မောင့်ကို ကြည့်တဲ့ ထိုမိန်းကလေးရဲ့ရဲတင်းလှသော အကြည့်တွေ ကျနော်မကြိုက်ပါဘူး...ကျနော် သဝန်တိုတတ်နေပြီ ထင်တယ်...။
...............
ကန်တင်းရောက်တဲ့ချိန်ထိ ဘေးကကပ်ပါလာသော မြတ်နိုးရာလေးက ငြိမ်နေလေသည်။စားစရာတွေ မှာပြီးသည့်အချိန်ထိ ထိုအကောင်ပေါက်လေး စိတ်အာရုံတွေ ကျုပ်ဆီ ရှိမနေ...။ဒီကလေး ဘာတွေများ ဖြစ်နေတာများလဲ။
" နန်း...ဘာတွေ အဲ့လောက်တွေးနေတာလဲ ဘာဖြစ်လာလို့လဲ ငါ့ကိုပြော... "
မောင်က ကျနော့်ကို သူနှင့်မျက်နှာချင်းဆိုင်လိုက်၍ မေးလာလေသည်။ကျနော်စိတ်တွေ အဆင်မပြေနေ...စောစောက အဖြစ်အပျက်အားလည်း ဘဝင်မကျ။မောင့်ဘေးမှာ သူ့သူငယ်ချင်းတွေက လွဲလို့ အခြားသူတစ်ယောက်ယောက်ရှိနေတာ အသားမကျသေး၍လည်း ဖြစ်မည်။ဒါမှမဟုတ်...ကျနော် သဝန်တိုတတ်နေလေပြီလား...။
ဘဝငယ်သည် ပြန်၍မဖြေ မျက်နှာငယ်လေးကိုသာ အောက်သို့ အတင်းငုံ့ချနေလေတော့သည်။
" နန်းရာ...ဘာတွေဖြစ်နေတာလဲကွာ
ငါစိတ်တွေ ပူလာပြီ "
ခွန်စိုင်းတစ်ယောက် ထူးထူးဆန်းဆန်းတွေ ဖြစ်နေသောသူအား ချော့မော့မေးရင်း စိုးရိမ်စိတ်တွေ တိုးလာတော့သည်။ဘဝငယ်ရဲ့ ဒီလို အားငယ်
မွန်းကြပ်နေသောမျက်နှာလေးကို တစ်ခါမှ မမြင်ဖူး၍ မနေတတ်တော့ ထိုင်မရထမရ ဖြစ်နေတော့သည်။
" နန်း...ငါ့ကိုကြည့် ဘာကိုအလိုမကျနေတာလဲဟင် ငါ့ကိုပြောပြမှ ငါက မင်း
စိတ်အလိုကျအောင် စိတ်အဆင်ပြေအောင်
လုပ်ပေးလို့ရမှာပေါ့...မဟုတ်ဘူးလား "
" ဘာမှမဖြစ်ပါဘူး...ငါ...ငါ ဗိုက်ဆာနေလို့ရယ် "
ဘာဖြစ်နေပါတယ်ဆိုပြီး ပြောဖို့ရာကလည်း
ဘာကဘယ်လ်ိုဖြစ်နေလဲပင် ကျနော်ကိုယ်တိုင်တောင် မသေချာ...။မောင့်ကို ဘယ်လိုစပြောပြရပါ့မလဲ။
နန်း ဆိုသော ဒီအကောင်ပေါက်လေးအား ဟိုးငယ်စဉ်ကပင် သိကျွမ်းခဲ့၍ မိုးလေဝသခန့်မှန်းသူတွေထက်ပင် ဘဝငယ်ရဲ့စိတ်ထဲက ဥတုမျိုးစုံကို ကျုပ်ခန့်မှန်းတတ်သည်။ဘဝငယ်ရဲ့ မျက်နှာကြည့်ရုံဖြင့် ထိုသူလေး မူမမှန်တာ သိနေလေပြီ...။
မပြောပြချင်သောကလေးငယ်ကို ဇွတ်အတင်းမမေးချင်။ထိုသူလေးအတွက် " မောင် " ဆိုသောကျုပ်ဟာ စိတ်သက်သာရာရပ်ဝန်းလေးပဲ ဖြစ်စေချင်သည်..ကလေးငယ် နေရခက်မှာလည်း ဆိုးပေသည်။
" အွန်း အာ့ဆို ထမင်းစားမယ်...
လျှောက်ပြီး တွေးမနေနဲ့တော့ "
နန်းလွန်းသည် ခွန်စိုင်းပြင်ဆင်ပေးသော ထမင်းကိုသာ ဂရုတစိုက်စားနေလေတော့သည်။
ဟုတ်တယ် နန်းလွန်း လျှောက်မတွေးနဲ့...
