ကျနော် ဒေစီပန်းတွေကို သိပ်သဘောကျတယ်...ဒေစီပန်းတွေရဲ့ အဓိပ္ပာယ်က မေတ္တာသက်ဝင်နေရင်တောင် ဖွင့်ပြောမှာ မဟုတ်ပါဘူး တဲ့လေ...
...............
ကျနော် သဘောကျတဲ့ ဒေစီပန်းတွေရဲ့ အလယ်မှာ မောင်က ရပ်နေလေရဲ့...လေလေးတွေလည်း တဖြူးဖြူးနဲ့ပေါ့ ။
မောင်က သိပ်ကြည့်ကောင်းနေတာ...ကျနော်သဘောကျရတဲ့ မောင့်ရဲ့ အပြုံးချိုချိုလေးနဲ့ ကျနော့်ကို ပြုံးပြနေတာများ ကျနော့်မှာ အသက်ရှူဖို့တောင် မေ့နေလေရဲ့...။ ဒီအိမ်မက်လေးထဲမှာ ဒီနေ့တော့ ကြာကြာလေး နေချင်မိသေးတယ်...။
" တီ...တီ... "
နှိုးစက်က မြည်နေပြီဖြစ်သည်။နန်းလွန်းသည် ထ၍ နှိုးစက်ကို ပိတ်လိုက်သည်။
" ဟမ်း...အိမ်မက်လေးထဲ ကြာကြာနေမလို့ပါဆို"
" အယ်!! 8 နာရီတောင် ကျော်နေပြီ မောင် တော့ သောင်းကျန်းနေတော့မှာပဲ "
နန်းလွန်းသည် အိပ်ရာပေါ်မှ အလျှင်အမြန်ထကာ ရေချိုးခန်းထဲကို အမြန်ဝင်ရတော့သည်။
" မေမေရေ သားနောက်ကျနေပြီ "
နန်းလွန်းအသံ ကြားသည်နှင့် အမေဖြစ်သူ ဒေါ်နန်းဆိုင်သည် မီးဖိုခန်းမှ အမြန်ထွက်လာကာ...
" နေအုန်း နေအုန်း မနက်စာ စားသွားအုန်းလေ သား "
" မေမေကလည်း မောင့်ကို ဝင်နှိုးရအုန်းမှာ နောက်ကျနေပြီ "
ပြောလည်းပြောရင်း နန်းလွန်းသည် ဖိနပ်အမြန်စီးကာ ခွန်စိုင်းအိမ်ကို သွားရန်သာ အလျင်လိုနေတော့သည်။
" ရော့ ရော့ ပေါင်မုန့်လေး ဖြစ်ဖြစ် ယူသွား...စိုင်းလေးက မနိုးလောက်သေးပါဘူး သားရယ် "
" မောင့်အကြောင်း မသိတာလည်း မဟုတ်ပဲ မေမေရာ...သူမနိုးခင်ရောက်မှ မဟုတ်ရင် သားကို တနေကုန် စိတ်ဆိုးနေမှာရယ်...
မေမေ သားသွားပြီနော်...အာဘွား မွမွ "
နန်းလွန်းတစ်ယောက် ပေါင်မုန့်လည်း စားရင်း ပြောလည်း ပြောရင်း အမြန်ထွက်သွားတော့သည်။
" ဟမ်း ဒီကလေးကတော့လေ...
စိုင်းလေး စိတ်ဆိုးမှာပဲ ကြောက်တယ် ဒီကလေးကတော့လေ "
နန်းလွန်းတို့သည် အမေတစ်ခု သားတစ်ခု ဖြစ်သည်။နန်းလွန်းသည် အမေဖြစ်သူ အလိုလိုက်ထား၍ ဆိုးသွမ်းနေသည်လည်း မဟုတ် လိမ္မာယဉ်ကျေးသည်။ရှမ်း-တရုတ်စပ် ဖြစ်တာမို့ ဖြူဖြူဖွေးဖွေး ပိန်ပိန်ပါးပါးလေးနှင့် မိန်းကလေးတွေ အရှုံးပေးရလောက်အောင် နုဖက်နေအောင် လှသောသူလေးလည်း ဖြစ်သည်။
" တီတီလေးရေ...တီလေး "
" ဟေ နန်းလွန်းလေးလား...
