၂၇/၁၀/၂၀၀၆ (ကြာသပတေးနေ့)
"Happy Birthday လှိုင်း"
မှန်ထဲမှတစ်ဆင့် မြင်နေရသည့် ကောင်လေးသည် လှိုင်းအား ကြည်လင်စွာ ပြုံးပြနေသည်။ ယနေ့သည် လှိုင်း၏ ၁၃ နှစ်ပြည့် မွေးနေ့။ တစ်နည်းဆိုရလျှင် လှိုင်း၏ မိခင် လူ့လောကမှ ထွက်ခွါသွားသည်မှာ ၁၃ နှစ် ပြည့်သောနေ့။ ပြီးခဲ့သည့် ၁၂ နှစ်ပြည့် မွေးနေ့တုန်းက ၁၀ လပိုင်း ၂၇ ရက်နေ့သည် သူ့မွေးနေ့မှန်း မာန်တစ်ယောက်တည်းကသာ သိသည်။ မွေးနေ့လွန်ပြီး အတော်လေးကြာမှ စကားစပ်မိရင်းကနေ သူ့မွေးနေ့ ကျော်လွန်သွားပြီ ဖြစ်ကြောင်း သိရှိသွားကြသည်။ သူ့မွေးနေ့ ကျော်သွားပေမဲ့ ထိုစဉ်က ဦးသော်ကသည် သူ့အတွက် စိမ်းနုရောင် mp3 တစ်ခု လက်ဆောင်အနေနှင့် ဝယ်ပေးခဲ့သည်။ သူ အားနာလွန်းသဖြင့် ငြင်းဆန်ပေမဲ့ ပြောမရသည့်အဆုံး လှိုင်း လက်ခံလိုက်ရသည်။
လှိုင်းအတွက် သံစဉ်များသည် ထူးခြားသည်။ သူ့နာမည်၌ နေသားတကျ ရှိနေသော သံစဉ် ဆိုသည့် အရာများသည် သူ့ဘဝအတွက် မရှိမဖြစ် အရေးပါနေမှန်း mp3 လက်ဆောင်ရမှ လှိုင်း သဘောပေါက်ခဲ့သည်။ သူသည် မာန့်ကဲ့သို့ သီချင်းနားထောင်ရင်း ကိုယ်တိုင်လိုက်ဆိုရသည်ကို မနှစ်သက်ဘဲ သည်တိုင်း နားကြပ်လေးဖြင့် သီချင်းနှင့် ဆိတ်ငြိမ်စွာ စီးမျောရသည်ကို သဘောကျသည်။ သို့သော် မာန်၏ မွေးနေ့မှ စ၍ သူသည် မာန့်တစ်ယောက်တည်းအတွက် မူပိုင် ကက်ဆက်အဖြစ် အသုံးတော်ခံရသည်။ ညတိုင်း မာန်က သူ သီချင်းဆိုပြမှ အိပ်တတ်သကဲ့သို့ တစ်ခါတလေ မထင်လျှင် မထင်သလို သီချင်းဆိုခိုင်းတတ်သေးသည်။
လှိုင်း ရေချိုးခန်းထဲမှ ပြန်ထွက်အလာ၌ မာန်က အိပ်နေဆဲမို့ လှိုင်းသည် သူ၏ နေ့စဉ် တာဝန်များကို အစီအစဉ်တကျ ဆောင်ရွက်လိုက်တော့သည်။ မာန် အိပ်ရာ နိုးသော်လည်း လှိုင်း၏ မွေးနေ့ကို မမှတ်မိသည်မို့ သာမန်နေ့တစ်နေ့ကဲ့သို့သာ ဖြတ်သန်းနေကြသည်။ လှိုင်းအတွက်လည်း မွေးနေ့ ဆိုသည်မှာ သာမန်နေ့တစ်နေ့နှင့် မခြားပေ။
ယနေ့ ကျောင်းမှအပြန် ကျူရှင် မရှိသောကြောင့် ကျောင်းဆင်းသည်နှင့် လှိုင်းနှင့် မာန်တို့ အိမ်တန်းပြန်ခဲ့ကြသည်။ အိမ်ပြန်လမ်း၌ မာန်က ကားနောက်ခန်း၌ လှဲကာ မှေးစက်လာခဲ့ပြီး လှိုင်းကမူ mp3 ထဲမှ 'လမင်းနဲ့ ပင်လယ်' သီချင်းကိုသာ အထပ်ထပ်အခါခါ နားဆင်ရင်း လိုက်ပါလာခဲ့သည်။ အိမ်ပြန်ရောက်သောအခါ နေ့လည် ၁၂ နာရီခွဲကျော်နေပြီ ဖြစ်သဖြင့် ဦးမင်းဉာဏ်နှင့် ဒေါ်သီတာတို့ နေ့လည်စာ စားပြီးကြပြီ ဖြစ်သည်။
"ဟိတ်ရောင် မြန်မြန်စား။ ပြီးရင် အင်္ကျီမြန်မြန် သွားလဲ။ ကောကောလာခေါ်လိမ့်မယ်။"
၂၄ နာရီလုံး အလောသုံးဆယ်နှင့် ဘာကို လောမှန်းမသိ လောနေတတ်သည့် မာန်ကြောင့် လှိုင်းလည်း စားလက်စ ထမင်းကို အမြန် လက်စသတ်ကာ အိပ်ခန်းထဲ အမြန်ပြေးပြီး အင်္ကျီလဲလိုက်ရတော့သည်။ ပြီးနောက် မာန့်ကို အဝတ်အစား လဲကူပေးနေရင်း မနေနိုင် မထိုင်နိုင် စပ်စုကြည့်မိတော့ အဟောက်ခံရလေရဲ့။
"ကိုရိပ် ဘယ်သွားမလို့လဲ။"
"ယောင်္ကျားလေး ဖြစ်ပြီး စပ်စုလိုက်တာကွာ။ မမေးနဲ့ ... ငါနဲ့သာ လိုက်ခဲ့။ ရောက်ရင် သိမှာပေါ့။"
"ဟုတ် ကိုရိပ်"
"ကိုရိပ်က ထစ်ခနဲရှိ အရမ်းဟောက်တာပဲ" ဟု လှိုင်း ပြောချင်သော်လည်း သိချင်လို့ မေးသည်ကိုတောင် ဆူဆူပူပူ လုပ်နိုင်လွန်းသည့် မာန့်ကြောင့် လှိုင်း ငြိမ်နေလိုက်ရသည်။ ခဏအကြာတော့ ဒေါ်သူဇာဝင်း ရောက်လာပြီး မာန်တို့ နှစ်ယောက်စလုံးကို ကားနှင့် တင်ခေါ်သွားသည်။ ဘယ်ဆီဘယ်ဝယ် မသိရဘဲ ခေါ်ဆောင်ရာသို့သာ လှိုင်း လိုက်ပါလာရာ ဒေါ်သူဇာဝင်း၏ ကားသည် တစ်နေရာတွင် ရပ်သွားကာ မာန်နှင့်အတူ လှိုင်း ကားပေါ်မှ ဆင်းလိုက်သည်။ ရှေ့မှ ဦးဆောင်ခေါ်သွားသော ဒေါ်သူဇာဝင်းနောက် လိုက်သွားရာ "ရွှေမြန်မာ" အမည်ရှိသော မျက်စိဆေးခန်းတစ်ခု ဖြစ်နေသည်။ နားမလည်နိုင် ဖြစ်နေရသော်လည်း ဒေါ်သူဇာဝင်းနှင့် မာန့်နောက်ကိုသာ လှိုင်း နှုတ်ဆိတ်လျက် ဆက်လက် လိုက်ပါလာလိုက်သည်။
"လှိုင်း ..ဟိုအခန်းထဲ ဝင်သွားလိုက်နော် သား။"
ဒေါ်သူဇာဝင်းက လှိုင်းကို အခန်းတစ်ခန်းဆီ လက်ညှိုးညွှန်ပြရင်း ပြောသောအခါတွင်တော့ လှိုင်း မေးခွန်းပြန်ထုတ်ရတော့သည်။
"အန်တီသူဇာ ဘာအတွက်လဲဗျ။"
"သားကို မျက်မှန် လုပ်ပေးမလို့လေ။"
"ဗျာ"
"သား အဝေးဆို သေချာ မမြင်ရဘူး မဟုတ်လား။"
"ကျွန်တော် မြင်ရပါတယ် အန်တီသူဇာ။ မျက်မှန် မလိုပါဘူးဗျ။"
"လျှာမရှည်နဲ့ လှိုင်း။ မျက်မှန် လိုတယ် မလိုဘူးဆိုတာ မင်း ဆုံးဖြတ်ရမှာ မဟုတ်ဘူး။ ဆရာဝန်က ဆုံးဖြတ်ပေးလိမ့်မယ်။ အဲ့အခန်းထဲ ဝင်သွား။"
"ကိုရိပ် ..."
