လမင်းခြေသံ { Completed }

By LinMyatMo23

58.7K 2.4K 176

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၁၅} (ZAWGYI)

226 8 0
By LinMyatMo23

"ဟေ့ကောင်တွေ ..မုန့်ဈေးတန်း ငါ မလိုက်တော့ဘူး။"

မုန့်စားကျောင်းဆင်းချိန် ဆရာမ အတန်းထဲမှ ထွက်သွားသည်နှင့် ရေးကြီးသုတ်ဖြာဖြင့် ပြောကာ အခန်းပြင်သို့ ခြေလှမ်းကြဲများဖြင့် ထွက်သွားသည့် မိုးထက်ကြောင့် မာန်နှင့် ဘုန်းသွင်မှာ အူကြောင်ကြောင်လေး ကျန်ခဲ့ရသည်။

"ဒီကောင် ဘယ်လဲ။"

မာန်က မေးတော့ ဘုန်းသွင်က "ငါလည်း မသိဘူးလေ" ဆိုသည့် သဘောဖြင့် ပုခုံးတွန့်ပြလာသည်။ မိုးထက်၏ မပြောမဆို ပျောက်ပျောက်သွားတတ်သည့် အကျင့်ကြောင့် မာန့်စိတ်ထဲ စနိုးစနောင့် ဖြစ်သွားရစဉ်ပင် အတန်းရှေ့ ဖြတ်လျှောက်သွားသည့် အရိပ်တစ်ခုကြောင့် မာန် ထိုင်နေရာမှ ခါးများ မတ်သွားရသည်။

"ဘုန်းသွင် ..ငါ ပြန်လာခဲ့မယ်။ ခဏစောင့်နေ။"

တစ်ခုခု ပြန်မေးလာမည်မှာ ဧကန်မလွဲသည့် ဘုန်းသွင်၏ စကား နှုတ်မှ မထွက်လာခင် မာန် အတန်းပြင် ရောက်နှင့်နေပြီ။ သင်္ချာ (၂) ဆရာမနောက် စာအုပ်များ ပိုက်ကာ လိုက်ပါသွားသည့် ပုံရိပ်ကို ကောက်နုတ်ကြည့်မိရာ အပေါ်ထပ် တက်သွားပုံ ပေါ်သည်။ ထို့ကြောင့် မာန်၏ ဦးတည်ချက်သည် သင်္ချာ (၂) ဆရာမ အတန်းပိုင်အဖြစ် ယူထားသည့် Grade-8 (D) သို့။ D ခန်းနား ရောက်သောအခါ ဆူညံနေသော ပတ်ဝန်းကျင်၌ မာန်သည် ခြေသံလုံလုံဖြင့် ချဉ်းကပ်သွားကာ အတန်းအပေါက်ဝမှ အတန်းထဲ မျက်လုံးဝေ့ကြည့်လိုက်မိသည်။ မျက်လုံးကို ၁၈၀ ဒီဂရီပင် ပြည့်အောင် မဝေ့ကြည့်လိုက်ခင်ပင် မြင်လိုက်ရသည့် ကျောပြင်ကြောင့် မာန် မျက်မှောင်ကုတ်မိသွားသည်။ ဆရာမအနား ခါးကို ကိုင်းကာ ဆရာမ မှာကြားသည်များကို ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည့် လှိုင်းသံစဉ်၏ အာရုံသည် ဆရာမထံ၌သာ ဖြစ်သော်လည်း သူ့၌ လာရောက် စုစည်းနေသည့် မိန်းကလေးတစ်ယောက်၏ အကြည့်တို့ကား သိသိသာသာ တည်ရှိနေသည်။

ထိုကောင်မလေးက ဘာလားပဲ။ ဆရာမစားပွဲနှင့် တည့်တည့်ရှိ ဒုတိယမြောက်ခုံတန်း၌ ထိုင်ကာ လှိုင်းကို မေးထောက်ကြည့်နေပုံကိုက ရဲတင်းလွန်းရုံ သာမက ဣ​နြေ္ဒမဲ့လွန်းနေသည်။ လှိုင်းကို ကြည့်ရုံသာ ကြည့်သည်ဆို တော်သေးသည်။ ယခုက သူမဘေးရှိ သူငယ်ချင်းများကိုပါ တိုးတိုး တိုးတိုးပြောလိုက် ၊ မခို့တရို့ ရယ်လိုက်နှင့်မို့ မာန့်အတွက် အမြင်မတော်ဖြစ်လာသည်။ လှိုင်းသံစဉ်ကလည်း သည်အခန်းထဲ ဘာလာလုပ်သည် မသိ ... လူကို စိတ်မတိုတိုရအောင်။

မာန် ကြည့်နေစဉ်ပင် ဆရာမက ထိုမိန်းကလေးအား လှမ်းခေါ်လိုက်သဖြင့် မယ်မင်းကြီးမက ပြုံးတုံးတုံးနှင့် ဆရာမအနား ကြွလာကာ တတွတ်တွတ် ပြောနေသော ဆရာမ၏ စကားကို လက်ပိုက် နားထောင်နေသည်။ မကြာလိုက်ပါဘူး ... ကိုင်းထားသည့် ခါးကို ဆတ်ခနဲ ပြန်မတ်လိုက်ကာ ဆရာမထံမှ စာအုပ်များကို ယူနေသည့် လှိုင်းကြောင့် မာန် အတန်းဝမှ ခွါကာ တစ်ဖက်လှေကား ရှိရာ ခပ်လှမ်းလှမ်းသို့ သွက်သွက် လျှောက်လာလိုက်သည်။

မာန် အတော်လှမ်းလှမ်းရောက်မှ ကျောခိုင်းထားရင်း နောက်သို့ ခေါင်းလှည့်ကြည့်ရာ သူ့ကို မြင်ဟန် မရှိသည့် လှိုင်းသည် သူနှင့် ဆန့်ကျင်ဘက် လှေကားရှိရာဘက်သို့ လျှောက်သွားသည်ကို မြင်လိုက်ရသည်။ ထိုသို့ လျှောက်သွားသည်ကား အရေးမဟုတ်သော်လည်း ဘေး၌ ကပ်ပါသွားသည့် လှိုင်း၏ပုခုံးကျော်ကျော် အရပ်အမောင်းနှင့် မိန်းကလေးကြောင့် မာန် ရင်တွေ ပူလာရသည်။ ဟေမန်လေအေးများ တိုက်ခတ်နေသည့် ဆောင်းတွင်း၏ အငွေ့အသက် အပြည့်အဝ ရနေသော ယခုအချိန် အပိုင်းအခြား၌ မာန့်ရင်ထဲ မီးတောက်နေသည်။ ထိုမီးစသည်ပင် မာန်၏ ခြေလှမ်းများကို လေအလျင်အလား မြန်ဆန်စေကာ ကော်ရတာတစ်လျှောက်ကို အပြေး သွားပြီး လှေကားမှ အောက်ထပ် ဆင်းသွားသည့် လှိုင်းသံစဉ်နောက်သို့ အသက်ပင် လုမရှူနိုင်ဘဲ ပြေးဆင်းလာစေရန် တွန်းအားပေးနိုင်သည်။ ၄ ထပ်အဆောင်၏ ဒုတိယထပ်ရောက်သောအခါမှ မျက်လုံးထဲ တိုးဝင်လာသည့် ကျောပြင်ကြောင့် အရှိန်တင်လာသော ခြေလှမ်းများကို တန့်လိုက်ရကာ ထိုအခါမှသာ အသက်ကို ပြင်းပြင်းရှူရှိုက်ရင်း လှေကားတစ်လျှောက် ကျောပြင်ငယ်၏ မနီးမဝေးမှ လိုက်ပါလာခဲ့သည်။

မြေညီထပ် ရောက်ချိန်၌ မုန့်ဈေးတန်းသို့ ဦးတည်မနေသော ခြေလှမ်းများသည် ဘေးရှိ မိန်းကလေး၏ ခြေလှမ်းများနှင့် ထပ်တူကျနေသည်။ ဘာလားပဲ ... ဆရာမက အဲ့ဒီကောင်မလေးနှင့် လှိုင်းကို တွဲကာ အလုပ်ခိုင်းထားသည်လား။ သည်ပုံအတိုင်းဆို ကျောင်းအုပ်ဆရာကြီး ရုံးခန်းထိတိုင်အောင် သွားကြမည် ထင်သည်။ နှစ်ယောက်တွဲလျှောက်သွားသည့် ကျောပြင်များကြောင့် မာန် နောက်မှ လိုက်ရင်း အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။

"တောက်"

ဘေးမှ လှိုင်း၏ မျက်နှာကို တစိမ့်စိမ့် ကြည့်ကာ လမ်းလျှောက်ရင်း စကားပြောနေသည့် ကောင်မလေးကို မာန် နောက်ဘက်မှ နေ၍တောင် အထင်းသား မြင်နေရသည်။

"မိန်းကလေးဖြစ်ပြီး အရှက်ကို မရှိဘူးကွာ။ ဟိုပုတက်အစုတ်ပလုတ်ကလည်း ဘာတွေ ပြောနေလို့ ဒီလောက် နားထောင်ပေးနေရတာလဲ။ တောက် ..."

တစ်ယောက်တည်း မကျေမချမ်းနှင့် ပွစိပွစိ လုပ်နေသည့် မာန်၏ ခြေလှမ်းများသည် ကျောင်းအုပ်ရုံးခန်းထဲ လှိုင်းတို့ ဝင်သွားချိန်တွင်တော့ ရပ်တန့်သွားရသည်။ ကျောင်းအုပ်ဆရာကြီးရုံးခန်း နံရံကို ကွယ်ကာ မာန် ရုံးခန်းအဝင်အဝကို ချောင်းချောင်းကြည့်နေသော်လည်း သကောင့်သားလေးက တော်တော်နှင့်ကို ပြန်ထွက်မလာ။ မာန် တကယ် စိတ်တိုလာပြီ။ တကယ်တော့ ယခင်စိတ်နှင့်ဆိုလျှင် သည်ကောင်မလေးက ဘယ်သူလဲ ၊ ဘာလဲ စသဖြင့် အားမနာတမ်း မေးဖြစ်မည် ဆိုသော်လည်း ယခုက မာန့်စိတ်တို့ကို တစ်စုံတစ်ရာက ထိန်းချုပ်ထားသဖြင့် စိတ်သွားတိုင်း ကိုယ်မပါနိုင်။ လှိုင်း ပြန်ထွက်အလာကို စောင့်နေရင်း မိန်းကလေးတစ်ယောက် အနားမှာ ရှိနေသဖြင့် လှိုင်းသံစဉ်တို့ သိပ်ကို ပျော်ရွှင်ဝမ်းမြောက်နေလေမလား ၊ ရင်ထဲ ပန်းပေါင်းစုံပဲ ပွင့်လန်းနေလေမလား ၊ နှလုံးသားထဲ လိပ်ပြာလေးတွေပဲ တလူလူ ကူးလူးပျံသန်းနေလေမလား ဆိုသည်ကို မာန် ဆက်မစဉ်းစားရဲ။

