[[Completed]] နိဒါန်းပျိုးခဲ့...

Par MyTreasuresForYou

11.4K 1.3K 75

🔶️'နိဂုံးချုပ်သွားခဲ့ပြီ' ရဲ့ အဆက်ဝတ္ထုဖြစ်တာ​ကြောင့်မို့ ​ကျေးဇူးပြုပြီး ပထမဝတ္ထုကိုအရင်ဖတ်​ပေးပါ​နော်။ 'န... Plus

ဝတ္ထုအ​ကြောင်း ဝတၳဳအကြောင်း
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၁)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၁)
အခန်း (၂)
အခန်း (၃)
အခန်း (၄)
အခန်း (၅)
အခန်း (၆)
အခန်း (၇)
အခန်း (၈)
အခန်း (၉)
အခန်း (၁၀)
အခန်း (၁၂)
အခန်း (၁၃)
အခန်း (၁၄)
အခန်း (၁၅)
အခန်း (၁၆)
အခန်း (၁၇)
အခန်း (၁၈)
အခန်း (၁၉)
အခန်း (၂၀)
အခန်း (၂၁)
အခန်း (၂၂)
အခန်း (၂၃)
အခန်း (၂၄)
အခန်း (၂၅)
အခန်း (၂၆)
အခန်း (၂၇)
အခန်း (၂၈)
အခန်း (၂၉)
အခန်း (၃၀)
အခန်း (၃၁)
အခန်း (၃၂)
အခန်း (၃၃)
အခန်း (၃၄)
အခန်း (၃၅)
အခန်း (၃၆)
အခန်း (၃၇) ဇာတ်သိမ်းပိုင်း

အခန်း (၁၁)

155 30 0
Par MyTreasuresForYou

အာ့တ်လက်စ်

နေ့အချိန်ကို မြန်မြန်ကုန်သွားစေချင်ကြောင့် Bib'sရဲ့မီးဖိုချောင်ထဲမှာ ဝိုင်းကူလုပ်ပေးဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ ညအတွက် အဝတ်အစားအပြည့်အစုံပြင်ဆင်ဝတ်စားပြီးသွားတာတောင်မှပေါ့။ အခုတော့ ကျွန်တော့ကိုယ်က ကြက်သွန်ဖြူနံထွက်နေပြီ။ ဒါက အနံ့ပျောက်သွားအောင် ကြေးချွတ်ဖို့ တတိယအကြိမ်မြောက်ကြိုးစားခဲ့တာပဲ။ အရာမရောက်ပါဘူးဗျာ။ ဒါပေမဲ့လည်း ကျွန်တော် အခုမှထွက်မသွားရင် သူမနဲ့ဆုံဖို့နောက်ကျတော့မယ်လေ။

ကျွန်တော်တို့က ဖြည်းဖြည်းချင်းလုပ်သွားကြမှာမို့ သူမရဲ့တိုက်ခန်းမှာ သွားခေါ်တာထက် သူမအလုပ်မှာပဲ သွားခေါ်လိုက်မှာ။ သူမအခုဘယ်မှာနေနေလဲ၊ ဒါမှမဟုတ် ပြီးခဲ့တဲ့(၂)နှစ်နီးပါးလောက်က သူမအကူအညီလိုတဲ့အချိန် ကျွန်တော်ရောက်သွားခဲ့ရတဲ့တိုက်ခန်းရဲ့အဆောက်အဦမှာပဲ နေနေတုန်းလားဆိုတာ ကျွန်တော်မသိဘူး။ ဘာရယ်ကြောင့်မှန်းမသိ၊ ကျွန်တော်တို့တွေ ဘယ်မှာနေဖြစ်ကြတယ်ဆိုတဲ့အရာက ကျွန်တော်တို့စကားဝိုင်းထဲ ပါမလာသေးတဲ့အရာဖြစ်နေတယ်။ ကျွန်တော် ဒီနှစ်အစောပိုင်းထဲ ကျွန်တော့ရဲ့အိမ်ကိုရောင်းလိုက်ပြီး မြို့ထဲပြောင်းလာမှန်း သူမ သိတောင်မသိလောက်ဘူး။ ကျွန်တော်တို့ အခု တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ဝေးဝေးနေနေကြလဲလို့ သိချင်စိတ်ဖြစ်မိသား။

"ငါ ရေမွှေးနံရတယ်" လို့ ဒါရင်က ကျွန်တော်ဘေးကဖြတ်သွားပြီးတဲ့နောက် ပြောလာတယ်။ အအေးခန်းသိုလှောင်သေတ္တာဘက်သွားနေတာကို ရပ်ပြီး ကျွန်တော့ဘက် ဖျတ်ခနဲလှည့်လိုက်ရင်း "မင်းဘာလို့ ရေမွှေးစွတ်ရတာလဲ။ မင်းဘာလို့ ပြင်ဆင်ဝတ်စားထားရတာလဲ"

ကျွန်တော့လက်တွေကို တရှုံ့ရှုံ့လုပ်လိုက်ရင်း "ငါ ကြက်သွန်ဖြူနံ့ထွက်မနေပါဘူးနော်"

"ဟင့်အင်း။ မင်းကိုယ်က မင်းအပြင်သွားတော့မယ့်အနံ့တွေထွက်နေတာ။ မင်း သွားတော့မလို့လား"

"ငါ သွားတော့မှာ။ ဒါပေမဲ့ ဆိုင်ပိတ်ချိန်ပတ်လည်လောက် ပြန်လာခဲ့မယ်။ ငါ ဒီမှာ ညဘက်နေပြီး စားသောက်ဆိုင်တွေကို လက်သရမ်းပြီးဖျက်ဆီးနေတဲ့သူကို ဖမ်းနိုင်မလားလို့ ကြည့်ဖြစ်လောက်မယ် ထင်မိတာပဲ" ဖျက်ဆီးတဲ့လုပ်ရပ်တွေကြား ရက်တော်တော်လေးကြာအောင် ခြားသွားသေးတယ်။ ဒါပေမဲ့ မနေ့ညက ကျွန်တော်တို့တွေ (၄)ကြိမ်မြောက်အဖျက်ခံရတယ်။ ဒီလိုဆိုပေမဲ့ သိပ်တော့ ငွေကုန်ကြေးကျမဖြစ်ခဲ့ဘူး။ ဒီတစ်ခေါက် သူက နေရာတိုင်းမှာ အမှိုက်တွေလျှောက်ဖွထားခဲ့ပြန်တာ။ အဲ့ဒါက ဆေးပြန်သုတ်ရတာထက်တော့ အများကြီးပိုလွယ်ပါတယ်။ အဲ့ဒါက ဘရတ်တစ်ယောက် သီအို့ကိုဝိုင်းလုပ်ဖို့ ခေါ်ခေါ်လာနေလို့ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ကျွန်တော် သီအို့ကို ကြိုသတိပေးထားလိုက်သင့်လောက်တယ်။ သူ့ဘက်က အိမ်မှုကိစ္စဝေယျာစ္စတွေလုပ်ရတာကို အတွန့်တက်လေလေ၊ သူ အဲ့ဒီဟာတွေကို ပိုပိုလုပ်ရဖို့ရှိလာလေလေ ဖြစ်နေတယ်ဆိုတာကိုပေါ့။

ကျွန်တော် ဒီည ဖျက်ဆီးရေးလုပ်လာမယ့်သူကို ထိပ်တိုက်တွေ့ဖို့ စီစဉ်ထားတယ်။ ရဲတွေ ဒီကိစ္စထဲပါမလာခင် သူ့လုပ်ရပ်တွေကို သဘောပေါက်အောင်လုပ်ပြီး နောက်မလုပ်ဖို့ဖြောင့်ဖြလို့မရနိုင်ဘူးလားဆိုတာ ကြည့်ကြည့်လိုက်ဦးမယ်။ ကိစ္စအများစုကို လွန်လွန်ကဲကဲကြီးကြားဝင်စွက်ဖက်ပစ်လိုက်တာမျိုးထက် ရိုးရိုးရှင်းရှင်း၊ ပွင့်ပွင့်လင်းလင်းပြောဆိုပြီးကိုင်တွယ်လို့ရမှန်း ကျွန်တော်ယုံကြည်မှုအပြည့်ရှိတယ်။ ဒါပေမဲ့ ကျွန်တော် ဘယ်သူနဲ့ပတ်သက်နေရမှန်း မသိဘူးဖြစ်နေတယ်။

ဒါရင်က ကိုယ်ကိုကိုင်းလာပြီး တိတ်တိတ်လေးပြောတယ်။ "မင်း ဘယ်သူနဲ့အပြင်ထွက်မှာလဲ။ လီလီလား"

ကျွန်တော့လက်တွေကို သဘတ်နဲ့သုတ်ပြီး ခေါင်းတစ်ချက်ညိတ်လိုက်တယ်။

ဒါရင်က ပြုံးလိုက်ပြီး အဝေးကိုလျှောက်သွားတယ်။ ကျွန်တော့ရဲ့မိတ်ဆွေတွေက လီလီ့ကိုသဘောကျကြတာကို ကျွန်တော်ကြိုက်မိတယ်။ ကျွန်တော်တို့ရဲ့ဖဲဝိုင်းညပြီးသွားတော့ သူတို့တွေ လီလီ့အကြောင်း (၂)ခါလောက်အစဖော်ပြောလာကြသေးတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော့ကို စိတ်အနှောင့်အယှက်ဖြစ်​စေမှန်း သူတို့ပြောနိုင်မယ်လို့ ကျွန်တော်ထင်တယ်။ လီလီက ကျွန်တော့ဘဝရဲ့တစ်စိတ်တပိုင်းမဟုတ်တဲ့အချိန်မှာ သူမအကြောင်း ဆွေးနွေးပြောဆိုတာမျိုးကို ကျွန်တော်မကြိုက်ဘူးလေ။

