Part 21
ကျိယန် ထွက်သွားပြီးတဲ့နောက် ထန်ထန်တို့နှစ်ယောက် သာ အိမ်မှာကျန်ခဲ့တယ်။
ကျိယန် ထွက်သွားတာကို ၀မ်းနည်းနေတာရှောင်ကျိုး တစ်ယောက်တည်းမဟုတ်ပေ။ သူမလဲ အတူတူပဲခံစားနေရတာဖြစ်တယ်။ သူနဲ့ ရက်အနည်းငယ်သာ စကားပြောဖြစ်ခဲ့ပေမယ့်လဲ သူမနှလုံးသားထဲကတော့ သူ့ကိုလွမ်းနေတာဖြစ်တယ်။
ဒါကလဲ သူက သူမအပေါ် ကောင်းမွန်စွာဆက်ဆံတာကြောင့်ဟု သူမယုံကြည်ထားတယ်။ ငယ်စဉ်ကတည်းက သူမရဲ့ အထိန်းတော်ကလွဲလို့ သူမကိုဘယ်သူမှ ကောင်းမွန်စွာမဆက်ခံခဲ့တဲ့အတွက် အခုလိုဖြစ်နေတာလို့သူမထင်မိတယ်။ ဖုန်းမျက်နှာပြင်ကိုထိတွေ့ရင်း သူမပြုံးလိုက်မိတယ်။
သူမ ဖုန်းကိုအရင်ကမြင်ဖူးထားတယ်။ တီဗီဇတ်လမ်းတွေထဲမှာ အမျိုးသားဇတ်လိုက်အသုံးပြုတဲ့ ဖုန်းနဲ့အတူတူပဲဖြစ်တယ်။ ဒီဖုန်းက မေးမကြည့်ပဲနဲ့တောင် စျေးကြီးမှန်း သူမ ခန့်မှန်းလို့ရတယ်။ အဲ့ဒါကြောင့် သူမက မတော်တဆပြုတ်ကျမှာကြောက်ပြီး တယုတယနဲ့ သတိကြီးစွာထားနေရတယ်။
သူ့မာမီ ပြုံးနေတာကို မြင်လိုက်ရတဲ့ အသေးလေးက အနားကပ်သွားပြီး သူမဘောင်းဘီစကိုဆွဲကာ
“ မာမီ, ဘာဖြစ်လို့လဲဟင်’’
သူမ လက်တွေ့ဘ၀ကို သတိပြန်ဝင်သွားပြီးတဲ့နောက် ပါးနှစ်ဖက်လုံးနွေးသွားတယ်
“ ဘာမှမဟုတ်ပါဘူး, မာမီက ဖုန်းဘယ်လိုသုံးရလဲဆိုတာ စဉ်းစားနေတာ’’
ကျိရှောင်ကျိုး ချက်ချင်းပဲ နားလည်သွားကာ
“ ဖုန်းဘယ်လိုသုံးရမလဲ မသိဘူးလား မာမီ...’’
တက်ဘလက် ဘယ်လိုသုံးရမလဲဆိုတာတောင် မသိခဲ့တဲ့အတွက် ဖုန်းကိုလဲ သူမ မသုံးတတ်လောက်ဘူးဟုယူဆလိုက်ပြီး သူ့မာမီအတွက် ချက်ချင်းပဲစိုးရိမ်သွားတယ်။ မာမီက အရမ်းရိုးအတာပဲ။ သူမသာ သူနဲ့အတူ မရှိဘူးဆိုရင် ဘယ်လိုလုပ်မလဲ? အဲ့ဒါ အရမ်းစိုးရိမ်ဖို့ကောင်းတယ်။
အမှန်အတိုင်းပြောရရင် သူမ ဖုန်းဘယ်လိုသုံးရလဲ မသိပါဘူး။ အဲ့ဒါက သူမအတွက် အရမ်းရှုပ်ထွေးလွန်းတယ်။ ဘယ်ကနေ စရမှန်းတောင် မသိတော့ဘူး။
သူမရဲ့အပြုအမူကိုတွေ့ပြီး ရှောင်ကျိုး ပုံစံက ဆရာကြီးအသွင်ပြောင်းသွားတော့တယ်။
သူက မူကြိုကျောင်းက ဆရာမတွေပြောတဲ့အတိုင်း အတုခိုးလိုက်ပြီး
“ သားအဲ့ဒါကို ရှင်းပြတော့မယ်နော်, ဒါကြောင့် မာမီက သေချာနားထောင်ရမယ်, အိုကေ... တကယ်လို့ နားမလည်ရင် သားကိုမေး ဟုတ်ပြီလား’’
ထန်ထန် နာခံစွာနဲ့ ခေါင်းငြိမ့်ပြလိုက်တယ်။
ဆရာ ကျိ က ကျေနပ်သွားပြီး ဖုန်းကိုဖွင့်လိုက်ကာ သူမ အား သင်ကြားပြသတော့တယ်
“ ဒီ ခလုတ်လေးက လူတွေကိုဖုန်းခေါ်ရတာ, အဲ့ဒါကိုနှိပ်လိုက်ရုံပဲ ပြီးတော့ စကားပြောလို့လဲရတယ်’’
ထန်ထန် သူ့ရဲ့သင်ကြားပြသမှုကို သေချာစွာ မှတ်သားနေတယ်။
“ ဒါက WeChat လို့ခေါ်တယ်, သားရဲ့ တက်ဘလက် နဲ့အတူတူပဲ, ဒယ်ဒီဆီကို ပြောလို့လဲရတယ် video call လဲ ခေါ်လို့ရတယ်’’
‘’အာ, မာမီ အဲ့ဒါကိုသိတယ်, ဒါဆို ဖုန်းကလဲ အဲ့လိုပဲပေါ့’’
WeChat မှ ဘယ်လိုခေါ်ရမလဲဆိုတာ သင်ပေးပြီးတဲ့နောက် ဆရာ ကျိရဲ့ သင်ခန်းစာက ပြီးဆုံးသွားတယ်။ သူသိတာ အဲ့ဒါအကုန်ပဲဖြစ်တယ်။ အဲ့ဒီအရာနှစ်ခုက ကျိယန် သူ့ကို ခေါ်ဖို့အတွက် အလွယ်တကူ သီးသန့်လုပ်ထားပေးတာဖြစ်တယ်။ တခြားအရာတွေကိုတော့ ကျိယန် က သူ့ကိုသင်မပေးထားသလို သင်ပေးဖို့လဲ အစီအစဉ်မရှိပေ။
သင်ကြားပြီးတဲ့နောက်ဆက်တွဲက လေ့ကျင့်ခြင်းဖြစ်တယ်။ သူတို့မှာ လုပ်စရာလဲမရှိတဲ့အတွက် နှစ်ယောက်သား ဆိုဖာပေါ်တွင်ထိုင်ကာ တစ်ယောက်ကို တစ်ယောက် ဖုန်းခေါ်နေကြတော့တယ်။
အဲ့ဒါက သင်ရတာတကယ်လွယ်တာပဲ။ ခဏလောက် လေ့ကျင့်ပြီးတဲ့နောက် သူမ တတ်မြောက်သွားပြီဖြစ်တယ်။ ကျိယန် တို့နှစ်ယောက် video call ပြောတာကို သူမ မြင်ဖူးတဲ့အတွက် ဘယ်လိုလုပ်ရလဲဆိုတာ သိချင်နေပြီဖြစ်တယ်။
အသေးလေးက သူမကိုစိတ်ရှည်စွာနဲ့ သေချာလေ့ကျင့်ပေးနေတာဖြစ်တယ်။ သူတို့က မျက်နှာချင်းဆိုင်ထိုင်နေကြပြီး တစ်ယောက်နဲ့တစ်ယောက် စကားပြောနေကြတယ်။ တစ်ယောက်က ဖုန်းကို အသုံးပြုပြီး နောက်တစ်ယောက်က တက်ဘလက် နဲ့ပေါ့။
“မာမီ မာမီ, သား ပေါင်ပေါင်ပါ’’
‘’ ပေါင်ပေါင်, ပေါင်ပေါင်, မာမီပါ’’
နှုတ်ဆက်ခြင်းပြီးသွားတဲ့နောက် အသေးလေး က လည်ချောင်းကိုရှင်းလိုက်ပြီး စိတ်အားထက်သန်စွာနဲ့
“ မာမီ တခြားပြောချင်တာရှိလား သားကို အခုပြောလို့ရပြီ’’
ထန်ထန် ရုတ်တရက်မို့ ဘာပြောရမှန်းမသိဖြစ်သွားတယ်။ ဒါပေမယ့် အသေးလေးရဲ့ ပါးဖောင်းဖောင်းလေးကို ဖုန်းထဲမှာ မြင်ပြီးတဲ့နောက် သူမက အသေးလေးကိုအရမ်းချစ်ဖို့ကောင်းလွန်းတယ်လို့ တွေးလိုက်မိပြီး အသံချိုလေးနဲ့
“ ပေါင်ပေါင်, သားက အရမ်းကိုချောပြီး ချစ်ဖို့ကောင်းတာပဲ”
ကျိရှောင်ကျိုး က မမျှော်လင့်ပဲ ချိုမြိန်တဲ့တိုက်ခိုက်မှုခံလိုက်ရတဲ့အတွက် သူ့မျက်နှာက အနီရောင်သို့ပြောင်းသွားတယ်။ သူကလဲ အလေးအနက်ဖြင့် ထန်ထန်ကို မြှောက်ပင့်ကာ
“ မာမီ, မာမီ, မာမီကအလှဆုံးပဲ, အချောဆုံး’’
‘’ဟားဟား....’’
ထန်ထန် သူ့ရဲ့မြှောက်ပင့်မှုကြောင့် ရှက်သွားတယ်။ အဲ့ဒါအမှန်မဟုတ်ပါဘူး။ သူမ မျက်နှာကို ထိတွေ့လိုက်ရင်း ရှက်ရွံ့စွာနဲ့
“ မာမီက အရမ်းရုပ်ဆိုးပါတယ်, မာမီက လုံး၀မလှပါဘူး’’
ရှောင်ကျိုး က လက်မခံပေ။
“ ဘယ်သူအဲ့လိုပြောတာလဲ ! , မာမီကအလှဆုံးပဲ’’
သူ့ မျက်လုံးထဲမှာတော့ သူ့မာမီက အလှဆုံးဖြစ်တယ်။ ကလေးတွေရဲ့ အမြင်မှာ ဘယ်သူမှ သူတို့မိခင်ထက် ပိုမလှနိုင်ဘူးလေ။
ကလေးစကားဆိုတာ မယုံရမှန်း သူမ သိပေမယ့်လဲ စိတ်တွင်းမှာတော့ ချိုမြိန်နေတယ်။ အမျိုးသားတစ်ယောက်ဆီက လှတယ်လို အပြောခံရတာ အရမ်းကောင်းတယ်လေ။ အမျိုးသားက အသက်သုံးနှစ်ခွဲ ဖြစ်နေပေမယ့်လဲပေါ့။
ဒါပေမယ့်လဲ စကားတွေဘယ်လိုပြောပြော သူမ ရုပ်ဆိုးတာကိုတော့ ပြောင်းလဲလို့မရပေ။ သူမသာ ချောမောလှပလာရင် အရမ်းကောင်းမှာပဲ။ အဲ့ဒါဆို သူတို့သားအဖကို မျက်နှာမပျက်စေတော့ဘူးပေါ့။
ကျိယန်နဲ့အတူ တပ်ထဲလိုက်နေရမယ်ဆိုရင် သူမအသွင်အပြင်ကြောင့် သူမျက်နှာပျက်ရမှာကို စဉ်းစားမိပြီး ထိတ်လန့်သွားတယ်။ ယောကျာ်းတိုင်းကတော့ သူတိုမျက်နှာရဖိုအတွက် လှပတဲ့အမျိုးသမီးကို လိုချင်ကြမှာပဲလေ။ ဒါပေမယ့် သူမနဲ့ဆိုရင်တော့.., သူမက အရှက်ရစရာတစ်ခုပါပဲ။
“ဟင်း…’’
သူမ သက်ပြင်းချလိုက်မိတယ်။ စိတ်ဓါတ်ကျသွားတာကြောင့် ဖုန်းဆက်မသုံးချင်တော့ပေ။
ရှောင်ကျိုးလေးက သူမရှိရာသို လျောက်လာပြီး သူ့လက်လေးနဲ့သူမမျက်နှာကိုကိုင်ရင်း မေးလိုက်တယ်
“ ဘာဖြစ်လိုလဲ မာမီ ဘာလို မပျော်တဲ့ပုံပေါက်နေတာလဲ...’’
သူမက အသက်လေးနှစ်တောင်မပြည့်သေးပဲနဲ့ မယုံနိုင်လောက်တဲ့ မေးခွန်းမေးနေတဲ့ ပါးဖောင်းဖောင်းလေးကို ဆွဲညှစ်လိုက်ပြီး
“ ပေါင်ပေါင်, ချောမောလှပအောင် မာမီဘာလုပ်သင့်တယ်လို ထင်လဲ...’
ကိုယ်တွေရဲ့သူငယ်ချင်းပေါက်စလေး ကျိရှောင်ကျိုး တစ်ယောက်ကတော့ သူ့အသက်နဲ့မလိုက်အောင်ပဲ ဖြေလိုက်တယ်
“ မာမီက အရမ်းကိုချောပြီးလှနေပြီးသားလေ’’
ထန်ထန် ပြောစရာစကား ပျောက်ရှသွားပြီးမေးခွန်းကို ပြောင်းမေးလိုက်ရတယ်
“ ဒါဆို ပိုပြီး ချောလာအောင် ဘယ်လိုလုပ်သင့်တယ်လိုထင်လဲ...’
မေးခွန်းက သူ့ရဲ့နားလည်နိုင်စွမ်းကိုကျော်လွန်သွားသော်လဲ သူ့ခေါင်းကိုလက်နှင့်ကိုင်လိုက်ပြီး အပြင်းအထန်စဉ်းစားလိုက်တယ်။
ခဏလောက်စဉ်းစားပြီးတဲ့နောက်, အသေးလေးရဲ့ မျက်လုံးတွေ တောက်ပသွားပြီး ပြောလိုက်တယ်
“ သားသိပြီ မာမီ, မာမီ နှုတ်ခမ်းနီ၀ယ်လိုက်, အနီရောင်နှုတ်ခမ်းနီက အရမ်းလှတာ, သားသူငယ်ချင်းတွေရဲ့ အမေတွေဆီမှာလဲ အနီရောင်နှုတ်ခမ်းနီရှိတယ်, သားဆရာမ ဆီမှာတောင်ရှိတယ်။ သူတိုက အဲ့ဒါကို မိတ်ကပ်လို့ပြောတယ် ပြီးတော့ အမျိုးသမီးတိုင်းက မိတ်ကပ်ကြိုက်ကြတယ်တဲ့ ‘’
သဘာ၀ကျစွာနဲ့ သူမ မိတ်ကပ်ကိုသိသော်လဲ အခုသူမရဲ့အသွင်အပြင်ကို နှုတ်ခမ်းနီတစ်ချိုနဲ့ ဖြေရှင်းလိုမရပေ။ သူမရဲ့အဓိကအကြောင်းအရာက အရိုးလိုပိန်ရာကနေ ၀လာဖို့ပဲဖြစ်တယ်။ တခြားဟာတွေက နောက်မှဆွေးနွေးလိုရတယ်လေ။
ဒါပေမယ့် သူမနေ့တိုင်းစားတယ်, စားတိုင်းလဲ ဗိုက်ပြည့်တဲ့အထိစားခဲ့တာပဲ။ ဘာလို ၀မလာသေးတာလဲ...သူမအခန်းထဲမှာ ကိုယ်အလေးချိန်တိုင်းတဲ့စက်ရှိတယ်။ အဲ့ပေါ်မတ်တတ်ရပ်ရုံနဲ့ သူမကိုယ်အလေးချိန်ကိုသိနိုင်တယ်လေ။ နံပါတ်တွေကို လေ့လာသင်ကြားပြီးတဲ့နောက် သူမက အဲ့စက်ကိုသဘောကျသွားပြီး နေ့တိုင်းကိုယ်အလေးချိန်ကို တိုင်းတာနေတာဖြစ်တယ်။ ကံမကောင်းစွာနဲ့ပဲ အချိန်ဒီလောက်ကြာတာတောင် သူမကိုယ်အလေးချိန်က တိုးမလာခဲ့ဘူး။
သူမ အရမ်းကိုစိတ်ဓါတ်ကျနေပြီ ဖြစ်တယ်။
သူမ မနာလိုဖြစ်စွာနဲ့ ပေါက်စီလုံးလေး ရဲ့ ပါးဖောင်းဖောင်းလေးကို တိုထိလိုက်ပြီး အကြံတောင်းတဲ့အနေနဲ့ မေးလိုက်တယ်
“ ပေါင်ပေါင်, သားလိုမျိုး ၀၀ကစ်ကစ်လေး ဖြစ်လာအောင် မာမီဘာလုပ်သင့်တယ်လိုထင်လဲ...’’
ကျိရှောင်ကျိုးက ခေါင်းငုံလိုက်ပြီး သူ့ဗိုက်ခေါက်တွေကိုကြည့်လိုက်တယ်။ ထိုနောက် သူက ထန်ထန်ရဲ့ပိန်ပါးတဲ့ ခန္ဓာကိုယ်ကိုကြည့်လိုက်ပြီး အံ့ဩစွာနဲ့ မေးလိုက်တယ်
“ ဒါဆို မာမီက သားလိုမျိုး ဝဝကစ်ကစ်လေး ဖြစ်ချင်တာလား...’’
“အင်း…, မာမီက နည်းနည်းလောက် ကိုယ်အလေးချိန်တက်လာချင်တာ’’
အများကြီးတော့မဟုတ်ဘူးပေါ့။
ရှောင်ကျိုး အနည်းငယ်နားလည်သွားပုံပေါ်ပြီး နောက်ဆုံးတော့ သူ့မာမီရဲ့ဆန္ဒကို သိသွားပြီဖြစ်တယ်။ ဒီပြဿနာက အရမ်းလွယ်တာပဲလို ချက်ချင်းပဲခံစားလိုက်မိတယ်။ ကိုယ်အလေးချိန်ကျအောင် ဘယ်လိုလုပ်ရလဲဆိုတာသာ သူ မသိရင်နေမယ် ကိုယ်အလေးချိန်တိုးအောင် လုပ်တဲ့နေရာမှာတော့ သူက ဆရာတစ်ဆူပဲလေ။
သူ စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ကိုမြှောက်လိုက်ပြီး
“ မာမီ, ဘယ်လိုလုပ်ရလဲဆိုတာ သားသိတယ်’’
“အိုး... ပြောပါဦး’’
‘’မာမီ, မာမီအနေနဲ့ တချိန်လုံး အစာစားနေရုံပဲ’’
‘’မာမီ အဲ့လိုမျိုး လုပ်ပြီးသွားပြီ, အစားအစာတိုင်းကို အများကြီးစားတယ်, ဒါပေမယ့် ကိုယ်အလေးချိန်တက်မလာဘူးလေ’’
ရှောင်ကျိုး က သူခြေထောက်ကို ဖတ်ကနဲရိုက်လိုက်ပြီး ထန်ထန် ကို ချက်ချင်းကြည့်လိုက်ကာ
“ အ လိုက်တဲ့မာမီ, ထမင်းစားရုံနဲ့ ဘယ်လိုလုပ်ပြီး၀မှာလဲလို့...ပြီးတော့ မာမီစားတာက သားစားတာထက်တောင်နည်းသေးတယ်။ ကိုယ်အလေးချိန်မြန်မြန်တက်မယ့် အစားအစာတွေကို စားရမှာလေ"
သူမ ချက်ချင်းပဲ ဆရာ ကျိ ဆီမှ အကြံတောင်းလိုက်တယ်
“ ဒါဆို ကိုယ်အလေးချိန် မြန်မြန်တက်အောင် မာမီဘာစားရမလဲဆိုတာ ပြောပြပါဦ''
ယုံကြည်မှုအပြည့်နဲ့ အသေးလေး က ဖြေလိုက်တယ်
“ မာမီ, ဒယ်ဒီ သားကို ပေးမစားတဲ့ အစားစာတွေကိုစားလိုက်ရုံပဲ, ဘာလို့လဲဆိုတော့ အဲ့ဒါတွေအကုန်လုံးက လူတွေကို ဝစေတယ်လေ’’
ထန်ထန် ပြောစရာစကားပျောက်ရှသွားတယ်, ဒါပေမယ့် အဲ့ဒါက အကျိုးကြောင်းသင့်သလိုပဲ။
ရှောင်ကျိုးတစ်ယောက် သူစားလို့မရတဲ့ အစားအစာတွေကို စတင်ပြီး စာရင်းပြုစုတော့တယ်
“ ဒယ်ဒီသားကို ပေးမစားတဲ့ဟာတွေက ကြက်ကြော်, ချောကလက်, ကိတ်, မုန့်ကြွပ် ပြီးတော့ …..’’
‘’ ရပ်, ရပ်, ရပ်”
သူမ. အဆုံးမရှိပုံပေါ်တဲ့ အသေးလေးရဲ့ စာရင်းကိုမြင်ပြီး တားလိုက်တယ်
“ မာမီသိပါပြီ, သားစာရင်းလုပ်ဖို့မလိုတော့ပါဘူး’’
ရှောင်ကျိုး က ချစ်ဖိုကောင်းစွာနဲ့ မျက်တောင်ခတ်လိုက်ပြီး သူမ ကိုဆွဲကာ “
မာမီ, အဲ့ဒါတွေ၀ယ်ဖို့ စူပါမားကတ်ကိုသွားရအောင်, ဒါဆို သားလိုမျိုး ဝဝကစ်ကစ်လေး ဖြစ်ပြီ’’
အသေးလေးက ဒီလိုတက်ကြွနေတယ်ဆိုတာ သူမအတွက်မဟုတ်ပဲ သူစားချင်နေတယ်လို့သာ သူမခံစားလိုက်မိတယ်။
သူမ အနည်းငယ်စိုးရိမ်သွားမိတယ်။
ဒာပေမဲ့ သူ တက်ကြွစွာပြောနေတာကိုကြည့်ရင်း အဲ့ဒါက အကျိုးကြောင်းသင့်တယ်လို သူမစဉ်းစားလိုက်မိတယ်။ တီဗီဇာတ်လမ်းတွဲတွေ ထဲမှာဆိုရင် မင်းသမီးဖြစ်သူက ချောကလက်တွေစားရင် ကယ်လိုရီတွေများပြီး ကိုယ်အလေးချိန်တက်တယ်လို ပြောတာကြားဖူးတယ်။ သူမက ကယ်လိုရီဆိုတာ ဘာမှန်းမသိပေမယ့်လဲ အဲ့ဒါတွေစားရင် ကိုယ်အလေးချိန်တက်တယ်ဆိုတာကိုတော့ ခန်းမှန်းလိုက်မိတယ်။ အဲ့ဒါကြောင့်ပဲ ကျိယန် က ကလေးကို စားခွင့်မပေးတာဖြစ်တယ်။
ဒါဆို သူမသာ အဲ့ဒါတွေကို စမ်းစားကြည့်မယ်ဆိုရင် ကိုယ်အလေးချိန်တက်လာနိုင်တဲ့အတွက် သွား၀ယ်သင့်တယ်မဟုတ်လား။
အဆုံးမှာတော့ လှပတဲ့ငါးစာရဲ့ဆွဲဆောင်မှုက အရမ်းပြင်းထန်လွန်းတဲ့အတွက် ထန်ထန် တစ်ယောက် ရှောင်ကျိုးကိုခေါ်ကာ စူပါမားကတ်သို့ ရောက်သွားပါတော့တယ်။
အမျိုးအစားစုံလင်လှတဲ့ သွားရည်စာတွေအကုန်လုံးကို စိုးရိမ်မှုမရှိပဲ တစ်ခုပြီးတစ်ခု ပျော်ရွှင်စွာလက်ညှိးထိုးနေတဲ့ ရှောင်ကျိုး တစ်ယောက် သူ့ကိုယ်သူ ကောင်းကင်ပေါ်ရောက်နေတယ်လိုတောင် ထင်မှတ်နေမိတော့တယ်။
အသေးလေး ညွန်ပြတဲ့များပြားလှတဲ့ သွားရည်စာတွေကိုကြည့်ရင်း ထန်ထန်ခေါင်းမူးလာတော့တယ်။
သူမ စျေးနှုန်းတွေကိုကြည့်လိုက်ချိန်မှာ အတော်လေးစျေးများနေတာကို တွေ့လိုက်ရတယ်။ အထူးသဖြင့် ချောကလက်ပဲ, သေးသေးလေးတစ်ဗူးရဲ့စျေးနှုန်းက သူမဟင်းပွဲတစ်ချို့ ချက်လို့ရလောက်တဲ့အထိ နှိင်းယှဉ်လို့ရတယ်။
ပေါင်ပေါင့်ဒယ်ဒီက ပိုက်ဆံကိုခက်ခက်ခဲခဲရှာရတာဖြစ်တဲ့အတွက် အခုသူမ သုံးမယ့်ပိုက်ဆံတွေအပေါ် မှာတွန့်ဆုတ်သွားတယ်။ လိုအပ်တာတွေအတွက် ထောက်ပံ့ပေးထားတာဖြစ်တဲ့အတွက် အဆာပြေသွားရည်စာမုန့်တွေ အတွက်သာ သုံးလိုက်ရင် မကောင်းဘူးထင်တယ်။
သူမ တွန့်ဆုတ်နေတာကို ကြည့်ရင်း ရှောင်ကျိုး က အရသာရှိတဲ့မုန့်တွေကိုကြည့်ကာ သွားရည်တွေမျိုချနေတော့တယ်။ သူ ထန်ထန် ရဲ့ဘောင်းဘီစကိုဆွဲလိုက်ပြီး
“ ၀ချင်တာမဟုတ်ဘူးလား မာမီ...ပိုပြီးတော့လှမလာချင်ဘူးလား... ဒါတွေစားပြီးရင် မာမီ အရမ်းချောလာမှာနော်’’
ရှောုကျိုး တစ်ယောက် သူ့အသံက ကလေးတွေကို ပြန်ပေးဆွဲတဲ့သူနဲ့တူနေမှန်း သူ့ကိုယ်သူ သတိထားမိပုံမရဘူး။
အဲ့ဒီအနားမှာပဲ တခြားကလေးအမေတစ်ယောက်ကလဲ သူ့ကလေးအတွက် မုန့်၀ယ်နေတာဖြစ်တယ်။ သူမက ထန်ထန် နဲ့ ရှောင်ကျိုး တို့အပြန်အလှန်ပြောနေတာကို ကြားသွားပြီး တခစ်ခစ်ရယ်နေတော့တယ်။ သူမအနေနဲ့ မိခင်တွေသာ သူတို့ကလေးတွေကို အကြံပေးတာပဲမြင်ခဲ့ဖူးတာဖြစ်တယ်။ အခုလိုမျိုး ကလေးက သူ့အမေကို အကြံပေးတာတော့ ပထမဆုံးမြင်ဖူးတာဖြစ်တဲ့အတွက် အဲ့ဒါက အရမ်းဟာသမြောက်နေတော့တယ်။
သူမတို့ နှစ်ယောက်လုံးက တခြားတစ်ယောက်က သူတို့ကိုကြည့်ပြီးရယ်နေတာကို သတိမထားမိပေ။ လှပမှုနဲ့ ချွေတာမှု ကြားထဲမှာ ရွေးချယ်ရခက်နေတဲ့ သူ့မာမီ မုန့်တွေ၀ယ်ဖို့အရေး ရှောင်ကျိုးတစ်ယောက် အာရုံစိုက်ပြီး စည်းရုံးနေတော့တယ်။
သူ့မုန့်လေးတွေ မစားရတော့မှာကို စိုးရိမ်နေတဲ့ သူက ထန်ထန် ဘောင်းဘီစအား ဆွဲလိုက်ကာ အပြစ်ရှိသလိုမခံစားစေဖို ရိုးသားစွာနဲ့စည်းရုံးသိမ်းသွင်းနေတော့တယ်
“ မာမီ, မာမီသာပိုပြီးလှလာရင် သားကမာမီ့ကိုပိုချစ်သွားမှာနော် ပြီးတော့…ပြီးတော့… ဒယ်ဒီကလဲ မာမီ့ကို ပိုချစ်လာမှာ...’’
