ဇနီးချောလေး (Completed)

By Ah_Moon_2024

27.8K 1.1K 7

Description အမြဲလိုလို သူ့ကို သေစေချင်နေသည့်သူ့ဇနီးက ကားမတော်တဆမှုဖြစ်ပြီးနောက် အတိတ်မေ့သွားတာကို သိလိုက်ရတယ... More

Description
1-5
6-10
11-15
16-20
21-25
26-30
31-35
36-40
41-45
46-50
56-60
61-65
66-70
71-75
76-80
81-End
Extra 1
Extra 2
Extra 3
Extra 4
Extra 5
Extra 6 (End)

51-55

1.2K 48 0
By Ah_Moon_2024

Part 51

ဖိအား အလေးချိန်ကြောင့် ကျိယန် ဗိုက်ကို ကိုင်ရင်း လေအေးများရှိုက်သွင်းလိုက်ရတယ်။ သူ ပြောဖို့စီစဉ်ထားတဲ့ စကားလုံးတွေကို အခု မပြောနိုင်တော့ဘူး။ သူက ဘယ်လို ပြောနိုင်မှာလဲ။ ကောင်းမွန်နေတဲ့ လေထုအခြေအနေလေးကို ဒီဝတုတ်ကလေးက ဖျက်ဆီးပစ်လိုက်ပြီလေ။

ထန်ထန်က ကျိရှောင်ကျိုးရဲ့ အလေးချိန်ကို သိတာကြောင့် ထိတ်လန့်တကြားနဲ့ ကျိယန်ရဲ့ အစာအိမ်တဝိုက် ဗိုက်ကို ပွတ်ပေးလိုက်တယ်။

"ရှင် အဆင်ပြေရဲ့လား.. အစာအိမ် နာသွားတာလား.."

ကျိယန်က သူမရဲ့ ဂရုစိုက်မှုအောက်မှာ ပိုသက်သာလာတယ်လို့ ခံစားရတာကြောင့် သူ့လက်တွေကို အဝေးဖယ်လိုက်ပြီး သူမ ပြုစုပေးတာကို ခံယူလိုက်တယ်။ သူ ကျိရှောင်ကျိုးကို ကြည့်လိုက်တော့ အပြစ်ရှိစိတ်လေးနဲ့ ခေါင်းငိုက်စိုက်ကျနေတာကို မြင်လိုက်ရတယ်။

"ထွက်သွားတာမဟုတ်ဘူးလား... ဘာလို့ပြန်လာတာလဲ..."

ကျိရှောင်ကျိုးက လက်ချောင်းလေးတွေကို လိမ်နေတယ်။

"သား သေချာတွေးပြီးသွားပြီ.. သားကိုယ်သား ယောက်ျားတစ်ယောက်လို့ ပြောဖို့ အရမ်းစောနေသေးတယ် ထင်တယ်... သားက အခုထိ ကလေးပဲ ရှိသေးတယ်လေ.... ဒီထက် ကြီးလာမှ ယောက်ျားတစ်ယောက် ဖြစ်လာလည်း အဆင်ပြေပါတယ်..."

"ဟိုး~.." ကျိယန်က ထိုအရှက်မရှိတဲ့ ကလေးဝတုတ်လေးကို ကြည့်ပြီး ဒေါသထွက်လာတယ်။ ပြီးပြည့်စုံတဲ့ အခွင့်အရေးကောင်းလေးက ထိုကလေးရဲ့ ဖျက်ဆီးပစ်ခြင်းကို ခံလိုက်ရတယ်။ ကျိယန် သူ့ကို တကယ် ရိုက်ပစ်ချင်နေတယ်။

ကျိယန်က ခေါင်းကိုက်လာသလို ခံစားရတာကြောင့် သူ့နဖူးကို အုပ်ကိုင်လိုက်မိတယ်။ ဒီဟာက ပထမဆုံးအကြိမ် သူ့သားကို သူ ပြန်ပေးဆပ်ရမယ့် အကြွေးရှင်လို့ တွေးမိခြင်း ဖြစ်တယ်။

"ထန်ထန် ကိုယ် ခေါင်းကိုက်တယ်.."

"အာ... ရှင် ခေါင်းထပ်ကိုက်ပြန်ပြီလား.."

ဘေးမှာ ရှိနေတဲ့ ထန်ထန်က သူမ လက်တွေကို ဆန့်ထုတ်လိုက်ပြီး ကျိယန်ရဲ့ နားထင်တွေကို နှိပ်ပေးလိုက်တယ်။

"ဒါဆိုရင်ရော ဘယ်လိုလဲ.. ပိုသက်သာလာလား.."

ထန်ထန်ရဲ့ နူးညံ့တဲ့ လက်ချောင်းလေးများက အားကို အသေအချာ ထိန်းညှိထားတာမို့ အရမ်း သက်သောင့်သက်သာ ဖြစ်စေတယ်။ ဒါကြောင့် ကျိယန်က ပိုသက်သာလာသလို ခံစားရပြီး ကျိရှောင်ကျိုးကို လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

"ယောက်ျား... ရှင် ခုနက ကျွန်မကို ဘာပြောချင်နေတာလဲ..."

ထန်ထန်က သူ့ကို နှိပ်ပေးနေရင်း မေးလိုက်တယ်။ ခုနက သူ တစ်ခုခု အရေးကြီးတာ ပြောချင်နေမှန်း သူမ ခံစားမိတယ်။

ကျိယန်က တိတ်ဆိတ်သွားပြီး တတိယအပိုဘီးလေးကို ကြည့်လိုက်တယ်။ သူက ခေါင်းကို ယမ်းရင်း ပြန်ဖြေလိုက်တယ်။

"နောက်တစ်ခေါက်မှ ပြောတော့မယ်.. အခု အရမ်းနောက်ကျနေပြီ... အိပ်ကြရအောင်..."

နောက်ဆုံး အိပ်ချိန်ရောက်ပြီလို့ ကြားလိုက်တဲ့အခါ ကျိရှောင်ကျိုးက သူ့ခေါင်းအုံးလေးကို ပိုက်ပြီး သနားစဖွယ် လှုပ်ရှားလာတယ်။ ထန်ထန်က သူ အလယ်မှာ အိပ်နိုင်ဖို့ နေရာရွှေ့ပေးလိုက်ပေမယ့် ကလေးလေးက သူမကို ဟန့်တားလိုက်မယ်လို့ ထင်မထားမိဘူး။ သူက သူမ အနားကို ကပ်လာပြီး တိုးတိုးလေး ပြောလိုက်တယ်။

"မာမီ သားထင်တာတော့ ဒယ်ဒီက သားကို ရိုက်ချင်နေသလိုပဲ.. ဒီညအလယ်မှာ အိပ်ဖို့ အဆင်မပြေဘူး... အရမ်းအန္တရာယ်များတယ်.. သားတို့ နေရာ ပြောင်းကြမယ်လေ... အန္တရာယ်ကင်းတဲ့ အချိန်ကျမှ သား ဒီဘက် ပြန်လာမယ်.. ရမလားဟင်.."

"ထန်ထန်..."

နားပါးတဲ့ ကျိယန်က အကုန်လုံး ကြားလိုက်ရတယ်။ "ထန်ထန် မင်းအလယ်မှာ အိပ်လေ..."

ဒီလူဆိုးလေးက တကယ်ပဲ သူ့ကို အလယ်မှာ အိပ်စေချင်မယ် ထင်နေတာလား။

ထန်ထန်က သူမ အလယ်မှာအိပ်ရင် ကျိယန်နဲ့ ပိုပြီး နီးကပ်သွားမှာ ဖြစ်တဲ့အတွက်ကြောင့် သူမက ချိတုံချတုံ ဖြစ်နေခဲ့တယ်။ အဲဒီအကြောင်းကို တွေးလိုက်ရုံနဲ့ သူမ နှလုံးသားလေးက မငြိမ်မသက် ဖြစ်လာပေမယ့် ကျိရှောင်ကျိုး စိတ်သက်သာရာရသွားအောင် နေရာ ပြောင်းပေးလိုက်တယ်။ ရလဒ်အနေနဲ့တော့ အဲဒီညမှာ ထန်ထန်က အဖေနဲ့ သားရဲ့ကြားမှာ အိပ်စက်ခဲ့ရတယ်။

ကျိယန်က မီးအလင်းကို ပိတ်လိုက်တယ်။ အခန်းက ချက်ချင်း မှောင်မည်းသွားပေမယ့် သူ အသက်ရှူလိုက်တိုင်းမှာ သူမရဲ့ ချိုမြိန်တဲ့ ရနံ့ဖျော့ဖျော့လေးကို ရနေခဲ့တယ်။

သူက မျက်လုံးများကို အတင်းအကျပ် မှိတ်ပြီး မသင့်လျော်တဲ့ အတွေးတွေ ဝင်မလာအောင် မနည်းတားဆီးလိုက်ရတယ်။ သူက အသက်ရှုတာကို ထိန်းချုပ်ဖို့ အတော်လေး အားစိုက်ထုတ်ခဲ့ရလေတယ်။

သူ စိတ်ဒုက္ခရောက်နေခဲ့ပေမယ့် အမေနဲ့ သားကတော့ လုံးဝ ငြိမ်းငြိမ်းချမ်းချမ်း အိပ်စက်နေခဲ့တယ်။ သူတို့ နှစ်ယောက်စလုံးက သုံးမိနစ်အတွင်းမှာ ချက်ချင်း အိပ်ပျော်သွားခဲ့တယ်။

ကျိယန် ရယ်ရမလား ငိုရမလားတောင် မသိတော့ဘူး။ သူက လက်ကို ဆန့်ထုတ်ပြီး ထန်ထန့်ခါးလေးဆီ လှမ်းလိုက်တယ်။ ဘယ်လိုတုံ့ပြန်မှုမှ မရှိတာကို မြင်တော့ ကျိယန်က သူမကို သူ့ရင်ခွင်ထဲ ရောက်တဲ့အထိ ဖြေးဖြေးလေး တိုးကပ်သွားတယ်။ သူမ ဆံနွယ်လေးကနေ ချိုမြိန်တဲ့ ရနံ့သင်းသင်းလေးကို ရှူရှိုက်ရင်း သူက ပျော်ရွှင်မှုထဲ နစ်မြုပ်သွားသလို ခံစားလိုက်ရတယ်။ အမှောင်ထဲမှာ သူ့နှုတ်ခမ်းဖျားလေးတွေက ကော့တက်သွားခဲ့လေတယ်။ 

အရင်တုန်းက သူ အချစ်ဆိုတာကို နားမလည်ခဲ့ဘူး။ အဲဒါက အသိတရားမဲ့လူတွေ သုံးကြတဲ့ သာမန်စကားစုလေးလို့ပဲ ထင်ထားခဲ့တာ။ ကျောင်းတုန်းက သူ့ကို လိုက်ခဲ့တဲ့ မိန်းကလေးတွေအပေါ် သူ့အနေနဲ့ အရမ်းစိတ်ရှုပ်စရာကောင်းတယ်ဆိုတဲ့ ခံစားချက်ပဲ ရှိတယ်။ ထိုမိန်းကလေးတွေ သူ့ကို မနှောက်ယှက်စေချင်တဲ့ ဆန္ဒပဲရှိခဲ့ပြီး သူ့ရဲ့ ကြိုးစားအားထုတ်မှုအားလုံးကို စာလေ့လာခြင်းနဲ့ အားကစားအပေါ်ပဲ အသုံးပြုခဲ့တာ။ သူက အချစ်ရေးကိစ္စတွေနဲ့ နည်းနည်းလေးတောင် အချိန်ဖြုန်းမနေခဲ့ဘူး။

သူနဲ့ သက်တူရွယ်တူတွေ အားလုံး ကိုယ်ပိုင်မိသားစုတွေ တည်ထောင်ကြတဲ့အခါမှာ သူက လက်ထပ်ဖို့မငြင်းဆန်ခဲ့ဘူး။ သူက သူ့ရဲ့အိမ်သူအနေနဲ့ အကျင့်စရိုက်အရမ်းမဆိုးဝါးဘဲ ရုပ်ရည် အသင့်အတင့်ရှိပြီး သူက စစ်သားဖြစ်တာကြောင့် မိသားစုအပေါ် အချိန်အများကြီးမပေးနိုင်တာကို မငြိုငြင်ဘူးဆိုရင် ဘယ်သူဖြစ်ဖြစ် ရတယ်လို့ သဘောထားခဲ့တာ။ နောက်ပိုင်းမှာတော့ သူ့အဖိုးက သူ့လက်ထပ်ပွဲကို တိတ်တဆိတ် အာရုံစိုက်နေကြောင်း ကြားခဲ့ရတယ်။ သူ့လက်တွဲဖော်က ကုမိသားစုရဲ့ ကုယိရီ ဖြစ်လာလိမ့်မယ်တဲ့လေ။ ကုယိရီရဲ့ စရိုက်က ကောင်းမွန်တယ်လို့ ကြားထားတာကြောင့် သူ မငြင်းဆန်ခဲ့ဘူး။ ပြီးတော့လည်း သူမရဲ့ အချက်အလက်နဲ့ သွင်ပြင်လက္ခဏာတွေက သူ့မျှော်မှန်းထားတဲ့ ဇနီးတစ်ယောက်နဲ့ ကိုက်ညီနေခဲ့တယ်။

ဒါပေမယ့်လည်း အဲဒီကိစ္စတွေ အကောင်အထည်မပေါ်သေးခင် တစ်ညမှာ လျှို့ဝှက်ကြံစည်မှုကြောင့် သူ့ရဲ့ လူပျိုဘဝကို ဆုံးရှုံးခဲ့ရတယ်။ သူက မိန်းကလေးတစ်ယောက် ထောင်ဖမ်းတာကို ခံခဲ့ရလေတယ်။ အဲဒီအဖြစ်အပျက်ကြောင့်ပဲ သူ့ကမ္ဘာကြီးက ကမောက်ကမ ဖြစ်သွားခဲ့ပြီး သူ မဖြစ်မနေတာဝန်ယူရမယ့် ကောင်းကင်က ပေးတဲ့ ဆုလာဘ်လေး ကျိရှောင်ကျိုးကို ရလာခဲ့တယ်။ သူက သူမကို ကလေးကြောင့် လက်ထပ်ခဲ့ပေမယ့် သူ့ဇနီးက သူမဟုတ်တဲ့ တခြားတစ်ယောက်ကို ချစ်နေခဲ့လို့ သူတို့က သာမန်လင်မယားတွေလိုဘဝကို မဖြတ်သန်းနိုင်ခဲ့ဘူး။ သူမ သူ့ကို အကွက်ဆင်ရယူခဲ့တာက သူမ ချစ်တဲ့လူကို လက်စားချေချင်လို့သာ ဖြစ်တယ်။

ဒါက ရယ်စရာကောင်းတယ်ဆိုပေမယ့် သူမ ဆန္ဒရှိသလို ဖြစ်မလာခဲ့ဘူး။ ကျိယန်က ကျိမိသားစုနဲ့ အချိန်အကြာကြီးကတည်းက ပတ်သတ်မှုကို ဖြတ်တောက်ခဲ့ပြီး ဖြစ်တယ်။

သူမ ဒီသတင်းကို သိရတဲ့အခါမှာ စိတ်ပျက်ဒေါသထွက်သွားခဲ့တယ်။ အဲဒီနောက်မှာ သူမက သူ မုန်းတဲ့ အသွင်စရိုက်မျိုး ပြောင်းလဲသွားပြီး ကျိယန် ကွာရှင်းဖို့ ဆုံးဖြတ်ခဲ့တော့တယ်။

ဒါပေမယ့်လည်း တစ်ခါတစ်ရံမှာ ကောင်းကင်က လူများကို နောက်ပြောင်တတ်ပြီး ပြင်ဆင်ချိန်တောင်မရလိုက်ဘဲ မမျှော်လင့်တဲ့ အခြေအနေမျိုးတွေ ဖြစ်ပေါ်လာစေတယ်။ အဲဒါက သူ့ရဲ့ အခု အခြေအနေလိုမျိုးပေါ့။ သူက သူမကို ကွာရှင်းဖို့ ပြင်ဆင်နေတုန်းမှာ သူမက ကားတိုက်ခံရပြီး မှတ်ဉာဏ်တွေ ဆုံးရှုံးသွားတယ်။ ပြီးတော့ လုံးဝ ပြောင်းလဲသွားတော့တာပဲ။ ယောက်ျားအားလုံး လိုချင်တဲ့ ဇနီးသည်တစ်ယောက်လိုမျိုး နူးညံ့သိမ်မွေ့တယ်.. ချစ်စရာကောင်းတယ်.. ဖြူစင်တယ်.. စဉ်းစားဆုံးဖြတ်နိုင်စွမ်းရှိတယ်.... အရေးကြီးဆုံးကတော့ ခင်ပွန်းဖြစ်သူကို အရမ်းချစ်တာပဲ။ 

အဲဒီလိုမိန်းမမျိုးက အရမ်းရှားပါးပြီး တွေ့ရခဲပေမယ့် မမျှော်လင့်ဘဲ ထွက်ပေါ်လာခဲ့ပြီး အဲဒီတစ်ယောက်က သူ့ဇနီးဖြစ်နေတယ်။ အစပိုင်းမှာ သူက သူမရဲ့ ပြောင်းလဲမှုကို အံ့အားသင့်နေပြီး စုံစမ်းစစ်ဆေးခဲ့ပေမယ့် အဆုံးမှာ သူမကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေခဲ့ဆဲပဲ။ သူက သူမ ဘာလုပ်လုပ် သိပ် အာရုံမစိုက်သလို ဂရုလည်း မထားခဲ့ဘူး။ သူတို့နှစ်ယောက်ရဲ့ အချင်းချင်း ဆန့်ကျင်နေတဲ့ ဆက်ဆံရေးကနေ တဖြေးဖြေး တစ်ယောက်နဲ့ တစ်ယောက် လေးစားမှုရှိတဲ့ ဆက်ဆံရေးအဖြစ် ပြောင်းလဲလာတယ်။

သူမရဲ့ ရုပ်ရည်သွင်ပြင်၊ အကျင့်စရိုက်၊ ပညာရေးအခြေအနေနဲ့ တခြားစွမ်းရည်တွေက ဘာမက်လောက်စရာမှမရှိဘူး။ ဒါပေမယ့် ဘာတစ်ခုမှ မထူးချွန်တဲ့ ဒီအမျိုးသမီးက တဖြေးဖြေးနဲ့ နေ့စဉ်ဘဝမှာ သူ့အတွက် စိုးမိုးလာတော့တယ်။ သူက ချစ်ရတဲ့သူဆီကနေ မိသားစုရဲ့ နွေးထွေးတဲ့ ဂရုစိုက်မှုတွေကို တွေ့ကြုံခံစားလာရတယ်။ သူမက ဘယ်အချိန်ကတည်းက သူ့ရင်ထဲ ချဉ်းနင်းဝင်ရောက်လာလဲ သူမသိခဲ့ဘူး။ ဒါပေမယ့် သူ့အနေနဲ့ သူမအကြောင်း အများကြီး ဂရုစိုက်လာမိတယ်။ ဒါကြောင့် စိတ်ခံစားချက်တွေကို နှေးကွေးစွာ သဘောပေါက်တတ်တဲ့ သူက သူမအပေါ် ခံစားချက်တို့ရှိနေကြောင်း သိလာခဲ့တယ်။

အချို့အချစ်တွေက ပြင်းထန်ပြီး အားကောင်းပေမယ့် အချို့အချစ်တွေကတော့ တည်ငြိမ်ပြီး သာမန်ဆန်တယ်။ သူက ဒုတိယအမျိုးအစားထဲမှာ ပါတယ်။ ဒါပေမယ့် ဒုတိယအမျိုးအစားက လူတွေ ခံစားရတဲ့ ချစ်ခြင်းရဲ့ ချိုမြိန်ပျော်ရွှင်ခြင်းက ပထမအမျိုးအစားကလူတွေကို ရှုံးမှာ မဟုတ်ဘူး။ အချစ်ကို ခံစားမိပြီးတဲ့နောက် အချစ်က ဘယ်လောက် မှော်ဆန်တယ်ဆိုတာ သိလာရတယ်။ အဲဒါက လူတွေကို သူတို့ ဘယ်တုန်းကမှ ထင်မှတ်မထားမိတဲ့ ပုံစံတွေ ဖြစ်လာစေတယ်။ သူ့အတွက်တော့ အတိတ်ကာလ နှစ်သုံးဆယ်ကျော်လုံး မိန်းမတစ်ယောက်ကို အခုလို ထိတွေ့ချင်မိတာမျိုး မဖြစ်ဖူးဘူး။ သူက သူမရဲ့ လက်ကို ဆုပ်ကိုင်ချင်သလို ခါးလေးကိုလည်း ဖက်ထားချင်တယ်။ သူမကို ပိုပြီး နက်နက်ရှိုင်းရှိုင်း ပိုင်ဆိုင်လိုတဲ့ စိတ်ဆန္ဒတွေတောင် တောက်လောင်နေခဲ့တယ်။

ကျိယန်က သူ့ကိုယ်သူ ရာဂစိတ်များတဲ့ လူတွေနဲ့ မတူဘူးလို့ ယုံကြည်ထားခဲ့တာ။ သူက ထိုသူတွေနဲ့ အတော်လေး အလှမ်းဝေးတဲ့ နေရာမှာ ရှိနေတဲ့သူလို့ ထင်မှတ်ခဲ့တယ်။ ဒါပေမယ့် သူ နောက်ဆုံး တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာတော့ သူက ရာဂစိတ်ကင်းရှင်းတဲ့ ယောက်ျားတစ်ယောက် မဟုတ်ခဲ့ဘူးဆိုတာ သတိပြုမိသွားခဲ့တယ်။ သူက သူ့ကို တပ်မက်စိတ်ပြင်းပြလာစေမယ့် တစ်စုံတစ်ယောက်နဲ့ မဆုံတွေ့ခဲ့ဖူးရုံဆိုတာ သဘောပေါက်သွားတယ်။ ကြည့်ရတာ သူလည်း သာမန်ယောက်ျားတွေနဲ့ တူညီတဲ့ အခြေအနေမှာ ရှိနေပုံရပြီး သူ ရှောင်တိမ်းနိုင်မယ့်ပုံ မပေါ်ဘူး။

ဒါပေမယ့် သူ ရှောင်တိမ်းဖို့လည်း မလိုအပ်ပါဘူး။

တဖြေးဖြေးချင်း ကျိယန်က သူ့ရဲ့ လက်တစ်ဖက်ကို သူမ လည်ပင်းအောက် လျှိုသွင်းလိုက်ပြီး သူမရဲ့ တစ်ကိုယ်လုံးကို သူနဲ့ နီးကပ်လာအောင် ကြိုးစားယူလိုက်တယ်။ သူတို့ရဲ့ အနေအထားက ကျိယန်ကို ဝမ်းသာကြည်နူးစိတ် ခံစားမိစေတယ်။ သူက မျက်လုံးမှိတ်ပြီး မအိပ်စက်ခင် သူမရဲ့ နားဖျားလေးကို ခပ်ဖွဖွ ခိုးမနမ်းဘဲ မနေနိုင်ခဲ့ဘူး။

ညလယ်ခေါင်လောက် ရောက်တော့ ကျိရှောင်ကျိုး သန့်စင်ခန်းသွားချင်တာကြောင့် ရုတ်တရက် နိုးလာခဲ့တယ်။ သူက မျက်လုံးလေးတွေ မှိတ်နေဆဲရှိရင်းက အလိုအလျောက် လက်ကို ဆန့်ထုတ်ပြီး ထန်ထန့်ကို စမ်းရင်း ခေါ်လိုက်တယ်။

"မာမီ~ မာမီ~"

ဒါပေမယ့် သူ့မာမီက သူ့ဘေးမှာ ရှိမနေခဲ့ဘူး။ သူက အိပ်ချင်မူးတူးနဲ့ ဟိုဟိုဒီဒီ လိုက်စမ်းနေပေမယ့် သူမကို လုံးဝ ရှာမတွေ့ခဲ့ဘူး။

မာမီ ပျောက်သွားပြီလား။

ကျိရှောင်ကျိုးက ထိတ်လန့်တကြား နိုးလာခဲ့တယ်။ ရုတ်တရက် သူက မျက်လုံးတွေ ပွင့်လာပြီး ဘေးက မီးအိမ်ဆီ သွားကာ ဖွင့်လိုက်တယ်။ အလင်းရောင်ရလာတဲ့အခါ ကျိရှောင်ကျိုး လှည့်ကြည့်လိုက်တော့ သူ အေးခဲသွားတော့တယ်။ နောက်တခဏမှာ သူက ဒေါသထွက်လာပြီး လင်းပိုင်သေးသေးလေးလို ဖြစ်လာတော့တယ်။

ဒါ အရမ်းလွန်တာပဲ။ ဒယ်ဒီက သူ့မာမီကို အလစ်သုတ်သွားတယ်။ ဒယ်ဒီက သူ့မာမီကို အတင်းဖက်ထားတာကြောင့် မာမီက သူ့ကိုတောင် မဖက်နိုင်တော့ဘူး။ ဒါ အရမ်းအရမ်းကို လွန်လွန်းတယ်။

ကျိရှောင်ကျိုးက ချက်ချင်းပဲ ကျိယန် လက်ကို တွန်းဖယ်လိုက်ပြီး သူ့မာမီကို ပြန်ခေါ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူ့ခွန်အားလေးက ကျိယန်ကို ယှဉ်နိုင်ဖို့ မလုံလောက်ဘူး။ သူက ဘယ်လောက်အားစိုက်နေပါစေ သူတို့ကို ခွဲပစ်လို့ မရနေဘူး။ သူက ကျိယန်ကို နိုးလာအောင်တောင် မလုပ်နိုင်ဘဲ အဲဒီအစား သူပဲ အားကုန်မောပန်းလာရတော့တယ်။

ကျိရှောင်ကျိုးက သက်ပြင်းချပြီး ခဏအနားယူလိုက်တယ်။ သူက ဒီအခြေအနေနဲ့ပတ်သတ်ပြီး အတော်လေး စိတ်ရှုပ်ထွေးနေခဲ့တယ်။ သူက အရင်ဆုံး သန့်စင်ခန်းသွားပြီးနောက်မှ ပြန်လာပြီး ဘာဆက်လုပ်ရမလဲ တွေးဖို့ ဆုံးဖြတ်လိုက်တယ်။

ရေချိုးခန်းတံခါး ပိတ်သွားတဲ့အခါ ကျိယန်က မျက်လုံးတွေကို ဖွင့်လိုက်ပြီး သူ့နှုတ်ခမ်းတွေကတော့ ကော့တက်သွားတယ်။ ရိုးရိုးသားသားပြောရရင် သူက ကျိရှောင်ကျိုး ပထမတစ်ခေါက် မာမီလို့ခေါ်ကတည်းက နိုးနေခဲ့တာ။ ဒါပေမယ့် သူက အသေးလေး ဘာဆက်လုပ်မလဲ သိချင်တာကြောင့် ရည်ရွယ်ချက်ရှိရှိ မျက်လုံးတွေ ပိတ်ထားခဲ့တယ်။

ငါးမိနစ်လောက်ကြာတော့ ကျိရှောင်ကျိုးရဲ့ ဖိနပ်ပါးနဲ့ ခြေသံလေးကို ကြားလိုက်ရတယ်။ သူက အိပ်ရာပေါ်ပြန်တက်လာပြီး နောက်ဆုံး လှုပ်ရှားမှုမလုပ်ခင် နီးနီးကပ်ကပ် ဖက်အိပ်နေတဲ့ သူ့မိဘနှစ်ပါးကို အတန်ကြာကြည့်နေခဲ့တယ်။ နောက်တော့ သူက လက်လေးကို ဆန့်ထုတ်ပြီး သူ့အဖေပါးကို ပုတ်ရင်း ခေါ်လိုက်တယ်။

"ဒယ်ဒီ.. ဒယ်ဒီ.."

သူ့အဖေက ဘယ်လိုလှုပ်ရှားမှုလေးပဲရှိရှိ နိုးလာတတ်ကြောင်း သူသိထားတယ်။ ဒါကြောင့် သူပုတ်နှိုးတာနဲ့ သူ့အဖေက ကျိန်းသေ နိုးလာလိမ့်မယ်။ အဲဒီနောက်မှာ သူက ကြောက်လို့ အလယ်မှာ အိပ်ချင်ကြောင်း ပြောလိုက်မယ်။ တစ်ခါတစ်လေ သူ ကြောက်တယ်ဆိုတာက ပြဿနာကြီးတော့ မဟုတ်ဘူး။ အဆုံးမှာတော့ သူက ကလေးပဲ ရှိသေးတာလေ။

ဒါပေမယ့် အကြောင်းတချို့ကြောင့် ကျိယန်က နိုးမလာဘဲ နှစ်ခြိုက်စွာ အိပ်မောကျနေခဲ့တယ်။ ကျိရှောင်ကျိုးက ရဲတင်းစွာနဲ့ သူ့ဒယ်ဒီရဲ့ နားနားမှာ စကားပြောဖို့ ကပ်သွားပေမယ့် ကျိယန်က မနိုးသေးဘဲ ဖြစ်နေတယ်။

ကျိရှောင်ကျိုးက ဇဝေဇဝါ ဖြစ်သွားတယ်။ သူ့ဒယ်ဒီက ဘာလို့ ဒီညမှာ အရင်နဲ့ ကွာခြားနေလဲ သူ မတွေးတတ်ဘူး။ ဒါပေမယ့် သူ့မာမီ နေမကောင်းတာ အခုမှ သက်သာကာစဆိုတော့ သူက သူ့မာမီအိပ်နေတာကို မနှောက်ယှက်ချင်ဘူး။ သူမက ကောင်းကောင်းအနားယူဖို့လိုတယ်။ အဆုံးမှာတော့ သူက အကူအညီမဲ့စွာနဲ့ သူ့နေရာသူ လိမ်လိမ်မာမာ ပြန်သွားပြီး အိပ်စက်လိုက်ရတယ်။ ကျိရှောင်ကျိုးက သူ့ခန္ဓာကိုယ်လေးကို ထန်ထန်ရဲ့ ရင်ခွင်ထဲရောက်အောင် တတ်နိုင်သမျှ တိုးကပ်လာတယ်။ သူ့ကိုယ်သူ နေရာချပြီးတော့ ကျိရှောင်ကျိုးက တဖန် အိပ်ပျော်သွားတော့တယ်။

ကျိယန်က မျက်လုံးဖွင့်ကြည့်ပြီး အသေးလေးကို စောင်ခြုံပေးလိုက်တယ်။ အဲဒီနောက်မှာ သူက အမေရော သားပါ ဆွဲပြီး သူ့ရင်ခွင်ထဲ ထည့်ထားလိုက်တော့တယ်။

________________

နောက်တစ်နေ့မှာ ကျိရှောင်ကျိုး နိုးလာတော့ သူ့မာမီရော ဒယ်ဒီပါ မရှိတော့ဘူး။ ရှောင်ကျိုးက မနေ့ကအဖြစ်ကို သတိရနေဆဲဖြစ်ပြီး သူ့ဒေါသလေးကလည်း မပျောက်ကွယ်သေးဘူး။ ဒါကြောင့် သူက အော်ဟစ်လိုက်တယ်။

"မာမီ........."