တီလေးက ဒီမှာ သားရဲ့ "
ဒေါ်အမရာချိုသည် မီးဖိုခန်းထဲမှ ထွက်လာ၍ ဆိုလိုက်လျှင်ဖြင့် နန်းလွန်းသည် ဒေါ်အမရာချိုဆီ ပြေးဖက်၍ မေးလိုက်လေသည်။
" တီလေး...မောင်ရောဟင် ထနေပြီလား "
ဒေါ်အမရာချိုသည် သူ့ကိုဖက်၍ ချွဲနေသော သူလေးကို ငုံ့ကြည့်၍ ပြုံးလိုက်မိသည်။
" နန်းလွန်းလေးရဲ့မောင် မထသေးပါဘူးရှင်...သား မနှိုးဘဲ ခွန်စိုင်းက သူ့ဘာသာ ထဖူးလို့လား...တီလေးလည်း အလုပ်ရှုပ်နေလို့ မနှိုးအားသေးဘူး...အိမ်က ခလေးမတွေကလည်း ဘာပစ္စည်းနဲ့ အထုခံရမလဲ မသိလို့ မနှိုးရဲဘူးတဲ့ကွယ်..."
" ဟီးဟီး အဲ့မောင်က အတော်ဆိုးတာပဲ...
သားပဲ သွားနှိုးလိုက်အုန်းမယ်နော် တီလေး...မွ "
ဒေါ်အမရာချိုသည် မိမိပါးအား မွှေး၍ အိမ်ပေါ်သို့ အပြေးတက်သွားသော နန်းလွန်းလေးအား ကြည့်ကာ
" နန်းလွန်းလေး ဖြေးဖြေးတက်အုန်း ခြေချော်ပြီး လိမ့်ကျအုန်းမယ်နော် ကလေး "
နန်းလွန်းသည် ဒေါ်အမရာချို အသံကို ဖြေဖို့ရာ အာရုံမရတော့ ခွန်စိုင်း အခန်းဝသို့ ရောက်ရှိနေပြီ ဖြစ်သည်။
" ကျွီ... "
တံခါးကို အသာအယာလေး ဖွင့်လိုက်သည်။အခန်းထဲရှိ မောင့်အိပ်ရာဆီသို့ ခြေကို အသာဖွနင်း၍ ဦးတည်လိုက်သည်။မောင် သည် မောင့်အကျင့်အတိုင်း အိပ်ရာထဲတွင် အပေါ်အကျီမပါဘဲ စောင်ကို ရင်ဘတ်ထိ ခြုံ၍ အိပ်မောကျနေလေသည်။
မောင်သည် အသားညိုသည်လည်းမဟုတ် ဖြူသည်လည်းမဟုတ် အသားလတ်သည့်ဘက်သွားသောသူ ဖြစ်သည်။မောင့်အရပ်သည် ဆယ့်ရှစ်နှစ်လို့ ပြောရင် ယုံနိုင်စရာမရှိ ကျနော့်ထက် တစ်နှစ်ငယ်ပြီး အရပ်မှာတော့ ကျနော့်ထက် အတော်ပင် မြင့်သည်။ကျနော့်ထက်လည်း လူကောင်ကြီးသည်။
နန်းလွန်းသည် အိပ်ရာပေါ်သို့ ဘေးတစ်စောင်း ထိုင်၍ ခွန်စိုင်းနား နားသို့ ကပ်ကာ...
" မောင် ထတော့လေ နောက်ကျနေပြီ "
မောင်သည် မျက်လုံးကို ဖြေးဖြေးချင်းဖွင့်၍ ကျနော့်ကို ကြည့်ပြီး ပြန်မှိတ်သွားပြန်သည်။နန်းလွန်းသည် နှုတ်ခမ်းဟရုံလေး ပြုံးလိုက်မိလေသည်။
မောင် မျက်လုံးဖွင့်ကြည့်လို့ သူ့ကို နှိုးနေသူက ကျနော်မဟုတ်လျှင် မောင် တနေကုန် သောင်းကျန်းနေတော့မှာ ကျိန်းသေပင် ဖြစ်သည်။မောင်ဟာလေ မိုးလင်းလို့ မနက် အိပ်ရာနှိုးတာကစလို့ သူနဲ့ပတ်သတ်သမျှ ကျနော်လုပ်ပေးမှ ကျေနပ်သောသူ ဖြစ်သည်။ကျနော်ဟာလည်း မောင်နဲ့ ပတ်သတ်သမျှ ဘယ်အရာမဆို လုပ်ပေးချင်သူ ဖြစ်သည်။
လိုက်ဖက်တယ်မို့လား...အတွေးတို့ကို ခဏရပ်ကာ နန်းလွန်းသည်...