ဒီနှလုံးသားမရှိတဲ့ကောင်လေးက သူ့အဖေကို မုန့်အတွက်နဲ့ရောင်းစားနေပြီဖြစ်တယ်။
သူ့နည်းဗျူဟာတွေက အလုပ်ဖြစ်ပုံရသွားပြီး ထန်ထန် အံကြိတ်လိုက်ကာ
“ကောင်းပြီလေ, မာမီ အဲ့ဒါတွေကို ၀ယ်လိုက်တော့မယ်”
ကျိရှောင်ကျိုး နှုတ်ခမ်းတွေ မြင့်တက်သွားပေမယ့် သူ့ကိုယ်သူထိန်းချုပ်လိုက်ကာ တစ်စကန့်လောက်ကြာပြီးနောက် ပုံမှန်အတိုင်း ပြန်ဖြစ်သွားတယ်။(ရိုက်ချင်စရာလေး)
Xxxxx
Part 22
သူမ မုန့်တစ်မျိုးကိုရွေးလိုက်တိုင်း နှလုံးသားထဲက သွေးတွေထွက်ကျလာတယ်လို့တောင် ခံစားနေမိတယ်။ ကျိယန် အပေါ် အမှားလုပ်မိတယ်လို့ခံစားနေမိပြီး အဆုံးမှာတော့ မတတ်နိုင်စွာနဲ့ပဲ အပြစ်၀န်ခံဖို့အတွက် Wechat ကိုဖွင့်လိုက်တော့တယ်။
ညရောက်တဲ့အခါမှာတော့ ကျိယန် တစ်ယောက် Wechat ဖွင့်ကြည့်လိုက်တဲ့အခါမှာ အံ့အားသင့်စွာနဲ့ပဲ ထန်ထန် ဆီမှ အသံမက်ဆေ့ကိုတွေ့လိုက်တယ်။
သူတို့ နှစ်ယောက်လုံး Wechat မှာအပ်ဖြစ်ကြတယ်ဆိုတာကလဲ အသေးလေးက အပ်ထားပေးတာကြောင့်ဖြစ်တယ်။ ဒါပေမယ့်လဲ တစ်ယောက်နဲ့ တစ်ယောက် တစ်ခါမှစကားပြောဖူးခြင်းမရှိခဲ့ပေ။ ဒါကြောင့် ထန်ထန် ဆီက အသံမက်ဆေ့ကိုတွေ့လိုက်ချင်းပဲ တစ်ခုခုဖြစ်နေပြီလို့ သူယူဆလိုက်မိတယ်။
ချက်ချင်းပဲ အသံမက်ဆေ့ကိုနှိပ်လိုက်တဲ့အခါမှာ သူမ ရဲ့ အပြစ်ရှိတဲ့လေသံနဲ့ပြောထားတာကို ကြားလိုက်ရတယ်
“ ယောကျာ်း, ကျွန်မလေ ဒီနေ့မုန့်တွေ အများကြီး၀ယ်လိုက်မိတယ် ပြီးတော့ ပိုက်ဆံတွေလဲ ဖြုန်းတီးလိုက်မိပြီ, ကျွန်မတောင်းပန်ပါတယ်, နောက်ဒီလို မလုပ်တော့ပါဘူး’’
အသံမက်ဆေ့ကို နားထောင်လိုက်ပြီးနောက် သိသာထင်ရှားတဲ့ ကိစ္စတစ်ခုမှ မဖြစ်ထားဘူးလို့ ယူဆလိုက်တယ်။ အဲ့ဒါက မုန့်၀ယ်ဖို့ ပိုက်ဆံ သုံးယုံလေးပဲကို ဒါပေမယ့် သူမက ပြစ်မှုလုပ်ထားလို့ အပြစ်၀န်ခံနေတာနဲ့ တူနေတယ်။ ကျိယန် ဘယ်လိုတုန့်ပြန်ရမှန်း မသိတော့ဘူး။
သူမနှလုံးသားထဲမှာ သူ့ကိုဘယ်လိုများထင်နေတာလဲ... သူ့ပုံစံက ကိုယ့်အမျိုးသမီးကို မုန့်တောင်၀ယ်စားခွင့် မပေးတဲ့သူနဲ့တူနေလို့လား.. သူအဲ့လိုကြီး ကပ်စေးမနည်းခဲ့ပါဘူး... ဟုတ်တယ်မဟုတ်လား, အတိတ်တုန်းကဆိုရင် သူမရဲ့ လစဉ်အသုံးစာရိတ်က အခုသုံးတာထက်တောင် များသေးတာလေ။ ဒါကြောင့် ဒီမုန့်ဖိုးလောက်ကတော့ အဲ့ဒါနဲ့ယှဉ်လို့တောင် မရဘူးလေ။
ခဏလောက်တွေးပြီးတဲ့နောက် သူ ပြန်ဖြေလိုက်တယ်
“ စိတ်မပူပါနဲ့, မင်းကြိုက်သလောက်သာ၀ယ်, ပိုက်ဆံမလောက်ရင်သာ ကိုယ့်ကိုပြော ဒါမှပိုပြီးမင်းကိုပေးလို့ရမှာ’’
မက်ဆေ့ပို့ပြီးပြီးချင်း သူတကယ်ပဲ ဒီလိုတွေသူမကို ပြောလိုက်မိတဲ့အတွက် သူ့ကိုယ်သူ အံ့အားသင့်သွားတယ်။ အဲ့ဒါက တကယ်အကြင်လင်မယားတွေ ပြောဆိုပုံနဲ့သွားတူနေတယ်လေ။ အရင်တုန်းကတခါမှ ဒီလိုမဖြစ်ဖူးခဲ့တာကြောင့် သူ့အတွက် အတော်လေးထူးဆန်းနေတယ်။
ကြည့်ရတာ သူ့ကိုယ်သူ သတိမထားမိပဲ သူမအပေါ် နူးညံ့စွာဆက်ဆံနေမိတာပဲ။
ထန်ထန်တိုးသားမိ နှစ်ယောက်သား အိပ်ယာပေါ်မှာ တိုက်ပွဲဖြစ်နေတဲ့အချိန်မှာပဲ ကျိယန် ပို့လိုက်တဲ့မက်ဆေ့က ရောက်သွားတော့တယ်။
နှစ်ယောက်လုံးက အိပ်ယာပေါ်မှာ ကယ်လိုရီတွေများတဲ့မုန့်တွေကိုအလယ်မှာထားပြီး ခြေထောက်ချိတ်ကာ မျက်နှာခြင်းဆိုင်ထိုင်နေကြတယ်။
‘’ပေါင်ပေါင်, ဒါတွေကို သားစားလို့မရဘူး, သားထပ်၀လို့မရတော့ဘူးလို့ သားဒက်ဒီပြန်သွားတုန်းက ပြောခဲ့တယ်လေ’’
အဲ့ဒါက သူမအနေနဲ့ရှောင်ကျိုး အပေါ် လေသံမာမာနဲ့ ပြောတာ ပထမဆုံးအကြိမ်ပဲဖြစ်တယ်။
ရှောင်ကျိုးလေးက သနားစဖွယ်ကောင်းစွာနဲ့ သူ့လက်ချောင်းလေးတွေကို ကိုက်လိုက်ရင်း
“ မာမီ, သား နည်းနည်းလေးပဲစားမှာပါ, အဲ့ဒါဘာမှမဖြစ်လောက်ပါဘူး’’
ထန်ထန် သူ့ရဲ့သနားစရာကောင်းတဲ့ပုံလေးကို ဆက်မကြည့်နိုင်တော့ပေ။ သူမ အသေးလေးကို တကယ်ပဲ နည်းနည်းလောက်ပေးလိုက်ချင်တယ် ဒါပေမယ့် ကျိယန် ရဲ့စကားကိုလဲ မငြင်းပယ်ချင်ဘူး။ ကျိယန် က အသေးလေးကို ဒီမုန့်တွေမစားစေဖို့ သူမအား သေသေချာချာမှာသွားခဲ့တာဖြစ်တယ်။ အထူးသဖြင့်ညဘက်တွေမှာပေါ့, သူမဘယ်လိုလုပ်ပြီးတော့များ သူ့ကိုပေးနိုင်မှာလဲ...
ဒါသူမအမှားပဲလေ, သူ့ရှေ့မှာ မုန့်တွေမ၀ယ်ခဲ့သင့်ဘူး။ နောက်တစ်ခါဆိုရင် ဒါတွေကို သူမတိတ်တိတ်လေးပဲ စားတော့မယ်။ ဒါပေမယ့်လဲ အသေးလေးက သူမနဲ့ အမြဲတမ်းရှိနေတာပဲဖြစ်တယ်။ သူက သူမအနားကနေ ဘယ်ကိုမှထွက်ခွာသွားခြင်းမရှိခဲ့ဘူး, ဒါကြောင့် သူမမှာ ဘယ်လိုလုပ်ပြီးများ မုန့်ခိုးစားဖို့ အချိန်ရှိတော့မှာလဲ။
ထန်ထန် တစ်ယောက် စတင်ပြီးခေါင်းကိုက်လာတော့တယ်။ အဲ့အချိန်မှာပဲ သူမဖုန်းကအသံမြည်လာတယ်။ အဲ့ဒါက Wechat က အသိပေးသံဖြစ်တယ်။ သူမချက်ချင်းပဲ ဖွင့်လိုက်တော့ ကျိယန် ဆီက မက်ဆေ့ကိုတွေ့လိုက်တယ်။ သူက သူမကိုအပြစ်မတင်ရုံမက သုံးဖို့မလောက်ရင် တောင်းဖို့ပါပြောနေသေးတယ်။
ဘုရားရေ ! သူမ ယော်ကျားက အရမ်းကောင်းတာပဲ။
သူမရဲ့ မျက်လုံးမျက်ခုံးတွေကအစ အားရပါးရပြုံးလိုက်မိတယ်။
အသေးလေးက သူ့ခေါင်းကိုကုတ်လိုက်ရင်း ဖုန်းကိုလှမ်းကြည့်လိုက်တယ်။ သူ့ဒယ်ဒီဆီမှ မက်ဆေ့မှန်းသိသွားပြီး
“ ဒယ်ဒီဘာပြောတာလဲ...’’
သူမ အသေးလေးနှာခေါင်းကို ဆွဲညှစ်လိုက်ပြီး
“ ဒယ်ဒီက မာမီမုန့်တွေ၀ယ်တာကို အပြစ်မတင်ဘူးတဲ့.. သူက သုံးလို့မလောက်ရင် ထပ်တောင်းလို့ပြောတယ်’’
‘’အာ...’’
ကျိရှောင်ကျိုး က စိတ်ဓါတ်ကျတဲ့လေသံနဲ့
“ သားစားလို့မရတာတွေကို မာမီကဘာလို့၀ယ်လို့ရနေတာလဲ ဒယ်ဒီ မတရားဘူး’’
‘’ဒယ်ဒီ မတရားတာ မဟုတ်ပါဘူး, အဲ့ဒါက မာမီကောင်းဖို့အတွက်ပဲ, မာမီက အရမ်းပိန်တယ်လေ, ဒါကြောင့် များများစားဖို့လိုတယ်။ နောက်တစ်ခုက သားထပ်၀လာလို့မရတော့ဘူး, သား၀လာရင် ခန့်ချောကြီး မဖြစ်တော့ဘူးလေ’’
ရှောင်ကျိုး က နှုတ်ခမ်းတွေကို တင်းတင်းစေ့ပြီး အထွန့်တက်လိုက်တယ်
“ သားက ခန့်ချောကြီးလို့ မာမီပဲပြောတယ်လေ, သား၀လာရင် ခန့်ချောကြီးမဖြစ်တော့ဘူးလား မာမီက အဲ့လိုမဟုတ်ဘူးလေ’’
အသေးလေးက စိတ်ထိခိုက်တဲ့ပုံစံလေးဖြစ်နေတဲ့အတွက် ထန်ထန် သူ့ကိုဆက်မကြည့်ရက်တော့ပဲ ထွေးပွေ့လိုက်ရင်း
“ မာမီ သားကိုအမြဲတမ်းချစ်နေမှာ, သားက အမြဲတမ်း ခန့်ချောကြီးပဲ’’
သူက ထန်ထန်ပြောတာကြားပြီးတဲ့နောက် သူမအကျီစကိုဆွဲလိုက်ကာ
“ ဒါဆို သားကိုဘာလို မုန့်ပေးမစားတာလဲ...’’
ထန်ထန် အေးခဲသွားတယ်။ သူမထောင်ချောက်ထဲကျသွားတယ်လို ခံစားလိုက်မိတယ်။
တဖက်မှာက, မျက်ရည်ဝဲနေတဲ့ကလေးနဲ့ နောက်တစ်ဖက်မှာက သူ့မခင်ပွန်းရဲ့ညွှန်ကြားချက်, ဒီနှစ်ခုက သူမစိတ်ထဲ ထိပ်တိုက်တွေ့နေတော့တယ်။ အဆုံးမှာတော့ သူမဘာလုပ်ရမှန်းမသိတော့ပဲ မိုင်ပေါင်းများစွာအဝေးမှာရှိနေတဲ့ သူမခင်ပွန်းကိုသာ မေးဖိုဆုံးဖြတ်လိုက်တော့တယ်။
‘’ဒယ်ဒီကို မေးကြည့်ကြမယ်လေ ဟုတ်ပြီလား’’
အသေးလေး မတုံပြန်ခင်မှာပဲ အသံမက်ဆေ့တစ်ခု ကျိယန် ဆီသိုပိုလိုက်တယ်
“ ယောကျာ်း ပောင်ပေ့က မုန့်နည်းနည်းစားချင်လိုတဲ့, အဲ့ဒါ ကျွန်မနည်းနည်းလောက် ကျွေးလို့ရမလား?’’
အသံမက်ဆေ့ကို ကျိယန် ကြားပြီးတဲ့နောက် အခြေအနေကို သူမှန်းဆမိသွားတယ်။ ရှောင်ကျိုးတစ်ယောက် မဟုတ်တဲ့အပြုအမူတွေနဲ့ သူ့ကိုမတွန်းလှန်နိုင်တဲ့ ထန်ထန် အပေါ်မှာ မုန့်တွေစားရဖိုအတွက် အရှက်မရှိအိုက်တင်တွေလုပ်နေမှန်း ခန့်မှန်းမိသွားတယ်။
သူ ရိုးရိုးရှင်းရှင်းပင် video call ခေါ်လိုက်တယ်။
video call တွေ့လိုက်တဲ့ခဏ သူမ နှလုံးသားလေး ရုတ်တရက်ခုန်သွားတယ်။ screen ပေါ်မှာ ကျိယန်ရဲ့မျက်နှာပေါ်လာပြီးနောက် ထန်ထန် စကားတွေ ထစ်ငေါ့ကုန်တော့တယ်
“ ယော…ယော်ကျား’’
‘’ရှောင်ကျိုး ဘယ်မှာလဲ ...’’
ထန်ထန် ကုတင်ပေါ်မှာ လူသေကောင်လိုလှဲချပြီး သရုပ်ဆောင်နေတဲ့ အသေးလေး ကို အသာပုတ်ပြီး ခေါ်လိုက်တယ် “ ပေါင်ပေါင် ဒက်ဒီ သားကိုရှာနေတယ်, မြန်မြန်ထပါဦး"
ရှောင်ကျိုး က မလှုပ်မယှက်ပဲ
“ သားအိပ်ပျော်နေပြီ’’
သူမ ကျိယန်ကို ပြန်ကြည့်ပြီး နှုတ်ခမ်းကိုက်လိုက်မိတယ်။
ကျိယန်က ပေါ့ပါးစွာရယ်လိုက်ပြီးနောက် လေသံကိုပြန်ပြင်ကာ ပြောလိုက်တယ်
“ ကျိရှောင်ကျိုး သုံးစက္ကန့်အတွင်းထလာနော်, တစ် !, နှစ် ! ‘’
နှစ် အော်ပြီးတဲ့နောက် ရှောင်ကျိုး က ချက်ချင်းပဲထလာပြီးထန်ထန်ရင်ခွင်ထဲဝင်သွားတော့တယ်။
“ဒယ်ဒီ...’’
အသေးလေးက ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ပြောလိုက်တယ်။
ကျိယန်စိတ်ထဲမှာပြုံးလိုက်မိပြီး မျက်နှာထားကိုတင်းကာ
“ အခု သားကမုန့်တွေစားချင်နေတယ်ဆို’’
အသေးလေး က ခေါင်းငုံလိုက်ပြီး လက်လေးတွေကိုစုထားလိုက်တယ်။
လိုအပ်လို့ဆူတဲ့အချိန်တိုင်း အသေးလေးရဲ့ သနားစရာပုံစံကြောင့် သူ စိတ်ပျော့သွားခြင်းမရှိပေ
“ ဒယ်ဒီ သားကိုပြောထားတယ်မဟုတ်လား, မုန့်တွေကိုမစားရဘူးလို ညဘက်တွေဆိုပိုဆိုးတယ်, သားမေ့သွားတာလား..."
အသေးလေးက အောက်နှုတ်ခမ်းကိုကိုက်ပြီး လေသံတိုးလေးနှင့် တောင်းပန်နေတယ်
“ သားမှားပါပြီ, နောက်မလုပ်တော့ပါဘူး ဒယ်ဒီ’’
ကျိယန် ခေါင်းငြိမ့်လိုက်ပြီး ထန်ထန် ဘက်ကိုကြည့်လိုက်တယ်
“ မင်း ကလေးကိုအရမ်းအလိုလိုက်လွန်းတယ် ထန်ထန်သူ့ရဲ့သနားဖို့ကောင်းတဲ့ပုံစံတွေကြောင့် စိတ်ပျော့လိုမရဘူး, မဟုတ်ရင် သူပိုဆိုးလာလိမ့်မယ်’’
သူမ ကလေးအပော်အရမ်းနူးညံ့နေမှန်း သိတယ်။ သူမ မျက်နှာက ရှက်စိတ်ကြောင့်နီရဲလာပြီး နာခံစွာနဲ့ပြောလိုက်တယ်
“ ကျွန်မ သိပါပြီ, ဒါမျိုးထပ်မဖြစ်တော့ပါဘူး, သူ့ကိုလဲ မုန့်တွေအများကြီး မကျွေးတော့ပါဘူး’’
ကျိယန်သက်ပြင်းချလိုက်တယ်။ အရင်ကဆို သူမက ကလေးအပေါ် လုံး၀ဂရုစိုက်ခဲ့တာမဟုတ်ပဲ အေးစက်စက်ဆက်ဆံခဲ့တာဖြစ်တယ်။ အခု သူမကလုံးဝပြောင်းလဲနေပြီ။ သူမက ပိုပြီးနူးညံ့လာပြီး ရိုးအ လာတာကြောင့် ရှောင်ကျိုး ကိုဆန့်ကျင်ဖို့ မဖြစ်နိုင်ဘူး။ တကယ်လိုများ ဒီအတိုင်းသာဆက်သွားရင် သူမရဲ့ဂရုစိုက်မှုအောက်မှာ သူပျက်ဆီးသွားနိုင်တယ်။
ကျိယန်က ကလေးကိုချစ်သော်လဲ မျက်လုံးစုံမှိတ် ချစ်တာမဟုတ်ပေ။ ကလေးကိုလိမ်မာရေးခြားရှိလာပြီး ဆိုးသွမ်းမှုတွေဖြစ်မလာအောင် လိုအပ်တဲ့အခါတိုင်း စည်းမျဉ်းစည်းကမ်းတွေ ချမှတ်လေ့ရှိတယ်။ သူက အိမ်မှာရှိတာရှားတဲ့အတွက် ရှောင်ကျိုး ကို သင်ကြားပြသပေးဖို့က ထန်ထန့်တာ၀န်ပဲဖြစ်တယ်။ ဒါကြောင့် သူမကို ‘မရဘူး’ ဆိုပြီး ပြောနိုင်အောင် သင်ပေးမှဖြစ်တော့မယ်။
‘’ ထန်ထန်...ပေါင်ပေါင်က ကလေးပဲရှိသေးတယ်။ သူ့ကိုယ်သူ မထိန်းချုပ်နိုင်သေးဘူး။ သူက မင်းရဲ့လမ်းညွှန်မှုနဲ့ သင်ကြားမှုတွေကိုလိုသေးတယ်, သူမှားတာတစ်ခုခုလုပ်ရင် မင်းသူ့ကိုဆူသင့်တယ်, မဟုတ်ရင် မှားယွင်းစွာနဲ့ ကြီးပြင်းလာလိမ့်မယ်, မင်းနားလည်လား...’’
