အောက်တိုဘာလ
၂၀၁၇ ခုနှစ်
ပုံပေမြို့
အီတလီနိုင်ငံ
ခပ်လှမ်းလှမ်းမှာ ပြောနေကြသည့် စကားသံများကို မကြားရ။ သို့သော် အနောက်တိုင်းဝတ်စုံနှင့် ခန့်ညားတည်ငြိမ်သော ကျောပြင်ကို မြင်နေရသည်။ တစ်စုံတစ်ရာကို စိတ်အားထက်သန်စွာ ဆွေးနွေးနေသည့်ပုံစံ လက်များ၏ လှုပ်ရှားမှု။ ခေါင်းကိုငဲ့ကာ မိမိရှိနေရာသို့ လှည့်ကြည့်ချိန်မှာ ရွှေရောင်လဲ့သော ဆံပင်လိပ်များသည် မသိမသာ လှုပ်ခါသွားသည်။ နှုတ်ခမ်းများမှ အပြုံးရိပ်သည် အားလုံးအဆင်ပြေမှာ၊ ဘာမှစိတ်မပူနဲ့ဟု အဓိပ္ပါယ်ဖော်ခွင့်ရှိနေသလိုပင်။
"ငါတော့ နားမလည်ဘူး.. ဆရာက မင်းကိုဘာလို့ သူ့အိမ်ခေါ်ထားချင်တာလဲ"
ဘေးမှာရှိနေသည့် ပုံပေမြို့၏ ခရီးသွားလမ်းညွှန်တစ်ဦးဖြစ်သူ မာကို၏ အမေးကို မဖြေဖြစ်။ မေးစရာမလိုသည့် မေးခွန်းဟုသာ ခံစားရပေမယ့် ဘာ့ကြောင့်ဒီလိုခံစားရတာလဲဆိုတာကို ကိုယ်တိုင်နားမလည်။ ဗြောင်းဆန်နေသည့် ခံစားချက်များကို ခွဲခြမ်းစိတ်ဖြာနေဖို့ အခုအချိန်မှာ သူ မတတ်နိုင်။ အိပ်မက်တစ်ခုထဲ လမ်းလျှောက်နေသူတစ်ယောက်လို၊ အသိနှင့်ခန္ဓာ ဆက်စပ်၍မရသူတစ်ယောက်လို အရာရာသည် မှုန်ဝေဝါးလျက်ရှိနေဆဲ။
မဝေးသောနေရာမှာ ရှိနေသူနှစ်ယောက်က လက်ဆွဲနှုတ်ဆက်နေကြသည်။ သဘောတူညီမှု ရခဲ့ပြီးဖြစ်မည်။ လေ့လာရေးခရီးတာဝန်ခံနှင့်အတူ သူတို့ရှိရာ လျှောက်လာချိန် သူ့အသိများကတော့ တစ်ယောက်သောသူထံမှာသာ ရှိနေသည်။ လက်နှစ်ဖက်ကို ဘောင်းဘီအိတ်ထဲ ထည့်ထားရင်း ခပ်မတ်မတ်လျှောက်လာသည့်ဟန်။ ယုံကြည်မှုနှင့်အတူ ထည်ဝါခြင်းတစ်မျိုး ကိန်းအောင်းနေသည်။ အကြိမ်ပေါင်းများစွာ ရင်းနှီးနေသည့် ထိုသဏ္ဌာန်သည် မိမိရင်ထဲမှာ ဘယ်အချိန်ထဲက ရှိနေခဲ့တာလဲ။ ထိုသူနှင့်အတူရှိနေရချိန်ကို စက္ကန့်ပိုင်းလောက်ပင် အလွတ်မပေးနိုင်လောက်အောင် နှမြောသည့်ခံစားချက်။ ထို့အတူ ဘယ်ဘက်ရင်အုံမှာ မခံနိုင်လောက်အောင် ဝမ်းသာဝမ်းနည်း နာကျင်နေသည်။
"ကဲ.. ဒါဆို မင်းဒီမှာနေခဲ့မှာ သေချာပြီပေါ့.. မင်းမိဘတွေကိုလည်း အကြောင်းကြားထားပြီ... သူတို့လည်းသဘောတူတယ်..."
