နွယ် ယနေ့ကျောင်းရောက်တော့ ယခင် ဖြိုးထိုင်စောင့်နေကျနေရာတွင် ဖြိုးကိုမတွေ့ရ။
(ဖြိုးက ဌာနကြီးရှေ့ကခုံလေးမှာမနက်တိုင်းထိုင်စောင့်နေကျပါ)
ဌာနအပေါ်တက်လိုက်ပြီး ဖြိုးများပေါ်လာမလားလို့ပြတင်းပေါက်ကနေ ထ ထကြည့်သော်လည်း ထမင်းစားတောင်ဆင်းတာကြာနေပြီ ဖြိုးကမပေါ်လာသေး၍ ဖုန်းဆက်ကြည့်ရာ ဖုန်းကလည်းမကိုင်။
လိုင်းဖွင့်ကြည့်လိုက်တော့မှ ဖြိုးကစာများပို့ထားသည်ကိုတွေ့၍ ဖြိုး စိတ်ကောက်နေတာများလားဟုနွယ်တွေးမိသည်။
နွယ် ထိုင်နေရင်းမှ ဘောပင်လေးကိုကိုက်ကာ
"ငါ့ကိုများကောက်ရဲတယ်ပေါ့ လာလို့ကတော့ ပါးနှစ်ဖက်ပြတ်ထွက်အောင်ကိုကိုက်ပစ်ဦးမယ်"
ကျောင်းလွှတ်မည့်အချိန်လောက်ကိုမှန်း၍ နွယ် ဖြိုးတို့သရေတာဘက်ဦးတည်လိုက်စဉ် main အဆောက်အအုံရှေ့နားရောက်တော့ မိန်းကလေးတစ်ယောက်လက်ကိုချိတ်ကာ ကန်တင်းဘက်ထွက်သွားသည့်ဖြိုးကြောင့် နွယ့်မျက်နှာလေးကတင်းမာသွားကာ ဌာနဘက်သို့သာပြန်ဦးတည်လိုက်တော့၏။
~~~~~
"အမလေးနော် ဖြိုးတို့များ ကိုယ့်အစ်မကိုတောင်မေ့နေလိုက်တာ"
"မမေ့ပါဘူးမကြီးရဲ့ သမီးလည်းစာတွေနဲ့မအားလို့ပါ"
"ရည်းစားရနေတာလား"
အစ်မချစ်ရိပ်သက်ဝေက ဖြိုးကိုမသင်္ကာသည့်အကြည့်နှင့်မေးနေသဖြင့် ဖြိုးကခေါင်းလေးကုတ်လိုက်ကာ
"ဟီး ရနေပြီ မကြီး"
အစ်မက သူမပုခုံးကိုလှမ်းရိုက်လိုက်ပြီး
"ကြည့်စမ်း ငါ့တောင်မပြောပြဘူး ဘယ်သူတုန်းနင့်ရည်းစားက"
"ဘယ်သူ့မှပြန်မပြောနဲ့နော် မကြီး တီချယ်ဒေါ်မျိုးသိင်္ဂီနွယ်"
"ဟမ်"
အစ်မက မျက်လုံးပြူးမျက်ဆန်ပြူးနှင့်ထအော်လိုက်သဖြင့် ဖြိုးကသူမပါးစပ်ကိုအမြန်ပိတ်လိုက်ကာ
"ဖြည်းဖြည်းအော်ပါ မကြီးရဲ့"
"အဲ့တာကြောင့် နင်တစ်နွယ်တည်း နွယ် နေတာပဲ ငါက တစ်ခြားနွယ်ထင်နေတာ"
ဖြိုးကခေါင်းလေးကုတ်ရင်း သွားလေးဖြီးကာကြည့်နေတုန်း အစ်မ၏သူငယ်ချင်းကလာခေါ်သဖြင့် အစ်မကအတန်းသွားတက်ရန်ပြန်သွားကာ ဖြိုးကတော့ကန်တင်းမှာပင် ကဗျာတို့ကိုထိုင်စောင့်နေလိုက်၏။
~~~~~
နွယ် က ဌာနတွင်ထိုင်ကာ တစ်ချိန်လုံးမျက်နှာတင်းနေသဖြင့် တီချယ်သူနှင့်တီချယ်နီနီတို့မှာမျက်နှာငယ်လေးများဖြင့်။
"နီနီ အစ်မစိတ်တိုနေတာလားမသိဘူးနော်"
ဟုတ်လောက်တယ် အစ်မ မျက်နှာကတင်းနေတာပဲ"
ထိုစဉ် Ec တစ်ယောက်မှ စာရွက်များမိတ္ထူကူးရန်ရောက်လာသဖြင့်