သေချာတာပေါ့, သူဆိုလိုတာကို သူမနားလည်တယ်။ အနာဂတ်မှာ ကလေးတွေ ဘယ်လိုတိုးတက်လာမယ်ဆိုတာက သူတို့ကို သင်ကြားပြသပေးတဲ့ မိဘတွေအပေါ်မူတည်တယ်။ သူ့ရဲ့အနာဂတ်အတွက် သူမ သူ့ကိုအလိုမလိုက်သင့်တော့ဘူး။
သူမ အသေးလေးကိုတကယ်ချစ်တာဖြစ်တဲ့အတွက် သူမကိုယ်သူမ မထိန်းချုပ်နိုင်ပဲ အသေးလေးကိုအလိုလိုက်မိတာဖြစ်တယ်။ သူက တကယ်ကိုပဲ ချစ်ဖိုကောင်းပါတယ်။ သူမအနေနဲ့ သူ့ကိုတင်းကျပ်ဖိုဆန္ဒမရှိပါဘူး။ ဒါပေမယ့်လဲ အဲ့ဒါက မမှန်ဘူးဆိုတာကို သူမ သိပါတယ်, ဒါကြောင့် သူမပြောင်းလဲရမယ်။
‘’ကျွန်မနားလည်ပါပြီ ယောကျာ်း, အခုကစပြီး ပေါင်ပေါင်ကို အလိုမလိုက်တော့ပါဘူး”
သူမ ကျိန်ဆိုလိုက်တယ်။
ကျိရှောင်ကျိုး တစ်ယောက် သူ့ကြောင့် သူ့မာမီ အပြစ်တင်ခံနေရတာကိုမြင်ပြီး သူ့ဖခင်ကိုကတိပေးလိုက်တယ်
“ ဒယ်ဒီ, မာမီကိုအပြစ်မတင်ပါနဲ့, အဲ့ဒါသူမ အမှားမဟုတ်ပါဘူး, ညဘက်တွေ မာမီနဲ့မုန့်မစားတော့ဘူးလို့ သားကတိပေးပါတယ်’’
ကျိယန်ခေါင်းငြိမ့်လိုက်တယ်
“ ကောင်းပြီလေ, ဒယ်ဒီ သားကိုယုံတယ်’’
ပြောဖိုလိုအပ်တာတွေအကုန် ပြီးသွားတဲ့နောက် ကျိယန် နှုတ်ဆက်လိုက်ပြီး video call ကို ပိတ်လိုက်တော့တယ်။
သားအမိနှစ်ယောက်လုံး တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ရင် သက်ပြင်းချလိုက်ကြတော့တယ်။
ရှောင်ကျိုးက မုန့်ထုတ်တွေကို ထန်ထန် သို့တွန်းပိုလိုက်ပြီး
“ သားအဲ့ဒါတွေမစားတော့ဘူး မာမီ, အားလုံးကိုမာမီ၀ယ်ထားတာဆိုတော့ မာမီပဲစားလိုက်ပါ ! ‘’
အသေးလေးအရှေ့မှာ သူမ အဲ့လောက်ထိ နှလုံးသားမမဲ့နိုင်တဲ့အတွက်
“မာမီလဲအဲ့ဒါတွေမစားတော့ဘူး, အဲ့ဒါတွေ မာမီမစားချင်သေးဘူး’’
ပောက်စီလေးက သူမ လက်ကို အမြန်ဆွဲယူလိုက်ပြီး အလေးအနက်နဲ့ ပြောလိုက်တယ်
“ အဲ့ဒါတွေကိုစားလိုက်ပါမာမီ, မာမီပဲ၀ချင်တာမဟုတ်ဘူးလား မုန့်တွေကို ညဘက်စားရင်၀တယ်လို ဒယ်ဒီကပြောတယ်, အဲ့ဒါကြောင့် မာမီဒါတွေကို ညဘက်စားသင့်တယ်’’
ညဘက်စားရင် သူမကိုယ်အလေးချိန်တက်မယ်မှန်းသိပေမယ့်လဲ အသေးလေးရှေ့မှာတော့ မစားချင်ပေ။ ခဏလောက်တွေးပြီးတဲ့နောက် အသေးလေးအိပ်မှပဲ စားဖိုသူမဆုံးဖြတ်လိုက်တော့တယ်။ ဒါမှ အသေးလေးလဲ မုန့်တွေရဲ့ ဆွဲဆောင်မှုကို မခံရမှာဖြစ်တယ်။
မုန့်ထုတ်တွေကို တဖက်သို့တွန်းပို့လိုက်ပြီး သူမက အသေးလေးကိုဖက်ကာ
“ ကောင်းပါပြီ, မာမီအခုတော့ မစားသေးဘူး, သွားအိပ်ရအောင်’’
သူ့မာမီ မစားတော့မှန်းသိပြီးတဲ့နောက် အသေးလေး ခေါင်းငြိမ့်လိုက်ပြီး
“ ဟုတ် ...သွားအိပ်ကြမယ်’’
သူမ အသေးလေးနဖူးကို နမ်းလိုက်ပြီး ငယ်စဉ်က သူမရဲ့အထိန်းတော် သူမကိုဆိုပြလေ့ရှိတဲ့ ကလေးသီချင်းကို ဆိုလိုက်တယ်။ အဲ့ဒီ နူးညံ့တဲ့သီချင်းကြောင့် အချိန်သိပ်မကြာခင်ပဲ သူမ အိပ်ပျော်ခဲ့လေ့ရှိတယ်။
မျှော်လင့်ထားသလိုပဲ အဲ့ဒီနူးညံ့တဲ့သီချင်းသံနဲ့ သူမရဲ့ ပုတ်သိပ်မှုအောက်မှာ အသေးလေးက လျင်မြန်စွာနဲ့ အိပ်ပျော်သွားတော့တယ်။ သူ အသက်ရှုလိုက်တိုင်း ဗိုက်လေးက လှုပ်ခတ်သွားတာကို မြင်နေရတယ်။
အသေးလေးအိပ်ပျော်သွားမှန်း သေချာအောင်လုပ်ပြီးတဲ့နောက် အိပ်ယာပေါ်မှ အသံမထွက်စေပဲ ဂရုတစိုက် သူမဆင်းလိုက်တယ်။ ထိုနောက် မုန့်ထုတ်တွေကိုယူလိုက်ကာ ဧည့်ခန်းထဲသိုသွားလိုက်တော့တယ်။
အတိတ်တုန်းကဆိုရင်, သူမရဲ့အထိန်းတော်ကလဲ သူမကိုညဘက်တွေမှာ မုန့်စားခွင့်မပေးခဲ့ပေ။ ထိုကြောင့် ညနေစာစားပြီးတာနှင့် ထပ်စားဖိုအတွက် သူမအကျင့်မဖြစ်သေးပေ။ ဒါပေမယ့် အခုကတော့ အထူးလိုအပ်ချက်ဖြစ်ပြီး ကိုယ်အလေးချိန်တိုးဖိုလိုအပ်တာကြောင့် သူမဒါကိုလုပ်မှဖြစ်မယ်။ သူမရဲ့ကြိုးစားမှု အကျိုးရှိဖို မျှော်လင့်ရတော့မှာပဲ။
ထန်ထန် အလွယ်တကူ ကိုယ်အလေးချိန်တက်လာနိုင်တယ်ဆိုတဲ့ ချောကလက်နဲ့ ကိတ်တွေကို အိတ်ထဲမှ ထုတ်ယူလိုက်တယ်။ အရင်တုန်းက ဒါမျိုးတွေကို သူမဘယ်တုန်းကမှ မစားကြည့်ခဲ့ဖူးပေ။ သူမ မြည်းကြည့်ပြီးတဲ့နောက် ဒါတွေက အရမ်းအရသာရှိမှန်းသိလိုက်ပြီး အသေးလေးအနေနဲ့ ဒီလိုအစားအစာမျိုးကို စားချင်နေတယ်ဆိုတာ မထူးဆန်းမှန်း သဘောပေါက်လိုက်တယ်။ ကံမကောင်းစွာနဲ့ပဲ အဲ့ဒီ၀က်ပုတ်လေးက ဒါတွေအများကြီးစားလို့ မရရှာဘူး။
တချိန်တည်းမှာပဲ ကိတ်တစ်တုံးနဲ့ ချောကလက်သုံးချောင်းတောင် သူမစားလိုက်မိတယ်။ သူမအရမ်းဗိုက်ပြည့်နေတဲ့အတွက်ကြောင့်သာ စားတာကိုရပ်လိုက်ရတာဖြစ်တယ်။ သူမ ဗိုက်ပေါ်ကိုလက်များတင်ထားရင်း သက်ပြင်းချလိုက်မိတယ်။ ဒီနည်းနဲ့ ပိုထိရောက်သင့်တယ်။
သိုသော်လဲ သူမထင်မြင်ချက်က သိပ်တော့မကောင်းပေ။ ကိုယ်အလေးချိန်တက်ရုံသာမက တခြားအရာတွေပါ အဆင်ပြေလာဖို့ သူမမျှော်လင့်မိတယ်။ သူမ ကျန်းမာရေးကောင်းအောင်လုပ်ဖို့လိုသလို သူမရဲ့အသားအရေ ဆံပင်တွေကအစ ဂရုစိုက်ဖို့လိုအပ်တယ်။ အလှအပတိုးစေသော အာဟာရစွပ်ပြုတ်ကို သောက်တာက ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်မယ်။
အရင်ဘ၀တုန်းကဆိုရင် သူမရဲ့ အထိန်းတော်က သူမအတွက် စွပ်ပြုတ်တစ်မျိုးကို ပြင်ဆင်ပေးလေ့ရှိတယ်။ အဲ့ဒါက ခန္ဓာကိုယ်အတွက် အားဖြစ်စေပြီး ပါ၀င်ပစ္စည်းတွေကလဲ ရိုးရှင်းတယ်လို့ သူမကိုပြောဖူးတယ်။ အဲ့စွပ်ပြုတ်ရဲ့ အကျိုးသက်ရောက်မှုကို သေချာမသိပေမယ့်လဲ သူမရဲ့အသားအရည်တွေက ပိုမိုကောင်းမွန်လာခဲ့တယ်။ သူမအသားအရည်က တို့ဖူးလိုနူးညံ့နေပြီး နေရောင်အောက်မှာ တောက်ပလို့နေတယ်။ အဲ့ဒါက သူမကိုတကယ်ပဲ ကြည့်ကောင်းစေခဲ့တယ်။
ဒါကြောင့် သူမ အဲ့ဒါကို မနက်ဖြန်မှာပြုလုပ်ဖို့အတွက် ဆုံးဖြတ်ချက်ချလိုက်တယ်။ သူမကျန်းမာရေးကို အရင်တိုးတက်အောင်အရင်လုပ်ပြီး နောက်မှသူမရုပ်ရည်ကို ပိုကောင်းအောင်ကြိုးစားရမယ်။ ဒါမှ ကျိယန် နဲ့ အသေးလေးက သူမကြောင့် မျက်နှာမပျက်ရမှာ။
ထိုနေရာအတိတွေးရင်း သူမ ပျော်ရွှင်စွာနဲ့ အိပ်မောကျသွားတယ်။
- - - - - - - - - - - - - - -
နောက်တစ်နေ့မှာတော့ ထန်ထန် က သူမအတွက် လိုအပ်သော ပါ၀င်ပ္စစည်းများကို စူပါမားကတ်တွင် သွား၀ယ်သောအခါ အလွန်စိတ်အားထက်သန်နေတယ်။ သူမ အိမ်သို့ပြန်ရောက်သောအခါ စွပ်ပြုတ်ချက်ရန် မီးဖိုချောင်သို့ ၀င်သွားတော့တယ်။
သူမ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတာကို တွေ့လိုက်ရတဲ့ အသေးလေးက သူ့မာမီ စားလို့ကောင်းတာတစ်ခုခု လုပ်နေတယ်လို ထင်လိုက်ပြီး မျှော်လင့်ချက်ပြည့်နေတဲ့မျက်နှာနဲ့ သူမဘောင်းဘီစကို ဆွဲယမ်းနေတော့တယ်။
ပန်းကန်ထဲသို စွပ်ပြုတ်လောင်းထည့်နေတာကို ကြည့်နေတဲ့ အသေးလေးရဲ့ မျှော်လင့်ချက်ကို သူမမြင်လိုက်တယ်။ ဒီစွပ်ပြုတ်က အမျိုးသမီးတွေအတွက် အကျိုးသက်ရောက်မှုရှိပေမယ့်လဲ ကလေးတွေအပေါ်မှာတော့ ကောင်းလားဆိုတာ သူမ သေချာမသိပေ။
ကျိရှောင်ကျိုး တစ်ယောက် စွပ်ပြုတ်အရသာကို မြည်းစမ်းပြီးတဲ့နောက် သူမျှော်မှန်းတဲ့အရသာ မဟုတ်တဲ့အတွက် စိတ်ပျက်သွားတယ်။ သူက ဇွန်းအပြည့်နဲ့သောက်ပြီးနောက် မျက်မှောင်ကြုတ်လိုက်ရင်း ဇွန်းကိုချလိုက်ကာ
“ ဒါဘာစွပ်ပြုတ်လဲ မာမီ အရသာက ဆိုးလိုက်တာ’’
‘’မာမီအတွက်လုပ်ထားတာ သားရဲ့, အဲ့ဒါက မာမီကို ပိုလှလာအောင် လုပ်ပေးနိင်တယ်။ အဲ့စွပ်ပြုတ်ထဲမှာ တရုတ်ဆေးတွေပါတာမို့ အရသာက အရမ်းကောင်းမှာမဟုတ်ဘူး’’
ထန်ထန် ရှင်းပြလိုက်တယ်။
ကျိရှောင်ကျိုး တစ်ယောက် နားလည်သွားပြီး ပန်ကန်းလုံးကို တဖက်သို့တွန်းပို့လိုက်ကာ
“ ဒါဆို သားမသောက်တော့ဘူး မာမီ, သားက ကြည့်ကောင်းနေပြီးသားဆိုတော့ ပိုပြီး ခန့်ချောဖြစ်ဖို့ မလိုတော့ဘူး’’
သူမ အသေးလေးရဲ့ တကယ့်အကြောင်းပြချက်ကို သိပေမယ့်လဲ မဖော်ထုတ်ပေ။ သူမက ပြုံးရင်း ခေါင်းငြိမ့်ပြလိုက်ကာ
“ ဟုတ်တာပေါ့, သားလေးက ကြည့်ကောင်းနေပြီးသား, မာမီကပဲ ပိုလှလာဖိုလို့နေတာနော်’’
တကယ်တော့ ကျိရှောင်ကျိုး တစ်ယောက် လှပခြင်းနဲ့ ရုပ်ဆိုးခြင်း ကြားက ကွာခြားမှုကို သိပ်နားမလည်ပေ။ သူမာမီက လှနေပြီးသားလို့ ယူဆထားတာဖြစ်ပြီး ဘာကြောင့် သူမာမီက ပိုလှချင်နေမှန်း သူနားမလည်ပေ။ သိုသော်လဲ သူ့မာမီလုပ်ချင်နေတယ်ဆိုမှာတော့ သူက သူမကို ထောက်ပံ့ပြီး ကူညီပေးရမှာပေါ့။
ထိုအချက်ကိုတွေးလိုက်ပြီး သူ တစ်စုံတစ်ကို စဉ်းစားလိုက်ကာ သူ့အခန်းဆီသို့ တက်ဘလက် ယူရန် ပြေးသွားတော့တယ်။ ထိုနောက် သူက ကျီယွဲ့ အား wechat မှနေ Video call ခေါ်လိုက်တော့တယ်။
ထိုအချိန်၌
ကျီယွဲ့ က ဌာနအတွင်း အစည်းအဝေး တစ်ခု ပြုလုပ်နေတာဖြစ်တယ်။ ကျိရှောင်ကျိုးဆီက ဖုန်းကိုမြင်ပြီးတဲ့နောက် အရေးပေါ်ကိစ္စဖြစ်မည်ကို စိုးရိမ်သောကြောင့် သူမလက်ကိုမြောက်လိုက်ပြီး အစည်းအဝေ◌းကို ခဏရပ်လိုက်တယ်။ ထိုနောက် အသေးလေးဖုန်းခေါ်တာကို လက်ခံရန် သူမရုံးခန်းထဲသို့ ပြန်လာခဲ့လိုက်တယ်။
" ရှောင်ကျိုး အန်တီကို ဘာလို့ခေါ်တာလဲ...ဘာဖြစ်လို့လဲ...’’
ရှောင်ကျိုး ခေါင်းငြိမ့်ပြလိုက်ပြီး
“ အန်တီယွဲ့ သားမေးစရာရှိလို့"
ကျီယွဲ့ စိတ်လှုပ်ရှားသွားပြီး အသေးလေးပြောမယ့်အကြောင်းအရာကို သိချင်သွားတယ်
“ အိုး...ဘာမေးမလို့လဲ...’’
‘’ အန်တီ ယွဲ့ လှလာအောင် ဘယ်လိုလုပ်ရလဲသိလား..."
ကျိရှောင်ကျိုး က ချစ်စဖွယ်ကောင်းစွာနဲ့ မေးလိုက်တယ်။
“အာ...’’
သူမ အသေးလေး ဘာလို့ဒီမေးခွန်းကိုမေးလဲဆိုတာ နားမလည်ဘူးဖြစ်နေတယ်
“ ဘာလို့ အဲ့လိုမေးတာလဲ ဘာဖြစ်လို့လဲ...’’
ရှောင်ကျိုး က အလုံးစုံနားမလည်သော်လဲ ဖြစ်ကြောင်းကုန်စင်ပြောပြလိုက်တယ်။ ကျီယွဲ့ အဓိကအချက်ကို နားလည်သွားတယ်
“ ဒါဆို သားက သားမာမီပိုလှလာအောင် ဘယ်လိုလုပ်ရမလဲ သိချင်လို့အန်တီကိုမေးတာပေါ့ အဲ့လိုလား...’’
‘’ ဟုတ်ကဲ့, အဲ့လိုမျိုးပါ, အန်တီ ကျီယွဲ့ က အရမ်းလှတယ်လေ, ဒါကြောင့် ပိုပြီးလှလာအောင် ဘယ်လိုလုပ်ရမလဲ သိမှာပေါ့, ဟုတ်တယ် မဟုတ်လား...’’
ရှောင်ကျိုးဆီက မြှောက်ပင့်တဲ့စကားတွေကြောင့် ကျီယွဲ့ရယ်လိုက်မိပြီး
“ ကောင်းတယ်, အရမ်းတော်တာပဲ, သားမှာ အရမ်းကောင်းတဲ့မျက်လုံးတွေရှိနေမှတော့ အန်တီက သားကိုလုံး၀ကူညီရမှာပေါ့။ သားမာမီပိုပြီးလှပလာအောင် ဘာတွေလိုလဲဆိုတာ အန်တီသိတယ်။ သားမာမီဆီ နောက်မှ အန်တီပို့ပေးလိုက်မယ်။ အဲ့ဒါတွေရောက်လာရင်သာ သားမာမီကို သတိပေးဖိုမမေ့နဲ့’’’
ရှောင်ကျိုး က ပျော်ရွှင်စွာနဲ့ ခေါင်းငြိမ့်ပြလိုက်ပြီး
“ ကျေးဇူးတင်ပါတယ် အန်တီယွဲ့ ‘’
‘’ကျေးဇူးတင်ဖို့မလိုပါဘူး, သားအကူအညီလိုတာနဲ့ အန်တီဆီလာလိုက်ရုံပဲ’’
ဖုန်းပြောပြီးတဲ့နောက် သူ့ခြေထောက်တိုတိုလေးတွေနဲ့ ထန်ထန်ဆီ ပြေးသွားပြီး သတင်းကောင်းကို မျှဝေလိုက်တယ်
“ မာမီ, သားမှာမာမီအတွက် အိုင်ဒီယာတွေရပြီ, အန်တီယွဲ့ ကို သားသွားမေးလိုက်တယ်, သူမက မာမီပိုလှလာဖို့လိုအပ်တဲ့ ပစ္စည်းတွေကို ပို့ပေးမယ်ပြောတယ်’’
‘’အမ်...ဘာ... ‘’
သူမ အထိတ်တလန့်ဖြစ်သွားပြီး
‘’ ပေါင်ပေါင်, ဘာလို့ အန်တီယွဲ့ ကို သွားနှောက်ယှက်တာလဲ...’’
ရှောင်ကျိုး ချက်ချင်းပဲ ပြန်ဖြေလိုက်တယ်
“ ဘာလို့လဲဆိုတော့ လူတိုင်းက အန်တီယွဲ့ ကိုလှတယ်လိုပြောလို့လေ, ဒါကြောင့် သူမက ဘယ်လိုလုပ်ရင် လှလာလဲဆိုတာ သိလောက်တယ်, အန်တီယွဲ့သင်ပေးရင် မာမီက ပိုပြီးလှလာမှာ’’
ထန်ထန်က ဒီကိစ္စအတွက်နဲ့ ကျီယွဲ့ကိုအနှောက်အယှက်ပေးမိမှာကို စိုးရိမ်သွားမိတယ်။ ဒါပေမယ့်လဲ အဆုံးမှာတော့ သူမအတွက် စဉ်းစားပေးတဲ့ အသေးလေးကြောင့် နှလုံးသားထဲထိရှသွားပြီး သူ့ကိုဖက်လိုက်ရင်း
“ မာမီ အရမ်းကျေးဇူးတင်တာပဲ, ဒါပေမယ့် သားက အန်တီယွဲ့ ကို နောက်တစ်ခါကျရင် သွားမနှောက်ယှက်နဲ့တော့နော် , အန်တီက အရမ်းအလုပ်များတာ, ဒီလိုကိစ္စသေးသေးလေးတွေကို မာမီကိုယ့်ဘာသာ လုပ်နိုင်ပါတယ်..."
ကျိရှောင်ကျိုးခေါင်းငြိမ့်ပြလိုက်တော့တယ်...
" ဟုတ်ကဲ့ပါ မာမီ..."
Xxxxxx
Part 23
ကျီယွဲ့ရဲ့လုပ်ကိုင်နိုင်စွမ်းက တကယ်ကိုပဲမြင့်လွန်းတယ်။ နေ့လည်ကသူမပို့ပေးမယ်ဆိုပြီး ပြောထားတဲ့အရာတွေက ညနေခင်းမှာပဲ ဒလီဗယ်ရီ နဲ့ရောက်လာတော့တယ်။ လက်ခံသူနာမည်မှာ ထန်ထန် ဖြစ်ပြီး ပေးပို့သူနေရာမှာ ကျီယွဲ့ နာမည်နဲ့ဖြစ်တယ်။
ထန်ထန် ပါဆယ်ထုတ်ကို လက်ခံလိုက်ပြီး လက်မှတ်ထိုးပေးလိုက်တယ်။ ပါဆယ်ကိုဖောက်လိုက်တဲ့အခါမှာတော့ သူမ တစ်ခါမှမမြင်ဖူးတဲ့ ပုလင်းတွေကိုတွေ့လိုက်ရတယ်။ ပုလင်းတွေပေါ်မှာ စာတွေရေးထားသော်လဲ တရုတ်စာတွေမဟုတ်တဲ့အတွက် တစ်လုံးမှ သူမ မဖတ်တတ်ဘူး။
ဒါကြောင့် သူမအနေနဲ့ ဘူးထဲကိုဆက်ရှာကြည့်လိုက်တဲ့အခါမှာ အသုံးပြုနည်းရေးပေးထားတဲ့ စာရွက်ကိုတွေ့လိုက်ရတယ်။ အဲ့ဒီအထဲမှာ ပစ္စည်းတွေရဲ့ စာရင်းနဲ့ ဘယ်လိုအသုံးပြုရမယ်ဆိုတာကိုပါ ရေးထားတာကို တွေ့လိုက်ရတယ်။
အသုံးပြုနည်းတွေကို ဖတ်ပြီးတဲ့နောက် ကျိရှောင်ကျိုး လူရွေးမှန်သွားမှန်း သူမထောက်ခံလိုက်မိတယ်။ အမျိုးအစားတစ်ခုချင်းစီက ထန်ထန် လိုအပ်တဲ့အရာတွေအတွက် အထောက်အကူပြုတယ်။
ပါဆယ်ထဲတွင်ပါဝင်သောအရာတွေက အစိုဓာတ်ထိန်းခရင်မ်...အသားဖြူခရင်မ်တွေအပြင် အသားအရည်ကိုပြုပြင်ပေးတဲ့အရာ စတာတွေပါဝင်တယ်။ မျက်နှာပေါ်မှာသုံးဖို့အတွက် ပစ္စည်းတွေဒီလောက်များမှန်း သူမ အခုမှသိတော့တယ်။ သူမ မျက်နှာသုံးဖို့အတွက်သာမက ဆံပင်ကိုထူပြီး နူးညံ့တောက်ပြောင်စေတဲ့ ပစ္စည်းတွေကိုပါ ထည့်ပေးထားတာတွေ့လိုက်တယ်။
ပုလင်းအောက်ခြေမှာ ကျီယွဲ့ က မှတ်စုတိုလေးတွေရေးထားပေးတယ်။ ဒါတွေက သူမကိုယ်တိုင်အသုံးပြုနေတာဖြစ်ပြီး အကျိုးသက်ရောက်မှုကောင်းကြောင်းပါဝင်တယ်။
ကျီယွဲ့ ရဲ့အကူအညီက သူမအတွက် အရမ်းကိုအထောက်အကူဖြစ်တဲ့အတွက် ကျေးဇူးအထူးတင်နေပြီး စျေးကြီးလောက်တဲ့ ပစ္စည်းတွေကို ဒီလိုမျိုးလက်ခံတာ မမှန်ဘူးလို့ သူမခံစားမိတယ်။ ဒါတွေအားလုံးက နိုင်ငံခြားထုတ်ကုန်တွေဖြစ်တဲ့အတွက် စျေးကြီးမှာအသေအချာပဲ။ ဒီလိုပစ္စည်းမျိုးကို သူမအလွယ်တကူလက်မခံရဲပေ။
ဒီပစ္စည်းတွေက သူမကိုလှပအောင်ပြုလုပ်ပေးနိုင်တယ်ဆိုရင်တောင် သူမကိုယ်တိုင်ပဲဝယ်သင့်တယ်။
ဒါကြောင့် နောက်ကျနေပေမယ့်လဲ အသေးလေးဆီက ကျီယွဲ့ ဖုန်းနံပါတ်ကိုယူပြီး ဆက်လိုက်တယ်။
“ ထန်ထန်လား...’’
