အခန်းထဲကိုပြန်ရောက်ရောက်ချင်း Instagram က Noti တက်လာတာမို့ သျှင်မင်းသန့်ဖုန်းကိုဖွင့်ကြည့်လိုက်မိသည်။ သူ့ကို mention ထားသည့် Story တစ်ခု။ မနက်က သူအိပ်ရာက အိပ်မှုန်စုံမွှားထလာသည့်ပုံကို တင်ထားခြင်းဖြစ်သည်။
"my messy baby @shinminn_thant"
သျှင်မင်းသန့်ပြုံးလိုက်မိပြီး ကြည်နူးသွားရ၏။ ထို့အပြင် သီချင်းလေးနဲ့ပါတွဲတင်ထားတာမို့ မျက်စိပဒေသာရော၊ နားပဒေသာပါသင့်နေသည်။
*I love you, baby and this is quite alright
Instagram music ကစာသားတွေတစ်လုံးချင်းပေါ်လာတာကိုကြည့်ရင်း ဝင်လာသည့်အတွေးကြောင့် သျှင်မင်းသန့် မျက်နှာမှောင်မဲသွားရသည်။
ထို့နောက်မကျေမနပ်ရေရွတ်လိုက်သည်က
"ဦးလေးကြီးတောင် Instagram music ရတယ်၊ ငါကျဘာလို့မရတာလဲ"
ဟူ၍။
_______________________
"ဖိုးဖိုး နေမကောင်းဘူးလား"
အနည်းငယ်ဖြူရော်ဖြူဖက်ဖြစ်နေသည့် အဘိုးဖြစ်သူကြောင့် သျှင်မင်းသန့်အပြင်မထွက်ခင်မေးလိုက်မိသည်။
"ကောင်းပါတယ် နည်းနည်းအအေးပက်သွားတာ"
"ဆေးခန်းသွားမလား ဖိုးဖိုး"
"ဟင့်အင် ရတယ် ဖိုးဖိုးဘာသာပဲသွားလိုက်မယ်"
ပြာပြာသလဲငြင်းလာသည့်အဘိုးဖြစ်သူနားကိုသွားလိုက်ကာ သျှင်မင်းသန့်သေချာကြည့်လိုက်မိသည်။
"မဖြစ်ပါဘူး သားနဲ့တူတူသွားမယ်"
"ဖိုးဖိုး အဆင်ပြေပါတယ် ငါ့မြေးရဲ့၊ ငါ့မြေးကို ပြောစရာရှိသေးတယ် ခဏထိုင်ဦး"
အဘိုးဖြစ်သူစကားကြောင့် ဧည့်ခန်းထဲရှိခုံပေါ်တွင်ခဏထိုင်လိုက်သည်။ သူ့ဘေးကိုထိုင်လာသည့် ဦးမင်းထက်က သူ့လက်ကိုဆုပ်ကိုင်လာ၏။
"ငါ့မြေး ရည်းစားတွေဘာတွေရနေပြီလား"
အဘိုးဖြစ်သူစကားသည် သျှင်မင်းသန့်အား ကျင်စက်နှင့်တို့လိုက်သလိုပင်။
"အဲဒါက"
"ဖိုးဖိုးကိုပြောပြလို့ရပါတယ်"
သျှင်မင်းသန့် ကြောက်ရွံ့နေခဲ့သည်။ ဦးမင်းထက်သည် အမြဲတမ်းသူ့ကိုနားလည်ပေးခဲ့သည့်သူဖြစ်သည်။ သို့သော် ဒီအချိန်တွင်တော့ အဘိုးဖြစ်သူနားလည်မပေးနိုင်တော့မည်ကို စိုးရွံ့နေ၏။
"ဖိုးဖိုး"
"ရဲရဲပြောပါ ငါ့မြေးရဲ့"
တံတွေးမြိုချလိုက်ပြီး အဘိုးဖြစ်သူကို မျက်လုံးလှန်ကာကြည့်လိုက်မိ၏။
