မူပိုင် ဇာတ်သိမ်း။ ။
မီးဖိုဆောင်ထဲ တစ်ယောက်တည်း အလုပ်ရှုပ်နေသော အစ်မရီအနားသို့ မြ တိုးကပ်သွားလိုက်သည်။ အစ်မရီသည် ဟင်းသီးဟင်းရွက်တစ်ချို့ကို ရေဆေးကြောလို့နေ၏။
" အစ်မရီ "
" ဟော မြ .. ဘာကိစ္စတုန်းကွယ် "
" မေပုံ့က .. အယ် မှားလို့၊ ဆရာလေးက ဘယ်အချိန်ကြွမှာတုန်း "
" နေ့လည် ဆွမ်းစားချိန်အမှီကြွမယ် ပြောတယ် မြ "
" ဟုတ်ပြီ ဟုတ်ပြီ "
မေပုံ့ တစ်နည်းဆိုရလျှင် ဆရာလေး မေသုကာရီ။
သာသနာ့ဘောင်ထဲသို့ ဝင်ရောက်ခဲ့သည်မှာ မူပိုင် ကွယ်လွန်ပြီး တစ်လအကြာတည်းကပင် ဖြစ်သည်။ မြဆီကနေ ခွင့်ပြုချက်တောင်းခဲ့သည်မို့ အလှူဒါယိကာမအဖြစ် ခံယူကာ အစစအရာရာ ကူညီဖြစ်ခဲ့၏။
သိရဲ့လား ဒါလင်။ ဒီစံအိမ်ကြီးက ဒါလင်မရှိတော့ သိပ်ကိုမှခြောက်ကပ်လွန်းတယ်။ ဒါလင်က ဒါလင်နဲ့အတူပါလာတဲ့ လူတွေကို တစ်နည်းမဟုတ်၊ တစ်နည်းနဲ့ အပြီးခေါ်သွားခဲ့တာပဲ။ ရိုဘင်က သေကွဲ၊ မေပုံ့ဟာတော့ ကောင်းမွန်သော လမ်းစဉ်နှင့် ရှင်ကွဲ။
စာတိုက်ပုံးလေးထဲ ပိုးပမ်းစာ အမြဲလာထည့်တတ်တဲ့ ကလေးလေး။ မိုးရေထဲ ကားနောက်ကနေ အပြေးလိုက်ခဲ့တဲ့ ကလေးလေး။ လန်ဒန်ကနေ ရန်ကုန်အထိ အရောက်ပြန်လာပြီး မြကိုသိမ်းပိုက်ခဲ့တဲ့ အမျိုးသမီးငယ်လေး။ ခပ်ပြတ်ပြတ်စကားတွေနဲ့ မြ အချစ်ကို အရယူနိုင်ခဲ့တဲ့ အမျိုးသမီးငယ်လေး။
မြရဲ့ ကလေးလေး၊ မြရဲ့ အမျိုးသမီးငယ်လေး။ ရင်နဲ့အမျှ ချစ်ရပါသော မြ့အပိုင်လေး။ လောကကြီးကို အပြီးအပိုင် နှုတ်ဆက်လို့ မြကိုခွဲခွာသွားခဲ့သော လူဆိုးမလေး။ မျက်ရည်ကျရင် မကြိုက်ဘူးလို့ ခဏခဏပြောတတ်တဲ့လူက မျက်ရည်တွေရဲ့ အဓိကအကြောင်းပြချက် ဖြစ်လို့နေပါရောလားကွယ်။
မြ ပျောက်ကွယ်သွားမှာကို သိပ်ကြောက်ခဲ့တဲ့လူက ကိုယ်တိုင်ထွက်သွားတာ လွန်တာပေါ့လေ။ မန္တလေးအထိတောင် ကိုယ်တိုင်ကားမောင်းပြီး လိုက်ခေါ်ခဲ့တဲ့သူက တစ်ယောက်တည်း အိမ်လည်လွန်နေခဲ့တာပဲ။
