လမင်းခြေသံ { Completed }

By LinMyatMo23

42.3K 2K 167

ချစ်တယ် ဆိုတဲ့ စကားရဲ့ အလွန်မှာ အမုန်း ရှိနေနိုင်သေးပေမဲ့ ... မြတ်နိုးတယ် ဆိုတဲ့ စကားရဲ့ အလွန်မှာတော့ တစ်ဘဝလု... More

အမှာစာ
နာမည်ပြောင်းလဲခြင်း (U+Z)
အပိုင်း {၁} (UNICODE)
အပိုင်း (၁) (ZAWGYI)
အပိုင်း {၂} (UNICODE)
အပိုင်း {၂} (ZAWGYI)
အပိုင်း {၃} (UNICODE)
အပိုင်း {၃} (ZAWGYI)
အပိုင်း {၄} (UNICODE)
အပိုင်း {၄} (ZAWGYI)
အပိုင်း {၅} (UNICODE)
အပိုင်း {၅} (ZAWGYI)
အပိုင်း {၆} (UNICODE)
အပိုင်း {၆} (ZAWGYI)
အပိုင်း {၇} (UNICODE)
အပိုင်း {၇} (ZAWGYI)
အပိုင်း {၈} (ZAWGYI)
အပိုင်း {၉} (UNICODE)
အပိုင်း {၉} (ZAWGYI)
အပိုင်း {၁၀} (UNICODE)
အပိုင်း {၁၀} (ZAWGYI)
အပိုင်း {၁၁} (UNICODE)
အပိုင်း {၁၁} (ZAWGYI)
အပိုင်း {၁၂} (UNICODE)
အပိုင်း {၁၂} (ZAWGYI)
အပိုင်း {၁၃} (UNICODE)
အပိုင်း {၁၃} (ZAWGYI)
အပိုင်း {၁၄} (UNICODE)
အပိုင်း {၁၄} (ZAWGYI)
အပိုင်း {၁၅} (UNICODE)
အပိုင်း {၁၅} (ZAWGYI)
အပိုင်း {၁၆} (UNICODE)
အပိုင်း {၁၆} (ZAWGYI)
အပိုင်း {၁၇} (UNICODE)
အပိုင်း {၁၇} (ZAWGYI)
အပိုင်း {၁၈} (UNICODE)
အပိုင်း {၁၈} (ZAWGYI)
အပိုင်း {၁၉} (UNICODE)
အပိုင်း {၁၉} ( ZAWGYI)
အပိုင်း {၂၀} (UNICODE)
အပိုင်း {၂၀} (ZAWGYI)
အပိုင်း {၂၁} (UNICODE)
အပိုင်း {၂၁} (ZAWGYI)
အပိုင်း {၂၂} (UNICODE)
အပိုင်း {၂၂} (ZAWGYI)
အပိုင်း {၂၃} (UNICODE)
အပိုင်း {၂၃} (ZAWGYI)
အပိုင်း {၂၄} (UNICODE)
အပိုင်း {၂၄} (ZAWGYI)
အပိုင်း {၂၅} (UNICODE)
အပိုင်း {၂၅} (ZAWGYI)
အပိုင်း {၂၆} (UNICODE)
အပိုင်း {၂၆} (ZAWGYI)
အပိုင်း {၂၇} (UNICODE)
အပိုင်း {၂၇} (ZAWGYI)
အပိုင်း {၂၈} (UNICODE)
အပိုင်း {၂၈} (ZAWGYI)
အပိုင်း {၂၉} (UNICODE)
အပိုင်း {၂၉} (ZAWGYI)
အပိုင်း {၃၀} (UNICODE)
အပိုင်း {၃၀} (ZAWGYI)
အပိုင်း {၃၁} (UNICODE)
အပိုင်း {၃၁} (ZAWGYI)
အပိုင်း {၃၂} (UNICODE)
အပိုင်း {၃၂} (ZAWGYI)
အပိုင်း {၃၃} (UNICODE)
အပိုင်း {၃၃} (ZAWGYI)
အပိုင်း {၃၄} (UNICODE)
အပိုင်း {၃၄} (ZAWGYI)
အပိုင်း {၃၅} (UNICODE)
အပိုင်း {၃၅} (ZAWGYI)
အပိုင်း {၃၆} (UNICODE)
အပိုင်း {၃၆} (ZAWGYI)
အပိုင်း {၃၇} (UNICODE)
အပိုင်း {၃၇} (ZAWGYI)
အပိုင်း {၃၈} (UNICODE)
အပိုင်း {၃၈} (ZAWGYI)
အပိုင်း {၃၉} (UNICODE)
အပိုင်း {၃၉} (ZAWGYI)
အပိုင်း {၄၀} (UNICODE)
အပိုင်း {၄၀} (ZAWGYI)
အပိုင်း {၄၁} (UNICODE)
အပိုင်း {၄၁} (ZAWGYI)
အပိုင်း {၄၂} (UNICODE)
အပိုင်း {၄၂} (ZAWGYI)
အပိုင်း {၄၃} (UNICODE)
အပိုင်း {၄၃} (ZAWGYI)
အပိုင်း {၄၄} (UNICODE)
အပိုင်း {၄၄} (ZAWGYI)
အပိုင်း {၄၅} (UNICODE)
အပိုင်း {၄၅} (ZAWGYI)
အပိုင်း {၄၆} (UNICODE)
အပိုင်း {၄၆} (ZAWGYI)
အပိုင်း {၄၇} (UNICODE)
အပိုင်း {၄၇} (ZAWGYI)
အပိုင်း {၄၈} (UNICODE)
အပိုင်း {၄၈} (ZAWGYI)
အပိုင်း {၄၉} (UNICODE)
အပိုင်း {၄၉} (ZAWGYI)
အပိုင်း {၅၀} (UNICODE)
အပိုင်း {၅၀} (ZAWGYI)
အပိုင်း {၅၁} (UNICODE)
အပိုင်း {၅၁} (ZAWGYI)
အပိုင်း {၅၂} (UNICODE)
အပိုင်း {၅၂} (ZAWGYI)
ဇာတ်သိမ်းပိုင်း (UNICODE)
ဇာတ်သိမ်းပိုင်း (ZAWGYI)
ကျေးဇူးတင်လွှာ (U + Z)
Happy New Year {U + Z}

အပိုင်း {၈} (UNICODE)

651 34 9
By LinMyatMo23

၂၇/၁၀/၂၀၀၅ (ကြာသပတေးနေ့)

အင်္ဂလိပ်စာကျူရှင်မှ အိမ်သို့ အပြန်ခရီး၌ တိတ်ဆိတ်ခြင်းတို့ မင်းမူနေလေသည်။ ကားမောင်းနေသည့် ဦးပြုံးက စကားတစ်ခွန်းမှ မပြောဘဲ ကားမောင်းခြင်းအမှုကိုသာ အာရုံစိုက်နေသလို မာန်ရိပ်မော်သည်လည်း mp3 နားထောင်ရင်း ငြိမ့်နေသည်။ လှိုင်းမှာမူ ကားမှန်ကို ကျော်လွန်၍ ကားဖြတ်သွားသည့် ပတ်ဝန်းကျင်ကိုသာ ငေးရင်း ခုချိန်ခါ အဖေတို့ ဘာများ လုပ်နေကြမလဲ ဆိုသည့် မေးခွန်းအတွက် အတွေးနယ်ချဲ့နေမိသည်။ သေချာသည်ကား ယနေ့အတွက် အဖေသည် အမေ့ကို လွမ်းဆွတ်သတိရခြင်း တေးချင်းကို ယမကာကို အဖော်ပြုရင်း သီကျူးနေမည်ပင်။

အိမ်ပြန်ရောက်သောအခါ ဦးမင်းဉာဏ်ကို ဝင်နှုတ်ဆက်ပြီးမှ လှိုင်း အိမ်ပေါ်ထပ် တက်လာလိုက်သည်။ အခန်းထဲ ရောက်သောအခါ မာန်က ခုတင်ပေါ် ထိုင်လျက်သား အနေအထားဖြင့်။

"ကိုရိပ် မအိပ်ဘူးလား။"

ပုံမှန် ကျောင်းက ပြန်ရောက်လျှင် အိပ်ရာထဲ ထိုးအိပ်တတ်သူမို့ အထူးအဆန်း ဖြစ်သွားရသည့် လှိုင်းက မေးရာ မာန်က ခုတင်ပေါ်မှ ထကာ ခေါင်းခါပြသည်။

"ငါ ရေအရင်ချိုးဦးမှာ။"

"ဩ ဟုတ် ဟုတ်"

ရေချိုးမည် ဆိုသဖြင့် ရေလဲပုဆိုးနှင့် မျက်နှာသုတ်ပဝါကို လှိုင်း ရေချိုးခန်းထဲ သွားထည့်လိုက်သည်။

"ရေချိုးပြီးရင်တော့ အိပ်မှာမလားဟင် ကိုရိပ်။"

"မင်း ဘယ်လိုဖြစ်နေတာလဲ။ ငါ အိပ်တာ မအိပ်တာ ဘာအရေးကြီးလို့လဲ။"

"....."