"မင်း ဝင်မလား။ ဒါမှမဟုတ် ငါ ပါပါးနဲ့ တိုင်ပြောရမလား။"
"ဝင် ... ဝင်ဆိုလည်း ဝင်ပါ့မယ် ကိုရိပ်ရယ်။ ဦးနဲ့တော့ ပြန်မတိုင်ပါနဲ့နော်။"
အလန့်တကြား ဟန့်တားပြီး မဆိုင်းမတွ အခန်းကျဉ်းထဲ ဝင်သွားသည်။ စမ်းသပ်စရာ ရှိသည်များကို စမ်းသပ်ခံပြီးချိန်မှသာ ထိုအခန်းထဲမှ ထွက်လာသည်။ ထွက်လာတော့ မာန့်ကို ဘာမှ ထပ်မမေးဘဲ ထုံပေပေသာ စိုက်ကြည့်နေသည်။ ပြီးနောက် သူ့ကို ဆေးခန်းမှ အစ်မက လှမ်းခေါ်တော့ ထိုအစ်မ ခေါ်ဆောင်သွားရာ အခန်းထဲ အထွန့်မတက်ဘဲ လိုက်ပါသွားသည်။ မာန်ကပါ လှိုင်းနောက်မှ လိုက်သွားကြည့်တော့ လှိုင်းက မာန့်ကို သတိထားမိဟန် မတူ။ သူ့ရှေ့ရှိ မှန်ကို ကြည့်ရင်း တုတ်ရှည်ကြီးကို ကိုင်ကာ အစ်မတစ်ယောက်က ထောက်ပြနေသည့် စကားလုံးများကို ပြန်ဖြေနေရသည်နှင့် လှိုင်းတစ်ယောက် မအားမလပ် ဖြစ်နေသည်။ ထိုနေရာမှ ထပြီး မျက်စိဆရာဝန်ကြီး၏ စမ်းသပ်မှုကို လှိုင်း ဆက်လက် ခံယူရသေးသည်။
"အပြင်မှာ ခဏစောင့်နေနော်။"
ဆေးခန်းမှ အစ်မက လှိုင်းကို ပြောရင်း အခန်း အပြင်ဘက်သို့ ထွက်သွားသည်။ ထိုအခါမှ လှိုင်းလည်း ဆရာဝန်ကြီးရှေ့မှ ထထွက်လာလိုက်သည်။ အခန်းအဝင်အဝ၌ ရပ်နေသည့် မာန့်ကိုလည်း "ကိုရိပ် ဦးကို ပြန်မတိုင်ပါနဲ့နော်" ဟု ပြောဖြစ်အောင် ပြောလိုက်သေးသည်။ ထိုစကားကြားတော့ လှိုင်း မမြင်အောင် မာန် ခိုးပြုံးမိသည် ... ပုတက်လေးက ခြိမ်းခြောက်တော့လည်းကြောက်တတ်သားပဲ။
မာန်တို့ အခန်းထဲမှ ထွက်လာပြီး မကြာမီပင် ဆေးခန်းမှ အစ်မက ဒေါ်သူဇာဝင်းတို့ကို ခေါ်ပြောသည်။
"ကလေးက ညာဘက် ပါဝါ ၁၅၀ ၊ ဘယ်ဘက် ပါဝါ ၁၀၀ ရှိနေတယ် အစ်မ။ မျက်မှန် လုပ်ရမယ်နော်။"
"ကြားလား လှိုင်း။ ပါဝါ ရှိနေတယ်တဲ့။ မင်းအဲ့တာကြောင့် whiteboard ကို မမြင်ရတာ။"
မာန်က ပြောတော့ လှိုင်းက တအံ့တဩ ပြန်ငေးကြည့်နေသည်။ မအူမလည် ဖြစ်နေပုံက တကယ့်ကို ကတ်မောင်တိန်မောင်တိန်ပဲ။
"လှိုင်း ..မျက်မှန်တွေ လာရွေးလေ သား။"
ဒေါ်သူဇာဝင်းက ခေါ်သောအခါ မျက်မှန်မျိုးစုံ နေရာယူထားသည့် မှန်ဘောင်များအနားသို့ လှိုင်း ချဉ်းကပ်သွားမိသည်။ အမျိုးသား မျက်မှန် ဒီဇိုင်း အမျိုးမျိုးကို ဆေးခန်းမှ အန်တီကြီးက မှန်ဘောင်ထဲမှ ထုတ်ပေးသည်။ လှိုင်း စိတ်ညစ်သည် ... မျက်မှန် မတပ်ချင်ပါဘူးဆို မာန့်ကြည့်ရတာလည်း ပြောလို့ ရမည့်ပုံ မပေါ်။
"ဒါတွေက တစ်ခု ဘယ်လောက်လောက် ရှိလဲ အန်တီ။"
မျက်မှန်ရွေးရမည့်အစား အန်တီကြီးကို အင်တာဗျူး ဝင်နေသည့် လှိုင်းကို မာန် လူရှေ့သူရှေ့ ငေါက်ရသေးသည်။
"အန်တီ သူ့ကို ဈေးမပြောပြပါနဲ့။ လှိုင်းသံစဉ် ..လျှောက်မေးမနေနဲ့။ ရွေးစရာ ရှိတာသာ မြန်မြန် ရွေး။"
မျက်မှန်များကို တွေငေးနေသောကြောင့် မာန် အားမလို အားမရ ဖြစ်စွာဖြင့် သူနှင့် လိုက်ဖက်လောက်မည့် မျက်မှန်များကို တပ်ခိုင်းကြည့်ရသည်။ တကယ်ပဲ ... မျက်မှန်များကို သေချာ စိုက်ကြည့်နေပုံက မျက်မှန်ရွေးခိုင်းသည်ကို သူ့အတွက် ချစ်သူ ကောင်မလေး ရွေးခိုင်းနေသည်များ ထင်မှတ်နေလား မသိ။
"မျက်မှန်က တပ်ကြည့်မှ လိုက် မလိုက် ဆိုတာ သိမှာပေါ့ ပုတက်ရ။ ရော့ ဒါတွေ တပ်ကြည့် ... ဒီမှာ မှန်။"
မာန်က စိတ်မရှည်သလို ပြောလာမှ မာန့်ရွေးထုတ်ပေးသည့် မျက်မှန်များကို လှိုင်းက တစ်ခုပြီး တစ်ခု တပ်ကြည့်သည်။ လှိုင်းက မျက်မှန်အဝိုင်းထက် စာလျှင် လေးထောင့်မျက်မှန်ကိုင်းက သူ့မျက်နှာသွယ်သွယ်နှင့် ပိုလိုက်ဖက်သလိုပဲ။ မာန် ထင်သလို ဒေါ်သူဇာဝင်းကလည်း လှိုင်းကို လေးထောင့်မျက်မှန်နှင့် ပိုလိုက်ဖက်သည်ဟု ဆိုသည်။
"မင်း ကြိုက်တဲ့ ဒီဇိုင်းကို ရွေး။"
မာန်က ပြောသည့်အချိန်ကျမှ လေးထောင့်မျက်မှန်ကိုင်းများကို တစ်ဖန် ထပ်တပ်ကြည့်သည်။ လုပ်ပုံကိုင်ပုံက နှေးကွေးသည်မှာ အရင်ဘဝက လိပ်သေ၍ ဝင်စားထားသည် ထင်မှတ်ရလောက်သည်အထိ။ မျက်မှန်တစ်ခါ ရွေးဖို့ အချိန်အတော်ကြာ ယူပြီးကာမှ အညိုဖျော့ဖျော့၌ အမည်းအစင်းများ ခပ်ကျဲကျဲ ပါရှိနေသော ကော်မျက်မှန်ကိုင်းကို အန်တီကြီးဘက်သို့ ကမ်းပေးသည်။
"ကျွန်တော် ဒါယူမယ် အန်တီ။ အဲ့တာ ဘယ်လောက်လဲ ခင်ဗျ။"
"အန်တီ မျက်မှန်က အခုတစ်ခါတည်း ယူသွားလို့ ရမလား။"
လှိုင်းက အန်တီကြီးအား မေးနေသည်ကို မာန် ဖြတ်ပြောလိုက်ရသည်။ လှိုင်းသံစဉ် ဆိုသည်မှာ အမှန်စင်စစ် ရှည်ကြောတာပါ ... မျက်မှန်က ဘယ်လောက်ဖြစ်ဖြစ် သူ့အရေးလား။
"မျက်မှန်ကို ညနေမှ ပြန်လာယူလို့ ရမယ်။ အခုက ပါဝါ ထည့်ပြီး မှန်လဲရမှာမို့လို့ ချက်ချင်း မရသေးဘူး သား။"
"ဟုတ်"
"အန်တီ ... ဒါ ..."