ဒါပေမဲ့ အခုတော့ ကြည့်ရတာ သူမက ဘဝထဲပြန်ဝင်လာနိုင်ချေတစ်ခုရှိနေပုံပါပဲ။ ဖြစ်ကောင်း၊ဖြစ်လောက်တယ်ပေါ့။ ဒါကြောင့်ပဲ ကျွန်တော် အရမ်းတွေကြောင့်ကြစိုးရိမ်နေတာ ဖြစ်ချင်ဖြစ်လောက်မယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်နဲ့ဒီညအပြင်ထွက်လိုက်တာက လီလီတစ်ယောက် စွန့်စားမှုအကြီးကြီးတစ်ခုလုပ်လိုက်မှန်း ကျွန်တော်သိနေတာကိုး။ ကျွန်တော်တို့ကြား အရေးကိစ္စတွေသာ အခြေအနေတိုးတက်သွားခဲ့ကြမယ်ဆိုရင် အဲ့ဒါက သူမဘဝထဲ အပြုသဘောမဆောင်တဲ့နည်းတွေနဲ့ အကျိုးသက်ရောက်တာမျိုးရှိသွားနိုင်တယ်။ အဲ့ဒါကြောင့်ပဲ ပြီးခဲ့တဲ့(၂)နာရီလောက်ကစပြီး ဒီချိန်းတွေ့တာက သူမအတွက် ထိုက်သင့်တဲ့အရာဖြစ်တာ သေချာအောင် ကျွန်တော်လုပ်ရင်း ဧရာမဖိအားကြီး ခံစားနေရခဲ့တာဖြစ်လောက်မယ်။

ဒါပေမဲ့ ကျွန်တော့ကိုယ်က ဗန်ပိုင်းယားတွေကြောက်ရတဲ့အနံ့မျိုးထွက်နေတယ်။ ဒါကြောင့် အဲ့ဒါက ကျွန်တော့နည်းလမ်းအတိုင်းမသွားတာမျိုး ဖြစ်နှင့်နေပြီလေ။

###

ကျွန်တော် ကားရပ်တဲ့နေရာထဲ (၆)နာရီထိုးဖို့ (၅)မိနစ်အလိုမှာ ကားဝင်ထိုးလိုက်တယ်။ လီလီကတော့ ကျွန်တော့ကိုစောင့်နေခဲ့ရမှာပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တောင် ကားထဲကထွက်မလာရသေးခင် သူမရဲ့ဆိုင်ထဲကနေထွက်လာပြီး သူမနောက်ကျောဘက်ကတံခါးကို သော့ခတ်လိုက်တာကိုး။

ကျွန်တော်ရဲ့မျက်လုံးတွေ သူမကိုယ်ပေါ်အကြည့်ရောက်သွားတာနဲ့ ပိုပြီးတောင် ကြောင့်ကြစိတ်လှုပ်ရှားမိသွားသေးတယ်။ သူမပုံစံက မယုံနိုင်လောက်အောင် ထူးခြားနေတယ်။ သူမက အင်္ကျီဘောင်းဘီတစ်ဆက်တည်းအနက်ရောင်ဝတ်စုံနဲ့ ဒေါက်ဖိနပ်စီးထားတယ်။ အဲ့ဒီနောက် ဂျာကင်ကိုထပ်ဝတ်လိုက်ပြီး ကားရပ်နားနေရာအလယ်ခေါင်မှာ ကျွန်တော်နဲ့လာဆုံတယ်။

ကျွန်တော်ကိုယ်ကိုကိုင်းပြီး သူမပါးပေါ်ခပ်သွက်သွက်လေးတစ်ချက်နမ်းရင်း နှုတ်ဆက်လိုက်တယ်။ "နင့်ပုံစံက အသက်ရှူမှားလောက်စရာပဲ" ကျွန်တော်အဲ့ဒီစကားပြောပြီးသွားတော့ သူမနည်းနည်းနီမြန်းသွားတယ်လို့ ကျိန်ရဲတယ်။

"ဟုတ်လား။ ငါ မနေ့ညက မအိပ်ထားခဲ့ရဘူးရယ်။ ငါ့ပုံစံက အသက်(၉၀)လောက်ပုံ ပေါက်နေတယ်လို့ ခံစားနေရတာ"

"နင် ဘာလို့မအိပ်ရတာလဲ"

"အမ်မီက တစ်ညလုံးဖျားနေတယ်လေ။ အခုတော့ သက်သာသွားပါပြီ။ ဒါပေမဲ့..." လီလီက သမ်းရင်း "စိတ်မရှိပါနဲ့ဟာ။ ငါ အခုပဲကော်ဖီသောက်ထားတယ်။ တစ်မိနစ်လောက်နေရင် အစွမ်းပြလာပါလိမ့်မယ်"

"အဆင်ပြေပါတယ်ဟ။ ငါကျ ပင်တော့ပင်ပန်းမနေဘူး။ ဒါပေမဲ့ ကြက်သွန်ဖြူနံထွက်နေတယ်"

"ငါ ကြက်သွန်ဖြူကြိုက်ပါတယ်"

"ကောင်းတာပေါ့"

လီလီက သူမဒေါက်ဖိနပ်ပေါ်ပြန်မှီချလိုက်ပြီး သူမရဲ့ဝတ်စုံကို ငုံ့ကြည့်လိုက်တယ်။ "ငါ ဒီစားသောက်ဆိုင်ကို တစ်ခါမှမရောက်ဖူးတော့ ဘာဝတ်ရမှန်း မသေချာလို့"

"ငါလည်း အဲ့ဒီကို တစ်ခါမှမရောက်ဖူးဘူး။ ဒီတော့ ငါလည်း မသိပါဘူး။ ဒါပေမဲ့ နင် အဆင်ပြေလိမ့်မယ်လို့ ငါခံစားမိတယ်" ကျွန်တော်စမ်းစားကြည့်ချင်နေတဲ့စားသောက်ဆိုင်အသစ်တစ်ခုကို ကျွန်တော်ရွေးခဲ့တာ။ အဲ့ဒါက (၄၅)မိနစ်လောက် မောင်းသွားရတယ်။ ဒါပေမဲ့ အဲ့ဒါက ကျွန်တော်တို့ကို လမ်းမှာ မသိသေးတာတွေ သိအောင်လုပ်ဖို့ အချိန်ရသွားမယ်လို့ ခန့်မှန်းမိလိုက်တယ်လေ။

"ငါ့မှာ နင့်အတွက် လက်ဆောင်ပါတယ်" လို့ သူမပြောလာတယ်။ "အဲ့ဒါက ငါ့ကားထဲမှာ။ သွားယူပါရစေဦး"

သူမနောက်ကနေ ကားဆီလိုက်သွားပြီး ရှေ့ခုံနှစ်လုံးကြားက လက်တင်နေရာမှာရှိနေတဲ့ တစ်ခုခုကို သူမလှမ်းယူတာ ကြည့်နေလိုက်တယ်။ သူမ အဲ့ဒါကို ကျွန်တော့ဆီကမ်းပေးလာတော့ ပြုံးချင်စိတ်ကိုထိန်းထားလို့မရတော့ဘူးဗျာ။ "ဒါ နင့်ရဲ့နေ့စဉ်မှတ်တမ်းမဟုတ်လား" မနေ့ညက သူမနောက်ထပ်ခပ်မြန်မြန်စာပိုဒ်တိုလေးတစ်ခု ဖတ်ပြခဲ့တယ်လေ။ ဒါပေမဲ့ အဲ့ဒါကို အသံထွက်ဖတ်ပြရတာ သူမတော်တော်လေးရှက်တာကြောင့် ထပ်ဖတ်ပေးဖို့ ငြင်းခဲ့တယ်။

"ဒါက အဲ့ဒါတွေထဲက တစ်အုပ်။ တခြားတစ်အုပ်မပေးခင် ဒီညဘယ်လိုစခန်းသွားကြမလဲဆိုတာ ငါတို့တွေကြည့်လိုက်ဦးမယ်"

"စိတ်ဖိစီးစရာတွေ၊ဘာတွေ ဘာမှမရှိဘူး" ကျွန်တော် သူမနဲ့ ကျွန်တော့ကားဆီလျှောက်လာပြီး သူမအတွက် ရှေ့ခန်းကခရီးသည်ထိုင်ခုံတံခါးပေါက်ကို ဖွင့်ပေးလိုက်တယ်။ ကျွန်တော် တံခါးပိတ်လိုက်တဲ့အချိန်မှာ သူမ နောက်တစ်ခါ စသမ်းလိုက်ပြန်တယ်။

ကျွန်တော်စိတ်ထဲမကောင်းဖြစ်သွားတယ်။ သူမခမျာ ဒီချိန်းတွေ့တာလုပ်ဖို့ အရမ်းကိုခြေကုန်လက်ပန်းကျနေလောက်တယ်။ ကလေးတစ်ယောက်ပျိုးထောင်က ဘယ်လိုနေမှန်း ကျွန်တော်မသိဘူး။ နောက်ထပ်အချိန်ပြန်ပြောင်းချိန်းဖို့ မကမ်းလှမ်းလိုက်ရင် တော်တော်လေးတစ်ကိုယ်ကောင်းဆန်နေမှာလို့ ကျွန်တော်ခံစားမိတယ်။ ဒါကြောင့် ကားရပ်တဲ့နေရာကနေပြန်မထွက်ခင် ကျွန်တော်ပြောလိုက်တယ်။ "နင် အိမ်ပြန်ပြီးအိပ်ချင်မယ်ဆိုရင်လည်း ငါတို့တွေ ဒီချိန်းတွေ့တာကို နောက်အပတ်ကုန်ရက်မှာ လုပ်လို့ရတာပဲ"

