လမင်းခြေသံ { Completed }

By LinMyatMo23

44.8K 2.1K 169

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (UNICODE)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၉} (UNICODE)

664 32 2
By LinMyatMo23

ဗဟန်းမြို့နယ် ၊ ရေတာရှည်လမ်းဟောင်းရှိ ဘုန်းကြီးကျောင်းတစ်ကျောင်း၌ လူများ စုဝေးကာ တရားနာနေကြသည်။ တရားနာရင်း ရေစက်ချနေသည်ကား ဦးသော်ကနှင့် မာန်ရိပ်မော်တို့ ဖြစ်ကြသည်။ ယနေ့သည် မာန့်၏ မိခင် ကွယ်လွန်ခြင်း (၅) နှစ်ပြည့် ဖြစ်ရာ ဘုန်းကြီးကျောင်း၌ ဆွမ်းကျွေးအလှူလုပ်ခြင်း ဖြစ်သည်။

ရှေ့ဆုံး၌ ဦးသော်ကနှင့် ဘေးချင်းယှဉ်ထိုင်နေသည့် မာန်၏ ကျောပြင်ပြန့်သည် ဦးခေါင်းထက်ရှိ ဆံပင်ကောက်လေးများနှင့် လိုက်ဖက်ညီလှသည်။ နောက်ကျော မြင်ရုံဖြင့် ခုံမင်ချင်စရာ ကောင်းလွန်းနေသည်ကား မာန်၏ အားသာချက်တစ်ခုအလား။

ရေစက်ချပြီးရာ အလှူလာကြသည့် လူများကို ဧည့်ခံကျွေးမွေးပြီး လူပါးသွားချိန်၌ ဗိုက်ဆာနေပြီ ဖြစ်သဖြင့် မာန်ကပါ ဦးသော်ကနှင့်အတူ ဝင်စားနေသည်။ လှိုင်းကမူ လုပ်အားပေးအနေဖြင့် ဘုန်းကြီးကျောင်းသားများကို ဝိုင်းကူကာ ထောပတ်ထမင်း ပန်းကန်များနှင့် ရေခဲမုန့်ခွက်များကို လိုက်ချပေးရင်း မအားမလပ် ဖြစ်နေရသည်။ ဘုန်းကြီးကျောင်းသားများ နည်းတူ ပုဆိုးကိုသာ ဝတ်ထားသော်လည်း လှိုင်းသည် အင်္ကျီအဖြူနှင့် လူကြားထဲ ထင်းနေသည်။ အသင့်အတင့် ရှည်နေသည့် ဆံပင်ကို gel ဖြင့် ဘေးခွဲ ခွဲထားပြီး သေချာဖြီးထားသဖြင့် ဆံပင်များသည် ယခင်ကလို ကပိုကရိုမဟုတ်တော့ဘဲ သေသပ်နေသောကြောင့် တည်ကြည်လေးနက်သော သွင်ပြင်သည် ပို၍ပင် ထင်ရှားနေသည်။

"ကိုတို့ ဝိုင်းမှာပဲ လာထိုင်လေ မြတ် ..သားလည်း လာထိုင်။"

မာန်နှင့် ဦးသော်က ထောပတ်ထမင်း စားနေစဉ် လောကွတ်ချော်နေသည့် ဦးသော်က၏ စကားအဆုံး မာန်တို့ ဝိုင်း၌ ဆံပင်များကို စုစည်းလာသည့် အမျိုးသမီးတစ်ဦးနှင့် မာန်နှင့် အသက်မတိမ်းမယိမ်း အရွယ်ရှိသည့် ကောင်လေးတစ်ယောက် လာထိုင်သည်။

"မာန် ..ဒီက အန်တီက ဒေါ်အေးမြတ်မွန်တဲ့။ သားက တီမြတ်လို့ပဲ ခေါ်ပေါ့။ ဒီဘက်က ဇွဲမာန်ဟိန်း .. မြတ်ရဲ့ သားကြီးပေါ့။ သားထက်တော့ တစ်နှစ် ကြီးတယ်။ မြတ်တို့က မန္တလေးမှာ နေတာ မာန်လေးရဲ့။ မြတ် ..ဒါက ကို ပြောပြောနေတဲ့ ကို့ရဲ့ သား မာန်ရိပ်မော်လေ။"

မာန့်ပုခုံးပေါ် လက်တင်ကာ မိတ်ဆက်ပေးလာသည့် ဦးသော်က၏ မျက်နှာသည် မိတ်ဆက်ပေးချိန်၌ ရွှင်ပျပျ ဖြစ်နေသည်။ သူ့ကိုယ်သူ သုံးနှုန်းလိုက်သည့် 'ကို' ဆိုသည့် အသုံးအနှုန်းသည် မာန်၏ နားစည်ကို အဆီအငေါ်မတည့်စွာဖြင့် လာရောက် ရိုက်ခတ်သည်။ ထိုအမျိုးသမီးကလည်း သူများမိခင်၏ ကွန်လွန်ခြင်း (၅) နှစ်ပြည့်ကို လာသည်ကို ပြုံးပြုံး ပြုံးပြုံးနှင့်။ သူမ၏ သားဖြစ်သူ ဆိုသည်ကိုလည်း မာန် ကြည့်ရလှသည်မဟုတ်။ ဟယ်ရီပေါ်တာ၏ မျက်မှန်နှင့် ခပ်ဆင်ဆင်တူသည့် မျက်မှန်အဝိုင်းများဖြင့် သူ၏ မျက်လုံးများကို ကာရံထားသည့် ထိုကောင်လေးသည် မာန်နှင့် ကွဲလွဲစွာ အင်္ကျီဖြူနှင့် ပုဆိုးကို ဝတ်ဆင်ထားသဖြင့် မာန့်ထက် အသက်ပိုကြီးသည်ဆိုသည့် ဟန်ပန်သည် ပို၍ ပေါ်လွင်နေသည်။

"မာန်က လူချောလေးပဲ ..ကိုနဲ့ တူတာ နေမယ်နော်။ ဟုတ်တယ်မလား ဟိန်း ..သားရဲ့ ညီလေး ချောတယ်မလား။"

မာန် စိတ်ထဲ ကသိကအောက်ဖြင့် ကြားနေရသည်များက တစ်ခုမှ အဆင်မပြေ။ ဦးသော်ကကို ခေါ်သည့် 'ကို' ဆိုသည့် စကားလုံး ၊ မာန့်ကို သုံးနှုန်းလိုက်သည့် 'ညီလေး' ဆိုသည့် အခေါ်အဝေါ် ... ဘယ်သူက ထိုအမျိုးသမီး၏ 'ကို' ဖြစ်ပြီး ဘယ်သူက သူမသား၏ 'ညီလေး' ဖြစ်နေလို့လဲ။ နားကလောစရာ ကောင်းလွန်းနေသည့် အခေါ်အဝေါ်များသည် မာန့်စိတ်ထဲ တစ်မျိုးပဲ။ သို့သော် စိတ်ထဲ ထင့်နေသည့် ကိစ္စကတော့ မဖြစ်နိုင်ပါ ... မာန်သည် ပါပါးကို အကြွင်းမဲ့ ယုံကြည်သည်။ သူ့ကို သိပ်ချစ်သော ပါပါးသည် နောက်အိမ်ထောင်ပြုမည့် ဖခင်မျိုး မဟုတ်မှန်း မာန် သိသည်။

"ဟုတ် ချောပါတယ် မေမေ။"

မိခင်ဖြစ်သူ ဒေါ်အေးမြတ်မွန်၏ အမေးကို ပြုံးလျက် အဖြေပြန်ပေးသည့် ဇွဲမာန်ဟိန်းဆိုသည့် ကောင်လေးသည် မာန့်အတွက် စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းနေသည်။

"မာန် ..သားက အခု ၈ တန်း တက်ရတော့မှာမလား။"

မာန်က ပြန်မဖြေချင်သဖြင့် ခေါင်းသာ ညိတ်ပြလိုက်သည်။ ရိုင်းပြသည့် လုပ်ရပ် ဖြစ်ကောင်း ဖြစ်နိုင်မှန်း သိပေမဲ့ မာန်ရိပ်မော်သည် စိတ်မပါလျှင် ခြင်တောင် မရိုက်ချင်သည့် လူစားမျိုး ဖြစ်သဖြင့် ဟန်လုပ် ပြုံးပြကာ ပြန်ဖြေရန်လည်း စိတ်ကူးမရှိ။

"လူကြီးက မေးရင် ပါးစပ်က ပြန်ဖြေရတယ်လေ မာန်လေး။ သားရဲ့ တီမြတ်ကို ကောင်းကောင်း ပြန်ဖြေလိုက်။"

"ဟုတ်ပါတယ်။"