လှိုင်းသံစဉ် စိတ်ထဲ ၊ အာရုံထဲ မာန်ရိပ်မော်သာ ရှိနေရမည်။ မည်သူတစ်ဦးတစ်ယောက်ကိုမှ မာန့်နေရာ အစားဝင်ခွင့် မပြုနိုင်။ ဝင်လို့လည်း မရနိုင်ပါ ... လှိုင်းသံစဉ်သည် ထာဝစဉ် မာန်ရိပ်မော် အတွက်သာ ဖြစ်ရမည် ... မာန်ရိပ်မော် တစ်ဦးတည်းအတွက်။ တစ်ပါးသူများနှင့် မျှဝေရအောင် လှိုင်းသံစဉ်သည် လမ်းဘေးရှိ သောက်ရေအိုးစင်ထဲက သောက်ရေမှ မဟုတ်ဘဲ။ သူ့အတွက် သီးသန့် ဖြစ်တည်နေသည့် တစ်ခုတည်းသော အဆင့်မြင့် limited သောက်ရေသန့်။ ရေ မရှိလျှင် လူတစ်ယောက် အသက်မရှင်နိုင်သကဲ့သို့ လှိုင်းသံစဉ် မရှိလျှင်လည်း မာန်ရိပ်မော် ရှင်သန်နိုင်မည် မဟုတ်သည်ကိုတော့ ဝန်မခံချင်ပေမဲ့ မာန် လက်ခံရမည်ပင်။

မာန်တစ်ယောက်တည်း စဉ်းစားနေရင်း အတွေးများနေစဉ် -

"ကိုရိပ်"

ကြားလိုက်ရသည့် ခေါ်သံကြောင့် လှည့်ကြည့်မိရာ လှိုင်းနှင့်အတူ ဘေး၌ ကျေးဇူးရှင်မမက မျက်လုံးလေး ကလည်ကလည်ဖြင့် မာန့်ကို ကြောင်ကြည့်နေသည်။

"လှိုင်း ..သူက ဘယ်သူလဲဟင်။"

မေးလာသည့် စကားသံသည် မူနွဲ့ဟန်အပြည့်။ လှိုင်းက ထိုမိန်းကလေးဘက်တစ်ချက် ငဲ့စောင်းကြည့်ပြီးမှ ခပ်ပြတ်ပြတ် ပြန်ဖြေသည်။ ခပ်ပြတ်ပြတ် ပြန်ပေးလာသည့် အဖြေစကားဆိုသော်ငြား စကားအစ၌ ခေတ္တဆိုင်းငံ့သွားသည်ကိုတော့ မာန် သတိထားလိုက်မိပါ၏။

"ငါ့ ... သခင်။ ကျောင်းအုပ်ကြီးကို စာအုပ်တွေ သေချာ ပေးခဲ့ပြီးတဲ့အကြောင်း တီချယ့်ကို ပြောပေးပါ။ ငါ ပြန်မလိုက်လာတော့ဘူး။"

"သခင် ..ဟုတ်လား။"

ပြောပြီးသည်နှင့် လှိုင်းက မာန်၏ လက်ကို ဆွဲကာ ၆ တန်းဆောင် နောက်ဘက်သို့ ရှောင်ထွက်လာသည်။ နားမလည်သလို ပြန်မေးလာသည့် မိန်းကလေးအတွက် တိကျသော အဖြေ ပေးအပ်ခဲ့ခြင်း မရှိပါ။ ထို့ကြောင့် မာန့်မှာ ကျန်ရစ်ခဲ့သည့် မိန်းကလေးအား လည်ပြန်လှည့်ကြည့်ရင်း ကြောင်တောင်တောင်ဖြင့်။ မာန့်နားထဲ ပဲ့တင်ထပ်နေသည့် အသုံးအနှုန်းသည် "သခင်" တဲ့လေ။ ထိုအခေါ်အဝေါ်ကြီး ကြားလိုက်ရတာ စိတ်ထဲ တစ်မျိုးပဲ ... "သူငယ်ချင်း" ဟု ဆိုလျှင်တောင် နှစ်ဦးကြားရှိ စည်းက ပါးလွှာနေသေးသည်။ ယခုက "သခင်" ဟု ဆိုလိုက်သည့် ကန့်သတ်ချက်ကြောင့် နှစ်ယောက်သားကြား၌ ဖောက်ထွက်မရသည့် တံတိုင်းတစ်ခု ခြားသွားသည့်သလိုပဲ။ မာန်က လှိုင်းကို ပို၍ ရင်းနှီးလာသည်ဟု နှလုံးသားထဲကတောင် ခံစားလာရချိန်၌ လှိုင်းကမူ မာန့်ကို ရည်ရွယ်ချက်ရှိရှိဖြင့် အဝေးသို့ တွန်းပို့နေသယောင်။

ထိုမိန်းကလေး ကွယ်ရာ ရောက်မှ မာန် လှိုင်း၏ လက်မှ ပြန်ရုန်းထွက်လိုက်ကာ ခြေလှမ်းများကို ရပ်လိုက်သည်။ ထိုအခါ မာန့်ကို ကြည့်လာသည့် မျက်မှန် ကာရံထားသော အကြည့်တို့မှာ ပကတိ ဖြူစင်နေဆဲ။ ထိုအကြည့်တို့ဖြင့် မာန် မဟုတ်သည့် တခြားသူအား ကြည့်နေမည်ကို မာန် မလိုလား။ ယုတ်စွအဆုံး ရိုးသားမှုတို့ သိပ်သည်းနေသည့် အဖြူရောင် အကြည့်တို့ဖြင့် အချစ်ဆုံးသူငယ်ချင်းများ ဖြစ်သည့် မိုးထက်နှင့် ဘုန်းသွင်ကိုပင် မကြည့်စေလို။ ဘုန်းသွင်တို့ကို မဖြူစင်ဘူးဟု ဆိုချင်သည် မဟုတ်သော်ငြား အသက်ကြီးလာလေ အရောင်မကင်းတတ်တော့သည့် လူတို့၏ အကြည့်တို့မှ ညစ်ညမ်းသော အစွန်းအထင်းများ လှိုင်း၏ အရောင်မဲ့နေသော မျက်ဝန်းများ၌ ငြိစွန်းသွားမည်ကို မာန် စိုးရိမ်သည်။

"အဲ့တစ်ယောက်က ဘယ်သူလဲ။"

"ကျွန်တော်လည်း မသိဘူး ကိုရိပ်။ Maths(II) တီချယ်က ရုံးခန်းကို လက်မှတ်ထိုးဖို့ စာအုပ်တွေ သွားပေးခိုင်းတာ။ သူ့ကိုပါ ကျွန်တော်နဲ့အတူ ထည့်ပေးလိုက်လို့။ ဒါနဲ့ ကိုရိပ်က ဒီမှာ ဘာလုပ်နေတာလဲ။"

ဟိုက် ဟုတ်သား ... မာန် ဒီမှာ ဘာလုပ်နေမိတာပါလိမ့်။ သူခိုး လူမိသွားသည့် အခြေအနေကြောင့် မာန့်မျက်နှာတွေ ပူထူလာလိုက်တာ။ အမှန်အတိုင်း "မင်းနောက်လိုက်ချောင်းတာ" လို့တော့ မာန် မဖြေနိုင်ပေါင်။ လူဆိုတာ မာန နဲ့ နေတာ ... မာနကိုတော့ အပွန်းပဲ့ခံလို့ မဖြစ်။ သို့ပေမဲ့ ဘာပြန်ဖြေရမလဲ ဆိုတာကိုလည်း မာန် မသိ။ ဦးနှောက်ကို မရပ်မနား အလုပ်ပေးကာ သင့်တော်သော အဖြေတစ်ခု ပေးရန် ဖိအားပေးနေသော်လည်း သစ္စာရှိလှသည့် ရွှေဉာဏ်တော်က ဟာလာဟင်းလင်း ဗလာနတ္ထိ။ ထိုစဉ် -

"ခွေးမသား"

မလှမ်းမကမ်းမှ ကြားလိုက်ရသည့် ဆဲရေးသံတစ်ခုနှင့်အတူ ထွက်ပေါ်လာသော ရုန်းရင်းဆန်ခတ် အသံများ။ ရင်းနှီးနေသည့် အသံဩဇာကြောင့် အခြေအနေကို အကဲမခတ်မိခင်မှာပင် မာန်နှင့် လှိုင်း ဖြစ်စဉ်အနီးသို့ အပြေးတစ်ပိုင်း သွားလိုက်ရသည်။ ၃ ယောက် ၁ ယောက် ချနေသည့် အခြေအနေမို့ ကျောင်းသားနှစ်ယောက်က တစ်ဖက်တစ်ချက်မှ ချုပ်ခြင်းကို ခံနေရသည့် မိုးထက်၏ မျက်နှာပေါ်သို့ ကျရောက်လာသော လက်သီးချက်များ။

"ကိုရိပ် နောက်ဆုတ်နေ။"

လှိုင်းက ချက်ချင်း မိုးထက်ကို ထိုးနေသည့် ကောင်လေးအား နောက်မှ အရှိန်ဖြင့် တွန်းထုတ်လိုက်ရာ မြေကြီးပေါ် လဲကျသွားသည့် ကောင်လေး၏ လက်သီးချက်များသည်လည်း ရပ်တန့်လို့သွားသည်။ သည့်နောက် လှိုင်းသည် မိုးထက်ဘေးရှိ တစ်ယောက်ကို အားကုန် တွန်းထုတ်လိုက်သည်မို့ ရုတ်တရက် ဟန်ချက်ပျက်သွားသဖြင့် နောက်သို့ ယိုင်သွားရာ မိုးထက်ကို ချုပ်ထားသည့် လက်မှာလည်း အားလျော့သွားသည်။ ထိုစဉ်ပင် မိုထက်က ကျန်တစ်ယောက်လက်မှ အတင်းရုန်းကာ မျက်နှာကို အားကုန် ထိုးချလိုက်သည်။ လှိုင်း မာန့်ကို စိတ်မချသဖြင့် မာန်ရှိရာကို အကြည့်ရောက်ရာ စောန ရပ်နေသည့် နေရာ၌ မာန့်ကို မတွေ့ရတော့။ မျက်ဆန်များသည် စက္ကန့်မလပ် မိုးထက်ကို ထိုးသည့် ကောင်လေးဆီသို့ ရောက်ရှိသွားရာ မာန့်ရင်ဘတ်ကို လက်ဖြင့် ဆောင့်တွန်းကာ ထိုးမည့်ဟန် လက်သီးပြင်နေသည်။ ရွယ်တူချင်းမို့ ကိုယ်နေကိုယ်ထား ကွာခြားလှသည် မဟုတ်သော်လည်း မာန်က ပြန်မထိုးဘဲ ထိုးချက်ကို ရှောင်တိမ်းလိုက်သည်။ ထိုကောင်လေးက မာန့်ကို မိုးထက်၏ သူငယ်ချင်းမှန်းသိသဖြင့် ထပ်ထိုးရန် လက်သီးလက်မောင်းတန်းလာချိန်၌ သူ့ပါးကို ဟန်ပါပါ ထိုးချလိုက်သည့် လက်သီးချက်ကြောင့် ကြမ်းပေါ် ထိုင်လျက် ကျသွားသည်။

"မင်းကများ ရာရာစစ ဘယ်သူ့ကို လာထိနေတာလဲ။"

ထိုင်လျက်ဖြစ်နေသည့် ထိုကောင်လေးအား အံကြိတ်ကာ ဆိုရင်း လှိုင်း ထပ်ထိုးမည်အလုပ် ဆွဲထားသည့် မာန်ကြောင့် ရှေ့ဆက်မတိုးဖြစ်တော့။

"အားလုံး ရပ်ကြစမ်း။"

ဆရာမ၏ အော်သံတစ်ခုကြောင့်သာ ပွဲကြည့်ပရိသတ်များ၏ တီးတိုးစကားသံများ တိခနဲ စဲသွားကာ လှုပ်ရှားမှုများသည်လည်း စက္ကန့်မခြားပါဘဲ ရပ်တန့်သွားသည်။

"လှိုင်း"

