အခန်း ၁၆၄။ အသေးလေးသုံးယောက်၏ကမ္ဘာငယ်
အချိန်အတော်ကြာပြီးနောက် ယဲ့ရှော်သည် ထျန်းထျန်းရှိနေတာကို ဆရာတွေမသိအောင်ဖုံးထားရင်း အတန်းချိန်တစ်ခုပြီးတစ်ခု ပြီးသွားခဲ့သည်။
ဒါပေါ့။ သူ့မှာ ကူညီဖုံးကွယ်ပေးကြတဲ့ အတန်းဖော်ကောင်းတွေရှိသည်လေ။ ထျန်းထျန်းကလည်း ပျော်ရွှင်စွာဖြင့် စာအုပ်တွေ တစ်အုပ်ပြီးတစ်အုပ် ပြောင်းနေခဲ့သည်။
ထိုစာအုပ်များကလည်း လူသေးသေးလေးများ၊ ကြောင်လေးများ၊ ခွေးကလေးများအစရှိသဖြင့် အရောင်စုံခြယ်ရန်အတွက်ပဲဖြစ်သည်။
ဒါဟာ လော့ယန်၏အတန်းချိန်ကလွဲလို့ ကျန်သည့်စာသင်ချိန်တွေမှာဖြစ်သည်။
လော့ယန်ဝင်မည့်အတန်းချိန်မှာတော့ ယဲ့ရှော်သည် ပထမဆုံးအတန်း၏အလယ်တွင်ထိုင်သည်။ ဟုတ်တာပေါ့။ ဒီအချိန်မှာတော့ ထျန်းထျန်းက သူ့ရင်ခွင်ထဲမှာဖြစ်သည်။
ထျန်းထျန်းလည်း လော့ယန်ဝင်လာတာကိုမြင်သည်နှင့် သူ့လက်သေးသေးလေးကိုဝှေ့ယမ်းကာအော်ဟစ်နှုတ်ဆက်လေသည်။
"လော့လော့... လော့လော့..."
လော့ယန်သည် သင်ကြားရေးစာအုပ်များကို ဆရာစားပွဲပေါ် တင်ထားလိုက်ပြီး ကောင်ငယ်လေးကိုချီကာ လက်မောင်းများအကြားပွေ့ဖက်ထားလျက် နမ်းရှိုက်ပြီးမှ ယဲ့ရှော်ဆီ ပြန်ပို့ပေးလိုက်သည်။
ဆူဆူညံညံဖြစ်နေသည့် ကျောင်းသားများ----
"ပါမောက္ခလော့က အရမ်းကြင်နာတတ်တာပဲ"
"ပါမောက္ခလော့က စိတ်ထားကောင်းတယ်။ ရှောင်ထျန်းထျန်းကို ချီထားတဲ့ပုံစံက အရမ်းခန့်ငြားတာပဲ"
"တခြားဆရာတွေနဲ့ ပါမောက္ခတွေလည်း ဒီလိုလက်ခံပေးကြရင်ကောင်းမှာပဲ။ ဒါဆိုရှောင်ထျန်းထျန်းလည်း ပုန်းနေဖို့ မလိုတော့ဘူး"
"ဟုတ်ပါ့...."
