လမင်းခြေသံ { Completed }

נכתב על ידי LinMyatMo23

44.9K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... עוד

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၁၈} (UNICODE)

480 28 1
נכתב על ידי LinMyatMo23

သင်္ကြန်အကြတ်နေ့

ယနေ့ မာန်သည် လှိုင်း မနိုးခင် အိပ်ရာထကာ လှိုင်းကို မနှိုးဘဲ ဦးပြုံးနှင့် အပြင်ထွက်လာခဲ့သည်။ လှိုင်းကတော့ မနေ့ညအထိ အဖျားငွေ့ငွေ့ ကျန်သေးသည်မို့ ဆေးတိုက်ထားသောကြောင့် ဆေးရှိန်နှင့် နှစ်ခြိုက်စွာ အိပ်မောကျနေသဖြင့် အိမ်မှာ ကျန်ရစ်ခဲ့သည်။ မာန် အပြင်ထွက်ပြီး လိုချင်တာ ဝယ်ပြီးမှ အိမ်ပြန်လာခဲ့သည်။ အပြင်ထွက်စဉ်က မနက်စောသေး၍လား မပြောတတ် ... လမ်း၌ ရေကစားသည့်သူများပင် သိပ်မတွေ့ရ။

မာန်၏ ကား ခြံဝင်းထဲ ဆိုက်ပြီး မာန် ကားပေါ်မှ ဆင်းလာသည်ဆိုလျှင်ပဲ ခြံထဲရှိ ဒန်း၌ ထိုင်နေသော လှိုင်းသံစဉ်သည် မျက်စိတစ်မှိတ်အတွင်း အနားရောက်လာသည်။ ညဝတ်အင်္ကျီကို မလဲရသေးသည့်အပြင် မျက်နှာပင် မသစ်ရသေးပုံ ပေါ်သည့် လှိုင်းသံစဉ်သည် မာန့်အနား ရောက်လာသည်နှင့် စက္ကန့်မလပ် ဆီးကာ မေးမြန်းပါတော့သည်။

"ဘယ်တွေ လျှောက်သွားနေတာလဲ ကိုရိပ်ရာ။ ကျွန်တော်ဖြင့် စိတ်ပူလိုက်ရတာ။"

"ငါက လေးပြုံးနဲ့ သွားတာပဲ။ ဘာစိတ်ပူစရာ ရှိလဲ။"

"အဲ့တာဆိုလည်း ကျွန်တော့်ကို နှိုးသွားမှပေါ့။ ကျွန်တော်ပါ ကိုရိပ်နဲ့ လိုက်ခဲ့မှာပေါ့ဗျ။ ခုဟာက ..."

"ဘာလဲ ..မင်းက ငါ့ကို အပြစ်လာတင်နေတာလား။ ငါ နိုးတာတောင် အိပ်ရာက မထသေးတာ ဘယ်သူလဲ ..ဟမ်။ ပြောလေ ..ဘယ်သူလဲလို့။"

"ဟုတ်ပါပြီဗျာ။ ကိုရိပ်ကို အပြစ်တင်နေတာ မဟုတ်ပါဘူး။ အိပ်ပုပ်ကြီးမိတဲ့ ကျွန်တော်ကပဲ မှားတာပါ။ ဒါနဲ့ ..ကိုရိပ်က ဘယ်သွားတာလဲ။"

"ရော့"

မာန်က ဖွင့်လက်စ ကားတံခါးကို မပိတ်သေးဘဲ ကားထဲမှ တစ်စုံတစ်ရာကို ယူကာ လှိုင်းဘက်သို့ ကမ်းပေးလိုက်သည်။ မျက်စိရှေ့ တိုးဝင်ရောက်လာသည့် ရွှေဝါရောင် ပိတောက်ပန်းများကို တစ်လှည့် ၊ အနည်းငယ် ပြုံးရိပ်သန်းနေသည့် မာန့်ကို တစ်လှည့် ကြည့်ရင်း လှိုင်း၏ မျက်ဆန်တို့ ဗျာများနေရသည်။

"ယူလေ ..ဘုရားကပ်မယ်ဆို။"

"ကိုရိပ်က ..ကျွန်တော့်အတွက် ပိတောက်ပန်း သွားဝယ်ပေးတာလား။"

လှိုင်းက ပိတောက်ပန်းများကို လှမ်းယူရင်း မာန့်ကို စေ့စေ့ကြည့်ကာ ခပ်တိုးတိုး မေးသည်။ ထိုအမေးကြောင့် မာန်၏ မျက်လုံးများသည် ဟိုဟိုဒီဒီ လှုပ်ရှားသွားလေတော့သည်။

"ငါက မင်းအတွက် တကူးတက သွားဝယ်ပေးစရာလား။ ငါ အိပ်ရာနိုးတော့ ... ဒီတိုင်း ကားပတ်စီးချင်လာလို့ အပြင်ထွက်တာ။ လမ်းမှာ ပိတောက်ပန်း ရောင်းနေတာ တွေ့လို့ ..လေးပြုံး ..လေးပြုံးက ဝယ်လာတာ။ ငါ ဝယ်လာတာ မဟုတ်ဘူး။"

"ဩ"

မျှော်လင့်ချက် ရောင်ခြည်သန်းနေသည့် မျက်ဝန်းများရှိ အရောင်များ စက္ကန့်မခြားပါဘဲ မှေးမှိန်သွားသည်။ ပိတောက်ပန်းကို ခဏတာ တွေငေးကြည့်နေပြီးမှ ဦးပြုံးကို "ကျေးဇူး လေးပြုံး" ဟု လျှာရှည်ပြီး မနေနိုင်မထိုင်နိုင် သွားပြောလိုက်သေးသည်။ လှိုင်း၏ ကျေးဇူးတင်စကားကြောင့် နားမလည်သလို ဖြစ်သွားသည့် ဦးပြုံးအား မာန်သည် လှိုင်း မမြင်အောင် မျက်နှာရိပ် မျက်နှာကဲဖြင့် လက်ညှိုးကို နှုတ်ခမ်း၌ တေ့ကာ နှုတ်ပိတ်ရတော့သည်။ ထိုအခါ ဦးပြုံးသည် နားလည် သဘောပေါက်စွာဖြင့် ပြုံးရုံသာ ပြုံးနေလေသည်။ တော်သေးတာပေါ့ ... ဦးပြုံးက အရိပ်ပြလျှင် အကောင်မြင်လို့။ မဟုတ်လျှင် မာန် အရှက်တွေ ကွဲလိုက်မည့်ဖြစ်ချင်း။

"အန်းမား ..အန်းမားအတွက် ပိတောက်ပန်း။"

လှိုင်းသည် အိမ်ထဲ ပြန်ဝင်လာသည်နှင့် အခန်းပြင် ထွက်လာသည့် ဒေါ်သီတာအား ပိတောက်ပန်းနှစ်ခိုင်ကို ခွဲဝေပေးသည်။ ပန်းမကြိုက်သည့် ဒေါ်သီတာသည်လည်း ချက်ချင်းပင် ခါးခါးသီးသီးပင် ငြင်းဆိုတော့သည်။

"ငါ ပန်းမကြိုက်ဘူး။ နောက်တစ်ခါ ရှုပ်ရှုပ်ယှက်ယှက်တွေ လာမပေးနဲ့။"

ပြောပြီးသည်နှင့် ထမင်းစားခန်းထဲသို့ မနက်စာ စားရန် ဝင်သွားသည့် ဒေါ်သီတာအား လှိုင်းသည် မျက်စိတစ်ဆုံး လိုက်ကြည့်နေသဖြင့် မာန်သည် ပုတက်လေးအား အပေါ်ထပ်သို့ ဆွဲခေါ်ထုတ်လာရတော့သည်။

"ဘုရားတင်မှာကို ဘာလို့ အန်းမားကို သွားပေးနေတာလဲ။ မင်းဆိုသည်မှာ လျှာကို ရှည်တယ်။"

"မိန်းကလေးတွေက ပိတောက်ပန်း ကြိုက်တယ်လို့ ကြားဖူးလို့ဗျ။ အဲ့တာကြောင့် ကျွန်တော့်အဖွားလိုများ အန်းမားလည်း ပိတောက်ပန်း ကြိုက်လောက်မှာပဲ ဆိုပြီး သွားပေးတာ ကိုရိပ်ရဲ့။ အန်းမားက ထူးဆန်းတယ်နော် ..ပန်းမကြိုက်ဘူးတဲ့။ ပန်းမကြိုက်တဲ့ မိန်းကလေးလည်း ရှိသေးတာလား။ အင်းလေ ..ရှိရင်လည်း ရှိမှာပေါ့။ ယောင်္ကျားလေးဖြစ်တဲ့ ကျွန်တော်တောင် ပန်းကြိုက်သေးတာပဲ ..နော့ကိုရိပ်။"

သူမေး သူဖြေ လုပ်ရင်း လှိုင်းသည် ဘုရားစင်၌ ပိတောက်ပန်းများကို ကပ်ကာ ဆောင့်ကြောင့်ထိုင်လျက် ပါးစပ်မှ တတွတ်တွတ်ဖြင့် ဘုရားစာတွေ ရွတ်နေသည်။ သို့ဖြစ်ရာ မာန်ပါ သူ့အနား သွားထိုင်ပြီး ဘုရား ရှိခိုးလိုက်သည်။ လှိုင်းက မနက်ရော ညပါ ဘုရားရှိခိုးတတ်သော်လည်း မာန်သည် လှိုင်းလို မဟုတ် ... ညဘက်တစ်ခေါက်သာ ဘုရားရှိခိုးတတ်သည်။ ယခုမူ ဘုရားရှိခိုးနေသည့် အညိုလုံးကို ကြည့်ရင်း သူပါ ဘုရားရှိခိုးချင်လာသဖြင့် မာန်ပါ ဝင်ပြီး ရှိခိုးလိုက်သည်။ ယခုလို အတူတူ ပန်းကပ်ပြီး ဘုရားရှိခိုးရသည့် အကျိုးအားကြောင့် လှိုင်းသံစဉ် သူ့အနားမှာ တစ်သက်လုံး ရှိနေပါစေဟု ဘုရားစာ အဆုံးသတ်၌ မာန် သတိတရ ထည့်ဆုတောင်းဖြစ်လိုက်ပါသေးသည်။

"မင်း မျက်နှာ မသစ်ရသေးဘူးမလား။"

"ကိုရိပ်က ဘယ်လိုသိတာလဲ။"

သူကပဲ အထူးအဆန်းဖြစ်သွားဟန်ဖြင့် မာန့်ကို ပြန်မေးနေသေးသည်။ လူကို ဘာမှ မသိသည့် ငတုံးလို့များ ထင်နေလား မသိ။ 

"မင်းမျက်လုံးထောင့်မှာ မျက်ချေး အတုံးလိုက် အတစ်လိုက် ကပ်နေတာကို ငါက မသိစရာလား။ ကိုယ့်ကိုကိုယ်လည်း မှန်ထဲ ပြန်သွားကြည့်ဦး။"

ထိုအခါမှ ရှက်ကိုးရှက်ကမ်းဖြင့် ဘုရားခန်းမှ အခန်းထဲသို့ တစ်ချိုးတည်း အပြေး ဝင်သွားသည်။ မာန် တစ်ချက် ရယ်လိုက်မိသည် ထင်ပါရဲ့။ ပြီးနောက်မှ မာန်သည် အခန်းထဲ လိုက်ဝင်သွားကာ ရေချိုးခန်းတံခါးကို ဖွင့်လိုက်ရာ သွားတိုက်နေသည့် လှိုင်းသံစဉ်သည် မာန့်ကို မျက်လုံးထောင့်မှ တစ်ချက် လှမ်းကြည့်သည်။

"ဟွန်း ..မင်း သွားလည်း မတိုက်ရသေးဘူးလား ..ညစ်ပတ်အိုး။"

"ကိုရိပ်နော်"

ထိုမျှသာ ပြန်ပြောပြီး သွားတိုက်ဆေးများ ဖွေးနေသည့် ပါးစပ်အား ရေဖြင့် သေချာ ပလုတ်ကျင်းနေသည်။ ပြီးနောက်မှ မျက်နှာကို သေချာ သစ်ကာ မှန်ကို ပေါက်ထွက်မတတ် ကြည့်ပြီး မျက်ဝတ်များ ကျန် မကျန်ကို သေချာ စစ်ဆေးနေသေးသည်။