"သားချစ်နေတာ မိန်းကလေးတစ်ယောက်ကိုမဟုတ်ဘူး"
ဦးမင်းထက်၏ မျက်နှာပေါ်တွင် အနည်းငယ် အံ့ဩရိပ်တို့သမ်းသွားသည်။
"ဖိုးဖိုး"
မျက်နှာအမူအရာကိုပြန်ထိန်းလိုက်နိုင်သောအဖိုးဖြစ်သူသည် ခေါင်းကိုသာတညိတ်ညိတ်လုပ်၏။
"အင်း ဖိုးဖိုးရိပ်မိပါတယ်"
"သားကို စိတ်မဆိုးဘူးမဟုတ်လား"
မဝံ့မရဲပြောလိုက်မိတော့ ဦးမင်းထက်က သူ့ကျောပြင်ကို ပွတ်ပေး၏။ ထို့နောက် သက်ပြင်းချစရာစကားဆိုသည်။
"မအံ့ဩဘူးဆိုရင် လိမ်ရာကျမှာပေါ့ ငါ့မြေးရယ်၊ ဖိုးဖိုးတို့ကျင်လည်ခဲ့ရတဲ့ 1500 အချစ်ဆိုတဲ့အရာက ကျားအပေါ်မ၊ မအပေါ်ကျားပဲရှိတာကိုး"
သျှင်မင်းသန့်သည် လက်သီးကလေးများဆုပ်ကာ တိတ်ဆိတ်နေခဲ့သည်။
"ဒါပေမဲ့ ဖိုးဖိုးတို့ကအဲ့လိုကျင်လည်ခဲ့ရတာမို့ အဲဒါကပဲမှန်တယ်လို့ မဆိုနိုင်ဘူးလေ ငါ့မြေးရဲ့၊ ကိုယ်အဲ့လိုနေခဲ့ရလို့ အဲ့လိုပဲနေသင့်တယ်ဆိုတာမျိုးက မမှန်ဘူးလေ"
"အမြင်သစ်အတွေးသစ်တွေမို့ ဪ ဒီလျုပါလားဆိုပြီး အံ့ဩမိရုံပဲ။ ဖိုးဖိုးက စိတ်ဆိုးဖို့တော့ မတွေးမိပါဘူးကွယ်"
"အင်း တစ်ခုတော့ရှိတာပေါ့လေ၊ ကိုယ့်ဘေးနားမှာရှိနေမယ့်လက်တွဲဖော်ဆိုတာ ချစ်တာတစ်ခုတည်းနဲ့ပြီးမှာတော့မဟုတ်ဘူး ငါ့မြေး၊ သူ့ကိုရွေးချယ်လိုက်ရင်၊ သူ့ဘေးမှာနေလိုက်ရင် ငါ့မြေးပျော်ရွှင်ရမလားဆိုတာတော့ ရှိတာပေါ့"
"ဦးလေးကြီးနဲ့သာဆို သားပျော်တယ်"
သျှင်မင်းသန့် အမောတကာတုံ့ပြန်လိုက်မိတာကို မြင်တော့ ဦးမင်းထက်ကပြုံးသည်။
"ဦးလေးကြီးဆိုတော့ ငါ့မြေးထက် ဘယ်လောက်ကြီးလို့လဲ"
"ဆယ့်နှစ်နှစ်"
အဘိုးဖြစ်သူနှင့် ဒီလိုအချစ်ရေးကိစ္စမတိုင်ပင်ဖူးတော့ သျှင်မင်းသန့် ရှက်နေမိသည်။
"အင်း ဆယ်စုနှစ်ကြီးတောင်ကွာတာပဲ၊ ခေတ်ဆယ်စုနှစ်ကြီးတောင်ကွာတဲ့ လူတစ်ယောက်နဲ့ ငါ့မြေးအဆင်ပြေနိုင်ပါ့မလား။ ငါ့မြေးကငယ်တော့ငယ်ပါသေးတယ်လေ"
"ဦးလေးကြီးနဲ့သာဆိုအဆင်ပြေမှာပါ"
မဝံ့မရဲပြောတော့ ဦးမင်းထက်က ပါးရေတွေတွန့်သွားသည်အထိ သဘောတကျရယ်သည်။
"ဖိုးဖိုးခန့်မှန်းတာမမှားဘူးဆိုရင် ဆရာမမိုးမြတ်နောင်ရဲ့မောင်လေးလား"
ဒီတစ်ခါတော့သျှင်မင်းသန့်အံ့ဩရမည့်အလှည့်ပင်။
"ဘယ်လိုလုပ်ပြီး.."