"သားကြီး ဟိန်းက ၉ တန်း တက်တော့မှာဆိုတော့ မာန် နားမလည်တဲ့ စာတွေရှိရင် ဟိန်းကို အချိန်မရွေး မေးလို့ ရတယ်နော် သား။"

ထိုစဉ်ပင် လှိုင်းက ထောပတ်ထမင်း နှစ်ပန်းကန် လာချပေးသည်။ လှိုင်းကို တွေ့သောအခါ ဦးသော်က'က လှိုင်းကို ထိုင်စေကာ မိတ်ဆက်ပေးပြန်သည်။

"အန်တီ သိရသလောက် သားကို ကိုက ကျောင်းထားပေးနေတာဆို။ ကျောင်းမှာ စာတွေရော လိုက်နိုင်ရဲ့လား လှိုင်း။"

"ဟုတ်ကဲ့ ..စာလိုက်နိုင်ပါတယ်ခင်ဗျ။"

ဒေါ်အေးမြတ်မွန် သုံးလိုက်သည့် 'ကို' ဆိုသည့် အခေါ်အဝေါ်ကြောင့် လှိုင်းစိတ်ထဲ ထိတ်ခနဲ ဖြစ်သွားရခိုက် အကြည့်တို့သည် မာန့်ဆီ ဦးတည်သွားသည်။ ကုန်ခါနီး ထောပတ်ထမင်းကို ဆက်မစားပဲ ဇွန်းကို ကိုင်ရင်း ခေါင်းငုံ့ထိုင်နေသည့် မာန်၏ မျက်နှာသည် တစ်ခုခုကို မကျေမနပ်ဖြစ်နေဟန်ဖြင့် တည်တင်းနေသည်။ ဤအမျိုးသမီးက ...။ မဟုတ်လောက်ပါဘူး ... လှိုင်း သိသည့် ဦးသော်က'က မာန့်ကို သိပ်ချစ်သည်ပဲ။ နောက်အိမ်ထောင်ပြုမည့်အရေး တွေးတောမည့်လူစားမျိုး မဟုတ်။ ထို့အပြင် ဒေါ်အေးမြတ်မွန်၌ သား ရှိသေးသည်ပဲ။ မိတ်ဆက်ပေးလာသည့် ဦးသော်က၏ စကားထဲ၌ ပါလာသည့် 'သားကြီး' ဆိုသည့် အသုံးအနှုန်းအရ ထိုအမျိုးသမီး၌ ကလေး ထပ်ရှိဦးမည် ထင်သည်။ ရင်သွေး တစ်ယောက်မက ရှိသော အပျိုမဟုတ်သည့် အမျိုးသမီးတစ်ယောက်ကို ဦးသော်က ယူမည် မဟုတ်မှာ သေချာသည်။

"မြတ် စားနော်။ သားလည်း စား။ ဟိန်း ..သားအကြိုက် ရေခဲမုန့် ရှိတယ်နော်။ ပြီးရင် စား။"

"ဟုတ်"

ဦးသော်ကသည် ဇွဲမာန်ဟိန်းဆိုသည့် ကောင်လေးအကြောင်းကိုပါ အတော် နှံ့စပ်နေပုံ ရသည် ... ရေခဲမုန့် ကြိုက်သည်ကိုပင် သိထားသည် ဖြစ်ရာ ထိုမိသားစုနှင့်လည်း အတော် ရင်းနှီးနေဟန် ရှိသည်။ မာန် ဤနေရာ၌ တစ်စက္ကန့်ပင် ထပ်မနေချင်တော့ပေ။ အသက်ရှူရ မွန်းကြပ်လာသည်မှာ လူများသောကြောင့်တော့ ဖြစ်ဟန် မတူပါ။ မာန် ထောပတ်ထမင်း စားချိန်၌ လူအတန်အသင့် ပါးနေပြီ ဖြစ်သည်လေ။

"ပါပါး သား သွားတော့မယ်။"

"သား ပြီးပြီလား။ ကုန်အောင် စားလေ မာန်လေးရဲ့။"

"မစားတော့ဘူး။ လှိုင်း ငါ့အတွက် ရေခဲမုန့် သွားယူပေး။"

မာန်က ဦးသော်ကကို ပြောပြီးသည်နှင့် နေရာမှ ထကာ မလှမ်းမကမ်းရှိ နန်းသော်တာတို့ ရှိရာသို့ ထွက်သွားသဖြင့် ဒေါ်အေးမြတ်မွန်တို့ကို သူ အဖက်လုပ်ရန် မလိုဟု သွယ်ဝိုက် ပြောပြသွားသည့်နှယ်။ မာန့်လုပ်ရပ်ကြောင့် ဦးသော်က မျက်နှာ သိသိသာသာ ပျက်သွားသည်ကို လှိုင်း ကွက်ကွက်ကွင်းကွင်း မြင်လိုက်ရသည်။ တစ်ဖက်ရှိ ဒေါ်အေးမြတ်မွန်သည်လည်း မျက်နှာအမူအရာကို မနည်း ဟန်လုပ်ကာ မပျက်ယွင်းသွားအောင် ထိန်းနေရပုံ ပေါ်သည်။

"ဦးတို့အတွက်ပါ ကျွန်တော် ရေခဲမုန့် ယူခဲ့ရမလားဗျ။"

"ယူရင် ယူခဲ့လိုက် လှိုင်း ..သား ဘာရေခဲမုန့်စားမလဲ။"

"ဘာအမျိုးအစားတွေ ရှိတာလဲ သံစဉ်။"

အများနည်းတူ 'လှိုင်း' ဟု ခေါ်ရမည့်အစား ဇွဲမာန်ဟိန်းက 'သံစဉ်' ဟု ခေါ်သဖြင့် လှိုင်း အနည်းငယ် အံ့အားသင့်သွားပေမဲ့ အံ့ဩသွားသည်ကိုတော့ ထုတ်မပြဘဲ မေးသည်ကိုသာ ပြန်ဖြေလိုက်သည်။

"စတော်ဘယ်ရီ ၊ ချောကလက် ၊ သီးစုံနဲ့ ဒူးရင်း ရှိပါတယ်ဗျ။"

"ဒါဆို ကိုယ့်ကို သီးစုံတစ်ခွက် ပေးနော် သံစဉ်။"

သူ့ကိုယ်သူ 'ကိုယ်' ဟု သုံးနှုန်းလိုက်ပုံက တည်ကြည်သော ဟန်ပန်ကို ပို၍ လေးနက်သွားစေသည်။ လှိုင်းကို ပြုံးပြသည့် အပြုံးမှာလည်း ရင့်ကျက်မှုတို့ ထည့်သွင်းခံထားရသည့်နှယ် မြင်ရသူကို တစ်မျိုးတစ်မည် ခံစားသွားရစေသည်။

"ဟုတ်ကဲ့။ တီမြတ်နဲ့ ဦးရော ဘာစားမလဲဗျ။"

"သား အဆင်ပြေတာသာ ယူလာခဲ့ပါ။"

"ဟုတ်"

ဒေါ်အေးမြတ်မွန်က ပြုံးလျက်သာ ဆိုလာသည်မို့ လှိုင်းလည်း အလိုက်သင့် နှုတ်ခမ်းထောင့်လေး ကွေးညွှန့်ရုံလောက်သာ ပြုံးပြလိုက်ပြီး နေရာမှ ထထွက်လာခဲ့သည်။ လှိုင်းကို ကြည့်သည့် 'ဟိန်း' ဟု ဦးသော်က ခေါ်သည့် ဇွဲမာန်ဟိန်း၏ အကြည့်တို့၌ အရောင်များ ရောယှက်နေသလိုပဲ။

လှိုင်း ၄ ယောက်စာ ရေခဲမုန့်ခွက်များကို လင်ဗန်းဖြင့် သယ်လာကာ ဦးသော်ကတို့ ဝိုင်း၌ အရင် ချပေးလိုက်သည်။ ဦးသော်ကတို့အတွက် ၃ ခွက်စလုံး သီးစုံ ယူလာခဲ့ပြီး မာန့်အတွက်တော့ စတော်ဘယ်ရီ ရေခဲမုန့် ယူလာခဲ့သည်။

"ကိုရိပ် ရေခဲမုန့် ရပြီ။"

"ဟိုကောင် မင်းကို ဘာတွေ ပြောနေတာလဲ။"

"ဘယ်ကောင်လဲ ကိုရိပ်။"

"ဇွဲမာန်ဟိန်းဆိုတဲ့ မှန်ကြောင်လေ ..မင်းနဲ့ ဘာလို့ အကြာကြီး စကားပြောပြီး အကြည်စိုက်နေရတာလဲ။"

ဤသည်ကို မာန်က ဘယ်လိုတောင် မြင်သွားတာပါလိမ့် ... မျက်စိလျင်ချက်။

"အကြည်စိုက်နေတာ မဟုတ်ပါဘူး ကိုရိပ်ရယ်။ သူ ဘာရေခဲမုန့် စားမလဲ မေးနေတာပါ။"