လေ့လာရေးခရီးတာဝန်ခံ၏ စကားသံတွေကို အာရုံမစိုက်ဖြစ်သလို ဘာအကြောင်းအရာတွေဆိုတာလည်း ဂရုမစိုက်နိုင်ခဲ့။ အနားမှာ ငြိမ်သက်စွာ ရပ်နေသည့် ထိုသူ့ကိုသာ လှမ်းကြည့်နေမိသည်။ တာဝန်ခံ နှုတ်ဆက်စကားဆိုကာ ထွက်သွားတော့မှ ရှေ့မှာရှိနေသူထံမှ စကားသံတစ်ချို့ကြားရသည်။
"ဒါပဲလား ချာတိတ်"
လက်ထဲမှာရှိနေသည့် ကျောပိုးအိတ်ကို အကြည့်ရောက်ရင်း မေးသည့်မေးခွန်း။ စိတ်လှုပ်ရှားလွန်းနေသည့် မပီပြင်သော ဟုတ်ကဲ့ ဆိုသည့် စကားသံကို ထိုသူကြားလိမ့်မည်ဟု မျှော်လင့်မိသည်။
"ဒါဆို သွားရအောင်.. အဘ လိုက်ခဲ့မလား"
"မလိုက်တော့ဘူးလေ ဆရာ.."
"လိုက်ခဲ့ပါ အဘ.. ကျွန်တော်တို့ဆီမှာ ညစာ စားသွား"
ကျွန်တော်တို့
ဒီ အသုံးအနှုန်းသည် ယနေ့မှ တွေ့ဖြစ်ကြသည့် သူတို့နှစ်ယောက်၏ တရင်းတနှီးရှိလွန်းသည့် ဆက်သွယ်မှုကို ကိုယ်စားပြုနေသည်။ ရင်ထဲ လှိုက်ခနဲ ခံစားရသည်အမှန်။
ဟိုတယ်တံခါးကို တွန်းဖွင့်ကာ မထွက်သေးဘဲ မိမိထွက်လို့ရအောင် ဘေးကပ်ရပ်ပေးနေသူ။ သူထွက်အပြီး ဦးလေးကြီးဖြစ်သူမာကို့အတွက်ပါ ဆက်တွန်းဖွင့်ပေးထားသည်။ မာကိုက ပြုံးရယ်ကာ လှမ်းမေးသည်။
"ဝိုင်ရှိလား ဆရာ.... ဝိုင်မပါရင် ကျုပ် မလိုက်ဘူး"
"သိပ်ရှိတာပေါ့"
"တစ်ပုလင်းထဲတော့ မရဘူးဗျ"
ရယ်သံကိုကြားရသည်။ တိုးဖျဖျရယ်သံသည် နားစည်မျှင်များမှတစ်ဆင့် နှလုံးသားတစ်ခုလုံးကိုပါ တုန်ခါစေနိုင်စွမ်းရှိသည်။
"ပုံးလိုက်ရှိတယ် အဘ.."