မောင်က ခုငါနဲ့ရှိနေတာပဲ...လျှောက်မတွေးနဲ့
နန်းလွန်း စိတ်ထဲတွင် အကြိမ်ကြိမ်သတိပေး၍ ပြောနေမိတော့သည်။ထမင်းစားပြီးသည်နှင့်...
" နန်း ညနေအတန်းပြီးရင် ငါလာခေါ်မှာမို့...
ဘယ်မှ မသွားဘဲ ငါ့ပဲ စောင့်နေနော် "
" အွန်းပါ မောင်ရယ်...ငါက မောင်မပါဘဲ ဘယ်သွားဖူးလို့လဲ နေ့တိုင်းစောင့်နေကျပဲကို "
နန်းလွန်းသည် ခွန်စိုင်းအပြောကို မျက်လုံးဝိုင်းလေးများ မှိတ်ကျသွားသည်အထိ ပြုံးပြ၍ ပြန်ပြောလိုက်လေသည်။
ကျုပ်ကလေးလေး ငေးမှိုင်နေတာ...ကျုပ်မလိုချင်။ပြုံးပျော်နေတာပဲ မြင်စေချင်သည်။
ဘေးလည်း အာရုံမထားနိုင်တော့ ဘဝငယ်ရဲ့ အပြုံးအောက်မှာ ကျုပ်မြောသွားရခြင်းမှာ ဖြစ်ရိုးဖြစ်စဉ်တစ်ခုကဲ့သို့...။ရိုးအီသွားခြင်းမရှိသည့်အရာများထဲတွင် ဘဝငယ်သည် ထိပ်ဆုံးက ရပ်တည်နေမည်ဟု ကျိန်းသေပြောရဲသည်။သက်သေပြပါဆိုလျှင်...ဘဝငယ်ရဲ့အပြုအမူတွေကို အမြဲအသစ်အဆန်းလို ငေးမောနေမိတတ်သော ကျုပ်ကိုသာ လာကြည့်လှည့်ဟု ပြန်ဖြေလိုက်မိမှာ အမှန်။
" ခွန်စိုင်း...အတန်းပြန်သွားကြမယ်လေ "
ဘေးက သီဟအောင်သည် ဘယ်ကဘယ်လိုပေါ်လာမှန်းမသိ။သူ စကားစတော့မှ ကျုပ်အာရုံသည်လည်း နန်းဆီမှ ခွာနိုင်တော့သည်။
" အေး...မင်း အရင်သွားနှင့်
ငါ နန်းကို လိုက်ပို့လိုက်အုန်းမယ် "
" ဟျောင့် ခွန်စိုင်း...နန်းလွန်းက ငါတို့ထက် တစ်နှစ်ကြီးတာလည်း သတိရအုန်း...မသိရင် မင်းထက်ငယ်တဲ့ကလေးလေးကျနေတာပဲ "
" အဲ့တော့ "
ခွန်စိုင်း စိတ်မရှည်ချင်...ကိုယ့်ဘာသာ လိုက်ပို့ချင်လို့လိုက်ပို့တာ သူနဲ့ဘာဆိုင်။အသက်ငယ်မှ လိုက်ပို့ရမယ်လို့ ဘယ်သူက ဥပဒေထုတ်ထားလို့လဲ...အေး ထုတ်ထားတယ်ဆိုလည်း ကျုပ်ကတော့ ဂရုကိုမစိုက်တာ ရှင်းလား...။
" အဲ့တော့...ဘာမှမဟုတ်ပါဘူး လိုက်ပို့ပြီးပဲ အတန်းလာခဲ့တော့လို့...ငါ အရင်သွားနှင့်မယ်နော် ဟီးဟီး "
မျက်နှာကြည့်ရုံ စကားလမ်းကြောင်းကြည့်ရုံနဲ့ အခြေအနေဟာ မကောင်းတော့မှန်း ကျနော်သေချာသိသည်။ဒီနေရာက အမြန်လစ်မှ မဟုတ်လျှင် ခွန်စိုင်းမောင် ရဲ့ အကြည့်တွေကြား ကျနော့်လိပ်ပြာလေး အဝေးပြေးထွက်တော့မည် ထင်သည်။
" မောင်...ငါတို့လည်း သွားကြမယ်လေ "
" အွန်း သွားမယ် လာ... "
ခွန်စိုင်းသည် ထုံးစံအတိုင်း နန်းလွန်းလွယ်အိတ်ကို သယ်၍ သူ့နံဘေးက လူသေးသေးလေးအား ခေါ်ဆောင်သွားလေတော့သည်။ကျောင်းက လူများအတွက်တော့ ထိုမြင်ကွင်းသည် ရိုးလွန်းနေသည့် မြင်ကွင်း...တဖက်ကကြည့်လျှင်လည်း မရိုးနိုင်အောင် လိုက်ဖက်နေသည့် မြင်ကွင်းပင်။
