မျက်နှာကျက်ရဲ့နံရံပေါ်ထိဦးခေါင်းတစ်ခုလုံးကို
ဆွဲယူခံလိုက်ရသလိုပျိုဟာထိတ်လန့်ခြင်းကိုရင်ဆိုင်လိုက်ရ၏။
ဦးစိန်ဖေဟာကားမောက်ပြီးသေဆုံးခဲ့တာမဟုတ်။အသတ်ခံခဲ့ရတာသာဖြစ်တယ်။အပေါက်တစ်ခုဖြစ်နေတဲ့လည်ပင်းကဝေဒနာနဲ့ဒီမြေအောက်ခန်းထဲမှာပဲသေတဲ့ထိပိတ်လှောင်ခဲ့ခြင်းကိုခံခဲ့ရတာပဲ။
ဒါဖြင့်အလောင်းကရော။တစ်နေရာရာမှာမြုပ်ထားခဲ့တာပဲဖြစ်လိမ့်မယ်။အေးမူပြောပြတုန်းကမူးပြီးကားမောင်းမိရာကချောက်ထဲပြုတ်ကျပြီးအလောင်းရှာမတွေ့ခဲ့ကြဘူးတဲ့။ဘယ်ရှာတွေ့မလဲ။တစ်ယောက်ယောက်ကအဲ့ဒီအလောင်းကိုတစ်နေရာရာမှာမြုပ်ထားခဲ့လို့ပေါ့။
"ပျော်ဖို့ကောင်းလား"
"ဟင့် .."
ဘယ်အချိန်ကရောက်နေခဲ့မှန်းမသိတဲ့သူမဟာ
အပေါ်ကနေပျို့ကိုလက်ပိုက်ကြည့်နေခဲ့တယ်။
"တို့ မင်းကိုသတိပေးခဲ့မယ်ထင်တယ်"
ပျို့ဦးခေါင်းတစ်ခုလုံးဟာပုံမှန်ထက်အဆတစ်ရာ
လောက်ကြီးထွားသွားသည်ဟုထင်၏။လူတစ်ယောက်ကိုရက်ရက်စက်စက်သတ်ဖြတ်ခဲ့တဲ့မိန်းမလှတစ်ဦးရဲ့ခြေလှမ်းတွေကိုပျိုတုန်လှုပ်ခြောက်ခြားနေမိတယ်။
"လူသတ်သမား"
သူမရဲ့ကြောက်စရာကောင်းတဲ့မူပိုင်အပြုံးမျိုးကို
ခပ်ယဲ့ယဲ့ပြုံး၏။
"ကိုယ်တိုင်ကကိုယ့်ယောကျာ်းကိုသတ်ပြီး ..
သရဲလိုလိုတစ္တေလိုလိုအရူးကွက်တွေနင်းနေခဲ့တာပဲဒေါ်ကျူးရင့်ခြယ်"
ခြေဖမိုးသားဖွေးဖွေးထိပ်ကကြက်သွေးရောင် ခြေသည်းများကပျို့ဆီကိုဦးတည်လျှောက်လှမ်း
လာ၏။
"မင်းပြောလို့ပြီးပြီလား"
ကြမ်းပြင်ပေါ်မှာဒူးထောက်လျက်သားငုတ်တုပ်
ဖြစ်နေတဲ့ပျို့ဦးခေါင်းထိပ်ကဆံပင်များထဲကိုသူမ
ရဲ့လက်သည်းရှည်များနှင့်အသာထိုးဖွသည်။
"မင်းပြောလို့ပြီးရင် တို့ပြောမယ် .. တို့အားလုံး
ပြောမယ်ပျို .. ဟုတ်တယ်"
ကုတင်ပေါ်မှာထိုင်လိုက်ကာအိပ်ယာခင်းပေါ်သို့
သူမလက်တွေကထိတွေ့ဆော့ကစားနေ၏။
"ကိုစိန်ဖေကို .. တို့သတ်မိသွားတယ်"
သူမရဲ့အပြစ်တစ်ခုကိုမတော်တဆသဘောမျိုး
ပြောနေတာပဲ။
"နေ့ .. တိုင်း ကိုယ်အလိုမရှိတဲ့ယောကျာ်းတစ်ယောက်ရဲ့ဘေးမှာအတူနေရပြီး အတူအိပ်ယာဝင်အတူနိုးထ .. အတူမျက်နှာချင်းဆိုင်ပြီးထမင်းစားရတဲ့ဘဝကဘယ်လောက်ထိစိတ်ပျက်ဖို့ကောင်းလဲဆိုတာမင်းမှမစာနာနိုင်တာ"
