ငါက သူရဲကောင်းဖြစ်ချင်ရုံပါ
V4 Chapter 7 - ပိုက်ဆံပတ်ချေးရပြီ
ဟိုတယ်ပြန်ရောက်တဲ့အထိ မက်ဒါနာနဲ့ဖရာလီတာတို့ မျက်နှာချင်းမဆိုင်နိုင်ကြသေးဘူး။ အရင်က နှစ်ယောက်တစ်ခန်းအတူနေကြပေမဲ့ ဖရာလီတာက အခုတော့ သူ့ဘာသာသီးသန့်တစ်ခန်းယူပြီးနေတယ်။ ဒီတော့ အယ်လိုဟင်ကလည်း သီးသန့်တစ်ခန်းယူပြီးနေရတော့တာပဲ။ လီဆာကတော့ မက်ဒါနာတို့နဲ့လာနေတယ်။
ဒါပေမဲ့ လောလောဆယ် မက်ဒါနာက ဘယ်သူနဲ့မှစကားမပြောနိုင်သေးဘူး။ လျော်ကြေးကိစ္စစဥ်းစားမိတာနဲ့ ရင်ထဲကို စူးနင့်နေတာပဲ။ မသိရင် သူ့နှလုံးသားကို တစ်ယောက်ယောက်သံမှိုနဲ့ ဆောင့်ရိုက်ထားသလိုမျိုးပဲ။
ပြောရရင် သူ့လက်ထဲမှာ ပိုက်ဆံသုံးသန်းခွဲမရှိနေဘူး။ လက်ထဲရှိသမျှပိုက်ဆံတွေကို အတောင်ပံထွင်ဖို့နဲ့ SilverKnightဝတ်စုံကို အဆင့်မြှင့်ဖို့အတွက် သုံးလိုက်မိတယ်လေ။ ဒီတော့ သူ့ကုမ္ပဏီကအမြတ်တွေကို ယာယီတာဝန်ယူပေးထားတဲ့ ဖလေရာဆီကိုအကူအညီတောင်းဖို့စိတ်ကူးက ပထမဆုံးခေါင်းထဲဝင်လာတယ်။
ဒီလိုနဲ့ သူ့လက်က အလိုလိုနေရင်း ဖုန်းကိုဖွင့်ပြီးဖလေရာရဲ့နံပါတ်ကို ခေါ်လိုက်တယ်။ ဒါပေမဲ့မက်ဒါနာမေ့နေတာက အခုဂျပန်မှာ ညနေသုံးနာရီပဲရှိသေးတယ်။ ဒီတော့ နယူးယောက်မှာက ခုမှမနက်တစ်နာရီပဲရှိသေးတာ။
'ဟော်တော့၊ မေ့နေတာ။ သူအိပ်နေလောက်ပြီလားမသိဘူး။' မက်ဒါနာတွေးလိုက်မိပေမဲ့ ဖုန်းကခေါ်နှင့်ပြီးနေပြီ။ ပြီးတော့ သိပ်မကြာခင်စက္ကန့်ပိုင်းလေးမှာတင်ပဲ တစ်ဖက်ကနေ ဖုန်းပြန်ဖြေတဲ့အကြားကြားရတယ်။
"ဟယ်လို၊ မက်ဒါနာ။ နင်နောက်ဆုံးတော့ ငါ့ကိုဖုန်းဆက်ပြီပေါ့။" ဖလေရာရဲ့တက်ကြွနေတဲ့လေသံက ချက်ချင်းဖုန်းကိုဖြတ်ပြီး မက်ဒါနာရဲ့နားထဲဝင်လာတယ်။ မက်ဒါနာလည်း မျက်ခုံးပင့်လိုက်မိတယ်။ သူ့မန်နေဂျာမမက ဘာလို့ညနက်တဲ့အထိမအိပ်သေးတာလဲ။ အိပ်ချိန်နောက်ကျရင် မိန်းကလေးတွေရဲ့အသားအရေအတွက်မကောင်းဘူးဆိုတာ သူမသိတာများလား။ အန်တီလေးအိုလီဗာဆိုရင်တော့ သူ့ကိုနားကွဲအောင် အော်နှင့်နေပြီးလောက်ပြီ။