လှပကြော့ရှင်းမှု အပေါင်းခညောင်းနေ၍ အပိုဆုဖြင့် ချစ်စရာကောင်းနေခြင်းပါ ပိုင်ဆိုင်ထားသော ကောင်ငယ်လေး နှင့် ထိုသူလေးဘေးမှာ အမြဲရှိနေတတ်သော အရပ်မြင့်မြင့် ခန့်ညားချောမောနေခြင်းနှင့်အတူ မြင်သူတိုင်းကို ရှိန်စေနိုင်သော အရှိန်အဝါရှိသည့် ကောင်လေးသည် မြင်သူအဖို့ မရိုးနိုင်လောက်အောင် လိုက်ဖက်လွန်းသော ပေါင်းစပ်မှုတစ်ခုပင်။
" မောင်...ငါ အထဲဝင်တော့မယ်
စောင့်နေမယ်နော် "
" အွန်း "
ခွန်စိုင်းသည် နန်းလွန်းစကားအား ပြန်တုံ့ပြန်၍ ခေါင်းကိုလည်း ငြိမ့်ပြလိုက်သည်။နန်းလွန်းလည်း ခွန်စိုင်းကို ပြုံးပြ၍ အတန်းထဲ ငြိမ်ငြိမ်လေး ဝင်ထိုင်နေလိုက်တော့သည်။
နန်းလွန်း သူ့နေရာမှာ ထိုင်ပြီးတာ သေချာမှ ခွန်စိုင်း မိမိအတန်းကို ပြန်လာခဲ့တော့သည်။
" စိုင်း စိုင်း... "
မိမိနာမည်ကို လှမ်းခေါ်နေ၍ ခွန်စိုင်းနောက်ကို တစ်ချက်လှည့်ကြည့်လိုက်သည်။နောက်က လှမ်းခေါ်နေသူမှာ စောစောက အတန်းထဲ၌ မိမိစားပွဲခုံရှေ့ ရဲရဲတင်းတင်း လာမိတ်ဆက်နေသော အမျိုးသမီး...။နာမည်တော့ မမှတ်မိတော့...မှတ်ထားဖို့ရန်ကလည်း ကျုပ်အတွက် သိပ်အရေးပါနေတာမဟုတ်။
ခွန်စိုင်းသည် လှိုင်ထပ်ထားစံကို တစ်ချက်လှည့်ကြည့်၍ ရှေ့ပြန်လှည့်သွားကာ သူ့လမ်းကိုသာ ဆက်သွားနေတော့သည်။
ကန်တင်းမှာကတည်းက စိုင်းတို့ကို တွေ့သည်။နန်းလွန်းနောင်သည် ခွန်စိုင်းဘေးအမြဲကပ်ပါနေသဖြင့် အခွင့်မသာသောကြောင့် ငြိမ်နေရခြင်း ဖြစ်သည်။သူတို့ထသွားသောအခါ ကျွန်မလည်း နောက်မှ လိုက်လာခဲ့သည်။နန်းလွန်းနောင် သူ့အတန်းထဲ ဝင်သွားတော့မှ စိုင်း ကို ချဉ်းကပ်ရန် အခွင့်ရတော့သည်။
သူကသာ နောက်က ခေါ်နေတာ ထိုသူမှာတော့ သူ့အားတစ်ချက်ကြည့်၍ ဂရုမစိုက်သည့်နှယ်...။ဒေါသထွက်မိသည်...သူ့ကို တစ်ယောက်မှ ထိုသူလို မဆက်ဆံဖူးသောကြောင့် ဖြစ်မည်။ဒီလိုအပြုအမူတွေကြောင့်လည်း စိုင်းကို လိုချင်တာ...။
" စိုင်း...ဒို့ စောစောက စိုင်းနောက်က ခေါ်နေတာ မကြားဖူးလား...ကြားရက်သားနဲ့ တမင်ဂရုမစိုက်တာလား "
အတန်းထဲ ရောက်သည်နှင့်လှိုင်ထိပ်ထားစံသည် ခွန်စိုင်းစားပွဲရှေ့ လာ၍ ပြောနေခြင်းပင် ဖြစ်သည်။
" ဘာလုပ်မလို့လဲ "
ခွန်စိုင်း တစ်ချက်မော့ကြည့်၍ ပြောလိုက်လေသည်။
" ဘာလို့ရယ်တော့လည်း မဟုတ်ပါဘူး...ဒီတိုင်း မြင်လို့ လှမ်းခေါ်မိတာပါ "
" ဒို့က စိုင်းကို ခင်လို့လေ...စိုင်းကရော ဒို့ကို မခင်ဘူးလား "
ခွန်စိုင်းဘက်က စကားသံပေါ်မလာတော့ပေ...သူ့စာအုပ်ကိုသာ ဖွင့်၍ ကြည့်နေလေသည်။
" ညနေအတန်းပြီးရင် ဘယ်သွားဖို့ရှိသေးလဲဟင်...ဒို့က စိုင်းနဲ့ ခင်ချင်တော့ ဆိုင်တစ်ဆိုင်ဝင်ပြီး မုန့်သွားစားကြရင် ကောင်းမလားလို့..."