ပျိုအံဩမိတယ်။အဲ့ဒါကြောင့်ပဲအဲ့ဒီယောကျာ်းကို
သတ်လိုက်ရရောလား။
"အဲ့ဒါကြောင့်ပဲ အဲ့ဒီယောကျာ်းကိုသတ်လိုက်ရတာမျိုးမဟုတ်ခဲ့ဘူး .. တစ်နေ့ပြီးတစ်နေ့ကိုယ့်မိန်းမတစ်ယောက်လုံးရဲ့ရှေ့မှာတင်တခြားမိန်းမပေါင်းမြောက်မြားစွာကိုမျက်နှာပြောင်တိုက်ပြီးအိမ်ခေါ်လာခဲ့တာတွေ"
"အန်တီ .. သဝန်တိုနေတာလား"
ပျိုမေးသင့်တယ်ထင်ပါတယ်။မချစ်ဘူးဆိုပြီးသဝန်တိုနေတာမျိုးကတော့မဟုတ်သေးဘူးမလား။
"အဟက် .. တခြားမိန်းမတစ်ယောက်နဲ့အတူအိပ်လို့အဲ့ဒီမိန်းမအော်သံကိုအတိုင်းသားကြားနေရတာတောင် .. ငါ့မှာသဝန်တိုစိတ်မဖြစ်ပေါ်ခဲ့ပါဘူး"
"ဒါဆို ဘာလို့လဲ .. အန်တီမချစ်တဲ့ယောကျာ်းက
ဘယ်သူနဲ့အိပ်အိပ်အန်တီဂရုစိုက်စရာမလိုဘူးလေ"
"ငါဂရုစိုက်တာကငါ့ကိုယ်ငါပဲ .. သူ့ဟာသူ
ဘယ်ကောင်မနဲ့အိပ်အိပ်ငါစိတ်မဝင်စားဘူး ..
ငါနဲ့လာမအိပ်ဖို့ပဲမျှော်လင့်ခဲ့တာ"
ပျို့အနားသို့ဆင်းလာပြီးပျို့မျက်နှာကိုတည့်တည့်ကြည့်၏။ပျို့လက်ထဲကစာအုပ်ကိုယူလိုက်ပြီး -
"သူဆက်ပြီးမရေးနိုင်ခဲ့တော့တဲ့သူ့ဒဏ္ဍာရီရဲ့
အဆက်ကိုတို့ပြောပြရသေးတာပေါ့"
— — — —
(အတိတ်နောက်ကြောင်း)
ဒီနေ့မနက်မှာအစောကြီးထလို့ကျွန်မဖြီးလိမ်းပြင်ဆင်တယ်။ကျွန်မပါးပြင်မှာမျက်ရည်စတွေ
ကပ်ငြိမနေခဲ့ပါဘူး။ကျွန်မငိုလို့အားရပြီ။
ကျွန်မမျက်လုံးတွေကကုတင်ပေါ်ကသူ့ကိုအကြာကြီးငေးနေမိတယ်။အလွန့်ကိုအိပ်မောကျနေခဲ့တဲ့သူ့ကိုကျွန်မအားကျမိသား။ကျွန်မမှာတော့အဲ့ဒီစိတ်နဲ့ညကတိုင်မနက်ထိမိုးလင်းခဲ့ရတယ်။
အောက်ကိုဆင်းလာတော့အလုပ်သမားတွေက
ကျွန်မကိုပြုံးပြကြတယ်။ဘာမှနားလည်မှုမရှိတဲ့
လူပိန်းတွေ။တစ်ချို့မိန်းမများပိုဆိုးသေး။ကျွန်မကိုအားကျကြသတဲ့။ယောကျာ်းကပိုက်ဆံရှိတော့
လိုတိုင်းတ,နိုင်သလိုလှလှလေးလည်းနေနိုင်လို့တဲ့။ပြီးတော့လည်းယောကျာ်းကသိပ်ချစ်သတဲ့ဆိုပဲ။ဒါကတစ်ချို့ပေါ့။တစ်ချို့ကျတော့လည်းကံဆိုးလိုက်တာ။အသက်ကြီးတဲ့ယောကျာ်းလည်းရထားသေး။ယောကျာ်းကလည်းဖောက်ပြန်သေးတဲ့။
