လောင်မြိုက်နေသလောက် ယခုကျ သူမတူအောင် အေးချမ်းနေသည်။ မာန်၏ ဒဏ်ရာကို ဆေးလိမ်းပေးပြီးမှ "ရပြီ ကိုရိပ်" ဟု ဆိုသည်။ လက်ထဲ၌ အရက်ပြန် ဆွတ်လက်စ ဂွမ်းစကို လှိုင်း မလွှတ်ပစ်လိုက်ခင်ပင် မာန်က ဆွဲယူကာ လှိုင်း၏ နှုတ်ခမ်းထောင့်၌ ဖိသုတ်လိုက်ရာ အနည်းငယ် စပ်သွားဟန် ရှိသည်။ သို့ပေသိ မာန့်လုပ်ရပ်ကို ဘာမှ အထွန့်မတက်ဘဲ ငြိမ်ကာ ခံနေသည်။

မာန်က လှိုင်း၏ လက်ထဲမှ ဆေးဘူးကိုပါ ယူကာ ဂရုတစိုက် လိမ်းပေးနေသဖြင့် အနီးကပ်မြင်နေရသည့် မျက်နှာအား လှိုင်း မျက်တောင်မခတ်ဘဲ ငေးနေမိသည်။ 'ပြီးပြည့်စုံခြင်း' ဆိုသည့် ဝေါဟာရသည် မာန့်အတွက် သီးသန့် ဖြစ်တည်နေသည့်နှယ် ပြစ်ချက်ဟူ၍ လက်ညှိုးညွှန်စရာ တစ်ချက်ပင် မရှိ။ အခွင့်အရေးရတုန်း အကြည့်မလွှဲမိဘဲ မာန့်ကို သတိလက်လွတ် ငေးနေမိစဉ် မာန့်ထံမှ "ဆေးလိမ်းပြီးပြီ ..ကားပေါ်တက်တော့လေ" ဟု ပြောသံကြားမှ သတိပြန်ဝင်လာကာ ကားထဲ ဝင်ထိုင်ရသည်။

ကားထဲ ထိုင်နေသည့် မာန့်ကို ဆေးလိမ်းပေးနေသည့် တစ်လျှောက်လုံး နေပူကြဲထဲ ရပ်နေသည့် လှိုင်းအစား မာန် ခေါင်းကျိန်းသည်။ ခေါင်းကျိန်းသည်ဆိုမှ ဆရာမ၏ စကားကို ပြန်လည် ကြားယောင်လာသေးသည်။ ဟုတ်ပါရဲ့ ... မနက်ဖြန် မိဘခေါ်ခဲ့ဆိုတော့ ဘယ်သူ့ကို ခေါ်သွားရမလဲ။ ပါပါးကလည်း မန္တလေးကနေ နောက်အပတ်ကျမှ ပြန်ရောက်မည် ဖြစ်သည်။ မထူးတော့ပါ ... လုပ်ရိုးလုပ်စဉ်အတိုင်း ဒေါ်သူဇာဝင်းကိုပဲ မာန် အပူကပ်ရမည်။

"ကျွန်တော့်ကြောင့်နဲ့ ကိုရိပ်ပါ မိဘ ခေါ်ခံနေရပြီ။"

စာကျက်ဝိုင်းရှေ့ ရောက်သောအခါ ကားပေါ်မှ ဆင်းသည်နှင့် စကားစလာသော လှိုင်းကို မာန် မျက်မှောင်ကုတ်ကာ ကြည့်လိုက်မိသည်။

"မင်းနဲ့ ဘာဆိုင်လဲကွ။ ငါက မိနန်းကို ဟိုကောင် ရည်းစားစကား ပြောလို့ စာရင်းသွားရှင်းတာလေ။ မင်းကသာ ဒီပြဿနာထဲ ကြားထဲက မဆီမဆိုင် ပါလာတာ။"

"ကိုရိပ် ... ကျွန်တော့်ကို ကတိတစ်ခု ပေးပါ။"

အဆက်အစပ် မရှိ တောင်းခံလာသော ကတိစကားကို ဆက်မပြောဘဲ စကားပလ္လင်ခံနေသောကြောင့် 'ဘာလဲ' ဆိုသည့် သဘောဖြင့် မာန် မျက်ခုံးပင့်ပြလိုက်သည်။

"နောက်တစ်ခါ နန်းနန်းကို ခုလိုမျိုး တခြားကောင်တွေ ရည်းစားစကား လာပြောလည်း ကိုရိပ် သူတို့နဲ့ ရန်သွားမဖြစ်ပါနဲ့ဗျာ။ အတန်းမှူး ပြောသလို ကျောင်းက ဆရာမတွေကို ပြန်တိုင်လည်း ရနေတာပဲလေ။"

"ဆရာမတွေကို ပြန်တိုင်တာက ကျောင်းတက်ချိန်ပဲ ရမှာပေါ့ ငတုံးရ။ ကျန်တဲ့အချိန်ကျရင် ငါက ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား။ အဲ့ နန်းနန်း ဆိုတဲ့ ဟာမလေးကလည်း တစ်နေ့တစ်ခြား လှလှလာတယ်။ ကြိုက်တဲ့ အကောင်တွေကလည်း တဖြည်းဖြည်း များများလာတာ။ ငါ့ကိုလည်း အတန်းထဲက ကောင်တွေဆို ယောက်ဖ ယောက်ဖနဲ့ ပါးစပ်ဖျားက မချတာ မင်းအမြင်ပဲလေ။ ငါကလေ ..မိနန်းကို တော်ရုံအကောင်လက်ထဲ အလွယ်တကူ ထည့်ပေးမှာ မဟုတ်ဘူးကွ။ တော်ရုံ မပြောနဲ့ ... ကောင်းပေ့ဆိုတဲ့ ကောင်တွေလက်ထဲကိုတောင် မျက်စိမှိတ် ထည့်ပေးဖို့ စိတ်ကူးမရှိဘူး။ ဖြစ်များ ဖြစ်နိုင်ရင် နန်းနန်းကို လှောင်အိမ်ထဲက ငှက်လိုမျိုး ငါက ဘယ်သူမှ မမြင်အောင် ဖမ်းထားလိုက်ချင်တာ။ မင်းကတော့ နှမ မရှိလို့ ဒီခံစားချက်တွေ နားမလည်မှာ မဟုတ်ပါဘူး။"

သူ့ထက် ၃ လသာ ငယ်သော နန်းသော်တာအပေါ် စောင့်ရှောက်ကာကွယ်ပေးလိုသော အစ်ကိုတစ်ယောက်၏ စိတ်ဓာတ် အပြည့်ရှိသည့် မာန့်ကို လှိုင်း တွေကာ ကြည့်နေမိသည်။ တစ်ချိန်တည်းမှာပင် မဆီမဆိုင် ကိုကြီးနှင့် ကိုလေးကို လှိုင်း ပြန်လည် မြင်ယောင်လာမိသေးသည်။ လှိုင်းလည်း မာန့်လို အစ်ကိုမျိုး ပိုင်ဆိုင်ချင်သည်။ လှိုင်း၌ မာန် ပြောသလို နှမ မရှိပေမဲ့ အမေရော ၊ အဖွားပါ ရှိသည့်အတွက် မိန်းကလေးများအပေါ် တန်ဖိုးထားရမှန်း နားလည်ပါ၏။

"ဒီလိုဆိုလည်း ကိုရိပ်တစ်ယောက်တည်းတော့ မသွားနဲ့ဗျာ။ တစ်ခုခုဆို ကျွန်တော့်ကိုပါ ခေါ်။ ကျွန်တော် မပါဘဲ ဘယ်ရန်ပွဲကိုမှ ဝင်မပါနဲ့နော် ကိုရိပ်။ အဲ့တစ်ခုတော့ ကျွန်တော့်ကို ကတိပေးပါ"