" စိုင်း...ဘယ်လိုလည်းဟင် စိုင်း အားရဲ့လား "
လှိုင်ထိပ်ထားစံသည် ဇွဲမလျှော့ တစ်ခုပြီးတစ်ခု ဆက်ဆက်ပြောနေလေသည်။
အာရုံတွေ တအားနောက်တယ်!!ပြန်မပြောရင် ဒီနားကနေ ထွက်သွားမည့်ပုံမပေါ်...
ခွန်စိုင်း အတွေးထဲမှ ပြောလိုက်ရင်း...
" မအားဘူး...နန်းကို သွားကြိုရမှာ "
" အဲ့တာဆိုလည်း နန်းလွန်းနောင်ပါ... "
" သွားကြိုပြီးလည်း မအားဘူး...
အိမ်တန်းပြန်ကြမှာ ပြီးတော့ နန်းက
လူစိမ်းရင် မနေတတ်ဘူး...မကြိုက်ဘူး "
ခွန်စိုင်းသည် လှိုင်ထိပ်ထားစံ၏စကားကို ဖြတ်၍ ပြောလိုက်ခြင်းဖြစ်ပေသည်။ခွန်စိုင်း စကားအကုန်ပြော၍ စားပွဲခုံပေါ် မှောက်အိပ်လိုက်တော့သည်။လှိုင်ထိပ်ထားစံ မျက်နှာအတော်ပျက်သွားတော့သည်။
ဒေါသသည် တစ်စုံတစ်ခုကို ဝုန်းဝုန်းဒိုင်းဒိုင်း လုပ်ပစ်ချင်မိသည်အထိပင်။ရှက်စိတ်တွေ သိမ်ငယ်စိတ်တွေ တသက်နဲ့တကိုယ်တစ်ခါမှ မဝင်ခဲ့ဖူး...ခုတော့ စိုင်းဆိုသော ထိုသူကြောင့် ပထမဆုံးအကြိမ် ဝင်လာမိတော့သည်။
အတန်းထဲမှသူများ၏မျက်လုံးများမှာလည်း သူတို့နှစ်ယောက်ဆီမှာ...။တစ်ချို့ဆိုလျှင် သူမအား ကြည့်၍ တီတိုးတီတိုး ပြောနေကြသည်။ထိုအခြင်းအရာတွေ အားလုံးသည် သူမစိတ်အား အမှောင်ဖုံးစေလိမ့်မည့် တရားခံတွေ ဖြစ်လာနိုင်ပေသည်...။
"ဟုတ်ပြီလေ...အဲ့တာဆိုလည်း နောက်မှပေါ့ "
အတတ်နိုင်ဆုံး အားတင်း၍ သူမစိတ်အစုံကို လျှော့ချကာ ပြန်ပြောလိုက်ပြီး သူမနေရာအား သူမပြန်သွားခဲ့လေသည်။
ခွန်စိုင်း ညနေအတန်းပြီးသည်နှင့် ခြေလှမ်းတွေသည် မြတ်နိုးရာလေးဆီ ခပ်သွက်သွက် ဦးတည်နေလေသည်။
ဒီကလေး နေ့ခင်းက စိတ်မကြည်ဖြစ်နေတာ သူရိပ်မိသည်။နန်း ပြုံးပျော်နေတာလေးပဲ မြင်ချင်သောသူ ဖြစ်သောကြောင့်...သူလေးပျော်ရွှင်စေရန် ဒီနေ့ညနေ သူသွားချင်သောနေရာလေးများကို လိုက်ပို့ရန် စီစဉ်ထားသဖြင့် အတန်းပြီးသည်နှင့် သီဟအောင်အား နှုတ်ဆက်၍ အမြန်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ခွန်စိုင်း နန်းလွန်းအတန်းရှေ့ရောက်နေလေပြီ ဖြစ်သည်။နန်းလွန်းကတော့ သူ့အားမမြင်သေး...အတန်းမပြီးသေး၍ ရှေ့မှ ဆရာသင်နေသော စာကိုသာ အာရုံစိုက်နေလေသည်။
ခွန်စိုင်း အတန်းရှေ့မှ ဝရုံတာကို မှီ၍ ဘဝရဲ့မြတ်နိုးရာငယ်လေးအား ကြည့်နေမိလေသည်။
နန်းလွန်း ရဲ့ စာလိုက်မှတ်နေပုံလေး...ဘောပင်လေးကို ရဲစိုနေသော နှုတ်ခမ်းဖူးဖူးလေးနှင့်ထိ၍ ရှေ့မှဆရာသင်တာ လိုက်နားထောင်နေပုံလေး...စာအုပ်ကို ကြည့်၍တွေးဆဆဖြစ်နေသော ပုံလေး နန်းလွန်းရဲ့အပြုအမူလေး တစ်ခုမကျန် ခွန်စိုင်း လိုက်မှတ်သားနေမိပြန်သည်။
နန်းလွန်း စာလိုက်မှတ်၍အပြီး တံခါးပေါက်ဘက် တစ်ချက်လှမ်းအကြည့်...