"အဲ့ကောင်ကို ဘာမှကို မကျွေးချင်ဘူး။ တောက် ... ပါပါး ရှိနေလို့သာပေါ့။ မဟုတ်ရင် အဲ့သားအမိကို ရိုက်လွှတ်တယ်။"

မကျေနိုင် မချမ်းနိုင်ဖြင့် ပွစိပွစိ လုပ်နေသည့် မာန်က လှိုင်းကို ဘာမှ ထပ်မမေးတော့သော်လည်း ဇွဲမာန်ဟိန်းအား သတ်ဖြတ်တော့မည့် အကြည့်တို့ဖြင့် စိုက်ကြည့်ရင်း ရေခဲမုန့်ကို တစ်လုတ်ပြီး တစ်လုတ် ခပ်စားနေသည်။

"သား မစားရသေးဘူးမလား။ တစ်ခါတည်း စားလိုက်တော့လေ လှိုင်းရဲ့။ သားရေ ..ဒီကို တစ်ပွဲ လာချပေးဦးနော်။"

ဒေါ်သူဇာဝင်းက ဘုန်းကြီးကျောင်းသားအစ်ကိုတစ်ယောက်ကို မှာတမ်းခြွေပြီး မကြာမီပင် လှိုင်းရှေ့ ထောပတ်ထမင်းပန်းကန် ရောက်လာသည်။ လှိုင်း စားနေရင်း စကားဖောင်ဖွဲ့နေသည့် မာန်နှင့် နန်းသော်တာတို့ထက် ဒေါ်သူဇာဝင်း လှမ်းကြည့်နေသည့် ဦးသော်ကရှိရာ ဝိုင်းသို့သာ အာရုံစိုက်နေမိသည်။ ဦးသော်က၏ ကျောပြင်နှင့်အတူ တွဲမြင်ရသည့် ဒေါ်အေးမြတ်မွန်နှင့် ဇွဲမာန်ဟိန်းတိို့သည် မာန့်မိခင်အတွက် ပြုလုပ်သော အလှူ၌ အပျော်လာရှာနေသည့်နှယ် ရယ်မောနေကြသည်။ စားနေရင်း လှိုင်းက ဦးသော်ကတို့ကို အကဲခတ်နေစဉ်ပင် ဇွဲမာန်ဟိန်းနှင့် အကြည့်ချင်း ဆုံသွားလေသည်။ ထိုအခိုက်၌ ဇွဲမာန်ဟိန်းသည် ထိပ်တိုက်ဆုံသွားသည့် အကြည့်များကို မလွှဲဖယ်သွားဘဲ လှိုင်းကို သေချာ စိုက်ကြည့်နေသည်။ သို့ဖြစ်ရာ လှိုင်းကသာ အကြည့်တို့ကို အရင် ရှောင်တိမ်းလိုက်ရတော့သည်။

ပန်းကန်သွားထားမည်အပြု မာန်နှင့် နန်းသော်တာက ရေခဲမုန့် ထပ်စားမည်ဟု ဆိုသဖြင့် လှိုင်းလည်း အမျိုးအစား မတူညီသည့် ရေခဲမုန့် ၃ ခွက်ကို ယူလာကာ မာန်တို့ကို ပေးလိုက်ပြီး မာန့်ဘေးနား၌သာ ထိုင်စားရင်း စကားဝိုင်းထဲ ဝင်ပါလိုက်သည်။ စကားဝိုင်းထဲ ဝင်ပါသည် ဆိုသော်လည်း လှိုင်းက နားထောင်သူသက်သက်သာ။ လည်ချောင်းတစ်လျှောက် စီးဆင်းသွားသော ချောကလက်၏ ခါးသက်သည့်အရသာထဲ၌ ပျော်ဝင်နေသော ချိုစိမ့်မှုကို လှိုင်း အရသာ ခံကာ စားနေမိသောကြောင့် မာန်တို့ ပြောနေကြသည့် ရောက်တတ်ရာရာ အကြောင်းအရာများကို လိုက်မဆွေးနွေးဖြစ်။ သို့သော် အာရုံအစုစုတို့သည် စတော်ဘယ်ရီရေခဲမုန့် စားရင်း စကားပြောနေသည့် မာန့်ထံ၌သာ တည်နေသဖြင့် သူ့ထံ မှီနေသော မနီးမဝေးရှိ တစ်စုံတစ်ယောက်၏ အာရုံစိုက်မှုတို့ကို လှိုင်း သတိမပြုမိပါချေ။

"ကိုရိပ် ကျွန်တော် အပြင် ခဏ သွားလိုက်ဦးမယ်ဗျ ..ခဏလေးပါပဲ။"

"မြန်မြန်ပြန်လာခဲ့။"

"ဟုတ်ကဲ့"

လှိုင်း အလာတုန်းက ကျောင်းအောက်၌ ကြောင်ပေါက်စလေးများကို တွေ့ခဲ့သည် ဖြစ်ရာ ယခု သွားရောက် တွေ့ဆုံခြင်းပင်။ လှိုင်းသည် တိရစ္ဆာန် မှန်သမျှကို ချစ်သလို ကြောက်လည်း မကြောက်တတ်သူမို့ ကြောင်လေးများသည်လည်း သူ့အတွက် စိတ်အေးချမ်းစရာ ဖြစ်တည်မှု ဖြစ်သည်။ ကျောင်းအောက်သို့ လှေကားနှင့် ဆင်းလာရာ လှေကားရင်းနား၌ အဝါရောင် ကြောင်လေးများအပြင် အနက်ရောင် ကြောင်လေးများပါ တစ်စုတစ်စည်းတည်း တည်ရှိနေလေသည်။ ကြောင်လေးများအနား၌ လှိုင်း ဖိနပ်ကို ခုကာ ထိုင်ချလိုက်ရာ ကြောင်လေးများသည် သူ့ထံသို့ ချဉ်းကပ်လာပြီး သူ့ကိုယ်ပေါ်သို့ ကုတ်ကတ် တက်သည်။

"သံစဉ်လည်း ကြောင်ချစ်တာလား။"

နောက်ကျောဘက်မှ ကြားလိုက်ရသော စကားသံသည် မရင်းနှီးသော်လည်း သုံးနှုန်းသွားသည့် 'သံစဉ်' ဟူသော အခေါ်အဝေါ်ကြောင့် မည်သူမှန်း လှိုင်း လှည့်မကြည့်ခင် ခန့်မှန်းနိုင်၏။ ချီလက်စ ကြောင်လေးကို လက်ဖြင့် ပွေ့ထားရင်း မော့ကြည့်မိရာ နေရှိန်နေသောကြောင့် မျက်လုံးကျိန်းသွားရသော်လည်း လှိုင်း ထင်နေသည့်အတိုင်း မလွဲဧကန် ဇွဲမာန်ဟိန်း ဖြစ်နေသည်။

"ဟုတ်ကဲ့ခင်ဗျ။"

ထိုင်လျက်သားပင် အဖြေပြန်ပေးလိုက်ရသည်မှာ မရိုသေရာရောက်လောက်သည်မှန်း သိသော်လည်း လှိုင်း ဘာမှ မတတ်နိုင် ... ကြောင်လေးနှစ်ကောင်သည် သူ့ပေါင်ပေါ်၌ အသားတကျ နေရာယူထားလို့ နေသည်။

"ကိုယ်လည်း ကြောင်လေးတွေဆို သိပ်ချစ်တာ သံစဉ်ရဲ့။ အိမ်မှာဆိုလည်း ကြောင်တွေမှ အများကြီး မွေးထားတာ။ နောက် ကြုံမှ မန္တလေးက အိမ်ကို သံစဉ့်ကို အလည် ခေါ်သွားဦးမယ်။"

"ဟုတ်ကဲ့"

ဟိန်းက လှိုင်းအနား၌ လှိုင်းနည်းတူ ဖိနပ်ခုကာ ဝင်ထိုင်ရင်း ဆိုလာသည်။

"မင်းက မာန်နဲ့ ရွယ်တူပဲမလား သံစဉ်"

"ဟုတ်ပါတယ်ဗျ။"

"ဒါဆိုလည်း ကိုယ့်ကို ရင်းရင်းနှီးနှီး ပြောလေကွာ။ အသက်က ၁ နှစ်လောက်ပဲ ကွာတာ အရမ်းကြီး ရို့ကျိုးနေစရာ မလိုပါဘူး။"

"ဟုတ် ကိုဇွဲမာန်"

"ကိုဟိန်းလို့ပဲ ခေါ်ပါ သံစဉ်ရဲ့။ ကိုဇွဲမာန်လို့ ခေါ်ရတာ မမောဘူးလား။"

"မမောပါဘူးဗျ။ ကျွန်တော် ကိုဇွဲမာန်လို့ ခေါ်တာပဲ ကောင်းမယ် ထင်ပါတယ်။"