"အိုကေ.. ဒါဆိုမငြင်းတော့ဘူး"
လက်သီးဆုပ်ချင်း ထိလိုက်ကြသည်ကို မြင်လိုက်ရသည်။ ကားပါကင်တွင်ရပ်ထားသော ကားလေးသည် ကားသော့ခလုတ်နှိပ်သံနှင့်အတူ မီးရောင်လက်သွားသည်။ နောက်ခန်းတံခါးကို အသင့်တက်နိုင်အောင် ဖွင့်ပေးထားပြန်သည်။ ဘေးမှဖြတ်ပြီး ကားထဲဝင်ချိန် ကျွမ်းဝင်ခဲ့သော ကိုယ်သင်းရနံ့။ အရင်းနှီးဆုံးဖြစ်သော နှင်းဆီတစ်ပွင့်နား ဖြတ်လျှောက်သွားရသလို။
"ရလား.. အိတ်ပေးထားမလား"
ခေါင်းကိုခါရင်း ကားတံခါးကို ကျောပိုးအိတ်ကို ခုံအောက်ချလိုက်သည်။ ခပ်ဖြည်းဖြည်းတွန်းပိတ်သွားသည့် ကားတံခါးသံသည် မကျယ်လောင်ပါ။ ကားမောင်းသူနေရာတွင် ဝင်ထိုင်ပြီး ကားစက်နှိုးသည်။
မောင်းထွက်လာချိန်မှာ ပုံပေမြို့ဟောင်းကြီးကို မမြင်ရတော့။ အဆောက်အဦသစ်များက မြင်ကွင်းများကို ကာရံလို့ထားပြီ။ သို့သော်လည်း မြို့ဟောင်းကြီးရှိနေရာကို စိတ်ထဲမှ ခန့်မှန်းလို့ရသည်။ မည်သည့်နေရာတွင် မည်သည့်အဆောက်အဦ ရှိသည်ကအစ။ ဘာလို့လဲ။ ဒီနေရာကို ဒီနေ့ ပထမဆုံးရောက်ဖူးခြင်းဖြစ်သည်။ အီတလီနိုင်ငံကို သူ တစ်ခါမှ မရောက်ဖူးခဲ့။ ကျောင်းလေ့လာရေးခရီးသာမဟုတ်ခဲ့လျှင် ရောက်ဖြစ်လိမ့်မည်မဟုတ်။ ငယ်စဥ်ကတည်းက အပျော်ခရီးထွက်နိုင်လောက်အောင် ငွေကြေးပြည့်စုံသူ မိသားစုဝင် မဟုတ်ခဲ့။ မိဘရင်းများကို မမှတ်မိ။ မိဘမဲ့ဂေဟာနှင့် မွေးစားမိဘများသာ သူ့ဘဝ၏ အမှတ်အသားအချို့ ဖြစ်ခဲ့သည်။ ယခုခရီးစဥ်ဖြင့် ပုံပေမြို့ဟောင်းကြီးသို့ ပထမဆုံးအကြိမ် ရောက်လာခဲ့ခြင်းပင်။
သို့သော် ဘာကြောင့်များ..
ကားနောက်ကြည့်မှန်မှ မိမိရှိရာသို့ ငေးကြည့်နေသည့် အကြည့်တစ်ချို့ကို မြင်ရချိန် မရပ်မနားခုန်နေသော နှလုံးခုန်သံသည် အရှိန်ပြင်းပြင်း ရင်ခွင်ထဲမှ ထိုးထွက်လာတော့မည်လား ထင်ရသည်။ နှစ်ဦးစလုံး ချက်ချင်းအကြည့်လွှဲလိုက်ပေမယ့် အေးစက်နေသော လက်ဖဝါးများက ပြန်၍ နွေးမလာခဲ့။
"ဟေ့ကောင်လေး.. ရောက်ပြီ.. ကွာ.. မင်း စကားရော ပြောတတ်ရဲ့လား.."
ဦးလေးကြီး၏ ဆူသံနောက်မှာ ကားပေါ်မှ ခပ်သွက်သွက် ဆင်းလိုက်သည်။ ကုန်းမြင့်ပေါ်မှ တစ်ထပ်တိုက်လေးသည် ပုံပေမြို့ဟောင်းကို ကောင်းစွာမြင်နေရသလို မီးတောင်ကြီးကိုပါ မြင်နေရသည်။ နှင်းဆီရနံ့ကို သင်းခနဲ ရလိုက်သည်။ ဝေ နေအောင် ပွင့်နေသည့် နှင်းဆီပွင့်များသည် ပင်လယ်လေအဝှေ့မှာ သင်းကြိုင်မွှေးပျံ့နေသည်။
အိမ်သော့ဖွင့်နေသူနောက်မှ တိတ်တဆိတ်ပင် လှမ်းဝင်ခဲ့သည်။ မည်သည့် ခမ်းနားပြင်ဆင်မှုမှ ရှိမနေ။ ဧည့်ခန်းထဲတွင် ဆိုဖာကျယ်ကြီးနှင့် မှန်စားပွဲငယ်အပြင် အခန်းထောင့်မှာ မီးထွန်းထားသော လေးထောင့်ပုံစံ စက္ကူမီးအိမ်ရှည်ကြီးသာ ရှိသည်။ ထူးခြားသည်မှာ မှန်သားအပြည့်နံရံဖြစ်၍ လိုက်ကာဖြူများ ဖယ်လိုက်သည်နှင့် အိမ်ပြင်ရှိ ခြံနှင့် သီးပင်ပန်းပင်များကို မြင်နေရသလို မီးရောင်လက်နေသော ပုံပေမြို့ဟောင်း၏ ညရှုခင်းကိုပါ မြင်နေရသည်။
"အဘ.. ထိုင်.."