မာဆတ်ဆတ် မဟုတ်သလို ပျော့ပျောင်းနူးညံ့လွန်းနေသည်မျိုးလည်း မဟုတ်သည့် မာန်၏ အသံကြောင့် အသံလာရာကို ကြည့်မိရာ သူ့အား တအံ့တဩ ငေးကြည့်နေသည့် မာန်နှင့်အတူ မာန့်အနား လျှောက်လာသည့်မိုးထက်၏ မယုံကြည်နိုင်သလို အကြည့်တို့ကိုပါ ထိပ်တိုက်ဆုံလိုက်သည်။ ဒေါသထွက်နေသည့် မိုးထက်နည်းတူ လှိုင်း၏ အသက်ရှူသံသည်လည်း ကျယ်လောင်နေသည်။ တင်းတင်းဆုပ်ထားမိသော လက်သီးများကို မဖြေလိုက်မိခင်ပင် -

"ကိုရိပ် ဘာဖြစ်သွားသေးလဲ။ သူ ကိုရိပ်ကို ဘယ်နား နာအောင် လုပ်လိုက်လဲ။ ကျွန်တော့်ကို ပြော။"

ချော်ရည်ပူများ ထွက်နေသည့် အချိန်မရွေး ပေါက်ကွဲသွားနိုင်သော မီးတောင်တစ်ခုနှယ် ရှူးရှူးရှဲရှဲ ပုံစံ ဖြစ်နေသည့် သူ့ကို ပြန်မဖြေဘဲ ကြောင်ငေးကြည့်နေသည့် မာန်သည် ယခုမှ ရန်ပွဲကို မြင်တွေ့ဖူးသည့် ကလေးငယ်တစ်ယောက်လို မျက်လုံးအဝိုင်းသားနှင့်။ ထိုအကြည့်တို့၌ လေးနက်သော အဓိပ္ပာယ်များ ပါဝင်နေသယောင်။ ထိုအဓိပ္ပာယ်များကိုလည်း လှိုင်း သိနေသလိုပဲ။ မာန် ... သူ့ကို ပတ်ဝန်းကျင်ကို အရေးမစိုက်ဘဲ အလွယ်တကူ လက်ပါတတ်သည့် စရိုက်ဆန်သောကောင်ဟု မှတ်ယူသွားလေပြီလား။

"ကိုရိပ် ..ကျွန်တော် ..စိတ်မထိန်းလိုက်နိုင်လို့ ..."

"အားလုံး ရုံးခန်းလိုက်ခဲ့ကြ။"

ပျာပျာသလဲ ပေးလိုက်ရသည့် အကြောင်းပြချက်သည် မခိုင်လုံမှန်း လှိုင်းသိသော်ငြား ယခုချိန် ဘာမှ သေချာ စဉ်းစား၍ မရနိုင်တော့သည်အထိ ရင်ထဲ ပူလောင် မွန်းကြပ်နေသည်။ သူ၏ အဖျားခတ်သွားသည့် စကားအဆုံး မာန် ဘာမှ ပြန်မပြောလိုက်နိုင်ခင်ပင် ကြားလိုက်ရသည့် ဒေါသပုန်ထနေသော ဆရာမ၏ အမိန့်စကားကြောင့် လှိုင်းတို့အားလုံး ကျောင်းအုပ်ကြီးရုံးခန်းသို့ ရောက်ရှိသွားကြသည်။

"ဒါက ဘယ်လိုဖြစ်ကြတာလဲ။ ဆရာ့ကို အမှန်အတိုင်း ပြောကြ။"

"ဆရာကြီး ..မိုးထက်ပိုင်က ကျွန်တော်တို့ကို အရင်စထိုးတာပါ။"

လှိုင်း၏ လက်ချက်ဖြင့် ပါးတစ်ဖက် ရောင်နေသည့် ကောင်လေးသည် မိုးထက်ပိုင်ရှိရာသို့ လက်ညှိုးထိုးကာ အပြစ်စဖို့သည်။ မိုးထက်ပိုင်သည်လည်း မျက်နှာထားတင်းတင်းနှင့် ရှိနေသည့်တိုင်အောင် ခန့်ငြားမှုတို့ ခယနေမြဲ ဖြစ်သော်လည်း မျက်နှာပေါ်ရှိ သွေးရောင်လွှမ်းနေသော ဒဏ်ရာဒဏ်ချက်များကို မျက်ကွယ်ပြု၍ မရ။

"မိုးထက် ..ဘာလို့ ဒီလိုလုပ်တာလဲ။"

"ဆရာကြီး ကျွန်တော် မမှားဘူး။ ဒီကောင်တွေက အရင် ကျွန်တော့်မိဘတွေကို စော်ကားတာ။ ကျွန်တော့်ကို ရန်လာမစရင် မိုးထက်ပိုင်ဆိုတဲ့ ကျွန်တော်က ဘယ်သူ့ကိုမှ လက်မပါဖူးဘူး။"

ကျောင်းအုပ်ဆရာကြီးရှေ့ နောက်နောက်ပြောင်ပြောင် နေတတ်သည့် မိုးထက်ပိုင်ကို မတွေ့ရတော့ဘဲ ဒေါသမီးတောက်လောင်နေသည့် မိုးထက်ပိုင်အဖြစ် ခပ်တင်းတင်း မျက်နှာထားနှင့်မို့ လှိုင်းပင် ကြောင်အသွားရသည်။ ယခင်က မိုးထက် ရန်ဖြစ်သည်ကို လှိုင်းတစ်ခါမှ မတွေ့ခဲ့ဖူး။ မာန့်ပုံစံကတော့ ဤအခြေအနေကို အသားကျနေဟန် ရှိသဖြင့် မိုးထက် ရန်ဖြစ်သည်ကား ငယ်စဉ်ကတည်းက ပုခုံးဖက် ပေါင်းလာသည့် မာန်တို့အတွက်တော့ အဆန်းတကြယ် ဖြစ်မည် မထင်။

"သူတို့က ဘာပြောလို့လဲ။"

"....."

မိုးထက်က ထုတ်မပြော။ မာန့်ပါပါး ဦးသော်ကနှင့် ငယ်သူငယ်ချင်း ဖြစ်သည့် ကျောင်းအုပ်ဆရာကြီးသည် မာန့်အပေါင်းအသင်း သူငယ်ချင်းများ၏ အိမ်တွင်းရေးအခြေအနေများကို သိသင့်သလောက် သိနေပြီ ဖြစ်ရာ ဘာမှ ဆက်မမေးမိတော့ဘဲ အဖြစ်အပျကါ အကြောင်းစုံကိုသာ သေချာ ဂဃနဏ သိရအောင် မေးမြန်းပြီး ဘယ်သူမှ အပြစ်မကင်းကြသည့်အတွက် အားလုံးကို ခံဝန်ပဲ ထိုးခိုင်းလိုက်ရတော့သည်။ နောက်နောင် ထိပ်တိုက် ထပ်မတွေ့ကြဖို့ တစ်ခါတည်း မှာကြားလိုက်သေးသည်။

"နောက်တစ်ခါဆို ဆရာ မိဘခေါ်မှာ။ ဒါ ပထမဆုံးနဲ့ နောက်ဆုံးအကြိမ် ဖြစ်ပါစေ။ အားလုံး သွားလိုက်ရပြီ။ လှိုင်းနဲ့ မာန်ကတော့ ခဏနေခဲ့။"

ဆရာကြီးက နောက်ဆုံးအနေဖြင့် ထပ်မံသတိပေးပြီး လှိုင်းနှင့် မာန်မှအပ ကျန်သူများကို ထွက်သွားစေသည်။ မိုးထက် ရုံးခန်းမှ ထွက်လာသည်နှင့် ရုံးခန်းဝ၌ စိုးရိမ်တကြီး ရပ်စောင့်နေသည့် ဘုန်းသွင်ကို တွေ့လိုက်ရသည်။

"ဘာလို့ ရန်ဖြစ်ပြန်တာလဲ မိုးထက်ရာ။ မျက်နှာမှာလည်း ဒဏ်ရာတွေနဲ့။ စိတ်လျှော့မှပေါ့ကွာ။"

"ငါ့မိဘတွေကို မထိရင် ငါ ဘယ်တုန်းက ရန်ဖြစ်ဖူးလဲ ဘုန်းသွင်။ မင်း ငါ့အကြောင်း သိရဲ့သားနဲ့ လာပြီး တရားဟောမနေနဲ့။"

"တရားဟောနေတာ မဟုတ်ဘူး။ တရားဟောလည်း နားမထောင်တဲ့ မင်းကို ငါက ဘာကိစ္စ တရားဟောရမှာလဲ။ ငါ အခု မင်းကို စိတ်ပူလို့ ပြောနေတာ ဂျလပိန်းတုံးရ။ ဟူး ..မင်းဒဏ်ရာတွေ ..အရမ်းနာနေလား။"

ဒေါသထွက်နေသော်လည်း မိုးထက် ရန်ဖြစ်ပြီး ဒဏ်ရာ ရလာတိုင်း အမြဲတစေ ပူပန်တတ်သည့် ဘုန်းသွင်ကိုတော့ ခွန်းတုံ့မပြန်ဖြစ်တော့။ မေးလာသည့် မေးခွန်းအတွက် အဖြေကို ခေါင်းခါပြကာ အသိပေးလိုက်သည်။ သည်ဒဏ်ရာလောက်ကိုတော့ မိုးထက်ပိုင် စာမဖွဲ့ပါ။ ရင်ထဲက ကွဲအက်နေသည့် ဒဏ်ရာအက်ကွဲကြောင်းကိုတောင် မည်သူကမှ အဖက်လုပ်ခြင်း မရှိပါဘဲနှင့်။

"ဒါနဲ့ ..မာန်နဲ့ လှိုင်းရော။"

"အထဲမှာ ကျန်ခဲ့တယ်။ တောက် ငါ့အမေကိုများကွာ ..ခွေးသူတောင်းစား ..မအေလိုး ..."

