Zawgyi
"~~စံပယ်တစ်ကုံးဖြင့် သူ့ကိုပန်ပေးချင်တယ်~~
~~ကိုယ်ကိုယ်တိုင် ရွေးလို့သီမယ်~~
~~မေးပါရစေ ပျိုခင်သက်ထားမျက်ခြယ်~~
~~ငြင်းပယ်မှာလား ချစ်သူရယ်~~"
စံပယ်ငုံတွေအား ကြိမ်ဇကာကလေးဖြင့် ခူးလိုက် သီချင်းကလေးညည်းလိုက်ဖြင့် တစ်ခေတ်မောင်တို့ အလုပ်များလို့နေ၏။ မနက်တိုင်း အစ်ကိုထွင်းအတွက် စံပယ်ငုံတို့ ခူးဆွတ်သီကုံးပေးရသည်ကို သူ့မယ် အကျင့်ဖြစ်လို့နေပြီ။ စံပယ်ငုံတို့ခူးပြီးမှ မသီပေးရပါလျှင် ကိုယ်လက်တို့ကိုက်ခဲကာ နေမထိထိုင်မသာဖြစ်တတ်တော့၏။ ယခုလည်း သီချင်းကလေး တအေးအေးဖြင့် စံပယ်ရုံနား ဆောင့်ကြောင့်ထိုင်ကာ စံပယ်ငုံတို့အား စိတ်ရှည်လက်ရှည် ခူးဆွတ်နေမိ၏။
"~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~
~~ကြည်လင်ပျံ့မွှေးကြူတယ်~~
~~ကိုယ့်မေတ္တာ စေတနာမိုးကကြွယ်~~
~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~"
အချစ်ဦးလည်းဖြစ် အချစ်ဆုံးလည်းဖြစ်သူ အစ်ကိုထွင်းအတွက် လုံလုံလောက်လောက် ခူးဆွတ်ပြီးပြီမို့ တစ်ဖက်သို့လှည့်ကာ ပြန်ထမည်အလုပ်တွင် သူ့အား ဆောင့်ကြောင့်ကလေးထိုင်ကာ ပြုံးပြုံးကလေးငေးနေပါသော အစ်ကိုထွင်းကြောင့် လန့်ဖြန့်ကာ နောက်ပြန်လဲတော့၏။ လက်ထဲမှ စံပယ်ငုံတို့ဖွေးနေသော ကြိမ်ဇကာကလေးကိုတော့ဖြင့် အသက်နှင့်လဲကာ ကာကွယ်ထားသည်မို့ မှောက်မသွားချေ။
"အမလေးဗျ!!!"
"ဟော မောင်!!!"
အစ်ကိုထွင်းက ပြာပြာသလဲဖြင့် သူ့အားလာ၍ ထူပေးတော့၏။ တစ်ခေတ်မောင်မှာ မျက်နှာကလေးရဲ၍ ရှက်နေမိတော့သည်။ အစ်ကိုထွင်းရှေ့ဆိုလျှင် အမြဲတစေ အရာရာနှင့်အကြောင်းကြောင်း၊ အလွဲလွဲနှင့်အချော်ချော်ပင်။
"မောင်ရယ်....ငါက အဲ့သည့်လောက်ပဲ လန့်စရာကောင်းနေလို့လားလေ...."
"မ...မဟုတ်ပါဘူး....မောင့်ဘာသာ လန့်သွားလို့ပါ...."
အစ်ကိုထွင်းမှာတော့ သူ့အား စိုးရိမ်တကြီး ထူကာ ထစေပြီး မျက်နှာကလေးညှိုးနေတော့သည်။ တစ်ခေတ်မောင် ဖုတ်ဖတ်ခါလိုက်ပြီးနောက် ချောင်းကလေးဟန့်ကာဆိုရတော့သည်။
"အစ်ကိုထွင်းကို လန့်တာမဟုတ်ပါဘူး...မောင့် အချစ်ဆုံးကို မောင်က လန့်စရာလားလို့....အခုက အစ်ကိုထွင်းက ဘေးမှာ လာထိုင်ကြည့်နေတော့ ရုတ်တရက် လန့်သွားလို့ပါ...."