ထန်ထန်က ရေချိုးခန်းထဲမှာ ဆေးကြောသန့်စင်နေတုန်း အော်သံကို ကြားလိုက်ရတာကြောင့် အထိတ်တလန့် ပြေးထွက်လာတယ်။

"ဘာဖြစ်လို့လဲ... ဘာဖြစ်လို့လဲ..."

သူ့မာမီကို မြင်လိုက်ရတဲ့အခါ ကျိရှောင်ကျိုးရဲ့ နှုတ်ခမ်းတွေ ဖွင့်ဟလာပြီး သူ့အမုန်းတရားတွေကို ပြောပြလိုက်တယ်။

"မာမီ ညက သားကို စွန့်ပစ်ခဲ့တယ်... မာမီက ဒယ်ဒီကိုပဲ လိုချင်တာ... သားကိုကျ မလိုဘူးမလား.."

"အာ...." ထန်ထန်က တွေဝေသွားတယ်။ သူမ ဘယ်တုန်းက သူမသားလေးကို မလိုချင်ခဲ့လို့လဲ။

"ပေါင်ပေါင်း.. သား ဘာတွေပြောနေတာလဲ... မာမီက သားကို ဘယ်လိုလုပ် မလိုချင်ဘဲနေပါ့မလဲ..."

ကျိရှောင်ကျိုးက မွေးပွစောင်လေးအောက်မှာ သူ့ခြေထောက်လေးများကို ကန်ကျောက်နေလိုက်တယ်။

"သားကို မလိမ်နဲ့ မာမီ... သား ညလယ်ကြီး ရှူရှူးပေါက်ချင်လို့ နိုးလာတော့ မြင်လိုက်တယ်... မာမီအိပ်နေတဲ့တစ်ချိန်လုံး ဒယ်ဒီက ဖက်ထားတာ... မာမီတို့နှစ်ယောက်လုံး သားကို ပစ်ထားကြတယ်..."

ကျိရှောင်ကျိုးက မကျေနပ်ချက်များကို အားကြိုးမာန်တက်ပြောရင်း အလေးအနက်ဖြစ်နေခဲ့တယ်။ သူက လိမ်ပြောတတ်တဲ့ ကလေးမဟုတ်တာကြောင့် ထန်ထန် မျက်လုံးတွေက ထိတ်လန့်စွာ ပြူးကျယ်သွားတယ်။ သူမ ပါးစပ်ကလည်း အံ့သြမှုကြောင့် ပွင့်ဟသွားလေတယ်။

သူမ ဘယ်တုန်းက ကျိယန်ရဲ့ ရင်ခွင်ထဲ အိပ်ခဲ့လို့လဲ။ အဲဒါကို သူမ ဘယ်လိုလုပ် မသိရတာလဲ။ သူမက မလျော်ကန်တဲ့ တစ်ခုခုကို အိပ်မက်မက်မိပြီး ကျိယန်ကို ထိတွေ့ချင်ခဲ့ပေမယ့် နောက်ဆုံး သူ့ရင်ခွင်ထဲ အိပ်မိသွားတာလား။ ကျိယန်ကရော သူမကို ကျိရှောင်ကျိုးလို့ထင်ပြီး ဖက်ထားခဲ့တာလား။

သူမက တစိမ့်စိမ့် ချင့်ချိန်တွေးဆနေပြီး ထိုအကြောင်းရင်း ဖြစ်နိုင်တယ်လို့ ထင်လာမိတယ်။ ဘာလို့လဲဆိုတော့ နောက်ထပ်တွေးဆချက်ဖြစ်တဲ့ ကျိယန်က သူမမှန်းသိလျက် လာဖက်တယ်ဆိုတာ ဖြစ်မှမဖြစ်နိုင်တာပဲလေ။

အိုး... မဟုတ်ဘူး။ အဲဒါဆို သူမက မလျော်ကန်တဲ့ အတွေးတွေနဲ့ မိန်းမ ဖြစ်လာလိမ့်မယ်။ ကျိယန်က သူမကို ဘယ်လိုတွေးမလဲ။ သူက သူမကို ပုံမှန်မဟုတ်ဘူးလို့ ထင်လိမ့်မလား။

ထန်ထန်က အတွေးတွေထဲ နစ်မြုပ်နေတယ်။ သူမက အခြား ဖြစ်နိုင်ချေတွေကိုပါ စဉ်းစားနေပြီး အဲဒီအတွေးတွေထဲကနေ ရုန်းမထွက်နိုင်ဘူး ဖြစ်နေတယ်။

ကျိရှောင်ကျိုးက သူ့မာမီ မျက်မှောင်ကြုတ်လိုက်တာက စပြီး ခေါင်းကုတ်ကာ အတွေးထဲနစ်ရင်း နောက်ဆုံး မျက်နှာတွေ ရဲလာတာကိုပါ စောင့်ကြည့်နေခဲ့တယ်။ နောက်တော့ ကျိရှောင်ကျိုးက မေးလိုက်တယ်။

"ဘာဖြစ်လို့လဲ မာမီ... သား ပြောတာကို နားထောင်နေရဲ့လား။"

ထန်ထန်က လက်ကို အသာပြန်ချကာ ဖြေလိုက်တယ်။

"ကြားပါတယ်.. ဒါပေမယ့် မာမီ အဲဒါကို တမင် ရည်ရွယ်ချက်ရှိရှိ လုပ်တာမဟုတ်ပါဘူး.. ကြည့်ရတာ မာမီ အိပ်ပျော်နေတုန်း လျှောက်လှိမ့်မိပြီး သားဒယ်ဒီနားကို ရောက်သွားတာ ဖြစ်ရမယ်..."

"အဲဒီလိုလား...."

ကျိရှောင်ကျိုးက ဂရုတစိုက် တွေးတောပြီးနောက် သဘောတူလိုက်တယ်။ အရင်တုန်းက သူ့ဒယ်ဒီ ဘယ်တော့မှ မာမီ့ကို မဖက်ဖူးဘူး။ မနေ့ညက ပထမဆုံးအကြိမ်ပဲ။ကြည့်ရတာ မတော်တဆပဲ နေမှာပါ။ အဲဒီနောက်မှာ အသေးလေးက ထန်ထန့် လည်ပင်းကို ခိုတွဲလိုက်ပြီး အနားကပ်လာရင်း ပြောလိုက်တယ်။

"ဒါဆို မာမီ... ဒီညအိပ်ရင် ကောင်းကောင်းအိပ်ဖို့လိုတယ်... တကယ်လို့ မာမီတစ်ယောက်ယောက်ကို ဖက်ချင်တယ်ဆို သားကိုပဲ ဖက်ရမယ်နော်.."

ထန်ထန်က ရှက်ရွံ့စွာနဲ့ ခေါင်းညိတ်လိုက်တယ်။ သူမမျက်နှာက တစ်နေ့လုံး ပူနွေးနေတော့တယ်။

ညအချိန်ရောက်တဲ့အခါ ကျိရှောင်ကျိုးက ခေါင်းအုံးလေးဖက်ရင်း နှစ်ယောက်ကြားမှာ လှဲချလိုက်တယ်။ သူက သူ့ဒယ်ဒီနဲ့ မာမီကြားအကွာအဝေးကို တတ်နိုင်သမျှ ကွာဝေးစေချင်နေသလိုမျိုး လက်နဲ့ခြေထောက်တွေကို ကားထားခဲ့တယ်။

ထန်ထန်က ခေါင်းငုံ့ပြီး အဝတ်ချုပ်တာမှာ အာရုံစိုက်နေတယ်။ သူမက ကျိရှောင်ကျိုး ဘာလုပ်ဖို့ကြိုးစားနေလဲ မသိချင်ယောင်ဆောင်ထားတယ်။ ကျိယန်ကလည်း သတိမပြုမိသလို နေနေပြီး တည်ငြိမ်စွာနဲ့ စာအုပ်ဖတ်နေတယ်။
သူတို့နှစ်ယောက်လုံးက နည်းနည်းလေးမှ မတုံ့ပြန်ခဲ့ဘူး။

ကျိရှောင်ကျိုးက တဖြေးဖြေး စိတ်သက်သာရာရလာတယ်။ သူက ထန်ထန် မနေ့ညက လျှောက်လှိမ့်ရင်း ဖြစ်သွားတာလို့ ယုံတာကြောင့် သူ့မိဘတွေကို ထပ်စောင့်ကြည့်ဖို့ မကြိုးစားတော့ဘဲ မျက်လုံးတွေကို မှိတ်လိုက်တယ်။ မကြာခင်မှာပဲ သူက ချိုမြိန်တဲ့ အိပ်မက်လေးထဲ ကျရောက်သွားတော့တယ်။

နိုးနေတဲ့လူက နှစ်ယောက်ပဲ ကျန်ရစ်ခဲ့တယ်။ ထန်ထန်က မနေ့ညမှာ သူမ အိပ်နေရင်း အဖက်ခံထားခဲ့ရတယ်ဆိုတာကို ပြန်တွေးမိတော့ နှလုံးခုန်သံတွေ မြန်လာခဲ့တယ်။ သူမက စိတ်တည်ငြိမ်ဖို့ မလုပ်ဆောင်နိုင်တာကြောင့် လေထုအခြေအနေက တစ်ခုခု ပြောင်းလဲလာတာကို ခံစားမိလိုက်တယ်။ အဲဒါက သူမကို စိုးရိမ်ပူပန်ပြီး စိတ်ဖိစီးလာစေတယ်။ ဒါကြောင့် ထန်ထန်က သူမ အိပ်ပျော်သွားရင် ဘာမှမခံစားရတော့ဘူးလို့ တွေးပြီး အိပ်ဖို့သွားချင်ခဲ့တယ်။

ကျိယန်က ထန်ထန် ဘာတွေးနေတယ်ဆိုတာ သတိပြုမိပေမယ့် သူက သူမကို အလွတ်မပေးချင်ဘူး။ သူမက သူ့ကို ကြိုက်တာ သိသာနေပေမယ့် သူက သူမကို မကြိုက်ဘူးလို့ ယုံကြည်ထားတာကြောင့် သူမက သူ့ကို ဂရုတစိုက်နဲ့ ဆက်ဆံပြုမူပေမယ့် သူမ ဝန်မခံရဲခဲ့ဘူး။ ကြည့်ရတာ သူမက အငြင်းခံရမှာ ကြောက်နေပုံရတယ်။ အမှန်ပြောရရင် ယခင်က သူသာဆိုရင်တော့ ကျိန်းသေ ငြင်းဆန်မိလိမ့်မယ်။

အကယ်၍ အခုသာ သူ ဝန်ခံလိုက်ရင် သူမက ထိတ်လန့်သွားပြီး သူ စ နောက်နေတယ်လို့များ ထင်သွားမလား။ သူမ သေချာပေါက် အဲဒီလို ထင်သွားနိုင်တယ်။ ဒါကြောင့် သူက သူမကို တဖြေးဖြေးနဲ့ သူ့ခံစားချက်တွေ သိလာအောင် လုပ်ဖို့ လိုအပ်တယ်။ အဲဒီနောက်မှ ဝန်ခံပြီး သူမကို အမှန်ဆိုတာ လက်ခံလာအောင် လုပ်ရမယ်။

အဲဒီလိုတွေးလိုက်မိတော့ ကျိယန်က ညင်သာစွာ ပြောလိုက်တယ်။

"ထန်ထန် ကိုယ့်ပါးစပ်က နာနေတယ်... အနာသက်သာအောင် နည်းနည်းလောက် လာကူပေးပါလား.."

အဲဒီစကားကို ကြားတဲ့အခါ ထန်ထန်က သူမ တွေးနေတာတွေ အကုန် လွှင့်ပစ်လိုက်ပြီး ကျိရှောင်ကျိုးကို ကျော်ကာ ကျိယန် ဘေးကို ရောက်လာတယ်။ သူမက သူ့ ပါးစပ်ကို ဖွဖွလေး ထိပြီး မေးလိုက်တယ်။

"ဒီနေရာလား... ဘာလို့ ရုတ်တရက်ကြီး နာလာတာလဲ...
ဒီနေ့ လေ့ကျင့်ရင်း တစ်ခုခုနဲ့ ထိမိလာတာလား..."

ကျိယန်က စိတ်ထဲမှ သက်ပြင်းချလိုက်မိသော်လည်း မည်သည့်အမူအရာမှ မဖော်ပြဘဲ ပြောလိုက်တယ်။

"ဒီနေ့ ယှဉ်တိုက်ရင်း အထိုးခံလာရတာ..."

ကျိယန် မလိမ်ခဲ့ပါ။ သူ တကယ်ပဲ ပြိုင်ဘက်ဆီကနေ အထိုးခံလာရပေမယ့် ဒီဒဏ်ရာလောက်ကတော့ သူ့အတွက် စာဖွဲ့နေစရာမလိုဘူး။ ပြီးတော့ အဆုံးမှာ သူ့ယှဉ်ပြိုင်ဘက်ကသာ နာကျင်စွာ အော်ဟစ်မြည်တမ်းသွားရသူ ဖြစ်လေတယ်။

အမှန်မှာ ဒီကိစ္စကို ထုတ်ပြောလိုက်ရတာ အရှက်မရှိရာကျတယ်လို့ တွေးမိပေမယ့် သူ ဘာလုပ်နိုင်မှာတဲ့လဲ။ ဒီကိစ္စကို ထုတ်ပြောပြီးပြီမို့ သူက မရပ်တန့်ချင်တော့ဘူး။

ထင်ထားသလိုပဲ အချစ်ဆိုတာက လူတွေကို အရှက်သိက္ခာတွေ ခဝါချလာအောင် လုပ်နိုင်စွမ်းရှိတယ်။

ထန်ထန်က သူ အထိုးခံခဲ့ရတယ်လို့ ကြားတော့ အရမ်းစိုးရိမ်သွားတယ်။ အဲဒီစစ်သားရဲ့ လက်သီးချက်က အရမ်းအားကောင်းပုံရတယ်။ သူမ တစ်ခါက သဲအိတ် ထိုးနေတဲ့ စစ်သားကို မြင်ဖူးတယ်။ သူ ထိုးလိုက်တိုင်း သဲတွေက ဖွားခနဲ လွင့်ကုန်ရော။ အဲဒီလို လက်သီးသာ လူ့ခန္ဓာကိုယ်ပေါ် ရောက်လာမယ်ဆို အတော်လေးကို နာမှာပဲ ဟုတ်တယ်မလား။

ထန်ထန်က ကျိယန်ရဲ့ အဝတ်တွေကို ဆွဲပြီး ပြောလိုက်တယ်။

"ရှင့် ရင်ဘတ်တွေရော နာသွားသေးလား... ကျွန်မကို ပြပါဦး..."

ကျိယန်က မငြင်းဆန်ခဲ့ဘူး။ အဲဒီအစားသူက လက်ဦးမှုယူကာ အပေါ်ဝတ်ကို ချွတ်လိုက်တယ်။ သူ့ရဲ့ ရင်ဘတ်မှာ အမိုက်စား ကြွက်သားမြှောင်းတွေနဲ့ တောင့်တင်းနေတယ်။

ကျိယန်ရဲ့ အသွင်အပြင်နဲ့ ပတ်သတ်ပြီး ဘယ်လို ဝေဖန်စရာမှ ရှိမနေဘူး။ သူက တက္ကသိုလ် ဘွဲ့ရပြီးတာနဲ့ စစ်ထဲဝင်ခဲ့တာကြောင့် အခုဆို ဆယ်နှစ်လောက်တောင် ရှိခဲ့ပြီ။ ဆယ်နှစ်လောက် ဖြတ်သန်းပြီးနောက်မှာ သူက ငယ်ရွယ်တဲ့ မနူးမနပ်လေး မဟုတ်တော့ဘဲ အရမ်းကို ယောက်ျားပီသတဲ့ အသွင်ဖြစ်လာတယ်။ သူ့ရဲ့ ရှစ်မြှောင်းသောကြွက်သားတွေက အမျိုးသမီးတွေကို ဆွဲဆောင်နိုင်ပြီး ဆက်စီကျတဲ့ ဗွီလိုင်းက အမျိုးသမီးတွေကို မေ့လဲအောင်တောင် ပြုစားနိုင်တယ်။

ဒါပေမယ့် ထန်ထန်က ငယ်ငယ်ကတည်းက တင်းတင်းကျပ်ကျပ် အုပ်ချုပ်ခံလာရတာမို့ ထတော့မအော်မိခဲ့ပေမယ့် သူမရဲ့ မျက်နှာလေးက ရဲတက်လာခဲ့တယ်။

သူမရဲ့ ပါးပြင်လေးက နီစွေးလာတာ သွေးတို့ စီးကျလာတော့မလိုပဲ။ ကံကောင်းစွာနဲ့ ကျိယန်အား စိုးရိမ်ပူပန်တဲ့စိတ်က သူမရဲ့ ဦးနှောက်ကို ထိန်းချုပ်သွားတယ်။ သူမက သူ့ရင်ဘတ်မှာ သွေးစသွေးနတွေ စွန်းထင်းနေတဲ့ ခရမ်းရောင် အညိုမည်းကွက်ကြီးကို မြင်လိုက်ရတဲ့အခါ ရှက်ရွံ့နေတဲ့စိတ်တွေ ကြက်ပျောက်ငှက်ပျောက် ပျောက်သွားတော့တယ်။ ချက်ချင်းပဲ သူမက လိမ်းဆေးရည်တချို့ရှာပြီး သူ့ဒဏ်ရာပေါ် လိမ်းပေးလိုက်တယ်။

ပုံမှန်အားဖြင့် ကျိယန်က ဒီလို ဒဏ်ရာသေးသေးလေးတွေကို လျစ်လျူရှုထားတတ်တယ်။ ဒါပေမယ့် ထန်ထန်က လေးနက်စွာနဲ့ သူ့ဒဏ်ရာတွေကို ဂရုစိုက်ပေးနေတာ မြင်တဲ့အခါ နောက်ပိုင်းမှာလည်း ဒဏ်ရာရအောင် လုပ်ရင်ကောင်းမယ်လို့ ရုတ်တရက် တွေးလာမိတယ်။

"နာလား..."

ထန်ထန်က ဆေးလိမ်းပေးနေရင်း ဒဏ်ရာကို ခပ်ဖွဖွမှုတ်ကာ မေးလိုက်တယ်။ သူမက သူ နာကျင်သွားမှာကို ကြောက်နေပုံရတယ်။

ဒါပေမယ့် သူမရဲ့ ဂရုစိုက်ပေးမှုကြောင့် သူ ဘယ်လောက်ပဲ နွေးထွေးသလို ခံစားရပါစေ သူမ ဘယ်လောက်တောင် စိတ်ပူနေလဲဆိုတာကို မြင်တော့ နောက်တစ်ခေါက် ထပ်မလှန့်ရဲတော့ဘူး။ သူက သူမ ပါးလေးကို ညင်သာစွာ ထိလိုက်တယ်။

"အဲဒီလောက် မနာဘူး... စိတ်မပူပါနဲ့..." 

ထန်ထန်က သူ သူမကို နှစ်သိမ့်ဖို့ ပြောနေတာလို့ပဲ ထင်လိုက်တယ်။ ဒီလောက် ဆိုးဆိုးရွားရွား ဒဏ်ရာရတာ မနာဘဲနေမလား။ တကယ် နာနေမှာပဲ။

ကျိယန်က ရယ်ရမလား ငိုရမလားတောင် မသိတော့ဘဲ နောက်ထပ် ရှင်းမပြတော့ဖို့ ဆုံးဖြတ်လိုက်တယ်။

ထန်ထန်က ဆေးကို နာရီဝက်လောက်ကြာအောင် လိမ်းပေးတာတောင် ရပ်တန့်လိုက်ဖို့ ဆန္ဒမရှိသေးဘူး။ သူမ ပင်ပန်းလာတာကို မြင်တော့ သူက သူမ လက်တွေ ထပ်မလှုပ်နိုင်တော့အောင် တားဆီးလိုက်ရတယ်။

"အခု သက်သာသွားပါပြီ... နောက်ကျနေပြီ... အိပ်ကြရအောင်..."

"ကောင်းပြီ... ကျွန်မ မနက်ဖြန်မှ ထပ်ပြီး ဆေးလိမ်းပေးမယ်..."

ထန်ထန်က ကျိရှောင်ကျိုးကို ကျော်ပြီး ဘေးဘက်ဆီ သွားဖို့ ပြင်လိုက်ပေမယ့် ကျိယန်က သူမကို ရပ်တန့်လိုက်တယ်။

ထန်ထန်က ဇဝေဇဝါ ဖြစ်သွားတယ်။

"ကိုယ့်ဘေးမှာပဲ အိပ်ပါ... ဒါမှ ကိုယ် နောက်တစ်ခါ နာလာတဲ့အခါ မင်း နှိပ်ပေးလို့ရမှာလေ..."

ကျိယန်က မျက်နှာပြောင်တိုက်တဲ့ စကားကို ပြောနေပေမယ့် သူ့မျက်နှာအမူအရာက နည်းနည်းလေးတောင် ပြောင်းမသွားဘူး။ တုန်းလီ၊ ကျိုးကျီနဲ့ တခြားလူတွေသာ သိရင် ကျိယန်ကို သရဲပူးသွားပြီလို့ ကျိန်းသေ ပြောကြလိမ့်မယ်။

ထန်ထန်က ကျိယန်တစ်ယောက် ရင်ခုန်စေတဲ့ စကားတွေ ပြောနေတယ်လို့ ထင်ရင်တောင် သူမက သူ့ကို စိတ်ပူနေတာမို့ ရှက်ရွံ့မှုကို သည်းခံရင်း သူ့ဘေးမှာ လှဲလိုက်တယ်။ ဒါကြောင့် သူမက နောက်တစ်ခါ ထပ်ပြီး အဖေနဲ့ သားကြားမှာ အိပ်လိုက်ရပြန်တယ်။

ကျိယန်က အခန်းမီးကို မှိတ်လိုက်တယ်။ အဲဒီနောက်မှာ သူက အမှောင်ထဲမှာပဲ ထန်ထန့်လက်ကို စမ်းလိုက်ပြီး လက်ကောက်ဝတ်လေးကို ညင်သာစွာ နှိပ်ပေးနေတယ်။ သူမက သူ့အား ဆေးကို အကြာကြီး လိမ်းပေးထားတာမို့ လက်ကောက်ဝတ်တွေ နာနေမှာ သူ စိုးရိမ်မိတယ်။

ထန်ထန်က သူမရဲ့ နှုတ်ခမ်းလေးကို ကိုက်ပြီး သူမလက်အား နှိပ်ပေးနေတာကို ခွင့်ပြုထားလိုက်တယ်။ စိတ်လှုပ်ရှားမှုကြောင့် သူမ တစ်ကိုယ်လုံးက တုန်ရီလာသလို ခံစားနေရတယ်။ သူမက ကျိရှောင်ကျိုး အိပ်ပျော်နေတာကို ဝမ်းသာမိတယ်။ မဟုတ်ရင် အသေးလေးက သူမ ဖျားနေပြန်ပြီလို့ ထင်လိမ့်မယ်။

ကျိယန်က ထန်ထန် စိတ်လှုပ်ရှားနေရာကနေ ထုံထိုင်းလာတဲ့အထိ စိတ်ရှည်ရှည်နဲ့ လက်ကောက်ဝတ်ကို နှိပ်ပေးနေခဲ့တယ်။ အဲဒီနောက်မှာ သူမက ပျော်ရွှင်မှုတွေကို တသိမ့်သိမ့် ခံစားနေရင်း အိပ်ပျော်သွားတော့တယ်။

ကျိရှောင်ကျိုး မအိပ်ခင်က ရေတွေ အများကြီး သောက်ထားတဲ့အတွက် ညလယ်ခေါင်ကြီးမှာ ရှူရှူးပေါက်ချင်လို့ နိုးလာပြန်တယ်။ သူ နိုးလာတဲ့အခါ သူ့မိဘတွေက အချင်းချင်း ဖက်ကာ အိပ်နေပြန်ပြီး သူကတော့ မိဘမဲ့ကလေးလေးလို အေးစက်ပြီး သနားစရာကောင်းတဲ့ပုံလေး ဖြစ်နေတယ်။

ကျိရှောင်ကျိုးက လင်းပိုင်သေးသေးလေးလိုမျိုး နောက်တစ်ခါ ထပ်ပြီး ဒေါသထွက်လာတော့တယ်။

Xxxxx

Part 52

နောက်တစ်နေ့မှာ ကျိရှောင်ကျိုးက သူ့မာမီကို ဒေါသတကြီး မေးလိုက်တယ်။ 

"မာမီ.. သားမနေ့က အလယ်မှာ အိပ်တာ သေချာပါတယ်... နောက်ဆုံးကျတော့ ဘာလို့ မာမီနဲ့ ဒယ်ဒီတို့က ဖက်အိပ်နေကြရပြန်တာလဲ..."

ရှက်ရွံ့မှုကြောင့် ထန်ထန်က ခေါင်းငုံ့သွားတယ်။ သူမ မနေ့က အကြောင်း အသေးလေးကို ရှင်းပြဖို့ အရမ်း ရှက်နေခဲ့တယ်။ သူမကိုယ်သူမလည်း ရှက်ရွံ့မိတယ်။ ဘာလို့များ သူမ ကျိယန်ဘေးမှာအိပ်တိုင်း လျှောက်လှိမ့်ပြီး သူ့ရင်ခွင်ထဲ ရောက်သွားရတာလဲ။ သူမက ဒီလောက်တောင် အအိပ်ကြမ်းတာလား။

"အာ... မာမီ... မာမီက... အိပ်ရင်းနဲ့ လျှောက်လှိမ့်တတ်တာမို့ ဘယ်လိုလုပ် သားဒယ်ဒီ ရင်ခွင်ထဲ ရောက်သွားလဲ မာမီ တကယ်မသိဘူး.. ဟာ..ဟား.."

ထန်ထန်က အတည်ပေါက်ကြီးနဲ့ လိမ်လိုက်တယ်။ သူမက အလွန်အမင်း အပြစ်ရှိသလို ခံစားနေရတယ်။

ကျိရှောင်ကျိုးက လက်ကလေးတွေကို ခါးပေါ်ထောက်ရင်း ပြောလိုက်တယ်။

"မာမီ... ဘာလို့အိပ်ရင်း ဒီလောက် လျှောက်လှိမ့်ရတာလဲ.. ဒီလိုဆက်လုပ်နေမယ်ဆိုရင် သား ဒေါသထွက်တော့မှာနော်... အရမ်း ဒေါသထွက်မှာ.. ဟမ့်.."

အသေးလေး တည်ငြိမ်သွားစေဖို့အတွက် ထန်ထန်က မဆိုင်းမတွဘဲ လက်ကိုမြှောက်ကာ ကတိပေးလိုက်တယ်။

"မာမီ ဒီလိုထပ်မလုပ်တော့ဘူးလို့ ကတိပေးတယ်နော်... ဒါက နောက်ဆုံးအခေါက်ပဲ ဟုတ်ပြီလား..."

သူမ ကျိယန်ဘေးမှာ နောက်တစ်ခေါက် ထပ် မအိပ်တော့ဘူး။ အဲဒီလိုမှပဲ သူ့ရင်ခွင်ထဲ နောက်တစ်ကြိမ်ရောက်သွားတာကနေ ကာကွယ်နိုင်တယ်။

အဲဒီစကားကို ကြားပြီးတာ့ ကျိရှောင်ကျိုးလေး ဒေါသထွက်နေရာက ရပ်သွားတယ်။ ဒါပေမယ့် သူ့မာမီက သူ့ကိုကျော်ပြီး သူ့ဒယ်ဒီ ရင်ခွင်ထဲ ဘယ်လို ရောက်သွားလဲဆိုတာ သူ သိချင်နေဆဲပဲ ဖြစ်တယ်။ ဒါက နည်းလမ်းမကျနေဘူး။ သူ ကျိန်းသေဖော်ထုတ်ရမယ်။

ကျိရှောင်ကျိုး ခဏလောက်တွေးပြီးတော့ ဒီည အိပ်ချင်ယောင်ဆောင်ဖို့ ဆုံးဖြတ်လိုက်တယ်။ အဲဒီနောက်မှာ ဘာဆက်ဖြစ်လဲ သူ စောင့်ကြည့်ရမယ်။ ဆုံးဖြတ်ချက်ချပြီးတဲ့နောက်မှာ ကျိရှောင်ကျိုးက လက်ညှိုးလေးတထိုးထိုးနဲ့ ပြောလိုက်တယ်။

"ဒီနေ့က နောက်ဆုံးအခွင့်အရေးပဲနော်..."

ထန်ထန်က သူ့ကို ဖက်ပြီး ပါးလေးကို ဘယ်ပြန်ညာပြန် နမ်းလိုက်တယ်။ အနည်းဆုံးတော့ သူမက ဒေါသထွက်နေတဲ့ လင်းပိုင်ပေါက်စလေးကို တည်ငြိမ်သွားအောင် လုပ်လိုက်နိုင်တယ်။

ညအချိန်ရောက်တဲ့အခါမှာ ကျိရှောင်ကျိုးက အလယ်မှာ အိပ်ပြီး သူ့မိဘတွေကို ခွဲထားလိုက်တယ်။ ခါတိုင်းဆို သူက မအိပ်ခင် Anipop ဂိမ်း ခဏကစားပေမယ့် ဒီနေ့ညတော့ မကစားခဲ့ဘူး။ သူက သမ်းဝေကာ မျက်လုံးလေးများကို ပွတ်ပြီး ထန်ထန့်ကို ပြောလိုက်တယ်။

"မာမီ... သား ပင်ပန်းလို့ အိပ်တော့မယ်..."

ထန်ထန်က သူ ဒီနေ့ မူကြိုမှာ ကစားရင်း ပင်ပန်းလာသည်ဟု ယူဆတာကြောင့် သူ့ကျောလေးကို ပုတ်ပေးလိုက်တယ်။

"ဒါဆို သွားအိပ်တော့လေ... ပေါင်ပေါင်း"

ကျိရှောင်ကျိုးက သူမ လက်မောင်းကို ဆွဲကာ အလိုလိုက်ခံထားရတဲ့ ကလေးလေးလို ပြုမူရင်း ပြောလိုက်တယ်။ "မာမီ... သား မာမီနဲ့အတူ အိပ်ချင်တယ်.. မာမီပါ အခု အိပ်လို့မရဘူးလား..."

"ကောင်းပြီ.. မာမီပါ အတူအိပ်ပေးမယ်နော်..."

