အခန်း ၂
မြူတေး ခုနှစ်တန်း နှစ်အထိ ဦးကျော်ညိုလင်း၊ဒေါ်တေးမြိုင် နဲ့ မြူတေးတို့ မိသားစု သုံးဦး တစ်ရက် တစ်နေ့မှ မခွဲခွာပဲ အတူတူနေလာခဲ့ကြတယ်။ ဦးကျော်ညိုလင်းရဲ့ လုံလောက်တဲ့ ဝင်ငွေ တစ်ခုနဲ့ မြူတေးတို့မိသားစု မချမ်းသာပေမယ့် တင့်တောင့်တင့်တယ် နေနိုင်ခဲ့တယ်။မနက်ဆို ဒေါ်တေးမြိုင်က ဦးကျော်ညိုလင်းနဲ့ မြူတေးတို့ အတွက် ထမင်းချိုင့် အဆင်သင့် ပြင်ဆင်ထားပေးတယ်။ ဦးကျော်ညိုလင်းက ရုံးသွား၊မြူတေးက ကျောင်းသွားပေါ့။ အိမ်မှုကိစ္စကို ဘာတစ်ခုမှ မလစ်ဟင်းစေပဲ တစ်နေ့တာကို ဖြတ်သန်း ကုန်ဆုံးတယ်။
အိမ်မှုကိစ္စလုပ်စရာ မရှိလို့ အားတဲ့အချိန်မှာ ဒေါ်တေးမြိုင် တစိုက်မတ်မတ် လုပ်လေ့ရှိတာကတော့ စာဖတ်တာပါပဲ။ ဒီလိုပုံစံနဲ့ ဒေါ်တေးမြိုင်ဟာ သူမ ဘဝရဲ့ အချိန်များစွာကို နေ့စဥ် ကျော်ဖြတ်ခဲ့တယ်။ သူမရဲ့ ပျော်ရွှင်ပုံ မရှိသလို ပူလောင်ပုံလည်း မရှိတဲ့ နေ့ရက်များစွာကို မြူတေးတို့ သားအဖ အလွတ်ရလာခဲ့တာ မြူတေးရဲ့ အသက်တရှိပဲ။ ဒေါ်တေးမြိုင်ရဲ့ နေ့ရက်တွေဟာ အတက်အကျ နည်းတယ်။ ပြင်းထန်တဲ့ စိတ်အာရုံ ပြောင်းလဲမှုတွေလည်း မရှိသလောက်ကို ရှားပါတယ်။
မြူတေးစိတ်ထဲ ဒေါ်တေးမြိုင်နဲ့ ပတ်သက်လို့ စွဲစွဲမြဲမြဲ ရှိပြီး ဘယ်တုန်းကမှ ထုတ်မပြောဖူးတာတစ်ခု ရှိတယ်။ မေးလည်း မမေးခဲ့။အဲ့ဒါက မျက်ဝန်းတွေ။ ဒေါ်တေးမြိုင်ရဲ့ မျက်ဝန်းတွေ။ အတိအကျဆိုရရင် တချို့အချိန်တွေမှာ ဒေါ်တေးမြိုင်ရဲ့ မြူငွေ့လို တွေငေး၊ မှိုင်းပျ နေတတ်တဲ့ မျက်ဝန်းတွေရဲ့ အကြောင်းပါပဲ။
လွန်ခဲ့တဲ့နှစ်တွေက မြူတေး တစ်ကြိမ်တစ်ခါမှ မသိဖူးတဲ့ လူတစ်ယောက်က မြူတေးကို အမွေစား အမွေခံ မွေးစားခဲ့တယ်။ အမွေးစားခံရတယ် ဆိုတာက လွှဲပြီး သူမ ဘာမှမသိခဲ့ရဘူး။ သူမ မှတ်မိတာက ခုနှစ်တန်း နှစ် စာမေးပွဲနောက်ဆုံးနေ့။ စာမေးပွဲ ဖြေပြီး အိမ်ပြန်လာတဲ့ နေ့မှာ ဒေါ်တေးမြိုင် မြူတေးကို အလေးအနက် စကားတချို့ ပြောခဲ့တယ်။