"မောင့်သီချင်းသံကလေး နားထောင်ချင်လို့ လာထိုင်ငေးမိရုံပါ...."
အစ်ကိုထွင်းက ညှိုးညှိုးငယ်ငယ်ပြောပြန်တော့ သူ့မယ် စိတ်မကောင်းဖြစ်မိပြန်၏။ အစ်ကိုထွင်းအား ခပ်ဖြေးဖြေးကလေး ညင်သာစွာ ရင်ခွင်ထဲ ထည့်ဖက်လိုက်တော့သည်။ နာကျင်သွားရမည်ကို စိုး၍ မထိမကိုင်ရက်ဖြင့် နူးညံ့စွာ ရင်ခွင်ထဲ ထွေးဖက်ခြင်းမျိုးပင်။
"အစ်ကိုထွင်း နားထောင်ချင်တဲ့ဘယ်အချိန်မဆို မောင်က မညည်းမညူဆိုပြ ညည်းပြမှာပေါ့ဗျာ....ကဲပြော ဘာသီချင်းနားထောင်ချင်သလဲ...."
"ခုနက သီချင်းကလေးပဲ ပြန်နားထောင်ချင်တယ်...."
တစ်ခေတ်မောင် ချောင်းဟန့်ကာ လည်ချောင်းကို ရှင်းလိုက်သည်။ ပြီးသည်နှင့် စတင်သီဆိုလေတော့၏။
"~~စံပယ်တစ်ကုံးဖြင့် သူ့ကိုပန်ပေးချင်တယ်~~
~~ကိုယ်ကိုယ်တိုင် ရွေးလို့သီမယ်~~
~~မေးပါရစေ ပျိုခင်သက်ထားမျက်ခြယ်~~
~~ငြင်းပယ်မှာလား ချစ်သူရယ်~~"
ခန္ဓာကိုယ်ကလေးကိုလည်း သံစဉ်အလိုက် ခပ်ဖြေးဖြေးလှုပ်ရမ်းရင်း ရင်ခွင်ထဲမှ အစ်ကိုထွင်း၏ ပိတုန်းရောင်ဆံနွယ်ကလေးများကိုလည်း ပွတ်သပ်ပေးနေမိသည်။
"~~ဖြူလွှလွှ ပန်းငွေစံပယ်ကုံးအသွယ်~~
~~ကြည်လင်ပျံ့မွှေးကြူတယ်~~
~~ကိုယ့်မေတ္တာ စေတနာမိုးကကြွယ်~~
~~ချစ်ဦးသူအတွက် ပန်ပေးမယ်~~"
တရော်ကင်းပွန်းနံ့သင်းသင်းကလေးမွှေးနေသော အစ်ကိုထွင်း၏ ဆံနွယ်နက်များအား ဖျတ်ခနဲ မွှေးကြူကာ ဆက်လက်သီဆိုမိ၏။
"~~ဆံမြညှာထက်မှာကွယ်~~
~~ချစ်စရာ့ ငွေစံပယ်ကုံးနဲ့ရယ်~~
~~စိတ်ထဲမှာ ချမ်းမြေ့ဖွယ်~~
~~ပန်းအလှတစ်ကုံးနဲ့သူတင့်တယ်~~
~~စံပယ်တစ်ကုံးဖြင့်-----"
"တစ်ခေတ်မောင်ရေ့!!!! တစ်ခေတ်မောင်!!!"
ကိုဖိုးကျော်၏ ခပ်ကျယ်ကျယ်အော်ခေါ်သံကြောင့် ကြည်နူးစွာ ပွေ့ဖက်နေသော နှစ်ဦးသားမှာ အလျင်အမြန် လူချင်းခွာရတော့သည်။ သူတို့အဖြစ်ကိုမြင်လိုက်သော ကိုဖိုးကျော်မှာ မျက်ဆံပြူးနေလျက်....