ဘယ်လိုဖြစ်ဖြစ် အိပ်ချိန်ရောက်နေပြီမို့ ထန်ထန်က သူမ ကိုင်ထားတဲ့ ပစ္စည်းတွေကို ချကာ သူ့ဘေးမှာ ဝင်လှဲလိုက်တယ်။ ချက်ချင်းပဲ ကျိရှောင်ကျိုးက သူ့လက်တွေနဲ့ သူမ လည်ပင်းကို တင်းတင်းကျပ်ကျပ် ဖက်လိုက်တယ်။ သူ့ကို ကြည့်ရတာ သူ့မာမီနဲ့ ခွဲရမှာ အရမ်းကြောက်နေသလိုပဲ။

အခြားတစ်ဖက်မှာ ကျိယန်က ခေါင်းရင်းကို မှီထိုင်နေပြီး ပုံမှန်အတိုင်း စာအုပ်ဖတ်နေတယ်။ သူက အမေနဲ့သား အတွဲရဲ့ အပြုအမူတွေကို လျစ်လျူရှုထားတယ်။

ကျိယန်က မျက်လုံးထောင့်ကနေ ကျိရှောင်ကျိုးက သူ့ကို တိတ်တဆိတ် ခိုးကြည့်နေတာ မြင်လိုက်ရတယ်။ ကျိယန်က ဘာမှမတုံ့ပြန်တာကို မြင်တော့ ကျိရှောင်ကျိုးရဲ့ ဦးနှောက်လေးက ချာချာလည်သွားတယ်။ သူက သူ့အစီအစဉ်အတိုင်းပဲ လုပ်ဖို့ ဆုံးဖြတ်လိုက်ပြီး ထန်ထန်နဲ့ ခဏ စကားပြောပြီးတော့ သူ့မျက်လုံးတွေကို တဖြေးဖြေး မှိတ်လိုက်တယ်။

ကျိရှောင်ကျိုး အိပ်ပျော်သွားတာကို ကြည့်ပြီး ထန်ထန်က သူ့လက်တွေကို ဖြေးဖြေးချင်း ဖြုတ်လိုက်တယ်။ အဲဒီနောက်မှာ သူမက အိပ်ရာကနေ ထလိုက်ပြီး လိမ်းဆေးရည်ပုလင်းကို ယူကာ ကျိယန်ဘေး အိပ်ရာပေါ် ထိုင်ချလိုက်တယ်။

"ယောက်ျား.. ကျွန်မ ရှင့်ကို ဆေးထပ်လိမ်းပေးမယ်လေ... အဲဒါဆို ပိုသက်သာသွားလိမ့်မယ်..."

ကျိယန်က ခေါင်းညိတ်လိုက်ပြီး အပေါ်အင်္ကျီကို လျင်မြန်စွာ ချွတ်လိုက်တယ်။ သူ့ရဲ့ သွားရည်ကျချင်စရာ ခန္ဓာကိုယ်က တဖန်ပေါ်ထွက်လာပြန်တယ်။ အခုက ဆောင်းကို ရောက်လုပြီဆိုပေမယ့် သူက ချမ်းတာကို မခံစားရဘူး။

ထန်ထန်က လျှောက်မကြည့်ရဲဘူး။ သူမ အကြည့်တွေက သူ့ ရင်ဘတ်က ဒဏ်ရာပေါ်မှာပဲ ရှိနေခဲ့တယ်။ သူမက လက်တွေကို နွေးသွားအောင် အရင်ပွတ်လိုက်ပြီးနောက်မှ လိမ်းဆေးရည် ထည့်ပြီး ကျိယန်ကို နှိပ်ပေးလိုက်တယ်။

ကျိယန်က စာဖတ်တာကို ရပ်ပြီး သူမကို စိုက်ကြည့်နေတယ်။ သူက သူမ နဖူးကနေ မျက်ခုံးလေးတွေ အဲဒီနောက်မှာ မျက်လုံးတွေ ပြီးတော့ နှာခေါင်းနဲ့ နောက်ဆုံးမှာ နှုတ်ခမ်းတွေဆီ ရောက်သွားတယ်။ အချိန်အကြာကြီး စိုက်ကြည့်နေပြီးနောက် ကျိယန်က သူမရဲ့ ဘယ်အစိတ်အပိုင်းကမှ ရုပ်ဆိုးမနေဘူးလို့ တွေးမိလိုက်တယ်။ အဲဒီအစား သူမက အတော်လေးလှတယ်လို့ သူ ထင်တယ်။

သူမက ရုပ်ဆိုးတယ်လို့ ဘယ်သူပြောတာလဲ။

ကျိယန်က အရင် ထန်ထန် ဘယ်လိုပုံရှိလဲဆိုတာ ပြန်စဉ်းစားပေမယ့် သူမနဲ့ ပတ်သတ်တဲ့ သူ့မှတ်ဉာဏ်တွေက ဝေဝါးနေတာကို သတိပြုမိလိုက်တယ်။ သူက သူမရဲ့ အသွင်အပြင်ကို ရှင်းရှင်းလင်းလင်း မမှတ်မိဘူး။ ကြည့်ရတာ အရမ်းကို အလှမ်းဝေးတဲ့ မှတ်ဉာဏ်တွေလိုပဲ။ ကျိယန်က ထန်ထန်ရဲ့ လက်ရှိ ပုံပန်းသဏ္ဌာန်ကိုသာ မှတ်မိတယ်။ ဒါပေမယ့် သူမကို ကြည့်ရတာ အရင်ကနဲ့ မတူတော့တဲ့ သူတစ်ယောက်လိုမျိုးပဲ။

သူ့အတွေးတွေက ရယ်စရာဖြစ်နေကြောင်း ကျိယန် သိလိုက်ရတယ်။ သူက အခု သူမကို နက်နက်နဲနဲ ဂရုစိုက်မိနေပေမယ့် အရင်တုန်းက ဘယ်တော့မှ ဂရုတစိုက်မရှိခဲ့တာက သူမကို မမှတ်မိရတဲ့ အကြောင်းရင်းဖြစ်ကြောင်း သူ သိတယ်။

ပုံမှန်အားဖြင့် ထန်ထန်က ကျိယန် သူမကို ကြည့်နေကြောင်း ခံစားမိတယ်။ အစပိုင်းမှာ သူမက သတိမပြုမိသလို ဟန်ဆောင်နေပေမယ့် သူ့အကြည့်တွေက အရမ်းကို ပြင်းပြနေတော့ သူမမျက်နှာကို နီရဲလာစေတယ်။ သူမက သတိမပြုမိသလို ဟန်ဆောင်နေချင်တောင် မလုပ်နိုင်တော့တာကြောင့် တည်ငြိမ်သလို ဟန်ဆောင်ရင်း မေးလိုက်တယ်။

"ဘာလို့ ဒီလောက် စိုက်ကြည့်နေရတာလဲ။"

ကျိယန်က သူမ သတိထားမိသွားတာကို သိလိုက်တာတောင် ရှက်သလို မခံစားရဘူး။ အဲဒီအစား သူက အလေးအနက် ပြောလိုက်တယ်။

"မင်းက ကြည့်ကောင်းလို့လေ..."

"ဟမ်..." ထန်ထန်က သူမရဲ့ နှလုံးသား အခုန်မြန်လွန်းလို့ ရင်ဘတ်ထဲက ထွက်ကျလာတော့မလို ခံစားလိုက်ရတယ်။ သူမရဲ့ နှလုံးသားက တုန်ယင်လာပြီး ဦးနှောက်ရဲ့ အလုပ်လုပ်မှုက ရပ်တန့်သွားသလိုပဲ။ သူမက သွေးလေချောက်ခြားသွားတာ ဖြစ်နိုင်တယ်။ "ကျွန်မ... ရှင်..."

ကြည့်ရတာ သူက သူမကို လုံလောက်အောင် မခြောက်လှန့်လိုက်မိပုံပဲ။ ကျိယန်က ပြုံးပြီး သူမ ပါးလေးကို လှမ်းထိရင်း ခပ်ဖွဖွလေး ညှစ်လိုက်တယ်။

"အမ်း.. မင်းမျက်နှာက အသားပြည့်လာသလိုပဲ။ အခု ကြည့်ကောင်းသွားပြီ။ မင်း ဒီထက် အလေးချိန်တိုးလာရင် ပိုပြီး ကြည့်ကောင်းလာလိမ့်မယ်။ ကိုယ်က အသားပြည့်ပြည့်လေးတွေကို ကြိုက်တာမို့ မင်း ဒီထကခ အလေးချိန်တက်လာဖို့လိုတယ် ဟုတ်တယ်မလား။"

သူ့စကားများက သူမ ခေါင်းထဲကိုတောင် မရောက်သေးပေမယ့် ထန်ထန်က စပြီး ခေါင်းညိတ်နေခဲ့တယ်။ သူမရဲ့ ဦးနှောက်က ခေါင်းညိတ်သွားပြီးနောက်မှသာ သတင်းအချက်အလက်ကို လက်ခံရတော့တယ်။ သူမက အလျင်အမြန် သဘောမတူလိုက်သင့်ဘူးဆိုတာ သတိပြုမိလိုက်တယ်။

ကျိယန်က ရယ်လိုက်တယ်။ အဲဒီနောက် သူက လက်ကို လှုပ်ရှားလာပြီး ထန်ထန့်လက်မောင်းကို ဆုပ်ကိုင်လိုက်တယ်။

"အင်း.. မင်းရဲ့ ခန္ဓာကိုယ်က အခုထိ အားနည်းနေတုန်းပဲ.. အခုကစပြီး ညတိုင်း ကိုယ်နဲ့ လေ့ကျင့်ခန်းလုပ်ရမယ် ဟုတ်ပြီလား..."

ထန်ထန်က နှုတ်ခမ်းလေးကိုက်ပြီး သူ့ကို ကြည့်လိုက်တယ်။ သူမက သဘောတူသင့်လား မတူသင့်လားဆိုတာ မသိဘူးဖြစ်နေတယ်။

"မင်းက ကိုယ်နဲ့ လေ့ကျင့်ခန်းမလုပ်ချင်ဘူးလား..."

ထန်ထန်က ခေါင်းခါလိုက်တယ်။ သူမက လုပ်ချင်ပေမယ့် သူမတို့ကြားက လေထုအခြေအနေက လတ်တလောမှာ နည်းနည်းလေး ထူးဆန်းနေတယ်လို့ သူမ ထင်နေတယ်။ သူက အရင်ကနဲ့ မတူတော့သလိုပဲ။ သူက သူမရဲ့ အသွင်အပြင်ကို ချီးကျူးရုံသာမကဘဲ သူမရဲ့ ပါးပြင်နဲ့ လက်ကို ထိတဲ့အပြင် အခု သူမနဲ့အတူ လေ့ကျင့်ခန်းတောင် လုပ်ချင်နေပြန်ပြီ။ သူက ဘာလို့ သူမအပေါ် အရမ်းကောင်းနေတာလဲ။ သူမရဲ့ အဖျားက အခုထိ မသက်သာသေးလို့များလား။

သူ့ရဲ့ ရည်ရွယ်ချက်က ဘာများလဲ။ ထန်ထန်ရဲ့ နှလုံးသားက ကျိယန်ကြောင့် ရှုပ်ထွေးကုန်တယ်။ သူမက တခဏအတွင်း တိမ်တွေပေါ် ရောက်သွားခဲ့ပေမယ့် နောက်တခဏမှာ ရေတွင်းအောက်ခြေကို ရိုက်ချခံရတော့မလို ခံစားရတယ်။ သူမက အရမ်းရှုပ်ထွေးနေခဲ့တယ်။

အခြားတစ်ဖက်မှာတော့ ကျိရှောင်ကျိုးက သူ့ကိုယ်သူ ထိန်းမထားနိုင်တော့ဘူး။ သူ့မျက်တောင်လေးတွေက တဖျပ်ဖျပ် တုန်ရီနေတယ်။ သူ့ဒယ်ဒီနဲ့မာမီက ဘာလို့ ဒီလောက် အကြာကြီး စကားပြောနေရတာလဲ။ သူတို့ အိပ်ဖို့မလိုဘူးလား။ ဘာလို့ မလှုပ်ရှားကြသေးတာလဲ။ သူတို့က ပေါင်ပေါင်ကို စိတ်မရှည်တော့အောင် လုပ်ဖို့ ကြိုးစားနေတာလား။

ကျိရှောင်ကျိုးရဲ့ စိတ်ထဲမှာ ထောင်ချီတဲ့ မေးခွန်းတွေ ဖြစ်နေခဲ့တယ်။

လူကြီးနှစ်ယောက်ကတော့ ကျိရှောင်ကျိုး အိပ်ချင်ယောင်ဆောင်နေတာကို မသိဘူး။ ကျိယန်က လက်ကို တဖန်မြှောက်ကာ သူမရဲ့ နှုတ်ခမ်းရဲရဲလေးကို ထိလိုက်တယ်။ သူ့လက်မက သူမရဲ့ အောက်နှုတ်ခမ်းလေးကို ညင်သာစွာ ပွတ်လိုက်တယ်။

"မင်း သဘောတူပြီးပြီဆိုတော့ နောက်နေ့ကနေစပြီး မနက်တိုင်း ရှောင်ကျိုးနဲ့ ပြေးတာကို ဖျက်သိမ်းလိုက်မယ်... အဲဒီအစား လေ့ကျင့်ခန်းကို ညနေဘက်ပြောင်းလိုက်မယ်... ညစာစားပြီးရင် ကိုယ်တို့ လေ့ကျင့်ခန်းလုပ်ဖို့ သွားကြမယ်... မင်းရဲ့ ခန္ဓာကိုယ် ကြံ့ခိုင်လာတဲ့အခါ အလွယ်တကူ မဖျားတော့ဘူး... ဖျားခဲ့ရင်တောင် မြန်မြန် ပြန်ကောင်းလာလိမ့်မယ်..."

သူက သူမကို အိပ်ရာပေါ်မှာ နုံးချိပြီးလှဲနေရတာမျိုး နောက်တစ်ခါ မမြင်ချင်တော့ဘူး။ ထန်ထန်က သူ့အထိအတွေ့ကြောင့် သူမနှုတ်ခမ်းတွေ လောင်ကျွမ်းကုန်တော့မလို ခံစားနေရတယ်။ သူမက သူ ပြောနေတာတွေကို ကြားနိုင်စွမ်းမရှိဘူး။ သူမစိတ်ထဲမှာ မေးခွန်းတစ်ခုတည်းနဲ့ ပြည့်နေခဲ့တယ်။ သူက ဘာအတွက် သူမ နှုတ်ခမ်းကို ထိနေတာလဲ။ ဒါက တစ်ခုခု လွဲနေသလို မထင်ရဘူးလား။ ပုံမှန်အားဖြင့် ယောက်ျားတစ်ယောက်က မိန်းမတစ်ယောက်ရဲ့ နှုတ်ခမ်းကို သာမန်ကာလျှံကာ ထိလိမ့်မှာ မဟုတ်ဘူး။ ဘာကိုမှ အရေးမစိုက်တတ်တဲ့ လူတစ်ယောက်ဖြစ်နေရင်တောင် သူတို့ စကားပြောနေရင်းနဲ့ တစ်ဖက်လူရဲ့ နှုတ်ခမ်းကို လက်လွတ်စပယ် ထိကိုင်မှာ မဟုတ်ဘူး။ ပြီးတော့ ကျိယန်က ဖြောင့်မတ်ပြီး လေးနက်တဲ့ စစ်သားတစ်ယောက် ဖြစ်တယ်။ သူက ဒီလိုကိစ္စတွေကို ပေါ့ပေါ့လေး လုပ်မှာ မဟုတ်ဘူး။

ဒါဆို သူက ဘာလို့ သူမနှုတ်ခမ်းကို ထိရတာလဲ။

သူ... သူ ဒီလိုသာ ဆက်လုပ်နေရင် သူမ အထင်လွဲမိလိမ့်မယ်။ သူက သူမကို အဲဒါ လုပ်ချင်နေတယ်လို့ အထင်လွဲမိနိုင်တယ်။

အဲဒီလိုတွေးလိုက်မိတာနဲ့ ထန်ထန်က ထူးဆန်းမှုကို ခံစားလိုက်ရတယ်။ သူမက ထရပ်လိုက်ကာ လိမ်းဆေးရည်ကို ယူပြီး အလျင်အမြန် ပြေးသွားတယ်။

"နောက်ကျနေပြီ။ လက်သွားဆေးလိုက်တော့မယ်။"

ကျိယန် ဘာမှမပြောနိုင်သေးခင် သူမ ပုံရိပ်က ပျောက်ကွယ်သွားတယ်။ ရေချိုးခန်းတံခါးက ဘန်း ခနဲအသံနဲ့ ပိတ်သွားခဲ့တယ်။ သူက မနေနိုင်ဘဲ ရယ်လိုက်မိတော့တယ်။
 
ရေချိုးခန်းထဲမှာ ထန်ထန်က အသက်က ဒီအပေါ်မူတည်နေသလို အကြိမ်ကြိမ်အခါ မျက်နှာသစ်တော့တယ်။ ဒါပေမယ့် သူမ ဘယ်လောက်ပဲ မျက်နှာသစ်ပစ်ပစ် စိတ်တည်ငြိမ်အောင် လုပ်လို့မရဘူး။ သူမရဲ့ နှလုံးသားက ခုန်နေပြီး သူမ စိတ်ထဲမှာ လူသေးသေးလေးနှစ်ယောက်က ငြင်းခုန်နေတယ်။

နံပါတ်တစ် လူသေးသေးလေး - ကျိယန်က အရမ်းတည်ကြည်ပြီး လေးနက်တဲ့သူပဲ... သူက မိန်းကလေးတစ်ယောက်ရဲ့ နှုတ်ခမ်းကို လျှောက်ထိမှာမဟုတ်ဘူး.. ဒါကြောင့် သူက သေချာပေါက် ထန်ထန့်ကို ကြိုက်နေတာဖြစ်မယ်... ပြီးတော့လည်း ထန်ထန့် အလိုလိုသိစိတ်က ဘယ်တော့မှ မမှားနိုင်ဘူး... ဒါကြောင့် ဒီတစ်ကြိမ်လည်း မမှားနိုင်ဘူး..

နံပါတ်နှစ်လူသေးသေးလေး - အလိုလိုသိစိတ်ကို အားကိုးလို့မရဘူး... ကျိယန်က အရမ်းထူးချွန်တယ်.. သူက ထန်ထန့်ဆီ ဘယ်လိုလုပ် ကျရှုံးသွားနိုင်မှာလဲ... သူမက လှလည်းမလှဘူး... အရည်အချင်းကလည်း အားနည်းတယ်... သူမက ယောက်ျားတစ်ယေိာကို ဘယ်လိုဆွဲဆောင်နိုင်မှာလဲ..

နံပါတ်တစ်လေး - သူမက ဘာလို့ ယောက်ျားတစ်ယောက်ကို မဆွဲဆောင်နိုင်ရမှာလဲ... ထန်ထန်က ကျိယန်ကို ဒီလောက်တောင် ကောင်းကောင်း ဆက်ဆံတာ... ကျောက်တုံးတောင် အရည်ပျော်နိုင်တယ်...

နံပါတ်နှစ်လေး - အံ့သြစရာပဲ!.. မူလထန်ထန်က ဘယ်လောက်တောင် ဆိုးခဲ့လဲ မမှတ်မိတော့ဘူးလား... ကျိယန်က အတိတ်တွေအားလုံးကို မေ့ပစ်နိုင်မှာတဲ့လား.. မဖြစ်နိုင်ဘူး...

နံပါတ်တစ် - ဘာလို့မဖြစ်နိုင်ရမှာလဲ.. ပစ္စုပ္ပန်က အရေးကြီးဆုံးပဲ.. အတိတ်က ကိစ္စမရှိဘူး..

နံပါတ်နှစ် - မှားတယ်! အတိတ်က အရေးကြီးတယ်... ပထမဆုံးအမြင်ကို လွယ်လွယ်နဲ့ ပြောင်းလို့မရဘူး...

ထန်ထန်က သူမ ခေါင်းထဲမှ အငြင်းပွားမှုတွေကြောင်း မူးတောင် လဲတော့မလိုပဲ။ သူမက ခေါင်းကို ရိုက်ကာ ထိုလူသေးသေးလေးနှစ်ယောက်ကို မောင်းထုတ်လိုက်တယ်။ ထန်ထန်က ဆုံးဖြတ်ချက်မချခင် မျက်စိရှေ့က အခြေအနေကို စောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်တယ်။ လက်ရှိမှာ သက်သေမလုံလောက်သေးဘူး။ သူမက များများ ဆက်တွေးနေရင် အရမ်းရှက်နေရလိမ့်မယ်။ ဆက်ပြီးလေ့လာကြည့်တာက ပိုကောင်းလိမ့်မယ်။

ထန်ထန်က နက်နက်ရှိုင်းရှိုင်း တွေးတောနေစဉ် ကျိယန်က အလျင်မလိုခဲ့ဘူး။ သူက ထန်ထန် ထွက်လာတာကို စောင့်ရင်း စာအုပ်ကို တည်ငြိမ်စွာ ဖတ်နေတယ်။ ကံမကောင်းစွာဘဲ ကျိရှောင်ကျိုးက ပိုပြီး ဒုက္ခခံနေရတယ်။ အိပ်ချင်ယောင်ဆောင်နေရတာကတင် သူ့အတွက် တော်တော်ခက်ခဲနေပြီး ဖြစ်တယ်။ အခု သူ့မာမီက ပြန်မလာသေးဘဲ ပတ်ဝန်းကျင်က တိတ်ဆိတ်အေးချမ်းနေတယ်။ အိပ်ချင်ယောင်ဆောင်နေတဲ့ ကလေးတစ်ယောက်အတွက် တကယ် အိပ်ပျော်သွားဖို့ အကောင်းဆုံး အခြေအနေမျိုးပဲ။ အိပ်ချင်စိတ်က ကျိရှောင်ကျိုးကို ကြီးစိုးလာပြီး သူက အိပ်မက်နယ်မြေထဲ အမှန်တကယ် ဝင်ရောက်သွားချင်နေတော့တယ်။

ကျိရှောင်ကျိုးက အိပ်မပျော်သွားအောင် သူ့ကိုယ်သူ ဖိအားပေးနေပြီး ဘာတွေဖြစ်နေတယ်ဆိုတာ နားလည်နိုင်အောင် ကြိုးစားရှာဖွေဖို့ သူ့မာမီ ပြန်လာတာကို စောင့်ဆိုင်းနေခဲ့တယ်။

ငါးမိနစ်အကြာထိ ကျိရှောင်ကျိုး သည်းခံနေတယ်။

ဆယ်မိနစ်ကြာပြီးနောက် ကျိရှောင်ကျိုးက နှုတ်ခမ်းလေးများကို ကိုက်ပြီး သည်းခံနေတယ်။

ဆယ့်ငါးမိနစ်အကြာမှာ ကျိရှောင်ကျိုးက သူ့ကိုယ်သူ ဆွဲဆိတ်ပြီး တောင့်ခံနေပြန်တယ်။

မိနစ်နှစ်ဆယ်ကြာပြီးနောက်မှာတော့ ကျိရှောင်ကျိုးက ကျရှုံးသွားပြီး အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားတော့တယ်။

နောက်ဆုံး ထန်ထန် ရေချိုးခန်းက ထွက်လာတဲ့အခါမှာ ကျိရှောင်ကျိုးက ဟောက်တောင်ဟောက်နေပြီ ဖြစ်တယ်။ သူက ဝက်ကလေးလို အိပ်မောကျနေတယ်။ သူ့ကို အခုချိန် ရောင်းပစ်လိုက်ရင်တောင် သူ သိမှာမဟုတ်ဘူး။ ထန်ထန်က ရှေ့ကို ဆက်လျှောက်လာပြီး ကျိရှောင်ကျိုးဘေးမှာ လှဲလိုက်တယ်။ ပြီးတော့ သူမက ကျိယန်ကို ပုံမှန်အတိုင်း ပြောလိုက်တယ်။

"ယောက်ျား... ကျွန်မ အိပ်တော့မယ်။"

ကျိယန်က သူမကို တစ်ချက်လှမ်းကြည့်ပြီး 'အင်း' လို့ ပြောလိုက်တယ်။ အဲဒီနောက်မှာ မီးပိတ်လိုက်ပြီး အိပ်ဖို့ လှဲချလိုက်တယ်။

ထန်ထန်က မျက်လုံးများကို မှိတ်လိုက်တယ်။ သူမက စိတ်ထဲက သက်ပြင်းချလိုက်ပြီး အကြောင်းတချို့ကြောင့် စိတ်ပျက်သွားခဲ့တယ်။ သူက သူမကို ဒီည သူ့ဘေးမှာအိပ်ဖို့ မပြောခဲ့ဘူး။ သူမကပဲ အတွေးလွန်နေတာ ဖြစ်နိုင်လား။

စိတ်ပျက်လက်ပျက်ဖြစ်နေရင်းနဲ့ပဲ သူမက အိပ်မက်နယ်မြေထဲ ဝင်ရောက်သွားတယ်။

အဲဒီနောက်မှာ ကျိယန်က မျက်လုံးတွေကို ဖွင့်လိုက်တယ်။ သူက အိပ်ရာကနေထပြီး အခြားတစ်ဖက်ကို လျှောက်သွားခဲ့တယ်။ အဲဒီနောက် သူက သူမကို မင်းသမီးလေးလို ပွေ့ချီပြီး သူ့ဘေးမှာ ချကာ သူ့ရင်ခွင်ထဲ ဆွဲသွင်းလိုက်တယ်။ သူမကို နှစ်ညလောက် ထွေးပွေ့ပြီး အိပ်လိုက်ရတော့ သူက အဲဒီအထိအတွေ့ကို စွဲလမ်းလာတယ်။ သူက ဒီညလည်း အဲဒီလိုပဲ အတူတူအိပ်ချင်နေတယ်။

ထန်ထန်က သူမ အသယ်ခံရတာကို နည်းနည်းတောင် သတိမထားမိဘူး။ သူမက ကျိရှောင်ကျိုးနဲ့ အတူတူပဲ။ နှစ်ယောက်လုံးက သူတို့အိပ်နေချိန် ရောင်စားလိုက်ရင်တောင် သိကြမှာမဟုတ်ဘူး။ ထန်ထန်က သူ့ကိုတောင် ပွတ်သပ်လာသေးတယ်။

"အရူးလေး" ကျိယန်က တိုးသက်စွာ ပြောလိုက်တယ်။ အဲဒီနောက် သူက သူမမျက်လုံးတွေကို နမ်းပြီးတော့ မျက်လုံးမှိတ်လိုက်တယ်။

————————————

"အား...!!"

ထန်ထန်က အော်သံနဲ့အတူ ကုတင်က လှုပ်ယမ်းနေတာကြောင့် နိုးလာတယ်။ သူမက ကြောင်အအနဲ့ မျက်လုံးတွေကို ဖွင့်လိုက်တော့ စုတ်ဖွားလေးဖြစ်နေတဲ့ ဝတုတ်အသေးလေးက ကုတင်ပေါ် ခုန်နေတာ မြင်လိုက်ရတယ်။ သူ ခုန်နေတာကြောင့် အိပ်ရာက လှုပ်နေပြီး ထန်ထန့်ကို လှုပ်နှိုးလိုက်သလို ဖြစ်သွားတယ်။

"ဘာဖြစ်လို့လဲ ပေါင်ပေါင်..."

ကျိရှောင်ကျိုးက အချိန်မရွေးပေါက်ကွဲတော့မယ် ဗုံးကလေးလိုပဲ။ သူက ဒေါသတကြီး အော်ဟစ်လိုက်တယ်။

"မာမီ အရမ်းလွန်တာပဲ။ မနေ့ညကလည်း ဒယ်ဒီနဲ့အတူ အိပ်ပြန်ပြီလား။"

"အာ... မဟုတ်ပါဘူး... မာမီ မအိပ်ပါဘူး..."

သူမ မနေ့ညက တခြားတစ်ဖက်မှာ အိပ်ခဲ့တာလေ။ ကျိယန်က သူမကို သူဘေးမှာ အိပ်ဖို့ မမေးခဲ့ဘူး။

ကျိရှောင်ကျိုးက ခြေဆောင့်လိုက်ပြီး ပြောတယ်။ "အဲဒီလိုမဟုတ်ဘူး.. မာမီက သားရဲ့ ညာဘက်မှာ ရှိနေတာလေ.. ဘယ်ဘက်မှမဟုတ်တာ.. သား ဘယ်နဲ့ညာတော့ ခွဲတတ်ပါသေးတယ်နော်.."

"ဟမ်.." ထန်ထန်က သူမရဲ့ နေရာကို ကြည့်လိုက်ပြီး ရုတ်တရက် မျက်လုံးကျယ်လာတယ်။ ဘာကြောင့် ဒီလိုဖြစ်ရတာလဲ။ သူမ ညက ကျိရှောင်ကျိုးရဲ့ ဘယ်ဘက်မှာ အိပ်တာ သေချာပါတယ်။ ဘာလို့ သူ့ရဲ့ ညာဘက်ကို ရောက်သွားရတာလဲ။ ဒါက သူမဘာသာ သူမ လှိမ့်သွားတာတော့ မဖြစ်နိုင်ဘူးမလား။ ပြီးတော့ ကျိရှောင်ကျိုးက အတော်လေး ဝတာမို့ သူမက ဒီအသေးလေးကို ကျော်သွားဖို့ဆိုတာ မဖြစ်နိုင်ဘူး။

ကျိရှောင်ကျိုးက တော်တော်ဒေါသထွက်နေပြီး သူ့လက်လေးတွေနဲ့ ခေါင်းကို ထုလိုက်တယ်။ သူ မနေ့ညက အမှန်တရားကို ရှင်းရှင်းလင်းလင်း သိချင်ပေမယ့် ဘာလို့များ အိပ်ပျော်သွားရတာလဲ။ ဘာလို့များ သူ နည်းနည်းလေးတောင် ထပ်မကြိုးစားရတာလဲ။ ပေါင်ပေါင် အရမ်း ဒေါသထွက်နေပါတယ်နော်။

အသေးလေးဒေါသထွက်နေတာကို မြင်တော့ ထန်ထန်က အပြစ်ရှိစိတ်နဲ့ ခေါင်းကုတ်လိုက်မိတယ်။ သူမက ဘာတွေဖြစ်ခဲ့တာလဲဆိုတာ ခန့်မှန်းတာကနေ မရပ်တန့်နိုင်ခဲ့ဘူး။

ကျိရှောင်ကျိုးက သူ့မာမီ အပြစ်ရှိသလို ခံစားနေရတာကို မြင်တော့ ဒေါသထွက်လာပြီး ခြေဆောင့်လိုက်ပြန်တာမို့ အိပ်ရာက လှုပ်ခါသွားလေတယ်။

"မာမီနဲ့ ဒယ်ဒီက အရမ်းလွန်တာပဲ။ သားကိုကျ တစ်ယောက်တည်း တစ်ဖက်မှာ ပစ်ထားကြတယ်။"

"ပေါင်ပေါင် ထပ်မခုန်နဲ့တော့!"

သူသာ ထပ်ခုန်နေရင် ကုတင်က ကျိုးကျတော့မယ်။

သူမ အိပ်နေရတဲ့ ကုတင်လေးကို ကာကွယ်ဖို့ ထန်ထန်က အသေးလေးကို ဖက်ပြီး အနမ်းတွေ ပေးလိုက်တယ်။

"အခုတော်ပြီ... မာမီက တောင်းပန်ပါတယ်... ဒီလိုထပ်ဖြစ်တော့မှာ မဟုတ်ဘူး... မာမီက သားကို မွှေးမွှေးပေးမယ်လေနော်.."

ကျိရှောင်ကျိုးက အနမ်းခံရပြီးနောက် နည်းနည်း တည်ငြိမ်လာပေမယ့် သူက သူ့မိဘတွေ အိပ်နေချိန်မှာ အချင်းချင်း ဖက်ထားပြီး သူ့ကို ပစ်ထားတာကို မပျော်မရွှင် ဖြစ်နေဆဲပဲ။ အရင်တုန်းကဆို သူ့မာမီက သူ့ကိုပဲ ဖက်ထားခဲ့တာ။

ကျိရှောင်ကျိုးက အားကောင်းလှတဲ့ စိတ်မကျေနပ်မှုကို ခံစားနေရတယ်။

"မာမီက အခု အိပ်နေရင် သားကို ပစ်ထားပြီး ဒယ်ဒီကိုပဲ ဖက်တော့မှာလား.."