တစ်ဖက်မှာတော့ ဖလေရာက အိပ်ရာပေါ်ကနေဆင်းကာ ဖန်ခွက်ထဲ ရေအပြည့်ထည့်လိုက်ရင်း မက်ဒါနာကို လှမ်းပြောတယ်။ "ဆိုတော့... ပြောပါဦး၊ ငါ့ရဲ့မင်းသမီးလေးက ဒီကမမကို ဘာများတောင်းဆိုမလို့လဲ။"
ဖလေရာရဲ့လေသံက လိုတာထက်ပိုပြီး အိုင်းရစ်လေသံပေါက်နေသလိုပဲ။ တကယ်တော့ ဖလေရာတို့မိသားစုက အမေရိကန်မှာနေတာကြာပြီမလို့ အိုင်ယာလန်စကားတောင်တတ်တော့တာမှမဟုတ်တာကို။ တမင်လုပ်ပြောနေတာ အသိသာကြီး။
ပြီးတော့ အစောပိုင်းကအထိ ဖလေရာက နှစ်နှစ်ခြိုက်ခြိုက်အိပ်နေခဲ့တာ။ တခြားသူတွေနဲ့မတူအောင် မက်ဒါနာရဲ့ဖုန်းနံပါတ်ကို ရင်းတုန်းတစ်မျိုးသတ်မှတ်ထားတဲ့အတွက် အဲဒီသီချင်းသံမြည်လာလာချင်းပဲ အိပ်ရာကထမျက်နှာသစ်ပြီး ဖုန်းကိုင်တာ။
"ဒါနဲ့ နင့်ကုမ္ပဏီအခြေအနေရော ဘယ်လိုဖြစ်သွားပြီလဲ။" သူ့မန်နေဂျာက ကုမ္ပဏီထဲက လောက်တွေကိုရှင်းဖို့ကြိုးစားနေမှန်းသိပါတယ်။ သူက အဝေးမှာမလို့ မကူညီနိုင်ပေမဲ့ အခြေအနေတော့သိချင်သားပဲ။
"ရေဂင်သားအဖကို ဆွဲချက်တွေနဲ့ကန်ထုတ်ပြီးသွားပြီ၊ အခုကုမ္ပဏီက ပြန်လည်ဖွဲ့စည်းနေတဲ့အခြေအနေမှာရှိပြီး ငါက စီအီးအိုအသစ်ပဲ။"
အစကတည်းက မက်တယ်ပလာဒင်ကုမ္ပဏီက ဘယ်ရီဂရင်းမိသားစုရဲ့မိသားစုလုပ်ငန်းပါ။ ဒါပေမဲ့ဒီနှစ်တွေမှာ ဘယ်ရီဂရင်းမိသားစုက ကျဆင်းလာပြီဖြစ်တဲ့အတွက် ကုမ္ပဏီထဲက ဒုတိယအင်အားကြီးဖြစ်တဲ့ရေဂင်မိသားစုက နောက်ကွယ်ကနေ မကောင်းကြံလာပါတယ်။
ဥပမာအားဖြင့် ကုမ္ပဏီရဲ့စီအီးအိုကို ရုပ်သေးခန့်တာမျိုးပေါ့။ စီအီးအိုတွေကို ကုမ္ပဏီဘုတ်အဖွဲ့တွေက ရွေးချယ်တင်မြောက်တာဖြစ်ပြီး ဘုတ်အဖွဲ့ဝင်ဒါရိုက်တာတွေက စီအီးအိုရွေးကောက်ရာမှာ မဲပေးခွင့်ရှိပါတယ်။ ဘယ်ရီဂရင်းမိသားစုက ရှယ်ယာပိုင်ဆိုင်မှုမှာ များကောင်းများနိုင်ပေမဲ့ ကိုယ်စားပြုမဲကတော့ တခြားရှယ်ယာဝင်ဘုတ်အဖွဲ့ဝင်တွေနဲ့အတူတူ တစ်မဲပဲရတာပါ။ ဒုတိယအများဆုံးဖြစ်တဲ့ ရေဂင်မိသားစုက သူတို့ဩဇာလွှမ်းအောင် တခြားဘုတ်အဖွဲ့ဝင်တွေနဲ့ လက်ဝါးချင်းရိုက်ပြီး သူတို့ထိန်းချုပ်မယ့်ကိုယ်စားလှယ်လောင်းကို မဲပေးခိုင်းမယ်။ ဒါဆိုရင် ဘယ်ရီဂရင်းမိသားစုကလည်း ဘာမှမတတ်နိုင်တော့ဘူး။