"ငါအချိန်မှားရောက်လာမိတာလား..."
"မဟုတ်ပါဘူး!!!!"
"မဟုတ်ပါဘူး!!!!"
ပြိုင်တူဖြေကြပြီးနောက် သူတို့အဖြစ်အား သူတို့ရှက်ကာ ချောင်းတဟန့်ဟန့်ဖြစ်သွားကြပြန်၏။ ထိုဖြစ်အင်ကြောင့် ကိုဖိုးကျော်မှာ ပြုံးစိစိဖြင့် သဘောခွေ့နေတော့သည်။
"ကဲပါ ကဲပါ...သည်မှာ တစ်ခေတ်မောင်....သည်နေ့မင်းအတွက် စာပါတယ်...."
ကိုဖိုးကျော်လှမ်းပေးသော စာအိတ်ကလေးအား တစ်ခေတ်မောင် ယောင်တောင်တောင်ဖြင့် လှမ်းယူလိုက်သည်။
"သွားပြီနော့...."
ကိုဖိုးကျော်မှာ သွက်သွက်သွက်သွက်ဖြင့်ထွက်သွားတော့၏။ ကိုဖိုးကျော်ဟူသည် ယုန်တလင်းရွာသို့ ပို့လိုက်သည့်စာမှန်သမျှအား အိမ်အရောက်ပြန်လည်ပို့ပေးသည့်သူဖြစ်၏။ နေ့တိုင်း ယုန်တလင်းရွာအဝင် ရထားလမ်းအကျော်ရှိ စာတိုက်ပုံးတွင် စာအိတ်တို့ တစ်ထပ်လိုက်ယူကာ ရွာထဲသို့ ပြန်ပို့ပေးလေ့ရှိ၏။ ဤရွာတွင်နေခဲ့သည့် လေးနှစ်အတောအတွင်း တစ်ခေတ်မောင်တို့ထံ အဘယ်သောအခါမှ စာမလာခဲ့။ တစ်ခါတစ်ရံ ဆရာရသတို့ထံမှ ပို့စာမျှော်မိပါသော်လည်း တစ်စောင်တစ်လေမျှရောက်မလာ။ အခုအခါမှ အထူးအဆန်းရောက်လာသည်မို့ တစ်ခေတ်မောင်မှာ အံ့သြနေလျက်။
"နေပူလာပြီ အစ်ကိုထွင်း...အိမ်ထဲ ဝင်ပြီးမှ ဖတ်ကြရအောင်...."
တစ်ခေတ်မောင်က ပြောလည်းပြော စံပယ်တို့မို့နေသော ကြိမ်ဇကာလေးလည်း သတိတရယူကာ အစ်ကိုထွင်းကို တွဲလျက် အိမ်အောက်ထပ်သို့ ဝင်လာခဲ့သည်။ တစ်ခေတ်မောင်တို့ အိမ်အောက်ထပ်မှ ဝင်လိုက်သည်နှင့် အေးမြမှုကို ခံစားရ၏။ အောက်ထပ်တစ်ခြမ်း၌ ဖျာကြမ်းတို့ခင်းထားကာ တစ်ခြမ်းမှာ မြေကြီးအတိုင်းဖြစ်လေ၏။ အစ်ကိုထွင်းအား ဖျာကြမ်းထပ်တွင် ထိုင်စေလိုက်ပြီး သူသည်လည်း အစ်ကိုထွင်းဘေးသို့ တင်ပျဉ်ခွေဝင်ထိုင်လေ၏။
"ဘယ်သူ့ဆီကများလဲ မောင်...."
"မောင်လည်းမသိဘူးရယ်...."
