သိန်းထောင်ချီမဟုတ်တဲ့ (အစကတည်းကလည်းမရှိပေမဲ့) ထောင်ဂဏန်းမျှသာ ကျန်ရှိတော့တဲ့ ဘဏ်စာအုပ်ကို ဆုတ်ဖြဲပစ်လိုက်ပြီး၊ အမှိုက်ပုံးထဲထည့်လိုက်သည်။
တကယ်တော့ မေမေ့အရှေ့မှာတင် စာအုပ်ကို ရန်ငြှိုးထားချင်နေတာပင်။ အရမ်းတွေသိတတ်နားလည်နေတဲ့ စိတ်ကလေးကြောင့် မလုပ်နိုင်ပါ။ မိဘကို ပျော်အောင်မထားနိုင်ရင်တောင် စိတ်သောကတော့မပေးချင်။
ပြီးတော့ ရှိသမျှအကုန်တောင် ပေးလိုက်ရပြီပဲ၊ စိတ်ဆင်းရဲရအောင်တော့ ထပ်မလုပ်နိုင်။ မပေးပဲ စိတ်ဆင်းရဲရအောင်လုပ်မယ်ဆိုတော့ တစ်မျိုးပေါ့လေ။
ကိုယ့်စိတ်က မဖြေသာလို့ဖြစ်နေတဲ့ကိစ္စမို့ ကိုယ့်စိတ်ကိုသာ ပြင်ဆင်ဖို့ဆုံးဖြတ်ထားသည်။ သေချာတွေးကြည့်ရင် ဆိုင်ကရတဲ့ပိုက်ဆံတွေပဲတော့ သိပ်လည်းဝမ်းနည်းစရာမရှိပါဘူး။
ဒါပေမဲြလည်း စိတ်မကြည်နေရင်တော့ လောကကြီးက ငါ့အပေါ်မတရားဘူးလို့ တွေးမိပြီး စိတ်ကြည်လင်ရင်တော့ ဒီလိုမျိုး မျှော်လင့်ထားတာနဲ့ တလွဲဖြစ်နေတာကိုက ဘဝဟုတွေးမိ၏။
ငါကတော့ ပြာပုံထဲကနေ ပြန်လည်ပေါက်ဖွားလာတဲ့ phoenixနဲ့ပဲ အလားသဏ္ဍာန်ဆင်တူမလား၊ ပြာပုံတိုးတဲ့ခွေးပဲဖြစ်မလားကတော့ ရှေ့ဆက်လျှောက်ကြည့်မှ သိရမှာပဲစိတ်နဲ့သာ အားတင်းနေရသည်။
ပြာပုံတော့ မတိုးချင်တာကြောင့် အလုပ်ပိုကြိုးစားရမယ်စိတ်ကူးပေမဲ့ Negative Energyတွေ အရမ်းများပြားနေပြီး လုပ်သမျှကိစ္စတိုင်းဟာလည်း အဆင်မပြေပဲ အလုပ်လက်မဲ့ဘဝကို ရောက်သွားရတော့သည်။
မေမေကတော့ စိတ်ပြေလက်ပျောက်အနေနဲ့ အိမ်မှာမနေဖို့အကြံပေးလာ၏။ အခုတော့ လက်ထဲလဲ တစ်ပြားမှမရှိ၊ အလုပ်လဲ မရှ်ိဆိုတော့ အိမ်မှာမနေစေချင်တော့ဘူးလားဆိုကာ ဒရမ်မာချိုးပြလိုက်မှ ငါ့သမီးသဘောဖြစ်သွားသည်။
" တစ်ရက်ပြီးတစ်ရက်.. တစ်မျိုးပြီးတစ်မျိုးစိတ်ညစ်အောင်တော့ မလုပ်ကြနဲ့နော်... "
" လိုက်သွားချင်ရင် လိုက်သွားချင်တယ်ပေါ့.. အကြောင်းလာမရှာနဲ့... "
" လိုက်သွားချင်မှတော့ အကြောင်းရှာစရာကိုမလိုဘူး.. နောင်တစ်ချိန်ပြောစရာဖြစ်မှဖြစ်.. အခုစိတ်ချမ်းသာအောင် လိုက်သွားလိုက်မှာပေါ့.. ယောက်ျားယူသွားတော့မှ နှမြောမနေနဲ့... "