" အယ်...မောင် ရောက်နေပြီပဲ "
နှုတ်ခမ်းဖျားမှ တီးတိုးလေးပြောလိုက်မိသည်။
မောင်သည် ဝရုံတာကို မှီ၍ ကျနော့်ကို ကြည့်နေခြင်းဖြစ်သည်။မောင့်ရဲ့ စူးရှတဲ့ မျက်လုံးတွေသည် ကျနော့်ကို နည်းနည်းလေးမှ အလွတ်မပေး...အထူးအဆန်းလို ကြည့်နေလေသည်။မောင်ကတော့ ရိုးရိုး ကြည့်နေတာပဲ မရိုးနေတာ ကျနော်...။မောင်ရဲ့ စိုက်ကြည့်နေသော မျက်လုံးတွေကြောင့် လူမှာ မနေတတ်တော့...နှလုံးခုန်တွေပဲ မြန်လာသလိုလို မျက်နှာပဲ ပူလာသလိုလို။
ငယ်ငယ်ကတည်းက သိလာတယ်ဆိုပေမဲ့လို့ မောင်က အမြဲတမ်း အချိန်နေရာမရွေး ကျနော့်ကို ရှက်စေနိုင်သောတစ်ယောက်တည်းသောသူ ဖြစ်နေဆဲ...ဖြစ်နေအုန်းမည်မှာလည်း သေချာသည်။
အတန်းပြီးသည်နှင့် စာအုပ်တွေ အမြန်သိမ်းကာ မောင့်ရှေ့မှာ ရပ်လိုက်တော့သည်။
" မောင်...မောင်တို့အတန်းပြီးတာစောတယ်နော် ဒီနေ့ "
နန်းလွန်းသည် မိမိအား စိုက်ကြည့်နေဆဲဖြစ်သောသူအား နေရခက်၍ စကားစလိုက်လေသည်။ထိုအခါမှ အသိပြန်ဝင်လာပုံပေါ်သော ခွန်စိုင်းသည်...
