သင်္ကြန်အတက်နေ့
မိုးထက်၏ မျက်ခွံများ လှုပ်ရှားလာသည် ဆိုလျှင်ပဲ သူ ရောက်ရှိနေသည့် နေရာသည် သူ့အိမ် မဟုတ်မှန်း တန်းသိလိုက်သည် ... ပြန်စဉ်းစားကြည့်ရာ သူ မာန့်အိမ်၌ ရောက်ရှိနေခြင်း ဖြစ်၏။ ကျောခိုင်းထားရာဘက်သို့ လှည့်ကြည့်လိုက်ရာ နှစ်ယောက်အိပ်ခုတင်ကျယ်၌ သူတစ်ယောက်တည်း။
"မာန်ရော"
စိတ်ထဲ စနိုးစနှောင့် ဖြစ်သွားရကာ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ မနက် ၈ နာရီကို မိနစ်အနည်းငယ်သာ စွန်းသေးသည်။ မာန်ရိပ်မော်ဆိုသည့် အိပ်ပုပ်က သည်အချိန် အိပ်ရာထတတ်သူမှ မဟုတ်ဘဲ။ ခေါင်းထဲ မသေချာသော အတွေးတစ်ခု ကျူးကျော်လာချိန်တွင်တော့ မိုးထက်သည် လှိုင်း၏ ခုတင်ရှိရာသို့ လှမ်းကြည့်မိလိုက်ပါ၏။ ထိုအခါ ခြင်ထောင်ထဲမှ လှမ်းမြင်နေရသည့် ဗလုံးဗထွေး အရာနှစ်ခုသည် ဝိုးတိုးဝါးတားပုံရိပ်အဖြစ် မိုးထက်၏ အမြင်အာရုံ၌ ထင်ဟပ်လာသည်။ သူ ငေါက်ခနဲ ထထိုင်လိုက်မိပြီး ခြင်ထောင်ကို လှန်ကြည့်လိုက်မိရာ တစ်ယောက်အိပ်ခုတင်၌ လုံးထွေးနေသည့် ခန္ဓာကိုယ်နှစ်ခု ... အတိအကျ ဆိုရလျှင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည့် မာန်၏ ရှည်လျားသော ခြေထောက်များအောက်၌ ငြိမ်သက်စွာ အိပ်မောကျနေသည့် လှိုင်းသံစဥ်။ ဘာလားပဲ ... မနေ့ညက သူ့ကို တစ်ယောက်တည်း ထားခဲ့ပြီး မာန်က လှိုင်းနှင့်အတူ သွားအိပ်နေခဲ့သည်လား။ စိတ်ထဲ ထောင်းခနဲ ဖြစ်သွားသဖြင့် မိုးထက်သည် မျက်ခုံးတန်းများကို စုဆုံထားလိုက်မိသည်။ နှစ်ကောင်သား ကုလားသေကုလားမော အိပ်ပျော်နေလိုက်ပုံများ ... မိုးထက်ပိုင်နှင့် တွေ့ကြသေးတာပေါ့။
မိုးထက် အခန်းပြင်ထွက်ကာ ဘုရားခန်းထဲ ဝင်လာလိုက်သည်။ ဘုရားခန်းထဲ အရောက်၌ ကြေးစည်ကို ယူကာ အခန်းထဲ ပြန်ဝင်လာလိုက်ပြီး အခန်းတံခါးကို ဆောင့်ပိတ်လိုက်သည်။ အိပ်နေသည့် နှစ်ယောက်နား တိုးနိုင်သမျှ တိုးကပ်လိုက် ပြီးသည်နှင့် ကြေးစည်ကို အားကုန် တီးချလိုက်ရာ ကျယ်လောင်လှသော အသံနှင့်အတူ ကျေးဇူးရှင်နှစ်ဦး နိုးလာပါတော့သည်။
"ပုတက် ၁ မိနစ် ..ငါ အိပ်ချင်သေးတယ်။"
မာန်က နားကို ပိတ်ကာ မျက်လုံးများကို တစ်ချက်ပင် ဖွင့်မကြည့်ဘဲ ဗလုံးဗထွေး ဆိုလာသည်။
"မင်းမေကြီးတော် ..ဘာ ပုတက်လဲ။ ငါ ငါ ..မိုးထက်ပိုင်။ ထစမ်းကွာ ..ထ ..."
မိုးထက်သည် လွန်စွာမှ မြင်ပြင်းကပ်လာသဖြင့် မာန်၏ လက်ကို အတင်းဆွဲထူလိုက်သည်။ ပေကပ်ပေကပ်ဖြင့် မာန် ထထိုင်မှ မာန် ခွအိပ်ထားသည့် လှိုင်း လှုပ်ရှား၍ ရသည်။
"ဘာလဲကွာ ..အစောကြီး ရှိသေးတာကို။"
မာန်သည် အိပ်ချင်မူးတူးဟန်ပန်ဖြင့် မိုးထက်ကို အလိုမကျသလို ကြည့်ကာ ပြောလာသောအခါ မိုးထက်ပိုင်သည်လည်း မိုထက်ပိုင် ပီသစွာ ဂျီကျပါတော့သည်။
"မာန် ..မင်းညစ်တယ်ကွာ။ ပြောတော့ ငါနဲ့အတူ အိပ်မယ်ဆိုပြီးတော့ ခုကျတော့ လှိုင်းနဲ့တူတူ လာအိပ်နေတယ်။ ပြော ..အဲ့တာ ဘာသဘောလဲ။"
"မင်းနဲ့အတူ အိပ်ရအောင် မင်းက အိပ်တဲ့အခါ ဂနာငြိမ်လို့လား မိုးထက်ရ။"
"ဂနာမငြိမ်လည်း မင်းက အိမ်ရှင်ပဲ ..တစ်ညလေး လာအိပ်တဲ့ ကိုယ့်ဧည့်သည်ကို သည်းခံရမှာပေါ့။ ခုဟာက ငါ့ကို တစ်ယောက်တည်း ထားခဲ့ပြီး မင်းကိုယ်တိုင်ကျတော့ လှိုင်းကို ခွအိပ်ထားတာ ဟိုက နံပြား ဖြစ်နေပြီလေ။ အဲ့တာ မင်း တရားလား ပြော။"
"မရစ်ပါနဲ့ မိုးထက်ရာ။ မင်းနဲ့အတူ အိပ်တော့ မနေ့ညက ကိုရိပ်က သန်းခေါင်ကျော်တဲ့အထိ အိပ်မရဘူးကွ။ အဲ့တာကြောင့် ငါနဲ့အတူ လာအိပ်တာ။"
မိုးထက်က မာန့်ကို အပြစ်ဖို့နေသည့်အခါတွင်တော့ လှိုင်း မနေနိုင် မထိုင်နိုင်ဖြင့် ဝင်ပါမိတော့၏။ မိုးထက်က လှိုင်းကို မျက်စောင်းလှမ်းခဲကာ ခုတင်စပ်နား ဝင်ထိုင်ရင်း -
"အရေးထဲ မင်းကလည်း ရှေ့နေမငှါးဘဲ ပါလာပြန်ပါပြီ။ မသိဘူးကွာ ..ဘယ်လိုပဲဖြစ်ဖြစ် မင်းတို့ ငါ့ကို တစ်ယောက်တည်း ထားခဲ့စရာလားလို့။"
ပြောနေရင်း ငိုမဲ့မဲ့ပင် ဖြစ်သွားသည့် မိုးထက်ကြောင့် လှိုင်း ခေါင်းကုတ်လိုက်မိသည်။ မာန်သည်လည်း မနက်စောစောစီးစီး အိပ်ရေးမဝသေးသည့်အတွက် စိတ်က မကြည်မလင် ဖြစ်နေရသည့်အထဲ မိုးထက်က ပြဿနာ မဟုတ်သည်ကို ပြဿနာ လာရှာနေလေရာ အတော်ကလေး စိတ်ပိန်နေပုံ ရသည်။
"ဟိတ်ရောင် ..ဘာ မင်းကို တစ်ယောက်တည်း ထားခဲ့တာလဲ။ ငါက ခုတင်လေး ပြောင်းအိပ်တဲ့ဟာကို ရေးကြီးခွင်ကျယ် လာလုပ်နေတယ်။"
"မသိဘူး မသိဘူး ..ခုတင်ပြောင်းအိပ်ပေမဲ့ ငါ့ကို တစ်ယောက်တည်း ထားခဲ့တာက ထားခဲ့တာပဲ။ စိတ်ပုပ်ကောင်တွေ ..ငါ့ကို မင်းတို့မို့ လုပ်ရက်တယ်။ ငါ့မှာတော့ မင်းတို့ကို အားကိုးပြီး အိမ်ပေါ်က တစ်ရက်လေး ဆင်းလာတဲ့ဟာကို ခုတော့ ..."