"ငါ ဒီနေ့ ပြန်မအိပ်ဘူး။ ခုလည်း မအိပ်ဘူး။ ရေချိုးပြီးရင်လည်း ပြန်မအိပ်ဘူး ..ကြားလား။"

"ဟုတ်ကဲ့"

မာန် ရေချိုးခန်းထဲ အမြန် ဝင်လာလိုက်သည်။ လှိုင်းသံစဉ်ဆိုသည့် မျက်လုံးအဝိုင်းသားနှင့် အညိုလုံးသည် ဘာအတွက် မာန့်ကို အိပ်စေချင်နေသည်လည်း မသိ။ မာန် ရေကို လောကြီးသုတ်ဖျာဖြင့် မြန်မြန် ချိုးပြီး ပြန်ထွက်အလာ၌ ကျောင်းဝတ်စုံ မဟုတ်သည့် တီရှပ်လိမ္မော်ရောင်နှင့် နက်ပြာရောင် ပုဆိုးကို တွဲဖက်ဝတ်ဆင်ထားသည့် လှိုင်းကို တွေ့လိုက်ရသည်။

"အဲ့တာ ဘယ်လဲ။"

"ကျွန်တော် လေးပြုံးနဲ့ ရွှေတိဂုံဘုရား သွားမလို့ဗျ။"

"ဘုရား!"

"ဟုတ်ကဲ့"

ဒါကြောင့်ကိုး ... မာန့်ကို ဤငနဲလေး အတင်း အိပ်စေချင်နေတာ။ သူ ဘုရား သွားမည်ကို မသိစေချင်၍ပဲ ဖြစ်လိမ့်မည်။

"ငါလည်း လိုက်မယ်။"

"ခင်ဗျာ"

"ငါ့အတွက် အဝတ်အစား ထုတ်ပေးထား။ ငါ အန်းမားကို သွားပြောလိုက်ဦးမယ်။"

သူ ပြောချင်ရာ ပြောပြီး ဆင်းသွားသည့် မာန့်အား လှိုင်း ကြောင်ငေးကာ ကြည့်နေမိသည်။ ဘုရားသွားမည်ကို မာန်က ဘာလိုက်လုပ်ဦးမလဲ မသိ။ အဝတ်အစား ထုတ်ပေး ဆို၍ လှိုင်း မာန့်ဗီရိုထဲမှ ဖြူသန့်နေသော အင်္ကျီလက်ရှည်နှင့် မာန့်အကြိုက်ဆုံး အရောင်ဖြစ်သော မဟော်ဂနီရောင်ပုဆိုးအား ထုတ်ပေးလိုက်သည််။ အင်္ကျီအဖြူနှင့် ပုဆိုးနီနီသာ တွဲဖက် ဝတ်ဆင်လိုက်လျှင် မာန့်အသားအရေ ဖြူလွလွနှင့် သိပ်ကို လိုက်ဖက်နေမည်မှာ မလွဲဧကန်ပင်။

မိနစ်ပိုင်းလွန်ပြီးနောက် အခန်းထဲ မာန် ပြန်ရောက်လာသည်။ အခန်းထဲ ဝင်လာသည်နှင့် မြင်လိုက်ရသည့် လှိုင်းသံစဉ်သည် မှိုင်တွေကာ သူ၏ ခုတင်ခြေရင်း၌ ထိုင်ရင်း ခေါင်းငုံ့ငိုက်ထားသည်။ မာန် ဝင်လာသည်ကိုလည်း သိပုံမပေါ် ... ဘာတွေ တွေးနေတာပါလိမ့်။

"ဟိတ်ရောင်"

မာန့်ခေါ်သံသည် မတိုးလှသော်လည်း သကောင့်သားက မကြား။ ငုံ့ငိုက်ထားသော ခေါင်းအား ပြန်မော့လာခြင်းလည်း မရှိ။ ရည်းစားတောင် မရသေးဘဲ သည်လောက် အတွေးလွန်နေလျှင် ရည်းစားများ ရလို့ကတော့ သကောင့်သားကို အတွေးပင်လယ်ထဲက ပြန်ဆယ်ယူလို့ ရပါ့မလား မသိ။ လူကို စိတ်မတိုတိုအောင် သိပ်လုပ်နိုင်သည်။

"လှိုင်းသံစဉ်"

နား'နားကပ်ကာ အော်ခေါ်လိုက်တော့မှ ခန္ဓာကိုယ်သေးသေးလေးက သတိပြန်ဝင်လာဟန်ဖြင့် ဆတ်ခနဲ တုန်သွားသည်။

"ဗျာ ကိုရိပ်"

လူကသာ အချိုးမပြေသော်လည်း ခပ်မြန်မြန် မတ်တပ်ထရပ်ပြီး နှုတ်ခမ်းပါးမှ ထွက်ပေါ်လာသည့် ခေါ်သံကြောင့် ဒေါသပြေရသည်။ မာန် ထိုအခေါ်အဝေါ်ကို ဘယ်လို ကြိုက်မှန်း မသိ ... မာန်ရိပ်မော်ဟူ၍ စကားလုံး သုံးလုံး ပါသည့် နာမည်ကို အဖျားဆွတ်ခေါ်ပုံကိုက "ကိုရိပ်" တဲ့လေ။ ကြားလိုက်သည့် အချိန်တိုင်း တစ်မျိုးတစ်မည် ထူးခြားသည်ဟု ခံစားရသည်။

"ဒါ ငါ့အတွက် ထုတ်ထားတာလား။"

ခုတင်ပေါ် အခန့်သား လဲလျောင်းနေသည့် အဝတ်များကို ကြည့်ပြီး မာန်က မေးရာ ပြန်မဖြေဘဲ ခေါင်းတဆတ်ဆတ် ညိတ်ပြပုံက အူယားစရာ။ မာန့်မျက်လုံးထဲ သည်အညိုလုံးက ဘာလို့များ ကိုင်ပေါက်ချင်စရာ ကောင်းလောက်အောင် အသည်းယားစရာ ကောင်းနေရသနည်း။

"ဘာလို့ အင်္ကျီအဖြူကြီးလဲ။"

"ဘာဖြစ်လို့လဲ ကိုရိပ်ရဲ့။ ဘုရား သွားမှာဆိုတော့ လက်ရှည်အင်္ကျီက သင့်တော်ပါတယ်ဗျ။ နောက်ပြီး ကိုရိပ်က အသားဖြူတော့ ဒီအဖြူလေးသာ ဝတ်လိုက်ရင် တကယ် ကြည့်ကောင်းမှာ။ ကိုရိပ် ဒါကို မဝတ်ချင်လို့လားဟင်။ မဝတ်ချင်ရင် ကျွန်တော် ..."

"ဒါပဲ ဝတ်မယ်။ ငါ့ကို ကြယ်သီးလာတပ်ပေး။"

"ဟုတ် ကိုရိပ်"

ကြယ်သီးတပ်ပေးနေသည့် လက်ချောင်းများမှာ ယောင်္ကျားလေးလက်မို့ပေပဲလား မသိ ... သွယ်လျပြီး လှပနေသည်မျိုးတော့ မဟုတ်။ သို့ပေမဲ့ ကြည့်ကောင်းသည်။ အထူးသဖြင့် လက်သူကြွယ်ပေါ်၌ ရှိသော်လည်း လက်ခလယ်နှင့် လက်သူကြွယ်ကြား အတွင်းပိုင်းသို့ ပိုရောက်နေသည့် လှုပ်ရှားမှု၏ နောက်ဆက်တွဲအနေဖြင့် တစ်ချက် တစ်ချက် လှစ်ခနဲ ပေါ်ပေါ်လာတတ်သော မှဲ့နက်လေးမှာ မြတ်နိုးချင်စရာအတိ။

မာန် အဝတ်အစား လဲပြီးချိန်၌ အကြည့်မလွှဲနိုင် ဖြစ်ရသူကား လှိုင်းပင် ဖြစ်သည်။ ဖြူဝင်းသော အသားအရေနှင့် အင်္ကျီလက်ရှည်ဖြူမှာ တစ်သားတည်းကျနေသည်။ ကိုယ်ပေါ် နေရာယူထားသည့် နီညိုရောင် ပုဆိုးမှာ နဂိုဖွေးသော အသားအရေကြောင့် ပို၍ ပေါ်လွင်နေသည်။ ခပ်ပြေပြေ ကောက်နေသည့် လှိုင်းတွန့်ဆံပင်များဖြင့် အမြင်တင့်နေသော မာန်သည် စက္ကန့်တိုင်းအတွက် ပြီးပြည့်စုံသော ဂန္တဝင်ပန်းချီကားတစ်ချပ်အလား ပြတိုက်အတွင်း ပိတ်လှောင်ထားချင်စဖွယ် ဖြစ်နေသည်။