ရုံးခန်းရှေ့တင် ဖိနပ်ခုထိုင်ရင်း မကျေချမ်းနိုင်သေးဘဲ အဆက်မပြတ် ဆဲရေးနေသည့် မိုးထက်အနား ဘုန်းသွင်ပါ ဖိနပ်ချွတ်ပြီး ဝင်ထိုင်လိုက်သည်။ ရုံးခန်းအပြင်၌ သူတို့အပေါ် သက်ရောက်နေသည့် နေမင်း၏ အရှိန်အဝါသည် တောက်ပလွန်းသည်။ သို့တိုင်အောင် မိုးထက်ရင်ထဲရှိ အပူမီးလောက်တော့ မညီးနိုင်ပေ။ ရန်ပွဲကို စတင်စေခဲ့သော စကားလုံးများကို ပြန်ကြားယောင်လာတိုင်း ထွက်ပေါ်လာသော ဆဲရေးတိုင်းထွာသည့် စကားများသည် မကြားဝံ့ မနာသာ။ ဘုန်းသွင်ကတော့ သူ့အကြောင်း သိနေသူမို့ ဘာမှ ထပ်မပြောဘဲ အနား၌ တိတ်တဆိတ်သာ ထိုင်နေပေးရှာသည်။ ထိုစဉ် ရုံးခန်းထဲရှိ မာန်နှင့် လှိုင်းမှာ ဆရာကြီး၏ အင်တာဗျူးကို ဖြေဆိုနေရသည်။

"သားတို့နှစ်ယောက်က ဘာလိုလုပ် ဒီကိစ္စထဲ ပါလာတာလဲ။ မာန် ..သား အရင်က တစ်ခါမှ ရန်မဖြစ်ဖူးဘူးနော်။"

မှန်သည် ... ယခင်က မိုးထက်သည် သူ၏ မိဘများကို ထိတိုင်း "မိဘထိ ဓားကြည့်" ဆိုသည့် ဆောင်ပုဒ်ကို ကိုင်စွဲကာ အပွဲပွဲနွှဲခဲ့သည့်တိုင်အောင် ရန်ဖြစ်တိုင်း မာန်နှင့် ဘုန်းသွင်ကို အသိမပေးဘဲ သူ့ပြဿနာကို သူ့ဘာသာ ဖြေရှင်းတတ်၏။ ဘုန်းသွင်နှင့် မာန်သည်လည်း ရန်ပွဲပြီးမှသာ အကြောင်းစုံ သိရမြဲ ဖြစ်ရာ ရန်ပွဲထဲ ဝင်မပါဖြစ်ကြ။ ယခုလည်း မာန်က ပြဿနာထဲ ဝင်မပါချင်သော်လည်း မိုးထက်ကို ထိုးနေသည့် ကောင်လေးသည် လှိုင်းတွန်းလိုက်သဖြင့် လဲကျသွားရာမှ အနီးရှိ အုတ်ခဲကို လှမ်းယူကာ ကျောပေးထားသည့် လှိုင်းအနား တိုးကပ်လာသောကြောင့် မာန် မဖြစ်မနေ ဝင်ပါလိုက်ရသည်။ လှိုင်းသံစဉ်ကို သူမှအပ မည်သူတစ်ဦးတစ်ယောက်ကမှ အနာတရ ဖြစ်အောင် လုပ်ဖို့ ခွင့်မပြုနိုင်ပါ။

"မာန် ..သားပါပါးကို ဆရာ ပြန်တိုင်ရမှာလား။"

"ဦးကို ပြန်မတိုင်ပါနဲ့ ဆရာကြီး။ ဒီကိစ္စမှာ ကိုရိပ်အမှား မပါပါဘူး။ မိုးထက်ကို ဝိုင်းထိုးနေကြတာ တွေ့လို့ ကျွန်တော်နဲ့ ကိုရိပ်က ဝင်တားတာပါ။ ဒါပေမဲ့ ကိုရိပ်က ဘယ်သူ့ကိုမှ ကိုယ်ထိလက်ရောက် လုပ်လိုက်တာ မရှိပါဘူးဗျ။"

အပြစ်မရှိသည့် မာန့်ကို ဘုမသိ ဘမသိနှင့် ဦးသော်ကအား ပြန်တိုင်ရမလားဆိုသော မေးခွန်းဖြင့် ခြိမ်းခြောက်စကား ဆိုနေသည့် ကျောင်းအုပ်ဆရာကြီးအား လှိုင်း မတုံ့မဆိုင်း ဖြေရှင်းချက် ပေးလိုက်မိသည်။ တကယ်လည်း မာန်မှ မမှားခဲ့ပါဘဲလေ။ မျက်မှန်ကို ပင့်တင်ရင်း မာန့်ဘက်မှနေ၍ ခပ်သွက်သွက် ရှေ့နေလိုက်ပေးနေသည့် လှိုင်း၏ စကားသည် နောက်ထပ် မေးခွန်းတစ်ခုကို ထွက်ပေါ်လာစေသည်။

"ဒါဆို သားကရော ..တားရမဲ့အစား ဘာလို့ သားပါ ဝင်ထိုးလိုက်တာလဲ လှိုင်း။"

လှိုင်းက ချက်ချင်း အဖြေမပေးဘဲ ခေတ္တမျှ တိတ်ဆိတ်သွားပြီး မာန့်ကို တစ်ချက် လှမ်းကြည့်လာသည်။ ထိုအခိုက် သိလိုစိတ် ပြင်းပြစွာဖြင့် သူ့ကို စိုက်ကြည့်နေသည့် မာန်၏ အကြည့်မြားတို့ဖြင့် လှိုင်း ဆုံသွားသည်။ ခန္ဓာကိုယ်တွင်းတစ်နေရာမှ အဆက်မပြတ် ရိုက်ခတ်နေမှုကြောင့် အကြည့်တို့ကို ပြန်လွှဲလိုက်ပြီးမှ စဉ်းစားစရာ မလိုသည့် အဖြေအား တွန့်ဆုတ်ခြင်းမရှိ ခပ်တိုးတိုး ဆိုလိုက်မိသည်။

"ကိုရိပ်ကို အဲ့ကောင်က ထိုးမလို့ လုပ်နေလို့ပါ ဆရာကြီး။"

မထင်မှတ်ထားသော စကားကြောင့် မာန်သည် လှုပ်ခတ်သွားသည့် လက်ဖျားများကို တင်းတင်းဆုပ်ထားမိသည်။ သူ့ကြောင့်တဲ့လား။ သူ ယခင်က တစ်ခါမှ မမြင်ဖူးခဲ့သည့် လှိုင်းသံစဉ်၏ အပြုအမူတစ်ခုသည် သူ့ကြောင့် ဘူးပေါ်သလို ပေါ်လာခဲ့သည်လား။ ရင်ထဲတွင် လှိုက်ခနဲ ဖြစ်သွားရသည့် ခံစားချက်အပေါင်းသည် ရောထွေးနေသဖြင့် အတိအကျ ခွဲခြမ်းစိတ်ဖြာကာ ကင်ပွန်းတပ်၍ မရနိုင် ဖြစ်နေသည်။ ထိုခံစားချက် ကုဋေ ကုဋာထဲ ပျော်ရွှင်ခြင်း ၊ ဝမ်းသာခြင်း ၊ ကြည်နူးခြင်း ၊ ရင်လှိုက်ဖိုခြင်းတို့ ပါဝင်နေရုံသာမက မာန်ကိုယ်တိုင် မသိသည့် ခံစားချက်တစ်ခုသည်လည်း ရင်ခုန်သံတို့ကို ပိုမို လေးနက်လာစေရန် အားဖြည့်ပေးနေသည်။

လှိုင်း၏ စကားကြောင့် ကျောင်းအုပ်ဆရာကြီး၏ သက်ပြင်းချသံ သဲ့သဲ့သည် ရုံးခန်းအတွင်းရှိ စက္ကန့်လက်တံ ရွေ့လျားသံနှင့် အပြိုင် ထွက်ပေါ်လာသည်။ ခေတ္တခဏတာ ရုံးခန်းထဲရှိ တိတ်ဆိတ်ခြင်းကို အပြင်ဘက်ရှိ ကျောင်းသူ ကျောင်းသားများထံမှ ဆူညံသံက အနိုင်ယူပြီးသွားမှ ဆိတ်ငြိမ်နေသည့် လေထုသည် ဆရာကြီး၏ ရန်ထပ်မဖြစ်စေရန် အမှာစကားသံဖြင့် ဖြိုခွင်းခံလိုက်ရသည်။ သူ့အား နှုတ်ဆက်ပြီးနောက် ဝေးကွာသွားသော ကျောပြင်နှစ်ခုကို ကြည့်ရင်း ဆရာကြီးသည် ဒုတိယမြောက် သက်ပြင်းကို ချလိုက်မိပြန်သည်။

ကမ္ဘာပေါ်မှာ ကြောက်စရာ အကောင်းဆုံးနှင့် အမြဲမြံဆုံး ကြိုးသည် သံယောဇဉ်ကြိုး ဖြစ်၏။ ငြိတွယ်ဖို့ လွယ်ကူသလောက် ဖြတ်တောက်ဖို့ ခဲယဉ်းလွန်းသည့် ကြိုးသည် တွယ်ချိတ်လျှင် တွယ်ချိတ်မိသလောက် ရုန်းထွက်ရခက်၏။

ရုံးခန်းမှ ပြန်ထွက်လာသည်နှင့် ရုံးခန်းအပေါက်ဝ၌ ဒူးနှစ်ချောင်းထောင်ကာ နံရံမှီရင်း ထိုင်နေကြသည့် မိုးထက်နှင့် ဘုန်းသွင်တို့က ဆီးကြိုနေသည်။ သူတို့ ထွက်လာသည်ကို မြင်သည်နှင့် မတ်တပ်ထရပ်လာကြသည့် နှစ်ဦးမှာ အခန်းပြန်ရန် အသင့်အနေအထားဖြင့်။ ယခင်ကဆို ကျောင်းအုပ်ဆရာကြီး ဘာတွေ ပြောလဲ ဘာညာဖြင့် စပ်စုလောက်မည့် မိုးထက်သည်လည်း ဒေါသမီးတောက်ကို တစ်ကိုယ်တည်း ငြိမ်းသတ်နေရသည်မို့ အပိုစကား မပြောဖြစ်။ ဆူညံနေသော ပတ်ဝန်းကျင်နှင့် သွေလှန်စွာ လေးဦးသားကြားရှိ လေထုသည် တိတ်ဆိတ်ခြောက်ကပ်နေသည်။ ရှေ့မှ ဦးဆောင် လျှောက်နေသည့် မိုးထက်နှင့် မာန့်နောက်မှ ဘုန်းသွင်နှင့် လှိုင်း တိတ်တဆိတ်သာ လိုက်ပါလာမိသည်။

လှိုင်း၏ အကြည့်တို့သည်ကား ဘေးဘီ၌ ရှိမနေဘဲ သူ၏ တည့်တည့်ရှိ ကျောပြင်ပြန့်ပေါ်ကိုသာ အလုံးစုံ ဖြန့်ကျက်ထားသည်။ သူ့စိတ်တို့ လေးလံထိုင်းမှိုင်းနေသည် ... "ကိုရိပ် တစ်မျိုး ထင်သွားမှဖြင့်" ဆိုသည့် အတွေးသည် ဦးနှောက်လှိုင်းများ၌ ဆင့်ကာ ဆင့်ကာ နေရာယူထားသည်။ တရိပ်ရိပ် တက်လာသော စိုးရိမ်စိတ်များကြောင့် သူသည် အပူမငြိမ်းနိုင်သည့် အပူသည်လုံးလုံး ဖြစ်နေသည်။ ရင်ထဲမှ အပူသည် ထုထည်ကြီးမားလှသည်ဖြစ်ရာ အနားရှိ လူကပါ သတိပြုမိသည်အထိ သိသာထင်ရှားလွန်းနေသည်မျိုး။ မာန်တို့အခန်းထဲ လှိုင်းပါ လိုက်ဝင်လာတော့ ဘယ်အချိန်ကတည်းက လည်တဆန့်ဆန့်နှင့် မျှော်နေလဲ မသိသည့် နန်းသော်တာက နေရာမှ ချက်ချင်း ထကာ မေးပါတော့သည်။

"ရန်ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်တာလဲ။"

"နန်းနန်း ..ဒီအချိန် လာမရစ်နဲ့ဟာ။ ငါ ညစ်နေတာနော်။ မာန်နဲ့ လှိုင်းက ရန်ပွဲနဲ့ ဘာမှ မဆိုင်ဘူး။ ငါ့ကို ဝင်ဆွဲကြတာ ..ရပြီလား။"

ပြောပြီးသည်နှင့် သူ့နေရာမှာ ပြန်သွားထိုင်သည့် မိုးထက်ကြောင့် နန်းသော်တာလည်း ဘာမှ ဆက်မမေးဖြစ်တော့ဘဲ အတန်းပိုင်ဆရာမ၏ ပစ္စည်းများ စုဝေးရာ ဗီရိုထဲမှ ဆေးသေတ္တာကို ယူကာ မိုးထက်ကို သွားပေးလိုက်သည် ... ဆေးလိမ်းမှသာ မြန်မြန် သက်သာမည့် မိုးထက်ပိုင်၏ ဒဏ်ရာများသည် အမြင်တင့်နေခြင်းမျိုးမှ မဟုတ်ဘဲ။ ကမ်းပေးလာသည့် ဆေးသေတ္တာကို မယူဘဲ မိုးထက်က ထိုင်နေရာမှ မျက်လုံးလှန်ကြည့်ပြီး -