" မောင့် ထပါတော့ဆို ငါတို့ ကျောင်းသွားဖို့ နောက်ကျနေပြီ...မောင် ထတော့လေနော် "
စကားဆုံးသည်နှင့် ခွန်စိုင်း အိပ်ရာမှ ငေါက်ခနဲ ထထိုင်လိုက်သည်။
" နန်း မင်းလာတာ နောက်ကျလို့လေ...စောစောလာမနှိုးဘဲ ဘာတွေလုပ်နေလို့ နောက်ကျနေရတာလဲ ပြော..."
ခွန်စိုင်းသည် နန်းလွန်းကို ကြည့်ကာ အိပ်ရာထခါစဖြစ်၍ ပုံမှန်ထက် ဩရှရှဖြစ်နေသော အသံဖြင့် ပြောလိုက်သည်နှင့်
" မောင်ကလည်း ငါအိပ်ရာထတာ နောက်ကျလို့ကို မောင်မပါဘဲ ငါဘာမှ မလုပ်ဘူး...
ခုတော့ ထတော့လေနော် "
နန်းလွန်းသည် အိပ်ရာပေါ်မှ ထရပ်ကာ ခွန်စိုင်းကို ထရန် လက်မောင်းမှ ဆွဲ၍ ထူနေတော့သည်။နန်းလွန်းသည် ခွန်စိုင်းကိုယ်ကြီးကို မနိုင်၍ ထူမရဖြစ်နေပြီး နှုတ်ခမ်းဖူးဖူးလေးမှာ မသိမသာ ဆူလာတော့သည်။ခွန်စိုင်းသည် ထိုမျက်နှာလေးအား လှုပ်ရှားမှု တစ်ခုမကျန်လိုက်ကြည့်နေသည်ဖြစ်၍ ထိုဆူလာသောနှုတ်ခမ်းလေးကို မြင်လိုက်မှာ အသေအချာပင်ဖြစ်သည်။
ဒီအကောင်ပေါက်လေးကလေ တကယ် မကြည့်နေမိရင် အကောင်းသား...ခုတော့ လည်ချောင်းတွေက ခြောက်လာသလိုလို ရင်တွေပဲ ပူလာသလိုလို မလွယ်ကြောလေး...
ခွန်စိုင်း အိပ်ရာမှ အမြန်ထကာ ရေချိုးခန်းထဲ အမြန်ဝင်၍ ရေအမြန်ချိုးရတော့သည်။
" မောင့်...ဝတ်ဖို့အဝတ်တွေလည်း ထုတ်ပြီးသွားပြီ ငါ အရင် အောက်ဆင်းနှင့်မယ်နော် "
နန်းလွန်းတစ်ယောက် ရေချိုးနေသောသူ ကြားအောင် အော်ပြော၍ အောက်ကို ဆင်းနှင့်တော့သည်။
ခွန်စိုင်း ရေချိုး၍အပြီး အောက်ပိုင်းကို တပတ်တစ်ထည် ပတ်၍ ထွက်လာလေတော့...
မလွယ်ကြောလေးကို မတွေ့တော့ မျက်ခုံးသည် သူ့အလိုလို တွန့်ချိုးသွားလေတော့သည်။မျက်လုံးထဲမှာ ထိုအရာလေးမရှိလျှင် အဆင်မပြေ တစ်ခုခုလိုနေသလိုပင်။လှည့်ပတ်ရှာနေသောမျက်လုံးစူးစူးသည် အိပ်ရာပေါ်သို့အရောက် ဝတ်ဖို့ထုတ်ပေးသွားသော အဝတ်တွေကို မြင်လေတော့မှ ထိုဟာလေး အောက်ထပ်ကို အရင် ဆင်းနှင့်သွားပုံရသည်။ထိုအခါမှ တွန့်ချိုးနေသောမျက်ခုံးများ ပြေလျော့သွားကာ ဝတ်ရန် ထုတ်ပေးထားသော အဝတ်များကို ယူဝတ်လိုက်သည်။ဝတ်ပြီး အောက်ထပ်ကို ဆင်းသွားလိုက်လေသည် ဦးတည်ရာမှာ ဘဝရဲ့ မြတ်နိုးရာငယ်လေးဆီသို့ပင်...