"ပိုက်ဆံက ဘာလုပ်ဖို့လဲ။"

"ကျွန်တော် ဘုရားမှာ အလှူငွေ ထည့်မလို့ဗျ။"

လှိုင်း၏ စကား ဆုံးသည်နှင့် မာန်က စက္ကန့်ပိုင်းမျှ ငြိမ်ကျသွားပြီးမှ သူ၏ လွယ်အိတ်ထဲရှိ ပိုက်ဆံအိတ်ကို ယူကာ လှိုင်းဘက်သို့ ပစ်ပေးသည်။

"ငါ့အိတ်ပါ ယူခဲ့။ ဘုရားရောက်ရင် ငါလည်း အလှူငွေ ထည့်မယ်။"

ဤသို့ဖြင့် အမိအရ ဖမ်းလိုက်ရသည့် အမျိုးသားသုံး သားရေ ပိုက်ဆံအိတ်သည် လှိုင်း၏ လက်ထဲ၌ ဘုရားရင်ပြင်တော် ရောက်သည်အထိ နေရာယူထားလေသည်။ ဘုရားရင်ပြင်တော်ပေါ်သို့ ဓာတ်လှေကားဖြင့်သာ တက်လာကြပြီး ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် လှိုင်း ရင်ထဲ အေးချမ်းသွားရသည်။ သောကအလုံးစုံသည် ဘုရားရိပ်၌ ခိုလှုံလိုက်ရသည်နှင့် တစ်ပြိုင်နက် ချုပ်ငြိမ်းသွားရသည်။ မာန့်အိမ်ကို ရောက်ကတည်းက ၃ လကျော်နီးပါး စုလာခဲ့သည့် မုန့်ဖိုးများကို လက်ထဲ၌ ကျစ်ကျစ်ပေါအောင် ဆုပ်ကိုင်လာခဲ့သည်။ ဤငွေများသည် တိမ်းပါးသွားသည်မှာ ၁၂ နှစ်တိတိ ရှိသွားပြီ ဖြစ်သော အမေနှင့် လှိုင်းကို ထားသွားခဲ့သည်မှာ ၃ လကျော် ရှိသွားပြီ ဖြစ်သော အဖွားအတွက်။

ဘုရားရင်ပြင်ပေါ် ရောက်သည်နှင့် ဦးစွာ အောင်မြေ၌ ဘုရားရှိခိုးပြီးမှ ဘုရားပတ်ကြသည်။ ဘုရားပတ်နေရင်း ကြာသပတေးထောင့် ရောက်ချိန်၌ ကြာသပတေးသား ဖြစ်သည့် ဦးပြုံးနှင့် မာန်က ရေသွားသပ္ပာယ်ကြသည်။ ထိုစဉ် လှိုင်းက ရေသပ္ပာယ်နေရာနှင့် မလှမ်းမကမ်း၌ ရပ်ရင်း ရင်ပြင်ပေါ်ရှိ လူများကို ငေးနေမိသည်။ ညနေ နေဝင်ချိန် ဖြစ်သည့် အလျောက် ပုစွန်ဆီရောင် သန်းနေသော ကောင်းကင်သည် ဘုရားရိပ်၏ ပံ့ပိုးမှုဖြင့် အေးချမ်းမှုအသွင်ကို ဆောင်နေသည်။ ကူးလူး သွားလာနေကြသည့် လူများထဲ လှိုင်း၏ အာရုံအစုစုကို ဖမ်းစားသွားသည်ကား ကလေးလေးတစ်ယောက်ကို ချီပိုးထားသည့် ဖခင်တစ်ယောက်။ အသက် ၃ နှစ်ခန့်အရွယ် ကလေးငယ်မှာ ပြုံးရယ်နေပြီး သူ၏ ဖခင်ဖြစ်သူမှာလည်း ကလေးငယ်ကို စကားတပြောပြောနှင့် လမ်းလျှောက်သွားသည်။ လှိုင်းသည် မြင်နေရသည့် ဖခင်ဖြစ်သူ၏ ကျောပြင်ကို ငေးရင်း ရင်ထဲ ဆို့နစ်လာသည်။ သူ တစ်ဘဝလုံး တောင့်တနေခဲ့သည့် ဖခင်မေတ္တာသည် သူ မဟုတ်သော တခြားသူများအတွက်တော့ နွေးထွေးလုံခြုံသည်ထက် ပိုကောင်း ပိုနေနိုင်ပါသည်။ သို့သော် သူ့အတွက်တော့ ...

လှိုင်း အဖေ့အကြောင်းကို ဆက်မတွေးမိအောင် အတွေးစကို ဖြတ်တောက်ပြီး ရေသပ္ပာယ်နေသည့် နေရာသို့ အကြည့်အရောက် ဝမ်းနည်းမှုများ ပပျောက်သွားရသည်။ ညနေ နေရီရီအောက် လင်းထင်း ရှင်းသန့်နေသည့်သူမှာ မြင်ရုံဖြင့် အမြင်အေးသွားစေသည်။ ရေသပ္ပာယ်ပြီး ဘုရား ရှိခိုးနေသည့်အချိန်အထိ လှိုင်း၏ အကြည့်တို့သည် သံလိုက်ဓာတ်နှင့် ဆွဲခံထားရသည့်နှယ် မာန့်ထံ၌သာ စွဲကပ်နေသည်။ ဘုရားရှိခိုးအပြီး လှိုင်းရှိရာသို့ မာန် လျှောက်လာနေသည်ကို မြင်နေသည့်တိုင်အောင် အကြည့်တို့ကို မလွှဲဖယ်ဖြစ်။ နတ်သား မဟုတ်သည့် မာန်ရိပ်မော် မည်သော သက်ရှိလူသားသည် နီးကပ်လာလေ ပို၍ ခုံမင်ချင်စရာ ကောင်းလာလေပါပဲ။

"ဘာတွေ ဒီလောက် ကြည့်နေတာလဲ။"

"ကိုရိပ် ... ဒီဝတ်စုံနဲ့ ..တကယ် ကြည့်ကောင်းတယ်။"

"ငါ ကြည့်ကောင်းမှန်း မင်း မပြောလည်း သိတယ်။"

လှိုင်းက ပြောမှ မာန်က ကြယ်သီးမတပ်ထားသဖြင့် ဟနေသည့် အင်္ကျီကော်လံနားကို လက်ဖြင့် စေ့ကာ မာန်ချီထားသည့် မျက်နှာဘေး လုပ်ပြသည်။ လှိုင်း မြှောက်ပြောသည် မဟုတ်သော်ငြား မိမိကိုယ်ကို ယုံကြည်ချက် အရှိလွန်နေသည့် မာန့်ကြောင့် ရယ်ချင်စိတ်ကို မနည်း ထိန်းထားရသည်။ ဒါတောင် မျက်နှာက တစ်ချက် ပြုံးစိစိ ဖြစ်သွားသေးသည်။

"ဘာပြုံးတာလဲ။"

"ဘာမှမဟုတ်ပါဘူး ကိုရိပ်။"

"မင်းနော် မင်း ..ကျပ်ကျပ်သတိထား။ မျက်နှာပိုးကို မသေဘူး။"

မာန်က လှိုင်းအနား လာရပ်သောအခါ ကွာဟသော အရပ်အမြင့်မှာ ပို၍ သိသာလာသည်။ မာန့်ပုခုံးသာသာ သာ ရှိသည့် အရပ်နှင့် လှိုင်းသည် သူစိမ်းများအမြင်၌တော့ မာန့်ထက် ငယ်သည်ဟု အထင်မှားနိုင်ဖွယ် ရှိသည်။ တကယ်တမ်းကျတော့လည်း မာန်နှင့် လှိုင်းက အတန်းတူပေမဲ့ မာန့်ထက်စာလျှင် လှိုင်းက ငယ်သည်။ မာန့်မွေးနေ့က ဧပြီ၌ ဖြစ်ပြီး ယနေ့က လှိုင်း၏ မွေးနေ့ ဖြစ်ရာ လှိုင်းသည် မာန့်ထက် ၆ လကျော် ပိုငယ်သည်။ ငယ်သောကြောင့် မာန်က ကြီးနိုင်ငယ်ညှင်း လုပ်သည်လား မပြောတတ်ပေမဲ့ မာန့်၌ ထိုသို့သော စိတ်ဓာတ်မျိုး မရှိဟု လှိုင်း လုံးလုံးလျားလျား ယုံကြည်သည်။

"ဟာ ..လေးပြုံးကလည်း ကြာလိုက်တာကွာ။ ပုတက် ..မင်းက ဘာနေ့သားလဲ။"

"ဗုဒ္ဓဟူး"

"ဒါဆို ဟိုဘက်ထောင့်ပဲ။ လေးပြုံး အဲ့ကို လိုက်ခဲ့လို့ သွားပြောလိုက် ..ငါတို့ အရင် သွားနှင့်မယ်။"