"ဒီချိန်းတွေ့တာထက် ငါလုပ်ချင်တာ ဘာမှမရှိတော့ပါဘူး၊ အာ့တ်လက်စ်။ ငါ သေတဲ့အခါကျရင်လည်း ငါအိပ်ရမှာပဲဟာ" သူမက ထိုင်ခုံခါးပတ်ကိုတပ်လိုက်ပြီး "နင်တကယ်ကို ကြက်သွန်ဖြူနံထွက်နေတာပဲ"

သူမစနေတာလို့ ကျွန်တော်ထင်မိတာပဲ။ ကျွန်တော်တို့ငယ်ငယ်တုန်းကဆို လီလီက တစ်ချိန်လုံးစနောက်နေတတ်တာလေ။ အဲ့ဒါက သူမနဲ့ပတ်သက်ပြီး ကျွန်တော်အချစ်ဆုံးအရာတွေထဲက တစ်ခုပေါ့__ သူမပတ်ပတ်လည်မှာ မကောင်းတဲ့အရာတွေချည်းဖြစ်နေပေမဲ့လည်း စိတ်အခြေအနေကောင်းမွန်အဆင်ပြေနေတဲ့ပုံ အမြဲပေါက်နေတာလေ။ အဲ့ဒါက အရေးပေါ်အခန်းထဲမှာ သူမကိုယ်သူမကိုယ်ဝန်ရှိနေမှန်း သိသွားပြီးတဲ့နောက် ကျွန်တော် သူမနဲ့အတူတူရှိနေတဲ့ရက်ပိုင်းတွေထဲ သူမဆီမှာ ကျွန်တော်မြတ်နိုးလေးစားမိတဲ့ ခွန်အားစွမ်းပကားမျိုးနဲ့အတူတူပဲ။ အဲ့ဒီအချိန်က သူမဘဝရဲ့အနိမ့်ဆုံးအနေအထားတွေထဲက တစ်ခုမှန်း ကျွန်တော်သိတယ်။ ဒါပေမဲ့ သူမက အဲ့ဒါတွေအားလုံးကြားကနေ ပြုံးနေနိုင်သေးတယ်။ ပြီးတော့ ဖဲဝိုင်းညလုပ်နေတဲ့ ညနေတစ်ခင်းလုံးတောင် ကျွန်တော့မိတ်ဆွေတွေကို သူမရဲ့ဟာသတွေနဲ့ အထင်ကြီးအောင်လုပ်ခဲ့လိုက်သေးတယ်။

လူတိုင်းလူတိုင်းဟာ စိတ်ဖိစီးတာကို ပုံစံအမျိုးမျိုးနဲ့ ကိုင်တွယ်ဖြေရှင်းကြတယ်။ နောက်ပြီး အဲ့ဒီနည်းလမ်းတွေထဲကတစ်ခုကမှ သေချာပေါက်ကို မှားယွင်းမနေဘူးပေါ့။ ဒါပေမဲ့လည်း လီလီကတော့ အဲ့ဒါကို ကျက်သရေရှိရှိ ကြော့ကြော့ရှင်းရှင်းလေး ကိုင်တွယ်ပစ်ခဲ့တယ်။ နောက်ပြီး ကျက်သရေဆိုတာက လူတွေမှာ ဆွဲဆောင်မှုအရှိဆုံးအရာလို့ ကျွန်တော်တွေ့ရှိခဲ့တဲ့စွမ်းပကားတစ်ခု ဖြစ်နေလိုက်သေးတယ်။

"နင် စနေနေ့ညကြီး ဘယ်လိုလုပ်ပြီး အပြင်ရအောင်ထွက်လာခဲ့တာလဲ"လို့ လီလီကမေးတယ်။

ကျွန်တော်ကားမောင်းနေရတာကို မုန်းမိတယ်။ ဘာလို့လဲဆိုတော့ ကျွန်တော်ပြန်တုံ့ပြန်လိုက်တဲ့အချိန်မှာ သူမကို ကြည့်ချင်လို့လေ။ ကျွန်တော် သူမရဲ့ဒီလိုမျိုးပုံကို တစ်ခါမှမတွေ့ဖူးဘူး... မိန်းမဆန်ဆန်လို့ပြောရမလား။ ဒါက ချီးမွမ်းလိုက်တာလား။ ကျွန်တော်သိတောင်မသိတော့ပါဘူးဗျာ။ ကျွန်တော် အဲ့ဒါကို ထုတ်မပြောသင့်လောက်ဘူး။ အဲ့ဒီလို မဟုတ်မှာစိုးလို့လေ။ ဒါပေမဲ့လည်း ကျွန်တော်နဲ့လီလီတို့ ချစ်ခဲ့ကြတဲ့အချိန်တုန်းက ကျွန်တော်တို့တစ်ယောက်မှ အခု ကျွန်တော်တို့လူကြီးလို့မှတ်ယူမယ့်အနေအထားမျိုးတော့ မဟုတ်ခဲ့ကြဘူး။ ဒါပေမဲ့ ဒီညကကျတော့ မတူတော့ဘူး။ ကျွန်တော်တို့က အလုပ်အကိုင်တွေနဲ့အရွယ်ရောက်လာခဲ့ကြပြီ။ ပြီးတော့ သူမက မိခင်တစ်ယောက်၊ လုပ်ငန်းရှင်တစ်ယောက်ဖြစ်ပြီး အမှီအခိုကင်းနေပြီ။ အဲ့ဒါက သေလောက်အောင်စွဲမက်စရာကောင်းလွန်းတယ်။

ကျွန်တော် သူမနဲ့လူကြီးတွေလို အချိန်ကုန်ခဲ့တဲ့အခြားအချိန်ဆိုလို့ သူမရွိုင်းလ်နဲ့ဥပဒေအရအတူတူရှိနေတုန်း အချိန်ပဲရှိတယ်။ ဒီတော့ ကျွန်တော်အခုတွေးနေသလိုမျိုး သူမအပေါ်တွေးဖို့ဆိုတာ မှားယွင်းနေသလိုခံစားခဲ့ရတယ်။ ကျွန်တော် သူမကိုလိုချင်တယ်ဆိုတာမျိုးလေ။

ကျွန်တော်လမ်းပေါ်မှာအာရုံကိုစိုက်ထားပြီး ကျွန်တော်တို့ရဲ့စကားဝိုင်းထဲ ဘာမှမပြောဖြစ်ဘဲရပ်သွားတာမျိုး မဖန်တီးမိအောင် ကြိုးစားနေလိုက်တယ်။ ဒါပေမဲ့ ကျွန်တော် နည်းနည်းတော့ပျာယာခတ်နေလောက်တယ်လို့ ထင်တာပဲ။ အဲ့ဒါက ကျွန်တော်ကို အံ့အားသင့်စေတယ်။

"ငါ ဘယ်လိုလုပ်ပြီး အပြင်ရအောင်ထွက်လာသလဲ" ကျွန်တော်ပြောလိုက်တယ်။ မေးခွန်းအပေါ်မှာ အချိန်ယူစဉ်းစားနေတာဖြစ်ပြီး သူမကိုအရမ်းကာရောစိုက်ကြည့်ချင်နေတဲ့အကြောင်းပဲ စိတ်ထဲစွဲနေတဲ့ပုံမဖြစ်အောင် ဟန်ဆောင်လိုက်ရင်းပေါ့။

"ငါ အားထားလို့ရလောက်တဲ့သူတွေ ငှားထားတယ်လေ"

သူမက အဲ့ဒါကိုပြုံးလိုက်ပြီး "နင် အပတ်ကုန်ရက်တွေမှာ အမြဲအလုပ်လုပ်တာပဲလား"

ကျွန်တော်ခေါင်းညိတ်လိုက်တယ်။ "ငါ ပုံမှန်ဆို တနင်္ဂနွေနေ့တွေပဲ အလုပ်နားတယ်။ ငါတို့တွေ အလုပ်ပိတ်တဲ့ရက်ပေါ့။ တစ်ခါတရံဆိုရင်တော့ တနင်္လာနေ့"

"နင့်အလုပ်နဲ့ပတ်သက်ပြီး ဘယ်ဟာကို ပျော်ရွှင်နှစ်သက်မှုအရှိဆုံးလဲ"

သူမ ဒီည မေးခွန်းတွေနဲ့ပြည့်နေတာပဲ။ ကျွန်တော် သူမကို ဘေးတိုက်တစ်ချက်လှမ်းကြည့်ပြီး ပြုံးပြလိုက်တယ်။ "ဝေဖန်ထားတာတွေဖတ်ရတာ"

သူမ အံ့အားသင့်တုန်လှုပ်သွားတဲ့အသံမျိုးလုပ်လာတယ်။ "စိတ်မရှိနဲ့နော်၊" လို့ သူမပြောတယ်။ "နင် ဝေဖန်စာတွေလို့ပြောလိုက်တာလား။ နင့်စားသောက်ဆိုင်ကိုဝေဖန်ထားတဲ့စာတွေလေ"

"တစ်ခုချင်းစီတိုင်းကို"

"ဘာကြီး။ အိုး၊ ဘုရားသခင်။ နင့်မှာ နင့်ကိုယ်နင်ယုံကြည်မှုနည်းတာမျိုး တစ်စက်ကလေးမှ ရှိမှာမဟုတ်ဘူး။ ငါဆို ငါတို့ရဲ့လူမှုကွန်ယက်စာမျက်နှာကို ဆရီနာကိုစီမံခိုင်းထားလိုက်တာ။ အဲ့ဒါမှ ငါ ဝေဖန်စာတွေကို ရှောင်နိုင်မှာလေ"

"နင့်ကိုဝေဖန်ထားတဲ့စာတွေက မိုက်ပါတယ်"