" နန်း...နန်း ဘယ်သွားနေပြန်တာလဲ
ပြောတော့ နောက်ကျနေပြီဆိုပြီး "
အော်လည်းအော်ရင်း အောက်ထပ်သို့ ဆင်းလာ၍ ခွန်စိုင်းတစ်ယောက် နန်းလွန်းကို လိုက်ရှာနေတော့သည်။
" မောင့် ငါဒီမှာ..."
ခွန်စိုင်း အသံချိုချိုလေးလာရာ မီးဖိုခန်းထဲသို့ ဦးတည်လိုက်တော့သည်။ဝင်လိုက်သည်နှင့်...
" အား "
အသံသည် နာကျင်လို့အော်လိုက်ဟန်...ခွန်စိုင်းတစ်ယောက် ထမင်းစားပွဲခုံဘေး မတ်တပ်ရပ်နေသော မြတ်နိုးရာငယ်လေးဆီ ဘယ်လိုရောက်သွားမှန်းမသိ...။ထိုသူမှာ လက်လေးကို ဖိကိုင်ထားသဖြင့် ထိုလက်သေးသွယ်သွယ်လေးအား အမြန်ယူကြည့်လိုက်လေသည်။လက်ညှိုးလေးမှာ ဓားပြတ်သွားပုံရသည်။ဒဏ်ရာသည် အနည်းငယ် ကြီးသောကြောင့် သွေးတွေသည် ထွက်နေဆဲ။လက်သေးသေးလေးမှာ သွေးတွေနှင့် နီရဲလို့။ဘဝငယ်ကို မော့ကြည့်လိုက်လျှင်ဖြင့် မျက်လုံးဝိုင်းလေးများမှာ မျက်ရည်ဥတွေ ရစ်သိုင်းလို့ ပြိုကျလုဆဲဆဲ...
" တောက်စ်!!သူက ဘာလို့ ဓားကိုင်နေရတာလဲ "
ဘေးက အိမ်အကူတွေဆီ လှည့်၍ အော်လိုက်လေသည်။လက်တွေသည်လည်း ပြတ်ရှထားသော လက်သေးသေးလေးအား ကိုင်၍ ရေနှင့်ဆေးပေးနေသေးသည်။
"မေမေ့ အလုပ်သမားတွေကို ပြောထား...
ကျုပ်ကလေး နောက်ဓားကိုင်တယ် ကြားလို့ကတော့ အကုန် အလုပ်ထွက်ရပြီသာမှတ်!"
ဒေါ်အမရာချိုလည်း ကိုယ့်သားကို ဘာမှ မပြောနိုင်...ဆေးသာ ယူပေးနေသည်။အိမ်က တစ်ယောက်မှ နန်းလွန်းလေးကို ဘာမှ မခိုင်းရက်။ခုဟာကလည်း သူ့ကလေးက မောင်စားဖို့ ပန်းသီး ကိုယ်တိုင်လှီးပေးချင်တယ် လို့ ပူဆာနေလို့ မတတ်သာဘဲ လုပ်ခိုင်းလိုက်ရတာ...ခုတော့ မဆိုင်တဲ့သူတွေပါ ပတ်ရမ်း၍ ကျွန်မသား သောင်းကျန်းနေလေပြီ။ခုချိန်မှာ ဘယ်သူမှ ဘာမှ ဝင်မပြောရဲ ပြောလိုက်လျှင် ပြောသူပေါ် သားတော်မောင့်ဒေါသတွေ ကျလာမှာ မုချဧကန်။
" မောင့် ငါမနာဘူးရယ်...ရပါတယ် တော်ပြီလေနော် "
မနေနိုင်တဲ့အဆုံး နန်းလွန်းက ဝင်၍ ပြောလိုက်လေသည်။
မောင်သည် လက်ကို ဆေးထည့်ရင်း မျက်နှာကို စိုက်ကြည့်လာသည်။ကျနော်လည်း မောင့်မျက်လုံးတွေနဲ့ အကြာကြီး ရင်မဆိုင်နိုင် ချက်ချင်း ခေါင်းကို ငုံ့ချလိုက်တော့သည်။
မျက်လုံးဝိုင်းဝိုင်းက မျက်ရည်တွေမှ မခြောက်သေး...မျက်တောင်ရှည်ရှည်တွေမှာ မျက်ရည်ဥတွေ ခိုတွဲနေတုန်း...ဒါကိုအဲ့ဟာလေးက သူရဲကောင်းဝင်လုပ်ချင်နေသေးတာ...။ခွန်စိုင်းသည် စိုက်ကြည့်နေရင်းမှ တဖန်အိမ်အကူတွေဘက် လှည့်ကာ...
