ယနေ့မှာ စနေနေ့ဖြစ်၍ ဖြိုး အဆောင်တွင်းအခန်းတွင်းပုန်းကာ သူမဖုန်းထဲမှ နွယ်နှင့်အမှတ်တရလေးများကိုပြန်ကြည့်နေမိသည်။
နွယ်နှင့်စတွေ့ခဲ့သည့်အချိန်မှစ ယနေ့ထိအဖြစ်အပျက်အားလုံးသည်သူမအတွေးထဲ၌အပြည့်နေရာယူထားလေ၏။
ယခင်ကကြင်နာခဲ့သမျှကိုတွေးမိလေတိုင်းရင်ထဲတွင်နင့်နေအောင်ခံစားရသည်။
မေ့ပစ်ချင်သော်ညားမေ့မရ။
စိတ်မနာဘူး မမုန်းပါဘူးဟုဆိုသော်လည်း နာကျည်းစိတ်လေးတော့ဝင်ရပါသည်။
"ရက်စက်လိုက်တာနွယ်ရယ်"
ဒေါက် ဒေါက်
တံခါးခေါက်သံကြောင့် ထဖွင့်လိုက်တော့ ယုဇနနှင့်အတူ ကဗျာတို့နှစ်ယောက်ပါ ပါလာလေသည်။
ယုဇနက ဖြိုး၏ အခန်းဖော်ကိုမတွေ့သဖြင့်
"သင်းရော"
"အပြင်သွားတယ်"
ကဗျာက ဖြိုး၏ ခုတင်ခြေရင်းတွင်ဝင်ထိုင်လိုက်ကာ
"မှိုင်မနေနဲ့လေဟာ ဒါက နင့်စတိုင်လ်မဟုတ်ဘူး"
"အေးလေ အရင်လိုပဲပေါတောတောနေစမ်းပါ"
ဖြိုးကစိတ်မပါသလိုပြုံးလိုက်တော့ ဖူးပွင့်က သူမပုခုံးကိုရိုက်လိုက်ပြီး
"ရယ်စမ်းပါဟယ် ရုပ်ကမချိုမချဉ်နဲ့"
ဖြိုးက ရယ်မလိုလုပ်နေရာမှ မျက်နှာကမဲ့လာပြီး ငိုတော့မလိုလိုဖြစ်နေ၍
"ဟဲ့ကမ မငိုနဲ့လို့ ဒုက္ခပဲ"
ဖူးပွင့်တို့ သူမကိုချော့နေစဉ်မှာပင်
🎼🎼🎼
"ခနလေး ဖုန်းကိုင်လိုက်ဦးမယ်"
ဖုန်းနံပတ် အစိမ်းဖြစ်၍ ဖြိုး speaker ကိုဖွင့်လိုက်ကာ
"ဟယ်လို"
"သော်တာပြည့်ဖြိုးလား"
"ဟုတ်ကဲ့"
"အန်တီမြပါ သမီး ....ဆေးရုံကိုအမြန်လာခဲ့ သမီး
တီချယ်ဆေးရုံတင်ထားရတယ် အခြေအနေမကောင်းဘူး"
"ရှင်"
ဒေါက်တာမြစကားကြောင့် ဖြိုးလက်ထဲမှဖုန်းလေး
လွတ်ကျသွားသလို ယုဇနတို့လည်း ပါးစပ်အဟောင်းသားများဖြစ်ကုန်သည်။
ဖြိုး ကတုန်ကယင်ဖြင့်
"ဟယ် ငါဘာလုပ်ရမလဲ ဒုက္ခပါပဲ တီချယ်တစ်ခုခုဖြစ်သွားရင် ငါ့ကိုယ်ငါသတ်သေမှာ"
ယုဇနက ဖြိုးလက်ကိုဆုပ်ကိုင်လိုက်ကာ
"ဖြိုး ဖြိုး စိတ်ထိန်းဦး ငါတို့အရင်ဆေးရုံလိုက်သွားရအောင်နော်"
"အေး ဟုတ်တယ်"
ကဗျာတို့ကပါ ဖြိုးကိုအားပေး၍ taxi ငှါးကာ ဒေါက်တာမြပြောသည့်ဆေးရုံသို့အမြန်ဦးတည်လိုက်ကြသည်။
~~~~~
"နွယ် နင်အားတင်းထားဦးနော်"