အရင်ရှစ်နှစ်၊ စီအီးအိုသက်တမ်းနှစ်ဆက်လုံး ရေဂင်မိသားစုက ဘယ်ရီဂရင်းတွေအပေါ်ဖိနှိပ်လာခဲ့တာဖြစ်ပြီး ဖလေရာရဲ့အဖေလည်းဘာမှမတတ်နိုင်ခဲ့ဘူး။ မျိုးဆက်သစ်ထဲမှာ အတော်ဆုံးလို့ပြောရမယ့် ဖလေရာတောင်မှ အရင်သက်တမ်းစီအီးအိုရွေးကောက်ပွဲမှာ မနိုင်ခဲ့ဘူး။
ဒါကြောင့် ဘယ်ရီဂရင်းမိသားစုက ကုမ္ပဏီကိုပိုင်ဆိုင်နေသေးပေမဲ့ နောက်ကွယ်က သရဖူမစောင်းထားတဲ့ဘုရင်ကြီးက ရေဂင်မိသားစုပါ။
"ငါရထားတဲ့သဲလွန်စတွေကိုသုံးပြီး ရေဂင်စီနီယာကို ရဲတိုင်လိုက်တယ်လေ။ အခုသူတို့တွေက လာဘ်ပေးရန်ကြိုးစားမှုတို့၊ ကုမ္ပဏီပိုင်ပစ္စည်း အလွဲသုံးစားလုပ်မှုတို့နဲ့ တရားရင်ဆိုင်နေကြပြီ။ တခြားဘုတ်အဖွဲ့ဝင်တွေကိုတော့ မထုတ်ချင်သေးတာနဲ့ သူတို့လုပ်ထားတဲ့ အမှုတွဲတွေကိုပြလိုက်တယ်လေ။ ဒီတော့အကုန်လုံးက ငါ့ကိုဝိုင်းထောက်ခံကြရော။"
ကြည့်ရတာ ဖလေရာက အန္တရာယ်တွေထဲကနေ အခွင့်အရေးတစ်ခုကို ဆုပ်ကိုင်လိုက်နိုင်ပုံပဲ။ မက်ဒါနာ ခေါင်းညိတ်လိုက်မိတယ်။ ဒီတော့ မန်နေဂျာမမကို နောက်ဆို စီအီးအိုမမလို့ပြောင်းခေါ်ရတော့မယ်မဟုတ်လား။
"ဒါနဲ့ နင်ငါ့ကိုခေါ်တာ ဘာကိစ္စရှိလို့လဲ။"
"နေပါဦး၊ ငါက နင့်ကိုကိစ္စရှိမှခေါ်ရမှာလား။"
"အရင်ကလည်း ကိစ္စရှိမှခေါ်တာမဟုတ်ဘူးလား၊ ကောင်မစုတ်ရဲ့။" မက်ဒါနာလည်း ဖလေရာပြောတာက တကယ်ဖြစ်နေတာ့ ခေါင်းလေးပုထားပြီး ဘာမှပြန်မဖြေရဲဘူး။ ဒါပေမဲ့ သူဖုန်းခေါ်ရတဲ့အကြောင်းကိုတော့ အကျဥ်းချုံးပြီးပြောပြလိုက်တယ်။
"ဘာ... နင်အသေးမလေးနဲ့ မိနစ်ပိုင်းလောက်ရန်ဖြစ်လိုက်တာ ဒေါ်လာခုနစ်သန်းခွဲကျော်လောက် ပျက်စီးသွားတယ်၊ ဟုတ်လား။ ဪ... နင်တို့က ငါ့ကွယ်ရာမှာ တော်တော်ဖြစ်နေကြတယ်ပေါ့... ဟင်းဟင်း။"
သူတို့နှစ်ယောက်က တကယ်ပဲမကျေနပ်ချက်တွေရှိလို့ ဘိုင်ဝမ်းဆွဲခဲ့ကြတာဆိုပေမဲ့ ဖလေရာကတော့ တစ်မျိုးတွေးပြီး ဒေါသထွက်နေပုံပဲ။
"ဒီတော့ ပြောပါဦး၊ နင်ဘယ်လောက်မျှလျော်ရမှာလဲ။"
"ဒေါ်လာသုံးသန်းခွဲလောက်..."