ဒီအချိန်မှာတော့ ရှောင်ထျန်းထျန်းသည် ပုံတွေအရောင်မခြယ်ဝော့ဘဲ ယဲ့ရှော်၏ပေါင်ခွင်ပေါ်၌ လိမ်လိမ်မာမာလေးထိုင်ကာ လော့ယန်၏သင်ခန်းစာပို့ချမှုကို လူကြီးလေးသဖွယ် နားထောင်နေသည်။
သူနားမလည်ဘူးဆိုသော်လည်း လော့ယန်ဝင်လာပြီး စာသင်နေစဉ်တစ်လျှောက်လုံး ငြိမ်ငြိမ်လေးနားထောင်ရင်း ပြုံးရယ်နေလေသည်။ တစ်ခါတစ်ရံမှာတော့ လော့ယန်ကို စာသင်တာကောင်းသည်ဟု အားပေးလိုသည့်အလား သူ့လက်သေးသေးလေးကိုမြှောက်လျက် လက်ခုပ်တီးတတ်ပါသေးသည်။
ဟုတ်သည်။ တစ်ကယ်တမ်း ထျန်းထျန်းက လိုက်အတုခိုးနေတာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လော့ယန်၏ အံ့အားသင့်ဖွယ်ကောင်းသော သင်ကြားမှုကို သဘောကျကြတာကြောင့် တစ်ခါတစ်ရံ ကျောင်းသားများက လက်ခုပ်တီးတတ်ကြသည်လေ။
ထျန်းထျန်းကလည်း ဒါကိုအတုယူနေတာဖြစ်သည်။
********
အိမ်ပြန်ရောက်လို့ TV ကြည့်ချိန်မှာတော့ ကောင်ငယ်လေးသည် လော့ယန်၏ရင်ခွင်ထဲ၌ ထိုင်ကာ ယဲ့ရှော်ကို လော့ယန်အားချွဲနွဲ့ရန် အခွင့်အရေးမပေးတော့ပါချေ။
သည်လိုနှင့် တက္ကသိုလ်တက်ရသည့်နေ့ရက်များသည် ပုံမှန်ပဲ ကုန်ဆုံးနေလေသည်။
သောကြာနေ့မနက်မှာတော့ လော့ယန်ရောယဲ့ရှော်ပါ အတန်းချိန်မရှိပေ။ ဒါကြောင့် သူတို့သည် ထျန်းထျန်းကို ချန်းယီအိမ်ယာသို့ အလည်အပတ်ခေါ်သွားလေသည်။
ချန်းယီအိမ်ယာ၌ လင်ကျန်းရီနှင့် စုကျစ်ယန်တို့နှစ်ယောက်လုံး အလုပ်သွားကြပြီဖြစ်ရာ အိမ်မှာ လင်ရှောင်ထျန်းနှင့် ကျန်းဟွားရှန်တို့သာရှိသည်။
အကယ်၍ ယဲ့ရှော်သည် လော့ယန်ကို တစ်ပါတည်းအတူခေါ်ခဲ့ချင်ပါက အနောက်မှ ကလေးထိုင်ခုံကိုဖြုတ်ပစ်ရမည်ဖြစ်သည်။
မည်သို့ဆိုစေ သုံးယောက်သားအတူသွားချင်တာကြောင့် ကလေးခုံကိုဖြုတ်ရမည်ပင်။ သည်လိုနှင့် ယဲ့ရှော်က စက်ဘီးနင်း၊ လော့ာန်က ကလေးကို လက်မောင်းများကြား ပွေ့ထားလျက် စတင်ထွက်ခွာခဲ့ကြသည်။