"ကောကော ..သားကို ကားသော့ ပေးလိုက်ပါလား။ သားတို့နှစ်ယောက် ကားပေါ်မှာ သွားစောင့်နေမယ်။"
လှိုင်းကို မာန်က စကား ပေးမပြော။ ဈေးနှုန်းမေးရန် အစချီလာသော စကားစမှာ ထပ်မံ ပြတ်တောက်သွားရပြန်သည်။ ဒေါ်သူဇာဝင်းက မာန့်လုပ်ရပ်ကို ကြည့်ကာ ပြုံးရင်း သူမပိုက်ဆံအိတ်ထဲမှ ကားသော့ကို ထုတ်ပေးသည်။
"မင်း ငါနဲ့ လိုက်ခဲ့။ ဒီမှာ မင်းကိစ္စ မရှိတော့ဘူး။"
ရွေးထားသည့် မျက်မှန်ကို အကြည့်မခွါနိုင် ဖြစ်နေသည့် လှိုင်း၏ လက်ကို ဆွဲကာ ဆေးခန်းအပြင်သို့ ထွက်လာလိုက်ရတော့သည်။ လှိုင်းသံစဉ် ဆိုသည့် ငနဲလေးက ဈေးနှုန်းကို သိတော့ သူက ဘာလုပ်မလို့လဲ ... တကယ်ပဲ ၊ လူကို စိတ်တိုအောင် သိပ်လုပ်နိုင်သည်။
"ကိုရိပ် ..ကျွန်တော် ..."
ကားတံခါးဖွင့်ကာ ကားထဲ ဝင်ထိုင်နေရင်းမှ မာန့်ကို တစ်ခုခု ပြောလိုဟန်ဖြင့် လှိုင်းက စကားစလာသည်။
"Happy birthday လှိုင်း။ မွေးနေ့မှာ ပျော်ရွှင်ပါစေ။"
"ဗျာ"
ပါးလျလျ နှုတ်ခမ်းဖျားမှ တစ်ဆင့် တအံ့တဩ ပွင့်ထွက်လာသော အာမေဋိတ်သံမှာ တိုးညှင်းညှင်း ဆိုသော်လည်း အံ့ဩမှု ရာနှုန်းပြည့် ထည့်သွင်းခံထားရသည်။ မာန့်ကို တွေကာ ငေးနေသည့် ပြူးကျယ်သွားသော မျက်ဝန်းညိုတို့၌ အမျိုးအစား မတူညီသည့် တိမ်ခိုးတိမ်ငွေ့များစွာ ရောနှော တည်ရှိနေသည်။
"မင်းမျက်မှန်ရဲ့ ဈေးကိုတော့ ငါ့ကို လာမမေးနဲ့ လှိုင်း။ ငါ ပြောမှာ မဟုတ်ဘူး။ ဘာလို့ဆို မင်းရဲ့ ဒီနေ့ မွေးနေ့အတွက် အဲ့ဒီမျက်မှန်က ငါပေးတဲ့ မွေးနေ့လက်ဆောင်ပဲ။ မင်း မျက်မှန် မတပ်ချင်မှန်းတော့ ငါ သိသားပဲ။ ဒါမဲ့ မင်းအတွက် လိုအပ်လို့ ငါက လက်ဆောင်ပေးတာ။ ငါက ငါပေးတဲ့ ပစ္စည်းကို ငြင်းတာ မကြိုက်ဘူး ..ကြားလား။"
ခေါင်းလည်း မညိတ် ခေါင်းလည်း မခါဘဲ ရီဝေဝေသာ တွေငေးကြည့်နေတော့ မာန် နေရခက်လာသည်။ မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသူ၏ နဖူးကို လက်ဖြင့် ခပ်ဖွဖွ တောက်လိုက်တော့မှ ငြိမ်သက်နေရာက သတိပြန်ဝင်လာသလို လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။
"ဟိတ်ရောင်"
ကျန်သည့်အချိန်တွင် မာန်က စကား ပီသော်လည်း "ဟိတ်ရောင်" ဟု ခေါ်လိုက်ချိန်တိုင်း မပီမသ ဝဲတဲတဲ ထွက်ပေါ်လာတတ်သော လေယူလေသိမ်းကြောင့် လှိုင်း မျက်ရည်ပင် ဝဲလာသည်။
"ကိုရိပ် ..ကျေးဇူးအများကြီးတင်ပါတယ်။"
"ကျေးဇူးကို နောက်ထား။ ငါ တစ်ခု ကြိုမှာမယ်နော် လှိုင်း ..မင်း ညနေ မျက်မှန်ရလာရင် မျက်မှန်ကို မတပ်ချင်ရင်တောင်မှ ချွတ်ထားလို့ မရဘူး ကြားလား။ မင်းမျက်လုံးက ပါဝါ ၁၀၀ ၊ ၁၅၀ လောက်ရှိနေတာ။ ငါ ကြားဖူးသလောက် မျက်မှန်က တပ်လိုက် ချွတ်လိုက် လုပ်ရင် ပါဝါက ထပ်တိုးလာတတ်တယ်တဲ့။ အဲ့တော့ မင်း မျက်မှန်ကို အမြဲ တပ်ထားမှ ရမယ် ... ငါ ပြောတာ နားလည်လား။"
"ဟုတ်"
သူ ပြောတာ နားမလည်ရအောင် လှိုင်းက ယခုမှ စကားစပြောတတ်သည့် သုံးနှစ်အရွယ် ကလေးပေါက်စနမှ မဟုတ်ဘဲ။ ဆရာကြီးအထာနှင့် ဆုံးမဩဝါဒ ချွေနေပုံကို မြင်ရတော့ လွန်ခဲ့သော တစ်နှစ်ကျော်ခန့်က အခန်းအောင်းကာ ရှိုက်ကြီးတငင် ငိုနေသည့် ပုံရိပ်က မျက်လုံးထဲ ပြန်ပေါ်လာသေးသည်။
ခဏအကြာတော့ ဒေါ်သူဇာဝင်း ရောက်လာပြီး ဆိုင်တစ်ဆိုင်ဆီ ခေါ်သွားသည်။
"သား ဘယ်ဟာ ယူမလဲ။"
လှိုင်း၏ မျက်စိရှေ့ မြင်နေရသည့် ကိတ်မုန့်များမှာ ဆိုဒ်မျိုးစုံ ၊ ဒီဇိုင်းမျိုးစုံ ၊ အရောင်အသွေးမျိုးစုံဖြင့် အမြင်တင့်နေသည်။ အနားမှာ အဖွား မရှိတော့သည့် မွေးနေ့ကို ယခုလိုမျိုး ဖြတ်သန်းခွင့် ရလိမ့်မည်ဟု လှိုင်း တစ်ခါမှ မစဉ်းစားခဲ့ဖူးပေ။