"ကျွန်တော်က မညစ်ပတ်ပါဘူးဗျ ..ခုက အိပ်ရာနိုးနိုးချင်း ကိုရိပ် ပျောက်သွားတော့ စိတ်ပူပြီး ခြံထဲ သွားစောင့်နေလို့ မျက်နှာသစ် သွားတိုက် မလုပ်ရသေးတာ။ ပုံမှန်ဆို ကျွန်တော်က တစ်နေ့ ရေနှစ်ခါတောင် ချိုးတာ။ ကိုရိပ်တောင် တစ်ချို့နေ့တွေ ရေချိုးလို့လား။"

ရေစိုနေသည့် မျက်နှာကို သုတ်ရင်းနှင့် ခေါင်းကိုမော့ ရင်ကို​ကော့ကာ သူ သန့်ရှင်းပါကြောင်းကို လက်ညှိုးနှစ်ချောင်း ထောင်ပြီး ဂုဏ်ဖော်ပြောဆိုနေရင်း မာန် သူ့ကို ခေါ်သလို 'ညစ်ပတ်အိုး' မဟုတ်ကြောင်း သက်သေပြနေသည့် လှိုင်းအား မာန် အမြင်ကပ်လာသဖြင့် ခေါင်းကို ခေါက်ချလိုက်သည်။

"နာတယ်ဗျ။"

"ဘာလဲ ..မကျေနပ်ဘူးလား။ မင်းက ငါ့ကို ပြန်လုပ်ချင်လို့လား။"

"မဟုတ်ပါဘူး။ ဒီတိုင်း ..နာတယ်လို့ ပြောပြတာ။ ကိုရိပ်က တစ်ချိန်လုံး ခေါင်းကြီးပဲ ခေါက်နေတာကိုး။"

"နာလည်း ခံပေါ့ ..မင်းမှ အချိုးမပြေတာ။ မကျေနပ်လည်း လဲသေ။"

"အာ့"

မာန့်စကားအဆုံး ချက်ချင်း ခေါင်းကို စောင်း ၊ လျှာကို ထုတ်ပြီး မျက်လုံးများကို မှိတ်လိုက်သည့် လှိုင်းကြောင့် မာန် အသံလွင်လွင်ဖြင့် ရယ်မိသွားသည်။ အမူအရာနှင့် လုပ်ပြနေပုံက သူ မာန့်ကို မကျေနပ်ပါဘူး ဆိုသည့် အဓိပ္ပာယ် ... ပေါလိုက်ရန်ကော။

"အဲ့ဒီလောက် သေချင်နေလား။ ငါ ကိုယ်တိုင် သတ်ပေးမယ်။"

လှိုင်း၏ နောက်ကို သွားကာ လည်ပင်းမှ နေ၍ လက်ဖြင့် သိုင်းဖက်လိုက်သဖြင့် အညိုလုံးတစ်ယောက် ယက်ကန် ယက်ကန် ဖြစ်သွားသည်။

"ကိုရိပ် လွှတ် ..လည်ပင်းအစ်တယ်ဗျ။"

"မင်းပဲ ငါ့ကို မကျေနပ်လို့ သေချင်နေတာ မဟုတ်ဘူးလား။ ငါက မင်းဆန္ဒကို လိုက်လျောပေးမလို့လေ။"

"မသေချင်ဘူး ကိုရိပ်။ မသေချင်သေးဘူးဗျ။ လွှတ်ပါဆိုနေဗျာ။"

မာန်က လွှတ်မပေး။ ထိုစဉ် 'ဝုန်း'ခနဲ တံခါးဖွင့်သံသည် အခန်းထဲ ပျံ့လွင့်လာသည်။ ပွင့်ဟလာသည့် တံခါးနှင့်အတူ မြင်လိုက်ရသည်ကား မိုးထက်နှင့် ဘုန်းသွင်။ အခန်းထဲ ခြေလှမ်းကြဲများဖြင့် ဝင်လာသည့် မိုးထက်နောက်မှ ဘုန်းသွင်သည် တည်ငြိမ်နေသော ဟန်ပန်ဖြင့် လိုက်ဝင်လာသည်။ ထိုအခါမှ မာန်လည်း လှိုင်းကို လွှတ်ပေးလိုက်မိသည်။ မိုးထက်က ဘာစကားတစ်ခွန်းမှ မပြောဘဲ လှိုင်း၏ ခေါင်းအုံးကို ခုတင်ခေါင်းရင်း၌ ထောင်ကာ ခြေပစ်လက်ပစ် ဝင်ထိုင်သည်။

"ကိုမိုးထက်ပိုင် ..ပြောတော့ ငါတို့ကို နောက်နေ့တွေ လာမခေါ်ဘူးဆို။"

မာန်က ခနဲ့သလို ပြောပြီး ခုတင်စပ်နား ဝင်ထိုင်သောအခါ မိုးထက်က မျက်လုံးသာ လှန်ကြည့်သည်။ ဘာမှတော့ မပြော။ ဒါ ပုံမှန်မှ ဟုတ်မနေဘဲ။ သို့ဖြစ်၍ မလှမ်းမကမ်းရှိ ဘုန်းသွင်ကို "ဘာဖြစ်လာတာလဲ" ဆိုသည့် သဘောဖြင့် မျက်ခုံးပင့်ကာ မာန် မေးလိုက်သည်။

"သူ့ဒယ်ဒီနဲ့ မာမီ နှစ်ယောက်စလုံး အိမ်မှာ ပြန်ရောက်နေလို့တဲ့။"

ဘုန်းသွင်က စာရေးစားပွဲရှိ ထိုင်ခုံ၌ ဝင်ထိုင်ရင်း လေးလေးပင်ပင် ဆိုရှာသည်။ မိနစ်ပိုင်းမျှ လေထုသည် ရုတ်ချည်းဆိုသလို တိတ်ဆိတ် ခြောက်ကပ်သွားလေသည်။

"လှိုင်း ငါ့စာအုပ် ခဏ ပြန်ပေးကွာ။"

ဘုန်းသွင်က သူ လှိုင်းအား အမြဲတစေ သိမ်းထားခိုင်းသည့် ပန်းချီစာအုပ်အား တောင်းရာ လှိုင်းသည် လွယ်အိတ်ထဲမှ စာအုပ်ကို ထုတ်ပေးလိုက်သည်။ ဘုန်းသွင်၏ မိခင်သည် သူ ပန်းချီဝါသနာ ပါမှန်း မသိ။ သိလျှင်လည်း ပန်းချီဆွဲဖို့ရာ ခွင့်ပြုမည် မဟုတ်။ သို့ဖြစ်၍ ဘုန်းသွင်သည် ကျောင်းနှင့် ကျူရှင်၌သာ အားသည့်အချိန်တိုင်း သူ အတွေးများကို ဆွဲလေ့ရှိသည်။ ပြီးနောက်တွင်တော့ ထိုပန်းချီစာအုပ်အား လှိုင်းထံ၌ အပ်ထားသည်။

တစ်ခန်းလုံးသည် သူမတူစွာဖြင့် ဆိတ်ငြိမ်နေလေသည်။ မိုးထက်က လှိုင်းခုတင်၌ ဆိတ်ငြိမ်စွာ ထိုင်ရင်း သိုးမွေးထိုးနေသည်။ မိုးထက်သည် စိတ်ညစ်ချိန်တိုင်း ဤသို့နှယ် သိုးမွေးထိုးနေတတ်သည်မို့ မည်သူကမှ သူ့အား စကားသွားပြောကာ စိတ်အနှောင့်အယှက် မပေးဖြစ်။ မာန်ကမူ သူ၏ ခုတင်၌ နားကြပ်တပ်ကာ သီချင်းနားထောင်နေရင်း ခပ်တိုးတိုး လိုက်ငြီးနေသည်။ ဘုန်းသွင်ကတော့ သူ၏ ပန်းချီစာအုပ်၌ တစ်စုံတစ်ရာကို ရေးခြစ်နေပြီး လှိုင်းသည် ဘုန်းသွင်ဘေးထိုင်ကာ စားပွဲပေါ် မေးတင်ရင်း ဘုန်းသွင် ရေးခြစ်နေသည်ကို လိုက်ကြည့်နေမိသည်။

"ရှုခင်းပုံ မဟုတ်ဘူးလား ဘုန်းသွင်။"

ဆွဲနေရင်းဖြင့် ရုပ်လုံး နည်းနည်း ကြွလာရာ လှိုင်းသည် လေတိုးသံဖြင့် ဘုန်းသွင်အား မေးလာရာ ဘုန်းသွင်သည် စက္ကန့်မလပ်ပါဘဲ ခေါင်းခါပြလိုက်သည်။

"ဒါဆို မင်း ဘာဆွဲနေတာလဲ။"

လှိုင်း၏ အမေးကြောင့် လှုပ်ရှားနေသည့် ဘုန်းသွင်၏ လက်များ တန့်သွားကာ ပြတင်းပေါက်ကို လှမ်းမျှော်ကြည့်ရင်း တွေးတွေးဆဆ ဖြစ်သွားသည်။ အတွေးတို့သည် ဘုန်းသွင်၏ အသိစိတ်အား မနေ့က အဖြစ်အပျက်တစ်ခုဆီသို့ ခေါ်ဆောင်သွားသည်။

မနေ့က မာန်နှင့် လှိုင်း မပါဘဲ မိုးထက်နှင့် သူ နှစ်ယောက်သာ မဏ္ဍပ်သွားထိုင်ဖြစ်သည်။ မဏ္ဍပ်ထိုင်ရင်း ပျင်းလာသဖြင့် အသံကုန်ဟစ်ကာ သီချင်းလိုက်ဟဲနေသည့် မိုးထက်ကို ချန်ထားခဲ့ပြီး လူရှင်းသည့် နေရာသို့ ထွက်လာလိုက်သည်။ ထိုစဉ် တစ်နေရာအရောက်၌ သီချင်းသံများကြားမှ တိုးညှင်းညှင်း ထွက်ပေါ်လာသည့် ငိုသံသဲ့သဲ့သည် သူ၏ နှလုံးသည်းပွတ်ကို လှုပ်ခတ်လိုက်သည့်နှယ် ဝမ်းနည်းမှုကို ဆောင်ကြဉ်းပေးနိုင်သည်။ သစ်ပင်အောက် ရောက်နေသည့် ဘုန်းသွင်သည် သစ်ပင်ကို တစ်ပတ် ပတ်ကြည့်လိုက်ရာ အရိပ်ကောင်းပြီး ပင်စည် တောင့်သော သစ်ပင်ကြီးကို ကွယ်ကာ ငိုရှိုက်နေသည့် ကလေးတစ်ယောက်ကို တွေ့လိုက်ရသည်။

ဒူးနှစ်ချောင်း ထောင်ကာ လက်မောင်းကြား မျက်နှာဝှက်ရင်း ငိုရှိုက်နေသည့် ကလေးသည် ကောင်ငယ်လေးတစ်ယောက်။ လက်မောင်းကြား မျက်နှာဝှက်ထားသဖြင့် ဖြူဆွတ်နေသည့် လက်ပေါ်သို့ ဖြာကျနေသည့် ဆံပင်များမှာ နီညိုရောင် သန်းနေသည်။ ဝတ်စားထားသည့် အဝတ်အစားများသည်လည်း အရောင်လွင့်ပြယ်နေကာ ရွှဲရွှဲစိုနေသေးသည်။ အနားသို့ တဖြည်းဖြည်း ချဉ်းကပ်လာသည့် ဘုန်းသွင်ကိုလည်း သတိထားမိဟန် မတူ ... ငိုမြဲငိုနေဆဲ ဖြစ်သည့် ကလေး၏ ငိုရှိုက်သံသည် သူ့ကိုပါ မျက်ရည်ဝဲလာစေသည်အထိ။ ဘုန်းသွင်သည် ထိုကလေးရှေ့ မုဆိုးဖို ထိုင်ကာ လက်ကို ခပ်ပွပွ သွားပုတ်လိုက်သည်။