"ဟာ ဟေ့ကောင် မိုးထက် ..မထွက်တဲ့ မျက်ရည်တွေ အတင်း ညှစ်မနေနဲ့လေ။ ငိုရင်လည်း လှတာ မဟုတ်ဘဲနဲ့ကွာ။ တိုးတိုးလုပ် ..အန်းမားတို့ နိုးကုန်မယ်။"
မိုးထက်သည် အာပြဲနှင့် ဟန်ဆောင်ငိုနေသောကြောင့် လှိုင်းမှာ ဟထားသည့် မိုးထက်၏ ပါးစပ်ကို လက်ဖြင့် အမြန် သွားပိတ်ရတော့သည် ... တကယ့် ငဂျစ်ကောင်။ မိုးထက်က သူ့ပါးစပ်ကို အုပ်မိုးလာသည့် လှိုင်း၏ လက်ကို ရည်ရွယ်ချက်ရှိရှိ ကိုက်ချလိုက်သည်။
"အာ့ ..ဘာလို့ ကိုက်တာလဲ ခွေးကောင်လေးရဲ့။"
"ငါ့များ ခွေးကောင်လေးတဲ့။ ငါ မင်းထက် အသက်ကြီးတယ်နော် လှိုင်း။"
"ဟုတ်သား ..ကန်တော့ ကန်တော့။"
"ဘုန်းကြီး ခေါင်းခေါက်ပြီးမှ ကန်တော့ ကန်တော့ လုပ်လို့ ရရိုးလား။"
"မင်းက ဘုန်းကြီးမို့လို့လား။ အပိုတွေသိပ်ပြောတယ်။ သွား ..မင်းအိမ် မင်းပြန်တော့ မိုးထက်ရာ။ တကယ်တည်း ကောင်းကောင်းကို မအိပ်ရဘူး။"
မာန်သည် မျက်နှာရှုံ့မဲ့ကာ ပြောရင်း အိပ်ရာထဲ ပြန်လှဲလိုက်ရာ မိုးထက်သည် မာန့်ကို ခဏတာ တွေတွေကလေး ငေးကြည့်နေပြီးမှ အသံပြုလာသည်။
"မာန် ..မင်းက ငါ့ကို နှင်ထုတ်တယ်ပေါ့ ..ဟုတ်လား။ အေးပေါ့လေ ..မင်းအိမ်မှာက မင်းကို ချစ်ပေးမဲ့ အန်းမားရော အန်းကုန်းရော ရှိနေတာပဲ။ အဲ့တော့ အိမ်မှာ ဘယ်သူ့မှ ဂရုမစိုက်တဲ့ ငါ့ကို ဒီမှာ အကြာကြီး ဘယ်နေစေချင်ပါ့မလဲ။ ပြီးရော ..ငါ ပြန်မယ်။"
ချက်ချင်း သူ လိုရာ ဆွဲတွေးပြီး အဓိပ္ပာယ်ကောက် လွဲသွားသည့် မိုးထက်ကြောင့် မာန်ပင် ဆက်မလှဲနိုင်တော့ဘဲ ဇိုးဇိုးဇက်ဇက်နှင့် ထထွက်မည့်ဟန် ပြင်နေသည့် ဧည့်သည်တော်အား ပျာပျာသလဲ ထဆွဲရသည်။ မိုးထက်သည် တစ်ခါတစ်ရံ ထိုကဲ့သို့ပင်။ နောက်နောက်ပြောင်ပြောင် ပြောဆို ဂျီကျနေရင်းမှ သူ့စိတ်နှင့် အခန့်မသင့်သည့် စကားတစ်ခွန်း ပါသွားခဲ့လျှင် စကား အထအန ကောက်ကာ ဝမ်းနည်းသွားတတ်သူပင်။
"ဟာ ဘယ်ကသာ မင်းကို မနေစေချင်ရမှာလဲ။ ငါက ဒီတိုင်း စလိုက်တာပါ မိုးထက်ရ။ မင်းက ငါ့အချစ်ဆုံး သူငယ်ချင်းပဲဟာ။ ငါက ဘာလို့ နှင်ထုတ်ရမှာလဲ။ စိတ်မဆိုးပါနဲ့ကွာ ..နော်။"
"ဟုတ်သားပဲ မိုးထက်ရာ။ ကိုရိပ်က ဒီတိုင်း နောက်တဲ့ သဘောနဲ့ ပြောလိုက်တာပါ။ မင်းကို တကယ် ထွက်သွားခိုင်းတာ မဟုတ်ပါဘူး။ မင်းရှိနေတော့ ပျော်ဖို့တောင် ပိုကောင်းသေးတယ်။ ကိုရိပ်ကို အထင်မလွဲပါနဲ့ကွာ။"
စက္ကန့်မလပ်ပါဘဲ မျက်ရည်များ ရစ်သိုင်းလာသည့် မိုးထက်ကြောင့် လှိုင်းပင် ယောက်ယက်ခတ်သွားရသည်။ မိသားစုက ပေးသည့် စိတ်ဒဏ်ရာဆိုသည်မှာ ဒါပါပဲ ... အကြောင်းတိုက်ဆိုင်သည်များ ရှိခဲ့လျှင် ဘာမဟုတ်တာလေးနှင့်လည်း မျက်ရည်တွေ ဝဲလာတတ်သလို စိတ်အစဉ်တို့သည် ကြေကွဲခြင်း တိမ်စိုင်များအောက်သို့ လျင်မြန်စွာ ခိုဝင်သွားတတ်သည်။
"မနေ့က မမစုက အိမ်မှာ မရှိဘူး ..သူ့သူငယ်ချင်းဆီမှာ သွားအိပ်တယ်။ အိမ်မှာက ငါ တစ်ယောက်တည်း။ မနက်အိပ်ရာနိုးတော့ ..ငါ့ဒယ်ဒီရော မာမီရော အိမ်ပြန်ရောက်နေကြတယ်။ ဟွန်း ..သူတို့နှစ်ယောက်စလုံး ဘာလုပ်လာကြတယ်လို့ မင်းတို့ ထင်လဲ။"
မာန်နှင့် လှိုင်း အတင်းပြန်ဆွဲထားမှ ခုတင်စပ်နား ပြန်ထိုင်ပြီး ရုတ်တရက်ကြီး အတွင်းရေးတွေ ဖွင့်ဟလာသည့် မိုးထက်၏ အမေးကြောင့် မာန်ရော လှိုင်းပါ ခေါင်းခါပြလိုက်ရသည်။ မိုးထက်ပိုင် ယခုလို ရင်ဖွင့်တာ ရှားသည်။ ယခင်က မာန်နှင့် ဘုန်းသွင်ကို မကြာခဏ ရင်ဖွင့် ပြောပြတတ်လား မသိပေမဲ့ လှိုင်း မိုးထက်နှင့် ခင်သည့် ကာလတစ်လျှောက်လုံး သူ၏ မိသားစုအကြောင်း သူ့နှုတ်မှ လိုလိုလားလား ပြောပြသည့် အကြိမ်အရေအတွက်မှာ လက်ချိုးရေ၍ ရသည်။
"ဒယ်ဒီကလည်း မမစုအရွယ်လောက်ပဲ ရှိသေးတဲ့ ကောင်မလေး ၃ ၊ ၄ ယောက်ကို အိမ်ခေါ်လာတယ်။ မာမီနဲ့လည်း ကောင်လေးတစ်ယောက် ပါလာတယ်။ မျက်နှာပြောင် တိုက်လိုက်ကြတာ ..အိမ်မှာ ငါ ရှိနေပါလျက်နဲ့။ ငါတစ်ယောက်လုံး ရှိနေတာကို သိသိရဲ့နဲ့ ..သူတို့မို့ ..သူတို့ရဲ့ ရထားတွဲတွေကို အိမ်ခေါ်လာရဲတယ်။ တောက် ..."
ပြောရင်း မျက်ရည်များ ကျလာသည့် မိုးထက်ကြောင့် မာန်သည် အနားတိုးကပ်သွားကာ သိုင်းဖက်လိုက်သည်။ ထိုခဏလေးအတွင်း မိုးထက်၏ ငိုရှိုက်သံ ထွက်ပေါ်လာသည်။ သူ့ ငိုသံကြောင့် လှိုင်းပါ ငိုချင်လာသည်။ ဘာလို့များ ... နှလုံးသားမှာ ဖျောက်ဖျက်မရသည့် သေရာပါ ဒဏ်ရာများကို သွေးသားတော်စပ်သည့် မိသားစုများက အစပျိုးပေးရသနည်း။ မိသားစုဟူသည် ဝမ်းနည်းအားငယ်နေချိန်၌တောင် ဖေးမကာ အနားရှိနေပေးရမည် မဟုတ်ပါလား။ သို့သော် ထိုဝမ်းနည်းအားငယ်မှုတို့၏ အရင်းခံသည် ဘာအတွက်ကြောင့်များ မိသားစု ဖြစ်နေရသနည်း။
"သူတို့ တိုက်ခန်းတွေမှာ သူတို့ လုပ်ချင်သလို လုပ် ၊ ကြိုက်တဲ့သူ ခေါ်ထား ..ငါ စိတ်မဝင်စားဘူး။ ခုဟာက ငါတို့အိမ်မှာ ..ငါနဲ့ မမစု ရှိတဲ့ အိမ်ကိုမှ ခေါ်လာတာ။"
ခေတ္တမျှ ငိုပြီးနောက် ဖက်ထားသည့် မာန့်ဆီမှ ရုန်းပြီး မှိုင်တွေနေရင်းမှ ထပ်မံ တိုးညှင်းညှင်း ဆိုလာသည်။ မျက်ရည်များ မကျတော့သော်လည်း နာကြည်းသည့် အရိပ်အယောင်များနှင့် ဝမ်းနည်းသည့် အငွေ့အသက်များသည် မျက်လုံးအိမ်၌ ပြည့်လျှံနေသည်။ မနက်စောစောစီးစီး သုံးယောက်သား အခန်းထဲ ဘာစကားမှ ထပ်မပြောမိကြဘဲ ငြိမ်သက် တိတ်ဆိတ်စွာသာ ထိုင်နေမိကြသည်။ မာန်သည် ခုတင်ထက်၌ မိုးထက် ဘေးတွင် ထိုင်နေရင်း မိုးထက်၏ ပုခုံးကို ဖက်ထားကာ လှိုင်းကတော့ ကြမ်းပေါ်၌သာ ထိုင်ရင်း သူ့ရှေ့ရှိ မိုးထက်ကိုသာ သေချာ အကဲခတ်နေသည်။ မိုးထက်မှာမူ နေရောင်ဖြာကျနေသည့် ပြတင်းပေါက်ကို ငေးနေရင်း အတွေးထဲ နစ်မျောနေဟန် ရှိသည်။
အချိန်တွေ ဘယ်လောက်ကြာသွားသည် မသိ။ အခန်းတံခါး ခေါက်သံကြားမှ မိုးထက် သတိပြန်ကပ်လာသည်။ အသက်ရှူမဝတော့သလို ခံစားလာရသဖြင့် လေကို တစ်ဝကြီး ရှူသွင်းရင်း ပွင့်ဟလာသည့် အခန်းတံခါးဆီ အကြည့်ရောက်ရာ ဒေါ်ဝင်း ဖြစ်နေသည်။
"သား မိုးထက်"
"ဟုတ် အန်တီဝင်း။ ဘာဖြစ်လို့လဲ။"
မျက်ရည်များကို မမြင်စေလိုသောကြောင့် မိုးထက်သည် မျက်တောင်များကို ပုတ်ခတ် ပုတ်ခတ်လုပ်ရင်း လှမ်းမေးလိုက်ရာ ဒေါ်ဝင်းက တွန့်ဆုတ်စွာဖြင့် အဖြေပြန်ပေးလာသည်။
"အောက်မှာ ..သားအိမ်က ဒရိုင်ဘာ ရောက်နေတယ်။ သားကို ပြန်လာခေါ်တာတဲ့။"