ထိုင်ခုံပေါ်မှာရှိနေတဲ့ သူမရဲ့ခန္ဓာကိုယ်တစ်ခုလုံးနီးပါး ကျွန်တော့ဘက်လှည့်လိုက်ပြီး "နင် ငါ့ကိုဝေဖန်ထားတဲ့စာတွေပါ လိုက်ဖတ်တာလား"

"ငါ့ အသိတွေထဲက စီးပွားရေးလုပ်ငန်းတစ်ခုပိုင်ဆိုင်ထားတဲ့ လူတိုင်းရဲ့ဝေဖန်ခံထားရတဲ့စာတွေကို လိုက်ဖတ်တယ်လေ။ အဲ့ဒါက ကြောင်တောင်တောင်နိုင်လား"

"အဲ့ဒါက ကြောင်တောင်တောင်မနိုင်ပါဘူး"

ကျွန်တော် ယာဉ်ကြောအချက်ပြမီးပြလိုက်ရင်း "ငါ ဝေဖန်စာတွေကိုဖတ်ရတာ သဘောကျတယ်။ စီးပွားရေးလုပ်ငန်းကိုဝေဖန်ထားတာတွေက ပိုင်ရှင်ရဲ့ထင်ဟပ်မှုတစ်ခုလို့ ခံစားမိတယ်။ ပြီးတော့ လူတွေ ငါ့ရဲ့စားသောက်ဆိုင်တွေအပေါ် ဘယ်လိုတွေးတယ်ဆိုတာ ငါသိချင်တယ်။ အပြုသဘောဆောင်တဲ့ဝေဖန်ထောက်ပြတာတွေက အထောက်အကူပြုတယ်လေ။ ငါ့မှာ စားဖိုမှူးအများစုရှိကြတဲ့ မီးဖိုချောင်အတွေ့အကြုံမျိုးမရှိခဲ့ဘူး။ ဝေဖန်ထောက်ပြတာတွေက အကောင်းဆုံးဆရာသမားတွေထဲက တချို့ပဲ"

"အခြားသူတွေရဲ့လုပ်ငန်းတွေအကြောင်း ဝေဖန်ထားတာတွေကို ဖတ်တာကနေ နင်ဘာရလဲ"

"ဘာမှမရဘူးလေ၊ တကယ်တော့။ ငါ အဲ့ဒါကို ဖျော်​ဖြေရေးတစ်ခုလိုခံစားရရုံပါပဲ"

"ငါ့မှာ မကောင်းတဲ့ဝေဖန်ထောက်ပြထားတာတွေများ ရှိလား" လီလီက ကျွန်တော့ဆီကနေ အကြည့်လွှဲသွားတယ်။ တစ်ဝက်လောက်ပြန်လှည့်သွားတဲ့အတွက် သူမက အရှေ့တည့်တည့်ကိုပြန်မျက်နှာမူသွားပြီ။ "ထားလိုက်ပါတော့။ အဲ့ဒါကို မဖြေနဲ့တော့။ ငါ အဲ့ဒါတွေအားလုံးက အကောင်းတွေချည်းပဲ၊ ပြီးတော့ လူတိုင်းက ငါ့ပန်းတွေကို နှစ်သက်မြတ်နိုးကြတယ်လို့ပဲ ဟန်ဆောင်ထားလိုက်တော့မယ်"

"လူတိုင်းက တကယ်လည်း နင့်ပန်းတွေကို နှစ်သက်မြတ်နိုးနေကြတာပဲလေ"

သူမရဲ့နှုတ်ခမ်းတွေကို အတင်းပူးကပ်ထားပြီး မပြုံးမိအောင်ဖုံးဖိထားကြရင်းက "နင့်အလုပ်ရဲ့ဘယ်အပိုင်းကို အကြိုက်အနည်းဆုံးလဲ"

သူမ ကျွန်တော့ကို အဲ့ဒီလိုမျိုးကြုံရာကျပန်းလျှောက်မေးခွန်းထုတ်နေတာကို ချစ်မိတယ်။ အဲ့ဒါက ကျွန်တော်တို့တွေ နောက်ကျတဲ့အထိနေခဲ့ကြတဲ့ညတွေရယ်၊ သူမကျွန်တော့ကို တရစပ်မေးခွန်းတွေထုတ်ခဲ့တာတွေရယ်ကို ပြန်အမှတ်ရစေတယ်။ "ပြီးခဲ့တဲ့အပတ်ထိတော့ အဲ့ဒါက ကျန်းမာရေးစစ်ဆေးချက်တွေပဲ" လို့ ကျွန်တော်ဝန်ခံလိုက်တယ်။ "အဲ့ဒါတွေက အရမ်းစိတ်ဖိစီးစေတာ"

"ဘာလို့ ပြီးခဲ့တဲ့အပတ်ထိလဲ။ ဘာတွေ ပြောင်းလဲသွားလို့လဲ"

"လက်ဆော့ပြီးဖျက်ဆီးတာ"

"အဲ့ဒါထပ်ဖြစ်ပြန်ပြီလား"

"အင်း၊ ဒီအပတ်ထဲမှာ (၂)ခါဖြစ်တယ်"

"ပြီးတော့ နင်အခုထိ အဲ့ဒါဘယ်သူမှန်း မသိသေးဘူးပေါ့"

ကျွန်တော်ခေါင်းခါလိုက်ပြီး "သဲလွန်စမရှိဘူး"

"နင့်မှာ ဒေါသထွက်နေတဲ့ အရင်ရည်းစားတွေများ ရှိလား"

"ဟင့်အင်း၊ အဲ့ဒါကိုတော့ ငါမသေချာဘူး။ သူတို့ကြည့်ရတာတော့ အဲ့ဒီပုံစံမဟုတ်ကြပါဘူး"

လီလီက သူမရဲ့ဒေါက်ဖိနပ်ကိုကန်ချွတ်လိုက်ပြီး ခြေထောက်တစ်ဘက်ကို သူမခုံပေါ်ဆွဲတင်ရင်း ပိုသက်တောင့်သက်သာဖြစ်အောင်လုပ်လိုက်တယ်။ "နင့်မှာ အတည်တကျပတ်သက်ဆက်ဆံရေးတွေ ဘယ်နှခုလောက်ရှိခဲ့လဲ"

သူမအဲ့ဒီကိုသွားပြီပေါ့။ ကောင်းပြီလေ။ "'အတည်တကျဆက်ဆံရေး'ဆိုတာကို အဓိပ္ပါယ်ဖွင့်ပေး"

"ငါ မသိဘူး။ (၂)လထပ်ပိုတာမျိုးရော"

"တစ်ခု" လို့ ကျွန်တော်ပြောလိုက်တယ်။

"နင်တို့ ဘယ်လောက်ကြာအောင်တွဲလိုက်တာလဲ"

"(၁)နှစ်ကို နည်းနည်းလေးကျော်တယ်။ ငါ သူမကို စစ်တပ်ထဲမှာတုန်းက တွေ့တာ"

"နင်တို့ဘာလို့ပြတ်သွားကြတာလဲ"

"ငါတို့ အတူတူတစ်အိမ်တည်းပြောင်းနေဖြစ်ကြတယ်"

"အဲ့ဒါကြောင့် နင်တို့ပြတ်သွားကြတာလား"

"ငါထင်တာတော့ အတူတူနေလိုက်တာက ငါတို့တွေသဟဇာတမဖြစ်မှန်း သဘောပေါက်သွားတာ ပိုမြန်စေခဲ့တယ်လို့ပဲ။ ဒါမှမဟုတ် ငါတို့က ငါတို့ဘဝတွေရဲ့ မတူညီတဲ့အခြေအနေ၊ အနေအထားမျိုးမှာ ရောက်နေခဲ့ကြရုံပဲ ဖြစ်ချင်ဖြစ်မှာပေါ့။ ငါက ငါ့ရဲ့အလုပ်အပေါ်မှာ အာရုံစိုက်ထားတယ်။ သူမရဲ့အာရုံကကျတော့ ကလပ်တွေကို သူမဘယ်လိုတွေဝတ်စားသွားရမလဲပေါ်မှာ ထားထားတဲ့အတွက် ငါ သူမနဲ့သွားရမှာကို အရမ်းငြီးငွေ့လာတာပဲ။ ငါ စစ်တပ်ထဲကထွက်ပြီး ဘော့စတွန်ကိုပြန်ပြောင်းလာတော့ သူမက ချန်နေရစ်ခဲ့ပြီး သူမသူငယ်ချင်းနှစ်ယောက်နဲ့ အမိုးအောက်ထပ်ခိုးခန်းတစ်ခုဆီပြောင်းသွားတယ်"

လီလီက ရယ်လိုက်တယ်။ "ငါ နင့်ကို ကလပ်တစ်ခုထဲမှာရှိနေမယ့်ပုံ ပုံဖော်စိတ်ကူးကြည့်လို့မရဘူး"

"အင်းလေ။ အဲ့ဒါကြောင့်ပဲ ငါက လူပျိုကြီးဖြစ်နေရတာပေါ့၊ ငါထင်တာတော့" ကျွန်တော်ဖုန်းက Corrigan'sက လာတဲ့ဖုန်းခေါ်သံမြည်လာပြီး ကျွန်တော့ဘက်က သူမကိုမေးခွန်းပြန်မထုတ်ခင် ကျွန်တော်တို့ကြား ဝင်နှောင့်ယှက်လိုက်တယ်။ "ငါ ဒါကို ကိုင်မှဖြစ်မယ်"လို့ ကျွန်တော်ပြောလိုက်တယ်။

"ကိုင်လိုက်ပါ"