ဘုန်းသွင် ထိလိုက်မိသည့် လက်မှ အထိအတွေကြောင့် ချက်ချင်း ခေါင်းထောင်ကြည့်လာသည့် ကောင်ငယ်လေး။ ကောင်လေး၏ မျက်နှာကို မြင်လိုက်ရချိန်၌ မှင်သေစွာဖြင့် မျက်လုံးအဝိုင်းသား ဖြစ်သွားရသည်ကား ပိုင်မြတ်ဘုန်းသွင် ကိုယ်တိုင်ပင်။ ပါးထက် ရွှဲစိုနေသည့် မျက်ရည်ကြည်များ၏ မူလအရင်းခံ နေရာသည် လရောင်ဖြာကျနေသည့် ပင်လယ်တစ်ခုနည်းတူ တလက်လက် ပြာလဲ့နေသော မျက်ဝန်းများ။ မြန်မာမဆန်ဘဲ ဗိုလ်ဆန်ဆန် ရုပ်ရည်မျိုးကို ပိုင်ဆိုင်ထားသည့် ကောင်ငယ်လေးမှာ သူ့ကို ကြောင်တက်တက်ကလေး ငေးစိုက်ကြည့်နေသည်။ သွယ်လျသော မေးရိုးနှင့် ဖြောင့်စင်းသော နှာတံသည် နိုင်ငံခြားသွေး ရောစပ်ကြောင်း မီးမောင်းထိုးပြနေသယောင်။

"ဘာဖြစ်လို့ ငိုနေတာလဲ ချာတိတ်။"

ဘယ်လိုအကြောင်းကြောင့် "ချာတိတ်" ဟု ခေါ်လိုက်မိမှန်း မသိပေမဲ့ ဘုန်းသွင်စိတ်ထဲ အလိုလို ဤအသုံးအနှုန်းကို ခေါ်ဝေါ်သုံးနှုန်းချင်နေမိသည့်အတွက် အသက် ၁၀ နှစ်ခန့်သာ ရှိသေးသည့် ကောင်ငယ်လေးအား မည်သူ့ကိုမှ မခေါ်ဝေါ်ဖူးသည့် "ချာတိတ်" ဆိုသည့် နာမ်စားကို ပထမဆုံးအကြိမ် သုံးနှုန်းလိုက်မိသည်။

ချာတိတ်လေးသည် ဘုန်းသွင်၏ အမေးကို ချက်ချင်း ပြန်မဖြေဘဲ ဘုန်းသွင်အား မျက်တောင်မခတ်တမ်း ငေးကြည့်နေသည်။ ထိုစဉ် မျက်ဝန်းပြာများရှေ့ အုပ်မှိုင်းနေသော ဝမ်းနည်းမှု၏ သက်သေများသည် ပါးထက်သို့ လှိမ့်ဆင်းကျလာသည်။ ဘုန်းသွင်သည် သူ့အား အထူးအဆန်း ဖြစ်နေသည့်နှယ် ကြည့်နေသည့် ချာတိတ်ငယ်၏ ပါးထက်ရှိ မျက်ရည်များကို လက်ဖြင့် အသာ ဖိသုတ်ပေးလိုက်မိသည် ... ဘာကြောင့်ရယ် မသိပေမဲ့ ထိုမျက်ရည်များသည် ဘုန်းသွင်၏ ရင်ကို မီးမြိုက်နေသည့်နှယ် ပူလောင်စေသည်။ ထိုအခါမှသာ ချာတိတ်လေးသည် သတိပြန်ဝင်လာဟန်ဖြင့် ခန္ဓာကိုယ်ကို နောက်သို့ အနည်းငယ် ယိုင်လိုက်ကာ သူ၏ မျက်ရည်များကို သူကိုယ်တိုင် သုတ်ဖယ်သည်။ ပြီးသည်နှင့် ဆတ်ခနဲ မတ်တပ်ထရပ်ကာ ထွက်သွားရန် ခြေလှမ်းပြင်တော့သည်။

"ခဏ"

ပြောလည်း ပြော ၊ မုဆိုးဖို ထိုင်နေရာမှ အမြန် မတ်တပ်ရပ်ကာ လက်ကောက်ဝတ်ငယ်အား လှမ်းဆွဲလိုက်ရာ ခြေလှမ်းများ တန့်သွားပြီး ဘုန်းသွင်ကို တွေတွေကလေး ပြန်လှည့်ကြည့်လာသည်။ နုနုငယ်ငယ် အသွင်နှင့် ၉ နှစ် ၊ ၁၀ နှစ်အရွယ် ကောင်ငယ်လေးပေမို့လား မသိ ... ဘုန်းသွင်၏ လက်မှ ပြန်ရုန်းရကောင်းမှန်းလည်း သိပုံ မပေါ်။ ဘုန်းသွင်သည် အလောသုံးဆယ်ဖြင့် လှမ်းဆွဲလိုက်မိသည့် လက်ကောက်ဝတ်ဆီသို့ အကြည့်ရောက်လိုက်မိရာ ထပ်မံ အံ့အားသင့်ရပြန်သည်။ မြင်နေရသည့် လက်ချောင်းလေးများသည် ဖော့ဖယောင်းဖြင့် ထုလုပ်ထားသည့်နှယ် သွယ်လျနေသည်မှာ အနုပညာဆန်လွန်းသည်။

"ကိုကို"

ဘုန်းသွင်၏ အသိစိတ်တို့သည် လက်ချောင်းသွယ်များ၌ တည်နေသဖြင့် အသိစိတ် ပြန်ကပ်လာစေရန် ခေါ်လိုက်သည့် အခေါ်အဝေါ်သည် ဘုန်းသွင် ပထမဆုံး ကြားဖူးသည့် ထိုကောင်လေး၏ စကားသံ။ နားထဲ ပဲ့တင်ထပ်သွားသည့် ခေါ်သံသည် သွေးကြောများ၌ နူးညံ့စွာ ပျော်ဝင်ကာ ဘုန်းသွင်၏ နှလုံးသည်းပွတ်ထိတိုင်အောင် စီးဝင်သွားသလိုမျိုး ခံစားလိုက်ရသည်။ ထိုခေါ်သံကြားမှ ဘုန်းသွင်သည် ခွင့်မတောင်းဘဲ ဆွဲထားမိသည့် လက်ကို ပြန်လွှတ်ပေးလိုက်မိသည်။

"ဘာလို့ ငိုနေတာလဲ ချာတိတ်လေးရဲ့။ စိတ်ညစ်စရာ တစ်ခုခု ရှိလို့လား။ ရှိတယ်ဆို ကိုကို့'ကို ပြောပြလေ ..ကိုကို နားထောင်ပေးမယ်။"

ချာတိတ်လေးရှေ့ ဘုန်းသွင်သည် ဒူးတစ်ဖက်ကို ထောက်ကာ ထိုင်ချလိုက်ပြီး အကြည့်ချင်းဆုံလျက် ပြောလိုက်ရာ ဘုန်းသွင်ကို ရီဝေဝေကလေး ပြန်ကြည့်နေသည့် ချာတိတ်သည် ခေါင်းကို အသာ ခါပြသည်။ မျက်ဝန်းပြာများမှ အကြည့်မခွါနိုင် ဖြစ်နေသည့် ဘုန်းသွင်သည် ထိုမျက်ဝန်းများမှတစ်ဆင့် ဝမ်းနည်းမှုကို မြင်တွေ့နေရသည်။ သို့ဖြစ်၍ ဘုန်းသွင်သည် သူ၏ ဝသီအတိုင်း အင်္ကျီအိတ်ကပ်ထဲ အမြဲ ဆောင်ထားတတ်သည့် လော်လီပေါ့ကို ထုတ်ကာ အခွံခွါပေးလိုက်သည်။ ယနေ့ ယူလာမိသည့် လော်လီပေါ့သည် လိမ္မော်အရသာ။ အခွံခွါပြီးသည်နှင့် ဘုန်းသွင် လုပ်သမျှကို မျက်စိဒေါက်ထောက် လိုက်ကြည့်နေသည့် ချာတိတ်လေး၏ ဆွဲဆောင်အား ပြင်းသော ပန်းနုရောင် နှုတ်ခမ်းဖူးလေးများ၌ တေ့ပေးလိုက်ရာ အယောင်ယောင် အမှားမှားဖြင့် ကောင်ငယ်လေးက ပါးစပ်ကို ဟပေးလာသည်။

"ဒါက ကိုကို စိတ်ညစ်တိုင်း စားတဲ့ လော်လီပေါ့လေး။ ကြိုက်လား ချာတိတ်။"

လော်လီပေါ့ကို ငုံထားသဖြင့် ပါးတစ်ဖက် ဖောင်းနေသည့် ချာတိတ်သည် ဘုန်းသွင်အား ခေါင်းတဆတ်ဆတ် ညိတ်ပြလာသည်။ ဤကောင်လေး စကားနည်းလွန်းသည်။ ဟုတ်ပါတယ်လေ ... မည်သူကရော တစ်ချိန်လုံး မိုးထက်ပိုင်လို တရစပ် စကားများနိုင်မည်နည်း။ ဘုန်းသွင်သည် သူ လွယ်ထားသည့် ရေစိုခံသော အိတ်အကြည်လေးကို ဖွင့်ကာ လိုလိုမည်မည် ထည့်လာခဲ့သည့် ဘောပင်အား ထုတ်ပြီး -

"ကိုကို့'ကို မင်းလက်ပေး။"

မရဲတရဲဖြင့် သူ၏ လက်တစ်ဖက်ကို ဘုန်းသွင်ဘက်သို့ ထိုးပေးလာသည့် ချာတိတ်လေးမှာ ဖြူစင်သည်ထက် ပိုနေသည်။ ဘုန်းသွင်သည် ဆုပ်ထားသည့် လက်ချောင်းများကို ဖြန့်လိုက်ရာ ဖြူသောအသားအရည်ကြောင့် သွေးရောင် ရဲနေသည့် လက်ဖဝါးလေးမှာ နုဖတ်နေသည်။ လက်ချောင်းသွယ်များသည် ရှည်ရှည်သွယ်သွယ်လေးနှင့် အကြည့်မလွှဲချင်စရာ ကောင်းနေပြန်သည်။

ဘုန်းသွင်သည် ဘောပင်အဖုံးကို ဖြုတ်ကာ လက်ဖဝါးဖြူဖြူ၌ အရုပ်လေးတစ်ရုပ် ဆွဲလိုက်သည်။ မျက်လုံးများအနေဖြင့် အစက်လေးနှစ်စက်နှင့် ပြုံးနေသည့် smile အရုပ်လေးသည် လက်ဖဝါးသေးသေးလေး၌ နေရာယူသွားသည်။ ချာတိတ်၏ လက်ပေါ်၌ ဆွဲပေးပြီးသည်နှင့် ဘုန်းသွင်သည် သူ၏ လက်ဖဝါး၌လည်း ကွဲပြားခြားနားမှု မရှိသည့် ဝိုင်းစက်စက် smile အရုပ်လေးအား ဆွဲကာ -

"ဒီမှာ ကြည့် ချာတိတ်လေး။ ကိုကို့ လက်မှာရော မင်းရဲ့ လက်မှာပါ ဒီအရုပ်လေး ရှိနေပြီ။ ဒီအရုပ်လေးကို ကိုကို ဘာလို့ ဆွဲပေးလဲ သိလား။"

ချာတိတ်သည် စကားတစ်ခွန်းမှ မပြောဘဲ ခေါင်းသာ ခါပြသည်။ ဘုန်းသွင်သည် ဖြူစင်လွန်းသည့် ကောင်လေးအား ကြည့်ပြီး တစ်ချက် ပြုံးလိုက်ပြီးမှ စကားဆက်ဖြစ်သည်။

"ချာတိတ် စိတ်ညစ်ပြီး ငိုသလိုမျိုး ကို့ကို့မှာလည်း စိတ်ညစ်စရာတွေ ရှိတာပေါ့။ ကိုကို စိတ်ညစ်တိုင်း လက်ဖဝါးမှာ ဒီအရုပ်လေးကို ဆွဲလိုက်တယ်။ ဆွဲပြီးရင် ကိုကို့စိတ်ထဲမှာ ခံစားနေရတာတွေ အကုန်လုံးကို ဒီအရုပ်လေးကို ကြည့်ပြီး ပြောပြလိုက်တယ်။ အဲ့လို ပြောပြီးသွားရင် ..ကိုကို့စိတ်ထဲ နေလို့ ကောင်းသွားရော။ ချာတိတ်လေးရော ..အဲ့လို ပြောဖူးလား။"

