အချပ်ပို ( ၃ )
“ကုသိုလ် အမျှ အမျှ အမျှ၊ ယူတော်မူကြပါကုန်လော့၊ သာဓု သာဓု သာဓုပါဘုရား”
ရေစက်ချအမျှတွေပြီးသည်နှင့် သံဃာတော်များအား ဆွမ်းကပ်ကြ၏။ ထို့နောက် ဆွမ်းဘုန်းပေးပြီးသောအလှူရှင်များအား ဆုတောင်းမေတ္တာများပို့သပေးကာ သင်္ကန်းများကိုပြန်ပြင်၍ ကျောင်းတော်ဆီသို့ပြန်ကြွသွားလေတော့သည်။
ထိုနည်းတူစွာ တရားနာလာကြသောလူပရိတ်သတ်အားလုံးသည် အလှူ့ရှင်တို့အား စေတနာထားသောအားဖြင့် လှူဒါန်းထားသောစားသောက်ဖွယ်ရာများကိုသုံးဆောင်ကြလေ၏။ ထို့နောက် အလှူရှင်များကိုနှုတ်ဆက်၍ ပြန်သူကပြန်၊ စကားပြောသူကပြောဖြင့် စည်ကားနေလေ၏။
“ရှိန်းခေတ်ရေ….တို့ပြန်ပြီဟေ့”
“ဟာ မကြည်နွယ်၊ မပြန်နဲ့ဦးလေဗျာ ညနေထမင်းစားပြီးမှ ပြန်ပါ့လားဗျ”
“မစားတော့ဘူးငါ့မောင်ရေ….အိမ်မှာအလုပ်လေးတွေရှိသေးလို့ နောက်မှအေးဆေးလာခဲ့ဦးမယ်သိလား”
“ဟုတ်ကဲ့အစ်မ၊ ကိုကိုရေ ဟိုဖက်ဝိုင်းကို ဟင်းချိုဖြည့်ပေးလိုက်ပါဦးဗျ၊ မင်းသန့်ရေ….ကိုကြီးမြင့်မားမျက်နှာပဲထိုင်ကြည့်မနေနဲ့ဟ၊ ကလေးတွေဖက်မှာ ငါးပိချက်ကုန်တော့မယ် လိုက်ဖြည့်ပေးလိုက်ဦး”
ရှိန်းခေတ်တစ်ယောက် အလှူမဏ္ဍပ်အောက်တစ်ခွင် ပြဲပြဲစင်အောင်လျှောက်ကြည့်ကာ လက်ထဲရှိငါးနှပ်လိုက်ပွဲဇလုံကြီးကိုကိုင်၍ လိုနေသည့်ဝိုင်းများကို လိုက်ဖြည့်နေသည်။ မျက်လုံးကိုလည်း မနားတမ်းအလုပ်ပေးထားရင်း လိုအပ်သည့်နေရာတွေ့သည့်နှင့် ဆိုင်ရာလူများကို ချက်ချင်းပြောလိုက်သည်။
ယနေ့သည် ရှိန်းခေတ်တို့သူငယ်ချင်းသုံးယောက်၏သက်ဆိုင်သူများနှင့်ဘဝကိုဖြတ်သန်းခဲ့သည်မှာ တစ်နှစ်တင်းတင်းပြည့်သောနေ့ဖြစ်သည်။ ရည်ရွယ်ထားသည့်အတိုင်း မင်္ဂလာတစ်နှစ်ပြည့်အလှူကြီးအား အောင်မြင်စွာပြုလုပ်နိုင်ခဲ့ချေပြီ။
အလှူ့ရှင်များ၏မျက်နှာများသည် ပြုံးပန်းများဝေဆာနေကြသောကြောင့် အလှူခံပုဂ္ဂိုလ်များပင်လျှင် ထပ်တူကြည်နူးနေကြလေသည်။ စေတနာ၊ သဒ္ဒါတရားထက်သန်ကြသောအလှူရှင်များဖြစ်ကြသောကြောင့်လည်း နှစ်အိမ်ဆက်၍ထိုးထားသောမဏ္ဍပ်ကြီးသည်ပင် သေးနေသည်ဟုခံစားရသည်အထိ ကြိတ်ကြိတ်တိုးစည်ကားလွန်းနေ၏။
