အခန်း ၆၂
ကျန်းဆုန်းနဲ့ဖုန်းပြောတာ ဖုန်းချပြီးနောက် ဖုရိကျယ် ကုလားထိုင်ပေါ်ပြန်လှဲကာ ခေါင်းကို နောက်သို့လှန်ပြီး မျက်နှာကျက်ပေါ်ရှိ မီးအိမ်ကို စိုက်ကြည့်နေသည်။
မီးအိမ်ကို ဘယ်တုန်းက လဲလိုက်တာပါလိမ့်။ အရင်မီးအိမ်က အရမ်းရိုးရှင်းတဲ့ လေးထောင့်မီးအိမ်လေး။ ဖုခွင်းက အဖြူရောင်မီးလုံးနဲ့ ဘယ်အချိန်က အစားထိုးဘိုက်လဲတော့ မသိ။ အချိန်အတော်ကြာအောင် ကြည့်ပြီးနောက် ထသွားပြီး ကိုက်စားကြည့်ချင်လာသည်။
ချစ်သူများနေ့။
ဖုရိကျယ် ငြိမ်သက်ပြီး အဲဒီအကြောင်းကို တွေးပြီးတဲ့အခါမှာတော့ Valentine's Day မှာ အပြင်ထွက်ဖို့ချိန်းမယ့် အစီအစဉ်ကို တုံ့ဆိုင်းသွားသည်။
ဖုခွင်းကိုသူ ကတိပေးထားတယ်။ ထိန်းချုပ်ထားပါ့မယ်လို့။
ယခုလက်ရှိ သူက သူ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကို ဆုပ်ကိုင်ထားဆဲဖြစ်သော်လည်း ဖုခွင်းရဲ့ အတွေးကို အမြဲလိုလို နားမလည်နိုင်ဘူး။
ဖုခွင်း ဘာတွေတွေးနေတာလဲ။
ဘာပဲဖြစ်ဖြစ် ဖုခွင်းရဲ့ သူ့အပေါ် တုံ့ပြန်မှုတွေဟာ ဇီဝကမ္မဆိုင်ရာ တုံ့ပြန်မှုသက်သက်သာဖြစ်ကြောင်း သူ မယုံကြည်နိုင်ဘဲ၊ တခြားအတွေးနည်းနည်းများပါနေမလားလို့ သူသိချင်လှသည်။
ဒါပေမယ့်... သူသိသွားရင် ဘာဖြစ်မလဲ။
ဖုခွင်းက သူ့ နှလုံးသားထဲတွင် ဘာတွေတွေးနေသည် ကို သိသည်ဖြစ်စေ၊ သူ မည်သို့ပင် တွေးနေပါစေ သူ့ သဘောထားက အလွန် ရှင်းလင်းနေပြီ ဖြစ်သည် ၊ သူ သိလျှင်တောင် ဘာမှ ပြောင်းလဲနိုင်မည် မဟုတ်ပေ။
တစ်နေ့မှာ သူဝန်ခံပြီး ဖုခွင်းကို ဖွင့်ပြောရရင်တောင် ဖုခွင်းက ဒီလိုပဲ ပြန်ဖြေနေမယ်ဆို ဘယ်လိုလုပ်မလဲ။
သူ ရုတ်တရက် အနည်းငယ် ငြီးငွေ့လာသည်။
ဖုရိကျယ် မတ်တပ်ထရပ်လိုက်သည်။ ဒီအရာတွေကို သူဘယ်လောက်ပဲတွေးနေနေ၊ အဲဒါတွေကို ဘယ်လောက်ပဲတွေးနေပါစေ သူ့မှာ အဖြေမရှိဘူး၊ ခြေလှမ်းတစ်လှမ်းပြီးတစ်လှမ်း ရှေ့ဆက်ဖို့ကလွဲလို့ ဘာကိုမှ ပြောင်းလဲနိုင်စွမ်းမရှိတော့ဘူး။
ထို့အပြင် ဖုခွင်းက သူ့ကို တားထားသည် ။
အိပ်ခန်းထဲက ထွက်လာတော့ ဖုခွင်းက ဆိုဖာပေါ်မှာ တီဗီကြည့်ရင်း လဲလျောင်းနေပြီး လောင်မားက ဖုန်းပြောနေသည်။ ဒီနှစ် နှစ်သစ်ကူးတွင် အဖွားအိမ်ကို သွားကြမှာဖြစ်ပြီး အဖွားကို ဟင်းသီးဟင်းရွက်ဝယ်ဖို့ အိမ်သန့်ရှင်းရေးလုပ်ဖို့ ရံဖန်ရံခါ ဖုန်းဆက်မေးနေသည်။
"ကျွန်မ ရထားမစီးလာတော့ဘူး၊ နီးနီးလေးကို ခွင်းလေးလည်း မောင်းလို့ရတယ်၊ နှစ်သစ်ကူး ပစ္စည်းတွေ ယူလာလို့လည်းရသေးတယ်" မားက "မရှင်းပါနဲ့၊ အကြာကြီးနေလို့မရဘူး၊ နှစ်ရက်လောက်နေရင် ရိကျယ်က ကျောင်းစဖွင့်တော့မှာဆိုတော့ သာ့ထုန်ကဆိုင်ကိုလည်း သိပ်အကြာကြီးမပိတ်ထားနိုင်ဘူး... ဟေး အခု ဆိုင်နှစ်ဆိုင်ရှိနေပြီ၊ တယောက်ငှားထားတာတောင် မအားနိုင်ဘူး၊ နှစ်သစ်ကူးမှာ အလုပ်ကအရမ်းရှုပ်တာ"
"ဘွားဘွားကြီးကို ကျွန်တော့်ကိုလာကြည့်ကူဖို့ပြောလိုက်။ သူ့ကို တစ်လ ယွမ်နှစ်ထောင်ပေးမယ်လို့။" ဖုခွင်းက ဆိုဖာပေါ်တွင် ပျော်ရွှင်စွာ အိပ်နေလိုက်သည်။
ဖုရိကျယ် ရေချိုးခန်းထဲဝင်ဖို့လုပ်ပေမယ့် သူ့အကြောင်းမတွေးတော့ဘဲ ဆိုဖာရှေ့က ကြမ်းပြင်ပေါ်မှာ ထိုင်လိုက်ပြီး ဆိုဖာကို မှီလိုက်သည်။
ဖုခွင်းက သူ့ခေါင်းကို ကုတ်ပေးနေတာမို့ သူ့သခင်ရဲ့ အထိအတွေ့ကို ခံစားနေတဲ့ ခွေးကလေးလို ခံစားရပြီး မျက်လုံးတွေကို အမြန်မှိတ်လိုက်သည်။
"မင်းအဖွားက မင်းနဲ့စကားပြောချင်နေတယ်" မားက ဖုခွင်းထံ ဖုန်းကို ပေးလိုက်ပြီး "မင်းဘဝရဲ့ အရေးကြီးတဲ့ အဖြစ်အပျက်ကို သူထပ်မေးလိမ့်မယ်ထင်တယ်"
ဖုခွင်း ဖုန်းကိုယူဖို့ ဆန့်ထားတဲ့လက်ကို ချက်ချင်းပြန်ရုတ်လိုက်ပြီး "ဟေး ကျွန်တော်မပြောတော့ဘူး၊ အဖွားက သေအောင် မေးနေမှာ..."