ဘုန်းသွင်၏ မေးခွန်းကို ခေါင်းခါပြ၍သာ အဖြေပြန်ပေးလာပြန်သည်။ သို့သော် ငြိမ်သက်နေသည်မျိုးတော့မဟုတ် ... ကောင်ငယ်လေးသည် ဘုန်းသွင် ဆက်ပြောလာမည့် စကားကို ငံ့လင့်ရင်း လော်လီပေါ့ကို တုတ်မှ ကိုင်ကာ ပါးစပ်ထဲ ထုတ်ချည် ၊ သွင်းချည်နှင့် သေချာ အရသာခံနေသည်။ ဘယ်လိုပဲဖြစ်ဖြစ် ကလေးက ကလေးပါပဲ။

"ဒါဆို အိမ်ပြန်ရောက်ရင် ကိုကို ပြောသလိုမျိုး လုပ်ကြည့် ..ချာတိတ် စိတ်ညစ်တာတွေ လျော့သွားလိမ့်မယ်။ ကိုကို ပြောတာ ယုံတယ်မလား။"

သည်တစ်ကြိမ်၌တော့ ဘာမှ ပြန်တုံ့ပြန်ခြင်း မရှိဘဲ ဘုန်းသွင်ကို တစ်လှည့် ၊ သူ့လက်ဖဝါးရှိ smile အရုပ်ပုံလေးကို တစ်လှည့် ကြည့်နေသည်။ ဘုန်းသွင်ကို ကြည့်လာသည့် မျက်ဝန်းပြာများ၌ မယုံသင်္ကာ ဖြစ်နေဟန် အလျဉ်းမရှိပါသော်လည်း ချီတုံချတုံ ဟန်ပန်သည် ဖြေရခက်နေသဖြင့် အကျပ်ရိုက်နေသော အသွင်ကို ဆောင်နေသည်။

"ဟုတ်သားပဲ ..ကိုကို စိတ်လောသွားတယ်။ ချာတိတ်လေးက စမ်းမှ မစမ်းကြည့်ရသေးတာ။ ကိုကို ပြောတာ မှန် မမှန် ဘယ်သိဦးမလဲ ..ဟုတ်တယ်မလား။ ဟုတ်ပါပြီ ..ကိုကို ပြောသလို လုပ်ကြည့်နော် ချာတိတ်။ အကယ်၍ ..ချာတိတ်လေး စိတ်ညစ်တာတွေ လျော့သွားပြီး စိတ်ထဲ နေလို့ ကောင်းသွားရင်တော့ ကိုကို့'ကို ယုံကြည်ပေးရမယ်နော်။ ကတိပေး ..."

လက်သန်းလေး ထောင်ကာ ဘုန်းသွင်က ကတိတောင်းခံလေရာ ဘုန်းသွင် ပြောသမျှကို မျက်လုံးလေး ကလည် ကလည်ဖြင့် အူကြောင်ကြောင်ရုပ်လေးနှင့် လိုက်နားထောင်နေသည့် ချာတိတ်ငယ်လေးသည် သူ၏ လက်သန်းလေးကို ထုတ်ကာ ဘုန်းသွင်၏ လက်သန်း၌ လာချိတ်သည်။

"ဒီကတိက တစ်ဘဝလုံးစာနော် ချာတိတ်လေး။ ကိုကို့'ကို မင်းတစ်ဘဝလုံး ယုံကြည်ပေးနိုင်လို့လား။"

ချိတ်ထားသည့် လက်သန်းလေးကို မလွှတ်ပေးမီ ပိုသေချာစေရန် ထပ်ဆင့် ပြောလိုက်သည့် စကားအဆုံး၌ ဘုန်းသွင်ရလိုက်သည့် တုံ့ပြန်ချက်ကား ခေါင်းညိတ်ကာ သဘောတူခြင်း ဖြစ်၏။ ဘုန်းသွင် သဘောတကျ တစ်ချက် ရယ်လိုက်မိပြီးမှ -

"ကိုကို့'ကို ယုံတယ်ဆိုရင် အမြဲ ဒီအရုပ်လေးအတိုင်း ပြုံးနေရမယ်နော် ချာတိတ်။ စိတ်ညစ်လို့ ငိုရင်တောင် ဒီအရုပ်လေးကို စကားပြောပြီးသွားရင် ပြုံးထားရမယ်နော် ..သိလား။"

သည်တစ်ကြိမ်လည်း ခေါင်းကိုသာ တစ်ချက် ညိတ်ပြလာသည်။ ဘုန်းသွင်သည် ချာတိတ်လေး၏ တုံ့ပြန်ပုံကို အသည်းယားလွန်းသဖြင့် ပါးချိုင့်ခွက်ဝင်သွားသည်အထိ ပြုံးလိုက်ပြီးမှ -

"ချာတိတ်လေးက ရေပက်ခံ ထွက်လာတာလား။ မိဘတွေရော။"

"အိမ်မှာ"

ခပ်တိုးတိုးသာ ဆိုလာသည့် ချာတိတ်၏ ပထမဆုံးသော တုံ့ပြန်စကား။

"အိမ်က ဘယ်မှာလဲ ချာတိတ်။ ကိုကို ပြန်လိုက်ပို့ပေးမယ်။"

"မလိုက်ပါနဲ့။ အမေ ... မကြိုက်ဘူး။"

"အိမ်က ဒီနားမှာလား။"

ခေါင်းညိတ်၍သာ ဟုတ်မှန်ကြောင်း အတည်ပြုပေးလာသည်။ ဘုန်းသွင်နှင့် အကြည့်ချင်းဆုံနေသည့် ကောင်ငယ်လေး၏ သွင်ပြင်သည် အချိန်ကြာလာလေ ပို၍ ခုံမင်ချင်စရာ ကောင်းလာလေပါပဲ။

"ဒါဖြင့်လည်း အိမ်ပြန်တော့လေ ချာတိတ်ရဲ့။ တော်ကြာ အမေက မတွေ့လို့ စိတ်ပူနေဦးမယ်။ ပြန်ရဲလား တစ်ယောက်တည်း။"

ဘုန်းသွင်၏ စကားကြောင့် မျက်ဝန်းပြာများ လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ ခဏအကြာမှ စကားသံ ထွက်လာသည်။

"ဟုတ် ပြန်ရဲတယ် ကိုကို။"

"အင်းပါ။ ဒါဆို ပြန်တော့နော်။ ဩ ကိုကို့ နာမည်လည်း မှတ်ထားဦး ..ကိုကိုက ..."

"ဟေ့ကောင် ဘုန်းသွင် ..ဘာလုပ်နေတာလဲ။"

မိတ်ဆက်မည်အပြု ကြားလိုက်ရသည့် အသံကြောင့် ဘုန်းသွင်၏ စကားစ ပြတ်သွားသည်။ အနားကပ်လာသည့် မိုးထက်ကြောင့် ကောင်ငယ်လေးသည် သူ့ပါးစပ်ထဲ လော်လီပေါ့ကို ထည့်ကာ အဝေးသို့ လေအလျင်ဖြင့် ပြေးထွက်သွားသည်။ ဘုန်းသွင်လည်း နာမည်ပင် မိတ်မဆက်လိုက်ရသဖြင့် စိတ်အချဉ်ပေါက်ကာ ဒူးတစ်ဖက်ထောင်ကာ ထိုင်နေမိရင်းမှ ဆတ်ခနဲ မတ်တပ်ထရပ်လိုက်မိသည်။ ထိုအခါမှသာ ထုံကျင်နေသည့် ခြေထောက်ကို သတိပြုမိသွားသည် ... သူ ခြေထောက်ကျင်နေတာတောင် သတိမမူမိသည်အထိ မျက်ဝန်းပြာများ၌ နစ်မွန်းနေခဲ့သည်ပဲ။

"အဖျက်သမားကောင် ..ဟိုမှာ လန့်ပြီး ပြေးသွားပြီ။ မင်းဘယ်လိုဖြစ်နေတာလဲ။"

"ဘာလဲဟ ..ဘလိုင်းကြီး လာစိတ်တိုနေတယ်။ မင်းကရော အဲ့ကလေးနဲ့ ဘာတွေ ပြောနေတာလဲ။"

"ဘာပြောပြောပေါ့။ မင်းက ဘာလာလုပ်တာလဲ။"

ဘုန်းသွင် စိတ်တိုတိုနှင့် မိုးထက်အား ခပ်ဆတ်ဆတ် ပြန်မေးလိုက်မိသည်။ ဟုတ်သည်လေ ... ဒီမှာ ဘုန်းသွင်က ကိုယ့်ကိုကိုယ် မိတ်ဆက်ပြီး ချာတိတ်၏ နာမည်ကို မေးမည် ကြံသေး။ မြောက်ကြွမြောက်ကြွဖြင့် အနားရောက်လာသည့် သကောင့်သားကြောင့် ချာတိတ်လေးမှာ လန့်ပြီး ပြေးသွားပြီ။

"အောင်မာ ..လေသံကိုက။ မင်း မပြောမဆိုနဲ့ ပျောက်သွားလို့ ငါ့မှာ စိတ်ပူပြီးလည်း လိုက်ရှာရသေးတယ်။ မင်းကျတော့ ငါ့ကို မဆီမဆိုင် လာဟောက်နေတယ်ပေါ့ ဟုတ်လား။ လာခဲ့ ..ငါ့ကို မုန့်လိုက်ဝယ်ကျွေး။ ဗိုက်ဆာပြီ။"

ခေါင်းထဲ အစားအစာသာ ထည့်ထားသည့် မိုးထက်သည် ဘုန်းသွင်ကို ပုခုံးဖက်ကာ ခေါ်သွားသည်။ မသွားခင် ဘုန်းသွင်သည် ဝေးကွာသွားသည့် ကျောပြင်ငယ်လေးကို အဝေးတစ်နေရာမှ မှန်းမျှော်ကာ မြင်ယောင်နေမိပါသေးသည်။

"ဘုန်းသွင် ..ဘာတွေ စဉ်းစားနေတာလဲ။"

အတိတ်ပင်လယ်ထဲ လိုလိုလားလား ဒိုင်ပင်ထိုးဆင်းကာ ချာတိတ်လေးနှင့် တွေ့ဆုံမှုအကြောင်းကို ဘယ်နှစ်ကြိမ်မြောက်မှန်း မသိသည့် ပြန်လည်သင်ကြားခြင်းကို လုပ်နေမိသော ဘုန်းသွင်အား လှိုင်း၏ မေးခွန်းသည် ပစ္စုပ္ပန် ကာလဆီသို့ ပြန်လည် ဆွဲခေါ်လာခဲ့သည်။

"ဘာမှ မဟုတ်ပါဘူး ..ဒီလိုပါပဲ။"

"ဒါ ကလေးလေးတစ်​ယောက် ပုံမလား။"

"အင်း ..ဟုတ်တယ်။ ကလေးလေးတစ်ယောက်။"

မှန်သည် ... ချာတိတ်လေးသည် ဘုန်းသွင်အမြင်မှာတော့ တကယ့်ကို ဖြူစင်သည့် ကလေးငယ်လေးတစ်ယောက်။ ဖြူစင်လွန်းသဖြင့် တစ်ကြိမ်တစ်ခါသာ ဆုံဖူးသော်လည်း ပတ်ဝန်းကျင်ရှိ လူများ၏ အရောင်ဆိုးခြင်း ခံရမည်ကို သူ အစိုးရိမ်ကြီး စိုးရိမ်နေမိသည့် ပထမဆုံးသော ဖြစ်တည်မှုတစ်ခု။ ပြန်တွေးတိုင်း ရီဝေဝေ မျက်ဝန်းပြာများသည် အမြင်အာရုံ၌ ကိုယ်ထင်ပြလာတတ်စမြဲ ဖြစ်၏။

"ပြောတော့ ပုံတူပန်းချီ ဘယ်တော့မှ မဆွဲဘူးဆို။"

မာန်နှင့် မိုးထက် မကြားစေရန် နား'နား ကပ်ကာ မေးနေသည့် လှိုင်းသည်လည်း ချာတိတ်နည်းတူ ဖြူစင်သည်။ ဖြူစင်လွန်းလျှင် အရောင်ဆိုးရ လွယ်ကူသည် မဟုတ်လား။