" မေမေ.. ဒီကောင်မလေးက ဘာကောင်မလေးမှန်း မသိဘူး.. မိဘရှေ့.. အစ်ကိုရှေ့ ပြောသင့်တဲ့စကားလား မပြောသင့်တဲ့စကားလား.. ဘာတစ်ခုမှလဲ နားမလည်ဘူး... "
ဟင်... ဘာတွေလွန်လွန်ကျူးကျူးပြောလို့လဲ။ ပြောရင်လဲ ကိုကြီးအရင်စပြောလို့ ပြောရတာမဟုတ်ဘူးလား။
" လိုက်ပြီးမီးမွှေးမနေနဲ့.. ကိုကြီးကိုလည်း ပိုက်ဆံခဏပေးပါ ဆိုတုန်းက အဲ့လေသံနဲ့ အဲ့ရုပ်မဟုတ်ဘူး... "
" ငါပြန်ပေးမှရမှာ... "
" အဲ့တာအောက်တန်းကျတဲ့ စိတ်ဓာတ်သိလား... "
" သမီးငယ်.. ကိုယ့်မောင်နှမအချင်းချင်းမို့ စတာကို ဘာလို့အဲ့လိုပြောရတာလဲ... "
" သူပြောတာနားထောင်ကြည့်လေ.. စက်ရုံဆောက်ချင်လို့ပါ.. ငါသေချာလုပ်ပါမယ်နဲ့... "
" တော်တော့... "
သားနဲ့ပတ်သတ်လာရင် စကားနဲ့တောင် နည်းနည်းလေးမှ သည်းမခံတတ်မှန်း သိနေတော့လည်း ဆက်မပြောပဲနေလိုက်သည်။ အဲ့တာကြောင့် မေမေကသားက လူပျိုကြီးဖြစ်နေတာ။
" မပြောပဲနေမလို့ပဲ ဒါပေမဲ့ ပြောဦးမယ်.. ကိုကြီး ငါ့ထက်အသက်ကြီးတယ်မလား.. ဘာလို့အခုထိ မေမေက ရင်အုပ်မကွာ လိုက်စောင့်ရှောက်နေရတာလဲ.. အခုလိုမျိုး ငါနဲ့စကားနိုင်လုရမယ်ဆိုရင်တောင် မေမေ့အကူအညီမယူပဲ ပြန်ပြောလေ.. အခုကျ... "
" မွန်မြတ်... "
" ဟ ဟ.. ငါကဘာလို့နင်နဲ့စကားနိုင်လုရမှာလဲ.. မေမေတစ်ယောက်လုံးရှ်ိနေမှတော့ ငါကဘာလို့ နင်နဲ့ပြိုင်ပြောနေရမှာလဲ.. ကိုယ့်အခြေအနေကို သဘောပေါက်.. မနိုင်မယ့်ဂိမ်းကို မစနဲ့... "
" အေး မင်းကလည်းမင်း.. ကလေးနဲ့အပြိုင်လိုက်ကလေးလုပ်မနေနဲ့.. အသက်လဲ သုံးဆယ်ပြည့်တော့မယ်.. ကြီးပေါကြီးဖြစ်နေပြီ.. တစ်ယောက်တစ်မျိုး သုံးယောက်သုံးမျိုး.. ခေါင်းကိုက်တယ်... "
ပုပ်သိုးသွားတဲ့ကိုကြီးရဲ့ မျက်နှာကိုကြည့်ရတာ အရသာရှိလွန်းသည်။ ဖေဖေက ဆုံးမထားသားပဲ၊ ငါ,သာနေတယ်ဆိုတိုင်းလဲ တက်မထောင်နဲ့တဲ့။
ဘာမှမဟုတ်တဲ့ကိစ္စနဲ့ စကားရပြီး တစ်ယောက်တစ်ခွန်းစကားပြောရမယ့် အခြေအနေကို ဖုန်းမြည်သံကရပ်တန့်ပေးလိုက်သည်။
Deliveryက ဖုန်းဆက်လာတာဖြစ်ပြီး ဆိုင်ရှေ့ရောက်နေတဲ့အကြောင်းပြောလာတာကြောင့် ဘာများမှာထားလို့လဲ တွေးတောရင်းပဲ သွားယူလိုက်သည်။