" အဆောင်မှူး မနွယ် ရောက်နေပါတယ် "
" ဟုတ်ပြီ မြ လာခဲ့မှာမို့ ဧည့်ခန်းထဲမှာ စောင့်နေခိုင်းလိုက်နော် "
ကျလက်စမျက်ရည်တွေကို ကပြာကယာသုတ်လို့ ဧည့်ခန်းထဲသို့ မြ ဦးတည်လိုက်သည်။ ဒီကြားထဲ ဂေဟာကို မြ ပြစ်ထားခဲ့မိတယ် မဟုတ်ပါလား။ ကလေးငယ်တွေအတွက် တိကျသေချာမယ့် အနာဂတ်တစ်ခုကို မြ ပေးခဲ့ချင်ပါသေးသည်။
" မတွေ့ရတာကြာပြီနော် မြ "
" ဟုတ်ပါ့ မနွယ်ရယ် "
" ဘာကိစ္စရှိလို့ ခေါ်လိုက်တာလဲ မြ "
ဝါညစ်ညစ်စက္ကူအိတ်လေးအား မနွယ်ထံသို့ ကမ်းပေးလိုက်သည်။ ပိတောက်ပန်းခတ်ပုံ တံဆိပ်တုံးထုထားသော ထိုစာအိတ်လေးသည် ကလေးအတွက် မြပေးအပ်မည့် အနာဂတ်တစ်ခုပင်။
" ဒါ .. ဒါတွေက "
မနွယ်ဟာ မယုံကြည်နိုင်ဟန်ဖြင့် မြကိုကြည့်လာ၏။ စကားကိုပင် ဆက်မပြောနိုင်တော့သည်အထိ အံ့ဩနေရှာလေသည်။
" ဂေဟာကို မြနဲ့အတူပါလာခဲ့တဲ့ မိန်းကလေးကို မှတ်မိသေးလား မနွယ် "
" မှတ်မိတာပေါ့၊ မျက်နှာထားတည်တည်နဲ့ တကယ်ချောလှတဲ့မိန်းကလေး "
အပြုံးအရယ်နည်းတဲ့ မိန်းကလေးက မြအရှေ့ရောက်တိုင်း အတောက်ပဆုံး ပြုံးနေတတ်သည်ကို လူတွေသိအောင် ပြောပြချင်ပါရဲ့။ မျက်နှာထားတည်တည် နေတတ်ပေမယ့်လည်း စိတ်သဘောရင်း သိပ်ကောင်းတဲ့ မူပိုင်။ မြ့အပိုင်က အဲ့လိုလူကောင်းလေး။
" သူက မြရဲ့အိမ်ထောင်ဖက်ပဲ မနွယ်။ မယုံကြည်စရာကောင်းပေမယ့် အဲ့တာက ဖြစ်ရပ်မှန်ပါပဲ။ မြ အကုန်လုံးကို ချန်ထားခဲ့တော့မယ် မနွယ်။ ပြီးတော့ အစ်မရီနဲ့ ကိုဘသောင်းကိုလည်း ဂေဟာမှာပဲ နေခိုင်းမလားလို့ "
" အချစ်ဆိုတာ တကယ်ဆန်းကြယ်တာပါပဲ။ မနွယ်ကတော့ ဘာမှအပြစ်ပြောဖို့ မရှိပါဘူး။ ကိုဘသောင်းတို့ပါ အတူလာနေတော့ ကောင်းတာပေါ့ကွယ်။ ဒါနဲ့ မြက ဘယ်သွားမလို့လဲ "
" ပိတောက်တွေပွင့်တဲ့ အရပ်ဒေသကို သွားမလို့ "