အိမ်သော့ကို စားပွဲပေါ်ပစ်တင်လိုက်ပြီး အပြုံးနှင့်ဆိုသည်။ နက်ကတိုင်ကို ဆွဲဖြုတ်လိုက်ပြီး တဆက်တည်းမှာပင် လည်ပင်းတစ်ဝိုက်ရှိ ရှပ်ကြယ်သီးအချို့ကိုပါ ဖြုတ်လိုက်သည်။ ပြီးမှ ဧည့်ခန်းနှင့်တွဲလျက် မီးဖိုကောင်တာထက်မှ ဝိုင်ပုလင်းကို လှမ်းယူကာ ငှဲ့ရင်း ကမ်းပေးသည်။
"ဘာကူပေးရဦးမလဲ ဆရာ.."
"ရတယ် အဘ မလိုဘူး.."
ဖြေရင်း ကိုယ်တိုင်အတွက် တစ်ခွက်ငှဲ့လိုက်သည်။
"ဖဲလ်လစ်.."
တိုးတိုးခေါ်သံသည် နားထဲမှာ ဟိန်းထွက်သွားလောက်အောင် ပြင်းထန်သည်။
"မင်း အသက်မပြည့်သေးဘူး မဟုတ်လား..."
ဝိုင်ခွက်ကို မြှောက်ပြတော့ ဖဲလ်လစ် ခေါင်းခါလိုက်သည်။
"ရတယ် ဆရာ.. ကျွန်တော် မကြိုက်ဘူး"
"ဟာ.."
စိတ်ညစ်သွားသလို လက်ချောင်းထိပ်များနှင့် နဖူးပြင်ကိုဖိသည်။ ပြီးမှ မာကိုရှိရာ လှမ်းကြည့်သည်။
"သူပါ ကျွန်တော့်ကို ဆရာခေါ်နေပြီ... အဲ့ဒါ အဘကြောင့်"
"ဗျာ.. ဘာဖြစ်လို့လဲ .. ဆရာက မခေါ်စေချင်လို့လား.. ဒီမှာ.. ဟေ့ကောင်လေး.. ဆရာ့နာမည်က .. ဆရာ့နာမည်..က"
မာကိုရှေ့ဆက်ပြေ၍ မရ။ အနားမှာရှိနေသူက နှုတ်ခမ်းများထက် လက်ညှိုးနှင့်ပိတ်ရင်း ရှေ့ဆက်မပြောရန် ဟန့်လိုက်သည် မဟုတ်ပါလား။ ဖွင့်ပြောစရာ မလိုပါဘဲနှင့် မိမိက သိနေလိမ့်မည်ဟု တထစ်ကျယုံကြည်ချက်မျိုးကို အပြုံးများမှာ ဖတ်၍ရသည်။
ထို့နောက်မှာတော့ သူတို့ကို စကားဆက်မပြောတော့ဘဲ ဂက်စ်မီးဖိုကို ဖွင့်သည်။ ညစာအတွက် အသားကင်ဖို့ အလုပ်များနေသူ၏ ပုံရိပ်သည် တစ်မျိုးထူးခြားနေသည်။ စိတ်ထဲမှာ မရင်းနှီးခဲ့ဖူးသော ပုံရိပ်များလို ခံစားရသည်။ သို့သော် အဆက်မပြတ် လှုပ်ရှားနေသူကြောင့် ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင်တတ်သူတစ်ဦးဟု နားလည်ရပြန်သည်။ အသားပြားများကို ကင်လိုက်ပြီးသည်နှင့် ရေခဲသေတ္တာထဲမှ အသင့်စားနိုင်သည့် ဆလတ်ရွက်များကို ခွက်ကြီးထဲပြောင်းထည့်သည်။ ခရမ်းချဥ်သီးတစ်လုံးကိုပါ ဆွဲထုတ်ပြီး ရေပိုက်အောက်မှာ ဆေးရန်ပြင်သည်။
"ဟာကွာ.."