ထမင်းရည်ချောင်းစီး မောင်းတီးကျွေးသည့်အလှူ၊ တစ်ရွာလုံးမီးခိုတိတ်သည့်အလှူဆိုသည်ကား ဤအလှူကိုပြောခြင်းဖြစ်ပေလိမ့်မည်။ အကြောင်းမူကား အလုပ်အကိုင်နေ့မှစတင်ကာ တရားနာသည့်နေ့အထိ နှစ်ရက်စလုံးတွင် မနက်အဆာပြေစာသာမက နေ့လည်စာ၊ ညနေစာများပါကျွေးသည့်အတွက်ကြောင့် သရက်ပင်တန်းရွာအပြင် ဘေးရွာများကပါ တကူးတကလာစားကြသဖြင့် တစ်ရွာလုံးမီးခိုးတိတ်ဆိုသည်ထက် တစ်နယ်လုံးမီးခိုးတိတ်ဟုပင် တင်စားနိုင်ပေ၏။
ယခုလည်း ဘေးရွာကဖောက်သည်များသည် မအားသည့်ကြားက တရားနာအမှီလာကြသေး၏။ ဆိုင်ကယ်သမားများဆိုလျှင် ဆာတိုင်းဝင်စားကြသည်အထိပင်။ ထို့ကြောင့် အနည်းဆုံးတစ်နှစ်ကိုတစ်ခါလောက် အလှူပေးနိုင်ရမည်ဟုတေးမှတ်ထားလိုက်သည်။
ကြိတ်ကြိတ်တိုးလာစားကြသောလူများသည် ၁၂ ထိုးပြီးချိန်၌ တော်တော်ပါးသွား၏။ ကျန်သောလူဆို၍ အထက်တန်းကျောင်းသား၊ ကျောင်းသူလေးများသာရှိ၏။ ထိုကလေးများအားလုံးသည် ရှိန်းခေတ်ဆိုင်၏ပင်တိုင်ဖောက်သည်ကြီးများဖြစ်၏။ ယခုကဲ့သို့ ရှက်ရွံ့ခြင်းမရှိဘဲ လာစားကြသဖြင့် အင်မတန်ဝမ်းသာပီတိဖြစ်ရပါ၏။
ရှိန်းခေတ် ပြုံးကာကြည့်နေမိစဉ် ထိုကလေးများသည် ပန်းကန်ကိုယ်စီကိုင်၍ ဆေးမည့်နေရာကိုသွားနေကြ၏။ ထို့ကြောင့် ရှိန်းခေတ်လည်း ခပ်မြန်မြန်သွားလိုက်ပြီး….။
“တော်ပြီလားညီလေးတို့ရဲ့၊ ထပ်ယူစားကြဦးလေ၊ ရော့ နည်းနည်းလောက်ထပ်ထည့်ကြဦး”
“တော်ပြီကိုကြီးရှိန်းခေတ်ရေ….သားတို့စားထားတာ မနည်းတော့ဘူးဗျ၊ သားဆို သုံးပန်းကန်တောင်စားထားတာဗျ”
“ဟုတ်တယ်ကိုကြီးရေ…ငါးနှပ်ကရှယ်ပဲ၊ ငါးပိချက်နဲ့ ၁၂ မျိုးဟင်းချိုကလဲ အလန်းဆိုတော့ တော်တောင်မတော်ချင်ဘူးကိုကြီးရေ….ထပ်စားရင်ဗိုက်ကွဲတော့မှာဆိုးလို့ တော်လိုက်ရတယ်ဗျာ”
“ဟုတ်ပါ့ ဟုတ်ပါ့”