"ဆေးပါ တစ်ခါတည်း ထည့်ပေးလေ နန်းနန်း။"

ခုနကကျ သူ မဟုတ်သလို တည်ငြိမ်ပြီး တည်တည်တံ့တံ့ ဖြစ်နေရာမှ ယခုကျပြန်တော့ မိုးထက်၏ နဂိုဗီဇက ပြန်ပေါ်လာသည်။ နန်းသော်တာမိုင်အကြောင်း သိသိရဲ့နှင့်ကို တမင် လာဆွနေသည်။

"ငါ့မိဘတွေကလွဲရင် ဘယ်သူ့ကိုမှ ဆေးမထည့်ပေးဘူး မိုးထက်။ ကိုယ့်ဘာသာကိုယ် ဆေးထည့်။"

"မရဘူး နင်ဆေးထည့်ပေး။"

"ဒါဆိုလည်း ဘာဆေးမှ မထည့်နဲ့တော့ဟယ်။ ပြန်ပေး ဆေးဘူး။"

"နန်းနန်း ငါ့ကိုပေး။"

ဆေးသေတ္တာကို အတင်း ပြန်ဆွဲနေသည့် နန်းသော်တာကြောင့် လှိုင်း ဝင်ပါလိုက်ရတော့သည်။ မိုးထက်ကို ဟန်ပါပါ မျက်စောင်းတစ်ချက် ချီပြီးမှ နန်းသော်တာက သူမ နေရာသို့ ပြန်သွားသည်။ မိုးထက်က လှိုင်း ဆေးထည့်ပေးမည် ဆိုရာ ချက်ချင်း အနားတိုးကပ်လာပြီး မျက်နှာထိုးပေးလာသည်။ လှိုင်းက သွေးများကို ဂရုတစိုက် သေချာ သုတ်ဖယ်ပေးပြီးမှ အရက်ပြန် ဆွတ်ကာ ဒဏ်ရာများအပေါ် တို့ထိလိုက်ရာ အာပြဲနှင့် ထအော်ပါလေရော။

"အား နာတယ်။ နာတယ် လှိုင်းရ ..ဖြည်းဖြည်း လုပ်။ သေမလိုပဲကွာ။"

"အေးပါကွာ။ တိုးတိုးသက်သာ အော်စမ်းပါ။ လန့်တောင် လန့်တယ်။"

လှိုင်းက ပြောပြီး ဒဏ်ရာများကို တဖူးဖူးနှင့် မှုတ်ပေးနေလေရဲ့။ ဆေးလိမ်းပေးနေသဖြင့် နီးကပ်သွားသော မျက်နှာနှစ်ခုကို ကြည့်ရင်း မာန့်ရှေ့ရှိ ဖွင့်လက်စ ဗလာစာအုပ်၏ စာရွက်လွတ်တစ်ရွက်သည် မာန်၏ လက်ထဲ စိစိညက်ညက် ကြေသည်အထိ လုံးခြေခံလိုက်ရသည်။ ဤအခြင်းအရာကိုတော့ ဘုန်းသွင်တစ်ယောက်သာ သတိပြုလိုက်မိ၏။

"မာန် မုန့်ဈေးတန်း လိုက်ဦးမလား။ ငါ ဗိုက်ဆာလာလို့ တစ်ခုခု သွားဝယ်မလို့။"

ဘုန်းသွင်က မာန့်ကို ခေါ်ထုတ်သွားမည်ဟု ကြံရွယ်ကာ မေးသော်လည်း ပြန်ရလာသည့် တုံ့ပြန်ချက်က "မလိုက်ဘူး" ဟူသော ခပ်ပြတ်ပြတ် ငြင်းဆန်စကားသံပင်။

"လိုက်ခဲ့ပါကွာ။ ငါတစ်ယောက်တည်း ဖြစ်နေလို့ မာန်ရ။"

"မလိုက်ပါဘူးဆို။ မလိုက်ဘူး ..ရော့ ..မင်းသွားရင် ငါ့အတွက် စတော်ဘယ်ရီအအေး ဝယ်ခဲ့ပေး။"

မျက်စိပျက် မျက်နှာပျက် ဖြစ်နေသည်မို့ စေတနာနှင့်လည်း ခေါ်ထုတ်ရသေးသည် ၊ မဆီမဆိုင် အခိုင်းပါ ခံလိုက်ရသေးသည်။ စေတနာနှင့် မတန်သည့် ရစ်စိန်။

"ပြီးရော ဝယ်ခဲ့မယ်။ မင်း ..ဘာမှ လျှောက်မလုပ်နဲ့နော်။"

"ငါက ဘာလျှောက်လုပ်ရမှာလဲ။"

"ဘာမှ မဟုတ်ဘူး။ သွားပြီ။"

ဗိုက်က တကယ် မခံမရပ်နိုင်အောင် ဆာနေလို့သာ မုန့်ဈေးတန်းဆီ ဦးတည်လာသော်လည်း စိတ်ထဲ မတင်မကျနှင့် မာန့်ကို စိတ်ပူလာသဖြင့် မာန် မှာလိုက်သည့် အအေးနှင့် သူ့ကိုယ်တာ နို့အေးတစ်ခွက်ပါ ဝယ်ပြီး အပေါ်ထပ် ပြန်တက်လာလိုက်သည်။

"အား..."

နာကျင်မှု အတိုင်းအတာကို လှစ်ဟာပြနေသည့် အော်သံနက်နက်ကြောင့် လှိုင်းသံစဉ် အပါအဝင် တစ်တန်းလုံး အသံလာရာ ကြည့်လာကြသည်။ ဘယ်ဘက် လက်ဖဝါး၌ ရဲနေသည့် သွေးများကို မြင်သည်နှင့် လှိုင်း၏ မျက်လုံးများ ပြာဝေသွားရကာ မသိစိတ်၏ တွန်းအားကြောင့် သူ မာန့်ဘေးနား ချက်ချင်း တိုးကပ်မိသွားသည်။

"ဟာဗျာ ..ကိုရိပ် ဘာနဲ့ ခြစ်မိတာလဲ။"

နာလွန်း၍ ငိုမဲ့မဲ့ ဖြစ်နေသည့် မာန့်ကိုတစ်လှည့် ၊ လက်မှ သွေးများကို တစ်လှည့် ကြည့်ပြီး လှိုင်း၏ မျက်နှာ၌ စိုးရိမ်ခြင်းတိမ်စိုင်များဖြင့် ရုတ်ချည်း ညှို့မှိုင်း အုံ့ဆိုင်းလာသည်။ လှိုင်း၏ မေးခွန်းအဆုံး မာန်က သူ၏ လွယ်အိတ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ကာ လှိုင်းဘက်သို့ ပြလာသည်။

"ဟယ် ထောက်ချွန်နဲ့ ထိုးမိတာပဲ။"

ဟင်ခနဲ ၊ ဟာခနဲ ဖြစ်သွားသည့် စကားသံများသည် မာန့်အနား ဝိုင်းအုံလာသည့် ကျောင်းသူ ကျောင်းသားများထံမှ ထွက်ပေါ်လာသည်။

"ဒီထောက်ချွန်အစုတ်ပလုတ်ကတော့။"

လှိုင်းက ဒေါသတကြီးဖြင့် မာန် ကမ်းပေးလာသည့် ထောက်ချွန်ကို အတန်းနံရံဆီ ပစ်ပေါက်လိုက်သည်။ သူ့လုပ်ရပ်ကြောင့် အတန်းသားများမှာ ကြောင်တောင်တောင်။ လှိုင်းက မည်သူ့ကိုမှ အရေးမစိုက်ဘဲ မိုးထက်ကို လိမ်းပေးနေသည့် ဆေးသေတ္တာကို ဆတ်ခနဲ လှမ်းယူကာ မာန့်လက်မှ ထွက်နေသည့် သွေးများကို ညင်ညင်သာသာ သုတ်ပေးနေသည်။ သူ၏ ဒဏ်ရာကို စိုးရိမ်တကြီး ဂရုစိုက်ပေးနေသည့် လှိုင်းကို ကြည့်ရင်း မာန် နှုတ်ခမ်းလေး တွန့်ကွေးရုံ ပြုံးလိုက်မိသည်။ နှုတ်ခမ်းထောင့်လေး ကွေးညွှတ်ရုံသာ ဆိုသော်ငြား ထိုအပြုံးသည် တစ်လောကလုံးကို အောင်နိုင်ထားသည့်လူတစ်ယောက်ပမာ ဂုဏ်ယူသည့် အပြုံးမျိုး။ ဤသည်ကိုတော့ မည်သူကမှ သတိမမူမိလိုက်ပါချေ။

"ကိုရိပ် ခဏ သည်းခံနော်။ ကျွန်တော် မနာအောင် ဆေးထည့်ပေးပါ့မယ်။"

လှိုင်းက ပြောလည်း ပြော ၊ အရက်ပြန် ဆွတ်ထားသည့် ဂွမ်းဖြင့် မာန်၏ လက်မဝက်ခန့် ပြဲသွားသည့် အနာကို လေတဖူးဖူး မှုတ်ရင်း မထိတထိ တို့ကာ ပိုးသတ်ပေးနေသည်။ မရဲတရဲဖြင့် အရက်ပြန် သုတ်ပေးနေပုံက မာန် အရမ်း စပ်သွားမည်ကို စိုးရွံ့နေဟန် အပြည့်ဖြင့်။ မာန့်မှာ အရက်ပြန်၏ ထိတွေ့မှုကြောင့် ကျန်လက်တစ်ဖက်ကို တင်းတင်း ဆုပ်ကိုင်ထားမိသည်။ ဤအခြင်းအရာကိုလည်း လှိုင်းက ဆေးလိမ်းပေးနေရင်းမှ မြင်သည်။ ဘယ်ဘက်လက်ဖြင့် ကိုင်ထားသည့် ဂွမ်းစကို ညာဘက်လက်ဖြင့် လွှဲပြောင်းယူပြီး စားပွဲခုံပေါ် လက်တင်ထားသည့် တင်းတင်းဆုပ်ထားသော မာန်၏ လက်သီးပေါ်သို့ ဘယ်ဘက်လက်ဖြင့် အုပ်မိုးကာ ဆုပ်ကိုင်ပေးလာသည်။ လုပ်ပုံကိုင်ပုံများကို ကြည့်ရင်း မိုးထက်မှာ ငေးမြဲအတိုင်း ငေးနေရသည်။ သူ့ကို ဆေးထည့်ပေးပြီး ပလာစတာတောင် မကပ်ပေးရသေးဘဲ လှိုင်းသံစဉ်တစ်ယောက် ပလာစတာကို သူ့လက်ထဲ အတင်းထိုးထည့်ပေးပြီး ယခုမူ သူ့ကို လုံးလုံးလျားလျား အာရုံမရှိတော့။

"ဘာဖြစ်တာလဲ။"

အအေးနှစ်ခွက်ကိုင်ရင်း အတန်းထဲ ဝင်လာသည့် ဘုန်းသွင်မှာ အမောတကော မေးရတော့သည်။ ဘုန်းသွင်ကို မည်သူမှ အဖြေပြန်မပေးခင်ပင် မြင်လိုက်ရသည့် ဒဏ်ရာကြောင့် ဘုန်းသွင် စိတ်ထဲ တီးတိုးပြောလိုက်မိတော့သည်။