ကျွန်တော်ဖုန်းခေါ်တာကို ဘလူးတုဘက်ပြောင်းပြီးကိုင်လိုက်တယ်။ အဲ့ဒါက အအေးခန်းသိုလှောင်သေတ္တာအရေးကိစ္စတစ်ခု။ အဲ့ဒီကိစ္စဖြေရှင်းပြီးသွားပြီး စက်ပြင်ဆရာတစ်ယောက် အဲ့ဒီကိုသွားတဲ့အထိဖြစ်မလာခင် ကျွန်တော် နောက်ထပ်ဖုန်း(၂)ခါလောက် ထပ်ခေါ်ဖို့လိုအပ်ခဲ့တယ်။ ကျွန်တော်နောက်ဆုံး လီလီ့ဆီပြန်အာရုံစိုက်လာနိုင်တဲ့အချိန်မှာ သူမကိုတစ်ချက်လှမ်းကြည့်လိုက်တော့ သူမအိပ်ပျော်နေတာ တွေ့လိုက်ရတယ်။ သူမခေါင်းက ပခုံးပေါ်စောင်းကျလို့။ သူမဆီကနေ တိုးညှင်းညှင်းဟောက်သံလေးထွက်နေတာ ကျွန်တော်ကြားရတယ်။

ကော်ဖီက လုံးဝအာနိသင်မပြခဲ့ဘူး ထင်မိတာပဲ။

ကျွန်တော် သူမကို စားသောက်ဆိုင်ရောက်တဲ့ထိ အိပ်ခိုင်းထားလိုက်တယ်။ ကျွန်တော်တို့ ကားပါကင်မှာရပ်လိုက်တော့ (၇)နာရီထိုးဖို့ (၁၀)မိနစ်ရှိပြီ။ မှောင်နေပြီ။ ပြီးတော့ စားသောက်ဆိုင်ကိုကြည့်ရတာ လူစည်နေတဲ့ပုံပဲ။ ဒါပေမဲ့ ကျွန်တော်တို့တွေ ကြိုယူထားတဲ့နေရာကိုဝင်မသွားရသေးခင် မိနစ်ပိုင်းလောက်တော့ အချိန်ရသေးတယ်။ ဒါကြောင့် ကျွန်တော် သူမကို နားခိုင်းထားလိုက်တယ်။

သူမရဲ့ဟောက်သံက သူမလိုပဲ ချစ်ဖို့ကောင်းတယ်။ အဲ့ဒါက နူးညံ့သိမ်မွေ့ပြီး မကြားရလောက်အောင် တိုးညှင်းလွန်းတယ်။ ကျွန်တော် နောက်ပိုင်းကျ သူမကိုစနောက်တဲ့အခါသုံးရအောင် ဗီဒီယိုလေးအမြန်တစ်ချက်ရိုက်ယူထားလိုက်တယ်။ အဲ့ဒီနောက် နောက်ခုံဆီလက်လှမ်းပြီး သူမရဲ့နေ့စဉ်မှတ်တမ်းကို ယူလိုက်တယ်။ သူမက အဲ့ဒါကို သူမရှေ့မှာ မဖတ်ဖို့ပြောထားမှန်း သိပါတယ်။ ဒါပေမဲ့ အတိအကျပြောရရင် ကျွန်တော်သူမရှေ့မှာ ဖတ်နေတာမှမဟုတ်ဘဲ။ သူမက အိပ်နေတယ်လေ။

ကျွန်တော် အဲ့ဒါရဲ့ပထမစာမျက်နှာကိုဖွင့်ပြီး စ ဖတ်လိုက်တယ်။

ပထမဆုံးရေးထားတဲ့ဟာကို ဖတ်လိုက်တော့ လုံးဝဆွဲဆောင်ခံလိုက်ရတယ်။

ဒါကိုဖတ်နေတာက စည်းတစ်ခုကိုဖောက်ဖျက်နေသလိုခံစားရတယ်။ ဒါပေမဲ့ သူမက ဒါကိုသယ်လာတဲ့သူပဲလေ။

ဒုတိယရေးထားတဲ့ဟာကိုဖတ်လိုက်တယ်။ နောက် တတိယမြောက်ဟာ။ အဲ့ဒီနောက်မှာတော့ ကျွန်တော် ကြိုတင်မှာယူစာရင်းသွင်းထားတဲ့ Appထဲဝင်လိုက်ပြီး ကျွန်တော်တို့ရဲ့ကြိုတင်နေရာမှာထားတာကို ဖျက်လိုက်တယ်။ ဘာလို့လဲဆိုတော့ ဒီစက္ကန့်ပိုင်းလေးအတွင်းမှာသာ သူမကိုမနှိုးလိုက်ရင် ကျွန်တော်တို့တွေ နောက်ကျကြတော့မယ်။ ကျွန်တော်တို့ရဲ့စားပွဲခုံကို တစ်ခြားတစ်ယောက်ယောက်သွားလိုက်တာကိုမှ ကျွန်တော်ပိုလိုလားမိသေးတယ်။ လီလီ့ပုံစံက တအောင့်လောက်တော့ သူမဒီလိုအိပ်ဖို့လိုနေခဲ့တဲ့ပုံပေါက်နေတာကိုး။

ပြီးတော့ ကျွန်တော်ကလည်း တခြားရေးထားတာတွေကိုဖတ်ချင်နေသေးတယ်လေ။ သူမနိုးလာတာနဲ့ တခြားတစ်နေရာရာကို ညနေစာစားဖို့ ကျွန်တော်ခေါ်သွားပေးလိုက်မယ်။

သူမရေးထားခဲ့စကားလုံးတိုင်းက ကျွန်တော့ကို ကျွန်တော်တို့တွေ ဆယ်ကျော်သက်အရွယ်တုန်းက အချိန်ဆီ ပြန်ခေါ်ဆောင်သွားခဲ့တယ်။ သူမပြောတဲ့ကိစ္စတွေရယ်၊ အဲ့ဒီကိစ္စတွေကို သူမပြောပုံဆိုပုံတွေရယ်ကြောင့် ကျွန်တော်ရယ်ချင်စိတ်အကြိမ်တော်တော်များများဖြစ်ခဲ့ရတယ်။ ဒါပေမဲ့ ကျွန်တော့ရယ်သံတွေကို ထိန်းထားရတယ်။ အဲ့ဒါမှ သူမကိုအလန့်တကြားဖြစ်မသွားစေမှာလေ။

နောက်ဆုံးတော့ ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းဖြစ်လာဖို့ အစပျိုးနေတာမှန်း ကျွန်တော့ဘက်က သေချာသလောက်ဖြစ်နေတဲ့ စာပိုဒ်တစ်ပိုဒ်ကိုဖတ်လိုက်ရပြီ။ ကျွန်တော် နာရီကိုကြည့်လိုက်တယ်။ ကျွန်တော်တို့ ဒီနေရာမှာထိုင်နေခဲ့ကြတာ နာရီဝက်ရှိနှင့်နေပြီ။ ဒါပေမဲ့ လီလီကတော့ အိပ်မောကျနေတုန်းပဲ။ ပြီးတော့ ဒီရေးထားတဲ့ဟာကို ဖတ်နေရင်းတန်းလန်းကြီး မရပ်ထားလိုက်နိုင်ဘူး။ ကျွန်တော် ဆက်ပြီးဖတ်နေလိုက်တယ်။ ဒီတစ်ခုရဲ့အဆုံးကိုရောက်အောင် ကျွန်တော်ဖတ်သွားလိုက်နိုင်တဲ့အထိ သူမအိပ်ပျော်နေသေးဖို့ မျှော်လင့်ရင်းပေါ့။

###

"ငါ နင့်ကို ပြောစရာတစ်ခုရှိတယ်" လို့ သူပြောလာတယ်။

သူဘာပြောမလဲ မသိတာကြောင့် ကျွန်မအသက်ရှူအောင့်ထားမိတယ်။

"ငါ ဒီနေ့ ငါ့ဦးလေးနဲ့ အဆက်အသွယ်ရတယ်။ ငါ့အမေနဲ့ ငါက ဘော့စတွန်မှာတုန်းက သူ့ဆီမှာ နေနေကျလေ။ သူက ငါ့ကိုပြောတယ်။ သူအလုပ်ကိစ္စခရီးထွက်နေတာကနေ ပြန်ရောက်လာတာနဲ့ ငါ သူနဲ့လာနေလို့ရတယ်တဲ့"

အဲ့ဒီအခိုက်အတန့်မှာ ကျွန်မသူ့အတွက် အရမ်းကိုဝမ်းသာသွားသင့်တာ။ ကျွန်မပြုံးပြီး သူ့ကို ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောလိုက်သင့်တာ။ ဒါပေမဲ့ ကျွန်မမျက်လုံးမှိတ်ချလိုက်တဲ့အချိန်မှာ ကျွန်မအသက်ရဲ့အရွယ်မရောက်သေးတာတွေအားလုံးကို ခံစားလိုက်ရပြီး ကျွန်မကိုယ်ကျွန်မစိတ်မကောင်းဖြစ်မိသွားတယ်။

"နင်သွားမှာလား"လို့ ကျွန်မမေးလိုက်တယ်။

သူက ပခုံးတွန့်ပြပြီး "ငါမသိဘူး။ ငါ အဲ့ဒီအကြောင်း နင့်ကို ပထမဆုံးပြောပြချင်မိလို့"

သူက အိပ်ရာပေါ်မှာ ကျွန်မနဲ့အရမ်းကပ်လွန်းနေပြီ။ ကျွန်မ သူ့ဆီက အသက်ရှူထုတ်လာတဲ့အနွေးဓာတ်ကို ခံစားလို့ရနေတယ်။ သူ့ကိုယ်သင်းနံ့က ပူဒီနာနံ့နဲ့တူတာလည်း ကျွန်မသတိပြုမိလိုက်တယ်။ သူ ဒီကိုမလာခင် ရေသန့်ဗူးထဲကရေနဲ့များ သွားကိုတိုက်လာခဲ့တာလားလို့ ကျွန်မတွေးတောမိသွားတယ်။ ကျွန်မနေ့တိုင်း သူအိမ်ပြန်တဲ့အခါရေတွေအများကြီးထည့်ပေးနေကျလေ။