ဖုရိကျယ်က သူ့လက်ချောင်းများကို ငုံ့ကြည့်နေသည်။
“တစ်ခွန်းနှစ်ခွန်းလောက်တော့နူတ်ဆက်ပေါ့” မားက ကြိမ်းလိုက်သည်။
"အဲ့တာကို လွန်နေပြီမို့လား?" ဖုခွင်းက ဖုန်းကို ကူကယ်ရာမဲ့ ပြန်ဖြေရင်း "ဖွားဖွားကြီး၊ ဖွားမှာ နုပျိုဆေးတွေရှိနေတာလား... ဒီလောက်အထိ အရွယ်တင်နုပျိုနေတာ"
"တရုတ်နှစ်သစ်ကူးမှာ သားခေါ်ထားတဲ့လူကလည်း နှစ်ရက် အနားယူမှာ၊ ဒါမို့ သား မကြာခင် ပြန်သွားရမှာ... အဘွား..." ဖုခွင်းက အကြောင်းအရာကို ပြောင်းချင်ပေမယ့် မအောင်မြင်ဘူး။ အဲဒါကို အဖွားပြောမှာကို သိပြီး ဖုခွင်းက ဆံပင်တွေကို ကုတ်ကာ "အာ ... စိုးရိမ်မနေပါနဲ့၊ ဖွားရဲ့မြေးအကြီးတောင် မရှိသေးဘူးမို့လား၊ ဘာလို့ သားကို စိတ်ပူနေတာလဲ၊ သားမှာ အချိန်မရှိဘူး... ပိုက်ဆံရှာရအုန်းမယ်၊ ကောင်မလေးဆိုတာက... ဟေး သားသိပါပြီ..."
ဖုခွင်းက အဖွားနဲ့ အချိန်အတော်ကြာအောင် ပြောခဲ့ရသည်။ ဖုန်းချပြီးနောက်တွင် သူ သက်ပြင်းချလိုက်သော အသံဖြင့် "အဖွားက ငါ့ကို အသက်လေးဆယ်လောက်ရှိနေပြီ လို့ သဘောထားတယ်။ အခုမှအိမ်ထောင်မပြုရင် မမှီတော့သလိုလုပ်နေတယ်။"
“လခွမ်း ” အိပ်ခန်းထဲက လောင်ပါးက ထွက်လာပြီး “လေးဆယ်ကျော်ရင် မစွမ်းနိုင်ဘူးလို့ ဘယ်သူပြောလဲ၊ မင်း ကြည့်လိုက် မင့်အပါး ဘယ်လို ပြကွက်တွေ လုပ်ပြမလဲဆိုတာကို…”
"ဖုကျန်းကော် ပါးစပ်ပိတ်ထားစမ်း!" မားက "ရှင်က ဘာဖြစ်ချင်နေတာလဲ၊ လူယုတ်မာ!"
ဖုရိကျယ်က ခေါင်းငုံ့ကာ တခစ်ခစ် ရယ်မောပြီး ဖုခွင်းလည်း မအောင့်နိုင်တော့ဘဲ ရယ်ကာ "ဘာပဲဖြစ်ဖြစ် ငါ့အပါးက အသက်ခုနစ်ဆယ်ထိရနိုင်သေးတယ်"
"မပြီးနိုင်ဘူးလား၊ မင်းညီရှေ့မှာ နှစ်ယောက်က ဘာလို့ ဒီလောက် အရှက်မဲ့နေကြတာလဲ!" လောင်မားက သူ့ကို ကျော်ပြီး ဖုခွင်း ဗိုက်ကို ရိုက်လိုက်သည်။
"မင်းမျက်နှာ သစ်ပြီးရင် အိပ်တော့" ဖုခွင်း က ပြုံးပြီး ဖုရိကျယ် ပုခုံးကို လက်နဲ့ ပုတ်ကာ "နားနေတော့"
ဖုရိကျယ် ရေချိုးခန်းထဲဝင်သွားပြီး တံခါးပိတ်ပြီးနောက် သက်ပြင်းချလိုက်သည်။
အိမ်မှာနေရတဲ့ အေးအေးဆေးဆေး နွေးထွေးတဲ့ ခံစားချက်က သူ့ဘ၀မှာ အဆုံးရှုံးမခံချင်တဲ့အရာပင်။
ဖုခွင်းလည်း အလားတူနေမှာပဲ။
အရာအားလုံးက တကယ်ပဲ နောက်ပြန်လှည့်လို့မရနိုင်ဘူးဆိုရင် ဖုရိကျယ် ဘယ်လိုအခြေအနေမျိုးဖြစ်သွားမလဲဆိုတာ တွေးကြည့်လို့မရဘူး။
ဖုခွင်း စိတ်ထဲမှာ ဘယ်လိုပဲတွေးနေပါစေ အဲဒီခြေလှမ်းကို ဘယ်သူကမှ လွယ်လွယ်နဲ့ လှမ်းဝံ့မှာ မဟုတ်ဘူး။
ဖုရိကျယ်က သူ့အဝတ်အစားများကို ချွတ်ကာ ရေကိုဖွင့်ပြီး ရေပန်းအောက်တွင် ထိုင်ကာ သူ့ဆံပင်မှ ရွှဲနစ်နေသော ရေစက်များကို ငေးကြောင်စွာဖြင့် ကြည့်နေသည်။
ရေချိုးခန်းတံခါးကို တစ်စုံတစ်ယောက်က လာခေါက်ပြီးမှ သူ ရုတ်တရတ် သတိပြန်ဝင်လာသည်။
"မင်း မှိုစိုက်နေတာလား" ဖုခွင်း ရဲ့အသံက တံခါးဝကနေဝင်လာပြီး "မြန်မြန်လုပ်၊ ငါဆီးသွားချင်နေတာကြာပြီ၊ ကြိုးနဲ့ချည်ထားရပြီ"
"ကျွန်တော် ရေချိုးပြီးပြီ။" ဖုရိကျယ်က မျက်နှာသုတ်ပုဝါကို အမြန်ဆွဲကာ ပေါ့ပေါ့ပါးပါး သုတ်လိုက်ပြီး အတွင်းခံဘောင်းဘီကို ဝတ်ကာ တံခါးကို ဖွင့်လိုက်သည်။
ဖုခွင်းက ပြေးဝင်လာပြီး " ချွေးထုတ်နေတာလားမင်း၊ နောက်ဆို ပြတင်းပေါက်တွေကို ဖွင့်ထားစမ်း မြင်တောင်မမြင်ရတော့ဘူး အငွေ့တွေဆိုင်းနေတာပဲ..."