"ဘာမှ လျှောက်မလုပ်ပါနဲ့လို့ မှာထားရက်နဲ့ကွာ။"

လှိုင်းက ဆေးသေချာ ထည့်ပေးပြီး ဒဏ်ရာကို ပလာစတာ ကပ်ပေးပြီးသည့်တိုင်အောင် အကြည့်တို့သည် မာန့်လက်မှ မရွေ့။ မာန် နာနေမှာ ... သိပ်ကို နာကျင်နေမှာ။

"ကိုရိပ်ရဲ့ နုဖတ်နေတဲ့ လက်ဖဝါးလေးမှာမှ လာဖြစ်ရတယ်လို့ကွာ။"

လှိုင်းစိတ်ထဲ တနုံ့နုံ့နှင့်။ မာန်ရိပ်မော်လက်မှ ပလာစတာလေးကို အမြင်အာရုံထဲမှ တစ်စက္ကန့်မှပင် ထုတ်လို့ မရ။

"ရော့ မင်းမှာလိုက်တဲ့ အအေး။"

ဘုန်းသွင်က ဇွတ်တရွတ်နိုင်သည့် မာန့်ကို အမြင်ကပ်သော်လည်း မာန့်အတွက် ရည်စူးကာ ဝယ်ထားခဲ့သည်မို့ ပေးရမည့် အအေးကိုတော့ ပေးလိုက်သည်။ မာန် လှမ်းမယူခင် မိုးထက်က ဆတ်ခနဲ လှမ်းယူလိုက်ကာ -

"မတိုက်ဘူး။ ငါပဲ သောက်မယ်။"

"မိုးထက် ကိုရိပ်မှာတာလေကွာ။"

"သူ မှာထားလည်း မတိုက်နိုင်ပါဘူး။ မင်းတောင်မှ ငါ့ကို ဆေးပြီးအောင် ထည့်ပေးလို့လား။"

အအေးကို တစ်ချက် စုပ်သောက်ပြီးမှ ပြောလာသည့် မိုးထက်၏ စကားကြောင့် ဘုန်းသွင် မိုးထက်ဆီ သေချာ ကြည့်မိသည်။ ပါးထက် ပွန်းသွားသည့် ဒဏ်ရာကို ကပ်ပေးရန် ပြင်ထားဟန်ရှိသော ပလာစတာမှာ မိုးထက်ပိုင်၏ လက်ထဲ အသင့်။ မိုးထက်၏ စကားကြောင့် မာန်က နှုတ်ခမ်းတစ်ဖက်သာ အပေါ်သို့ တွန့်ပြီး ကျေနပ်ပြုံးကို ဟန်ပါပါ တစ်ချက် ပြုံးလိုက်သည်။

"ဟုတ်သားပဲ။ ဆောရီး မိုးထက် ..ငါ မင်းကို မေ့သွားလို့။"

"တော်ပြီ။ လာမကပ်ပေးနဲ့။ မင်းက ငါ့ကို တကယ် စိတ်ပူတာမှ မဟုတ်တာ။ ရော့ ဘုန်းသွင် ..မင်းပဲ ကပ်ပေးတော့။"

မိုးထက်လက်ထဲမှ ပလာစတာကို လှမ်းယူမည်အပြု ပိတ်ဟောက်လိုက်သည့်အတွက် လှိုင်းမှာ ဇက်ကလေး ပုသွားရသည်။ မိုးထက်က လှိုင်းကို ပြောပြီးသည်နှင့် ဘုန်းသွင်လက်ကို ဆွဲကာ ပလာစတာ အတင်း ကပ်ခိုင်းသည်။ မိုးထက်ပိုင်ဆိုသည်မှာ အသက်ကို အငှါးရှူခိုင်းလို့ ရလျှင်တောင် သူများကို အကူအညီ တောင်းကာ ရှူခိုင်းမည့် လူမျိုးပင်။

"ဆောရီးပါ မိုးထက်ရာ။ ကိုရိပ် လက်ထိသွားလို့ ငါ စိုးရိမ်သွားလို့ပါ။ မင်းကလည်း ကလေး မဟုတ်ဘဲ စိတ်မကောက်နဲ့လေ။"

"မသိဘူး။ ကောက်မှာပဲ။ မင်း ငါ့ စကားလာမပြောနဲ့။"

လှိုင်းက တစ်ခုခု ထပ်ပြောချင်ပေမဲ့ မိုးထက်ဘေးရှိ ဘုန်းသွင်က ခေါင်းခါပြလိုက်ရာ ပါးစပ်ပိတ်ထားလိုက်ရသည်။ မိုးထက်ကို ချော့စဉ် မာန့်ကို လှိုင်း ကျောခိုင်းထားသဖြင့် မာန်ရိပ်မော်၏ တည်တံ့တံ့ မျက်နှာထားကို သတိမပြုလိုက်မိပါချေ။ ထိုစဉ်ပင် မာန်က ဘာမပြော ညာမပြောနှင့် ထထွက်သွားသောအခါ လှိုင်းမှာ မိုးထက်ကို အာရုံမစိုက်နိုင်တော့ဘဲ မာန့်နောက် လိုက်ရတော့သည်။

"ကိုရိပ် ဘယ်လဲ။"

ဇိုးဇိုးဇက်ဇက် ထွက်သွားသည့် မာန်၏ လက်ကို လှမ်းဆွဲလိုက်မှ ခြေလှမ်းများကို ရပ်လိုက်ပြီး လှိုင်းကို ကြည့်လာသည်။ မျက်ခုံးတန်းများ တွန့်ချိုးထားသဖြင့် လှိုင်း သိလိုက်ပါပြီ ... သူ၏ မိုးကျရွှေပေါ် မင်းသားလေး စိတ်အလိုမကျဖြစ်နေလေပြီ။ အကြောင်းအရင်းကို ရှာဖွေကြည့်ရာ အနီးစပ်ဆုံး စဉ်းစားမိသည်ကား ရန်ဖြစ်သည့်အခြင်းအရာ။

"ကိုရိပ် ..ဟို ..ကျွန်တော် ရန်ဖြစ်တဲ့ကိစ္စကို ဒေါသထွက်နေတာမလား။ ကျွန်တော် တောင်းပန်ပါတယ် ..အဲ့တုန်းက ကိုရိပ်ကို ထိုးမယ်လုပ်နေတာနဲ့ စိတ်မထိန်းလိုက်နိုင်လို့ပါ။ နောက် မဖြစ်စေ ..."

"ဗိုက်ဆာတယ်"

နှုတ်ခမ်းဆူကာ ပြောလာသည့် ကလေးဆန်ဆန် ပုံစံကြောင့် လှိုင်းမှာ ပြောနေသည့် စကားလုံးများပင် ပျောက်ရှသွားရသည်။ စောနက စိတ်ဆိုးနေတာ မဟုတ်ဘူးလား။

"ဒါပေါ့ ကိုရိပ် ဗိုက်ဆာနေမှာပေါ့။ မုန့်စား​ကျောင်းတောင် နောက် ၁၅ မိနစ်လောက်နေရင် ပြန်တက်တော့မှာပဲ။ ကျွန်တော် ဘာသွားဝယ်ပေးရမလဲ ကိုရိပ်။"

"ငါပါ လိုက်ခဲ့မယ်။"

"ပိုက်ဆံ မယူတော့ဘူးလား ကိုရိပ်။"

"မင်းမှာ မပါဘူးလား။"

ပြောပြီး မျက်မှောင်ကြုတ်ကာ ကြည့်ပေးလိုက်ရာ ပျာပျာသလဲ ဖြစ်သွားဟန်ဖြင့် ကပျာကသီ ပြန်ပြောလာသည်။

"ပါတယ် ပါတယ်။ ကျွန်တော့်မင်းသားလေးကို ကျွန်တော်ပဲ ဝယ်ကျွေးရမှာပေါ့။"

လှိုင်းက မျက်နှာချိုသွေးလိုက်မှ ရှေ့မှ မှုန်ကုပ်ကုပ်နှင့် မာန်က ထွက်သွားသည်။ မုန့်ဈေးတန်း ရောက်သောအခါ မာန်က ရည်ရွယ်ချက်ရှိရှိဖြင့် လှိုင်း၏ အင်္ကျီအိတ်ကပ်ထဲမှ ၅ ရက်စာ မစားမသောက်ဘဲ စုထားသည့် မုန့်ဖိုးများကို တိုက်စစ်ဆင်သည်။ ထိုအခါ ခံစစ်အနေဖြင့် ဘာမှ မပြင်ဆင်ထားမိသည့် လှိုင်းသည် တစ်ဖက် ရန်သူဖြစ်သည့် မာန့်၏ စိတ်ကျေနပ်မှုအား စစ်သုံ့ပန်းများအနေဖြင့် အိတ်ကပ်ထဲရှိ ပိုက်ဆံများကို အပ်နှင်းလိုက်ရတော့သည်။ ထိုအခါ သနားညှာတာ ထောက်ထားသောအားဖြင့် စစ်လျော်ကြေးမတောင်းသည့် မာန်သည် စစ်ရှုံးသည့် လှိုင်းအပေါ် သီးသန့် ချမှတ်သည့် အပြစ်ဒဏ်သည်ကား လှိုင်း သယ်လာရသည့် လက်ထဲရှိ အရွယ်အစား စုံလင်လှသော ဘူး ၊ ခွက်မျိုးစုံပင်။

"ကိုရိပ် ဘာစားချင်သေးလဲ။ ပိုက်ဆံကတော့ ၅၀၀ ပဲ ကျန်တော့တယ်။"

လက်ထဲမှ ပိုက်ဆံ ၅၀၀ ကိုကြည့်ကာ ခေတ္တစဉ်းစားပြီး ပြန်ပေးလာသည့် အဖြေသည်ကား "ရေခဲမုန့်" တဲ့။ ဒါကြောင့် မာန့်ကို ကလေးဟု လှိုင်း ကောက်ချက်စွဲခြင်းပင် ဖြစ်သည်။

"ကျွန်တော် ခုပဲ သွားဝယ်ပေးမယ်။ ကိုရိပ်က ဒီမှာပဲ စောင့်ပြီး စားနှင့်လိုက်တော့နော်။ ခေါင်းလောင်းတီးသွားရင် ဘာမှ မစားလိုက်ရဘဲ နေမယ်ဗျ။"

မာန်က ခေါင်းညိတ်ကာ သဘောတူလိုက်မှ မျက်စိရှေ့ရှိ အညိုလုံးသည် လက်ထဲမှ စားစရာဘူးများနှင့် အအေးခွက်ကို computer ခန်းရှေ့ရှိ လျှောက်လမ်းကို ကာထားသည့် လက်တန်းဘောင်ပေါ် တင်ကာ ကျောင်းထိပ်ရှိ ရေခဲမုန့်သည်ဆီ ပြေးထွက်သွားသည်။ ထိုအခါမှ မာန်သည် ကျေနပ်ပြုံးကို သဘောတကျ ပြုံးလိုက်မိသည်။ လှိုင်းသံစဉ်ဆိုတာ ဤသို့နှယ် မာန့်တစ်ယောက်တည်းကိုပဲ ဂရုစိုက်ရမည်။ ကျန်သည့် လူများ၏ အရေးကိစ္စသည် လှိုင်းနှင့် လားလားမျှ မသက်ဆိုင်ပေ။