"....." မက်ဒါနာစကားဆုံးတော့ ဖလေရာဘက်က မိနစ်ပိုင်းလောက်ကြာအောင် တိတ်ဆိတ်သွားတယ်။ ကြည့်ရတာ သူ့မှာရှိနေတဲ့ ပိုက်ဆံတွေကို ရေတွက်ကြည့်နေပုံပဲ။ ခဏနေတော့ ဖလေရာရဲ့အသံပြန်ထွက်လာတယ်။
"မက်ဒါနာရေ၊ စိတ်မကောင်းပါဘူး။ နင့်ပိုက်ဆံတွေကို ရင်းနှီးမြုပ်နှံတဲ့အထဲနဲ့အိမ်ဝယ်တဲ့အထဲမှာထည့်ပစ်လိုက်ပြီ။ ဒီတော့ငါနင့်ကို ဒေါ်လာတစ်သန်းလောက်ပဲပေးလို့ရမယ်။"
"နေ... နေစမ်းပါဦး၊ ရင်းနှီးမြုပ်နှံတာတော့ဟုတ်ပါပြီ။ ဘာကိစ္စငါ့ပိုက်ဆံတွေနဲ့ အိမ်ဝယ်ပစ်လိုက်တာလဲဟဲ့။"
"တစ်သက်လုံး မြင်းဇောင်းအိမ်ရာမှာ နင်နေသွားလို့မှမရတာ အရူးမရဲ့၊ ငါက စေတနာနဲ့အတူနေလို့ရအောင် အိမ်ကိုစုပေါင်းစပ်ပေါင်းဝယ်ပေးထားဟဲ့။"
မက်ဒါနာလည်း ဘာပြောရမှန်းမသိတော့ဘူး။ ဒီတော့ ဖလေရာက သူနဲ့အတူနေဖို့အတွက် အိမ်တောင်ဝယ်ထားပြီးပြီပေါ့။ ပြီးတော့ သူ့ပိုက်ဆံတစ်ဝက်ကိုပါထည့်သုံးပြီး စပ်တူဝယ်ပစ်လိုက်တာလား။ ဒီဟာမတော့ နည်းနည်းများသွားပြီ။
"ဟေး... ငါ့ပိုက်ဆံတွေကို ငါ့လက်မှတ်မပါဘဲယူသုံးနေတာ တရားဝင်တယ်ထင်လို့လား။"
"မဝင်ဘဲနေမလား ငါက တရားဥပဒေအရဆိုရင် နင့်ရဲ့ရင်းနှီးမြုပ်နှံမှုအကြံပေးလေ။"
"နင့်လိုအူကြောင်ကြောင်မန်နေဂျာကို ငါဘယ်တုန်းက ရင်းနှီးမြုပ်နှံမှုအကြံပေးခန့်လိုက်မိလို့လဲ။"
"နို့၊ အရင်တစ်ခေါက်တုန်းက နင်ပဲနင်ငွေတွေနဲ့ ကိုယ်စားရင်းနှီးမြုပ်နှံလို့ရတယ်ဆို။ အဲဒါကိုနှုတ်သဘောနဲ့သဘောတူညီတယ်လို့ သတ်မှတ်လို့ရတယ်။"
"ငါဘယ်တုန်းက ပြောမိလို့လဲ။" မက်ဒါနာတော့ အကြီးအကျယ်ဒေါသထွက်နေပြီ။ တကယ်လို့ ဖလေရာသာ အနားမှာရှိရင် နောက်တစ်ခါဘိုင်ဝမ်းဆွဲမိလောက်တယ်။ အဲ၊ သူသိတဲ့ ဖလေရာက မတိုက်ခိုက်တတ်ဘူးဆိုတော့ လူချင်းနပန်းလုံးတာလောက်ပဲဖြစ်ဖြစ် လုပ်မိမှာ။
ဖလေရာကတော့ အဲဒီကိစ္စဆက်မပြောတော့ဘဲ ပိုက်ဆံလွှဲပေးမယ့်အကြောင်းကိုပဲ ကျော်ပေါက်ပြီးပြောလိုက်တယ်။ "မနက်ဖြန် ငါနင့်အကောင့်ထဲကို ဒေါ်လာတစ်သန်းလွှဲပေးလိုက်မယ်။ လောလောဆယ်ငါ့မှာရှိတာအကုန်ပဲ။" နောက်တော့ ဖုန်းချသွားရော။
မက်ဒါနာလည်း ဖုန်းကြီးကို နားနားကပ်ထားရင်း အခန်းနံရံဖြူဖြူကို ကြောင်ပြီးစိုက်ကြည့်နေသေးတယ်။ ဒီအတိုင်းဆိုရင် ဒေါ်လာနှစ်သန်းကြီးများတောင် လိုသေးတာပေါ့။ ဟီးရိုးအစည်းအရုံးကို တစ်ပတ်အတွင်း ငွေအပြည့်မလျော်နိုင်ရင် မက်ဒါနာတော့ ဒေဝါလီခံမင်းသမီးလေးဖြစ်မှာ။