" ဟုတ်တယ်...ဒီနေ့စောတယ် နန်း ငါတို့ အိမ်မပြန်သေးဘဲ လျှောက်သွားရအောင် "
" အမ်...ရုတ်တရက်ကြီး မေမေ့ကိုလည်း မပြောရသေးဘူး...တီလေးကိုရော လှမ်းပြောပြီးပြီလား "
" အွန်း မေမေ့ကိုလည်း ပြောပြီးပြီ...မေမေက သွားတဲ့ ရတယ်တဲ့...ဒေါ်လေးကိုတော့ မေမေ့ကို လှမ်းပြောခိုင်းထားတယ် ဒေါ်လေးကလည်း ငါပါရင် ရပါတယ် "
" အွန်းအွန်း...အဲ့တာဆို ငါတို့ မုန့်အရင် သွားစားမယ်...ပြီးတော့ ကစားကွင်းလည်း သွားမယ်...ညဈေးလမ်းလည်း လျှောက်ကြမယ် "
မေမေက မောင်ပါရင်ဘယ်နေရာမဆို စိတ်ချသည်။ပြောရရင် မောင့်ကို ကျနော့်ထက်တောင် ပိုယုံကြည်သည်။ဒါလည်း ကောင်းတာပါပဲ ကျနော်လုပ်ချင်တာဆို မောင့်ကို ပြောလိုက်ရုံပဲ...ကျန်တဲ့အပိုင်းကို မောင်က မဖြစ်ဖြစ်အောင် စီစဉ်ပေးလိမ့်မည်။
ဘဝငယ်လေး ပျော်နေတာမြင်တော့ ကျုပ်ပါ အလိုလိုပြုံးမိသည်။ကျုပ် ပြုံးပျော်ဖို့ရာဆိုတာ သိပ်မခက်ခဲ...ဘဝငယ် ပျော်ရင် ကျုပ်ပါ လိုက်ပျော်သည်...။သိပ်ကို ရိုးရှင်းသည်...ကျုပ် ပျော်ခြင်း ဝမ်းနည်းခြင်း စိတ်ခံစားချက်အလုံးစုံဟာ ဘဝငယ်ပေါ်ပဲ မူတည်နေတာမျိုး...။
" အွန်း အာ့ဆို သွားမယ် မြန်မြန်လာ "
ခွန်စိုင်းသည် နန်းလွန်း လွယ်အိတ်ကိုရော လက်ကိုပါ ဆွဲယူ၍ အတန်းရှေ့မှ အမြန်ထွက်သွားလေတော့သည်။
အရင်ဆုံး ဘေးကအကောင်ပေါက်လေး ဗိုက်ဆာနေမှာ ဆိုး၍ စားသောက်ဆိုင်တစ်ဆိုင်ထဲဝင်ကာ ထိုအကောင်လေးအား ဗိုက်ပြည့်စေမည့်အရာလေးများ ကျွေးရတော့သည်။ထို့နောက် ကစားကွင်းဆီသို့ ဦးတည်ကြတော့သည်...။
" မောင်...မောင် ငါဒီအရုပ်လေးလိုချင်တယ် "
"မောင်...မောင် ငါဒီဟာ စားချင်တယ် "
" မောင်...မောင် ငါဒီဟာ စီးချင်တယ် "
ရှေ့မှ ဦးဆောင်၍ မိမိလက်ကို ဆွဲကာ လိုချင်တာတွေ စားချင်တာတွေ လုပ်ချင်တာတွေ လုပ်နေရ၍ ပြုံးပျော်နေသော ဘဝငယ်အား ကြည့်ကာ သူခေါ်ရာနောက် ပြုံးပြုံးကြီး လိုက်၍ အရာအားလုံးနောက်မှ လုပ်ပေးနေမိတော့သည်။ကလေးငယ်လေးတွေရဲ့ ရီသံလေးတွေကြား ကျုပ်ကလေးလေးရဲ့ ရီသံလေးသည် ကျုပ်အတွက် အသာယာဆုံးနဲ့ ချစ်ဖို့အကောင်းဆုံးပင်...။
ကစားကွင်းထဲမှ လိုက်ဖက်လှသော ထိုကောင်လေးနှစ်ယောက်ကို မြင်လျှင် မြင်သူတိုင်း ပြုံးမိကြမည်မှာ အမှန်။လိုက်ဖက်မှုအပေါင်းနဲ့ ကြည်နူးဖွယ်ကောင်းသော ညနေခင်းလေးတစ်ခု ဖြစ်ခဲ့လေသည်...။
မှောင်စပြုလာလေပြီ...မမောမပန်းနိုင်သေးသော လူနှစ်ယောက်မှာ အခုချိန်ဘယ်ဆီကိုများ ရောက်နေပါလိမ့်...။
မီးရောင်စုံတွေနဲ့ ပြည့်နှက်နေသော ညဈေးတန်းကြီး အလယ် ထိုမီးရောင်စုံတွေနဲ့အပြိုင် လှပနေသော ကျုပ်ဘဝငယ်လေး...။ဆုတ်ကိုင်ထားသော လက်တွေသည် တစ်ဖက်နှင့်တစ်ဖက် ဝေးကွာသွားမှာ ကြောက်ကြသည့်နှယ်...တင်းကြပ်လို့ပေါ့။