"အင်း" ဖုရိကျယ် ခေါင်းငုံ့ပြီး ရေချိုးခန်းထဲက ထွက်သွားသည်။
အိပ်ခန်းထဲသို့ဝင်ကာ တာတာမီပေါ်တွင် လှဲချရင်း အသက်ပြင်းပြင်းရှူကာ မျက်လုံးမှိတ်ကာ မေ့ပစ်ရန်ကြိုးစားမိသည်၊ ဖုရိကျယ် မင်း မေ့ပစ်ရမယ်။
မင်းဘာလို့ ဖုခွင်း မင်းကို ထပ်ပြီး စိတ်ပူအောင် လုပ်မှာလဲ။
နှစ်သစ်ကူးမတိုင်ခင်ရက်များတွင် ဖုခွင်း ကုန်ပစ္စည်းတွေအကုန်ဝယ်ဖို့ အပြေးအလွှားနေခဲ့ရပြီး ကုန်ပစ္စည်းအားလုံးဝယ်ပြီးတဲ့အခါ လင်းယွမ်ယွမ်အတွက် စာအိတ်အနီတစ်လုံးကို ကြိုတင်ပေးထားခဲ့သည်။ ကလေးမလေးကနှစ်သစ်ကူးကာလမှာ ဒေသတွင်းမှာ ရှိနေမှာဖြစ်လို့ သုံးဆယ်ရက်နေ့နှင့် နှစ်သစ်၏ပထမနေ့ကလွဲရင် သူမက ဆိုင်မှာ တချိန်လုံးကိုကုန်ဆုံးနေမည်ဖြစ်သည်။
နှစ်သစ်မှာ အဖွားအိမ်သွားရတာ အိမ်ပြောင်းရတာနဲ့တူနေသည်။ အဖွားက ဒီနှစ် မိသားစုအားလုံးလာမယ်ပြောတော့ ပါးနဲ့မားက နှစ်သစ်ကူးပစ္စည်းတွေ အများကြီးဝယ်ပြီး ဖုခွင်း ရဲ့ Chang'an star ပေါ် အလျှံပယ် ဖြည့်ခိုင်းတာတောင် ရှိသေးသည်။ ဝက်ခြေထောက်
နှင့် ဝက်သားအများအပြား။သိုးသားများပင် သယ်ယူသွားရန်ပြင်ဆင်ထားသည်။
"ကံကောင်းတာက၊ ဒါက ဗင်ကားမို့လို့။" ဖုရိကျယ်က သူ့ခါးကို ကွေးပြီး ကားထဲမှာ အချိန်အတော်ကြာအောင် ပြင်ဆင်နေရင်း "ဒါသာ ကားအသေးဆိုရင် နောက်ဖုံးတောင် ပိတ်လို့မရလောက်ဘူး။"
"မင်းပဲပြော၊ အရင်ကဆို ကားသေးသေးလေး မပြောနဲ့ သုံးဘီးကားဝယ်ဖို့ပြောနေတာမဟုတ်ဘူးလား။ မင်းတို့ နောက်ထိုင်ခုံမှာထိုင်ပြီး ဒီဟာတွေကို ကိုင်ထားရမယ်။ ဝက်က မင်းကိုင်ထား၊ သိုးခြေထောက်ကို ချိတ်သွား..." ဖုခွင်း ကားကို စစ်ဆေးကြည့်ရင်း သူ့ဘေးနားမှာ လာရပ်ကာ နှာခေါင်းကို သုတ်ပေးပြီး "ချွေးထွက်နေပြီ "
"အင်း" ဖုရိကျယ်က တုံ့ပြန်လိုက်ပြီး ခေါင်းငုံ့ကာ မျက်နှာကို ဖုခွင်း ၏နောက်ကျောသို့ ဖိလိုက်သည်။
"ငါ့အင်္ကျီနဲ့ မသုတ်နဲ့" ဖုခွင်းကရယ်ပြီး "ဒီနေ့ ငါ့ဒီအဝတ်အစားကို ပထမဆုံးအကြိမ် ဝတ်တာ"
"သုတ်မှာပဲ" ဖုရိကျယ်က ပြန်အော်ပြီး ဖုခွင်း ၏လက် ကောက်ဝတ်ပေါ်ရှိ လက်ကောက်ကိုထိရန် လက်ကိုဆွဲလိုက်သည်။
"မြန်မြန်လုပ်၊ အပေါ်ထပ်တက်ပြီး မားတို့ကို ဆင်းခဲ့ခိုင်းတော့။ မင်းမသွားရင် အမြန်လမ်းပေါ်တက်ဖို့ နှစ်နာရီလောက်ကြာလိမ့်မယ်။"
ဒီနှစ် တရုတ်နှစ်ကူးမှာ အဖွားဘက်က အမျိုးတွေပြည့်နေပြီး အဖွားနဲ့ အဘိုးက အရမ်းပျော်နေသည်။နေ့တိုင်း မနက်စောစောထပြီး ထမင်းချက်ဖို့လုပ်ကြပြီး ဖုရိကျယ်က သူတို့နှစ်ယောက် မီးဖိုချောင်ထဲမှာပဲ တစ်နေ့လုံး နေနေကြတယ်လို့တောင် ခံစားရတယ်။
ဖုရိကျယ်က လူများပြည့်နေသော အခန်းကို ကြည့်လိုက်ပြီး နှစ်သစ်ကူးအတွက် သူ့မိသားစုကို သူ့အဖိုးအဖွားအိမ်သို့ ပထမဆုံးအကြိမ် လိုက်သွားသည်ကို သတိရမိသည်။
ထိုအချိန်တွင် သူသည် ငယ်ရွယ်သေးပြီး အကြောင်းအရာများစွာကို ရှင်းရှင်းလင်းလင်း မမှတ်မိနိုင်ပေမယ့် ဖုခွင်းနောက်ကို စိတ်လှုပ်ရှားစွာ လိုက်နေသည်ကို သတိရသေးသည်။ သူ ဖုခွင်း သွားလေရာနောက် လိုက်သွားလေ့ရှိသည်။
ယခု သူကြီးပြင်းလာသည်နှင့်အမျှ အချို့သော ခံစားချက်များသည် ယခင်အတိုင်းပင် ရှိနေဆဲဖြစ်သည်။ ဖုခွင်းနောက် ခြေလှမ်းတိုင်းကို မလိုက်နိုင်တော့သော်လည်း သူ့မျက်လုံးများက ဖုခွင်းကိုသာ အလိုအလျောက် ကြည့်မိနေဆဲဖြစ်သည်။