တခြားတော့မဟုတ်၊ နေ့လယ်စာအဆာပြေစားစရာတွေပင်။ ကိုကိုများလားတွေးမိပေမဲ့ ကိုကိုက ဒီလိုတွေလုပ်လေ့လုပ်ထမရှိ၊ မဝံ့မရဲစိတ်နဲ့ပဲ Mobile Dataဖွင့်ကြည့်လိုက်တော့ ဖုန်းဘေလ်ကလည်း မရှိ။
အိမ်က Wifiပျက်နေတာ သုံးရက်ရှိနေပြီဖြစ်ပြီး အခုထိလာမပြင်သေးတာကို တွေးမိသွားတော့ ပူလောင်သွားတဲ့ကိုယ့်စိတ်ကို အစားအသောက်နဲ့သာ အေးချမ်းအောင်လုပ်ရတော့သည်။
" စွမ်းလင်းလား... "
" အမ်.. မသိဘူးလေ... "
" မသိပဲနဲ့ ဘာလို့သူများကျွေးတာ လျှောက်စားနေတာလဲ... "
" သူပဲနေမှာပါ... "
ကိုကိုကလွဲပြီး တခြားဘယ်သူမှမဖြစ်နိုင်ပါဘူး။ ဘာလို့ဆို ကြက်ကြော်နဲ့ကိုလာစားချင်ကြောင်း ပြောပြထားဘူးလို့။
" ထမင်းနဲ့စား... "
" ဟာ... မေမေကလဲ ဒီအတိုင်း ကြက်သားကြည့် ထမင်းလွတ်စားချင်တာပါဆို... "
" စည်းကမ်းကိုမရှိဘူး.. မိဘကပြောလဲ နားထောင်တဲ့သူတစ်ယောက်မှမရှိဘူး... "
" မေမေရာ.. ကလေးစားချင်တာစားပါစေ... "
" နင်စားချင်တာနဲ့! "
ပြောသားပဲ။ မွန်မြတ်သန့်စင်နဲ့ အစပြုသမျှ ရန်ဖြစ်စကားများစရာ ကိစ္စတိုင်းဟာ မွန်မြတ်သန့်စင်ဆီကို ဘယ်တော့မှရောက်မလာတတ်လို့၊ ဖြေရှင်းစရာမလိုဘူးလို့...။
.
.
.
.
.
.
ဘဝကထူးတော့လည်း ထူးဆန်းသည်။ ထင်မှတ်မထားတာတွေ ဖြစ်လာတတ်မှန်း နားလည်ပါသည်။ အခုလိုမျိုး သူ့မိသားစုနဲ့ကောင်းမွန်တဲ့ဆက်ဆံရေးလမ်းကြောင်းပေါ်ကို ရောက်နေကာမှပဲ၊ သူနဲ့ကတောက်ကဆတ် ဖြစ်နေရတာမျိုး။
" ဘာလို့ငါ့ကိုပြဿနာရှာနေတာလဲ... "
" ပြဿနာရှာတယ်... ငါက... "
" ပြဿနာရှာနေတာမဟုတ်လို့.. ဘာလုပ်နေတာလဲ... "
အနည်းငယ်လေသံမြင့်သွားကာ သူ့ဘက်က လူကိုစူးစိုက်ကြည့်ပြီး လှောင်ပြုံးပြုံးလိုက်တယ် ခံစားရတာကြောင့် စကားသံက တိုးဖျော့စွာနဲ့ပဲ အဆုံးသတ်သွားသည်။
တကယ်လဲ ပြဿနာရှာနေတာမဟုတ်လို့ ဘာလုပ်နေတာလဲလေ။ အဝတ်အစားနဲ့ပတ်သတ်ပြီး လိုက်ပြောတယ်၊ သူငယ်ချင်းအပေါင်းအသင်းနဲ့ ပတ်သတ်ပြီး လိုက်ကန့်သတ်တယ်၊ ယောကျ်ားလေးမိတ်ဆွေနဲ့ စကားပြောတာကို လိုက်ချုပ်ချယ်တယ်။
Wifiမရလို့ဆိုတဲ့အကြောင်းပြချက်ကိုလည်း လက်မခံဘူး။
ဒီရက်ပ်ိုင်းမှာမှ အရမ်းတွေစကားများနေသည်။ သူလဲ အချိန်တွေပိုနေတာမဟုတ်ပဲနဲ့ အကုန်လိုက်ပြောနေတာ ပြဿနာရှာနေတာမဟုတ်လို့ဘာလဲ။