"ဖွားမေ"
"ဟုတ်ကဲ့ .. ကျူးလေး"
"အားလုံးကိုခေါ်လိုက်နော် .. အကိုကြီးမနိုးခင်
စီစဉ်စရာလေးရှိလို့"
အားလုံးကကျွန်မကိုကြည့်နေကြတယ်။ဒီအိမ်ကလူတွေဟာကျွန်မယောကျာ်းရဲ့အလုပ်သမားတွေဆိုပေမယ့်လည်းကျွန်မအမိန့်ပေးပြီးခိုင်းခဲ့တာမျိုးမရှိဖူးဘူး။ဒါပေမယ့်အခုကစပြီးကျွန်မလုပ်မယ်။
"ဒီနေ့က မင်္ဂလာနှစ်ပတ်လည်နေ့မို့ .. အိမ်မှာ
ကျူးတို့နှစ်ယောက်တည်းသီးသန့်ရှိချင်ပါတယ်
အားလုံးကိုလည်းပျော်စေချင်တဲ့ဆန္ဒလည်းရှိသေးတာမို့ .. ပျော်ပွဲစားထွက်ချင်ကြလားဟင်"
"ဝေး ဟေး ဟေး"
သူတို့ကပျော်တာပေါ့။အလုပ်လည်းနားရမယ်။
ပိုက်ဆံမကုန်ဘဲခရီးလည်းသွားရဦးမယ်ဆိုတော့။
"ကားစီစဉ်ပြီးသွားပြီ .. အကိုကြီးမိတ်ဆွေ
မောင်မောင်ကစီစဉ်ပေးတာ .."
"ဖွားမေနေခဲ့လိုက်မယ်လေ .. အသက်ကြီးပြီ
ဆိုတော့အပျော်ပါးလည်းမမက်တော့ပါဘူးကွယ်"
"အာ .. ဘယ်ကသာအသက်ကြီးလို့အပျော်ပါး
မမက်ရမလဲ .. ဒါမျိုးကကြုံခဲတယ်ဖွားမေကလည်း"
ခြံထဲသို့ Express ကားနှစ်စီးဝင်လာ၏။
"ဟော .. ကားတောင်ရောက်ပြီ ကဲကဲ
အားလုံးပြင်ဆင်စရာရှိတာပြင်ဆင်ပြီးသွားကြတော့သွက်သွက်လေးလုပ်ပေးနော် .. စောင့်နေရရင်အားနာစရာမို့"
အားလုံးထွက်သွားကြလေပြီ။ကျွန်မနဲ့ကိုစိန်ဖေ
နှစ်ယောက်ထဲသာကျန်ခဲ့တော့၏။
ကျွန်မမီးဖိုချောင်ထဲဝင်လိုက်တယ်။ကျွန်မအတွက်အချိန်လိုတယ်။ဒီတော့စောင့်ဆိုင်းနေရမယ့်အချိန်တိုအတွင်းမှာကျွန်မတစ်ခုခုကိုလှီးနေတာကောင်းလိမ့်မယ်။
ခါကျက်ဥကိုစဉ်းတီတုံးပေါ်တင်ပြီးတစ်ဂွက်ဂွက်မြည်အောင်လှီးနေလိုက်တာပဲ။တိတ်ဆိတ်နေလေတော့ထိုအသံကကျွန်မအတွက်အလွန်ကျယ်လောင်နေလေပြီ။
ကျွန်မစိတ်သိပ်မရှည်တော့ပါ။ဒါနဲ့ဆိုကျွန်မလှီးနေတဲ့ခါကျက်ဥကခြောက်တောင့်မြောက်။တစ်ခုခုတော့ကျွန်မလုပ်ဖို့သင့်တယ်။
"ဒန့် တန် တန် ဒန့် တန် တန် တန် တန် တန် ဒန့်"
ကျွန်မလက်တွေက Vinyl ရှိရာကိုအလိုလျောက်ထိတွေ့မိပြီးအသံကုန်ချဲ့မိတော့တယ်။
မကြာဘူး။သူဆင်းလာတာနဲ့ကျွန်မတို့စကား
စမြည်အနဲငယ်ပြောကြပြီးခဏအကြာမှာ -
"ဇွိ!"