ဒါက ကျိရှောင်ကျိုးမလိုချင်တဲ့ ဝမ်းနည်းစရာ ကိစ္စပဲ ဖြစ်တယ်။

ထန်ထန်က ကလေးရဲ့စကားကြောင့် ရှက်ရွံ့သလို ခံစားလိုက်ရတယ်။ သူမက လက်ကို ယမ်းပြီး သူမရဲ့ သဘောထားကို ရှင်းပြလိုက်တယ်။

"မဟုတ်ဘူး... အခုကစပြီး မာမီ အိပ်ရင် ပေါင်ပေါင့်ကိုပဲ ဖက်အိပ်ပါ့မယ်.. မနေ့ညက မတော်တဆပါ.. အခုကစပြီး မာမီအိပ်နေရင်း လျှောက်မလှိမ့်တော့ပါဘူး..."

ကျိရှောင်ကျိုးက နည်းနည်း စိတ်လျှော့လိုက်တယ်။ ဒါပေမယ့် သူက လုံးဝ စိတ်ချသေးတာတော့ မဟုတ်ဘူး။

"ဒါပေမယ့် အိပ်နေတုန်း ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှမသိဘူးလေ.. မာမီက ဒယ်ဒီဆီ နောက်တစ်ခါ ထပ်လှိမ့်သွားရင် ဘယ်လိုလုပ်မလဲ..."

"အာ.. ဒါဆို မာမီတို့ ဘာလုပ်သင့်တယ်လို့ သား ထင်လဲ..."

ထန်ထန်က သူမအိပ်နေတဲ့အခါ ဘယ်လိုလုပ်မိမလဲ အာမမခံနိုင်ဘူး။ သူမက ဘာလို့ အခုတလော ကျိယန်ရဲ့ ရင်ခွင်ထဲပဲ ရောက်ရောက်သွားနေလဲ မသိဘူး။ ဒါပေမယ့် ထန်ထန်က မနေ့ညမှာ ကျိယန်ကြောင့် နေရာရွှေ့သွားရတာ ဖြစ်နိုင်တယ်။ အဲဒါအပြင် ထန်ထန်က ဘယ်လိုဖြစ်နိုင်ချေကိုမှ မတွေးနိုင်ဘူး။ အဆုံးမှာတော့ သူမက အိပ်နေရင်း လမ်းလျှောက်သွားတာတို့.. ကျိရှောင်ကျိုးက သူမကို ရွှေ့လိုက်တာတို့ကတော့ မဖြစ်နိုင်ဘူးလေ။

ကျိရှောင်ကျိုးက သုံးစက္ကန့်လောက် ကြာအောင် စဉ်းစားနေပြီးနောက် အကြံကောင်းရလာတယ်။

"သားမှာ အကြံရှိတယ်.. သားတို့ တခြားအခန်းမှာ သွားအိပ်ပြီး ဒယ်ဒီ့ကို ဒီအခန်းထဲမှာ တစ်ယောက်တည်း အိပ်ခိုင်းလိုက်မယ်လေ.. ဒါက အလုပ်ဖြစ်လိမ့်မယ်..."

ထန်ထန် - "....."

ကိုယ့်ဒယ်ဒီကိုယ် ဒီလောက်တောင် မုန်းတာလား။ မင်း ဒယ်ဒီသာ ဒီအကြောင်း သိသွားရင် အရိုက်ခံရမှာ မကြောက်ဘူးလား။

အသေးလေး အရိုက်ခံရတာကနေ ရှောင်ရှားဖို့ ထန်ထန်က ပြန်ဖြေလိုက်တယ်။

"ဒီကိစ္စမှာ မာမီက ဆုံးဖြတ်ချက်မချနိုင်ဘူးလေ... သား ဒယ်ဒီကပဲ ဆုံးဖြတ်ချက်ချနိုင်တာ.. တော်ကြာ သားဒယ်ဒီက ဒေါသထွက်ပြီး မာမီ့ကို ရိုက်မှာ ကြောက်တယ်.. သားလည်း သား ဒယ်ဒီ ဘယ်လောက် သန်မာလဲသိတာပဲ ဟုတ်တယ်မလား.."

သူမက အသေးလေး ကျိယန်ကို ကြောက်တဲ့စိတ်အား အသုံးချလိုက်တယ်။ တောင်းပန်ပါတယ်.. ယောက်ျားရေ..

ကျိရှောင်ကျိုးက သူ့ဒယ်ဒီရဲ့ ခွန်အားကို သတိရသွားပြီး သူ့ဒယ်ဒီ သူ့တင်ပါးလေးကို ရိုက်တဲ့အချိန် ခံစားရတဲ့ နာကျင်မှုကို တွေးမိတဲ့အခါ ညှိုးခြောက်သွားတဲ့ အပင်ငယ်လေးလို ဖြစ်လာတယ်။ ဒါပေမယ့် မကြာခင်မှာပဲ ပြန်တက်ကြွလာပြန်တယ်။ သူက ယောက်ျားပီသစွာနဲ့ သူ့ရင်ဘတ်သူပုတ်ပြီး ပြောလိုက်တယ်။

"စိတ်မပူနဲ့ မာမီ... သားက ဒယ်ဒီ့ကို စည်းရုံးလိုက်မယ်.. ဒယ်ဒီ မာမီ့ကို ရိုက်မှာ သား ဘယ်တော့မှ ခွင့်မပြုဘူး..."

"ဟားဟား..." ထန်ထန်က နူးညံ့စွာ ရယ်လိုက်တယ်။ အရိုက်ခံရမယ့်သူက အသေးလေးဖြစ်ပြီး ကျိန်းသေ သူမ မဟုတ်ဘူးလို့ တွေးလိုက်တယ်။ အသေးလေးရဲ့ ဖြောင်းဖျမှုကို သူ့ ဒယ်ဒီက နားထောင်မှာ မဟုတ်ဘူးလို့ သူမ ယုံကြည်နေတယ်။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းရင်းကို တွေးမိတဲ့အခါ ထန်ထန့်မျက်နှာက ပူနွေးလာတော့တယ်။ ဒီအတိုင်းတော့ ဆက်မသွားနေနိုင်ဘူး။

ထန်ထန်က ဒီနေ့ည ကျိယန်နဲ့ သူ့ရည်ရွယ်ချက်အကြောင်း သေချာပေါက် ပြောရမယ်။ သူမက သူ့ရည်ရွယ်ချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်အောင် မေးရမယ်။ သူမက ဘာကိုမှ ဆင်ခြေပေးပြီး ဆက်မငြင်းဆန်နိုင်တော့ဘူး။ သူက သူမနဲ့ ပတ်သတ်ပြီး ဘာမှမခံစားရဘူးဆိုရင် ဘာလို့ သူမကို ပွေ့ချီသွားပြီး ဖက်အိပ်ရတာလဲ။ သူ့ဦးနှောက်မှာ ပြဿနာတစ်ခုခုရှိနေတာနဲ့တော့ မတူပါဘူး။

အစတုန်းက သူမ စီစဉ်ထားတာ နားလည်မှုလွဲတာကနေ ဘယ်လို ကိုးယို့ကားယား နိုင်မှုမှ ဖြစ်မလာအောင် ရက်နည်းနည်းလောက် ဆက်လေ့လာကြည့်မလို့ပဲ။ ဒါပေမယ့် အခုတော့ သူမ အစီအစဉ် ပြောင်းလိုက်ပြီ။ သူမက တွေဝေမနေချင်တော့တာကြောင့် အစပြုပြီး မေးလိုက်တော့မယ်။ မေးလိုက်တာတော့ အရှုံးမရှိပါဘူး။ တကယ်လို့ သူမ အတွေးလွန်နေတာဆိုရင်လည်း ရက်နည်းနည်းလောက် အရှက်ရနေရုံလေးပါပဲ။ ဒါက ရှက်စရာဆိုပေမယ့် အသက်တော့ မသေပါဘူးလေ။ ကြီးကြီးမားမား ကိစ္စမှ မဟုတ်တာ။

ဒီလိုပဲ ဆုံးဖြတ်လိုက်ပြီ။ ကံကောင်းပါစေ ထန်ထန်ရေ...

ရလဒ်အနေနဲ့ ညနေတံခါးခေါက်သံကြားတဲ့အခါ ထန်ထန်က ကျိယန် ပြန်လာတယ်လို့ ယူဆလိုက်တယ်။ သူမက အသက်ပြင်းပြင်းရှူပြီး စိတ်ကို ပြင်ဆင်လိုက်တယ်။ ရဲရင့်တဲ့ စစ်သားတစ်ယောက်လို သူမက တံခါးကို ဆွဲဖွင့်ပြီး နှုတ်ဆက်ဖို့ ပြင်လိုက်တယ်။ "ယောက်....."

စကားလုံးတွေက သူမ လည်ချောင်းထဲ ပြန်ဝင်သွားတယ်။

"ရှင်ကိုး...."

Xxxxxx

part 53

အပြင်မှာရပ်နေတဲ့သူက ကုယန်ရန်ပဲဖြစ်တယ်။သူမက နေကာမျက်မှန်အကြီးကြီးကို ဝတ်ဆင်ထားသောကြောင့်အမူအရာကိုတော့ရှင်းရှင်းလင်းလင်းမမြင်ရဘူး။

ထန်ထန် မျက်ခုံးပင့်လိုက်ပြီး မကျေမနပ်မေးလိုက်တယ်။

"ရှင်ဒီမှာဘာလာလုပ်နေတာလဲ..."

ကုယန်ရန်ကထန်ထန်၏အပြုအမူကို စိတ်ထဲမထားသလိုမျိုး သရုပ်ဆောင်လိုက်ပြီးနောက် သူမတို့နှစ်ယောက်ကြားမှာ ဘာမှမဖြစ်ထားသလိုမျိုး အပြုံးဖျော့ဖျော့လေးဖြင့်ပြောလိုက်တယ်။

"ဘာဖြစ်လို့လဲ...ရှင်က ကျွန်မကိုအထဲမခေါ်တော့ဘူးလား...ရှင်ဧည့်သည်ကိုဘယ်လိုများဆက်ဆံနေတာပါလိမ့်..."

ထန်ထန်က စိတ်သဘောထားကောင်းမွန်တာ ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်ခြားတစ်ယောက် အနိုင်ကျင့်ခြင်းကိုခံမယ်လို့မဆိုလိုဘူး။ပြီးတော့ ပထမတစ်ကြိမ် သူတို့ ကြားထဲ၌ ကတောက်ကစလည်းဖြစ်ထားသောကြောင့် ယခု သူမကိုအိမ်ထဲမဖိတ်ခေါ်ချင်တော့ဘူး။

"စိတ်မကောင်းပါဘူး ကျွန်မ အိမ်က ရှင့်ကိုမကြိုဆိုဘူး..."

"အိုး..."

ကုယန်ရန်၏အပြုံးက အဓိပ္ပါယ် အပြည့်ဖြစ်သွားပြီး

"ဒါက ရှင့်အိမ်ဆိုတာကော သေချာရဲ့လား..."

"ရှင်ဘာကိုဆိုလိုချင်တာလဲ...ဒီအိမ်က ကျွန်မအိမ်မဟုတ်လို့ရှင့်အိမ်လား..."

"ကျွန်မပြောတာ ဘာအဓိပ္ပါယ်လဲ ဆိုတာရှင်မသိဘူးလား...ရှင်က ဒီအိမ်ရဲ့ပိုင်ရှင် ဟုတ်မဟုတ်ဆိုတာက သေသေချာချာသိသင့်တယ်ထင်ပါတယ်..."

ရုတ်တရက် ထန်ထန် နှလုံးခုန်များမြန်ဆန်သွားပြီး မျက်ဝန်းများစုကြုံ့သွားတယ်။ကုယန်ရန်ရဲ့ပြောစကားအရ သူမ တစ်ခုခုကိုသိထားပြီထင်တယ်။ဒါပင်မယ့်လည်း ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။

ထန်ထန်၏တုန်ပြန်မှု ကိုကြည့်ပြီးကုယန်ရန် တံခါးကို လက်လှမ်းလိုက်တယ်။

"ရှင်...အခုထိကျွန်မကို မဖိတ်ခေါ်သေးဘူးလား..."

ထန်ထန်က သံသယများနဲ့ပြည့်နှက်နေတာကြောင့် သူမ၏ ဆုတ်ကိုင်မှုကလျော့ရဲသွားပြီး တံခါးကပွင့်သွားလေတယ်။

ကုယန်ရန် အခန်းထဲကို ဝေ့ဝဲကြည့်လိုက်တာနဲ့ ကော်ဖီစားပွဲပေါ်မှာ ပုံစံငယ်တစ်ခုကိုဆောက်နေတဲ့ ကျိရှောင်ကျိုးနဲ့ဝမ်နောင်ကိုတွေ့လိုက်ရတယ်။သူမ အပြုံးလေးနဲ့ ထိုကလေးနှစ်ယောက်နားသို့လျှောက်သွားလိုက်ပြီး

"ရှောင်ကျိုး သူငယ်ချင်းနဲ့အတူဆော့နေတာလား..."

ကျိရှောင်ကျိုးကသူမကိုတွေ့တာနဲ့ နှုတ်ဆက်လိုက်တယ်။

"အန်တီယန်ယန် သားတို့ဆီလာလည်တာလား..."

"ဟုတ်တာပေါ့...အန်တီက ရှောင်ကျိုး လေးကိုလာကြည့်တာ..."

ကုယန်ရန်က ရှောင်ကျိုး လေး၏ခေါင်းကို ခပ်ဖွဖွလေး ပွတ်သပ်၍ဖြေလိုက်တယ်။

ရှောင်ကျိုးကလည်း သူမနှင့်အရမ်းရင်းနှီးနေတာကြောင့်မငြင်းပယ်လိုက်ဘူး။

ထိုမြင်ကွင်းကိုမြင်လိုက်ရတဲ့ ထန်ထန်တစ်ယောက် မျက်နှာက ရုပ်ဆိုးသွားတော့တယ်။ဒီနေ့ ကုယန်ရန်ဘာကြောင့်လာသည်ကို သူမမသိသော်လည်း သူမနှလုံးသားထဲ၌ မလွယ်ကူမှုကိုခံစားနေရလေတယ်။သူမ၏မသိစိတ်အရ ဒီနေ့ မကောင်းတာတစ်ခုခုဖြစ်တော့မည်ဟုခံစားမိနေတယ်။ထန်ထန် သူမနှလုံးသားထဲက စိတ်ခံစားချက်များကို ဖိနှိပ်လိုက်ရင်းပြောလိုက်တယ်။

"ရှင်...ဒီနေ့ဘာအတွက်လာတာလဲ...ရှင့်မှာပြောစရာရှိတယ်ဆိုရင်လည်းအခုပဲပြောလိုက်တော့..."

"အလျှင်မလိုပါနဲ့ ကျိယန် မှပြန်မလာသေးတာ။သူပြန်လာမှပြောရင်လည်းနောက်မကျသေးပါဘူး..."

ကုယန်ရန်က ကလေးများ၏ဘေး၌ ခြေချိတ်ထိုင်လိုက်ပြီး ပုံစံငယ်လေးကို စတင်၍ဝင်ဆောက်လိုက်တယ်။သူမ၏သက်တောင့်သက်သာအမူအရာများက ထန်ထန်နှင့်ဆန့်ကျင်ဘက်ဖြစ်လို့နေတယ်။ထန်ထန် နှုတ်ခမ်းတင်းတင်းစေ့လိုက်မိတယ်။ကုယန်ရန်၏ ရည်ရွယ်ချက်များကိုမသိသေးသော်လည်း သူမရွေးချယ်စရာမရှိစွာ  မီးဖိုချောင်ထဲသို့ဝင်သွားပြီးညနေစာသာ ပြင်လိုက်တော့တယ်။

မကြာခင်မှာပင် ကျိယန်ပြန်ရောက်လာပြီးအိမ်ထဲဝင်လိုက်သည်နှင့်ဆူညံသံများကို ကြားလိုက်ရတယ်။"ထန်ထန်တစ်ယောက် အငြိမ်မနေနိုင်ဘဲ ချက်ပြုတ်နေပြန်ပြီဟု့ တွေးလိုက်မိပြီး သူကူကယ်ရာမဲ့စွာပြုံးလိုက်မိတယ်။"ထို့နောက် သူ မီးဖိုချောင်ဘက်သို့ လှမ်းသွားလိုက်သည်နှင့် ပိန်ပါးသောပုံရိပ်လေးကို တွေ့လိုက်ရပြီး မွှေးရနံ့များကိုလည်းရလိုက်တယ်။

"အလုပ်တွေအများကြီးမလုပ်နေပါနဲ့လို့ကိုယ်...မပြောခဲ့ဘူးလား ဘာကြောင့်ကိုယ့်စကားကိုနားမထောင်ရပြန်တာလဲ..."

သို့သော်လည်း ထန်ထန်က သူ့၏ စကားကိုမကြားသလိုမျိုးဆက်၍ချက်ပြုတ်နေပြီးအနောက်ကို လှည့်မကြည့်ဘူး ။ကျိယန် ဇဝေဇဝါဖြင့်သူမ၏ခါးလေးကို ကိုင်ပြီးထပ်ခေါ်လိုက်မိတော့တယ်။

"ထန်ထန်"

"အာ..."

ထန်ထန်ထိတ်လန့်သွားပြီး လက်ထဲမှဓားပင်လွတ်ကျတော့မလိုဖြစ်သွားတယ်။ကံကောင်းစွာဖြင့် ကျိယန်ကအလျှင်အမြန်ပဲထိန်းလိုက်နိုင်တယ်။ဒီလိုမှမဟုတ်လျင် သူမ အရမ်းကို အန္တရာယ်များသွားမှာပင်။ကျိယန် မျက်မှောင်ကျုတ်လိုက်ပြီးဓားကိုဘေး၌ချကာ သူမကိုမီးဖိုအနားမှဆွဲခေါ်လိုက်တယ်။

&ဘာဖြစ်လို့လဲ...တစ်နေရာရာကများမသက်မသာခံစားနေရလို့လား..."

ကျိယန် ပြန်ရောက်လာတာကိုတွေ့လိုက်တာနဲ့ထန်ထန် စိတ်သက်သာရာရစွာဖြင့်သက်ပြင်းချလိုက်တော့တယ်။သူမခေါင်းအသာခါရမ်း၍ဖြေလိုက်တယ်။

"ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်...အဲ့တာက...ကုယန်ရန်ရောက်နေတယ်။"

သူမအပြင်ကိုညွှန်ပြလိုက်တယ်။ကျိယန် ခဏမျှ ငြိမ်သက်သွားပြီး အပြင်ဘက်ကိုလှည့်ကြည့်လိုက်တယ်။သူမျှော်လင့်ထားသည့်အတိုင်းပဲကုယန်ရန်ကမတ်တပ်ရပ်၍သူ့ကိုပြုံးပြနေတယ်။သူမက ကလေးတွေနှင့်ကြမ်းပြင်ပေါ်တွင်ထိုင်၍ဆော့နေခဲ့သောကြောင့်သူမကို သတိမပြုမိချင်းသာဖြစ်တယ်။ကျိယန် နှုတ်ခမ်းတင်းတင်းဆေ့လိုက်ပြီး ထန်ထန်၏လက်ကိုဆွဲ၌ ဧည့်ခန်းထဲသို့လျှောက်လာလိုက်ခါမေးလိုက်တယ်။

"ဘာလာလုပ်တာလဲ။"

ကျိယန်၏အသံကအေးစက်နေတယ်။သူမကိုထိုကဲ့သို့တစ်ခါမှမဆက်ဆံခဲ့ဘူးသောကြောင့် ကုယန်ရန်၏မျက်ဝန်းထဲ နာကျင်သည့်အရိပ်ယောင်လေးဖြတ်ပြေးသွားတော့တယ်။သူအ၏ဝမ်းနည်းမှု့များကို ဖိနှိပ် လိုက်ပြီး ဟန်လုပ်၍ပြုံးကာ

"အစ်ကို ကျိ ကျွန်မ ထင်တာတော့လေ ကျွန်မတို့ကြားမှာနားလည်မှု့လွဲနေတာများရှိနေတယ်ထင်တယ်။ဒါပင်မယ့်လေ အစ်ကိုက ကျွန်မရဲ့ ဖုန်းcallတွေကိုလည်းမကိုင်တဲ့အပြင် ကျွန်မကိုလာရှာခွင့်လည်းမပြုဘူးလေ။ဒါကြောင့်မို့လို့ ဒီနေ့. ဒီနေရာကိုပဲလာ လိုက်ရတာပါ။အကိုကျိယန် ကျွန်မရှင်းပြတာလေးနားထောင်ပေးလို့ရမလား..."

ကျိယန်၏မျက်နှာအမူအရာကလုံးဝပြောင်းလဲမသွားပဲ

" ငါတို့ကြားမှာနားလည်မှု့လွဲမှားတာမရှိသလိုဘာမှရှင်းပြစရာလည်းမရှိဘူး။မင်းရဲ့အစ်ကိုကမင်းကိုပြောသင့်တာတွေအားလုံးပြောပြီးပြီလို့ထင်တယ်။သူ့သဘောက ငါ့သဘောနဲ့အတူတူပဲ...မင်းက အရမ်းပဲစမတ်ကျတဲ့သူပါ...အခုကနေစပြီး မင်းရှေ့လျှောက်ဘာလုပ်ရမလဲဆိုတာကိုသိသင့်ပြီ...."

ကုယန်ရန်၏ အပြုံးဖျော့ဖျော့ကပျောက်ကွယ်သွားတော့တယ်။သူမ အသက်ပြင်းပြင်းလိုက်ရှူပြီး ဆက်ပြောလိုက်တယ်။

"အစ်ကိုကျိယန် ကျွန်မ ဘယ်သူ့ကိုမှမနှောက်ယှက်ပါဘူး...တစ်ကယ်လို့ အစ်ကိုသာပျော်နေမယ်ဆိုရင် ကျွန်မကဝင်ပါတော့မှာမဟုတ်ဘူး...ဒါပင်မယ့်လည်း အစ်ကိုကိုအလိမ်အညာတွေနဲ့ မနေစေချင်ဘူး..."

အခန်းထဲ၌ရှိနေသူအားလုံး သူမပြောသည့်အဓိပ္ပါယ်ကိုနားမလည်ကြဘူး ထန်ထန်က သူမ ဘာများလိမ်မိလဲဟု့မေးမည့်အချိန်မှာပင် ကျိယန် သူမလက်ကိုဆွဲလိုက်တယ်။

"ကုယန်ရန် တစ်ယောက်ယောက် ကငါ့ကိုလိမ်သလားမလိမ်သလားဆိုတာကိုငါပြောနိုင်တယ်...နင်ငါ့အတွက်ပူနေစရာမလိုဘူး..."

"အစ်ကိုကျိယန်..."

ကျိယန်က သူမ သူ့ကိုကြိုက်နှစ်သက်နေသည်ကိုသိသွားပြီးနောက် ထို့ကဲ့သို့သာအေးစက်စွာဆက်ဆံပြောဆိုလာလိမ့်မယ်လို့သူမလုံးဝမထင်ထားခဲ့မိဘူး။အရင်တုန်းကသူ သူမကိုကောင်းကောင်းဆက်ဆံခဲ့တာပဲလေ။အခုကျမှ ဘာလို့ ဒီလိုတွေ လုပ်နေရတာလဲ ကုယန်ရန်၏ မျက်နှာပေါ်တွင်အပြုံးလုံးဝမကျန်တော့ပေ။သူမ မထိန်းနိုင်တော့ဘဲ ထန်ထန်ကို အေးစက်စွာနဲ့ကြည့်လိုက်တယ်။ဒါတွေအားလုံးက သူမကြောင့်ပဲ။

အစထဲက ဒေါသထွက်နေပြီဖြစ်တဲ့ ထန်ထန်လည်း ကုယန်ရန်ကစူးစူးရဲရဲလာကြည့်တာကြောင့် ပြန်၍စိုက်ကြည့်ပေးလိုက်တယ်။သူမတစ်ကယ့်ကိုပဲ အကြည့်နဲ့ကိုသေစေချင်နေတယ်။

သူ့ဇနီးလေး၏ဒေါသထွက်နေပုံကိုမြင်ပြီးနောက် ကျိယန် ပြုံးလိုက်ပြီးသူမလက်ကိုဆွဲ၍ပြောလိုက်တယ်။

"ဟုတ်ပါပြီ သွား ရှောင်ကျိုးနဲ့ဝမ်နောင်ကိုခေါ်ပြီးတော့... အခန်းထဲမှာသွားဆော့နေလိုက်..."

သူမနှင့်ကလေးတွေကိုဝင်မပါစေချင်မှန်း ထန်ထန် သိလိုက်တယ်။သူ ကုယန်ရန်ကိုတစ်ချက်စူးခနဲကြည့်လိုက်ပြီး ကလေးများကိုခေါ်ကာအခန်းထဲသို့ဝင်သွားလိုက်သည်။သို့သော်လည်း သူမကလေးတွေနဲ့ဆော့မနေဘဲ ကျိယန်ဘေးသို့ အမြန်ပြန်လာလိုက်တယ်။ကိစ္စတွေကသူမနဲ့သက်ဆိုင်နေတယ်ဆိုမှတော့ ဆိုးတဲ့အရာတွေ ဖြစ်လာမယ်ဆိုရင်တောင် ရင်ဆိုင်ရမယ်မဟုတ်လား။

ကျိယန်ကလည်း သူမ၏ အပြုအမူကိုသဘောတူသည့်ပုံမျိုးဖြင့် တစ်ချက်ကြည့်လိုက်တယ်။

သူတို့နှစ်ယောက်သား စကားလုံးများမလိုဘဲဆက်သွယ်နေသည့်ပုံကိုကြည့်ပြီး ကုယန်ရန်တစ်ယောက် ဓားထိုးခံရသလိုပင် ခံစားလိုက်ရတယ်။သူမဒေါသတစ်ကြီးအိတ်ထဲမှဖိုင်တစ်ခုကိုထုတ်လိုက်ပြီး စားပွဲပေါ်တင်လိုက်တယ်။

"အစ်ကိုကျိယန် ကျွန်မ မှာဘာသက်သေမှမရှိဘဲပြောနေမယ်ဆိုရင်အစ်ကိုယုံနေမှာမဟုတ်မှန်းသိတယ်။ဒါတွေကိုကြည့်ကြည့်လိုက်...ဒါကိုကြည့်လိုက်တာနဲ့ကျွန်မပြောနေတဲ့အကြောင်းအရာတွေကိုသဘောပေါက်သွားလိမ့်မယ်...သူကအစ်ကို ကိုလ်ိမ်နေတာ..."
ထန်ထန်၏နှလုံးခုန်နှုန်းများမြန်သွားပြန်တယ်။သူမ မည်သည့်အကြောင်းအရာမှ ဘာမှမသိသည့် ဒီဖိုင်ကိုတစ်ချက်ကြည့်လိုက်ပြီးစတင်စိုးရိမ်ပူပန်လာတော့တယ်။

သို့သော်လည်းကျိယန်ကမူ ထိုဖိုင်များကိုတစ်ချက်ပင်စောင်မကြည့်ဘဲ အေးစက်စွာ နဲ့ပြောလိုက်တယ်။

"ကုယန်ရန် မင်းအစ်ကိုနဲ့ငါနဲ့က တစ်ကယ့်ကို ညီအစ်ကိုကောင်းတွေ မင်းကိုလည်းငါက ညီမလေးတစ်ယောက် လိုပဲမြင်တယ်။ထန်ထန်အပါအဝင် ငါတို့ရဲ့ ပတ်သတ်မှုတွေကြားထဲမှာ နင်လွန်လွန်ကြူးကြူးတွေလုပ်မလာဖို့ မျှော်လင့်မိတယ်။ဒီလိုမှမဟုတ်ဘူးဆိုရင်တော့ ငါ့တို့အခုကစပြီး သူစိမ်းတွေ ဖြစ်ကြဖို့ပဲ..."

ကျိယန်၏စကားများက သူမကိုအရမ်းဝမ်းနည်းသွားစေပြီး မျက်ဝန်းများပင်နီလာတော့တယ်။

"အစ်ကိုကျိယန် ရှင်...ကျွန်မအတွက်ခံစားချက်မရှိဘူးဆိုရင်တောင်မှ ကျွန်မ ရဲ့ခံစားချက်တွေကိုတော့တားလို့မရဘူးလေ...ကျွန်မတို့တစ်ယောက်နဲ့တစ်ယောက် နှစ်တွေအကြာကြီး သိကျွမ်းလာခဲ့တာ ကျွန်မ အစ်ကို့ကိုနာကျင်အောင်မလုပ်ပါဘူး...ပြီးတော့ သူမကိုလည်းထိခိုက်နစ်နာအောင်မလုပ်ဘူး...ကျွန်မ သက်သေတွေ ရှာတွေ့ခဲ့တယ်။အဲ့ဒီသက်သေအားလုံးက အစ်ကို့ဘေးနားကလူက ထန်ထန်မဟုတ်ဘူးဆိုတာကိုသက်သေပြနေတယ်...သူမကအတုပဲ..."

သူမ၏ နောက်ဆုံးစကားက ထန်ထန် နှလုံးသားထဲဗုံးဖောက်ခွဲလိုက်သလိုမျိုး သူမမျက်နှာဖြူဖျော့သွားတော့တယ်။သူမ၏စိတ်ထဲ၌ သူနောက်ဆုံး၌သူမက အတုအယောင်ဖြစ်ကြောင်းရှာတွေ့သွားပြီဆိုတဲ့ အတွေးလေးတစ်ခုသာရှိတော့တယ်။

ကုယန်ရန်၏စကားကြောင့် ကျိယန် ၏အမူအရာကနှစ်မြုပ်သွားပြီး သူ့၏ အကြည့်များက ပို၍အေးစက်လာတယ်။

အလွန်အမင်းအေးစက် လွန်းနေတာကြောင့် ကုယန်ရန် တုန်ယင်သွားသော်လည်းသူမသတ္တိများကိုစုပြီးဆက်ပြောလိုက်တယ်။

"အစ်ကို ကျိယန် အစောပိုင်းတုန်းက သူမှတ်ဥာဏ်ဆုံးရှုံးသွားရတယ်ပြောခဲ့တယ်မဟုတ်လား...ဒါပင်မယ့် ဆေးရုံမှတ်တမ်းထဲမှာတော့ ...သူမမှာဒဏ်ရာအနည်းငယ်သာရတယ်လို့ဖော် ပြထားတယ်...ပြီးတော့လည်းသူဒဏ်ရာရထားတာကခေါင်းမဟုတ်ဘူးလေ ဘယ်လိုလုပ်ပြီး တော့အတိတ်မေ့မှာလဲ..."

"ပြီးတော့ လည်းမှတ်ဥာဏ်ပျောက်တဲ့ လူတွေကသူတို့ရဲ့အကျင့်စရိုက်ကအရင်ကတိုင်းပဲ...ပြောင်းလဲတယ်ဆိုရင်တောင်နည်းနည်းပဲပြောင်းလဲကြတာ...ဒါပင်မယ့် သူမကတော့လုံးဝကိုပြောင်းလဲသွားတာ...အစ်ကိုလည်းဒါကိုသတိထားမိသွားမယ်လို့ထင်ပါတယ်...သူမက လုံးဝကို တစ်ခြားတစ်ယောက်ပဲ..."