အားတက်သရောပြောနေကြသည့်ကလေးများကိုကြည့်ပြီး ကြည်နူးမှုကပြောမပြတတ်အောင်ပင်ဖြစ်နေ၏။ ယခုလို ကိုယ်လှူသည့်စားသောက်ဖွယ်ရာများကို အားပါးတရစားကြသည့်အပြင် ခံတွင်းမြိန်ကြသည်ဟုကြားရသည်မှာ အင်မတန်မှစိတ်ချမ်းသာစရာကောင်းလှပေသည်။
“ဟုတ်ပါပြီဗျာ….ပန်းကန်တွေထားခဲ့တော့ ကိုကြီးတို့ပဲသိမ်းလိုက်တော့မယ်၊ လက်ပဲသွားဆေးလိုက်ကြတော့”
ရှိန်းခေတ်ကိုပြောရင်း ပန်းကန်ဆေးရန်ယူသွားကြသောကလေးများအား အမြန်ပြောလိုက်သည်။ ထိုအခါမှ ပန်းကန်များကိုထားခဲ့ကြပြီး လက်ဆေးကာပြန်သွားကြသည်။ ထိုကျောင်းသားလေးများပြန်သွားသည်နှင့် အိမ်ဝိုင်းတစ်ခုလုံးသည် ပုံမှန်နေ့များပမာ ပြန်လည်တိတ်ဆိတ်သွားလေ၏။
ရပ်ကွက်အသင်းသမားများနှင့်ဝိုင်းလုပ်ဝိုင်းကိုင်ပေသည့်ရွာသားများကိုလည်း လူကြဲသွားကတည်းက ပြန်နားစေခဲ့သည့်အပြင် ဇံမင်းတို့အိမ်သားများသည်လည်း အိပ်ရေးပျက်ရက်များထားကြသဖြင့် ပြန်နားကြချေ၏။ ပါးပါးတို့သည်လည်း ထိုနည်းတူစွာပင် အိပ်ခန်းထဲရောက်သွားနေကြပြီးဖြစ်သောကြောင့် ရှိန်းခေတ်တို့နှင့်ကလေးများသာကျန်တော့သည်။
“ဟေ့ကောင် ထမင်းမစားသေးဘူးလားကွ”
ဆေးကြောပြီးသည့်ပန်းကန်ခွက်ယောက်များကို ဝါးဖြင့်လုပ်ထားသောလေးထောင့်ခုံကြီးပေါ်တွင် တင်နေသောမင်းသန့်ကလှမ်းမေး၏။
“အေး မစားသေးဘူးလားဟေ့ကောင်ရေ….ငါတော့ တော်တော်ဆာနေပြီကွ၊ ငါ့ဦးလဲ ဆာနေပြီကွ၊ မနက်ကတည်းက ကြာဇံကြော်လေးပဲစားရသေးတာ”
ဇံမင်းကလည်း သူ့ဗိုက်လေးကိုပွတ်၍ ပြောရင်း ထမင်းစားခုံများကိုသုတ်၍ ဘေးမှာထပ်ပြီးထောင်နေသောဦးလျှမ်းမြတ်အားမေးငေါ့ကာ အကဲပိုစွာပြောလာ၏။ အလွန်တရာစကားနည်းလွန်းသောဦးလျှမ်းမြတ်သည်ကား သူ့အချစ်ကလေးဘာပြောပြော နားထဲသို့ပျားရည်လောင်းပေးနေသည့်ပမာ ချိုမြပြုံးရွှင်နေ၏။
ထုံးစံအတိုင်း မချိုမြနိုင်သည်က မင်းသန့်မောင်သာဖြစ်၏။ ထို့ကြောင့် မင်းသန့်၏ဝသီအတိုင်း ပက်ခနဲပြန်ပြောလိုက်သည်။