" နောက် နန်းကို ဓားတို့ ကတ်ကြေးတို့ ထိခိုက်နိုင်တာတွေ မလုပ်ခိုင်းပါနဲ့...ပြီးမှ တစ်ခုခုဖြစ်တယ်ကြားရင် ကျုပ်အဆိုးမဆိုနဲ့ "
" သားရယ်...ကျောင်းသွားရအုန်းမှာမို့လား...
နန်းလွန်းလေးလည်း မနက်စာမစားရသေးဘူးတဲ့...နန်းလွန်းလေး ဗိုက်ဆာနေလိမ့်မယ် မနက်စာအရင် စားလိုက်ကြရအောင်လေ...နော် သား "
ဒေါ်အမရာချိုတစ်ယောက် သောင်းကျန်းတော့မည့်သားအား သူ့အဖိုးတန်လေးအကြောင်းပြကာ ဝင်ထိန်းရတော့သည်။ထိုအခါမှ သားဖြစ်သူဟာ နန်းလွန်းလေးအား ထမင်းစားပွဲမှာ ထိုင်စေပြီး သူလည်း ဝင်ထိုင်ကာ သူ့ကလေးအား ထမင်းသေချာစားစေတော့သည်။
ထမင်းစားပြီးသည်နှင့်...
" တီလေး သားသွားတော့မယ်...အတန်းတွေပြီးရင် တန်းပြန်လာခဲ့ပါ့မယ်...တာ့တာ "
" အေးအေး...ကောင်းကောင်းသွားကြအုန်းနော် ခွန်စိုင်း ကားကို သေချာမောင်းနော် "
" ဟုတ်...သွားပြီ မေမေ "
ဒေါ်အမရာချိုတစ်ယောက် ပြုံးပြနှုတ်ဆက်ပြီး ခြံပြင်မှ ကားထွက်သွားသံကြားမှ သက်ပြင်းချနိုင်တော့သည်။
ယောင်္ကျားဖြစ်သူ ဦးဆက်ရှိန်စိုင်းမှာ မနက်ခင်းမိုးလင်းသည်နှင့် စားပြီးသောက်ပြီး သူ့ကုမ္ပဏီသာသွား၍ အေးချမ်းလွန်းသည်။ခက်သည်က ဒီမွေးထားသောသားလေး...သားလေးတစ်ယောက်သာရှိ၍ အရာရာအလိုလိုက်အကြိုက်ဆောင်ထား၍ သားသည် ထင်ရာစိုင်းတတ်သည်။ဆိုးသည်ဟုလည်း ပြော၍မရ ပညာရေးမှာလည်း ထူးချွန် အဘက်ဘက်က ပြည့်စုံနေပေမဲ့လို့ နန်းလွန်းလေးနဲ့ ပတ်သတ်လာလျှင် နည်းနည်းလေးမှ အတိမ်းအစောင်းမခံ တစ်ခုခုဆိုလျှင် ထသောင်းကျန်းတတ်ပေသည်။ထိုအချိန်တွင်တော့ လိမ္မာယဉ်ကျေးလှသော ကျွန်မသားကို ကျွန်မပင် ပြန်ကြောက်ရသည့်အဖြစ်ပေ။
ဒေါ်အမရာချိုတစ်ယောက် တွေးတောခြင်းကို ရပ်လိုက်တော့သည်။အိမ်မှုကိစ္စတွေ စီစဉ်ရအုန်းမည်လေ။
" မောင် ငါဝင်တော့မယ်...