မြတို့နှစ်ဦးရဲ့ ပိုင်သမျှ၊ ဆိုင်သမျှ ပစ္စည်းဥစ္စာတို့အား တစ်ခုမှ မကြွင်းကျန်စေပါပဲ ဂေဟာသို့ လှူခဲ့လိုက်သည်။ မြရဝန်စံအိမ်ကြီးကိုလည်း တစ်ပါတည်းအလှူပစ္စည်းအဖြစ် ပေးအပ်ဖို့ မြ ဆုံးဖြတ်နိုင်ခဲ့၏။ အခက်ခဲဆုံးဆိုပေမယ့် မြ ချမှတ်နိုင်ခဲ့ပါသည်။
" နေ့လည်စာ စားသွားပါဦး မနွယ် "
" စားလာပြီးပြီ မြရယ်၊ နောက်တစ်ခေါက်ဆုံမှပဲပေါ့ "
" ဟုတ်ကဲ့ပါရှင်၊ ဒါဆိုလည်း ပြန်ဖို့အတွက် ကိုဘသောင်းကို လိုက်ပို့ခိုင်းမယ်နော် "
" ကျေးဇူးပါ မြရယ်၊ အခုလိုမျိုး လှူဒါန်းရခြင်းကြောင့် မြတို့နှစ်ဦး အိုအောင်မင်းအောင် ပေါင်းသင်းနိုင်ကြပါစေကွယ် "
မြ ပြုံးရုံသာပြုံးနိုင်ခဲ့သည်။ ပေးတဲ့ဆုလေး ပြည့်ရပါလို၏ဟုတောင် မြ ပြန်မပြောနိုင်ခဲ့ပေ။
ကလေးမချစ်တတ်တဲ့ မူပိုင်။ သူပိုင်သမျှ စည်းစိမ်အားလုံးကို ကလေးတွေထံ ပေးလိုက်ခြင်းအား စိတ်မဆိုးလောက်ဘူး ထင်ပါရဲ့။
ဆရာလေး မေသုကာရီနှင့်အတူ တစ်ဆယ့်လေးပါးသော ဆရာလေးများအား နေ့လည်ဆွမ်းကပ်လှူဖြစ်၏။ ဆရာလေး မေသုကာရီတို့ ကျောင်းသို့ပြန်ကြွသွားသောအခါ တစ်ချိန်လုံး ငြိမ်သက်နေသည့် အစ်မရီက ပြုံးလျက်ဖြင့် မျက်ရည်ကျလေသည်။
" အဆင်ပြေရဲ့လား အစ်မရီ "
" ပြေပါတယ် မြရယ်။ အစ်မရီ မျက်ရည်ကျတာက ဝမ်းသာလွန်းလို့ ကျမိတာပါ "
" သူသာ အခုချိန်ရှိနေရင် အစ်မရီလို မျက်ရည်ကျနေလောက်မလား "
မေပုံ့ဟာ အိမ်ရဲ့အငယ်ဆုံးလေးဖြစ်ပေမယ့် အားကိုးရသူ တစ်ယောက်ပင်။ အလုပ်လုပ်ရာတွင် စေ့စပ်တိကျသလို အချောင်ခိုခြင်းလည်း မရှိခဲ့ပါ။ ဒါကြောင့်မေပုံ့အား အစ်မရီက သိပ်ချစ်ရှာသည်။
ထို့အတူ မူပိုင်သည်လည်း ချစ်ရှာ၏။ အကျင့်အတိုင်း ထုတ်သာမပြခဲ့သော်လည်း အမြဲလိုလို မေပုံ့အနာဂတ်အတွက် ကြိတ်တိုးစီစဉ်လေ့ရှိသည်။ သူကိုယ်တိုင်ခေါ်လာခဲ့တဲ့ ကလေးမလေးကို ဘယ်သောအခါမှ ပြစ်ပယ်ခြင်း မလုပ်ခဲ့ပေ။
" မကျလောက်ဘူး။ ဘာလို့ဆို သခင်မလေးက မြ တစ်ဦးတည်းအတွက်ပဲ မျက်ရည်ကျတာမို့လို့ "
မူပိုင့်အတွက် မြက အရာရာဖြစ်ခဲ့ပုံ။