မာန်က ပြောပြီးသည်နှင့် ဗုဒ္ဓဟူးထောင့်ရှိရာသို့ ဦးတည်သွားနေပြီ ဖြစ်ရာ လှိုင်းမှာ ဘုရားရှိခိုးလက်စ ဖြစ်နေသည့် ဦးပြုံးဆီ အပြေး သွားပြောပြီး မာန့်ကို မှီအောင် ခြေသုတ်တင်ကာ လိုက်ရသည်။ မာန်က လှိုင်း ရေသပ္ပာယ်နေစဉ် တန်ဆောင်းအောက် ထိုင်ကာ စောင့်နေသည်။ လူကသာ တန်ဆောင်းအောက် တည်နေသော်လည်း စိတ်အာရုံတို့ကား လှိုင်းသံစဉ်ထံ၌ မှီနေသည်။

မနီးမဝေးမှ မြင်နေရသည့် ခန္ဓာကိုယ်လေးမှာ ဝေးသွားသောကြောင့် ထင်သည် ... ပို၍ ပုပုသေးသေးလေး ဖြစ်နေသလိုပဲ။ တကယ်လည်း 'ပုတက်' ဆိုသည့် နာမည်နှင့် လိုက်ဖက်စွာ လှိုင်းသံစဉ်သည် သေးသေးညှက်ညှက်ကလေး။ မာန် ရွှေတိဂုံဘုရား မရောက်သည်မှာ ကြာလှပြီ။ ယခုတော့ ပုတက်လေး လုပ်မှ ဘုရား ရောက်ဖြစ်တော့သည်။ မလှမ်းမကမ်းမှ မြင်နေရသည့် လှိုင်းသည် ရေသပ္ပာယ်နေသည်ကိုက နှေးကန်နေသည်။ ဘာလုပ်လုပ် ၊ ဘာပြောပြော နှေးကန်သည့် ကောင်လေးသည် မာန် ဝမ်းနည်းနေချိန်၌တော့ အရွယ်နှင့်မမျှအောင် ရင့်ကျက်သည့်အသွင်ဖြင့် နှစ်သိမ့်သော လုပ်ကြံစကားလုံးများထက် မာန် တောင့်တနေသည့် နွေးထွေးမှုမျိုးကို နှုတ်ဆိတ်လျက် ပေးစွမ်းတတ်သည်။

လှိုင်း ရေသပ္ပာယ်နေစဉ် ဦးပြုံး မာန့်အနား ရောက်လာသည်။ ဦးပြုံးနှင့် မာန် ရောက်တတ်ရာရာ စကားများ ပြောနေကြသည်မှာ အကြာကြီးမှ အကြာကြီး။ သို့သော် လှိုင်းက ရင်ပြင်ပေါ် ဆောင့်ကြောင့်ထိုင်ကာ ဘုရားရှိခိုး၍ မပြီးနိုင် မစီးနိုင်သေး။ မာန် စိတ်သိပ်မရှည်ချင်တော့ ... ဤပုတက်က ဘာတွေများ ဘုရား နားမခံလောက်အောင် ဆုတောင်းနေလို့ သည်လောက် ကြာနေရသနည်း။ မာန် သည်းမခံနိုင်တော့ဘဲ အနားသွားရပ်လိုက်ပြီး ချောင်းဟန့်လိုက်မှ ခေါင်းမော့ကြည့်လာကာ မပြုံးစဖူး တစ်ချက် ပြုံးပြပြီး ဒူးထောက်ကာ ဦးခိုက်ချသည်။

"ဆောရီး ကိုရိပ်။ ကျွန်တော် ဘုရားရှိခိုးတာ နည်းနည်းလေး ကြာသွားတယ်။"

"ဘာနည်းနည်းလေးလဲ။ ငါ အိပ်ရင်တောင် တစ်ရေးလောက်တောင် ရနေပြီ။ ငါ့ပိုက်ဆံအိတ်ပေး။"

မာန်က လက်ဖြန့်ကာ ပိုက်ဆံအိတ် ပြန်တောင်းရာ ဘုရားရှိခိုးချိန်၌ပင် လက်အုပ်မိုးထားသည့် လက်နှစ်ဖက်ကြား မြဲမြဲကိုင်ထားသည့် ပိုက်ဆံအိတ်ကို ကမ်းပေးလာသည်။ ဦးပြုံးကို အလှူငွေ ထည့်ရန် လမ်းညွှန်ခိုင်းပြီး မုန့်ဖိုးများကို လှူလိုက်သည်။ တွန့်တိုခြင်း မရှိသော အလှူဆိုပေမဲ့ မာန့်အလှူငွေသည် လှိုင်း လှူသည်ထက် စာလျှင်တော့ ပမာဏအားဖြင့် နည်းသည်။ မာန်က မုန့်ဖိုးစုမိသည်ကား မရှိသလောက် ရှားသည် ... ကျောင်း၌ မုန့်စားကျောင်းဆင်းချိန်ရော ကျောင်းလွှတ်ချိန်၌ပါ ပါလာသမျှ မုန့်ဖိုးကို အကုန် သုံးတတ်သည် ဖြစ်ရာ လက်ထဲ၌ မုန့်ဖိုးဟူ၍ များများစားစား မကျန်။ လှိုင်းကတော့ မတူ ... နေ့ခင်း ကျောင်းလွှတ်ချိန် မဆိုထားနှင့် ၊ မုန့်စားကျောင်းဆင်းချိန်၌ပင် မုန့်မစားဘဲ အစာခံပြီး မုန့်ဖိုးတွေ စုစုနေသည်ကို မာန် သတိထားမိသည်မှာ ကြာပြီ။ သို့ပေမဲ့ ယခုလို ဘုရား၌ လာလှူဖို့ ပိုက်ဆံစုနေသည်မှန်း မာန် မသိခဲ့ရိုး အမှန်ပါ။

ပြောမဲ့သာ ပြောတာ ... လှိုင်းက မာန့်ထက်စာလျှင်တော့ ဘုရားတရား ကိုင်းရှိုင်းသည် ဆိုရမည်။ ညစဉ်မပြတ် အိပ်ရာမဝင်ခင် ဘုရားခန်းထဲ အချိန်ကုန်နေတတ်ပြီး မနက် ကျောင်းမသွားခင်လည်း မာန်အိပ်ရာမနိုးခင် ဘုရားရှိခိုးသည်ဟု ဒေါ်ဝင်း၏ ပြောကြားချက်အရ မာန် သိရသည်။ ယခုလည်း သူ၏ မုန့်ဖိုးများကို တခြားကလေးများကဲ့သို့ လိုချင်သည်များကို မဝယ်ဘဲ ဘုရား၌ ရွှေသင်္ကန်းနှင့် ဆီမီး ကပ်လှူပူဇော်ရန် အလှူငွေ ထည့်သည် ဆိုတော့ သည်ကောင်လေးက ဘယ်ဆိုးလို့လဲ။ မာန်သည် အလှူငွေကောက်ခံသည့် နေရာ၌ သူ့မုန့်ဖိုးများအပါအဝင် မစို့မပို့သာ ရှိသော မာန်၏ ပိုက်ဆံများကိုပါ လှူဒါန်းနေသည့် လှိုင်းကို ကြည့်နေရင်း တစ်ယောက်တည်း အသံတိတ် ချီးကျူးနေမိသည်။

"အန်တီ ..ကွယ်လွန်သူ အမေနဲ့ အဖွားအတွက် ဆိုတာလေးပါ ပြေစာမှာ ထည့်ရေးပေးပါဗျ။"

လှိုင်း၏ စကားသံကို ခပ်လှမ်းလှမ်း၌ ထိုင်နေသည့် မာန်က မကြားသော်လည်း အနီးအနားရှိ ဦးပြုံးကမူ နားစွန်နားဖျား ကြားလိုက်ရသည်။ လှိုင်းသံစဉ်ဆိုသည့် ကလေးသည် အမှန် သိတတ်ပြီး လိမ္မာသည့် ကလေးမှန်း ဦးပြုံး အစောကတည်းက သိပါ၏။ မာန်ကဲ့သို့ ဂျီတိုက်ခြင်း မရှိသည့် ကလေးငယ်မှာ အရွယ်နှင့် မလိုက်အောင် သည်းခံခွင့်လွှတ်တတ်ပြီး လူကြီးလေးတစ်ယောက်လို ရင့်ကျက်သည် ဖြစ်ရာ ဘဝက သင်ကြားပြသပေးလိုက်သည့် သင်ခန်းစာများကို သေချာ ကြေညက်ခဲ့ပုံ ပေါ်သည်။

အလှူငွေ ထည့်ပြီးနောက် မာန့်အလှူငွေအတွက် ပြေစာကို လှိုင်းက ပေးရာ "မင်းပဲ ယူထား" ဟု ဆိုပြီး ပိုက်ဆံအိတ်ကိုပါ လက်ထဲ ပြန်ထည့်ပေးလာသည်။ ဓာတ်လှေကား ရှိရာသို့ ပြန်လျှောက်လာရင်း အရှေ့ဘက်မုဒ်၏ လှေကားထိပ်အရောက်၌ မာန်က ဘာအတွေးပေါက်သည်မသိ ... ပြဿနာ စရှာပါတော့သည်။