ကျွန်မလက်ကိုခေါင်းအုံးနားပင့်လိုက်ပြီး အပြင်ထိုးထွက်နေတဲ့ငှက်မွေးတစ်မွေးကို စဆွဲထုတ်တော့တယ်။ တစ်ခုလုံးဆွဲထုတ်လို့ရသွားတော့ အဲ့ဒါကို လက်ချောင်းတွေကြား လျှောက်လိမ်နေရင်း "ငါဘာပြောရမယ်မှန်း မသိတော့ဘူး၊ အာ့တ်လက်စ်။ နင့်မှာနေဖို့နေရာတစ်ခုရသွားတာကိုတော့ ငါဝမ်းသာမိပါတယ်။ ဒါပေမဲ့ ကျောင်းကျတော့ရော"

"ငါ အဲ့ဒီမှာ ကျောင်းပြီးအောင်ဆက်တက်လိုက်လို့ရတယ်" လို့ သူပြောလာတယ်။

ကျွန်မခေါင်းညိတ်လိုက်တယ်။ ကြည့်ရတာတော့ သူ့ပုံစံက စိတ်ပိုင်းဖြတ်ထားပြီးတဲ့ပုံပါပဲ။ "နင်ဘယ်တော့ထွက်သွားမှာလဲ"

ဘော့စတွန်က ဘယ်လောက်များဝေးမလဲလို့ ကျွန်မတွေးမိတယ်။ နာရီပိုင်းလေးလောက်ပဲဖြစ်မှာပေါ့နော်။ ဒါပေမဲ့ ရှင့်မှာသာကားမရှိဘူးဆိုရင် ကမ္ဘာကြီးတစ်ခုလုံး ခြားနေဦးမှာပဲ။

"ငါဘာသာငါ သေချာမသိဘူးရယ်"

ငှက်မွေးကို ခေါင်းအုံးပေါ်ပြန်ချပြီး ကျွန်မလက်ကို ကျွန်မဘေးချထားလိုက်တယ်။ "ဘာကများ နင့်ကိုတားဆီးနေသေးလို့လဲ။ နင့်ဦးလေးက နင့်ကိုနေဖို့နေရာတစ်ခုပေးနေပြီပဲဟာ။ ဒါကောင်းတာပဲလေ၊ ဟုတ်တယ်မလား"

သူက နှုတ်ခမ်းတွေကိုတင်းနေအောင်စေ့ရင်း ခေါင်းညိတ်လာတယ်။ အဲ့ဒီနောက် ကျွန်မဆော့နေခဲ့တဲ့ ငှက်မွေးကို ကောက်ပြီး သူ့လက်ချောင်းတွေကြားလျှောက်လိမ်နေတော့တယ်။ အဲ့ဒါကို ခေါင်းအုံးပေါ်ပြန်ချလိုက်ပြီးတော့ သူက ကျွန်မမျှော်လင့်မထားတဲ့ကိစ္စတစ်ခုကိုလုပ်လာတယ်။ သူ့လက်ချောင်းတွေကို ကျွန်မနှုတ်ခမ်းဆီရွှေ့လာပြီး ကိုင်ကြည့်ခဲ့တာပဲ။

ဘုရားဘုရား၊ အယ်လန်ရေ။ ကျွန်မ ချက်ချင်းကောက်သေသွားတော့မယ်လို့ တွေးမိလိုက်တယ်။ တစ်ချိန်တည်းမှာပဲ အဲ့ဒီအခိုက်အတန့်က ကျွန်မခန္ဓာကိုယ်ထဲ အခံစားရဆုံးအခိုက်အတန့်ဖြစ်နေတယ်။ သူက သူ့လက်ချောင်းတွေကို အဲ့ဒီနေရာမှာပဲ စက္ကန့်တချို့လောက် ထားထားတယ်။ ပြီးတော့မှ "ကျေးဇူးပါပဲ၊ လီလီ။ အရာရာအတွက်ပေါ့" လို့ ပြောလာတယ်။ သူက သူ့လက်ချောင်းတွေကို အပေါ်ရွှေ့သွားပြီး ကျွန်မဆံပင်တွေကြားကနေဖြတ်သွားတယ်။ အဲ့ဒီနောက် ကိုယ်ကိုအရှေ့ဘက်ကိုင်းလာပြီး ကျွန်မနဖူးပေါ်တစ်ချက်နမ်းလိုက်တယ်။ ကျွန်မခမျာ အသက်ကိုမနည်းရှူနေရရှာတယ်။ လေပိုရအောင်လို့ဆိုပြီး ပါးစပ်ပါဟထားလိုက်ရတယ်။ သူ့ရင်ဘတ်ကလည်း ကျွန်မရင်ဘတ်နည်းတူ ခပ်ပြင်းပြင်းလှုပ်ရှားနေမှန်း တွေ့နေရတယ်။ သူက ကျွန်မကိုငုံ့ကြည့်လာပြီး ကျွန်မဘက်က ပြန်ကြည့်နေတုန်းမှာပဲ သူ့မျက်လုံးတွေက ကျွန်မနှုတ်ခမ်းပေါ် အကြည့်ရောက်လာတယ်။ "နင်နမ်းဖူးလား၊ လီလီ"

ကျွန်မဟင့်အင်းဆိုတဲ့ပုံနဲ့ခေါင်းခါပြလိုက်ပြီး မျက်နှာကို သူ့မျက်နှာဆီလှမ်းမော့လိုက်တယ်။ အကြောင်းကတော့ ကျွန်မရဲ့အဲ့ဒီအချက်ကို သူချက်ချင်းပြောင်းပစ်လိုက်ဖို့ ကျွန်မလိုနေလို့ပါပဲ။ မဟုတ်ရင် ကျွန်မ အသက်ရှူလို့ရတော့မှာ မဟုတ်ဘူးရယ်။

အဲ့ဒီနောက်မှာတော့__ ကျွန်မဟာ ဥခွံတွေနဲ့လုပ်ထားတဲ့လူတစ်ယောက်လောက်နီးနီး အထိမခံနိုင်ဖြစ်သွားခဲ့တယ်__ သူ့နှုတ်ခမ်းတွေက ကျွန်မဆီငုံ့ဆင်းလာပြီး အဲ့ဒီနေရာမှာပဲ ရပ်နားထားလိုက်တော့တယ်။ အဲ့ဒါပြီးရင် ဘာလုပ်ရမလဲဆိုတာ ကျွန်မမသိဘူး။ ဒါပေမဲ့ ဂရုမစိုက်ပါဘူး။ ကျွန်မတို့ ဒီပုံစံအတိုင်းပဲ တစ်ညလုံးနေဖြစ်သွားကြပြီး ဘယ်တော့မှ ပါးစပ်တွေကို လှုပ်တောင်မလှုပ်ရှားဖြစ်ကြတော့ဘူးဆိုရင်လည်း ဂရုမစိုက်ဘူးလေ။ ဒါကအရာရာပဲဟာ။

သူ့နှုတ်ခမ်းတွေက ကျွန်မနှုတ်ခမ်းတွေပေါ်မှာပိတ်ဆီးထားကြတယ်။ သူ့လက်တွေတုန်နေတာကို ကျွန်မတော်တော်လေးခံစားလို့ရတယ်။ ကျွန်မ သူလုပ်တဲ့အတိုင်းလိုက်လုပ်တယ်။ ကျွန်မနှုတ်ခမ်းတွေကို သူ့လိုပဲ စလှုပ်ရှားတော့တယ်။ သူ့လျှာထိပ်က ကျွန်မနှုတ်ခမ်းတွေကိုဖြတ်ပြီး တိုးဝင်ပွတ်သပ်လာတာနဲ့ ကျွန်မချက်ချင်းခံစားမိလိုက်တယ်။ ကျွန်မမျက်လုံးတွေတော့ ခေါင်းထဲလှန်တက်ပြီး မျက်ဖြူစိုက်ကုန်ကြတော့မှာပဲလို့ တွေးမိသွားတယ်။ သူက အဲ့ဒါကို နောက်တစ်ခေါက်ထပ်လုပ်လာပြန်တယ်။ အဲ့ဒီနောက် တတိယမြောက်အကြိမ်လုပ်လာတယ်။ ဒါကြောင့် နောက်ဆုံးမှာတော့ ကျွန်မလည်းပဲ အဲ့ဒါကိုလုပ်နိုင်သွားခဲ့ပြီ။ ကျွန်မတို့ရဲ့လျှာတွေ ပထမဆုံးအကြိမ်ထိတွေ့မိသွားချိန်မှာ ကျွန်မနည်းနည်းလောက်ပြုံးလိုက်ချင်စိတ်မျိုး တော်တော်လေးဖြစ်လာတယ်။ ဘာလို့လဲဆိုတော့ ကျွန်မလေ ကျွန်မရဲ့ပထမဆုံးအနမ်းအကြောင်း အများကြီးတွေးကြည့်ခဲ့ဖူးပါတယ်။ အဲ့ဒါက ဘယ်နေရာမှာဖြစ်မယ်၊ ဘယ်သူနဲ့ဖြစ်မယ်ဆိုတာပေါ့။ နှစ်ပေါင်းသန်းချီထဲ ဒီလိုမျိုးခံစားရလိမ့်မယ်လို့တော့ တစ်ခါမှပုံဖော်စိတ်ကူးမကြည့်ခဲ့ဖူးဘူး။