အမိန့်ပေးနေသည် မဟုတ်သော်လည်း ခခယယ တောင်းဆိုနေပုံ မရသည့် ကတိစကားမှာ စာကျက်ဝိုင်းဝန်းကျင်ရှိ ကားသံ ၊ စကားပြောသံ ၊ ဈေးသည်သံများနှင့် ဆူညံနေသော ပတ်ဝန်းကျင်ကို အံတုလျက် ထွက်ပေါ်လာသည်။ ဤကောင်လေး ဘာတွေ ဖြစ်ချင်နေမှန်း မာန် မစဉ်းစားတတ်တော့။ တစ်ခါတလေ လှိုင်းက ထွက်ပေါက်ရှာရခက်သည့် ဝင်္ကပါတစ်ခုနှင့် ဆင်တူသည် ... အပြင်ပန်း ကြည့်လျှင် ရိုးရှင်းနေသလောက် တကယ့်လက်တွေ့၌ ခက်ခဲနက်နဲကာ လျှို့ဝှက်ဆန်းကြယ်နေတာမျိုး။

"ပေးတယ်ကွာ ပေးတယ်။ မင်းတစ်ယောက်တည်းနဲ့ ရှုပ်နေတာပဲ။ မြန်မြန်လာ .. ကျူရှင်က စတော့မယ်။ ထမင်းက မစားရသေးဘူး။"

လက်ကို အတင်းဆွဲခေါ်သွားရာနောက်သို့ လှိုင်း ပါသွားရသည်။ ဟုတ်သည် ... မာန် ရန်ဖြစ်ရင်တောင် လှိုင်း အနားမှာ ရှိမှ ဒီနေ့လို အနာတရ မဖြစ်မှာ။ ဘုန်းသွင်နှင့် မိုးထက်တို့ အနားမှာ ရှိသော်လည်း တကယ်တမ်း ထိုးရ ကြိတ်ရမည့် အခြေအနေနှင့် ထိပ်တိုက်ကြုံချိန်၌ မာန် မထိခိုက်အောင် မကာကွယ်နိုင်ကြ။ မဖြစ်တော့ဘူး ... နောက်နောင် လှိုင်း မာန့်အနားမှာ ကော်နှင့် ကပ်ထားသလိုကို နေမှ ရတော့မည်။

ဦးသော်ကတို့ တစ်မိသားစုလုံး လက်ဖြင့်ပင် မတို့သည့် မာန့်အား ဝဏ္ဏအောင်က ထိုးလိုက်သည် ဆိုသည့် အသိသည် လှိုင်း၏ ဒေါသမီးကို တောက်လောင်လာစေသည်။ မာန်ရိပ်မော်ဆိုသည့် လူသားအား မည်သူ တစ်ဦးတစ်ယောက်ကမှ ကိုယ်ထိလက်ရောက် လုပ်ရန် မဆိုထားနှင့် ၊ မှဲ့တစ်ပေါက်ပင် စွန်းအောင်တောင် မလုပ်စေရ။ လှိုင်းသံစဉ်အတွက် မာန်ရိပ်မော်သည် လှိုင်း ဖတ်ဖူးသည့် ရုပ်ပြထဲကကဲ့သို့ ပန်းပုဆရာကြီး လုံးဝ ဝဿုံ ပန်းပုထုပြီးချိန်အထိ မတို့ရက် မထိရက် ငေးကြည့်နေရသည့် ယမင်းရုပ်လေးတစ်ရုပ်နှယ် အဖိုးထိုက်တန်လွန်းသည်။

"မာန် ..ဒီနေ့ ကျောင်းမှာ ရန်ဖြစ်လာတယ်ဆို။ ဘယ်လိုဖြစ်လာတာလဲ မာန်ရယ်။"

"ဟုတ်တယ် သိမ့် ..ငါ ရန်ဖြစ်လာတာ။ E ခန်းကကောင် နန်းနန်းကို ရိသဲ့သဲ့ လာလုပ်လို့လေ။ နင်က ငါ့ကို စိတ်ပူလို့လား။"

ပျော့ပျောင်းလှသော စကားသံတစ်ခု နားစည်ကို ရိုက်ခတ်လာသည်နှင့် အသံပိုင်ရှင်ကို လှိုင်း သိလိုက်သည်။ စာကျက်ဝိုင်းသို့ ရောက်သည်နှင့် သိမ့်နဒီဟန်က မာန့်ကို စိုးရိမ်တကြီး လှမ်းမေးသည်။ ပျာပျာသလဲ ဖြစ်သွားသည့် ဟန်ပန်သည် စိုးရိမ်နေကြောင်း ထောက်ပြနေသလို ချွဲနွဲ့ပြောနေသည့် လေယူလေသိမ်းနှင့်လည်း မာန့်ကို ချည်နှောင်နေသည်။ မာန်နှင့် သိမ့်နဒီဟန်၏ စကားများကြောင့် မိုးထက်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည် ဟန်ဖြင့် သူ၏ ပါးစပ်ကို လက်ချောင်းဖြင့် ပိတ်ထားသည် ... သိမ့်နဒီဟန်၏ အသံမှာ ချွဲပျစ်နေသည်လေ။ ဘုန်းသွင်ကမူ မာန်တို့ကို ကြည့်မနေဘဲ စာပြန်နွေးနေရင်း အတိုင်းသား ကြားနေရသည့် စကားများကို နားထောင်နေသည်။ လှိုင်း၏ စာအုပ်ကို တောင်းမည့်အကြံဖြင့် ဘုန်းသွင် လှိုင်းဆီသို့ အကြည့်ရောက်ရာ မာန်နှင့် သိမ့်နဒီဟန်ကို မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်ကို မြင်လိုက်ရသည်။ ထိုအကြည့်တို့က ရီဝေနေသည်ကိုတော့ ဘုန်းသွင်မှအပ မည်သူကမှ သတိပြုမိဟန် မတူပါ။

"စိတ်ပူတာပေါ့ မာန်ရယ်။ ကြည့်ပါဦး ..နှုတ်ခမ်းထောင့်မှာ သွေးတောင် ဆို့နေတယ်။ ဆေးတွေ ဘာတွေရော လိမ်းပြီးရဲ့လား။ အရမ်းနာနေသေးလားဟင်။"

"ဒီလောက်နဲ့တော့ ငါ့အစ်ကို မသေဘူး သိမ့်နဒီဟန်။ အဲ့လောက် အဖြစ်သည်းပြမနေနဲ့။"

ဘယ်အချိန်ကတည်းက ရောက်နေမှန်း မသိရသည့် နန်းသော်တာသည် ကျူရှင်အဝင်အဝမှ အထဲ ဝင်လာရင်း ပြောသည်။ နန်းသော်တာ၏ စကားကြောင့် မာန်၏ မျက်နှာ ကွက်ခနဲ ပျက်သွားသလို သိမ့်နဒီဟန်၏ မျက်နှာသည်လည်း ရုတ်ချည်း တင်းမာသွားသည်။ မိုးထက်ကတော့ အသံတိတ် ကြိတ်ရယ်နေလေသည် ... ဤအခြေအနေက သုံးပွင့်ဆိုင်ဟု ဆိုဖို့ရာလည်း နန်းသော်တာနှင့် မာန်သည် မောင်နှမ ဖြစ်နေသည်လေ။ သုံးပွင့်ဆိုင် မဟုတ်သော်ငြား စိတ်ဝင်စားဖို့တော့ ကောင်းသည်။ ဘုန်းသွင်ကမူ လှိုင်းသံစဉ်၏ မျက်နှာကိုသာ မလွတ်တမ်း အကဲခတ်နေမိသည်။ လှိုင်းက အမူအရာ တစိုးတစိမျှ မပြောင်းလဲသွားသော်လည်း မျက်တောင်ကို မနားတမ်း ခတ်လိုက်ကာ ခေါင်းငုံ့ပြီး မာန်တို့ဆီမှ အကြည့်လွှဲလိုက်သည်။ ဘုန်းသွင် အမြင်မမှားလျှင် ‌ခေါင်းငုံ့ထားသည့် လှိုင်းသည် သူ၏ အောက်နှုတ်ခမ်းကို ဖိကိုက်ထားသည်။

"နင် ဒီလိုတော့ မညှာမတာ မပြောနဲ့ နန်းသော်တာ။ မာန် ခုလို ဖြစ်တာ နင့်ကြောင့်ဆို။"

"အဲ့တော့"

"နင့်ကြောင့်ဆိုတော့ ..."