စာအိတ်ကလေးအား ဖင်တပြန်ခေါင်းတပြန်ကြည့်ရင်း ဖြေလိုက်မိသည်။ စာအိတ်ကလေးထက် မညီမညာရေးထားသော *တစ်ခေတ်မောင်*ဟူသည့် နာမကလေးသာရှိကာ ပို့သူအမည်မပါချေ။ အချိန်ဆွဲမနေတော့ဘဲ တစ်ခေတ်မောင် ဖွင့်ဖောက်ကာ ဖတ်လိုက်တော့သည်။
"ဒ...ဒါ...ဆရာကြည့်ဆီက စာပဲ အစ်ကိုထွင်းရဲ့...."
တစ်ခေတ်မောင် တုန်တုန်လှုပ်လှုပ်ဆိုလိုက်လေသည်။ စာပါအကြောင်းအရာမှာ တိုတိုနှင့်လိုရင်းသာဖြစ်ပြီး အဓိကအကြောင်းအရာမှာတော့ သူ့ရွာဆီ မဖြစ်ဖြစ်အောင် လာခဲ့ဖို့ရာ တစ်ခေတ်မောင်တို့အား ခေါ်ထားခြင်းဖြစ်၏။
"ဆရာကြည်က သူ့ဆီ လာလည်ပါအုန်းတဲ့ အစ်ကိုထွင်း...."
"သေချာပေါက် သွားရမပေါ့မောင်....ဆရာကြည်နဲ့ မတွေ့ရတာ ကြာပြီမဟုတ်လား...."
တစ်ခေတ်မောင်မှာတော့ သက်ပြင်းကလေးသာချမိ၏။ ဆရာကြည့်အား သူ မလွမ်းသည်မဟုတ် လွမ်းပါ၏။ သို့သော် သွားတွေ့ဖို့ရာလည်း ကြောက်နေမိပြန်သည်။ ကိုယ့်ဦးလေးလို၊ အဖေလို ချစ်ခင်လေးစားခဲ့ရသူမို့ သူယခုကဲ့သို့ ဘဝအား ရွေးချယ်လိုက်ခြင်းအပေါ် အပြစ်တင်မည်အား စိုးရိမ်နေမိသည်။
"သည်ကနေ ရထားနဲ့ဆို တိုက်ရိုက်ရောက်တယ်မလားမောင်....အလျဉ်းသင့်သွားတာပေါ့နော်...."
အစ်ကိုထွင်းက တက်တက်ကြွကြွပြောဆိုနေပါသော်လည်း သူ့စိတ်အစုံမှာ လေးလံလို့နေ၏။ ဆရာကြည်ဆိုသည်မှာ သူ့အား လူရွှင်တော် ဖြစ်စေချင်လွန်း၍ ပုခုံးထမ်းတင်ပေးခဲ့သူ မဟုတ်ပါလား။ ကိုယ်ကသာ ခုန်ဆင်းခဲ့သူလေ။ အစ်ကိုထွင်းနှင့် အတူနေဘဝအား ရွေးချယ်လိုက်ရခြင်းအပေါ် နောင်တတစိုးတစိမျှ မရပါသော်လည်း ဆရာကြည်နှင့် ရင်ဆိုင်ဖို့ရာ အခက်တွေ့နေ၏။
"ဘာဖြစ်သလဲမောင်....နေမကောင်းဘူးလားဟင်...."
အစ်ကိုထွင်း၏ လက်ဖဝါးနွေးနွေးမှာ တစ်ခေတ်မောင် နှဖူးပေါ်ရောက်ရှိလာတော့၏။ သူမျက်နှာတစ်ချက်ပျက်သည်နှင့် သတိမူမိပါသော အစ်ကိုထွင်းပါလေ။ တစ်ခေတ်မောင်မှာ ရင်မောနေသည့်ကြားမှ ပြုံးမိပါ၏။
"မောင်နေကောင်းပါတယ်လေ...."
"မောင့်မျက်နှာမကောင်းဘူးလားလို့ပါ..."