လှိုင်း ရေခဲမုန့် ဝယ်ပြီး မာန့်ထံ အပြေးတစ်ပိုင်း ပြန်ရောက်လာချိန်၌ မလှမ်းမကမ်း၌ မြင်တွေ့နေရသည့် မာန်သည် သူ့အကြိုက် ကြာဇံချက်၏ အရည်ကို ဘူး၌ တေ့သောက်ကာ လက်စသတ်ပြီးသည်နှင့် ထမင်းသုပ်ကို တစ်လုတ် ခပ်ကာ ပါးလုတ်ပလောင်း စားနေသည်။ မို့မောက်နေသည့် ပါးနှစ်ဖက်ကို ကြည့်ရင်း လှိုင်းမှာ အမောပြေရသည်။ ဝယ်လာသည့် ကြာဇံချက် ၊ ထမင်းသုပ် ၊ ထုပ်ထိုးအားလုံး ကုန်သွားပြီးမှ စတော်ဘယ်ရီအအေးကို စိမ်ပြေနပြေ စုပ်သောက်နေသည့် မာန်၏ လှုပ်ရှားမှု တစ်ခုချင်းစီကို လှိုင်း ငြိမ်သက်စွာ မှတ်တမ်းတင်နေမိသည်။ မာန်၏ အပြုအမူ တစ်ခုချင်းစီတိုင်းသည် သူ့အတွက်တော့ ဘယ်တော့မှ ရိုးအီသွားမည် မဟုတ်သည့် မြတ်နိုးရာလေးတွေပါပဲ။ အအေးသောက်နေရင်း ခေါင်းကို ဟိုလှည့် ဒီလှည့် လုပ်ကာ မျက်စိကစားနေသည့် မာန်သည် သူ့ကို တွေ့သွားမှ လက်ယက်ကာ အော်ခေါ်ပါတော့သည်။

"လှိုင်းသံစဉ် မြန်မြန် လာလေ။"

ထိုအခါမှ လှိုင်း သတိပြန်ဝင်လာပြီး မာန့်ထံသို့ အမြန် ပြေးသွားလိုက်ရသည်။ လက်ထဲရှိ ရေခဲမုန့်ကို ကြည့်ပြီး မာန်က ရှုံ့မဲ့သွားသည်။

"ဟာ ..အရည်တွေ ပျော်ကုန်ပြီ။ မင်း အဲ့မှာ ဘာရပ်လုပ်နေတာလဲ။"

ဟုတ်ပါရဲ့ ... မာန် ပြောမှ လှိုင်းလည်း လက်တစ်ဖက်တစ်ချက်ရှိ ရေခဲမုန့်နှစ်ခုဆီ အကြည့်ရောက်ရာ ရေခဲမုန့် ကတော့ပတ်လည်၌ စီးကျနေသည့် ပန်းနုရောင် စတော်ဘယ်ရီစီးကြောင်းများမှာ လှိုင်း၏ လက်များပေါ်သို့ပင် ယိုဖိတ်လာနေသည်။

"ဆောရီး ကိုရိပ်။ ကျွန်တော် အသစ် ပြန်သွားဝယ်ပေးရမလား။"

"ဘာသွားဝယ်မှာလဲ ..ပိုက်ဆံဖြင့် မကျန်တော့ဘဲနဲ့။ အဲ့တာပဲ စားတော့မယ်။"

လှိုင်းက မာန့်ဘက်သို့ ရေခဲမုန့်တစ်ခုကို အရင် ကမ်းပေးလိုက်ရာ မာန်က ရေခဲမုန့် ကတော့ကို မယူဘဲ ကတော့ကို ဆုပ်ကိုင်ထားသည့် လှိုင်း၏ လက်ကို ဆတ်ခနဲ သူ့ဘက် ဆွဲယူကာ စတော်ဘယ်ရီ ရေခဲမုန့်ကို သူ၏ နှုတ်ခမ်းများဖြင့် ထိတွေ့နေသည်။ မထင်မှတ်ထားသည့် လုပ်ရပ်ကြောင့် ကြောင်အစွာ တအံ့တဩ ငေးကြည့်နေသည့် လှိုင်းအား ရေခဲမုန့်ကို အရသာ ခံနေရင်းမှ မျက်လုံးလှန်ကြည့်ရင်း -

"ဘာတွေ လာကြည့်နေတာလဲ။ ငါ လက်မပေချင်လို့ မင်းကို ကိုင်ခိုင်းထားတာ။ ဘာလဲ ..မကျေနပ်ဘူးလား။"

"မကျေနပ်ဘူးလို့ မပြောမိပါဘူးဗျာ။ ကိုရိပ်သဘောပါ။ ကိုရိပ် စိတ်ချမ်းသာသလိုသာ လုပ်ပါ။"

"မင်း ငါ့ကို အရူးလို့ ပြောတာလား။"

"ဟောဗျာ ..ဘယ်မှာ ပြောမိလို့လဲ ကိုရိပ်ရဲ့။"

"ခုန ပြောလိုက်တယ်လေ။ ငါ စိတ်ချမ်းသာသလို လုပ်ဆို။ မင်းက ငါ့ကို အရူးစိတ်ချမ်းသာရင် ကမ္ဘာကြီး ငြိမ်းချမ်းတယ်ဆိုပြီး ပြောချင်တာပေါ့ ဟုတ်လား။"

"ဘယ်ကသာ ကိုရိပ်ရာ။ ကျွန်တော် ပြောချင်တာ အဲ့သဘော မဟုတ်ပါဘူး။"

"ထပ်မပြောနဲ့တော့။ ငါ သေချာ သိလိုက်ပြီ။ မင်းက ငါ့ကို အရူးလို့ ပြောချင်တာပဲ။ တောက် ..."

တောက်တစ်ချက် ခေါက်အပြီး လှိုင်း၏ လက်နှစ်ဖက်ရှိ ရေခဲမုန့်နှစ်ခုကို လက်အပေခံပြီး ကိုယ်တိုင် ကိုယ်ကျ ယူကာ အမှိုက်ပုံးထဲ သွားထည့်သည်။ ပြီးသည်နှင့် အနီးရှိ ဘေစင်၌ လက်ဆေးပြီးမှ ဆောင့်ဆောင့်အောင့်အောင့်ဖြင့် ကျောင်းဆောင်လှေကားပေါ် တက်သွားသည်။ လှိုင်းမှာ ဝေးကွာသွားသော ကျောပြင်ကို ရပ်ငေးရုံမှအပ ဘာမှ မတတ်နိုင်ခဲ့။ မာန်က တဇွတ်ထိုး ဆန်သည့်အပြင် တစ်ခါတစ်ရံလည်း ထိုကဲ့သို့ စကားအထအန ကောက်ကာ စိတ်ဆိုးတတ်သေးသည်။ မာန့်နောက် မလိုက်ခင် လှိုင်းသည် မာန် စားသွားသည့် ဘူးခွံများကို တစ်ခုပေါ် တစ်ခု ဆင့်ထပ်ကာ အမှိုက်ပုံးထဲ သွားပစ်လိုက်သည်။ တစ်ဝက်ခန့် ကျန်သေးသည့် စတော်ဘယ်ရီအအေးကိုတော့ မလွှင့်ပစ်ဘဲ ကုန်အောင် စုပ်သောက်လိုက်သည်။ သို့သော် ထိုတစ်ဝက်ခန့်သာ ရှိသည့် ပမာဏအား အချိန်အတော် ယူကာ ကုန်အောင် သောက်လိုက်ရသည်။ အကြောင်းမှာ မာန်က အအေးသောက်တိုင်း ပိုက်ကို ပြားချပ်နေသည်အထိ သွားဖြင့် ကိုက်ကာ အေးအေးဆေးဆေး သောက်တတ်သောကြောင့်ပင်။ ပြီးနောက်မှ အမှိုက်ပုံးထဲ အအေးခွက်ကို ထည့်ကာ လက်ဆေးပြီးသည်နှင့် ကျောင်းဆောင်ပေါ် ပြန်တက်လာလိုက်ရသည်။ အအေးလက်ကျန်ကို အပြတ်ရှင်းနေစဉ် လှိုင်းသည် အပေါ်သို့ မော့မကြည့်လိုက်မိသည့်အတွက် နဝရတ်ဆောင်၏ ကော်ရတာမှ သူ့ကို ငုံ့ကြည့်နေသော တစ်စုံတစ်ယောက်၏ ရွှန်းရွှန်းစားစား အကြည့်တို့နှင့် ဖောဖောသီသီ အပြုံးတို့ကို လှိုင်း မမြင်တွေ့မိလိုက်ပါ။

လှေကားတစ်လျှောက် တက်လာသည့် အချိန်အတောအတွင်း လှိုင်းနှုတ်ခမ်းထဲ၌ စွဲကျန်ရစ်နေသည့် ချိုမြိန်သည့် အရသာသည် စတော်ဘယ်ရီအအေးတစ်ခုတည်းကြောင့်တော့ ဟုတ်ဟန် မတူပါ။ မာန်ရိပ်မော်၏ နှုတ်ခမ်းများနှင့် ထိတွေ့ထားသည့် ပိုက်ကို သူ၏ နှုတ်ခမ်းပါးများဖြင့် ထပ်ဆင့် ထိတွေ့လိုက်ရာ ရရှိလိုက်မိသည့် ချိုမြိန်မှုသည် အအေးနှင့် ယှဉ်တွဲကာ ခံတွင်းထဲ စီးဝင်လာခဲ့သောကြောင့် ဖြစ်မည် ထင်သည်။

မုန့်စားကျောင်း ပြန်တက်ရန် ၅ မိနစ်ပင် မလိုတော့သော်လည်း လှိုင်းသည် မိမိအခန်းထဲ မဝင်သေးဘဲ မာန်တို့ အခန်းထဲ အရင် ဝင်လာလိုက်သည်။ သူ ဝင်လာသည်ကို မြင်ရာ မာန်က မျက်လုံးတစ်ချက် လှန်ကြည့်ပြီး မမြင်ချင်ယောင် ဆောင်ကာ ခေါင်းပြန်ငုံ့သွားသည်။

"စိတ်မဆိုးပါနဲ့တော့ ကိုရိပ်ရယ်။ နောက် ကျွန်တော် စကားပြော ဆင်ခြင်ပါ့မယ် ..နော်။"

မာန့်နားရောက်သည်နှင့် ခါးကိုင်းကာ ချော့နေသည့် လှိုင်းကြောင့် မိုးထက်က အနေနိုင် မထိုင်နိုင် ဝင်ပြောရတော့သည်။

"ဟေ့ကောင် ..ခုထိ ချော့လို့ မပြီးသေးဘူးလား။"

လှိုင်း ခေါင်းသာ ခါပြလိုက်ရသည်။ မာန်နှင့်တော့ တကယ် ခက်သည်။ စိတ်ကောက်စရာ မရှိ ကြံဖန်စိတ်ကောက်နေသည်မို့ လှိုင်းလည်း ကြာတော့ စိတ်တွေ ပိန်လာရသည်။

"အဲ့လိုကြီး ဘာမှမပြောဘဲ မနေနဲ့လေ ကိုရိပ်ရဲ့။ ပြီးတော့ ဆူပုတ်မနေပါနဲ့ဗျာ။ ကိုရိပ်က ပြုံးလိုက်ရင် သိပ်ချစ်ဖို့ကောင်းတာကို အဲ့အပြုံးတွေကို ဖွက်မထားနဲ့လေ။ ကဲပါ ပြော ..ကျွန်တော့်ကို ဘာအပြစ်ပေးချင်လဲ ကိုရိပ်။"