"ငါ့ကြောင့်ဆိုရင်တောင် နင်နဲ့ ဘာမှ မဆိုင်ဘူး။ ဒီဒဏ်ရာကိုလည်း ဂရုစိုက်ပေးမဲ့ လှိုင်းတစ်ယောက်လုံး ရှိတယ်။ နင် ကြားထဲက ပူနေစရာတောင် မလိုဘူး ..သဘောပေါက်။"

လှိုင်းသည် သူ၏ နာမည်ပါလာသောကြောင့် ခေါင်းငုံ့အကြည့်လွှဲနေရင်းမှ ခေါင်းထောင်ကြည့်လာသောအခါ သတ်တော့ ဖြတ်တော့မည့် အကြည့်များ စူးရှနေသော သိမ့်နဒီဟန်နှင့် အကြည့်ချင်း ဆုံသွားသည်။ သိမ့်နဒီဟန် ကြည့်မရဆုံးကလည်း လှိုင်းသံစဉ်ဆိုသည့် မှန်ကြောင်ပင် ... ပုံစံကိုက ထုံပေပေနှင့်။ ကြားထားရသည့် သတင်းအရ သူက မာန့်အိမ်၌ ကပ်နေနေသည်ဆိုပဲ။ ကျောင်းတက်ဖို့ ပိုက်ဆံတောင် မရှိဘဲ မာန့်အနား နေပြီး ကောင်းစားနေသည့် ထိုသို့သော အချောင်သမားမျိုး သိမ့်နဒီဟန် သိပ်မုန်းသည်။

"လှိုင်း ..နင် ကိုကိုးအနာကို ဆေးထည့်ပေးပြီးပြီမလား။"

"ကျောင်းဆင်းတော့ ငါ ဆေးသွားဝယ်ပြီး လိမ်းပေးထားတယ် နန်းနန်း။"

"ကြားတယ်နော်။ ဆေးလိမ်းပေးထားတယ်တဲ့။ နင် ကိုယ့်နေရာ ကိုယ်ပြန်တော့။"

နန်းသော်တာကို သိမ့်နဒီဟန်က ပြန်ခွန်းတုံ့ပြန်ချင်သည့်ပုံစံ ရှိပေမဲ့ မာန် ရှိနေသောကြောင့် ထင်သည် ... တည်တင်းနေသော မျက်နှာထားကို ချက်ချင်း ပြင်လိုက်ကာ -

"မာန် ..ဒါဆို ငါ သွားတော့မယ်။ အနာကို ရေမထိစေနဲ့နော် မာန်။ ဆေးလည်း မနက်တစ်ခေါက် ညတစ်ခေါက် သေချာလိမ်းနော်။ ငါက အမာရွတ်ကျန်ခဲ့မှာ စိုးလို့ ပြောနေတာ ... ဆေးလိမ်းဖို့ မမေ့နဲ့နော် မာန်။"

အမျှင်မပြတ်နိုင်စွာ မှာတမ်းစကား ခြွေပြီးမှ သိမ့်နဒီဟန်က သူမ၏ နေရာဆီ ပြန်သွားသည်။ ထိုအခါမှ နန်းသော်တာလည်း လွတ်သွားသည့် ခုံ၌ ဝင်ထိုင်ရတော့သည်။

"တကယ်တည်း ..မှာလို့ကို မဆုံးနိုင်တော့ဘူး။ မသိရင် ကိုကိုးက ရှေ့တန်းထွက်မဲ့ သူ့ယောင်္ကျားကျလို့။ အမြင်ကို ကပ်တယ်။"

မာန်ကမူ နန်းသော်တာ၏ စကားများကို ကြားဟန်မတူ။ နေရာပြန်သွားသည့် သိမ့်နဒီဟန်ကိုသာ လိုက်ကြည့်နေသည်။ သိမ့်နဒီဟန်သည် မာန်တို့နှင့် ကျောင်းမတူ ... စာကျက်ဝိုင်း၌ ဆုံမှသာ သိကျွမ်းခဲ့ရသူ ဖြစ်သည်။ သိမ့်နဒီဟန်သည် စာကျက်ဝိုင်း၌ မာန့်ကိုဆိုလျှင် လွန်စွာမှ ပစားပေးတတ်သူ ဖြစ်၏။ ဤအချက်သည်ပင် သိမ့်နဒီဟန်နှင့် နန်းသော်တာတို့ မတည့်ကြခြင်း ဖြစ်၏။

"မျက်လုံးလည်း ကျွတ်ကျသွားဦးမယ်နော် မာန်ရိပ်မော်။"

ကျူရှင်အဆင်း နန်းသော်တာတို့ ကားစောင့်နေကြစဉ် မာန်၏ အကြည့်တို့ကို နန်းသော်တာ သတိထားမိသွားရာ အရင်းအမြစ်ကို ရှာဖွေကြည့်ချိန်၌ ထိုအကြည့်တို့၏ အဆုံးသတ်တွင် ကားပေါ် တက်ရန် ပြင်နေသည့် သိမ့်နဒီဟန် ရှိနေသည်။ နန်းသော်တာ၏ စကားကို ကြားမှ မာန်က သိမ့်နဒီဟန်ထံမှ အကြည့်လွှဲလိုက်ကာ အရှက်ပြေ ချောင်းတစ်ချက် ဟန့်လိုက်သည်။

"ပြောမနေစမ်းပါနဲ့ မိနန်းရာ။ အချစ်နွံ နစ်တယ်ဆိုတာကို မာန်ရိပ်မော်က နှလုံးသားကြီးတစ်ခုလုံး ရင်းပြီး သရုပ်ဖော်ပြနေတာ။ နင် ပညာရအောင် အေးဆေး ကြည့်စမ်းပါ။"

မိုးထက်က ပြောင်စပ်စပ်နှင့် ဝင်ထောက်တော့ မာန်က မျက်စောင်းလှမ်းခဲသည်။ ဘုန်းသွင်နှင့် လှိုင်းကမူ ပွဲကြည့်ပရိသတ်အဖြစ်နှင့်သာ ငြိမ်သက်နေကြသည်။ မိုးထက်၏ စကား ကြားသော်လည်း နန်းသော်တာကတော့ သူမ ပြောမည်ဟု ကြံရွယ်ထားသည်ကို ဦးစားပေးပြောသည်။

"နင် အသာ နေစမ်းပါ မိုးထက်ရာ။ ကိုကိုး ..နင် စာမလုပ်ဘဲ ရည်းစားထားဖို့ စိတ်ကူးနေတယ်ဆိုတာ ငါ ပေ့ပေ့ကို ပြန်တိုင်ပြောမှာနော်။"

