ရှောင်းကျန့်နဲ့ ကျိုးချန်တို့ ညစာစားပြီး အလုပ်နဲ့ပတ်သတ်တာတွေ ဆွေးနွေးကြတယ်။ ပြီးနောက် အိပ်ယာဝင်ခဲ့ကြတယ်။ ရှောင်းကျန့်က မအိပ်ခင် ဖုန်းကိုယူလိုက်ပြီး ဝမ်ရိပေါ်ဆီဖုန်းဆက်ရန် ချီတုံချတုံဖြစ်နေတယ်။ ရှောင်းကျန့်ကစလို့ ဝမ်ရိပေါ်ကို ဖုန်းခေါ်ရတာမရှိသလောက်ပဲ။ မဟုတ်ဘူး။ ရှိကိုမရှိခဲ့တာပါ။ ဘာလို့ဆို ဝမ်ရိပေါ်ကချည်း စ,ဆက်တာလေ။ ဒါပေမယ့် အခုတော့ သူ စ,ဆက်ရမှာပေါ့။ ရှောင်းကျန့် ဖုန်းဆက်မယ်ကြံတုန်း ဖုန်းဝင်လာတယ်။
"ဟယ်လို ကျိလီ"
"ရှောင်းကျန့်! ရောက်သွားပြီလား။ ခုချိန် မင်း နားနေပြီထင်လို့ဆက်လိုက်တာ"
"အင်း.. ခုပဲ ညစာစားပြီး အိပ်တော့မလို့"
"နေရတဲ့ နေရာရော အဆင်ပြေလား"
"အင်း... အတိုင်းထက်အလွန်ပဲ"
"ဟုတ်လား! ငါလည်း လာချင်လိုက်တာ"
"အင်း... လာခဲ့လေ။ ငါရှိနေမှာပဲ"
"အေး... မင်း အခြေကျရင် ငါ လာလည်မယ်။ အခုကတည်းက ပိုက်ဆံစုထားရမယ်။
အာာာာာ... မင်းသွားတာ ဘာလို့ မင်းတပည့်လေးကိုပြောမသွားတာလဲ။ အဲ့ကလေး ကုမ္ပဏီကိုရောက်လာတယ်။ မင်းကိုလာရှာတာလေ။ မင်း US သွားတယ်လဲဆိုရော ငေါင်တောင်တောင်လေးဖြစ်သွားတယ်။ သနားစရာကွာ။
မင်း... သူ့ကို ဖုန်ဆက်လိုက်ဦး။
ဒါပဲကွာ... ဖုန်းဘေလ်ကစျေးကြီးတယ်။
Good Luck ဟေ့ရောင်"
"အင်း ကျေးဇူး"
ရှောင်းကျန့် ကျိလီနဲ့ဆက်ပြီးတာနဲ့ ဝမ်ရိပေါ်ကို ဖုန်းခေါ်လိုက်တယ်။
ဒါပေမယ့် စက်ပိတ်ထားသည်တဲ့။ ရှောင်းကျန့်က ထပ်ခေါ်ကြည့်တယ်။ တစ်ခေါက်၊ နှစ်ခေါက်၊ သုံးခေါက်။ ဘာလဲ ဒီကောင်လေးက သူ့ဖုန်းကို ဘလော့ခ်လိုက်တာလား? သူ့ကို လက်စားချေတာလား? ရှောင်းကျန့် အောင့်သက်သက်နဲ့ ရယ်မိတယ်။
'ဟက်!'
××××
ဝမ်ရိပေါ် အဖေဖြစ်သူနဲ့ စကားပြောပြီး မနက်စာစားပြီနောက် သူ့အခန်းထဲပြန်လာလိုက်တယ်။ အခန်းထဲရောက်တာနဲ့ လက်သီးလေးစုပ်လို့ ပျော်ရွှင်စွာခုန်ပေါက်နေလိုက်တယ်။
"Yesssssssssss!!!!!"
!! ခရက် !!