" ငါ့မျက်နှာကိုကြည့်ပြီးပြော.. ခေါင်းငုံ့ပြီးတစ်ယောက်ထဲပြောမနေနဲ့... "
" ဘာမှမပြောဘူး... "
" အရမ်းတွေလွတ်လပ်ခွင့်ရနေတော့ ငါရှိနေတယ်ဆိုတာသတိမရပုံပဲ.. မင်းလွတ်လပ်နေတာ ငါပေးထားတဲ့အခွင့်အရေးဆိုတာ သိထားဦး... "
လွတ်လပ်ခွင့်ရတယ်ဆိုတာက သူငယ်ချင်းတွေနဲ့ ခရီးသွားခဲ့တာကို ပြောချင်တာလား။ ဝေးဝေးလံလံခရီးမဟုတ်တဲ့ ပုဂံခရီးစဉ်မှာ ယောက်ျားလေးသူငယ်ချင်းတချို့ပါ ပါဝင်နေခဲ့လို့လား။
မဟုတ်ဘူး။ စိတ်ဆိုးနေရင်လဲ စိတ်ဆိုးနေကြောင်း ဒေါသထွက် ပေါက်ကွဲပြလိုက်။ အခုလိုမျိုး သွေးအေးအေးနဲ့ ပြုံးရယ်ရင်း စကားပြောမနေနဲ့လေ။
" ကိုကိုကလဲ ဘာဖြစ်နေတာလဲ.. ငါ့မှာမှ စိတ်ရှုပ်စရာများနေပါတယ်ဆို ကိုကိုကပါ ဒီလိုလုပ်နေတော့မှာလား... "
" ငါက ဘာလုပ်နေလို့လဲ... "
" အခုကို... ငါ ငါနဲ့... "
ဒီတစ်ခါလဲ လေသံကဖျော့သွားပြန်သည်။ ကိုကို့ဘက်က တစ်ခါလေးမှ သူ့ကိုဘယ်လိုခေါ်ပါ၊ ဘယ်လိုနာမ်စားသုံးပါ မပြောခဲ့ဖူးကြောင်း၊ မကန့်သတ်ခဲ့ဖူးကြောင်း တစ်ခဏလေးမှမေ့မနေပါ။
" မွန်မြတ်.. မင်းမှာလဲ မင်းရဲ့လွတ်လပ်ခွင့်တွေ.. မင်းရဲ့ကိုယ်ပိုင်အခွင့်အရေးတွေ ရှိမှန်း ငါသဘောပေါက်ပြီးသား.. ငါ့ဘက်ကလည်း တတ်နိုင်သမျှလိုက်လျောခဲ့ပြီးသား.. မင်းဘက်က ငါ့ကိုဘာတွေလိုက်လျောပေးထားတယ်ဆိုတာလဲ ငါမေ့မထားဘူး.. အေး.. ခုနကပြောခဲ့တဲ့ လွတ်လပ်ခွင့်တွေ.. ကိုယ်ပိုင်အခွင့်အရေးတွေက ငါတို့ကို ကွဲပြားစေမှာမျိုးတော့ လက်မခံဘူး.. နားလည်လား... "
" အခုက ဘာဖြစ်နေလို့လဲလို့.. Short pantsဝတ်တာမကြိုက်ဘူး.. အိုကေ ငါကိုယ်တိုင်ရော ငါ့မိဘရော မကြိုက်ဘူး.. ဒါမဲ့ တစ်ခါတစ်လေဝတ်တာတော့ လိုက်မပြောနဲ့လေ.. နောက်တစ်ခု အလုပ်က အစ်မတယောက်နဲ့ မပေါင်းနဲ့.. ငါလဲ သူ့ရဲ့ရှေ့တစ်မျိုးကွယ်ရာတစ်မျိုးစိတ်ဓာတ်နဲ့ အပြုအမူကိုမကြိုက်လို့ ကိုယ်ပေါင်းစိတ်ခွာပဲလေ.. အခုဆိုအလုပ်ကတောင် ထွက်လိုက်ပြီပဲကို... "
" အေးလေ.. ငါပြောတာအကုန် မင်းသဘောပေါက်တယ်မလား.. အဲ့တာဆို ငါက ဘယ်ဟာကို ပြဿနာလုပ်လို့လဲ... "
စကားပြောပုံက။ စကားပြောပုံက။