ထျန်းထျန်းသည် အလွန်စူးစမ်းချင်စိတ်များသော ကလေးတစ်ယောက်ဖြစ်သည်။ လော့ယန်၏လက်မောင်းထဲမှာနေရင်း ကိုယ်လေးကိုလှုပ်ကာ ဆိုင်းဘုတ်တွေကိုထိုးပြကာ အဲဒါကဘာလဲလို့ မေးလိုက်၊ အဆောက်အဦးများ၏မျက်နှာစာမှ စာလုံးများကိုပြကာ မေးလိုက်ဖြင့် တစ်လမ်းလုံး စူးစမ်းလာသည်။
သို့သော် ကောင်ငယ်လေးသည် အသက်အရွယ်အရ တတ်မြောက်မှု အကန့်အသတ်ရှိသည်မို့ ပြောပြသမျှအကုန်လုံးကို မမှတ်နိုင်ပေ။ ဒါကြောင့် တစ်လုံးချင်းပြောပြရင်း မှတ်မိအောင် သင်ပေးရသည်။
အချိန်ကြာလာသည်နှင့်အမျှ လော့ယန်နှင့်ယဲ့ရှော်တို့ ပျော်မြူးစွာ ရယ်မောလာကြသည်။ ကောင်ငယ်လေးသည် သူတို့ဘာကိုရယ်မှန်းမသိဘဲ သူကပါတခစ်ခစ် လိုက်၍ရယ်မောလေသည်။
"ထျန်းထျန်း.... ဒီနေ့ ဦးဦးက သားကို ဒီက ညီလေးနှစ်ယောက်နဲ့ အတူတူကစားဖို့ခေါ်လာတာ။ ခဏနေလို့ အတူတူကစားရင် ညီလေးအတွက် သားယူလာတဲ့ လက်ဆောင်လေးတွေ ပေးလိုက်နော်။ ဟုတ်ပြီလား"
အိမ်ယာ၏ဂိတ်ဝကိုရောက်သော် လော့ယန်သည် လက်မောင်းထဲမှ ထျန်းထျန်းကို မြေပြင်ပေါ်ချပေးလိုက်ပြီး တံခါးဘဲလ်ကိုနှိပ်လိုက်သည်။
လင်ရှောင်ထျန်းသည် ပြုံးပြုံးရယ်ရယ်ဖြင့် တံခါးလာဖွင့်ပြီး သူတို့ကိုခြံထဲဝင်စေသည်။ ယဲ့ရှော်တို့လည်း နောက်မှလိုက်ဝင်လာပြီး ယဉ်ကျေးစွာနှုတ်ဆက်သည်။
"အန်ကယ်လ်လင်... မဂ်လာပါဗျ"
"ရှောင်ရှော်... မတွေ့တာကြာပြီနော်"
လင်ရှောင်ထျန်းသည် ယဲ့ရှော်၏ပခုံးကိုပုတ်ကာ ပြန်လည်နှုတ်ဆက်သည်။
"နောက်ဆုံးတစ်ခါတွေ့ခဲ့တုန်းကထက် အရပ်ရှည်လာတာပဲ"
"အန်ကယ်လ်လင်ကတော့ နောက်နေပြန်ပါပြီ"
ရုတ်တရက် ယဲ့ရှော်သည် တစ်စုံတစ်ရာကိုသတိရသွားပြီး လင်ရှောင်ထျန်းကို တစ်ဘက်သို့ဆွဲခေါ်သွားကာ တီးတိုးမေးသည်။
"အန်ကယ်လ်လင်... မကြာသေးခင်က ကျွန်တော့်မိဘတွေနဲ့ ဆုံခဲ့သေးတယ်မလား။ သူတို့အဆင်ပြေကြရဲ့လား"
ယဲ့ရှော်သည် သူ့မိသားစုနှင့် အဆက်အသွယ်ပြတ်နေတာ ရက်အနည်းငယ်ကြာပြီဖြစ်သည်။ သူဂရုမစိုက်ဘူးဟုဆိုလျှင် လိမ်ရာကျလိမ့်မည်။
အထူးသဖြင့် လော့လော့နှင့်အတူ ထျန်းထျန်းကို မွေးစားလိုက်ပြီးကတည်းက ကလေးတစ်ယောက်ကို ပျိုးထောင်ရန်မှာ တစ်ကယ်တမ်းတော့ မလွယ်ကူကြောင်းနားလည်ခဲ့ရသည်။