ဒါဟာ မြူတေးက တခြားမိသားစုတစ်ခုရဲ့ တရားဝင် မိသားစုဝင်တစ်ယောက်ဖြစ်ရမယ် ဆိုတာပါပဲ။ ဒေါ်တေးမြိုင်နဲ့ ဦးကျော်ညိုလင်းဟာ သူတို့ရဲ့ တစ်ဦးတည်းသော သမီး ကို ကြည်ကြည်ဖြူဖြူ ၊ ကျေကျေနပ်နပ် နဲ့ တခြား အသိုက်အမြုံတစ်ခုဆီကို ပို့ခဲ့တယ်။ တခြား အသိုက်အမြုံ ဆိုပေမယ့် ကြီးကျယ်ခန်းနားလှတဲ့ အိမ်ကြီးဆီ စရောက်ကတည်းက မြူတေးဟာ အိမ်တော်ထိန်း တစ်ယောက်နဲ့ နေလာခဲ့ရတယ်။
အသိုက်အမြုံလို့တောင် ခေါ်လို့ရပါ့မလား မသိဘူး။ မြူတေးကြီးပျင်း လာခဲ့ရတဲ့ တစ်လျှောက်လုံးမှာ ကြီးမားလှတဲ့ အိမ်ကြီးရယ်၊အိမ်ထိန်း ဒေါ် နှင်းလှိုင် ရယ်၊ မြူတေးရယ် ဒီလောက်ပါပဲ။ ခြံထဲမှာ သီးသန့် တစ်ထပ်တိုက်ကလေးနဲ့ နေတဲ့ မသူနဲ့ ကိုနိုင်စိုးအောင် တို့ လင်မယား နဲ့တောင် တစ်လကြာလို့ တစ်ခါ မဆုံတာမျိုး ရှိတတ်တယ်။
မြူတေးရဲ့စိတ်ဟာ အလွှာတစ်ခုရဲ့ နောက်ကို ရောက်နေခဲ့တာကြာပါပြီ။ ခုနှစ်တန်း နှစ်အထိ ပေါ့ပါး ကြည်လင်ပြီး နေထိုင်လာခဲ့သလို ထင်ရပေမယ့် အဲ့ဒီ နောက်ပိုင်းနေ့ရက်တွေက စပြီး မထင်ထားဖူးတဲ့ ပြောင်းလဲမှုကြီးထဲကို ခုန်ချ ခဲ့ရတယ်။ မိဘ အစုံ အလင် ရှိနေပြီး အသားကျ အဆင်ပြေနေတဲ့ ဘဝမို့ ဒီလို အဖြစ်မျိုးကို မထင်မှတ်ထားခဲ့။ကြုံဖို့အဝေးကြီး ဆိုပေမယ့် ဘယ်အရာကိုမှ နားမလည်နိုင်ပဲ လက်ခံခဲ့ရတယ်။
မြူတေးရဲ့ ကိုယ်ပိုင်စိတ်ခံစားချက်ကို ဘယ်တစ်ဦး တစ်ယောက်ကမှ တစ်ခွန်းမှ မမေးခဲ့ဘူး။ တွေးနိုင်သလောက် ဆန့်ထုတ် တွေးကြည့်ပေမယ့် မြူတေး အတွက် အဖြေဆိုလို့ ရိုးရိုးရိပ်ရိပ်တောင် ပေါ်မလာခဲ့။ ဒီလိုနဲ့ ဖြတ်သန်းမှု တစ်လျှောက် မြူတေး စိတ်တွေ တဖြေးဖြေး ကျစ်ခဲ လာခဲ့တယ်။ တစ်ဘဝလုံး နားမလည်နိုင်နိုင်ခဲ့ပဲ သူမရဲ့ အရွယ်ရောက်လာခဲ့ပြီး မြိုသိပ် နေခဲ့တယ်။