မျက်နှာလေးပေါ်က မပွင့်တပွင့်အပြုံးလေးနဲ့၊ မှင်သေသေနဲ့စကားပြောပုံက။ သွေးအေးလူသတ်သမားတစ်ယောက်လိုပဲ။
" ကြောက်ဖို့ကောင်းတယ်.. ငါ့ကို ကြောက်အောင်လုပ်နေတာက ပြဿနာပဲ.. ကိုကို့ပုံစံက ဖြည်းဖြည်းချင်းနဲ့ ဇိမ်ပြေနပြေနဲ့ ငါ့ရဲ့အသက်ဝိဉာဉ်ကို စုပ်ယူနေသလိုပဲ... "
" Relax.. ကိုယ် မင်းကိုထိခိုက်အောင် ဘာတစ်ခုမှမလုပ်နိုင်တာ မင်းအသိဆုံးပါ... "
" ငါ့စိတ်ကိုလေ.. ငါ့ကိုစိတ်ထိခိုက်အောင် လုပ်နေတာ... "
" Wifiစက်မှာ တပ်ထားတဲ့ကြ်ိုးကို ဆွဲဖြုတ်လိုက်ရုံပဲ baby.. မင်းမယူချင်ရင် ကိုယ်ဘာမှပေးလို့မရဘူး... "
ကြည့်။ စကားကို ဘယ်လိုတွေ ပြောနေတာလဲ။ မျက်နှာချင်းဆိုင်တွေ့ပြီး စိတ်ရှိလက်ရှိစကားတွေပြောရရင်လဲ ကောင်းမည်။ အခုလိုကျ မတူညီတဲ့အချိန်နာရီကြောင့် စိတ်တိုင်းကျလဲ စကားမပြောနိုင်ပဲ အကုန်လိုက်ထိန်းချုပ်နေရ၏။
" မင်းစိတ်ကုန်နေပြီမှန်းသိပါတယ်.. ငါ့ဘက်က လိုအပ်ချက်တွေ အရမ်းများတယ်ဆိုတာလဲ သိတယ်.. မင်းဘေးကကောင်တွေနဲ့... "
" ဘာတွေပြောနေတာလဲ.. ဘေးမှာဘယ်ကောင်မှမရှိဘူး.. နင် ငါ့ကိုတစ်ဖက်သတ် လိုက်စွပ်စွဲချင်နေတိုင်း.. အရေးမပါတဲ့ကိစ္စတွေ လိုက်ပြောပြီး ဒီTopicကိုရောက်အောင် ဆွဲမခေါ်လာနဲ့... "
" မစွပ်စွဲပါဘူး.. ငါ့ဘက်က စိတ်ခံစားချက်ကို ပြောပြယုံပဲ... ရှေ့ဆက်ဖို့အဆင်မပြေရင် ဘာကိုမှငဲ့ကွက်မနေပဲ ကိုယ့်လမ်းကိုလျှောက်ကြမယ်.. ကိုယ့်ဘဝနဲ့ကို နေကြတာပေါ့... "
" ကိုကို့! "
ကိုယ့်ဘဝနဲ့ကိုနေကြတာပေါ့... ဟုတ်လား။ Deja Vuဆိုရင်တောင် ဒီလိုစကားကို ကိုကို့ဘက်က အရင်ပြောခဲ့ဘူးတာ မဟုတ်ဘူးလေ။
" တကယ်ပဲဘာဖြစ်နေတာလဲ.. ဘာဖြစ်ချင်နေတာလဲသာပြောတော့.. ငါ့ဘက်က အမှားမရှိပဲ ဒီလိုတွေအထင်ခံနေရတာ ငါလဲအဆင်ပြေမနေဘူး.. breakupလုပ်ချင်ရင်လည်း ပွင့်ပွင့်လင်းလင်းသာ ပြောတော့... "
" မင်းပြောခဲ့တဲ့စကားတွေအကုန် ောက်အလကားဖြစ်ကုန်ပြီဆိုတာ မင်းသိလား... "
" အဲ့လိုဖြစ်အောင် နင်ပဲလုပ်နေတာလေ.. ဘယ်သူကအရင် ကိုယ့်ဘဝနဲ့ကိုနေလို့ ပြောတာလဲ... "
" မင်းနေချင်မလားလို့လေ... "