"အဟက်"
မိုးထက် အသံထွက်ပြီး တစ်ချက် ရယ်လိုက်မိသည် ... ပြန်လာခေါ်ခိုင်းဖို့တော့ သတိရကြသေးတာပဲ။ ထွက်ပေါ်လာသည့် ရယ်သံသည် အက်ကွဲနေရုံသာမက ခြောက်ကပ်ကပ်နှင့်။ လှိုင်းသည် ဒေါ်ဝင်း၏ စကားကြောင့် ထိုင်နေရာမှ မတ်တပ်ထရပ်လာကာ -
"မင်း မပြန်ချင်သေးရင် ဒရိုင်ဘာဦးလေးကို ငါ သွားပြောပေးမယ်လေ။"
"နေ နေ လှိုင်း။ ငါ ပြန်တော့မယ်။ မင်းတို့ကို စိတ်ဆိုးလို့ မဟုတ်ဘူးနော်။ အိမ်မှာ မာမီတို့နဲ့ စာရင်းရှင်းစရာ ရှိလို့။"
ပြောရင်း ဘေးရှိ မာန်၏ ပုခုံးကို တစ်ချက် ဆုပ်ကိုင်လိုက်ပြီးမှ အခန်းထဲက ထွက်ခွါသွားသည်။ မာန်နှင့် လှိုင်းလည်း အနောက်မှ လိုက်ရတော့သည်။ သည်ကောင်လေး ဘာတွေ လျှောက်လုပ်မလို့ပါလိမ့်။ ခြံဝင်းထဲ ရောက်သောအခါ ကားပေါ်၌ ကားဒရိုင်ဘာ တစ်ယောက်တည်းသာ ပါလာသည်။ ကားပေါ် မတက်ခင် မိုးထက်၏ အမေးစကားသံသည် ခြံဝင်းထဲ မတိုးမကျယ် ထွက်ပေါ်လာသည်။
"ဒယ်ဒီနဲ့ မာမီ ပြန်သွားပြီလား ဦးလေး။"
"မပြန်သေးဘူး သား။ သားကို စောင့်နေကြတယ်။ သားရဲ့မမလည်း အိမ်ပြန်ရောက်နေတယ်။"
"ဘာတွေ ရှုပ်ကြဦးမှာလဲကွာ။"
"မိုးထက် ငါတို့ လိုက်ခဲ့ပေးရမလား။"
လှိုင်း၏ အမေးကို မိုးထက်က ခေါင်းခါပြ၍ ငြင်းဆန်သည်။
"မလိုက်နဲ့။ ပြဿနာထဲ ဝင်မပါနဲ့ လှိုင်း။ ငါ ..ငါ သွားတော့မယ်။ မနေ့ကအတွက်တော့ ကျေးဇူးပဲနော် မာန်။ လှိုင်းရောပဲ။"
"အချင်းချင်းတွေပဲကွာ။ ကျေးဇူးတင်စကား လိုလို့လား။ ဂရုစိုက်သွား။"
"အင်း"
လက်ပြ နှုတ်ဆက်ပြီးသည်နှင့် မိုးထက် ကားပေါ်သို့ တက်သွားသည်။ ထို့နောက် ကားအဖြူလေးမှာ မာန်၏ အိမ်ခြံဝင်းထဲမှ လာရာလမ်းအတိုင်း ဆုတ်ခွါသွားလေသည်။ အစွမ်းကုန် တောက်ပနေသည့် မိုးပေါ်ရှိ နေမင်းသည်လည်း မိုးထက်ရင်ထဲရှိ မီးတောက်လောက် မလောင်မြိုက်နိုင်ပါ။ အလိုလို ဆုပ်ထားမိသည့် လက်သီးများသည် အမျက်ဒေါသကို ရည်ညွှန်းနေသည်လား ၊ သို့မဟုတ် မကျေနပ်ချက်ကို ဖော်ပြနေသည်လား ဆိုသည်ကို မိုးထက် ကိုယ်တိုင်ပင် မသိတော့ပါချေ။ အိမ်ပြန်လမ်းတစ်လျှောက်လုံးလည်း တိတ်ဆိတ်ခြောက်ကပ်ခြင်းကသာ မင်းမူ ကြီးစိုးနေလေသည်။ အိမ်နှင့် နီးကပ်လာလေလေ မိုးထက်၏ ရင်ခုန်သံများ မြန်ဆန်လာလေ ဖြစ်နေသည်။ အိမ်ပြန်ရောက်လျှင် သူ၏ မိဘများက ဘာတွေ ပြောပြီး သူကရော ဘာအတွက် ဒေါသထွက်ရဦးမည်နည်း ... သူ့မိဘများနှင့် မတည့်သည်ကား အဆန်းမဟုတ်သော်ငြား ထိုဖြစ်ရိုးဖြစ်စဉ်ကိုပင် မိုးထက် ရင်မဆိုင်ချင် ဖြစ်နေသည်။ မည်သူကရော ကိုယ့်မိဘများကို အတိုက်အခံလုပ်ကာ စိတ်ထဲ မပါသည့် စကားများကို အမြဲတစေ ပြောချင်မည်နည်း။
"သား လာ ..သားကို မာမီတို့ စောင့်နေတာ။"
အိမ်ထဲသို့ ခြေချလိုက်ပြီးသည်နှင့် ဧည့်ခန်း၌ စောင့်နေသည့် သူ၏ ဒယ်ဒီ ၊ မာမီနှင့် သူ၏ အစ်မ စုစန္ဒီတို့ကို ပူးတွဲ မြင်လိုက်ရသည်။ အဲ့တာတွေ စိတ်ပျက်တာ ... မိသားစုလေးယောက် ထိပ်တိုက်ဆုံကာ စကားပြောရမည်ကို မိုးထက် သေလုအောင် မုန်းသည်။ အထူးသဖြင့် စာချုပ်သဘောအရသာ အတူတကွ ပေါင်းသင်းနေထိုင်နေသည့် အကြင်လင်မယား ခေါင်းစဉ်အောက် ရောက်နေသော်လည်း တကယ့်လက်တွေ့၌ တိုက်ခန်းကိုယ်စီတွင် အဖော်ကိုယ်စီဖြင့် သီးသန့် နေထိုင်နေကြသည့် မိဘများကို ယခုလို ယှဉ်တွဲ မြင်တွေ့ရချိန်တိုင်း မိုးထက် လွန်စွာမှ စိတ်ပျက်သည်။ အပေါ်ယံ ဟန်ဆောင်ခြင်းမျိုး သူ သိပ်မုန်းသည်။
"ဘာကိစ္စလဲ မာမီ။ မျက်နှာချင်းတောင် မဆိုင်ချင်တဲ့ ဒယ်ဒီနဲ့အတူ သားကို ထိုင်စောင့်နေရလောက်အောင် ဘာတွေ အရေးကြီးနေလို့လဲ။"
"မိုးထက်ပိုင်"
ဒယ်ဒီ ဦးဝင်းထက်၏ ဒေါသနှောနေသည့် အော်သံသည် ဧည့်ခန်းထဲ ဟိန်းထွက်သွားသည်။ မိုးထက်သည် မျက်နှာချင်းဆိုင်၌ ထိုင်နေသည့် ဦးဝင်းထက်ကို တစ်ချက်သာ မျက်လုံးလှန်ကြည့်လိုက်ပြီး -
"ဒေါသ ထွက်မနေနဲ့ ဒယ်ဒီ။ သားကို ဘာကိစ္စလဲ ဆိုတာသာ မြန်မြန်ပြော။ သားမှာ အချိန်မရှိဘူး။"
"ဒီလို သားရဲ့ ..သားက အခု ၈ တန်းဖြေပြီးသွားပြီဆိုတော့ မာမီတို့က သားကို အင်္ဂလိပ်ကျောင်း ပြောင်းထားပေးမလို့။ ဆယ်တန်းမဖြေတော့ဘဲ international school တစ်ခုခုမှာ တက်ပြီး သူတို့ရဲ့ အထက်တန်းကိုပဲ ဖြေလိုက်။ ဖြေပြီးတာနဲ့ US သွားဖို့ မာမီနဲ့ မင်းဒယ်ဒီ တိုင်ပင်ထားကြတယ်။"
သူ့အနား လာထိုင်ပြီး လေပြည်အေးတရား လာဟောနေသည့် မိခင်ဖြစ်သူ ဒေါ်ဥမ္မာဆွေအား မိုးထက် တစ်ချက်သာ လှမ်းကြည့်လိုက်မိသည်။ လတ်စသတ်တော့ သူ့ကို အနားကနေ အဝေးဆုံးကို ကန်ထုတ်ချင်နေတာပဲ။ မိုးထက် ဘာမှ မပြောခင်ပင် ဒေါ်ဥမ္မာဆွေက စကားဆက်လာသည်။
"သမီးစုကိုတော့ ဒီနှစ်အတွင်းပဲ US မှာ တက္ကသိုလ် ဆက်တက်ဖို့ မာမီတို့ စီစဉ်ထားတယ်။ သမီး သွားမယ်မလား စု။"
"မာမီတို့ သဘောလေ။ အိမ်မှာ မနေရရင် ပြီးတာပဲ။"
ခြေထောက်ချိတ်ထိုင်နေရင်း ပြန်ဖြေလာသည့် စုစန္ဒီ၏ စကားသည် ပေါ့ပျက်ပျက်နိုင်နေသော်လည်း ဦးဝင်းထက်ရော ဒေါ်ဥမ္မာဆွေပါ ဘာမှ မပြောတော့ဘဲ သူတို့အစီအစဉ်အတိုင်း စုစန္ဒီ လက်ခံသည်မို့ ငြိမ်နေလိုက်ကြသည်။ ထိုစဉ် မိုးထက်၏ ငြင်းဆန်စကားက တိကျပြတ်သားစွာဖြင့် တွေဝေမှု အလျဉ်းမရှိဘဲ ထွက်ပေါ်လာသည်။
"သားကတော့ မာမီတို့ စီစဉ်ထားတာတွေ လက်မခံနိုင်ဘူးနော်။ ကျောင်းလည်း မပြောင်းဘူး။ နိုင်ငံခြားလည်း မသွားနိုင်ဘူး။ ဒီမှာပဲ နေပြီး ဆယ်တန်းဖြေမယ်။ ပြီးရင် တက္ကသိုလ် ဆက်တက်မယ်။ မာမီတို့ သားကို အဝေး ကန်ထုတ်ချင်တိုင်း သွားမယ်လို့ ထင်နေတာလား။"
"မိုးထက် ..စကားကို ဘယ်လိုပြောနေတာလဲ။ မာမီတို့က မင်းကောင်းဖို့အတွက် ပြောနေတာလေ။"
"တော်ပါဗျာ။ မာမီနဲ့ ဒယ်ဒီ လုပ်ချင်တိုင်း လုပ်လို့ ရအောင် သားနဲ့ မမစုကို အဝေးကို အတင်းလွှတ်ချင်နေတာ မသိဘူး ထင်နေတာလား။ သားကတော့ ကျောင်းမပြောင်းဘူး။ ဆယ်တန်းပဲ ဖြေမှာ။"
"မင်းက ငါတို့ကို အာခံနေတယ်ပေါ့ ..ဟုတ်လား မိုးထက်ပိုင်။ မင်းလို သားမျိုးကို ဘယ်လို သန္ဓေကများ မွေးထုတ်ထားတာပါလိမ့်။"
"ကိုဝင်းထက် ..ရှင် စကားကို ကြည့်ပြော။ သားက ကျွန်မ သားဆိုပေမဲ့ ရှင်နဲ့ ရထားတဲ့ ကလေး။ ကလေးက ဒီလို ဆိုးနေတာ ရှင် အုပ်ထိန်းမှု ညံ့လို့လည်း ပါတယ်လေ ..ရှင် ..."