"ဘယ်တော့မှတော့ မဟုတ်ပါဘူးကွာ။ ချွင်းချက်လေးတွေတော့ ရှိတာပေါ့။ လှိုင်း ..ငါ ဗိုက်ဆာတယ်။ အိမ်မှာ ဘာရှိလဲ။"

"အိမ်မှာ ..ငါလည်း သေချာ မသိဘူးကွ။ နေဦး ငါ တစ်ချက် သွားကြည့်ပေးမယ်။ မင်းက ဘာစားချင်လို့လဲ။"

"သကြားပလာတာ"

"အေး အေး ..အိမ်မှာ ဘာမှ မရှိရင် ငါ သွားဝယ်ပေးမယ်။"

ပြောရင်း လှိုင်းသည် အခန်းပြင်သို့ ထွက်သွားသည်။ ဘုန်းသွင်ဘက်မှ ရည်ရွယ်ချက်ရှိရှိ စကားလမ်းကြောင်း လွဲလိုက်သည်ကို ရိုးသားသော လှိုင်းတစ်ယောက်ကတော့ ရိပ်စားမိဟန် မတူ။ အချိန်တစ်ခု ကြာသည်အထိ လှိုင်းသည် ပြန်ပေါ်မလာသောကြောင့် ဘုန်းသွင်ပင် မေ့မေ့လျော့လျော့ ဖြစ်သွားရကာ ချာတိတ်လေး၏ ပုံကို ဆွဲနေရင်း ပတ်ဝန်းကျင်နှင့် အဆက်အသွယ် ပြတ်သွားခဲ့သည်။ ဘဝတွင် ကောင်ငယ်လေးတစ်ယောက်၏ ပုံကို ယခုလို စိတ်နှစ်ပြီး ရေးဆွဲဖြစ်လိမ့်မည်ဟု ဘုန်းသွင် စိတ်ကူးဖြင့်ပင် မတွေးကြည့်ခဲ့ဖူးပေ။

"ကိုရိပ် ရော့ ..ကိုရိပ့်အကြိုက်။ ဗိုက်ဆာနေပြီမဟုတ်လား။"

အချိန်အတိုင်းအတာတစ်ခု ကြာပြီးမှ လှိုင်းသည် အခန်းထဲ ဗန်းတစ်ခုကို သယ်ဆောင်ရင်း ပြန်ဝင်လာသည်။ မာန့်အတွက် ယူလာသည့် မလိုင်နံပြားကို ပထမဦးစားပေးအနေဖြင့် အရင် သွားပေးပြီးမှ ဘုန်းသွင်အတွက် သကြားပလာတာကို လာပေးသည်။ ဘုန်းသွင်သည် အချိုဆို သိပ်ကြိုက်တတ်သည်ကို လှိုင်းက သိနေသည်မို့ သကြားများများ ထည့်လာပေးသည်။ မိုးထက်အတွက်တော့ သူ စားနေကျ အီကြာကွေးနှင့် လက်ဖက်ရည် ကျစိမ့်တစ်ခွက်ကို ခုတင်ဘေးရှိ အဝတ်ပုံးပေါ် တင်ပေးထားလိုက်သည်။ လှိုင်းသည် သူ့အတွက်ကျ ဘာမှ ဝယ်လာပုံ မရ ... အိမ်ဖျော်ကော်ဖီကိုသာ အရသာခံ သောက်နေလေသည်။

"မာန် ..ငါ ဒီနေ့ မင်းအိမ်မှာ အိပ်မယ်ကွာ ..နော်။"

မိုးထက်သည် လှိုင်း လာချပေးသွားသည့် အီကြာကွေးကို လက်ဖက်ရည်နှင့် တို့နေရင်း တစ်ဖက်ခုတင်ရှိ မာန့်အား လှမ်းအသိပေးသည်။ အိမ်ရှင်ဖြစ်သည့် မာန့်အား ခွင့်တောင်းနေခြင်းမျိုး မဟုတ်ဘဲ အသိပေးရုံသက်သက် ဆိုလာသော စကားကို မာန် မငြင်းဆန်ဖြစ်။

"ရတယ်လေ မိုးထက်။ မင်း လိုတဲ့ အဝတ်အစားတို့ ဘာတို့ကို ငါ လေးပြုံးကို သွားယူခိုင်းလိုက်ရမလား။"

"မယူခိုင်းနဲ့။ အဝတ်အစားတွေဆို မင်းဟာပဲ ယူဝတ်တော့မယ်။ ငါ ဒီနေ့ အိမ်ကို လုံးဝ မပြန်ချင်သလို လေးပြုံးကိုလည်း ..မသွားစေချင်လို့။"

"ပြီးရော ပြီးရော ..မင်းသဘောပဲ။ ဒါမဲ့ ..မင်းမာမီကိုဖြစ်ဖြစ် ဒယ်ဒီကိုဖြစ်ဖြစ် ဖုန်းဆက် အသိပေးဖို့တော့ လိုမယ် ထင်တယ်။"

"မလိုပါဘူး ..ငါ ပျောက်နေရင်တောင် သိကြမှာ မဟုတ်ဘူး။ နှစ်ယောက်စလုံး သူတို့လူတွေ တရုန်းရုန်းနဲ့ အားချိန်တောင် ရမှာ မဟုတ်ဘူး အဟက်။"

ခနဲ့သလို တစ်ချက် ရယ်လိုက်သည့် မိုးထက်ကြောင့် မာန်တို့ မည်သူကမှ ဘာမှ ထပ်မပြောဖြစ်ကြ။ မိုးထက်အကြောင်းကို ခရေစိတွင်းကျ သိနေသည်မို့ စကားပို ထပ်ပြောကာ စကားလုံးများဖြင့် မိုးထက်ကို ထပ်မံ မထိခိုက်စေလိုသည်လည်း ပါသည်။

ဒဏ်ရာအများစုသည် မမြင်နိုင်သော်ငြား ခံစားရသူအဖို့ ရူးမတတ် နာကျင်ရသည်ကို ခံစားဖူးသူများသာ ကိုယ်ချင်းစာတတ်မည်။ ထိုထဲမှ တစ်ချို့သော ဒဏ်ရာများမှာမူ ကိုယ်အရင်းနှီးဆုံးလူများက နှလုံးသည်းပွတ်ထိတိုင်အောင် သွေးစိမ်းရှင်ရှင် ထွက်သည်အထိ ထိုးစိုက်ထားသည့် ဓားဒဏ်ရာများ ဖြစ်ကြ၏။ ထိုဒဏ်ရာများကို အချိန်က ကုစားပေးခဲ့လျှင်တောင် ကျန်ရစ်ခဲ့သော အမာရွတ်သည် တိုက်ဆိုင်မှု ရှိလာတိုင်း တဆစ်ဆစ်ဖြင့် ကိုက်ခဲလာတတ်စမြဲပင်။

"သေလုအောင် ပျင်းလာပြီကွာ။ အောက်မှာ ဘတ်စကတ်ဘော သွားကစားရအောင်။"

လက်ဖက်ရည်နှင့် အီကြာကွေးကို မြန်မြန် လက်စသတ်ပြီးသည်နှင့် မိုးထက်က စကားစလာသည်။ ထိုအခါ ကျန်သုံးယောက်သည်လည်း တက်ကြွစွာဖြင့် လိုက်ပါ ကစားမည်ပင်။ တကယ်တော့ မာန်လည်း ပြောမပြတတ်အောင် ပျင်းနေလေပြီ။ စိတ်ညစ်နေဟန်ရှိသည့် မိုးထက်ကြောင့်သာ ပျင်းပျင်းနှင့် သီချင်းနားထောင်နေရခြင်း ဖြစ်၏။ လှိုင်းကို ရစ်ရအောင်လည်း မိုးထက်၏ မရွှင်မပျ မျက်နှာကြောင့် လူက ဂျီတိုက်ဖို့ပင် စိတ်မပါ ဖြစ်နေသည်။

မိုးထက်က လမ်းကြောင်း ပေးမှ လေးယောက်သား ခြံထဲ ဘတ်စကတ်ဘော ကစားကြသည်။ အမိုးအကာအောက် ဆော့နေသည့်တိုင်အောင် သင်္ကြန်နွေ၏ အပူရှိန်ကြောင့် မိနစ်ပိုင်းမျှသာ ဆော့ကစားရသေးသော်လည်း လေးယောက်စလုံးသည် ချွေးသံရွှဲရွှဲ။ ယနေ့ မည်သူမှ အပြင်ထွက်ပြီး ရေကစားခြင်း မရှိဘဲ မာန့်အိမ်၌သာ သောင်တင်နေကြသည်။ ဘတ်စကတ်ဘော ဆော့ရတာ မောသွားမှသာ ရုပ်ရှင်ကြည့်ကြသည်။ သင်္ကြန်မတိုင်ခင်က မာန် ဝယ်ထားသည့် သရဲကား အထပ်လိုက်ရှိသဖြင့် ဧည့်ခန်း၌ လေးယောက်သား ပွဲကျနေကြသည်။ ညနေစောင်းမှသာ ဦးပြုံးသည် ဘုန်းသွင်ကို သူ့အိမ် ပြန်လိုက်ပို့ပေးလိုက်သည်။

"ပုတက် ..ခေါင်းလာသုတ်ပေး။"

ရေချိုးရင်း ခေါင်းပါ တစ်ခါတည်း လျှော်လိုက်သည့် မာန်၏ ခပ်ပြေပြေ ကောက်နေသော လှိုင်းတွန့်ဆံပင်များသည် စိုစွတ်နေသည်။ မာန် ရေချိုးပြီးသည်နှင့် မိုးထက်က ရေချိုးခန်းထဲ ဝင်သွားကာ ရေချိုးသည်။ တစ်နေကုန်နီးပါး ဘတ်စကတ်ဘောကို မမောနိုင် မပန်းနိုင် ဆော့ကစားထားကြသည်မို့ လူက ချွေးနှင့် စေးကပ်နေဖြင့် နေလို့ မကောင်း ဖြစ်နေသည်။ မိုးထက်သည် ရေချိုးခန်းထဲ မဝင်ခင် လှိုင်းအား ခေါင်းသုတ်ခိုင်းနေသည့် မာန့်ကို တစ်ချက်မှ မျက်စောင်းလှမ်းခဲလိုက်ပါသေးသည်။

"ငါ့ကိုလည်း ခေါင်းလာသုတ်ပေး လှိုင်း။"

မိုးထက်သည် ရေကို အလောတကြီး ချိုးပြီး မာန့်နည်းတူ ခေါင်းပါ လျှော်ချလိုက်သည်။ ရေချိုးခန်းထဲမှ ပြန်ထွက်အလာ၌ မာန်သည် အဝတ်အစားပင် လဲပြီးနေပြီ ဖြစ်ရာ လှိုင်းကို ခေါင်းလာသုတ်ပေးရန် မိုးထက် လှမ်းပြောလိုက်သည်။ ထိုအခါ လှိုင်းထံမှ တစ်စုံတစ်ရာ တုံ့ပြန်ချက် မလာခင် ဦးစွာပထမ မာန်၏ ဟန့်တားသံက ထွက်ပေါ်လာသည်။

"ကိုယ့်ဘာသာ ခေါင်းသုတ်စမ်း မိုးထက်။ လှိုင်းသံစဉ် မအားဘူး။"

"မသုတ်ချင်ဘူး ..လက်ညောင်းတယ်။ လှိုင်း လာကွာ ..ခေါင်းလာသုတ်ပေး။"

"မိုးထက်ပိုင် မင်း ဘယ်လိုဖြစ်နေလဲ။ လှိုင်းသံစဉ် မအားပါဘူးဆိုနေ။"

"မအားရအောင် လှိုင်းက ဘာလုပ်နေလို့လဲ။"

"သူ ..သူလည်း ရေချိုးရမယ်လေ။ လူကိုလည်း ကြည့်ဦး ..ချွေးတွေရွှဲနေတာပဲ။ ငါက ညစ်ပတ်ရင် မကြိုက်ဘူး။ ပုတက် သွား ..ရေသွားချိုးတော့။"