မြူတေး ကိုယ်တိုင်က အရေးအကြီးဆုံး အပိုင်းကို တမင် ကျော်ချလိုက်ပြီး ရှင်သန်ပစ်လိုက်သလိုပါပဲ။ ဒီထက်ပိုပြီး သိနားလည်ခွင့် မရှိနိုင်ဘူးလို့ သဘောပေါက်ခဲ့တဲ့ နေ့ကစလို့ မိဘ နှစ်ပါးရဲ့ ဆုံးဖြတ်ချက်ကို ခေါင်းညိမ့်ခဲ့ရုံမှ အပ တခြားစကား ထပ်မဆိုခဲ့တော့။ တကယ်ပဲ ဘာကိုမှ မသိလိုတော့တဲ့ ပုံစံမျိုး။ ဒါမှမဟုတ် အဖြေရှာဖို့ အချိန်တစ်ခုထိ ခေါက်သိမ်းထားခဲ့တာမျိုးလား။ မြူတေးဟာ အချိန်အတိုင်းအတာတစ်ခုအတွင်း သူမကိုယ် သူမ မပိုင်ခဲ့ရဘူးလို့ ဆိုလို့ရတယ်။ ဒါပေမယ့် မျက်ဝန်းများကို အစဥ်သဖြင့် ပိုင်တယ်ဆိုတဲ့ ရဲ့ဝံ့ ဝင့်ထည်တဲ့ အကြည့်မျိုး အမြဲရှိတယ်။
ပန်းရိပ်မြုံ ဟာ နာမည်နဲ့လိုက်အောင် ပန်းတွေ အများကြီးစိုက်ပျိုးထားတဲ့ စံအိမ်တော်ကြီးပဲ။ ဒါပေမယ့် အခင်းလိုက်ဆို နှင်းဆီ နှင့် ဒေစီ နှစ်မျိုးကိုပဲ စိုက်လေ့ရှိတယ်။ နှင်းဆီကို သူ့အရောင်နဲ့သူ အကန့်လိုက်၊ အတန်းလိုက် ခွဲ ပြီး စိုက်ပျိုးထားတတ်တယ်။ မြင်လိုက်တာနဲ့ ရောင်စုံ နှင်းဆီ ခင်းကြီးဟာ အရောင် တစ်ထပ်စီဖြစ်ပြီး အင်မတန် ကြီးမားလှပ သေသပ်ပါတယ်။
စံအိမ်တော်ကြီးရဲ့ ညာဘက်မှာတော့ ဒေစီပန်းခင်းကို ကျယ်ပြန့် ညီညာစွာ တွေ့ရတယ်။ ပန်းခင်းတွေဟာ အိမ်ကြီးရဲ့ တစ်ဝက်လောက်ကစ စိုက်ထားတယ်။ ရှေ့ဘက် ဧရိယာတော်တော်များများမှာ ရှင်းလင်းပြီး ညီညာတဲ့ မြက်ခင်းပြင်ကြီးအဖြစ် ထားရှိတယ်။ အဲ့ဒီ နေရာအကျယ်ကြီးမှာ ပန်းပင် တချို့၊ ထိုင်ခုံတချို့၊ အရိပ်အတန်အသင့်ရတဲ့ အလှစိုက် သစ်ပင်တချို့သာ ရှိတယ်။
ဒေစီပန်းခင်းကို မြင်နေရတဲ့ အခန်းထဲမှာ ကျွန်မ ရပ်နေတယ်။ ဒီအခန်းဟာ ပန်းရိပ်မြုံမှာ ရိုးရှင်း ပြီး ပရိဘောဂ အနည်းဆုံးအခန်းပါပဲ။ စာအုပ်စင် သေးသေးလေးတစ်ခု၊ ထိုင်စရာ ခုံနဲ့စားပွဲ တစ်ဆက်တင် သာရှိတဲ့ အခန်းပေါ့။ တမင်ကို ဘာပရိဘောဂမှ ဖြည့်မထားပဲ နှစ်ပေါင်းများစွာ ရှင်းတောက် နေတတ်တဲ့ အခန်းကျယ်ကြီးပဲ။ ပန်းအိုးတစ်လုံး၊ ပန်းတစ်ပွင့်တောင် ဒီအခန်းထဲ ထားတတ်ပုံ မရဘူး။