ဒါကြောင့် သူ့ကိုဒီအရွယ်ရောက်အောင် ပျိုးထောင်ခဲ့သော သူ့မိဘတွေကို အတိုက်အခံမလုပ်ချင်တော့ပေ။
ဒါပေါ့။ သူ့အဖေနှင့်သဘောတူထားသည့် 'လော့ယန်အတူနေခြင်း' သုံးနှစ်တာကာလပြည့်သွားလျှင်တော့ ပြန်ဆက်သွယ်ပေမည်။
ထိုအချိန်မှာ မိဘတွေကလည်း ကတိအတိုင်း သူတို့ကို သဘောတူပေးရလိမ့်မည်။ မည်သို့ဆိုစေ လော့ယန်ဟာ ဘ၀ရဲ့နေ၀င်ချိန်အထိ အတူရှိချင်သည့် သူ့ရဲ့တစ်ဦးတည်းသော လက်တွဲဖော်ဖြစ်သည်။
လင်ရှောင်ထျန်းသည် အကူအညီမဲ့စွာ ပြုံးလေသည်။
"ငါ့မှာမြေးတွေရပြီးတာတောင်အချိန်တစ်ခုကြာသွားပြီ။ အလုပ်ကိစ္စတွေဆီကလည်း အနားယူလိုက်ပြီလေ။ မင်းသိချင်ရင် ကျန်းရီကိုသာမေးချေ။ ဘယ်လိုပွဲဖြစ်ဖြစ် ကျစ်ယန်နဲ့သူ့ကိုပဲ တက်ခိုင်းထားတာ။ မငိးမိဘတွေနဲ့ သူတို့ဆုံခဲ့လောက်မယ်"
သူတို့ စကားပြောရင်း အိမ်ထဲဝင်လာကြသည်။ လော့ယန်သည် ခြံထဲဝင်လာကာစက ပြန်လ်ာပွေ့ချီထားသော ထျန်းထျန်းကို အောက်ချပေးလိုက်ရာ အနည်းငယ်ကြောက်နေဟန်ဖြင့် လော့ယန်နှင့် ကွယ်ကာပုန်းသည်။
သူ့လက်ကလေးများဖြင့် လော့ယန်၏ဘောင်းဘီကို ကိုင်ထားလျက်၊ ခေါင်းလေးကမူ ကောဇောပေါ်တွင်ထိုင်ကာ အမြွှာနှစ်ယောက်ကစားသည်ကို ကြပ်မတ်ပေးနေသော ကျန်းဟွားရှန်ကို ချောင်းကြည့်နေလေသည်။
ကျန်းဟွားရှန်သည် လင်ကျန်းရီနှင့်စုကျစ်ယန်တို့ဆီမှ လေယ့ယန်နှင့်ယဲ့ရှော်တို့ မိဘမဲ့ဂေဟာမှ ကလေးတစ်ယောက်ကို မွေးစားခဲ့ကြောင်း သိခဲ့ပြီးပြီဖြစ်သည်။
ထိုနှစ်ယောက်သာ ကလေးကိုမမွေးစားလိုပါက ကလေးငယ်သည် သူတို့လင်မိသားစုဝင်တစ်ယောက် ဖြစ်လာခဲ့လိမ့်မည်။
ကလေးငယ်ကို လက်မောင်းထဲပြန်လည်ထွေးပွေ့ထားသူ လော့ယန် အထဲဝင်လာချိန်မှာတော့ ထိုကလေးက လင်ကျန်းရီနှင့် စုကျစ်ယန်တို့ ပြောသည့် 'ထျန်းထျန်း' ဆိုသည့် ကလေးဖြစ်မည်ဆိုတာ နားလည်လိုက်သည်။
ထို့ကြောင့် ကျန်းဟွားရှန်သည် လက်ပြနှုတ်ဆက်လိုက်ပြီး ထိုကလေးကိုသွေးဆောင်ရန် ကောဇောပေါ်မှ အရုပ်များကို အသုံးပြုလိုက်သည်။
"ထျန်းထျန်း... လာ... ဖွားဖွားဆီလာပါဦး..."