ဘေးလူတွေပါ မြင်သည်အထိ မူပိုင့်အချစ်တွေက သိပ်ထုထည်ကြီးမားခဲ့တာလေ။
" အစ်မရီ "
" ပြောလေ မြ "
" ပန်းချီကားလေးကို သေချာစောင့်ရှောက်ပေးပါ။ မြ စိတ်ချမယ် အစ်မရီ "
" ဘယ်လိုနည်းနဲ့မှ အပျက်အစီး မခံပါဘူးလို့ ကတိပေးတယ် မြ "
ပြုခဲ့ဖူးသမျှ ကောင်းမှုကုသိုလ်တိုင်း သခင်မလေးဆီ ရောက်ရှိပါစေ။ ဘယ်အရပ်ဒေသရောက်ရောက် သခင်မလေးရဲ့ ဘဝအေးချမ်းနိုင်ပါစေ။ ချစ်ရသူနှင့် ကွေကွင်းရခြင်း ဆင်းရဲဒုက္ခမှ လွန်မြောက်နိုင်ပါစေ။
ဆရာလေး မေသုကာရီ၏ ရင်တွင်းဆုတောင်းသံများကို မည်သူကြားနိုင်ပါ့မလဲ။ ထုတ်ပြခွင့်မရခဲ့တဲ့ ချစ်ခြင်းတွေအကြောင်း မည်သူသိနိုင်ပါ့မလဲ။ နာနာကျင်ကျင် မြိုသိပ်ခဲ့ရသော မျက်ရည်မိုးတွေ၊ ပြန်မလှည့်ချင်ခဲ့သော အိမ်ပြန်လမ်းတွေ။
အချစ်ဆိုတဲ့ အရာငယ်လေးကို ဘယ်ပုထုဇဉ်မှ မလွတ်ကင်းနိုင်ခဲ့ပါ။ ထို့အတူ ဘုရားရိပ်၊ တရားရိပ်၌ ခိုလှုံနေပြီဖြစ်သော ဆရာလေး မေသုကာရီသည်လည်း မရှောင်လွှဲနိုင်၊ မမေ့ရက်နိုင်ခဲ့ပေ။
" နွေးရိပ်ဝန် " မိဘမဲ့ကလေး စောင့်ရှောက်ရေး ဂေဟာဟူသော ဆိုင်းဘုတ်ကြီးသည် ထီးထီးမားမား တည်ရှိလို့နေ၏။ ထိုဆိုင်းဘုတ်နံဘေးတွင်တော့ ပင်လုံးကျွတ် ဝေဆာအောင်ပွင့်လန်းနေသည့် ပိတောက်ပင်အိုကြီး ရှိလေသည်။
ပန်းဝါဝါကလေးများသည် လမ်းမပေါ်၌ ဟိုတစ်စု၊ ဒီတစ်စုဖြင့် နေရာယူလို့ထား၏။ ထို့အပြင် နွေးရိပ်ဝန်ရှိ အမျိုးသမီးတိုင်းရဲ့ ဆံထုံးထက်တွင်လည်း ထည်ဝါစွာ တည်ရှိလို့နေလေသည်။
" ဒေါ်ဒေါ် "
" ရှင် "
" အပြင်မှာအေးတယ်၊ အထဲဝင်ကြရအောင် "
" ဒါလင့်သဘော "
ဝေဆာနေသော ပန်းဝါဝါတွေရယ်၊ အရိပ်ကလေးနှစ်ခုရယ် ထိုနေ့က နွေးရိပ်ဝန်ဂေဟာထဲ၊ တစ်နည်းဆိုရလျှင် မူလ မြရဝန်စံအိမ်၏ ခြံဝင်းထဲ၌ ရှိနေခဲ့သည်။
ဒေါ်မြရံခြယ်တစ်ယောက် ဘယ်အရပ်ဒေသကို ထွက်သွားမှန်း မည်သူမှမသိခဲ့ကြပေ။ သို့ပေမယ့် မူပိုင် သိ၏၊ အဘယ်ကြောင့်ဆို ဒေါ်မြရံခြယ်သည် မူပိုင့်နောက်သို့ လိုက်သွားခဲ့ခြင်းမို့ပင်။