သူ အဖွားအိမ်မှာနေတဲ့ ရက်အနည်းငယ်အတွင်း ဖုခွင်းက အဒေါ်တွေ ဦးလေးတော်တော်များများနဲ့ စကားပြောနေတာကို ကြည့်ရင်း သူ့တူလေးကို ကျီစားနေတာကို ကြည့်နေရင်း ဖြတ်သန်းခဲ့သည်။
အဖွားက ဖုရိကျယ်ကို ငယ်တုန်းကလိုပဲ စကားများများမပြောဟု ပြောသော်လည်း ဖုရိကျယ်က သူ့ကိုယ်သူ စကားပြောတတ်သူမဟုတ်ဟု မခံစားမိချေ။ ဖုခွင်းနဲ့သာဆို သူ တစ်ညလုံး မရပ်မနား စကားပြောနိုင်သည်။
ဒီနှစ်က မတူဘူး၊ ဖုရိကျယ် အမြဲတမ်း ငြီးငွေ့နေသည်။
အဖွားအိမ်မှာ နှစ်သစ်ကူးအကြို ဆူညံပွက်လောရိုက်ပြီးနောက် အိမ်ကိုပြန်ရောက်တော့ ဖုခွင်းက ကားအလွတ်နဲ့ အိမ်ပြန်ခဲ့ပြီး မားနဲ့ပါးက သူတို့ပြန်သယ်လာတဲ့ပစ္စည်းတွေကို ထုပ်ပိုးနေတုန်း အိမ်ခန်းထဲကိုဝင်ပြီး ခေါင်းအုံးပေါ်လှဲကာ ကြိမ်ဖန်များစွာ လှည့်ပတ်ရင်း "ဟေး ငါ ပင်ပန်းနေပြီ။"
ဖုရိကျယ်က ဘေးနားက ရပ်ရင်း သူ့ကိုကြည့်ကာ ဖုခွင်းရဲ့ ပင်ပန်းတယ်ဆိုတဲ့စကားကို ကြားရတာတောင် သူက တခြားအဓိပ္ပါယ်တွေ တွေးမိနေသည်။
ဒီအတိုင်းသာ ဆက်သွားရင် တဖြည်းဖြည်း ရူးတော့မှာဘဲ။
"မနက်ဖြန် သာ့ထုန်ကို သွားမှာလား" ဖုရိကျယ်က သူ့အင်္ကျီကို ချွတ်လိုက်ပြီး ဝရန်တာကို လှမ်းကြည့်လိုက်တော့ ပြတင်းပေါက်အပြင်ဘက်တွင် နှင်းတွေကျနေသည်။
"အင်း သွားကြည့်ရမယ်၊ လွန်ခဲ့တဲ့နှစ်ရက်က လူတွေအများကြီးလာမှာဆိုတော့" ဖုခွင်းက နောက်ပြန်လှည့်ပြီး "မကြာခင် ကျောင်းဖွင့်တော့မယ်"
"Valentine's Day ပြီးရင် သွားရတော့မယ် " ဖုရိကျယ်က Valentine's Day ဆိုတဲ့ စကားလုံးကို သူဘာလို့ ရုတ်တရက် ပြောမိမှန်းမသိဘူး။
"အင်း၊ Valentine'sDay နီးလာပြီ" ဖုခွင်းက "နှင်းဆီပန်းတွေ ချောကလက်တွေ လမ်းမတွေပေါ်မှာ ထပ်ပြီး ဖြည့်ဖို့ အချိန်တန်ပြီ" ဖုခွင်းက စိတ်ကူးမရှိသလိုပဲ။
ဖုရိကျယ် ပြုံးပြီး စကားထပ်မပြောဘဲနေလိုက်သည်။
Valentine's Day မှာ ဘာလုပ်ရမလဲဆိုတာ ဖုရိကျယ် 13 ရက်နေ့အထိ နောက်ဆုံးရလဒ်ကို မသိသေးဘူး။
နေ့ခင်းကို တိတ်တိတ်လေး လျှောက်သွားဖို့ တွေးထားပြီး မနက် စောစောထပြီး အပြင်ထွက်ဖို့ ဖုန်းပြန်ဖြေရန် ဟန်ဆောင်ပြီးမှ ညဘက် ပြန်လာဖို့ စဉ်းစားထားသည်။
သို့သော် 14 ရက်နေ့ နံနက်စောစော အိပ်ရာနိုးသောအခါ ဖုခွင်းက အိပ်ရာကထသွားပြီ။
ဖုရိကျယ် သူ့ရင်ခွင်ထဲတွင် စောင်ကို ဖတ်ထားကာ တာတာမီပေါ်တွင် ထိုင်နေပြီး အကြာကြီး အံ့အားသင့်သွားခဲ့သည်။ ဖုခွင်းလည်း သာ့ထုန်သို့သွား၍ အိမ်တွင် တစ်ယောက်မှမရှိပေ။ယနေ့သည် သူတွေးသည်နှင့်မတူဘဲ ရှင်းရှင်းလေးပင် စတင်ခဲ့သည်။
"ဟေး။" ဖုရိကျယ် နံရံကို အကြာကြီးစိုက်ကြည့်ပြီးမှ တစ်ချက်ပြုံးပြရုံမှတစ်ပါး မတတ်နိုင်တော့ပေ။
ဒီနေ့ အမေ အိမ်မှာ မရှိတော့ဘူး မိတ်ဆွေဟောင်းတွေ နဲ့ ပျော်ပွဲရွင်ပွဲ လုပ်နေ တော့ နေ့ခင်းဘက် ဘယ်သူမှ ဟင်းချက် မနေဘူး။ ဖုရိကျယ် အိမ်မှာ ခဏတဖြုတ် စာအုပ် တစ်အုပ် ဖတ်ပြီးမှ တစ်ယောက်တည်း အပြင်ထွက်သွား သည် ။
သူထိုင်ဖို့ မနက်စာဆိုင်ကိုတွေ့တာနဲ့ ဖုခွင်းက ဖုန်းဆက်လာသည် "စားပြီးပြီလား?"