သူက ကျွန်မကိုကျောနဲ့လဲကျသွားအောင်တွန်းလှဲချလိုက်ပြီး သူ့လက်ကို ကျွန်မပါးမှာဖိကပ်ထားရင်း ဆက်နမ်းလို့နေတယ်။ အဲ့ဒါပိုကောင်းသထက်၊ ကောင်းလာပြီး ကျွန်မပိုပိုသက်တောင့်သက်သာခံစားလာရတယ်။ ကျွန်မအကြိုက်ဆုံး အခိုက်အတန့်ကတော့ သူတစ်စက္ကန့်လောက် ပြန်ဆွဲခွာလိုက်ပြီး ကျွန်မကိုငုံ့ကြည့်လာတယ်၊ ပြီးတဲ့နောက် နောက်တစ်ခါပြန်လာတဲ့အခါ ပိုပြီးတောင်ကြမ်းလာခဲ့တဲ့အချိန်ပါပဲ။

ကျွန်မတို့ ဘယ်လောက်ထိကြာအောင် နမ်းနေမိခဲ့ကြမှန်း မသိဘူးရယ်။ အကြာတော့အကြာကြီးပဲ။ ကြာလွန်းတာမှ ကျွန်မနှုတ်ခမ်းတွေ စနာကျင်လာကြပြီး ကျွန်မမျက်လုံးတွေဆိုတာ ဆက်ဖွင့်ထားလို့မရကြတော့ဘူး။ ကျွန်မတို့အိပ်ပျော်သွားတဲ့အချိန်မှာ သူ့နှုတ်ခမ်းက ကျွန်မနှုတ်ခမ်းနဲ့ထိနေတုန်းပဲဖြစ်လိမ့်မယ်လို့ ကျွန်မတော်တော်လေးသေချာပြောနိုင်တယ်။

ကျွန်မတို့ ဘော့စတွန်အကြောင်း ထပ်မပြောဖြစ်ကြတော့ဘူး။

သူထွက်သွားမှာလားဆိုတာ ကျွန်မအခုထိမသိသေးဘူးရယ်။

__လီလီ

###

ဝိုး

ဝိုး

ကျွန်တော်နေ့စဉ်မှတ်တမ်းကိုပိတ်ပြီး လီလီ့ကိုလှမ်းကြည့်လိုက်တယ်။ သူမက ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းကို အရမ်းအသေးစိတ်ကျကျရေးထားတယ်။ အဲ့ဒါက ကျွန်တော့စိတ်ထဲ ဆယ်ကျော်သက်အရွယ်ကျွန်တော့ကိုယ်ကျွန်တော်ထက် ညံ့နေသလိုခံစားလိုက်ရတယ်။

အဲ့ဒါက တကယ်ကို အဲ့ဒီလိုပုံစံမျိုးဖြစ်ခဲ့ကြတာလား။

ကျွန်တော် အဲ့ဒီညကိုမှတ်မိသေးတယ်။ ဒါပေမဲ့ ကျွန်တော်က ကျွန်တော်ဖြစ်နေပါတယ်လို့ လီလီဖော်ပြထားတာထက်ကို အများကြီးပိုပြီးကြောင့်ကြစိတ်လှုပ်ရှားနေခဲ့တာပါ။ အဲ့ဒါက ရယ်ရတယ်။ သင်ဆယ်ကျော်သက်တစ်ယောက်ဖြစ်ခဲ့တုန်းက သင်ကပဲ ဒီကမ္ဘာပေါ်မှာ အတွေ့အကြုံမရှိဆုံး၊ ကြောင့်ကြစိတ်အလှုပ်ရှားဆုံးလို့တွေးပုံတွေးနည်းက ရယ်ရလိုက်တာ။ တခြားဆယ်ကျော်သက်တွေအားလုံးနီးပါးမှာ သင်သဘောပေါက်နားလည်ခဲ့တာထက် ပိုသာတဲ့ဘဝပုံစံမျိုးတွေ ရှိခဲ့တယ်လို့ သင့်စိတ်ထဲထင်ခဲ့တယ်။ ဒါပေမဲ့ အဲ့ဒီလိုမျိုးလုံးဝမဟုတ်ဘူးပဲ။ ကျွန်တော်တို့နှစ်ယောက်လုံး ထိတ်လန့်နေခဲ့ကြတာပဲ။ ပြီးတော့ အရူးအမူးစွဲလမ်းခဲ့တယ်။ ပြီးတော့ ချစ်ကျွမ်းဝင်ခဲ့ကြတယ်။

ဒါပေမဲ့ ကျွန်တော်က သူမကို ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းမတိုင်ခင်အကြာကြီးကတည်းက ချစ်မြတ်နိုးခဲ့တာ။ ကျွန်တော်သူမကို အဲ့ဒီအခိုက်အတန့်မတိုင်ခင်မှာ ကျွန်တော်ချစ်ခဲ့ဖူးတဲ့ဘယ်သူထက်မဆို ပိုချစ်ခဲ့တာ။ ကျွန်တော့စိတ်ထင်တော့ ကျွန်တော် သူမကို အဲ့ဒီအခိုက်အတန့်ပြီးသွားခဲ့နောက် ချစ်ခဲ့ဖူးတဲ့ဘယ်သူထက်မဆို ပိုချစ်ခဲ့ပါတယ်။

ကျွန်တော်ထင်တာတော့ ကျွန်တော် ချစ်နေလာက်တုန်းပါပဲလေ။

ကျွန်တော့ဘဝရဲ့အဲ့ဒီအပိုင်းထဲ လီလီမသိတဲ့အရာတွေမှ အများကြီးပဲ။ ကျွန်တော်တို့အတူတူရှိခဲ့ကြတဲ့အချိန်တွေထဲက တချို့ကို သူမအမြင်နဲ့ပုံဖော်ထားတာ ကျွန်တော်ဖတ်လိုက်ရတော့ အခုချိန်မှာ ကျွန်တော် သူမကိုပြောပြချင်တာတွေမှ အများကြီးပဲ။ အဲ့ဒီတုန်းက သူမဟာ ကျွန်တော့ဘဝထဲမှာ အရမ်းကိုအရေးပါခဲ့မှန်း သူမမသိခဲ့တာ အသိအသာကြီး။ လူတိုင်းက ကျွန်တော့ကို ကျောခိုင်းထားခဲ့ကြချိန်မှာ လီလီတစ်ယောက်ပဲ ရှေ့ထွက်လာခဲ့တာ။

သူမက ကောင်းကောင်းကြီးအိပ်မောကျနေတုန်းပဲ။ အဲ့ဒါကြောင့် ကျွန်တော့ဖုန်းကိုထုတ်ပြီး မှတ်စုအလွတ်တစ်ခုဖွင့်လိုက်တယ်။ ကျွန်တော် စာစရိုက်လိုက်တော့တယ်။ သူမ ဝင်မလာခင် ကျွန်တော့ဘဝကဘယ်လိုရှိခဲ့မှန်း အသေးစိတ်ရေးပြရင်းပေါ့။ ကျွန်တော်ရေးဖြစ်ခဲ့သလောက် ချရေးပြဖို့ မရည်ရွယ်ထားခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့မှာ သူမကိုပြောပြချင်တာတွေ အများကြီးရှိနေတယ်လို့ ယူဆမိတာပဲ။

ကျွန်တော်နောက်ဆုံးတော့ အရာအားလုံးစာရိုက်ချလို့ပြီးမသွားခင် နောက်ထပ်မိနစ်(၂၀)ကြာခဲ့တယ်။ ပြီးတော့ လီလီတစ်ယောက် နောက်ဆုံး စနိုးမလာခင် နောက်ထပ်(၅)မိနစ်လောက်ကြာသွားသေးတယ်။

ကျွန်တော့ဖုန်းကို ကားထဲကခွက်ထည့်တဲ့အပေါက်ထဲ ထည့်လိုက်တယ်။ ကျွန်တော်အခုလေးတင်ရေးလိုက်တဲ့ဟာကို သူမဖတ်ကြည့်ဖို့ ခွင့်ပြုဖြစ်မှာလား သိပ်မသေချာဘူး။ ကျွန်တော် ရက်ပိုင်းလောက် စောင့်ချင်စောင့်နေလောက်တယ်။ ရက်သတ္တပတ်နည်းနည်းပါးပါးလောက်ပေါ့။ သူမက အရေးကိစ္စတွေကို ဖြည်းဖြည်းလေးပဲသွားချင်တာ။ အဲ့ဒီစာရဲ့အဆုံးပိုင်းရောက်လာရင် ကျွန်တော်ပြောခဲ့တဲ့ဟာက သူမရဲ့'ဖြည်းဖြည်းချင်း'ဆိုတဲ့ စိတ်ကူးနဲ့သွားကိုက်ပါ့မလား မသေချာဘူးလေ။

သူမလက်တွေမြှောက်လာပြီး ခေါင်းကိုကုတ်လိုက်တယ်။ သူမက ပြတင်းပေါက်ဘက်မျက်နှာမူနေတာ။ ဒါကြောင့် သူမမျက်လုံးတွေဖွင့်လာချိန်မှာ သူမမျက်နှာကို ကျွန်တော် မတွေ့လိုက်ရဘူး။ ဒါပေမဲ့ သူမနိုးနေပြီမှန်း ကျွန်တော်ပြောနိုင်တယ်။ ဘာလို့လဲဆိုတော့ မတ်မတ်ထိုင်လိုက်ပြီကိုး။ သူမက တစ်အောင့်လောက် ပြတင်းပေါက်အပြင်ဘက်ကို စိုက်ကြည့်နေတယ်။ အဲ့ဒီနောက် ကျွန်တော့ဘက် ခေါင်းကိုလှည့်လာတယ်။ သူမပါးပြင်ပေါ် ဆံပင်တချို့ကပ်နေကြတယ်။

