စွယ်စုံမှော်ဘုရင် မိုဖန် ( ဘာသာပြန် - ဂျော်ဂျီ )
အခန်း ( ၁၃ ) ကြိုက်မိသွားသော အရသာ
တောင်းကုန်းပေါ်ရှိ နားနေဆောင်အတွင်း ထွက်ပေါ်လာခဲ့သော ခန့်မှန်း၍မရအောင် ခမ်းနားလွန်းလှသည့် ခရမ်းရောင်စွမ်းအင်အလင်းတန်းများသည် ယခုအချိန်၌မူ ဘာမှမရှိခြင်းအဖြစ်သို့ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
လေထုအတွင်း၌မူ မီးကျွမ်းညှော်နံ့များနှင့် ပြည့်နှက်နေခဲ့သည်။
အနီးပတ်ဝန်းကျင်ရှိသစ်ပင်အချို့ပေါ်၌ မီးသင့်ထားသောဒဏ်ရာများကိုပင် တွေ့မြင်နေရသည်။
မြေပြင်ထက်၌မူ လဲကျတွန့်လိမ်နေသောလူနှစ်ယောက်ရှိနေခဲ့သည်။
သူတို့၏ သွင်ပြင်များမှာ ကြောက်စရာကောင်းလောက်အောင် ဆိုးရွားနေခဲ့ပြီး မာနကြီး မောက်မာအထက်စီးဆန်သော ဂွမ်ရှီခရိုင်လူဆိုးလူမိုက်များ၏မူလသရုပ်ကို ယခုအချိန်၌ သူတို့ကိုယ်ပေါ်တွင်တစ်စိုးတစ်စိမျှပင် ရှာတွေ့နိုင်လိမ့်မည်မဟုတ်ပါချေ။
ကျန်သုံးယောက်သောသူတို့၏ ထိတ်လန့်ကြောက်ရွံ့မှုကမူ ပြောမပြတတ်နိုင်အောင်ပင်။
“အကို....မို.....အကိုကြီးမိုဖန်, ကျွန်တော်တို့...ကျွန်တော်တို့ တစ်ခရိုင်တည်းမှာ အတူတူကြီးပြင်းလာတာလေးကိုငှဲ့ညှာပြီး ဒီတစ်ခါခွင့်လွှတ်ပေးပါ။ နောက် ဒါမျိုးဘယ်တော့မှမဖြစ်စေရဘူးလို့ ကျွန်တော်ဂတိပေးပါတယ်။”
စီးကရက်နှင့်လူ၏ ရဲရင့်မှု့မှန်သမျှက သုညဖြစ်သွားရပြီဖြစ်သည်။
သူ့မျက်လုံးများထဲတွင်မူ သူ့ရှေ့တွင်ရပ်နေသော အသက် ဆယ့်ခြောက်နှစ်အရွယ်ကောင်လေးသည် ဆောင်းညအိပ်မက်များတွင်မက်တတ်သော “ပြေးမရ အေးစက်ချောက်ထဲကျ သရဲမ” ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းနေခဲ့ရသည်။
“အကိုကြီး.....အကိုကြီးဟာ ကြီးမြတ်တဲ့ မှော်ပညာဆရာသခင် မက်ဂယ်တစ်ဦးပါ။ အကိုကြီးရဲ့အဆင့်ဟာ ကျွန်တော်တို့လို အစုတ်အပျက်ကောင်တွေနဲ့ဆိုရင် မနှိုင်းယှဉ်သာလောက်အောင် မြင့်မြတ်လွန်းပါတယ်။ ကျွန်တော်..ကျွန်တော်တောင်းပန်ပါတယ်။ ကျွန်တော်တို့ကို ကျေးဇူးပြုပြီး ချမ်းသာပေးပါ။”
ကောင်းဘွိုင်ဝတ်စုံနှင့်လူက တုန်ရီနေသောအသံနှင့် တောင်းပန်လိုက်သည်။