လီဆယ်ခြင်း အလျဉ်းမရှိသည့် စကားအဆုံး မာန်က မျက်လုံးလှန်ကြည့်လာပြီး ဘုန်းသွင်နှင့် မိုးထက်ကပါ "ဆေးမမီတော့ဘူး" ဆိုသည့် သဘောများ သက်ရောက်နေသော စိတ်ပျက်လက်ပျက် အကြည့်တို့ဖြင့် လှိုင်းကို ကြည့်လာသည်။ ဘုန်းသွင်နှင့် မိုးထက်တို့၏ အကြည့်တို့ကို လှိုင်း အာရုံမစိုက်နိုင်ပေါင် ... မာန်က အမှန်စင်စစ် ချစ်ဖို့ကောင်းသည် မဟုတ်ပါလား။ အပိုချဲ့ကား ပြောနေသည်ဟု အထင်မှားနိုင်ဖွယ် ရှိသော်လည်း မာန်သည် လှိုင်းအတွက်တော့ ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး ဖြစ်သည်။ မိန်းကလေးများကဲ့သို့ လှပနေခြင်းမျိုး မရှိ‌သော်လည်း မာန်သည် အပြုအမူတစ်ခုချင်းစီက အစ အမူအရာတစ်ခုချင်းစီ အဆုံး ချစ်စရာကောင်းသည်ကား ထူးတော့ ထူးဆန်းသည်။ လှိုင်း၏ စကားအဆုံး မာန်က သူ့ကို သေချာ ကြည့်လာပြီး တစ်ခုခုကို ပြောလိုဟန် ရှိနေသဖြင့် သူ၏ အာရုံအလုံးစုံကို မာန့်ဆီ၌ ပုံအပ်ထားလိုက်သည်။

"မင်း ၅ ရက်ဆက်တိုက် ငါနဲ့ တူတူ လာအိပ်ရမယ်။"

လှိုင်းကို စိတ်ကောက်ရသည်ကို မာန် နှစ်သက်၏။ လှိုင်းက မိုးထက်တို့ ဘုန်းသွင်တို့လို မဟုတ်ဘဲ သူ စိတ်ကောက်တိုင်း မရမက လိုက်ချော့တတ်သည်အထိ သူ့အပေါ်ဆို စိတ်ရှည်ပေးသူ ဖြစ်သည်။ နောက်ထပ် မာန် သဘောကျသည်လည်း ရှိသေး၏။ အဲ့တာကတော့ ညဘက် လှိုင်းသံစဉ်အနား အိပ်ရသည်ကိုပင်။ လှိုင်းနှင့် တစ်ခန်းတည်း နေနေသော်လည်း ခုတင်ကိုယ်စီနှင့်မို့ လှိုင်းနှင့် အလှမ်းဝေးသည်ဟု မာန် ခံစားရသည်။ ထို့ကြောင့် မာန်သည် မရှိရှိသည့် အကြောင်းအရာကို ကောက်နုတ်ကာ စိတ်ကောက်ရတော့သည်။ စိတ်ဆိုးပြေစေချင်လျှင် လှိုင်း ခံရမည့် အပြစ်ဒဏ်သည်ကား သူနှင့်အတူ ညအိပ်ပေးရမည်ပင်။ သို့သော် ညတိုင်း တူတူ လာအိပ်ဟု တစ်ခါတည်း ပြောလိုက်လျှင် သိပ်ကို ထူးဆန်းသွားမည် စိုး၍ တစ်ခါစိတ်ဆိုးလျှင် ဘယ်နှစ်ရက် လာအိပ်ရမည်ဟု ရက်အက့အသတ်ဖြင့် အပြစ်ပေးရသည်။ ဘယ်လိုပြောရမလဲ ... အကြံကုန် ဂဠုန်ဆားချက်ပေါ့လေ။ လှိုင်းနှင့်အတူ အိပ်ရမည့်အရေး အစီအစဉ် ဆွဲရာတွင် ဤစိတ်ကောက်သည့် အကြံမှ လွဲ၍ တခြားအကြံ စဉ်းစားမရတော့သဖြင့် အကြံကုန်ရာ အဆုံးသတ်၌ ဂဠုန် မဟုတ်သည့် ကြာသပတေးသား မာန်ရိပ်မော်တစ်ယောက် ဆားစတင် ချက်ရတော့သည်။ တစ်ခု ရှိသည်ကား ထို့သို့ အပြစ်ပေးလာတိုင်းလည်း လှိုင်းက တစ်ချက် မငြင်း။ မာန့်အလိုကို အမြဲတစေ လိုက်လျောပေးကာ သူ့ခန္ဓာကိုယ် သေးသေးလေးအား မာန် တစ်ညလုံး ခွအိပ်သည်ကို အသာတကြည် လက်ခံပေးသည်ချည်းသာ။

တမင် စိတ်ကောက်ပြနေမှန်း သိသော်လည်း စိတ်ဆိုးပြေအောင် အပြစ်ပေးခိုင်းလိုက်ရာ ပေးလာသည့် အပြစ်ဒဏ်သည်လည်း အပြစ်ဒဏ် ချမှတ်သူနည်းတူ ကလေးဆန်နေသည်မို့ လှိုင်း ခိုးပြုံးမိသေးသည်။ သည်လိုမျိုးတွေ မာန်က ချစ်ဖို့ ကောင်းနေခြင်း ဖြစ်၏။

"ဟုတ်ပါပြီဗျာ။ ကျွန်တော့်မင်းသားလေး သဘောပါပဲ။"

"လဒကောင် ..မင်းအခန်း မင်းပြန်တော့။ ငါ့နားနှစ်ဖက်လုံး သည်းခံနိုင်စွမ်း ကုန်နေပြီ။"

မခံစားနိုင်တော့သည့် မိုးထက်က နှင်ထုတ်တော့မှ လှိုင်းက သူနှင့် ဘုန်းသွင်ဘက်ကို ဟီးခနဲ တစ်ချက် သွားဖြဲပြကာ သည်လောက် မိုးထက် နှင်ထုတ်နေသည့်ကြားမှ မာန့်ကို အမှာစကား ပါးဖြစ်အောင် ပါးခဲ့သေးသည်။

"အေးပါ ငါ ခုပဲ သွားပြီ။ ကိုရိပ် ..ကျွန်တော် သွားတော့မယ်နော်။ လက်ကို သေချာ ဂရုစိုက်နော် ကိုရိပ်။ လက်က အရမ်း နာနေရင် စာလိုက်မရေးနဲ့ သိလား။ ဆရာမတွေကို လက်ထိထားတဲ့အကြောင်း ပြောလိုက်နော်။ ကျွန်တော် စာတွေအကုန် ပြန်ကူးပေးမယ် ..နော် ကိုရိပ်။"

"ငါ ... အင်း ... ဆဲမိတော့မယ်နော် လှိုင်းသံစဉ်။ မာန်ရိပ်မော် ထောက်ချွန်နဲ့ ထိတာ ဘယ်လက်လေ မသာလေးရဲ့။ ညာဘက်လက်နဲ့ စာရေးတာ သူက ဘာဖြစ်မှာလဲ။ မင်းသွားလိုက်တော့ ..ငါ စိတ်ထိန်းလို့ ရတုန်း မင်း လစ်လိုက်တော့ လှိုင်း။ မဟုတ်ရင် ငါ တစ်ခုခု ထလုပ်မိတော့မယ်။"

မိုးထက်က ဆဲချင်လာသည်ကို မနည်း စိတ်ထိန်းပြီး လက်သီးဆုပ်ပြကာ ပြောတော့မှ "စိတ်လျှော့လေ သူငယ်ချင်းကလည်း" ဟု ပြောင်စပ်စပ် ပြောကာ လှိုင်းသံစဉ် အတန်းထဲမှ ထွက်သွားသည်။ မသွားခင် သူ၏ အကြည့်တို့က မာန့်လက်ဖဝါးမှ မဖယ်ခွါပေ။ မိုးထက် တကယ် လှိုင်းသံစဉ်ကို ဆလံတိုက်ချင်လာသည် ... လှိုင်း၏ အခြေအနေက ထိန်းမနိုင် သိမ်းမရထဲ ပါနေလေပြီ။

"ဒီကောင်လည်း ရည်းစား မရသေးလို့ တော်သေးတယ်။ ရည်းစားများ ရလို့ကတော့ ငါတို့တောင် နေစရာ ရှိပါ့မလား မသိဘူး ..နော်။"

မိုးထက်က ပြောလည်း ပြော ၊ ဘုန်းသွင်နှင့် မာန်တို့ကို တံတောင်နှင့် တွတ်ကာ "နော်" ဟု ရှေ့နေငှါးနေသေးသည်။ ဘုန်းသွင်ကတော့ စိတ်ကျေနပ်ရင် ပြီးရော ဆိုသည့် သဘောဖြင့် "အင်း" အတင်းလိုက်နေပေမဲ့ မာန်ကမူ ဘာမှ ပြန်မပြောဘဲ လက်ဖဝါးမှ ပလာစတာလေးကို ခပ်ဖွဖွ ထိတွေ့ရင်း ငိုင်နေမိသည်။

ဒဏ်ရာ ရသွားသည့် သူ့ကိုတောင် သည်လောက်ထိ ဂရုစိုက် စိုးရိမ်ပေးနေသည့် လှိုင်းသည် ချစ်သူရည်းစား ရခဲ့လျှင်ရော ... သူ၏ ကောင်မလေးအား မာန့်ကို စိတ်ပူသလိုမျိုး စိတ်ပူပေးပြီး ဂရုစိုက်ပေးမည်လား ၊ သို့တည်းမဟုတ် မာန့်ရှေ့ မချပြဖူးသည့် ချစ်ရည်ရွှန်းနေသည့် အကြည့်တို့ဖြင့် ကြည့်ကာ သူ၏ ကောင်မလေးအား မျက်စိရှေ့မှ အပျောက်မခံနိုင်အောင် တွယ်ငြိနေလေမလား။ စိတ်ထဲ ပေါ်ပေါက်လာသည့် မေးခွန်းများ၏ အဖြေကို မာန် ဆက်မစဉ်းစားမိခင်ပင် ပြည့်နှက် မွန်းကြပ်လာသည့် ရင်ဘတ်ကြောင့် အတွေးစတို့ကို ခပ်သွက်သွက် ဖြတ်တောက်ပစ်ကာ လေကို တစ်ဝကြီး ရှူသွင်းလိုက်ရတော့သည်။

သံယောဇဉ် တွယ်ရတာ အမှန် ပင်ပန်းရပါသည်။

~ 23/7/2023 (1:30 a.m.) ~

Continue Reading

You'll Also Like

2.9K 91 9
As the title describes, this story will not only follow Marinette's love story but also her sister Y/n's love story. Daminette It will be either Y/n...
MIRACLE By Ara

Teen Fiction

324K 11.8K 45
"My mother named me Miracle, but I am anything but a miracle in her and our family's life. I am a mistake. I am a product of a heinous crime." Miracl...
3M 251K 54
𝙏𝙪𝙣𝙚 𝙠𝙮𝙖 𝙠𝙖𝙧 𝙙𝙖𝙡𝙖 , 𝙈𝙖𝙧 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙢𝙞𝙩 𝙜𝙖𝙮𝙞 𝙢𝙖𝙞 𝙃𝙤 𝙜𝙖𝙮𝙞 𝙢𝙖𝙞...... ♡ 𝙏𝙀𝙍𝙄 𝘿𝙀𝙀𝙒𝘼𝙉𝙄 ♡ Shashwat Rajva...
Lucent By ads ❀

Teen Fiction

335K 7.7K 27
book 1 of the windows of the soul duology ✿ ✿ ✿ lucent: softly bright or radiant ✿ ✿ ✿ My brother's hand traces the cut on my right cheek for so...