ကျိရန်နှင့်ထန်ထန်တို့နှစ်ယောက်မတုန့်ပြန်ဘဲတိတ်ဆိတ်နေကြလေတယ်။

ကုယန်ရန်ဆက်ပြောလိုက်တယ်

"သူမက အတိတ်မေ့ချင်ယောင်ဆောင်ပြီး အစ်ကို့ကိုလှည့်စားနေတယ်ထင်တာကြောင့် သူ့ကိုတိတ်တိတ်လေးလိုက်ပြီးစုံစမ်းနေခဲ့မိတယ်...ဒါပင်မယ့်နောက်ဆုံးမှာတော့ အရမ်းအံ့ဩစရာကောင်းတဲ့သတင်းတစ်ခုကိုတွေ့လိုက်ရတာပဲ...သူမက မှတ်ဥာဏ် ပျောက်ဆုံးနေတယ်လို့ လိမ်ရုံလေးပဲမဟုတ်ဘူး...သူမက လုံးဝကို ထန်ထန်မဟုတ်တဲ့အတုပဲ..."

ကုယန်ရန် ကစကားပြောနေရင်းဖြင့်ဖိုင်ကို ဖွင့်လိုက်ပြီး စာရွက် စာတမ်းများကို ကျိယန်၏မျက်လုံးရှေ့သို့ ထိုးပေးလိုက်တယ်။

"အစ်ကိုကျိယန် ဒီမှာကြည့်လိုက် အရင်တုန်းက ထန်ထန်ကမုန့်အချိုတွေကိုဘယ်လိုလုပ်ရမယ်ဆိုတာကိုမသိဘူး။သူမလုံးဝသင်လည်းမသင်ခဲ့ဘူးဖူး။ဒါပင်မယ့် သူမကတော့ကောင်းကောင်းကြီးလုပ်တတ်နေတယ်။ဒါကတော့သူမ အခုပဲသင်လို့ရတာလို့ပြောလို့ရသေးတယ်။ဒါပင်မယ့်မမေ့လိုက်နဲ့ဦးနော်။အစ်ကို ကျိုးကျီတို့နဲ့ဆုံတဲ့အချိန်တုန်းက သူမ လက်ဖက်ရည်ဖျော်တာကအစ်ကိုကျိုးကျီထက်တောင်ကောင်းနေသေးတယ်လေ...မှတ်ဥာဏ်ပျောက်ဆုံးတာက တစ်စုံတစ်ယောက်ရဲ့စွမ်းဆောင်ရည်တွေကိုတိုးတက်လာနိုင်လို့လား..."

ထန်ထန်၏လက်များအနည်းတုန်ယင်လာတယ်။ရာသီဥတုကမပူသော်လည်း သူမ၏နောက်ကြော၌ချွေးများစိုရွှဲနေလေပြီ။အရင်က သူမ၏ အပြုအမူများ ကိုမထိန်းခဲ့တဲ့အတွက်သာနောင်တရနေမိတော့တယ်။တစ်ယောက်ယောက်ကသာသံသယဝင်မို့အခွင့်အရေးကိုပေးလိုက်မိတာပဲ။

သူမရဲ့ပုံမှန်မဟုတ်တဲ့အမူအရာကိုကျိယန်သတိပြုမိလိုက်ပြီး သူ့၏ မျက်နှာမည်းမှောင်သွားကာ သူမ၏လက်ကိုတင်းတင်းဆုတ်ကိုင်ပေးလိုက်တယ်။ထိုအခိုက်အတန်လေးမှာထန်ထန်တစ်ယောက် ကျိယန် ကိုမော့ကြည့်လိုက်ချင်သော်လည်း သူ့မျက်ဝန်းထဲ၌သံသယများတွေ့ရမည်ကိုကြောက်ရွှံပြီး ခေါင်းမမော့ဝင့်တော့ပေ။

ကျိယန် ထန်ထန်လက်ကိုဆုတ်ကိုင်ပေးထားသည်ကိုတွေ့လိုက်သည့်ခဏ၌ သူမ၏ စကားများကို မယုံကြည်သေးဘူးဟု့ကုယန်ရန်ထင်လိုက်မိတယ်။
ဒါကြောင့် သူမရဲ့နောက်ဆုံးကတ်ကိုထုတ်လိုက်တော့တယ်။

"အစ်ကိုကျိယန် ကျွန်မအခုပြောတာတွေက မလုံလောက်သေးဘူးလို့ထင်ရင် ပိုပြီးခိုင်မာတဲ့သက်သေကိုပြမယ်..."

ကုယန်ရန်ကနောက်ထပ်ပုံအနည်းငယ်ကို ထုတ်ယူလိုက်တယ်။ထိုဓာတ်ပုံများက မူလ ထန်ထန်ပင်" ထိုရုပ်ပုံများက မူလထန်ထန် ပုံဆွဲနေပုံများ၊စာရေးနေပုံများ၊အစားစားနေပုံများပြောရမယ်ဆိုလျှင်ထိုအရာများက မူလထန်ထန်၏နေ့စဉ်ဘဝများပင်ဖြစ်တယ်။ကုယန်ရန်ကဒါတွေနဲ့ဘာလုပ်မလို့လဲသူမ မသိတော့ဘူး ဒီပုံတွေကိုမြင်လား။

"ဒါတွေအားလုံးကထန်ထန်
တက္ကသိုလ် တက်တုန်းကပုံရိပ်တွေပဲ။ဒီပုံထဲကလူက အမြဲတမ်း ဘယ်လက်ကိုပဲသုံးတယ်...ဘာကြောင့်လဲဆိုတော့ထန်ထန်ကဘယ်သန်မို့လို့ပဲ..."

ထန်ထန် အံ့ဩ သင့်သွားပြီး ဓာတ်ပုံ များကိုသေချာပြန်ကြည့်လိုက်တယ်။ထင်ထားတဲ့အတိုင်းပင်မူလထန်ထန်ကအရာအားကလုံးကိုဘယ်လက်နှင့်သာအသုံးပြုနေတယ်။သူမကညာသန်လေ။

"ထန်ထန် ရဲ့အခန်းဖော်တွေကလည်း ထန်ထန် ကဘယ်သန်ဖြစ်ပြီးတော့ညာဘက်ကိုကောင်းကောင်းမသုံးနိုင်ဘူးလို့ပြောတယ်။ဒါပင်မယ့် ရှင်ကရော..."

ကုယန်ရန် ကပြောနေရင်းဖြင့်ထန်ထန်ကို လက်ညိုးညွှန်၍မေးလိုက်တယ်။

"ရှင်ကတော့ဆန့်ကျင်ဘက်ပဲ...ရှင်ကတော့ညာသန်တစ်ယောက်ဖြစ်နေတယ်။တစ်စုံတစ်ယောက်က မှတ်ဥာဏ် ပျောက်ဆုံးသွားတယ်ဆိုရင်တောင်မှပဲ သူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးကိုတော့မပျောက်ဆုံးဘူး။ရှင်တစ်လျှောက်လုံး ဘယ်သန်ဖြစ်ခဲ့ပြီးတော့ သတိမေ့ပြီးနိုးထလာတဲ့အခါမှ ဘာလို့ညာသန်ဖြစ်သွားတယ်ဆိုတာကို ဘယ်လိုရှင်းပြမလဲ..."

ထန်ထန် လုံးဝမရှင်းပြန်နိုင်တော့ပေ။သူမ၏နှလုံးသားက တွင်းနက်ထဲပြုတ်ကျသွားသလိုခံစားလိုက်ရသည်။သူမတစ်ယောက်ထဲသာသိသောလျှို့ဝှက်ချက်ကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိသွားလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး။

ကုယန်ရန်က ကျိယန် ဘက်သို့လှည့်ပြီး ထပ်ပြောလိုက်တော့တယ်။

"အစ်ကိုကျိယန် အခုကျွန်မကိုယုံသင့်ပြီ ရှင့်ဘေးနားကလူက လုံးဝထန်ထန်မဟုတ်ဘူး။သူမရဲ့ပုံစံကို ပလက်စတစ်ဆာဂျရီ လုပ်ပြီးတော့ပြောင်းထားတာပဲဖြစ်မယ်။ဒါက လုံးဝတွေးကြည့်လို့တောင်မရတဲ့ ကိစ္စဆိုတာ ကျွန်မသိပါတယ်။ဒါကိုအခုလက်ခံဖို့ခက်ခဲမှာပဲ။ကျွန်မ ဒီအကြောင်းအရာတွေကို ရှာတွေ့ခဲ့တဲ့အချိန်ကတောင်တော်တော်လေးလက်ခံဖို့ခက်ခဲခဲ့တယ်။ဒါပင်မယ့်အဲ့လိုမှမဟုတ်ဘူးဆိုရင် သူမရဲ့ပုံမှန်မဟုတ်တာတွေကိုဘယ်လိုများရှင်းပြမလဲ..."

ကုယန်ရန်က ခဏရပ်လိုက်ပြီနောက်

"သူမအတုဟုတ်လားမဟုတ်လားကို ရိုးရိုးရှင်းရှင်းပဲစစ်လို့ရပါတယ်...သူမနဲ့ရှောင်ကျိုးရဲ့DNAကိုစစ်လိုက်ရုံပဲလေ..."

တွင်းနက်ထဲပြုတ်ကျသွားတဲ့ထန်ထန်တစ်ယောက် ပြန်တက်နိုင်သွားတော့တယ်။ဒီတော့ ကုယန်ရန် ကသူမတစ်စုံတစ်ယောက်ကဲ့ခန္ဓာကိုယ်ထဲကိုဝိညာဉ်ကူးပြောင်းလာတယ်လို့ပြောနေတာမဟုတ်ဘူးပေါ့ ။ဒါကအချက်လက်အမှားကြီးပဲ။ကုယန်ရန်ရဲ့အကျိုးကြောင်းပြချက်တွေရော သက်သေတွေရော ဒီလောက်ခိုင်မာနေတာတောင်မှ ဘာကြောင့် သူမကို ကူးပြောင်းလာတယ်လို့ မပြောလဲ နားမလည်တော့ပေ။

တစ်ကယ်တန်းတွင် ထန်ထန်က ဒီကမ္ဘာကြီးကိုအပြည့်အဝနားမလည်ထားပေ။ဒီကမ္ဘာမှ ယခုလက်ရှိလူအများမှာသိပ္ပံပညာကိုယုံကြည်ကြသောကြောင့် ထိုကဲ့သို့ ကူးပြောင်းလာခြင်းကဲ့သို့သော သဘာဝလွန်ဖြစ်ရပ်များကို မယုံကြည်ကြပေ။ထန်ထန် သူမ၏အတွေးထဲနစ်မြုပ်နေစဉ်မှာပင် ကျိယန်ပြောလိုက်တယ်။

"သူမက ရှောင်ကျိုး ရဲ့အမေ ဟုတ်မဟုတ်ကိုငါအသိဆုံးပဲဘာမှ DNAတွေစစ်စရာမလိုဘူး...ဘာလို့လဲဆိုတော့ အဲ့လိုပေါက်ကရဖြစ်ရပ်တွေလည်းဖြစ်လာစရာမရှိလို့ဘဲ...ဘဝက dramaကားမဟုတ်ဘူးအရမ်းတွေစိတ်ကူးယဉ်လွန်မနေနဲ့..."

"အစ်ကိုကျိယန် ဘာလို့အခုထက်ထိကျွန်မကိုမယုံသေးတာလဲ ကျွန်မ...."

ကျိယန်စကားကိုဖြတ်၍ပြောလိုက်တယ်။

"ကုယန်ရန် နင်အခု ထမသွားသေးဘူးဆိုရင်တော့ နင့်အစ်ကို ကိုဖုန်းဆက်ပြီးတော့ လာခေါ်ခိုင်းလိုက်တော့မယ်..."

"မခေါ်ပါနဲ့..."

ကုယန်ရန် အလျှင်အမြန် တားလိုက်တယ်။သူမအကြောက်ဆုံးကဒီကိစ္စများကိုသူမအစ်ကိုသိသွားမှာကိုပင်။သူမအစ်ကိုသာ သိသွားမယ်ဆိုရင် မိဘတွေကိုတိုင်လိုက်ပြီး သူမ အိမ်ထဲကအိမ်ပြင်ထွက်ရတော့မှာမဟုတ်ဘူး။သူမက ဒီသက်သေတွေစုဖို့အချိန်အကြာကြီးကြိုးစားထားရတာလေ။ပြီးတော့ သူတို့လူအများကြီးကိုလည်း အလိုလိုက်အကြိုက်ဆောင်ပေးခဲ့ရသေးတယ်။အစကကျိယန် သူမကိုယုံလိုက်မည်ဟု့ထင်ခဲ့သော်လည်း စိတ်ကူးအယဉ်လွန်နေသည်ဟု့ ပြောလိုက်မည်ဟုဘယ်လိုများထင်မိခဲ့လိမ့်မလဲ။ဒီတစ်ကြိမ်၌ ကုယန်ရန် ၏မျှော်လင့်ချက်များအားလုံးပြိုကွဲသွားသောကြောင့် သူမ မျက်ရည်များစီးကျလာတော့တယ်။သူမဂရုစိုက်ချင်မိတဲ့တစ်ယောက်သောသူက အေးစက်းစွာကြည့်နေသောကြောင့် နှလုံး ကွဲကြေမှုခံစားလိုက်ရတော့တယ်။

သူ့၏မျက်လုံးထဲ၌ သူမကိုစက်ယုတ်ရွံရှာမှု့တစ်ချို့ပင်ရှိနေသေးတယ်။အမြဲတမ်းမောက်မာဝင့်ကြွားခဲ့တဲ့သူမက ဒါမျိုးကို ဘယ်လိုလက်ခံနိုင်ပါ့မလဲ။သူမထန်ထန်ရှေ့တွင်ဆက်ပြီးအရှက်မကွဲချင်တော့သောကြောင့် အိတ်ကိုဆွဲယူပြီး တံခါးပေါက်မှ လှမ်းထွက်သွားတော့တယ်။သို့သော်လည်း သူမ၌ ဝင်လာစဉ်ကလို့ ယုံကြည်ချက်များမရှိတော့ပေ။

ကုယန်ရန်စုဆောင်းခဲ့သော သက်သေများအားလုံးက စားပွဲပေါ်တွင် ကျန်ခဲ့တယ်။ထန်ထန် သူမ၏ခြေချောင်းလေးများကိုသာငုံ့ကြည့်နေလိုက်တယ်။သူမ ကုယန်ရန် ရဲ့စွပ်စွဲချက်ကအမှားကြီးဖြစ်နေသော်လည်း ကျိယန်ကိုမျက်နှာခြင်းမဆိုင်ဝံ့သေးပေ။သူက ကုယန်ရန် ကိုမယုံခဲ့ဘူးဆိုပင်မယ့် သက်သေတွေကရှိနေသေးတယ်လေ။သူကအရမ်းကိုတော်တဲ့ဟာကို ဘယ်လို လုပ်သံသယမဝင်ဘဲနေပါ့မလဲ။တစ်ကယ်လို့ကျိယန်သာထောက်ပြလာမယ်ဆိုရင်သူမ ဘယ်လိုလုပ်ဖြေရမလဲ...

ထန်ထန်ဆီကဖြေရှင်းချက်တစ်ခုမှ ထွက်မလာခင်မှာပင် ကျိယန်အရင်ဦးဆုံးပြောလိုက်တယ်။

"ကလေးတွေကိုညစာစားရအောင်သွားခေါ်လိုက်ဦး...သူတို့ဗိုက်ဆာနေလောက်ပြီ..."

"ဟမ်...အိုး...ဟုတ်ပြီ "

ထန်ထန် အူကြောင်ကြောင်ဖြင့်ခေါင်းငြိမ့်လိုက်မိတယ်။သူဘာတွေစဉ်းစားနေလဲမသိတော့ဘူး။

ညစာစားခြင်းကပုံမှန်အတိုင်းပဲပြီးဆုံးသွားတယ်။ကျိယန်က ဖြစ်ခဲ့သမျှကိုဘာမှထပ်မပြေတော့ဘူး။သူမတို့ အိပ်ယာဝင်ဖို့ပြင်ဆင်သည့်အချိန်ထိအောင်လည်းဘာမှမေးမလာသေးဘူး။သူ့၏ငြိမ်သက်မှု ကပို၍ကြောက်စရာကောင်းသောကြောင့်ထန်ထန် စိုးရိမ်ပူပန်လာတော့တယ်။

တစ်ကယ်လို့ကုယန်ရန်စုထားသော သက်သေများသာ စားပွဲပေါ်တွင်ရှိမနေဘူးဆိုရင် ဒီနေ့ ဘာကိစ္စမှတောင်မဖြစ်ခဲ့ဘူးဖူးလို့ သူမထင်မိတော့မယ်။

သူဘာကိုမှ သံသယမဝင်ဘူးလား။ဘာလို့ဘာမှမမေးရတာလဲ။သူမရဲ့အတွေးတွေကိုမထိန်းချုပ်နိုင်တော့ဘူး။သူကဘာကိုမှသံသယမဝင်တာလား ဒါမှမဟုတ်ရင် သူမနဲ့ရင်မဆိုင်ခင် သူ့ဘာသူ သေချာအောင်စုံစမ်းဦးမလို့လား။ဒါမှမဟုတ် သူကသံသယတော့ဝင်တယ်... သူမနဲ့ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုစဉ်းစားနေတာလား။

ထန်ထန် သူမအတွေးများနဲ့သူမကြောက်လန်နေမိတာကြောင့် ကျိယန် သူမအပေါ်ဘယ်လိုခံစားချက်ရှိသလဲဟု့မေးမလို့စဉ်းစားထားသမျှကိုမေ့သွားတော့တယ်။

ကျိရှောင်ကျိုးက သူမရဲ့လက်ကိုဆုပ်ကိုင်ပြီး သူတို့တစ်ခြားအခန်းမှာအိပ်တော့မည့်အကြောင်း ကျိယန် ကိုပြောလိုက်တယ်။

ပထမတုန်းက ဆိုးရွားသည့်အကြံဟု့ထင်ခဲ့သော်လည်း ယခုမူ အရမ်းကိုကောင်းမွန်သည့်အကြံဟုထန်ထန်ထင်နေမိတော့တယ်။

ကျိယန် မျက်မှောင်ကျုတ်လိုက်ပြီးကျိရှောင်ကျိုးကိုစူးစိုက်ကြည့်လိုက်တယ်။

"ပေါင်ပေါင်က မာမီနဲ့အတူတူ တစ်ခြားအခန်းမှာသွားအိပ်ချင်တယ်ဟုတ်လား..."

ကျိရှောင်ကျိုး၏နှလုံးသားလေးက တုန်ယင်သွားသော်လည်း သူ သတ္တိရှိရှိခေါင်းငြိမ့်ပြလိုက်တယ်။သူ့၏ဦးနှောက်သေးသေးလေးကို ကောင်းကောင်း အသုံးချပြီးတော့ဆင်ခြေတွေပေးလိုက်တယ်။

"ဒယ်ဒီ မာမီကကောင်းကောင်းမအိပ်ဘူး သူကတစ်ခါတစ်လေကျရင် ဒယ်ဒီ့ဘက်ကိုတောင် လှည့်လာသေးတယ်။အဲ့တော့ဒယ်ဒီအိပ်ရေးပျက်မှာကိုစိုးမိတယ်။ဒါကြောင့်မို့မာမီနဲ့သားနဲ့တစ်ခြားခန်းမှာသွားအိပ်လိုက်တာအကောင်းဆုံးပဲ..."

အသေးလေးက သူ့၏ မောင်ပိုင်ဆီးထားချင်စိတ်များကိုဖုံးကွယ်ပြီးကျိယန်အတွက်ထည့်သွင်းစဉ်းစားထားသလိုမျိုးဖြင့် ဟန်ဆောင် နေတော့တယ်။

ကျိယန် စိတ်ထဲမှ နှာခေါင်းရှုံ့လိုက်မိပြီးပြန်ပြောလိုက်တယ်။

"မာမီကဒယ်ဒီ့ကို အိပ်ရေးမပျက်စေတဲ့အပြင် ပိုပြီတော့တောင်ကောင်းကောင်းအိပ်ပျော်စေသေးတယ်။ဒါကြောင့်တစ်ခြားအခန်းကိုရွှေ့ဖို့မလိုပါဘူး..."

သူ့၏ဦးနှောက်လေးကိုဖြစ်ညှစ်စဉ်းစားထားရသောအကြောင်းအရာလေးက အလွယ်တကူ ပယ်ချခံလိုက်ရသောကြောင့် ကျိရှောင်ကျိုးခေါင်းကုတ်ရင်းတီးတိုးရေရွတ်လိုက်တယ်။

"သားကလည်းအိပ်ပျော်သွားတဲ့အချိန်ကြရင် ဟိုလိမ့်ဒီလိမ့်တွေလုပ်တယ်လေ...အဲ့တော့တစ်ခြားအခန်းမှာသွားအိပ်လိုက်တာအကောင်းဆုံးပါပဲ..."

ကျိယန်က ထိုစကားထွက်လာသည်
နှင့်အညှာအတာမဲ့စွာတိုက်ခိုက်လိုက်တော့တယ်။

"ဒီလိုဆိုရင်လည်းကောင်းပြီလေ မင်းဘာသာမင်းတစ်ယောက်ထဲတစ်ခြားခန်းမှာ သွားအိပ်လိုက်...ဒါဆိုရင် ပေါင်ပေါင်က မာမီ့ကိုရောဒယ်ဒီ့ကိုရောမနှောက်ယှက်တော့ဘူး...မာမီလည်းကောင်းကောင်းအိပ်လို့ရသွားမယ်မဟုတ်ဘူးလား..."

ကျိရှောင်ကျိုးတစ်ယောက် ဆွံအသွားတော့တယ်။သူ့ဦးနှောက်သေးသေးလေးကိုဖြစ်ညှစ်ပြီးစဉ်းစားထားရတာတွေက နောက်ဆုံးတန်ပြန်တိုက်ခိုက်ခံလိုက်ရတာလား။သူ့ဒယ်ဒီကသူ့ကိုဒီလိုနည်းနဲ့တန်ပြန်တိုက်ခိုက်ခဲ့မယ်လို့ လုံးဝမထင်ထားခဲ့မိဘူး။

ဒါကြောင့် ထန်ထန်ဆီကအကူညီတောင်းတဲ့အကြည့်လေးဖြင့် ကြည့်လိုက်မိတော့တယ်။

Xxxxxx

Part 54

အသေးလေး၏ အချက်ပြမှုကို မြင်ပြီးနောက်တွင် ထန်ထန် ခေါင်းမော့ကြည့်လိုက်တယ်။ သူမဦးနှောက်ကို အတော်လေးအလုပ်ပေးပြီးနောက်တွင် သင့်တော်ဟန်ပေါ်သော ဆင်ခြေတစ်ခုကိုတွေ့လိုက်တယ်။

"ယောက်ျားရေ... ကျွန်မထင်တာတော့ ပေါင်ပေါင်လေးပြောတာ အကျိုးအကြောင်းဆီလျှော်တယ်ထင်တာပဲ... ကျွန်မတို့သုံးယောက်လုံးဆို ဒီအိပ်ရာက မဆန့်ဘူးလေ... ကျပ်ကျပ်ညပ်ညပ်အိပ်ရင် ညကြရင် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်လောက်ဘူး... ဒီတော့ ခွဲအိပ်တာပိုကောင်းမယ်ထင်တယ်..."

ထန်ထန် မျက်လုံးပြူးလေးဖြင့် လိမ်ပြောလိုက်တယ်။ ကုတင်က ၁.၈မီတာကျယ်ပြီး မိသားစုသုံးယောက်စာ ကွက်တိအိပ်လို့ရပေတယ်။ ကျိရှောင်ကျိုးပင် ထိုကုတင်ပေည်တွင် ဟိုလှိမ့်သည်လှိမ့် အေးဆေးလှိမ့်လို့ရလောက်အောင် နေရာလွတ်ကြီးရှိနေတယ်။

"နေရာမလောက်ဘူး..."

ကျိယန် မျက်မှောင်ကြုတ်လိုက်ပြီး ထိုစာကြောင်းကို ပြန်ပြောလိုက်တယ်။

"ဟားဟား ဟုတ်ပါ့..."

ထန်ထန် သူမခေါင်းလေးကိုသာ ကုတ်နေလိုက်တယ်။ သူမ၏ ရှိသမျှသော သတ္တိလေးများကို ဆင့်ခေါ်၍ ခေါင်းငြိမ့်ပြလိုက်တယ်။ သူမယနေ့တွင် ပေါင်ပေါင်၏ ဒယ်ဒီနှင့် တစ်ကုတင်ထဲ မအိပ်ရဲပေ။

သူ သူမကိုအတင်းအကြပ်မေးလာရင် ဘယ်လိုလုပ်ရမလဲ...

သူမ၏စိတ်ထဲတွင် ရှုပ်ထွေးနေသည်။ သူမ သင့်လျော် ပြေပြစ်အောင် စကားမပြောတတ်ပေ။

ကျိယန် ထန်ထန်ကို ခဏလောက်စိုက်ကြည့်ကာ မေးလိုက်တယ်။

"မင်းတကယ် ဒီမှာမအိပ်ချင်တာလား..."

ထန်ထန်တစ်ယောက် ကျိယန်သိပ်ပျော်မနေကြောင်း အာရုံခံမိတယ်။ ပွင့်ပွင့်လင်းလင်းပြောရလျှင် သူမ ဤနေရာတွင် မအိပ်ချင်ခြင်းမဟုတ်ပဲ အလွန်စိတ်လှုပ်ရှားနေ၍သာဖြစ်တယ်။ သူက ယနေ့အတော်လေးပုံမှန်မဟုတ်၍ သူမကြောက်နေမိတယ်။ ထို့ကြောင့် သူမခေါင်းသာငြိမ့်ပြလိုက်ရတယ်။

ကျိယန် ခပ်ဖွဖွနှာမှုတ်လိုက်ပြီး စိတ်မပါလက်မပါပြောလိုက်တယ်။

"ကောင်းပြီလေ..."

ကျိရှောင်ကျိုး အံ့ဩသွားတယ်။ သူ သူ့ဒယ်ဒီဤမျှ လွယ်လွယ်ကူကူသဘောတူမည်ဟု မထင်ထားခဲ့ပေ။

ခုဏက သူဘယ်လိုပဲတောင်းဆိုတောင်းဆို သဘောမတူခဲ့တာကို... မာမီစကားလေးတစ်ခွန်းပြောတာနဲ့ ဘာလို့ ချက်ချင်းကြီး သဘောတူလိုက်ရတာလဲ...

ထန်ထန်လည်း မယုံကြည်နိုင်ဖြစ်နေတယ်။ သူ သူမ၏တောင်းဆိုချက်ကို သဘောမတူလောက်ဟုထင်နေခဲ့မိတယ်။
ဘယ်လိုလုပ်ပြီး သူတို့ကို ဒီလောက် လွယ်လွယ်ကူကူ လွှတ်ပေးလိုက်ရတာလဲ...

အမေနှင့်သားအတွဲက အချိန်ခဏမျှ မလှုပ်မယှက်ဖြစ်သွားတယ်။ ကျိယန် သူဖတ်နေသော စာအုပ်ကို နောင်တစ်မျက်နှာလှန်လိုက်ပြီး ပြောလိုက်တယ်။

"မင်းတို့ဘာလို့ ထွက်မသွားကြသေးတာလဲ... မင်းတို့နှစ်ယောက်ပဲ ကိုယ်နဲ့အတူမအိပ်ချင်ဘူးဆို..."

ရုတ်တရက် ထန်ထန် ခါးသီးသလို ခံစားလိုက်ရတယ်။ သူမတို့နှစ်ယောက်က သူ့ကိုစွန့်ပစ်လိုက်သလိုပင် ခံစားလိုက်ရတယ်။
သူအထီးကျန်နေလောက်မလား... သူ့ကိုစကားပြောမဲ့သူတစ်ယောင်မှ မရှိတော့ဘူးဆိုတော့ တိတ်တဆိတ်စာအုပ်ပဲ ဖတ်နေလောက်မှာပါလေ...

ထန်ထန် သူမနှုတ်ခမ်းလေးကို ကိုက်လိုက်မိတယ်။ သူမစိတ်ပြောင်းလိုက်ပြီး ထုတ်ပြောလိုက်တော့မည့်အချိန်တွင် ကျိရှောင်ကျိုးက ထန်ထန်ကို အခန်းအပြင်သို့ ဆွဲခေါ်လိုက်တယ်။ သူ့ဒယ်ဒီစိတ်ပြောင်းသွားမည်စိုး၍ လေအလျှင်ဖြင့် အမြန်ဆုံးပြေးသွားခြင်းပင် ။

ထန်ထန် "..."

ကျိယန် "..."

ကျိရှောင်ကျိုးက ထန်ထန်ကိုဆွဲ၍ နောက်ထပ်အိပ်ခန်းတစ်ခုဆီ အမြန်ဆုံးခေါ်သွားခဲ့တယ်။ လေအလျှင်ဖြင့်ပြေးကာ အိပ်ယာပေါ်ခုန်တက်လိုက်ပြီး ကျိရှောင်ကျိုး စိတ်လှုပ်တရှား လူးလှိမ့်နေတယ်။ မူလက သပ်ရပ်သန့်ရှင်းလှသော စောင်များက လေမုန်တိုင်းဝင်မွှေသလို ပွထသွားလေတယ်။

ဒီအသေးလေး သူ့ဒယ်ဒီကို စွန့်ပစ်ခဲ့တာ အားနာစိတ်လေးတောင် မဝင်ဘူးလား...

ကျိရှောင်ကျိုးကတော့ လုံးဝပင် အားမနာချေ။ သူ ဟိုလှိမ့်ဒီလှိမ့်လုပ်ကာ နောက်ဆုံးပင်ပန်းသွားတော့မှ ကုတင်ကိုပုတ်ပြကာ ထန်ထန့်ကိုလာရန် ခေါ်လိုက်တယ်။

"မာမီ ကုတင်ပေါ်လာတော့လေ.. အခုကစပြီး သားတို့ နှစ်ယောက်တည်း အိပ်ရတော့မှာ..."

ထန်ထန် ထိုနေရာကိုသွားကာ သူ့ကို ကုတင်ပေါ်မှ မလိုက်တယ်။ သူမ ရှုပ်ပွနေသော အိပ်ရာကို အသေအချာပြန်ဖြန့်ပြီးမှ အသေးလေးကို ပြန်တင်ပေးလိုက်တယ်။

"ပေါင်ပေါင် တို့နှစ်ယောက် ဒီလိုလုပ်တာ မကောင်းဘူးလို့ မထင်ဘူးလား... ဒယ်ဒီက တစ်ယောက်တည်း အထီးကျန်နေမှာပေါ့... သူ့မှာစကားပြောစရာလူမရှိလို့ တစ်ယောက်တည်း အိပ်ရတော့မှာ..."

ကျိရှောင်ကျိုး မျက်နှာပေါ်ရှိ ပျော်ရွှင်မှုလေး ပျောက်ကွယ်သွားတယ်။ သူ့လက်ချောင်းလေးသူ တို့ထိနေပြီး မျက်လုံးထဲတွင် မကျေမနပ်ဖြစ်နေဟန်တို့ ပေါ်လာကာ ခပ်တိုးတိုးပြောလာတယ်။

"ဒါပေမဲ့ ဒယ်ဒီက မာမီကိုဖက်အိပ်တာလေ..."