"ဘုရား...ဘုရား... ငါဘာလုပ်ရမလဲ။ ခွက်ဆွဲပြီး တောင်းမစားရလောက်ပါဘူးနော်။" မက်ဒါနာတစ်ယောက် အခန်းထဲမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်ရင်း ရှော့အကြီးကြီးရနေလို့ လက်သည်းတွေကို ပါးစပ်နဲ့ကိုက်နေမိတဲ့အထိပဲ။
အတော်ကြာတော့မှာ အိုင်လိုင်းဂိမ်းဆော့ရင်း ရှုံးလို့စိတ်ညစ်နေတဲ့အေမီက မက်ဒါနာကို အော်ပြောတော့တယ်။ "မမလေး၊ မမလေးက မင်းသမီးမဟုတ်ဘူးလား။ တော်ဝင်မိသားစုဆီက ကြံငွေဖန်ငွေတွေ တောင်းလို့ရနိုင်တယ်မဟုတ်ဘူးလား။"
ဒီတော့မှ မက်ဒါနာလည်း သူ့ကိုယ်သူဆုဗာနာနယ်စားနယ်မြေရဲ့မင်းသမီးလေးဖြစ်ကြောင်း ပြန်သတိရလာတယ်။
"ဟုတ်သားပဲ၊ ငါ့မှာပိုက်ဆံမရှိရင် အမေ့ဆီမုန့်ဖိုးလှမ်းတောင်းလို့ရတာပဲ။"
ဒီအကြံဆိုးကြီးနဲ့ မက်ဒါနာက မေမေသီတာရဲ့ဖုန်းနံပါတ်ကို နှိပ်လိုက်တယ်။ အခုဂျပန်မှာ သုံးနာရီခွဲနေပြီဆိုတော့ ဆုဗာနာပြည်မှာက ညနေတစ်နာရီထိုးပဲရှိသေးတယ်။ ဒီတော့ မေမေသီတာနေ့လယ်စာ ထမင်းစားပြီး ကိုရီးယားကားကြည့်နေတဲ့အချိန်လောက်ပေါ့။
သမီးဖြစ်ရဲ့နံပါတ် ဖုန်းမျက်နှာပြင်မှာပေါ်လာတော့ မေမေသီတာက ဖုန်းကိုချက်ချင်းကိုင်လိုက်ပြီး 'ဟယ်လို'လို့ပြောလိုက်တယ်။ ဒါပေမဲ့ မျက်နှာကတော့ တီဗီက မခွာ။
"သမီးလေး၊ အမေ့ဆီကို ဒီလအတွင်းဖုန်းနှစ်ကြိမ်တောင် ဆက်နေပါ့လား။ ဘာများဖြစ်လို့လဲ။"
မက်ဒါနာက မင်းလွင်ဘဝတုန်းက မေမေသီတာကို နေ့တိုင်းနီးပါးဖုန်းဆက်ပေမဲ့ မိန်းကလေးဖြစ်ပြီးတဲ့နောက် ရှင်းမပြရဲတာနဲ့ ဖုန်းသိပ်မဆက်ဖြစ်ဘူး။ ခုနောက်ပိုင်းတော့ အလုပ်ရှုပ်နေတာနဲ့မဆက်ဖြစ်တာ။ ဒါတောင်မှ သိပ်မကြာသေးခင်တုန်းက မေမေသီတာနဲ့စကားပြောဖြစ်ခဲ့သေးတယ်။
"အမေ...."
"ဟေ... သမီးလေး။"
"သမီးမုန့်ဖိုးလိုချင်လို့ အမေရိကန်ဒေါ်လာ နှစ်သန်းခွဲလောက်ပေးပါလား။"
"....."
ခဏလောက်ကြာတဲ့အထိ မေမေသီတာရဲ့အသံက မုန်းတိုင်းမလာခင် ပင်လယ်ပြင်ကြီးလိုမျိုး ငြိမ်သက်သွားပြီး နောက်တော့ဆိုင်ကလုန်းမုန်တိုင်းလိုမျိုး ဝုန်းခနဲအော်သံကြီးထွက်လာတော့တာပဲ။
"ဒေါ်လာနှစ်သန်းက မုန့်ဖိုးပဲဖိုးဖြစ်မလား သမီးဆိုးသမီးမိုက်ရဲ့၊ အမေ့ကိုပြောစမ်း။ နင်ဆေးချနေတာလား၊ ဖဲရိုက်နေတာလား တစ်ခုခုပဲ။ အလကားနေရင်း အဲဒီလောက်တော့ အကြွေးတင်နေစရာအကြောင်းမရှိဘူး။ ဟေ... နင့်စည်းစိမ်တွေကုန်ပြီလား။"
"......" မက်ဒါနာတစ်ယောက် အမေဖြစ်သူရဲ့ဆုံးမစာတစ်သီတစ်တန်းကြီးကြောင့် ပါးစပ်ကနေ အမြုပ်တွေ တစီစီထွက်လုနီးနီးပဲ။ ဘယ်လိုတောင်တွေးလိုက်လို့ သူ့သမီးအကောင်းစားလေးကို ဆေးစွဲနေတယ်တို့ လောင်းကစားလုပ်နေတယ်လို့ ထင်သွားရတာတုန်း။ မသကာ သူများအလိမ်ခံရတယ်ထင်ရင်တော်သေးတယ်။