"မိနန်း နင်ဘယ်လိုဖြစ်နေတာလဲ။"

"ဘာဖြစ်ရမှာလဲ။ နင် ဆယ်တန်းတောင် မအောင်သေးဘဲ အဘထ ဖြစ်နေတဲ့ ကိစ္စကို ငါက ဒီတိုင်း လက်ပိုက်ကြည့်နေရမှာလား။"

"နန်းနန်း"

"ကိုကိုး ..အကယ်၍ နင် သိမ့်နဒီဟန်ကို ရည်းစားစကား ပြောမယ်လို့ စိတ်ကူးနေရင် ငါလည်း မနက်ဖြန် ဝဏ္ဏအောင် တောင်းထားတဲ့အဖြေ ပြန်ပေးလိုက်တော့မယ်။"

"နန်းသော်တာမိုင် ..နင် အဲ့လိုတွေ လျှောက်လုပ်နေရင် ဘဝ ပျက်သွားလိမ့်မယ်။ ဘာမှတ်နေလဲ။"

"မာန်ရိပ်မော် ..နင်လည်း ဒီအရွယ်လေးနဲ့ နှာခေါင်းမီးတောက်နေရင် နင့်ဘဝ ရေစုန်မျောသွားလိမ့်မယ်။ ဘာမှတ်နေလဲ။ ဖြစ်ချင်တော့ ဆရာဝန်ဆို။ ဒီကိစ္စကို စိတ်ယိုင်နေမှတော့ ဆရာဝန် ဖြစ်ပါလိမ့်မယ် အားကြီးကြီး။"

"တောက် ... နင်နော်"

"ဟိုး ဟိုး ဟိုး ... စိတ်လေးတွေ လျှော့ကြပါ။ ဒီနေရာမှာတင် မီးထတောက်ကုန်ပါဦးမယ်။"

"ဟုတ်သားပဲကွာ ..မင်းတို့ကလည်း စကားအေးဆေး ပြောလို့ ရနေတာကို။"

မိုးထက်နှင့် ဘုန်းသွင်က ဝင်တားသောအခါမှ နန်းသော်တာက သက်ပြင်းရှည်ကြီးကို ချကာ လေပူများကို မှုတ်ထုတ်ပြီး -

"ငါက စေတနာနဲ့ အမုန်းခံပြီး ပြောနေတာ ကိုကိုး။ နင်က ပေ့ပေ့ရဲ့ တစ်ဦးတည်းသော သား။ ပေ့ပေ့ နင့်အပေါ် ဘယ်လောက်ထိ မျှော်လင့်ထားသလဲဆိုတာ နင်အသိဆုံးနော်။ ငါ စကားတွေ ရှည်ရှည်ဝေးဝေး မပြောချင်ဘူး။ နင် အခုမှ ၉ တန်းပဲ ရှိသေးတယ်။ စာကိုပဲ စိတ်ဝင်စား။ ခုကတည်းက တခြားစိတ်မယိုင်ဘဲ စာကို တစိုက်မတ်မတ် လုပ်မှ ၁၀ တန်းမှာ အမှတ်ကောင်းမှာ။ အဲ့အခါကျမှ နင် ဖြစ်ချင်တဲ့ ဆရာဝန် ဖြစ်မှာလေ။"

"အေးပါ မိနန်းရာ။ ငါ သိပါတယ်။"

"အင်းပါ ..နင် သိဖို့ပဲ လိုတယ်။ ငါပြောတာတွေ ခေါင်းထဲ ထည့်ထားနော် ကိုကိုး ..သိမ့်နဒီဟန် ဆွယ်တိုင်း ပါမနေနဲ့။"

"ဟိတ် ကိုတေမိ ..ဘာတွေ ပြုံးနေတာလဲ။"

အခြေအနေ ငြိမ်သွားချိန်၌ မိုးထက်၏ အမြင်အာရုံထဲ တိုးဝင်လာသည်ကား ခေါင်းငုံ့ကာ တစ်ယောက်တည်း ကြိတ်ပြုံးနေသည့် လှိုင်းသံစဥ်။ မိုးထက်၏ စကားကြားမှ လှိုင်းက အူကြောင်ကြောင်လေးနှင့် ခေါင်းမော့ကြည့်လာရာ သူ့ကို စိုက်ကြည့်နေကြသည့် မာန် ၊ မိုးထက် ၊ နန်းသော်တာနှင့် ဘုန်းသွင်တို့ကို တွေ့လိုက်ရသည်။

"ဘာတွေ ပြုံးနေတာလဲလို့။"

"ဘာ ..ဘာမှ မဟုတ်ပါဘူး မိုးထက်ရ။"

သူခိုး လူမိသွားသဖြင့် လှိုင်းသည် ရှက်ကိုးရှက်ကန်းနှင့် လည်တိုင်ကို လက်ဖြင့် ပွတ်သပ်ရင်း မိုးထက်၏ အမေးကို ပြန်ဖြေလိုက်မိသည်။ မိုးထက်ပိုင်ဆိုသည့် ကောင်စုတ်လေးက နေရာတကာကို သူ ပါချင်သည် ... လှိုင်း ဘာအတွက်ကြောင့် ပြုံးပြုံး သူနှင့် ဘာဆိုင်သလဲ။

"မဖြစ်နိုင်ဘူး။ မင်း တစ်ခုခုတော့ ဟုတ်နေပါတယ်။ ဘာတွေ ကြိတ်ပြုံးနေတာလဲ။ ငါလည်း ပြုံးချင်တယ်လေကွာ။ ပြောပြ ..."

"ဘာမှ မဟုတ်ပါဘူးဆို မိုးထက်ရာ။"

"အကြီးကို မညာရဘူးလေ ကိုတေမိရဲ့။ မှန်မှန်ပြောစမ်းပါ ..."

"ငါ ကြည့်ထားတဲ့ ဟာသကားအကြောင်း မနက်က လှိုင်း ပြောပြထားလို့ ..အဲ့အကြောင်းကို တွေးပြီး ပြုံးနေတာ နေမှာပေါ့ ..ဟုတ်တယ်မလား လှိုင်း။"

ဘုန်းသွင်က ကယ်တင်ရှင် ဝင်လုပ်မှ လှိုင်းသည် ဘုန်းသွင်ကို လှမ်းကြည့်လိုက်မိရာ ဘုန်းသွင်က "ပြောလိုက်လေ" ဆိုသည့် သဘောဖြင့် မိုးထက်ရှိရာဘက်သို့ မျက်စပစ်ပြသည်။ ထိုအခါမှ လှိုင်းလည်း ထွက်ပေါက်ရသွားသလို ခံစားသွားရကာ အကယ်ဒမီရှော့လုပ်လိုက်ရတော့သည်။

"ဪ ..ဟုတ်တယ် ဟုတ်တယ်။ ဘုန်းသွင် ပြောပြတဲ့ ရုပ်ရှင်အကြောင်း ပြန်စဉ်းစားမိသွားလို့။"

"မင်းတို့နှစ်ကောင်နော် ..ရိုးတာတော့ မရိုးတော့ဘူး။ ထားပါ ..မေးလည်း ပြောမဲ့ဟာတွေမှ မဟုတ်တာ။ ရုပ်ရှင်ဆိုတော့လည်း ရုပ်ရှင်ပေါ့။ ကားကလည်း ကြာလိုက်တာကွာ ..ဒီမှာတင် မိုးလင်းတော့မယ်။"

"စကားများမနေနဲ့တော့ ..ဟိုမှာ မင်းကားလာနေပြီ။ မြန်မြန်သွားတော့။"