"Ec သော်တာပြည့်ဖြိုးကိုဌာနလာခဲ့ပါဦးလို့"
Ec ကိုမှာပြီးအတွင်းခန်းထဲဝင်သွားသည့် နွယ့်ကိုကြည့်ကာ တီချယ်ဖြူတို့ကတော့ သက်ပြင်းကိုယ်စီချလျက်ပင်။
~~~~~
"ဖြိုး ဘာလို့တစ်ချိန်လုံးဖုန်းကိုကြည့်ပြီးသက်ပြင်းချနေတာလဲ"
"ဘာမှမဖြစ်ဘူး"
ဖြိုးကဖုန်းကကြည့်ကာပြန်ချလိုက်သဖြင့် ကဗျာကမေးလိုက်ရာနှုတ်ခမ်းဆူပြီးဖြေလိုက်သည့်ဖြိုးကြောင့်
ဘေးမှယုဇနကဖြိုးဖုန်းကိုလှမ်းလုလိုက်ပြီး
"ဟဲ့ ပြန်ဆက်လိုက်လေ တီချယ်ဆက်ထားတာ miss callတွေအများကြီးပဲ"
ဖြိုးက ယုဇနထံမှဖုန်းကိုပြန်လုလိုက်ကာ
"မဆက်ဘူး"
"နင့်ရည်းစားကဌာနမှူးဆိုတာလည်းသတိရဦးနော် နင်မကြောက်ပေမဲ့ငါကြောက်တယ်ဟဲ့"
ငိုသံကြီးဖြင့်ပြောလိုက်သောဖူးပွင့်ပုခုံးကိုကဗျာက
ရယ်ရင်းလှမ်းရိုက်လိုက်ကာ
"ကြောက်မနေနဲ့ ဟိုကသော်တာပြည့်ဖြိုးထိပ်ထားစံဖြစ်နေတာငါတို့ကိုမျက်လုံးထဲတောင်မရှိဘူး"
သူမတို့စကားကြောင့်ဖြိုးက မျက်စောင်းလေးလှမ်းထိုးလိုက်ကာ ကော်ဖီအေးလေးကိုပိုက်ဖြင့်စုပ်သောက်နေတုန်း
"သော်တာပြည့်ဖြိုး နင့်ကို တီချယ်ဒေါ်မျိုးသိင်္ဂီနွယ်က ဌာနကိုလာခဲ့ပါတဲ့"
"ဘာဖြစ်လို့လဲ"
"မသိဘူးလေ တီချယ်မျက်နှာတော့မကောင်းဘူး
ကံကောင်းပါစေနော်"
Ec ကပြောစရာပြောကာထွက်သွားပြီးနောက် ယုဇနတို့ကဖြိုးကိုမေးထောက်ကာကြည့်လိုက်ရင်း
"ကဲ ကဲ ခေါ်နေပြီ သွားလိုက်ဦး"
ဖြိုးကိုပိုက်လေးဖြင့်ခွက်ကိုမွှေရင်းမှ
"ငါ့ကိုဆူရင်ဘယ်လိုလုပ်မလဲဟင်"
မချိုမချဉ်ရုပ်လေးဖြင့် မေးနေသော ဖြိုးကိုကြည့်ရင်း ကဗျာတို့၃ယောက်အသံပြဲကြီးဖြင့်ထရယ်လိုက်ကာ
"ဆူရုံမကသတ်တော့လည်းခံလိုက်ပေါ့ မယကကြီးရေ"
~~~~~
"သမီးဘယ်သူ့ကိုတွေ့ချင်လို့လဲ"
ဌာနရှေ့တွင်ဝေ့လည်ဝေ့လည်လုပ်နေသော ဖြိုးကို အကူအန်တီမှမေးလိုက်ရာ
"ဌာနမှူးတီချယ်ခေါ်ထားလို့ပါ အန်တီ"
"ဪ လာလေ"
"တီချယ် ပဲခူးသူလေးကတီချယ်ခေါ်ထားလို့တဲ့"
အကူအန်တီက ဌာနမှူးအခန်းတံခါးကိုခေါက်ရင်းပြောလိုက်တော့
"အထဲလွှတ်လိုက်"
နွယ့်အသံကပျော့လည်းမပျော့သလို မာလည်းမာမနေ၍ ဖြိုးနည်းနည်းတော့လန့်နေမိသည်။
ဖြိုး အခန်းထဲဝင်သွားတော့ နွယ်က တစ်ဖက်လှည့်ကာ ဘီရိုထဲမှစာရွက်အချို့ကိုထုတ်နေလေသည်။
"တီချယ်"
ဖြိုးအသံကြားမှနွယ်ကဖြိုးဘက်လှည့်လာပြီး
"ဖုန်းမကိုင်ရတဲ့အကြောင်းအရင်းကိုပြော"