“ဪ အေး၊ မင်းဦးက ကြာဇံကြော်လေးပဲစားရသေးတာဆိုတော့ ငါတို့ကရော ဘာများစားရသေးလို့တုံး၊ နှံပြည်စုတ်တစ်ကောင်ကတော့ အကဲကိုပိုတယ် ဟွန်း”
“ဘာဖြစ်လဲ ဘာဖြစ်လဲ ဘာလုပ်ချင်လဲပြော”
“ကဲ တော်ကြပါတော့ကွာ၊ တစ်ယောက်နဲ့တစ်ယောက်စမနေကြနဲ့တော့၊ ဗိုက်ဆာရင်လဲ မြန်မြန်စားလို့ရအောင် ပြင်ပါဟ၊ ကဲ ဒီမှာပဲစားကြမလား”
“အေး စားမယ်လေ၊ ဒီမှာစားတော့ အေးအေးလူလူလေး စားရတာပေါ့ကွာ”
မင်းသန့်သည် ထိုသို့ပြောကာ စိတ်မြန်လက်မြန်ဖြင့် ဘေးမှာထောင်ထားသောထမင်းစားပွဲခုံကြီးတစ်လုံးကိုချခင်းလေတော့သည်။ ဇံမင်းတို့လင်လင်နှစ်ယောက်ကမူ ထမင်းထည့်သူထည့်၊ ဟင်းပွဲများချသည့်သူကချဖြင့် အလုပ်ရှုပ်သွားတော့၏။ ရှိန်းခေတ်သည်လည်း ဇလုံတစ်လုံးကိုယူ၍ ဟင်းချိုသွားခပ်ထည့်လိုက်သည်။
ဟင်းချိုသည် ၁၂ မျိုးဟင်းချိုဖြစ်သောကြောင့် အစာပလာများလေရာ အရည်သိပ်မရှိဘဲ ပျစ်နှစ်နေ၏။ ထိုအနေအထားကို ရှိန်းခေတ်သာမက တစ်ရွာလုံးကကြိုက်ကြသည်ကို ဆိုင်တစ်နှစ်ပြည့်အဖြစ်ပြုလုပ်ခဲ့သောအလှူပွဲကတည်းက သိခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ရှိန်းခေတ်တို့အိမ်က လှူသည့်အလှူပွဲတိုင်းကို ၁၂ မျိုးဟင်းချိုပါအောင်ချက်ခဲ့သည်ချည်းသာဖြစ်သည်။
“ဟေ့ကောင် အဲ့ဒါငါသွားထားလိုက်တော့မယ်၊ ကိုနဲ့ကိုကြီးဘုန်းကို မင်းပဲသွားခေါ်လိုက်တော့”
“ဪ အေးအေး”
ရှိန်းခေတ် မင်းသန့်လက်ထဲကိုဟင်းချိုဇလုံသေချာထည့်ပေးလိုက်ပြီး ကိုကိုရှိရာ အနောက်ဖေးဖက်သို့ထွက်လာခဲ့လိုက်သည်။ အိမ်နောက်ဖေးရောက်သည်နှင့် ကိုကိုသည် မဲလုံးလေးတို့အုပ်စုနှင့်အတူတူ ဒန်အိုးဆေးနေကြသည်ကိုတွေ့လိုက်ရသည်။ နှစ်ရက်စာချက်၍ထည့်ထားသောကြောင့် ဆေးရမည့်အိုးက ကြီးလည်းကြီးသလို များလည်းများ၏။ ထို့ကြောင့် ကလေးတွေချည်းမဆေးခိုင်းဘဲ ကိုကိုနှင့်ကိုကြီးမြင့်မားကပါ ဆေးပေးနေခြင်းဖြစ်သည်။ သို့သော် ကိုကြီးမြင့်မားတစ်ယောက်ကိုကား မတွေ့ရပုံထောက်လျှင် အပေါ့အပါးသွားနေခြင်းဖြစ်ရမည်။ ဘေးမှာချထားသောဝါးခုံကြီးပေါ်တွင်တင်ထားသောပစ္စည်းပစ္စယများကိုမြင်လိုက်ရချိန်၌ ရှိန်းခေတ်၏လက်များသည် ပဲကြီးရေတွန့်သွားသည့်နှယ်ခံစားလိုက်ရသည်။