"လေးပြုံး ..အိမ်ကို လမ်းလျှောက်ပြန်မယ်။"

"ဒီလိုလုပ်လို့ ဘယ်ဖြစ်မလဲ မာန်လေးရဲ့။ ကားပါရဲ့သားနဲ့ လမ်းလျှောက်ပြန်လာတာကို မေမေကြီး သိရင် လေးပြုံးကို ဆူမှာပေါ့။"

"သားတို့ ဘာမှ ပြန်မပြောရင် အန်းမားက မသိပါဘူး။ လုပ်ပါ လေးပြုံးရဲ့ ..အိမ်နဲ့လည်း အရမ်းမှ မဝေးတာကို။ သား လမ်းလျှောက်ပြန်ချင်တယ် ..နော်။"

"မဖြစ်ပါဘူး မာန်လေးရယ်။ လမ်းလျှောက်ပြန်ရင် ကားကို ဘယ့်နှယ့်လုပ်ရမလဲ။ ကားနဲ့ပဲ ပြန်ကြရအောင်ကွာ နော် မာန်လေး။"

မာန်က ခေတ္တမျှ ငြိမ်သွားပြီးမှ စကားပြန်ဆက်လာသည်။

"အဲ့တာဆို လေးပြုံးက ကားနဲ့ အိမ်ပြန်နှင့်လေ။ သားနဲ့ လှိုင်းသံစဉ် လမ်းလျှောက်ပြန်ခဲ့မယ်။"

"ဟာ အဲ့တာမှ မိုးမီးလောင်မှာ။ မာန်လေးတို့ နှစ်ယောက်တည်း ပြန်လို့ လမ်းမှာ ပျောက်သွားရင် ဘယ့်နှယ့်လုပ်မလဲ။"

"မပျောက်ပါဘူး လေးပြုံးရဲ့။ သားတို့က ကလေးမှ မဟုတ်တော့တာ။"

"မရဘူး မရဘူး မာန်လေး။ လေးပြုံးတို့ ကားနဲ့ပဲ ပြန်ကြရအောင်ကွာ။ သားက လိမ္မာပါတယ်။"

"ဟင့်အင်း ..သားက မလိမ္မာဘူး။ ကားနဲ့ မပြန်ဘူးနော် ..လမ်းလျှောက်ပဲ ပြန်မှာ။ လမ်းလျှောက်မပြန်ရရင် အိမ်မပြန်တော့ဘူး။ ဘုရားမှာပဲ နေတော့မယ်။"

မာန် ရစ်နေပုံကြောင့် ဦးပြုံး ဘာဆက်ပြောရမည် မသိ။ လှိုင်းကို အကူအညီ တောင်းဟန်ဖြင့် လှမ်းကြည့်တော့လည်း သည်ကလေး ကြည့်ရသည်မှာ ဘာမှ ကူညီဖော် ရမည် မဟုတ်။ ကူညီဖော်မရဆို သူ့စကားတောင် နားမထောင်သည့်သည့် မာန်က လှိုင်း ပြောလျှင် နာခံမည်တဲ့လား။

"ဒါဆိုလည်း ဒီလိုလုပ်ကွာ။ မာန်လေးနဲ့ လှိုင်းက လမ်းလျှောက်။ လေးပြုံးက ကားနဲ့ နောက်က ဖြည်းဖြည်းချင်း ကပ်လိုက်လာမယ်။ အဲ့လိုဆို ဖြစ်တယ်မလား မာန်လေး။"

"ဖြစ်တယ် လေးပြုံး။ သား လမ်းလျှောက်ရရင် ပြီးရော။ လာ ပုတက် ..ဆင်းမယ်။"

"နေဦး ..သားတို့ ဒီကဆင်းရင် အလယ်မှာ လမ်းမကို ဖြတ်ကူးရလိမ့်မယ်။ လေးပြုံး ကားယူပြီး လာမှာဆိုတော့ အောက်ဆက်မဆင်းဘဲ လမ်းမ ပလက်ဖောင်းပေါ်မှာပဲ စောင့်နေကြနော်။"

"ဟုတ် လေးပြုံး။ သားတို့ သွားတော့မယ်။"

"လှိုင်း ..မာန်လေးကို သေချာ ဂရုစိုက် ခေါ်သွားနော်။ ပျောက်မယ်။"

"စိတ်ချပါ လေးပြုံးရဲ့။"

"ဩ လေးပြုံး ..ပိုက်ဆံ။ သားကို ပိုက်ဆံပေးဦး။ ဝယ်ချင်တာ ဝယ်လို့ရအောင်။ လှိုင်း ပိုက်ဆံယူလာခဲ့။"

တစ်ယောက်တည်း သွားလာရသည်မှာ လှိုင်းအတွက် သာမန်ဖြစ်ရိုးဖြစ်စဉ်တစ်ခု ဖြစ်သော်ငြား မာန့်အတွက်တော့ လူကြီးများ စိတ်ပူရလောက်သည့် ရေးကြီးခွင်ကျယ် ကိစ္စတစ်ခု ဖြစ်နေသည်။ မာန်က ဦးပြုံးဆီမှ ပိုက်ဆံတောင်းပြီးသည်နှင့် ရှေ့မှ ခပ်သွက်သွက် ဆင်းသွားသောကြောင့် လှိုင်းမှာ ဦးပြုံးပေးသည့် ပိုက်ဆံကို အမြန် ယူကာ ထိုခြေတံရှည်နှင့် လူသားနောက် အမှီလိုက်ရသည်။ ယခုအချိန်ကျမှ လွတ်လပ်သွားသော ငှက်တစ်ကောင်ပမာ လူကြီးများ၏ အုပ်ထိန်းမှု အောက်မှ ကင်းလွတ်သွားသဖြင့် မာန်၏ ခြေလှမ်းများသည် သွက်လက်နေသည်။ လှေကားမှ တောင်တောင်ဤဤ ကြည့်ကာ ဆင်းလာကြရင်း မာန်က တစ်နေရာအရောက်၌ ခြေလှမ်းများကို ဘရိတ်အုပ်လိုက်ကာ လက်ပတ်ကြိုးလေးများ ချခင်းထားသည့် ဈေးဆိုင်ရှေ့ သေချာ လေ့လာရေး ဆင်းနေသည်။ လေ့လာရေး ဆင်းရုံမကဘဲ သူ သဘောကျသည်များကိုပါ လက်၌ တစ်ခုပြီး တစ်ခု ပတ်ကြည့်ပြီး လှိုင်းဘက် မျက်နှာမူကာ လိုက် မလိုက် မေးနေသည်။ မာန်က ယောင်္ကျားလေးတန်မဲ့ လက်ပတ်များကို နှစ်သက်တတ်၏။

"ငါနဲ့ ဘယ်ဟာ ပိုလိုက်လဲ။"

အကျဉ်းအကျယ်ကို ပြုပြင်၍ ရသည့် အနီရင့်ရောင် လက်ပတ်ကြိုးနှင့် မိုးပြာရောင် လက်ပတ်ကြိုးတို့မှာ မာန်၏ လက်၌ ထင်းလင်းစွာ တည်ရှိနေကြသည်။ ကျစ်ဆံမြီးသဏ္ဍာန် လိမ်ရစ်ထားသည့် လက်ပတ်နှစ်ခုလုံး၏ အလယ်၌ သီးသန့် နေရာယူထားသည့် ဂေါ်လီလုံးများထက် သေးငယ်သည့် အလုံးငယ်သုံးလုံးသည် သွယ်တန်းနေသည်။ အနီရောင်လက်ပတ်ရှိ ထိုအလုံးငယ်များသည် မိုးပြာရောင် ဖြစ်ပြီး အပြာရောင် လက်ပတ်၌တော့ ရဲရဲတောက်နေသော အနီရောင် ဖြစ်သည်။

"အနီလေး ပိုလိုက်တယ် ကိုရိပ်။"

မာန် လွန်စွာမှ ကြိုက်နှစ်သက်သည့် အနီရောင်သည်လည်း သူနှင့်ဆိုလျှင် အတိုင်းထက်အလွန် လိုက်ဖက်လှသည်။ ယခုလည်း မိုးပြာရောင် လက်ပတ်ထက်စာလျှင် အနီရင့်ရောင် လက်ပတ်လေးက မာန့်အသားအရေနှင့် ပို၍ အတွဲညီနေသည်။

"ပြီးရော ..အစ်မ ဒီနှစ်ခု ယူမယ်။"