စင်သွားသော ရေစက်များကြောင့် နောက်ခုန်ဆုတ်လိုက်သော်လည်း မမီလိုက်။ အချို့ရေစက်များက ရှပ်အင်္ကျီလက်ရှည်ကို စိုသွားစေသည်။ လက်ခေါက်ဖို့ရန် ဟန်ပြင်သော်လည်း ရေစိုလက်ဖြစ်၍နေသည်။
"ကျွန်တော်.. လုပ်ပေးမယ်.."
စကားလုံးများသည် ပြောထွက်နိုင်ဖို့ ဒီလောက်ခက်ခဲတတ်သည်ကို မသိထားခဲ့။ တစ်ဖက်သူကတော့ အပြုံးနှင့်သာ ခေါင်းညိတ်ရင်း ကျေးဇူးတင်စကားဆိုသည်။ ဆန့်ပေးသော လက်သွယ်တွင် အပြစ်အနာဆာဆို၍ လက်ရာမြောက် ကျောက်ဆစ်ရုပ်သွင်းတစ်ခုပမာ ပြည့်စုံလွန်းခြင်းသာရှိလိမ့်မည်။ ရွှေရောင်သန်းသော မွှေးညှင်းများကအစ စိမ်းပြာရောင် သွေးကြောတန်းများအဆုံး ဖန်ဆင်းရှင်သည် မျက်နှာလိုက်လွန်းခဲ့သည်။ မသိမသာ စိုက်ကြည့်နေသည့် မျက်တောင်စင်းများ လှုပ်ခတ်သွားသည်။ အင်္ကျီလက်ကို ခေါက်ပေးနေစဥ် ထိမိသွားသော လက်ချောင်းများသည် အေးစက်လွန်း၍လားမသိ။
"ဖဲလ်လစ်.. စားပွဲကူပြင်ပေးမလား.."
"ဟုတ်ကဲ့ ဆရာ.. အာ..ဆောရီး.."
မျက်လုံးလှန်ကြည့်သည်။ သို့သော် ဘာမှထပ်မပြော။
"အံဆွဲထဲမှာ ခရင်းနဲ့ ဓါး ရှိတယ်.. ပန်းကန်တွေက ဒီမှာ"
အယောင်ယောင်အမှားမှားနှင့် စိတ်နှင့်ကိုယ် မကပ်သူမို့ အံဆွဲများဖွင့်ပေးသည့်တိုင် ငေးကြောင်နေမိသည်။ ဆရာဆိုသည့် ဝေါဟာရကို မကြိုက်သူကို မည်သို့အမည်တပ်၍ ပြောရပါ့မလဲဆိုတာသည် အခက်အခဲတစ်ခု ဖြစ်နေပြန်ပြီ။ မာကိုသည် သူ့ကို လှမ်းကြည့်နေရာမှ စိတ်မရှည်နိုင်သလို အနားရောက်လာသည်။
"ဟေ့ကောင်လေး.."
"ဗျာ.."
"ယူလေ.."
"ဟုတ်..."
"သွား.. ပေါင်မုန့်လှီးဦး"
"ဟုတ်ကဲ့"
"မင်း ဟုတ်ကဲ့ကလွဲရင် တခြားစကားမပြောတတ်ဘူးလား.. ဒုက္ခပဲ"
"အဘကလည်းဗျာ.. ဆူမယ်ဆိုတာချည်းပဲ.."