ကျွန်မသူ့ကိုဖောက်တံနဲ့ထိုးလိုက်တယ်။အားလုံးကအစဉ်ချောနေတာပဲ။ကံကြမ္မာကကျွန်မဘက်ကိုမျက်နှာသာပိုပေးခဲ့တယ်ထင်တာပဲ။
ကျွန်မစိတ်ကိုလျှော့ချလိုက်ပြီး"ဝူးဝူးဝါးဝါး"အော်
နေတဲ့သူ့အသံကိုလစ်လျူရှုကာ piano တီးနေလိုက်တယ်။ကျွန်မ piano မတီးတတ်ပါဘူး။
ဒီအတိုင်းပဲပျော်တာနဲ့ keyboard ကိုလက်ချောင်းနဲ့ဖိချလိုက်တာပဲ။အသံထွက်လာတော့ကျွန်မအော်ရယ်မိသေးတယ်။
"အဟား ဟားဟား ဟား"
သွေးတွေပန်းထွက်နေတဲ့လည်ပင်းကိုလက်နဲ့အုပ်ပြီးမျက်လုံးပြူးပြူးများနဲ့ကျွန်မကိုလှမ်းနေကြည့်နေတဲ့ကိုစိန်ဖေတစ်ဖြစ်လဲကျွန်မယောကျာ်းဆိုသူကိုကျွန်မလေ။အသည်းယားလိုက်တာ။
အပေါက်ဝမှာသူ့ကိုယ်လုံးကိုတေ့ပြီးမြေအောက်ခန်းထဲအရောက်ကျွန်မကန်ချလိုက်တယ်။
သူဘာပြောနိုင်မှာလဲ။သူ့မှာကျွန်မကိုဆဲချင်ရင်
တောင်သူ့ဆဲသံကိုကျွန်မကြားနိုင်မှာမဟုတ်သလိုသူ့အသံဟာလည်းထွက်လာမှာမဟုတ်နေ။
ပြီးတော့အပေါက်ကိုပိတ်ချလိုက်ပြီးစန္ဒရားကို
အပေါ်ကနေနေရာပေးလိုက်တယ်။ပိတ်စအဖြူ
အုပ်လိုက်တယ်။
ကြမ်းပြင်ပေါ်ကသွေးတွေကိုသုတ်တဲ့အချိန်ကျွန်မလုံးဝပင်ပန်းမနေခဲ့ဘူး။တက်တက်ကြွကြွပါပဲ။စောစောကနားထောင်နေခဲ့တဲ့ Mozart ရဲ့(eine kleine nachtmusik)ကိုတောင်ဖွင့်ထားသေး။သူလည်းအောက်ကနေကြားမှာပါ။
ပျော်ပွဲစားထွက်သွားတဲ့လူတွေပြန်မရောက်ခင်မှာသူသေသွားဖို့ကျွန်မမျှော်လင့်မိတယ်။မြန်မြန်သေစေချင်နေတာပဲသတ်လိုက်ပါလားလို့တွေးကောင်းတွေးနေနိုင်ပေမယ့်သူ့ဟာသူဆွေးပြီးနာကျင်မှုကိုတမြေ့မြေ့ခံစားရင်းသေဆုံးသွားတာကိုပဲကျွန်မလိုချင်တာကိုး။
ပြန်လာဖို့လုပ်နေတဲ့သူတို့ကိုကျွန်မထပ်နေခိုင်းခဲ့တယ်။ကျွန်မလိုချင်တဲ့အခြေအနေမျိုးမှမရောက်