လက်ထဲရှိ ကြောင်လေးကို ပွတ်သပ်ရင်း ပြန်ဖြေလာပုံက ရိုးရှင်းစွာဖြင့် ဆွဲဆောင်အား ပြင်းနေသည်။ ဟိန်း စိတ်ထင်နေသည်များလား ... လှိုင်းသံစဉ်ဆိုသည့် ဤကောင်လေးသည် ကျန်သည့် ယောင်္ကျားလေးများနှင့် ကွဲလွဲစွာ ထူးခြားနေသည်။ သူ့ကို ဆန်းကြယ်စေသည်ကား သူ၏ ရို့ကျိုးသော အပြောအဆိုများ မဟုတ်ဘဲ သူ၏ အကြည့်များ တည်မှီရာ မျက်ဝန်းညိုများ ဖြစ်သည်။ လှိုင်း၏ မျက်လုံးများကို မြင်သည်နှင့် နားထဲ ကြားယောင်လာသည့် ဂရေဟမ် ပြန်လည်သီဆိုထားသော စန္ဒရားလှထွတ် ရေးသားထားသည့် 'မျက်လုံးစိမ်းနဲ့မိန်းကလေး' သီချင်းကို ပြန်ကြားယောင်လာသည်။ လှိုင်းသည် မိန်းကလေး မဟုတ်ဘဲ မျက်လုံးစိမ်းများနှင့် ယောင်္ကျားလေးတစ်ဦး ဖြစ်သည်။ သို့သော် ထိုကောင်လေး၏ စိမ်းသက်သက် အကြည့်တို့သည် ဟိန်း၏ စိတ်ကို ကသိကအောက် ဖြစ်စေသည်။ မျက်လုံးစိမ်းများ၏ နောက်ဆက်တွဲအကျိုးဆက်အနေဖြင့် လှိုင်းနှင့် ခင်မင်လိုခွင့် ရချင်မိ၏။ စိမ်းကားနေသော မျက်ဝန်းညိုများ၌ ရင်းနှီးသော အရိပ်အယောင်များ ရောယှက်နေစေ့ချင်သည်။

"ရပါတယ်။ သံစဉ့်သဘော ..ဘယ်လိုခေါ်ခေါ် ကိစ္စမရှိပါဘူး။"

လှိုင်းက ဘာမှ ပြန်မပြောဘဲ ကြောင်လေးများကိုသာ အာရုံစိုက်နေသည်ကို ဟိန်းက မျက်တောင်မခတ်တမ်း လိုက်ကြည့်နေသည်။ ကြောင်လေးများကို နာသွားမည်စိုး၍ ချီပုံလေးကိုက နူးညံ့သိမ်မွေ့လွန်းနေသည်။ များမကြာမီပင် ၁၅ နှစ် ပြည့်တော့မည့် ဟိန်းအတွက် မျက်စိရှေ့ရှိ ကောင်လေးသည် အကြည့်မလွှဲချင်စရာကောင်းနေသည်။ သေသပ်သော အသွင်အပြင်၌ ရင့်ကျက်တည်ငြိမ်မှုတို့ နေပျော်နေသောအခါ အေးချမ်းမှုတို့က ဟိန်း၏ ရင်ထဲ တိုးဝင် ခိုအောင်းလာသည်။

"လက်မှာ မှဲ့ပါတာလား သံစဉ်။"

ဟိန်း ငေးစိုက်ကြည့်နေရင်းမှ မြင်လိုက်ရသည့် မှဲ့နက်လေးသည် လက်သူကြွယ်၌ ရှိသော်လည်း လက်ခလယ်နှင့် လက်သူကြွယ်ကြား၌ တည်နေသဖြင့် ပုံမှန်အတိုင်းဆို သိပ်မသိသာလှပေ။ သူ့စကားသံကြားမှ လှိုင်းက ဟိန်းဘက် တစ်ချက်ကြည့်ပြီး ခပ်တိုးတိုး အဖြေပြန်ပေးလာသည်။

"ဟုတ် ကိုဇွဲမာန်။"

"ချစ်စရာလေး။"

"ဗျာ ... ဩ မှဲ့ကို ပြောတာလားဗျ။"

"မဟုတ်ဘူး ..သံစဉ့်ကို ပြောတာ။"

"ခင်ဗျာ"

အံ့အားသင့်နေသော ဝိုင်းစက်စက် မျက်လုံးများဖြင့် ဟိန်းကို ကြည့်လာသည်။ ရဲတက်လာသော နားရွက်ဖျားများသည် ဟိန်းကို သဘောတကျ ပြုံးရယ်စေသည်။ ဘယ်လို ကောင်လေးပါလိမ့်။ ဟိန်းကို အူကြောင်ကြောင်လေး ခေတ္တမျှ ငေးကြည့်ပြီးမှ အကြည့်တို့ကို လွှဲဖယ်သွားပြီး သူ့ပေါင်ပေါ်ရှိ ကြောင်လေးများကို အောက်သို့ အသာ ချကာ မတ်တပ်ထရပ်သည်။

"ရှက်သွားတာလား သံစဉ်"

ထွက်သွားရန် ခြေလှမ်းပြင်နေသည့် လှိုင်းကို ဟိန်းက ဆတ်ခနဲ မတ်တပ်ထရပ်ပြီး လှမ်းမေးလိုက်ရာ -

"ကျွန်တော် သွားတော့မယ်ဗျ။"

ထိုမျှသာ ဆိုပြီး ကျောင်းဆောင်ပေါ်သို့ လှေကားမှ ခပ်သုတ်သုတ် တက်သွားသည်။ တကယ် ရှက်သွားသည်ပဲ။

"ချစ်ဖို့ကောင်းလိုက်တာ သံစဉ်ရာ။"

မြင်ကွင်းထဲမှ ကျောပြင်ငယ် ပျောက်ကွယ်သွားသည့်တိုင်အောင် ဟိန်း သဘောတကျ ပြုံးနေမိဆဲ။ ဟိန်း ဘာတွေ ဖြစ်နေတာပါလိမ့်။

"ကြာလိုက်တာ ပုတက်ရာ။"

မျက်စောင်းလှမ်းခဲရင်း ပြောသည့် မာန့်ကို မြင်မှ လှိုင်းရင်ထဲ သက်သောင့်သက်သာ ဖြစ်သွားရသည်။ မာန်သည် အမြဲတစေ သူ၏ ဝုန်းဒိုင်းကြဲနေသော ခံစားချက်အပေါင်းကို ချုပ်ငြိမ်းစေသည်။

"ကျွန်တော် ကြောင်လေးတွေ သွားကြည့်နေလို့ပါ ကိုရိပ်ရဲ့။"

"ကြောင် ဟုတ်လား။ ဘယ်မှာလဲ။"

နန်းသော်တာက ဝမ်းသာအားရ ဝင်မေးသည်။ လက်ထဲ၌လည်း ရေခဲမုန့်ခွက်က အရံသင့်။

"လှေကားဆင်းနားမှာ ရှိတယ် နန်းနန်း။ ဒါနဲ့ နင် ရေခဲမုန့် စားနေတာ ဘယ်နှစ်ခွက်တောင် ရှိနေပြီလဲ။"

"၅ ခွက်"

လက် ၅ ချောင်းထောင်ပြကာ စပ်ဖြဲဖြဲ  ပြန်ဖြေပုံကြောင့် မာန်ရော လှိုင်းပါ ပြုံးမိသည်။ တော်တော် ရေခဲမုန့် ကြိုက်သည့် ကလေးမပဲ။ ကလေးမ ဆိုပေမဲ့ နန်းသော်တာသည် လှိုင်းထက် ၃ လခန့် ကြီးသည်။ သို့သော် မာန့်နည်းတူ ကလေးဆန်ဆဲ ဖြစ်သည့် နန်းသော်တာသည် လှိုင်းအတွက်တော့ အစ်မတစ်ယောက် ဆိုသည်ထက် ညီမငယ်တစ်ယောက်လို ခံစားရစေသည်။

"ချောင်းဆိုးမယ် နန်းနန်းရဲ့။"

"ဆိုးလည်း ဆေးသောက်လိုက်မှာပေါ့ လှိုင်းရာ။ လာပါ အောက်ဆင်းရအောင် ..ငါ ကြောင်သွားကြည့်ချင်လို့။"