ရှုဘင်နှင့် ဗလကြီးတို့ဖြစ်ပျက်နေပုံကလည်း အမှန်ပင် ကြောက်စရာကောင်းနေရသည်ကိုး...။
ကောင်းဘွိုင်ဝတ်စုံနှင့်လူကမူ ထိုနှစ်ယောက်ကဲ့သို့ အဖြစ်အဆိုးမခံနိုင်ပေ။
မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းကို ဒေါသူပုန်ထကာ အပြည့်အဝ အသက်သွင်းတိုက်ခိုက်ခဲ့ပြီးနောက် မိုဖန်၏ ရင်တွင်းနှလုံးသားသည်လည်း တဖြည်းဖြည်းပြန်လည်အေးဆေးတည်ငြိမ်လာခဲ့သည်။
မြေကြီးပေါ်မှ စုတ်ပျက်သတ်နေသော ရှုဘင်နှင့် ဗလကြီးတို့အားတစ်ချက်ကြည့်လိုက်ပြီးနောက် သူ့အကြည့်ကို ကြောက်ရွံ့မှု့ဖြင့် တုန်နေကြဆဲဖြစ်သည့် ကျန်သုံးယောက်ဆီသို့ ပို့လွှတ်လိုက်၏။
“ဒီနှစ်ကောင်ကို ဆေးရုံပို့လိုက်”
မိုဖန် စိတ်ကိုအေးဆေးသက်သာစွာထားပြီး တည်ငြိမ်စွာပြောလိုက်သည်။
မိုဖန်ကိုယ်တိုင်လည်း အခြေခံအဆင့် လျှပ်စီးဒြပ်စင်စွမ်းရည်ဖြစ်သော မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်သည် ဤမျှ အတိုင်းထက်အလွန် ပြင်းထန်လိမ့်မည်ဟု တကယ်ထင်မထားခဲ့ပေ။
— ဒါဟာ ငါ့ရဲ့ ဒီစွမ်းအင်ကို ပထမဦးဆုံးအကြိမ် အမှန်တကယ် အသက်သွင်းခဲ့ခြင်းပဲ။ တကယ်လို့များ ဒီစွမ်းအင်ထုတ်ဖော်မှု့ကို ပိုမိုကျွမ်းကျင်လာပြီး ဒီ့ထက်ပို ကျင်ကျင်လည်လည်သာ ထိန်းချုပ်နိုင်ခဲ့မယ်ဆိုရင် ပစ်လွှတ်လိုက်တဲ့အခါ ဒီကြောက်စရာစွမ်းအင်ရဲ့ အမျှင်တန်းလေးတစ်ခုကိုတောင် အလဟဿဆုံးရှုံးစေနိုင်တော့မှာ မဟုတ်ဘူး။ မိုးကြိုးလျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်ကို အပြည့်အဝသာ ထုတ်ဖော်ပစ်လွှတ်နိုင်ခဲ့ရင် ဒီငါးယောက်လုံး ဒီနေရာမှာပဲ ပေါက်ကွဲမှု့ကြောင့် ချက်ချင်းသေသွားမလားတောင် စိုးရိမ်ရတယ်။ --
-- ပိုစွမ်းလေ ပိုကောင်းလေပေါ့။ ဒါပေမယ့် ဘယ်သူမှ ဒီမတော်တဆမှု့ကြောင့် အသက်မထွက်ကုန်ဘူးဆိုရင်တော့ အကောင်းဆုံးပေါ့။ ဒီလိုမှမဟုတ်ရင် ပြဿနာက ပိုကြီးသွားနိုင်တယ်။ --
“ဟုတ်...ဟုတ်....ဟုတ်! ကျွန်တော်တို့လုပ်လိုက်ပါမယ်။ ကျွန်တော်တို့ အခုပဲလုပ်လိုက်ပါ့မယ်။”