ဝိုင်းလုပ်ပေးသောရွာသားများရှိသော်ငြား နှစ်ရက်ဆက်တိုက်ကျွေးသဖြင့် ဆေးကြောရသည်မှာလည်း နှစ်ရက်ဆက်တိုက်ဖြစ်သည်။ ထို့ကြောင့် လာစားသည့်ပရိတ်သတ်နည်းသွားသည်နှင့် ပြန်နားစေခဲ့သည်။ သို့မဟုတ်တောင်မှ ညနေ ၃ နာရီဆိုလျှင် ညနေစာပြန်ကျွေးရတော့မည်ဖြစ်သည့်အပြင် မနေ့ကတည်းက အိမ်မပြန်ဘဲလုပ်အားပေးခဲ့သဖြင့် တစ်နာရီ၊ နှစ်နာရီမျှအနားယူအိပ်စက်မှသာ အဆင်ပြေပေလိမ့်မည်မဟုတ်ပါလား။
“ကလေး အဲ့မှာ ဘာရပ်လုပ်နေတာတုံးဗျ”
ကိုကို့အသံကြားမှ ရှိန်းခေတ်လည်း အတွေးစများပြတ်တောက်သွားရတော့၏။
“ဘာမှမဟုတ်ပါဘူးကိုကိုရဲ့၊ ကိုကိုနဲ့ကိုကြီးမြင့်မားကို ထမင်းစားရအောင်လာခေါ်တာဗျ၊ ဒါနဲ့ ကိုကြီးမြင့်မားရောဟင်”
“မြင့်မားက သန့်စင်ခန်းဝင်နေတယ်ကလေးရဲ့၊ ခဏလေးနော်ကလေး၊ ဒါလေးလက်စသတ်လိုက်ဦးမယ်၊ ခဏလေးပဲစောင့်”
“ဟုတ်ကိုကို၊ ညီလေးတို့ရော ထမင်းစားပြီးရဲ့လား၊ မစားရသေးရင် အတူတူစားကြမယ်လေ၊ အဲ့ဒါတွေ နောက်မှပြန်ဆေးတော့”
“သားတို့စားပြီးသွားပြီကိုကြီးရှိန်းခေတ်ရဲ့”
အားလုံးထဲမှ အသွက်ဆုံးဖြစ်သည့်ချစ်ဇော်က ဆို၏။
“ဟုတ်လား….ဘယ်တုန်းကဆွဲလိုက်ကြတာတုံး၊ ကိုကြီးလဲမတွေ့လိုက်ပါလားကွ”
“မတွေ့ဆို ဘုန်းကြီးပွဲကျနဲ့တိုးတာကိုးဗျ၊ သားတို့အိမ်နောက်ဖေးမှာ သိမ်းဆည်းနေတုန်း ပါးငွေရောင်က လာခေါ်ကျွေးတာဗျ”
“အဲ့ဒါကြောင့်ထင်တယ်၊ ငါ့ကလေးတွေမတွေ့ပါလားလို့”
“ဟီးဟီး”
ရှိန်းခေတ် ခပ်နောက်နောက်လေးပြောလိုက်သည်နှင့် မဲလုံးလေးနှင့်ပိုင်ပိုင်လေးလို ခပ်အေးအေးနေသောနှစ်ယောက်သည်ပင် ခပ်ဖြဲဖြဲဖြစ်သွားကြလေ၏။ ဖြစ်ဆိုလည်း ရှိန်းခေတ်အိမ်က ကလေးများအားလုံးသည် အစားနှင့်ပတ်သက်လျှင် ဘယ်တော့မှစိတ်မပူရပေ။ တစ်ခုခုကျွေးသည်နှင့် ယူစားလိုက်ကြသည်သာ။