နန်းသော်တာသည် ကုန်ခါနီး ရေခဲမုန့်ကို အကုန် ခပ်စားလိုက်ကာ မာန့်လက်ကို ဆွဲပြီး မတ်တပ်ထရပ်သည်။ လက်ကျန်ရေခဲမုန့်ကို ပါးစပ်ထဲ အပြည့် ထိုးသွင်းလိုက်သည်ကို ကြည့်ပြီး လှိုင်းမှာ နန်းသော်တာ ကိုယ်စား သွားကျိန်းမိသည်။ ဒေါ်သူဇာဝင်းကို မတွေ့တော့သဖြင့် မျက်စိကစားကြည့်လိုက်ရာ ဦးသော်ကနှင့် ဒေါ်အေးမြတ်မွန် ထိုင်နေသည့် ဝိုင်း၌ တွေ့လိုက်ရသည်။ ကျောင်းဆောင်ထဲ သူစိမ်းဧည့်သည်ဆို၍လည်း ဒေါ်အေးမြတ်မွန်သာ ရှိသည်။ ဇွဲမာန်ဟိန်းကတော့ လှိုင်း ပြန်တက်လာပြီးနောက် ကျောင်းဆောင်အောက်မှာပဲ ကျန်ခဲ့သည်လား မသိ။

လှိုင်း နန်းသော်တာတို့နှင့်အတူ ကျောင်းဆောင်အောက် ပြန်ဆင်းလာချိန်၌ မလှမ်းမကမ်းရှိ အရိပ်ကျနေ​သော သစ်ပင်ပတ်ပတ်လည်ရှိ အုတ်ခုံ၌ ထိုင်နေသည့် ဟိန်းကို တွေ့ရသည်။ လှေကားမှ ဆင်းလာသည်နှင့် မနီးမဝေး၌ မြင်လိုက်ရသည့် ဝိုးတဝါးပုံရိပ်ကြောင့် မာန် မျက်မှောင်ကုတ်လိုက်မိသည်။

"ကြည့်လို့ကို မရဘူး။"

"ကျွန်တော့်ကို ပြောတာလား ကိုရိပ်။"

"မင်းက တစ်မှောင့်။ ဇွဲမာန်ဟိန်းဆိုတဲ့ ကောင်ကို ပြောနေတာ။ ခုလည်း ကြည့် ..ငါတို့ဘက်ကို စိုက်ကြည့်နေတယ်လေ။ မိနန်း ..အဲ့ကောင် နင့်ကို ကြိုက်နေတာလား မသိဘူး။"

ဆောင့်ကြောင့်ထိုင်ကာ ကြောင်လေးများကို ပွတ်သပ်နေသည့် နန်းသော်တာသည် မာန်၏ စကားကြောင့် သူမကျောပေးထားရာ နောက်၌ ရှိသော မနီးမဝေးရှိ ဟိန်းကို တစ်ချက် လှမ်းကြည့်သည်။

"မဟုတ်လောက်ပါဘူး ကိုကိုးရဲ့။"

"ငါကတော့ ဟုတ်မယ် ထင်တာပဲ။ နင်လည်း အနေအထိုင် ဆင်ခြင်နော်။ အဲ့လိုကောင်မျိုးနဲ့ဆို ငါ သဘောမတူဘူး ကြားလား။"

"ကိုကိုးက သဘောမတူဘူး ပြောရအောင် ဘယ်သူကရော သူ့ကို ကြိုက်တယ် ပြောနေလို့လဲ။"

"ကြိုက်လည်း သဘောမတူဘူးလို့ ကြိုပြောထားတာ။"

"ဟွန်း ..နေရာတကာကို ဝင်ပါတယ်။"

"ကိုရိပ် ချီမလား။"

နက်ပြောင်နေသည့် ကြောင်လေးကို လက်ဖြင့် ပွေ့ချီထားသည့် လှိုင်းသည် ကြောင်လေးအား မာန့်ဘက်သို့ ကမ်းပေးရာ မာန်က ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်သည်။ မာန် ကြောင်တွေ မကိုင်ရဲ။ မကိုင်ရဲဆို ယခင်ကလည်း မည်သည့် တိရစ္ဆာန်မှ နန်းသော်တာနှင့် လှိုင်း ပွတ်သပ်ပေးနေသလို မထိတွေ့ဖူးသဖြင့် လက်မရဲသေးဟု ဆိုရမည်။

"ကြောင်ကြောက်လို့လား ကိုရိပ်။"

"ကြောက်စရာလား။ ဒီတိုင်း ..မကိုင်ချင်တာ။ သူတို့အမွှေးတွေမှာ ရောဂါပိုးတွေ ပါလာရင် ဘယ်လိုလုပ်မလဲ။"

"မပါပါဘူး ကိုရိပ်ရဲ့။ ခေါင်းလေးကိုပဲဖြစ်ဖြစ် နည်းနည်းလေး သပ်ကြည့်ပါလား။ သူတို့က အဲ့လိုဆို ကြိုက်တယ်ဗျ။ ပြန်ရန်မလုပ်ပါဘူး။"

လှိုင်းက ပြောသောအခါမှ မာန်က အနားပြန်တိုးကပ်လာပြီး ရွံ့တွန့်တွန့်အမူအရာဖြင့် ကြောင်လေး၏ ခေါင်းကို ခပ်ဖွဖွ သပ်ပေးသည်။ ထိုအခါ ကြောင်လေးသည် ငြိမ်ကာ ဇိမ်ခံနေရှာသည်။ ကြောင်လေး၏ ခေါင်းကိုသာမက ခန္ဓာကိုယ်လေးကိုပါ မာန်က အသာ ပွတ်သပ်ပေးရင်း မျက်လုံးအဝိုင်းသားနှင့် ကြောင်လေးကို ကြည့်ကာ ရေးရေးလေး ပြုံးလာသည်။ ထိုအပြုံးကို လှိုင်း မက်မက်မောမော ကြည့်နေရင်း သူပါ ပြုံးရိပ်သန်းသွားရသည်။

"ငါ့ကြောင်တွေထဲက တစ်ကောင် လက်ဆောင် ယူမလား ညီလေး။"

မာန့်နောက်ကျောဘက်မှ အသံ ကြားလိုက်သည်နှင့် နားထဲ အချိုးမပြေစွာ ဝင်ရောက်လာသော 'ညီလေး' ဆိုသည့် အသုံးအနှုန်းကြောင့် စကားသံလာရာ၏ အဆုံးသတ်သည် အနှီမှန်ကြောင်မှန်း မာန် တန်းသိလိုက်သည်။ နောက်လှည့်ကြည့်လိုက်ရာ ဝေဝေဆာဆာ ပြုံးနေသည့် သကောင့်သားက မာန့်ထက်စာလျှင် အရပ်အနည်းငယ် ပိုရှည်သော်လည်း မော့ကြည့်ရလောက်သည်အထိတော့ အရပ်အမြင့်မှာ မကွာဟ။ ဟိန်း၏ အသံကြားရာ နန်းသော်တာကပါ ထိုင်နေရာမှ ထလာသည်။

"ဘယ်သူက မင်းညီလေးလဲ။"

"ငါ့ထက် ငယ်တယ်ဆိုမှတော့ ညီလေးပဲပေါ့ မာန်ရ။ နန်းဆိုလည်း ငါ့ညီမပဲလေ။"

နန်းသော်တာကိုပါ 'နန်း' ဟု ခေါ်ဝေါ်နေပုံထောက်လျှင် နန်းသော်တာနှင့် ဟိန်းကို မိတ်ဆက်ပေးပြီးပုံ ရသည်။

"ညီလေးလို့ ခေါ်ရအောင် ဘယ်သူက မင်းကို အစ်ကို တော်မယ် ပြောနေလို့လဲ။"

"ထားပါ ..ငါ မင်းနဲ့ ရန်မဖြစ်ချင်ဘူး။ ညီလေးက ကြောင်ချစ်တာဆိုတော့ ကိုကို ကြောင်တစ်ကောင် လက်ဆောင်ပေးမယ်လေ ..အမှတ်တရပေါ့။"

"ကြောင်မချစ်ပါဘူး။ ချစ်ရင်လည်း မင်းဆီက မယူဘူး။ သွားမယ်ကွာ ..အပေါ်ပြန်တက်မယ်။"

မာန်က လှိုင်းနှင့် နန်းသော်တာ၏ လက်ကို ဆွဲကာ အပေါ်ပြန်တက်မည်အပြု ဟိန်း၏ စကားကြောင့် ခြေလှမ်းများ တန့်သွားရသည်။

"ငါ့ညီက မလိုချင်လည်း သံစဉ်ကတော့ လိုချင်လောက်မယ် ထင်တယ်။"

ပိုင်စိုးပိုင်နင်း လှိုင်းသံစဉ်ကို ခေါ်ပုံကိုက 'သံစဉ်' တဲ့လေ။ မာန့်စိတ်ထဲ ဒေါသမီးစမှာ တစ်စ တစ်စ ပိုမို တောက်လောင်လာတော့သည်။

"လိုချင်လား သံစဉ်။ မင်း လိုချင်ရင် ကိုယ် လက်ဆောင်ပေးမယ်။ ကိုယ် သံစဉ့်ကို ပြောတယ်လေ ..ကိုယ့်အိမ်မှာ ကြောင်လေးတွေ မျိုးစုံ ရှိတာလို့။ ကိုယ်ပေးရင် မငြင်းဘူးမလား။"