" အားးးးးးးး !!!!!! သွားပါပြီ! ငါ့ ဖုန်းလေး~~~"
ဟုတ်ပါတယ်။ အခုန်ကောင်းတာနဲ့ လက်ထဲက ဖုန်းက အရှိန်နဲ့လွတ်ထွက်သွားကာ ကြမ်းပြင်ပေါ်ကျသွားတာပါ။
'မဖြစ်ဘူး... မြန်မြန်ပြန်ပြင်ရမယ်။ ဒီထဲမှာ ကိုကိုနဲ့ အမှတ်တရတွေအများကြီး'
ဝမ်ရိပေါ်က အလျှင်အမြန်ပဲ အပြင်ထွက်ဖို့လုပ်လိုက်တယ်။
"သား... ဖေဖေနဲ့ တစ်ခါတည်းလိုက်ခဲ့လေ။ သင်တန်းထိလိုက်ပို့ပေးမယ်"
"ရတယ် ဖေဖေ။ သားဘာသာပဲသွားလိုက်မယ်"
ဖခင်ဖြစ်သူမှ မယုံသလိုကြည့်လာ၍ အသည်းအသန် ရှင်းပြရတယ်။
"သား တစ်ကယ်သွားမှာပါ။ သားပေးထားတဲ့ ကတိကိုမမေ့ပါဘူး။ အခု ဖုန်းကွဲသွားလို့ ဖုန်းအရင်သွားပြင်မလို့"
"အေး... ဖုန်းဆိုမှ၊ သား အစ်ကို ဝမ်ကျိုးချန်ကို ဘာမှမပြောထားနဲ့ဦး။ သူက သား မလာတော့ဘူးဆိုပြီး ပျော်နေတာ။ ဖေဖေတို့ Surprise တိုက်ရအောင်။ ရှောင်းကျန့်ရောပဲ။
ဟား ဟား ဟား ဟား........."
ဝမ်ချီက သူ့အကြံသူ သဘောကျစွာ ရယ်မောလေတယ်။
ဝမ်ရိပေါ်လည်း ဖခင်ရဲ့ စကားကြောင့် တစ်ခုခုကိုတွေးလိုက်မိပြီး ပြုံးလိုက်ကာ...
"ဟုတ်တယ်... ဖေဖေ့ အကြံကောင်းတယ်"
××××
ရှောင်းကျန့် စောစောနိုးနေတာနဲ့ မနက်စာအတွက် ပြင်ဆင်နေလိုက်တယ်။ ရိုးရိုးရှင်းရှင်း ထမင်းကြော်နဲ့ ကြက်ဥကြော်ပဲလုပ်လိုက်တယ်။
"Wow! ရှောင်းကျန့်ကတော့ amazing ပဲ။ မနက်စာကလည်း ရှယ်ပဲ"
ကျိုးချန်က ရှောင်းကျန့်ရဲ့ မနက်စာကိုမြင်တော့ အံ့ဩသွားတယ်။
"တော်သေးတာပေါ့။ ငါလည်း အဆင်ပြေတာလေးပဲ လုပ်ထားတာ"
"အင်း.... စားကောင်းတယ်"
ကျိုးချန်က လက်မလေးထောင်ပြပြီး ရှောင်းကျန့်ကို ချီးကျူးလိုက်တယ်။
ရှောင်းကျန့် အလုပ်မသွားခင်လေး ဝမ်ရိပေါ်ကို ဖုန်းဆက်ကြည့်လိုက်တယ်။ စက်ပိတ်ထားသည်တဲ့။ ရှောင်းကျန့် ဖုန်းမျက်နှာပြင်ကိုကြည့်ရင်း ခပ်ငိုင်ငိုင်လေးဖြစ်သွားရတယ်။ ရင်ထဲမှာလည်း ဗလောင်ဆူလာရတယ်။
'ဟားးးးးး ဝမ်ဝမ်က စိတ်ဆိုးနေတာလား?'
"ရှောင်းကျန့်ရေ... သွားရအောင်"
ရှောင်းကျန့်လည်း ကျိုးချန်အော်ခေါ်သံကြောင့် ပူလောင်လာတဲ့စိတ်ကိုဘေးချိတ်လို့ အခန်းထဲက အမြန်ထွက်လိုက်ရတယ်။
နေရာသစ်၊ပတ်ဝန်းကျင်အသစ်မှာ လူသစ်တွေနဲ့ အလုပ်လုပ်ရမှာဖြစ်လို့ ရှောင်းကျန့်က စိတ်အစုံကို အလုပ်ထဲမှာပဲ နစ်မြှုပ်လိုက်တော့တယ်။
××××
ဝမ်ရိပေါ်တစ်ယောက်လည်း ဖခင်ရဲ့ဆန္ဒအတိုင်း အခု အမေရိကန်စာတွေနဲ့ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံတွေ လေ့လာသင်ယူနေရတယ်။ ဟိုရောက်ရင် အခက်အခဲမရှိအောင်တဲ့။ ဝမ်ရိပေါ်က ဖခင်ကို စူစူအောင့်အောင့်နဲ့ အတွန့်တက်လိုက်ပါသေးတယ်။
" အစ်ကို ရှောင်းကျန့်ကျ ဘာသင်တန်းမှ မတက်ခိုင်းပဲလွှတ်လိုက်ပြီးတော့"
ဝမ်ရိပေါ် ခေါင်းခေါက်ခံလိုက်ရတယ်။
"ရှောင်းကျန့်က ထက်မြတ်ပြီးသား! သူက ဒီမှာကတည်းက နိုင်ငံခြားသားတွေနဲ့ အလုပ်လုပ်နေတာ။ အတွေ့အကြုံရှိပြီးသား!"