သက်ပြင်းချရှိုက်ရင်း ဘေးဘီကိုသာကြည့်ပြီး အာရုံလွှဲလိုက်တော့သည်။ နံရံက နာရီက မနက်လေးနာရီထိုးဖို့ မိနစ်အနည်းသာ လိုတော့သည်။ တစ်ညလုံး အနားမယူရသေးတာကြောင့် လူကလည်း အားအင်ကုန်ခမ်းပြီး နုံးချိလာရပြီ။
Laptop Screenထက်က မှုန်မှိုင်းနေတဲ့မျက်နှာဟာ လူကိုဘယ်လောက်တောင် တုန်လှုပ်ခြောက်ခြားစေသလဲ၊ ဘယ်လောက်တောင် စိတ်ထိခိုက်စေသလဲ။
အထူးသဖြင့် ကိုယ့်ကြောင့် သူ,မပျော်ရွှင်ရဘူး၊ စိတ်ရှုပ်နေရတယ်ဆိုတဲ့ အသိက သိပ်ကိုစိတ်ပျက်စရာကောင်းလွန်း၏။
" ကိုကို.. ဘာဖြစ်နေတာလဲ.. ဘာတွေအလိုမကျတာလဲ.. ငါ့ကိုစိတ်ဆိုးနေတာလား.. ဒေါသထွက်နေတာလား.. သဝန်တိုနေတာလား.. ဘာဖြစ်နေတာလဲပဲ ပွင့်ပွင့်လင်းလင်းပြော... "
" မသိဘူး... "
" မသိဘူးဆိုတာမရှိဘူးလေ.. ဟုတ်ပြီ မသိဘူးဆိုရင်လဲ.. ငါတို့ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ရအောင်.. မနက်ဖြန်မှပဲ ပြန်တွေ့မယ်.. အခုပြောတာကိုတော့ သေချာနားထောင်.. ငါ ကိုယ့်ဘဝနဲ့ကိုမနေချင်ဘူး.. ကိုကိုက နေချင်တာသေချာရင်လဲ ရပါတယ်.. ငါကတော့ ကိုကို့ဘဝထဲမှာမဟုတ်ဘဲ တခြားဘယ်သူနဲ့မှ မနေချင်ဘူးပဲ.. ကိုကို့မှာ လိုအပ်ချက်ရှ်ိတယ်လို့ မထင်ဘူး.. ရှိခဲ့ရင်လဲ ငါက နားလည်ပေးမှာ.. ပြီးတော့.. ရှေ့ဆက်အဆင်ပြေအောင် ကြိုးစားမှာ.. ကိုကိုကလည်း ငါ့စိတ်ခံစားချက်ကို သိထားပေးဟုတ်ပြီလား... "
စိတ်ရှုပ်စွာနဲ့ပဲ သူ့ဆံပင်တွေကို ဆွဲဖွနေပုံပေါ်ပါသည်။ ခုနကတွေးမိသလိုမျိုး ငါ့ကြောင့်ဆိုတဲ့အသိစိတ်ကလည်း ပိုပြီးဖိစီးလာရတော့သည်။
ကျေးဇူးပြုပြီး ဒီမွန်းကြပ်စရာကောင်းတဲ့ အခြေအနေကို ရပ်တန့်သွားစေဖို့အတွက် ကိုကို့ဘက်ကလဲ အလျော့ပေးရင်ကောင်းမည်။
" ကိုကိုက ငါ့အတွက် ဘယ်လိုဖြစ်တည်မှုလဲဆိုတာ သိရဲ့သားနဲ့... "
" ဘယ်လိုဖြစ်တည်မှုလဲ... "
" ဒီလိုမျိုးမဖြစ်စေချင်ပေမဲ့.. ငါ့ရဲ့အရာအားလုံးက ကိုကို့အပေါ်မှာ မှီခိုနေတယ်.. physically, emotionally, mentallyအကုန်လုံးက.. အဲ့တာကို မသိဘူးလားဟင်... "
" သိအောင်ပြောပြပေးတဲ့အတွက်ကျေးဇူးပဲ... "
ပြန်ဖြေလာတဲ့စကားကြောင့် နားတွေခါးသက်သွားရ၏။ ကိုကိုနဲ့ဆက်ပြီးပြဿနာမဖြစ်ချင်။ မျက်နှာပြောင်တိုက်ဖို့သာ ဆုံးဖြတ်လိုက်သည်။
