မူပိုင် အပိုင်းနှစ်ဆယ်။ ။
မြေပြင်ပေါ်သို့ ခကြွေလျက်ရှိသည့် ပန်းဝါဝါကလေးများ။ စိုထိုင်းမှု မပြယ်သေးသော ပတ်ဝန်းကျင်နှင့် မြရဝန်ဟာ လွမ်းစဖွယ်အတိ။ ခြံရှေ့၌ ရပ်တန့်သွားလေသော ခြေလှမ်းများသည် အားယုတ်လျက်ရှိ၏။
" ဒေါ်ဒေါ် "
ဝရံတာတွင် မတ်တပ်ရပ်နေသူသည် တိုးလျသော ခေါ်သံကို မကြားခဲ့ပေ။ ထို့အတူ ခြံရှေ့ရှိ ခပ်ဖျော့ဖျော့ပုံရိပ်လေးကိုလည်း မမြင်နိုင်ခဲ့ပါလေ။
" ကျုပ်ပြန်လာတယ်လေ "
ပန်းပိတောက်တွေ ဝေဆာနေအောင် ပွင့်လန်းနေတဲ့ မြရဝန်။ ဆံထုံးထက်မှ ပန်းဝါဝါလေးများနှင့် လှချင်တိုင်းလှနေသော ဒေါ်မြရံခြယ်။ ကျုပ်ရဲ့ မျက်ရည်တွေအားလုံးဟာ မြတ်နိုးရာအရပ်၌ စီးဆင်းလေတော့သည်။
မြရဝန်ဟာ မြရံခြယ်ရှိမှ ပြည့်စုံသလို
ပန်းပိတောက်တွေဟာလည်း
မြရံခြယ် ပန်ဆင်မှာသာ လှကြတာ။
" မြရေ .. မြ "
ခြံထဲသို့ ရေးကြီးသုတ်ပြာ ပြေးဝင်လာသော အစ်မရီ။ မြ စိတ်ထဲရုတ်တရက်ဆိုသလို လေးလံသွားရ၏။ ထို့ကြောင့် အောက်ထပ်သို့ မြ အမြန်ပြေးဆင်းမိလေသည်။
" မြ .. မြ "
" ဘာဖြစ်လာတာလဲ အစ်မရီ "
" ဟိုလေ ဟို .. မူပိုင် "
" မူပိုင် ဘာဖြစ်လဲ၊ ဆက်ပြောလေ အစ်မရီ "
" အစ်မရီတို့ ဈေးကပြန်အလာ လမ်းထိပ်မှာ လူတွေစုရုံးနေတာ တွေ့တယ်။ လမ်းလည်းပိတ်ထားတာမို့ အစ်မရီတို့ ဆင်းကြည့်တော့ ကားတိုက်မှုဖြစ်ထားတာ။ အဲ့တာ "
စကားဆုံးအောင်တောင် မြ မစောင့်နိုင်တော့ပေ။ ခြေလှမ်းများဟာ အိမ်အပြင်ဘက်သို့ မြန်မြန်ဆန်ဆန် ဦးတည်ကြလေသည်။
ပန်းဝါဝါတို့ ဖုံးလွှမ်းနေသည့် လမ်းမထက် ပြေးလွှားလျက်ရှိသော ခြေဖဝါးဖြူဖြူ။ ဆံထုံးထက်မှ ပန်းကလေးများသည် တစ်စတစ်စဖြင့် မြေပြင်ပေါ်သို့ သက်ဆင်းလျက်ရှိသည်။ ပတ်ဝန်းကျင်၌ မိုးမရွာသော်လည်း ဒေါ်မြရံခြယ်ရဲ့ မျက်ဝန်းတွေထဲ မိုးဥတုတည်လေ၏။
မျှော်လင့်ခြင်းတွေရယ်၊ ပန်းပိတောက်ဝါတွေရယ်။
" ဒေါ်လေးမြ .. သခင်မလေးလေ ပြန်မနိုးလာတော့ဘူး။ ကယ်ပါဦး ဒေါ်လေးမြရယ် "
အက်ကွဲစွာ ပေါ်ထွက်လာသော မေပုံ့အသံကြောင့် မြ ရင်ထဲအဆမတန် နာကျင်သွားရ၏။ အုံ့မိုးနေသော လူများကြား အတင်းတွန်းဝင်လိုက်သောအခါ ရစရာမရှိအောင် ပျက်စီးနေသော ကားကလေးကို တွေ့ရလေသည်။
သွေးအိုင်ထဲ မေ့လဲနေသော ချစ်ရသူကို မြင်ရစဉ်ဝယ် မြ အားအင်တို့ ပိုတိုးလို့ ယုတ်လျော့လေသည်။ အနားသို့ ခပ်ဖြည်းဖြည်းတိုးကပ်သွားကာ ချစ်ရသူအား ရင်ခွင်ထဲသို့ ထွေးပွေ့ထားမိ၏။ မြ ပေါင်ပေါ်၌ ခေါင်းမှီထားသော ချစ်ရသူ၏ မျက်နှာသည် အေးချမ်းလို့နေသည်။