ကောင်းဘွိုင်ဝတ်စုံနှင့်လူက မက်ဂယ်ငယ်လေး၏ ဒေါသတို့လျှော့ကျသွားပြီမှန်းသိလိုက်သောကြောင့် အသက်တစ်ချောင်း အပိုရလိုက်သလို ခံစားလိုက်ရသည်။
အခြားနှစ်ယောက်လည်း ဘာကိုမျှ ထူးထူးထွေထွေ ထပ်မတွေးရဲကြတော့ဘဲ မြေကြီးကို နမ်းရှုပ်ဆုတောင်းနေကြသူနှစ်ဦးကိုသာ ကူညီရန်ကြိုးစားလိုက်ကြသည်။
လဲကျနေသူနှစ်ဦးကို ဆွဲထူရန် ထိလိုက်သည်နှင့်တပြိုင်နက် ထိုသူနှစ်ဦး၏ကိုယ်တွင်းမှ အကြွင်းအကျန် လျှပ်စစ်ဓါတ်များက သူတို့၏ လက်မောင်းများမှတဆင့် ကိုယ်တွင်းသို့ စီးကူးဝင်ရောက်လာခြင်းကြောင့် အပြင်းအထန် တုန်လှုပ်သွားခဲ့ကြသည်။
“လူနာတင်ကားခေါ်လိုက်။ ဆေးကုသခကိုတော့ မင်းတို့ပဲ ပေးလိုက်” မိုဖန်က ထူးမခြားနားစွာသာပြောလိုက်သည်။
“ကျွန်တော်ခေါ်လိုက်ပါ့မယ်။ ကျွန်တော်အခုပဲခေါ်လိုက်ပါ့မယ်။”
မိုဖန်၏ဒေါသတို့က ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း သူ၏ရင်တွင်းမှ စိတ်အားထက်သန်တက်ကြွနေမှု့ကိုမူ ဖြေဖျောက်ရန် ခက်ခဲနေသေး၏။
အခုအချိန်၌ မိုဖန်သည် ထိုသူများအတွက် သူတို့အသက်ကို အချိန်မရွေး နှုတ်ယူပစ်လိုက်နိုင်သော နတ်ဘုရားသဖွယ် တည်ရှိမှုမျိုးဖြစ်နေသောကြောင့် သူ၏အပျော်လွန်နေမှု့ကို ထိုသူများရှေ့တွင် အဘယ်မှာ ထုတ်ဖော်၍သင့်တော်ပါ့မည်နည်း။
မိုဖန်လည်း နားနေဆောင်အတွင်း ဝင်လာခဲ့လိုက်ကာ ဘီးတပ်ကုလားထိုင်ပေါ်မှ ဖဲချပ်များကို ဆွဲယူလွင့်ပစ်လိုက်သည်။
ထို့နောက်ခုံကို ကောက်မကာ လှေခါးအတိုင်းအောက်သို့ ပြန်ဆင်းလာခဲ့သည်။
ထိုသုံးယောက်ကမူ အရိုးထဲမှလာသောကြောက်ရွံ့မှု့မျက်လုံးများဖြင့် မိုဖန်၏ လှုပ်ရှားမှု့များကိုသာ လိုက်ကြည့်နေကြသည်။
ရုတ်တရက် မိုဖန်သည် ကျောခိုင်းလျှောက်နေခဲ့ရာမှ နောက်ပြန်လှည့်လိုက်သည်။
သုံးယောက်သောသူတို့မှာလည်း ထိတ်လန့်စွာဖြင့် ပြိုင်တူပင် နောက်သို့ ခြေတစ်လှမ်းဆီ အမြန်ဆုတ်လိုက်ကြသည်။