"ဟွန့်! ဖေဖေကလည်း အားကြီးနဲ့ ကိုယ့်သားကို အဲလိုပြောရလား"
အင်းလေ နှစ်လလောက်ပဲ သည်းခံရမှာပေါ့။
နောက် နှစ်လလောက်ဆို သူ ရှောင်းကျန့်ဆီလိုက်သွားလို့ရပြီ။ ဖန်ရှင်းတို့ကလည်း ကျောင်းပိတ်ရက် ဘာမှလုပ်စရာမရှိတာနဲ့ ရိပေါ်နဲ့အတူတူ သင်တန်းလိုက်တက်ကြတယ်။ ဝမ်ရိပေါ်လည်း မပျင်းရတော့ဘူးပေါ့။
ဝမ်ရိပေါ်က ကွဲသွားတဲ့ဖုန်းကပြင်ဖို့ တစ်ပတ်စောင့်ရမည်ဆို၍ စိတ်ညစ်သွားရတယ်။ သင်တန်းပြီးတာနဲ့ ဝမ်ရိပေါ်က သူ့အဖေဆီသွားရတော့တယ်။ ဒါပေမယ့် ဝမ်ဥက္ကဋ္ဌက အပြင်သွားနေတယ်တဲ့။ ဝမ်ရိပေါ်လေး စိတ်ညစ်သွားရပါတယ်။ ဒီနေ့က ကံကောင်းတာလား? ကံမကောင်းတာလား?
ဝမ်ရိပေါ်က အိမ်ပြန်ရောက်တာနဲ့ အိမ်ဖုန်းနဲ့ သူ့အဖေဆီဖုန်းဆက်လိုက်တယ်။
"ဖေဖေ~ သား ဖုန်းကွဲသွားလို့ အသစ်တစ်လုံးဝယ်လာပေးနော်~"
ဝမ်ချီက သားဖြစ်သူရဲ့ ခပ်ချွဲချွဲအသံလေးကြောင့် နှုတ်ခမ်းက အလိုလိုပြုံးမိရတယ်။ ဒီကလေး လိုချင်တာရှိတော့လည်း
"ဟုတ်ပါပြီ... ဘာအမျိုးအစားလိုချင်လဲ"
"ရပါတယ်~ ဂိမ်းကောင်းကောင်းဆော့လို့ရတဲ့ဟာဆို ပိုအဆင်ပြေတယ်...ဟီး......"
"ဒီကလေးကတော့"
ဝမ်ချီက သားဖြစ်သူနဲ့ သူ့အကြားဆက်ဆံရေးက တိုးတက်လာတယ်လို့ ခံစားရတဲ့အတွက် နှလုံးသားထဲမှ ကြည်နူးမှုက ဖော်မပြတက်အောင်ပါပဲ။
ဝမ်ရိပေါ်ရဲ့ ဖခင်ကို ချွဲနွဲ့တာကိုကြည့်ပြီး အိမ်တော်ထိန်းရဲ့ နှုတ်ခမ်းတွေကလည်းကော့တက်လျက်....။
××××
ရှောင်းကျန့်တို့ ညနေအိမ်ပြန်ရောက်တော့ ကျိုးချန်က ဧည့်ခန်းကခုံမှာ ခြေပစ်လက်ပစ် ထိုင်ချလိုက်တယ်။
" အား....... ပင်ပန်းလိုက်တာကွာ။ ရှောင်းကျန့် .. မင်းရော.. ဒီမှာအလုပ်လုပ်ရတာ ဘယ်လိုလဲ?"