သက်ပြင်းကိုအသာချကာ ကြိမ်ဇကာထဲမှ စံပယ်ငုံများကိုသာ ငုံ့ကာသီနေမိသည်။ အစ်ကိုထွင်းမှာတော့ သူ့မျက်နှာကိုသာ လိုက်ကြည့်လျက် အကဲခတ်နေလေ၏။
"စိုးရိမ်မနေနဲ့နော်မောင်...."
ပုခုံးကလေးအား ဖွဖွပုတ်ကာ အစ်ကိုထွင်းက အားပေးလာပါ၏။ တစ်ခေတ်မောင်သည် စိတ်လေးလံမှုတို့အား လေတို့နှင့်အတူ မနည်းမှုတ်ထုတ်လိုက်ရသည်။
"အစ်ကိုထွင်းအတွက် စံပယ်သီပေးမယ်နော်...."
မောင်စကားလွှဲနေလေတော့ ထွင်းအက္ခရာလည်း လိုရာအတင်းဆွဲမနေတော့ပါ။ မောင့်အတွက် ပြောဆိုဖို့ရာ ခက်ခဲနေပါလျှင် သူလည်း ထုတ်မပြောစေလို။
ဤသို့နှင့် ထိုအပတ်၏ စနေနေ့တွင် မောင်နှင့်သူ ဆရာကြည့်ထံ သွားရောက်ဖို့ အကြောင်းဖန်လာ၏။ မောင်မသွားလောက်တော့ဘူးထင်ပါသော်လည်း သောကြာနေ့ညတွင်တော့ လိုအပ်သည်တို့ထည့်ကာ *နက်ဖြန်သွားကြမယ်နော်*ဟုဆိုလာခဲ့သည်။ သို့နှင့် မောင့်သဘောကျ စနေနေ့တွင် အညာမြေသို့ သွားဖို့ရာ အကြောင်းဖန်လာခဲ့၏။
မောင့်မွေးရပ်မြေရွာသို့ ယုန်တလင်းမှ ရထားတိုက်ရိုက်ပေါက်သည်မို့ အလျဉ်းသင့်ပေသည်။ ကားမူးတတ်သောမောင့်ကြောင့် ရထားစီးရခြင်းသည်သာ အဆင်ပြေ၏။ မောင့်ကိုလည်း မပင်ပန်းစေချင်။ ရထားနှင့်ဆိုလျှင် နှေးသော်ငြား ငြိမ့်၏။ အချိန်ပေးရသော်ငြား မောင် မပင်ပန်းပါဘဲ လိုရာခရီးအရောက်သွားနိုင်သည်။ မောင်နှင့်နေထိုင်ပြီးသည့်နောက် ရထားနှင့်ခရီးသွားရခြင်းအား ပို၍သဘောခွေ့လာတော့သည်။
မောင်နှင့်အတူ စားဖို့ရာ ထမင်းထုပ်ထုပ်သွားလိုက်၏။ နေ့လည်ခင်းတွင် ရထားပေါ်၌ အသင့်ထုပ်လာသော ထမင်းထုပ်အား ဖြည်ကာ စားဖြစ်ကြသည်။ ထမင်းမှာ ဖတ်ရွက်ဖြင့်ထုပ်ထားသည်မို့ ဖတ်နံ့ကလေးသင်းနေ၏။ မောင့်အကြိုက် ငပိရည်ကလေးနှင့် ဝက်သားနီချက်ကလေးပါသည်။ ပန်းဂေါ်ဖီနှင့်ကြက်ဥကြော်ကလေးပါလေတော့ ထမင်းမြိန်လေ၏။
သူရနေမင်းကြီးမှာ တောင်ပုခုံးတွင် မေးတင်နေလေပြီ။ ကောင်းကင်တစ်ခွင်မှာ ပုဇွန်ဆီရောင်သမ်းလို့ပင်။ မောင့်လက်ဖဝါးကြမ်းကြမ်းကြီးအား မြဲမြဲဆုပ်ကိုင်ကာ ရထားပြတင်းတစ်ဖက်ခြမ်းသို့ ငေးနေမိသည်။ မောင့်နံဘေးမှသည် နေဝင်ဆည်းဆာအား ငေးမောရသည်မှာလည်း ဘဝအရသာတစ်ခုပင်။ မောင်ကတော့ ပုဇွန်ဆီရောင်သမ်းနေလေသော သူ့မျက်နှာကလေးအား တစိမ့်စိမ့်ငေးနေ၏။ မျက်တောင်မခတ်တမ်းငေးနေသည်မို့ ထွင်းအက္ခရာ၏ နားရွက်ထိပ်ကလေးများ ရဲတက်လာတော့သည်။
"ပူလို့လား အစ်ကိုထွင်း...မောင် ဆံပင်စည်းထားပေးရမလား...."