လော့ယန်သည် ကောင်ငယ်လေး၏ကျောပြင်ကိုပုတ်ပေးကာ ရှေ့သျု့တွန်းပို့လိုက်သည်။
"သွားလေ... ညီလေးတွေနဲ့ မကစားချင်ဘူးလား"
ထျန်းထျန်းသည် လော့ယန်ကိုမော့ကြည့်လိုက်ရာ နူးညံ့ညင်သာသောအပြုံးဖြင့် ညီလေးတွေအတွက် ယူလာသောအရုပ်ကို ကမ်းပေးနေကြောင်း တွေ့လိုက်ရသည်။
လင်ကျစ်ရွှမ်နှင့် လင်ကျစ်ဟောင်တို့သည် တွားသွားရန်ငယ်သေးသည်မို့ ကောဇောပေါ်၌ သည်အတိုင်း လှိမ့်လိုက်၊ ကလေးတွေ ဝှေ့ယမ်းလိုက်၊ လဲလျောင်းလိုက်၊ အချင်းချင်းလုံးထွေးကစားလိုက်ဖြင့် နေနေကြသည်။ ထိုင်နေချိန်ဆိုရင်တော့ သိပ်မလှုပ်ကြတော့ပေ။
ကိုယ်ကိုလှဲကာ ကြုံရာကျပမ်း အရုပ်တွေကို ဆွဲယူချိန်မှာသာ လုံးထွေးနေကြတာဖြစ်သည်။
ထျန်းထျန်းသည် သူ့အနားသို့နီးကပ်လာသော လင်ကျစ်ဟောင်ကို ယုန်ရုပ်လေးပေးလိုက်သည်။ လင်ကျစ်ဟောင်ကလည်း လှမ်းယူသည်။
သို့သော် လင်ကျစ်ရွှမ်ကလည်း သူတို့အနားသို့ လှိမ့်လာကာ သူ့လက်လေးကိုဆန့်လို့ ယုန်ရုပ်လေးကိုလုသွားသည်။
ထျန်းထျန်းသည် တခြားကျားရုပ်လေးကိုယူကာ လင်ကျစ်ဟောင်လက်ထဲ ထည့်ပေးလိုက်သည်။ လင်ကျစ်ဟောင်သည် ဘာအရုပ်ရရမငြင်းတတ်သူမို့ လိမ်လိမ်မာမာလေးပင် ကျားရုပ်ကိုလှမ်းယူသည်။
ကလေးပီပီ နှုတ်ခမ်းထောင့်မှ သွားရည်များစီးကျလာတာကြောင့် ကျန်းဟွားရှန်လည်း အမြန်သုတ်ပေးလိုက်သည်။
"ဟောင်ဟောင်... ကိုကို့ကို ကျေးဇူးတင်လိုက်ပါဦး"
ခေါင်းကြောမာသည့် လင်ကျစ်ဟောင်လေးကတော့ ယုန်ရုပ်လေးဖြင့် ကစားနေရင်းက အရုပ်က သူ့အဝေးကိုရောက်သွားတာ ကြည့်နေလေသည်။
ထျန်းထျန်းလည်း ယုန်ရုပ်လေးကိုကောက်ကာ လင်ကျစ်ရွှမ်လက်ထဲ ထည့်ပေးရင်း ဒီကိုရောက်စဉ်ကစလို့ ပထမဆုံးသော စကားလုံးကို ပြောလိုက်သည်။
"ဒီမှာ..."