"ဖိုးဖိုးက ငါ့မြေးကိုပဲ အရိပ်ကြည့်လာတဲ့သူပါကွယ်"
"ကဲကဲ မနက်စာလည်းဝင်စားဦးမှာမို့လား၊ ကျောင်းနောက်ကျဦးမယ် သွားတော့"
ဦးမင်းထက်စကားကြောင့် သျင်မင်းသန့် လွယ်အိတ်ကိုလွယ်ကာ မြင့်မြတ်ပိုင်နောင်စောင့်နေမည့်လမ်းထိပ်ကိုထွက်လာခဲ့၏။
ကိစ္စတွေဖြစ်ပျက်သွားသည်နှင့် သျှင်မင်းသန့် လမ်းတစ်ဝက်ရောက်မှ သတိရသည်။
"ညနေကျမှဆေးခန်းအတူတူလိုက်ပြပေးမှပါ"
_____________________
လမ်းထိပ်တွင် ရပ်ထားသည့် မြင့်မြတ်ပိုင်နောင်၏ကားကိုတွေ့လိုက်ရပြီး ထိုကားကိုမှီကာရပ်နေသည့် မြင့်မြတ်ပိုင်နောင်ကိုလည်းတွေ့လိုက်ရသည်။
Shirt လက်ရှည်အဖြူပေါ်ကိုမှ Vest အနက်နဲ့ခဲစပ်ကြားလေးကိုဝတ်ဆင်ထား၏။ Style Pants အနက်ရောင်အရှည်ကတော့ ဝတ်နေကျဖြစ်ပြီး ဘောင်းဘီအိတ်ကပ်တစ်ဖက်ထဲသို့ လက်ထည့်ထားကာ ကျန်လက်တစ်ဖက်ကတော့ ဖုန်းကိုကိုင်ထားသည်။
ရွှေရောင်မျက်မှန်ကိုပါတပ်ဆင်ထားတာမို့ ကားကိုမှီရပ်နေသည့်မြင့်မြတ်ပိုင်နောင်သည် တန်ဖိုးကြီးကား၊ တန်ဖိုးကြီးအဝတ်အစားများနှင့်မဟုတ်သည့်တိုင်အောင် တောက်ပနေသလိုခံစားရသည်။
"ဦးလေးကြီး"
သူလှမ်းခေါ်လိုက်သည်နှင့်မော့ကြည့်လာကာ ဖုန်းကိုဘောင်းဘီအိတ်ကပ်ထဲထည့်လိုက်ပြီး သူ့ကိုပြုံးပြ၏။
သျှင်မင်းသန့်ပြေးသွားလိုက်တော့ မြင့်မြတ်ပိုင်နောင်က သူ့အနားရောက်သည်နှင့်တစ်ပြိုင်နက် ခေါင်းကိုပုတ်သည်။
"ဘာစားမလဲ"
"ဦးလေးကြီး သိလား"
"ဘာကိုလဲ"
"ဦးလေးကြီး ကျွန်တော့်ကိုတွေ့လိုက်တိုင်း အရင်ဆုံးပြောတာ ဘာစားမလဲပဲ"
သူပြောလိုက်တော့ မြင့်မြတ်ပိုင်နောင်ကရယ်သည်။
"အတည်ပြောတာ တွေ့လိုက်ရင် ချာတိတ် ဘာစားမလဲ၊ နေ့လယ်စာစားပြီးပြီလား၊ မနက်စာရော။ ချာတိတ်ဘာစားချင်လဲ"
လက်ချောင်းတွေကိုချိုးကာပြောနေသည့် သျှင်မင်းသန့်ကြောင့် မြင့်မြတ်ပိုင်နောင်မှာ အသည်းတယားယားဖြစ်ရသည်။