ခပ်ရဲရဲနီနေသော သွေးတို့ဟာ ချစ်ရသူ၏ နံဘေးတွင် ဝိုင်းဝန်းလို့ထားလေသည်။ အဖြူရောင် ချည်ပါတိတ်ဝမ်းဆက်လေးမှာလည်း အနီရောင်သို့ ပြောင်းလဲသွားရ၏။ အဖြူနှင့်ဖြစ်စေ၊ အနီနှင့်ဖြစ်စေပါလေ ချစ်ရသူဟာ ကျက်သရေရှိရှိ လှမြဲပင်။
" အချိန်မှီပြန်လာသားပဲ "
ပြန်လာခဲ့ပေမယ့် မရောက်နိုင်တော့တဲ့ အိမ်ပြန်လမ်းတွေကို မြဖြင့် သိပ်မုန်းတာပဲ ဒါလင်ရယ်။ မနက်ခင်းတိုင်း မြ နံဘေးကနေ နိုးထတတ်သူက မြ ပေါင်ပေါ်မှာ ထာဝရအိပ်နေသည်တဲ့လား။ မြ သိပ်သဘောကျရတဲ့ ရင်ခုန်သံတွေဟာလည်း မြ ကမ္ဘာလိုမျိုး တိတ်ဆိတ်သွားခဲ့လေပြီ။
မျှော်လင့်ချက်မဲ့သွားပြီဖြစ်တဲ့ ပန်းဝါဝါတွေရယ်ပါ။
မူပိုင် (သေဆုံးချိန် ဧပြီလ သုံးရက်နေ့ )
" လေးဆယ့်နှစ်နှစ် "
မြ အိမ်အောက်ထပ်သို့ အမြန်ပြေးဆင်းမိလေသည်။ သို့သော်လည်း လှေကားခြေရင်းအရောက်၌ မြ ရပ်တန့်မိလိုက်၏။
ဆင်ဝင်အောက်တွင် ရပ်ထားသော အနက်ရောင်စလွန်းကားလေးမရှိ။ အလုပ်အိတ်ကလေးဆွဲကာ အိမ်ထဲဝင်လာသော ချစ်ရသူလည်း မရှိခဲ့ပါ။ ထိုသို့မရှိခဲ့သည်မှာ လေးလကျော်ခဲ့လေပြီ။
" မြ "
မီးဖိုဆောင်ထဲမှ ထွက်လာသော အစ်မရီကို မြ လှည့်ကြည့်လိုက်သည်။ အစ်မရီရဲ့မျက်ဝန်းတွေထဲ မြကိုသနားနေသော အရိပ်အယောင်များ ထင်ဟပ်လို့နေ၏။ မြ တိတ်ဆိတ်စွာသာ အစ်မရီကို ရပ်ကြည့်နေမိသောအခါ ကရုဏာသံဖြင့် နောက်ထပ်တစ်ကြိမ်ခေါ်လေသည်။
" မြ "
" သူ့အသံကို မြ ကြားနေရတယ် အစ်မရီ "
မူပိုင်ဆိုတာ မြ ဘဝထဲကို မဖိတ်ခေါ်ပဲ ရောက်လာခဲ့သူဖြစ်သလို၊ မြ မနှင်ပါပဲ ပြန်ထွက်သွားခဲ့သူတစ်ယောက်ပင်။ ဝင်လာတုန်းကလည်း တံခါးမခေါက်ခဲ့သလို၊ ပြန်ထွက်သွားစဉ်တွင်လည်း မနှုတ်ဆက်ခဲ့ပါ။ ထိုသည်ကိုတောင် မြ မမုန်းရက်ပါပဲ တမြေ့မြေ့လွမ်းဆွတ်လို့နေမိ၏။
" မူပိုင်က ဒီလောကကြီးထဲ မရှိတော့ဘူးလေကွယ် "
ခွန်းတုံ့ပြန်ဖို့ရာ မြတွင် စကားမရှိတော့ပေ။ လာရာလမ်းအတိုင်းသာ ပြန်လှည့်လို့ ဆင်ဝင်ကိုကော၊ အစ်မရီကိုပါ ကျောခိုင်းလိုက်၏။
လှေကားထိပ်သို့ ရောက်သောအခါ သော့ပိတ်ထားသည့် အခန်းတံခါးလေးကို ဦးစွာတွေ့ရလေသည်။ မြ ရှေ့မဆက်ဖြစ်ပဲ ထိုအခန်းလေးကိုသာ ခပ်တွေတွေငေးကြည့်နေမိ၏။
" ရယ်သံတွေ "
တသောသောရယ်မောသံများကို မြ အတိုင်းသားကြားလိုက်ရသည်။ သေချာပေါက်ကို ကြားလိုက်ရခြင်းပင်။
ဘုရားစင်နားသို့ အမြန်သွားကာ နံရံ၌ ချိတ်ဆွဲထားသည့် သော့တွဲအား မြ ယူလိုက်သည်။ ထို့နောက်တွင်တော့ တုန်ရီနေသော လက်များဖြင့် ပိတ်ထားသောတံခါးအား အလောတကြီး ဖွင့်မိလေ၏။