သေးတာ။ကျွန်မစောင့်ခဲ့ပါတယ်။
သုံးရက်မြောက်နေ့မှာကျွန်မလိုချင်တဲ့အခြေနေ
တစ်ခုကိုရရှိခဲ့လေရဲ့။
ကျွန်မလက်တွေကိုအသုံးပြုပြီးကိုယ်တိုင်အိတ်နဲ့သေချာထုတ်ပုပ်ပြီးပတ်ထားတဲ့သူ့အလောင်းကို
ဖျာပေါ်တင်တရွတ်တိုက်ဆွဲလာပြီးမနေ့ညကတူး
ပြီးသားဖြစ်တဲ့တမာပင်အောက်ကတွင်းထဲကိုအားနာနာပဲသူ့ကိုကျွန်မထပ်မံ၍ကန်ချလိုက်ပါတယ်။
"ဟယ်လို .. မောင်မောင်"
ကျွန်မရဲ့ကျန်နေသေးတဲ့အစီစဉ်ကိုဆက်လက်
ဆောင်ရွက်ဖို့ကတော့မောင်မောင်။အဟင့် .. ။
စတွေ့ကတည်းကသူ့အကြည့်တွေကကျွန်မအပေါ်မရိုးဘူးလေ။
တစ်နေ့ကျကိုစိန်ဖေနဲ့အတူသောက်ရင်းကကျွန်မ
ရှိနေတဲ့မီးဖိုချောင်ထဲကိုပစ္စည်းယူသလိုလိုနဲ့ကျွန်မပေါင်ကိုသူ့ဖွားဖက်တော်နဲ့လာထိတယ်လေ။ယောကျာ်းတွေများ။
ကျွန်မဘက်မှာလူတစ်ယောက်တော့ရှိနေသင့်တယ်မဟုတ်ဘူးလား။မောင်မောင့်ကိုကျွန်မလူဖြစ်အောင်လုပ်ဖို့ကအများကြီးတော့ခက်ခဲမနေ။
"အွန်း စလို့ရပြီနော် .. အွန်း ဂရုစိုက်ကွယ်နော်"
ပိုးသားလိုနူးညံ့နေတဲ့ကျွန်မရဲ့မသိသာစေတဲ့အမိန့်စကားကိုမောင်မောင်ကနာခံတယ်။
ကျန်နေသေးတဲ့ကျွန်မရဲ့အစီအစဥ်မှာမောင်မောင်ကကျွန်မတို့အိမ်ကကားတစ်စီးကိုချောက်ထဲကျအောင်ဆောင်ရွက်ခဲ့တယ်လေ။
တစ်နေကုန်နဲ့တစ်ညလုံး sad movie ဆယ့်နှစ်ကားလောက်ကိုကြည့်ပြီးကျွန်မငိုချလိုက်တာပဲ။
အိမ်ကအလုပ်သမားတွေကခရီးကပြန်လာချင်း
သွေးမရှိတဲ့မျက်နှာနဲ့အစ်ပြီးမို့နေတဲ့မျက်လုံးတွေနဲ့ကျွန်မကိုအသနားပိုကြပါလေရော။
"အဟင့်ဟင့် .. ဖွားမေရယ် .. သူ့ကိုမသွားဖို့
ကျူးတားခဲ့ပါသေးတယ်ရှင် .. အခုတော့"
တစ်ချို့ကလိုက်ငိုကြတယ်။
"အီး .. ကျူးဘယ်လိုလုပ်ရမလဲ"
"သဗ္ဗေသတ္တာ ကမ္မဿကာပေါ့ကွယ်..."