နေ့လယ်ထမင်းစားချိန်ကျ အတန်းစောဆင်းရင် ငါမောင့်အတန်းကို လာခဲ့မယ်နော် "
" အွန်း ဝင်တော့ "
နန်းလွန်းသည် ခွန်စိုင်းစကားဆုံးသည်နှင့်ခေါင်းငြိမ့်ကာ အတန်းထဲ ဝင်လိုက်တော့သည်။ထွက်မသွားနိုင်သေးသူမှာ ခွန်စိုင်းပင် ဖြစ်သည်။
ဒီဟာလေးက အသက်သာကြီးတာ ကလေးလိုပဲ နေရာတကာ ဘာမှသိတာ မဟုတ်ဘူး ကျုပ်ရှိမှဖြစ်တာ။ခွန်စိုင်းသည် အတန်းထဲ ဝင်သွားသောသူအား အခန်းပြင်မှ ရပ်ကြည့်နေသေးသည်။
နန်းလွန်းသည် အခန်းထဲရောက်သည်နှင့် သူနှင့်အတန်းတူ ယောင်္ကျား မိန်းမများ ၏အကြည့်သည် သူ့ထံတွင်သာ။နန်းလွန်းသည် အခန်းတွင်းမှ လူများအား ပြန်ပြုံးပြ၍ နှုတ်ဆက်လိုက်ပြီး သူ့နေရာမှာ ဝင်ထိုင်လိုက်တော့သည်။
ခွန်စိုင်း မျက်မှောင်ကျုံ့မိလိုက်သည်။ကြည့်နေလိုက်ကြတာ ယုန်သူငယ်ကိုတွေ့လို့ ဝိုင်းဖမ်းကြတော့မယ့် မြေခွေးတွေလိုပဲ သူများအပိုင်ကိုများ...သူတို့က။နေ့တိုင်းဖြစ်နေကျကိစ္စတွေဆိုပေမဲ့လို့ တစ်နေ့မှ စိတ်ချရတယ်လို့မရှိ...ဘဝငယ်ကလည်း သိပ်ကိုလှရက်တာကို...။
နန်းလွန်း သူ့နေရာမှာ ထိုင်လိုက်သည်နှင့် ခွန်စိုင်း သက်ပြင်းချကာ စိတ်မချခြင်းများစွာဖြင့် သူ့အတန်းဘက် ထွက်လာခဲ့လိုက်တော့သည်။
" ခွန်စိုင်း...ဟျောင့် "
အသံကြားရာ လှည့်ကြည့်လိုက်တော့ သူငယ်ချင်းဖြစ်သူ သီဟအောင်သည် အသက်မထွက်ရုံတမယ် မိမိနာမည်အား တကျော်ကျော် တ၍ မိမိရှိရာ ပြေးလာနေလေသည်။
" ခွန်စိုင်း ကျောင်းသူအသစ်တစ်ယောက်ရောက်နေတယ် သိလား ငါတို့ကျောင်းမှာ "
ဒီကောင့်ကို တက္ကသိုလ်တစ်ခုလုံး မသိသူ မရှိ...ခေါ်ကြသည့် နာမည်သည်လည်း သတင်းစာတဲ့လေ။သူ့သတင်းစာက အမျိုးသမီးသီးသန့်သတင်းစာဖြစ်သည်။ကျောင်းမှာ ဘယ်ကောင်မလေးပြောင်းလာတယ် အရင်သိသူ သတင်းဖြန့်သူမှာ မြေကြီးလက်ခတ်မလွဲ သီဟအောင်ပင်ဖြစ်သည်။
" ချောလိုက်တာဆိုတာလေ ခန္ဓာကိုယ်ကလည်း အတော်မိုက်တယ်ကွ သိလား "
" ငါတို့ကျောင်းကို ဒီနေ့ပြောင်းလာတာဆိုပဲ...