မိမိအစား ကြားဝင်ပြောပေးသူကို မော့ကြည့်ရင်း စိတ်မလုံစွာ ခေါင်းငုံ့မိသွားသည်။
"စိတ်မပူနဲ့ ချာတိတ် ... ကြိုက်သလိုခေါ်.. ကိုယ်တို့ကြားမှာ စကားလုံးတွေက အရေးမကြီးဘူး"
မသိစိတ်ထဲမှ အတွေးများကိုပင် နားလည်နိုင်စွမ်းရှိနေသည်။ ပခုံးတစ်ဖက်ကို အုပ်ကိုင်ဖိဆုပ်သွားသည့် လက်ချောင်းများမှ ခွန်အားသည် လျှပ်စစ်ဓါတ်တစ်ခုပမာ။
အငွေ့မသေသေးသည့် အသားကင်ထည့်ထားသော ပန်းကန်များကို စားပွဲပေါ် ချသည်။ သံလွင်ဆီဝေ့နေသည့် ခရမ်းချဥ်သီးဖတ်များ မြင်နေရသော ဆလတ်ပွဲကတော့ အလယ်မှာ။ အားလုံးနီးပါး အဆင်သင့်ဖြစ်နေပြီဖြစ်၍ ပေါင်မုန့်ကြမ်း သုံးလေးချပ်ကို ခပ်မြန်မြန်လှီးပြီး စားပွဲမှာ ဝင်ထိုင်ဖြစ်သည်။
"အဘ.. ထည့်ဦးဗျ"
"ကျေးဇူးဆရာရေ.. အားမနာတော့ဘူး .. ဟဲ ဟဲ"
အလွတ်နီးပါး ဖြစ်နေသည့် မာကို၏ ဝိုင်ခွက်ထဲသို့ ထပ်ငှဲ့ပေးသည်။ အဆုံးသတ်မှာ ပုလင်းကို မသိမသာ ဝေ့လှည့်ကာ ပုလင်းထိပ်မှ ဝိုင်စက်များကို သိမ်းလိုက်ပြီးမှ စားပွဲပေါ် ပြန်တင်သည်။ အသားကင်ကို ခက်ရင်းနှင့်ထိုးကာ ဓါးဖြင့် ကျွမ်းကျင်စွာ အပိုင်းပိုင်းဖြတ်ပြီးမှ ပန်းကန်ကို သူရှိရာ ကမ်းပေးသည်။
"ဗျာ.."
"မင်းအတွက်.."
"ဗျာ.. ဟုတ်.."
မျက်နှာကို ဘယ်နားထားရမှန်းမသိတော့။ ဦးလေးကြီး၏ မကျေနပ်သောမျက်နှာကို မြင်နေရသော်လည်း ကမ်းပေးနေသော ပန်းကန်ကို လှမ်းမယူ၍ မရ။ မိမိရှေ့မှ ပိုင်းဖြတ်ထားခြင်းမရှိသေးသည့် အသားပန်းကန်ကို ပြန်ပေးလိုက်ရသည်။ လူမှန်းသိတတ်စအရွယ်ကတည်းက ဘဝတွင် တစ်ခါမှ ဒီလိုဂရုစိုက်ပေးတာမျိုးကို မခံခဲ့ရ။ အသင့်စားအစားအစာများကို မိုက်ကရိုဝေ့ထဲ ထည့်၍ အပူခံကာ စားနေကျင့်ရှိသူအတွက် ယခုလို အသားကင်ကိုပါ အသင့်စားနိုင်အောင် လှီးဖြတ်ပေးတာကို လက်ခံရသည်မှာ ခက်ခဲနေသည်။
ညစာစားရင်း စကားအများဆုံးပြောနေကြသူများသည် အခြားသူနှစ်ယောက်သာ။ အကြောင်းအရာကတော့ ထင်ထားသည့်အတိုင်း ခရီးသွားများအကြောင်းနှင့် ပုံပေမြို့ ထိန်းသိမ်းရေး အကြောင်းရာများသာဖြစ်သည်။ များသောအားဖြင့် မာကိုကသာ မရပ်နားတန်း ပြောနေခြင်းမျိုးဖြစ်ပြီး တစ်ဖက်လူမှာ တစ်ချက်တစ်ချက် ထောက်ခံဝင်ပြောသည်။ သူကတော့ တိတ်တဆိတ်သာ။
"ဟေ့ကောင်လေး"
"ဗျာ.."
"ငါ မေးနေတယ်လေ.."
"ခင်ဗျာ.."