ဒေါက်တာမြ ambulance ပေါ်တွင် နွယ့်လက််ကိုဆုပ်ကိုင်ထားရင်း ဘေးမှတတွတ်တွတ်ပြောနေမိသည်။
ခပ်မြော့မြော့သာရှိတော့သည့် နှလုံးခုန်နှုန်းကို
တစ်လမ်းလုံးအောက်ဆီဂျင်ပေးကာ CPR များ
လုပ်ပေး၍ မနည်းအသက်ဆက်လာရခြင်းဖြစ်၍ ဒေါက်တာမြအတော်စိတ်ပူနေရ၏။
ကားပေါ်မှာတည်းက ဖြိုးကို ဖုန်းဆက်ခေါ်ထားပြီးဆေးရုံရောက်တော့ ဒေါက်တာမြကိုယ်တိုင်ပင် နွယ့်ကို
Emergency room ၌ကုသပေးလေသည်။
ဖြိုးတို့ဆေးရုံရောက်သွားတော့ ဒေါက်တာမြကို မတွေ့။
Emergency room ရှေ့၌ရပ်စောင့်နေသည့် နွယ့်မိသားစုဝင်များကိုသာတွေ့သဖြင့် ဖြိုးသူတို့နားတိုးသွားကာ
"တီချယ် တီချယ် ဘယ်လိုနေလဲဟင်"
ဒေါ်သီတာနွယ်က မျက်ရည်များကိုသုတ်ရင်း
"မသိပါဘူးကွယ် ခုနကမှဝင်သွားတာ"
"ဘယ်လိုဖြစ်ရတာလဲသမီးကိုပြောပြပေးလို့ရမလား"
"လက်မထပ်ချင်လို့ အဆိပ်သောက်လိုက်တာ"
"ရှင်"
ဖြိုး အနောက်သို့ပင် အနည်းငယ်ယိုင်သွားရသည်။
"အဲ့လောက်တောင်ပဲလားတီချယ်ရယ် သမီးရှေ့မှာကျတော့မာကျောချင်ယောင်ဆောင်နေခဲ့တာလား"
မျက်ရည်များကျလာသည့်ဖြိုးကို ကဗျာတို့ကနှစ်သိမ့်ပေးနေစဉ် ဆရာဝန်တစ်ယောက်ခွဲခန်းထဲမှထွက်လာသဖြင့် ဦးထည်ဝါ ထိုဆရာဝန်နားသွားကာ
"လူနာအခြေအနေဘယ်လိုရှိလဲ"
"အခြေအနေမကောင်းဘူးဗျ ၂၀% ၈၀% ပဲ"
အခန်းပြင်ကမန်းကတန်းထွက်သွားသော ဆရာဝန်စကားအဆုံး ဦးထည်ဝါ နံရံကိုလက်သီးဖြင့်
ထုလိုက်ကာ
"ငါမကောင်းတာပါကွာ ငါ့ကြောင့် ငါ့သမီးခုလိုဖြစ်ရတာ"
ဒေါ်သီတာနွယ်က ဦးထည်ဝါကျောကုန်းကိုခပ်ဖွဖွကိုင်ထားရင်းမှ
"ကိုယ့်ကိုကိုယ်အပြစ်မတင်ပါနဲ့ အကိုရယ် တကယ်ဆိုကျွန်မအပြစ်လည်းပါပါတယ်"
"အကို့မှာ ကင်ဆာရှိနေတယ်ဆိုပြီး သမီးကိုမလိမ်
လိုက်သင့်ဘူး"
သူတို့စကားများကိုဖြိုးနားမလည်သလို နားလည်းမထောင်နိုင်ပါ။
ခုချိန်သူမစိတ်ထဲနွယ်တစ်ယောက်သာရှိသည်။
ဖြိုး နံရံကိုမှီချလိုက်ရင်း
"တီချယ် သမီးကိုမထားခဲ့ပါနဲ့"
တီ တီ တီ
နှလုံးခုန်စက်မှ ထွက်ပေါ်လာသည့်အသံများနှင့်တကွ တဖြေးဖြေးဖြောင့်တန်းချင်လာသည့် နှလုံးခုန်နှုန်းများကြောင့် ဒေါက်တာမြချွေးပျံရလေပြီ။
တီ.....