ဒါတင်မကသေးဘူး ငါတို့အတန်းထဲကို တစိုက်မတ်မတ် ပြောင်းချလာတာပဲ ဟျောင့်ရေ "
မှိုရသည့်နှယ် ပြောနေလိုက်ပုံများ ပါးစပ်ထဲရေပက်မဝင်အောင်ပါပဲ။အတန်းထဲ မရောက်မချင်း ခွန်စိုင်း၏ဘေးက ကပ်လိုက်၍ ပြောနေတော့သည်။ခွန်စိုင်းသည် အင်းမလုပ်အဲမလုပ် ကျန်ခဲ့သူအလှတရားလေးဆီသာ စိတ်တွေရောက်နေလေတော့သည်။နေ့ခင်းထမင်းစားချိန်ရောက်ဖို့ ဘယ်လောက်များ လိုသေးတာလဲကွာ...။
" ခွန်စိုင်း...ခွန်စိုင်း ငါပြောတာ သူပဲသူပဲ
မင်းကို ကြည့်နေတဲ့ ကောင်မလေး "
ဘာရယ်မဟုတ် သီဟအောင် ပြော၍ ထိုင်နေရာခုံမှ တစ်ချက် ဝှေ့ကြည့်လိုက်မိသည်။လှတယ် ဒီလောက်ပဲ...ကျန်တာသူမသိ။ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုဆီ ခွဲခြားပြီး အဓိပ္ပာယ်ဖွင့်သည့်အလုပ်မှာ နန်းကိုပဲ လုပ်ပြတတ်တာ...။ကုန်ကုန်ပြောရရင် နန်းကိုပဲ သိတာ...ကျန်တာ ကျုပ်မသိဘူး...ရှင်းလား။
ထိုမိန်းကလေးကတော့ ခွန်စိုင်းဆီပဲ အကြည့်ရောက်နေတော့သည်။ထိုမိန်းကလေး ခွန်စိုင်းမောင် ကို ကြည့်နေသည်မှာ အတန်းထဲမှ လူတိုင်းသတိထားမိသည်။ခွန်စိုင်းကတော့ သင်ခန်းစာကိုသာ အာရုံစိုက်၍ နေ့လယ်စာစားချိန်ကိုသာ စိတ်မရှည်စွာ စောင့်နေလိုက်တော့သည်။
" မင်္ဂလာပါ...ဒို့နာမည် လှိုင်ထိပ်ထားစံပါ ခုမှ ကျောင်းပြောင်းလာလို့ ခင်တဲ့သူ သိပ်မရှိလို့ ခင်လို့ရတယ်မို့လား...စိုင်း "
အတန်းပြီးသည်နှင့် စာသင်ခုံရှေ့လာကာ ရဲရဲတင်းတင်း ပြောဆိုမိတ်ဆက်နေသောသူအား ခွန်စိုင်း မော့ကြည့်လိုက်သည်။
နန်းကို တွေ့ချင်ပါတယ်ဆို...အရေးမပါတာတွေ လာလုပ်နေတယ်...တောက်စ်!!
ခွန်စိုင်းတစ်ယောက် စိတ်ထဲမှ ပြောဆိုနေလေတော့သည်။
အတန်းရှေ့ကို ခြေလှမ်းသွက်သွက်ဖြင့် ဆိုက်ရောက်လာသူမှာ နန်းလွန်းပင်ဖြစ်သည်။အတန်းပြီးသည်နှင့် မောင့် ဆီ အမြန်လာခဲ့ခြင်းဖြစ်သည်။ဒီနေ့မှ ထူးထူးခြားခြားမြင်လိုက်ရသည်မှာ မောင့်စားပွဲခုံရှေ့ မတ်တပ်ရပ်နေသော လှပသည့်အမျိုးသမီးတစ်ဦး။ထိုအမျိုးသမီးက မောင့်ကို စိုက်ကြည့်ပြီး စကားတွေ ပြောနေလိုက်တာ...မောင်ကတော့ ဘာမှ ပြန်မပြော သိမ်းစရာရှိသည့်စာအုပ်တွေသာ သိမ်းဆည်းနေတော့သည်။စိတ်ထဲတော့ သိပ်ဘဝင်မကျ...။
" နန်းလွန်း...လာလေ
ခွန်စိုင်း...နန်းလွန်းလာနေပြီ "
သီဟအောင်ဆိုသူ ပြောသောအသံကြားသည့်နှင့် မောင်နှင့်ထိုအမျိုးသမီး၏အာရုံတွေအကုန်
ကျနော့်ဆီ ရောက်ချလာတော့သည်။
" အွန်း "