"မချိုးရဘူး လှိုင်း။ ငါ့ကို အရင် ခေါင်းလာသုတ်ပေး။"

အခြေအတင် ဖြစ်နေကြသည့် နှစ်ယောက်ကြား လှိုင်းသည် မဟော်သဓာ ဇာတ်တော်ထဲမှ သားလုခန်းထဲရှိ ကလေးငယ်လို ဘယ်သွားရမည် မသိ ၊ အူလည်လည်နှင့်။ သူသာ ထိုကလေးငယ်ဆိုလျှင် မည်သူက မိခင်အရင်း ဖြစ်ပြီး မည်သူက ဘီလူးမ ဖြစ်မည်နည်း။ အင်း ... မာန်ကတော့ ဘီလူးမ ဖြစ်မည် မဟုတ်။ အကြောင်းမှာ မာန်သည် လှိုင်း၏ တစ်ကိုယ်ရေသန့်ရှင်းရေးကို ဦးစားပေးနေသူ ဖြစ်ရာ ညွှန်းဆိုရမည် ဆိုပါလျှင် မာန်သည် မိခင်သာ ဖြစ်လိမ့်မည်။ ထိုအခါ လှိုင်း မရည်ရွယ်ပါသော်ငြား မိုးထက်သည် အလိုအလျောက် ဘီလူးမ ဖြစ်သွားတော့သည်။ ကိုယ့်အတွေးနှင့် ကိုယ် ရယ်ချင်သွားသည်မို့ လှိုင်း ခေါင်းငုံ့လျက် ပြုံးလိုက်မိသည်။

"လှိုင်း ခေါင်းသုတ်ပေးလို့။"

မိုးထက်က ချက်ချင်း အနားရောက်လာကာ လက်မောင်းကိုဆွဲ ၊ ပွတ်သီးပွတ်သပ် လုပ်ရင်း သူ၏ ရေများ ရွှဲနေသည့် ဆံပင်တိုများကို သုတ်ခိုင်းနေသည်။ မာန့်ကို တစ်ချက် လှမ်းကြည့်တော့ သဘောမတူဘူး ဟူသော သဘောဖြင့် ခေါင်းခါပြနေလေရာ သူ အကျပ်ရိုက်ရတော့သည်။

"ငါ့နား ကပ်မနေနဲ့လေ မိုးထက်ရဲ့။ မင်းက ခုပဲ ရေချိုးပြီးတာ။ ငါက ရေမချိုးရသေးတော့ ချွေးတွေနဲ့။"

"ဘာလဲ ..မင်းက ငါ့ကို ခေါင်းမသုတ်ပေးဘဲ မင်းကိုရိပ် ပြောတဲ့အတိုင်း ရေ အရင်သွားချိုးမယ်ပေါ့ ဟုတ်လား။"

"မဟုတ် ..."

"ရတယ်လေ။ အဲ့တာဆိုလည်း ငါ အိမ်ပြန်မယ်။ ဖြစ်ချင်ရာ ဖြစ် ..ဒီခေါင်းလည်း မသုတ်တော့ဘူး။ မာန်ရိပ်မော် ငါ သွားပြီ။"

မိုးထက်ပိုင် မာန့်အကြောင်း သိသည်။ မာန်သည် သူ့ကို သူမနေချင်သည့် အိမ်ရှိရာသို့ မပြန်စေလိုကြောင်း မိုးထက် ကောင်းကောင်း သိနေသည်။ သို့ဖြစ်၍ ချက်ကောင်းကို အသုံးချလိုက်ရာ ချက်ချင်းဆိုသလို တားမြစ်သံက ထွက်ပေါ်လာသည်။

"ဟိုကောင် နေဦး။ မင်းနော် မင်း ..ငါကွာ။ သုတ်ပေးလိုက်စမ်းပါ ပုတက်ရာ။ နားတွေ ငြီးလွန်းလို့။"

"ဟုတ် ကိုရိပ်။"

ထိုအခါမှသာ မှိုရသွားသည့် ပုံစံဖြင့် သွားတက်များ ပေါ်သည်အထိ ပြုံးရင်း မိုးထက်က လှိုင်း၏ ခုတင်၌ ဝင်ထိုင်သည်။ လှိုင်းမှာ ခုတင်ပေါ် ဒူးထောက်လျက်သား ထိုင်ကာ ကလန်ကလား အရပ်နှင့် သွားတက်များ ပိုင်ရှင်ကို ခေါင်းသုတ်ပေးရသည်။ မာန့်ကို ကျောခိုင်းထားကြသည့် မိုးထက်နှင့် လှိုင်းကတော့ ကြိတ်မနိုင် ခဲမရဖြင့် အံတကြိတ်ကြိတ် ဖြစ်နေသည့် မာန်၏ မျက်နှာထားကို သတိမမူမိကြပါချေ။ မိုးထက်ပိုင်အိမ်မှာ သူ့မိဘနှစ်ယောက်စလုံး ပြန်ရောက်နေသည် ဆို၍သာ လှိုင်းသံစဉ်ကို ခေါင်းသုတ်ခိုင်းလိုက်ရသည်။ သို့ပေမဲ့ မာန် အခဲမကျေနိုင် ဖြစ်နေသည် ... လှိုင်းသံစဉ်ကို သူ့ဝေယာဝစ္စမှ အပ မည်သူ့အရေးကိစ္စကိုမှ အာရုံစိုက်သည်ကို မလိုလားပေ။

"ရပြီ မိုးထက်။"

"လှိုင်းသံစဉ် ရေသွားချိုးတော့။"

မိုးထက်၏ ဆံပင်များကို ခြောက်အောင် သုတ်ပေးနေသည်မှာလည်း နှေးကွေးနေသည်မို့ မာန် စိတ်မရှည်ချင် ဖြစ်နေရသည်။ အချိန်အတော်ကြာမှ "ရပြီ" ဆိုသည့် စကားသံက ထွက်ပေါ်လာသည်။ မာန်က မိုးထက်အနား၌ လှိုင်းကို မရှိစေလိုသောအလို့ငှါ ရေချိုးဖို့ရန် အပြင်းအထန် ဆော်ဩနေမိသည်။ ထိုအခါ မိုးထက်က ဆတ်ခနဲ လှည့်ကြည့်ပြီး "ငါ သိတယ်နော်" ဆိုသည့် အထာဖြင့် နှုတ်ခမ်းတွန့်ကာ ပြုံးပြသည်။ မာန် ထိုမျက်ခွက်ကို ဆင့်ကာ ဆင့်ကာ ထိုးလိုက်ချင်သည် ဆိုသည်မှာ လက်ကို ယားနေရော။ သနားလို့ မလုပ်ချင်၍ ကြည့်နေသည်ကို မိုးထက်ပိုင်တစ်ယောက် အကောင်းမှတ်နေပုံ ရသည်။

လှိုင်း ရေချိုးပြီး ပြန်ထွက်လာချိန်၌ အခန်းထဲ မည်သူမှ ရှိမနေ။ သူက ချွေးသိပ်မထွက်တတ်သူမို့ ခေါင်းမလျှော်ဘဲ ရေသာ ချိုးလိုက်သည်။ မာန်တို့ နှစ်ယောက်စလုံးကို ကိုယ်တိုင်ကိုယ်ကျ ခေါင်းသုတ်ပေးခဲ့ရသည် ဖြစ်ရာ ခေါင်းလျှော်ပြီးလျှင်တောင် မိမိဆံပင်များကိုပင် ခြောက်အောင် မသုတ်နိုင်တော့သည်မို့ အခြေအနေမို့ ခေါင်းလျှော်ခြင်း အမှုကို နောက်နေ့သို့ ရွှေ့ဆိုင်းရတော့သည်။

အောက်ထပ် ဆင်းလာရာ ထမင်းစားပွဲ၌ လူစုံတက်စုံ ရောက်နေလေပြီ။ ဤအိမ်၌ အသက်အကြီးဆုံး ဖြစ်သည့် ဦးမင်းဉာဏ်အစ ဧည့်သည်အဖြစ် ရောက်နေသော မိုးထက်ပိုင်အဆုံး ထမင်းစားပွဲ၌ အသင့်အနေအထားဖြင့်။ လှိုင်း ထမင်းစားခန်းထဲ မဝင်ခင် ရလိုက်သည့် ဟင်းနံ့ကြောင့် မီးဖိုထဲ အရင် ဝင်ကာ လက်ဆေးပြီး ပန်းကန်တစ်ပန်းကန်ကို ကိုင်ဆောင်ရင်း ထမင်းစားခန်းထဲ ဝင်လာလိုက်သည်။ ဦးမင်းဉာဏ်နှင့် ဒေါ်သီတာ သာမက မိုးထက်ပိုင်ပါ စားနေကြပြီ ဖြစ်သော်ငြား မာန်ကမူ တစ်ခုခုကို စောင့်စားနေဟန်ဖြင့် ငုတ်တုတ်ထိုင်နေသည်။ သို့ဖြစ်၍ လှိုင်းသည် မာန့်ဘေးနားရှိ လွတ်နေသည့် ခုံ၌ ဝင်ထိုင်ပြီး ပုဇွန်ထုပ်တစ်ကောင်ကို ခပ်ကာ အခွံခွါပေးလိုက်သည်။ ထိုအခါ ထမင်းစားပွဲ၏ တစ်ဖက်၌ ထိုင်နေသည့် မိုးထက်က မျက်လုံးလှန်ကြည့်ကာ စတင် ဂျီကျပါတော့သည်။

"လှိုင်း ငါ့ကိုလည်း အခွံခွါပေး။"

"မင်းစားချင်ရင် ကိုယ့်ဘာသာကိုယ် ခွါလေ မိုးထက်။"

"အောင်မာ ..မင်းကျတော့ ကိုယ်တိုင် မခွါဘဲနဲ့။ ခွါပေး လှိုင်း ..."

"မခွါပေးနဲ့နော် လှိုင်းသံစဉ်။"

"လှိုင်း ..ခွါပေး။ ငါ ကိုယ်တိုင် ခွါရင် လက်ပေလို့ပါဆို။"

"လှိုင်းသံစဉ် ..သား မိုးထက်ကိုပါ ခွါပေးလိုက်လေ။"

"ဟုတ် ဟုတ် အန်းမား။"

အူလည်လည် လုပ်နေသည့် လှိုင်းအား ဒေါ်သီတာက ဝင်ပြီး တာဝန်ပေးလိုက်ရာ မာန်လည်း ဘာမှ မတတ်နိုင်တော့ချေ။ ဒေါ်သီတာ၏ စကားကြောင့် မာန်သည် သိသိသာသာ မျက်မှောင်ကြုတ်လိုက်သော်ငြား မိုးထက်မှာမူ ခေါင်းမော့ ရင်ကော့ကာ အောင်နိုင်သူကြီးစတိုင် ဖမ်းနေသည်။ ခွါလက်စ ပုစွန်အား မာန့်ပန်းကန်ထဲ ထည့်ပေးပြီးသည်နှင့် မိုးထက်အတွက် တစ်ကောင်ကို အခွံခွါပြီး လှမ်းပေးလိုက်ရာ ခြေထောက်အောက်ပိုင်း၌ နာကျင်မှုကို ခံစားလိုက်ရသည်။ လှိုင်း၏ ခြေထောက်ကို မကျေနပ်ပုဒ်မဖြင့် ဖနှောင့်နှင့် အားကုန် တက်နင်းလိုက်သည့် မာန်ကြောင့် လှိုင်း နာသွားပေမဲ့ အသံ မပြုမိအောင် သတိချပ်လိုက်ရသည်။ မာန့်ကို လှမ်းကြည့်မိတော့ သူ့အား မျက်စောင်းခဲနေသည်မို့ လှိုင်းသည် သွားဖြဲကာ မျက်နှာချိုသွေးလိုက်သော်လည်း ဆူပုတ်ပုတ် မျက်နှာထားမှာ ပြန်လည် ကြည်လင်လာခြင်း မရှိ။