ဒီလိုနဲ့မက်ဒါနာလည်း အကြောင်းအရင်းကို မေမေသီတာနားလည်အောင် မနည်းရှင်းပြလိုက်ရတယ်။ တစ်ဖက်မှာတော့ မေမေသီတာက ရှေးသစ်သားခုံကြီးပေါ် ပုံလျက်သားကျသွားလေရဲ့။
"အမလေး...အမလေး... ရန်ဖြစ်လို့ ဒေါ်လာခုနစ်သန်းခွဲဖိုးပျက်စီးသွားတယ်။ သမီးယောက်ျားလေးမွေးထားလို့ အားကိုးရမလားမှတ်မယ်။ ဒီမယ်ဟေ့ တောင်းချင်ရင် ညည်းအဖိုးကိုတောင်း သူကသူဌေးဟေ့၊ ငါက သူ့အိမ်မှာကပ်နေနေတာ။"
နောက်တော့ မေမေသီတာက ဖုန်းချသွားရော။ ကြည့်ရတာ မက်ဒါနာနဲ့ စကားတောင်ဆက်မပြောချင်တဲ့ပုံပဲ။
ဒီလိုနဲ့မက်ဒါနာလည်း အဖိုးဖြစ်တဲ့ ဆုဗာနာနယ်စားကြီးဆီဖုန်းခေါ်ရတော့တယ်။ နယ်စားကြီးတို့အတွက်တော့ အခုအချိန်က မအားသေးဘဲ ညီလာခံကျင်းပနေချိန်ပါ။
နယ်စားကြီးရဲ့ပလ္လင်ဘေးမှာတော့ ပလ္လင်သေးသေးလေးတစ်ခုရှိပြီး တရားဝင်နယ်စားဆက်ခံသူဖြစ်လာတဲ့ ကောင်လေးဒီပထိုင်နေပါတယ်။ နယ်စားမင်းသားတစ်ပါးအနေနဲ့ တိုင်းပြည်ကိုစီမံခန့်ခွဲအုပ်ချုပ်နိုင်ဖို့ နယ်စားကြီးက ကိုယ်တိုင်သင်ကြားပေးနေတာပါ။
"ဆိုတော့ကား... တရုတ်နယ်စပ်ကရောဂါကပ်ဘေးကြောင့် ပိတ်ထားရတော့ ဒီနှစ်ငါတို့ရဲ့ပန်းသီးတွေ လမ်းခရီးအခက်အခဲကြောင့် နိုင်ငံခြားကို အချိန်မီတင်ပို့နိုင်မှာမဟုတ်ဘူးပေါ့။" နယ်စားကြီးက မေးကိုပွတ်လိုက်ရင်း ဝန်ကြီးတွေရဲ့စကားကို ပြန်သုံးသပ်ကြည့်တယ်။ ရောဂါကပ်ဘေးက သာမန်ကြက်ငှက်တုပ်ကွေးဆိုပေမဲ့ ရောဂါပြန့်မှာဆိုးတဲ့အတွက် အကြီးဆုံးကုန်သွယ်ဖက်တရုတ်က နယ်စပ်ခဏပိတ်ထားတာပါ။ ဒါပေမဲ့ သစ်သီးတွေဆိုတာက အချိန်မီပို့မှအဆင်ပြေတာပါ။ ကြာသွားရင် ပုပ်ကုန်မှာလေ။
ဘဏ္ဍာရေးဝန်ကြီးက ဆက်လျှောက်ပါတယ်။ "ဟုတ်ပါတယ်၊ ဒါကြောင့်ကျွန်တော်တို့ရဲ့ဒီနှစ် GDPက ၁၁% လျော့ကျသွားဖွယ်ရာရှိပြီးတော့ ပြည်သူတစ်ဦးချင်းအလိုက်ဝင်ငွေကလည်း တစ်ဦးကို ဒေါ်လာသုံးထောင်ခွဲကနေ သုံးထောင်တစ်ရာ့ရှစ်ဆယ်အထိ ကျဆင်းသွားနိုင်ပါတယ်။"
"ကျစ်...." နယ်စားကြီးလည်း စိတ်ပျက်စွာနဲ့သက်ပြင်းချလိုက်တယ်။ "အိန်း၊ ခက်တော့တာပါလား။ မြို့တော်အထူးစီးပွားရေးဇုန်ကလည်းမပြီးသေးဘူး။ ဒီအတိုင်းဆိုရင် တိုင်းပြည်ဘဏ္ဍာရေးတည်ငြိမ်အောင် အစိုးရအသုံးစရိတ်လျှော့ချကြတာပေါ့။"