ကျိရှောင်ကျိုးတစ်ယောက် ထိုကိစ္စကို ပြင်းပြင်းထန်ထန်တုံ့ပြန်နေလဲ ထန်ထန်မသိတော့ပေ။ အသေးလေးက ကျိယန်သူမကို ဖက်သည်ကို မကြိုက်သည့်ပုံပင်။ ညဘက်ရောက်လျှင် အသေးလေးက သူ၏မိဘများကို ခွဲရသည်ကို သဘောကျတယ်။ သူ့မိဘများ တူတူအိပ်နေတာကို မြင်သည်နှင့် တူဒေါသများပေါက်ကွဲလေတော့တယ်။ သို့သော် ပုံမှန်အချိန်တွင် အသေးလေးက ပိုင်ဆိုင်လိုစိတ်မကြီးသလို အခြားသူများ၏ ခံစားချက်ကိုပါ ထည့်တွက်ပေးတတ်တယ်။

အသေးလေး ဘာတွေးနေမှန်းနားမလည်၍ ထန်ထန် သူ့ခေါင်းလေးကို အသာအယာ တို့လိုက်တယ်။

"ပေါင်ပေါင် သားလေးဘာလို့ ဒယ်ဒီ မာမီ့ကို ဖက်တာမကြိုက်ရတာလဲ... အခြားလူတွေရဲ့ ဒယ်ဒီတွေကလည်း သူတို့မာမီကိုဖက်ကြတယ်လေ..."

ကျိရှောင်ကျိုး၏ မျက်လုံးများတွင် ခိုးကြောင်ခိုးဝှက် အမူအယာတို့ ထွက်ပေါ်လာပြီး ထစ်တီးထစ်ငေါ့ဖြင့်ပြောလာတယ်။

"ဘာလို့လဲဆိုတော့.. ဒယ်ဒီကမာမီ့ကို ဖက်နေရင် သားကမာမီ့ကို ဖက်လို့မရတော့ဘူးလေ... သားလဲ မာမီ့ကို ဖက်ချင်တာကို..."

"အဲ့လိုဆိုလည်း ဒယ်ဒီ့ကို တို့တွေနဲ့အတူအိပ်ခိုင်းလို့ရတုန်းပဲလေ... သားက မာမီနဲ့ဒယ်ဒီကြားထဲအိပ်လေ မာမီတို့ကသားကို အတူဖက်ပြီးအိပ်မယ် အိုကေလား... ဒါဆို ဒယ်ဒီလဲ မာမီ့ကိုဖက်လို့မရတော့ဘူးလေ..."

ကျိရှောင်ကျိုး စဉ်းတောင်မစဉ်းစားပဲ ခေါင်းခါပြလိုက်တယ်။ သူခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက်တွင် ထန်ထန့်နားရွက်နားကပ်၍ တိုးတိုးလေးပြောလာတယ်။

"မာမီ သားတော့ ဒယ်ဒီ့မှာ ပြဿနာရှိနေတယ်ထင်တာပဲ... သားအိပ်နေတဲ့အချိန် ဒယ်ဒီက မာမီ့ကို ခိုးသွားလိမ့်မယ်... မာမီက သားရဲ့ဘယ်ဘက်မှာအိပ်နေရာကနေ ညာဘက်မှာ ပြန်နိုးလာရလိမ့်မယ်နော်... ဒယ်ဒီက တစ်ခုခုကိုသေချာပေါက်လုပ်မှာပဲ..."

ထန်ထန် အသေးလေးကို ဗလာဖြစ်စွာကြည့်လိုက်တယ်။

"သားက ဘယ်လိုသိတာလဲ..."

"သားခန့်မှန်းမိတာ..."

သူ ခန့်မှန်းမိတာဟုပြောသော်လည်း ကျိရှောင်ကျိုးကြည့်ရသည်မှာ အလွန်သေချာနေဟန်ဖြစ်နေတယ်။

"အဲ့တာ ယောက်ျားတစ်ယောက်ရဲ့ အလိုလိုအသိစိတ်ပဲ... သေချာသလောက်ရှိတယ်..."

ထန်ထန် ဆွံ့အမိသွားတယ်။

ယောက်ျားတွေမှာ ဘယ်တုန်းက အလိုလိုသိစိတ်ရသွားရတာလဲ...
သို့သော် အသေးလေး၏ အလိုလိုသိစိတ်ဆိုသည်မှာ ဧကန်မုချဖြစ်လာမည်ဟု ပြော၍ မရသော်လည်း သူမသည်လည်း ထိုကိစ္စက ကျိယန်နှင့်ဆိုင်သည်ဟု ထင်မိတယ်။

ကျိရှောင်ကျိုး သူ၏ သုံးသပ်ချက်ကို နိဂုံးချုပ်လိုက်တယ်။

"အဲ့တာကြောင့်ပဲ သားတို့ ဒယ်ဒီနဲ့ တစ်ခန်းတည်းအိပ်လို့မရတာပေါ့... သားက အလယ်မှာအိပ်တယ်ဆိုပေမဲ့လည်း သားအိပ်ပျော်သွားရင် ဒယ်ဒီက လုပ်ချင်သလို လုပ်လို့ရပြီလေ... အဲ့လိုဆို မာမီ့ကို ဘယ်လိုလုပ် ကာကွယ်ပေးနိုင်တော့မှာလဲ..."

သူ့ဒယ်ဒီက မကောင်းဆိုးဝါးများလား... သူမကဘာလို့ ကာကွယ်ပေးတာ လိုအပ်ရမှာလဲ...

ထန်ထန် ရယ်ရခက် ငိုရခက်ဖြစ်သွားတယ်။ တစ်ခါတစ်ရံ ကလေးများ၏ စကားဆိုသည်မှာ အတော်လေး နားလည်ရခက်ပေတယ်။

"ကောင်းပြီလေ မာမီအခုနားလည်သွားပြီ... မြန်မြန်လေးအိပ်ကြရအောင်... မာမီက အခုလုံခြုံသွားပြီနော် ပေါင်ပေါင်ရဲ့ ကာကွယ်ပေးမှုကို မလိုအပ်တော့ဘူး..."

ထန်ထန် အသေးလေး၏ကျောကိုပုတ်ကာ ချော့သိပ်လိုက်သည်။

သို့သော် ကျိရှောင်ကျိုးက တံခါးကိုစိုက်ကြည့်နေပြီး ရုတ်တရက်ကြီး ကုတင်ပေါ်မှ ခုန်ထလာသည်။ ထို့နောက် သူခိုးဝင်မည်စိုးနေဟန်ဖြင့် တံခါးကို သေသေချာချာလော့ချလိုက်သည်။ ထန်ထန်တစ်ယောက် ထိုသည်ကိုကြည့်ပြီး ပြောစရာစကားပင် ပျောက်ရှသွားသည်။

အသေးလေးက စိတ်ထဲပင်မထားချေ။

"သားအိပ်နေတုန်း ဒယ်ဒီက မာမီ့ကိုခိုးသွားမှာ စိုးလို့ပါ... အခုတော့ သားစိတ်ချသွားပြီ..."

ထန်ထန် လုံးဝအံ့ဩသွားတော့သည်။ သူ့ဦးနှောက်သေးသေးလေးက အရာရာတိုင်းကို သေသေချာချာတွေးတတ်နေလေသည်။

သူ့မိဘများ အတူတူအိပ်မည်ကို စိုးရိမ်စရာမရှိတော့၍ ကျိရှောင်ကျိုး စိတ်သက်သာရာ ရသွားသည်။ သူကုတင်ပေါ်တွင် ခဏမျှ ဟိုဟိုသည်သည်လျှောက်ဖွပြီးနောက် အိပ်ပျော်သွားတော့သည်။ ပုံမှန်ဆို လွယ်လွယ်ကူကူ အိပ်မောကျတတ်သော ထန်ထန်က အိပ်မပျော်ပဲ ကျန်ခဲ့သည်။ နေရာပြောင်းလိုက်၍ ဖြစ်မည်လားမသိ ထန်ထန်တစ်ယောက် နေသားမကျသလို ခံစားလိုက်ရပြီး တစ်ခုခုမှားနေသလို ခံစားလိုက်ရသည်။ သူ၏ ပုံစံအမျိုးမျိုး ပြောင်းအိပ်ကြည့်သော်လည်း လုံးဝအိပ်မပျော်ပေ။ အလွန်တိတ်ဆိတ်လှသော ညအချိန်တွင် မီးမှောင်မှောင်ထဲတွင် သူမ မျက်နှာကြက်ကို ငေးနေလိုက်သည်။ သူမ၏ နှလုံးသားက ရှုပ်ထွေးနေပြီး မတိုင်ခင်က ကိစ္စများကို ပြန်တွေးမိသည်။

ကုယန်ရန် မှားသွားပြီး သူမ၏ လျှို့ဝှက်ချက်လေး ထုတ်ဖော်မခံလိုက်ရသော်လည်း ကုယန်ရန်ယူလာခဲ့သော သက်သေခံများကို သူမ မငြင်းနိုင်သလို ပြန်မရှင်းပြနိုင်ခဲ့ပေ။ တစ်စုံတစ်ယောက်သာ အသေအချာစုံစမ်းကြည့်မည်ဆိုပါက သူမက မူလကိုယ်နှင့် ကွဲပြားနေကြောင်း သိသွားနိုင်သည်။ မည်သူမှ အခြားသူတစ်ယောက်အဖြစ် တစ်သက်လုံး ဟန်မဆောင်နိုင်ချေ။

ကုယန်ရန် သူမ၏လျှို့ဝှက်ချက်ကို ရှာတွေ့သွားသည်ဟု ထင်ခဲ့ချိန်က သူမကို ကုယန်တစ်ခုခုလုပ်မည်ကို စိတ်မပူခဲ့ပေ။ ထိုအချိန်တွင် သူမစိတ်ပူနေသည်မှာ အဖြစ်မှန်ကို သိသွားပါက ကျိယန်တစ်ယောက် သူမကို မလိုချင်တော့မည်ကို ကြောက်နေခြင်းသာဖြစ်သည်။ ထိုအရာမှလွဲ၍ သူမ၏ အခြားသော ကြောက်စိတ်နှင့် စိုးရိမ်စိတ်များက ပျောက်ကွယ်သွားပြီဖြစ်သည်။

ကျိယန်သာ သူမကိုလက်ခံပါက သူမတွင် အခြားအကြောက်တရားများ ရှိမည်မဟုတ်ချေ။ ထိုသည်မှလွဲ၍ ကမ္ဘာပေါ်တွင် သူမကြောက်သော အရာမရှိပေ။

၎င်းက လူတစ်ယောက် ခေါင်းပေါ်တွင် ခေါင်းဖြတ်စက်တစ်ခုရှိနေသည်နှင့်တူနေသည်။ ခေါင်းဖြတ်စက် ခေါင်းပေါ်ရှိနေချိန်တွင် ထိုလူက နေ့တိုင်းထိုအကြောင်း စိတ်ပူနေမည်ဖြစ်သော်လည်း ထိုခေါင်းဖြတ်စက်က နောက်ဆုံးတွင် ပြုတ်ကျလာပါက စိတ်သက်သာရာရသလို ခံစားသွားရမည်ဖြစ်သည်။ ယနေ့ညလိုပင် ကုယန်ရန် သူမ၏လျှို့ဝှက်ချက်ကို ထုတ်ဖော်လိုက်သည်မှာ မဆိုးလှပေ။ အဆုံးတွင် ၎င်းက သူမကို အရင်က မည်သို့ဝန်ခံရမည်မှန်းမသိသော ကိစ္စများကို ဝန်ခံရန် သတ္တိနှင့် အခွင့်အရေးကိုပေးလာလေသည်။ သူမ၏ လျှို့ဝှက်ချက်ကို ဒီတစ်သက်လုံး လုံးဝ ဝန်ခံခွင့်မရတော့ဟု ထင်ခဲ့သည်။ သို့သော် ယခုတွင်တော့ အဆုံးသတ်က သူမလိုချင်သည့်အတိုင်း မဖြစ်လျှင်ပင် ဝန်ခံရန် ဆုံးဖြတ်လိုက်တော့သည်။

မနက်ဖြန် သူမ ဝန်ခံရမယ်... မနက်ဖြန်.. သူဘယ်လိုဆုံးဖြတ်ချက်ချပါစေ အိမ်ပေါ်က ကန်ထုတ်ခံရပါစေ သူမအကုန်လုံးကို ပြောပြလိုက်တော့မယ်...

သူမသယ်ပိုးထားရသော စိတ်ပိုင်းဆိုင်ရာ ဝန်ထုပ်များ ပျောက်ကွယ်သွားပြီးနောက်တွင် ထန်ထန် သူမတစ်ကိုယ်လုံး ပေါ့ပါးသွားသည်ဟု ခံစားလိုက်ရသည်။ သူမ၏ စိတ်နှလုံးသားထဲရှိ စိုးရိမ်မှုများ ပျောက်ကွယ်သွားသည်ဖြစ်ရာ ပိတ်လှောင်နေသော ခံစားချက်က ထွက်ပေါ်လာပြီး သူမ၏ မျက်ခွံများကို လေးလံလာစေသည်။

ထန်ထန် အိပ်ပျော်ခါနီးတွင် အမှောင်ထဲမှ တံခါးဖွင့်သံကိုကြားလိုက်ရသည်။ ထန်ထန်ရင့်ထဲတွင် ဝုန်းဒိုင်းကြဲသွားတော့သည်။ တံခါးရှိရာဆီ ကြည့်လိုက်ချိန်တွင် တံခါးက ဖြေးဖြေးချင်းပွင့်လာပြီး ထိုနောက်တွင် လူတစ်ယောက်ရပ်နေကြောင်း တွေ့လိုက်ရသည်။

ထန်ထန်အစက သူခိုးဟုထင်ခဲ့သော်လည်း ခြေသံများကြားလိုက်ရသောအခါ အော်လိုက်ရန်ပြင်နေသည်ကိုပင် ရပ်လိုက်တော့သည်။

ထိုခြေလှမ်းများ၏ ပိုင်ရှင်က ကျိယန်ဖြစ်သည်။

ထန်ထန် စိတ်သက်သာရာရစွာ သက်ပြင်းချလိုကိသည်ဟ သို့သော် မကြာခင် တစ်ခုခုကိုသတိထားမိသွားသည်။
သူဘာလို့ မအိပ်သေးတာလဲ... သူဘာလို့ ဒီကိုလာတာလဲ...

အလွန်အမင်းသိချင်နေသော်လည်း ထန်ထန် လုံးဝအသံမထွက်ပေ။ ယင်းအစား မျက်လုံးလေးမှိတ်ကာ ငြိမ်ငြိမ်လေး လှဲနေလိုက်သည်။ သူမ သူဘာလုပ်ချင်သလဲသိချင်နေသည်။ သို့သော် ကျိယန်က တစ်စုံတစ်ယောက်ကို ခိုးရန်လာသည်ကလွဲ၍ ကျန်တာမလုပ်ပေ။ သူမ ငြိမ်ငြိမ်လေးလှဲနေတုန်း သူက သူမကိုပွေ့ချီလိုက်သည်။ ထို့နောက် သူမကိုချီရင်း အခန်းထဲမှ ထွက်သွားတော့သည်။

ထန်ထန်တစ်ယောက် နှလုံးခုန်နှုန်းပင် လွဲချော်သွားရတော့သည်။ သို့သော် သူမက အိပ်ချင်ယောင်ဆောင်နေဆဲဖြစ်သည်ကို သတိထားမိလိုက် အော်ဟစ်လိုက်ချင်စိတ်ကို ဖိနှိပ်ထားရတော့သည်။ ရုတ်တရက် ကျိရှောင်ကျိုးမအိပ်ခင်ပြောသွားသော စကားများ သူမခေါင်းထဲရောက်လာခဲ့သည်။ ထိုအချိန်က အသေးလေး၏လုပ်ရပ်ကို ရယ်ဖွယ်ကောင်းသည်ဟုထင်ခဲ့သော်လည်း ယခုတွင်တော့ သားကသာ သူ့အဖေအကြောင်း အသိဆုံးဖြစ်ကြောင်း သိလိုက်သည်။

ဒါပေမဲ့ ပေါင်ပေါင်လေးရယ်... တံခါးလော့ချထားတာက သားဒယ်ဒီကိုမတားနိုင်ဘူးဆိုတာ သိရဲ့လား...

ကျိယန် ထန်ထန်ကို အိပ်ခန်းကျယ်ကြီးထဲ ခေါ်လာခဲ့သည်။ သူမကို ကုတင်ပေါ်တင်ပြီးနောက်တွင် သူပါ ကုတင်ပေါ် ဝင်လှဲလိုက်သည်။ သူ့လက်တစ်ဖက်ကို သူမလည်ပင်းအောက်ထားကာ နောက်လက်တစ်ဖက်ဖြင့် ခါးကိုဖက်လိုက်သည်။ ထို့နောက် လွန်ခဲ့သည့် ညများကအတိုင်း သူမကို သူ့နားဆွဲကပ်လိုက်တော့သည်။

ကျိယန်၏ လှုပ်ရှားမှုက ထန်ထန်ထင်ထားသည်ထက်ပင် ပြင်းထန်နေသည်။ သူတို့နှစ်ယောက်ကြားရှိအကွာအဝေးက သူမလက်ခံနိုင်သည်ထက် ကျော်လွန်နေပြီဖြစ်သည်။ သူမ၏ နှလုံးခုန်နှုန်းများ ထိန်းချုပ်မရဖြစ်လာကာ သူမစိတ်ထဲတွင်လည်း စိတ်လှုပ်ရှားမှုတို့ လှိုင်းထလာသည်။
သူ... သူ... သူဘာတွေလုပ်နေတာလဲ...

ထန်ထန် ကျိရှောင်ကျိုး သူမကို လွန်ခဲ့သည့်ရက်ပိုင်းများက ပြောခဲ့သည်ကို သတိရမိလိုက်သည်။ သူပြောသည်မှာ သူမနှင့် ကျိရန်တို့က အချင်းချင်း နီးနီးကပ်ကပ်ပွေ့ဖက်၍ အိပ်ကြသည်ဟူ၍ပင်ဖြစ်သည်။
အဲ့တာက ဒီလိုဖြစ်နိုင်လား... ဒါဆို လွန်ခဲ့တဲ့ရက်တွေတုန်းကလည်း ဒီလိုပဲဖြစ်နေတာလား...

သူမ မတော်တဆ အမှန်တရားတစ်ခုကို သိလိုက်မိတာလား...

သို့သော် သူမ တစ်ခါမှမတွေးခဲ့မိဖူးသော အရာတစ်ခုက နောက်တစ်စက္ကန့်အတွင်း ဖြစ်ပွားလာသည်။ နူးညံ့နွေးထွေးသော နှုတ်ခမ်းတစ်စုံက သူမ၏ နှဖူးပေါ်ကျရောက်လာသည်။ ထို့နောက် သူမ၏မျက်လုံးများ၊ နှာခေါင်းနှင့် နောက်ဆုံးတွင် နှုတ်ခမ်းများထိပါ ကျဆင်းလာသည်။ သူမ သူ၏ဝင်သက်ထွက်သက်အပါအဝင် ရင်းနှီးနေသော ရနံ့လေးကို ရလိုက်သည်။

ထန်ထန် သူမခန္ဓာကိုယ်ထဲ လျှပ်စီးကြောင်းပတ်ပြေးသွားသလို ခံစားရပြီး အသက်ရှူရန် မေ့သွားခဲ့သည်။

"မင်း ကိုယ့်ကိုကိုယ် မွန်းအောင်လုပ်နေတာလား... အသက်ရှူလေကွာ..."

ရယ်ချင်စိတ်အနည်းငယ်စွက်နေသော အသံဩဩတစ်ခုက သူမနားထဲသို့ စီးဝင်သွားသည်။ ၎င်းက ထန်ထန်ကို အံ့ဩသွားစေပြီး ခုန်ထလုမတတ်ဖြစ်သွားစေသည်။

သူ သူမကိုစကားပြောလိုက်တာလား...

ကျိရန် ခပ်ဖွဖွရယ်လိုက်သည်။

"မင်းအခုထိ မထချင်သေးဘူးလား... မင်းကို နမ်းပြီးနှိုးရမှာလား..."

သူပြောလိုက်ပြီး သူ၏အသက်ရှူသံခပ်နွေးနွေးက သူမမျက်နှာပေါ် ထိခတ်လာပြန်သည်။

ထန်ထန် ကြောက်လန့်သွားကာ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ သူမခန္ဓာကိုယ်တောင့်ခဲနေကာ သူမနှင့်နီးကပ်စွာရှိသော မျက်နှာချောချောကို ကြောင်တောင်တောင်လေးကြည့်နေလိုက်မိသည်။ ကျိရန်ကရယ်ရသည်ဟု ထင်လိုက်မိပြီး သူမ၏ နှာခေါင်းလေးကို ဆိတ်ဆွဲလိုက်သည်။

"ဟမ်း... အိပ်ချင်ယောင်မဆောင်တော့ဘူးပေါ့လေ..."

"ရှင်.. ရှင်... ရှင်... ကျွန်မအိပ်ချင်ယောင်ဆောင်နေမှန်း ဘယ်လိုလုပ်သိလဲ..."

"မင်းအိပ်ချင်ယောင်ဆောင်နေမှန်း ကိုယ်ဘယ်လိုလုပ်သိလဲ.."

ကျိရန် သူမ၏ မေးခွန်းကို ပြန်ဖြေလိုက်သည်။

"ကိုယ်မင်းကို ချီလိုက်ကတည်းသိတာ... မင်းရဲ့ခန္ဓာကိုယ်က အရမ်းကိုတောင့်တင်းသွားတာလေ... ဒီတော့ ဘယ်လိုလုပ်အိပ်နေတာဖြစ်နိုင်မလဲ... ပြီးတော့ မင်းရဲ့နှလုံးခုန်သံက အရမ်းမြန်နေတာပဲ..."

"ရှင်...ရှင်..ရှင်..."

ထန်ထန် ထိုမှနေ၍ဆက်မတက်တော့ချေ။

ကျိယန်သက်ပြင်းချလိုက်ကာ သူ့မ ပါးလေးကို ခပ်ဖွဖွပွတ်သပ်လိုက်ပြီး သူမမျက်လုံးများထဲကို စိုက်ကြည့်လိုက်သည်။

"အဆင်ပြေပါတယ်... ကိုယ်မင်းဘာတွေးနေလဲသိတယ်... ကိုယ်မင်းကို ဒီညအားလုံးပြောကြမယ်..."

ထန်ထန် မှင်သက်သွားသည်။ သူမ၏နှလုံးက အခုန်မြန်လာပြီး မျှော်လင့်နေမိ၍လား စိတ်လှုပ်ရှားနေမိ၍လား မသိတော့ချေ။

"အစက ကိုယ်မင်းကို ဒီအကြောင်းပြောပြရင် မင်းကိုခြောက်လှန့်မိသွားမယ်လို့ ထင်ခဲ့တာ... မင်းကိုယ်ကို အရာအားလုံးပြောပြလာမှာကို စောင့်နေခဲ့တာလေ.. ဒါပေမဲ့ ဒီနေ့ည ဒီလိုတွေဖြစ်လာမယ်လို့ ဘယ်သူထင်မှာလဲ... ကိုယ်သာ ဒါကိုထုတ်မပြောတော့ရင် ကိုယ်နဲ့ခွဲအိပ်တာထက် ပိုတဲ့အရာတွေ ဖြစ်မှာကြောက်မိတယ်..."

ကျိယန် ရပ်လိုက်သည်။ သူ့မျက်လုံးများက မှင်ရည်ကဲ့သို့ နက်မှောင်နေသည်။ ၎င်းက သူ၏စကားများက နှလုံးသားထဲမှ လာသည်ဟု ခံစားစေရသည်။

"ထန်ထန် ကိုယ်ပြောတာသေချာနားထောင်ပေး... မင်းနေမကောင်းဖြစ်ကတည်းက ကိုယ်မင်းကိုချစ်မိသွားတာ သိခဲ့မိတယ်... အခုကစပြီး ခင်ပွန်းအစစ်နဲ့ ဇနီးအစစ် ဖြစ်ကြရအောင်လေ ဟုတ်ပြီလား..."

ထန်ထန် သူမရင်ဘတ်လေးကိုဖိကာ ပါးစပ်အဟောင်းသားဖြစ်နေသည်။ ထို့နောက် သူမပြောလိုက်သောစကားက ကျိရန်ကို ရယ်မောမိသွားစေသည်။

"ကျွန်မ အိပ်မက်မက်နေတာလား... တစ်ချက်လောက် ဆွဲဆိတ်ပေးကြည့်..."

ကျိယန် သူမ၏ လုပ်ရပ်လေးကြောင့် ရယ်မောမိသွားသည်။ ထို့နောက် သူမမျက်နှာကို ရုတ်တရက်ကြီး အုပ်ကိုင်လိုက်သည်။

"မင်းကို ဆွဲဆိတ်ပေးဖို့မလိုပါဘူး... အိပ်မက်မက်နေတာမဟုတ်ကြောင်း သက်သေပြဖို့ ပိုကောင်းတဲ့ နည်းလမ်းလေးရှိတယ်လေ..."

ထို့နောက် သူမကိုတိုက်ရိုက်နမ်းချလာသည်။ ဤတစ်ကြိမ်က နှုတ်ခမ်းချင်းထိရုံမျှဖြစ်သော နူးညံ့သော အနမ်းမျိုးမဟုတ်ပေ။ နက်ရှိုင်းသောအနမ်းတစ်ခုဖြစ်ပြီး သူ၏လျှာက သူမကို ရူးသွပ်စွာ တိုက်ခိုက်လာသည်။

ကျိယန်၏ ပုံမှန် တည်ငြိမ်ရင့်ကျက်သော အမူအယာကွဲကြေသွားသည်။ထိုအချိန်တွင် သူက သားကောင်ကိုဖမ်းမိသော ဝံပုလွေတစ်ကောင်နှယ် ကြမ်းတမ်းခက်ထန်နေသည်။ သူကရူးသွပ်စွာတိုက်ခိုက်လာပြီး သူ၏ သားကောင်ကိုဖိချလိုက်ကာ ပြန်မခုခံနိုင်ချိန်မှ သူစိတ်ကျေနပ်အောင် ပြုမူတော့သည်။

ထိုအချိန်တွင် ထန်ထန်က သနားစဖွယ်သားကောင်ငယ်လေးဖြစ်နေသည်။

အချိန်အတော်ကြာသွားတော့မှ ကျိယန်တစ်ယောက် သေသည်အထိ အနမ်းခံရတော့မည်ဟုတွေးနေသော ထန်ထန်ကို လွှတ်ပေးလိုက်တော့သည်။

ထန်ထန်၏ မျက်နှာတစ်ခုလုံက အောက်ဆီဂျင်ပြတ်တောက်မှုကြောင့် နီရဲနေပြီဖြစ်သည်။ သူမ အသစ်တစ်ဖန်ပြန်လည်ရှင်သန်လာသည့်နှယ် လတ်ဆတ်သောလေကို တစ်ဝကြီး ရှူသွင်းလိုက်သည်။ သို့သော် သူမ ကျိယန်ကို မျက်လုံးချင်းဆုံ၍ မကြည့်ရဲပေ။

သူ့ရဲ့ ပုံမှန်လို တည်ငြိမ်အေးဆေးပြီး ထိန်းသိမ်းနိုင်စွမ်းရှိတဲ့ ပုံရိပ်က ဘယ်ရောက်သွားတာလဲ...

ကျိယန် နူးနူးညံ့ညံ့လေးပြုံးလိုက်ပြီး သူမ၏နီရဲနေသော ပါးပြင်လေးကို ဆွဲဆိတ်လိုက်သည်။

"ဘယ်လိုထင်လဲ... အိပ်မက်မက်နေတယ်လို့ ထင်နေတုန်းလား..."

ထန်ထန် သူမခေါင်းကို ခပ်မြန်မြန်ခါရမ်းပြလိုက်သည်။
ဒါက လုံးဝကိုအစစ်ကြီးလေ...

"ဒါဆို ကိုယ်ပြောတာတွေကိုရော ဘယ်လိုထင်လဲ... မင်း ကိုယ့်ရဲ့ အစစ်အမှန်အိမ်ထောင်ဘက်ဖြစ်ချင်လား..."

ဒါပေါ့ ထန်ထန် ၁၀၀%၊ ၁၀၀၀%၊ ၁၀၀၀၀% ကို ဆန္ဒရှိတယ်... သူ သူမကိုကြိုက်ဖို့ဆိုတာ အိပ်မက်ထဲမှာပဲ ဖြစ်နိုင်တာမျိုးလေ... အရမ်းကိုအရမ်းကိုကောင်းမွန်တဲ့ အိပ်မက်မျိုးပေါ့... အတိတ်မှာတုန်းကဆိုရင် သူမ ပျော်လွန်းလို့ မေ့တောင်လဲလောက်ပြီ...

ဒါပေမဲ့ သူဘာလို့ အရင်က မပြောခဲ့တာလဲ... သူ သူမကို မသင်္ကာလို့များလား...

ထန်ထန် သူမနှုတ်ခမ်းလေးကိုကိုက်လိုက်ပြီး တုံ့ဆိုင်းနေဟန်ဖြင့် အတည်ပြုလာသည်။

"ရှင်... ရှင် ကုယန်ရန်ပြောတဲ့အကြောင်းကို မမေးတော့ဘူးလား... ကျွန်မကို သံသယမဖြစ်မိဘူးလား... ကျွန်မက ရှင်သိတဲ့ထန်ထန် မဟုတ်ခဲ့ဘူးဆိုရင်ရော..."

ကျိယန် ပြန်မဖြေမီ ခေတ္တမျှတိတ်ဆိတ်သွားသည်။

"အရင်က ကိုယ်မင်းကို တကယ် အတိတ်မေ့သွားတာတယ်ထင်တာ... ဒါပေမဲ့ ဒီည ကိုယ်ထင်တာမှားသွားကြောင်းသိလိုက်ရတယ်... မင်းက အတိတ်မေ့နေတာမဟုတ်ဘူးလေ.. မင်းက လုံးဝကို ကွဲပြားတဲ့လူတစ်ယောက်ပဲ..."

ထန်ထန်၏ နှလုံးသားလေး တင်းကြပ်သွားသည်။

"ဒါဆို.. ရှင်အခုထိ....."

ထန်ထန် စကားမဆုံးမီ ကျိယန်က သူမနှုတ်ခမ်းတို့ကို ပိတ်ဆို့လိုက်သည်။

"ဒါပေမဲ့ ကုယန်ရန်က ကိုယ်တောင် သံသယမဝင်သေးခင် မင်းကို ဘာလို့ သံသယဝင်ပြီး စုံစမ်းလဲသိလား..."

ထန်ထန် သူ့ကို ပဟေဠိဖြစ်စွာကြည့်လိုက်သည်။

"ဘာလို့လဲဆိုတော့ ကိုယ်က မူလထန်ထန်အကြောင်း ဘာမှမသိလို့ဘဲ.. ပြီးတော့ ကိုယ်သူ့ကို နားလည်အောင်လဲ မကြိုးစားခဲ့ဖူးဘူး.. ဒါကြောင့် သူနဲ့မင်းရဲ့ကြားက ကွာခြားချက်ကို မသိခဲ့ဘူးလေ... ကိုယ်မသိချင်ခဲ့တာလဲပါတာပေါ့... မင်း အတိတ်မေ့ပြီးနောက်မှာ မင်းရဲ့ပြောင်းလဲမှုတွေက ကျိရှောင်ကျိုးလေးနဲ့ ကိုယ့်အတွက် ကောင်းမွန်တယ်လို့ ထင်ခဲ့တယ်... ဒီလိုပြောင်းလဲမှုကိုမြင်ရတာလေ ဘာကိစ္စစုံစမ်းစစ်ဆေးရဦးမှာလဲ... ကိုယ့်အတွက်တော့ အခုလက်ရှိမင်းကိုပဲ ကြိုက်တာ..."