"အဆင်ပြေပါတယ်။ မင်း တစ်ယောက်လုံးရှိနေတာပဲ"
"ဟား ဟား .... မင်းက ငါ့ကို မြှောက်နေပြန်ပြီ။ ငါ ကြည့်ရသလောက်တော့ မင်းဘာသာပဲလုပ်သွားတာချည်းပဲ။ မင်းက ငါ့ဦးလေးပြောသလို တကယ် တော်တာပဲ"
"အထင်ကြီးနေပြန်ပြီကွာ။ အဲ့လောက်လဲ မဟုတ်ပါဘူး။ ဥက္ကဋ္ဌက သူ့သားကို စာသင်ပေးလို့ ငါ့ကို အကောင်းမြင်နေတာပါ"
ရှောင်းကျန့် ခဏနားပြီး ညစာချက်ဖို့ပြင်လိုက်တယ်။
"ရှောင်းကျန့် ... မင်းလည်း ပင်ပန်းနေတာကို မှာစားကြရအောင်"
"ဟာ.... ဒီမှာ ဟင်းချက်စရာ အများကြီးရှိနေတာကို။ ဝယ်စားရင် ပိုက်ဆံကုန်မယ်။ ငါချက်တာ မြန်ပါတယ်။ မင်းရေချိုးပြီးတာနဲ့ ချက်ပြီးစေရမယ်"
"မဟုတ်ပါဘူးကွာ၊ မင်းကို အားနာလို့ပါ။ ငါက တစ်ခါမှ ချက်မစားဘူး။ ပြီးတော့ ငါက မချက်တတ်ဘူး "
"ဟင်! ဒါဆို မင်း,ဘာလို့ ရေခဲသေတ္တာအပြည့် ဝယ်ထားရတာလဲ?"
"အဲဒါက ဦးလေးက မင်းလာနေမှာမို့လို့ ဝယ်ထည့်ခိုင်းထားတာ။ ဟဲဟဲ... အဲဒီဟာတွေအတွက်လည်း ဦးလေးက ပိုက်ဆံသက်သက်ပေးတယ်လေ။ မင်းက ငါ့ညီကို စာသင်ပေးတဲ့ ဆရာတဲ့၊ သူ့သား လိမ္မာလာတာ မင်းကြောင့်တဲ့"
ကျိုးချန်က ရှင်းပြနေရင်း မေးစေ့ကို လက်မ လက်ညှိုးနဲ့ပွတ်လိုက်ကာ မျက်ခုံးကိုကြုတ်လျက် တွေးတွေးဆဆပြောလာတယ်။
"အင်း...... ဒီပုံစံအတိုင်းဆို ငါတော့ ပိုက်ဆံတော်တော်စုမိမှာပဲ။ နေ့လည်စာကလည်း ကုမ္ပဏီကကျွေးတာဆိုတော့"
ရှောင်းကျန့်က ဝမ်ဥက္ကဋ္ဌရဲ့ ရည်ရွယ်ချက်ကို နားမလည်နိုင်တော့ဘူး။ နေဖို့ စားဖို့ လုံးဝပူပင်စရာမလိုအောင်ပြည့်စုံနေတယ်။ သူ့ကို ဒီမှာနေပျော်အောင်များလုပ်ဖို့ အစီအစဉ်ရှိနေတာလား? ဝမ်ရိပေါ်ဆီ ပြန်မလာစေချင်လို့လား? ရှောင်းကျန့်က ခေါင်းကို ရမ်းလိုက်မိတယ်။ တွေးလေ တွေးလေ နားမလည်နိုင်လေပဲ။
'တော်ပါပြီ။ အလုပ်လုပ်တာတောင် ဒီလောက် ခေါင်းမရှုပ်ရဘူး။ မတွေးတာကောင်းတယ်'
ညစာစားပြီးတာနဲ့ ရှောင်းကျန့်ရော ကျိုးချန်ပါ ကိုယ့်အခန်းကိုယ် ဝင်သွားကြတယ်။ ရှောင်းကျန့်က စားပွဲပေါ်တင်ထားတဲ့ဖုန်းကိုယူလိုက်ပြီး အိပ်ရာပေါ်ပစ်လှဲချလိုက်တယ်။ ဖုန်း Gallery ထဲက သူနဲ့ဝမ်ရိပေါ်ရဲ့ အမှတ်တရပုံလေးတွေကိုကြည့်ရင်း နှုတ်ခမ်းထောင့်လေးတွေက ကော့တက်သွားတယ်။ ဒါလေးတွေက အလွမ်းပြေပေါ့!