မာန်က လှိုင်းကို ဘယ်တစ်ခုနှင့် ပိုလိုက်လဲ ဟု မေးပြီး ဝယ်တော့ကျ နှစ်ခုလုံး ဝယ်သည် ... ဤသူဌေးသားလေး ဘာလုပ်မှန်းလဲ မသိ။ လှိုင်းက ပိုက်ဆံ ထုတ်ရှင်းလိုက်ပြီး၌ ပြန်အမ်းငွေ စောင့်နေချိန် လက်၌ သက်ရောက်လာသော အနွေးဓာတ်နှင့်တကွ လှိုင်း၏ လက်၌ နေရာယူလာသည့် မိုးပြာရောင် လက်ပတ်လေး။ မာန့်ကို နားမလည်နိုင်သလို အံ့ဩမှုများစွာ ဖြည့်သိပ်ထားသည့် အကြည့်တို့ဖြင့် ပြန်မော်ကြည့်မိရာ သူ့ကို ကြည့်မနေသော မာန်သည် သူ့လက်နှင့် ချောင်နေသည့် လက်ပတ်အား တွဲလွဲကျနေသည့် ကြိုးနှစ်ချောင်းကို ဆွဲကာ ကျပ်ပေးနေသည်။

"မင်းအတွက်"

နှုတ်မှ ပြောရင်း လက်မှ ဆိုင်မှ အစ်မ ပြန်အမ်ရလာသည့် ငွေကို လှမ်းယူကာ လှိုင်းဘက်သို့ ကမ်းပေးလာသည်။

"ကြိုက်လား"

အမြင်အေးစေသည့် လက်ပတ်လေးကို ကြည့်ရင်း လှိုင်းက ခေါင်းတဆိတ်ဆိတ် ညိတ်ပြနေသည်။ လက်၌ မာန် ပတ်ထားပေးသည့် လက်ပတ်ပြာလေးအား အသာ ပွတ်ကြည့်နေပြီးမှ ငုံ့ငိုက်ထားသော ခေါင်းကို မော့ကြည့်လာသောအခါ အရည်လဲ့နေသည့် မျက်ဝန်းညိုများနှင့် မာန့်ကို ချည်နှောင်ပြန်သည်။ သည်ကောင်​လေးက မာန်ပေးသည့် လက်ဆောင်တိုင်းအတွက် မျက်ရည်ဝဲသည်အထိ ဝမ်းသာတတ်သည် ... ရှေ့တစ်ခေါက် မာန့်ရှိ ဝက်ဝံရုပ်လေးကို ပေးတုန်းကလည်း အသစ်မဟုတ်သည့်အတွက် 'မလိုချင်ဘူး' ဟု ငြင်းဆန်ခြင်း မရှိဘဲ ဝမ်းသာမျက်ရည်များကို မျက်လုံးအိမ်၌ နေရာဝင်ယူသည်ကို အသာတကြည် ခွင့်ပြုပေးသည်။ ယခုတစ်ခေါက်လည်း ဘယ်လောက်မှ အဖိုးမထိုက်တန်သည့် လက်ပတ်တစ်ခုအတွက် သူ၏ မျက်ရည်များကို ချပြကာ မျက်ဝန်းညိုများကို စွတ်စိုစေပြန်သည်။

"ကျေးဇူးတင်ပါတယ် ကိုရိပ်။"

"ကျေးဇူးတင်ဖို့ မလိုဘူး။ မြန်မြန် သွားမယ်။ တော်ကြာ လေးပြုံးက မလာသေးလို့ စိတ်ပူနေဦးမယ်။"

မာန်က လှိုင်း၏ လက်ကောက်ဝတ်ကို ဆွဲကာ လှေကားမှ ဆင်းလာသည့်နောက်သို့ လှိုင်း ဆိတ်ငြိမ်စွာ လိုက်ပါလာမိသည်။ အပြင်ပန်း၌ နှုတ်ဆိတ်နေသော်လည်း စိတ်ထဲတွင်တော့ ဖန်တစ်ရာမကသော ကျေးဇူးတင်စကားကို ထပ်ခါ ထပ်ခါ ဆိုနေမိသည်။

"မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ် ကိုရိပ်ရယ်။"

ယနေ့က လှိုင်း၏ မွေးနေ့မှန်း မသိသော မာန်ရိပ်မော် ပေးသည့် လက်ပတ်သည် မွေးနေ့လက်ဆောင်ဟု ခေါင်းစဉ် မတပ်ထားသော်လည်း လှိုင်းကတော့ ဤလက်ပတ်လေးအား ဘဝတွင် အဖွားမှအပ သူစိမ်းတစ်ယောက်ဆီမှ ရခဲ့ဖူးသည့် ပထမဆုံးသော မွေးနေ့လက်ဆောင်အဖြစ် နှလုံးသား၏ အနက်ရှိုင်းဆုံး နေရာ၌ ကမ္ပည်းရေးထိုးလိုက်လေသည်။ သူ့အတွက် မွေးနေ့ဟူသည် မိုးထက်မွေးနေ့တုန်းကကဲ့သို့ မွေးနေ့ပွဲကို တခမ်းတနား ကျင်းပစရာ မလိုပါ။ စိတ်ရင်းနှင့် ပေးသော လက်ဆောင်လေးတစ်ခု ရလျှင်ပင် သူ့မွေးနေ့သည် ပြီးပြည့်စုံသွားနိုင်၏။

လှေကားကို ဆက်ဆင်းလာလိုက်ရာ ဦးပြုံး ပြောသကဲ့သို့ လမ်းတစ်ခုသို့ ရောက်သည်။ မနီးမဝေး၌ မြင်နေရသည့် ဦးပြုံးသည် သူတို့ကို ကားမှန်ချကာ လက်ပြနေသဖြင့် မာန်တို့ အနား ချဉ်းကပ်သွားလိုက်သည်။

"ဘယ်ဆက်သွားရမလဲ လေးပြုံး။"

"သွားရင်တော့ နှစ်လမ်း ရှိတယ် မာန်လေး။ ပထမတစ်လမ်းက ဒီကနေ တည့်တည့်လျှောက်သွားပြီး အာဇာနည်ကုန်းရှေ့ကို ဖြတ်။ အိမ်ကို ရောက်ဖို့ဆို ရှေ့ကိုပဲ တည့်တည့် ဆက်လျှောက်သွားရမှာ။ နောက်တစ်လမ်းကကျတော့ ဟိုဘက်ကားလမ်းကနေ နည်းနည်း ဆက်လျှောက်လိုက်ရင် လမ်းကြားလေးတစ်ခု ရှိတယ်။ အဲ့ကနေ တည့်တည့် ဆင်းလိုက်ရင် ရေတာရှည်လမ်းသစ်ကို ရောက်တယ် မာန်လေး။ အဲ့ကနေမှ ဘယ်ဘက်ချိုးပြီး လမ်းထိပ်နားရောက်ရင် ကားလမ်းကူးရမယ်။ အဲ့အခါကျမှ မာန်လေး ကားပေါ် တက်ရင် တက်လိုက်ပေါ့။ အဲ့ကားလမ်းက Yuzana Hotel ရှိတဲ့ လမ်းမလေ ..ကားတွေ အားကြီး ရှုပ်တာ မာန်လေးရဲ့။"

မာန်က ဗဟန်း၌ နေသည် ဆိုသော်ငြား တခြားမြို့နယ် မဆိုထားနှင့် ၊ ဗဟန်းပင် တစ်ပတ်ပြည့်အောင် မရောက်ဖူးသူမို့ ဦးပြုံး အားတက်သရော ပြောပြနေသည်များကို တစ်ခုမှ မသိ။ မာန့်နည်းတူ လှိုင်းသည်လည်း ဦးပြုံး ညွှန်ပြနေသည့် လမ်းကြောင်းများနှင့် ပတ်သက်၍ လုံးလုံး ဗဟုသုတ မရှိသောကြောင့် မနည်းလိုက်မှတ်နေရသည်။

"ဒုတိယလမ်းကနေ သွားမယ် လေးပြုံး။"

လေးပြုံးသည် မာန့်ကို ခေါင်းသာ ညိတ်ပြသည်။ လှိုင်းလည်း မာန့်လက်ကို တင်းတင်းဆွဲကာ ကားလမ်းတစ်ဖက်သို့ ကူးလိုက်ရသည်။ ညနေစောင်း၌ ဤဝန်းကျင်တွင် ကားရှင်းနေသော်လည်း ကားလမ်းမကူးရဲသည့် အိမ်တွင်းပုန်းလေး မာန့်ကို လှိုင်း မလွတ်တမ်း ဆုပ်ကိုင်ထားရသည်။ သူတို့သည် ဦးပြုံး ပြောသည့်အတိုင်း ကားလမ်းကူးပြီး ရှေ့သို့ ဆက်လျှောက်လာရာ တစ်နေရာအရောက်၌ ကုန်းဆင်းလေးသဖွယ် လမ်းသွယ်လေးတစ်ခုက အသင့်စောင့်နေသည်။ လှိုင်းနှင့် မာန်လည်း ထိုကုန်းငယ်လေးကို ဆင်းလာပြီး အဆုံးထိ ရောက်အောင် လျှောက်လာလိုက်ရာ လမ်းတစ်ခုဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာလေသည်။ ဤလမ်းသည် ဦးပြုံး ပြောသည့် ရေတာရှည်လမ်းသစ် ဖြစ်မည် ထင်သည်။ မာန် သည်လမ်းကို ယခင်က မရောက်ဖူးသလိုပဲ။ ပတ်ဝန်းကျင်သစ်တစ်ခုသည် မာန်၏ စူးစမ်းချင်စိတ်များကို လှုံ့ဆော်ပေးသည်။