“ကဲ ကလေးရေ သွားစားကြမယ်ကွာ၊ ညီလေးတို့ ဒီအိုးတွေဆေးပြီးတာနဲ့နားလိုက်တော့သိလား၊ ဟိုဖက်ကအိုးကြီးတွေကို ကိုကြီးတို့ဆေးမယ်သိလား”
“ရပါတယ်ကိုကြီးဘုန်းရဲ့၊ သားတို့ပဲဆေးလိုက်ပါတော့မယ်ဗျ၊ ကိုကြီးဘုန်းတို့က သားတို့ထက်တောင်ပင်ပန်းပါတယ်ဗျာ၊ ခဏဖြစ်ဖြစ်နားလိုက်ကြပါဦးခင်ဗျ”
“ဟုတ်တယ် ဟုတ်တယ်”
“ဟုတ်ပါပြီဗျာ….ဒါဆိုလဲ သွားပြီနော်၊ လာကလေး”
ရှိန်းခေတ်တို့နှစ်ယောက်သား စကားတပြောပြောဖြင့် လျှောက်လာခဲ့ကြသည်။ ရှိန်းခေတ်တို့အိမ်ရှေ့ရောက်ချိန်၌ ထမင်းပွဲကအဆင်သင့်ဖြစ်နေသည့်အပြင် မင်းသန့်၊ ဇံမင်းနှင့်ဦးလျှမ်းမြတ်တို့သည် လက်ဆေးကာ ရှိန်းခေတ်တို့အားစောင့်နေကြလေ၏။ ကိုကိုနှင့်ရှိန်းခေတ်လည်း ဦးလျှမ်းမြတ်၏ဘေးတွင်ဝင်ထိုင်လိုက်ကြသည်။
“မြင့်မားကရော မစားသေးဘူးတဲ့လားညီလေး”
လျှမ်းမြတ်သည် ဇံမင်းထည့်ပေးသည့်ငါးနှပ်ကိုဖဲ့စားရင်း ဘုန်းအားမေး၏။
“စားမှာကိုလျှမ်းမြတ်ရေ….အဲ့ကောင်က အစာသစ်မဝင်ခင် အစာဟောင်းကိုအရင်လျှော့တတ်တဲ့အကျင့်ရှိတယ်လေ၊ ခုလဲ သွားလျှော့နေတုံးဗျ၊ ဟော ပြောရင်းဆိုရင်း လာပါပြီဗျာ”
“ကျွန်တော့်ကိုကြည့်ပြီး ဘာတွေပြောနေကြတာတုံးဗျ”
မြင့်မားသည် ရှိန်းခေတ်နှင့်မင်းသန့်၏ကြားတွင်ဝင်ထိုင်လိုက်ပြီး မေးလိုက်၏။ ထိုအခါ မင်းသန့်သည် မြင့်မား၏ပန်းကန်ထဲသို့ ဘုန်းကြီးပွဲကကျန်နေသေးသည့်ဝက်သားဟင်းလေးတစ်တုံးကိုထည့်ပေးလိုက်ရင်း….။
“ဘာမှမဟုတ်ဘူးကိုရေ…..ထမင်းမစားခင် ဝိတ်လျှော့တတ်တဲ့ကို့အကျင့်လေးကိုပြောနေကြတာဗျ၊ ကဲ အဲ့မှာကိုကြိုက်တဲ့ဝက်သုံးထပ်သား အပြတ်တီးပေတော့ကိုရေ”
“ငါလဲဝက်သားဟင်းမချက်ထားပါဘူး၊ ဘယ်ကရတာလဲမင်းသန့်ရဲ့”
ရှိန်းခေတ် ဝက်သားဟင်းပန်းကန်လုံးကိုကြည့်၍မေးလိုက်သည်။ မမေးဘဲလည်းနေနိုင်ပေ။ လွန်ခဲ့သောမိနစ်ပိုင်းကအထိ ဤဝက်သားဟင်းကိုမမြင်ခဲ့ရသလို ရှိန်းခေတ်လည်း ချက်မထားခဲ့ပေ။ ထို့ကြောင့် တအံ့တဩဖြင့်မေးလိုက်ရခြင်းဖြစ်လေ၏။