နေရောင်ခြည်ဟာ ပန်းတွေ အပေါ် ဖြန့်ကျက် ထားတယ်။ ကျွန်မ နဲ့အနီးဆုံး ပြတင်းပေါက် ဘောင်ပေါ်ကိုလည်း ဖြာကျနေတယ်။ နေခြည်အောက်က ဒေစီလေးတွေ လေပြေ အဝှေ့မှာ ခပ်နွဲ့ နွဲ့ လှုပ်ယိမ်းသွားတာကို ကျွန်မ အတန်ကြာထိ သေချာ ကြည့်နေမိတယ်။ ပြီးမှ တစောင်းလေး ရပ်နေတဲ့ ကျွန်မ ခန္ဓာ ကိုယ်ကို လှည့်လို့ ကျွန်မ နောက်မှာ ရောက်နေတာ ကြာပြီဖြစ်တဲ့သူကို မေးခွန်းထုတ်တယ်။
"ဆိုတော့ မင်း ငါ့ကို ကြည့်နေတာ ၂၅ မိနစ်လောက်ရှိပြီ။ ဘာတွေ့လဲ"
"မှဲ့ကလေး"
ကျွန်မ မျက်ဝန်းတွေ စူးခနဲ ဖြစ်သွားတယ်။ ဒါဟာ နှစ်တွေအကြာကြီးကြာမှ ပထမဆုံးအကြိမ် တွေ့ဆုံရတဲ့ အချိန်မှာ ပြောဖြစ်ကြတဲ့ စကား တဲ့။ ဖြေသံဟာ အေးပြီး ငြိမ်တဲ့ အသံ။ ငယ်ကတည်းက အေးဆေးတတ်တဲ့ အသံဟာ တည်ကြည်တဲ့ ဘက်ကို ပိုရောက်နေပြီပဲ။ အဖြေ ပေးတဲ့သူကို ကြည့်တော့ ယုံကြည်မှု ရှိလွန်းတဲ့ ပုံစံကို စမြင်ရတယ်။ ဘာကို ယုံကြည်မှုရှိနေတာလဲဆိုတာ ကျွန်မ မပြောတတ်ဘူး။ ဆက်ပြီး တွေးဖို့အထိလည်း စိတ်မပါ။ ကျွန်မ မျက်လုံးတွေ သူ့ဆီမှာ စူးစူးနစ်နစ် စိုက်ကျနေတယ်။ နည်းနည်းမှ မတွန့်ဆုတ်တဲ့ ဟန်ကို တွေ့ရတယ်။ ကျွန်မ စိတ်ထဲ ဘယ်လိုမှ မနှစ်မြို့။
"ပြန်ပြောကြည့်စမ်း"
ကျွန်မ မတိုးမကျယ်မေးလိုက်ပေမယ့် လေသံက မာတဲ့ဘက်ကို ရောက်နေပြီ။
"မှဲ့ကလေးလေ။ အဲ့ဒီ မှဲ့ကလေး"
"ဘာ"
"မှတ်မိနေတဲ့ မှဲ့ကလေးလို့ပြောတာ"
ရုတ်တရက် ကျွန်မ နှုတ်ဆိတ် သွားတယ်။ ကျွန်မထက် အနည်းငယ် ပိုရှည်တဲ့ အရပ်အမောင်းနဲ့မိန်းကလေးဟာ မျက်ဝန်းတွေ ရိုင်းနေတယ်။ သူ့အကြည့်က ကျွန်မ မျက်နှာပေါ်ကနေ တစ်ဆင့် ပါးရိုးပေါ်မှာ ထင်းနေတဲ့ မှဲ့နက်လေးဆီ စိုက်ကြည့် ရပ်တန့်နေတယ်။
"ဘယ်လို မှတ်မိနေလဲ မမေးတော့ဘူးလား"
"ဒီမှာ မြူတေးမောင်မောင်၊ မေးခွန်းဆိုတာကို ငါပဲ မေးခွင့်ရှိတယ်။ မင်းလည်း ငါက မေးဆိုမှ မေးခွင့်ရမယ်။ဒါကို သေချာမှတ်ထား၊ နောက်ပြီး မင်း ဒီထက် ရိုကျိုးတတ်ဖို့ပြင်"
"တွေ့ကြတာ မိနစ်သုံးဆယ်မပြည့်သေးပဲ ဘယ်လို မရိုကျိုးဘူးဖြစ်သွားရတာလဲ"
"ဒီအခန်းထဲက မင်း ထွက်သွားတော့။ မင်းကိုငါ ဘာမှ ဆက်မပြောချင်တော့ဘူး။ မင်းဟာ ငါ သည်းခံပြီး ဆက်ဆံရမယ့် လူအဖြစ်တောင် အဆင့်မမှီလို့ပဲ"