သီဟအောင်၏အပြောကို နန်းလွန်း ပြန်တုံ့ပြန်၍ အတန်းထဲသို့ ဝင်လာလိုက်သည်။မောင်သည် ပြန်လှည့်သွား၍ စာအုပ်တွေ အလျှင်အမြန်သိမ်းနေတော့သည်။ပြန်မလှည့်သွားသူမှာ ထိုအမျိုးသမီး...ကျနော့်တစ်ကိုယ်လုံးကို အကဲခတ်သလို ကြည့်နေတော့သည်။
ဒီဖြူဖြူသွယ်သွယ်လေးက အတန်းထဲကလူတွေ ပြောတဲ့ စိုင်းရဲ့နန်းလွန်းနောင် ဆိုသူဖြစ်မည်။ယောင်္ကျားလေးဟု မထင်ရအောင် လှပကြော့ရှင်းပြီး ချစ်စရာကောင်းကြောင်းတော့ ကြားထားပြီး ပိုလွန်းတယ်လို့သာ တွေးလိုက်မိသည်...မြင်လိုက်တွေ့လိုက်ရတော့မှ မပိုဘဲ လိုတောင်လိုနေတော့သည်။
ဆံပင်အညိုရောင်လေးနှင့် မျက်လုံးဝိုင်းဝိုင်းလေးအစ နှုတ်ခမ်းဖူးဖူးလေးအဆုံး ဒီလောက်လှပသောမျက်နှာနှင့်ယောင်္ကျားလေး မမြင်ဖူးခဲ့တာအမှန်။ဖြူဥနုဖက်နေသောအသားအရေ နှင့် သေးသွယ်သောခန္ဓာကိုယ်လေးသည် အနွေးထည်hoodie ဆိုဒ်လွန်ကြီးထဲ ပျောက်လုဆဲဆဲ ချစ်စရာကောင်းနေပေသည်။မိန်းမပင်အရှုံးပေးရလောက်အောင်ဆိုတာ ဒီကောင်လေးအတွက်ပဲ ရည်ညွှန်းနေသယောင်ယောင်။
အကဲခတ်အပြီး ခွန်စိုင်းထံ အကြည့်တွေ ပြန်လွှဲလိုက်တော့သည်။
" မောင့် ငါဗိုက်ဆာနေပြီ "
" အွန်း ခဏစောင့်နော် "
မောင် တဲ့လား...လှိုင်ထိပ်ထားစံတစ်ယောက် ကိုယ့်ကိုရှိတယ်လို့တောင် မထင်ဘဲ ပြောဆိုနေသော သူနှစ်ယောက်၏အပြုအမူများအား တစ်ခုမကျန်လိုက်ကြည့်၍ အကဲခတ်နေပေတော့သည်။
ထိုနှစ်ယောက်ကတော့ ထထွက်သွားလေပြီဖြစ်သည်။ခွန်စိုင်းက နန်းလွန်း၏ လွယ်အိတ်အား ဆွဲယူ၍ ထွက်သွားသည် ဖြစ်ပေသည်။
စိတ်တွေဟာ မအေးချမ်းနိုင်။မနက်ပိုင်းက အတန်းထဲကို စ၍ဝင်လာသော ထိုသူ...မြင်သူတိုင်း ရှိန်တက်သွားလောက်သည့် အသွင်အပြင်။ချောသည်ဆိုတာထက် ခန့်ညားချောမောခြင်းသည် ထိုသူနှင့် ပို၍လိုက်ဖက်သည်။ထိုသူဝင်လာသည်နှင့် အတန်းထဲ တိတ်ဆိတ်သွားလောက်အောင် အရှိန်အဝါက သိပ်ကြီးမားသည်။
မြင်မြင်ချင်းစိတ်ဝင်စားသွားမိသည်။အတန်းထဲမှ သူများအား မေးကြည့်လိုက်သောအခါ ထိုသူဟာ ဒီမြို့ရဲ့ ဒိတ်ဒိတ်ကြဲ သူဌေးကြီး ဦးဆက်ရှိန်စိုင်းနှင့်ဒေါ်အမရာချို၏သားဖြစ်ကြောင်း နှင့်အတူ မပါမဖြစ် မြို့ထဲက ရတနာဆိုင်များပိုင်ရှင် ဒေါ်နန်းဆိုင်ရဲ့သား နန်းလွန်းနောင်အကြောင်းပါ သိခဲ့ရသည်။နှစ်ယောက်ကြား သံယောဇဉ်တွေ လိုတာထက် ပိုနေသလိုပင်မဟုတ် အသေအချာပိုနေခြင်းပေ။
စိုင်းကို အပိုင်လိုချင်တယ် !!
...............
အဆင်ပြေသောနေ့လေးတစ်နေ့ဖြစ်ကြပါစေ...။