လင်ကျစ်ရွှမ်လည်း ယုန်ရုပ်လေးကိုဆွဲယူကာ မေးကိုမော့လာလျက် ထျန်းထျန်းကိုကြည့်သည်။ ပြီးနောက် သူ့ပါးစပ်လေးကိုဟကာ ရှေ့သွားလေးနှစ်ချောင်းကိုပြလျက်မှ အူဖောင်းတွေ မှုတ်လာသည်။
ထျန်းထျန်းကလည်း နားလည်ပုံပေါ်သည်။ သူသည် လင်ကျစ်ရွှမ်၏မျက်နှာလေးကို ဖွဖွထိကိုင်ကာ တုံ့ပြန်လာသည်။
"ရပါတယ်။ အတူတူဆော့ကြမယ်နော်"
လင်ကျစ်ရွှမ် ပူဖောင်းထပ်မှုတ်သည်။ ပြီးနောက် ယုန်ရုပ်လေးကို ပွေ့ဖက်ကာ ကုတ်ခြစ်သည်။ ထျန်းထျန်းကလည်း ပြောပြသည်။
"အဲဒါလေးက ယုန်လေးလေ။ ညီလေးကိုင်ထားတာကတော့ ကျားလေးပေါ့"
"ယုန်လေးကိုကြိုက်လား။ ကျားလေးကိုကြိုက်လား"
"ဪ... ကိုကိုထင်တာတော့ ယုန်ရုပ်လေးကို ပိုကြိုက်ပုံပဲ"
လင်ကျစ်ဟောင်လည်း ကိုယ်လေးကို တွန့်ကွေးကာ ရှေ့တိုးလာရင်း တအားအားအော်လေသည်။
"ဒါပေါ့။ ကျားလေးကိုကြိုက်တဲ့သူကို ကျားရုပ်လေးပေးမှာပေါ့"
သည်လိုနှင့် ခုနစ်လနီးပါး ဘေဘီနှစ်ယောက်နှင့် သုံးလခွဲအရွယ်ဘေဘီလေးတို့သည် မကြာမီအချိန်အတွင်း သူတို့၏ကမ္ဘာလေးထဲ၌ ပျော်ရွှင်စွာ နစ်မြုပ်သွားကြလေပြီ။
ကျန်းဟွားရှန်နှင့်လော့ယန်တို့လည်း ဘေးမှာထိုင်ကာ ပျော်ရွှင်စွာကြည့်နေကြလေသည်။ ကလေးသုံးယောက်၏ကမ္ဘာလေးက တစ်ကယ်ရယ်စရာကောင်းလှသည်ပင်။
တစ်ဘက်မှာ ယဲ့ရှော်နှင့် လင်ရှောင်ထျန်းတို့သည် ဆိုဖာပေါ်၌ထိုင်ပြီး အသံတိုးတိုးဖြင့် စကားပြောနေကြသည်။
လော့ယန် ဂရုတစိုက်နားထောင်ကြည့်ရာ ယဲ့ရှော်သည် လင်ရှောင်ထျန်းဆီမှ ကုမ္ပဏီတစ်ခုကိုဦးဆောင်ခြင်းနှင့် စီးပွားရေးအတွေးအမြင်များအကြောင်း သင်ယူနေတာဖြစ်မှန်း သူသိလိုက်ရသည်။
ဒီလိုကြားချိန်မှာတော့ ယဲ့ရှော်သည် မိသားစု၏အာဏာနှင့်ငွေကို ဘယ်လိုဖြုန်းတီးရမလဲဆိုတာသာသိသည့် အခြားသောဒုတိယမျိုးဆက်သူဌေးသားတွေနှင့်မတူဘဲ စဉ်းစားတွေးခေါ်မှုရှိသူတစ်ယောက်ဆိုတာ လော့ယန်အတွက် ပိုသေချာသွားခဲ့သည်။
အခုအချိန်မှာ ယဲ့ရှော်သည် ငြိမ်နေသောနဂါးတစ်ကောင်ဖြစ်ပြီး သေချာပေါက် တစ်နေ့မှာ ကောင်းကင်သို့ပျဲဝံတက်ပြီး ခြားနားအောင်ပြုလုပ်လိမ့်မည်။