“ကျီယွဲ့... ကျွန်မပါ, ကျွန်မရှင့်ကို အနှောက်အယှက်များပေးမိသွားလား’’
‘’ ရပါတယ်, ကျွန်မ အိမ်ရောက်နေပြီလေ, ဘာကိစ္စများလဲ...’’
ကျီယွဲ့ က အခုလေးတင်ပဲ ခြေထောက်ဆေးပြီးသွားတာဖြစ်တယ်။ သူမ ခြေထောက်တွေကို ကုကျန်းအန်း က ခြောက်သွေ့သွားအောင် အ၀တ်နဲ့သုတ်ပေးနေတာဖြစ်တယ်။
ကျီယွဲ့ ကိုစကားပြောဖို့အဆင်ပြေမှန်းသိသွားတဲ့ ထန်ထန် က သူမအတွေးတွေကို ပြောလိုက်တော့တယ်
“ ရှင် ကျွန်မဆီကိုပို့ပေးတဲ့ဟာတွေအတွက် ပြောချင်လို့ပါ, ကျွန်မ အဲ့ဒါတွေကို လက်မခံပါရစေနဲ့, အဲ့ဒါတွေက အရမ်းစျေးကြီးလွန်းတယ်’’
ကျီယွဲ့က အဲ့အရာတွေအတွက် စိတ်မရှိပဲ
‘’အာ... အဲ့ဒါတွေက ဘာမှမဟုတ်ပါဘူး, အဲ့လောက်လဲစျေးမကြီးပါဘူး, ရှင်တွေးသလောက် တန်ဖိုးမရှိပါဘူးနော်, သုံးသာသုံးလိုက်ပါ ကျွန်မတို့က သူစိမ်းတွေမှ မဟုတ်တာ’’
ထန်ထန် က ပုံမှန်လိုမျိုးမပြောနိုင်ပေ, သူမကော အရင်ခန္ဓာပိုင်ရှင်ကော နှစ်ယောက်လုံး ကျီယွဲ့ နဲ့မရင်းနှီးပေ။
“ မဟုတ်တာ ကျွန်မအနေနဲ့ အဲ့ဒါတွေအတွက် ဘာမှမလုပ်ပေးခဲ့ဖူးဘူးလေ ကျီယွဲ့ ရယ်, ရှင့်အတွေးတွေကို ကျွန်မနားလည်ပါတယ် ဒါပေမယ့် ကျွန်မတကယ်ကိုပဲ လက်ခံလို့မဖြစ်လို့ပါ, ကျေးဇူးပြုပြီး ပြန်ယူလိုက်ပါနော်’’
သူမလက်ဆောင်ကို ထန်ထန် ဒီအတိုင်းလက်ခံမှာမဟုတ်မှန်း သူမ နားလည်လိုက်တယ်။ ဒါကြောင့် သူမမျက်လုံးကိုလှိမ့်လိုက်ပြီး
“ ကျွန်မအဲ့ဒါတွေကို ပို့ပေးပြီးပြီလေ ဘယ်လိုလုပ်ပြီးပြန်ယူရပါ့မလဲ...ပို့ပေးတာကိုတော့မပြောပါနဲ့တော့ ပြန်ပို့ပေးတာကျ မလွယ်ဘူးလေ, တစ်ချို့ပစ္စည်းတွေက အသယ်အပို့တွေများရင် လမ်းမှာပဲပျက်စီးတတ်တယ်, ရှင်လက်မခံချင်ဘူးဆိုရင်လဲ ကျွန်မတို့အလဲအလှယ်လုပ်ကြမလား... ကျွန်မအတွက်တစ်ခုခုချက်ပေးနိုင်မလား... ကျွန်မ ရှင့်ဟင်းချက်လက်ရာတွေကိုလွမ်းနေတာ...’’
‘’ဒါက…”
ထန်ထန် အနေနဲ့ သူမရဲ့ဟင်းတွေက ဒီပစ္စည်းတွေနဲ့ တန်ဖိုးညီတယ်လို့မထင်မိဘူး။ သူမအနေနဲ့ ဒီကိစ္စကို ဆက်ပြောနေမယ်ဆိုရင် ဆက်ဆံရေးတိုးတက်ဖို့လမ်းမမြင်တော့တဲ့အတွက် သူမခေါင်းကိုသာငြိမ့်လိုက်ကာ
“ အိုကေ, ကျွန်မ ရှင့်အတွက်တစ်ခုခုချက်ပေးပါရစေ, ချက်ပြီးရင် အသေးလေးနဲ့ ထည့်ပေးလိုက်ပါမယ်’’
“ ကောင်းလိုက်တာ, ကျွန်မ သဘောတူတယ်, အဲ့ဒါတွေကို စိတ်ချလက်ချနဲ့သာသုံးလိုက်တော့...’’
ကျီယွဲ့ ချက်ချင်းပဲပြောလိုက်တယ်
ဖုန်းပြောပြီးတဲ့နောက် ကုကျန်းအန်းက စပ်စုစွာနဲ့မေးလိုက်တယ်
. “ မင်းနဲ့ ထန်ထန် ဘယ်တုန်းက အဲ့လောက်ရင်းနှီးသွားကြတာလဲ... သူ့ကိုဘာတွေပို့ပေးလိုက်တာလဲ’’
သူမ ပြုံးလိုက်ပြီး ခြေထောက်ကို ကုကျန်းအန်းရှေ့သို့ရွေ့လိုက်ကာ
‘’ အချစ်လေး, ကျွန်မကို နှိပ်ပေးပါဦး, ကျွန်မ ခြေထောက်တွေ အရမ်းနာနေလို့…’’
ကုကျန်းအန်းက သူမခြေထောက်ကိုနှိပ်ပေးရင်းနဲ့ ဆူလိုက်တယ်
“ ဒီလောက်မြင့်တဲ့ဒေါက်ဖိနပ်တွေကို ဘယ်သူစီးခိုင်းတာလဲ ညတိုင်းခြေထောက်နာတယ်ဆိုပြီး ကိုယ့်ကိုပြောနေတာပဲ အဲ့ဒါမင်းအမှားပဲ”
" အာ... ရှင်တို့ယောကျာ်းလေးတွေက မိန်းကလေးတွေရဲ့ ဆွဲဆောင်တဲ့ အလှအပအဆင့်အတန်းကို နားမလည်ကြဘူးပဲ’’
ကျီယွဲ့က နှုတ်ခမ်းထော်လိုက်ပြီး စကားကိုပြန်ဆက်လိုက်တယ်
“ ရှောင်ကျိုး ကျွန်မကို ဒီနေ့ဖုန်းခေါ်တယ်လေ, သူ့မာမီပိုလှပလာအောင်ဘယ်လိုလုပ်ရလဲ သိချင်လို့တဲ့။ သူကတော်ရုံဆို ကျွန်မအကူအညီယူတာရှားတယ်လေ ပြီးတော့ ကျွန်မကိုပျော်အောင်လုပ်သွားသေးတယ်, အဲ့ဒါကြောင် ဒီအတိုင်း သူ့ကိုကူညီလိုက်ရုံပါ, ကျွန်မသုံးနေကျ အလှကုန်တွေကို ထန်ထန် အတွက်ပို့ပေးလိုက်တယ်လေ’’
ကုကျန်းအန်း. က ခေါင်းငြိမ့်လိုက်ပြီး သူမခြေထောက်ကိုဆက်နှိပ်ပေးနေတယ်။
‘’အာ , အချစ်လေး, ကျွန်မရှင့်ကိုမေးစရာရှိလို့, အရင်တုန်းက ရှင် ထန်ထန် ကိုတွေ့ဖူးလား...သူမက အရင်ကတည်းက ဒီလိုပုံစံပဲလား....’’
ကျီယွဲ့က ရုပ်ဆိုးတယ်ဆိုတဲ့ အသုံးအနှုန်းကို သတိထားပြီးရှောင်ပြောလိုက်တယ်။
သူမမေးပြီးတဲ့နောက် ကုကျန်းအန်း က ထန်ထန် ကိုပထမဆုံးတွေ့ဖူးတဲ့အချိန်ကို ပြန်စဉ်းစားနေတော့တယ်။
ကျိယန် နဲ့ ထန်ထန် လက်ထပ်မှတ်ပုံတင်ပြီးတဲ့နောက် ကျိယန် က သူမကို သူတို့အဖွဲ့ဆီခေါ်လာပြီး မိတ်ဆက်ပေးဖူးတယ်။ ဒါပေမယ့် အဲ့အချိန်ကို သူသေချာမမှတ်မိတော့ဘူး
“ ကိုယ်သေချာမမှတ်မိတော့ဘူး, သူမက မလှပါဘူး ဒါပေမယ့် အခုပုံစံထက် ပိုကြည့်ကောင်းပါတယ်’’
တစ်ယောက်ယောက်က ချောလွန်း ရုပ်ဆိုးလွန်းတယ်ဆိုရင် သူ့အနေနဲ့မှတ်မိလောက်တယ်။ သူမမှတ်မိဘူးဆိုမှတော့ ထနထန်က အဲ့အချိန်တုန်းက ပုံမှန်ရုပ်ရည်ပဲဖြစ်နိုင်တယ် ဒါကြောင့် သူမမှတ်မိတာပဲဖြစ်မယ်
“ သူမသာသေချာ ဂရုစိုက်လိုက်မယ်ဆိုရင် အသေအချာချောလာမှာပဲ ရှောင်ကျိုး လေးတောင် ဒီလောက်ခန့်ညားနေတာ သူ့အမေပုံစံဆိုရင် ရုပ်ဆိုးနေမှာမဟုတ်လောက်ဘူးလေ’’
ကုကျန်းအန်း က ကျီယွဲ့ စကားကို ဘာမှမတုံံ့ပြန်ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး သူမ ကို သူတို့အခန်းဆီသို့ ပွေ့ချီသွားရင်းပြောလိုက်တယ်
“ ကောင်းပါပြီ, တခြားတစ်ယောက် ကြည့်ကောင်းတာ မကောင်းတာကို စဉ်းစားနေမယ့်အစား မင်းမှာအချိန်တွေပိုနေရင် ကိုယ့်ယောက်ကျားဘယ်လောက်တောင် ချောမောခန့်ညားနေလဲဆိုတာ စဉ်းစားသင့်တယ်”
ကျီယွဲ့ အကျယ်ကြီးအော်ရယ်မိတော့တယ်။
. . . . . . . . . . . . . . . . . . . . . . . . . . . . . . . . .
တခြားတစ်ဖက်မှာတော့ ထန်ထန်က သက်ပြင်းချလိုက်ပြီး ပုလင်းလေးတွေကို သူမအခန်းက စားပွဲပေါ်မှာ နေရာချလိုက်တယ်။ ထို့နောက် သူမရဲ့ကျေးဇူးတုံ့ပြန်မှုကို ဘယ်လိုဖော်ပြသင့်လဲစဉ်းစားလိုက်တယ်။ ပုံမှန်အားဖြင့် သူမဟင်းပွဲတစ်ချို့ချက်လိုက်သင့်တယ်၊ ဒါပေမယ့်လဲ အဲ့ဒါက မလုံလောက်ဘူးလို့ သူမခံစားမိတယ်။ တခြားတခုခုကိုလဲ သူမပေးချင်မိသေးတယ် မဟုတ်ရင် ဒီတန်ဖိုးကြီးလက်ဆောင်တွေကို သူမစိတ်အေးအေးနဲ့ အသုံးပြုနိုင်မှာ မဟုတ်ဘူး။
အချိန်အကြာကြီး သူမတွေးနေပေမယ့်လဲ, အကြံထွက်မလာပေ။ သူမဆီမှာ ပိုက်ဆံကော လက်၀တ်ရတနာကော တစ်ခုမှမရှိတဲ့အပြင် ချေးငှားဖို့လဲ မဖြစ်နိုင်ပေ။ ဒါကြောင့် သင့်တော်တဲ့လက်ဆောင်တစ်ခုခု ပြန်၀ယ်မပေးနိုင်ပေ။
သူမဘာလုပ်သင့်လဲ...
အဲ့ဒီကိစ္စကို အချိန်အတော်ကြာ သူမစဉ်းစားပြီးနောက် ကျီယွဲ့အတွက် သူမကိုယ်တိုင် တစ်ခုခုလုပ်ပေးဖို့ကိုသာ စဉ်းစားလို့ရတော့တယ်။ ဟင်းချက်တာအပြင့် သူမနောက်ထပ်ကျွမ်းကျင်တဲ့အရာကတော့ အရာ၀တ္ထုလေးတွေအဖြစ် ပန်းထိုးပေးတာပဲဖြစ်တယ်။
သူမအနေနဲ့ ကျီယွဲ့ ကို လက်ကိုင်ပုဝါတစ်ထည်လောက် ပန်းထိုးပေးရင်ကောင်းမလား...
ဒါပေမယ့် သူမအကြံကိုချက်ချင်းဖျက်လိုက်တယ်။ သူမ ပန်းထိုးထားတာကို တခြားသူကိုမပေးသင့်ဘူး။ အဲ့လိုသာဆိုရင် သူမက မူလပိုင်ရှင်မဟုတ်မှန်း ဖော်ပြသလို ဖြစ်သွားနိုင်တယ်။
အခုရက်ပိုင်း သူမကြည့်နေတဲ့ ယဉ်ကျေးမှုအမွေအနှစ်အစီအစဉ်မှာ အဲ့ဒီပန်းထိုးတာကို ဘယ်သူမှမလုပ်တော့မှန်း တွေ့မိတယ်။ အခုဆိုရင် ပန်းထိုးတတ်တဲ့သူတွေက အတော်လေးကိုရှားပါးနေပြီပဲဖြစ်တယ်။ မူလခန္ဓာကိုယ်ပိုင်ရှင်လဲ သေချာပေါက် ပန်းထိုးတတ်မှာ မဟုတ်လောက်ဘူး။ တကယ်လို့ သူမသာ အခုအချိန်မှာ ပန်းထိုးပေးလိုက်မယ်ဆိုရင် တခုခုမှားနေမှန်း တခြားသူတွေက အလွယ်တကူ သတိထားမိသွားနိုင်တယ်။
ရုတ်တရက် ဟင်းချက်ကျွမ်းကျင်လာတာက လက်ခံနိုင်ချေရှိတယ်။ ဒါပေမယ့် ရှားပါးကျွမ်းကျင်မှုဖြစ်တဲ့ ပန်းထိုးခြင်းကိုသာပြလိုက်မယ်ဆိုရင် ဒါက မယုံကြည်စရာ မဖြစ်နိုင်စရာတွေ ဖြစ်သွားနိုင်တယ်။
ပန်းထိုးပေးတာက မဖြစ်နိုင်ဘူးဆိုရင် တခြားတစ်ခုဖြစ်တဲ့ အပ်ချုပ်တာဆိုရင်ကော...သူမအနေနဲ့ အဓိက ပြဿနာက မူလခနာကိုယ်ပိုင်ရှင်က အပ်ချုပ်ပညာကိုတတ်ကျွမ်းလားဆိုတာပဲ။
သူမအတွေးထဲမှ သက်ပြင်းချလိုက်မိပြီး အတွေးပင်လယ်ထဲ နစ်မျောနေမိတယ်။ သူမရဲ့အချိန်ကာလမှာဆိုရင် အပ်ချုပ်ပညာရပ်က အမျိုးသမီးတွေအနေနဲ့ တတ်ထားရမယ့် ကျွမ်းကျင်မှုတစ်ခုထဲမှာပါဝင်တယ်။ အမျိုးသမီးတိုင်းငယ်စဉ်ကတည်းက ဒီပညာရပ်ကိုအဓိကထားပြီး သင်ကြားရတယ်။ ဒါပေမယ့် အခုအချိန်ကာလမှာတော့ ဒါတွေက သိသိသာသာကိုရှားပါးနေပြီး ယုံကြည်ဖို့ခက်ခဲလှတယ်။
ထန်ထန်က အပ်ချုပ်ပညာရပ်ကို သူမအသက် ငါးနှစ်အရွယ်ကတည်းက သင်ကြားခဲ့ရတာဖြစ်ပြီး အကြိမ်ပေါင်းများစွာလေ့ကျင့်ပြီးဖြစ်တယ်။ ဒါကြောင့် ဒီအရာက သူမကျွမ်းကျင်မှုတွေထဲက တစ်ခုပဲဖြစ်တယ်။
မူလခန္ဓာကိုယ်ပိုင်ရှင်အကြောင်းကို သူမသေသေချာချာ မသိသေးမှန်း ရုတ်တရက်သတိရသွားတယ်။ မူလပိုင်ရှင်ရဲ့ ကောင်းခြင်းဆိုးခြင်းတွေကိုသာသိရင် အနာဂါတ်မှာ သူမကိုယ်သူမ အလွယ်တကူ ထုတ်ဖော်မိမှာမဟုတ်တော့ဘူး။
ဒီအချက်ကိုတွေးရင်း သူမ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး သူမအိပ်ခန်းအတွင်းမှာ စတင်ရှာဖွေတော့တယ်။ မူလပိုင်ရှင်ရဲ့အချက်အလက်တွေကိုသိဖို့ သူမအားလုံးကို ကြည့်ရှုဖို့လိုအပ်တယ်။
ကံမကောင်းစွာနဲ့ပဲ တခန်းလုံးကို အချိန်တော်တော်ကြာရှာဖွေပေမယ့်လဲ အသုံးဝင်တာ တစ်ခုမှမတွေ့ဘူးဖြစ်နေတယ်။ သူမရှာဖွေနေတဲ့အရာက လုံခြုံစွာလျှိုဝှက်ထားသလားမသိပေ။
ထန်ထန် အဆက်မပြတ်လှုပ်ရှားနေတာကိုတွေ့လိုက်တဲ့ ရှောင်ကျိုး က စပ်စုစွာနဲ့
“ မာမီ ဘာလုပ်နေတာလဲ.... ဘာရှာနေတာလဲ...’’
ထန်ထန်ကိ်ုယ်တိုင်လဲ သူမရှာဖွေနေတဲ့အရာက ဘာမှန်းမသိတဲ့အတွက်
“ မာမီ့ပစ္စည်းအဟောင်းတွေကို ရှာနေတာလေ, ဘယ်နားထားမိလဲ မာမီ မမှတ်မိတော့လို့’’
ရှောင်ကျိုး က မျက်တောင်ခတ်လိုက်ပြီး သူမကိုတစ်ချက်ကြည့်လိုက်ပြီး ပြေးထွက်သွားတယ်။ သိပ်မကြာခင်မှာပဲ စာအိတ်ကြီးတစ်ခုကိုယူလာကာ သူမအားပေးလိုက်တယ်
“ မာမီအတွက်’’
သူမ နားမလည်စွာနဲ့
“ ဒါကဘာလဲ..."
ရှောင်ကျိုးက အိပ်ယာပေါ်အကုန်သွန်ချလိုက်ပြီး ဖြေလိုက်တယ်
“ ဒါတွေက မာမီလွှင့်ပစ်ထားတာတွေလေ, အဖွားလီက အဲ့ဒါတွေကိုပြန်ကောက်ပြီး ဒါတွေကလွှင့်ပစ်လို့မရဘူးတဲ့’’
မူလပိုင်ရှင် လွှင့်ပစ်ထားတဲ့အရာတွေကို သူမချက်ချင်းပဲ တချက်ကြည့်လိုက်တယ်။ ပထမဆုံးပစည်းက အနီရောင်စာအုပ်ဖြစ်ပြီး အဖုံးပေါ်မှာ
တရုတ်ပြည်သူ့ သမတနိုင်ငံ လက်ထပ်လက်မှတ်...လို့ရေးထားတယ်။ ဒါဟာ စုံတွဲ တစ်တွဲလက်ထပ်ပြီးကြောင်း သက်သေပြတဲ့အရာတစ်ခုပဲ။ မူလပိုင်ရှင်က ဒီလောက်အရေးကြီးတာကို စွန်ပစ်မယ်လို့ သူမ မမျှော်လင့်ခဲ့မိဘူး။ သူမအခန်းထဲမှာ ဒါကိုမတွေ့ဖူးတာ အံ့ဩစရာမဟုတ်ပါဘူး။
ဘုရားရေ အန်တီလီသာ ကောက်မထားခဲ့ရင် ဒါတွေကပျောက်သွားတာ ကြာလှပေါ့။
သူမ အန်တီလီအပေါ် ပြောမပြတတ်အောင် ကျေးဇူးတင်နေမိတယ်။ ကံကောင်းလို့ သူမကောက်ယူပေးထားတာပဲ။ ထန်ထန် က အဲ့ဒါကို တဖက်သို့ရွေ့လိုက်ပြီး အခုချိန်ကစလို့ သူမဒါတွေကို မပျောက်အောင်စောင့်ရှောက်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
လက်ထပ်မှတ်ပုံတင်စာချုပ်ကို ကြည့်ပြီးတဲ့နောက် သူမက တခြားအရာတွေကိုဆက်ကြည့်လိုက်တယ်။ လက်စွပ်မှလွဲ၍ တခြားသူမနားမလည်သော လက်မှတ် အနည်းငယ်ကိုတွေ့လိုက်တယ်။ ဒါတွေကို နောက်မှသူမစပ်စုတော့မယ်။
နောက်ဆုံးတစ်ခုအနေနဲ့ အဖုံးပေါ်မှာ A တက္ကသိုလ် မှဂုဏ်ပြုလက်မှတ် လို့ရေးထားတဲ့ အပြာရောင်အဖုံးနဲ့ တစ်ခုကို သတိထားမိသွားတယ်။
သူမ A တက္ကသိုလ်အကြောင်းကိုသိတယ်။ ဒါက ကျောင်းသားတွေအားလုံးတက်ချင်တဲ့ တက္ကသိုလ်တစ်ခုဖြစ်ပြီး ၀င်ခွင့်ရဖို့ အမှတ်များစွာလိုအပ်တဲ့ တက္ကသိုလ်တစ်ခုဖြစ်တယ်။
ထန်ထန် အနေနဲ့ မူလခန္ဓာကိုယ်ပိုင်ရှင်က ဒီလိုကောင်းမွန်တဲ့ ကျောင်းကိုတက်ခဲ့လိမ့်မယ်လို့ သူမ မထင်ထားခဲ့ဘူး။ သူမက မူလပိုင်ရှင်ကို အသုံးမ၀င်ဘူးလို့ မှတ်ယူထားတာဖြစ်တယ်။ ကြည့်ရတာ သူမ မှားယွင်းသွားပုံပဲ။
အဖုံးကိုလျင်မြန်စွာဖွင့်လိုက်တဲ့အခါ အထဲမှာ စာရွက်အပိုင်းအစကိုတွေ့လိုက်ရတယ်။ အဲ့မှာ သူမနာမည်ကိုရေးထားပြီး အနုပညာဌာနနဲ့အ၀တ်အစားဒီဇိုင်မေဂျာ ဟုပါရှိတယ်။
အချိန်အတော်ကြာ လေ့လာပြီးနောက် ထန်ထန်အဲ့ဒါကို နားမလည်နိုင်သေးဘူးဖြစ်တယ်။ ဒါကြောင့် သူက အသေးလေးကိုမေးလိုက်တယ်
“ ပေါင်ပေါင်, အနုပညာဌာန နဲ့ အ၀တ်အစားဒီဇိုင်းမေဂျာ ဆိုတာ ဘာလဲ...’’