"လေးပြုံး ကားကို တစ်နေရာ ရပ်ပြီး သားတို့ကို ဟိုးဘက်ထိပ်တွေထိ လိုက်ပို့ပေးပါလား။"

"အေး အေး ..မာန်လေး သဘောပဲ။"

မာန့်အလိုဆိုလျှင် လိုက်လျောပေးကျ ဖြစ်သည့် ဦးပြုံးက ကားကို မွန်ဘုန်းကြီးကျောင်းရှေ့ရှိ လွတ်နေသည့် နေရာ၌ ကားကို ရပ်ခဲ့ကာ မာန်တို့နှင့်အတူ Yuzana Hotel မရှိသည့် ဆန့်ကျင်ဘက် လမ်းထိပ်ဘက်သို့ လျှောက်လာလိုက်သည်။ ရေတာရှည်လမ်းသစ်သည် အတော်ကလေး ရှည်လျားသည့် လမ်းဖြစ်ရာ လမ်းတစ်ဖက်တစ်ချက်၌ ဖွင့်ထားသည့် ဆိုင်ခန်းများမှာလည်း အမျိုးအစားအားဖြင့် စုံလင်လှသည်။ အင်္ကျီဆိုင်များ ၊ ရွှေဆိုင် ၊ စားသောက်ဆိုင်ခန်းများ ၊ လက်ဖက်ရည်ဆိုင် ၊ ဆေးခန်းများ ရှိသကဲ့သို့ ဘုရားဆင်းတု ရောင်းသည့် ဆိုင်များ၊ ဓမ္မာရုံနှင့် ဘုန်းကြီးကျောင်းများလည်း တွေ့ရတတ်သည်။ လမ်းထိပ်နား ရောက်ချိန်၌ ညာဘက်ချိုးလျှင် ဗဟန်းဈေးသို့ ရောက်သော်လည်း မာန်က ဘယ်ဘက် ကွေ့မည် ဆိုသဖြင့် ဘယ်ဘက်သို့သာ ချိုးလာလိုက်ရသည်။

ဘယ်ဘက်၌ Myanmar Big Shops မည်သော shopping centre တစ်ခု တွေ့သောအခါ ကိုယ်တော်ချောလေးက ဝင်စပ်စုသေးသည်။ ဒုတိယထပ်သို့ စက်လှေကားဖြင့် မတက်ဘဲ လှေကားဖြင့် တက်မည်ဟု ဆိုကာ လှေကားရှိရာဘက်သို့ လျှောက်လာရာ သီချင်းခွေများ ရောင်းချနေသဖြင့် မာန်က ဝင်ဝယ်ခဲ့သေးသည်။ မာန်ဝယ်သမျှ ဦးပြုံးက ပိုက်ဆံ ဒိုင်ခံ ထုတ်ရှင်းပေးရသည်။ အပေါ်ထပ် တက်လာသည်နှင့် စာအုပ်များ ရောင်းနေသည်ကို တွေ့သဖြင့် မာန် ဖတ်မည်မဟုတ်သော်လည်း စာအုပ်များကို ဟိုလှန် ဒီလှော ကြည့်မိသည်။

မာန်က ဝတ္ထုများ သိပ်မဖတ်သော်လည်း မာန်တို့အဖွဲ့ထဲ၌ မိုးထက်နှင့် လှိုင်းကတော့ ဝတ္ထုဆိုလျှင် အလွန်အမင်း စွဲလမ်းကြသူများ ဖြစ်ကြသည်။ စွဲလမ်းသည့်အလျောက် အချိန်ပေးလည်း ဖတ်သည်။ မိုးထက်က သူ လိုချင်သမျှကို အချိန်မရွေး ဝယ်ယူနိုင်သော်လည်း လှိုင်းကမူ မိုးထက် ဝယ်သည့် စာအုပ်များကိုသာ ငှါးဖတ်သည်။ သူတို့နှစ်ယောက် ဆုံလျှင်လည်း စာအုပ်အလဲအလှယ် လုပ်လိုက် ၊ ဝတ္ထုအကြောင်း ဆွေးနွေးလိုက်နှင့်မို့ စာဖတ်ပျင်းသည့် မာန်နှင့် ဘုန်းသွင်မှာ စကားဝိုင်းထဲ ဆိတ်ငြိမ်နေကြရသည်။

ယခုလည်း လှိုင်းသည် မလှမ်းမကမ်းရှိ စာအုပ်များကို စူးစမ်းနေပြီး စာအုပ်တစ်အုပ်ကို ယူကာ အချိန်အတော်ကြာအောင် ရပ်လျက်ပင် ဖတ်ကြည့်နေသည်။

"ဘာတွေ ဖတ်နေတာလဲ။"

အနားကပ်ကာ မေးလိုက်ရာ မာန့်ကို မော့ကြည့်လာသည်။

"ဘာစာအုပ်လဲ။"

လှိုင်း၏ လက်ထဲရှိ စာအုပ်ကို အဖုံးလှန်ကြည့်လိုက်ရာ 'အတာ' 'သာဓု' ဆိုသည့် စာသားကို တွေ့လိုက်ရသည်။

"ဘာစာအုပ်ကြီးလဲ။"

"ဝတ္ထုပါ ကိုရိပ်ရဲ့။ ကိုရိပ် ..ကျွန်တော့်ကို ပိုက်ဆံ နည်းနည်းလောက် ချေးပါလားဗျ။ ဒီစာအုပ်လေး ဝယ်ချင်လို့။"

"မချေးဘူး ..ငါ ဝယ်ပေးမယ်။"

"ဗျာ"

"ပေး ပိုက်ဆံရှင်းလိုက်မယ်။"

လှိုင်းလက်ထဲမှ စာအုပ်ကို ဆတ်ခနဲ ဆွဲယူပြီး ဦးပြုံးထံမှ ပိုက်ဆံတောင်းကာ ငွေရှင်းကောင်တာ၌ ပိုက်ဆံသွားရှင်းနေသည်။ မာန် ယနေ့တစ်နေ့လုံး ဘာဖြစ်နေတာပါလိမ့်။ လှိုင်းကို လက်ဆောင် တစ်ခုပြီး တစ်ခု ပေးနေသည်။

လှိုင်းတို့ ထိုဆိုင်မှ ပြန်ထွက်လာပြီး ရှေ့ဆက်လျှောက်လာရာ နန္ဒဝန်လမ်းထိပ်နားရှိ ပလက်ဖောင်းပေါ်၌ ကြာဇံကြက် ရောင်းနေသည်ကို တွေ့လိုက်ရသဖြင့် ကြာဇံကြက် ဝင်စားကြသေးသည်။

"ကြာဇံချက် ၃ ပွဲ"

"အစ်ကို ..တစ်ပွဲကို နံနံပင် မထည့်ပါနဲ့နော်။"

စားပွဲထိုးအစ်ကိုအား လှိုင်း ကပျာကသီ မှာတမ်းခြွေရသေးသည်။ မာန်က နံနံပင်ဆို သိပ်မုန်းသည်ကို လှိုင်း သိသည်။ လှိုင်း မသိသည်ကား အစားဂျီးများသည့် မင်းသားလေးက ကြာဇံချက်ကျ ကြိုက်တတ်သည်ကိုပင်။ ကြာဇံချက် စားပြီးကြသည်နှင့် နန္ဒဝန်လမ်းထဲသို့ ခရီးနှင်လာကြသည်။

"ကိုရိပ် ဘာလုပ်မလို့လဲ။"

မာန်က လမ်းလယ်လောက် အရောက်၌ ခြံတံခါးပိတ်ထားသည့် လမ်းသွယ်လေးကို သွားစပ်စုနေသည်။

"ဒီလမ်းက သွားရင် ဘယ်ရောက်မလဲ မသိဘူး။"

တောသားမြို့တက်ဟု သွားပြောလျှင်လည်း လှိုင်းပဲ ခေါင်းခေါက်ခံရဦးမည်။ သို့သော် မာန်၏ လုပ်ရပ်များက တကယ့်ကို တောသားမြို့တက် ပုံစံအတိုင်း အရာရာကို အသစ်အဆန်း ဖြစ်နေသည့်နှယ် စူးစမ်းလေ့လာလို့ မကုန်နိုင်အောင် ဖြစ်နေသည်။ မာန်က မေးတော့ ဦးပြုံးက ရှေ့သို့ နည်းနည်း ဆက်လျှောက်ကြည့်ကာ စူးစမ်းပြီးနောက် ထိုလမ်းသွယ်လေးနှင့် တစ်တိုက်ကျော်ရှိ သစ်သားအိမ်နောက်၌ အိမ်လေးတစ်အိမ် ထပ်ရှိသေးသည်ဟု ဆိုလာသည်။ မာန့်အတွက် အထူးအဆန်း ဖြစ်နေရသည်ကား အမှန်ပင်။ သစ်သားအိမ်အသေးလေးနောက်ရှိ တစ်စွန်းတစ်စ မြင်နေရသည့် သုံးထပ်အိမ်လေးသည် အမှန်တကယ် နေချင့်စဖွယ်။ ကိုယ်ပိုင် လမ်းသွယ်လေးမှတစ်ဆင့် အိမ်ထဲ ဝင််ရသည်ကို တွေးကြည့်လိုက်ရုံဖြင့် စိတ်ကူးယဉ်ဆန်နေသလိုပဲ။