"ကဲ တော်ကြပါတော့ဗျာ ..ဒီဓာတ်ပြားဟောင်းကြီးကို ထပ်မဖွင့်ပါနဲ့တော့။ အခု မာမီနဲ့ ဒယ်ဒီက ကျောင်းကိစ္စ ပြောဖို့ သားကို စောင့်နေတာမလား။ မာမီတို့ ပြောချင်တဲ့ အကြောင်းအရာကို သား သိပြီ။ သားဘက်ကလည်း သားရဲ့ ဆန္ဒကို ပွင့်ပွင့်လင်းလင်း ပြောပြီးပြီ ဆိုတော့ ..မာမီတို့ ကိုယ်အိမ်ကိုယ် ပြန်ကြတော့။ ဒီမှာလာပြီး ရန်ဖြစ်မနေနဲ့။ နောက်ပြီး နောက်တစ်ခါ မာမီတို့ ဒယ်ဒီတို့ရဲ့ ဇယားတွေကို အိမ်ခေါ်မလာနဲ့။"
"မိုးထက်ပိုင် အခု ရပ်လိုက်စမ်း။"
ဧည့်ခန်းအပြင်သို့ ဦးတည်ကာ လှမ်းနေသည့် မိုးထက်၏ ခြေလှမ်းများသည် ဒေါသအငွေ့အသက်များဖြင့် မာထန်နေသည့် ဟန့်တားသံကြောင့် တန့်သွားသည်။ ကျောခိုင်းထားရာ အရပ်၌ ရှိသော ဖခင်အား လှည့်ကြည့်ကာ မျက်နှာချင်းဆိုင်ရပ်လိုက်သည်။ နီးကပ်နေသည့် အကွာအဝေး မဟုတ်သော်ငြား ဦးဝင်းထက်၏ ဒေါသ အရိပ်အယောင်များသည် မိုးထက်ပေါ်သို့ ထင်ဟပ်နေသည်။
"မင်းက ငါတို့ စီစဉ်ထားတာကို လက်မခံရအောင် မင်းကိုယ်မင်း သိပ်တော် သိပ်တတ်နေပြီ ထင်နေတာလား ဟမ်။ ငါတို့က မင်းအတွက် ပိုက်ဆံတွေ ရင်းပြီးတော့တောင် နိုင်ငံခြားမှာ ကျောင်းထားပေးဖို့ လုပ်နေတာ။ မင်း စေတနာကို မစော်ကားနဲ့ မိုးထက်ပိုင်။"
"အဟက် ..စေတနာတွေ ကရုဏာတွေ မေတ္တာတွေကို နားထားစမ်းပါ ဒယ်ဒီရာ။ ဒယ်ဒီတို့ စေတနာတွေလည်း သား စိတ်မဝင်စားဘူး။ နိုင်ငံခြားမှာ ကျောင်းတက်ဖို့က ပိုက်ဆံတွေ မတရား ကုန်တာမလား။ ဘာအတွက်ကြောင့် ပိုက်ဆံကုန်ခံနေကြမှာလဲ။ တော်ကြာနေ ..သားကို ကျောင်းထားပေးရလို့ ဒယ်ဒီတို့ ပျော်ပါးဖို့ စည်းစိမ်တွေ လျော့ကုန်ပါဦးမယ်။"
"မင်း ..."
နှုတ်ခမ်းထောင့်၌ ပူခနဲ ဖြစ်သွားရကာ လူက ချာခနဲ လည်ထွက်သွားပြီး ကြမ်းပြင်ပေါ် ထိုင်လျက် ကျသွားသည်။ ဒေါ်ဥမ္မာဆွေ၏ "သား" ဟု အလန့်တကြား ခေါ်သံနှင့်အတူ အနားရောက်လာသည့်အပြင် ထိုင်နေသည့် စုစန္ဒီကပါ မိုးထက်ကို လာဆွဲထူပေးသည်။ မိုးထက်ကို မိခင်နှင့် အစ်မဖြစ်သူက ဆွဲထူပေးနေသော်လည်း မိုးထက်က မထသေးဘဲ ဖခင် ဦးဝင်းထက်အား မော်ကြည့်ကာ -
"သား ဒယ်ဒီတို့ကို စကားကုန် ပြောပြီးပြီ။ မြန်မာနိုင်ငံမှာပဲ နေပြီး သားသူငယ်ချင်းတွေနဲ့ပဲ ကျောင်းဆက်တက်မှာ။ ဒယ်ဒီတို့ မကျေနပ်ရင်လည်း အခုကတည်းက အမွေဖြတ် စွန့်လွှတ်လိုက်။ မိုးထက်ပိုင်ကိုတော့ ဆုံးဖြတ်ချက်ကို လာမပြင်ခိုင်းနဲ့ ..တစ်သက်လုံး မပြင်ဘူး။ ဒယ်ဒီတို့တောင်မှ နေချင်သလို နေပြီး လုပ်ချင်သလို လုပ်နေကြတာမလား။ သားလည်း သား လုပ်ချင်တာ လုပ်မယ်။"
စကားဆုံးသည်နှင့် လာတွဲထူသည့် လက်များမှ ရုန်းကာ ကိုယ့်ဘာသာ ထပြီး အိမ်ပြင်သို့ ထွက်လာလိုက်သည်။ ခြံထဲရှိ ကားဒရိုင်ဘာ ဦးလေးအား အော်ခေါ်ကာ အင်းလျားကန်ဘောင်သို့ မောင်းခိုင်းလိုက်သည်။ ဒေါသကြောင့် ပျက်ထွက်လုမတတ် ကိုက်ခဲထားမိသည့် လက်ကို မလွှတ်ပေးမိသည်မှာ ခါးသက်သက် အရသာကို ခံစားမိသည်အထိ။ အာရုံခံအင်္ဂါမှ ခါးသက်သက် အရသာကို ရမှ လက်ကို လွှတ်လိုက်ရာ သွေးဆို့နေသည့် လက်၌ သွားရာသည် အကွင်းလိုက်။ သို့သော် ရင်ထဲက ဒဏ်ရာနှင့် ယှဉ်လျှင်တော့ ဤဒဏ်ရာသည် မြူမှုန်မျှသာ ရှိသည်။
အင်းလျားကန်ဘောင်သို့ ရောက်သောအခါ များစွာသော လူများသည် လက်ညှိုးထိုးမလွဲ။ သင်္ကြန်နောက်ဆုံးရက်မို့ လူပိုစည်နေသည်လား မပြောတတ်။
"ဦးလေး နောက်က မလိုက်ခဲ့နဲ့။"
"မလိုက်ရင် လူကြားထဲ ပျောက်သွားမှာပေါ့ သားရယ်။ သား ပျောက်သွားရင် ..."