ကျိရှောင်ကျိုး သူလဲမသိတဲ့အတွက် ကြောင်သွားတယ်။
ကံကောင်းစွာနဲ့ပဲ တစ်ခုခုကို သူနားမလည်ရင် တစ်စုံတစ်ယောက်ကိုမေးတတ်တဲ့ ကောင်းမွန်တဲ့အကျင့်ရှိတယ်။ ဒီတစ်ကြိမ်တော့ သူက ကျိုးကျီ ဆီက အကူအညီယူတော့တယ်။ ကျိုးကျီက ရှောင်ကျိုးကို စပ်စုတတ်တဲ့ ကလေးလို့ယူဆလိုက်ပြီး သေသေချာချာ ရှင်းပြလိုက်တယ်။
သူမကလဲ ဘေးကနေအတူတူ နားထောင်နေတာဖြစ်တယ်။ ရှင်းပြပြီးတဲ့အခါမှာတော့ သူမ မျက်လုံးတွေတောက်ပသွားပြီး အသေးလေးလုပ်နေကျလို အိပ်ယာပေါ်မှာ ပျော်လွန်းလို့ လှိမ့်ချင်စိတ်တွေပေါက်နေတော့တယ်။
မူလပိုင်ရှင်က အ၀တ်အစားချုပ်တာနဲ့ ပတ်သတ်ပြီး လေ့လာခဲ့တဲ့အတွက် ဘယ်လိုချုပ်ရမလဲဆိုတာ သိပြီးဖြစ်မယ် ဒါက အပ်ချုပ်ပညာရပ်ကို တတ်တာနဲ့အတူတူပဲပေါ့။ သူမအနေနဲ ပန်းထိုးခြင်းပညာရပ်ကို မသိသလိုနေစရာမလိုတော့ဘူး။ ဒီပညာရပ်တွေကို အသုံးချလို့ရပြီဖြစ်တယ်။
ကောင်းကင်က သူမကိုကြည့်ရှု့စောင့်ရှောက်နေတာပဲ။ သူမအနေနဲ့ ကျေးဇူးအထူးတင်တယ်လို့ ခံစားလိုက်မိတယ်။ ဒါပေမယ့် မူလပိုင်ရှင်ကို သူမပိုပြီးတောင် ကျေးဇူးတင်နေမိတယ်။ သူမက အ၀တ်အစားဒီဇိုင်းတွေကို သင်ယူခဲ့တယ်လေ။
အားလုံးကဒီလိုဖြစ်နေမှတော့ ကျီယွဲ့ အတွက် သူမဖိနပ်တစ်ရံ လုပ်ပေးနိုင်ပြီဖြစ်တယ်။ အဲ့ဒါက အရမ်းတန်ဖိုးမကြီးပေမယ့်လဲပေါ့, ဒါက ထန်ထန် သူမကိုပေးနိုင်တဲ့ အကောင်းဆုံးအရာပဲဖြစ်တယ်။
အသုံး၀င်တဲ့အချက်အလက်တွေကို လေ့လာပြီးတဲ့နောက် သက်သောင့်သက်သာဖြစ်သွားတယ်လို့ ခံစားလိုက်ရတယ်။ သူမ ခံစားချက်တွေကောင်းမွန်နေတဲ့အတွက် ကျီယွဲ့ ပို့ပေးတဲ့ စကင်ကဲ တွေအားလုံးကို ကြိုးစားပြီး လေ့လာနေတော့တယ်။
ဒါတွေသုံးရုံနဲ့ ကျီယွဲ့ လိုမျိုး လှပနိုင်လားဆိုတာ သူမတွေးနေမိတယ်။ သူမ မှတ်မိသလောက်ဆိုရင် ကျီယွဲ့က ဖြူဖွေးနူးညံ့တဲ့အသားအရည်နဲ့ ကျက်သရေရှိတဲ့ ဆံပင်ရှည်ကြီးတွေပိုင်ဆိုင်ထားတယ်။
သူမနှလုံးသားလေး ဂနာမငြိမ်ဖြစ်လာပြီး စမ်းသုံးကြည့်ဖို့ကို မစောင့်နိုင်ဘူးဖြစ်နေတော့တယ်။
မျက်နှာပေါ်က ဒဏ်ရာများကြောင့် စကင်ကဲ တွေကို အသုံးပြုလို့မရသေးပေမယ့် သူမဆံပင်အတွက်တော့ အသုံးပြုလို့ရပြီဖြစ်တယ်။ ဆံပင်က မျက်နှာလိုပဲ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပဲဖြစ်တယ်။ သူမ ဆံပင်တွေကို မြက်ခြောက်တွေလိုမျိုး ပစ်မထားနိုင်ပါဘူး။
အဲ့ဒီညမှာပဲ ကျီယွဲ့ ပေးတဲ့ ပစည်းတွေနဲ့ သူမဆံပင်ကို အသုံးပြုတော့တယ်။ အဲ့ဒါတွေက လျော်ဖို့ လိမ်းဖို့နဲ့ ပေါင်းတင်ဖို့တွေပါ ပါ၀င်တယ်။ အားလုံးပြီးစီးဖို့အတွက် သူမ အချိန်နှစ်နာရီတောင် ယူလိုက်ရတယ်။ ဘေးနားမှာ စောင့်ကြည့်နေတဲ့ ကျိရှောင်ကျိုး ပင် မခံမရပ်နိုင်ဖြစ်ပြီး မိန်းမတွေက အရမ်းကြောက်စရာကောင်းတာပဲလို့ တွေးနေတော့တယ်။
သူမကတော့ အချိန်ယူရတာကို စိတ်အနှောက်အယှက်မဖြစ်တဲ့အပြင့် ပျော်ရွှင်နေတော့တယ်။ အားလုံးပြီးသွားတဲ့အခါ သူမစိတ်ထင်နေတာကြောင့်ပဲလား မသိပေမယ့် သူမဆံသားတွေက ပိုမိုကောင်းမွန်လာတယ်လို့ ခံစားနေမိတယ်။
စိတ်ပိုင်းဆိုင်ရာကြောင့်ပင်ဖြစ်ပါစေ သူမအနေနဲ့ ဒါက သူမပိုလှပလာမယ်လို့ မျှော်လင့်နေမိတယ်။
(ထိုညမှာပဲ သူမအိမ်မက် မက်ခဲ့တယ်။ အိမ်မက်ထဲမှာ သူမတကယ်ကိုလှပသွားခဲ့ပြီး ပိန်သွယ်တဲ့ခနာကိုယ် ပျော့ပြောင်းနေတဲ့ဆံပင်ရှည် ဖြူဖွေးနေတဲ့အသားအရည် တွေနဲ့ အဖြူရောင်၀တ်စုံကို၀တ်ဆင်ထားပြီး နေရောင်အောက်မှာ နတ်သမီးတစ်ပါးလို လှပနေခဲ့တယ်။
ကျိရှောင်ကျိုး က သူမကိုကြည့်နေရင်း အေးခဲသွားရတယ်။ သူ့လက်ထဲက မုန့်ကိုတောင် မေ့သွားပြီး သူမဆီကိုပြေးလာတယ်။ သူက သူမခြေထောက်တွေကိုဖက်ထားရင် သူမကိုမြှောက်ပင့်နေတယ်
“ မာမီ, မာမီက အရမ်းအရမ်းလှတာပဲ’’
ထန်ထန် က ရှက်ရွံစွာနဲ့ ပြုံးလိုက်ပြီး အသေးလေးကို ငုံ့နမ်းလိုက်တယ်
“ ကျေးဇူးပဲ ပေါင်ပေါင်’’
ထို့နောက် ယူနီဖောင်း၀တ်ထားတဲ့ ကျိယန် လမ်းလျောက်၀င်လာတာကို တွေ့လိုက်ရတယ်။ အဖြူရောင်၀တ်စုံ ၀တ်ဆင်ထားတဲ့ သူမကိုတွေ့ပြီးတဲ့နောက် သူလဲပဲအေးခဲသွားတယ်။ သူမကို ကြည့်နေတဲ့ သူမျက်၀န်းတွေက တောက်ပနေပြီး သူမက သူ့ဇနီးဖြစ်ကြောင်း သေချာအောင် အချိန်တစ်ခုယူနေတာကို တွေ့လိုက်ရတယ်။ သူက သူမဆီသို့ လျောက်လာပြီး သူမမျက်နှာကို သူ့လက်နဲ့ထိတွေ့လိုက်ကာ ရေရွတ်လိုက်တယ်
“ ထန်ထန် မင်းအရမ်းလှတာပဲ’’
သူမ အရမ်းကိုရှက်နေပြီး သူကိုမကြည့်ရဲအောင်ဖြစ်နေကာ သူမမျက်နှာက မက်မွန်ပန်းပွင့်လေးတွေလို အနီရောင်သို့ပြောင်းလာနေတယ်။
ကျိယန် က သူမအလှကိုကြည့်နေရင်း သူ့ရဲ့ စိတ်တွေက ပြန့်ကျဲနေတယ်။ သူက သတိလက်လွတ်နဲ့ သူမကိုနမ်းဖို့ လျောက်လာတယ်။
သူမခြေချောင်းလေးတွေ ကွေးသွားပြီး သူမနှုတ်ခမ်းမှ ရယ်သံတွေထွက်ကျလာတော့တယ်။) (အိပ်မက်ကောင်းနေမှနှောက်ယှက်တာ😂)
‘’ မာမီ ! မာမီ ! မြန်မြန်ထပါတော့ ! “
ထန်ထန် လှုပ်နှိုးမှုနဲ့ အော်သံကြောင့် နိုးသွားတော့တယ်။ သူမမျက်လုံးတွေကို ဖွင့်လိုက်တဲ့အခါ ရှောင်ကျိုး ရဲ့ မျက်နှာကို အနီးကပ်တွေ့လိုက်ရတယ်။ အသေးလေးက မျက်မှောင်ကြုတ်ထားပြီး သူမကိုကြည့်နေတယ်။
‘’ ဘာဖြစ်လို့လဲ ပေါင်ပေါင်’’
သူမက အိပ်ချင်မူးတူးလေသံနဲ့ အသေးလေးကို မေးလိုက်တယ်။
သူမ နိုးလာတာ သေချာမှ အသေးလေး က သက်ပြင်းချလိုက်တယ်။ သူက သူမကိုပြေးဖက်လိုက်ပြီး
“ သားအရမ်းစိတ်ပူနေတာ, မာမီက အိပ်နေရင်းရယ်နေတာ, အဲ့ဒါအရမ်းကြောက်ဖို့ကောင်းတာပဲ, အိပ်မက်ဆိုးမက်နေတာလား, မာမီ, ဒါပေမယ့် အိပ်မက်ဆိုးမက်တာမို့လို့ မငိုရဘူးလေ’’
ထန်ထန် အေးခဲသွားတယ်။ သူမ အိမ်မက်ကို သတိရသွားပြီး ချက်ချင်းပဲ ပါးတွေရဲတက်လာတော့တယ်။ အရမ်းရှက်ဖို့ကောင်းတယ်လို့ ခံစားလိုက်ရပြီး
‘’ မဟုတ်ပါဘူး မာမီအိမ်မက်ဆိုး မက်တာမဟုတ်ဘူး’’
ရှောင်ကျိုး က သူမနဖူးကို လက်နဲ့စမ်းလိုက်ရင်း
“ မာမီ, ဘာလို့ မျက်နှာကနီနေတာလဲ... ဖျားနေတာလား...’’
သူမလက်ကိုယမ်းလိုက်ကာ
“ မဟုတ်ပါဘူး မာမီမှာ အဖျားမရှိပါဘူး, နည်းနည်းပူတယ်လို့ ခံစားမိရုံပါ, ခဏနေရင် ကောင်းသွားမှာပါ’’
ကျိရှောင်ကျိုးသက်ပြင်းချလိုက်ပြီး သူမကို တစ်ချက်နမ်းကာ အိပ်ယာပေါ်မှဆင်းပြီး ရေချိုးခန်းထဲသို့၀င်သွားတော့တယ်
“ မာမီ, သားသွားတိုက်လိုက်ဦးမယ်, မြန်မြန်ထတော့’’
ရှောင်ကျိုး အရိပ်လေး အခန်းထဲမှပျောက်သွားတဲ့အခါမှ သူမမျက်နှာကိုအုပ်ရင်း တိတ်တဆိတ်အော်ဟစ်နေမိတယ်။ သူမအရမ်းရှက်နေမိတယ်။ သူမက ကျိယန် သူမကိုဒီလိုကိစ္စတွေလုပ်မယ်ဆိုလို့ စိတ်ကူးယဉ်ပြီး အိမ်မက်မက်နေတယ်….အား…အား… သူမ ဘာလို့အရှက်မရှိရတာလဲ။
တစ်စုံတစ်ခုကိုဆက်တိုက်တွေးနေရင် အိမ်မက်မက်တတ်တယ်လို့ ကြားဖူးတယ်။ ဒါက သူမလိုချင်တာတွေများလား ဖူး… အဲ့ဒါအမှန်မဟုတ်ပါဘူး။ သူမ ခေါင်းက ယာယီပျက်စီးသွားတာပဲဖြစ်မယ်။
ထန်ထန် တွေးနေတာကိုရပ်လိုက်တယ်။ ထို့နောက် အိပ်ယာမှထကာ သူမလုပ်နေကျဖြစ်တဲ့ မနက်စာလုပ်ဖို့အတွက် မီးဖိုချောင်ထဲသို့ ၀င်သွားလိုက်တော့တယ်။
Xxxxxx
Part 24
မနက်စာစားပြီးတဲ့နောက် ထန်ထန် က ကလေးကိုခေါ်ကာ ဖိနပ်လုပ်ဖို့အတွက် လိုအပ်တာတွေဝယ်ဖို့ အပြင်သွားလိုက်တယ်။ အိမ်မှာ အန်တီလီထားခဲ့တဲ့ အပ်တွေကလွဲလို့ တခြားကိရိယာတွေမရှိပေ။ အ၀တ်အစားလုပ်ဖို့ ပစ္စည်းကိရိယာတွေ ဘာလို့မရှိလဲဆိုတာ သူမ နားမလည်ခဲ့ပေ။ မူလပိုင်ရှင်က ဒါတွေကိုအသုံးမပြုဘူးလား...
ဖိနပ်လုပ်ဖို့အတွက် ပထမဆုံးလိုအပ်ချက်က အောက်ခံဆိုလ်းပြားဖြစ်တယ်။ ကျီယွဲ့ရဲ့ ဖိနပ်ဆိုဒ်ကိုသိဖို့အတွက် ရှောင်ကျိုး ကို စပိုင်အဖြစ် အားကိုးလိုက်တယ်။ သူ့တာဝန်က ကျီယွဲ့ မသိပဲ သူမရဲ့ ဖိနပ်ဆိုဒ်ကို သိအောင်လုပ်ရန်ဖြစ်တယ်။
ရှောင်ကျိုး က သူ့ရဲ့ရင်ဘတ်ကိုဖိရင်း မျက်လုံးပြူးလေးနှင့် ဒီမစ်ရှင်အောင်မြင်ရမယ်လို့ အာမခံလိုက်တယ်။ ထို့နောက် သူ့မစ်ရှင်ပြီးဆုံးအောင်လုပ်ဖို့အတွက် သူ့အခန်းထဲကိုဝင်သွားတော့တယ်။
သူ မည်သို့ပြုလုပ်ခဲ့လဲ မသိပေမယ့် ၁၀ မိနစ်အတွင်း သူ့မစ်ရှင်ကို ပြီးဆုံးအောင်လုပ်လာတယ်။
သူမ အသေးလေးကိုအားပါးတရနမ်းလိုက်တဲ့အခါ အသေးလေးက ရယ်နေတော့တယ်။
သူမက ပန်းထိုးပြီးသားအဖြူရောင်ပိတ်စကိုဝယ်လာတဲ့အတွက် ပန်းထိုးစရာမလိုတော့ပေ။ တခြားလိုအပ်တဲ့နေရာမှာ ပန်းတစ်ချို့နဲ့ ဖိနပ်ကိုပိုလှပစေရန် ဖဲကြိုးတစ်ချို့ထပ်ထည့်လိုက်ရုံပဲဖြစ်တယ်။
အမျိုးသမီးစီးဖိနပ်တော်တော်များများက လှပပေမယ့်လဲ စီးဖို့ရာအတွက်က သက်သောင့်သက်သာမဖြစ်ပေ။ အထူးသဖြင့် ဒေါက်မြင့်ဖိနပ်တွေဖြစ်တယ်။ ထန်ထန် က အဲ့ဒါတွေစီးရတာက ကိုယ့်ကိုကိုယ် နှိပ်စက်နေတယ်လို့ တွေးမိတယ်။ ဒီကမ္ဘာက အမျိုးသမီးတွေ ဘာလို့များ ဒီလိုဟာတွေစီးရတာ ကြိုက်လဲဆိုတာ စဉ်းစားလို့မရဘူး။
ကျီယွဲ့ လဲပဲ ဒေါက်မြင့်ဖိနပ်တွေ စီးရတာကြိုက်မှန်း သူမသတိထားမိတဲ့အတွက် လှပပြီး သက်တောင့်သက်သာဖြစ်မယ့် ဖိနပ်တစ်ရံလောက် ပေးချင်မိတယ်။ သူမ သာ ဒါကိုစီးမယ်ဆိုရင် သူမလမ်းလျောက်တဲ့အခါ ပိုပြီးအဆင်ပြေလိမ့်မယ်။
ထန်ထန်က လျင်မြန်စွာပဲဖိနပ်ကို နှစ်ရက်အတွင်းလုပ်လိုက်တယ်။ နောက်ဆုံးလုပ်ပြီးတဲ့ သူမရဲ့ဖိနပ်ပုံစံကိုကြည့်ပြီး ကျေနပ်သွားတယ်။ ထို့နောက် သူမအနားမှာရှီတဲ့ တစ်ဦးတည်းသော အမျိုးသားလေးရဲ့ အကြံညဏ်ကိုတောင်းလိုက်တယ်
“ ပေါင်ပေါင်, ဒီဖိနပ်ကို ဘယ်လိုထင်လဲ..’’
ရှောင်ကျိုး က ဖိနပ်မှပန်းများကို မထိပဲမနေနိုင်ပဲ ခေါင်းငြိမ့်ပြလိုက်တယ်
“ ကြည့်ကောင်းတယ်မာမီ, ဒီပန်းလေးတွေက အရမ်းလှတာပဲ’’
သူမ အသေးလေးခေါင်းကိုပွတ်လိုက်ပြီး
‘’ သားမှာ အမြင်ကောင်းတွေရှိနေတာပဲ...’’
မျက်စိပသာဒဖြစ်စေတဲ့ ပန်းပွင့်လေးတွေသာမက ဖိနပ်ကို တမူထူးခြားပြီး ကြောရှင်းစေအောင် ပြုလုပ်ထားတာဖြစ်တဲ့အတွက် သေချာတာကတော့ ဒီလိုဖိနပ်မျိုးကို ဆိုင်မှအလွယ်တကူဝယ်ယူလို့မရမှန်း သိသာစေတယ်။
ရှောင်ကျိုး က ဖိနပ်ကိုကြည့်ကောင်းတယ် ပြောလိုက်တဲ့အတွက် ထန်ထန်ရဲ့ ယုံကြည်ချက်ကိုပိုတိုးလာစေတယ်။ သူမ က ဖိနပ်တွေကို သေတ္တာလေးထဲမှာ သေချာနေရာချပြီး ကျီယွဲ့ အတွက် သူမကိုယ်ပိုင်နည်းလမ်းနဲ့လုပ်ထားတဲ့ဆော့စ်တွေကိုပါထုတ်ပိုးလိုက်တယ်။
‘’လာ ပေါင်ပေါင် အန်တီယွဲ့ ဆီကို ဒါတွေပေးဖို့ သွားရအောင်, မာမီ့ကို ပိုလှပအောင်လုပ်ပေးတဲ့ သူမရဲ့အကူအညီအတွက် ကျေးဇူးသွားတင်ရမယ်”
“အိုကေ’’
အသေးလေးက သူမအရှေ့မှ ဦးဆောင်သွားတော့တယ်။
“ မာမီ အန်တီယွဲ့ ကုမ္ပဏီကိုသားသိတယ် သားလမ်းပြပေးမယ်”
ထန်ထန် က လိမ်မာပါးနပ်လွန်းတဲ့ သူမရဲ့ကလေးနောက်မှလိုက်လာရင်း အောင်မြင်စွာနဲ့ ကျီယွဲ့ ကုမ္ပဏီသို့ရောက်ရှိသွားတော့တယ်။
ကျီယွဲ့က အဆောက်အဦးအဝင်ဝမှာတင် သူမတို့ကို ပုဂ္ဂိုလ်ရေးအရ နှုတ်ဆက်လိုက်တယ်။
သူမရဲ့ ပိန်သွယ်တဲ့ခနာကိုယ်ပေါ်မှာ ရုံး၀တ်စုံကုတ်အကျီဝတ်ဆင်ထားတယ်။ သူမရဲ့သွယ်လျတဲ့ ခြေထောက်တွေကိုလဲ ပေါ်လွင်စေတဲ့စကဒ်ဝတ်ထားပြီး ဒေါက်မြင့်ဖိနပ်တွေက သူမအလှကိုထောက်ပံ့ပေးထားတယ်။ လမ်းလျောက်လာတဲ့အခါမှာလဲ သူမကိုယ်သူမ ယုံကြည်မှုရှိတဲ့အရိပ်အယောင်က သူမနားမှာဝန်းရံထားကာ ဖြတ်သွားတဲ့ဝန်ထမ်းတွေကလဲ သူမကိုနှုတ်ဆက်ကြတဲ့အခါ သူမကအပြုံးမပျက်ခေါင်းငြိမ့်ပြလိုက်တယ်။ ယုံကြည်ချက်အပြည်ရှိတဲ့ သူမပုံစံကိုပေါ်လွင်နေစေတယ်။
ဒါက အလုပ်လုပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ပုံစံလား။ သူတို့မှာ ဆွဲဆောင်မှုအားကောင်းတဲ့ ရောင်ဝါတွေနဲ့ပဲ။ ဒီကမ္ဘာကြီးမှာ အမျိုးသမီးတွေ အလုပ်လုပ်ချင်ကြတာ အံ့ဩစရာမရှိပါဘူး။
ထန်ထန် ကျီယွဲ့ ကို အားကျတဲ့အကြည့်နဲ့ ကြည့်နေမိတယ်။ ကံမကောင်းစွာနဲ့ပဲ သူမရဲ့ကျွမ်းကျင်မှုကတော့ ပန်းထိုးခြင်းနဲ့ ဟင်းချက်ခြင်းသာဖြစ်တဲ့အတွက် ကျီယွဲ့ လိုမျိုး သူမ မဖြစ်နိုင်ပေ။
ကျီယွဲ့ က သူမတို့အား ရုံးခန်းသို့ခေါ်ဆောင်သွားပြီးနောက် သူတို့သားမိအတွက် လဘက်ရည်တစ်ချို့ကို သူ့လက်ထောက်အား ယူခိုင်းလိုက်တယ်။ သူမက ရှောင်ကျိုး ကို မုန့်တစ်ချို့ပေးရင်း ပြုံးလိုက်ကာ
“ အန်တီအတွက် အရသာရှိတာတွေ ယူလာပေးတဲ့ သားရဲ့ ကြိုးစားမှုကို ကျေးဇူးတင်ပါတယ်’’
ထန်ထန် သူမ ယူလာတဲ့ပစ္စည်းတွေကို ကော်ဖီစားပွဲပေါ်သို့ တင်လိုက်ပြီး
“ ဒါလေးတွေက ရိုးရိုးပစ္စည်းလေးတွေပါ, ကျွန်မ အများကြီးမလုပ်လိုက်ရပါဘူး, မုန့်အရသာနှစ်မျိုးနဲ့ အသားဆော့စ်နှစ်မျိုးယူလာပေးတာ, ရှင် ကြိုက်ပါ့မလားမသိဘူး’’
ကျီယွဲ့ က ဟန်ဆောင်မနေတော့ပဲ အထုတ်ကိုဖွင့်လိုက်တယ်။ နူးညံ့တဲ့ မုန့်ရှစ်ခုကိုတွေ့လိုက်ပြီးတဲ့နောက် သူမမျက်လုံးတွေတောက်ပသွားပြီး
“ လှလိုက်တာ, ဒါတွေက တရုတ်စတိုင်မုန့်တွေလား, ရှင် ဒါတွေကို ဘယ်လိုလုပ်ရလဲတကယ်သိတာပဲ’’
သူမက ထန်ထန်ကို အနောက်တိုင်းစတိုင်မုန့်တွေပဲ လုပ်တတ်တယ်လို့ ထင်ထားခဲ့တာဖြစ်တယ်။
စိတ်မရှည်စွာနဲ့ပဲ သစ်အယ်သီးနဲ့လုပ်ထားတဲ့မုန့်တစ်ခုကို သူမပါးစပ်ထဲသို့ထည့်လိုက်တော့တယ်။ အရသာက လုံးဝြပည့်စုံနေတာပဲ။ အဲ့ဒါက နူးညံ့ချိုမြိန်နေပြီးတော့ သူမမျိုချလိုက်တဲ့အခါ သင်းပျံ့တဲ့အနံ့က ကျန်ရစ်နေတယ်။ သူမ မနေနိုင်တော့ပဲ လက်မထောင်ပြရင်း
“ ထန်ထန် ရှင့်မုန့်တွေက အရမ်းစားကောင်းတာပဲ, ထိပ်တန်းစားဖိုမှုးတွေ လုပ်တဲ့တရုတ်မုန့်တွေကို ကျွန်မစားဖူးတယ်။ ဒါပေမယ့် ရှင့်ဟာက အကောင်းဆုံးပဲ’’
ကျီယွဲ့ ကြာပန်းနဲ့ပြုလုပ်ထားတဲ့မုန့်ကို ပါးစပ်ထဲသို့ထည့်ရင်း သူမကို ချီးမွမ်းနေတော့တယ်။
အဲ့ဒီအချိန်၌ သူမ က အစားသောင်းကျန်းသူတစ်ယောက်ဖြစ်သွားပြီး သူမရဲ့နဂိုကရောင်ဝါတွေကို မတွေ့ရတော့ဘူး။
ထန်ထန် ပြုံးပြီး အကြံပေးလိုက်တယ်
“ ဒီမုန့်တွေက ဗိုက်အရမ်းပြည့်တယ်နော်, အရမ်းမစားနဲ့ဦး, မဟုတ်ရင် နေ့လည်စာ မစားနိုင်ပဲနေမယ်’’
ကျီယွဲ့ ကပြုံးရင်းနဲ့ ခေါင်းငြိမ့်ကာ
“ ကျွန်မစားတာ ရပ်တော့မှာပါ, ဒါတွေကို အိမ်ယူသွားပြီး ကုကျန်းအန်း ကိုမြည်းခိုင်းရမယ်’’
သူမက ထန်ထန် ဆီမှာ တခြားဗူးတစ်ဗူး ပါလာသေးမှန်း သတိထားမိသွားတယ်။ သူမက သိလိုစိတ်နဲ့မေးလိုက်တယ်
“ ရှင်ဘာတွေ ယူလာသေးတာလဲ...’’