"Silent လုပ်ထားလို့"
"တစ်ခြားကောင်မလေးနဲ့ပျော်ပါးနေရလို့မဟုတ်ဘူးလား"
"မဟုတ်ပါဘူး ကိုယ့်ကောင်မလေးကကိုယ့်ကိုအဖက်တောင်မလုပ်တာကို"
ခေါင်းငုံ့ကာနှုတ်ခမ်းလေးဆူပြီးပြောလိုက်သည့် ဖြိုးနားသို့နွယ်ကကပ်လာကာ
"လိမ်ရင် တစ်သက်လုံးမိန်းမကြောက်ရပါစေ"
"ခုလည်းကြောက်နေရတာပဲကို"
"ဘာပြောလိုက်တာ"
ဖြိုးကသူမတစ်ကိုယ်ကြားရုံပြောလိုက်သော်လည်းနားပါးသည့်နွယ်ကကြားဖြစ်အောင်ကြားလိုက်သေးကာ ဖြိုးနားရွက်ကိုဆွဲလိုက်ရင်း
"ပြန်ပြောလိုက်စမ်းပါ"
"တီချယ့်ကိုချစ်ကြောက်ရိုသေနေရတာပါလို့"
နွယ်ဆွဲလိမ်ထားသည့်လက်ကိုလွှတ်လိုက်ပြီး
"လက်ဆွဲသွားတဲ့မိန်းကလေးကဘယ်သူလဲ"
နွယ့်ပုံစံကသဝန်တိုနေကြောင်းသိသာနေသဖြင့်ဖြိုးရယ်ချင်မိသွားသည်။
"အဲ့တာက သမီးအစ်မပါ"
"ပြောတော့တစ်ဦးတည်းသောသမီးဆို"
"သူငယ်ချင်းရဲ့အစ်မဆိုတော့ သမီးအစ်မလိုပဲလေ"
နွယ်က ခုံတွင်သွားပြန်ထိုင်လိုက်ပြီး
"စိတ်ကောက်နေတာလား"
"မဟုတ်ပါဘူး"
"ဒါဆိုဘာလို့စောင့်မနေတာလဲ ဖုန်းခေါ်တာလည်းမကိုင်ဘူး လိုင်းပေါ်ကစာပို့တာလည်းမကြည့်ဘူး"
"အမှန်တိုင်းပြောရရင် တီချယ်ကသမီးကိုအချိန်မပေးလို့စိတ်ပုကျိလေးကောက်လိုက်တာ"
လက်အမူအယာလေးလုပ်ပြရင်းပြောလိုက်သောဖြိုးကိုကြည့်ကာနွယ်ကတင်းထားသည့်မျက်နှာကိုတစ်ချက်ပြုံးလိုက်ပြီး
"တီချယ်ပရောဂျက်တွေနဲ့ရှုပ်နေလို့ပါ ကဲ ပြော စိတ်ကောက်ပြေအောင်ဘာလုပ်ပေးရမလဲ"
ဖြိုးကစဉ်းစားလိုက်ပြီးမှ သူမနှုတ်ခမ်းကိုထိုးပြကာ
"အာဝါးပေး"
နှုတ်ခမ်းလေးဆူပြလိုက်သည့်အတွက် နွယ့်မျက်နှာလေးကရဲသွားကာ
"အို ရှက်စရာကြီး"
"ဟာ တီချယ်ကလည်း"
ဖြိုးကခြေလေးတစ်ချက်ဆောင့်လိုက်ရာ နွယ်က ဖြိုးအနားသို့ကပ်လာရင်း
"တစ် တစ်ခါပဲရမယ်နော်"
"ဟုတ်"
ပြုံးဖြီးပြီးဖြေလိုက်သည့် ဖြိုး၏ နှုတ်ခမ်းကိုနွယ်ကခြေဖျားလေးထောက်ကာ ဖြတ်ကနဲအမြန်နမ်းပြီးနောက်
"ပြန်တော့"
"ရှင်"
"ပြန်တော့လို့"
မျက်နှာလေးနီကာ ဖြိုးကိုအတင်းနှင်လွှတ်နေသဖြင့်
"ဟုတ် ဟုတ် "
ဖြိုးက တံခါးဝရောက်မှ
"တီချယ် ပဲခူးသူကိုယူရင်မိန်းမနိုင်ရမှာနော်"
"ဘာဆိုင်လို့"
နွယ််ကမျက်လုံးလေးအဝိုင်းသားဖြင့်မေးနေရာ
"ပဲခူးရဲ့သင်္ကေတကိုက ဟင်္သာဖိုပေါ် ဟင်္သာမကနားတာလေ အဲ့တာကြောင့်ပဲခူးသားတွေကမိန်းမကြောက်ရတယ်လို့ပြောကြတယ်"