အပြီးတိုင်သော့ပိတ်ထားသော အခန်းလေးထဲဝယ် မြတို့နှစ်ဦးနေ၏။ ပြောင်းလဲထားခြင်း မရှိလေသော မြတို့ရဲ့ အသုံးအဆောင် ပစ္စည်းတွေရယ်၊ ပရိဘောဂတစ်ချို့ရယ်နှင့် ပိတ်ဖြူအုပ်ထားသည့် ပန်းချီကားချပ်လေးရယ်။
" ချစ်တယ် ဒါလင် "
" ကျုပ်က ပိုတာပေါ့ ခင်ဗျားရယ် "
အကြိမ်ထောင်သောင်းမကအောင် ပြောပြချင်မိပါရဲ့။ ချစ်တယ်ဆိုတဲ့ စကားလေးဟာ ဘယ်အခါကြားရကြားရ ရိုးအီသွားခြင်း မရှိလေသည်မို့ ထာဝရပြောပေးပါ ဒါလင်။
မွေးရပ်မြေ မတူခဲ့ကြသလို အကျင့်စရိုက်တွေလည်း မတူညီခဲ့ကြသော မြတို့နှစ်ဦး။ အသက်အရွယ် ကွာခြားခဲ့ပေမယ့် မခြားနားသွားသော ချစ်မေတ္တာတွေ။ မြရယ်၊ မူပိုင်ရယ် .. ထာဝရထက် နှစ်ဆပိုလို့။
ဒေါ်မြရံခြယ်ရဲ့ ထွက်ခွာသွားခြင်းဟာ သိပ်တိတ်ဆိတ်လွန်းသည်။ ဘယ်အရပ်ဒေသမှန်း၊ ဘယ်လိုအခြေအနေမျိုးနဲ့မှန်း ဘယ်သူမှမသိကြပေ။
လောကကြီးကို နှုတ်ဆက်ခဲ့တာ ပိတောက်ပန်းတွေ ဝေဝေဆာဆာပွင့်သောနေ့က ဖြစ်မည်ထင်ပါရဲ့။ သေချာသည်တစ်ခုကတော့ မြဟာ ချစ်ရသူအနား ပျော်ရွှင်စွာ ရှိနေနိုင်ခဲ့ပါပြီ။ ။
______
(အညို)
အလှပဆုံး ဇာတ်သိမ်းလေးပါပဲ။ နောက်ဆုံးအထိ ချစ်သူနှစ်ဦးကို ဘယ်သူကမှ ခွဲလို့မရခဲ့ပါဘူး။ ဒါဟာ စစ်မှန်သောအချစ်ပဲဖြစ်မည် ထင်ပါရဲ့။
အစ၊အဆုံး အပိုင်းတိုင်းမှာ လိုက်ပါစီးမြောပေးကြတဲ့ စာဖတ်သူအားလုံးကို ကျေးဇူးအထူးတင်ပါတယ်ရှင်။ ညို့ရဲ့ အရေးအသား မပြည့်ဝခြင်း၊ ဗဟုသုတ လိုအပ်ခြင်းတွေကို ဖြည့်တွေးပေးခဲ့ကြလို့ ထပ်ပြီးကျေးဇူးတင်ရပါတယ်။
ဘယ်တော့ပြန်ဆုံကြမလဲ ညိုကိုယ်တိုင် သေချာမသိပေမယ့် တစ်နေ့နေ့တော့ လက်ရာအသစ်တွေနဲ့အတူ ပြန်လာခဲ့မှာပါ။ စောင့်နေပေးဖို့ မတောင်းဆိုပါဘူး၊ ဘာလို့ဆို တစ်စုံတစ်ရာကို စောင့်နေရတာ သိပ်ပင်ပန်းတာမို့လို့လေ။
အညိုဖန်တီးလေသော် ~