ဒီအပြုံးတွေ ဒီအပြုအမူတွေ ဒီအပြောအဆိုတွေနှင့် ထိုသူနှစ်ယောက်ဟာ ချစ်သူ မဟုတ်ပါဘူးလို့ ပြောရင် ဘယ်သူကများ ယုံကြလိမ့်မည်နည်း။မယုံဘူးလို့ ပြောလိုက်လျှင်လည်း...ခွန်စိုင်းတစ်ယောက် ခင်များတို့ ယုံတာမယုံတာ ဂရုမစိုက်ဘူးလို့ ပြောလာမှာလည်း ကြောက်ရသေးသည်...။တစ်ပြိုင်တည်း နုဖက်နေသောမျက်နှာလေးတစ်ခု နီရဲ၍ ခွန်စိုင်းဘက်တိုးကပ်ကာ ထိုမျက်နှာလေး ပုန်းကွယ်နေမှာလည်း မြင်ယောင်နေမိသေးသည်။
ထိုညရဲ့မီးရောင်စုံအောက်က တစ်ယောက်နဲ့တစ်ယောက် လွတ်ထွက်သွားမှာဆိုးသည့်နှယ် လက်တို့ခိုင်မြဲစွာဆုတ်ကိုင်ထားသော သူနှစ်ယောက်၏ ပန်းချီကားလှလှလေးကို ဘယ်ပန်းချီဆရာမှ အသက်ဝင်အောင် ရေးဆွဲနိုင်လိမ့်မည်မထင်...။
ညလည်းအတော်နက်လာပြီဖြစ်လို့ အိမ်ကိုပြန်ရန် ကားဘီးလေးကို တစ်လှိမ့်ချင်း လှိမ့်ရပေတော့သည်။
ဒီနေ့မှပဲ အိမ်ပြန်လမ်းဟာ နီးနေသယောင်ယောင်...။ ခွန်စိုင်းသည် နန်းလွန်း၏ ခြံရှေ့မှာ ကားကို ရပ်လိုက်လေသည်။
" မောင် ငါ အိမ်ထဲ ဝင်တော့မယ်...နောက်လည်း ဒီလိုထပ်သွားကြမယ်နော် "
ကလေးငယ်သည် မျှော်လင့်တကြီး မိမိမျက်နှာအား မော့ကြည့်၍ ပြောလာလေသည်။မျက်နှာလေးသည် တကယ်အပြစ်ကင်းစင်လှသည်...။ဒီအကောင်ပေါက်လေးက ဆယ့်ကိုးနှစ်တဲ့လေ...ဘယ်နေရာမှ ကျုပ်ထက် ပိုကြီးတယ်မထင်...သူနှင့်ယှဉ်လျှင် ကျုပ်က အသက်ပိုကြီးသည်ဟုပင် ထင်ရပေသည်။
ဘဝငယ်ရဲ့ လက်သေးသေးလေးအား ဆုတ်ကိုင်လိုက်၍ ထိုလက်သေးသေးလေးအား ကြည့်လိုက်လေသည်။မနက်က ဓားပြတ်တဲ့ဒဏ်ရာလေးလည်း ပျောက်လုဆဲဆဲ...။ထို့နောက် မြတ်နိုးရာလေး၏မျက်နှာတော်လှလှလေးအား မော့ကြည့်၍...
" အွန်း နောက်လည်း ခဏတိုင်းသွားကြမယ်...ဟုတ်ပြီလား "
လိုချင်တာကို ရသွားသော ကလေးတစ်ယောက်လို ဘဝငယ်သည် ကျုပ်ကို မျက်လုံးဝိုင်းလေးတွေ မှိတ်ကျသွားသည်အထိ ပြုံးပြနေပြန်၍ ခေါင်းလည်း တဆက်ဆက်ငြိမ့်ပြနေပေသည်။တကယ်ကို...သူက ကလေးပါဆိုဗျာ...။
" နန်း... "
သူ့နာမည်လေးအား ခေါ်လိုက်၍ နန်းလွန်းသည် ခွန်စိုင်းအား မော့ကြည့်လာလေသည်။
" နေ့ခင်းက ဘာဖြစ်တာလဲဆိုတာ ငါ့ကို
မပြောပြချင်ဘူးလား... "
ခွန်စိုင်း၏အမေးတွင် နန်းလွန်းတစ်ယောက် ငြိမ်ကျသွားလေတော့သည်။သူ မဖြေချင်တာ မဟုတ်...သူ မသေချာနေတာဖြစ်သည်။
" ငါ...ငါ မကြိုက်ဘူး ထင်တယ်...မောင် "
" ဘာကိုလဲ "
နန်းလွန်း သက်ပြင်းတစ်ချက်ချလိုက်ပေသည်...။
" မောင့်ဘေးမှာ မောင့်သူငယ်ချင်းမဟုတ်ဘဲ တခြားသူတစ်ယောက်ရှိနေတာ ငါ...ငါ မကြိုက်ဘူး ထင်တယ် "
ခွန်စိုင်း ခဏကြောင်သွားသည်။သူ့ဘေးမှာ သီဟအောင်က လွဲ၍ မည်သူမျှ ရှိမနေတတ်...အော် အတန်းထဲမှ ဟိုမိန်းကလေးကိုပြောနေတာများလား...။
" နေ့ခင်းက တွေ့တဲ့တစ်ယောက်လား...သူနဲ့ငါ မသိပါဘူး ဒီတိုင်း သူ့ဘာသာလာပြောနေတာ ထားပါ အဲ့တာကို မင်းက စိတ်ခုသွားတာလား "
" ဟုတ်တယ်...ထင်တယ် "
ကဲ ကြည့်ကြည့်...တကယ် သူက ကလေးရယ် သူဖြစ်နေတဲ့ ခံစားချက်တောင် သူခေါင်းစဉ်မတပ်တတ်...။
" ပြီးတော့ သူတင်မဟုတ်ဘူး မောင့်အနားမှာ ရှိမယ့်သူဆိုရင် ဘယ်သူဖြစ်နေနေ
ငါကြိုက်မယ် မထင်ဘူး..."