ထန်ထန် ဗူးကိုဖွင့်လိုက်ပြီး ပန်းထိုးထားတဲ့ဖိနပ်တွေကို ထုတ်လိုက်တယ်။ သူမက ရှက်ရွံ့စွာနဲ့
“ ကျွန်မ ရှင့်အတွက် ပန်းထိုးဖိနပ်လေးလုပ်လာပေးတယ်, ရှင်ကြိုက်မယ်လို့ ထင်တာပဲ’’
Ji Yue က ဖိနပ်ကိုလက်ခံလိုက်ပြီး သူမအကြည့်တွေက ဖိနပ်တွေအပေါ်ကျရောက်သွားတယ် “ ဘုရားရေ, ထန်ထန် ကျွန်မအံ့ဩလွန်းလို့သေတော့မယ်, ရှင်ဒါတွေကို ဒီလောက်လှအောင်လုပ်တတ်တယ်လား, ရှင်သာမပြောရင် တနေရာရာကနေ စျေးကြီးပေးပြီး ၀ယ်လာတယ်လို့ထင်မိမှာပဲ။ ရှင့် လက်မှုပညာက တကယ်ကို လက်ရာမြောက်လိုက်တာ’’
ဒီစကားတွေက ယဉ်ကျေးမှုအရပြောတာမဟုတ်ပဲ ဒီဖိနပ်တွေက တကယ်ကိုကြည့်ကောင်းလွန်းလို့ ဖြစ်တယ်။ ဖိနပ်တွေက ရိုးရိုးရှင်းရှင်းလေးဖြစ်ပြီး ကျက်သရှေရှိစွာနဲ့ တင့်တယ်လှပနေတယ်။ သူတို့က ခေတ်ဟောင်းပုံစံပေါက်နေပေမယ့်လဲ ခေတ်မီတဲ့ပစည်းတချို့နဲ့တွဲထားတာကြောင့် ခေတ်နောက်ကျတဲ့ဒီဇိုင်းနဲ့မတူတော့ပေ။ ဒီဖိနပ်ကိုသာစီးသွားမယ်ဆိုရင် အားလုံးရဲ့အာရုံစိုက်မှုကို ရမှာအသေအချာပဲဖြစ်တယ်။ ဒီဖိနပ်က နတ်ဘုရားလိုပုံစံသာမက အဖြူရောင်နတ်သမီးလိုဝတ်စုံမျိုးနဲ့တောင် လိုက်ဖက်နေမှာဖြစ်တယ်။
မြှောက်ပင့်မှုတွေကြောင့် ထန်ထန်က ရှက်ရွံနေတယ်။ရှောင်ကျိုး တစ်ယောက်သာ ကျီယွဲ့ ရဲ့စကားတွေကြောင့် ဂုဏ်ယူမှုအပြည့်နဲ့ ဖြစ်နေတယ်။
သူမရဲ့ဒေါက်ဖိနပ်ကိုချွတ်လိုက်ပြီးပန်းထိုးဖိနပ်ကို စမ်းစီးကြည့်လိုက်တယ်။ ဖိနပ်က ပေါ့ပါးနေပြီး သူမခြေထောက်တွေ သက်တောင့်သက်သာ ခံစားလိုက်ရတယ်။ ကျီယွဲ့ က သားအမိနှစ်ယောက်ရှေ့မှာ နှစ်ပတ်လောက်လှည့်လိုက်ပြီး
“ ဘယ်လိုနေလဲ... လှလား ...’’
သားအမိနှစ်ယောက်လုံး ပြိုင်တူခေါင်းငြိမ်ရင်း ဖြေလိုက်တယ်
“ လှတယ် ‘’
‘’ ဟားဟား....အဲ့ဒါက အခုကျွန်မဝတ်စုံနဲ့ မလိုက်ဖက်သေးဘူး။ နောက်တစ်ခါဆို ကျွန်မဒီဖိနပ်ကို ၀တ်စုံအရှည်နဲ့တွဲဝတ်ရမယ်။ ရှော်ပင်ထွက်ရင်တောင် စီးလို့ရတယ် ပြီးတော့ ကျွန်မခြေထောက်တွေ နာမှာမဟုတ်တော့ဘူး’’
ကျီယွဲ့က ပျော်ရွှင်နေပြီး အချိန်ကိုကြည့်လိုက်တယ်။ အချိန်ကသိပ်မစောတော့တဲ့အတွက် သူမက ထန်ထန်တို့ ကိုပြောလိုက်တယ်
“ နေ့လည်တောင်ရောက်နေပြီ, တစ်ခုခုသွားစားရအောင်လေ’’
ထန်ထန် ဒီတစ်ခါတော့ မငြင်းတော့ပေ။
စားသောက်နေစဉ် သူမအိမ်သာသွားတဲ့အခါ မမျှော်လင့်ပဲ အသိမိတ်ဆွေနဲ့တွေ့မယ်လို့ မထင်လိုက်ဘူး။
လှပပြီး ပရောပရီလုပ်တတ်ပုံရတဲ့ အမျိုးသမီးကို အိမ်သာထဲကအထွက်မှာ တွေ့လိုက်ရတယ်။ သူမက ထန်ထန်ကိုတွေ့လိုက်တဲ့ခဏမှာပဲ အံ့ဩသွားကာ ပြုံးလိုက်ပြီး ရင်းနှီးစွာနဲ့
“ ထန်ထန် နင်ဘယ်တွေရောက်နေတာလဲ? မတွေ့တာကြာလှပြီ, သွားသောက်ဖို့အတွက် နင့်ကိုဘယ်မှာလိုက်ခေါ်ရမှန်း မသိဖြစ်နေတာ’’
ထန်ထန် သတိမထားမိပဲ အနောက်သို့ဆုတ်လိုက်မိတယ်။ ဖော်ပြလွန်းတဲ့အဝတ်တွေကိုဝတ်ထားပြီး ထူလွန်းတဲ့မိတ်ကပ်တွေနဲ့သူကို မျက်မှောင်ကြုတ်ကြည့်လိုက်မိတယ်။
ဒီအမျိုးသမီးက ဘယ်သူမှန်း သူမ မသိပေမယ့် ကြည့်ရတာ လူကောင်းတစ်ယောက်မဟုတ်မှန်း သိသာတယ်။
နောက်ထပ်နှစ်ယောက်ကလဲ တခြားတဖက်မှ သူမတို့ဆီလျောက်လာနေတယ်။ မူလပိုင်ရှင်တုန်းက သူမတို့နဲ့ဘယ်လိုပဲ ဆက်ဆံရေးတွေရှိခဲ့ပါစေ သူမ ကတော့ ဒီလိုလူတွေနဲ့ ဘယ်လိုဆက်ဆံရေးမျိုးကိုမှ မလိုချင်ပေ။
ထန်ထန် က မျက်မှောင်ကြုတ်လိုက်ပြီး
“ ငါ့ကိုထပ်မဖိတ်ကြနဲ့တော့, ငါ့ခင်ပွန်းကိုထောက်ပံ့ပြီး ကလေးကိုသင်ကြားပေးဖို့ အခုကစပြီး အိမ်မှာပဲနေတော့မယ်’’
‘’ခင်ပွန်းကိုထောက်ပံ့ပြီး ကလေးကိုသင်ကြားမယ်...’’
အမျိုးသမီးက သူ့တံတွေးနဲ့သူ သီးတော့မလိုဖြစ်သွားတယ်။ သူမက ထန်ထန်ကို အရူးတစ်ယောက်လိုကြည့်ရင်း
“ နင်ဆေးမှားသောက်လာတာလား...ဘယ်လို အရူးစကားတွေ ပြောနေတာလဲ...’’
‘’ ငါတော့ ငါ့အကြံကအတော်လေးကောင်းတယ်လို့ ထင်တာပဲ’’
ကလေးကိုသင်ကြားပေးပြီး အမျိုးသားကိုထောက်ပံတာက ဘာလို့ ဒီအမျိုးသမီးကို ဒီလောက်ထိအံ့ဩသွားစေလဲဆိုတာ သူမနားမလည်ဘူး။ အဲ့ဒါက ကြောက်ဖို့ကောင်းလို့လား
‘’အရူးမ... နင်တော့ရူးသွားပြီ…’’
ဒီအမျိုးသမီးက ထန်ထန်ကို ရူးသွားပြီလို့ တွေးလိုက်မိတယ်။ ကားအက်စီးဒင့်ကြောင့်များလား?
အမျိုးသမီးက ထန်ထန်ကိုဆက်ဆွဲထားပြီး မေးခွန်းတွေမေးချင်သေးပေမယ့်လဲ စိတ်မရှည်ပုံရတဲ့ အမျိုးသားတစ်ယောက်က သူမလက်မောင်းကိုဆွဲကာ
“ ဘာတွေဖြစ်နေတာလဲ? အိမ်သာသွားဖို့ အချိန်ဘယ်လောက်တောင် လိုချင်နေတာလဲ?’’
အမျိုးသမီးက ပြုံးလိုက်ပြီး အမျိုးသားရဲ့ ပိန်လှီနေတဲ့လက်ကိုဖက်တွယ်ကာ ချစ်စဖွယ်အမူအယာနဲ့
“ အာ, ကျွန်မ သူငယ်ချင်းဟောင်းတစ်ယောက်ကို နှုတ်ဆက်နေတာပါ, စိတ်မဆိုးပါနဲ့ ဒါလင်’’
အမျိုးသားက ထန်ထန်ကို လှမ်းကြည့်လိုက်တယ်။ ရုပ်ဆိုးနေတဲ့ သူမကို မြင်တဲ့အခါ အမျိုးသားက စိတ်ပျက်တဲ့အမူအရာနဲ့ ထိုအမျိုးသမီးကိုဆွဲခေါ်ပြီး ထွက်သွားတော့တယ်။
ထန်ထန် ချက်ချင်းပဲ သက်ပြင်းချလိုက်တယ်။ ဒီလိုသူငယ်ချင်းမျိုး ထပ်မတွေ့ပါစေနဲ့လို့လဲ သူမစိတ်ထဲမှ တိတ်တိတ်လေး ဆုတောင်းလိုက်မိတယ်။
သူမလက်ကိုဆေးကြောပြီးတဲ့နောက် အိမ်သာထဲမှထွက်ဖို့ သူမကိုယ်ကိုလှည့်လိုက်တဲ့အခါ လှပတဲ့အမျိုးသမီးငယ်တစ်ယောက်က သူမကိုစိုက်ကြည့်နေတာ တွေ့လိုက်ရတယ်။ ကြည့်ရတာ သူမက ထန်ထန့် အချိန်အတော်ကြာကတည်းက ကြည့်နေပုံရတယ်။
ထန်ထန် သူမကိုမြင်ဖူးသလိုခံစားလိုက်ရတယ်။ ကျိယန် နဲ့စားသောက်ဆိုင်မှာတုန်းက ဆုံခဲ့ဖူးတဲ့ အုပ်စုထဲက အမျိုးသမီးငယ်ပဲဖြစ်တယ်။ အမျိုးသမီးငယ်က သူမကိုသိပုံရမှန်း အခုမှ ပထမဆုံးအကြိမ်ခံစားမိတယ်။
ကျိယန် ရဲ့အဲ့ဒီအုပ်စုအပေါ်ထားတဲ့ သဘောထားကြောင့် သူမကတိုက်ရိုက်ထွက်ခွာသွားဖို့ပြင်လိုက်တယ်။ သူမဖြတ်လျောက်လိုက်တဲ့အခါ ထိုမိန်းမငယ်က
“ ထန်ထန် နင့်ရဲ့နေ့ရက်တွေကို ဗရုတ်သုတ်ခတွေနဲ့ မဖြတ်သန်းတော့တဲ့အတွက် ငါအရမ်းဝမ်းသာတာပဲ’’
သူမခြေလှမ်းတွေကို ရပ်လိုက်တယ်။ ဒီအမျိုးသမီးငယ်က သူမကိုသိပုံရတယ်လို့တွေးလိုက်မိတယ်။
ထန်ထန် က သူမကိုစိတ်မဝင်စားမှန်း သတိထားမိတဲ့အမျိုးသမီးငယ်က အလျင်စလိုနဲ့
“ ထန်ထန် ငါ့စကားကိုခဏလောက်နားထောင်ပေးပါ, အမေနေမကောင်းဘူး, နင်သူ့ကိုသွားကြည့်သင့်တယ်’’
အမေ...ဘယ်သူ့အမေလဲ။ မူလပိုင်ရှင်နဲ့ ဒီအမျိုးသမီးနဲ့ ဆက်ဆံရေးက ဘယ်လိုတွေလဲ...
သူမ မတုံ့ပြန်တာကိုမြင်တဲ့ အမျိုးသမီးငယ်က ရှုပ်ထွေးတဲ့အမူအယာနဲ့
“ထန်ထန်နင်ပိုင်တာတွေနဲ့ အဖေနဲ့အမေရဲ့ မျက်နှာသာပေးတာတွေကိုယူမိတဲ့အတွက် ငါ့ကိုစိတ်ဆိုးနေတာသိပါတယ် ရှီယွဲ့ ကလွဲလို့ တခြားနင်ပိုင်တာတွေကိုယူဖို့ ငါဘယ်တုန်းကမှ မကြံခဲ့ပါဘူး။ နင်သာ ဒီလိုတွေမလုပ်ဘူးဆိုရင် အဖေနဲ့အမေကလဲ နင့်ကိုဒီလိုဆက်ဆံမှာမဟုတ်ဘူး…’’
သူမက စကားကိုရပ်လိုက်တယ်။ ထို့နောက်
“ ဘာပဲဖြစ်ဖြစ် နင်ကအမေ့ရဲ့ တရား၀င်သမီးအရင်းပဲဟာ သူမဖျားနေချိန်မှာ နင်သွားကြည့်သင့်ပါတယ်။ နင့်ကိုသာမြင်ရင် သူမပျော်နေလိမ့်မယ်လို့ ငါယုံတယ်’’
ထန်ထန် သူမပြောတာတွေကိုနားထောင်ပြီး ရှုပ်ထွေးစပြုလာတယ်။ အခြေအနေကို သူမနားမလည်နိုင်ဘူးဖြစ်နေပေမယ့်လဲ မူလပိုင်ရှင်က ဒီအမျိုးသမီးနဲ့ သူမရဲ့မိဘဆိုသူတွေနှင့် အဆင်မပြေတဲ့ ဆက်ဆံရေးမျိုးရှိလိမ့်မယ်လို့ သူမယူဆလိုက်တယ်။ ဘယ်လိုအခြေအနေမျိုးပင်ဖြစ်စေကာမူ သူမ အနေနဲ့ ‘’အမေ’’နှင့်တွေ့ရန် အလောတကြီး သဘောမတူနိုင်ပေ။
ထို့ကြောင့် သူမ ရဲ့ တစ်ခုတည်းသောရွေးချယ်မှုက ထိုအမျိုးသမီးအနားမှ ဖြတ်လျောက်လိုက်တာပဲဖြစ်တယ်။
- - - - - -- -- - - - - - - - - - -- - - -
နောက်တနေ့ရောက်သည်အထိ ထန်ထန် တစ်ယောက် ထိုအမျိုးသမီးငယ်ပြောသွားတဲ့ စကားတွေကို စဉ်းစားမိတုန်းဖြစ်တယ်။ ဘယ်လိုပဲတွေးပါစေ သူမတို့ပြဿနာဖြစ်စေခဲ့တဲ့အကြောင်းကို စဉ်းစားလို့မရပေ။ မူလကတော့ဖြင့် သူမ ကျိယန်ကိုမေးမည်ဟု စဉ်းစားမိသော်လဲ ခဏလောက်တွေးလိုက်မိပြီး ဖုန်းကိုပြန်ချထားလိုက်တယ်။
ကိစ္စမရှိပါဘူး မမေးပဲ ဒီအတိုင်းထားလိုက်ပါတော့မယ်လေ။ ပေါင်ပေါင်ဒယ်ဒီ စိတ်မပျော်ဘူးဆိုရင် မကောင်းဘူးလေ။ အခြေအနေက မရိုးရှင်းဘူးလို့ သူမထင်မိတယ်။
ပေါင်ပေါင်ဒယ်ဒီသာ သူမကိုပြောချင်တယ်ဆိုရင် အရင်တခါတုန်းက စားသောက်ဆိုင်မှာတင် သူမကိုပြောပြခဲ့မှာဖြစ်တယ်။ သူမကို ဘာမှမပြောခဲ့ဘူးဆိုမှတော့ သူ့အနေန့ဒီအကြောင်းကိုမပြောချင်မှန်းသိသာတယ်။ ဒါကြောင့်သူမလဲ မမေးတော့ဘူး။ သူမအတွက် အရေးအကြီးဆုံးအရာက သူမရဲ့နေ့ရက်တွေကိုကောင်းမွန်စွာနဲ့ ရှင်သန်ဖို့ပဲဖြစ်တယ်။
ရှောင်ကျိုးလေးက ရှုပ်ထွေးတဲ့အမူအယာနဲ့ ဖုန်းကိုကိုင်ထားတဲ့ ထန်ထန် ကိုမြင်လိုက်တဲ့အခါ နားမလည်နိုင်ပဲ သူမလက်ကိုဆွဲလိုက်ရင်း
“ မာမီ, ဒယ်ဒီကိုဖုန်းခေါ်မလို့လား ဒယ်ဒီကို လွမ်းနေတာလား’’
ထန်ထန် သူမအတွေးတွေကို စုစည်းလိုက်ပြီးတဲ့နောက် သူမလက်ကိုယမ်းကာ
“ မဟုတ်ပါဘူး, မာမီ ဒယ်ဒီကိုမလွမ်းပါဘူး’’
ရှောင်ကျိုး က ဖုန်းစကရင်ကို ညွှန်ပြလိုက်ရင်း
“ မာမီ ဒယ်ဒီကိုခေါ်ဖို့လုပ်နေတာ အသိသာကြီးကို, ရှက်ဖို့မလိုပါဘူး, တကယ်တော့ သားလဲ ဒယ်ဒီကိုလွမ်းနေတာ, သူသွားတာလဲ ရက်တွေကြာနေပြီကို’’
ထန်ထန်ဘယ်လိုရှင်းပြရမှန်းမသိတော့ဘူး။
ကျိရှောင်ကျိူးက လျင်မြန်စွာနဲ့ စားပွဲပေါ်က တက်ဘလက်ပြေးယူလိုက်ပြီး ထန်ထန် ရင်ခွင်ထဲမှာ ထိုင်လိုက်တယ်။
တက်ဘလက် ကို ကျွမ်းကျင်စွာနဲ့ကိုင်လိုက်ပြီး ကျိယန် ဆီကို အသံမက်ဆေ့ တစ်စောင်ပို့လိုက်တော့တယ်
“ ဒယ်ဒီ, ဒယ်ဒီ, သားပါ, မာမီနဲ့သား နှစ်ယောက်လုံး ဒယ်ဒီကိုသတိရနေတာ, သားတို့နဲ့ video call ပြောလို့ရလား..’’
အသေးလေးက သူမနာမည်ကိုပါထည့်ပြောသွားတဲ့အတွက် အနှောက်အယှက်မဖြစ်ပေ။ ဒါပေမယ့် သူမကသူ့ကိုလွမ်းနေတယ်...သူ့ဒယ်ဒီဘယ်လိုထင်သွားမလဲ အာ သူမအတွေးတွေနဲ့ ရှက်ရွံ့သွားမိတယ်။
နီရဲနေတဲ့မျက်နှာနဲ့ သူမအတွေးတွေရှုပ်ထွေးနေစဉ် အသံမက်ဆေ့က ကျိယန် ဆီသို့ရောက်သွားပြီဖြစ်တယ်။ သူက video call လှမ်းခေါ်လိုက်ပြီး သူမ ဘာမှမတုံံ့ပြန်နိုင်ခင်မှာပဲ ပေါက်စီလေး က လက်ခံလိုက်ပြီဖြစ်တယ်။ အသေးလေးက ကျိယန် ကို ပျော်ရွှင်စွာနဲ့ နှုတ်ဆက်လိုက်တယ်
“ ဒယ်ဒီ !’’
သူမ ပြုံးလိုက်ကာ နှုတ်ဆက်လိုက်တယ်
“ ယောကျာ်း’’
တချိန်တည်းမှာပဲ သူမက သူ့အမူအယာကို တိတ်တဆိတ်အကဲခတ်နေတယ်။ သူ့ကြည့်ရတာ အသေးလေးပြောခဲ့တဲ့စကားကို သိပ်ပြီးအလေးအနက်မထားတဲ့ပုံပေါက်သလိုပဲ။
သူမ တိတ်တဆိတ် သက်ပြင်းချလိုက်မိတယ်
ကျိရှောင်ကျိုး း ကတော့ Tang Tang အာရုံများနေတာကို လုံး၀သတိမထားမိပဲ သူ့ဒယ်ဒီနဲ့ ပျော်ရွှင်စွာ စကားပြောနေတယ်
“ ဒယ်ဒီ, ဒယ်ဒီ, သားပြောစရာရှိတယ်, မာမီက အန်တီယွဲ့ အတွက် မုန့်တွေလုပ်သွားပေးတယ်သိလား ပြီးတော့ အန်တီကလဲ အဲ့မုန့်တွေကို ကြိုက်တယ်တဲ့, ပြီးတော့လေ ဖိနပ်လဲပေးလိုက်သေးတယ် အန်တီကျီယွဲ့ က မာမီပေးတာကိုကြိုက်တဲ့အပြင့် မာမီက အံ့ဩဖို့ကောင်းတယ်လို့လဲ ပြောသေးတယ်’’
အသေးလေးမျက်နှာက ဂုဏ်ယူမှုအပြည့်နဲ့ဖြစ်တယ်။
‘’ဟုတ်လား...’’
ကျိယန် က အသေးလေးနဲ့ပြောရင်း ထန်ထန်ကိုလှမ်းကြည့်လိုက်တယ်။
သူမရှက်ရွံ့စွာနဲ့ မျက်နှာတွေနီစပြုလာတယ်
“ အဲ့လောက်လဲမဟုတ်ပါဘူး, ပေါင်ပေါင်လေးက ချဲ့ကားပြောလိုက်တာပါ’’
ရှောင်ကျိုး က သူ့ရင်ဘတ်ကိုပုတ်လိုက်ရင်း
“မဟုတ်ပါဘူး, မာမီက တကယ်ကို အံ့ဩဖို့ကောင်းတာပါ’’
လောလောဆယ်မှာတော့ ကျိရှောင်ကျိုး က ထန်ထန် ဖန်တီးသမျှ အရသာရှိတာတွေ ကောင်းတာတွေကိုစားနေရတာဖြစ်တဲ့အတွက် သူမရဲ့စူပါဖန်လုံးလုံးဖြစ်နေပြီဖြစ်တယ်။ အစားကြိုက်သူတစ်ယောက်အတွက် အရသာရှိတဲ့အစားအစာတွေကိုချက်ပြုတ်နိုင်တဲ့သူက သူတို့အတွက် ချစ်ဖို့အကောင်းဆုံးပဲလေ။
ထန်ထန် သူမမျက်နှာကို လက်နဲ့အုပ်လိုက်ရင်း အသေးလေးရဲ့ ချီးကျူးစကားတွေကို မတားနိုင်တော့တဲ့အတွက် သူမမျက်နှာထားကိုထိန်းရင်း အသေးလေးစကားကို နားထောင်နေတော့တယ်။
ရှောင်ကျိုး ပြောချင်တာများ ပြောပြီးတဲ့အခါမှ ကျိယန် က ထန်ထန် ကိုကြည့်လိုက်ပြီး
“ အိမ်ယာနေထိုင်ခွင့်လျောက်လွှာကို အတည်ပြုပြီးပြီ, ကိုယ်တို့တိုက်ခန်းတခုရတယ်’’
‘’အတည်ပြုချက်ရပြီလား’’
သူမ အံ့ဩသွားတယ်။ လျောက်လွှာက ဒီလောက်မြန်လိမ့်မယ်လို့ သူမ မထင်မိဘူး။ ဒါဆို သိပ်မကြာခင် သူမတို့ပြောင်းရွေ့လို့ရပြီပေါ့။
ကျိယန် ခေါင်းငြိမ့်ပြလိုက်ပြီး
“ ဒါပေမယ့် အခန်းက ပရိဘောဂတွေ မရှိသေးဘူး, အချိန်ရတာနဲ့ လိုအပ်တဲ့ပစည်းတွေ သွား၀ယ်ထားလိုက်မယ်, အားလုံးအဆင်သင့်ဖြစ်ရင် ကိုယ်ပြန်လာပြီး မင်းနဲ့ ပေါင်ပေါင် ကိုလာခေါ်မယ်’’
အခြေအနေကို နားလည်တဲ့ ရှောင်ကျိုး၀မ်းသာအားရနဲ့ ပြောလိုက်တယ်
“ဒါဆို အားလုံးအဆင်သင့်ဖြစ်တာနဲ့ သားနဲ့မာမီက ဒယ်ဒီနဲ့အတူတူ နေ့တိုင်းနေလို့ရပြီလား...’’