"ဟာ.. ဒီကောင်လေးနဲ့တော့.. ငါ မေးတာ မကြားဘူးလား"
ခေါင်းခါပြတော့ စားပွဲအခြားဖက်မှ ရယ်သံတိုးတိုးကို ကြားရသည်။ အဘတို့ကတော့ဗျာ.. ဆိုသည့် မှတ်ချက်သံကိုပါ တဆက်တည်း ကြားလိုက်ရသည်။ ထိုစကားတစ်ခွန်းနှင့်ပင် နွေးထွေးသည့် ခံစားချက်များ ရရှိစေနိုင်သလို အရင်တုန်းကအတိုင်းပဲ ဆိုသည့် ဆက်မပြောသည့် အဓိပ္ပါယ်ကိုပါ နားလည်မိပြန်သည်။ စကားများလွန်းသည့် ဦးလေးကြီးကတော့ သူ့ကိုသာ စိတ်မရှည်သလို စိုက်ကြည့်နေဆဲ။
"မင်း ဒီမှာ ဘယ်လောက်ကြာကြာနေမှာလဲ"
"ဗျာ..ကျွန်တော်.. မသိ.."
"ဟေ.. မင်း မသိလို့ ဘယ်ရမလဲ.. တစ်သက်လုံးနေတော့မလို့လား.. ဆရာ.. ကြည့်လုပ်ဦးဗျ.. ဒီကောင်လေးက အူကြောင်ကြောင်နဲ့"
နှုတ်ခမ်းကို လက်သုတ်ပဝါဖြူနှင့် ဖိသုတ်နေသူက မျက်လုံးလှန်ကြည့်သည်။
"အဘ စိတ်မပူနဲ့.. သူ ကျွန်တော့်နားကနေ ဘယ်မှ မသွားစေရဘူး"
အဖြေကြောင့် မျက်လုံးဝိုင်းသွားသူ ဦးလေးကြီးကိုကြည့်ပြီး ဖဲလ်လစ် ရယ်ချင်သွားသည်။ မျက်နှာတည်ဖို့ ကြိုးစားလိုက်သော်လည်း ပြုံးချင်ချင်ဖြစ်သွားသော သူ့အပြုအမူကို အခြားသူက သတိထားမိသည်။ မျက်လုံးတစ်ဖက်မှိတ်ပြသည်။
"မင်းက ကိုယ့်အပိုင်.. ဟုတ်တယ်မဟုတ်လား ဖဲလ်လစ်.."
ဒီတစ်ခါတော့ အဖြေစကားတို့ ပျောက်ဆုံးရသည်မှာ မိမိကိုယ်တိုင်။ အခြားသူကတော့ စိတ်အေးလက်အေးပင်။ လက်သုတ်ပဝါကို စားပွဲပေါ်တင်ရင်း မတ်တတ်ရပ်သည်။ ဦးလေးကြီးနားလျှောက်သွားပြီးမှ ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်သည်။
"အဘ.. မိုးချုပ်နေပြီ.."
"ဟေ.."
"မနက်ဖြန် အလုပ်ဆင်းရဦးမှာ မဟုတ်လား.."
"ဟုတ်.. ဟုတ်ကဲ့.. အဲ့.. အဲ့ဒါနဲ့.."
"အသက်ကြီးတဲ့သူတွေ ကောင်းကောင်းနားဖို့လိုတယ်.. ညည့်နက်မခံနဲ့ အဘ.. မကောင်းဘူးဗျ.. ကျွန်တော် အဘအတွက်ပြောတာ"
ဖဲလ်လစ် ခေါင်းကို အတင်းငုံ့ထားရသည်။ မိမိ၏ ထိန်းချုပ်မရသည့် အပြုံးများကို မြင်လျှင် အသက်ငယ်ချင်သည့် ဦးလေးကြီး သွေးတက်သွားနိုင်သည်။ နှုတ်ဆက်စကားသံများနှင့် တံခါးပိတ်သံကို ကြားရပြီးမှ ခေါင်းမော့ကာ ရယ်မိသွားသည်။ တံခါးကို ကျောမှီရပ်နေသူ၏ အပြုံးလှများသည် အသိတရားတို့ ပျောက်ဆုံးသွားသည်အထိ မူးယစ်မှုကို ပေးနိုင်စွမ်းရှိနေသည်။
ကမ်းပေးနေသော လက်များကို လှမ်းယူဖို့ရန် ဘယ်အချိန်ကတည်းက သူ အဆင်သင့်ရှိနေခဲ့သည်မသိ။
..................THE END.................
အကြင်နာမွန်
27/01/2023
18:18