နန်းလွန်းတစ်ယောက် ခွန်စိုင်းဘေးမှ ထိုင်လျှက် ခေါင်းအား အောက်ကို ငုံ့ချ၍ ပြောနေခြင်း ဖြစ်သည်။လက်သည်းလေးတွေကိုလည်း တစ်ခုနှင့်တစ်ခု ကုတ်ခြစ်လို့...။
ခွန်စိုင်း နန်းလွန်းအား စိုက်ကြည့်နေလေသည်။ဒီဟာလေး လူကို ရူးအောင် လုပ်နေတာ...ဘယ်လိုများ ဒီလောက်ချစ်စရာကောင်းနိုင်ရတာလဲ။ကြာရင် ကျုပ်အရူးကြီး လုံးလုံးဖြစ်မည့်ကိန်း ဆိုက်နေလေပြီ...။
" မောင့်...စိတ်ဆိုးသွားတာလား ငါ...ငါ "
ခွန်စိုင်းတစ်ယောက် နန်းလွန်းလေးအား နူးနူးညံ့ညံ့ဖက်လိုက်လေတော့သည်။တားမရ...ဆီးမရ ဆိုတာ အခုကျုပ်ဖြစ်နေတဲ့ ပုံစံမျိုးဖြစ်မည်...။ကိုယ့်စိတ်ကို ကိုယ်ပြန်ထိန်း၍ ဖက်ထားရာမှ ပြန်ခွာလိုက်လေသည်။ကလေးမှာတော့ ကြောင်တောင်တောင်လေး...။
" အွန်း...သိပြီ မကြိုက်ရင် မလုပ်ဘူး "
နန်းလွန်းရဲ့ မျက်နှာလေး ငိုင်ကျနေရာမှ ချက်ချင်းဆိုသလို ဝင်းသွားတော့သည်။သူ့ကို မောင် စိတ်ဆိုးသွားပြီ ထင်၍ ကြောက်သွားလေသည်...။ထို့နောက် မောင်က ကျနော့်ကို ရုတ်တရက်ကြီး ဖက်လာသည်တဲ့လေ...ကြောင်သွားသည်မှာ အမှန်ပင် ဖြစ်သည်။ပြီးမှ မောင်က ဆိုလာသည်က ' မကြိုက်ရင် မလုပ်ဘူး ' တဲ့လေ...။
" အွန်း...မောင်က လိမ္မာလိုက်တာ "
ဆို၍ ပြုံးပြလာပြန်သောသူ...ဒီလိုသာ ကြာကြာနေရင် ကျုပ်မကြာဘူး တကယ်ရူးသွားလိမ့်မည်။
" ဟုတ်ပါပြီ...နောက်ဆို တစ်ခုခုဖြစ်ရင် ဘဝင်မကျရင် ပြော...ခုတော့ နောက်ကျနေပြီ
အိမ်ထဲ ဝင်တော့ "
ခွန်စိုင်းတစ်ယောက် ကြာကြာနေ၍ မဖြစ်တော့သောကြောင့် ကလေးငယ်အား အမြန် အိမ်ထဲ ဝင်ခိုင်းတော့လေသည်။
" အွန်းအွန်း...ဘိုင်ဘိုင် မနက်မှ တွေ့မယ် "
မျက်နှာလေး ရွှင်ပြ၍ ကားပေါ်မှ ဆင်းကာ အိမ်ထဲ ဝင်သွားသောသူလေးအား အရိပ်လေး ပျောက်သွားသည်အထိ ခွန်စိုင်း လိုက်ကြည့်နေမိတော့လေသည်...။
ကလေးငယ်ရယ်...
မင်းလည်း မောင့်ကို သဝန်တိုတတ်နေပြီပဲ...
...............
အဆင်ပြေသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ...။