"စိတ်မပူပါနဲ့။ ကိုယ့်ကိုကိုယ်တော့ ကျွန်တော် အပျောက်ခံပါ့မလား။ ဦးလေး ကားထဲမှာပဲ စောင့်နေ။"
မိုးထက်သည် ပြောပြီးသည်နှင့် ကားဒရိုင်ဘာ ဦးလေးကြီးအား ကျောခိုင်းလှည့်ထွက်ခဲ့သည်။ ကန်ဘောင်၌ သင်္ကြန်နောက်ဆုံးရက်မို့ လူများသည် ပျားပန်းခတ် လှုပ်ရှား သွားလာနေကြသလို ကလေးတစ်ချို့သည်လည်း ရေမစိုသေးသည့် မိုးထက်အား သူတို့၏ ရေသေနတ်များဖြင့် ရေပက်ကြသည်။ သို့ပေမဲ့ သင်္ကြန်ရေသည် ရင်ထဲမှ အပူမီးကို မငြိမ်းသတ်နိုင်။ လျှောက်လာရင်း အလယ်နား ရောက်သောအခါ လွတ်နေသည့် ခုံတန်း၌ ဝင်ထိုင်လိုက်ပြီး နေရောင်ကြောင့် တလက်လက် တောက်နေသည့် ရေပြင်ကို အကြောင်းမဲ့ ငေးကြည့်နေမိသည်။ ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသည့် သက်ပြင်းကိုလည်း ချမိပြန်သည်။ မိသားစု ၊ သူငယ်ချင်းများဖြင့် ပျော်ပါးနေကြသည့် လူများစွာကြား၌ သူသည် တစ်ကိုယ်တည်း သောကမီးတောက်လောင်နေသည့်အပြင် ဝမ်းနည်းခြင်းတို့ကြောင့် နေသာနေသည့် နေ့တွင် သူ၏ရင်ထဲ၌ ကွက်ကြားမိုး ရွာနေသည်။ ဒယ်ဒီနှင့် စကားများပြီးချိန်တိုင်း၌ မျက်ရည်ဟူသည် မိုးထက်နှင့် မသက်ဆိုင်သကဲ့သို့။ မာန့်အိမ်၌ ဝမ်းနည်းလွန်း၍ မျက်ရည် ကျခဲ့သည့် မိုးထက်ပိုင်သည် ဒယ်ဒီ့၏ လက်သီးတစ်ချက်ကြောင့် မျက်ရည်ခမ်းကုန်သွားသည့် မိုးထက်ပိုင်အဖြစ် ပြောင်းလဲသွားဟန် တူသည်။
တည်ငြိမ်နေသည့် ရေပြင်ကို မမှိတ်မသုန် ကြည့်နေရင်း အမြင်အာရုံထဲ တိုးဝင်လာသည်ကား သူရိယ နေမင်း၏ အရှိန်အဝါအောက် ကိုယ်ရောင်ကိုယ်ဝါ ညီးနေသည့် ကောင်လေးတစ်ယောက်။ ပိုမိုပြည့်စုံအောင် ဖြည့်စွက်ပြောရပါလျှင် မာန်၏ အိမ်နေရင်း အင်္ကျီများကို ဝတ်ထားသည့် သူ့ဘေး၌ ခွင့်မတောင်းဘဲ ဝင်ထိုင်သည့် မျက်မှန်ဝိုင်းလေးများနှင့် ကောင်လေးတစ်ယောက်။ အနက်ရောင် ရှပ်အင်္ကျီကို ဂျင်းပြာနှင့် တွဲဖက်ဝတ်ဆင်ထားသည့် ထိုအမျိုးကောင်းသားမှာ သူ့နည်းတူ သင်္ကြန်ရေ စိုစွတ်နေသည့်တိုင်အောင် ရှင်းသန့်သော ဟန်ပန်ဖြင့် အမြင်အေးစေသည်။
ကြောင်ငေးကြည့်နေသည့် သူ့ဘေးသို့ ဝင်ထိုင်သော်လည်း သူ့ကို တစ်ချက် မကြည့်သည့် ကောင်လေးသည် မိုးထက်နှင့် ရွယ်တူလောက်သာ ရှိလိမ့်မည်။ တည်ကြည်သော အသွင်သည် ပြုံးရိပ်သန်းမနေသည့် နှုတ်ခမ်းတစ်စုံကြောင့် ပို၍ လေးနက်သည့် ဟန်ပန်ကို ပေါ်လွင်စေသည်။ မိုးထက်ကို မရှိသလို လျစ်လျူရှုထားကာ ကုန်ရေပြင်ကိုသာ မလှုပ်မယှက် ကြည့်နေသည့် ကောင်လေးသည် သက်ပြင်းကိုလည်း အခါခါ ချနေသေးသည်။
မိုးထက်သည် ထိုကောင်လေးအား ခေါင်းစောင်းငဲ့ကာ ကြည့်နေရင်း ခန္ဓာကိုယ်ကိုပါ ထိုကောင်လေးဘက်သို့ အနည်းငယ် စောင်းကာ မေးထောက်လိုက်ရာ လက်နှင့်ထိတွေ့လိုက်မိသည့် နှုတ်ခမ်းထောင့်မှာ စပ်ဖျဉ်းဖျဉ်းနှင့်။ ထိုအခါမှ မိုးထက်သည် လက်ဖမိုးဖြင့် မိမိ၏ နှုတ်ခမ်းထောင့်ကို ဖိသုတ်ကာ ကြည့်လိုက်မိရာ ရဲနေသည့် သွေးများသည် လက်ဖမိုးထက်၌ အထင်းသား။ ဒယ်ဒီထိုးလိုက်တာ သွေးတောင် ထွက်သွားသည်ပဲ။ လက်ဖမိုးထက်ရှိ အရာကို မြင်ခိုက် မိုးထက်၏ နှုတ်ခမ်းထောင့်များ တွန့်ကွေးသွားသည်ကို ကြည့်ခြင်းအားဖြင့် သူ မဲ့ပြုံးလိုက်မိသည် ထင်ပါရဲ့။
"မင်းမှာ တစ်ရှူးပါလား"
မေးခွန်းတစ်ခုဖြင့် အစချီလာသည့် စကားဝိုင်းကြောင့် တိတ်ဆိတ်နေသည့် လေထုသည် ပြန်လည် စိုပြေလာတော့မည့် အရိပ်အယောင်များ သန်းလာသည်။ မိုးထက်၏ အသံကို မကြား၍လား ၊ သို့တည်းမဟုတ် တမင် မကြားချင်ယောင် ဆောင်ထားသည်လား မပြောတတ်သော်ငြား ထိုကောင်လေးသည် မိုးထက်ကို လှည့်မကြည့်ဘဲ အကြည့်တို့သည် ရှေ့တည့်တည့်၌သာ တစ်သမတ်တည်း တည်ရှိနေသည်။
"ဟိတ် ငါ ပြောတာ ကြားလား။"
မိုးထက်သည် ထိုကောင်လေး၏ မျက်နှာရှေ့ လက်ပြလိုက်သောအခါမှ မိုးထက်ကို သတိပြုမိသွားဟန်ဖြင့် လှည့်ကြည့်လာသည်။ မိုးထက်နှင့် အကြည့်ချင်းဆုံလာသည့် မျက်မှန်အောက်ရှိ မျက်နက်ဝန်းများသည် ခံစားချက်ဟူ၍ ဗလာနတ္ထိ။ အကြည့်တို့သည် နေရောင်၏ ပံ့ပိုးမှုဖြင့် ကောင်းကင်ထက်ရှိ ကြယ်လေးများပမာ တလက်လက် တောက်နေသော်ငြား အသက်မပါသလို မှင်သေသေဖြင့်။
"ငါ့နှုတ်ခမ်းထောင့်မှာ သွေးထွက်နေလို့ မင်းမှာ တစ်ရှူးပါရင် ပေးပါလား။"
တွေတွေကလေး ကြောင်ကြည့်နေသည့် ကောင်လေးအား မိုးထက်သည် သူ၏ နှုတ်ခမ်းထောင့်ကို လက်ညှိုးညွှန်ပြကာ ဆိုသောအခါ ကောင်လေးသည် မိုးထက်၏ နှုတ်ခမ်းထောင့်အား စက္ကန့်အနည်းငယ်မျှ စူးစိုက်ကြည့်နေသည်။ ပြီးနောက်မှ သူ လွယ်ထားသည့် ဘေးစောင်းလွယ်အိတ်လေးထဲမှ အဖြူရောင်လက်ကိုင်ပဝါလေးအား ထုတ်ပေးလာသည်။
"ကိုယ့်မှာ ဒါပဲ ပါတယ်။"
သူ့ကိုယ်သူ သုံးနှုန်းလိုက်ပုံက "ကိုယ်" တဲ့ ... တကယ့်ကို လူကြီးဂိုက်ဖမ်းတတ်သည့် ကောင်လေးပဲ။ ဘာကြောင့်ရယ် မသိသော်ငြား မိုးထက် ခေါင်းငုံ့ကာ တစ်ချက် ကြိတ်ပြုံးလိုက်မိသည် ထင်သည်။
"ကျေးဇူးပဲ"
လက်ကိုင်ပဝါကို လှမ်းယူရင်း လက်ကိုင်ပဝါ၏ ပိုင်ရှင်ကို လိုလိုလားလား ပြုံးပြကာ ကျေးဇူးတင်စကား ဆိုလိုက်ပြီးနောက် မိုးထက်သည် နှုတ်ခမ်းထောင့်မှ သွေးများကို ဖိသုတ်လိုက်သည်။ အဖြူရောင် လက်ကိုင်ပဝါထက် နေရာယူသွားသည့် သွေးများသည် အနည်းအကျဉ်းမျှသာ ဆိုသော်လည်း မိုးထက်၏ ရင်ထဲ စူးခနဲ အောင့်သွားရသည် ... ဤသွေးများသည် ဒယ်ဒီ့၏ မေတ္တာတွေဆိုသော အသိသည် နှလုံးသားကို ဓားနှင့် ထပ်ခါ ထပ်ခါ မွှန်းနေသည့်နှယ်။ မိုးထက် ခေါင်းကို အသာ ခါပြီး စိတ်မချမ်းမြေ့စရာ အတွေးပေါင်းသောင်းခြောက်ထောင်ကို ဖြတ်တောက်ကာ ဘေး၌ ထိုင်နေသည့် ကောင်လေးဆီသို့သာ အာရုံအစုစုကို ပို့လွှတ်လိုက်သည်။
"မင်း တစ်ယောက်တည်းလား။"
"ဘယ်လိုထင်လို့လဲ"
မေးခွန်းကို မေးခွန်းဖြင့် ပြန်တုံ့ပြန်လာသည့် ကောင်လေးသည် မိုးထက်ကို ကြည့်နေသည်မျိုး မဟုတ်ဘဲ မျက်စိရှေ့ရှိ ကန်ရေပြင်ကို ထပ်မံ ငေးကြည့်နေပြန်သည်။ ဘေးတိုက်အနေအထားနှင့်မို့ နှုတ်ခမ်းများက မိန်းကလေးများကဲ့သို့ လှပစွာ ဖူးငုံနေသည်မှာ ပိုမို သိသာထင်ရှားနေသလိုပဲ။ မိုးထက် ဘေးဘီကို အကြည့်ရောက်တော့လည်း ထိုကောင်လေးနှင့် ပတ်သက်ဆက်နွယ်သည့်ဟန် ရှိသည့် လူဟူ၍ မည်သူမှ မတွေ့။ သည်ကောင်လေးလည်း သူ့နည်းတူ တစ်ယောက်တည်းပဲ ထင်ရဲ့။ အင်းလျားကန်ဘောင်ရှိ များပြားလှသော လူများထဲမှ ယခုလို သူ့နည်းတူ အထီးကျန်နေသည့် တစ်စုံတစ်ယောက်နှင့် တွေ့ဆုံရခြင်းသည် ထူးခြားသော တိုက်ဆိုင်မှုပေပဲလား မပြောတတ်သော်ငြား ဤတွေ့ဆုံမှုကို မိုးထက် တန်ဖိုးထားသည်။
"ငါလည်း တစ်ယောက်တည်းပဲ။ ငါ့နာမည်က မိုးထက်ပိုင် ..သူငယ်ချင်းတွေကတော့ မိုးထက်လို့ ခေါ်တယ်။ အင်း ..အဖျားဆွတ်ပြီး မိုး လို့ ခေါ်လည်း ရတာတော့ ရပါတယ်လေ။ မင်းနာမည်ကရော။"
"ရှိုင်း..နောင်..ခန့်"
မိုးထက်ဘက်သို့ ခေါင်းစောင်းကာ မျက်လုံးချင်းဆုံပြီးမှ သူ၏ နာမည်ကို တစ်လုံးချင်း ပီပီသသ ရွတ်လိုက်သည့် ကောင်လေးသည် နာမည်တင် တောက်ပနေသည် မဟုတ်ဘဲ သူကိုယ်တိုင်က မြင်ရသူကို အရှိန်တစ်ခုကို ခံစားသွားစေသည်မျိုး ... ဆန်းတော့ ဆန်းသည်။
"ငါတို့နှစ်ယောက် ရွယ်တူပဲ ထင်တယ်။ မင်းအသက်က ..."