"ညညဆိုလည်း ဖုန်းခေါ်လိုက်ရင် ညနေစာစားပြီးပြီလား"
"ကိုယ်က ချာတိတ်စားနေတာလေးကိုအသည်းယားလို့ပါ၊ အဲဒါမို့ များများစားစေချင်တာ"
"အဲ့လိုအများကြီးစားပြီး ကျွန်တော်ဝိတ်တွေတက်လာရင် ဦးလေးကြီးတာဝန်ယူမှာလား"
"ဝိတ်တက်မလာရင်လည်း ကိုယ်ကတာဝန်ယူမှာပဲလေ"
"ဟင် ကျွန်တော်ပြောတာ အဲ့သဘောမှ မဟုတ်တာ"
"လောလောဆယ် ချာတိတ် ကျောင်းနောက်ကျလိမ့်မာ် တစ်ခုခုသွားစားကြစို့၊ ဘာစားချင်လဲ"
သူ့ပါးကိုအုပ်မိုးကာ လက်မဖြင့်ပွတ်သပ်ရင်းပြောလိုက်သူကြောင့် သျှင်မင်းသန့်ဘာစားချင်လဲဆိုတာကို အလျှင်အမြန်စဉ်းစားလိုက်ရ၏။
"နံပြားနဲ့မလိုင်"
___________________
မြင်မြတ်ပိုင်နောင် သျှင်မင်းသန့်အား လက်ဖက်ရည်ဆိုင်ကောင်းကောင်းတစ်ခုသို့ခေါ်သွားလိုက်သည်။ ပုံမှန်ဆိုလျှင် ဆိုင်ထိုင်လေ့ထိုင်ထမရှိသူဖြစ်သောကြောင့် ဒီရက်ပိုင်းများတွင် သျှင်မင်းသန့်အားလိုက်ကျွေးရန် ညတိုင်းညတိုင်း မိုးမြတ်နောင်ဆီမှ စားသောက်ဆိုင်ကောင်းများ၏နာမည်ကို စားရင်းပြုစုရသည်။
သူပြောသည့်အတိုင်းပင် သျှင်မင်းသန့်က အစားစားနေသည့်အချိန်တွင် အသည်းယားဖို့ကောင်းတာမို့ စားကောင်းတာမှန်သမျှလိုက်ကျွေးချင်သည်။
ထိုစဉ်အတွေးတစ်ခုကြောင့် သူ့ဘေးကထိုင်နေသည့်ကောင်လေးကိုကြည့်ရင်းပြုံးမိသွား၏။
"အစားမစားနေလည်း အသည်းယားဖို့ကောင်းနေတာ ခက်တာပဲ"
ထိုသို့တွေးလိုက်ပြီး သူ့ရှေ့တွင် အဆင်သင့်ရှိနေသည့် လက်ဖက်ရည်ပုံမှန်ကို ယူသောက်လိုက်သည်။
"ဦးလေးကြီး"
"Yes, Love"
ခေါ်သံကြောင့် လက်ဖက်ရည်ခွက်ကိုချလိုက်ကာ သူ့ဘေးကကောင်ငယ်လေးကို အကြည့်ပို့လိုက်၏။
"ဖိုးဖိုးသိသွားပြီ"
"ကိုယ်တို့အကြောင်းကိုလား"
သူတို့အကြောင်းကိုသိသွားပြီဆိုသည့်အတွေးကြောင့် မြင်မြတ်ပိုင်နောင်စိတ်လှုပ်ရှားသွားရသည်။ သူပြောခဲ့သလိုပင်။ သူကကိစ္စမရှိသော်လည်း သျှင်မင်းသန့်ကိုမူ သူနှင့်ပတ်သက်င အကျပ်အကျဉ်းထဲမရောက်စေချင်။