နောက်တော့ -
"အကိုကြီးလည်းမရှိတော့ဘူးဆိုတော့ ..
ကျူးလည်းအကိုကြီးပုံရိပ်တွေလွှမ်းမိုးနေတဲ့
ဒီအိမ်မှာမနေချင်တော့ပါဘူး .. အိမ်ရောင်းထွက်ရင်နိုင်ငံခြားမှာပဲသွားနေဖြစ်ဖို့များတယ်"
"ကျူးက ဘယ်လိုလုပ်ချင်လို့လဲ"
ဘယ်လိုလုပ်ချင်သလဲဆိုတော့အလုပ်သမားတွေကိုအလုပ်ဖြုတ်ချင်လိုက်တာပဲ။လုပ်လည်းလုပ်ခဲ့ပါတယ်။
ခြံစောင့်ကတော့မရှိမဖြစ်လိုတာမို့လမ်းဘေးရောက်နေတဲ့လူတစ်ဦးကိုနောက်ကြောင်းစုံစမ်းလို့ခြံစောင့်ခန့်အပ်လိုက်တယ်။
အလုပ်သမားဟောင်းဆိုလို့ဖွားမေတစ်ယောက်သာကျန်ခဲ့ပြီးနှစ်ပေါင်းများစွာအကြာမှာ -
"ကျုးလေး ခွေးလေးနှစ်ကောင်က ဟိုးတစ်နေ့
ညက တမာပင်အောက်ကိုကြည့်ပြီးဟောင်နေလိုက်တာကွယ် .. ဘာများတွေ့တယ်မသိဘူး"
မွေးချင်တဲ့စိတ်ပေါက်လို့မွေးခဲ့မိတဲ့ခွေးနှစ်ကောင်
ကိုပဲသတ်ပစ်လိုက်ရမလား။ဖွားမေကိုပဲအလုပ်ဖြုတ်လိုက်ရမလား။နှစ်ခုထဲကနောက်ဆုံး
တစ်ခုကိုပဲကျွန်မရွေးချယ်ခဲ့ပါတယ်။
— — — —
"ဖွားမေက အသက်တော်တော်ကြီးပြီလေ ..
အလုပ်လည်းမယ်မယ်ရရမှမလုပ်နိုင်တော့တာ
အဲ့နောက်ပိုင်းအေးမူကိုဖွားမေကရာထူးလွှဲပေးခဲ့
လိုက်တာပဲ .. ဖွားမေကိုဘိုးဘွားရိပ်သာပို့လိုက်ပြီးမကြာခင်မှာဆုံးသွားတာပဲ"
"ခင်ဗျားမှာနှလုံးသားရောရှိသေးရဲ့လား
အန်တီကျူး"
"ဟားဟား .. ဘာလဲ မင်းကတို့နှလုံးသားကို
အပိုင်သိမ်းချင်လို့လား"
"အကြင်တရားကင်းမဲ့လွန်းလို့မေးကြည့်မိရုံပါ
ခင်ဗျားကအယုတ်တမာမကြီးပဲ"
"အို့ဟိုး .. အဲ့ဒီစကားလုံးကတို့နဲ့သိပ်လိုက်ဖက်
တာပါပဲ .. ပျိုရယ်"
သူမကအပေါ်ကိုလှမ်းကြည့်လိုက်ကာ -
"မောင်မောင့်ရေ .. "
ပျိုသိနေတယ်။ပျို့အတွက်မကောင်းတာတစ်ခုခု
လာတော့မှာ။ပျိုထွက်ပြေးဖို့ကြံတယ်။
မောင်မောင်တင်မကမောင်မောင်လူတွေဟုထင်ရတဲ့ယောကျာ်းနှစ်ယောက်ပါအောက်ကိုဆင်းလာ၏။ပျို့လက်မောင်းတွေကိုတစ်ဖက်စီနေ၍
မြောက်ကြလေပြီ။တစ်နေရာဆီခေါ်သွားဖို့။
ပျိုရုန်းတယ်။အကြောက်အကန်ရုန်းနေတဲ့ပျို့ဇာတ်ပိုးကိုသူတို့ရိုက်လိုက်ကြတယ်။ဘာတွေဖြစ်နေမှန်းပျိုမသိတော့ ..။
— — — —
ပျိုနိုးလာတော့ချောက်ကမ်းပါတစ်ခုပေါ်ရောက်
နေခဲ့၏။မျက်နှာကိုထိုးနေတဲ့မီးကြောင့်ဘာတွေမှန်းသေချာမမြင်ရ။
"အွန်ဟွန်း .. ဒီနေရာကိုသိလားပျို"
ရေကျသံနဲ့ချောင်းရေစီးသံကသူမရေလာချိုးနေကျနေရာနဲ့ဆင်တူတယ်။
"အန်တီ .. ရေချိုးနေကြချောင်းလား"
"ဝိုး ဟိုးဟိုး .."