******
ညရောက်သော် လင်ရှောင်ထျန်းသည် ယဲ့ရှော်နှင့်လော့ယန်အကြောင်း လင်ကျန်းရီကိုပြန်ပြောပြသည်။
ယဲ့ရှော်ကို စီးပွားရေးအမြင်လေးတွေ အကြံပေးရန်၊ သို့မဟုတ် စီးပွားရေးစရန်အတွက် ငွေချေးပေးပြီး လုပ်ငန်းပူးပေါင်းရန်လည်း ပြောကြည့်သည်။
ယဲ့ရှော်၏စီးပွားရေးအမြင်က သူ့အဖေအောက် မနိမ့်ကျပေ။
လင်ကျန်းရီခေါင်းညိတ်သည်။
"ကျွန်တော် ကျစ်ယန်နဲ့ ဆွေးနွေးပြီးပြီ။ ကျွန်တော်တို့လည်း အဲဒီ့လိုစိတ်ကူးရှိတယ်။ ဒါပေမဲ့သူကကျောင်းမပြီးသေးတော့ သူ့အရည်အချင်းကို သေသေချာချာ စစ်ဆေးကြည့်လို့မရသေးဘူး။ ကျောင်းပြီးလို့ အလုပ်ဝင်မှပဲ ပူးပေါင်းဆောင်ရွက်လို့ သင့်လိမ့်မယ်"
"အင်းပါ။ ဘာပဲဖြစ်ဖြစ် မင်းမှာလည်း ကိုယ်ပိုင်စိတ်ကူးရှိမှာပဲ"
လင်ရှောင်ထျန်းခေါင်းညိတ်ကာ အများကြီးမပြောတော့ပေ။
"ဒါနဲ့လေ ပါးနဲ့မား... ကျွန်တော်တို့ လက်ထပ်ဖို့ရက်ရွေးတာရပြီလား။ ဖိတ်စာဝေဖို့က အသင့်ပဲ"
လင်ကျန်းရီမေးသည်။
"ဒီအပတ် မင်းတို့နှစ်ယောက် ကလေးထိန်းကြ။ ပါးနဲ့ မင်းရဲ့မားက ဆရာတော့်ဆီသွားကြမယ်"
လင်ရှောင်ထျန်းနဖျင့် ကျန်းဟွားရှန်တို့ အချင်းချငိးကြာ့်ကာ ဆုံးဖြတ်လိုက်ကြသည်။
"ရက်ရွေးတာ ကိုယ့်ဘာသာရွေးလို့မရဘူးလား။ ဘာလို့များ ဆရာတော်ဆီ သွားရမှာလဲ"
လင်ကျန်းရီ ညည်းညူသည်။
"ဘယ်လောက်ပဲအရေးကြီးကြီး... အလျင်မလိုရဘူးလေ"
ကျန်းဟွားရှန် နှစ်သိမ့်သည်။
"ဘယ်သူတွေဖိတ်မယ်ဆိုတာ တိုင်ပင်ပြီးကြပြီလား"
"ပြီးပါပြီ"
လင်ကျန်းရီခေါင်းညိတ်ကာ ဘာမှထပ်မမေးတော့ပေ။ အဘယ်ကြောင့်ဆိုသော် ပိုအရေးကြီးတဲ့တစ်စုံတစ်ရာကို သူသတိရသွားတာကြောင့်ဖြစ်သည်။
အဲဒါကတော့ စုယန်နှင့်သူ့ဇနီးကျု ဖိတ်မလား၊ မဖိတ်ဘူးလားဆိုတာပဲဖြစ်သည်။
အဲဒီ့ကိစ္စကို သူ့မိဘတွေနှင့် အစကတည်းက တိုင်ပင်ချင်ခဲ့သော်လည်း အလုပ်များကာ မေ့သွားတာပင်။ ပြီးတော့ အချိန်မယူဘဲ အလွယ်လေးဆုံးဖြတ်လိုက်ဖို့ကလည်းမသင့်ပေ။
ဒါကြောင့် ကျစ်ယန်အိပ်သွားချိန် ညအခါမှ မိဘတွေနှင့်တိုင်ပင်တာဖြစ်သည်။
*********
TN- ညီလေးနှစ်ယောက်နဲ့ ဘိုးဘိုး၊ ဘွားဘွားပါ ရသွားတဲ့အတွက် ဂုဏ်ယူပါတယ် ထျန်းထျန်းရေ။