“အိုး..သတိပေးရဦးမယ်..တစ်ယောက်ယောက်ကများ ဘာဖြစ်တာလည်းမေးလာခဲ့ရင် ဒီနှစ်ယောက် လျှပ်စစ်ပစ္စည်းတွေဖြုတ်ခိုးဖို့ကြိုးစားရင်း မတော်တဆဖြစ်တာလို့ပဲ ဖြေလိုက်ပါ။ ငါဟာ မက်ဂယ်တစ်ယောက်ဖြစ်တယ်ဆိုတဲ့သတင်း တကယ်လို့ မင်းတို့ကြောင့် ပြန့်သွားခဲ့မယ်ဆိုရင် ငါ မင်းတို့ပါးစပ်တွေကို ထာဝရမဖွင့်နိုင်အောင်ပိတ်ပေးရလိမ့်မယ်။မင်းတို့လည်းသိမှာပါ...ရဲတွေက မက်ဂယ်တစ်ယောက် မတော်တဆလူသတ်ခဲ့မိရင်တောင် သူ့ကိုခက်ခဲအောင်မလုပ်ကြဘူးဆိုတာကိုလေ။ အထူးသဖြင့် ဒီလို လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေတဲ့ အစုတ်အပျက်အမိုက်တွေက မက်ဂယ်တစ်ယောက်ကို စိတ်အနှောက်အယှက်ဖြစ်အောင်လုပ်တဲ့ ကိစ္စမျိုးတွေမှာပေါ့။”
မိုဖန်တွေးမိလိုက်ရပြီး ထိုသူများဘက်လှည့်ကာ သတိပေးလိုက်သည်။
သုံးယောက်လုံး ပုတ်သင်ညိုရှုံးအောင် မိုဖန်ကို အကြိမ်ကြိမ် ခေါင်းညိတ်ပြလိုက်ကြသည်မှာ သူတို့၏ မိဘများကို ဆက်ဆံသည်ထက်ပင် ပို၍ရိုသေနေသေး၏။
“မင်းတို့ရဲ့ အိုင်ကျူနဲ့ဆို ကျိုးခွန်ဆမ်နဲ့ မုဘိုင်တို့က မေးလာခဲ့ရင် ဘယ်လိုဖြေရမယ်ဆိုတာ သိပြီးသားဖြစ်မှာပါ။ ဟုတ်တယ်မဟုတ်လားး?”
မိုဖန်က သက်သောင့်သက်သာပုံစံဖြင့်မေးလိုက်သည်။
“ကျွန်..ကျွန်တော်တို့နဲ့ မတွေ့ခဲ့ဘူးးလို့ပဲဖြေလိုက်ပါမယ်”
“တော်တယ်! ကောင်းပြီ၊ ဒီကိစ္စကို ဒီမှာပဲ ပြီးလိုက်တော့မယ်။ နောင် မင်းတို့မှာ ကိစ္စတစ်ခုခုရှိလာခဲ့ရင် မင်းတို့ငါ့ကို လာရှာနိုင်တယ်။ ငါ့အစွမ်းကို မင်းတို့လည်း မြင်ပြီးကြပြီမဟုတ်လား?။”
“ဟုတ်..ဟုတ်...အကိုကြီးမိုဖန်, ဂရုစိုက်ပြီးသွားပါခင်ဗျာ...။”
သုံးယောက်သား ခါးချိုးကာ ခေါင်းအကြိမ်ကြိမ်ညိတ်ပြီး လေးစားကြောက်ရွံ့စွာဖြင့် ပြန်ဖြေပေးလာကြသည်။
မိုဖန်ခေါင်းတစ်ချက်ဆတ်ပြီး ဘီးတပ်ထိုင်ခုံကိုမကာ လှည့်ထွက်လာခဲ့သည်။
— ရက်ရက်စက်စက် သေလောက်အောင်ရိုက်နှက်ပြီးသောအခါမှ မိုဖန် သူတို့ကို ထန်းလျှက်တစ်ခဲ ပစ်ကျွေးခဲ့ခြင်းသာဖြစ်သည်။ —
ဤလူစုအနေနှင့် နောက်ထပ် ဂျိုကြွရဲကြတော့မည်မဟုတ်သည့်အပြင် ဤအဖြစ်အပျက်ကိုလည်း ပြင်ပသို့ ပျံ့နှံ့စေလိမ့်မည်မဟုတ်ကြောင်း သူကောင်းကောင်း ယုံကြည်ထားသည်။
အခြားတစ်ဖက်က ကြည့်မည်ဆိုပါကလည်း သူသည်ကား မှော်စွမ်းအင်ကို လက်တွေ့ထုတ်ဖော်နိုင်သော မိုးကြိုးဒြပ်စင်ပိုင်ရှင် အစစ်အမှန် မက်ဂယ်တစ်ယောက်ဖြစ်ပြီး မုဘိုင်မှာမူ သာမန်လေ့ကျင့်ဆဲအဆင့် ကျောင်းသားတစ်ယောက်မျှသာဖြစ်သည်။