မာန်က လမ်းမဘက်သို့ မေးဆတ်ပြကာ ပြောသောအခါ မိုးထက်က မြူးထူးနေသည့် သူ၏ မျက်နှာကို ကြွေကျ‌တော့မည့် ပန်းအလား ညှိုးနွမ်းသွားသည့်ဟန် လုပ်လိုက်ကာ -

"မိုးတွေ ရွာနေတယ်။ ငါ ထီးမပါလာဘူး။ လှိုင်း ..ငါ့ကို လိုက်ပို့ပေးပါကွာ နော်။"

"မပို့ပေးနဲ့ လှိုင်း။ အကျင့်ပါတယ်။"

"အယုတ်တမာကောင် ဘုန်းသွင်။ မင်း စိတ်ပုပ်တိုင်း လှိုင်းကို လိုက်ပြောမနေနဲ့။ လှိုင်းက စိတ်ထားကောင်းတယ်။ ငါ့ကို လိုက်ပို့ပေးနော် လှိုင်း ..နော်လို့။"

"အေးပါ။ အေးပါ ..လိုက်ပို့ပေးမယ်။"

မိုးထက်ပိုင်ဆိုသည်မှာ အိမ်က ထီးမဝယ်ပေးနိုင်သည်လည်း မဟုတ်။ ဤသည်ကို ဘယ်သောအခါမှ ထီးမယူလာဘဲ လှိုင်းနှင့်သာ ကပ်ဆောင်းလေ့ ရှိသည်။ ကျန်သည့်သူများ၌ ထီးပါသော်လည်း မိုးထက်ကို ကြည့်မရကြသည်မို့ မည်သူကမှ ထီးလိုက်ဆောင်းခွင့် မပြုသောကြောင့် မိုးရေထဲ ထွက်ရမည်ဆိုလျှင် မိုးထက်သည် လှိုင်းကိုသာ ယခုကဲ့သို့ အပူကပ်တတ်သည်။ မိုးရွာလျှင် အပူကပ်တတ်သည် ဆိုသော်ငြား ကျောင်းဆင်းချိန်များနှင့် ကြုံကြိုက်လျှင်တော့ မိုးထက်သည် လှိုင်းကို ဖုတ်လေသည့် ငပိ ရှိသည်ဟူ၍ပင် သဘောမထားတတ်။ အကြောင်းမှာ ကျောင်း၌ ရှိုင်းနောင်ခန့် ရှိသောကြောင့်ပင်။

ယခုလည်း အပျင်းသမား မိုးထက်က ထီးကို ကိုယ်တိုင် မကိုင်ဘဲ သူ့ထက် အရပ်ပုသည့် လှိုင်းက ထီးလိုက်မိုးပေးကာ ကားလမ်းတစ်ဖက်၌ ရပ်ထားသည့် ကားရှိရာသို့ လိုက်ပို့ပေးရသည်။

"ကျေးဇူးပဲ ဘုန်းသွင်။"

မိုးထက်ကို ကားဆီ လိုက်ပို့ပေးပြီး စာကျက်ဝိုင်းတိုက်အောက်သို့ ပြန်ရောက်တော့ ဘုန်းသွင်အနားသို့ တိုးကာ မာန်နှင့် နန်းသော်တာ မကြားစေရန် လေတိုးသံဖြင့် လှိုင်းက ကျေးဇူးတင်စကား ဆိုသောအခါ ဘုန်းသွင်က ပြုံးလျက် ခေါင်းညိတ်ကာ အသိအမှတ်ပြုသည်။

"မင်း မပြောပြချင်ဘူးမလား။ ငါ အတင်းမမေးပါဘူး လှိုင်းရာ။"

ခဏအကြာတွင် ဘုန်းသွင်က လှိုင်း၏ နား'နား ကပ်ကာ တိုးတိုး ပြန်ပြောသည်။ ပြီးနောက်မှ မာန်တို့ကိုပါ နှုတ်ဆက်ပြီး သူ့ကားဆီသို့ ထီးဆောင်းကာ ထွက်သွားလေသည်။ ဘုန်းသွင်သည် မိုးထက်နှင့် မာန်လို တဇွတ်ထိုး အတင်းအကြပ် မလုပ်တတ်။ လှိုင်းကို ပို၍ နားလည်ပေးသလို လှိုင်းဘက်မှလည်း ဖြည့်စဉ်းစားပေးတတ်သည်။ ဘုန်းသွင်သွားပြီး ခဏအကြာမှ ဒေါ်သူဇာဝင်း လာခေါ်သဖြင့် မာန်တို့ အိမ်ပြန်လာခဲ့ကြသည်။

မိဘခေါ်ခိုင်းသည့် ကိစ္စကိုတော့ မာန်ကပဲ အကျိုးအကြောင်း ဆီလျော်အောင် ပြောလိုက်သဖြင့် ဒေါ်သူဇာဝင်းက ဆူပူခြင်း အလျဉ်းမရှိဘဲ မနက်ဖြန် လိုက်ခဲ့မည်ဟု ပြောသည်။ သူမ အရမ်းဆူပူလိုက်၍လည်း မဖြစ် ... ဆယ်ကျော်သက်အရွယ်ဆိုတာ စိတ်မြန်လက်မြန်နှင့်မို့ အချိန်တိုင်း ကြိမ်းမောင်းနေလျှင် ပို၍ အရွဲ့တိုက်တတ်သည် မဟုတ်ပါလား။ သို့ဖြစ်၍ နောက်ထပ်မလုပ်မိစေရန် ကလေးများ နားဝင်အောင်သာ သူမ ဆုံးမဖြစ်သည်။

သိမ့်နဒီဟန်နှင့် ပတ်သက်သည့် အကြောင်းအရာကိုတော့ မာန်တို့အားလုံး မေ့မေ့ပျောက်ပျောက် နေဖြစ်လိုက်ကြသည်။ ဤကိစ္စသည်လည်း လူကြီးများ သိရန် မလိုအပ်။ တစ်ဦးတည်းသော သမီးဖြစ်သူ နန်းသော်တာမိုင်နှင့် တစ်ဦးတည်းသော သားဖြစ်သူ မာန်ရိပ်မော်တို့သည် ဤကဲ့သို့ တစ်ယောက်နှင့် တစ်ယောက် ထိန်းကျောင်းရင်း ကြီးပြင်းခဲ့ကြရာ အမြင်မတော်လျှင် အားမနာတမ်း ပြောတတ်ကြသည်မို့ လူကြီးများ တော်ရုံကိစ္စ ဝင်စွက်ဖက်စရာ မလိုပေ။

"လှိုင်း"

"ဗျာ ကိုရိပ်"

အိမ်ပြန်ရောက်သောအခါ အဝတ်အစား လဲနေရင်း မာန်က စာအုပ်စီနေသည့် လှိုင်းကို လှမ်းခေါ်သည်။ ထိုအခါ လှိုင်းသည်လည်း ရှေးမူမပျက်ဘဲ သူ၏ ထုံးစံအတိုင်း သံရှည်စွဲကာ ပြန်ထူးလာသည်။

"မင်းမှာ ... သဘောကျနေတဲ့ ကောင်မလေး ရှိနေပြီလား။"

သူ၏ ရိုးစင်းသော မေးခွန်းကို ကြားရသောအခါ လှိုင်းက ခပ်ရေးရေး ပြုံးကာ မာန့်အနား လျှောက်လာသည်။

"ဘာလို့ မေးတာလဲ ကိုရိပ်။"