မာန်တို့ ထမင်းစားပြီးမှ လှိုင်းမှာ ထမင်းစားရသည်။ လှိုင်း ထမင်းစားချိန်၌ မာန်သည် စိတ်ကောက်ပြီး အနားမှာ မနေ ... ဧည့်ခန်း၌ ရုပ်ရှင်သွားကြည့်နေလေသည်။ လှိုင်းလည်း ထမင်းကိုပင် သေချာ မဝါးနိုင်ဘဲ အမြန် လက်စသတ်ကာ ဒေါ်ဝင်းကို ပန်းကန်ဆေးကူပေးပြီးသည်နှင့် မာန့်ဆီ အပြေးတစ်ပိုင်း သွားရသည် ... စိတ်ကောက်နေသူကို ချော့ရဦးမည်လေ။ ဧည့်ခန်းထဲ ရောက်ရာ မိုးထက်ကိုလည်း မာန်က စိတ်ကောက်ပြီး ခေါ်ပုံမပေါ် ... မိုးထက် ကြည့်ချင်သည့် ဂျက်ကီချမ်းကားကို မဖွင့်ပြဘဲ တီဗီရီမုအား မောင်ပိုင်စီးကာ ပေါင်ချိန်ကားကို ကြည့်နေလေရဲ့။

"စောင့်လိုက်ရတာ လှိုင်းရာ။ မင်းလူကို ပြောဦး။ ဂျက်ကီချမ်းကား ကောင်းပါတယ်ဆို ငါ့ကို မပြဘူး။ ဒီပေါင်ချိန်ကိုပဲ အခေါက်ခေါက် အခါခါ ပြန်ကြည့်နေတယ်။"

"ငါ ပေါင်ချိန်ပဲ ကြည့်မှာ။ ဂျက်ကီချမ်း မကလို့ ဂျက်ကီပူပဲ ဖြစ်ဖြစ် မကြည့်ဘူး။ လှိုင်းသံစဉ် ..မင်း ငါ့ဆီက ရီမု လာတောင်းဖို့ မကြိုးစားနဲ့။ ငါ မင်းနဲ့ စကားမပြောဘူး။ မိုးထက်ပိုင်ဆိုတဲ့ ဧည့်သည်တော်လည်း ပေါင်ချိန်မှ မကြည့်နိုင်ရင် ဒိုးတော့ ..ဟွန့်။"

တရစပ် ပြောပြီး နှုတ်ခမ်းကို တစ်တောင်လောက် ထော်ထားသေးသည့် မာန့်ကို ကြည့်ပြီး လှိုင်းမှာ စိတ်ပိန်လွန်း၍ ပြုံးပင် မပြုံးနိုင်သော်လည်း မိုးထက်ကတော့ တဟားဟား ရယ်နေလေသည်။

"ဘာရယ်တာလဲ။"

"ဂျက်ကီပူ ဆိုလို့ ဟား ဟား။"

ဟုတ်ပါရဲ့ ... မာန် ဘာတွေ လျှောက်ပြောနေမိပါလိမ့်။ ဂျက်ကီချမ်းနာမည်ကိုတောင် မရည်ရွယ်ပါဘဲ ဖျက်ဆီးလိုက်မိပြီ။ ဤသို့ ပြောမိပြောရာ ပြောနေမိသည့် အဓိက အကြောင်းရင်းခံက မည်သူနည်း။ သေချာပေါက် တစ်ဖက်ကမ်းခတ်အောင် အလိုက်မသိသည့် လှိုင်းသံစဉ် မည်သော အညိုလုံးပဲပေါ့။ မာန့်တစ်ယောက်တည်းကိုပဲ ပုစွန်အခွံခွါပေးရမည်ကို ယခုတော့ သကောင့်သားက မိုးထက်ပိုင်ကိုပါ အခွံခွါပေးခဲ့သည်လေ။ ဒေါ်သီတာ ခိုင်းသည်မို့ လှိုင်း မငြင်းဆန်နိုင်မှန်း သိသော်လည်း စိတ်ထဲတွင်တော့ ဘယ်လိုမှ မကျေနပ်နိုင်။

"မာန် ငါ လှိုင်းနဲ့အတူ အိပ်မှာနော်။"

"ဘာ"

"လန့်တာကွာ ..ဖြည်းဖြည်းသက်သာ အော်စမ်းပါ။"

"မရဘူး။ မင်း လှိုင်းနဲ့အတူ မအိပ်ရဘူး။"

"ဘာလဲ ..ဒါဆို မင်းက ငါနဲ့ အိပ်မှာမို့လို့လား။"

မာန် ဘာပြန်တုံ့ပြန်ရမည် မသိ ဖြစ်သွားရသည်။ အကြောင်းမှာ မိုးထက်ပိုင်နှင့် တစ်ခုတင်တည်း မအိပ်ချင်သောကြောင့်ပင်။ မိုးထက်ပိုင်က အအိပ် အလွန်တရာ ကြမ်းသည်။ သူ အိပ်များ ပျော်သွားလျှင် ဟိုလှိမ့် ဒီလှိမ့်ဖြင့် ဂနာမငြိမ်သည့်အပြင် အိပ်မက်ထဲထိ ရန်ဖြစ်နေသည် ထင်မှတ်ရလောက်အောင် ခြေထောက်များကလည်း ဘေးရှိ လူကို ကန်တတ်သေးသည်။ မာန်နှင့် ဘုန်းသွင်သည် မိုးထက်နှင့်အတူ ငယ်စဉ်အခါ ခရီးတူတူ ထွက်တုန်းက hotel မှာ တစ်ခုတင်တည်း အိပ်ဖူးကြသည်။ ထိုစဉ်က သကောင့်သားကို အလယ်မှာ ပေးအိပ်လိုက်တာ ဘေးရှိ ဘုန်းသွင်နှင့် မာန့်အား ကန်ထုတ်သည်ဆိုသည်မှာ နှစ်ယောက်စလုံး ခုတင်ပေါ်မှ လှိမ့်ကျသည်အထိ။ ထိုစဉ်ကတည်းက မာန်သည် ဂဲ(ခဲ)မှန်ဖူးသည့် စာသူငယ်လို မိုးထက်ပိုင်နှင့်ဆိုလျှင် ဘယ်သောအခါမှ တစ်ခုတင်တည်း မအိပ်တော့။

"ပြောလေ မင်း ငါနဲ့ အိပ်မှာလားလို့။"

"အိပ်မယ်ကွာ ..အိပ်မယ်။ ဟိုဘက်တိုး။"

တစ်ခုလိုချင်သောအခါ မာန် တစ်ခု စွန့်လွှတ်ရတော့မည်ပင်။ လှိုင်းသံစဉ်ကို မိုးထက်နှင့်အတူ မအိပ်စေလိုသောအခါ သူကိုယ်တိုင် ဒုက္ခခံရတော့မည်။ သူ၏ အဖြေကြောင့် မိုးထက်က အတန်ငယ်တော့ အံ့အားသင့်သွားပုံရသော်လည်း ဘာမှ ထပ်မမေး။

"ခြင်ထောင်မထောင်ဘူးလား မာန်။"

နှစ်ယောက်သား အိပ်ရာထက် လှဲနေသော်လည်း အိပ်မပျော်သေးဘဲ အတွေးလွန်နေရာ မိနစ်အနည်းငယ် လွန်ပြီးနောက် မိုးထက်က စကားစလာသည်။

"လှိုင်း ထောင်ပေးလိမ့်မယ်။"

"ငါ့ကို ခြင်တွေ ဝိုင်းကိုက်​နေပြီ။"

"ခြင်ကိုက်ရင် ကိုယ့်ဘာသာကိုယ် ထောင်လိုက်လေ။"

"အောင်မာ ..မင်းတောင် ကိုယ့်ဘာသာ ထောင်လို့လား။ လှိုင်းက ဒီလောက်အကြာကြီး ဘာလုပ်နေတာလဲ အပြင်မှာ။"

"ဘုရားရှိခိုးနေတယ်။"

"သူ ဘုရားရှိခိုးတာကလည်း ဘုရားနားတွေ ငြီးကုန်တော့မှာပဲ။ ဒီလောက်ကြာရလား။ နေဦး ..ငါ သူ့ကို သွားခေါ်ဦးမယ်။"

"ဟိတ်ရောင်"

မာန် တားနေသော်လည်း ကျေးဇူးရှင်က နားမထောင်။ မိုးထက်ပိုင်တစ်ယောက် မြောက်ကြွ မြောက်ကြွဖြင့် အခန်းပြင် ထွက်သွားလေသည်။ မိုးထက်ပိုင်ကို မာန် စောင့်ကြည့်နေသည် ... မတော်မတရား အချိုးမပြေလာလို့ကတော့ ချောင်းရိုက်ပစ်မယ် မှတ်။ ဘာကောင်လဲ မသိ ... တစ်နေကုန် လှိုင်းသံစဉ်အနား လိုက်ကပ်နေသည်မှာ ကြာလာတော့ ရိုက်သတ်ချင်စိတ်များပင် တဖွားဖွား ပေါ်ပေါက်လာရသည်အထိ မာန့်စိတ်ကို လာဆွနေသည်။

"သာဓု သာဓု သာဓု"

အခန်းပြင် ရောက်သည်နှင့် အမျှဝေသံ ကြားလိုက်ရသဖြင့် မိုးထက်ပါ သာဓုခေါ်လိုက်သည်။ ဘုရားရှိခိုးခြင်း အမှုကို ပြီးဆုံးသွားပြီ ထင်သော်လည်း အမျှဝေပြီးသည့်တိုင်အောင် ဘုရားစင်ရှေ့ ဆောင့်ကြောင့်ထိုင်နေသည့် လှိုင်းသည် အတန်ကြာအောင် မလှုပ်ရှားသဖြင့် မိုးထက်အနားသွားရတော့သည်။ အနားရောက်တော့လည်း ဆရာသမားလေးက လက်အုပ်ချီမိုးထားလျက် ပွစိပွစိနှင့် တိုးတိုးတိတ်တိတ် ဆုတွေ တောင်းနေတာ တစ်သီတစ်တန်းကြီး။ မိုးထက် တကယ် စိတ်မရှည်ချင်တော့ပေ။ သို့ဖြစ်၍ လက်ကို သွားတို့လိုက်ရာ လှိုင်းက မှိတ်ထားသည့် မျက်လုံးတစ်ဖက်ကို ဖွင့်ကာ မိုးထက်ကို တစ်ချက် လှမ်းကြည့်သည်။ ပြီးနောက် မိုးထက်ကို မမြင်လိုက်သည့်ဟန်ဖြင့် မျက်လုံးကို ပြန်မှိတ်သွားကာ မိနစ်အနည်းငယ် ကြာမှ ဘုရားရှိခိုးခြင်းအမှုကို လက်စသတ်သည်။

"ဘာလဲ မိုးထက်ရာ ..ဘုရားရှိခိုးနေတာကို အနားမှာ ဘာထိုင်လုပ်နေတာလဲ။"

"မင့် စောင့်နေတာလေ။ ဘုရားရှိခိုးတာလည်း ကြာလိုက်တာကွာ။ ဘာတွေ ဒီလောက် ဆုတောင်းနေတာလဲ။"

"ဘယ်ပြောလို့ ဖြစ်မလဲ။ ပြောလိုက်ရင် ဆုတောင်း ဘယ်ပြည့်တော့မလဲ။ ဒါနဲ့ ..မင်းက မအိပ်သေးဘဲ ဘာလာလုပ်နေတာလဲ။"

"အခန်းထဲမှာ ခြင်ကိုက်တယ် လှိုင်းရ။ ခြင်ထောင်လာထောင်ပေးဦး။"

"ဟာ ဟုတ်သားပဲ။ ကိုရိပ် ခြင်ကိုက်နေတော့မှာပဲ။"

ပြောရင်း ဆတ်ခနဲ မတ်တပ်ထရပ်လိုက်သည့် လှိုင်းကြောင့် မိုးထက် မျက်စိဆံပင်မွှေး စူးလာတော့သည်။ ပိုကို ပိုလွန်းသည် ... မသိလျှင် မာန်ရိပ်မော်တစ်ယောက်တည်း ခြင်ကိုက်လျှင် အသားနာတတ်သည့်အတိုင်း။ ထို့ကြောင့် အခန်းထဲ ပြေးဝင်မည် ပြင်နေသည့် လှိုင်းအား လက်ကို လှမ်းဆွဲလိုက်ရာ ခြေလှမ်းများ တန့်သွားသည်။

"ဘာလဲ"

"ဘာမှ မလဲဘူး။"

ပြောရင်း မိုးထက်သည် လှိုင်း၏ ကျောပေါ်သို့ ခုန်တက်လိုက်ရာ လှိုင်းမှာ မနည်း ဟန်ချက်ထိန်းလိုက်ရင်း မိုးထက်ကို ပြုတ်မကျသွားစေရန် ချီထားရသည်။

"ဟေ့ကောင် ဆင်း ..မင်းခန္ဓာကိုယ်ကြီး ငါမနိုင်ဘူးကွ။"

"မဆင်းဘူး။ အခန်းထဲ ရောက်မှ ဆင်းမယ်။"

"ဟာကွာ ဒီငဂျစ်ကောင်နဲ့တော့"

ပြောလျှင်လည်း လေကုန်ရုံသာ အဖတ်တင်မည်ကို သိနေသဖြင့် လှိုင်း ဘာမှ မပြောတော့ဘဲ မနိုင့်တနိုင်ဖြင့် ဂေါ်ဇီလာခန္ဓာကိုယ်အား သယ်ကာ အခန်းထဲ ဝင်လာရတော့သည်။ လှိုင်း အခန်းတံခါးကို ဖွင့်လိုက်သည်နှင့် တံခါးဘက်ကို မျက်နှာမူကာ လှဲနေသည့် မာန်က လှဲနေရာမှ ချက်ချင်း ခေါင်းထောင်လာသည်။

"အဲ့တာ ဘာလုပ်နေတာလဲ လှိုင်းသံစဉ်။"

"ကိုရိပ် ကျွန်တော် ..."