ကျွန်တော်က ကျွန်တော့တံခါးပေါက်ကို မှီနေပြီး သူမကို ဘာရယ်မဟုတ်လေးကြည့်နေတယ်။ ဒါက လုံးဝပုံမှန်ပထမဆုံးချိန်းတွေ့ကြတဲ့ သာမန်အပြုအမူလိုလိုပေါ့။

"အာ့တ်လက်စ်" သူမက ကျွန်တော့နာမည်ကို တောင်းပန်စကားတစ်ခွန်းလို ပြောလာတယ်။ တစ်ချိန်တည်းမှာပဲ မေးခွန်းတစ်ခုလိုရောပေါ့။

"အဆင်ပြေပါတယ်။ နင်က ပင်ပန်းနေတဲ့ဟာ"

သူမရဲ့ဖုန်းကိုကိုင်ပြီး အချိန်ကြည့်လိုက်တယ်။ "အမလေး၊ ဘုရားရေ" သူမက ကိုယ်ကိုအရှေ့ကိုင်းပြီး ပေါင်တွေပေါ် တံတောင်နဲ့ထောက်ရင်း မျက်နှာကိုလက်ဖဝါးတွေထဲမြုပ်လိုက်တယ်။ "ငါ ဒါကို မယုံနိုင်ဘူး"

"လီလီ၊ အဆင်ပြေပါတယ်။ တကယ်ပါ" ကျွန်တော် နေ့စဉ်မှတ်တမ်းကို မြှောက်ပြလိုက်ပြီး "နင် ငါနဲ့ အတူတူရှိပေးနေခဲ့တာပါ"

သူမက နေ့စဉ်မှတ်တမ်းကို ကြည့်လိုက်ပြီးနောက် ညည်းတွားလိုက်တော့တယ်။ "အရှက်တော့ကွဲပါပြီဟာ"

ကျွန်တော် နေ့စဉ်မှတ်တမ်းကို နောက်ခုံပေါ်ပစ်တင်လိုက်ပြီး "ငါကိုယ်တိုင် အဲ့ဒါက အမြင်မှန်ရစေမှန်းသိသွားခဲ့တာပါ"

လီလီက ကျွန်တော့ပခုံးပေါ် စနောက်တဲ့အနေနဲ့ရိုက်ပစ်လိုက်ရင်း "ရယ်မနေနဲ့တော့။ အဲ့ဒါက ရယ်ရတာမျိုးဖြစ်နေလို့ ငါအရမ်းကိုစိတ်ထဲမကောင်းဖြစ်ရတယ်"

"စိတ်ထဲမကောင်းဖြစ်မနေပါနဲ့၊ နင်က ခြေကုန်လက်ပန်းကျနေတဲ့ဟာကိုး။ ပြီးတော့ ဆာနေလောက်ပြီ။ ငါတို့တွေ ပြန်မောင်းသွားရင်း ဟမ်ဘာဂါတစ်ခုတော့ ဆွဲသွားလို့ရမှာပါ"

သူမက မူဟန်ပိုပိုနဲ့သူမထိုင်ခုံပေါ် ပြန်မှီချလိုက်တယ်။ "ကောင်မလေးက ချိန်းတွေ့နေတုန်း အိပ်ပျော်သွားခဲ့မှတော့ စိတ်ကူးယဉ်ဆန်ဆန်စားဖိုမှူးကို သူမအတွက် အမြန်ရတဲ့အစားအစာပဲ ဝယ်ကျွေးခွင့်ပေးလိုက်ရတော့တာပေါ့လေ။ ဘာလို့မရရမှာလဲ" ကားထဲကမှန်လေးကို ဆွဲချကြည့်ပြီးတဲ့နောက် ပါးပေါ်မှာ ဆံပင်တွေကပ်နေမှန်း သူမသတိထားမိသွားတယ်။ "ဝိုး၊ ငါက ဒီလိုကလေးအမေတစ်ယောက်ပဲ။ ဒါက ငါတို့ရဲ့နောက်ဆုံးချိန်းတွေ့ကြတာများလား။ ဟုတ်ပါတယ်လေ။ ငါ ဒါကို ဖျက်ဆီးပစ်လိုက်နှင့်ပြီလား။ ငါ နင့်ကို အပြစ်မတင်တော့ပါဘူး"

ကျွန်တော် ကားကို နောက်ပြန်ဆုတ်တဲ့ဂီယာထိုးလိုက်တယ်။ "ငါအခုလေးတင်ဖတ်လိုက်ရတာတွေ အားလုံးပြီးသွားတဲ့နောက်မှာတော့ အဲ့ဒီလိုဖြစ်ဖို့ကနီးတောင်မနီးစပ်တော့ပါဘူးဟ။ ဒီချိန်းတွေ့တာကို အထွတ်အထိပ်ရောက်အောင်လုပ်နိုင်တာရောရှိသေးရဲ့လား မသေချာတော့ဘူး"

"နင့်စံသတ်မှတ်နှုန်းတွေက အရမ်းနိမ့်လွန်းတာပဲဟာ၊ အာ့တ်လက်စ်ရာ"

သူမရဲ့ကိုယ့်ကိုကိုယ်အပြစ်တာလေးက ချစ်ချင်စဖွယ်လေးဆွဲဆောင်မှုရှိမှန်း သိလိုက်ရတယ်။ "ငါ့မှာ နင့်ရဲ့နေ့စဉ်မှတ်တမ်းနဲ့ပတ်သက်ပြီး မေးခွန်းတစ်ခုရှိတယ်"

"ဘာများလဲ" သူမက ပေကျံသွားတဲ့မျက်တောင်ကော့ဆေးတွေကို သုတ်ပစ်နေတယ်။ သူမနဲ့ပတ်သက်တာတွေအားလုံးက ကြည့်ရတာတော့ အခုချိန်မှာ အရမ်းကိုအရေးနိမ့်တဲ့ပုံပေါက်နေတာမို့ ကျွန်တော်တို့ရဲ့ချိန်းတွေ့တာကို သူမဖျက်ဆီးပစ်လိုက်မိပြီပဲ ထင်နေတာ။ ဒါပေမဲ့လည်း ကျွန်တော်ကတော့ ပြုံးတာကို မရပ်နိုင်တော့ဘူးလေ။

"ငါတို့ရဲ့ပထမဆုံးအနမ်းပေးခဲ့ကြတဲ့ညတုန်းက... နင် စောင်တွေကို အဝတ်လျှော်စက်ထဲ တမင်သွားထည့်ခဲ့တာလား။ အဲ့ဒါက နင် ငါ့ကို နင့်အိပ်ရာထဲဝင်အိပ်အောင်လုပ်ခဲ့တဲ့ လှည့်ကွက်တစ်ခုလား"

သူမက နှာခေါင်းကိုရှုံ့လိုက်ပြီး "နင် အဲ့ဒီလောက်ထိဖတ်လိုက်တာလား"

"နင်က အချိန်အကြာကြီး အိပ်ပျော်သွားခဲ့တာကိုး"

သူမက ကျွန်တော့ရဲ့မေးခွန်းကို စိတ်အေးလက်အေးစဉ်းစားကြည့်နေတယ်။ ပြီးတဲ့နောက် ဝန်ခံတဲ့အနေနဲ့ ခေါင်းညိတ်လာတယ်။ "အဲ့ဒီတုန်းက ငါ နင့်ကို ငါ့ရဲ့ပထမဆုံးအနမ်းပိုင်ရှင်ဖြစ်စေချင်ခဲ့တာ။ ပြီးတော့ အဲ့ဒါက နင်သာ ကြမ်းပေါ်မှာဆက်အိပ်နေခဲ့မယ်ဆိုရင် ဖြစ်လာတော့မှာ မဟုတ်ဘူးလေ"

အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး သူမ မှန်လောက်တယ်။ အဲ့ဒါက အလုပ်ဖြစ်ခဲ့တာပဲ။

အဲ့ဒါက အလုပ်ဖြစ်နေတုန်းပါပဲ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ပထမဆုံးအနမ်းအကြောင်း သူမရေးသားဖော်ပြထားတာကို ဖတ်လိုက်ရတာက အဲ့ဒီညတုန်းက သူမ ကျွန်တော့ဆီက ဆွဲထုတ်ခဲ့တဲ့ခံစားချက်တွေအကုန်လုံးကို ပြန်ခေါ်ပေးခဲ့တယ်လေ။ သူမ အိမ်ပြန်တဲ့တစ်ချိန်လုံးတောင် အိပ်နေလို့ရသေးတယ်။ ကျွန်တော့ဘက်က ဒါကို ကြုံခဲ့ရဖူးသမျှထဲ အကောင်းဆုံးချိန်းတွေ့ခဲ့တာလို့ တွေးထင်နေဦးမှာပဲ။ ။

Last edited date @ wattpad - 30.3.2023, 18:46

Next update will be 2.4.2023

Continuer la Lecture

Vous Aimerez Aussi

3K 115 5
Type: Web novel (CN) Associated Names: I'm young and I'm waiting at home for my spouse to return Ta Tuổi Còn Trẻ Tưởng Thủ Sống Quả [ Xuyên Thư] -is...
2.3M 151K 96
လူတိုင်းပါးစပ်ဖျားမှ ဇမ်းဆိုတဲ့ကောင်က အပေအတေကောင်လို့သမုတ်လဲ သူတို့သတ်မှတ်ချက်အတိုင်းသွားပါစေ.....ကိုယ့်ထမင်းကိုယ်စားပြီး သူများစကားတွေကိုထိုင်ခံစားန...
328K 8.3K 78
"ပူတင်းလေးကဘာလဲ" "ကိုကို့အပိုင်" "ကိုကိုတို့ကရောဘာလဲ " "မောင်နှမ" "ဟာ..."