"လာဦး ဒီနားပြန်လာ"
သိချင်နေသည့်ပုံစံလေးဖြင့် ဖြိုးကိုသူမနားပြန်ခေါ်နေသည့်နွယ့်ကိုကြည့်ကာဖြိုးသဘောကျစွာပြုံးလိုက်မိ၏။
"ပြောပြပါဦး"
"ပြောတော့ပြောပြချင်ပါတယ် ဒါပေမဲ့အလကားတော့မရဘူး"
"အမလေးဟဲ့ ဈေးကကိုင်သေး ဘာလိုချင်လဲပြော"
"ဒီနားကိုနမ်းရမယ်"
ဖြိုးကသူမပါးကိုထိုးပြကာပြောလိုက်တော့ နွယ်က မျက်စောင်းလေးတစ်ချက်ထိုးကာ ရှက်ရှက်နှင့်ဖြိုး ပါးလေးအား အမြန်နမ်းလိုက်ပြန်၏။
"ဟိုးအရင်က ပဲခူးဆိုတာ ကျွန်းလေးတစ်ခုပဲ သူ့ဘေးမှာရေတွေဝိုင်းနေတာ အဲ့ကုန်ပေါ်မှာဟင်္သာဖိုကနားနေတဲ့အချိန် ဟင်္သာ မကလည်းအတောင်ညောင်းလို့နားဖို့နေရာရှာနေတာ အဲ့တာနဲ့ဟင်္သာဖိုက င်္ဟသာမကိုသူ့ကိုယ်ပေါ်မှာပဲနားခိုင်းလိုက်တာ အဲ့င်္ဟသာဖိုနဲ့ဟင်္သာမနားခဲ့တဲ့နေရာမှာ ဟင်္သာကုန်းဘုရားဆိုပြီးတည်ထားခဲ့တယ်"
(ကျွန်းမဟုတ်ဘဲ ရေကြီးလာလို့ ကုန်းမြေအသေးလေးပဲကျန်ခဲ့တာလို့လည်းကြားဖူးပါတယ်ရှင့် လွဲချော်သွားရင် စာရေးသူရဲ့အမှားသာဖြစ်ပါတယ်)
"အဖိုပေါ်အမနားလို့ မိန်းမကြောက်ရတယ်လို့ပြောတာပေါ့နော်"
"ဟုတ် တီချယ် သမီးကတီချယ့်ရဲ့ ဟင်္သာဖိုလေးဖြစ်ပေးပြီး ဒီတစ်သက်လုံးတီချယ့်ကိုကြောက်ပေးပါ့မယ်"
သူမကိုလေးလေးနက်နက်ပြောနေသည့် ဖြိုးကိုနွယ်က ပြုံး၍ကြည့်လိုက်ပြီး
"ဟင်္သာဖိုလေးဖြစ်ပေးမယ်ဆိုရင်တောင် လပြည့်ဝန်းလေးရဲ့ကျောပေါ် တီချယ်မတက်ရက်ပါဘူးကွယ်"
ဖြိုးကထိုင်နေရာမှနွယ့်ကိုဖက်လိုက်ကာ
"သမီးကတော့တစ်သက်လုံးတီချယ့်ကိုပဲကြောက်ပြီးနေသွားချင်တာ"
"ဒါဆိုလည်း တီချယ်ကလည်း လပြည့်ဝန်းလေး
ချစ်ကြောက်ရိုသေရတဲ့ဇနီးကောင်းတစ်ယောက်
ဖြစ်ပေးပါ့မယ်"
~~~~~
"နီနီ ဖြိုးဝင်သွားတာကြာနေပြီ ပြဿနာကကြီးလားမသိဘူးနော်"
"ဟုတ်တယ် အစ်မ ကလေးမလေးကလိမ္မာပါတယ် ဘယ်လိုများဖြစ်လဲမသိဘူး"
"ခနနေလို့မှထွက်မလာရင် တို့တွေတံခါးသွားခေါက်ကြည့်သင့်လား"
"ဟုတ်ကဲ့ အစ်မ"
တီချယ်သူတို့ထင်သည့်အတိုင်း ဖြိုးနှင့်နွယ်ပြဿနာတက်နေပါသည်။
သို့သော် ချိုမြိန်လှသည့်ချစ်ပြဿနာလေးဆိုလျှင်
ပိုမှန်မည်ထင်ပါသည်။
Jane
အဂျိန်းမအားတာတွေရော နေမကောင်းတာတွေရောစုသွားလို့up ကြာသွားပါတယ်။
အဂျိန်းကိုယ်တိုင်လည်းပဲခူးသူပေမဲ့ပဲခူးသမိုင်းကမှတ်သားရသလောက်ရေးထားတာပါ။
Thank you for 10k 😭🫶🏻