"မစားရသေးဘူး၊ အခုမှစားမလို့။" ဖုရိကျယ်က စားပွဲပေါ်က မီနူးကို ကြည့်ပြီး ထမင်းနဲ့စွပ်ပြုတ် ဒါမှမဟုတ် ခေါက်ဆွဲတစ်ပန်းကန် မှာရမလားလို့ တွေးမိသည်။
"စားပြီးရင် ပါဆယ်ယူလာပေးအုန်း၊ သာ့ထုန်မှာရှိတဲ့ အမြဲစားနေတဲ့ ဆိုင်ပိုင်ရှင်က ပြန်မလာသေးဘူး!" ဖုခွင်းက အရမ်းစိတ်ပျက်နေသလိုပုံနှင့် "လင်းယွမ်ယွမ်က ထမင်းဘူးယူလာပေမယ့် ငါမစားချင်ဘူးဖြစ်နေလို့... “
ဖုရိကျယ်က ထမင်းစားပြီးရင် မင်း ငါဒိတ်မလားလို့ ပြောမိတော့မလိုပင်။ သူအပြင်ကို မော့ကြည့်လိုက်တော့ မနက်စာဆိုင် ပြတင်းပေါက်ကနေ လူတစ်ယောက် ဖြတ်သွားနေတာကို တွေ့လိုက်ရတော့ ခဏလောက် အေးခဲသွားပြီး ချက်ချင်း မတ်တပ်ရပ်လိုက်သည်။
"ဘာစားမှာလဲ ..." ဖုခွင်းက ဟိုဘက်ကနေ မေးသည်။
"မင်း လင်းယွမ်ယွမ် နဲ့ ဘာလို့ မစားချင်ရတာလဲ နောက်မှ ဖုန်းဆက်လိုက်မယ်" ဖုရိကျယ်က အမြန်ပြောပြီး ဆိုင်ထဲက ပြေးထွက်သွားသည်။
ခုနက သူမြင်ဖူးတဲ့လူက ဝေးဝေးမသွားဘဲ သူ့ရှေ့မှာ ရောက်နေသည်။
ထိုလူက ရပ်ပြီး လှည့်ကြည့်လိုက်တော့ ဖုရိကျယ်ကိုမြင်ပြီး အံ့သြသွားသည် "ရိကျယ် ?"
"တကယ် မင်းလား" ဖုရိကျယ်က သူ့စိတ်ထဲ အနည်းငယ် စိတ်လှုပ်ရှားသွားသလို "မင်းကို ဆိုင်ထဲကနေ တွေ့လိုက်လို့ ငါမျက်စိမှားနေတယ်ထင်တာ"
"အားလုံးကို..." ကျန်းချင်ခိုင်က သူ့ကို အပေါ်အောက် ငုံ့ကြည့်ရင်း သူ့ပါးစပ်ထောင့်က အပြုံးလေးနဲ့ "မင်းက အရမ်းအရပ်ရှည်လာတယ်"
"မင်းကျ အများကြီး မပြောင်းလဲဘူးပဲ" ဖုရိကျယ်က ပြုံးပြီးပြောလိုက်သည်၊ ကျန်းချင်ခိုင် ကို မတွေ့ရတာ ခြောက်နှစ်၊ ခုနစ်နှစ်လောက်ရှိပြီ ကျန်းချင်ခိုင်ပုံစံက ပိုရင့်ကျက်ပြီး တည်ငြိမ်လာတာကလွဲလို့ အများကြီး မပြောင်းလဲဘူး။
"မင်း ဒိတ်ဖို့ တစ်ယောက်ယောက်ကို စောင့်နေတာလား။" ကျန်းချင်ခိုင်က သူ့ကို မေးသည်။
"...မဟုတ်ဘူး" ဖုရိကျယ်က ခေါင်းခါလိုက်ပြီး "ကိုယ့်ဘာသာ လျှောက်လည်နေတာ အားလပ်ရက်ပဲ"
"ကောလိပ်တက်ပြီးပြီလား ဘယ်မှာလဲ"
"သွားဆေးတက္ကသိုလ်။"
"ကျောင်းကောင်းတယ်" ကျန်းချင်ခိုင် ၏မျက်နှာသည် ရုတ်တရက် အထီးကျန်ဆန်လာကာ ခဏအကြာတွင်၊ "ရှဖေး... လည်းအရင်က ကောလိပ် စာမေးပွဲဖြေချင်ခဲ့သေးတာ"
ထိုစကားများသည် ဖုရိကျယ် ၏ရင်ကို ပြင်းထန်စွာနာကျင်စေသည်။ ရှဖေး၊ ဤနာမည်ကို နှစ်ပေါင်းများစွာ မဖော်ပြတော့ဘဲ ယခု ရုတ်တရက်ကြားလိုက်ရပြီးနောက် ဖုရိကျယ်သည် သူ့နှလုံးသားထဲတွင် ဝှက်ထားခဲ့သော အမှတ်တရများအားလုံး မှောက်လျက်သား ကျသလိုဖြစ်သွားသည်။
"အဆင်ပြေရဲ့လား?" ဖုရိကျယ် ဘာပြန်ပြောရမှန်းမသိ။
"အရမ်းကောင်းပါတယ်" ကျန်းချင်ခိုင်က ပြုံးလိုက်သည်။
ဖုရိကျယ်က ခေါင်းငုံ့ကာ အသက်အောင့်ပြီး "မင်းလက်ထပ်ပြီးပြီလား"
"...မထပ်ရဘူး" ကျန်းချင်ခိုင်က ခေတ္တရပ်လိုက်ပြီး "မထပ်ဘူး" သက်ပြင်းချလိုက်သည်။
ဖုရိကျယ် သက်ပြင်းတစ်ချက်ချလိုက်သည်။ ရှဖေး ကြောင့်လား ဒါမှမဟုတ် သူ့ရင်ထဲက နောက်ဆုံးမျှော်လင့်ချက်ကြောင့်လားမသိ။
"မတွေ့တာကြာပြီ၊ စကားစမြည်ပြောရအောင်" ကျန်းချင်ခိုင်က လှည့်ကြည့်ကာ "အဆင်ပြေရင် ထမင်းစားကျွေးမယ်"
"ကောင်းပါပြီ" ဖုရိကျယ် ခေါင်းညိတ်လိုက်သည်။
သာ့ထုန်က ဒီနေ့ အလွန်စည်ကားနေပြီး အတွဲတွေ အများအပြားရှိကာ မိန်းကလေးများစွာက လက်တစ်ဖက်တွင် နှင်းဆီပန်းများကို ကိုင်ဆောင်ကာ တစ်ဖက်တွင် ရည်းစားကိုကိုင်ထားရင်းမျက်နှာများက ပျော်ရွှင်မှုအပြည့်ရှိနေသည်။
စွန်းဝေက လုချွမ်ယွီ နဲ့ ဈေးဝယ်ထွက်ပြီး နောက်မှတွေ့ဖို့ သာ့ထုန်ကို လာခဲ့မယ်လို့ ပြောခဲ့သည်။ ဖုခွင်းက သူ့ကို ဒေါသဖြစ်မယ့် အစီအစဉ်ကို ပြင်းပြင်းထန်ထန် ငြင်းဆိုခဲ့ပြီး သဘက်ခါ ညစာစားဖို့ ချိန်းဆိုလိုက်သည်။ .