"မှန်းကြည့်ပါလား။"
သည်ကောင်လေး တစ်မျိုးပဲ ... သူ့ကို မိုးထက် တစ်ခုခုမေးတိုင်း မိုးထက်ကို တန်ပြန်မေးနေသည်။ မိုးထက်ကို စူးရဲရဲ စိုက်ကြည့်နေသည့် အကြည့်တို့သည် ခံစားချက် မပါသလို မျက်နှာထားသည်လည်း အသက်မပါသော်ငြား သူ့ပုံစံသည် စိတ်ဝင်စားစရာ ကောင်းသည်။
"ငါက ၁၄ ပြည့်တော့မှာဆိုတော့ မင်းလည်း ၁၄ လောက်ပဲ ရှိမယ် ထင်တယ်။ ငါ ပြောတာ ဟုတ်တယ်မလား။"
မိုးထက်သည် မေးခွန်းတစ်ခုနှင့်အတူ ရှိုင်း၏ ပုခုံးပေါ် လက်တင်ကာ အနားတိုးကပ်သွားရာ သူ၏ ပုခုံးကို ချက်ချင်း တွန့်ကာ မိုးထက်၏ လက်ကို ရှိုင်းက ဖယ်ရှားလိုက်သည်။ ပြီးနောက်မှ စကားစလာသည်။
"မင်း မှန်တယ်။"
"ဒါဆို ငါတို့တွေ သူငယ်ချင်း လုပ်ကြတာပေါ့ ..နော်။"
ပေါ့ပေါ့ပါးပါး ပြောရင်း ရှိုင်း၏ ပုခုံးကို လှမ်းဖက်လိုက်ရာ ရှိုင်းသည် မိုးထက်အား ခပ်တင်းတင်း ကြည့်လာသည်။ ထိုအကြည့်တို့မှ ဒေါသငွေ့များကို မိုးထက် ခံစားမိလိုက်သည်။ မာန့်ထက်တောင် သည်ကောင်လေးက စိတ်တိုလွယ်သည်ပဲ။
"ကိုယ့်ကို ဒီလို ဖက်လဲတကင်း လုပ်တာ မကြိုက်ဘူး ..ရိန်း။"
ခပ်မာမာစကားအဆုံး မိုးထက်၏ လက်ကို ပြန်ပုတ်ထုတ်လိုက်သည့် ရှိုင်းသည် အမှန်တကယ် ဒေါသထွက်နေသည့်ဟန်။ ယခုလို တည်တံ့သော မျက်နှာထားသည် ဟယ်ရီပေါ်တာလို မျက်မှန်ဝိုင်းများ၏ ပံ့ပိုးမှုဖြင့် ပို၍ပင် လူကြီးဆန်နေသေးသည်။ ထို့ပြင် မိုးထက်ကို ခေါ်ပုံကလည်း အဖျားဆွတ်ကာ မိုးဟု မခေါ်ဘဲ "ရိန်း" တဲ့လေ ... ဒယ်ဒီတို့ကြောင့် ညစ်နေသည့် စိတ်အစဉ်တို့ပင် ရှိုင်း၏ ထူးထူးခြားခြား အခေါ်အဝေါ်ကြောင့် ပြန်လည် ကြည်လင်လာရသည်။
"မင်းက ဘယ်ကျောင်းကလဲ။"
"မပြောပြချင်ဘူး"
"ဟာ စန်းကလည်း ပြောပြပါကွာ။ ငါတို့ သူငယ်ချင်းတွေပဲ ဖြစ်နေပြီဟာကို အဲ့လို မလျှိုရဘူးလေ ..ပြောပြနော်။"
မပြောမဆိုနှင့် လက်မောင်းကို အတင်းလာဖက်ကာ ပြောနေသည့် မိုးထက်ကြောင့် ရှိုင်း နေရကျပ်လာသဖြင့် ဆွဲထားသော လက်ကို အတင်း ဖယ်ထုတ်ကာ ကျောင်းနာမည်ကို အမြန် ထုတ်ပြောလိုက်ရသည်။
"ဒဂုံ (၁)"
"ဟာ အတော်ပဲ။ ငါက ဘစ်ရှော့ဟုမ်း (Bishophomes) က။ အမှတ်စာရင်း ထွက်တဲ့အခါ ငါ ဒဂုံ (၁) ဝင်ဖို့ များတယ်။ မိုးထက်ပိုင်က ခေသူမဟုတ်ဘူးလေ ..အမှတ်က သေချာပေါက် ကောင်းမှာ ..သိတယ်မလား။"
ခေါင်းမော့ကာ သူ့အား မျက်ခုံးပင့်ပြရင်း ဂုဏ်ယူသလို ပြောဆိုနေသည့် မိုးထက်ပိုင်ဆိုသည့် လူကို ရှိုင်း ကြောင်အစွာ စိုက်ကြည့်နေမိသည်။ သည်လူ ဘယ်လိုလူလဲ ... ယခုမှ စတွေ့သည့် သူ့အား ယခုလိုမျိုး တော်ကြောင်း ၊ တတ်ကြောင်းကို ဂုဏ်ဖော်ပြောဆိုနေသည်မှာ အရှက်မဲ့လွန်းနေမှန်းလည်း သိပုံ မပေါ်။ စကားအဆုံးသတ်၌ "သိတယ်မလား" ဆိုသည့် အမေးဖြင့် သူ့အား ရှေ့နေငှါးနေသေးသည့် မိုးထက်ကို ရှိုင်း ဘာပြန်ဖြေရမည် မသိ ... သူကဖြင့် မိုးထက်ပိုင် ဆိုသည့် လက်ရဲဇက်ရဲသမား အကြောင်း ဘာမှ မသိသေးပါနှင့်ဘဲ။ ထိုမျှသာမက မိုးထက်ပိုင်ဆိုသည့် တစ်ယောက်က ရှိုင်းအား သူ၏ ငယ်ပေါင်းကြီးဖော်တစ်ယောက်နှယ် ရင်းရင်းနှီးနှီး ပြောဆိုနေပုံသည် အပေါင်းအသင်း မရှိဘဲ တစ်ယောက်တည်း တစ်သီးတစ်သန့် နေတတ်သည့် ရှိုင်းအတွက်တော့ အထူးအဆန်း ဖြစ်နေသည်။ စကားမစပ် သူ ရှိုင်းကို "စန်း" လို့ ခေါ်လိုက်တာလား။
"ဒါနဲ့ ..ကိုယ့်ကို ဘာလို့ စန်းလို့ ခေါ်တာလဲ။"
"မင်းက ငါ့မျက်လုံးထဲမှာ ... နေမင်းနဲ့ တူလို့။"
"ဟင်"
"ဟုတ်တယ် ..မင်းကို မြင်လိုက်ရတာ ငါ့ဘဝ လင်းလက်သွားသလိုမျိုး ခံစားရတယ်။"
"ကြောင်တောင်တောင်နဲ့။"
မိုးထက်က မျက်စောင်းထိုးရင်း မှတ်ချက်ပြုလိုက်သည့် ရှိုင်းအား မိုးထက်သည် သဘောတကျ ရယ်ပြလိုက်မိရာ သွားတက်လေးများကပါ လှစ်ခနဲ ပေါ်လာသည်။ နှစ်ဦးသားကြားရှိ လေထုသည် ဆူညံနေသည့် ပတ်ဝန်းကျင်နှင့် သွေဖည်စွာ ခေတ္တမျှ ဆိတ်ငြိမ်သွားပြီးမှ မိုးထက်ကပင် စကား ပြန်ဆက်လာသည်။
"ဘောပင်ပါလား။"
ရှိုင်းသည် ဘေးစောင်းအိတ်လေးတစ်လုံးကို လွယ်ထားသည်မို့ မိုးထက်က ခေါင်းငဲ့စောင်းလျက် မေးလိုက်သည်။ တကယ်တော့ မိုးထက်လည်း မိုးကာသားဖြင့် ပြုလုပ်ထားသည့် အနက်ရောင် ဘေးစောင်းလွယ်အိတ်လေး လွယ်ထားသည်ပင်။ သို့သော် အိတ်ထဲ၌ သိုးမွှေးထိုးထားသည့် အရုပ်များနှင့် သိုးမွှေးလုံးများသာ ပါသည်မို့ ဘောပင်ကို ရှိုင်းအား တောင်းလိုက်ခြင်းပင်။ မိုးထက်၏ အမေးကို ရှိုင်းက စကားဖြင့် ဘာမှ မတုံ့ပြန်လာဘဲ သူ၏ အိတ်ထဲမှ ဘောပင်တစ်ချောင်းကိုသာ ထုတ်ပေးလာသည်။ မိုးထက်သည် ဘောပင်ကို လှမ်းယူရင်း -
"စာရွက်ရော"
"ကိုယ့်ကို လိုတရလို့များ မင်း ထင်နေတာလား။"
"ဒါဆို မပါဘူးပေါ့။ ရပါတယ် ..အဲ့လိုဆိုလည်း။"
ပြောပြောဆိုဆိုနှင့် မိုးထက်သည် ရှိုင်း၏ လက်ကို လှမ်းဆွဲလိုက်သဖြင့် ရှိုင်းသည် အလန့်တကြားဖြင့် ပြန်ရုန်းလိုက်မိသည်။
"ဘာလုပ်တာလဲ။"
"ငြိမ်ငြိမ်နေပါ။ ငါ လုပ်စရာ ရှိလို့။"
"ကိုယ့်လက်ကို လွှတ်။"
"ငြိမ်ငြိမ်မနေရင် ငါ ဖက်နမ်းမှာနော်။"
"ဘာ"