သူ ဘာမှ မပြောတော့ပဲ ရပ်နေတယ်။ အနီရဲရဲ တီရှပ်ပွလေးဟာ စိုလဲ့တဲ့ သူ့အသားအရေနဲ့ တောက်တောက်ပပ ဟပ်နေတယ်။ ဆံပင် ဂုတ်ဝဲနဲ့ နုငယ်တဲ့ မျက်နှာမှာ အလှသွေးတွေ ရဲနေပေမယ့် မာထန်ထန် ပုံစံမျိုး။ဒူးလောက် ဘောင်းဘီနဲ့ တကယ့်ကို ကလေးတစ်ယောက်လို လွတ်လပ်ပေါ့ပါးလွန်းတဲ့ အသွင်ဆောင်နေတယ်။ တင်းတင်းစေ့နေတဲ့ နှုတ်ခမ်းတစ်စုံက ဘာသံမှ ထွက်မလာတော့ဘူး။ ကျွန်မရှေ့ကလည်း ထွက်မသွား။ ကျွန်မကပဲ ခြေလှမ်းရွေ့ဖို့ ပြင်လိုက်တယ်။
"ပြောသလို နေပါ့မယ်။ စကားဆက်ပြောကြရအောင်ပါ"
ကျွန်မ တုံ့ခနဲ ဖြစ်ပြီးမှ စိတ်ကို ပိုအေးအောင်ပြင်ပြီး လေကို တစ်ဝကြီး ရှိုက်သွင်းလိုက်မိတယ်။ မျက်လုံးကို ခဏမှိတ်ထားပြီးမှ ပြန်ဖွင့်တယ်။
"မင်းဒီအိမ် ရောက်လာရတဲ့ အတွက် မင်းမှာ မေးခွန်းတွေ အများကြီးရှိမှာပါပဲ။ အဲ့တော့ မင်း သိချင်တာကို စ မေး"
"မရှိတော့ဘူး ဘာမှ"
ကျွန်မ အံ့သြရအောင်များ ဒီကလေးမ တမင်လုပ်နေသလားပဲ။ မရှိတော့ဘူးတဲ့။ ဒါဆို ဒီမတိုင်ခင်တော့ ရှိပြီး အခု ကျွန်မကို တွေ့မှ မရှိတော့တာမျိုးပေါ့။ ဒါမှမဟုတ် ကျွန်မ မေးလိုက်မှ မရှိဘူး ဖြေတာမျိုးလား။
"မင်းကို ငါ မေးခွင့်ပေးနေတုန်း မေးနော်။ မင်း တစ်ဘဝလုံးနဲ့ ပတ်သက်ပြီး မင်းမှာ သိချင်စိတ် လုံးဝ မရှိဘူးလား။ ဆောရီး မင်းဘဝ ငါ့ဘဝနဲ့ ပတ်သက်ဆက်နွယ်သွားတဲ့အချိန်က စလို့ ပြောတာ"
"ဒါဆို တစ်ခုပဲမေးမှာပါ။ ဘာလို့ မွေးစားခဲ့တာလဲ"
"ဘာလို့လဲ ဟုတ်လား။ ဖြစ်ရမှာမို့လို့ ဖြစ်သွားရတာလို့ မှတ်လိုက်ပါ"
"အကြောင်းရင်းကို ဖြေပေးလို့ရမလား"
"အကြောင်းရင်းဆိုရင်တော့ ဘာမှမရှိဘူး"
မြူတေး မျက်ဝန်းတွေ အေးခနဲ ဖြစ်သွားပုံပေါ်တယ်။
"အကြောင်းရင်း ဘာမှ မရှိပဲ လူတစ်ယောက်ရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ် အားလုံးကို ခြယ်လှယ် ပတ်သက်ရဲတယ်ပေါ့"
"ပြောပြီးပါပြီရော၊ ဖြစ်ရမယ့်အကြောင်းရှိလို့ ဖြစ်သွားရတယ် ထားပါလို့။ မဟုတ်ရင်လည်း"