သူ မွေးဖွားသော နေ့သည် သူ၏ မိခင်ဖြစ်သူ ဘဝတစ်ပါးသို့ ကူးပြောင်းသွားသော နေ့။ မွေးနေ့ရောက်လျှင် အမြဲလိုလို ကြားချင်နေခဲ့သော အဖေ့ဆီမှ မွေးနေ့ဆုတောင်းသံအစား 'မင်းကြောင့် ငါ့မိန်းမ သေတာ' ဟု မညှာမတာ အပြစ်ဖို့ ပြောဆိုသည့် အဖေ့၏ စကားသံများကသာ နားထဲ ပြည့်လျှံနေခဲ့ဖူးသည်။ သူ၏ မွေးနေ့မှာ သူ့ကို မွေးဖွားနေရင်းမှ ဆုံးပါးသွားခဲ့ရသော မိခင်ဖြစ်သူအတွက် ဝမ်းနည်းပူဆွေးခြင်းနေ့တစ်နေ့ ဖြစ်သည့်အလျောက် မွေးနေ့ဆိုသည်မှာ လှိုင်းအတွက်တော့ ပျော်ရွှင်စရာထက် စိတ်ဆင်းရဲစရာများ ပိုမို အလေးသာသည့် နေ့တစ်နေ့ ဖြစ်သည်။ မွေးနေ့ကိတ် ဆိုရာတွင်လည်း မှတ်မှတ်ရရ အဖွားက သူမ ခြစ်ခြစ်ကုပ်ကုပ် စုထားခဲ့သည့် ငွေများဖြင့် ကိတ်မုန့်အသေးလေးကို နှစ်တိုင်း မရမက ဝယ်ဖြစ်အောင် ဝယ်ပေးခဲ့ဖူးသည်။
ရစ်သိုင်းလာသော မျက်ရည်များကြောင့် လှိုင်း၏ အမြင်အာရုံများ ဝေဝါးလာရသည် ... သူသည် အဖေတို့နှင့် စပ်လျဉ်းလာလျှင် အမှန်တကယ် ပျော့ညံ့သည့် လူတစ်ယောက်။ ဒေါ်သူဇာဝင်းကိုရော မာန့်ကိုပါ ပျော့ညံ့နေသည့် ပုံစံကို မမြင်စေလိုသောကြောင့် ခေါင်းကို ငုံ့ကာ မျက်ရည်ကြည်များကို ကွယ်ဝှက်ရန် ကြိုးစားနေမိသည်။
"ဟိတ်ရောင် ..ခေါင်းကြီးပဲ ငုံ့မနေနဲ့လေ။ ဘာကိတ်မုန့် စားမှာလဲ။"
မာန့်စကားသံကို လှိုင်း ကြားသည်။ သို့သော် ခေါင်းကို ဆက်လက် ငုံ့ငိုက်ထားမိနေဆဲ။ မျက်ရည်များကလည်း သူ့ကိုဆို ဘယ်တုန်းကမှ သစ္စာမရှိတတ် ... အမြဲတစေ အလွယ်တကူ ကျဆင်းလေ့ ရှိကြသည်။
"လှိုင်း ..သား ဘာဖြစ်လို့လဲ။"
ပုခုံးတစ်ဖက်ကို တယုတယ ဆုပ်ကိုင်ရင်း မေးလာသည့် ဒေါ်သူဇာဝင်းကို မော့မကြည့်ဘဲ ခေါင်းကိုသာ တွင်တွင်ခါနေမိသည်။
"ဟိတ်ရောင် ..ခေါင်းမော့စမ်း။"
ပါးစပ်က ပြောလည်းပြော ၊ လှိုင်းရှေ့ လာရပ်ပြီး လက်ဖြင့် မေးစေ့ကို မော့လိုက်တော့ မာန်နှင့် လှိုင်း အကြည့်ချင်း ဆုံသွားရသည်။ မျက်ရည်ကြည်များဖြင့် အရောင်လဲ့နေသော မျက်ဝန်းညိုများသည် နီဆွေးရီဝေနေသည်။
"မင်း ... မင်း ငိုနေတာလား လှိုင်း။"
လှိုင်း၏ မျက်ဝန်း၌ ရစ်သိုင်းနေသော မျက်ရည်စများသည် မာန့်ကို သွေးပျက်သွားစေသည်။
"ဟင့်အင်း မငိုပါဘူး။"
မာန် မလွှတ်တမ်း ကိုင်ထားသည့် မေးစေ့မှ မာန်၏ လက်ကို လှိုင်းက အသာအယာ ဖယ်ရှားရင်း ခေါင်းပြန်ငုံ့သွားသည်။
"သား ဘာလို့ ငိုနေတာလဲ။ အန်တီ့ကို ပြောလေ။"
စေတနာကို စော်ကားမိသလို ၊ လျစ်လျူရှုမိသလို ဖြစ်နေမှန်း သိသဖြင့် ဒေါ်သူဇာဝင်းကို လှိုင်း အားနာသည်။ သို့သော် ခေါင်းမဖော်မိဘဲ ခေါင်းကိုသာ တွင်တွင်ခါနေမိသည်။
"ကောကော ..ကိတ်မုန့်ကို ချောကလက်ပဲ လုပ်လိုက်ပါ။ သား လှိုင်းနဲ့ ဆိုင်အပြင်ဘက်မှာ ရှိနေမယ်။"
"အဝေးကြီးတော့ လျှောက်မသွားနဲ့နော် မာန်။"
"ဟုတ်။ လာ ..မင်း ငါနဲ့ လိုက်ခဲ့ လှိုင်း။"
ဇက်ကျိုးမတတ် ခေါင်းငုံ့ထားသည့် လှိုင်း၏ လက်ကောက်ဝတ်ကို ဆွဲကာ ဆိုင်အပြင်သို့ ခေါ်ထုတ်လာလိုက်ရသည်။ ဆိုင်ပြင်ရောက်သောအခါ ကားနှစ်စီးကြား တိုးဝင်ပြီးသည့်အချိန်မှ တင်းတင်းကျပ်ကျပ် မဟုတ်သည့်တိုင်အောင် အားပါပါ ဆွဲလာခဲ့သည့် လှိုင်း၏ လက်ကို ကင်းလွတ်ခွင့်ပေးလိုက်သည်။
"လှိုင်း ..ငါ့ကို သေချာ ကြည့်စမ်း။ မင်း ဘာလို့ ငိုနေတာလဲ။"
ဆိုင်ပြင်ရောက်တော့လည်း ခေါင်းကို ငုံ့ထားဆဲ ဖြစ်သည့် လှိုင်း၏ မျက်နှာအား လက်နှစ်ဖက်ဖြင့် ကိုင်ရင်း မာန်နှင့် အကြည့်ချင်း ဆုံစေလိုက်သည်။ ထိုအခါ ထိန်းထားသော မျက်ရည်ကြည်များ မျက်လုံးအိမ်အတွင်းမှ ခုန်ဆင်းလာတော့၏။ တစ်ချိန်တည်းမှာပင် တုန်ယင်လှုပ်ခတ်နေသော နှုတ်ခမ်းဖျားများမှ တိုးလျလျ စကား ဆိုသေးသည်။
"ကျွန်တော် မငိုပါဘူး ကိုရိပ်ရယ်။ ငိုလည်း မငိုချင်ဘူး။ ဒါမဲ့ ... ဒါမဲ့ မျက်ရည်က သူ့အလိုလို ဝဲပြီး ကျလာတာ ... ငိုချင်လို့ မဟုတ်ပါဘူး။"