" အွန်း.. ကိုကို့ကိုချစ်တယ်.. တစ်ခဏတာ ပြေလည်ဖို့ပြောတာမဟုတ်ဘူး.. ငါ ကိုကို့ကို... "
" အခုအချိန်ထိ Visaလျှောက်ဖို့မလုပ်ရသေးဘဲ လာမပြောနဲ့.. ငါလဲ ခဏတိုင်းမပြောချင်ဘူး... "
" ပြင်ဆင်နေတယ်လေ.. ကိုကို့မေမေက passportသက်တမ်းတိုးရဦးမှာဆိုလို့... "
" အေး.. ပြီးတာပဲ... "
စကားပြောပုံက သိပ်အဆင်မပြေသေးပေမဲ့ မျက်နှာလေးက ကြည်လင်ကာစပြုလာသည်ဟု ထင်မိသည်။ ကိုယ်တိုင်လဲ ကိုကို့မျက်နှာကိုသာ ဂရုတစိုက်ကြည့်နေမိရင်း အသက်ရှုမိရဲ့လားပင် သတိမထားမိ။
နှလုံးသားက တဆတ်ဆတ်ခုန်လှုပ်နေတဲ့ အကြောင်းအရင်းဟာလဲ ဒီလူကြောင့်ဟုတ်ရဲ့လား မေးခွန်းထုတ်စရာအကြောင်းမရှိ။
ကိုကိုနဲ့ပတ်သတ်လာရင် အရမ်းကို ထိရှလွယ်လွန်းသူမို့ ဒီနေ့ဖြစ်ရပ်ဟာ ဆူးတစ်ချောင်းလိုစိုက်ဝင်သွားပြီး ပြန်နှုတ်လို့ရခဲ့ရင်လည်း ဒဏ်ရာက အမာရွတ်အနေနဲ့ကျန်ရစ်ခဲ့မှာမျိုး စိုးရိမ်မိသည်။
" စိတ်ပြေသွားပြီလားဟင်.. စိတ်ပြေသွားရင် ဘာဖြစ်လို့ စိတ်ဆိုးနေတာလဲ ပြောပြနော်... "
" ဘာမှမဖြစ်ဘူး.. ငါ့စိတ်ကဖြစ်နေတာ.. အိပ်တော့.. ဒါပဲ... "
ဟန့်တားချိန်မရလိုက်ပဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်ချက်ချလိုက်တဲ့ ကိုကို့ကြောင့် နှလုံးခုန်နှုန်းက တဖြည်းဖြည်းနှေးကွေးလာပြီး ရပ်တန့်သွားတော့မလား ထင်မှတ်ယူရသည်။
ပြီးတော့ ဒီလိုမျိုး မနက်ဝေလီဝေလင်းအချိန်မှာ ခေါင်းအုံးကိုမျက်နှာအပ်ပြီး ရှိုက်ကြီးတငင်ငိုကြွေးရမယ်လို့ ဘယ်တုန်းကမှ တွေးမထားခဲ့ဘူးဆိုတာကိုလည်း ကိုကို့ကို ဝန်ခံရပါဦးမည်။
နောက်ထပ်တစ်ခုက ဒီလိုမျိုးရန်ဖြစ်စကားများရတဲ့ကိစ္စကို ဘယ်သူ့ကိုမှ ပေးသိမှာမဟုတ်။
မွန်မြတ်သန့်စင်နဲ့အစပြုသမျှ ရန်ဖြစ်စကားများစရာ ကိစ္စတိုင်းဟာ မွန်မြတ်သန့်စင်ဆီကို ဘယ်တော့မှရောက်မလာတတ်လို့၊ ဖြေရှင်းစရာမလိုဘူး ဆိုပေမယ့် သူ့ကိုတော့ ခြွင်းချက်ပေးပါ တဖွဖွပြောတက်သူရဲ့စကားအတိုင်း က်ိုကိုကတော့ ခြွင်းချက်။
သူက ဘယ်တော့မှ ဘယ်သူ့ဆီမှ စစ်ကူမယူတတ်ပဲ သွေးအေးအေးနဲ့ ဖြေရှင်းတတ်သူမို့ ကိုယ်တိုင်ပဲဖြေရှင်းရမှာဖြစ်တာကြောင့်။
-48____48-
💚 Thanks For Reading 💚
01.02.2023
Wednesday