ကျိယန် ပြုံးရင်းခေါင်းငြိမ့်ပြလိုက်တယ်။
‘’ဒါဆို ဘယ်အချိန်အဆင်သင့်ဖြစ်မှာလဲ... သားဒယ့်ဒီကိုအရမ်းလွမ်းနေပြီ’’
သူ့ဒယ်ဒီကို ချက်ချင်းတွေ့ချင်နေပြီဖြစ်တယ်။
ကျိယန် ခဏလောက်စဉ်းစားလိုက်ပြီး အချိန်ကိုခန့်မှန်းကာ
“ လ၀က်လောက်ပေါ့, လ၀က်လောက်နေရင် ဒယ်ဒီ သားတို့ကိုလာခေါ်မယ်’’
လဝက်ဆိုတဲ့အချိန်ကို သိပြီးတဲ့နောက် အသေးလေး က နှုတ်ခမ်းဆူလိုက်ပြီး
“ လ၀က်က အရမ်းကြာတာပဲ, သားတို့မနက်ဖြန်လာလို့မရဘူးလား ဒယ်ဒီ..."
‘’ဒါပေမယ့် အိမ်မှာဘာမှမရှိသေးဘူးလေ, သားတို့လာမယ်ဆိုရင် စားဖို့နဲ့ အိပ်ဖို့နေရာမရှိသေးဘူး, ဘယ်လိုလုပ်မလဲ...’’
ကျိယန် တွေးထားတဲ့အတိုင်းပဲ ကျိရှောင်ကျိုး ရဲ့ စိတ်အားထက်သန်မှုတို့လျော့ကျသွားတယ်။
ကျိယန်အနေနဲ့ လေ့ကျင့်ရေးတွေရှိတဲ့အပြင့် အိမ်အတွက်ပါ ပြင်ဆင်ရမယ်ဆိုရင် အဆင်မပြေဖြစ်မှာသူမစိုးရိမ်မိတဲ့အတွက်
“ အချစ်, ကျွန်မနဲ့သား.အရင်လာလို့ရမလား... ရှင်က နဂိုကတည်းကအလုပ်များနေတာကို, အိမ်အတွက်အချိန်ထပ်ယူနေရရင် ရှင်အရမ်းအလုပ်ရှုပ်နေလိမ့်မယ်, ကျွန်မနဲ့ ပေါင်ပေါင်ကလဲ လုပ်စရာမရှိမယ့်အတူတူ ကျွန်မတို့ပဲ ပရိဘောဂတွေဝယ်ပြီး အိမ်ကိုအလှဆင်နှင့်မယ်လေ, အဲ့ဒါဆို အားလုံး နှစ်ရက်အတွင်းပြီးသွားနိုင်တယ်’’
ကျိယန်တိတ်ဆိတ်သွားပြီး သူမအကြံက ကောင်းတယ်လို့တွေးလိုက်မိတယ်။ ဒါပေမယ့်လဲ ပရိဘောဂတွေဝယ်ပြီး အခန်းအလှဆင်တာက ပင်ပန်းတဲ့အလုပ်ဖြစ်တယ်။ သူ့အနေနဲ့ သူမကို ဒီလိုပင်ပန်းတာလုပ်ခိုင်းဖို့ မစဉ်းစားခဲ့ဖူးပေ။
ရှောင်ကျိုး က စောစောပြောင်းလာနိုင်မယ့် ဒီအခွင့်အရေးအတွက် သူဒယ်ဒီသဘောမတူပဲ ငြင်းမှာကိုကြောက်ပြီး အလျင်အမြန်ဝင်ပြောလိုက်တယ်(ငတတ်လေး)
“ သားနဲ့မာမီလုပ်တတ်တာတွေ အများကြီးပါ ဒယ်ဒီရဲ့, သားက စားပွဲနဲ့ကြမ်းပြင်တွေကို သန့်ရှင်းရေးလုပ်တတ်တယ်, ကျေးဇူးပြုပြီး လာခွင့်ပေးပါတော့’’
‘’ဟုတ်တယ်...ဟုတ်တယ်...ပေါင်ပေါင်လေးက အရမ်းအံ့ဩဖို့ကောင်းတာ, ကျွန်မတို့နှစ်ယောက်လုံး အကုန်လုပ်တတ်တယ်”
ထန်ထန် ကပါ အသေးလေးနောက်မှ သံယောင်လိုက်ပြောနေတော့တယ်။
သားအမိနှစ်ယောက်လုံးကိုကြည့်ရင်း ကျိယန် ရယ်ရခက် ငိုရခက်ဖြစ်နေတော့တယ်။ ခဏလောက်တွေးပြီးတဲ့နောက် ကျိယန် သဘောတူလိုက်တော့တယ်
“ကောင်းပြီလေ ကိုယ်မအားတော့ မင်းတို့သားအမိနှစ်ယောက်ကို လာခေါ်ခိုင်းလိုက်မယ်။ မင်းတို့ကိုလာခေါ်ဖို့ တစ်ယောက်ယောက်စီစဉ်ပေးဖို့ကို ကိုယ် ကုကျန်းအန်းကိုပဲပြောလိုက်တော့မယ်။ မင်းတို့သားအမိနှစ်ယောက်လုံး လိုအပ်တာတွေထုတ်ပိုးထားလိုက်တော့ပေါ့’’
သားအမိနှစ်ယောက်လုံး ပျော်ရွှင်စွာနဲ့ လက်ဝါးခြင်းရိုက်လိုက်ကြတယ်။ ကျိရှောင်ကျိုး ကသူ့ဒယ်ဒီကိုမေ့သွားပြီး ပစ္စည်းတွေထုတ်ပိုးဖို့ သူ့အခန်းထဲသို့ ပြေး၀င်သွားတော့တယ်။
Xxxxxx
Part 25
ကျိရှောင်ကျိုးဆီမှာလဲ ကိုယ်ပိုင်ခရီးဆောင်အိတ်လေးတစ်လုံးရှိတယ်။ ခရီးဆောင်အိတ်ကို ဗီရိုထဲမှဆွဲထုတ်လိုက်ပြီး အရာ၀တ္ထုများကို အိတ်ထဲထည့်နေတော့တယ်။
‘’ဒီအပေါ်အကျီက ၀တ်လိုက်ရင်ပိုကြည့်ကောင်းလို့ ထည့်သွားရမယ်, ဒါ၀တ်ရင်ချစ်ဖို့ကောင်းတယ်လို့ မာမီပြောဖူးတယ်ဆိုတော့ ဒီဟာလဲထည့်သွားရမှာပဲ, ပြီးတော့ ဒါလေးလဲထည့်ရမယ်…အာ.. ငါ့စောင်, ငါ့ခေါင်းအုံးလေးရောပဲ ပြီးတော့ ငါရဲ့ Ultraman အရုပ်တွေ ပြီးတော့ ကား…’’
သူ့အိတ်လေးထဲကို သူတတွတ်တွတ်ရွတ်နေတဲ့ စာရင်းတွေအတိုင်း အကုန်ထည့်နေတော့တယ်။ ထို့သို့ ထည့်နေရင်းသူ့အိတ်လေးက အကုန်မဆံ့ဘူးဆိုတာကို သိလိုက်ရတယ်။ အထူးသဖြင့်သူ့ရဲ့ အရုပ်ကားလေးပေါ့။
အိတ်အတွင်းနေရာပိုရစေရန် သူ့ကိုယ်မှာရှိတဲ့အားအကုန်သုံးပြီး ဖိသိပ်လိုက်တယ်။ အားကြိုးမာန်တက်နဲ့ အိတ်ကိုကြိုးစားဖိပေမယ့်လဲ အရုပ်ကားအတွက် နေရာမလောက်တော့ပေ။
ထန်ထန် အခန်းထဲဝင်လာချိန်မှာ ခရီးဆောင်အိတ်ထဲသို့ ကိုယ်တစ်ပိုင်း၀င်နေတဲ့အထိ ပစ္စည်းတွေကို ကြိုးစားပမ်းစား ဖိသိပ်ထည့်နေတဲ့ အသေးလေးကိုတွေ့လိုက်ရတယ်။ အကြောင်းအရင်းမသိသေးတဲ့ သူမက က အသေးလေးကို မုန့်လာဥလေးတစ်လုံးလို အ၀တ်ပုံထဲမှ ဆွဲထုတ်လိုက်ပြီး
"ပေါင်ပေါင်, သားလေး ဘာလုပ်နေတာလဲ ..."
နီရဲနေတဲ့မျက်နှာဖြင့် အသေးလေးက အမောတကော ရှင်းပြတယ်
“ မာမီ, သားရဲ့ကားလေးကို ထည့်လို့မရဘူးဖြစ်နေတယ်, ဒီခရီးဆောင်အိတ်က အရမ်းသေးတာပဲ”
ခရီးဆောင်အိတ်ကို လှမ်းကြည့်လိုက်ပြီး သူမ ရယ်ရခက် ငိုရခက်ဖြစ်သွားတယ်။ အသေးလေးက အရာအားလုံးကို အိတ်ထဲထည့်ယူသွားချင်ပုံရတယ်။ သူ့ရဲ့ ခေါင်းအုံးလေးရော, စောင်လေးပါထည့်ထားတဲ့အပြင့် ဖိနပ်ပါးလေးတောင် အဆစ်ပါသေးတယ်။
ထန်ထန် က မလိုအပ်တဲ့ အရာတွေကို ပြန်ထုတ်ပေးရင်းနဲ့
“ ပေါင်ပေါင်, မာမီတို့နဲ့ အတူတူယူသွားဖို့ မလိုတဲ့အရာတွေရှိတယ်, ဒယ်ဒီက ဒီကိုမကြာခဏ ပြန်လာမယ်လို့ ပြောထားတယ်လေ, ဒါကြောင့်အိမ်ကို အလွတ်ကြီး ထားခဲ့လို့မရဘူး, မာမီတို့က အကျီနည်းနည်းနဲ့ ဖိနပ်လောက်ပဲ ယူသွားဖို့လိုတယ်, တခြားလိုတာတွေက ဟိုရောက်မှ ၀ယ်လို့ရတယ်လေ’’
ရှောင်ကျိုး က အိတ်အတွင်းမှ ပြန်ထုတ်ထားတဲ့ သူ့ခေါင်းအုံးနဲ့စောင်အပြင့် တခြားအရာတွေကိုပါ ကြည့်လိုက်တယ်။ သူက မကျေနပ်ပေမယ့်လဲ ခေါင်းငြိမ့်ပြကာ
“ ကောင်းပါပြီ, ဒါဆို ဒီဟာတွေကိုထားခဲ့ပြီး သားပြန်လာမှ သုံးလို့ရပေမယ့်လေ , မာမီ… ”
သူက သူ့အရုပ်တွေကို လက်ညှိုးထိုးပြရင်း မေးလိုက်တယ်
” ဒါတွေကော သားယူသွားလို့မရဘူးလား’’
သူ့အရုပ်လေးတွေကို ထားခဲ့ဖို့ဆန္ဒရှိပုံမရဘူး။
ထန်ထန် သူ့ခေါင်းလေးကိုပွတ်ပေးလိုက်ပြီး
‘’ အများကြီးထည့်သွားရင် အရမ်းလေးနေမှာပေါ့, ဒါကြောင့် တစ်ခုပဲသယ်သွားနော်, အိုကေ မာမီတို့ နောက်တစ်ခါ ပြန်လာမှ ထပ်သယ်ကြတာပေါ့’’
ခဏစဉ်းစားပြီးနောက် သူ တိတ်တဆိတ်နဲ့ ခံစားနေတော့တယ်။ ထို့နောက်အရုပ်တွေအားလုံးကို ဆိုဖာဆီသို့သယ်သွားကာ တစ်ခုချင်းစီထိတွေ့နေပြီး သူ့အရုပ်ကလေးတွေကို နှုတ်ဆက်နေပုံပေါက်တယ်။
သူမ ရယ်လိုက်မိပြီး အသေးလေးရဲ့ ခရီးဆောင်အိတ်ကို ပြန်ထုတ်ပိုးပေးလိုက်တယ်။
ပေါင်ပေါင်ဒယ်ဒီနဲ့ အခုကစပြီး အတူတူနေရတော့မယ်လို့ တွေးလိုက်မိပြီး သူမနှလုံးခုန်သံတွေ မြန်လာတော့တယ်။ သူမတို့တွေ နေ့တိုင်း တစ်ယောက်ကိုတစ်ယောက် တွေ့နေတော့မှာပေါ့။
အဲ့အချက်ကိုတွေးမိပြီး သူမ ရုတ်တရက်အရေးကြီးတဲ့ အရာကိုသတိရသွားတယ်။ ချက်ချင်းပဲ သူမလက်ထဲက အရာအားလုံးကိုလွှတ်ချလိုက်ပြီး သူမအခန်းထဲသို့ပြေးဝင်သွားကာ ကိုယ်အလေးချိန်စက်ကို ဆွဲထုတ်လိုက်တယ်။ အသက်ပြင်းပြင်းရှုသွင်းလိုက်ပြီး သူမမျက်လုံးကိုမှိတ်ကာ စက်ပေါ်သို့တက်လိုက်တယ်။ သူမအခြေအနေက သေမင်းနဲ့တွေ့သလိုဖြစ်နေတယ်။ သူမစိတ်ထဲမှလဲ ကိုယ်အလေးချိန်တက်လာဖို့ ဆုတောင်းနေမိတယ်။ ထို့နောက် သူမမျက်လုံးကို တဖြည်းဖြည်းဖွင့်ပြီး စက်မှဖော်ပြနေတဲ့ နံပါတ်ကိုကြည့်လိုက်တယ်။
“ အာ ! ဘာလို့ 39 kg ပဲလဲ, ဘာလို့ 40 kg လေးတောင် မရောက်ရတာလဲ ! “ (ပေါင် ၉၀ဝန်းကျင်)
နံပါတ်တွေကိုကြည့်ပြီး သူမအရမ်းစိတ်ဓါတ်ကျကာ ၀မ်းနည်းစွာ ငိုကြွေးယုံမှတပါး အခြားမရှိတော့ပြီဖြစ်တယ်။
သူမ ရက်ပေါင်းများစွာ ကလေးမသိအောင် ကြွက်တစ်ကောင်လို ညတိုင်းအလွန်အကြူးစားတယ်။ အိပ်ယာမဝင်ခင်အထိလဲစားတယ်။ ဒါအပြင့် နေ့စဉ်စားနေကျ ထမင်းသုံးနပ်ကိုလဲ ဗိုက်အရမ်းပြည့်အောင်စားခဲ့တာပဲလေ။ သူမ ၀က်တစ်ကောင်လိုစားပေမယ့်လဲ တစ် ကီလိုတောင်တက်မလာခဲ့ဘူး။
ထန်ထန် ရဲ့အသံကို ရှောင်ကျိုး တစ်ယောက်ကြားပြီးနောက် အထိတ်တလန့်ဖြင့် သူမ အခန်းထဲသို့ပြေးဝင်လာကာ
“ ဘာဖြစ်တာလဲ မာမီ...’’
ထန်ထန် ကိုယ်အလေးချိန်စက်ကို စိတ်ပျက်စွာနဲ့ ညွှန်ပြလိုက်တယ်။ သူမအမှားတစ်ခုပြုလုပ်ထားတဲ့အမူအယာနဲ့
“ ကြည့်ပါဦး ပေါင်ပေါင်ရယ်, မာမီ ကိုယ်အလေးချိန် နည်းနည်းလေးပဲတက်လာတယ်, မာမီ့နှလုံးသားလေး နာကျင်လိုက်တာ’’
ရှောင်ကျိုး က ကိုယ်အလေးချိန်စက်ကို ကြည့်ပြီး မျက်တောင်ခတ်လိုက်တယ်။ သူက စက်ပေါ်က နံပါတ်တွေကို ကြည့်လိုက်ပြီး ရုတ်တရက် အော်ဟစ်လိုက်တယ်
“ အာ, မာမီ, ကီလို၀က်ပဲ တက်လာတယ်’’
အသေးလေးက နံပါတ်အသေးတွေကို မတွက်တတ်သေးပေ။
သူမ မပျော်ရွှင်စွာနဲ့ငြင်းဆိုလိုက်တယ် “ မာမီက 0.75 kg တက်လာတာလေ, 0.25 kg ကိုတွက်စရာမလိုဘူး, ပေါင်ပေါင်လေးရဲ့’’
‘’အိုး...’’
‘’စိတ်မညစ်ပါနဲ့ မာမီ, 0.75 kg က အံ့ဩစရာကြီးပါ, သားလဲ တစ်ကီလိုတက်တယ်လေ’’
ထန်ထန် ငိုချင်လာမိတယ်။ သွားရည်စာ စားခွင့်ပိတ်ပင်ခံထားရတဲ့ ဝက်ပေါက်လေးက တောင် အေးအေးဆေးဆေးနဲ့ တစ်ကီလိုတက်နေချိန်မှာ မတရားအတင်းအကြပ်စားနေရတဲ့ သူမကျဘာလို့ ကိုယ်အလေးချိန် မတက်လာရတာလဲ, အဲ့ဒါ လုံး၀မတရားဘူး။
သူမ အသက်ပြင်းပြင်းရှုလိုက်ပြီး သူမကိုယ်သူမ နှစ်သိမ့်လိုက်တယ်
‘’ အနည်းဆုံးတတော့ ကိုယ်အလေးချိန် နည်းနည်းတက်လာပါတယ်လေ, မာမီ ဆက်ကြိုးစားရမယ်’’
‘’ကြိုးစားထားမာမီ, သားမာမီ့ကိုအားပေးနေမယ်’’
ယုံကြည်မှုအသစ်နဲ့ ထန်ထန် က အသားဆော့စ်ပြုလုပ်ဖို့အတွက် စူပါမားကတ်ကို အသားတွေဝယ်ဖို့ သွားလိုက်တယ်။
စစ်တပ်ထဲမှာ မိသားစုအများအပြား စုဝေးနေထိုင်တယ်လို့ သူမကြားထားတယ်။ သူမအဲ့ကိုရောက်တဲ့အခါ သူတို့က သူမရဲ့အိမ်နီးချင်းတွေဖြစ်လာမှာဖြစ်တဲ့အတွက် အနည်းဆုံးတော့ သူတို့ကိုနှုတ်ဆက်သင့်တယ်လေ။ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခုဖြစ်ဖို့အတွက် သူမအနေနဲ့လက်ဆောင်တစ်ချို့ပြင်သွားပြီး ပေးသင့်တယ်လို့တွေးမိတယ်။ ဒါမှ အနာဂါတ်မှာ ပေါင်ပေါင်ဒယ်ဒီက မျက်နှာသာရနေမှာ ဖြစ်တယ်။
ဟိဟိ , ဘယ်လောက်ကောင်းတဲ့ အကြံလဲ !
ထန်ထန် က အရာအားလုံးပြီးသွားတဲ့အချိန်မှာ ကုကျန်းအန်း လဲ ကျိယန်ဆီမှ မက်ဆေ့ကိုရလိုက်တယ်။ နောက်နေ့မနက်မှာတော့ သူ ထန်ထန် နဲ့အသေးလေးတို့ ပြောင်းရွေ့တာကိုကူညီဖို့အတွက် မနက်စောစော သူမတို့အိမ်ကိုရောက်လာတယ်။
ထန်ထန် ကားပေါ်ရောက်တဲ့အခါ ကျီယွဲ့ တွေ့ပြီးတဲ့နောက် အရမ်းပျော်သွားတယ်။
‘’ရှင်လဲ ပါလာတာလား...’
ကျီယွဲ့ က ရှောင်ကျိုး. ဖက်လိုက်ပြီး သူမကိုပြန်ဖြေလိုက်တယ်
“ ဟုတ်တာပေါ့, ထုံးစံအတိုင်း ရှင်တို့ပြောင်းတာကို ကူညီပေးရမှာပေါ့, ဟိုကိုရောက်တဲ့အခါ အထုတ်တွေဝိုင်းဖြည်ပေးမယ်လေ’’
ကားမောင်းတဲ့နေရာမှာ ထိုင်နေတဲ့ ကုကျန်းအန်းက ရယ်ရင်းနဲ့
“ ကြားကောင်းအောင်ပြောနေပြန်ပြီ, ဘယ်တုန်းကများ မင်းက ပစ္စည်းတွေကို နေရာချတာနဲ့ ထုတ်ပိုးတာလုပ်ဖူးလို့လဲ? ပြဿနာမရှာရင်ပဲ အရမ်းအဆင်ပြေနေပါပြီ’’
သူမ ခင်ပွန်းဖြစ်သူရဲ့ ဖော်ကောင်လုပ်ခြင်းခံလိုက်ရတဲ့ ကျီယွဲ့က စိတ်အနှောက်အယှက်ဖြစ်စွာနဲ့ နှုတ်ခမ်းဆူလိုက်ပြီး
“ ကျွန်မကို နည်းနည်းလောက် မျက်နှာသာပေးလို့မရဘူးလား..အဲ့လောက်အထိ ပြောဖို့မလိုပါဘူးနော်, ဟွန်း’’
ထန်ထန် သူတို့ကိုကြည့်ရင်း ပြုံးလိုက်မိတယ်။ ဒီစုံတွဲက တကယ်ကိုလန်းဆန်းတက်ကြွနေပြီး သူတို့ဆက်ဆံရေးကလဲ အရမ်းကောင်းတယ်လို့ တွေးလိုက်မိတယ်။ ပေါင်ပေါင်ဒက်ဒီနဲ့ သူမလဲ ဒီလိုမျိုးဖြစ်နိုင်မလားဆိုတာ ….
သူမအတွေးတွေကြောင့် မျက်နှာက တဖြည်းဖြည်းရဲလာတယ်။ ဒီလို ထူးဆန်းတဲ့အကြောင်းတွေကို ဘာလို့များတွေးနေမိတာလဲ?
တခြားသူ သုံးယောက်ကတော့ သူမမျက်နှာ ရုတ်တရက်နီလာတာကို သတိမထားမိကြပါဘူး။
ကျီယွဲ့က ဝက်ပေါက်လေး ကို သူမလက်ထဲမှာထွေးပွေ့ထားရင်း နူးညံတဲ့လေသံနဲ့
"အချစ်လေး, မင်းရဲ့ ဦးလေး က အန်တီ့ကို အနိုင်ကျင့်နေတယ်, အန်တီ့အတွက် မြန်မြန်လေး လက်စားချေပေးပါဦး "
ကျိရှောင်ကျိုးက သူမကို ကလေးဆိုးတစ်ယောက်ကို ကြည့်သလို ကြည့်လိုက်ပြီး သူမ ခေါင်းကို ပုတ်ကာ လေးနက်တဲ့လေသံနဲ့
“ လိမ်လိမ်မာမာနေပါ, အန်ကယ်ကု က အန်တီကို အရမ်းချစ်ပါတယ် "
ချက်ချင်းပဲ ကုကျန်းအန်း က အကျယ်ကြီးအော်ရယ်လိုက်ကာ ရှောင်ကျိုးအပြောကို ထောက်ခံတဲ့အကြည့်နဲ့ နောက်ကြည့်မှန်မှတဆင့် ကြည့်လိုက်ပြီး
“ ကြည့်စမ်း, ကလေးတောင် ကိုယ်မင်းကို ဘယ်လောက်ချစ်လဲဆိုတာ သိတယ်’’
စိတ်ဆိုးချင်ယောင်ဆောင်နေတဲ့ ကျီယွဲ့ က ရှောင်ကျိုး ပါးလေးကိုဆွဲကာ
‘’ ဟွန့်, အန်ကယ်က အန်တီကို ချစ်မှန်း သားကဘယ်လိုသိလဲ...’’
ကျိရှောင်ကျိုးက ဂရုတစိုက်နဲ့ သူ့မှတ်ညဏ်တွေကိုပြန်တွေးပြီး ဖြေလိုက်တယ်
“ ကမ်းခြေမှာတုန်းက အန်ကယ်က အန်တီကို ကားပေါ်သယ်သွားတာ သားတွေ့တယ်။ အာ , ပြီးတော့ အန်ကယ်က အန်တီခြေထောက်ကိုလဲ အရင်တစ်ခါက ဆေးပေးတာတွေ့ဖူးတယ်။ သားဒယ်ဒီလဲ သားကိုတခါတလေ အဲ့လိုလုပ်ပေးတယ်။ အဲ့ဒါက သားဒယ်ဒီ သားကိုချစ်သလို အန်ကယ်ကလဲ အန်တီကိုချစ်တာပဲပေါ့’’
သိပ်မကြာသေးခင်က သူတို့ဗီလာကိုသွားတုန်းက အဖြစ်အပျက်တွေကို ပြောနေတာဖြစ်တယ်။
ဒီလိုအရာတွေကိုကလေး မြင်သွားလိမ့်မယ်လို့ မထင်မိတဲ့ ကျီယွဲ့ က သူမမျက်နှာတွေ နွေးလာသလို ခံစားလိုက်ရတယ်။
ဒါပေမယ့် ရှောင်ကျိုး က ဆက်မေးလိုက်တယ်
“ သားက ကလေးမို့လို့ ဒယ်ဒီကလုပ်ပေးတာ , အန်တီကျတော့ အရွယ်ရောက်နေတာကို ဘာလို့ အန်ကယ်က ချီသွားရတာလဲ ပြီးတော့ ဘာလို့ခြေထောက်ကိုဆေးပေးရတာလဲ?’’