မိုးထက်ပိုင်ဆိုသည့် လူသည် သူ နားကွဲမတတ် အော်လိုက်သည်ကိုပင် မကြားဟန်ဖြင့် လျစ်လျူရှုကာ သူ၏ လက်ကို တင်းတင်းဆွဲထားဆဲ ဖြစ်သဖြင့် ရှိုင်းလည်း ပြောမရသည့်အဆုံး လက်ကို မိုးထက်ဘက်သို့ အသာတကြည် ထိုးပေးလိုက်ရသည်။ ထိုအခါ ဖုန်းနံပါတ်တစ်ခုကို သူ၏ လက်ပေါ်၌ ရေးပေးလာသည့် ကျေးဇူးရှင်။ ကျေးဇူးရှင်က သူလုပ်ချင်ရာကို လုပ်နေသည်ကို ရှိုင်းက ကြောင်တက်တက်ကလေး စိုက်ကြည့်နေမိသည်။ ရှိုင်း၏ ဘဝတစ်လျှောက်လုံးတွင် ယခုလောက် လက်ရဲဇက်ရဲ နိုင်ကာ ပြောရဲဆိုရဲ ရပ်ကွက်မှ လာသည့်လူ တစ်ခါမှ မတွေ့ခဲ့ဖူး။
ရှိုင်းသည် စိတ်လေနေသဖြင့် မှိုင်မှိုင်တွေတွေဖြင့် ထိုင်နေသည့် မိုးထက်ကို ခွင့်မတောင်းဘဲ တစ်နေရာစာ လွတ်နေသည့် နေရာ၌ ဝင်ထိုင်မိသည်က အစပြုပြီး ဘဝတွင် ပြင်မရသည့် အမှားကြီးတစ်ခုကို ကျူးလွန်လိုက်မိလေသည်။ ဒါထက် ဘေးရှိ ဤလူအား လက်ကိုင်ပဝါ ငှါးပေးလိုက်မိသည်ကား ပို၍ပင် နောင်တရချင်စရာ ကောင်းသော လုပ်ရပ် ဖြစ်နေလေသည်။ တစ်ရှူး လာငှါးတုန်းက "မရှိဘူး" ဟု ယတိပြတ် ငြင်းပြီး ထိုင်နေရာမှ ထထွက်ခဲ့လျှင် အကောင်းသား။ ယခုတော့ မလိုလားအပ်ဘဲ မတွယ်ငြိချင်သည့် သံယောဇဉ်ကြိုးတွေကို ကြည်ကြည်ဖြူဖြူနှင့် ချည်နှောင်ခွင့် ပြုနေမိပြီ။
"ဒါက ငါ့အိမ်ဖုန်းနံပါတ်။ ရော့ ဘောပင် ..မင်းအိမ်ဖုန်းနံပါတ်လည်း ငါ့ကို ရေးပေး။"
ပြောရင်းဆိုရင်း သူ့ဘက်သို့ ဘောပင်ရော လက်ကိုပါ ထိုးပေးလာသည့် မိုးထက်ကို ရှိုင်း အကြည့်လွှဲကာ -
"မရေးပေးဘူး။ ကိုယ် မင်းလိုလူနဲ့လည်း သူငယ်ချင်း မဖြစ်ချင်ဘူး။ သူစိမ်းတွေလိုပဲ နေကြရအောင်။"
"မရပါဘူး ..မင်း မခင်ချင်ပေမဲ့ ငါကတော့ မင်းနဲ့ ရင်းနှီးချင်တယ်။ ရော့ ရေးပေးစမ်းပါဆို စန်းရာ ..မိန်းကလေးလည်း မဟုတ်ဘဲ မူမနေနဲ့။"
"ဘာ"
"အင့် ရေးပေးလို့ ..နော်။ နော်လို့ စန်း ..."
သနားကမားဟန်ပန်ဖြင့် မျက်လုံးလေး ကလည် ကလည်ဖြင့် ကြည့်လာသည့် မိုးထက်ကြောင့် ရှိုင်း လက်လျှော့လိုက်ရသည်။ ကမ်းပေးလာသည့် ဘောပင်ကို ယူရင်း လက်၌ ဖုန်းနံပါတ် ရေးပေးမည်အပြု မြင်လိုက်ရသည့် အရာကြောင့် ရှိုင်းသည် မရည်ရွယ်ပါဘဲ မိုးထက်ကို တစ်ချက် လှမ်းကြည့်လိုက်မိသည်။ ထိုအခါ သူ့ကို ပြုံးပြနေသည့် မိုးထက်၏ သွင်ပြင်သည် အမြင်အာရုံထဲ တိုးဝင်လို့ လာလေသည်။ ရှိုင်းကိုယ်တိုင်က အပြုံးနှင့် စစ်ခင်းထားသည့်နှယ် ပြုံးခဲလှသည်မို့ ပြုံးသည့် လူများကို မြင်လျှင်လည်း စိတ်ထဲ ကျဥ်းကြပ်သွားတတ်သော်ငြား ယခု မြင်နေရသည့် မိုးထက်၏ အပြုံးကိုတော့ ထူးဆန်းစွာဖြင့် သူ နှစ်သက်နေမိသည်။ မျက်လုံးများ မှေးကျဥ်းသွားသည်အထိ မျက်နှာချိုသွေးသလို ပြုံးပြလာလျှင် မသိမသာ မြင်နေရသည့် သွားတက်ကလေးများသည် ခုံမင်စရာအတိ။
"စန်း ရေးပေးလေလို့။"
"လက်က ဘာဖြစ်တာလဲ။"
"ငါ ကိုက်ထားတာ။"
"ကိုယ့်အသားနာအောင် လုပ်ရအောင် မင်းရူးနေလား ရိန်း။"
"အင်း ရူးနေလို့။ အမေးအမြန်းတွေ ထူလိုက်တာ စန်းရာ ..ဖုန်းနံပါတ် မြန်မြန် ရေးပေးပါဆို။"
ရှိုင်းလည်း ဘာမှ ထပ်မမေးတော့ဘဲ လက်၌ ဖုန်းနံပါတ်ကို ချရေးပေးလိုက်သည်။ စိတ်ထဲမှ အတန်တန် ဖုန်းနံပါတ် မရေးပေးနှင့်ဟု သတိပေးနေသည့်ကြားမှ ဘာလို့များ မိုးထက်ပိုင်ဆိုသည့် လူ၏ အလိုကို သည်လောက်ထိ လိုက်လျောပေးနေမိပါလိမ့်။
"ငါ ညတိုင်း ဖုန်းဆက်မယ်နော်။"
"ညတိုင်း မဆက်နဲ့။"
"ဘာလို့လဲ စန်းရ။"
"ဘာလို့မှ မဟုတ်ဘူး။ ကိုယ် ဖုန်းပြောရတာ မကြိုက်လို့။"
"မဖြစ်နိုင်တာ ..ဖုန်းပြောတယ်ဆိုတာက စကားပြောတာနဲ့ အတူတူပဲလေ။ စကားပြောရတာ မကြိုက်တဲ့လူ ဘယ်သူ ရှိမှာလဲ။ ငါ ညတိုင်း ဖုန်းဆက်မယ်နော် စန်း။"
မိုးထက်ပိုင်ဆိုသည့် လက်ရဲဇက်ရဲသမားကတော့ သူ လုပ်ချင်တာ မှန်သမျှကို ရှိုင်း သဘောမတူမချင်း အဆက်မပြတ် နားမပူပူအောင် မီးမွှေးနေတော့တာပါပဲ။
"ညတိုင်းတော့ တကယ် မရဘူး။ ကိုယ့်ကို ဆက်ချင်ရင် စနေ တနင်္ဂနွေ ည ၉ နာရီ မတိုင်ခင် ဆက်။ ကျန်တဲ့နေ့တွေက အိမ်မှာ မေမေတို့ ရှိတယ်။"
"ဟာ မင်းကလည်း ..တစ်ပတ်နှစ်ရက်က နည်းလွန်းတယ်ကွာ။ ထပ်တိုးပေးဦး။"
"မတိုးပေးဘူး။ တစ်ပတ် နှစ်ရက်ပဲ။"
"တကယ် မတိုးပေးဘူးလား။ ရတယ်လေ ..အဲ့တာဆို ငါ ညတိုင်း ဆက်မှာ။"
"ရိန်း"
ရင်းနှီးတာ တစ်ရက် မဆိုထားနှင့် ၊ တစ်နာရီပင် မပြည့်သေးသည်ကို မရမက အကျပ်ကိုင်နေသည့် မိုးထက်ကြောင့် ရှိုင်း စိတ်တွေ တကယ် ကျဥ်းကြပ်လာရသည်။
"မဆက်စေချင်ရင် တစ်ရက်လောက် ထပ်တိုးပေး။"
မိုးထက်၏ စကားကြောင့် ရှိုင်းက သက်ပြင်းမောကို တစ်ချက် ချပြီး ခေတ္တမျှ စဉ်းစားနေသည်။ ခေါင်းငုံ့ကာ စဉ်းစားနေပုံသည် မြင်ရသူအား အကြည့်မလွှဲနိုင်အောင် ဖမ်းစားထားနိုင်သည်။ ရှိုင်းနောင်ခန့်သည် မိုးထက်အမြင်၌ ကြည့်ကောင်းသည်ထက် ပိုသည့်အပြင် မျက်မှန်တပ်ရတာချင်းအတူတူကို လှိုင်းနှင့် ကွဲပြားစွာဖြင့် ပိုမို တည်ကြည်လေးနက်သည့် အသွင်အပြင်ကြောင့် စွဲမက်စရာ ပိုကောင်းနေသည်။
"ဗုဒ္ဓဟူး ..ဗုဒ္ဓဟူးနေ့ကျရင်လည်း ည ၉ နာရီမတိုင်ခင် ကိုယ့်ကို ဖုန်းဆက်လို့ရတယ်။ သုံးရက်စလုံး ည ၉ နာရီ မတိုင်ခင် ဆက်ရမှာနော် ရိန်း။"
"အိုကေ ..ငါ သေချာ မှတ်ထားလိုက်ပြီ။ ငါ ဖုန်းဆက်ရင်တော့ မင်းကိုင်နော် စန်း။"
ရှိုင်းက ဘာမှ ပြန်မပြောဘဲ ခေါင်းသာ တစ်ချက် ညိတ်ပြသည်။
"သြ ဒါနဲ့ ..မင်းက ဒီမှာ ဘာလုပ်နေတာလဲ။"
"မင်းကရော"
"ဒီလို လာမညစ်နဲ့လေ။ ငါ အရင်မေးတာ ..အရင် ဖြေမှပေါ့ စန်းရ။"
မိုးထက်၏ စကားကြောင့် မိုးထက်နှင့် အကြည့်ချင်း ဆုံနေရာမှ ရှိုင်းသည် ချက်ချင်း အကြည့်တို့ကို ကန်ရေပြင်ဆီသို့ ပို့လွှတ်လိုက်သည်။ ပြီးနောက်မှ မိုးထက်ကြားနိုင်ရုံမျှ တိုးညှင်းညှင်း ဆိုလာသည်။