"မဟုတ်ရင် ဘာကြောင့်လဲ"
"မင်းပြောသလိုဆို အကြောင်းမဲ့ လူတစ်ယောက်ရဲ့ တစ်ဘဝလုံးကို ခြယ်လှယ်နိုင်စွမ်း ရှိလို့ပေါ့။ ငါ တတ်နိုင်လို့လေ"
သူ ရုတ်တရက် ကျွန်မနဲ့ ပိုနီးကပ်အောင် ရှေ့တိုးလိုက်ပြီး ကျွန်မ လက်ကို ဆွဲကိုင်ယူလိုက်တယ်။ မထင်မှတ်ထားတာမို့ ကျွန်မ ရှောင်ရှားဖို့ အချိန်မရှိလိုက်ဘူး။ဘယ်လိုမှ ညင်သာ တွန့်ဆုတ်မှုမရှိတဲ့ အပြုအမူ နောက်မှ အေးစက် ခြောက်ကပ်တဲ့ လေသံနဲ့ သူ စကားပြောတယ်။
"လူတစ်ယောက်ရဲ့ ကံ ကို အချိန်တစ်ခုထိ အဲ့ဒီ လက်တွေနဲ့ ရေးလိုက်ပြီနော်။ အဲ့ဒီလက်တွေနဲ့"
"လွှတ်"
ကျွန်မ လက်ကို ဆောင့်ရုန်းလိုက်ပြီး သူ့ကိုယ်လုံးကိုလည်း တွန်းထုတ်လိုက်မိတယ်။
"နောက်ဆုတ်စမ်း။ ငါ့အသားကို ထိရအောင် မင်းက ဘာမို့လို့လဲ"
ဒေါသစိတ်ကြောင့် ကျွန်မ အနည်းငယ် လှုပ်လှုပ်ရှားရှား ဖြစ်သွားတယ်။ သူ့ပုံစံကို ကြည့်လိုက်တော့ ကျွန်မ လက်ကို ဆုပ်ကိုင်လိုက်တဲ့ သူ့လက်ဖဝါးကို သူ ဖြန့်ပြီး စူးစူး ငေးငေး ကြည့်လို့နေတယ်။
"တော်ပြီ။ ဒီအခန်းထဲက မင်းထွက်သွားတော့"
"ဟင့်အင်း မမ"
"ဘယ်လို ခေါ်လိုက်တယ်"
"မမ လို့ခေါ်လိုက်တာလေ။ မေမေကတော့ အန်တီ့ကို မောင် တဲ့"
"တော်၊တော်စမ်း"
သူ့ကို ကျွန်မရဲ့နာမည်တောင် သိခွင့်မပြုခဲ့တာပဲ။မြိုင်။ မြိုင်က ကျွန်မကို သူ့ရှေ့မှာ မောင်လို့ ခေါ်သတဲ့လား။ အခုတစ်ယောက်က မမတဲ့။ ကြည့်စမ်း။ ဒီလို အသုံးအနှုန်း အခေါ်အဝေါ်ကြောင့် ကျွန်မ နားထဲ ပူဆင်းသွားရတယ်။
"ငါ့နာမည် ပန်းရိပ်မောင်မောင်တဲ့။ မင်းကို အမွေစားအမွေခံ တရားဝင် မွေးစားခဲ့တဲ့သူ။ ဒါကြောင့် ငါက မင်းရဲ့ အုပ်ထိန်းသူ။ ငါ့ကို အန်တီပန်းရိပ်လို့ပဲ ခေါ်ရမယ်"
"နိုးပါ၊မမ"
"မြူတေးမောင်မောင်"
"မြူတေးမောင်မောင်လို့ ခေါ်ရတာ ရှည်မနေဘူးလား။ခေါ်ရသက်သာအောင် မောင်လို့ပဲ ခေါ်မလား"
Yeik Hsar Yar
ဒီဇာတ်လမ်းလေး သဘောကျရင် star လေးတွေနှိပ်ပြီး vote ပေးပါဦးနော်။