အရွယ်ရောက်လူကြီးတွေ ဒီစကားကိုကြားတဲ့အခါမှာတော့ ရှေ့ခန်းမှာထိုင်နေတဲ့ ကုကျန်းအန်း ရဲ့အပြုံးကိုကြည့်ပြီး ထန်ထန် မပြုံးပဲ မနေနိုင်တော့ပေ။
အရွယ်ရောက်လူကြီးနှစ်ယောက်ရဲ့ အပြုံးကြောင့် ကျီယွဲ့ အနည်းငယ်ရှက်သွားသော်လဲ မျက်နှာထူထူနှင့်ပင် ဖြေလိုက်တယ်
“ အဲ့ဒါ အန်တီလှနေလို့ပေါ့, တစ်ခါတစ်လေမှာ ကလေးနဲ့အလှအပက အတူတူပဲလေ, ဒါကြောင် အန်တီတို့က နှစ်ခုလုံးကိုသဘောကျသင့်တယ်၊ သားအခုနားမလည်ပေမယ့် သားကြီးလာလို့ ဇနီးရတဲ့အခါကျရင် နားလည်လာလိမ့်မယ်’’
ကျီယွဲ့ ရဲ့တုံ့ပြန်ချက်ကိုနားထောင်ပြီးနောက် အသေးလေး ကမျက်တောင်ခတ်လိုက်ကာ ကျီယွဲ့ ဆီကနေ ထန်ထန်ဆီသို့ တွားသွားတက်သွားတက်လိုက်ပါတယ်။
သူက ထန်ထန် ရဲ့လည်ပင်းကိုဖက်တွယ်လိုက်ပြီး သူမနားရွက်နားသို့ကပ်ကာ လေသံတိုးလေးဖြင့်
“ မာမီ, သားကြီးလာရင် မာမီလိုဇနီးမျိုးပဲ ရှာသင့်တယ်ထင်တယ်, အာ.. သားက လှတာမလိုချင်ပါဘူး’’
သူ့မာမီကအကောင်းဆုံးဆိုတာ သူ့ကိုယ်သူသေချာအောင် လုပ်လိုက်ပါသေးတယ်။
ကံမကောင်းစွာနဲ့ပဲ ကားကအရမ်းမ.ကြီးတဲ့အတွက် သူ ပြောသမျှအကုန်လုံး ကျီယွဲ့ ကြားလိုက်ပါတယ်။ သူမက လက်မခံနိုင်စွာနဲ့ပဲ ပြောလိုက်တယ်
“ ရှောင်ကျိုး အန်တီ သားကိုသိအောင်ပြောမှဖြစ်မယ်, အနာဂါတ်မှာ သားမာမီလို ဇနီးမျိုးရှာဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး, သားမာမီလို နူးညံ့သိမ်မွေ့ပြီး အေးချမ်းတဲ့သူတွေက ရှားပါးသွားပြီ, တစ်ယောက်တည်းကျန်တဲ့သူကိုတော့ သားဒယ်ဒီက ယူသွားပြီဆိုတော့ သားမာမီလိုလူမျိုးကို ရှာတွေ့မှာမဟုတ်တော့ဘူး’’
‘’မာမီ, အဲ့ဒါတကယ်လား...’’
အသေးလေး က သံသယတစ်ချို့ဝင်ကာ မျက်လုံးအပြူးသားနဲ့ မေးလိုက်တယ်။
ကြားထဲမှအဆင်ပြေအောင်ပြောဖို့အတွက် သူမ ငိုရခက် ရယ်ရခက်ဖြစ်သွားတယ်
“ ကြည့်မကောင်းပဲ အလုပ်မလုပ်တတ်တဲ့ သားမာမီလိုလူမျိုး မရှာပါနဲ့, အဲ့လိုဇနီးမျိုးက မကောင်းပါဘူး, အန်တီ ကျီယွဲ့ လို အလုပ်မှာတော်ပြီး လှပတဲ့လူမျိုးကိုရှာသင့်တယ်’’
သူမလိုလူမျိုးက မျက်နှာပျက်ရုံပဲရှိမှာပေါ့။ ကျီယွဲ့ လိုလူမျိုးကသာ အမျိုးသားတိုင်းလိုချင်တဲ့သူဖြစ်တယ်။ အသေးလေးက ဒါတွေကိုနားလည်ဖို့ ငယ်ပါသေးတယ်။
ရှောင်ကျိုး က သူ့ခေါင်းကိုယမ်းကာ
“ မရဘူး, မာမီလိုမျိုးကပိုကောင်းတယ်, သားက မာမီလိုလူမျိုးရှာမရရင် ဇနီးလဲမလိုချင်တော့ဘူး, မာမီနဲ့ပဲ အမြဲတမ်းနေလိုက်မယ်”
အသေးလေးရဲ့စကားကိုကြားပြီးတဲ့နောက် လူကြီးသုံးယောက်လုံးပြုံးလိုက်မိတယ်.
“အဲ့ဒါမဖြစ်နိုင်တော့ဘူးလေ သားမာမီကို သားဒယ်ဒီကပိုင်သွားပြီပဲ, သားမာမီကို အတင်းဆွဲထားမယ်ဆိုရင် သားဒ်ါဒီစိတ်ဆိုးမှာပေါ့’’
ကျီယွဲ့က အသေးလေးကိုစနောက်လိုက်တယ်။
ဒါက ကျိရှောင်ကျိုး လုံး၀မယုံကြည်တဲ့အပိုင်းဖြစ်သွားတဲ့အတွက် သူ့လက်ကိုယမ်းကာ ပြောလိုက်တယ်
“ ဒါမျိုးလုံးဝြဖစ်မှာမဟုတ်ဘူး, မာမီက သားနဲ့သားဒယ်ဒီပိုင်တာပဲ, သားတို့က အမြဲတမ်းအတူတူမို့လို့ ဒယ်ဒီက စိတ်ဆိုးမှာမဟုတ်ဘူး’’
ကျီယွဲ့ ကကျယ်လောင်စွာရယ်လိုက်တော့တယ်။ အရမ်းရယ်ရလွန်းလို့ အပျော်တွေကိုမတားနိုင်ပဲဖြစ်နေတယ် “
. ဒါပေမယ့် သားဒက်ဒီက သားကို ဘီးအပိုလေးလို့ထင်နေမှာ အသေအချာပဲ’’
ကလေးက ကျီယွဲ့ ရဲ့စကားကို တိတိကျကျနားမလည်ပေမယ့် ထန်ထန် က တော့နားလည်တဲ့အတွက် သူမျက်နှာလောင်ကျွမ်းမတတ်ဖြစ်လာကာ
‘’ ဟုတ်ပါပြီ, ကျီယွဲ့ ရယ်, အခုတော်ပါတော့’’
သူမ မျက်နှာရဲနေတာကိုတွေ့တဲ့ ကျီယွဲ့ က အဓိပါယ်ပါပါနဲ့ ရယ်လိုက်ရင်း
‘’ အိုကေ, အိုကေ, ကျွန်မ အခုရပ်လိုက်တော့မယ်’’
ရှောင်ကျိုး တစ်ယောက်ကတော့ နားမလည်နိုင်စွာနဲ့ လူကြီးနှစ်ယောက် ကို တစ်လှည့်စီကြည့်ရင်း တစ်ခုခုလွဲနေတယ်လို့ခံစားလိုက်ရတယ်။
ဒါပေမယ့် သူက အခုနားမလည်တဲ့အရာတွေကို နောင်အနာဂါတ်မှာ နားလည်လာလိမ့်မယ်လို့ပဲ တွေးနေလိုက်တော့တယ်။
- - - - - - - - - - - - - - - - - - - - -
အချိန်ကြာလာသည်နှင့်အမျှ သူတို့အားလုံး လူစည်ကားတဲ့မြို့မှအဝေးတနေရာသို့ ခရီးဆက်လာကြတယ်။ အချိန်ခဏကြာပြီးနောက် ပတ်၀န်းကျင်က ပိုပြီးတိတ်ဆိတ်လာကာ လူနေအိမ်ခြေတွေနဲ့ဝေးကွာလာခဲ့ပြီး ကားလေးက လမ်းမထက်မှ ဦးတည်ရာတစ်နေရာသို့မောင်းနှင်နေတော့တယ်။
သူမတို့နေရာသို့ ရောက်ခါနီးမှန်း ထန်ထန် ခန့်မှန်းလိုက်မိတယ်။ သူမနှလုံးခုန်သံတွေ မြန်ဆန်လာပြီး စိတ်လှုပ်ရှားလာတယ်။ သူမရင်ခွင်ထဲမှ အသေးလေးကလဲ အိပ်ပျော်ရာမှ နိုးလာတယ်။
အသေးလေးနိုးပြီး သိပ်မကြာခင်မှာပဲ ကားကရပ်သွားတယ်။ ထို့နောက် ကုကျန်းအန်း ကပြောလိုက်တယ်
“ ကိုယ်တို့ရောက်ပြီ...’’
ထန်ထန် နဲ့ အသေးလေးနှစ်ယောက်လုံး စိတ်အားထက်သန်စွာနဲ့ ကားပြတင်းပေါက်မှ အပြင်သို့ကြည့်လိုက်ကြတယ်။ သိပ်မဝေးတဲ့နေရာမှာ စစ်၀တ်စုံနဲ့ မတ်တပ်ရပ်နေတဲ့ ကျိယန် ကိုတွေ့လိုက်ရတယ်။
ရှောင်ကျိုး က ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အားပါးတရအော်နေတော့တယ်
“ ဒယ်ဒီ ! ဒယ်ဒီ ! ‘’
အသေးလေး ဆီမှအပျော်တွေကူးစက်ခံလိုက်ရတဲ့ ထန်ထန်ကလဲအော်ခေါ်လိုက်တယ်
“ ယောကျာ်း...’
ကျိယန်မျက်နှာက ပိုနူးညံသွားပြီး ကားတံခါးဖွင့်ပေးဖို့ လမ်းလျောက်လာတယ်။ ရှောင်ကျိုး က သူ့ကိုယ်သူ ကျိယန်ဆီသို့ ပစ်၀င်လိုက်ပြီး တင်းကြပ်စွာဖက်ထားလိုက်တယ်။
သူက အသေးလေးကျောကိုပုတ်ပေးရင်း ထန်ထန် ကိုကြည့်လိုက်တယ်။ ထို့နောက် ကုကျန်းအန်းတို့.ကိုပြောလိုက်တယ်
“မင်းအတွက် ခက်ခဲသွားပြီ’’
ကုကျန်းအန်းက အရေးမကြီးဟန်ဖြင့် လက်ကိုယမ်းပြလိုက်တယ်။
အဲ့အချိန်မှာပဲ ကျိယန်နဲ့ဆင်တူအကျီဝတ်ထားတဲ့ အမျိုးသားနှစ်ယောက်က ကျိယန် နားကပ်လာကာ ထန်ထန် ကိုအလေးပြုလိုက်တယ်
“ ဟဲလို မရီး..."
သူတို့ရဲ့ကျယ်လောင်တဲ့အသံကြောင့် ထန်ထန် လန့်သွားတယ်။ ထို့နောက် သူမရဲ့စိတ်အာရုံအားလုံးကို ကျိယန်ပေါ်မှာပဲထားမိနေတဲ့အတွက် သူ့အနောက်ကလူတွေရှိနေတာကိုမမြင်လိုက်မှန်း အခုမှသတိထားမိသွားတယ်။ သူမက အလျင်အမြန်ပဲ ပြုံးကာခေါင်းငြိမ့်ပြလိုက်တယ်
“ ဟဲလို အားလုံးပဲ မဂ်လာပါနော်’’
ကျိယန် က သူမကို အားလုံးနဲ့မိတ်ဆက်ပေးလိုက်တယ်
” သူတို့တွေက ကိုယ့်ရဲဘော်တွေပဲ, ကိုယ်နဲ့အတူတူ မင်းကိုလာကြိုဖို့ လိုက်ခဲ့ကြတာ’’
ကျိယန်က ဘာမှမပြောပေမယ့်လဲ ကျိရှောင်ကျိုး က သူတို့ကိုနှုတ်ဆက်လိုက်တယ်။ ကျယ်လောင်ပြီး ကြည်လင်တဲ့အသံလေးနဲ့
"ဟဲလို အန်ကယ်တို့, သားက ဒယ်ဒီသားလေးပါ, သားနာမည် ကျိဇီကျိုးလို့ခေါ်ပါတယ် ဒါပေမယ့် ကျိရှောင်ကျိုး လို့ခေါ်လို့ရပါတယ်’’
တုန်းလီ က လက်ခုပ်တီးလိုက်ပြီး ကျိရှောင်ကျိုး ကိုခေါ်လိုက်တယ်
“ ဒီကိုလာပါဦး, ရတနာလေးရဲ့, သားကိုအန်ကယ်ချီပါရစေ, သားမွေးတုန်းက အန်ကယ်ချီဖူးသေးတယ် ဒါပေမယ့် သားမေ့နေလောက်ပါပြီ’’
ပေါက်စီလုံးလေးက က သူ့ခန္ဓာကိုယ်လေးကို တုန်းလီ ဆီပစ်ဝင်လိုက်တယ်
‘’အဲ့ဒါကိစ္စမရှိပါဘူး, သားက အခုကစပြီး ဒီမှာနေတော့မှာဆိုတော့ အန်ကယ်လာလည်လို့ရပါတယ် ဒါဆို သားကိုခဏခဏတွေ့လို့ရပြီပေါ့"
တုန်းလီက ပြုံးရင်းခေါင်းငြိမ့်ပြလိုက်တယ်
" ဟုတ်တာပေါ့, အခုကစပြီး ခဏခဏ အန်ကယ် သားကိုလာတွေ့မှာပေါ့’’
အလကားစားရမယ့် အစားအစာတွေလဲ ရှိနေသေးတာကို ။
အဖွဲ့ထဲမှာ ရပ်နေတဲ့ ကျန်းချန်း က လက်ထပ်ပြီးသော်လဲ သူ့ဇနီးက ကလေးယူဖို့ဆန္ဒမရှိသေးတဲ့အတွက် ဒီလိုချစ်ဖို့ကောင်းတဲ့ကလေးကိုတွေ့တဲ့အခါ မနာလိုဖြစ်စွာနဲ့ အနားသို့ကပ်လာပြီး
‘’ အန်ကယ့်ကိုလဲ ဖက်လို့ရမလား ရှောင်ကျိုး ‘’
တုန်းလီ က ကျိရှောင်ကျိုး ကိုချီထားရင်းနဲ့ ကျန်းချန်း အနားမှခွာလိုက်ကာ
‘’ ရှုးရှုး, ငါ့ဆီက သူ့ကိုခိုးဖို့မကြံနဲ့, ခဏလောက်ဆက်ချီထားဦးမှာ’’
ကျန်းချန်း က စိတ်အနှောက်အယှက်ဖြစ်စွာနဲ့
‘’ ငါလဲ ခဏလောက်ချီတော့ ဘာဖြစ်မှာမို့လို့လဲ... သူက မင်းကလေးမှမဟုတ်တာ’’
နှစ်ယောက်သားတိုက်ခိုက်တော့မှာကို မြင်တဲ့ ကျိယန် က သူတို့ဆီမှ ကလေး ကို ပြန်ခေါ်လိုက်တယ်။ ထို့နောက်သူက ရိုးရှင်းစွာနဲ့ပဲ ထန်ထန် နဲ့ တခြားသူတွေကို သူတို့ရဲ့ တိုက်ခန်းအသစ်ဆီသို့ ခေါ်သွားလိုက်တယ်
တုန်းလီတို့နှစ်ယောက် ကတော့ အနောက်မှနေ၍ တစ်ယောက်ကိုတစ်ယောက် စောင်းကြည့်နေကြတယ်။
ရှောင်ကျိုးက ကျိယန် ပုခုံးပေါ်မှနေ၍ အကူအညီမဲ့စွာနဲ့ ပြောလိုက်တယ်
“ ဒယ်ဒီ, ချစ်ဖို့ကောင်းတဲ့ပုံစံနဲ့ ကြီးပြင်းလာရတာက တခါတလေ အရမ်းဒုက္ခများတာပဲလို့ သားထင်တယ်’’
ကျိယန်နှုတ်ခမ်းထောင့်တွေ အပေါ်သို့မြင့်တက်ကုန်တယ်။
- - - - - - - - - - - - - - - - - - - -
သဘာ၀ကျစွာနဲ့ပဲ သူတို့အုပ်စုက တိုက်ခန်းတွေမှာနေတဲ့သူတွေရဲ့ အာရုံကို ဆွဲဆောင်သွားတယ်။ သူတို့အားလုံးက မိသားစုအသစ်ပြောင်းရွေ့လာမှန်း ခန့်မှန်းကြပြီး အနားမှာဝိုင်းအုံလာကြတယ်။
အသက် ၄၀ ခန့်ရှိတဲ့အမျိုးသမီးက အနားသို့ရောက်လာပြီး ကျိယန် ကိုပြောလိုက်တယ်
“ ရှောင်ကျိ မင်းရဲ့မိသားစုတွေ ပြောင်းလာတာလား...’’
ထိုအမျိုးသမီးက တပ်ရင်းမှုးရဲ့ ဇနီးဖြစ်ပြီး ကျိယန် နဲ့လဲအတော်လေးရင်းနှီးတာကြောင့် ခေါင်းငြိမ့်ပြလိုက်တယ်
“ မရီး...ကျွန်တော့် အမျိုးသမီးနဲ့ ကလေး က ဒီမှာနေဖို့ပြောင်းလာတာလေ’’
တပ်ရင်းမှုးဇနီးက အရမ်းပျော်သွားပြီး
‘’ အာ, ကောင်းတာပေါ့, အခုကစပြီး မင်းမိသားစုနဲ့ အတူတူနေတော့မှာပေါ့, ဒါက မင်းရဲ့သားလေးပဲဖြစ်ရမယ်, သူကအရမ်းချစ်ဖို့ကောင်းတာပဲ’’
ကျိရှောင်ကျိုး က ချိုသာစွာနဲ့ နှုတ်ဆက်လိုက်တယ်
“ဟဲလို အန်တီ, သားနာမည် ကျိရှောင်ကျိုး ပါ’’
‘’အမလေး, သူ့မှာ အပြုအမူကောင်းလေးတွေ ရှိနေတာပဲ’’
အမျိုးသမီးက ရှောင်ကျိုး ရဲ့လက်ကိုဆွဲရင်း ကျိယန် အနောက်မှာရပ်နေတဲ့ ချိုင်းထောက်နဲ့ ထန်ထန် ကိုလှမ်းကြည့်လိုက်တယ်။ ထို့နောက် ကျီယွဲ့ ကိုဆက်ကြည့်လိုက်ပြန်တယ်။
သူမက ကျိယန် ဇနီးက ဘယ်သူမှန်း သေချာမသိဘူးဖြစ်နေတယ်။ သူမစိတ်ထဲမှာတော့ ကျီယွဲ့ က ပိုတူနေပေမယ့်လဲ ထန်ထန် က ကျိယန် နဲ့ပိုနီးကပ်စွာရပ်နေတဲ့အတွက် ကျိယန် ဇနီးဖြစ်နိုင်တယ်။ ဒါပေမယ့် ပုံပန်းသဏန်အရဆိုရင်တော့ ဒါကမဖြစ်နိုင်လောက်ဘူး။
မသေချာတဲ့မျက်နှာထားနဲ့အမျိုးသမီးကို ထန်ထန် ကြည့်ရင်း သူမနှလုံးသားကိုဖျစ်ညှစ်ထားသလို ခံစားလိုက်ရတယ်။ ပေါင်ပေါင်ဒယ်ဒီနားကို သူမဒီလောက်တောင်ကပ်ထားတာတောင် မသိသာသေးဘူးလား...သူမစိတ်ထဲမှငိုမိပြီလေ။ ဘယ်လိုတောင် ရုပ်ဆိုးလိုက်လဲငါလေးလဲ, အာ…! , သူမခေါင်းကိုငုံ့ကာ အရိုးစုလိုဖြစ်နေတဲ့ သူမကိုယ်သူမ ခဏလောက် ကြည့်လိုက်မိပြီး တခြားသူကို အပြစ်မတင်သင့်ကြောင်း ဆုံးဖြတ်ချက်ချလိုက်တယ်။ ကိစ္စမရှိပါဘူး သူမကိုယ်သူမ မိတ်ဆက်လိုက်ရုံပဲပေါ့။
သူမ စကားပြောဖို့ပြင်လိုက်ချိန်မှာပဲ ကျိယန်က သူမကိုမိတ်ဆက်ပေးလိုက်တယ်
“ မရီး...ဒါကျွန်တော့ အမျိုးသမီး ထန်ထန်ပါ, သူတို့ပြောင်းလာပြီဆိုမှတော့ အစ်မကိုပဲအားကိုးရတော့မှာပဲ’’
တပ်ရင်းမှုးဇနီးက စဉ်းစားနေရမှသတိဝင်သွားပြီး ပြုံးလိုက်ကာ
“ ရတာပေါ့, တခုခုလိုတာနဲ့ အစ်မကိုရှာလိုက်ယုံပဲ, ဒီမှာနေတဲ့သူတွေအားလုံးက မိသားစုတွေလိုပဲ, ယဉ်ကျေးဖို့မလိုဘူး’’
ထန်ထန်က သူမရဲ့ခံစားချက်တွေကို ထိန်းချုပ်လိုက်ပြီး ချိုသာတဲ့အပြုံးလေးနဲ့
“ ကျေးဇူးတင်ပါတယ်...မရီး...ကျွန်မတို့အထုတ်တွေဖြေပြီး အခန်းကိုနေရာချပြီးရင် အိမ်ကိုလာလည်ပါဦး"
‘’အာ, ဟုတ်တာပေါ့, လာလည်ရမှာပေါ့, မင်းတို့တွေ လုပ်စရာရှိတာတွေ သွားလုပ်ကြတော့လေ, ငါ့ကြောင့်နောက်ကျကုန်ဦးမယ်’’
စကားပြောပြီးတဲ့နောက် ကျိယန် က သူတို့ကို အဆောက်အအုံဆီသို့ ခေါ်ဆောင်သွားတော့တယ်။
သူတို့ပျောက်ကွယ်သွားတာနဲ့ အိမ်ရှင်မတစ်ချို့က စုရုံးကာ အတင်းပြောခြင်းအလုပ်ကို စတင်လိုက်ကြတော့တယ်။
‘’အဲ့ဒါ တပ်ရင်းမှုး ကျိ ရဲ့ဇနီးလား... ဘာလို့သူမလဲ... ‘’
သူတို့က စကားကိုအဆုံးသတ်ဖို့ အစီအစဉ်မရှိကြပေ။
‘’အဲ့ဒါဟုတ်တယ်, တပ်ရင်းမှုး ကျိ က အရမ်းတော်ပြီး အရာရာတိုင်းမှာ ထူးချွန်နေလွန်းတယ်။ ဒါကြောင့် သူ့အမျိုးသမီးက နတ်ဘုရားမလို လှနေမယ်လို့ ငါထင်ခဲ့တာ’’
‘’လူတစ်ယောက်ကို အပြင်ပန်းပုံစံကြည့်ပြီး မဆုံးဖြတ်သင့်ဘူး, သူ့ဇနီးကလဲ အရမ်းတော်လို့နေမှာပေါ့ဟ, မဟုတ်ရင် တပ်ရင်းမှုး ကျိ က ဘယ်လိုလုပ်ပြီး သူမကို သဘောကျမှာလဲ, အရင်ကတည်းက တပ်တွင်းယဉ်ကျေးမှုအဖွဲ့က အလှလေးတွေကိုတောင် တစ်ချက်လှည့်ကြည့်ခဲ့တာမဟုတ်ဘူး ‘’
‘’အဲ့ဒါတော့ အမှန်ပဲဟ…’’
တပ်ရင်းမှုးဇနီးက အိမ်ရှင်မတွေစုပြီး ထန်ထန် အကြောင်းပြောနေတာတွေ့တဲ့အခါမှာ သူမမျက်မှောင်ကြုတ်ပြီး ပြောလိုက်တယ်
“ လူတွေနောက်မှာ သူတို့အကြောင်းကိုမပြောသင့်ဘူး, သူတို့သဘောကျတဲ့သူကိုရွေးချယ်ဖို့ သူတို့မှာအခွင့်အရေးရှိတယ်။ သူတို့တွေတစ်ယောက်ကိုတစ်ယောက် သဘောကျနေရင်အဆင်ပြေနေပြီ’’
တခြားသူတွေကလဲ မပြောသင့်မှန်းသိတဲ့အတွက် ရှက်ရွံ့စွာနဲ့ ပြုံးပြပြီးနောက် အလျင်အမြန် ပျောက်ကွယ်သွားကြတယ်။
ဒါပေမယ့် အိမ်ယာတစ်ခုလုံးမှာတော့ တပ်ရင်းမှူး ကျိ ရဲ့ဇနီးက ရုပ်ဆိုးတယ်ဆိုတဲ့ ကောလဟာလက ပြန့်နှံ့သွားပြီဖြစ်တယ်။