ဟုတ်ပါရဲ့ ... မာန် ဘာလို့ ဤအခြင်းအရာကို မေးနေမိပါလိမ့်။ တကယ်ဆို လှိုင်း၏ ရင်ခုန်သံမှတ်တမ်းသည် သူနှင့် လုံးလုံးလျားလျား မသက်ဆိုင်ပါဘဲ။

"ရှိတယ်ဆို ငါ လိုက်ကြည့်ပေးမလို့။ မင်းလို ကတ်မောင်တိန်မောင်တိန်က မိန်းကလေးတွေနဲ့ ပတ်သက်တဲ့ အမြင် ရှိတာမှ မဟုတ်တာ။"

မာန်၏ ယုတ္တိမတန်သော အကြောင်းပြချက်ကို နားထောင်ပြီး လှိုင်းက ပိုတိုး၍ ပြုံးသည်။ ထိုအပြုံး၌ ပျော်ဝင်နေသော နာကျင်မှု အငွေ့အသက်များကိုတော့ မာန် သတိမမူလိုက်မိပါချေ။

"ပြုံးမနေနဲ့ ပုတက်။ ငါမေးတာ ဖြေလေကွာ။"

"ကိုရိပ် ..ကိုရိပ်ကရော ..သိမ့်နဒီဟန်ကို ကြိုက်နေတာလား။"

"လျှာရှည်လိုက်တာ။ ငါ မေးတာသာ ဖြေစမ်းပါ။"

"ကျွန်တော် မေးတာသာ အရင်ဖြေပေးပါဗျာ။ ကိုရိပ် သူ့ကို သဘောကျနေတာတော့ ... မဟုတ်ဘူးမလား။"

တွန့်ဆုတ်စွာ မေးလာသည့် လှိုင်း၏ အမေးကို မာန်က ချက်ချင်း တန်းမဖြေဘဲ စဥ်းစားနေသည်။

"အင်း ..သိမ့်က မဆိုးပါဘူး။ လှလည်း လှတယ်။ စာလည်း တော်တာပဲ။"

"အဲ့တာတွေထက် ..ကိုရိပ် သူ့ကို ကြိုက်နေတာတော့ မဟုတ်ဘူး မလားဗျ။"

မာန့်ပုံစံက သိမ့်နဒီဟန်အပေါ် စိတ်ယိုင်နေမှန်း လှိုင်း ရိပ်စားမိစေသော်လည်း ထင်ကြေးအနေဖြင့် မဟုတ်ဘဲ တိကျသော အဖြေတစ်ခုကို မာန် ကိုယ်တိုင် ဖြေသည်ကို လှိုင်း ကြားချင်သည်။

"ဘာလို့ အဲ့လောက် သိချင်နေရတာလဲ။ ဘာလဲ ..မင်းက ..သိမ့်ကို ကြိုက်နေလို့လား။"

မာန် ရင်ထဲ ဗလောင်ဆူသွားရသည်။ လှိုင်းသံစဥ် သိမ့်ကို တကယ် ကြိုက်နေတာလား။ ဟင့်အင်း မဖြစ်ဘူး ... လှိုင်းသံစဥ် မည်သူ့ကိုမှ သဘောကျလို့ မရဘူး။ မာန်ကိုယ်တိုင်လည်း မည်သူ့ကိုမှ လှိုင်း သဘောကျသည်ကို ခွင့်မပြုနိုင်။ လှိုင်းသံစဥ် ဟူသည် အိမ်ကို စရောက်သည့် နေ့ကတည်းက မာန်ရိပ်မော်တစ်ယောက်တည်း၏ အပိုင်။ သူ့ကိုတော့ မည်သူတစ်ဦးတစ်ယောက်ကိုမှ မာန် မမျှဝေလိုသကဲ့သို့ သူ၏ အတွေးများ၌လည်း မာန်တစ်ယောက်တည်းသာ ရှိရမည်။

"ဘယ်ကသာဗျာ။ သူ့ကို ကျွန်တော်က ကြိုက်စရာလား။ ကိုရိပ် သူ့အပေါ် ဘယ်လို သဘောထားလဲဆိုတာကို ..ဒီတိုင်း သိချင်လို့။"

"ရင်ခုန်တယ်ကွာ။"

"ဗျာ"

"သိမ့်ကို တွေ့ရင် ငါ ရင်ခုန်တယ်။ ရင်ခုန်တာက ချစ်နေလို့ ဆိုရင်တော့ အင်း ..ငါ သူ့ကို ချစ်နေမိပြီပေါ့။ ရပြီလား။"

လှိုင်း နောင်တကို ဆယ်ခါပြန် ရချင်သွားသည်။ နာကျင်မည်မှန်း သိသိလျက်နှင့် မေးမိသည့် သူသည် တကယ့်လက်တွေ့၌ မာန် ပြန်ပေးလာသည့် အဖြေ၏ သက်ရောက်မှုအားကို ခံနိုင်ရည် မရှိ။ ပြောင်းလဲသွားသည့် မျက်လုံးအိမ်အတွင်းမှ အရောင်များကို မာန် မမြင်စေရန် တစ်ဖက်သို့ လှည့်ကာ မာန့်ကို ကျောခိုင်းလိုက်မိသည်။

"မင်းလည်း ငါမေးတာ ဖြေဦးလေ ပုတက်။"

မာန်သည် ရုတ်တရက် သူ့အား ကျောခိုင်းသွားသည့် လှိုင်းကို ပုခုံးနားမှ ကိုင်ကာ ဆွဲလှည့်လိုက်သဖြင့် လှိုင်းမှာ မာန်နှင့် မျက်နှာချင်းဆိုင် ပြန်ဖြစ်သွားရသည်။

"ဟိတ်‌ရောင် မေးနေတာ ဖြေလေ။"

"ဘယ်ကောင်မလေးမှ သဘောမကျပါဘူး ကိုရိပ်ရယ်။ အခုလည်း သဘောကျတဲ့ မိန်းကလေး မရှိဘူး။ နောက်ကျရင်လည်း ... ရှိလာမှာ မဟုတ်ဘူး။"

"ထမင်းကိုသာ ကုန်အောင် စား ဟိတ်ရောင်။ စကားကို ကုန်အောင် မပြောနဲ့တဲ့။ မင်း မကြားဖူးဘူးလား။"

"ကိုရိပ် မယုံရင် စောင့်ကြည့်ပေါ့ဗျာ။ ကျွန်တော်က သဘောကျတယ် ၊ ရင်ခုန်တယ်ဆိုတဲ့ ကောင်မလေး ရှိရင် ..ကျွန်တော် ဇက်ဖြတ်ခံရဲတယ်။"

"ပြီးရောလေ ..မင်းစကားနဲ့ မင်းနော်။ နောက်ကျမှ မသိသလိုမျိုး ‌ယောင်လည်လည် လာလုပ်လို့ကတော့ ငါနဲ့ တွေ့မယ် မှတ်။"

"တွေ့ချင် ခုကတည်းက ကျွန်တော့်ကို ကြည့်နေလို့ ရတာပဲလေ ကိုရိပ်ရဲ့။"

မာန်က လက်သီးထောင်ပြရင်း ပြောသောအခါ လှိုင်းသည် ခြေဖျား‌များ ထောက်ပြီး မာန့်မျက်နှာနှင့် နီးကပ်လာသည်။ မျက်နှာနှစ်ခုမှာ စင်တီမီတာ အနည်းငယ်မျှသာ ‌ဝေးကွာသည့် အခြေအနေ ဖြစ်နေသော်လည်း နှစ်ဦးစလုံး မလှုပ်ရှားဖြစ်ဘဲ အကြည့်ချင်းဆုံနေမိကြသည်။