နွယ့် နှလုံးခုန်နှုန်းကရုတ်တရပ် ရပ်တန့်သွားသဖြင့်
ဒေါက်တာမြ ခေါင်းပေါ်မိုးကြိုးပစ်ချခံလိုက်ရသလိုပင်။
တုန်ရီလာသည့်သူမလက်နှင့် ခန္ဓာကိုယ်ကို ထိန်းချုပ်လိုက်ကာ ဘေးမှ လက်ထောက်ဆရာဝန်ပေးသည့် နှလုံးနှိုးစက်ကိုယူလိုက်ပြီး
"နွယ် နင်တောင့်ထားဦးနော် clear 1 2 3"
"1 2 3"
သူမ ဆက်တိုက်ကြိုးစားနေသော်လည်း နှလုံးခုန်နှုန်းတို့ကတက်မလာပေ။
"သမီးကိုထားမသွားပါနဲ့ သမီးကိုအမြဲရစ်နွယ်ထားမှာဆို တီချယ်သာမရှိရင် သမီးတကယ်သေပစ်လိုက်မှာ"
နံရံကိုမှီနေရင်း မျက်ရည်များဆက်တိုက်ကျလာသည့် ဖြိုးကိုကြည့်ကာ ဘေးမှသူငယ်ချင်းများကတော့ စိတ်မကောင်းဖြစ်နေရုံမှမတက်နိုင်။
"နွယ့်ကိုချစ်ဖို့မွေးဖွားလာတာမို့ နွယ့်ကိုချစ်ရင်းပဲသေဆုံးချင်တယ် နွယ်"
"1 2 3"
တီ တီ တီ
တစ်လိုင်းပြီးတစ်လိုင်း ပြန်လည်မြင့်တက်လာသည့် နှလုံးခုန်နှုန်းများကြောင့် ဒေါက်တာမြခုမှသက်ပြင်းချနိုင်တော့၏။
~~~~~
"မြ မြ သမီးသူငယ်ချင်း ဘယ်လိုနေလဲဟင်"
ခွဲခန်းအပြင်ထွက်လာသည့် ဒေါက်တာမြကိုမြင်သည်နှင့် ဒေါ်သီတာနွယ်တို့က သူမအားအပြေးသွားကာမေးလိုက်သလို ဖြိုးလည်း ထိုအနားသို့တိုးသွားလိုက်မိသည်။
"အသက်အန္တရာယ်မရှိတော့ပါဘူး မာမား စိတ်ချရပါပြီ ဒါပေမဲ့ အောက်ဆီဂျင်တော့ပေးထားရတယ်"
သူမစကားကြားမှ ဒေါ်သီတာနွယ်တို့သက်ပြင်းချနိုင်၏။
ဒေါက်တာမြကဖြိုးအနားသို့သွားလိုက်ကာ
"သမီးတီချယ်ကပြောဖူးတယ် လပြည့်ဝန်းလေးကဆွဲငင်ထားသ၍ သူဘယ်တော့မှသေမှာမဟုတ်ဘူးတဲ့"
ဖြိုးက ဦးထည်ဝါတို့ကိုတစ်ချက်ကြည့်ပြီးမှ
ဒေါက်တာမြကို ပြုံးပြလိုက်ပြီး
"ဘယ်လိုကိစ္စတွေပဲရှိရှိ သမီး တီချယ့်ကိုလက်မ
လွှတ်တော့ပါဘူးအန်တီ"
~~~~~
"တကယ်လည်းအားနာပါတယ်ကွာ ဒါပေမဲ့
အခြေအနေကသိတဲ့အတိုင်းပဲလေ"
"ရပါတယ် မင်းရဲ့ သမီးက ငါ့သားကိုမချစ်တော့ လက်ထပ်ပြီးလည်း အလကားနေမှာ"
သူတို့မိသားစုအား တောင်းပန်နေသည့် ဦးထည်ဝါကိုကြည့်ကာ ကျော်လင်းနိုင်သက်ပြင်းချမိသည်။
နွယ်ဟာ အတော်လေးလှပြီးထက်မြက်သူဖြစ်တာမို့ ကျော်လင်းနိုင် အတော်လေးတော့ နှမျောမိပါသည်။
သို့သော်လည်း မချစ်မနှစ်သက်ဘဲ ထူထောင်ရမည့်အိမ်ထောင်ရေးမျိုး ဖြစ်မလာတာကိုသာ သူ ဝမ်းသာရပါတော့မည်။
~~~~~
"အန်တီ ဒါဆို တီချယ်က သမီးကိုငဲ့ပြီးလမ်းခွဲခဲ့တာပေါ့"