အမတ်ကြီးတွေလည်း နယ်စားကြီးစကားနဲ့ပတ်သက်ပြီး အချင်းချင်းအပြန်အလှန်ဆွေးနွေးကြတယ်။ သုံးပုံတစ်ပုံလောက်က သိပ်သဘောတူချင်ကြတာမဟုတ်ဘူးရယ်။ နယ်စားလွှတ်တော်က ကပ်ဘိနပ်ဆန်ဆန်သာဖြစ်ပြီးတော့ သူကောင်းမျိုးအများအပြားပါဝင်တာကြောင့် အစိုးရအသုံးစရိတ်လျှော့ချချင်တဲ့သူက ရှားပါတယ်။
မကြာခင်မှာပဲ သဘောမတူတဲ့အဖွဲ့က စပြီးကန့်ကွက်တော့တယ်။ "နယ်စားကြီးခင်ဗျား၊ အစိုးရအသုံးစရိတ်ကန့်သတ်လိုက်ရင် အစိုးရဝန်ထမ်းလခတွေနဲ့ကျန်းမာရေးဘားဂျက်တွေပါ လျော့ကျသွားမှာပါ။ ဒီကဏ္ဍတွေအပေါ်မူတည်ရပ်တည်နေသူတွေ အများအပြားရှိတာကြောင့် နောက်တစ်ကြိမ်စဥ်းစားသုံးသပ်ပေးတော်မူပါ။"
"စဥ်းစားသုံးသပ်ပေးတော်မူပါ၊ နယ်စားကြီး။"
သူတို့အကျိတ်အနယ်ဆွေးနွေးနေကြတုန်း နယ်စားကြီးအိတ်ထဲက ဖုန်းကမြည်လာတယ်။ ပုံမှန်ဆိုရင်တော့ နယ်စားကြီးက လွှတ်တော်ကျင်းပနေတဲ့အချိန်ဆိုရင် ဖုန်းကိုဆိုင်းလန့်လုပ်ထားနေကျပါ။ ဒါပေမဲ့ နယ်စားမြေးတော်လေးဖုန်းကိုတော့ ဆိုင်းလန့်မဖြစ်အောင်စီမံထားတယ်။ ချစ်စရာမြေးမလေးအသံကို ကြားချင်ရှာတာကိုး။
နယ်စားဖိုးဖိုးဖုန်းကိုင်တဲ့အချိန်မှာ အမတ်တွေတောင်းပန်နေတာ မပြီးသေးတာမလို့ အမတ်တွေရဲ့တောင်းဆိုသံကို မက်ဒါနာလည်း တစ်စိတ်တစ်ပိုင်းကြားလိုက်သေးတယ်။
"အာ... အဖိုးလွှတ်တော်ထဲမှာလား၊ အချိန်မှားပြီးဖုန်းခေါ်မိပြီထင်တယ်။"
"ရတယ်၊ မြေးမလေးခေါ်ရင် ဘယ်အချိန်ဖြစ်ဖြစ်အဆင်ပြေတယ်။"
"ဒါနဲ့တကယ်ရောအဆင်ပြေရဲ့လား၊ အရေးကြီးကိစ္စဆွေးနွေးနေတာမဟုတ်ဘူးလား။ တစ်ခုခုကူညီပေးရဦးမလား။"
ဒီတော့ နယ်စားဖိုးဖိုးလည်းထိန်ချန်မနေဘဲ မက်ဒါနာကို GDP ကျဆင်းနေရတဲ့အကြောင်းကို ပြောတယ်။ မက်ဒါနာကတော့ ပြဿနာကို ချက်ချင်းအဖြေရှာတွေ့သွားတယ်။
"အဖိုးတို့မှာ အရက်ချက်တဲ့စက်ရုံတွေရှိတယ်မဟုတ်ဘူးလား။"
"ဒါပေမဲ့အများစုက စစ်တပ်ရာရှင်အတွက်သုံးတဲ့စက်ရုံတွေလေ သမီးရဲ့၊ ပြီးတော့ဆန်အရက်ပဲချက်တာများတယ်။"
"အင်း... ဒါပေမဲ့ထုတ်လုပ်နည်းက သိပ်မကွာတော့ ပန်းသီးဝိုင်ပြောင်းချက်ဖို့ ဖြစ်နိုင်တယ်မဟုတ်လား၊ အချိန်မီမပို့နိုင်တဲ့ပန်းသီးတွေကို ဝိုင်အဖြစ်ပြောင်းလိုက်ပြီးရောင်းလေ။ ပြည်ပပို့ပို့ နိုင်ငံခြားခရီးသွားတွေကိုရောင်းရောင်း အဆင်ပြေတယ်မဟုတ်လား။"
နယ်စားကြီးလည်း ကိုယ့်ကိုယ်ကိုယ်တုံးအလိုက်လေခြင်းဆိုပြီး ကိုယ့်နဖူးကိုယ်ထရိုက်လိုက်မိတယ်။ "ဟုတ်သားပဲ၊ ဒီလောက်လွယ်လွယ်လေးကို ငါဘာလို့မတွေးမိတာပါလိမ့်။" တကယ်တော့ ပန်းသီးဝိုင်ဆိုတာက အိမ်မှာတောင် တစ်နိုင်တစ်ပိုင်လုပ်လို့ရတဲ့အထိလွယ်တယ်လေ။ ဒါပေမဲ့ မက်ဒါနာက သူ့ကိုကူဖို့သက်သက် ဖုန်းဆက်တာမဟုတ်မှန်းသိလေတော့ နယ်စားကြီးက အကြောင်းအရင်းကိုမေးလိုက်တယ်။