"ငါ ကုန်းပိုးခိုင်းထားတာလေ။ ဘာဖြစ်လို့လဲ။"

"ဆင်းစမ်း အခု။"

မာန်က စက္ကန့်မလပ် အနား ရောက်လာကာ လှိုင်းကျောပေါ်မှ မိုးထက်ကို ဆွဲချသည်။ မျက်နှာကလည်း ဆူပုတ်ထားသည့်အပြင် အကြည့်တို့သည်လည်း ဒေါသမီး တောက်လောင်နေလေသောကြောင့် လှိုင်း၏ လည်စလုတ်သည် အထက်အောက် စုန်ဆန် ရွေ့လျားသွားသည်။

"ဦးစိတ်တို ဘာတွေ ဒေါသထွက်နေတာလဲ။"

မာန်က ခုတင်ပေါ် ပြန်ရောက်သည့်တိုင်အောင် တစ်ကိုယ်တည်း ကြိတ်မနိုင် ခဲမရ ဖြစ်နေသည်။ မိုးထက်၏ အမေးကြောင့် ခြင်ထောင် ထောင်ပေးနေသည့် လှိုင်းအား တစ်ချက် လှမ်းကြည့်လိုက်ပါသေးသည်။ ပြီးနောက်မှ -

"ခြင်ကိုက်လို့ ဒေါသထွက်နေတာ။ မင်း အားကြီး စကားများတယ်။ ဟိုဘက်လှည့် ..အိပ်တော့။"

"ခြင်ကိုက်တာ ဒီလောက် ဒေါသထွက်စရာ လိုလို့လား။"

"လိုတယ်။ ဘာမှလည်း မသိဘဲ မင်း ဝင်မပါနဲ့။ ပါးစပ်ပိတ်ပြီး အိပ်တော့။ ငါလည်း အိပ်ပြီ။ မင်း ..မင်း အိပ်ရင် ငြိမ်ငြိမ်ဆိမ်ဆိမ် အိပ်နော် မိုးထက်။ တီကောင် ဆားပက်သလို လှိမ့်မနေနဲ့ ကြားလား။"

"ငါ့များ တီကောင်တဲ့။ မကြားဘူးကွာ ..လှိမ့်မှာပဲ။"

မိုးထက်က ပြောရင်း ဆိုရင်း မာန့်နားသို့ ပိုတိုးကပ်လာသဖြင့် မာန် တစ်ဖက်သို့ အတင်းတွန်းထုတ်ကာ ဂျစ်တူးအား ကျောခိုင်းလိုက်ရတော့သည်။ ထိုအခါ မာန် မျက်နှာမူလိုက်မိသည်ကား လှိုင်း၏ ခုတင်ရှိရာ အရပ်သို့ ဖြစ်နေလေ၏။ တစ်အောင့်အကြာ၌ လှိုင်းသည် သူ၏ ခြင်ထောင်ထဲ ဝင်သွားကာ မာန် ရှိရာဘက်သို့ မျက်နှာမူပြီး အိပ်ရာထက် လှဲလိုက်ရာ နှစ်ယောက်ကြား ခြင်ထောင်များ ခြားနေသည့်တိုင်အောင် အကြည့်ချင်း စကားပြောနေကြသည်။ တစ်ဦးနှင့် တစ်ဦး မည်မျှ ကြာအောင် အကြည့်ချင်း ဆက်သွယ်နေမိကြသည် မသိ ... မာန့်နောက်ကျောမှ မျောက်လောင်းက ဇာတိ ပြလာပါတော့သည်။

ကျောခိုင်းထားသည့် နောက်ကျောအား ဒူးနှင့် လာတိုက်နေသည်မှာ အောင့်ခနဲပဲ။ ထိုအခါမှ မာန်သည် လှိုင်းကို ကျောခိုင်းလိုက်ပြီး သကောင့်သားဘက်သို့ မျက်နှာပြန်မူလိုက်ရာ မိုးထက်ပိုင်တစ်ယောက် အိပ်နေသည်မှာ သိုးလို့။ လူကသာအိပ်နေသော်လည်း ခြေထောက်က အငြိမ်မနေသောကြောင့် အိပ်နေရင်း လာကန်နေသည့် မိုးထက်အား မာန်သည် တန်ပြန်ကလဲ့စားဖြင့် ပြန်ကန်ထုတ်နေသည်။ ဤသည်ကိုလည်း မိုးထက်က မနိုး။ ဆင်တက်ရင်းလျှင်တောင် မိုးထက်ပိုင်တစ်ယောက် နိုးပါ့မလား မသိ ... အိပ်ပုပ်ကြီးချက်။ အချိန်ကြာလာတော့ မာန်လည်း မိုးထက်ကို တစ်ဖက်သို့ တွန်းမထုတ်နိုင်တော့ဘဲ အိပ်ချင်လာသဖြင့် တဝါးဝါး သန်းနေရသည်။ မှေးခနဲ အိပ်ပျော်မည် ကြံလိုက် ၊ မိုးထက်ပိုင်က သူ့ဘက် လှိမ့်လာကာ ဒူးနှင့် တိုက်လိုက် ၊ ခြေထောက်ဖြင့် ကန်လိုက် လုပ်နေသဖြင့် အိပ်ကောင်းခြင်း မအိပ်ရ။

"ကိုရိပ်"

ကျောဘက်မှ ခေါ်သံလိုလို ကြားလိုက်သလိုပဲ။ မာန် မသေချာပေမဲ့ အိပ်ချင်မူးတူးဖြင့် ခေါင်းစောင်းကာ တစ်ချက် ငဲ့ကြည့်လိုက်မိသည်။ ထိုအခါ မြင်လိုက်ရသည့် လှိုင်းသည် မာန့်ကို လက်ယက်ကာ ခြင်ထောင်ပြင် ထွက်ခဲ့ဖို့ ခေါ်နေသည်။ သို့ဖြစ်၍ မာန် ခြင်ထောင်ပြင် ထွက်လိုက်ရာ လှိုင်းသည် လေတိုးသံပင် မပြုဘဲ နှုတ်ခမ်းများကို လှုပ်ရုံသာ လှုပ်ပြီး -

"ကျွန်တော့်ခုတင်မှာ လာအိပ်။"

"မင်းရော"

မာန်သည်လည်း လှိုင်းသံစဉ် နည်းတူ အသံမထွက်သော်ငြား ပါးစပ်လှုပ်ရုံဖြင့် အပြန်အလှန် ဆက်သွယ် ပြောဆိုနေလိုက်သည်။

"ကျွန်တော်က မအိပ်ချင်သေးဘူး။ ကိုရိပ် အရင် အိပ်။ အိပ်ချင်နေပြီမလား။"

မာန်က ခေါင်းညိတ်ပြရင်း လှိုင်း၏ ခြင်ထောင်ထဲ ဝင်ကာ သူ့ခုတင်၌ ဝင်လှဲလိုက်သည်။ မာန့်နောက်မှ ခြင်ထောင်ထဲ လှိုင်းပါ လိုက်ဝင်လာသည်။ မာန်သည် တစ်ယောက်အိပ်ခုတင်၌ ခုတင်စပ်နား တိုးကာ ဘေးရှိ လွတ်နေသည့် နေရာလေးအား လက်ဖြင့် ပုတ်ရင်း -

"မင်းပါ လာအိပ်"

"ပြီးမှ လာအိပ်မယ်။ ကိုရိပ် အရင် အိပ်နှင့်။"

"ပြီးရော ..ငါ အိပ်တော့မယ်။ ငါ အရမ်းအိပ်ချင်နေပြီ။"

"အင်း ..အိပ် အိပ် ကိုရိပ်"

"မင်း ..ဟိုဘက်မှာတော့ သွားမအိပ်နဲ့နော်။ ဒီမှာပဲ လာအိပ်။"

အိပ်တော့မည့်ဟန်ဖြင့် မျက်လုံးမှိတ်ပြီးမှ မာန်က တစ်ခုခုကို သတိရသွားဟန်ဖြင့် သတိတရ မှာတမ်းခြွေနေသေးသည်။

"အိုကေ အိုကေ"

လှိုင်းသည် နှုတ်အမူအရာဖြင့်သာမက ကိုယ်အမူအရာဖြင့်ပါ "အိုကေ" ဟု လုပ်ပြပြီး ခုတင်စပ်နား ထိုင်ရင်း ပက်လက်အနေအထားဖြင့် လှဲနေသည့် မာန်၏ ပုခုံးနားကို လက်ဖြင့် စည်းချက်မှန်မှန် ပုတ်ကာ ချော့သိပ်ပေးနေသည်။ မာန့်ကြည့်ရတာ အမှန်တကယ် အိပ်ချင်နေပုံပါပဲ။ ခဏလေးအတွင်း နှစ်ခြိုက်စွာ အိပ်မောကျသွားသည့်အတွက် လှိုင်းသည် မာန့်ကို မျက်နှာချင်းဆိုင်ကာ အိပ်ရာထဲ ဝင်လှဲလိုက်သည်။ ဘေးတိုက် မြင်နေရသည့် မာန့်အား လှိုင်းသည် အချိန်ကာလများကို မေ့လျော့ကာ အရာရာကို မျက်ကွယ်ပြုရင်း မငြီးငွေ့နိုင်စွာဖြင့် မျက်တောင်မခတ်တမ်း ငေးကြည့်နေမိသည်။ ထိုကာလအပိုင်းအခြားအတွင်းတွင်တော့ လှိုင်း၏ ရင်ထဲ၌လည်း သေချာသည့် အဖြေတစ်ခုကို ရာသက်ပန်အတွက် ကမ္ပည်းထိုးပြီး ဖြစ်နေလေသည်။

ကိုရိပ်ကို ကျွန်တော် ချစ်တာထက် ပိုပြီး မြတ်နိုးနေမိပြီ။

~ 30/7/2023 (12:07 a.m.) ~

המשך קריאה

You'll Also Like

3.1K 50 11
After a Black Friday tragedy happens in Massachusetts, Zuma and his friends end up targets in a murder spree with a axe wielding manic. ᴄᴏᴠᴇʀ ᴄʀᴇᴅɪᴛ:...
109K 3.4K 32
[ONGOING 🔞] #8 insanity :- Wed, May 15, 2024. #2 yanderefanfic :- Sat, May 18, 2024. After y/n became an orphan, she had to do everything by herself...
22.7K 1K 16
Jack Morrison is considered a farm boy, the Golden Boy, the most selfless one you could meet in Abnegation. But he decided to choose Dauntless when t...
14.1K 1.3K 22
Хол юм уу гэхэд гүйгээд очиж болохоор тийм ойрхон. Ойрхон юм уу гэхэд хүрж чадамгүй тийм хол... Насанд хүрэгчдийн хэсэг тодорхой хэмжээнд агуулагдана...