သူကသာအတွေးတွေများနေရသော်လည်း သျှင်မင်းသန့်ကမူ စားပွဲထိုးလာချပေးသွားသည့် နံပြားကိုပင် ဖဲ့စားနေလေပြီ။
"အင်း ဟုတ်တယ်"
ပလုပ်ပလောင်းနှင့်သူ့ကိုပင်မကြည့်ဘဲ ခေါင်းရမ်းပြ၏။ မြင့်မြတ်ပိုင်နောင် တစ်ရှူးအနည်းငယ်ယူလိုက်ကာ မလိုင်ဖတ်ပွနေသည့် သျှင်မင်းသန့်၏ နှုတ်ခမ်းထောင့်ကို သုတ်ပေးရင်း မေးလိုက်သည်။
"ဖိုးဖိုးကဘာတဲ့လဲ"
"အဆင်ပြေပါတယ်တဲ့၊ ကျွန်တော်ပျော်ရင်ရပြီတဲ့"
"ချာတိတ်က ကိုယ်နဲ့နေရတာပျော်တယ်လား"
သူ့အမေးကို ပြန်မဖြေဘဲ မုန့်စားနေရင်းမျ သူ့မျက်နှာကို ခေါင်းမော့ကာ လှည့်ကြည့်လာ၏။ မုန့်ကိုမြိုချကာ သူ့ကိုပြန်မေးခွန်းထုတ်လာသည်။
"မပျော်ဘူးဆိုဘာလုပ်မလို့လဲ"
"ကိုယ်ကပျော်အောင်ထားရမှာပေါ့"
သူ့အဖြေကိုကျေနပ်သွားသယောင်နှင့်ပြုံးလာသည့်ကောင်လေး၏ပါးကို အသာလေးဆွဲဖဲ့လိုက်ကာ နာရီကိုကြည့်လိုက်မိသည်။
"ဟုတ်သား ဦးလေးကြီး ဆေးခန်းကနောက်ကျလို့ဖြစ်ရဲ့လား"
"ဖြစ်ပါတယ် ဇေယျာရှိတယ်"
"ဪ"
သျှင်မင်းသန့်က ခေါင်းတညိတ်ညိတ်နှင့် ရှေ့ကိုပြန်လှည့်ကာ မုန့်ကိုဆက်စားသည်။
"ဒါနဲ့ သော်တာက ချာတိတ်ကို မေးနေတယ်"
"မသော်တာကလား ဘာလို့လဲ"
"ပန်းတွေလာမပို့လို့တဲ့လေ၊ အရင်ကဆို နေ့တိုင်းရောက်လာပြီးတော့တဲ့"
ဟုတ်သည်။ အရင်က ဦးလေးကြီးကို တွေ့ချင်လို့ မနက်တိုင်းအကြောင်းမရှိအကြောင်းရှာ မသော်တာကိုပန်းပို့ပေးမည်ဟုပြောကာ သွားပို့ဖြစ်ခဲ့သော်လည်း ဦးလေးကြီးဆီကအဖြေရပြီးနောက် သျှင်မင်းသန့်သိပ်မသွားဖြစ်။
"ဟီး"
"ဘာလို့ရယ်တာလဲ"
"အရင်ကပန်းပို့ပေးတယ်ဆိုတာ၊ ဦးလေးကြီးကိုတွေ့ချင်လို့ ခွင်ဖန်တာလေ ဟီး"
"ချာတိတ်ကတော့"
"ခုကျ ပန်းမပို့လည်းတွေ့နေရတာဆိုတော့ မေ့သွားတာ ဟီး"
"ခေါင်းသေးသေးလေးက အကြံတော့ထွက်တယ်နော်"