စုစုပေါင်းလူလေးယောက်ကလက်ခုပ်တွေတီးကြ
လေ၏။
"ပြောသားပဲ .. ပျိုကဗျာပါလို့"
"ဒီတိုင်းသတ်ပစ်ဖို့ကနှမြောစရာပဲ"
"ဒါဆိုဘာလဲ .. မီးကင်ပြီးမှသတ်ချင်တာလား"
"အာဟား .. မမကျူးကလည်းဗျာ .. စတာကို"
လက်ထဲကဓားမြှောင်ကိုမြှောက်၍ဆော့ကစား
နေတဲ့မောင်မောင်ဟာပျို့အနားကိုတိုးလာ၏။
ယောကျာ်းသားနှစ်ယောက်အားနဲ့ချုပ်ထားတဲ့ပျို
ဟာလွတ်လမ်းမရှိ။
"မင်းကိုယ့်အပေါ်အကြွေးတင်နေတယ်လေ
အချစ်လေး"
မောင်မောင်ကသူ့ရင်ဘတ်ကိုပုတ်ပြ၏။
"အဲ့အခန်းကိုဖွင့်ရင်သတ်မယ်လို့တို့ပြောခဲ့ပါ
သေးတယ် .. ပျို"
"အန် .. အန်တီပဲ နောက်တာဆို"
"ဟင့်အွန်း .. တို့ကမနောက်တတ်ဘူး"
သူမမျက်နှာကပျို့အနားတို့လာ၍ -
"အတည် သတ်မှာ"
"ဇွက်!"
မောင်မောင့်လက်ထဲကဓားမြှောင်ချွန်ချွန်ကပျို့ရင်ဘတ်တည့်တည့်သို့စိုက်ဝင်သွားလေတော့၏။
မောင်မောင်ဟာပျို့ရင်ဘတ်ကိုဓားနဲ့ထိုးစိုက်လိုက်သလိုဒေါ်ကျူးရင့်ခြယ်ကတော့အနားကနေသူမရဲ့မူပိုင်အပြုံးမျိုးကိုလှလှပပကြီးပြုံးနေခဲ့တော့၏။
ပျိုဟာချောက်ကမ်းပါးထိပ်ကနေစီးကျနေတဲ့ ရေတံခွန်ရဲ့ရေများနှင့်အတူချောင်းထဲသို့ရင်ဘတ်
မှာဓားတန်းလန်းနဲ့သွေးများရောယှက်လို့ပြုတ်ကျသွားခဲ့ရလေတော့၏။
_________
"တို့ကို မချစ်ကြည့် .. တို့ကသတ်မှာ"
ပုံ / ဒေါ်ကျူးရင့်ခြယ်
မဟုတ်ဘူးတဲ့ .. နောက်တာတဲ့ ^‿^
မနောက်တတ်ဘူးလို့လည်းပြောတာပဲ ..
အင်း မသိတော့ဘူး .. စာရေးသူလည်း
ကြောက်လာလို့အိပ်ပြီနော့် .. ဘိုင်ရီ ♡