"ဟုတ်တယ် သမီး ပြီးတော့ သူ့ပါပါးမှာ ကင်ဆာဖြစ်နေတယ်ဆိုပြီး သူ့ကိုလိမ်ခဲ့ကြတာ အဲ့နေ့ကပြဿနာတွေအတော်တက်သွားတယ် လက်ဖျားနဲ့တောင်မထိဖူးတဲ့ ပါပါးက အဲ့နေ့က နွယ့်ကို ပါး ပါ ရိုက်ခဲ့တာ"
ကြားလိုက်ရသည့်စကားကြောင့် ဖြိုး နည်းနည်းသွေးဆူသွားရသည်။
ဒါကြောင့် နွယ်နဲ့ တွေ့တဲ့နေ့က နွယ်ညာဘက်ပါးကအနည်းငယ်နီနေတာပါလား လို့ဖြိုးပြန်တွေးမိ၏။
ဘာဖြစ်တာလဲ လို့ သတိမထားမိခဲ့သည့် သူမကိုယ်သူမ နောင်တရမိသလို နွယ့်ကိုလွှတ်ချပေးခဲ့သည့်အတွက်လည်း သူမကိုယ်သူမ ဒေါသထွက်မိသည်။
"မျိုးက ငယ်ငယ်တည်းက မိဘတစ်ခွန်းလေ ဒါပေမဲ့
သမီးကိုနည်းနည်းလေးမှအထိမခံခဲ့ဘူး ပါပါးကို
တောင်ပြန်ခံပြောခဲ့ပြီး သူ့ကိုအမွေပါဖြတ်ခိုင်းခဲ့တာ"
နားထောင်နေရင်းနဲ့အတော်ကြေကွဲသွားပုံပေါ်နေသော ဖြိုးကို ဒေါက်တာမြကအားပေးလိုက်ကာ
"သမီး တီချယ်ဆီသွားလိုက်ပါဦး အန်တီပါလိုက်ခဲ့ပေးမယ်"
~~~~~
အခန်းထဲဝင်လာသော ဖြိုးကိုမြင်သည်နှင့် ဒေါ်သီတာနွယ်တို့မျက်နှာပျက်ယွင်းသွားတော့သည်။
မလိုလားသည်ထက် မျက်နှာပူနေသည်ဆိုပိုမှန်မည်။
ဖြိုးက ရဲရဲဝင့်ဝင့် ပင်သူတို့နားကိုသွားလိုက်ကာ
"တီချယ့်ကိုသမီးလက်ထပ်မယ် အန်တီတို့
အန်ကယ်တို့ သဘောမတူဘူးဆိုရင်တောင်
ရအောင်လက်ထပ်ပြီး တီချယ့်ဘဝကိုပျော်ရွှင်
အောင်ထားမယ်"
အလေးအနက်ပြောလိုက်သည့် ဖြိုးကို
ဒေါ်သီတာနွယ်က
"တကယ်တော့ အန်တီတို့လည်း နောင်တအများကြီးရရပါတယ် လန့်လည်းလန့်သွားတယ် သမီးနဲ့ နွယ်နဲ့ကို သဘောတူပါတယ် အန်တီတို့ထက်သမီးကသူ့ကိုပိုပြီးပျော်ရွှင်အောင်ထားနိုင်မယ်လို့ ယုံကြည်ပါတယ်ကွယ်"
ဦးထည်ဝါက ဖြိုးကို သေချာမကြည့်ဘဲ
"ငါ့သမီးကိုစိတ်ချမ်းသာအောင်ထားပါ"
တိုတိုတုတ်တုတ်ပြောပြီးထွက်သွားသည့် ဦးထည်ဝါနောက်သို့ ဒေါ်သီတာနွယ်နှင့် မျိုးခန့်ပိုင်လိုက်သွားတော့ ဖြိုးက နွယ့်ဘေးသို့သွားလိုက်ကာ
"ကျောင်းသူကျောင်းသားတွေရဲ့စံပြတီချယ်က ဘာလို့ဒီလို ရူးရူးမိုက်မိုက်လုပ်ရတာလဲ တီချယ် တကယ်ကြီးသမီးကိုထားသွားဖို့တွေးနေတာလား"
ဖြိုးက နွယ့်လက်ကိုယူကာ သူမမျက်နှာနှင့်ကပ်ထားကာ ငိုနေစဉ် လှုပ်ရှားလာသော လက်ချောင်းလေးများကြောင့်
"တီချယ်"
နွယ် ပထမဆုံးမျက်လုံးဖွင့်လာသည်နှင့် မြင်လိုက်ရသည့်မျက်နှာလေးကြောင့် ခံစားနေရသည့်ဝေဒနာများပါ ပျောက်ချင်သွားလေသည်။
"ဖြိုး"
အောက်ဆီဂျင်ပိုက်အောက်မှ ခပ်တိုးတိုးလေး