သူတို့အနေနှင့် မည်သည့်ဘက်တွင် ရပ်ရမည်ဆိုသည်ကို ကောင်းကောင်းနားလည်ကြမည်ဖြစ်သည်။
သို့သော်လည်း ဤလူများသည် ကျိုးခွန်ဆမ်နှင့် မုဘိုင်တို့အတွက်မူ သာမန် အိမ်မွေးတိရိစ္ဆာန် ပါပီလေးများအဆင့်သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း သိထားပြီးသားဖြစ်သည်။
— အချိန်ကျလာတဲ့အခါ အဲ့ဒီ မျိုးမစစ်နှစ်ကောင် သူတို့နဲ့ ထိုက်တန်တဲ့အရာကို သေသေချာချာ ပြန်ရစေရမယ်။ —
……........................................
ကျောက်တုံးလှေကားအခြေသို့ရောက်သောအခါတွင်မူ မိုဖန်တစ်ယောက် ဆက်လက်မအောင့်ထားနိုင်တော့ဘဲ အားရပါးရ အော်ရယ်မိလိုက်သည်။
လွန်ခဲ့သောနှစ်များကဆိုလျှင် မိုဖန်သည် ငြီးငွေ့စရာကောင်းသော သင်ခန်းစာများကြောင့် ပြတင်းပေါက်မှနေ၍ ပြင်ပကမ္ဘာကြီးကို ငေးမောပြီး တွေးချင်ရာတွေးနေတတ်သော သာမန်ကျောင်းသားတစ်ယောက်မျှသာဖြစ်သည်။
တစ်ခါတစ်ရံ တိုက်ခတ်လာသော လေပြေနှင့်အတူ ပျံသန်းလိုက်ပါသွားပြီး တလူလူလွင့်နေသော ကျောင်းအလံတိုင်ထိပ်၌ ခြေချရပ်နားလိုက်သည်ဆိုသော နေ့ခင်းအိပ်မက်များကိုပင် မက်နေတတ်သေးသည်။
ကျောင်းအနောက်ဘက်ရှိတောင်တန်းများဆီသို့လည်း ကောင်းကင်ပြာထက်ဝဲပျံကာ ဖြတ်သန်းသွားချင်မိခဲ့၏။
သူကိုယ်တိုင်ပင် ကြုံတွေ့လိုက်ရပါက ကြီးကြီးမားမား ဒေါသပေါက်ကွဲသွားစေနိုင်သည့် ရက်စက်ကြမ်းကြုတ်မှု့များအကြောင်းကိုလည်း တမေ့တမောစိတ်ကူးယဉ်နေမိတတ်သည်။
သူစိတ်ကူးများအတွင်း သူသည် မကောင်းဆိုးရွား မိစ္ဆာများနှင့် အမျိုးမျိုးသော လူသတ်ကောင် မုဒိန်းသမားများအား သူ့လက်၌စုရုံးလာခဲ့သော သဘာဝလွန်စွမ်းအားများကို အသုံးပြုကာ အပြီးတိုင် အမြစ်ဖြုတ်သုတ်သင်နိုင်ခဲ့သည်ဆိုသည့်အကြောင်းများလည်းပါ၏။
ဘယ်သူကရော ထင်မှတ်ထားမိ နိုင်ပါလိမ့်မည်နည်း။ ဒီနေ့၌ ထိုအရသာကို သူတစ်စွန်းတစ်စ ခံစားရမိခဲ့၏။
မိုးကြိုးလျှပ်စီးစွမ်းအင်ဖြင့်ဆိုလျှင် သူနှင့်လာရှုပ်ရန်ကြိုးစားခဲ့သော လူဆိုးလူမိုက် ငါးကောင်သည် သာမန် ခွေးလေခွေးလွင့်များကဲ့သို့ အဆင့်သာဖြစ်သည်။