ကျွီခနဲမြည်သံနှင့်အတူ ပွင့်ဟသွားသော အခန်းတံခါး။ စနစ်တကျတည်ရှိနေသည့် ပရိဘောဂပစ္စည်းများသာ ရှိလို့နေသည်။ ထို့အပြင် ပိတ်ကားအဖြူ အုပ်ထားသည့် အရာတစ်ခုလည်း ငြိမ်သက်စွာရှိလို့နေ၏။ ဤအရာများမှအပ အခြားမရှိခဲ့ပါလေ။
" ရယ်သံတွေကို သေချာကြားခဲ့ရတာကို "
အခန်းထဲသို့ဝင်ကာ ကုတင်ခြေရင်း၌ ဝင်ထိုင်လိုက်ရသည်။ အဘယ်ကြောင့်ဆို မြတွင် အားအင်မရှိတော့ပါ။ မတ်တပ်ရပ်ဖို့ကိုတောင် မြ တကယ်မစွမ်းနိုင်တော့ပေ။
" ထပ်ပြီးကြားယောင်ပြန်တာလား "
တစ်ချိန်က ဒီအခန်းငယ်လေးထဲ မြတို့တွေ ရယ်မောခဲ့ကြသည် မဟုတ်လား။ မနက်ခင်းတိုင်း အတူနိုးထခဲ့ကြသလို အဆုံးမရှိသော အနမ်းများ ခြွေခဲ့ကြသည့် အခန်းငယ်လေး။ မြ သောက်နေကြ စီးကရက်နံ့တွေ လှိုင်ထနေတတ်သည့် အခန်းငယ်လေး။ ဒီအခန်းငယ်လေးထဲမှာပဲ ချစ်ရသူ၏ ကိုယ်သင်းရနံ့တို့ ထုံလွှမ်းခဲ့သည် မဟုတ်ပေလား။
ရန်စကားတွေ ပြောခဲ့ကြသလို၊ ဘယ်လောက်အထိ ချစ်ကြောင်းတွေလည်း ပြောခဲ့ကြပါသည်။ အတူပြုံးပျော်ခဲ့ကြသလို၊ ဖက်တွယ်လို့လည်း ငိုခဲ့ကြဖူး၏။ အိမ်ထောင်သည်ဘဝကို အများနည်းတူ ဖြတ်ကျော်ခဲ့ကြပြီးမှ ဝေးရသည်တဲ့လား ချစ်ရသူရယ်။ အခက်အခဲတွေ အများကြီးကို ရင်ဆိုင်နိုင်ခဲ့ပေမယ့်လည်း သေခြင်းတရားကိုတော့ မြတို့ ရှောင်မလွှဲနိုင်ခဲ့ပေ။
သေတစ်နေ့၊ မွေးတစ်နေ့ဆိုသော စကားကို မြ လက်ခံထားပေမယ့်လည်း ချစ်ရသူကို လက်လွှတ်ရစဉ် မြ ဘယ်လိုနည်းနဲ့မှ ဖြေမဆည်နိုင်ခဲ့ပါ။ ဘုရားဟောသော တရားတွေတောင် မြကို အလင်းမပြနိုင်သည်အထိ တရိပ်ရိပ်လောင်ကျွမ်းနေရ၏။
အခန်းငယ်လေးထဲဝယ် ရှိုက်ငိုနေသော အမျိုးသမီးကြီးတစ်ဦးနှင့် သူမအား ပွေ့ဖက်ထားလေသော အရိပ်ကလေးတစ်ခု ထိုနေ့က ရှိခဲ့လေသည်။ ။
______
(အညို)
အရင်ဦးဆုံးအနေနဲ့ မူပိုင်ကို ပြန်ခေါ်သွားမိလို့ တောင်းပန်ပါတယ်။ အပြောင်းအလဲက စာဖတ်သူတွေအတွက် အရမ်းမြန်သလိုဖြစ်သွားမယ်ထင်တယ်ရယ်။
အစပိုင်းလေးကို နားလည်ရဲ့လား မသိဘူး။ မူပိုင်က သေဆုံးပြီးပြီးချင်းမို့ ဝိညာဉ်က ဒေါ်ဒေါ့်ဆီ ရောက်လာခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် မူပိုင်ကို ချစ်ခဲ့ပေးကြလို့ တစ်ဦးတစ်ယောက်ချင်းဆီကို စိတ်ရင်းနဲ့ ကျေးဇူးတင်ပါတယ်။ ဒါက အညိုအစတည်းက ရေးခဲ့ပြီးသားဖြစ်တဲ့ ဇာတ်လမ်းပါ။ နောက်အပိုင်းကျရင်တော့ ဒီအချစ်ဇာတ်လမ်းလေး အဆုံးသတ်ပါပြီ။