"ကိုရိပ် ဘာဖြစ်လို့လဲ။"

လမ်းဆက်လျှောက်လာသော်လည်း မာန့်စိတ်တို့ကား ထိုအိမ်လေးထံ၌ စွဲကပ်နေသဖြင့် စိတ်နှင့် လူနှင့် မကပ်ဖြစ်နေသည်။ ထို့ကြောင့် လှိုင်းက မေးရာ -

"ငါ အဲ့အိမ်မှာ နေချင်တယ်။"

ထိုမျှသာ ပြောပြီး ငြိမ်နေသည့် မာန့်ကြောင့် လှိုင်း ထိုအိမ်လေး ရှိရာသို့ မျှော်မှန်းရင်း သမင်လည်ပြန်ကာ တစ်ချက် ကြည့်လိုက်မိသည်။ စိတ်ထဲတွင်တော့ ထိုအိမ်လေးကို စွဲနေအောင် မှတ်ထားလိုက်သည်။ တစ်ရက်ရက်တော့ မာန့်အတွက် ထိုအိမ်လေးကို ဝယ်ပေးနိုင်အောင် သူ ကြိုးစားရမည် ... တစ်ဦးတည်းသော 'ကိုရိပ်' အတွက်။

အိမ်ပြန်ရောက်သောအခါ လှိုင်းက ရေချိုးပြီး ဦးမင်းဉာဏ်အား ထမင်းသွားကျွေးသည်။ ဘုရား ရှိခိုးပြီးနောက်မှ အခန်းထဲ ပြန်ဝင်လာသောအခါ မာန်က စာရေးစားပွဲ၌ စာလုပ်နေဆဲ။ လှိုင်းလည်း အနားဝင်ထိုင်ကာ စာလုပ်မည် ပြင်ရာ မာန့်ထံမှ မထင်မှတ်ထားသော စကားတစ်ခွန်းကြောင့် ခန္ဓာကိုယ်ထဲရှိ သွေးကြောများ ရပ်တန့်သွားကာ နှလုံးခုန်နှုန်းများပင် သေဆုံးသွားသည့်နှယ် မှင်သေသွားရသည်။

"Happy birthday ပုတက်"

"ဗျာ"

တအံ့တဩ ငေးကြည့်လာသည့် ကောင်လေး၏ မျက်လုံးများသည် စာကြည့် စားပွဲတင်မီးအိမ်ကြောင့် ဖန်လုံးလေးများပမာ အရောင်တဖျက်ဖျက် လက်လာသည်။ ခပ်ဟဟ ပွင့်နေသည့် နှုတ်ခမ်းပါးများမှာ ပြန်ပိတ်သွားခြင်း မရှိဘဲ တစ်ခုခု ပြောရန် အားယူနေသည့်ဟန်။

"လက်ပတ်က မင်းနဲ့ ငါနဲ့ ဆင်တူနော်။ မပျောက်စေနဲ့။ ဝတ္ထုစာအုပ်ကလည်း ငါ မွေးနေ့လက်ဆောင် ဝယ်ပေးတာ။ မိုးထက်ကို မငှါးနဲ့ ကြားလား။ အဲ့ကောင်က စည်းကမ်းမရှိဘူး။"

ခေါင်းမညိတ် ခေါင်းမခါဘဲ မာန့်ကိုသာ တွေကြည့်နေသဖြင့် မာန်သည် စာရေးနေရင်းမှ ဘေး၌ ထိုင်နေသည့် လှိုင်းဘက်သို့ မျက်နှာချင်းဆိုင် လှည့်ထိုင်လိုက်ရာ လှိုင်းက ချက်ချင်းဆိုသလို မာန့်ကို သိုင်းဖက်လာသည်။ ဤအချိန်တွင်တော့ ကြောင်အကာ မလှုပ်မယှက် ဖြစ်နေရသူကား မာန်ရိပ်မော်ပင်။ ဖက်ထားလိုက်သည်ကား မာန်က ထွက်ပြေးပျောက်ကွယ်သွားမည့်အလား တင်းတင်းကျပ်ကျပ် ဖက်ထားပုံမှာ သေးညှက်သော ခန္ဓာကိုယ်နှင့် မလိုက်ဖက်စွာ။

"ပုတက် လွှတ်ကွာ။ ငါ အသက်ရှူမဝတော့ဘူး။"

မာန်က ပြောမှ တင်းကျပ်နေသည့် လက်များ တဖြည်းဖြည်း ပြေလျော့လာသည်။ ပူးကပ်နေရင်းမှ ကွာဟသွားသော ခန္ဓာကိုယ်နှစ်ခုကြား အဲကွန်းမှ လေအေးက ခပ်သော့သော့ ဝင်ကာ နေရာယူသည်။ ထိုအခါမှ မာန် မြင်လိုက်ရသော မျက်နှာ၌ ပွင့်လန်းနေသော အပြုံးပန်းမှာ အတိုင်းထက်အလွန် အစွမ်းကုန် ဖူးပွင့်နေလေသည်။

ထိုညအတွက်တော့ မာန်ရိပ်မော်သည် လောက၌ အလှပဆုံး ပွင့်နေသည့် မြတ်နိုးချင်စရာ အပြုံးပန်းတစ်ပွင့်ကို ဖူးပွင့်လာနိုင်စေရန် သေချာ ရေလောင်း ပျိုးထောင်ခဲ့သော ဥယျာဉ်မှူးတစ်ယောက် ဖြစ်နေခဲ့တော့သည်။

~ 8/7/2023 (4:55 p.m.) ~

{ Author's Note :
ဒီအပိုင်းလေးကို ဘယ်လို သဘောရလဲဆိုတာ အဆင်ပြေရင် comment မှာ တစ်ချက် ပြောသွားပေးကြပါဦးနော်။ မညာတမ်းဝန်ခံရရင် ဒီအပိုင်းလေးကို လင်း သိပ်အားမရဘူးရယ် ..စိတ်တွေ အဆင်မပြေ ဖြစ်နေတော့ ဦးနှောက်က အလုပ်ကောင်းကောင်း မလုပ်ဘူး ဖြစ်နေတယ်။ နောက်အပိုင်းတွေကျရင်တော့ ဒီ့ထက်ပိုကောင်းအောင် ကြိုးစားပါ့မယ်ဗျ 🙇🏻‍♀️ }

Continue Reading

You'll Also Like

1.1M 37.6K 70
HIGHEST RANKINGS: #1 in teenagegirl #1 in overprotective #3 in anxiety Maddie Rossi is only 13, and has known nothing but pain and heartbreak her ent...
14.3K 1K 16
စိတ်ကူးယဥ်ဝတ္ထုထဲကဇာတ်ကောင်ကိုသဘောကျတဲ့ကောင်လေးနဲ့ ထိုဝတ္ထုထဲကနေထွက်လာတဲ့စိတ်ကူးယဥ်ဇာတ်ကောင်လေးရဲ့အချစ်ရက်၂၀။ Start- 22.12.23 end - 14.2.24
1.5K 35 4
"ɴᴏ ᴍᴀᴛᴛᴇʀ ʜᴏᴡ ᴍᴜᴄʜ ʏᴏᴜ ʜᴀᴛᴇ ᴍᴇ, ɪ ᴋɴᴏᴡ ʏᴏᴜ ᴄᴀɴ'ᴛ ʀᴇꜱɪꜱᴛ ᴍᴇ." "ᴡʜᴀᴛ ᴛʜᴇ ꜰ*ᴄᴋ ɪꜱ ᴡʀᴏɴɢ ᴡɪᴛʜ ʏᴏᴜ?" -----------»» ₓ 𝚒𝚍𝚘𝚕 𝚊𝚞 ₓ 𝙿𝚊𝚛𝚔 𝙹𝚒𝚜𝚞𝚗...
199K 9.9K 56
ငယ်ငယ်ကတည်းက ရင့်ကျက်ပြီး အတန်းခေါင်းဆောင်အမြဲလုပ်ရတဲ့ ကောင်လေး ကျော်နေမင်း ခြူခြာလွန်းလို့ ကျော်နေမင်းက ပိုးဟပ်ဖြူလို့ နာမည်ပေးခံရတဲ့ ကောင်မလေး နေခြ...