ဒါသည် သူယခင်က ဘယ်သောအခါကမှ မကြုံခဲ့ဘူးသောအရာဖြစ်ပြီး ဤခံစားချက်က မိုဖန်အတွက်တကယ်ကျေနပ်ဖွယ်ရာပင်ဖြစ်သည်။
အိပ်မက်အလား မိုဖန်ခံစားနေရ၏။
“မိုးကြိုးစွမ်းအား, လျှပ်စီးပစ်ခွင်းခြင်းစွမ်းအင်ကတကယ်အထင်ကြီးလောက်စရာပဲ။ မီးဒြပ်စင်ရဲ့ အခြေခံအဆင့်စွမ်းရည်ဖြစ်တဲ့ 'မီးတောက်ပေါက်ကွဲလောင်ကျွမ်းမှု' အစွမ်းကရော ဘယ်လိုများနေမယ်မသိဘူး။ နှစ်ကုန် မှော်ပညာစာမေးပွဲကြီးမဖြေခင် ငါ့အတွက် အချိန်နှစ်ဝက်လောက်ရသေးတယ်။ ဒီလောက်အချိန်နဲ့ဆို ငါသာကြိုးစားလေ့ကျင့်ရင် နှစ်မကုန်ခင် အခြေခံအဆင့် မီးဒြပ်စင်စွမ်းရည် 'မီးတောက်ပေါက်ကွဲလောင်ကျွမ်းမှု' စွမ်းအင်ကို ထုတ်ဖော်လာနိုင်လိမ့်မယ်။”
မိုဖန် ပို၍ပင် စိတ်လှုပ်ရှားလာခဲ့ရသည်။
— မိုးကြိုးဒြပ်စင်ရဲ့ အခြေခံအဆင့်စွမ်းရည် 'လျှစ်စီးပစ်ခွင်းခြင်း' က တကယ့်ကို ကြမ်းကြုတ်ရက်စက်လွန်းလှတယ်။ တစ်ခြား ဒြပ်စင်တစ်ခုရဲ့ စွမ်းရည်ကရော ဘယ်လိုများ နေပါလိမ့်မလည်း? —
ထို့အပြင် မိုဖန်သိထားသည်မှာ အခြေခံအဆင့်သည် အနိမ့်ဆုံးသော အဆင့်ဖြစ်ပြီး သူ့အထက်တွင် အလယ်အလတ်အဆင့်နှင့် အဆင့်မြင့်အဆင့်များ ရှိနေကြသေးသည်။
”ဟုတ်တယ်...လေဒြပ်စင်ဆရာ စာသင်ရင်း ထည့်ပြောသွားသလိုဆို အဆင့်မြင့် လေဒြပ်စင်စွမ်းရည် လေတောင်ပံတွေရဲ့ အကူအညီနဲ့ဆို ကောင်းကင်တခွင်ကို ပိုင်စိုးနိုင်ပြီလို့ဆိုတယ်။ လခွမ်း...ငါ့မှာသာ လေတောင်ပံတွေရှိမယ်ဆို ကောင်းကင်တခွင် ငါသွားချင်ရာကို လွတ်လွတ်လပ်လပ် ပျံသန်းသွားနိုင်မှာအမှန်ပဲ။“
အချိန်အတော်ကြာသည်အထိ မိုဖန်တစ်ယောက် သူ၏စိတ်လှုပ်ရှားမှု့ကို ရပ်တန့်နိုင်ဖို့ရန် ခက်ခဲနေခဲ့သည်။
သူ့စိတ်အတွင်း သူသင်ကြားခဲ့သမျှ မှော်ပညာ အသိအမြင်များကို အပြန်ပြန်အလှန်လှန် သုံးသပ်နေခဲ့သည်။
မက်ဂယ်တစ်ဦးသည် ကောင်းကင်ကိုဆန့်ကျင်နိုင်သော အရာများကို မည်မျှပိုင်ဆိုင်နိုင်သနည်းဆိုသည်ကို သူတကယ်သိချင်နေမိသည်။
……..............................................