မက်ဒါနာကလည်း ဖုံးကွယ်မနေဘဲ ပြောလိုက်တယ်။ "အဖိုး၊ သမီးရန်ဖြစ်ပြီးတော့ သူများပစ္စည်းတွေဖျက်ဆီးမိလိုက်လို့ အရေးတကြီးဒေါ်လာနှစ်သန်းခွဲလောက်လိုနေတယ်။ အဲဒါအဖိုးများ ချေးပေးလို့ရမလားလို့။"
တကယ်တော့ နယ်စားဖိုးဖိုးကြီးက သူတောင်းဆိုရင် မုန့်ဖိုးအနေနဲ့ရအောင်ပေးမှာဆိုပေမဲ့ မက်ဒါနာကတော့ ပြန်ဆပ်ချင်တယ်။ ဘာပဲပြောပြော ဆုဗာနာရဲ့စီးပွားရေးက အဆင်ပြေတာမဟုတ်ဘူးလေ။ လူဦးရေနည်းတာကြောင့်သာ သိပ်မသိသာတာပါ။
"မလိုပါဘူး၊ မုန့်ဖိုးအနေနဲ့ပေးလိုက်မယ်။ သမီးပေးတဲ့အကြံက ဘီလီယံနဲ့ချီပြီးတန်တယ်။" နောက်တော့ နယ်စားဖိုးဖိုးက မနက်ဖြန်အကောင့်ထဲလွှဲပေးမယ်ပြောပြီး ဖုန်းချသွားတယ်။
အဲဒီနောက် လွှတ်တော်ထဲပြန်ဝင်လာပြီး ခပ်တည်တည်ရုပ်နဲ့ မက်ဒါနာအကြံကို သူ့အကြံလုပ်ပြီး အမတ်ကြီးတွေကို ပြောလိုက်လေရဲ့။
"မင်းကြီးများ၊ ခုချက်ချင်း နိုင်ငံပိုင်အရက်ချက်စက်ရုံတွေမှာ ဝိုင်စည်တွေစလုပ်ခိုင်းပြီး အရပ်သားဝိုင်ပညာရှင်တွေခေါ်လိုက်။ ကုန်သည်တွေရဲ့ပန်းသီးတွေကို နိုင်ငံတော်က ပေါက်စျေးအတိုင်းဝယ်ပြီး ပန်းသီးဝိုင်ချက်ကြမယ်။ ဒီတိုင်းဆိုရင် နယ်စပ်ပြန်ဖွင့်မှသွားရောင်းလည်းအဆင်ပြေတယ်။ စက်ရုံတွေမလောက်ရင် အရပ်သားအရက်ချက်စက်ရုံတွေကိုပါ တင်ဒါချပေးလိုက်။"
ဒီတစ်ခါတော့ အမတ်ကြီးတွေအကုန်လုံး ဝမ်းသာအားအရသဘောတူကြတယ်။ အနည်းဆုံးဝန်ထမ်းတွေ လခမလျော့တဲ့အပြင် ပန်းသီးဝိုင်က ပန်းသီးတွေထက် ပိုတန်ဖိုးကြီးတော့ အမြတ်ပိုရနိုင်တယ်လေ။
ကမ္ဘာတစ်ဖက်ခြမ်းမှာတော့ မက်ဒါနာက စိတ်ချလက်ချနဲ့ သက်ပြင်းချလိုက်မိတယ်။ "တော်ပါသေးရဲ့၊ ဒေဝါလီခံမင်းသမီးလေးဖြစ်တော့မလို့။"
....
တကယ်တော့ မက်ဒါနာတို့အခန်းနဲ့မျက်နှာချင်းဆိုင်အခန်းမှာလည်း ရာသီဥတုအေးလို့ ဟူဒီလေးဝတ်ပြီး ဖုန်းကိုကိုင်ကာ နံပါတ်တစ်ခုကို ခေါ်ရမလားမခေါ်ရဘူးလား စဥ်းစားနေတဲ့ ကောင်မလေးတစ်ယောက်ရှိနေပါတယ်။
ဒါပေါ့၊ မက်ဒါနာနဲ့လောလောလတ်လတ် ရန်ဖြစ်ထားတဲ့ ဖရာလီတာလေ။ သူ့မှာလည်း ဒေါ်လာသုံးသန်းခွဲ အသင့်ရှိမနေဘူး။ ဒီတော့ မိဘတွေဆီလက်ဖြန့်တောင်းရင်ကောင်းမလား မကောင်းဘူးလား စဥ်းစားနေတာ။
နောက်တော့ ဖရာလီတာလေး သက်ပြင်းချလိုက်ပြီး ဖုန်းခေါ်မယ့် အစိမ်းရောင်ခလုတ်လေးကို နှိပ်ချလိုက်တော့တယ်။