ထန်ထန် သူ့ကို ဗလာဖြစ်စွာကြည့်လိုက်သည်။ ထိုခဏတွင် သူမ ဘာပြန်ပြောရမလဲပင် မေ့သွားခဲ့သည်။

"ထန်ထန် ကိုယ်မင်းကိုရှင်းပြချင်တာက မင်းက မူလထန်ထန်မဟုတ်လဲ ကိုယ့်အတွက် ကွာခြားမှုမရှိဘူးဆိုတာပြောချင်တာပဲ... ကိုယ်ကြိုက်တဲ့လူကလည်း မူလထန်ထန်မဟုတ်ဘူး မင်းပဲ...အခုလက်ရှိမင်းပဲ... ဒီတော့ မင်းဘယ်သူကြီးပဲဖြစ်နေပါစေ အရေးမကြီးဘူး... မင်းဖြစ်နေသ၍ အကုန်အဆင်ပြေတယ်..."

ထန်ထန်၏ နှလုံးသားလေး တဖြေးဖြေး ပေါ့ပါးသွားသလိုခံစားလိုက်ရသည်။ သူမ ထိုအကြောင်း စိတ်ပူစရာမလိုအပ်တော့ဘဲ ထိုစိုးရိမ်မှုက အစိတ်စိတ်အမြွှာမြွှာကွဲအက်သွားတော့သည်။ ထို့နောက် သူမပင်မသိပါပဲ မျက်ရည်များ စီးကျလာသည်။

သူ သံသယမဝင်တာမဟုတ်ပဲ ဂရုမစိုက်တာတဲ့... သူကြိုက်တဲ့လူက သူမပဲ... အစစ်အမှန်သူမပဲ...

ထန်ထန် သူမဘဝတွင် တစ်ခါမျှ ထိုလောက်မပျော်ရွှင်ဖူးပေ။ သူမ မျက်လုံးထဲမှ မျက်ရည်မျာစီးကျနေသော်လည်း သူမပြုံးနေကျထက် ပို၍ ပျော်နေဟန်ပေါ်သော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ယောက်ျား... ကျွန်မသိပ်ပျော်တာပဲ.."

ကျိရန် သူမမျက်ရည်များကို သုတ်ပေးလိုက်သည်။

"ဘာကြောင့်များ ငိုနေရတာလဲ အရူးမလေးရဲ့..."

"ကျွန်မအရမ်းကိုပျော်နေတာ... အစက ရှင်ကျွန်မကို မလိုချင်တော့မှာကို စိုးရိမ်နေခဲ့တာ... ကျွန်မ ရှင်နဲ့ရှောင်ကျိုးကို ထပ်မမြင်ရတော့ဘူးလို့ထင်ခဲ့တာ... ဘယ်သူသိမှာလဲ..."

ထန်ထန် ပြုံးရင်းနှင့်ငိုနေသည်။ သူမ အရမ်းကိုစိတ်ပေါ့ပါးနေပြီး သူမ၏ လျှို့ဝှက်ချက်ကို ဝန်ခံချင်လာသည်။

"ကျွန်မရှင့်ကို အမှန်အတိုင်းပြောပြမယ်... ကျွန်မကတကယ်ပဲ မူလထန်ထန်မဟုတ်ဘူး... ကုယန်ရန်ပြောတာမှန်ပေမဲ့ ကျွန်မက  အယောင်ဆောင်ထားတာမဟုတ်ဘူး.. တကယ်တော့ ကျွန်မက ဒီခန္ဓာကိုယ်ကို ယူထားခဲ့တာ..."

"ခန္ဓာကိုယ်ကိုယူထားတာ..."

ထန်ထန် ထိုစကားလုံးများကို သေချာအာရုံစိုက်၍ ပြောလိုက်သည်။ သူမ သူ့ကို ခြောက်လှန့်မိမှာ စိုးရိမ်သွားမိသည်။ သို့သော် ကျိယန်က အလွန်တည်ငြိမ်နေကာ ဘာမှပြောမလာခဲ့ပေ။ထို့အပြင် သူ့မျက်နှာက သူမတွေးထားသလို ဖြူရော်မသွားခဲ့ချေ။ သူအရမ်းတည်ငြိမ်နေသည်မှာ သူမပြေသည်ကို မကြားခဲ့သည်လားဟုပင် ထင်လိုက်ရသည်။

သူအရမ်းကြီးလန့်မသွားပါဘူး ဟုတ်တယ်လား...

ထန်ထန် ထိတ်လန့်သွားပြီး သူ့မျက်နှာကို လက်ညှိုးလေးဖြင့်ထိလိုက်ကာ မေးလိုက်သည်။

"ယောက်ျား ကျွန်မပြောတာကို နားလည်လားဟင်... ကြောက်သွားတာလား... မကြောက်ပါနဲ့ ကျွန်မက သရဲမဟုတ်ပါဘူး..."

ကျိယန် အကူအညီမဲ့သလို ခံစားလိုက်ရပြီး သူ့မျက်နှာကိုထိနေသော သူမ၏လက်ညှိုးလေးကို ဖမ်းလိုက်သည်။

"ကိုယ်နားလည်ပါတယ်.. ပြီးတော့ ကိုယ်ကြောက်မသွားပါဘူး... ကိုယ်အဲ့လိုဖြစ်နိုင်ချေရှိမရှိ တွေးခဲ့မိသေးတယ်..."

ဤအကြိမ် ထန်ထန် အံ့ဩရမည့်အလှည့်ဖြစ်သည်။

"ရှင်ခန့်မှန်းမိခဲ့သေးတာလား..."

ကျိယန် ခေါင်းငြိမ့်ပြလိုက်သည်။

"အထဲမှာ ဘယ်သူရှိလဲ၊ ဘာရှိလဲ ကိုယ်သေချာမသိပေမဲ့ မင်းရဲ့ ခန္ဓာကိုယ်ကတော့ လုံးဝပြောင်းမသွားခဲ့ဘူး... မင်း အတိတ်မေ့ပြီး ကိုယ့်ထမဆုံးပြန်လာတုန်းက မင်းရဲ့ဆံပင်ကိုယူပြီး ရှောင်ကျိုးနဲ့ DNA စစ်လိုက်သေးတယ်... မင်းကတကယ့်ကို ရှောင်ကျိုးရဲ့ အမေအစစ်ပဲ..."

ထန်ထန် မျက်လုံးလေးများပြူးကျယ်သွားသည်။ သူမ ထိုသို့ဖြစ်ခဲ့သည်မှန်း တစ်ခုမှ မတွေးဖူးပေ။

"အဲ့တုန်းက မင်းကတော်တော်လေး ပြောင်းလဲသွားတော့ကိုယ့်ဆီက စစ်တပ်ရဲ့လျှို့ဝှက်ချက်တွေကို လိုချင်တဲ့ သူလျှိုလို့ထင်သွားတာ.. ဒီတော့ ကိုယ်သေချာသတိထားခဲ့သေးတယ်... ဒါပေမဲ့ မင်းရဲ့ ကိုယ်ရေးအချက်အလက်ကို အတည်ပြုပြီးတဲ့နောက်မှာတော့ ကိုယ်လုံးဝစိတ်မပူတော့ဘူး... မင်းရဲ့ ပင်ကိုယ်စရိုက်ပြောင်းလဲသွားတာကတော့ ကိုယ်တစ်ခါမှ အဲ့အကြောင်း မစုံစမ်းခဲ့ဖူးဘူး... ခုဏက မင်းရဲ့တုံ့ပြန်ချက်အရဆိုရင် မင်းက မူလထန်ထန်မဖြစ်နိုင်ဘူး... ဒီတော့ဖြစ်နိုင်ချေတစ်ခုပဲရှိတော့တယ်... အဲ့တာက ခန္ဓာကိုယ်ထဲက ဝိဉာဉ်ပြောင်းသွားတာပဲ..."

ထန်ထန် အလွန်အံ့အားသင့်သွားတော့သည်။

"အခြား ဝိဉာဉ်တစ်ခုက ခန္ဓာကိုယ်ထဲ ဝင်နေတယ်ဆိုတဲ့ ထူးဆန်းတာမျိုးကို ရှင် မအံ့ဩသွားဘူးလား... ဘာလို့ အရမ်းကိုတည်ငြိမ်နေရတာလဲ..."

ကျိယန် နူးနူးညံ့ညံ့လေးပြုံးလိုက်ပြီး ရှင်းပြလိုက်သည်။

"အမှန်အတိုင်းပြောရရင် အဲ့လိုဖြစ်ရပ်မျိုးဆိုတာက အရမ်းထူးဆန်းပေမဲ့ ကိုယ်လက်မခံနိုင်တာမျိုးတော့ မဟုတ်ဘူးလေ... ကြားဖူးနားဝမှမရှိဘူးဆိုတိုင်း မတည်ရှိဘူးလို့ မဆိုလိုဘူးလေ..."

ထန်ထန် သူ့ကို လေးစားအားကိုးတကြီး ကြည့်နေသည်။ သူက အလွန်ထက်မြက်ကာ တည်ငြိမ်သည်။ သူမသာဆိုလျှင် အံ့ဩလွန်း၍ ပါးစပ်မစိနိုင်ဖြစ်နေမည်ဖြစ်သည်။ သို့သော် သူမအလွန်စိုးရိမ်နေအရာက လွယ်လွယ်ကူကူ လက်ခံခြင်းခံလိုက်ရ၍ သူမတွင် စိတ်ပူစရာမရှိတော့ပေ။

ထန်ထန် နှုတ်ခမ်းလေးဆူထော်လိုက်မိသည်။

"ရှင်သာ ဒီလိုတုံ့ပြန်မယ်မှန်းသိရင် ကျွန်မ အဲ့လောက်ကြီး စိတ်ပူမိမှာမဟုတ်ဘူး... ရှင့်ကို အမှန်အတိုင်းပြောပြခဲ့မှာပေါ့.."

ကျိယန်၏ နှုတ်ခမ်းထောင့်တို့ မြင့်တက်သွားသည်။ သူ သူမဘက်လှည့်၍ ဖက်တွယ်လိုက်သည်။

"အခု ကိုယ့်ကိုပြောပြဖို့ နောက်မကျသေးပါဘူး... အခုပဲပြောပြလိုက်တော့..."

ပျော်ရွှင်စွာဖြင့် ထန်ထန် သူ၏ ရင်ဘတ်ပေါ့မှီတွယ်ကာ သူမအကြောင်း စိုးရိမ်မှုမရှိမပြောပြခဲ့သည်။ သူမ၏ ပထမဘဝအကြောင်းကို မကွယ်ဝှက်ပဲ အရာတိုင်းပြောပြခဲ့သည်။

သူမပြော၍ပြီးချိန်တွင် ကောင်းကင်ပင် လင်းနေပြီဖြစ်သည်။ မနက်ရောက်နေပြီဖြစ်သည်။ သူတို့ တစ်ညလုံး စကားပြောဖြစ်ခဲ့သည်ကို သတိမထားမိသလို ပင်ပန်းသည်ဟုလည်း မခံစားရပေ။

ကျိယန် အချိန်ကြည့်လိုက်သည်။ သူထရန် အချိန်တစ်နာရီမျှလိုသေးသဖြင့် ထန်ထန်၏နှဖူးလေးကို နမ်းကာ ပြောလိုက်သည်။

"အခု အိပ်တော့... ဒီနေ့ကောင်းကောင်းအနားယူလိုက်... ကိုယ် ရှောင်ကျိုးရဲ့ ဝေယျာဝစ္စတွေလုပ်ပေးလိုက်မယ်..."

ထန်ထန် သူ့အပေါ်မှီ၍ ပြုံးလိုက်သည်။ သူမအလွန်ပျော်ရွှင်ပြီး စိတ်သက်သာရာရသွားခဲ့သည်။ သူမတွင် စိုးရိမ်စရာကိစ္စဘာမှမရှိတော့ပေ။

သူမအရမ်းကိုပျော်တာပဲ...

"လိမ္မာတယ် အိပ်တော့နော်..."

ကျိယန် သူမနောက်ကျောကို ကလေးချော့သိပ်သလို ပုတ်အေးလိုက်သည်။ ထန်ထန် ချက်ချင်း မျက်လုံးမှိတ်လိုက်ပြီး နောက်တစ်စက္ကန့်အကြာတွင် အိပ်ပျော်သွားတော့သည်။

ကျိယန် သူမကို တင်းတင်းဖက်ကာ ငြိမ်သက်စွာ လှဲလျောင်းနေလိုက်သည်။ သူငွေပမာဏတစ်ခုကို လွှဲပေးလိုက်သည်။ ထန်ထန်သာမြင်လျှင် အလွန်ထိတ်လန့်သွားမည်ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ကျိယန်က ထန်ထန်၏ အချက်အလက်များအားလုံးကို တစ်စုံတစ်ယောက်ကို ဖျက်ဆီးခိုင်းလိုက်သောကြောင့်ဖြစ်သည်။ မည်သူမှ ထန်ထန်အကြောင်း စုံစမ်းနိုင်တော့မည်မဟုတ်ပေ။

ကုယန်ရန်ပင် အချက်အလက်များကို လွယ်ကူစွာရနိုင်ပါက မည်သူမဆို ရနိုင်ပေလိမ့်မည်။ သို့သော် ကျိယန် သူမကို မည်သူမှ စစ်ဆေးသည်ကို မလိုချင်သလို သူမကိုခြိမ်းခြောက်မည်ကိုလည်း မလိုချင်ပေ။ သူတစ်ယောက်တည်းသာ သူမ၏လျှို့ဝှက်ချက်ကိုသိပါက လုံလောက်ပြီဖြစ်သည်။

သူမက အမြဲတမ်းအတွက် ရှောင်ကျိုး၏အမေဖြစ်ကာ သူ၏ဇနီးဖြစ်လာမည်ဖြစ်သည်။

Xxxxx

Part 55

ထန်ထန် နေ့လည်ခင်းအထိ အိပ်ပစ်လိုက်သည်။ သူမနိုးလာသောအခါ အလွန်အမင်းပျော်ရွှင်နေပြီး လန်းဆန်းတက်ကြွနေဟန် ခံစားလိုက်ရသည်။ သူမဘာကိုပဲကြည့်နေနေ သူမကြည့်သမျှ အရာတိုင်းအားလုံးက တောက်ပနေကာ လှပနေသည်ဟုပင် မြင်နေမိသည်။ သူမ ကိုယ့်ကိုကိုယ်မထိန်းချုပ်နိုင်ဘဲ ပျော်ရွှင်နေသော စိတ်အခြေအနေလေးကို ဖော်ဆော်နေမိသည်။

ထန်ထန်က လူတစ်ယောက် စိတ်ပျော်နေချိန်တွင် အရာရာတိုင်း အကောင်းသာဖြစ်လာမည်ဟု တွေးလိုက်မိသည်။

ဟီးဟီး... သူလည်း သူမကိုကြိုက်တယ်တဲ့... အခုကစပြီးသူတို့နှစ်ယောက် အစစ်အမှန် ခင်ပွန်းနဲ့ဇနီး စုံတွဲလေးဖြစ်လာတော့မှာလေ...
ထိုအကြောင်းတွေးတိုင်း ထန်ထန်တစ်ယောက် ပျော်လွန်း၍ ပြုံး၍သာနေမိသည်။

ထန်ထန် နေ့လည်စာကို ပျော်ပျော်ကြီးစားလိုက်ပြီး အိမ်အလုပ်များကို စတင်လုပ်ကိုင်တော့သည်။ ကျိရှောင်ကျိုးကို မူကြိုမှသွားကြိုရန် အချိန်ရောက်လာချိန်တွင် သူမအိမ်မှ ပျော်ရွှင်စွာထွက်လာပြီး အသေးလေးကို သွားကြိုခဲ့သည်။

သို့သော် ထန်ထန် အသေးလေးကို လက်ဝှေ့ရမ်းပြလိုက်ချိန်တွင် အသေးလေးက သူမကို အေးစက်စက်သာကြည့်ပြီး မျက်နှာလွှဲသွားခဲ့သည်။ သူက ပုံမှန်အတိုင်း ထန်ထန်ဆီပြေးလာကာ 'မာမီ'ဟုခေါ်ရမည့်အစား ဝမ်နောင်ထံကိုသာ စိုက်ကြည့်နေသည်။

အသေးလေးက အလွန်အမင်း မပျော်ရွှင်နေဟန်ဖြစ်နေသည်။ ထို့အပြင် သူမကို အတော်လေး မကျေနပ်နေဟန်ဖြစ်နေသည်။

ထိုအချိန်တွင် ထန်ထန် အကြောင်းပြချက်ကို တွေးလိုက်မိသည်။ မနေ့ညက အသေးလေးက သူမနှင့်ကျိရန်ကိုခွဲရန် ဉာဏ်နီဉာဏ်နက် ဉာဏ်ရောင်စုံထုတ်သုံးခဲ့သည်။ သူက ဒယ်ဒီ သူမကိုလာခိုးသွားမည်စိုး၍ တံခါးကိုပင် လော့ချလိုက်သေးသော်လည်း သူနိုးလာချိန်တွင် မာမီပျောက်နေကြောင်းသိလိုက်ရပြန်သည်။ မည်သူမှ အသေးလေး၏ စိတ်ပျက်လက်ပျက်ဖြစ်သွားမှုနှင့် အသဲကွဲသွားမှုကို နားမလည်ပေ။

ထို့ကြောင့် သူဒီနေ့ စိတ်တိုနေရခြင်းဖြစ်သည်။

ထန်ထန် သူမနှဖူးသာ သူမရိုက်မိလိုက်သည်။ ယင်းက သူမအမှားဖြစ်ပြီး သူမကျိယန်၏ ညှို့ဓာတ်ကို မိနေ၍ဖြစ်သည်။ ထို့အပြင် သူမ အသေးလေးမနိုးမီ ၏အိပ်ခန်းထဲသို့ပြန်ခိုးဝင်ကာ သူ၏ ဒယ်ဒီက သူမကို ထပ်ခိုးသွားကြောင်းမသိအောင် လုပ်ခဲ့သင့်သည်။

ငါဘယ်လိုတောင် ပေါ့ဆရတာလဲ...

ထန်ထန် အသေးလေးကို ရှက်ရွံ့စွာပြုံးရင်း နှုတ်ဆက်လိုက်ပြီး သူ့ကို အဆက်မပြတ်သာ ချီးမွမ်းနေလိုက်သည်။

"မာမီ့ရဲ့ အရမ်းအရမ်းကိုချစ်ဖို့ကောင်းတဲ့ လူချောလေးရှောင်ကျိုးရေ မာမီသားကိုလာကြိုတယ်လေ..."

ကံဆိုးစွာဖြင် အသေးလေးက ဤတစ်ကြိမ်တွင် သူမ၏ မြှောက်ပင့်မှုတွင် ပျော်ဝင်မသွားတော့ချေ။ သူ၏ နှုတ်ခမ်းလေးများက မခံချိမခံသာဖြစ်နေပြီး အပြုံးလေးများပြည့်နေကာ အမြဲတမ်းပျော်နေတတ်သော မျက်နှာဖောင်းဖောင်းလေးက ယခုတွင် မျက်နှာသေကြီးဖြစ်နေသည်။ သူ ကျိယန်နှင့် တစ်ပုံစံတည်းတူညီနေခဲ့သည်။

အသေးလေးကို ပြန်ချော့ဖို့ရန်အတွက် ထန်ထန်တစ်ယောက် သူမ၏ ကျွမ်းကျင်မှုကိုအသုံးချ၍ ထိုနေ့ညတွင် သူအကြိုက်ဆုံးသောဟင်းပွဲများကို ချက်ပြုတ်ပေးခဲ့သည်။ စားပွဲပေါ်ရှိဟင်းပွဲအများစုက အသားများဖြင့် ပြည့်နေသည်။

"လာပါဦး ပေါင်ပေါင်လေးရဲ့... မာမီနံရိုးချိချဉ်လုပ်ထားတယ်လေကွာ... ဒါက အကြီးဆုံးအပိုင်းကြီးနော်..."

ထန်ထန် အသားများစွာပါသော နံရိုးတုံးကို ကျိရှောင်ကျိုးပန်းကန်ထဲ ထည့်ပေးလိုက်သည်။ သူမ သူ့ကို ချော့ရန် ကြိုးစားနေခြင်းဖြစ်သည်။

ပုံမှန်ကျိရှောင်ကျိုးသာဆိုလျှင် ထိုနံရိုးကိုယူကာ ပျော်ပျော်ကြီးစားပြီး သူ၏မာမီကို ကျေးဇူးတင်စကားပြောမည်ဖြစ်သည်။ သို့သော် အသေးလေးက ယနေ့တွင် အေးစက်စွာ ငြင်းပယ်ခဲ့သည်။ သူ၏အကြိုက်ဆုံးသော နံရိုးများကိုပင် ဂရုမစိုက်ခဲ့ချေ။ သူတစ်ချက်ကြည့်ပြီးသည်နှင့် တမ်းခနဲငြင်းပယ်ခဲ့သည်။ ယင်းအစား သူအစိမ်းရောင်ဟင်းသီးဟင်းရွက်များကိုသာ ယူလိုက်သည်။

"သားဝိတ်ကျဖို့လိုတယ်... အသားမစားတော့ဘူး..."

အိုး သွားပါပြီ... အသေးလေးက သူ့ကိုယ်သူဝတယ်လို့ ဘယ်တော့မှ ပြောမဲ့လူမျိုးမဟုတ်ဘူးလေ... တစ်ခါမှလဲ ဝိတ်ချဖို့ မပြောဖူးဘူး... သူဝိတ်ချတယ်မယ်လို့ပြောတယ်ဆိုမှတော့ အတော်လေး စိတ်နာနေပုံပဲ..

၎င်းက သူမ၏ အပြစ်မကင်းပေ။

ထန်ထန် မီးဖိုထဲကို အလွန်လျှင်မြန်စွာ ဝင်သွားခဲ့ပြီး ဂျုံစနယ်ကာ အသေးလေးအတွက် အုန်းနို့ဆမ်းပေါင်မုန့်တစ်ခု ဖုတ်ပေးလိုက်သည်။ သူညစာအများကြီးမစားသွား၍ မကြာခင် ဗိုက်ဆာလာတော့မည်ဖြစ်သည်။

ကျိယန် ထန်ထန်နောက်မှနေ၍ မီးဖိုချောင်ထဲဝင်လာခဲ့သည်။ သူ သူမ၏ခါးလေးကိုဖက်ကာ ပခုံးပေါ်မေးတင်၍ သူမလုပ်နေသည်ကို ကြည့်နေလိုက်သည်။

ထန်ထန် အဆင်မပြေသလိုခံစားလိုက်ရပြီး နောက်လှည့်လိုက်သည်။

"ရှင်ဘာလုပ်နေတာလဲ... ကျွန်မတို့ကလေးက အပြင်မှာ ကစားနေတယ်လေ..."

ကျိယန် ငြင်သာစွာပြုံးလိုက်သည်။

"ကျိရှောင်ကျိုးလာမှာမဟုတ်ဘူး... သူအခုစိတ်ဆိုးနေတာမဟုတ်ဘူးလား..."

ထန်ထန်က မျက်နှာနီနီဖြင့် ပြန်ပြောလိုက်သည်။

"ရှင် အခုထိပြုံးနိုင်နေတုန်းပဲလား... အဲ့တာရှင့်အမှားလေ... ကျွန်မ ရှင်နဲ့အိပ်လိုက်လို့ ပေါင်ပေါင်က စိတ်ဆိုးသွားခဲ့တာလေ... ဒီလိုဖြစ်လာမယ်မှန်းသာသိရင် ပေါင်ပေါင်မနိုးခင် အခန်းထဲပြန်လိုက်ပါတယ်..."

ကျိယန် သူမခါးလေးကို ခပ်ဖွဖွဆိတ်ဆွဲလိုက်သည်။

"ကိုယ်တို့နှစ်ယောက်က လင်မယားတွေမဟုတ်ဘူးလား... ဘာလို့ ကိုယ့်မိန်းမကိုယ် တိတ်တိတ်လေးလာတွေ့ရမှာလဲ..."

"မိန်းမ"ဟူသော စကားကို ကြားသောအခါ ထန်ထန် နှလုံးသားတစ်ခုလုံး ချိုမြိန်မှုတို့ မွှန်းထုံသွားခဲ့သည်။ သူမ၏ နှုတ်ခမ်းထောင့်လေးများ ချက်ချင်းပင် မြင့်တက်သွားပြီး ရှင်းပြလာသည်။

"ပေါင်ပေါင်က ငယ်ငယ်လေးပဲရှိသေးတာလေ... ကလေးတွေက ပိုင်ဆိုင်လိုစိတ်ကြီးပြီး သူတို့အမေကို တခြားသူဆီမပေးချင်ကြဘူး... သူအသက်ကြီးလာရင် ပိုနားလည်လာပါလိမ့်မယ်..."

ထန်ထန် အသေးလေး၏ ခံစားချက်ကို နားလည်ပေသည်။ အဘယ်ကြောင့်ဆိုသော် သူမငယ်ငယ်ကလည်း ထိုအတိုင်းပင်ဖြစ်၍ ဖြစ်သည်။ သူမ၏ အထိန်းတော်က အခြားကလေးများကို ကောင်းကောင်းဆက်ဆံလျှင် သူမ မနာလိုဖြစ်တတ်သည်။ သူမ၏ အထိန်းတော်က အခြားကလေးများကို ချစ်သွားမည်ကို ကြောက်ပြီး အထိန်းတော်က သူမတစ်ယောက်တည်းကိုသာ ချစ်နေရန် ဆန္ဒရှိခဲ့သည်။

ကျိယန် နှာမှုတ်လိုက်သည်။

"ကိုယ်တော့ သူအဲ့တာကြောင့် စိတ်ဆိုးနေတယ်မထင်ပါဘူး... အသေးလေးက စိတ်ထားကျဉ်းမြောင်းတဲ့လူမျိုးမှမဟုတ်တာ... ကိုယ်သူ့ကို နားလည်ရသလောက်ဆိုရင် သူ့မှာအခြားအကြောင်းပြချက်ရှိနေမှာ..."

"ဟမ်..."

ထန်ထန် ပဟေဠိဖြစ်စွာ သူ့ကိုလှည့်ကြည့်လိုက်သည်။

"ဘာအကြောင်းပြချက်လဲ... အခြားအကြောင်းပြချက်ရှိနေသေးတာလား..."

ကျိယန် သူမကိုနမ်းရန် အခွင့်အရေးယူလိုက်သည်။

"ကိုယ်လည်းမသိဘူးလေ... သူ့ကိုမေးကြည့်ပေါ့..."

ထန်ထန် မနေ့ညက သူမတို့နှစ်ယောက်စကားပြောပြီးနောက်တွင် ကျိယန်တစ်ယောက် ပြောင်းလဲသွားကြောင်း သတိထားမိလိုက်သည်။ အရင်က သူကအတော်လေးကျိုးကြောင်းဆီလျှော်သူဖြစ်ပြီး တည်ကြည်လေးနက်သူဖြစ်သည်။ သို့သော် ယခုတွင် သူမကို အချိန်တိုင်း ဖက်လိုက် နမ်းလိုက် လုပ်နေသည်။ ၎င်းက သူမကို အလွန်အမင်း ရှက်ရွံ့စေသည်။ ကျီယွဲ့ပြောတာ မှန်သည်။ မည်သည့်ယောက်ျားမှ ဂုဏ်သိက္ခာရှိရှိမပြုမူပေ။ အကယ်၍ ထိုသို့ပြုလုပ်ခဲ့ပါက သင့်အပေါ်စိတ်မဝင်စား၍သာဖြစ်သည်။

ကျီယွဲ့သူမကို မလိမ်ခဲ့ပေ။

ထန်ထန် ယနေ့ညတွင်လည်း သူရောက်လာမည်ကို စိုးရိမ်နေမိသည်။ အကယ်၍ နောက်တစ်ကြိမ်ထပ်ဖြစ်ပါက အသေးလေးကို ချော့ရန် အလွန်အမင်းခက်ခဲတော့မည်ဖြစ်၍ မျက်နှာရဲရဲ ရှက်ဝဲဝဲဖြင့်သာ ပြောလိုက်ရသည်။

"ကျွန်မ ဒီည ပေါင်ပေါင်ကို ချော့ချင်လို့ ဒီနေ့တော့ မလာခဲ့နဲ့နော်... ရှင်သာထပ်လာရင် သူ့ကိုချော့ဖို့က အရမ်းခက်ခဲတော့မှာ..."

"မင်း ဒီည ကိုယ့်ကို မလာစေချင်ဘူးပေါ့လေ..."

ကျိရန် ငြင်သာစွာပြောလိုက်သော်လည်း သူ၏စကားလုံးများထဲမှ စိတ်မကျေနပ်မှုများကို ဖုံးဖိမရနိုင်အောင် မြင်နေရသည်။

"ကျွန်မ ပေါင်ပေါင်ကိုချော့ဖို့လိုတယ်မဟုတ်ဘူးလား... ပေါင်ပေါင်စိတ်မဆိုးတော့မှ အဲ့အကြောင်းထပ်ပြောကြတာပေါ့ ဟုတ်ပြီလား... ရှင်က သူ့အဖေပဲလေ သူ့ကို နည်းနည်းလောက် ချော့လိုက်ပါဦးလား..."

ကျိယန် အချိန်ခဏမျှတွေးနေပြီး ရုတ်တရက် သူ့နှုတ်ခမ်းသူ ညွှန်ပြလာသည်။ သူမကို လာနမ်းစေချင်ကြောင်း အရိပ်အမွက်ပြလိုက်သည်။

ရုတ်ချည်းပင် ထန်ထန်တစ်ယောက် ပူထူသွားသည်။ သို့သော် ယနေ့ညတွင် သူမလာစေရန် သူမ၏ အရှက်တရားများကို ထိန်းချုပ်ကာ သူ့နှုတ်ခမ်းကို ခပ်မြန်မြန်နမ်းလိုက်သည်။

"ကောင်းပြီလေ... ကျွန်မရှင့်ကို လျှော်ကြေးပေးလိုက်ပြီ ဒီနေ့ညလာလို့မရတော့ဘူး..."

ကျိယန်ပြုံးလိုက်ပြီး သူ့အပြုံးက ပျော်ရွှင်ကြည်နူးဟန်ပြနေသည်။

––––––––––

သူမ ကလေးကြီးကိုကိုင်တွယ်ပြီးပြီဖြစ်၍ ကလေးအငယ်ကို စတင်ကိုင်တွယ်ရတော့မည်ဖြစ်သည်။ သူမ လတ်လတ်ဆတ်ဆတ်ဖုတ်ထားသော အုန်းနို့ဆမ်းပေါင်မုန့်များကိုယူကာ အသေးလေး၏ အိပ်ခန်းထဲသို့ ဝင်သွားလိုက်သည်။

"ဒန်တန့်တန်... ကြည့်ပါဦး... မာမီသားအတွက် အထူးစပရှယ် အုန်းနို့ဆမ်းပေါင်မုန့်လုပ်ပေးထားတယ်... အရမ်းချို၊ အရမ်းမွှေးပြီး အရမ်းကိုအရသာရှိတာနော် လာစားကြည့်ပါဦး..."