မိန်းကလေး ဖြစ်သည့် နန်းသော်တာကိုကျ အဖတ်မလုပ်ဘဲ လှိုင်းသံစဉ်ကိုသာ အရေးတယူလုပ် မေးနေသည့် ဟိန်းကြောင့် မာန် လက်သီးများကို တင်းတင်းဆုပ်ထားမိသည်။ လှိုင်းအနား တိုးကပ်ကာ ခါးကိုင်းညွှန့်ရင်း မေးသောကြောင့် နီးကပ်သွားသော မျက်နှာနှစ်ခုကို မာန် မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် ကြည့်နေမိသည်။ နန်းသော်တာကမူ မူမမှန်သည့် အခြေအနေကို ဝင်မပါဘဲ အကဲခတ်ရင်း ဆိတ်ငြိမ်နေသည်။ ဟိန်းက လွန်စွာမှ နီးကပ်လာသောကြောင့် လှိုင်းက ခြေလှမ်းများကို နောက်သို့ ဆုတ်လိုက်ပြီးမှ ခပ်တိုးတိုး ပြန်ဖြေလိုက်မိသည်။ 

"ကျွန်တော် မလိုချင်ပါဘူးဗျ။ လက်ဆောင်ပေးရင်လည်း လက်ခံမှာ မဟုတ်ပါဘူး ကိုဇွဲမာန်။ ကျွန်တော်တို့ကို ခွင့်ပြုပါဦး။ ကိုရိပ် လာ ..သွားမယ်။"

လှိုင်းက လှေကားပေါ် တက်မည်အပြု လက်သီးဆုပ်လျက် ဟိန်းကို သတ်ဖြတ်တော့မည်အလား စိုက်ကြည့်နေသည့် မာန့်အား လက်မောင်းမှ ဆွဲကာ ခေါ်ထုတ်ခဲ့ရသည်။ ဘုန်းကြီးကျောင်းထဲ ရန်ပွဲ ဖြစ်ကုန်မှဖြင့်။

"တောက် ..ကျက်သရေတုံးကောင်"

စိတ်တိုလျှင် တောက်ခေါက်တတ်သူပီပီ မာန်က တောက်ခေါက်ကာ ဒေါသထွက်နေကြောင်းကို သွယ်ဝိုက်ပြောပြနေသည်။ ဒေါ်သူဇာဝင်းတို့ သားအမိနှင့် စကားပြောနေကြသည့် ဒေါ်အေးမြတ်မွန်နှင့် ဦးသော်ကတို့အနား၌ ထိုင်နေသည့် ဟိန်းကို ကြည့်ရင်း မာန် ဒေါသမီးကို လောင်စာ ထပ်လောင်းနေမိသည်။ 'မျက်နှာမြင် ရိုက်သတ်ချင်စိတ် ပေါက်ပါစေ' ဟူ၍များ အတိတ်ဘဝက ဆုတောင်းကောင်းခဲ့သလား မသိ ... မာန်ကတော့ ဇွဲမာန်ဟိန်းကို မြင်တိုင်း ငရုတ်ဆုံထဲ ထည့်ကြိတ်ချင်လောက်အောင် မြင်ပြင်းကပ်နေသည်။ သူကများ ရာရာစစ လှိုင်းသံစဉ်ကို 'သံစဉ်' တဲ့လေ ... ဘယ်လိုတွေတောင် တင်စီးလိုက်သလဲဆိုတာ။ နေပါဦး ... မာန်က အခု လှိုင်းသံစဉ်ကို ဇွဲမာန်ဟိန်းက 'သံစဉ်' ဟု ခေါ်သည့်အတွက် ဒေါသထွက်နေတာလား။

"မဖြစ်နိုင်တာ"

"ဘာကိုလဲ ကိုရိပ်။"

အရေးထဲ လှိုင်းသံစဉ်ကလည်း ဘုမသိ ဘမသိနှင့် စပ်စုနေသေးသည်။ ကိုယ့်ဘာသာ အေးဆေး အိမ်၌ ကျန်ခဲ့သည့် ဦးမင်းဉာဏ်တို့အတွက် ထမင်းချိုင့် ထည့်နေတာ မဟုတ် ... ပါလေရာ ငပိချက် သိပ်လုပ်ချင်သည့်ကောင်။ ဇွဲမာန်ဟိန်းကို စိတ်တိုရသည့်ကြားထဲ သည်ပုတက်ကိုပါ ဒေါသထွက်နေရတာ အလုပ်ကို မဟုတ်တော့။

"ဘာမှ မဟုတ်ဘူး။"

ဆောင့်အောင့်ကာ ပြန်ဖြေပုံကြောင့် လှိုင်းမှာ အူကြောင်ကြောင် ... သူလည်း ဘာမှ မလုပ်လိုက်မိပါဘဲ။

"ဦး ထည့်ပြီးပြီဗျ။"

ထမင်းချိုင့် ထည့်ပြီး ဦးသော်ကတို့ရှိရာသို့ ပြန်လာချိန်၌ မာန်က လှိုင်း၏ အင်္ကျီစကို နောက်မှ ဆွဲကာ ပျင်းရိပျင်းတွဲဖြင့် လိုက်လာသောကြောင့် နဂိုတုန်းက ပုဆိုးထဲ ထည့်ဝတ်ထားသဖြင့် သေသေသပ်သပ် ဖြစ်နေရာက ယခုမူ မသပ်မရပ် ဖြစ်နေသည်။ သို့ပေသိ လှိုင်း ဘာမှ မတတ်နိုင် ... မိခင်ဖြစ်သူအတွက် လုပ်သည့် အလှူ၌ မျက်နှာမကောင်းရသည့်အထဲ ဒေါ်အေးမြတ်မွန်တို့ကို စိတ်တိုနေရသူအား စိတ်ချမ်းသာစေချင်သဖြင့် အလိုလိုက်ထားမိသည်။

"အဲ့တာဆို ပြန်ကြရအောင်။ အိမ်လိုက်ဦးမလား သူဇာ။"

"မလိုက်တော့ဘူး ..တန်းပြန်လိုက်တော့မယ်။ သမီး လာ ..မမြတ် သူဇာတို့ ပြန်လိုက်ဦးမယ်နော်။"

"ကား သတိထား မောင်းနော် သူဇာ။"

"ဟုတ် မမြတ်။ သား ဟိန်း ..ကောကောတို့ သွားတော့မယ်နော်။"

"ဟုတ်"

ဒေါ်သူဇာဝင်းသည် နှုတ်ဆက်ပြီး နန်းသော်တာကို ခေါ်ကာ အရင် ပြန်သွားသည်။

"ကိုတို့လည်း ပြန်ကြရအောင်။"

"ပါပါး သူတို့ပါ လိုက်မှာလား။"

"မြတ်တို့ကို ပါပါး hotel မှာ တစ်ခါတည်း ဝင်ချပေးမလို့ သားရဲ့။"

"ဟာ ပါပါးကလည်း။ သား နားချင်နေပြီ။"

"hotel က ဒီနားမှာပဲ ..ကားနဲ့ သွားရင် ဘယ်လောက်မှ မကြာဘူး။ ပါပါးရဲ့ သားက လိမ္မာပါတယ်။ ပါပါးတို့ ပို့ပြီးတာနဲ့ အိမ်ပြန်မယ်လေ နော် မာန်။"

"ဟုတ်"

'ဟုတ်' မလိုက်ချင်ပေမဲ့ မိခင်ဖြစ်သူ၏ ကွယ်လွန်ခြင်း (၅) နှစ်ပြည့်ကို အကြောင်းပြုကာ ရန်ကုန် ပြန်ရောက်လာသည့် ပါပါးကို တမင် ဂျီတိုက်ကာ စိတ်မညစ်စေလိုသောကြောင့် မာန် အထွန့်မတက်ဘဲ ငြိမ်နေလိုက်ရသည်။ ကားပေါ် တက်ချိန်၌ ဒေါ်အေးမြတ်မွန်က ဦးသော်က၏ ဘေးရှိ မာန် ထိုင်နေကျ နေရာဖြစ်သည့် ရှေ့ခုံ၌ ဝင်ထိုင်သဖြင့် မာန် အောက်နှုတ်ခမ်းကို ဖိကိုက်ထားမိသည်။ မာန်တို့ နောက်ခန်း၌ ဝင်ထိုင်မည်အပြု ဇွဲမာန်ဟိန်းကြောင့် မာန် ကားပေါ်မတက်ဘဲ ပေကာ ရပ်နေမိသည်။

"ကျွန်တော် အလယ်မှာ ထိုင်လိုက်မယ် ကိုရိပ်။ ကိုရိပ် အရင်တက်လိုက်နော်။"