အချိန်အတိုင်းအတာတစ်ခု ကြာပြီးမှ မာန် လှိုင်း၏ မျက်နှာနား ထပ်တိုးကပ်လာချိန်တွင်တော့ လှိုင်း၏ နှုတ်ခမ်းထက် နွေးခနဲ ဖြစ်သွားရသည်။ လာရောက်ထိကပ်လာသည့် အထိအတွေ့ကြောင့် လှိုင်းသည် ခြေလှမ်းများကို နောက်သို့ ကပျာကသီ ဆုတ်လိုက်မိသည်။ ထိန်းမနိုင် သိမ်းမရစွာဖြင့် မြန်ဆန်လာသည့် ရင်ခုန်သံများကို ရင်ဝယ်ပိုက်ရင်း မိမိ၏ နှုတ်ခမ်းများကို မယုံကြည်နိုင်ခြင်းများစွာဖြင့် လက်နှင့် ထိတွေ့ကြည့်လျက် လှိုင်း မာန့်ကို လှမ်းကြည့်မိရာ ညစ်ကျယ်ကျယ် ပြုံးနေသည့် မာန်နှင့် အကြည့်ချင်းဆုံသွားသည်။

"ဘာလို့ ရှောင်သွားတာလဲ ပုတက်။"

သဘောကျနေဟန်ဖြင့် ပြုံးကာ မေးလာသည် မာန်သည် ခေါင်းငုံ့ကာ အကြည့်လွှဲထားသည့် လှိုင်းကို သေချာ စိုက်ကြည့်နေသည်။

"ဘာ ..ဘာလို့ ..ဒီလို လုပ်တာလဲ ကိုရိပ်။"

မာန် အသာ ထိကပ်လိုက်သည့် နှုတ်ခမ်းများကို လက်ဖြင့် အုပ်ထားသည်ကို မဖယ်ရှားသေးဘဲ မာန့်ကို အထစ်ထစ် အငေါ့ငေါ့ဖြင့် ပြန်မေးလာသည်။ သွေးပျက်သွားသည့် အမူအရာနှင့် ရဲတက်လာသည့် နားရွက်ဖျားများကို ကြည့်ခြင်းအားဖြင့် သည်အညိုလုံး အမှန်တကယ် ရှက်သွားပုံ ရသည်။ မာန်က လှိုင်း‌ မေးသည်ကို မဖြေခင် လှိုင်းအနားသို့ ထပ်တိုးကပ်လိုက်ရာ လှိုင်းသည် နောက်သို့ ခြေလှမ်းများကို ဆုတ်လိုက်ရင်း မာန့်ကို မရဲတရဲ မော့ကြည့်လာသည်။

"ရုတ်တရက် ..နမ်းရင် ဘယ်လို ခံစားရလဲဆိုတာ ငါ သိချင်လာလို့ မင်းကို နမ်းကြည့်လိုက်တာလေ။ အဲ့တာ မင်းမျက်နှာက ဘာဖြစ်သွားတာလဲ။"

"နမ်းကြည့်ရအောင် ... ကိုရိပ်နဲ့ ကျွန်တော်က ... ယောင်္ကျားလေးတွေလေ။"

လှိုင်း၏ အသံသည် တိုးတိုးတိမ်တိမ်သာ ... စက္ကန့်လက်တံ ရွေ့လျားသံနည်းတူ တိုး‌တိမ်နေသော်လည်း တိတ်ဆိတ်နေသော လေထုကြောင့် မာန် ပီပီသသ ကြားလိုက်ရသည်။

"အဲ့တော့ ဘာဖြစ်လဲကွာ။ ငါက ဒီတိုင်း လေ့ကျင့်ကြည့်တဲ့ဟာကို။"

"ဗျာ ..လေ့ကျင့်တာ"

"အေးလေ ..အစမ်းလေ့ကျင့်ကြည့်တာ။ မင်းကလည်း ဘာမဟုတ်တာလေးကို ‌ရေးကြီးခွင်ကျယ် လာလုပ်နေတယ်။"

"....."

"လှိုင်း ..ငါ အအေးသောက်ချင်တယ် ..သွားဖျော်ပေး။"

"....."

လှိုင်းသည် မာန်ကို မျက်တောင်မခတ်တမ်း တွေတွေကလေး ငေးကြည့်နေသည်။ ထိုအကြည့်တို့သည် အံ့သြရိပ်တို့ကြောင့် ပိုမို တောက်ပနေသည်။

"ဟိတ်ရောင် သွားဖျော်ပေးလို့။"

"ဟုတ် ဟုတ် ကိုရိပ်"

လှိုင်း အခန်းပြင်သို့ ခြေသုတ်တင်ကာ လျှောက်လာလိုက်သည်။ အခန်းတံခါးကို ပိတ်လိုက်သည်နှင့် ရုတ်ချည်း ဝဲတက်လာသည့် မျက်ရည်များသည် အတားအဆီးမဲ့စွာဖြင့် ပါးထက်သို့ စီးကျလာသည်။

"လေ့ကျင့်တာတဲ့လား ကိုရိပ်ရယ် ..."

စီးကျလာသည့် မျက်ရည်များကို ခပ်သွက်သွက် သုတ်ဖယ်ကာ စတော်ဘယ်ရီဖျော်ရည်ကို မီးဖိုထဲ၌ ဖျော်ပေးနေမိသည်။ ဤအချိန် ဒေါ်ဝင်းသည် အန်းမားတို့ အခန်းထဲ ရှိနေသည်ကို ကျေးဇူးတင်ရမည်။ မဟုတ်လျှင် လူကြီးဖြစ်သည့် ‌ဒေါ်ဝင်းကတော့ ငိုထားသည့် မျက်လုံးများကို သေချာပေါက် သတိပြုမိမည်ပင်။ စတော်ဘယ်ရီ အအေးခွက်ကို မာန့်အတွက် ယူလာရင်း အိမ်ပေါ်ထပ် ပြန်တက်လာသည့် ခြေလှမ်းများသည် နှေးကန်နေသည်။

ရည်းစားတစ်ခါမှ မထားဖူးသည့် မာန်သည် လွန်ခဲ့သည့် မိနစ်အနည်းငယ်က နှုတ်ခမ်းချင်း ထိကပ်လိုက်မိသည်ကို လေ့ကျင့်မှုတစ်ခုလောက်သာ သဘောထားနေသည့်အတွက် ဘာမှ အလေးအနက် ထားဟန် မရှိသော်ငြား လှိုင်းမှာတော့ မာန့်ကို မျက်နှာချင်းပင် မဆိုင်ရဲတော့။ မာန်ရိပ်မော် ဟူသည် သူ့ဘဝ၏ ပထမဆုံးများကို ပိုင်ဆိုင်ခွင့် ရသည့် နှစ်ယောက်မရှိသော သူစိမ်း တစ်ဖြစ်လဲ သူ၏ အချစ်ဦး ဖြစ်၏။ မာန် ခြွေချလိုက်သည့် အနမ်းတစ်ပွင့်သည်လည်း သူ့ဘဝ၌ ပထမဆုံးသော အနမ်း ဖြစ်၏ ... ပထမဆုံးအနမ်းကိုတော့ လေ့ကျင့်သည် ဆိုတာထက် ပို၍ လေးနက်စေချင်သည်။ ဤသည်ကိုတော့ မာန် သိမည် မဟုတ်ပါ။ အကယ်၍ သိခဲ့လျှင်တောင်မှ လှိုင်း၏ ခံစားချက်များသည် ဘယ်တုန်းကမှ မာန့်အတွက် အရေးမပါခဲ့မှန်း လှိုင်း နားလည်ပါသည်။ အတွေးများစွာဖြင့် လေးလံနေသည့် နှလုံးသားကို သယ်ဆောင်ထားသော လှိုင်းသည် အခန်းပြင်၌ ရပ်နေကာ ဝဲနေသည့် မျက်ရည်များကို မကျလာစေရန် ကြိုးစားထိန်းနေမိသည်။

ယခင်က ဝမ်းနည်းနေချိန်တိုင်း မာန့်ကို တွေးလိုက်လျှင် စိတ်တို့ ပြန်ကြည်လင်သွားတတ်သော်လည်း ယခုက သူ့ခံစားချက်တိုင်း၏ အရင်းအမြစ်သည် မာန် ဖြစ်နေလေရာ ...