ဝမ်းပန်းတနည်း ပြောနေသည့် ပုံစံကြောင့် မာန်၏ ဘယ်ဘက် ရင်အုံ၌ အောင့်တက်လာရသည်။ ဒါ မာန် ဒုတိယအကြိမ် မြင်တွေ့ရသည့် လှိုင်း၏ မျက်ရည်များ။ ဓာတ်ပုံကို ဖျက်ဆီးခဲ့သည့် အခိုက်အတန့်မှ လွဲ၍ မာန် စကားလုံးများဖြင့် စော်ကားခဲ့လျှင်တောင် မျက်နှာတစ်ချက် မပျက်ဖူးသူ ၊ မာန် ကိုယ်ထိလက်ရောက် ထုရိုက်နေလျှင်တောင် တစ်ခါမှ မညည်းတွားဖူးသူ ၊ မာန် ဘယ်လိုပဲ အနိုင်ကျင့်ကျင့် ထုံပေပေ မျက်နှာဘေးနှင့် အမြဲ သည်းခံကာ မာန့်အလိုများကို မရရအောင် ဖြည့်ဆည်းပေးတတ်သူ။ ဤကဲ့သို့သော လူက ယခုတော့ မျက်ရည်များကို အဖော်ပြုနေသည်။ မာန့်ကို ငေးကြည့်နေသည့် မျက်လုံးများမှ တသွင်သွင် စီးကျနေသော မျက်ရည်များကို မာန် မသုတ်ပေးဖြစ်ဘဲ လှိုင်းကို ဖက်ထားပေးလိုက်မိသည်။ ထိုအခါ မာန့်ထက် အရပ်ပုသည့် လှိုင်း၏ မျက်နှာသည် မာန့်ပုခုံးနှင့် အပ်လျက် ဖြစ်သွားသည်။
မာန်က ရုတ်တရက် ဖက်လိုက်သော်လည်း လှိုင်းက မရုန်းဘဲ ရင်ခွင်ထဲ ငြိမ်သက်နေသည်။ လူက ငြိမ်သက်နေသည် ဆိုပေမဲ့ လှုပ်ရှားမှု အနည်းငယ် ဖြစ်ပေါ်နေသည့် ကျောပြင်ငယ်ကို မာန် လက်တစ်ဖက်ဖြင့် ပွတ်သပ်ပေးနေမိသည်။
မာန် ယခု ဘာတွေ လုပ်နေမိမှန်း ကိုယ့်ကိုကိုယ်တောင် သေချာ နားမလည်တော့ဘူး။ လှိုင်းကို မျက်ရည်မိုးများ ရွာအောင် မာန်ကိုယ်တိုင် လုပ်ဖူးသည် မှန်သော်လည်း ယခုချိန်၌ လှိုင်းအပေါ် မာန် မုန်းတီးနာကျည်းစိတ်များ အလျဉ်းမရှိတော့။ သို့ဖြစ်ပါ၍ လှိုင်း ငိုနေသည်ဆိုသည့် အသိသည် ထူးဆန်းစွာဖြင့် မာန်၏ စိတ်အစဉ်ကို ခြောက်ခြားစေသည် ၊ မယုံကြည်နိုင်စရာ ကောင်းစွာဖြင့် တည်ငြိမ်နေသော အာရုံကို ပျက်ပြားစေသည်။ လှိုင်း၏ မျက်ရည်ကို မြင်ရသည့် အခိုက်အတန့်သည် ယခုအချိန်၌ မာန့်ကို အရာရာ ဆုံးရှုံးသွားသော လူတစ်ယောက်၏ ပူဆွေးသောကနှင့် ထပ်တူကျသည့် ခံစားချက်မျိုးကို ပေးစွမ်းနိုင်သည်။ ထို့ကြောင့် အတတ်နိုင်ဆုံး အထိရောက်ဆုံး ဖြစ်မည် ထင်သည့် နည်းဖြင့် လှိုင်းကို နှစ်သိမ့်ပေးနေမိသည်။
"ဘာမှ မဖြစ်ဘူး ..ငိုချလိုက်။ စိတ်တိုင်းကျ ငိုပြီး ဝမ်းနည်းစရာ မှန်သမျှကို ဖယ်ထုတ်လိုက်။ ငါ မင်းနားမှာ ရှိိနေတယ် လှိုင်း"
မာန်က နှစ်သိမ့်စကားဆိုမှ ပွတ်သပ်ပေးနေသည့် ကျောပြင်ငယ်က ပို၍ တုန်ယင်လာသလိုပဲ။ "77" ကိတ်မုန့်ဆိုင်အဝင်အဝကို ပိတ်ရပ်မထားသည့် ကားနှစ်စီး ကြား၌ ပူးကပ်နေသော ၁၃ နှစ်အရွယ် ကောင်လေးနှစ်ယောက်ကို တစ်ချို့ လမ်းသွားလမ်းလာများက သမင်လည်ပြန် ကြည့်သွားကြသော်လည်း မာန် ဘယ်သူ့ ထင်မြင်ချက်ကိုမှ ဂရုမပြုနိုင်။ လမ်းမဘက် ကျောခိုင်းထားကာ ရှိုက်နေသူကိုသာ လွတ်လပ်စွာ ငိုကြွေးခွင့် ပေးနေမိတော့သည်။
မိနစ်အနည်းငယ် ကြာမြင့်သည်အထိ ပူးကပ်နေပြီးမှ လှိုင်းက ရင်ခွင်ထဲက ဖယ်ခွါသွားသဖြင့် ထိကပ်နေသော ခန္ဓာကိုယ်နှစ်ခုကြောင့် မာန် ခံစားနေရသည့် ကိုယ်ငွေ့နွေးနွေးလေးအား မာန် လက်လွတ်ဆုံးရှုံးလိုက်ရသည်။ မြင်တွေ့လိုက်ရသော မျက်နှာမှာ ပူဆွေးမနေတော့သည့်တိုင်အောင် ဝမ်းနည်းရိပ်များ ကျန်ရှိနေသေးသည်။ သူ့ဘာသာ သူ ပါးထက် နေရာယူထားသည့် မျက်ရည်စီးကြောင်းများအား လက်ဖဝါးများဖြင့် ဖိသုတ်ရင်း လှိုင်းက မာန့်ကို တွေတွေကလေး ကြည့်လာသည်။
"ဆောရီး ကိုရိပ်။ ကိုရိပ်ရဲ့ အင်္ကျီ ..."
သူ ပြောမှ မာန် မိမိအင်္ကျီ ပုခုံးဆီ အကြည့်ရောက်မိသည်။ မျက်ရည်များ သာမက ဖြောင့်စင်းနေသော နှာထိပ်မှ စီးကျလာဟန် ရှိသည့် နှာရည်ကြည်များသည် မာန့်အင်္ကျီ ထောင့်နား၌ အကျည်းတန်စွာ တည်ရှိနေသည်။
လှိုင်းက စိုးရိမ်သည့် ဟန်ပန်၌ အားနာနေသည့် အရိပ်အယောင်များ ထည့်သွင်းပြောသည်ကို ကြည့်ရင်း မာန်၏ မျက်နှာ၌ ပြုံးရိပ်သန်းသွားသည်။ မဟုတ်သေး ... ထူးဆန်းစွာဖြင့် သူ၏ သွားတန်းဖြူလေးများ ပေါ်သည်အထိ သဘောတကျကို ပြုံးရယ်နေမိသည်။
"ဘာကို ပြုံးတာလဲ ကိုရိပ်"
"မင်း ကျန်တဲ့ ရက်တွေမှာ ဒီလို လုပ်လို့ကတော့ ငါ ခွင့်လွှတ်မှာ မဟုတ်ဘူး။ ဒီနေ့ မင်း မွေးနေ့ ဖြစ်သွားတာ ကံကောင်းသွားတယ် မှတ်။"
"ဟုတ်ကဲ့။ ကျွန်တော် တောင်းပန် ..."