"ကိုယ့်မိဘတွေက ..ဒီကန်ဘောင်က စားသောက်ဆိုင်မှာ သူတို့အသိနဲ့ လာတွေ့ဖို့ ရှိလို့ လိုက်ခဲ့တာ။"
"ဒါဆို ခု မင်းမိဘတွေရော။"
"ကိုယ် မေးတာ မင်း မဖြေရသေးဘူးနော်။"
"ဟုတ်သားပဲ။ ငါက ဒီမှာ ..ဒီတိုင်း လာထိုင်တာပါ။ စိတ်တွေ မတရား ညစ်နေလို့။"
"ကိုယ်ရောပဲ"
သည်စကားကိုတော့ မိုးထက် ဘာမှ မမေးခင် ရှိုင်းက လိုလိုလားလားနှင့် ပြောလာသည်။ စိတ်ညစ်နေသည်ဟု ဆိုသော်လည်း ရှိုင်း၏ မျက်နှာသည် စိတ်ညစ်နေသည့် အရိပ်အယောင် မရှိ ... စတွေ့ကတည်းက အေးတိအေးစက် အမူအရာသည် အသက်မပါသည့် ခံစားချက်မဲ့သော စက်ရုပ်တစ်ရုပ်ပမာ သွေးအေးလွန်းနေသည်။ မျက်နှာအမူအရာကို ကြည့်ရုံဖြင့် စိတ်ကို ခန့်မှန်းလို့ ရသည့်အထဲတွင် ရှိုင်းနောင်ခန့် မပါ။
"ရော့"
မိုးထက်သည် သူ၏ အိတ်ထဲမှ အရုပ်တစ်ရုပ်ကို ထုတ်ကာ ရေပြင်ကိုသာ တစ်ဖန် ငေးနေပြန်သည့် ရှိုင်းကို ပေးလိုက်သည်။ "ရော့" ဟု အသံပြုလိုက်သည်ကို ရှိုင်း ကြားသွား၍ ထင်သည် ... မိုးထက်ဘက်သို့ ပြန်လှည့်ကြည့်လာသည်။
"ဒါ ဘာလဲ"
"ငါတို့ ခင်မင်ရင်းနှီးတဲ့ အနေနဲ့ အမှတ်တရ ဖြစ်အောင် လက်ဆောင်ပေးတာ။ ဒီရောင်စုံသက်တံလေးက ငါကြိုက်လွန်းလို့ ငါ ကိုယ်တိုင် သိုးမွှေးထိုးထားတာနော် စန်း။ မင်းကို ငါက တကယ် ခင်လို့ ပေးတာ ..ယူလေကွာ။"
မိုးထက်ကို တစ်လှည့် ၊ ကမ်းပေးနေသည့် သိုးမွှေးသက်တံလေးကို တစ်လှည့် ကြည့်ပြီးမှ သူ၏ လက်ထဲသို့ မိုးထက် အတင်းထိုးထည့်ပေးနေသည့် သက်တံလေးအား ယူသည်။ သည်နောက် သက်တံလေးကို ခပ်ဖွဖွ ပွတ်နေရင်း ခေတ္တမျှ ငြိမ်သက်နေသည်။
"ဘာဖြစ်လို့လဲ စန်း ..မင်း သက်တံကို မကြိုက်လို့လား။"
"မဟုတ်ပါဘူး ..ကိုယ့်မှာ ..မင်းကို ပြန်ပေးစရာ ဘာမှ မပါလာလို့။"
"ထွေထွေထူးထူး ပြန်ပေးနေဖို့ မလိုပါဘူးကွာ။ ဒီမှာလေ ..မင်းရဲ့ လက်ကိုင်ပဝါလေး။ ဒါလေးကိုပဲ ငါ သိမ်းထားလိုက်မယ် ..အိုကေတယ်မလား။ ယူလိုက်မယ်နော် စန်း။"
မိုးထက်သည် စကားအဆုံး၌ တစ်ဖက်တစ်ချက်ရှိ သူ၏ သွားတက်လေးများ ပေါ်သည်အထိ ရယ်ပြလာရာ ရှိုင်းသည် လက်ထဲရှိ သိုးမွှေးသက်တံရုပ်လေးကို မသိလိုက် မသိဘာသာဖြင့် ပိုမို၍ တင်းတင်း ဆုပ်ကိုင်မိသွားသည်။ သွားတက်လေးများပိုင်ရှင်အား ရှိုင်းသည် တအံ့တအားဖြင့် သေချာကို ငေးစိုက်ကြည့်နေမိသည် ... လောကမှာ သည်လို မျက်နှာရွှင်ပြီး ပေါ့ပေါ့ပါးပါး နေတတ်သည့် လူမျိုးလည်း ရှိသေးသည်လား။ သူကရော ယခုမှ သိကျွမ်းသည့် ထိုလူသားအား ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတစ်ယောက်လို စိတ်ထဲ ရင်းနှီးနေသလို ခံစားရသည့်အပြင် သူစိမ်းတစ်ရံအား သူနှင့် ခင်မင်ရင်းနှီးခွင့်ကို သဘောတူ ကြည်ဖြူစွာဖြင့် ပေးနေမိသည်လား။
"ရှိုင်း"
တစ်ခဏတာ တိတ်ဆိတ်သွားသည့် လေထုအား ပြန်လည် အသက်ဝင်လာစေသည့် ခေါ်သံသည် မိုးထက်ဆီမှ မဟုတ်။ အသံလာရာကို အကြည့်ရောက်မိရာ မိုးထက်တို့ထက် အနည်းဆုံး အသက် ၅ နှစ် ကြီးမည်မှာ သေချာသည့် အမျိုးသားတစ်ယောက်။ ထိုလူ၏ မျက်နှာပေါက်နှင့် နှုတ်ခမ်းဖူးလေးများသည် ရှိုင်းနှင့် ခပ်ဆင်ဆင် တူသည်ကို ကြည့်ခြင်းအားဖြင့် ရှိုင်း၏ အစ်ကို ဖြစ်ဟန် တူသည်။ ထိုလူကို မြင်ရာ ရှိုင်းသည် လက်ထဲရှိ သိုးမွှေးသက်တံလေးအား သူ၏ လွယ်အိတ်ထဲ ခပ်သွက်သွက် ထည့်ကာ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည်။ ထို့နောက် သူ့အား မော်ကြည့်နေသည့် မိုးထက်ကို ငုံ့ကြည့်ရင်း ခပ်တိုးတိုးဆိုသည်။
"ကိုယ် သွားတော့မယ်။ ဒီနေ့အတွက် ... ကျေးဇူးပဲ ရိန်း။"
"အင်း Bye bye ..ငါ ဖုန်း..."
"အင်း ..ကိုယ် ဖုန်းကိုင်ပါ့မယ်။"
အနားရှိ အသက် ၂၀ နီးပါးအရွယ် ရှိသော လူကို မကြားစေလိုဟန်နှင့် လေတိုးသံဖြင့်သာ ရှိုင်းသည် တိုးသဲ့သဲ့ ပြောလာသည်။ သူ၏ စကားအဆုံး ရှိုင်းသည် သူ့ကို လာခေါ်သည့် လူနောက်သို့ လိုက်ပါသွားလေသည်။ အတော်လှမ်းလှမ်း အကွာအဝေးတစ်ခုကို ရောက်ချိန်တွင်တော့ ရှိုင်းသည် နောက်သို့ တစ်ချက်မျှ လှည့်ကြည့်မိပါသေးသည်။ ဤအခြင်းအရာကိုတော့ လက်ကိုင်ပဝါလေးကို ကြည့်နေသည့် မိုးထက်ပိုင် မမြင်တွေ့လိုက်ရပါချေ။
ကျောခိုင်းသွားသည့် ရှိုင်းအား အမျှင်မပြတ်နိုင်စွာဖြင့် လူများ ယောက်ယက်ခတ်နေသည့်ကြားမှ သေချာ ငေးကြည့်နေပြီးမှ မိုးထက်သည် လက်ကိုင်ပဝါ အဖြူလေးကို ဖြန့်ကြည့်လိုက်သည်။ အဖြူရောင် လက်ကိုင်ပဝါထက် သူ သုတ်ထားသည့် သွေးများသည် ထင်ရှားနေသကဲ့သို့ လက်ကိုင်ပဝါထောင့်နား၌ အပ်ချည်ဖြင့် ရေးထိုးထားသည့် စာလုံးလေးများသည်လည်း မျက်ကွယ်ပြု၍ မရနိုင်လောက်အောင် မိုးထက်ကို ဖမ်းစားထားသည်။
Sun + Rain
လက်ကိုင်ပဝါလေး၌ ရေးထိုးထားသည့် ထိုစာလုံးလေးများ၏ ဆိုလိုရင်းနှင့် လေးနက်မှုကို ရှိုင်းနောင်ခန့်တစ်ယောက်သာလျှင် သိ၏။ သို့သော် ရှိုင်း မသိလိုက်သည်ကား သူ တွေဝေခြင်း အလျဥ်းမရှိဘဲ မိုးထက်ပိုင် အမည်ရှိသော သူစိမ်းတစ်ရံအား ပေးခဲ့မိသည့် လက်ကိုင်ပဝါလေးနှင့် သူ လိုလိုလားလား လက်ခံထားလိုက်မိသည့် သိုးမွှေးရုပ်လေးများကြားတွင် သူ၏ နှလုံးသား မြေဇာပင် ဖြစ်ခဲ့ရသည်ဆိုသော အမှန်တရားပင် ဖြစ်၏။
~ 1/8/2023 (2:36 a.m.) ~