ကျိရှောင်ကျိုး သူ့ခန္ဓာကိုယ်ကို တစ်ဖက်လှည့်လိုက်ပြီး တည်ငြိမ်နေသော အသံဖြင့် ပြောလာသည်။

"သားမစားတော့ဘူး... သားဝိတ်လျော့ဖို့ လိုနေတယ်..."

ထန်ထန် သူ့နားသွားလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ... မာမီရဲ့ ပေါင်ပေါင်က အရမ်းကိုချောတာပါ... ဘယ်မှာဝလို့လဲ... ဝိတ်ချဖို့မလိုပါဘူး... သားက အရမ်းအရမ်းအရမ်းကို ချောနေပြီးသားလေ..."

အသေးလေးက ခပ်ဖွဖွလေးနှာမှုတ်လိုက်သည်။ သို့သော် သူ့အကြည့်များက ပေါင်မုန့်များထံရောက်နေလေသည်။

ထန်ထန် ပေါင်မုန့်ပန်းကန်ကို အောက်ချလိုက်ကာ အသေးလေးကို ဖက်ပြီးနမ်းလိုက်သည်။

"အိုင်းယား... ပေါင်ပေါင်ရယ် မာမီမှားသွားပါတယ်... မာမီတောင်းပန်တယ် ဟုတ်ပြီလား.. မာမီအခုပဲ ဒယ်ဒီ့ကိုငြင်းလိုက်ပြီး ပေါင်ပေါင်လေးတဲ့ အတူတူအိပ်ဖို့လာပြီလေ... ထပ်ပြီးစိတ်မဆိုးပါနဲ့တော့နော်~~"

အသေးလေးက ခေတ္တမျှရုန်းကန်လိုက်သော်လည်း သူ့မျက်နှာတွင်တော့ သူမကိုခွင့်လွှတ်ချင်နေသော အမူအယာလေးများ ပြလာသည်။

သူမ၏ အခွင့်အရေးကို မြင်လိုက်သည်နှင့် ထန်ထန် ပေါင်မုန့်တစ်ခုယူပြီး အသေးလေးပါးစပ်ထားနားပေးလိုက်သည်။

"ပေါင်ပေါင်က ဒါကိုမကြိုက်ဘူးလားဟင်... တစ်ချက်လေးပဲ ကိုက်ကြည့်လိုက်ပါ... သားက ယောက်ျားလေးတစ်ယောက်လေ ယောက်ျားတွေဆိုတာ မိန်းကလေးတွေကို မငြင်းဆိုသင့်ဘူးနော်... အဲ့လိုလုပ်ရင် မျက်နှာပျက်ရမှာနော်... ပေါင်ပေါင်က စိတ်ထားကောင်းတဲ့ ကောင်လေးမဟုတ်လား..."

သူမ၏စကားများက အလုပ်ဖြစ်၍လား ပေါင်မုန့်က အရမ်းမွှေး၍လားမသိပေ အသေးလေးက မျက်တောင်ခတ်၍ သက်ပြင်းအသာချလိုက်ပြီး ခေတ္တမျှတွေးနေဟန်ပေါ်လာသည်။ သူ့မျက်နှာထက်တွင် 'ဘာမှမတတ်နိုင်ဘူးလေ' ဟူသော အမူအယာလေးရှိပြီး ပြောလာသည်။

"ကောင်းပြီလေ... မာမီက မိန်းကလေးဖြစ်နေမှတော့ သားက ဒီကိစ္စကိုအလျှော့ပေးရမှာပေါ့... ဒါပေမဲ့ နောက်တစ်ကြိမ်ဆိုတာ မရှိတော့ဘူးနော်..."

အသေးလေး စိတ်ပြေသွားပြီ....

ချက်ချင်းပင် ထန်ထန် ကတိပေးလိုက်သည်။

"မာမီ ကတိပေးတယ် နောက်တစ်ကြိမ်ဆိုတာ လုံးဝမရှိလာရတော့ဘူး... ကျေးဇူးပြုပြီး မာမီ့ကိုယုံပေးနော် ပေါင်ပေါင်လေး.."

ကျိရှောင်ကျိုးစိတ်ကျေနပ်စွာ ခေါင်းငြိမ့်လိုက်ပြီး သူ၏အာရုံတစ်ခုလုံးက ပေါင်မုန့်များထံရောက်နေသည်။

ထန်ထန် သူ့ကို ပေါင်မုန့်လေးတစ်ခုကျွေးလိုက်ပြီး ပန်းကန်တစ်ခုလုံး ထိုးပေးလိုက်သည်။

"မြန်မြန်လေးစားလိုက်လေ... ဒါဆိုပေါင်ပေါင် မာမီ့ကို ခွင့်လွှတ်တယ်ဆိုတာ သက်သေပြလိုက်သလိုဖြစ်သွားမှာ... အဲ့လိုဆို မာမီလည်း စိတ်ချသွားမှာ..."

သူ့ဘက်က ခွင့်လွှတ်ကြောင်းပြသည့်အနေဖြင့် 'တွန့်ဆုတ်သော' အမူအယာဖြင့်စားပြလိုက်ပြီး တစ်ပန်းကန်လုံးကို ဆယ်မိနစ်အတွင်း အပြောင်ရှင်းလိုက်သည်။

အသေးလေးက စားပြီးနောက်တွင် သူ၏ဗိုက်ကလေးကို ပွတ်လိုက်သည်။ သူဗိုက်ပြည့်သွားပြီဟု ခံစားလိုက်ရကာ သက်တောင့်သက်သာ အသက်ရှူပြီး ကုတင်ပေါ်လှဲချလိုက်သည်။ သူ၏ပြည့်ဖောင်းဖောင်းခြေထောက်လေးများကို လေပေါ်တွင် လွှဲရမ်းနေသည်ကိုကြည့်ခြင်းအားဖြင့် သူစိတ်ကောင်းဝင်နေကြောင်း သိရပေသည်။

ဤပေါင်မုန့်တစ်ပန်းကန်က အသေးလေးကို စိတ်ဆိုးပြေစေကြောင်းသိသာလေသည်။

ထန်ထန်စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်သည်။ သူမ သူ့နားသွား၍ ဗိုက်လေးကို ကူပွတ်ပေးလိုက်သည်။ အသေးလေးက အလွန်သက်တောင့်သက်သာရှိဟန်ဖြင့် မျက်လုံးမှိတ်လိုက်သည်မှာ ကြောင်ပေါက်လေးတစ်ကောင်နှင့်ပင် တူနေသည်။

"ပေါင်ပေါင် စိတ်မဆိုးတော့ဘူးမလား..."

ကျိရှောင်ကျိုး စိတ်သဘောထားကြီးမားစွာ ခေါင်းငြိမ့်ပြလိုက်သည်။

"သား မာမီ့ကို ခွင့်လွှတ်ပါတယ်... ဒါပေမဲ့ ဒယ်ဒီနဲ့တိတ်တိတ်လေးသွားအိပ်လို့မရဘားနော် အဲ့လိုဆိုရင်တော့ သားကခွင့်မလွှတ်ဘူး..."

'တိတ်တိတ်လေးအတူသွားအိပ်တယ်'ဆိုတာ ဘာကြီးလဲ...
ထန်ထန် အသေးလေး၏စကားများကြောင့် ရှက်သွားတော့သည်။ သူမနှင့် ကျိယန်တို့ မနေ့ကနမ်းခဲ့ကြသော မြင်ကွင်းက သူမစိတ်ထဲတွင် တဝဲလည်လည်ပေါ်ထွက်လာပြီး သူမ၏ပါးပြင်လေးကို ရဲရဲနီသွားစေသည်။

သို့သော် ကြည့်ရသည်မှာ အသေးလေးက သူမနှင့်ကျိယန်အတူအိပ်ခြင်းအပေါ် အတော်လေး အနှောင့်အယှက်ဖြစ်နေပုံပေါ်သည်။ မူလက ထန်ထန်က ကလေးများ၎င်းတို့၏ အမေကို အခြားလူဆီ မပေးချင်သော ကိစ္စကြောင့်ဖြစ်သည်ဟု ထင်ခဲ့သော်လည်း ယခုတွင် ၎င်းက ကျိယန်ကြောင့်ဖြစ်ခြင်း မဟုတ်လောက်ပေ။
အသေးလေးရဲ့ အခြား အကြောင်းပြချက်က ဘာတဲ့လဲမသိဘူး...

ထန်ထန် အသေးလေးကိုဖက်ထားပြီး သူ၏ ဗိုက်လေးကိုပွတ်ပေးရင်း မေးလိုက်သည်။

"ပေါင်ပေါင် မာမီသားကိုမေးစရာရှိတယ်..."

"မေးလေ.."

ထန်ထန် မနေ့က မေးခွန်းကိုသာမေးလိုက်သည်။

"သားက ဘာလို့ မာမီနဲ့ ဒယ်ဒီအတူအိပ်တာကို သဘောမကျရတာလဲ... တခြားသူတွေရဲ့ မာမီနဲ့ဒယ်ဒီတွေကလည်း အတူတူအိပ်ကြတာပဲလေ..."

ကျိရှောင်ကျိုးတောင့်ခဲသွားသည်။ သူ အကြိမ်ရေအနည်းငယ်မျှ မျက်တောင်ခတ်လိုက်ပြီး ပြန်ဖြေလိုက်သည်။

"သားအရင်ကပြောဖူးတယ်လေ... ဒယ်ဒီက မာမီ့ကိုဖက်ထားရင် သားက မာမီကိုဖက်လို့မရတော့ဘူးလေ... သားက မာမီကိုနေ့တိုင်း ဖက်အိပ်ချင်တာ..."

ထန်ထန် သူ၏လွှဲရမ်းနေသော ခြေထောက်လေးများကို ကြည့်လိုက်သည်။ သူမ၏ အလိုလိုသိစိတ်က ၎င်းက အမှန်မဟုတ်ကြောင်းပြောနေ၍ ကျိယန်၏ အမူအကိုအတုခိုးကာ မျက်လုံးများ မှေးကျဉ်း၍မေးလိုက်သည်။

"အဲ့လိုလား... ဒါပေမဲ့ မာမီမှတ်မိသလောက်ကတော့ သားက အစက မာမီနဲ့ ဒယ်ဒီကို အတူတူအိပ်စေချင်တာဆို... ဒါဆိုဘာလို့ ဆက်မအိပ်ခိုင်းစေချင်တော့တာလဲ..."

ကျိရှောင်ကျိုး မျက်တောင် ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်သည်။

"သား ရုတ်တရက်ကြီး မကြိုက်တော့တာ..."

"အမ်..."
ထန်ထန် အသေးလေး၏မျက်နှာကို အုပ်ကိုင်လိုက်ပြီး သူမမျက်လုံးနှင့် တစ်တန်းတည်းထားလိုက်သည်။

"ပေါင်ပေါင် ကလေးတွေက ညာမပြောရဘူးဆိုတာ သိတယ်မလား... မာမီက သားလေးညာပြောရင်မကြိုက်ဘူးနော်... မေ့မေ့ကို ညာနေတာလားပြော..."

ကျိရှောင်ကျိုး မျက်‌မှောင်ကြုတ်သွားသည်။ သူ့မျက်နှာကို ရှုံ့မဲ့လိုက်သည်မှာ ပေါက်စီတစ်လုံးနှင့်ပင် တူသွားလေသည်။ နောက်ဆုံးတွင် သူအရှုံးပေးလိုက်ပြီး ပြောပြလိုက်သည်။

"ဟုတ်ပါပြီ ဟုတ်ပါပြီ... သားညာလိုက်တာပါ.. ဒယ်ဒီ သားဆီကနေ မာမီ့ကိုခိုးနေတာကို မကြိုက်ပေမဲ့ အဲ့တာက မာမီတို့ နှစ်ယောက်ကို အတူမအိပ်စေချင်ရတဲ့ အကြောင်းအရင်းမဟုတ်ပါဘူး..."

ထင်ထားသည့်အတိုင်း အခြားအကြောင်းပြချက်တစ်ခုဖြစ်နေသည်။ ထန်ထန် ခပ်မြန်မြန်သာမေးလိုက်သည်။

"အဲ့ဒာဆို ဘာလို့လဲ... မာမီ့ကိုပြောပြမှ မာမီက ဖြေရှင်းပေးလို့ရမှာလေ.."

ကျိရှောင်ကျိုး နှုတ်ခမ်းလေးကိုကိုက်ပြီး လက်ချောင်းများကို လိမ်နေသည်။ အချိန်အတော်ကြာမှ သူ အကြောင်းပြချက်ကို ပြောလာသည်။

"ဘာလို့လဲဆိုတော့ သားအငယ်လေး မလိုချင်လို့ပဲ..."

ထန်ထန် ကြောင်အသွားတော့သည်။

"ဘာ... ဘယ်အငယ်လေးလဲ... "

သူဘာကိုဆိုလိုတာလဲ...

ရုတ်တရက် ကျိရှောင်ကျိုး သူ့ခေါင်းကို သူမဗိုက်ပေါ်တင်လိုက်သည်။ ထို့နောက် သူမဗိုက်ကို စူးစိုက်ကြည့်ရင်း မေးလိုက်သည်။

"မာမီနဲ့ ဒယ်ဒီက သားကို အငယ်လေးမွေးပေးမှာမဟုတ်ဘူးလား..."

ထန်ထန် အံ့အားတကြီး မျက်လုံးများပင် ပြူးသွားတော့သည်။

"အဲ့တာ ဘယ်ကကြားလာတာလဲ... ဘာလို့ ရုတ်တရက်ကြီး ပြောလာရတာလဲ..."

ကျိရှောင်ကျိုး ရုတ်တရက် ဝမ်းနည်းသွားပြီးဟသူ့အသံလေးများ အုံ့မှိုင်းလာသည်။

"သားကို မညာပါနဲ့ မာမီရယ်... မာမီနဲ့ ဒယ်ဒီတို့ အတူတူဖက်အိပ်တာ သားကို အငယ်လေးမွေးပေးမလို့ပါ... သားရဲ့အတန်းဖော် ရှုဟန်ရီ ကပြောတယ်... သူ့မာမီနဲ့ဒယ်ဒီက သူ့ကိုသူတို့နဲ့အတူ မအိပ်ခိုင်းဘူးတဲ့... သူတို့ဘာသာပဲအိပ်ကြတာတဲ့... အဲ့ဒာနဲ့ သူဖွားဖွားက သူတို့ဘာသာအိပ်ကြတာ သူ့ကို အငယ်လေးမွေးပေးမလို့လို့ပြောတယ်တဲ့... နောက်ကျတော့ သူ့မာမီက တကယ်ကြီး  ညီငယ်လေးတစ်ယောက်ကို မွေးလာတယ်တဲ့လေ..."

ထိုအကြောင်းကိုရောက်သည်နှင့် ကျိရှောင်ကျိုး၏ မျက်နှာလေး ရှုံ့မဲ့လာပြီး အလေးအနက်ပြောလာသည်။

"သူညီလေးက အရမ်းရုပ်ဆိုးပြီး မျောက်နဲ့တောင် တူတယ်တဲ့..."

ထန်ထန် "..."

ဒီနေ့ခေတ်ကလေးတွေကတော့လေ...

"ဒယ်ဒီအရင်က မာမီနဲ့တစ်ခါမှ ဖက်မအိပ်ဖူးဘူးလေ.. အခုမှ သားကိုအပြင်ထုတ်ပြီး မာမီတို့နှစ်ယောက်တည်း အတူအိပ်နေတာ သားဖို့ အငယ်လေးမွေးပေးဖို့ကလွဲလို့ ဘာရှိရမှာလဲ..."

ကျိရှောင်ကျိုး နှုတ်ခမ်းထော်လိုက်သည်။ ထို့နောက် သူထန်ထန်၏ အဝတ်ကိုဆွဲ၍ သူမှားကြောင်း ဝန်ခံလိုက်သည်။

"သားတောင်းပန်ပါတယ်မာမီ.. သားအငယ်လေးမလိုချင်လို့ ဒယ်ဒီနဲ့ မာမီကိုခွဲအိပ်အောင်လုပ်လိုက်တာပါ.. ဒါပေမဲ့ မာမီနဲ့ဒယ်ဒီက အတူတူခိုးအိပ်နေကြတော့ မာမီ့ဗိုက်ထဲမှာ ညီမလေးလား ညီလေးလား ရှိသွားပြီထင်နေမိတာ..."

မူလက ထန်ထန်တစ်ယောက် အသေးလေး၏ပိုင်ဆိုင်လိုစိတ်က ကြီးမား၍ သူမတို့နှစ်ယောက်ကို ခွဲအိပ်စေချင်ခဲ့သည်ဟု ထင်ခဲ့သည်။ အမှန်တကယ် အကြောင်းပြချက် က ဤမျှရှုပ်ထွေးမည်ဟု သူတစ်ခါမှမထင်လိုက်ပေ။ ဤကလေးက အတွေးလွန်နေခြင်းသာဖြစ်သည်။ အကယ်၍ သူသာ ဤအကြောင်းထုတ်မပြောလျှင် သူမ၎င်းကို တစ်ခါမှ စဉ်းစားမိမည်မဟုတ်ပေ။ ကျိယန်သည်လည်း လုံးဝစဉ်းစားမိမည်မဟုတ်ပေ။

ကလေးများက စုံတွဲများ ကလေးဘယ်လိုလုပ်သလဲ မသိပေ။ သူတို့က မိဘများအတူဖက်အိပ်လိုက်လျှင် ကလေးရလာမည်ဟုထင်ကြပေသည်။ ၎င်းကပင် အသေးလေးက သူမနှင့်ကျိယန်ကို သူ့အတွက် အငယ်လေးမွေးပေးတော့မည်ဟု ထင်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူ သူမတို့နှစ်ယောက်ကို အတင်းအကြပ်လိုက်ခွဲနေပြီး ဒုတိယကလေးမရလာစေရန် နှောင့်ယှက်နေရခြင်းဖြစ်သည်။

ထန်ထန်ရယ်ရမလား ငိုရမလားမသိတော့ပေ။ သို့သော် ကလေးများက ဘေဘီလေးများ ဘယ်လိုဖြစ်လာသလဲ မသိကြချေ။ မည်သို့ပင်ဆိုစေ သူမ တစ်စုံတစ်ခုကို သိချင်နေဆဲဖြစ်သည်။

"ပေါင်ပေါင် သား ညီမလေးဒါမှမဟုတ် ညီလေးမလိုချင်ဘူးလား... သားနဲ့အတူဆော့ပေးဖို့ မောင်နှမရှိတာ မကောင်းဘူးလား..."

ကျိရှောင်ကျိုး ပြင်းပြင်းထန်ထန် ခေါင်းခါပြလာသည်။

"အငယ်လေးတွေဆိုတာ ပြဿနာကောင်တွေပဲ... ရှုဟန်ရီရဲ့ အိပ်စာ စာအုပ်တောင် သူ့ညီလေးဖြဲတာကို ခဏခဏခံရတယ်.. သူ့စာအုပ်တွေကိုလည်း လျှောက်ခြစ်ခံရသေးတယ်... သူ သူ့ညီလေးကို သင်ခန်းစာပေးလိုက်ပေမဲ့ သူမာမီက သူ့ကိုဆူပြီး သူ့ညီလေးကို အလျှော့ပေးသင့်တဲ့အကြောင်း ပြောတယ်တဲ့... သူပြောတာ သူ့မာမီနဲ့ဒယ်ဒီက သူ့ကိုမချစ်တော့ပဲ သူ့ညီလေးကိုပဲ ချစ်တော့တာတဲ့... သားရဲ့ အတန်းဖော်တွေအများကြီးလည်း ပြောကြတယ်.. မာမီ သား ညီလေးရော ညီမလေးရောမလိုချင်ဘူး... ညီမလေးဒါမှမဟုတ် ညီလေးရောက်လာရင် မာမီက သားကိုချစ်တော့မှာမဟုတ်ဘူး..."

ထန်ထန် ရုတ်တရက်ကြီး စိတ်ပျက်သလို ခံစားလိုက်ရသည်။ အသေးလေးက သူ့မိဘတွေ သူ့ကို မချစ်တော့မည်ကို စိုးရိမ်နေလေသည်။ ၎င်းက မူလကိုယ် သူငယ်ငယ်က ကောင်းကောင်းမဆက်ဆံပေးခဲ့၍ဖြစ်မည်။ အသေးလေး သူ့မိဘနှစ်ပါးလုံးထံမှ အချစ်ကို ခက်ခက်ခဲခဲရခဲ့သဖြင့် သူ့ကို ဆက်မချစ်တော့မည်ကို ကြောက်ခြင်းက သဘာဝကျပေသည်။

ထန်ထန် အငယ်လေးရလာခဲ့လျှင် သူ့အပေါ် အချစ်မလျော့ပဲဆက်ဆံနိုင်မည်ဟု မသေချာသဖြင့် သူမကတိမပေးချင်ပေ။ လူသားများ၏ နှလုံးသားက လွယ်လွယ်ကူကူပြောင်းလဲတတ်ပြီး များစွာသော မိဘများက သူတို့သားသမီးများကို ညီတူညီမျှမဆက်ဆံနိုင်ပေ။ ထန်ထန် သူမတွင် သူမ၏ ကလေးအစစ်တစ်ယောက်ရလာပါက ကျိရှောင်ကျိုးကို အရင်အတိုင်း ဆက်ဆံနိုင်မည်လား သေချာမပြောနိုင်ပေ။

သူမ အသေးလေးအပေါ် အချစ်လျော့ရမည့်အစား နောက်ထပ် ကလေးတစ်ယောက်မယူဘဲသာ နေလိုက်မည်ဖြစ်သည်။ သူမ၏ အချစ်နှင့်ဂရုစိုက်မှုများအားလုံးကို သူတစ်ယောက်တည်းကိုသာ ပေးရန်ရည်ရွယ်ထားပြီး အသေးလေးက သူမဤနေရာတွင်နေနေရသည့် သူမတွင် မိသားစုလေးတစ်ခုရှိလာရသည့် အကြောင်းပြချက်ဖြစ်နေသည်။ သူမအတွက် သူက အရေးအကြီးဆုံးဖြစ်ပြီး ဒုတိယကလေးထပ်ပင် ပို၍ အရေးကြီးလေသည်။

ထို့ကြောင့် ထန်ထန် သူ့ကိုလေးလေးနက်နက် ကတိပေးလိုက်သည်။

"ပေါင်ပေါင် စိတ်ပူစရာမလိုပါဘူး... မာမီကတိပေးတယ် သားရဲ့မာမီနဲ့ ဒယ်ဒီက သားအတွက် အငယ်လေးမွေးပေးမှာမဟုတ်ဘူး..."

"တကယ်လား မာမီ... မာမီ ကလေးထပ်မယူတော့ဘူးပေါ့..."

အသေးလေးက ငယ်သေးသော်လည်း ဤတိုင်းပြည်၏ ဥပဒေဖြစ်သော တစ်အိမ်ထောင်လျှင် ကလေးနှစ်ယောက်သူယူရမည် ဟူသည့်အကြောင်းကို သိပေသည်။ သူ ဥပဒေများနှင့် အတော်လေးကျွမ်းဝင်နေရသည်မှာ ကျိယန်က သူနှင့်အတူ နေ့တိုင်းသတင်းကြည့်ခိုင်း၍ဖြစ်သည်။

ထန်ထန် ခေါင်းငြိမ့်ပြလိုက်သည်။

"ဒါပေါ့..."

အသေးလေးက ပျော်ရွှင်သွားပြီး အိပ်ရာပေါ်မှ ကုန်းထကာ သူ၏ အစီအစဉ်ကို စတင်ပြောပြတော့သည်။

"မာမီနဲ့ဒယ်ဒီက ကလေးထပ်မယူတော့ဘူးဆိုတော့... အတူတူအိပ်စရာမလိုတော့ဘူးပေါ့နော်... အခုကစပြီးတော့ သား မာမီနဲ့တစ်ရက် ဒယ်ဒီနဲ့တစ်ရက် အိပ်တော့မယ်... ဒါဆိုဖေဖေလဲအထီးမကျန်တော့ပဲ သားတို့သုံးယောက်လုံး ပျော်ရမယ်..."

"ဟုတ်ပြီလေ.."

ကလေးထပ်မယူတော့ရင် အတူထပ်အိပ်စရာမလိုတော့ဘူး....
ထန်ထန် အသေးလေး၏ စဉ်းစားပုံကို သဘောခွေ့မိသွားသည်။ ကျိယန်သာ သိသွားပါက မည်သို့ တုန့်ပြန်လာမည်ဖြစ်ကြောင်း သးသိချင်သွားသည်။ သူမရုတ်တရက်ကြီး ၎င်းကို သိချင်လာသည်။

ပြဿနာဖြေရှင်းပြီးပြီဖြစ်၍ ကျိရှောင်ကျိုး ချက်ချင်းပင် ပင်ပန်းလာတော့သည်။ သူ အကြိမ်ရေအနည်းငယ် သန်းဝေလိုက်ပြီး  ပြောလာသည်။

"မာမီ... အိပ်ရအောင်လေ..."

ထန်ထန် သဘောတူလိုက်ပြီး အသေးလေးကို ကျောပုတ်၍ ချော့သိပ်လိုက်သည်။ အသေးလေး အိပ်ပျော်သွားချိန်တွင် မီးပိတ်လိုက်ပြီး မျက်လုံးများလည်း မှိတ်လိုက်သည်။

သို့သော် ငါးမိနစ်ကြာသောအခါ အိပ်ခန်းတံခါးပွင့်သွားပြီး ပြန်ပေးဆွဲသမား ရောက်လာပြန်သည်။

ထန်ထန် ခိုးကြောင်ခိုးဝှက်လာနေသော အမျိုးသားကို မယုံကြည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

"ရှင်... ရှင် ဒီညမလာလို့ သဘောတူထားတယ် မဟုတ်ဘူးလား..."

ကျိယန် ငြင်သာစွာရယ်လိုက်ပြီး သူမကို မချီကာ အပြင်ခေါ်လာသည်။

"ကိုယ်သဘောမတူသလို စကားတစ်လုံးမှလည်း မပြောလိုက်ပါဘူးနော်..."

ထန်ထန် စိတ်မကျေမနပ်ဖြင့် နှုတ်ခမ်းထော်လာသည်။

"ဒါပေမ် ကျွန်မ ရှင့်ကို နမ်းလိုက်တယ်လေ..."

"မင်းနမ်းပြီးတော့လည်း ကိုယ်မလာတော့ဘူးလို့ သဘောမတူခဲ့ပါဘူး..."

ထန်ထန် အရှက်မရှိသောလူကြီးကိုကြည့်၍ မယုံကြည်နိုင်ဖြစ်သွားသည်။

"ရှင်.. ရှင်.. ရှင်.. အရှက်ကိုမရှိဘူး..."

"အချစ်နဲ့ စစ်မှာမတရားတာမရှိဘူးလေ..."

ထန်ထန် သူ့ကိုဒေါသထွက်စွာ ထုနှက်လိုက်သော်လည်း ၎င်းက သူ့အတွက် ကလိယားထိုးသလိုသာဖြစ်နေသည်။

ကျိယန် သူမကို အဓိကအိပ်ခန်းရှိ ကုတင်ပေါ်တင်လိုက်ပြီး သူ၏ တောင့်တင်းသန်မာသော ခန္ဓာကိုယ်ဖြင့် ဖိထားလေသည်။

"မင်းက ကိုယ့်မိန်းမပဲလေ... ဒီနေ့ည ကိုယ့်ရဲ့ အရှင်ယောက်ျားကို အိပ်ယာနွေးအောင် မလုပ်ပေးသင့်ဘူးလား..."

ဘာကို 'အရှင်ယောက်ျား'လဲ ဘာကို 'အိပ်ယာနွေးအောင်'လဲ... သူ သူမကိုစနေတာ အသိအသာကြီးလေ... သူကတကယ့်ကို လူဆိုးကြီးပဲ...

"ရှင်.."

ထန်ထန် သူ့ရင်ဘတ်ကို ထိုးလိုက်သော်လည်း သူ့ကို ရယ်သွားစေသည်။ ထို့နောက် သူမ၏ လက်ကိုဖမ်းကာ အသာအယာရှိုက်နမ်းလိုက်သည်။

ထိုအချိန်တွင် ထန်ထန် သူမခန္ဓာကိုယ်အောက်ပိုင်းကို တစ်စုံတစ်ခုဖြင့် ထိမိနေကြောင်း သတိထားမိလိုက်သည်။ ညစ်ညမ်းစာအုပ်များကို ခိုးဖတ်ဖူးပြီး ပုံပြင်များစွာကိုဖတ်ဖူးသော အမျိုးသမီးငယ်လေးတစ်ယောက် အနေဖြင့် ဘာဖြစ်နေသလဲဆိုတာကို သိသွားလေသည်။ ဝှစ်ကနဲ သူမခန္ဓာကိုယ်တစ်ခုလုံး နီရဲသွားတော့သည်။

သူ..သူမကိုလိုချင်နေတာလား...

ကျိယန်၏ အသံက အလွန်အမင်းအက်ကွဲလာပြီး သူ့အကြည့်များက သူမတွင်သာ အမြစ်တွယ်နေသည်။

"ထန်ထန် မင်းယောက်ျားရဲ့ အိပ်ရာကို နွေးအောင်လုပ်ပေးချင်လားဟင်..."

သဘာဝကျစွာဖြင့် ထန်ထန်တစ်ယောက် သူမ၏ အဖြေက အခြေအနေကို ဆုံးဖြတ်ပေးမည်မှန်း သိလိုက်သည်။ သူမငြင်းလိုက်ပါက ကျိယန်က သူမကို ဖိအားပေးမည်မဟုတ်သော်လည်း သူ့ကိုမည်သို့ ငြင်းရက်နိုင်မည်နည်း။

အလွန်အမင်းရှက်ရွံ့လာပြီး သူမ သူ့ကို မကြည့်ရဲ၍ မျက်လုံးတင်းတင်းမှိတ်လိုက်သည်။ ထို့နောက် ထန်ထန် အသာအယာခေါင်းငြိမ့်လိုက်သည်။

သူမ လိုချင်နေမိသည်။

Continue Reading

You'll Also Like

1.6K 129 9
ပထမအကြိမ်အချစ်ကိုဆုံးရှုံးပြီး ဒုတိယအကြိမ်အခွင်ရေးရလာတဲ့အခါ လက်လွှတ်ပြီး သူပျော်နေတာကိုကြည့်နေမလား သူကိုနောက်တခါမရရတဲ့နည်းနဲ့အနားမှာခေါ်ထားမလား...? ချန...
104K 7.6K 104
--​ကောင်းကင်ပြင်ကြီး ခြားနားထားမှန်း သိ​နေ​တာ​တောင် ချစ်ခြင်း​မေ​တ္တာ​​တွေကို ​နေ့တိုင်း စာအိတ်​လေးထဲ ထည့်ထားတုန်းပါပဲ--
2.8M 185K 89
What will happen when an innocent girl gets trapped in the clutches of a devil mafia? This is the story of Rishabh and Anokhi. Anokhi's life is as...
3.4M 143K 60
The story of Abeer Singh Rathore and Chandni Sharma continue.............. when Destiny bond two strangers in holy bond accidentally ❣️ Cover credit...