"လှိုင်း ... ဒီမှာ ကြည့်စမ်း။"
အလကားနေ အလကား တောင်းပန်စကားကိုသာ ဆိုချင်နေသော နှုတ်ခမ်းများ ရပ်တန့်သွားစေရန် မာန် သူ၏ အင်္ကျီအောက်၌ ဝှက်ကာ ဆွဲထားသည့် ဆွဲကြိုးကို ထုတ်ပြလိုက်သည်။ ဆွဲကြိုးကို မြင်သည်နှင့် အံ့ဩကြည့်များ၌ ဝမ်းသာရိပ်များကို အချိုးတကျ ပေါင်းစပ်ကာ မာန့်ကို မော့ကြည့်လာသည်။
မာန် ဘယ်အချိန်ကတည်းက လှိုင်း မွေးနေ့လက်ဆောင် ပေးထားသည့် ဆွဲကြိုးကို ဆွဲထားသည်မသိ ... မွေးနေ့တုန်းက လက်ဆောင်ပေးစဉ်ကကျ မလိမ့်တပတ်ဖြင့် ဆွဲကြိုးကို ဘယ်ချောင်ထိုးထားသည် မသိရဘဲ။ ဒေါ်သူဇာဝင်း မလာခင် မာန့်ကို ကျောင်းဝတ်စုံ လဲပေးချိန်၌တောင် ဆွဲကြိုးမရှိသေး။ ဪ ... ဒေါ်သူဇာဝင်း လာခေါ်မှ တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် အိမ်ပေါ်ထပ် ပြေးတက်သွားသည့် မာန်၏ ကျောပြင်ကျယ်ကို လှိုင်းတောင် မျက်စိတစ်ဆုံး ငေးကြည့်နေခဲ့သည်။ ထိုစဉ်က လှိုင်းကို အသိမပေးဘဲ ဆွဲကြိုးသွားဆွဲဟန် တူသည်။
"ငါနဲ့ လိုက်လား။"
လှိုင်းခမျာ ဝမ်းသာလုံး ဆို့သွားလား မပြောတတ် ... စကားနှင့်ပင် အဖြေပြန်မပေးတော့ဘဲ ခေါင်းကိုသာ တဆတ်ဆတ် ညိတ်ပြနေသည်။
"လိုက်တယ်ဆိုလည်း ပြီးရော။ လာ ဆိုင်ထဲ ပြန်သွားမယ်။ တော်ကြာ ကောကော စိတ်ပူနေလိမ့်မယ်။"
မာန်က ပြောသောအခါ ခါတိုင်းလို အထွန့်မတက်ဘဲ အသာတကြည် နောက်မှ လိုက်ပါလာသည်။ ဆိုင်ထဲ ဝင်လာသည်ကို တွေ့တော့ ဒေါ်သူဇာဝင်းက လှိုင်းကို "ဘာဖြစ်တာလဲ သား" ဟု မေးသော်လည်း "ဘာမှ မဖြစ်ပါဘူးဗျ။ ကျွန်တော် အဆင်ပြေပါတယ်" ဟူ၍သာ စကားပြန်လာသည်။
မာန်တို့ ဆိုင်ထဲ ဝင်လာပြီး ခဏအကြာ၌ မှာထားသည့် ကိတ်မုန့် ရပြီ ဖြစ်သဖြင့် မာန်တို့ အိမ်ပြန်လာလိုက်သည်။ နှစ်ဦးစလုံး အိိမ်ပြန်လမ်းတစ်လျှောက် ဆိတ်ငြိမ်စွာ လိုက်ပါလာခဲ့ကြသည်။
"ရော့ မင်းကိတ်မုန့်။ ရေခဲသေတ္တာထဲ သွားထည့်ထား။ ညနေလောက်ကျမှ ခွဲမယ်။"
မာန်က ကမ်းပေးလာသည့် ကိတ်မုန့်ဘူးကို ဂရုတစိုက် ယူရင်း ဒေါ်သူဇာဝင်းကို ကျေးဇူးတင်စကား ပြောဖြစ်အောင် ပြောသွားသေးသည်။ ထို့နောက်မှ အိမ်ထဲသို့ ကျောခိုင်း ဝင်သွားသည်။ ဤကောင်စုတ်လေးက ကြက်တူရွေးလေးများလား ... အချိန်ပြည့် တောင်းပန်စကားနှင့် ကျေးဇူးတင်စကားကို တစ်လှည့်စီ ပြောနေပုံက ငရုတ်သီးစပ်စပ် ကျွေးခံထားရသည့် ကြက်တူရွေးတစ်ကောင်ကဲ့သို့ အမြဲ နှုတ်သွက်နေတတ်သည်။
"ကောကော မျက်မှန် သွားရွေးရင် သား လိုက်ခဲ့ရမလား။"
"မလိုက်နဲ့တော့လေ မာန်လေး။ ကောကောပဲ သွားရွေးပြီး လာပေးပေးမယ်။"
"ဟုတ် ... အဲ့တာဆို သား အထဲ ဝင်တော့မယ်။"
"အေးပါကွယ်။"
မာန် အိမ်ထဲ ဝင်မည် လုပ်မှ အတွေးတစ်စ ခေါင်းထဲ ကျူးကျော်လာသဖြင့် ဒေါ်သူဇာဝင်းအား သတိတရ မှာတမ်းခြွေရသေးသည်။
"ကောကော ခဏ ..ဟို ညနေ မျက်မှန် သွားရွေးရင်လေ မျက်မှန်နဲ့ ချည်ဖို့ ကြိုးပါ ယူလာပေးပါနော်။ လှိုင်းသံစဉ် မျက်မှန်မတပ်ချင်ပုံနဲ့ဆို ကြိုးတပ်မျက်မှန်မှ အဆင်ပြေမှာ။"
"ကောကော ကြိုးကိုပါ တောင်းခဲ့လိုက်မယ် သား။"
"ဟုတ် ကောကော"
ဒေါ်သူဇာဝင်း၏ ကား ခြံဝင်းထဲက ထွက်ခွါသွားမှ မာန် အိမ်ထဲ ပြန်ဝင်လာလိုက်သည်။
ညနေရောက်တော့ ဒေါ်သူဇာဝင်းက မျက်မှန်ကို ဝင်ပေးသည်။ မာန် မှာလိုက်သည့် ကြိုးလည်း အိတ်အကြည်လေးနှင့် တစ်ပါတည်း ပါလာသည်။ ကြိုးလေးမှာ မာန် ထင်ထားသလို သာမန် ကြိုးလေး မဟုတ်ဘဲ ပုလဲလုံးများထက် သေးသော အနက်ရောင်အလုံးလေးများ စီတန်းထားသည့် မျက်မှန်ကြိုးလေး ဖြစ်သည်။ ဒေါ်သူဇာဝင်းက သူမအိမ်၌ လုပ်စရာ ရှိသေးသည်ဟု ဆိုကာ မျက်မှန်ပေးပြီးသည်နှင့် ပြန်သွားသည်။
"လှိုင်း လာဦး"
ဒေါ်ဝင်းကို ထမင်းပွဲ ဝိုင်းပြင်ပေးနေသည့် လှိုင်းကို လှမ်းခေါ်တော့ ချက်ချင်း မာန့်မျက်စိရှေ့ ရောက်လာသည်။
"ရော့ တပ်ထား"
မျက်မှန်ဘူးထဲမှ သူ စိတ်ကြိုက်ရွေးထားသည့် မျက်မှန်ကို ထုတ်ပေးလိုက်တော့ ချက်ချင်းဆိုသလို အလိုမကျသည့် မျက်နှာဘေး ဖြစ်သွားသည်။
"ငါက တပ်လို့ ပြောနေတယ်လေ လှိုင်း"
လေသံမာဖြင့် မာန် နည်းနည်း ဟောက်လိုက်မှ မာန့်လက်ထဲက မျက်မှန်ကို ယူပြီး တပ်ကြည့်သည်။ မဖြစ်မနေ မျက်မှန်တပ်ရမည့် အခြေအနေ ရောက်နေသဖြင့် အတင်းအကျပ် တပ်ခိုင်းနေရသော်လည်း လှိုင်း မပြောနှင့် ၊ မာန်တောင် မျက်မှန် တပ်နေရသည့် လှိုင်း၏ အဖြစ်ကို မနှစ်သက်။ ပုံမှန် အကာအရံမရှိ ရှင်းလင်းစွာ မြင်တွေ့နေရသည့် မျက်ဝန်းညိုများသည် ယခု တပ်လိုက်သည့် မျက်မှန်ကြောင့် မာန်နှင့် တံတိုင်းခြားသွားသလို ခံစားရသည်။
"ကိုရိပ် ဒါကြီး တပ်တာ မူးတယ်ဗျ။"
မျက်မှန်ကို ပြန်ချွတ်ပြီး မတပ်ချင်သဖြင့် အကြောင်းပြချက် ရှာနေသော လှိုင်း၏ လက်ထဲမှ မျက်မှန်ကို မာန် ဆွဲယူပြီး အိတ်အကြည်လေးထဲ ထည့်ထားသည့် မျက်မှန်ကြိုးလေးကို ထုတ်ကာ မျက်မှန်ကိုင်းနှင့် တွဲပေးလိုက်သည်။ ဤသည်ကို နားမလည်သလို ပြူးကြောင်ကြောင်ဖြင့် လိုက်ကြည့်နေသေးသည်။ ကြိုးတပ်ပြီးသွားသောအခါ ကြိုးကို လှိုင်း၏ လည်ပင်း၌ ဆွဲကြိုးလိုမျိုး ဆွဲပေးလိုက်ပြီး မျက်မှန်ကို ကိုယ်တိုင် တပ်ပေးလိုက်တော့ ငြိမ်ခံနေရှာသည်။ မျက်မှန်ကိုင်းနှင့် သွယ်ထားသည့် ကြိုးလေးမှာ လှိုင်း၏ ပါးနှစ်ဖက်ဘေး၌ လည်တိုင်ရှည်ရှိရာဆီသို့ တွဲကျနေသည်။
"မူးတယ်ဆိုတာ မင်းမျက်မှန်က ပါဝါ ပါတာကိုးကွ။ မူးလည်း တပ်ထား ... နေသားကျသွားရင် အဆင်ပြေသွားလိမ့်မယ်။"
"ကိုရိပ် ... ဒီကြိုးကြီးက ဘာအတွက်လဲ။"
"မင်း မျက်မှန်ကို ချွတ်လိုက် တပ်လိုက်နဲ့ ပျောက်မှာစိုးလို့ ကြိုးနဲ့ လုပ်ထားတာ။ မျက်မှန်က ချွတ်လို့မရဘူး လှိုင်း။ အမြဲ တပ်ထားရမှာ ကြားလား။"
မနက်ကလည်း ဤစကားများ ပြောပြီးသွားသည်ကို ယခု ထပ်မံ ဩဝါဒ ခြွေနေသေးသည်။
"ဟုတ်။ ဒါဆို ကိုရိပ် ..ကျွန်တော် ညအိပ်ရင်ရော ..."