အရင်က ဖုခွင်း Valentine's Day အကြောင်း သိပ်မခံစားခဲ့ရသော်လည်း စွန်းဝေ၏ နှိုးဆွမှုကြောင့်ကော သူ့အဖွားက နှစ်သစ်ကူးကာလအတွင်း ထိုအကြောင်းကို ဆက်ပြောနေသဖြင့် ရုတ်တရက် အနည်းငယ် စိတ်ပျက်သွားခဲ့သည်။
စိတ်ပျက်ရတဲ့အခါတိုင်း သူတစ်ယောက်တည်းမနေချင်ဘဲ ဖုရိကျယ်ကိုပါ သူနဲ့ ခဏလောက်ထိုင်ခိုင်းစေချင်နေသည်။
သို့သော် သူက စကားတစ်လုံးမှ မပြောဘဲ ဖုန်းချသွားခဲ့သည်။
ဖုရိကျယ် ဖုန်းချသွားပြီးနောက် ဖုခွင်း ဖုန်းကို ကြောင်တက်တက်ဖြင့် ခဏကြည့်နေပြီးမှ စာတိုပေးပို့ခဲ့သည်။ "လင်းယွမ်ယွမ်နဲ့ အတူစားဖို့ခွင့်ပြုတယ်ပေါ့။"
လင်းယွမ်ယွမ်ကို မော့ကြည့်လိုက်သည်၊ ကောင်မလေးက ထမင်းဘူးကိုင်ထားပြီး ဆိုင်ရှေ့မှာ ရပ်နေဆဲပဲ၊သူ ဟိုဘက်ကိုကြည့်နေတာကို မြင်တော့ သူမက ချက်ချင်းပင် "မင်းအတွက် ငါ တစ်ဝက် ငါချန်ပေးရမလား?"
"မလိုဘူး ငါထမင်းသွားစားလိုက်မယ်" ဖုခွင်းက သူ့အိတ်ကိုယူလိုက်ပြီး "ပြီးတော့ လေလည်းနည်းနည်းခံချင်လို့"
သာ့ထုန် ဂိတ်အပြင်ဘက်က လမ်းပေါ်တွင် စားစရာရောင်းတဲ့ဆိုင် အနည်းငယ်သာ ရှိသည်၊ ဖုခွင်း လမ်းထောင့်က မာလာခေါက်ဆွဲဆိုင် ကို သွားဖို့ ပြင်လိုက်သည်။
သူထွက်သွားတော့ လမ်းဘေးမှာ စက်ဘီးတွန်းလာတဲ့ လူတစ်ယောက်က လမ်းဘောင်ပေါ်မှာ ကတ်ထူပုံးတစ်ပုံးကိုတင်လိုက်တာကို တွေ့လိုက်သည်။ ဖုခွင်း ဖြတ်သွားရင်း တိုးတိုးတိတ်တိတ် အော်သံကြားလို့ ငုံ့ကြည့်လိုက်တော့ အထဲမှာ ခွေးပေါက်လေးနဲ့ နို့ဘူးသေးသေးလေး ရှိနေသည်။
“ခွေးလိုချင်လား” ထိုလူက မေးသည်။
"မဟုတ်ဘူး" ဖုခွင်းက ကမန်းကတန်း ခေါင်းခါပြီး ထွက်သွားလိုက်သည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီး နောက်ပြန်လှည့်ကြည့်ပြန်သည်။ ဒီလိုအေးတဲ့နေ့မျိုးမှာတောင် ဗူးထဲမှာ သတင်းစာအနည်းငယ်ပဲ ရှိတယ်။
တျိုးတျိုး အကြောင်းတွေးရင်း ဖုခွင်း အနည်းငယ် ဝမ်းနည်းသွားပြန်သည်။
မာလာခေါက်ဆွဲ စားပြီး ပြန်လာသောအခါ ထိုလူသည် ထိုနေရာတွင် ရှိနေသေးသည်။
ခွေးလေးကိုကြည့်နေတဲ့ လူငယ်စုံတွဲတစ်တွဲလည်းရှိသည်၊ကောင်မလေးက အရမ်းစိတ်ဝင်စားပုံပေါ်ပြီး ကောင်လေးက ခွေးကလေးကိုဆွဲထုတ်ပြီး နှင်းပေါ်ပစ်ချပြီး ခြေလှမ်းနှစ်လှမ်းလောက်ပြေးဖို့အော်နေသည်။
ခွေးလေးက တိုးတိုးလေး ညည်းကာ ခြေတစ်လှမ်းမှမ လှမ်းဘဲ ငြင်းဆန်နေသည်။ထိုလူသည် ၎င်း၏တင်ပါးများကို ခြေချောင်းဖြင့် ထိုးလိုက်တော့ ခွေးကလေးသည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းလောက်လှမ်းသော်လည်း တုံ့ဆိုင်းသွားပြန်သည်။
“မလှုပ်ချင်ဘူး ခွေးကနေမကောင်းဘူးလား” ကောင်မလေး အနည်းငယ် စိုးရိမ်သွားသည်။
"စိတ်မပူပါနဲ့ ငါမွေးထားရင် ခွေးက နေကောင်းလာမယ်လို့ အာမခံပါတယ်" ကောင်လေးက ခွေးရဲ့ဖင်ကို ခြေချောင်းနဲ့ အမြန်တွန်းကာ "ပြေး!"