ရှောင်းကျန့် ပုံလေးတွေကြည့်ပြီးတာနဲ့ ဝမ်ရိပေါ်ဆီ ဖုန်းဆက်ကြည့်လိုက်တယ်။
'စက်ပိတ်ထားတယ်တဲ့လား~'
ရှောင်းကျန့်မှာ စိတ်ထဲမသက်မသာဖြစ်သွားရတယ်။ ဘာလို့ရယ်မသိ ငိုချင်သလိုလို ရယ်ချင်သလိုလိုဖြစ်လာရတယ်။ မျက်ဝန်းနှစ်ဖက်လုံး စပ်လာရပြီး နှာခေါင်းကပါခပ်စူးစူးလေးဖြစ်လာရတယ်။ ရှောင်းကျန့်က ရေချိုးခန်းအပြင်ဘက် ဘေစင်မှာသွားပြီး မျက်နှာသစ်လိုက်တယ်။ ဘေစင်ရှေ့ရှိ မှန်မှာသူ့ကိုယ်သူကြည့်လိုက်ပြီး နာနာကျင်ကျင် ညည်းတွားမိတယ်...
'ကောင်းပါတယ်။ ငါတို့နှစ်ယောက်က ဘယ်လိုမှမနီးစပ်နိုင်တာ။ ဝမ်ဝမ်လည်း နားလည်သွားတယ်နဲ့တူပါတယ်'
××××
နေ့ရက်တွေက တစ်ရက်ပြီးတစ်ရက်ကုန်ဆုံးလို့သွားနေတယ်။
ရှောင်းကျန့်ကလည်း ဝမ်ရိပေါ်အကြောင်းအတွေးထဲဝင်မလာရအောင် အလုပ်ကိုပဲဖိလုပ်နေတယ်။ အားရင် စီးပွားရေးဆိုင်ရာစာအုပ်တွေဖတ်တယ်။ ဘာသာစကားကိုပိုမိုကျွမ်းကျင်အောင်လေ့လာတယ်။
ဒါပေမယ့်လည်း စျေးဝယ်စင်တာရောက်တိုင်း ဝမ်ရိပေါ်ကြိုက်တတ်တာတွေ ဝယ်မိတယ်။
ဝမ်ရိပေါ်အရွယ်ကောင်လေးတွေမြင်တိုင်း သတိရတယ်။
တစ်ခါတစ်ရံ ရုပ်ရှင်သွားကြည့်လို့ စုံတွဲတွေတွေ့တိုင်း ဝမ်ရိပေါ်ကိုလွမ်းလာတယ်။
လိင်တူစုံတွဲတွေ လွတ်လပ်စွာသွားလာနေထိုင်နေတာမြင်ရရင် သူနဲ့ဝမ်ရိပေါ်လည်း ဒီမှာဆို လွတ်လွတ်လပ်လပ်တွဲလို့ရမှာပဲလို့ စိတ်ကူးယဉ်မိတယ်။ စိတ်ကူးယုံနဲ့တင် ပျော်ဖို့ကောင်းတယ်။ မဖြစ်နိုင်မှန်းသိပေမယ့်ပေါ့။ ရှောင်းကျန့် ခါးသက်စွာ ရယ်မိတယ်။
'လွမ်းတယ် ဝမ်ဝမ်ရေ............
ဝမ်ဝမ်ရော ကိုယ့်ကို လွမ်းနေမလား?
ဒါမှမဟုတ် မုန်းများနေမလား?'
ရှောင်းကျန့်ရဲ့ ကြည့်ကောင်းတဲ့ အရပ်အမောင်း ချောမောတဲ့ရုပ်ရည် ရည်မွန်တဲ့အပြောအဆို အပြုအမူတွေနဲ့ လုပ်ငန်းစွမ်းဆောင်ရည် ထက်မြက်မှုကြောင့် လုပ်ငန်းခွင်က သူ့လူမျိုးရော လူမျိုးခြား အမျိုးသား၊ အမျိုးသမီးတွေရဲ့ စိတ်ဝင်စားမှုကိုခံရပေမယ့်လည်း သူကတော့ သူ့နှလုံးသားကို သော့ခတ်ထားလိုက်ပြီးပြီ။
_______________________TBC
Photos credit to original uploaders.
ရေးလိုက် ဖျက်လိုက်နဲ့ တင်ဖို့ နောက်ကျသွားရပါတယ်။