“ဘယ်ကရမှာလဲကွ၊ ဘုန်းဘုန်းတို့ကိုသွားပို့တော့ တစ်ဖက်ရွာကဘုန်းဘုန်းတူမက လာလှူသွားတာလေ၊ အဲ့ဒါ ဘုန်းဘုန်းတို့ကလဲ ဆွမ်းဘုန်းပေးပြီးပြီဆိုတော့ ဒကာလေးတို့စားချင်ယူသွားဆိုလို့ ယူလာကြတာကွ၊ ငါကမှယူရင်ကောင်းမလား မယူရင်ကောင်းမလားစဉ်းစားသေးတယ်နော်၊ ဟိုကောင်လန်ဘားက ‘ကိုက ဝက်သားဟင်းစားချင်တယ်လို့ပြောနေတာနဲ့အတော်ပဲ’ဆိုပြီး အတင်းယူတာနော် ဟွန်း၊ လင်ထိပ်ထားစံကောင်”
“လင်ထိပ်ထားစံတာမဟုတ်ဘူးဟေ့ကောင်ရေ…ချစ်တာကွ ချစ်တာ၊ ဒါတွေမင်းလိုနှံပြည်စုတ်ကသိမှာလဲမဟုတ်ပါဘူး”
“အောင်မာ…ဘာလို့မသိရမှာတုံး၊ သိလို့ပဲ ဒီမှာလင်တစ်ယောက်လုံးဘေးမှာထားထားတာပေါ့ကွ၊ ဦး ကလေးဘယ်လောက်ချစ်တတ်လဲဆိုတာ အဲ့ကောင်ကိုပြောပြလိုက်”
“ဟုတ်ပါတယ်ဗျာ….ဦးရဲ့ကလေးလေးက ချစ်တတ်လွန်းပါတယ်ခင်ဗျ”
“ဟီး အရမ်းချစ်တာပဲဦးကို”
“အမယ်လေး…..ထမင်းစားနေပါတယ်ဆိုမှ ခွေးစာကလာကျွေးပြန်ပြီ၊ မစားဘူးဟေ့ မစားဘူး ပြန်ယူသွားကြ ဟွန်း”
“ဟား ဟား ဟား”
ရုတ်တရက်ထအော်လိုက်သောရှိန်းခေတ်ကြောင့် အားလုံးမှာတဝါးဝါးတဟားဟားဖြင့်ပွဲကျသွားတော့သည်။ သို့ဖြင့် တစ်ယောက်နှင့်တစ်ယောက် စလိုက်နောက်လိုက်၊ စားလိုက်သောက်လိုက်ဖြင့် ပြုံးပျော်ရွှင်နေကြလေ၏။ ထိုလူငယ်လေးခြောက်ဦး၏မျက်နှာထက်က အပြုံးပွင့်ကလေးများသည် ကမ္ဘာကျော်ပန်းချီဆရာ၏ တန်ဖိုးမဖျက်နိုင်သောစုတ်ချက်ကလေးများဖြင့်ပင် နှိုင်းယှဉ်မရအောင် အဖိုးအနဂ္ဂထိုက်တန်လွန်းလှပါဘိတောင်။
>>>>>>>>>>>..<<<<<<<<<<<
ချစ်ခြင်းများစွာဖြင့်
ကြယ်တာရာလင်း
၁၁ . ၆ . ၂၀၂၃
ဒီတစ်ပတ်အတွင်း နောက်ထပ် ၃ ပိုင်းတင်ပေးပါမည်။ ပြောထားပြီးတဲ့အတိုင်း ၂၉ ရက်နေ့မတိုင်ခင် ရှိန်းခေတ်တို့ကိုအပြီးတင်ပေးပါ့မယ်ရှင်။
အားပေးကြသည့်စာဖတ်သူတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။
ရောဂါဘယကင်းဝေးကြပါစေ။
အန္တရာယ်ကင်း၍ ဘေးရှင်းကြပါစေ။
ကိုယ်စိတ်နှစ်ဖြာကျန်းမာလို့ ချမ်းသာကြပါစေ။