ခွေးလေးသည် နှင်းများပေါ်တွင် တွန်းလှဲခံရပြီး မထနိုင်ဘဲ အော်ဟစ်ညည်းတွားသံများ ပိုမိုကျယ်လောင်လာသည်။
ဖုခွင်း သာ့ထုန်သို့ လျှောက်သွားခဲ့ပြီးဖြစ်သော်လည်း ထိုအသံကိုကြားသောအခါ ရပ်တန့်သွားသည်။
သူက ခွေးတွေကို အထူးနှစ်သက်ခြင်းမရှိသလို တျိုးတျိုးကို ထိဖို့တောင် မဝံ့ရဲဖြစ်နေပေမယ့် ခွေးဟောင်သံကို လျစ်လျူမရှုနိုင်ဘဲ စက္ကန့်အနည်းငယ်ကြာအောင် မတ်တပ်ရပ်ပြီး ပြန်လှည့်လာသည်။
"ဘယ်လောက်လဲ" ဖုခွင်းက နှင်းထဲမှ ခွေးလေးကို ကောက်ယူရန် ငုံ့ကြည့်လိုက်သည်။
"180 ကြိုက်ရင် ယူသွား" လို့ ထိုလူက ပြောသည်။
"ဟေ့ ငါတို့ အရင်ဦးထားတာကို ငါတို့အရင်ယူမယ်။" ကောင်မလေးက အနည်းငယ် မကျေမနပ်ဖြစ်ကာ ခွေးကလေးကို ယူဖို့ လက်လှမ်းလိုက်သည်။
ဖုခွင်းက အံကြိတ်ကာ ခွေးလေးကို ကုတ်အင်္ကျီထဲသို့ ထည့်ပြီး ပိုက်ဆံအိတ်ကို ထုတ်ကာ ယွမ်နှစ်ရာကို ထုတ်၍ ခွေးသေတ္တာထဲသို့ ပစ်ချကာ လှည့်မကြည့်ဘဲ ထွက်သွားသည်- "မအမ်းနဲ့တော့။"
ငယ်ရွယ်သော စုံတွဲသည် သူ့နောက်မှ အော်ဟစ်နေပြီး ဖုခွင်းလည်း နောက်သို့ လှည့်မကြည့်ဘဲ ဈေးတန်းထဲသို့ ပြေးသွားသည်။
အပေါ်ထပ်သို့ တက်လာသောအခါ ခွေးကို သူ့အဝတ်အစားများထဲမှ အမြန်ဆွဲထုတ်လိုက်သည်။ သူ့အဝတ်အစားတွင် ကပ်နေသော အကောင်လေးတွေကနေ သူ့တစ်ကိုယ်လုံး ယားယံသွားကာ အဝတ်အစားများ ကိုက်ခံရမည်ကို အမြဲစိုးရိမ်သည်။
ဆိုင်ကိုပြန်ရောက်တော့ ပြဲနေတဲ့ ကတ်ထူသေတ္တာတချို့ကို ယူလာပြီး ပုံးထဲထည့်ကာ ခွေးလေးကို ထောင့်စွန်းမှာ ထားပြီး ရေနွေးခွက်အဖုံးနဲ့ ရေဖြည့်ပြီး ခွေးလေးရှေ့မှာ ထားလိုက်သည်။
"ဟေ့ ဖုကော၊ ဒီခွေးက ဘယ်ကရောက်လာတာလဲ" လင်းယွမ်ယွမ်က နောက်ကလိုက်မေးနေသည်။
"ငါဝယ်ခဲ့တာ။" ဖုခွင်းက သောက်ရေထဲမှာခေါင်းမြှုပ်ထားတဲ့ ခွေးလေးကို ကြည့်နေရင်း ခဏလောက် စိတ်ပူတာနဲ့ ဒီခွေးကို နည်းနည်း စိတ်မြန်လက်မြန်နဲ့ ဝယ်မိတာများလား။
"ခွေးချစ်လို့လား" လင်းယွမ်ယွမ်က ခွေးလေးရှေ့မှာ ထိုင်ပြီး ကြည့်နေသည်။
"မချစ်ဘူး၊ ငါ့ညီအတွက် ဝယ်ခဲ့တာ။" ဖုခွင်းက ဖုရိကျယ် တျိုးတျိုးဆုံးသွားတာကို တွေးနေသေးတာကို သူသိတယ်။ အဖွားအိမ်ရောက်တုန်းက ခွေးတွေကို တွေ့လိုက်တာနဲ့ နေ့တိုင်းသူတို့ကို ချစ်လွန်းလို့ နောက်ပြောင်ခိုင်းပြီး ကြောင်စီစီနဲ့ ရယ်နေတတ်သည်။
"ဟင်?" လင်းယွမ်ယွမ်က ရယ်ပြီး "ချစ်သူများနေ့မှာ
ညီလေးကို ခွေးလေးကို ပေးတယ်?"
"မင်းမအားနေဘူးမို့လား?" ဖုခွင်းက အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရပြီး "ဒါမှမဟုတ် မင်းရဲ့ လစဉ်လုပ်ခရဲ့ တစ်ဝက်ကို ငါ့ကို ဘာလို့ မပေးလဲ"
လင်းယွမ်ယွမ်က လျှာ ထုတ်ပြကာ လှည့်ပြီး ဆန့်ကျင်ဘက်ဆိုင်ဆီသို့ ပြန်ပြေးသွားသည် ။
ဖုခွင်းက သက်ပြင်းချလိုက်ပြီး ထိုင်ခုံပေါ်တွင် ထိုင်လို့ မကြာသေး သူမက ဘူးသေးသေးလေး ယူကာ ပြန်ပြေးလာပြန်သည်။
"ဒီနေ့ မင်းအရမ်းအသက်ဝင်နေတာပဲ" ဖုခွင်းက ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
"မင်းအတွက်" လင်းယွမ်ယွမ်က ဘူးကို လက်ထဲထည့်ကာ လှည့်ထွက်ပြီး "Happy Valentine's Day!"
ဖုခွင်း ကြည့်လိုက်တော့ ချောကလက်ဗူးသေးသေးလေး။
ငါးနာရီထိုးတော့ ဖုရိကျယ်က ဖုခွင်းဆီ ဖုန်းဆက်လာသည် "ဒီည အပြင်ထွက်စားရအောင်"
"ဘာလို့လဲ" ဖုခွင်း အံ့ဩသွားသည်။
"ဘာလို့လဲ မစားချင်ဘူးလား" ဖုရိကျယ်က ထပ်မေးသည်။
"စားမယ်၊ စားမယ် မင်း ငါ့ကို ချော့နေတာလား" ဖုခွင်းက ရယ်လိုက်သည်။
"အင်း ကျေးဇူးပြုပြီး သာ့ထုန်ကို အခု လာခဲ့လိုက်မယ်" ဖုရိကျယ်က ဖုန်းကို ချလိုက်ပြီး လောင်မားကို အော်ပြောပြီး တံခါးဆီ ပြေးထွက်သွားသည် ။
အခြားသူများနှင့် Valentine's Day ကိုသွားချင်ယောင်ဆောင်ရန် မလိုအပ်ဘဲ ဖုခွင်းအား အတင်းအကြပ်လုပ်ရန် မည်သည့်အကြောင်းပြချက်မှ မလိုအပ်ပေ။