ငြိမ်သက်နေဆဲဒန်းလေးပေါ်၌မူ ရှည်လျားသောဆံနွယ်များနှင့် နှာတံစင်းစင်းလေးကို ပိုင်ဆိုင်ထားသော ငယ်ရွယ်လှပသည့် ကောင်မလေးသည် ထိုင်နေခဲ့ဆဲသာဖြစ်ပြီး သူမ၏ လည်တိုင်ကျော့ကျော့ကိုမော့ကာ တောင်ကုန်းလေးပေါ်ရှိ သစ်ပင်အုပ်များကွယ်နေသော နားနေဆောင်ရှိရာဘက်ဆီသို့ စိုးရိမ်စွာမျှော်ကြည့်နေခဲ့သည်။
“ဟင်...ခရမ်းရောင်အလင်းတန်းတွေ...” ယဲ့ချင်းရှ ဘာသာ တီးတိုးရေရွတ်လိုက်မိ၏။
သူမတွေ့လိုက်ရသည်က ကြီးကျယ်ခမ်းနားလှသော ခရမ်းရောင်အလင်းတန်းများသည် နားနေဆောင်ဘက်ဆီမှနေ၍ ကြယ်ကြွေသလိုအလင်းတန်းများဖြင့် လင်းလက်သွားသည်ကိုပင်ဖြစ်သည်။
ခဏလေးမျှသာဖြစ်သော်လည်း ထိုအံ့မခန်းမြင်ကွင်းက လူတိုင်းရင်ထဲစွဲထင်ကျန်ရစ်ခဲ့စေနိုင်သည်။
“မက်ဂယ်တစ်ယောက်များလား?” ယဲ့ချင်းရှ တွေးလိုက်ရမိသည်။
ဤနေရာမျိုး၌ မက်ဂယ်တစ်ယောက် ဘာကြောင့်ပေါ်လာခဲ့ရသနည်းဆိုသည်ကို သူမ စဉ်းစားမရနိုင်ဖြစ်နေ၏။
သို့သော်လည်း မိုဖန်နှင့် လူဆိုးဂိုဏ်းအဖွဲ့ဝင်များရှိရာနေရာ၌ မက်ဂယ်တစ်ဦးပေါ်လာခဲ့သည်မှာ အမှန်အကန်ပင်ဖြစ်ပြီး ကြီးမြတ်သော မှော်စွမ်းအင်ကိုပင် ထုတ်လွှတ်ခဲ့သေး၏။
— အကိုကြီး မိုဖန်များလား? —
ထိုအချိန်၌ ယဲ့ချင်းရှ၏စိတ်အတွင်း အလွန်အမင်း ရှုပ်ထွေးလွန်းနေခဲ့သည်။
နောက်ဆုံးတွင် ရင်းနှီးနေသော ပုံရိပ်တစ်ခုက ကျောက်တုံးလှေခါးထစ်လေးများပေါ်တွင် ပေါ်လာခဲ့သည်။
သူသည် သူမ၏ ဘီးတပ်ကုလားထိုင်လေးကို သယ်လာ၏။
သူ့မျက်နှာပေါ်တွင်မူ အနည်းငယ် ကလေးကလားနိုင်သော ခပ်ရေးရေး ပြုံးရိပ်တစ်ခု ထင်ဟပ်နေခဲ့၏။
* * *