"ငတုံးရဲ့ ... ညအိပ်ရင်တော့ ချွတ်ရမှာပေါ့ကွ။ ဒီမျက်မှန်က ငါ မွေးနေ့လက်ဆောင် ပေးထားတာနော်် ..ကျိုးသွားတာတို့ ၊ ပျောက်သွားတာတို့ဆို မင်း သေမယ် မှတ်။"
"ဟုတ် ကိုရိပ်။ စိတ်ချပါ။ ကျိုးတာရော ပျောက်တာရော ဘာတစ်ခုမှ မဖြစ်စေရပါဘူး။"
"ပြီးရော"
မချွတ်နှင့်ဟု သတိပေးနေမိသော်လည်း မာန်ကိုယ်တိုင် ထိုမျက်မှန်ကို ချွတ်စေချင်နေသည်ကား ခက်သည်။ ဤပုံအတိုင်းဆို မျက်မှန်က အမြဲတပ်သွားရမည် ထင်သည်။ အချိန်ကြာလာလျှင် ငယ်ရုပ်မပျောက်သေးသည့် မျက်မှန် မတပ်ခင်က မျက်နှာ ပြောင်ရှင်းရှင်းကို မာန် မေ့သွားမည်တောင် စိုးရသည်။ ဟုတ်သား ... တွေးနေရင်းမှ ခေါင်းထဲ အတွေးတစ်ခု အချိန်ကိုက် ဝင်ရောက်လာသည်။
"မင်း ငါနဲ့ တစ်နေရာ လိုက်ခဲ့။"
အေးအေးဆေးဆေး စကားပြောနေရင်မှ တစ်ခုခုကို သတိရသွားဟန်ဖြင့် လှိုင်း၏ လက်ကို ဆွဲကာ ခြံထဲ ထွက်လာသည်။
"လေးပြုံး ..သားတို့ကို တစ်နေရာ လိုက်ပို့ပေး။"
ခြံဝင်းထဲ ပန်းပင်ရေလောင်းနေသည့် ဦးပြုံးအနား လျှောက်သွားကာ ပြောတော့ ဦးပြုံးက ခေါင်းညိတ်ပြရင်း "ဘယ်သွားချင်တာလဲ မာန်လေး" ဟု မေးလာသည်။
"ဓာတ်ပုံဆိုင်"
မာန်၏ စေညွှန်ရာအတိုင်း ဦးပြုံးက အနီးအနားရှိ ရေတာရှည်လမ်းသစ်ထဲမှ ဓာတ်ပုံဆိုင်သို့ မောင်းနှင်သွားသည်။ ဆိုင်ထဲ ဝင်သွားသောအခါ မာန့်စိတ်ကြိုက် ဓာတ်ပုံနှစ်ပုံ ရိုက်ကူးဖြစ်သည်။
တစ်ပုံက လှိုင်း၏ မျက်နှာထက် မျက်မှန် ကင်းမဲ့နေပြီး မာန့်၏ လည်တိုင်တစ်ဝိုက် ဆွဲကြိုး ကင်းလွတ်နေသည့် ပုံ။
ကျန်တစ်ပုံကတော့ မျက်မှန် ကင်းလွတ်ခြင်း မရှိသော လှိုင်း၏ မျက်နှာနှင့် ဆွဲကြိုး နေရာယူထားသည့် မာန့်လည်ပင်းတို့ ပါဝင်နေသည့် ပုံ။
ကိုယ်တစ်ပိုင်း ရိုက်ကူးခိုင်းလိုက်သည့် ပုံနှစ်ပုံကို ဆိုင်ရှင် ဦးလေးအား မာန် နောက်တစ်စုံ ထပ်ပွါးခိုင်းလိုက်သည် ... တစ်စုံက မာန့်အတွက် ၊ နောက်တစ်စုံက အငိုသန်သော မွေးနေ့ရှင်အတွက်။ ဓာတ်ပုံ ရိုက်မည် ပြောတုန်းကတော့ အင်း၊ အဲနှင့် အကျောက်အကန် ငြင်းဆန်နေသူက ဓာတ်ပုံများ ရလာပြန်တော့ သဘောတကျ ပြုံးနေသည်။ မြင်ရခဲသော အပြုံးကိုမှ အသားမကျသေးသည့် မျက်မှန်နှင့် ယှဉ်တွဲ မြင်လိုက်ရသောအခါ တစ်မျိုးတစ်ဖုံတော့ နှစ်လိုဖွယ် ကောင်းနေသည်။ ပြောမဲ့သာ ပြောတာ ... တော်တော်များများက မျက်မှန်တပ်လိုက်လျှင် အရုပ်ဆိုးသွားတတ်သော်လည်း အနှီငနဲလေးကတော့ မျက်မှန်နှင့် ကြည့်ကောင်းနေသည်။ ဘယ်လိုပြောရမလဲ ... တည်တည်တံ့တံ့ နေတတ်သည့် ဟန်ပန်ကို မျက်မှန်ကိုင်းညိုများက အဖော်ပြုပေးလိုက်ရာ ပို၍ လူကြီးဆန်သွားသလိုပဲ။
{ လွန်ခဲ့သည့် ည ၁၁ နာရီခွဲ }
"စဉ်းစားပါဦး မာန်ရိပ်မော်ရာ ... ဘာပေးရမလဲ။ သူ့အတွက် မွေးနေ့လက်ဆောင် ဘာပေးရင် ကောင်းမလဲ။ သူ့အတွက် အသုံးလိုတာ ..."