မာန့်စိတ်ကို နားလည်သော လှိုင်းက ပြောလာသောကြောင့် မာန် ကားပေါ် တက်မည့်ဟန် ပြင်သော်လည်း စိတ်ထဲ အတွေးတစ်ခု ဝင်လာသောကြောင့် ကားပေါ်သို့ လှမ်းလက်စ ခြေလှမ်းကို ရပ်တန့်လိုက်မိသည်။

"မင်းအရင်တက်။"

"ဗျာ"

"မင်း အရင်တက်လို့။ ငါ အလယ်မှာ ထိုင်မယ်။"

မာန်က စိတ်မရှည်သလို ပြောသောအခါ လှိုင်းက စိတ်ချမ်းသာရင် ပြီးရော ဆိုသည့် သဘောဖြင့် မာန့်ဆန္ဒအတိုင်း ကားပေါ် အရင်တက်သည်။ လှိုင်းတက်ပြီးမှ မာန် ကားပေါ် တက်လိုက်ရာ စက္ကန့်ပိုင်းအတွင်း ဘေး၌ နေရာဝင်ယူလာသော ဇွဲမာန်ဟိန်းကြောင့် မျက်နှာကို မရည်ရွယ်ဘဲ ဆူပုတ်ထားမိသည်။ ဇွဲမာန်ဟိန်းအနား မာန် တစ်စက္ကန့်ပင် မရှိချင်သော်လည်း လှိုင်းကို အလယ်မှာ ပေးထိုင်လျှင် သူ ပို၍ပင် ဒေါသထွက်ရမည်မှန်း မာန် သိသည်။ ဇွဲမာန်ဟိန်းဆိုသည့်ကောင် လှိုင်းကို ခေါ်သည့် အခေါ်အဝေါ် ၊ သူ့ကိုယ်သူ သုံးနှုန်းသည့် အသုံးအနှုန်း ၊ လှိုင်းကို ရွှန်းရွှန်းစားစား ကြည့်တတ်သော မျက်မှန်ဝိုင်းများအောက်ရှိ အကြည့်စူးစူးတို့ကို မာန် တစ်ခုမှ ဘဝင်မကျ။

ကားစထွက်ပြီး စက္ကန့်ပိုင်းလောက်သာ ရှိသေးသော်လည်း မာန်၏ သည်းခံနိုင်စွမ်းများ ကုန်ခန်းနေလေပြီ။ ဦးသော်ကသည် ဒေါ်အေးမြတ်မွန်ဆိုသည့် အမျိုးသမီးနှင့် စကားပြောနေချိန်၌ 'ကို' နှင့် 'မြတ်' ဆိုသည့် အသုံးအနှုန်းများနှင့် ဒေါ်အေးမြတ်မွန်၏ ချိုလွင်လွင် ရယ်သံများကိုသာ မာန် ဆင့်ကာ ဆင့်ကာ ကြားနေရကြောင့် ဘယ်လိုနည်းနှင့်မှ ဆက်နားမထောင်နိုင်တော့ပေ။

"ပါပါး သား အိပ်ချင်လို့ တိုးတိုးနေပေးပါလား။"

"ဟုတ်ပါရဲ့။ မာန်လေးက မနက်ကတည်းက အစောကြီး ထထားရတာမလား။ အိပ် အိပ် မာန်လေး ..တီမြတ် တိုးတိုးနေပေးမယ်နော်။"

မာန်က ပါပါးကို ပြောနေသည်ကို ဤအမျိုးသမီးကြီးက ဘာဆိုင်လို့ မာန်နှင့် အရမ်း ရင်းနှီးနေသည့်ဟန်ဖြင့် ဝင်ပြောနေရသနည်း။ လူကြီးတစ်ယောက်ကို ပြန်ရန်မတွေ့လိုသောကြောင့်သာ စိတ်ကို လျှော့ပြီး ဘေး၌ နှုတ်ဆိတ်စွာ ထိုင်နေသည့် လှိုင်း၏ ပုခုံးပေါ်သို့ ခေါင်းစောင်းလိုက်တော့သည်။ သူ၏ ပုခုံးပေါ်သို့ မာန်၏ ဦးခေါင်း သက်ဆင်းလာသည့်တိုင်အောင် လှိုင်းက ဘာမှ မပြောဘဲ ငြိမ်သက်နေပေးသည်။ လှိုင်း၏ ပုခုံးကို ခေါင်းမှီရင်း မာန်သည် မျက်လုံးများကို သဘာဝကျကျ မှေးစင်းထားလိုက်သည်။ မာန် ပြောလိုက်မှ ကားထဲ ညံနေသည့် စကားသံများ စဲသွားတော့သည်။

ပုခုံးပေါ် မှေးနေသည့် မာန့်ကို ကြည့်ရင်း လှိုင်း ခပ်ရေးရေးသာ ပြုံးမိသည်။ မာန့်ကို အတန်ကြာအောင် ငေးနေရင်းမှ တစ်ဖက်သို့ အကြည့်ရောက်မိရာ သူ့ကို စိုက်ကြည့်နေသည့် အကြည့်တစ်စုံနှင့် ပက်ပင်း ဆုံသည်။ လှိုင်း ချက်ချင်း အကြည့်လွှဲပေးလိုက်ပေမဲ့ နှစ်လိုဖွယ်ကောင်းလောက်အောင် တွန့်ကွေးသွားသည့် နှုတ်ခမ်းတစ်စုံကို လှိုင်း မြင်ဖြစ်အောင် မြင်လိုက်ရသေးသည်။ သည်လူက ဘာလို့များ လာကြည့်နေပါလိမ့်။ အာရုံစိုက်ခံရသည်ကို မနှစ်သက်လှသည့် လှိုင်းအတွက် မျက်လုံးဒေါက်ထောက် ကြည့်တတ်သည့် ဟိန်း၏ ရွှန်းရွှန်းစားစား အကြည့်တို့သည် စိတ်ကသိကအောက် ဖြစ်စေသည်။

ခေတ္တမျှ ကားပေါ် အချိန်ကုန်သွားပြီးနောက် ဗဟန်းမြို့နယ် အတွင်းရှိ ဟိုတယ်တစ်ခုရှေ့၌ပင် ဒေါ်အေးမြတ်မွန်တို့ ဆင်းသွားကြသည်။ မဆင်းခင် ဦးသော်ကကို သာမက လှိုင်းကိုပါ နှုတ်ဆက်သွားသေးသည်။

"ကို သွားတော့မယ်နော်။ ညနေမှ တွေ့မယ်။ လှိုင်း တီမြတ်တို့ သွားဦးမယ်။"

မာန်က အိပ်နေသဖြင့် လှိုင်း ပြုံးကာ ခေါင်းညိတ်၍သာ ဒေါ်အေးမြတ်မွန်၏ နှုတ်ဆက်စကားကို အသိအမှတ်ပြုလိုက်မိသည်။

"သံစဉ် ..ကိုယ်တို့ နောက်မှ ထပ်တွေ့မယ်။ နောက်တစ်ခါတွေ့ရင်တော့ ဒီ့ထက် ပိုပြီး ရင်းရင်းနှီးနှီး နေကြရအောင်ကွာ နော်။"

ဟိန်း၏ စကားကိုတော့ လှိုင်း ခေါင်းခါ၍လည်း မငြင်းပယ်မိသလို ခေါင်းညိတ်၍လည်း အသိအမှတ် မပြုမိဘဲ ရေးရေးသာ ပြုံးပြလိုက်မိသည်။ ဟိန်းနှင့် နောက်တစ်ကြိမ် ဆိုသည်ကို ထပ်မရှိစေချင်တော့ပေ။ ဟိန်းနှင့်တွေ့လျှင် ဒေါသရိပ်များ ကိန်းဝပ်နေတတ်သည့် မာန်၏ မျက်နှာ၌ အပြုံးပန်းကိုသာ ပန်ဆင်စေလိုသည့်အတွက် နောက်တစ်ခါ တွေ့ဆုံခြင်းကို လှိုင်း ရှောင်တိမ်းချင်နေမိသည်။ ဟိန်းတို့သားအမိ ကားပေါ်မှ ဆင်းသွားချိန်အထိ မာန်သည် မလှုပ်မယှက် ရှိနေဆဲမို့ ဦးသော်ကသည် ဘာစကားမှ မပြောဘဲ နှုတ်ဆိတ်လျက်သာ အိမ်သို့ ပြန်လာခဲ့သည်။ လှိုင်းကမူ သူ့ပုခုံးပေါ် ခေါင်းအုံးနေသည့် မာန့်ကိုသာ ကြည့်ရင်း ကြိတ်ပြုံးမိသည်။

"အိပ်ချင်ယောင်ဆောင်တာကလည်း မပီပြင်လိုက်တာဗျာ။"

