လူတစ်ယောက်ကို ချစ်မိနေပြီဆိုရင် အမြဲပျော်ရွှင်နေမယ်လို့မှ မဟုတ်ဘဲ...ဝမ်းနည်းခြင်း လွမ်းဆွေးခြင်း နာကျင်ခြင်း တွေပါ လိုက်လာတတ်တာ အချစ်ပဲလေ...
မောင် ပိုင်သည်...
...............
နန်းလွန်းတစ်ယောက် ခွန်စိုင်းကို နှုတ်ဆက်ပြီး အိမ်ထဲကို ဝင်လာတော့သည်။
" သား...စိုင်းလေးနဲ့ ဘယ်တွေ သွားခဲ့ကြလဲ
တော်တော်လေး ပျော်ခဲ့ပုံပဲ "နန်းလွန်း အိမ်ထဲ ဝင်လာပုံမှာ အရင်နေ့တွေနဲ့ မတူ...မြူးတူးပျော်ရွှင်နေသော ကလေးငယ်လေး ကဲ့သို့ သီချင်းလေးတညီးညီးနဲ့ ဝင်လာသဖြင့် ဒေါ်နန်းဆိုင်တစ်ယောက် ဧည့်ခန်းထဲ ထိုင်နေရာမှ ပျော်ရွှင်နေသော သားအား စကားစလိုက်လေသည်။
ချို က ညနေက အိမ်ဘက်ကို ရောက်လာလေသည်။အကြောင်းအရင်းမှာ စိုင်းလေးက ညနေကျောင်းဆင်း သား နဲ့ လျှောက်လည်မလို့ ချို ကို ဖုန်းဆက်ပြောသည်တဲ့လေ...။ချို လည်း ခွင့်ပြုလိုက်တယ်တဲ့။အန်တီလေးကိုလည်း ပြောပေးပါလို့ စိုင်းလေးက ချို ကို ပြောသေးသည်တဲ့။ကျွန်မလည်း ခွင့်မပြုစရာ အကြောင်းမရှိ...စိုင်းလေးပါ ပါတာပဲလေ။
စိုင်းလေးသည် အသက်အရွယ်နှင့်မလိုက် လူကြီးအရမ်းဆန်သည်...သားလို ကလေးမဆန်။လိမ္မာယဉ်ကျေးသည်။လူကြီးသူမကိုလည်း သိတတ်သည်။အဘက်ဘက်က ပြောစရာမရှိသော ကောင်လေး...။ငယ်ငယ်ကတည်းက သိလာ၍ ကျွန်မသားနှင့်မခြား...ချစ်ရသော ကလေးတစ်ယောက်ပင် ဖြစ်သည်။
ကျွန်မတို့သည် ရှေးရိုးဆန်ကြသူများ မဟုတ်...ထို့ပြင် အချစ်တစ်ခုတွေ ယောင်္ကျား နှင့် မိန်းမ ဖြစ်မှ ဆိုသည့် အချက်ကို လက်မခံကြသူများ ဖြစ်သည်။ချစ်ခြင်းတစ်ခုမှာ တစ်ယောက်နှင့်တစ်ယောက် ချစ်နေဖို့ နားလည်ပေးဖို့ သစ္စာရှိဖို့ ဂရုစိုက်ဖို့ကသာ အဓိကလို့ ယုံကြည်သည်။
ဖိတ်ချင်းဖိတ် ကိုယ့်အိတ်ထဲပဲဖိတ် ဆိုသလို စိုင်းလေးလိုကလေးကို ကျွန်မသားလေးနှင့် သဘောတူသည်။သားကိုလည်း စိုင်းလေးနဲ့ပဲ စိတ်ချသည်...။ချိုတို့ကလည်း သားလေး ကို သိပ်ချစ်သည်။သူတို့သားကလည်း ကျွန်မသားနဲ့မှပဲ ဖြစ်မှာတဲ့လေ...။ပြောရရင် ကလေးတွေရှေ့ရေးကို လူကြီးချင်း ပြောပြီးဆိုပြီး ဖြစ်သည်...။ကလေးတွေလည်း မေတ္တာရှိကြတာ ကျွန်မတို့ မြင်တာပဲလေ...အရာရာဟာ အဆင်ပြေချောမွေ့နေလေသည်။ကလေးတွေ အရွယ်ရောက်ဖို့နှင့် သူတို့ချင်း အဆင့်တစ်ခုရောက်သည်အထိ စောင့်နေကြခြင်းသာ ဖြစ်ပေသည်။