မောင်က သူ့ခါးပုံစထဲမှ ခေါင်းစည်းဖဲကြိုးအား အသည်းအသန်ရှာနေတော့၏။ သူ့အတွက်အဆင်ပြေစေရန် မောင်က အမြဲတစေ ခေါင်းစည်းတို့ ဆောင်ထားတတ်သည်လေ။ အညိုရောင် ဖဲခေါင်းစည်းကလေးကို တွေ့လေတော့ မောင်က ထွင်းအက္ခရာ၏ ဆံနွယ်တို့အား ညင်ညင်သာသာသိမ်းယူကာ ခပ်ပြေပြေစည်းနှောင်ပေးလေ၏။
"ကျေးဇူးပါမောင်...."
"အလိုက်သိတဲ့မောင့်ကို ဆုမချချင်ဘူးလား အစ်ကိုထွင်း...."
မောင်က ပြီတီတီဖြင့် ဆိုသည်ကြောင့် ဘေးပတ်လည်အား ထွင်းအက္ခရာ ဝေ့ကြည့်မိသည်။ ခရီးသည်အသီးအသီးမှာ အိပ်ငိုက်လျက် လိုက်ပါလာကြ၏။
"မောင့်အစ်ကိုထွင်းက ရှက်တတ်လိုက်တာဗျာ...."
မောင်က ရယ်ရင်းဆိုသည်။ ပြီးနောက် ထွင်းအက္ခရာ၏ လက်သွယ်သွယ်အား ဆွဲယူကာ လက်ဖမိုးနုနုအား ခပ်ဖွဖွနမ်း၏။ မောင့်နှုတ်ခမ်းတို့၏ စိုစိစိအတွေ့မှာ ထွင်းအက္ခရာ လက်ဖမိုး၌ တစ်ခဏတာ နေရာယူ၏။ ပြီးသည့်နောက် လစ်ဟာသွားပြန်သည်။
"မောင်က အစ်ကိုထွင်း အနေရခက်အောင်မလုပ်ပါဘူး...."
ထွင်းအက္ခရာမှာ သူ့လက်ကလေးအား ဆုပ်ကိုင်ထားသည့်မောင့်လက်တို့ကို မလွှတ်တမ်း ပြန်လည်ဆုပ်ကိုင်မိသည်။
*မောင်ဟူသည် တစ်ရက်ထက်တစ်ရက် ပိုတိုးလို့ ချစ်မိလေအောင် ပြုစားတတ်သူပင်....*
မိုးစုန်းစုန်းချုပ်ကာမှ မောင့်ရွာဆီသို့ ရောက်၏။ ရထားသည်ကား မြို့ပေါ် ဘူတာတွင်ရပ်သည်မို့ မောင့်ရွာဆီ ကုန်းလမ်းဖြင့် လမ်းတစ်ဆင့်လျှောက်ရသေးသည်။ ရွာသို့ရောက်သည်နှင့် မောင်က ဆရာကြည့်အိမ်သို့သာ တန်းတန်းမတ်မတ်သွားလေ၏။ အိမ်ရှေ့ရောက်သည်နှင့် တွန့်ဆုတ်မှုမရှိလေဘဲ တကြော်ကြော်အော်ခေါ်ပြန်တော့သည်။
"ဆရာကြည်ရေ့!!! ဗျို့ ဆရာကြည်!!!"