သူ့ခေါင်းကိုလက်နှင့်အုပ်ကာပြောလာသူကြောင့် သျှင်မင်းသန့် မျက်လုံးထောင့်ကပ်ကာကြည့်လိုက်၏။
"ခေါင်းသေးပေမဲ့ ဦးနှောက်မသေးဘူးဗျ"
"ဟုတ်ပါပြီ၊ ရန်လိုနေလိုက်တာ ခွေးပေါက်လေးလား ချာတိတ်က"
သဘောတကျရယ်ကာပြောလာသည့် မြင့်မြတ်ပိုင်နောင်ကြောင့် သျှင်မင်းသန့်သည် Smile lines များပေါ်တွင် ကျရှုံးနေရပြန်သည်။
"ခွေးပေါက်လေးဆိုတော့ ဦးလေးကြီးက ဘာလုပ်မလို့လဲ"
"ဆေးခန်းခေါ်သွားပြီး ဖင်ဆေးထိုးလိုက်မယ်"
"ဦးလေးကြီးနော်"
မြင့်မြတ်ပိုင်နောင်၏ မနက်ခင်းသည် သျှင်မင်းသန့်နှင့်ရှိနေလျှင် ထိုသို့ကြည်နူးရသည်။ ထိုကလေးကိုစရင်း ရယ်မောရသည်။ တစ်ဘဝလုံးမရခဲ့ဖူးသည့် အခိုက်အတန့်တိုင်းအား သျှင်မင်းသန့်နှင့်အတူတူပုံဖော်ခွင့်ရနေခြင်းသည် သူ့အတွက် ဘယ်တုန်းကမှမမျှော်လင့်ထားခဲ့သည့်အရာပင်။
သျှင်မင်းသန့်သည် သူ့ဘဝထဲသို့ သူဖိတ်မခေါ်ပါဘဲ ဝင်လာခဲ့သည့် ပျော်ရွှင်မှုကလေးဖြစ်သော်လည်း သူလိုလိုလားလားဆုပ်ကိုင်ချင်ရသည့် လက်တစ်စုံ၏ပိုင်ရှင်ဖြစ်သည်။ သူ့ဘဝထဲကို ဖိတ်မခေါ်ဖြစ်ခဲ့သော်လည်း သျှင်မင်းသန့်ဘဝလေးထဲရောက်နိုင်မည့်လမ်းကိုတော့ သူအမြဲတမ်းမသိစိတ်ကရှာဖွေနေမိခဲ့သည်။ သျှင်မင်းသန့်ကလည်း အလားတူ သူ့ဘဝထဲကို ဝင်ရောက်လာသည့်အခါ ဘဝနှစ်ခုသည် ထပ်တူကျခဲ့ရလေပြီ။
____________
"ဦးလေးကြီး"
"Yes, love"
ကျောင်းကိုရောက်ခံနီးတော့ ခေါ်လာသည့် Lover seat ကကောင်လေးကြောင့် မြင့်မြတ်ပိုင်နောင် လှည့်မကြည့်ဘဲထူးလိုက်သည်။
"ဆိုင်ကယ်စီးချင်တယ် ညကျ"
"လေတိုက်တယ် အအေးမိလိမ့်မယ်"
"ဦးလေးကြီးကလည်း"
"မရဘူး ချာတိတ်"
သူပြောလိုက်တော့ မျက်နှာကလေးကငယ်သွားသည်။
"အနွေးထည်ထူထူဝတ်ခဲ့မယ်လေ"
"အေးနေပြီ"
"ချာတိတ်"
"ဦးလေးကြီးနောက်ကထိုင်လိုက်မှာပဲလေ"
"ချာ တိတ်"
"ပြီးတာပါပဲ"