လှိုင်းသည် အတွေးစတို့ကို အတင်းကာရော ဖြတ်တောက်ပစ်ကာ အခန်းထဲသို့ ဝင်လာလိုက်သည်။ ရှောင်ပြေးချင်တိုင်း လွတ်မြောက်နိုင်မည့် ပြဿနာထဲတွင် မာန်နှင့် ရင်မဆိုင်လိုသည့် ပြဿနာမှ ပါမနေဘဲလေ။

လှိုင်း အခန်းထဲ ဝင်လာသည်နှင့် အိပ်ရာထက် အိပ်မောကျနေသည့် မာန့်ကို တွေ့လိုက်ရသည်။ သူ၏ ဗြောင်းဆန်နေသည့် ခံစားချက်ပေါင်းထောင်ချီကို အနည်ထိုင်သွားရန် မနည်းမနော ကြိုးစားလိုက်ရချိန်သည် ဤမျှ အချိန်ကြာမြင့်သွားလိမ့်မည်ဟု လှိုင်း မထင်လိုက်မိ ... သူ့ကို စောင့်ရင်း မာန်သည် တစ်ရေးပင် ရသွားပါပြီပကော။ အအေးခွက်ကို စားပွဲ၌ သွားတင်လိုက်ပြီး မာန်၏ ခုတင်ဘေး ဒူးထောက်ထိုင်ချလိုက်သည်။ သူ ရှိရာဘက်သို့ လှည့်အိပ်နေသည့် မာန့်ကို ကြည့်နေရင်း လှိုင်းသည် မသိလိုက် မသိဘာသာဖြင့် နဖူးပေါ် ဝဲကျနေသော ခပ်ပြေပြေကောက်နေသည့် ဆံပင်များကို သပ်တင်ပေးလိုက်မိသည်။

"အင် ..."

"နိုးသွားတာလား ကိုရိပ်။"

"အင်း ..မင်းအအေး သွားဖျော်တာကလည်း ကြာလိုက်တာ ပုတက်ရာ။ ဘယ်မှာလဲ အအေး"

"ရှိတယ် ရှိတယ်"

ပြောရင်း လှိုင်းသည် အအေးခွက်ကို သွားယူကာ မာန့်ကို လာပေးသည်။ မာန်က နှုတ်ခမ်းကို ဆူထားပါသော်လည်း ယူလာပေးသည့် အအေးခွက်ကို လှမ်းယူကာ အရသာခံကာ သောက်နေသည်။

"ကိုရိပ်"

မာန်က "ဘာလဲ ပြောလေ" ဆိုသည့် သဘောဖြင့် မေးသာ ဆတ်ပြသည်။

"နောက်နောင် ... ဒီနေ့လိုမျိုး စမ်းသပ်ချင်ရင် ..မိန်းကလေးတွေနဲ့ မလုပ်ပါနဲ့ ကိုရိပ်။ ကိုရိပ်က တကယ် မချစ်ဘဲ စမ်းသပ်ရုံဆိုရင် သူတို့အတွက်လည်း မကောင်းဘူး။"

"ဟိတ်ရောင် ‌‌ဂေါက်သီး ..ဘာတွေ လာပြောနေတာလဲ။ ငါကရော ဘယ်မိန်းကလေးကို အစမ်းသဘောမျိုးနဲ့ နမ်းမှာလဲကွ။ ငါက ငါ တကယ် ချစ်တဲ့ မိန်းကလေးကိုပဲ နမ်းမှာ။"

"ဒါဖြင့် ... ဒီနေ့ ... ကျွန်တော့်ကိုရော။ ဘာလို့ ..နမ်းတာလဲ။"

"မင်းကိုတော့ ချစ်လို့ နမ်းတာ ဖြစ်မလား ငကြောင်ရ။ ငါ ပြောပြီးပါရောလား ..မင်းနဲ့က စမ်းသပ်တာပါဆိုနေ။"

"တုံးလိုက်ရန်ကော" ဆိုသည့် သဘောမျိုး သက်ရောက်နေသည့် အကြည့်တို့ဖြင့် လှိုင်းကို ကြည့်ကာ ပေါ့ပေါ့ပါးပါး ပြောလိုက်သည့် စကား၏ အတိမ်အနက်ကို မာန် သိမည်မဟုတ်။ ဟုတ်ပါရဲ့ ... လှိုင်း ဘာတွေကို မျှော်လင့်နေမိတာပါလိမ့်။ မာန်က သူ့နှုတ်ခမ်းကို ထိကပ်လာခြင်းသည် ချစ်ခြင်းမေတ္တာကြောင့် ဘယ်လိုနည်းနှင့် ဖြစ်နိုင်မည်နည်း။ အဓိပ္ပာယ် မရှိသည့် ဒဏ္ဍာရီလာ ပုံပြင်တစ်ပုဒ်ကို လက်တွေ့၌ အသက်ဝင်လာစေဖို့ ရူးမိုက်စွာဖြင့် သူ့မသိစိတ်က တောင့်တနေမိသည်ပဲ။

"ဟိတ်ရောင် ..ဘာလို့ ငြိမ်သွားတာလဲ။"

"ဘာ ..ဘာမှ မဟုတ်ပါဘူး ကိုရိပ်။"

"ဘာမှ မဟုတ်လည်း ပြီးရော။ ငါ စာကျက်တော့မယ်။ မင်းလည်း ထတော့လေ။ မနက်ဖြန် Bio ဆရာ စာမေးမှာပာ။"

လှုပ်လှုပ်ရှားရှား ဖြစ်သွားကာ လှိုင်း၏ လက်ထဲသို့ အအေးခွက်ကို ထည့်ပြီး စာကြည့်စားပွဲဆီသို့ လျှောက်သွားသည့် မာန့်ကို ငေးရင်း လှိုင်း စိတ်ထဲမှ တီးတိုး ပြောလိုက်မိသည်။

"ကိုရိပ်အတွက် ကျွန်တော်က အစမ်းသပ်ခံ ဆိုလည်း ကျွန်တော် ကျေနပ်ပါတယ် ကိုရိပ်ရယ် ... ဒါက အချစ်ဦးမို့ ရူးနေတာ မဟုတ်ဘဲ ကိုရိပ် ဖြစ်နေလို့ကို ဘာကိုမှ မမြင်နိုင်တော့တဲ့အထိ ကျွန်တော် ရူးသွပ်နေမိတာပါဗျာ။"

~ 3/8/2023 (3:38 p.m.) ~

Continue Reading

You'll Also Like

1M 3.6K 72
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
2.4K 96 10
Start-8.2.2024 End- This story is juz my imagination so don't be serious.Thank you have a great day 💕
4.7M 107K 142
Soon to be Published Darlene isn't a typical high school student. She always gets in trouble in her previous School in her grandmother's province. S...
225K 9.4K 52
|ongoing| Ivana grew up alone. She was alone since the day she was born and she was sure she would also die alone. Without anyone by her side she str...