ခြံဝင်းထဲ ကားဆိုက်ချိန်၌တော့ ဦးသော်ကသည် မာန့်ကို အိပ်ရာမှာ သွားအိပ်ခိုင်းလိုက်ဟု ဆိုပြီး ဘုန်းကြီးကျောင်းမှ ယူလာသည့် ထမင်းချိုင့်ကို ဆွဲကာ ကားပေါ်မှ ဆင်းသွားသည်။ ဦးသော်က အိမ်ထဲ ဝင်သွားသည် သေချာမှ လှိုင်းသည် ကားထဲ၌ မင်းမူနေသည့် တိတ်ဆိတ်ခြင်းကို စကားလုံးမြားဖြင့် ပစ်ခွင်း ဖြိုခွဲလိုက်သည်။

"ဦး အိမ်ထဲ ဝင်သွားပြီ ကိုရိပ်။ မျက်လုံးဖွင့်လို့ရပြီ။"

လှိုင်းစကား ဆုံးသည်နှင့် မာန်၏ မျက်လုံးများ ဖွင့်လာပြီး ခေါင်းထောင်လာသည်။ လှိုင်းကို မျက်စောင်းတချီချီနှင့် စိုက်ကြည့်နေပုံက သူ အိပ်ချင်ယောင် ဆောင်နေသည်ကို လူမိသွားသဖြင့် စိတ်မကျေမချမ်း ဖြစ်နေသည့်ဟန်။ မာန့်ကို ကြည့်ရင်း လှိုင်း ရယ်ချင်လာသည်မှာ ဘယ်လိုမှကို မချုပ်တည်းနိုင်တော့သဖြင့် သွားပေါ်ရုံ ရယ်မိရာ လက်မောင်းကို ဖျန်းခနဲ ရိုက်ပြီး ရန်တွေ့သည်။

"အရူးကောင် ..မရယ်နဲ့။ ငါ့ဘာသာငါ အိပ်ချင်ယောင်ဆောင်ရုံမကလို့ ဘာလုပ်လုပ်ပေါ့။ ငါ လုပ်ချင်တာ လုပ်မယ်။ ငါ့ကို လာရယ်မနေနဲ့။"

"ဟုတ်ပါပြီ ..မရယ်နဲ့ဆိုလည်း မရယ်တော့ပါဘူး။ နှုတ်ခမ်းကြီးတော့ ဆူမထားပါနဲ့ ကိုရိပ်ရယ် ..ပြုံးပြုံးလေး နေပါဗျ။ လာပါ ..အိမ်ပေါ်ထပ် တက်ရအောင်။ မနက်က ကိုရိပ် အိပ်ရေးမဝသေးဘူးမလား။ အခန်းထဲ ရောက်ရင် အိပ်ချင်ယောင် မဆောင်ဘဲ တကယ် ပြန်အိပ်နော်။"

"မအိပ်ဘူး ..ငါ ပေါင်ချိန်ကြည့်မှာ။"

"ဟောဗျာ ..အိပ်ချင်နေတာ မဟုတ်ဘူးလား ကိုရိပ်။"

"အိပ်ချင်လည်း မင်း အိပ်ခိုင်းလို့ကို တမင် မအိပ်ဘူး။ ဟွန်း ..မျက်နှာပိုးကို မသေဘူးကွာ ..တောက်။"

တောက်တစ်ချက်နှင့် စကားဝိုင်းကို အဆုံးသတ်ပြီး ကားပေါ်မှ ဆောင့်ကြီး အောင့်ကြီး ဆင်းသွားသဖြင့် လှိုင်းမှာ ထိုကျောပြင်ကျယ်ကို ကြည့်ရင်း ခပ်ဟဟ ရယ်မိသေးသည်။ မရယ်စဖူး စိတ်ရှိလက်ရှိ ရယ်ပြီးမှ လှိုင်း ကားပေါ်မှ ဆင်းကာ အိမ်ထဲ ဝင်လာလိုက်သည်။ ထိုအခါ ဧည့်ခန်းထဲ၌ ဆိုဖာပေါ်တွင် ဒူးနှစ်ဖက်ကို ပိုက်ကာ ရုပ်ရှင်ထိုင်ကြည့်နေသည့် မာန့်ကို မြင်နေရသည်။ တကယ်ကြီး လှိုင်းကို အရွဲ့တိုက်ကာ ရုပ်ရှင် ထိုင်ကြည့်နေသည်ပဲ။

"တကယ် မအိပ်ဘူးပေါ့"

"မအိပ်ပါဘူးဆိုကွာ။ သွား သွား မင်း ငါ့နား မလာနဲ့ ..ပုတက် အစုတ်ပလုတ်။"

"ကိုရိပ်ကလည်း အမျိုးမျိုးပဲဗျာ။ ခုနကကျ ကျွန်တော့်ပုခုံးပေါ် ခေါင်းအုံးနေပြီးတော့။"

"မင်း သေချင်နေပြီလား။"

ဆိုဖာနောက် သွားရပ်ရင်း ပြောလိုက်သည့် လှိုင်း၏ စကား ကြားသည်နှင့် ရုပ်ရှင်ကြည့်နေရင်းမှ လှိုင်းကို မျက်စောင်းလှမ်းထိုးကာ ခပ်ဆတ်ဆတ် ပြန်မေးသည်။ လှိုင်းလည်း မာန့်အမူအရာကို သဘောကျလွန်း၍ ပြုံးလိုက်မိပြီးမှ -

"မသေချင်သေးပါဘူး။ ကျွန်တော်က ကိုရိပ်ရဲ့နားမှာ အကြာ..ကြီး နေဦးမှာ။ ခုတော့ အန်းကုန်းကို ထမင်းသွားကျွေးလိုက်ဦးမယ်ဗျ။"

ရယ်ချင်ပက်ကျိ မျက်နှာထားဖြင့် မျက်နှာပိုး မသေစွာ ပြောပြီးသည်နှင့် ဧည့်ခန်းပြင်သို့ ပြေးထွက်သွားသည့် ထိုပုဆိုးနှင့် ပုတက်အား မာန် ခေါင်းခေါက်ချင်လိုက်သည်မှာ လက်ကို ယားနေရော။ အနှီငနဲ​လေးနောက် ပြေးလိုက်ရမည်ကို ပျင်းသောကြောင့်သာ စိတ်ကို လျှော့ပြီး ရုပ်ရှင် ဆက်ကြည့်နေလိုက်သည်။ တီဗီဖန်သားပြင်၌ လာနေသည့် ကျော်ဟိန်းနှင့် ဒွေးကို မြင်ရာ သကောင့်သားကို မဆီမဆိုင် သတိရသွားသေးသည်။ ပေါင်ချိန်ဆိုလျှင် တမ်းတမ်းစွဲ ကြိုက်လှသော လှိုင်းသံစဉ်ကို အမြင်ကပ်သဖြင့် ပေါင်ချိန်မကြည့်ဘဲ ရုပ်သံ၌ လာနေသည့် မြန်မာကားကိုသာ ထိုင်ကြည့်နေသော်လည်း မြန်မာမင်းသားများထဲ ဒွေးနှင့် ကျော်ဟိန်းကိုသာ ကြိုက်သည်ဟု ပြောဖူးသည်ကို အမှတ်ရသွားသဖြင့် စိတ်အာရုံတို့က လှိုင်းသံစဉ်၏ ပုံရိပ်များထံ၌ သွားရောက် ပုန်းလျှိုပြန်သည်။

တစ်ခါတစ်ရံတော့ လှိုင်းသံစဉ်၏ အရိပ်အယောင်များ ပြည့်နှက်နေသည့် အတွေးပုံရိပ်များကို မာန် မုန်းတီးလှသည်။ မုန်းတီးသော်ငြား အတွေးထဲ ခွင့်မတောင်းဘဲ အမြဲတစေ နေရာဝင်ယူသည်မှာလည်း ဆံပင်ကပိုကရိုနှင့် ခပ်ရေးရေးသာ ပြုံးပြတတ်သည့် လှိုင်းသံစဉ်ပင် ဖြစ်နေတော့သည်။

~ 10/7/2023 (7:28 a.m.) ~

{ Video crd from the owner }

Continue Reading

You'll Also Like

22.7K 1K 16
Jack Morrison is considered a farm boy, the Golden Boy, the most selfless one you could meet in Abnegation. But he decided to choose Dauntless when t...
3.1K 50 11
After a Black Friday tragedy happens in Massachusetts, Zuma and his friends end up targets in a murder spree with a axe wielding manic. ᴄᴏᴠᴇʀ ᴄʀᴇᴅɪᴛ:...
752K 2.8K 67
lesbian oneshots !! includes smut and fluff, chapters near the beginning are AWFUL. enjoy!
99.6K 5.4K 40
A curse changes the course of action of the Devas! A new Dev must be created, the God of Balance who controls the movements of nine planets, th...