ဆိုင်ကယ်က ရိုးရိုးဆိုင်ကယ်ဆိုလျှင်ပင် ညညစီးလျှင် အတော်အေးတာဖြစ်သည်။ လေတိုးသည့်ဒဏ်နှင့် အအေးပက်မည်မှာအသေအချာ။ သူ့ဆိုင်ကယ်က racing bike မို့ပိုဆိုးသည်။ အလိုလိုက်၍မဖြစ်။
"လိမ်မာတယ်၊ ရောက်ပြီ ကိုယ့်နားလာဦး"
ကားရပ်လိုက်ပြီးသူ့ဘက်ကိုလှည့်လိုက်တော့ ဆူပုပ်ပုပ်မျက်နှာထားနှင့် မကျေနပ်သည့်အကြည့်ကကြိုဆိုနေသည်။ သို့သော် ထိုမကျေမနပ်မျက်နှာနှင့်ပင် သူပြောသည့်အတိုင်း တိုးလာတာမို့ ပြုံးလိုက်မိ၏။
ခေါင်းလုံးလုံးလေးကိုထိန်းလိုက်ကာ နဖူးကို ဖိနမ်းလိုက်ပြီး ဆံပင်ကိုလည်းဖွလိုက်၏။
"နေ့လယ် ကန်တင်းမှာပဲစားလိုက်နော်၊ ညနေကျမှ ကိုယ်လာကြိုမယ်"
"ဟုတ်"
"စိတ်မဆိုးရဘူး ချာတိတ်"
"မဆိုးဘူး"
"မဆိုးရင် ကိုယ့်ကိုနမ်းပါဦး"
"ဆိုးတယ်"
"ချာတိတ်က ခွေးပေါက်လေးလား တကယ်"
မြင့်မြတ်ပိုင်နောင် သဘောတကျရယ်ရင်းပြောလိုက်တော့ မျက်စောင်းလှလှက ပိုတိုးလို့စူးရှလာ၏။
"ကိုယ် ညနေလာကြိုမယ်နော်"
"ဟုတ်"
____________________________
"ဆရာ"
သူ့အခန်းထဲကိုဝင်လာသည့် ဇေယျာမင်းကြောင့် မြင့်မြတ်ပိုင်နောင် မျက်လုံးလှန်ကာကြည့်လိုက်သည်။
"ဆရာ့ကလေရဲ့အဘိုး ဆေးရုံရောက်နေတယ်တဲ့"
မြင့်မြတ်ပိုင်နောင်၏ မျက်ခုံးတွေတွန့်ချိုးသွားသော်လည်း ဘာမှတော့မပြော။
"ကျွန်တော့်ကောင်လေးကဖုန်းလှမ်းဆက်လို့၊ သူ့အဘိုးကရုတ်တရတ်ကြီးဖြစ်သွားတော့ တော်တော်ကြောက်နေတဲ့ပုံပဲတဲ့"
အဖြူရောင်ကုတ်ကိုချက်ချင်းချွတ်လိုက်ကာ ကားသော့ကိုဆွဲယူလိုက်ပြီး ဇေယျာမင်းကိုကျော်ကာထွက်သွား၏။ အပေါက်ဝနားကိုရောက်မှလှည့်ကြည့်လာကာ တစ်ခွန်းပြော၏။
"ကျွန်တော့်ကို ဆေးရုံလိပ်စာတစ်ချက် မက်ဆေ့ခ်ျပို့ထားပေးပါဦး ဇေယျာ ပြီးတော့ ဆေးခန်းကိုခဏကြည့်ထားပေးပါဦး၊ လာပြောပေးလို့ကျေးဇူးပါနော်၊ ကျွန်တော်သွားလိုက်ဦးမယ်"
သူ့ဆရာဆီကမကြားစဖူး စကားအရှည်ကြီးကြားလိုက်ရတာမို့ ဇေယျာမင်း ခဏလောက်ကြက်သေသေသွားခဲ့သေးသည်။
@OliviaThet-Eleanor