ထွက်လာသည့် ထိုအသံလေးဟာ ဖြိုးရင်ထဲကိုလှိုက်စားသွားနိုင်၏။
"အန်တီ ကြည့်ပေးပါဦး"
ဒေါက်တာမြကရှေ့ကိုတိုးလာရင်း
"အမလေး မျိုးသိင်္ဂီနွယ် ရယ် နင်တစ်ယောက်နဲ့တော့ ငါနှလုံးရောဂါနဲ့သေမှာပဲ"
ဒေါက်တာမြက ပွစိပွစိပြောကာ စမ်းသပ်ပြီးနောက် အောက်ဆီဂျင်ပိုက်များကိုဖြုတ်ပေးလိုက်ပြီး
"ခုဘယ်လိုလဲ အသက်ရှူလို့ကောင်းလား"
နွယ်က ခေါင်းငြိမ့်ပြလိုက်သဖြင့်
"စကားရောပြောလို့ရလား"
"အင်း"
"တော်သေးတာပေါ့ နင်နှလုံးပါရပ်သွားလို့ ငါတကယ်ချွေးပျံသွားတာ ဒီတစ်ခါတော့တကယ်များသေပြီလားလို့"
"ငါပြောဖူးတယ်လေ လပြည့်ဝန်းလေးကဆွဲငင်ထားလို့နေမှာလို့"
ဖြိုးကိုကြည့်ကာ ပြုံးပြီးပြောလိုက်သော နွယ့်ကို
ဒေါက်တာမြက မျက်စောင်းလေးတစ်ချက်ထိုး
လိုက်ကာ
"စေတနာပျက်တယ်"
မဲ့ရွဲ့ပြီးပြောပြီး အခန်းပြင်ထွက်သွားသည့် ဒေါက်တာမြကြောင့် ဖြိုးတို့ရယ်မိလိုက်သည်။
ဖြိုးက ထိုင်နေရာမှထလိုက်ပြီး နွယ့်လက်ကိုသူမ
လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ကာ
"ခုန တီချယ့်မိဘတွေကိုသမီးပြောလိုက်ပြီ တီချယ့်မိဘတွေကလက်ခံတယ်"
နွယ်ကမျက်နှာအနည်းငယ်တည်သွားပြီး
"ဖြိုး တီချယ်ခုလိုလုပ်တာ သူတို့ကြောင့်မဟုတ်ဘူး တီချယ့်ကိုလက်ထပ်ရင် သမီးဘဝတက်လမ်းတွေပိတ်သွားမှာဆိုးလို့ပါ တီချယ့်ဘဝကိုအခြားသူလက်ထဲလဲအပါမခံနိုင်ဘူး အဲ့တာကြောင့် သေဖို့ဆုံး.."
ဖြိုးက နွယ့်နှုတ်ခမ်းကို သူမနှုတ်ခမ်းဖြင့် ဖိကပ်လိုက်ပြီးတစ်ခနအကြာမှပြန်လွှတ်ပေးလိုက်ကာ
"သေမယ်ဆိုတဲ့စကားမပြောပါနဲ့ ဒီလပြည့်ဝန်းလေးကသူ့ကိုရစ်ပတ်ထားတဲ့နွယ်တွေမရှိတော့ရင် အလင်းတွေမဲ့ပြီးကြွေကျရမှာပဲ"
ဖြိုး၏စကားကြောင့် နွယ်က မျက်ရည်များဝဲလာကာဖြိုးကိုသိုင်းဖက်လိုက်ပြီး
"သတ္တိမရှိခဲ့လို့တောင်းပန်ပါတယ်ကွယ်"
ဖြိုး နွယ့်ကိုပြန်ဖက်လိုက်ရင်း
"ဘယ်အနှောင့်အယှက်ကိုမဆို ရင်ဆိုင်သွားမှာမို့ ဒီဘဝ မက နောက်ဘဝတွေအထိ လပြည့်ဝန်းလေးကိုပဲ ရစ်ပတ်နေပေးပါ နွယ်..."
သဘာဝလောကကြီးတွင် ငွေသော်တာလမင်းကြီး၏
ဆွဲငင်အားကြောင့် ဒီရေအတက်အကျများဖြစ်ပေါ်ရသလို နွယ်ဟူသော ထိုအမျိုးသမီး၏ လောကတွင်တော့ သော်တာပြည့်ဖြိုး၏ ဆွဲငင်အားကြောင့်
သူမ ရင်ခုန်သံတို့ အတက်အကျဖြစ်ရပါသည်။
Jane
ဇာတ်သိမ်းခါနီးပါပြီနော်💜
Thank you for 20k 😭🙏