ကျန်းချင်ခိုင် နှင့် စကားစမြည်ပြောသောအခါတွင် သူ့ဘဝတွင် ရေးထွင်းထားခဲ့သော ရှဖေး အတွက် ကျန်းချင်ခိုင် ၏ ခံစားချက်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။
ဘယ်တော့မှ တုံ့ပြန်မှုမရှိတဲ့ ရက်စက်တဲ့ လွမ်းဆွတ်မှုမျိုး။
သူ့ရဲ့ လွမ်းဆွတ်မှုကို ဘယ်သူမှ နားမလည်နိုင်တော့ဘူး၊ သူရဲ့ အချစ်ရေးကို ထာဝရ နှုတ်ဆိတ်နေနိုင်မှပဲ ။
ရှဖေး မသေရင် သူတို့ ဘာဖြစ်သွားမလဲ။
ဘယ်သူမှမသိပါဘူး၊ အဆုံးမှာတော့ ကျန်းချင်ခိုင် က သူ့ကို တစ်ဖက်ကနေ လှမ်းကြည့်နေသည်၊ တချို့အရာတွေက ဘယ်တော့မှ မပြီးဆုံးနိုင်ပေမယ့် အနည်းဆုံးတော့ ဒီလူကို မင်းမြင်နိုင်ပါသေးတယ်... တစ်ခါတလေ တစ်ယောက်ယောက်ကို သဘောကျဖို့ အဝေးကြီးကြည့်ဖို့ မလိုဘူး၊ မင်းရှေ့မှာ သူရှိနေတယ်ဆိုတာနဲ့ လုံလောက်ပါပြီ။
ဟုတ်တယ်၊ မင်းရှေ့မှာ သူရှိနေဖို့ဆို လုံလောက်ပြီ။
ဖုခွင်းက သူ့ရှေ့မှာ ရှိနေပြီး သူ ဝမ်းနည်းနေတဲ့အခါ ဖုခွင်းက သူ့ဘေးမှာ ဝမ်းနည်းပေးပြီး သူပျော်နေတဲ့အခါ ဖုခွင်းလည်း အတူတူ ရယ်မောရင်ပဲ လုံလောက်ပြီ။
သူတို့နှစ်ဦးကြားတွင် လက်ရှိအခြေအနေသည် အကောင်းဆုံးအခြေအနေဖြစ်နေပြီဖြစ်သည်။
သူ ဆိုင် ကိုရောက်ခါနီးမှာ ဖုရိကျယ်က ဖုခွင်းကို ထပ်ခေါ်ကာ "ငါထွက်လာပြီ၊ စောစောသိမ်းတော့"
"အင်း၊ ငါ တံခါးဝမှာ စောင့်နေပြီ" ဖုခွင်းက ပြုံးပြီး ပြောလိုက်သည်။
သာ့ထုန် နှင့် ဝေးကွာသော်လည်း ဖုရိကျယ်က ဖုခွင်း လမ်းဘေးတွင် ရပ်နေသည်ကို တွေ့လိုက်ရာ ဖုခွင်း ဆီသို့ ပြေးသွားပြီး "ကော!"
"ဒီလောက် ပျော်နေတာ၊ ပိုက်ဆံကောက်ရလို့လား၊ မြန်မြန်လာယူ" ဖုခွင်း က သူ့ဂျာကင်အင်္ကျီထဲက ပျော့ပျောင်းတဲ့ အရာတွေကို ချက်ချင်းထုတ်ပြီး သူ့လက်ထဲကို ထည့်ပေးလိုက်ကာ သူ့ကိုတွေ့တာနဲ့ "မင်းအတွက်လက်ဆောင်၊ ပျော်ရွှင်စရာ Valentine's Day ပါ။ “
ဖုခွင်းက ခပ်မြန်မြန်ပြောပေမယ့် Happy Valentine's Day ဆိုတဲ့ စကားလုံးကို ရှင်းရှင်းလင်းလင်း ကြားလိုက်ရတော့ သူ့နှလုံးသားက ရုတ်တရတ် သိမ့်ခနဲဖြစ်သွားသလိုပင်၊ ပြေးလာလို့လား ဒါမှမဟုတ် တခြားအကြောင်းတွေကြောင့်လား မသိပေမယ့် နွေးထွေးနေသလို ခံစားရသည်။
သို့သော် သူ့လက်ထဲတွင်ရှိသောအရာကို မြင်သောအခါ နှလုံးသား လှုပ်လှုပ်ရှားရှားဖြစ်နေသည်ကို ဂရုမစိုက်နိုင်ဘဲ မျက်လုံးများ ပြူးကျယ်သွားကာ- "ခွေး?"
"အင်း၊ ငါနေ့လည်က ဝယ်ခဲ့တာ" ဖုခွင်းက သူ့အင်္ကျီကို ဇစ်ဆွဲပြီး အသက်ရှူရှိုက်ကာ "ဒီကောင်လေးကို မြင်လိုက်တာနဲ့ မင်း ငယ်ငယ်က တျိုးတျိုးကို ပွေ့ဖက်ပြီး ငိုခဲ့တာကို သတိရမိပြီး... ငါ့နှလုံးသားက ချက်ချင်းပျော့ပျောင်းလာရော..."
"...ကျေးဇူးတင်ပါတယ်" ဖုရိကျယ် ဘာပြန်ပြောရမှန်းမသိ။
"သွားရအောင်" ဖုခွင်းက သူ့ပုခုံးကို ပေါ့ပေါ့တန်တန် ဆောင့်တွန်းလိုက်ပြီး "မင်း ငါ့ကို ညစာစားဖို့ ဖိတ်တာမလား။"
"ငါတို့ သိုးသားဟင်းပြုတ်ရည်သွားစားကြမလား"
"ကောင်းပြီ" ဖုခွင်း ခေါင်းညိတ်ပြီး ခဏလောက်စဉ်းစားကာ "နေ့လည်က မင်းဘာလုပ်နေတာလဲ"
"ဘာမှမလုပ်ပါဘူး" ဖုရိကျယ်က ခေါင်းငုံ့ပြီး ခွေးရဲ့ခေါင်းကို ပုတ်ပေးနေသည်။
"ဒါဆို မင်းငါနဲ့ ဖုန်းမပြောနိုင်အောင် အရမ်းအလုပ်ရှုပ်နေတာလား"
"ကိစ္စလေးရှိလို့။"
"ဘာကိစ္စရှိလို့" ဖုခွင်း က သူ့ကို တစ်ချက်ကြည့်လိုက်ပြီး "တစ်ယောက်ယောက်နဲ့ ထမင်းစားနေတာလား?"
"ဘယ်သူနဲ့လဲ" ဖုရိကျယ် လည်း သူ့ကိုကြည့်လာသည်။
"ထားပါ မင်းကို ဂရုမစိုက်တော့ဘူး" ဖုခွင်းက စိတ်မသက်မသာနဲ့ ပြုံးလိုက်သည်။
ဖုရိကျယ်က ခွေးကလေးကို သူ့အဝတ်အစားတွေထည့်ပြီး ပွေ့ဖက်ကာ "ဘယ်သူနဲ့မှ မစားခဲ့ဘူး တကယ်"
ဖုခွင်း လည်ပင်းကို ဖတ်လိုက်ပြီး လက်ကို အိတ်ကပ်ထဲထည့်ကာ "သွားစို့၊ ဒီည သောက်ကြမယ် " ဟု အော်လိုက်သည်။