စောင်ကို ခြုံလျက် အိပ်မောကျနေသည့် တစ်ဖက်ခုတင်ရှိ လှိုင်းသံစဉ်ကို ကြည့်ရင်း အိပ်ရာထက် Ben-10 အရုပ်ကို ပိုက်ထားလျက် မာန် ဦးနှောက်ကို မညှာမတာ စေခိုင်းနေမိသည်။ ခေါင်းများ ပူထူလာသည်အထိ မိမိကိုယ်ကို နှိပ်စက်နေရင်းမှ အမြင်အာရုံထဲ ရောက်ရှိလာသော ပုံရိပ်သည်ကား ကျောင်းကျူရှင်၌ whiteboard မှ စာကို အမြင်အာရုံ မှုန်ဝါးနေသော အဖိုးအိုတစ်ယောက်ကဲ့သို့ မျက်ခုံးတန်းများကို အလယ်၌ စုဆုံစေလျက် စူးစိုက်ကြည့်နေသည့် လှိုင်း။ မာန် ချက်ချင်း ငေါက်ခနဲ ထိုင်လိုက်မိသည်။
မျက်မှန်
ဟုတ်သည် ... လှိုင်း ဘာလိုချင်မှန်း မာန် သေချာ မသိပေမဲ့ သူ လိုအပ်နေသည်ကား မျက်မှန်။
မာန်နှင့် လှိုင်းမှာ အတန်းချင်း မတူသောကြောင့် လှိုင်းတစ်ယောက် သူ၏ အတန်းထဲ whiteboard မှ စာများကို မည်ကဲ့သို့ ကြည့်နေမှန်း မသိရသော်လည်း ဦးသော်က'က လှိုင်းကိုပါ အတင်း ကျောင်းကျူရှင် လိုက်တက်စေခဲ့သည့်အတွက် ထိုကဲ့သို့ စာများကို သေချာ မမြင်ရသည့်နှယ် စူးစိုက်ရင်း ကြည့်နေရသည့် လှိုင်း၏ ပုံစံသည် မာန်နှင့် ရင်းနှီးလာခဲ့သည်။ တစ်ခါတစ်ရံဆို whiteboard မှ မကြည့်တော့ဘဲ သူ့ဘေး၌ ထိုင်သည့် မာန်၏ စာအုပ်ထဲမှ စာများကိုသာ ပြန်ကူးရေးနေတတ်သေးသည်။ ထိုစဉ်ကတော့ မာန် လှိုင်းကို မေးခဲ့ဖူးပါ၏။
"မင်း whiteboard ကို မမြင်ရဘူးလား လှိုင်း။"
မာန့်စာအုပ်ထဲမှ သင်္ချာပုစ္ဆာများကို အလောတကြီး ကူးနေသည့် လှိုင်းကို ခပ်ဆတ်ဆတ် မေးတော့ အဖြူရောင် မုသားကို မဆိုင်းမတွ ဆိုသည်။
"မြင်ရပါတယ် ကိုရိပ်ရဲ့။ whiteboard ကို ကြည့်လိုက် ရေးလိုက် လုပ်တာထက်စာရင် ကိုရိပ်ရဲ့ စာအုပ်ထဲက ကူးတော့ ပိုမြန်လို့ပါ။ ကိုရိပ်လည်း သိတဲ့အတိုင်း ကျွန်တော်က လက်ရေးနှေးတယ်လေ။"
ထိုအချိန်တုန်းကတော့ အမှန်အတိုင်း ဝန်မခံခဲ့သည့် လှိုင်း၏ စကားကို ယုံစားကာ မာန် အမှုမဲ့ အမှတ်မဲ့သာ နေခဲ့သော်လည်း သေချာ ပြန်စဉ်းစားကြည့်တော့ လှိုင်း အဝေးမှုန်နေတာ ဖြစ်မည်။
ခက်ခဲနက်နဲသော ပုစ္ဆာတစ်ပုဒ်ကို ဖြေရှင်းလိုက်နိုင်သကဲ့သို့ မာန် ဝမ်းမြောက်သွားရသည်။ ချက်ချင်းဆိုသလို ခြင်ထောင်ထဲမှ ထွက်ကာ အခန်းတံခါးဆီသို့ ဦးတည်လာလိုက်သည်။ စိတ်ထဲ လောနေသော်လည်း မာန် ခြေသုတ်တင်ကာ လျှောက်၍ မဖြစ်။ ခြေသံကျယ်ကျယ် လျှောက်လိုက်မှ သူ့ခြေသံ ကြားပြီး ငကြောင်လေး နိုးလာကာ "ကိုရိပ်" ဟု အစချီပြီး မေးခွန်းတွေ မေးနေဦးမည်။
ည ၁၁ နာရီခွဲနေပြီ ဖြစ်သဖြင့် ဒေါ်ဝင်းတို့လည်း အိပ်ရာ ဝင်သွားကြပြီ ထင်သည်။ အောက်ထပ် တစ်ခုလုံး၌ ညမီးရောင် မှိန်ပြပြမှလွဲ၍ အမှောင်ထုက ကြီးစိုးနေသည်။
မာန် အိမ်ဖုန်းရှိရာသို့ လျှောက်သွားလိုက်ပြီး ခလုတ်များကို လျင်မြန်စွာ နှိပ်လိုက်သည်။
"ဟယ်လို ကောကော။ သားပါ ..မာန်။ ကောကော အိပ်နေပြီလား။"
"....."
"မျက်စိဆေးခန်း ကောင်းကောင်းလေးတွေ ကောကော သိလား။"
"....."
"သားအတွက် မဟုတ်ဘူး ကောကော။ လှိုင်းသံစဉ်အတွက်။ သူ မျက်မှန် လိုနေပြီ ထင်တယ်။"
"....."
"ဖြစ်နိုင်ရင်တော့ မနက်ဖြန်ပဲ သွားလုပ်ချင်တယ် ကောကော။ မနက်ဖြန်ကလည်း သူ့မွေးနေ့ဆိုတော့။"
"....."
"ဟုတ် ဟုတ်။ အဲ့တာဆို သားတို့ ကျောင်းကအပြန် ထမင်းစားပြီး အဆင်သင့်ဖြစ်အောင် လုပ်ထားလိုက်မယ်နော်။"
"....."
"မရှိတော့ပါဘူး။ ကျေးဇူးပါ ကောကော။"
မာန့်ဘက်မှ အရင် ဖုန်းချလိုက်သည်။ ဒေါ်သူဇာဝင်းဖြင့် ဖုန်းပြောနေစဉ် လေသံဖြင့်သာ ပြောနေသောကြောင့် တိတ်ဆိတ်နေသော အိမ်အောက်ထပ်၌ လှုပ်ရှားမှု တစ်စုံတစ်ရာ မရှိ။ မာန် အိမ်ပေါ်သို့ ပြန်တက်လာကာ အခန်းထဲ ဝင်လာသည်နှင့် လှိုင်းကို နှိုးကာ မျက်မှန်ကိစ္စကို ပြောချင်နေသည်မှာလည်း ပါးစပ်ကို ယားနေရော။ သို့ပေမဲ့ မာန် လှိုင်း မနိုးစေရန် ခြေသံလုံလုံဖြင့်သာ ခုတင်ရှိရာသို့ လျှောက်လာလိုက်သည်။
လှိုင်းသံစဉ်တောင်မှ သူ့မွေးနေ့တုန်းက လက်ဆောင်ကိစ္စကို တစ်ခွန်းမှ မဟဘဲ ဟန်ဆောင်ကောင်းနေခဲ့သေးတာပဲ။ သူလည်း အချိန်မကျမချင်း ပိပိရိရိ ရှိနေသင့်တာပေါ့။ မာန် ဘုရား ရှိခိုးပြီး အမြန် အိပ်ရာ ဝင်လိုက်သည်။ အိပ်မပျော်ခင် မနက်မြန်မြန် ရောက်သွားအောင် ညတာ တိုပါစေ ဟူ၍လည်း ဆုတောင်းနေမိသေးသည်။
မာန် လှိုင်းမွေးနေ့အတွက် ဖန်တီးပေးလိုက်သည့် surprise သည် အောင်မြင်သည် ဆိုရမည် ဖြစ်သော်လည်း ထိုနေ့မှစ၍ အမြဲတစေ ရှင်းရှင်းလင်းလင်း မြင်တွေ့ခွင့်ရခဲ့သည့် မျက်နှာကို သွားလေရာ လိုက်ပါနေသော မျက်မှန်က ဝင်နှောင့်ယှက်နေသောကြောင့် တစ်ခါတစ်ရံတော့ ဘဝင်မကျချင်စရာ ကောင်းနေသည်။ မာန် တစ်ခါတလေတော့လည်း ထိုမျက်မှန်များ ကင်းမဲ့နေသည့် မျက်နှာကို ဓာတ်ပုံထဲမှာ မဟုတ်ဘဲ တကယ့်လက်တွေ့၌ ခဏလောက်ဖြစ်ဖြစ် ငေးကြည့်ချင်မိတော့သည်။
~ 16/7/2023 (12:14 p.m.) ~