လူအိပ်ချိန်မို့ ထပ်မံ၍ ကျယ်ကျယ်မခေါ်ဖို့အား မောင့်အား တံတောင်တွတ်၍ တားရသေးသည်။ မကြာပေ။ ဆရာကြည်သည် အိမ်နေရင်း စွပ်ကျယ်အပေါက်ဝတ်လျက်ဖြင့် အိမ်ပေါ်မှ သုတ်တီးသုတ်ပြာဆင်းချလာတော့သည်။ ဆရာကြည့်နောက်တွင်လည်း ဒေါ်ငွေခင်ကြီးမှာ ထမိန်ပြင်ဝတ်လျက် ဆင်းချလာတော့သည်။ တစ်ခေတ်မောင်မှာ နေရာတွင်ပင် ကြောင်အ,နေမိတော့၏။
*ဘယ့်နှယ့်ကြောင့် ဒေါ်ငွေခင်က ဆရာကြည့်ဆီ ညကြီးမိုးချုပ်ရောက်နေရတာတုန်း....*
"တစ်ခေတ်မောင်!!! မင်းပါလားကွ ဟေ!!!"
ဆရာကြည်က အားရဝမ်းသာဖြင့် သူ့အား ပြေးဖက်တော့သည်။ တစ်ခေတ်မောင်မှာတော့ ဆံပင်များ ဘုတ်သိုက်ဖြစ်နေသော ဒေါ်ငွေခင်ကိုငေးရင်း မျက်လုံးပြူးလို့မပြီးသေးပါ။
"ဆ...ဆရာကြည်....ဒေါ်ငွေခင်က ဘယ့်နှယ်ကြောင့် ဆရာကြည့်ဆီ ညကြီးမိုးချုပ် ရောက်နေရတာတုန်း...."
တစ်ခေတ်မောင်မှာ မနေနိုင်ဘဲ တန်းမေးမိတော့၏။ သူ့အမေးစကားကြားသည်နှင့် ဒေါ်ငွေခင်မှာ မျက်နှာအား မဲ့ကာရွဲ့ကာဖြင့် ဆိုသည်က...
"အို....ကိုယ့်လင်ယောက်ျားအိမ် ကိုယ့်ဘာသာ ညကြီးမိုးချုပ်ပဲရောက်ရောက် ဘာအရေးတုန်း...နင့်အရေးလား...ပြောပါအုန်း တစ်ခေတ်မောင်...."
"ခင်ဗျာ!!!!"
တစ်ခေတ်မောင်မှာ လည်တပွတ်ပွတ်ဖြင့်ရှက်နေလေသော ဆရာကြည့်ကိုတစ်လှည့် မျက်နှာကြီးချီကာ ပြောနေလေသော ဒေါ်ငွေခင့်ကို တစ်လှည့်ကြည့်ကာ 'ခင်ဗျာ' တရတော့၏။ အစ်ကိုထွင်းမှာတော့ သူ့ပုံစံကိုကြည့်ကာ ခပ်တိုးတိုးရယ်နေတော့သည်။
ထိုပြဿနာအား ဆရာကြည်က မနက်ရောက်မှ ရှင်းပြတော့၏။ ဆရာကြည်နှင့် ဒေါ်ငွေခင်တို့ လက်ထပ်ထားသည်မှာ တစ်နှစ်ပင်ပြည့်တော့မည်ဖြစ်သည်။ အဆုံး၌ သူ၏ ချစ်လှစွာသော မစွံနိုင်သည့် လူပျိုကြီးဆရာကြည်မှာ အတောင်အလက်စုံသွားလေပြီ။ တစ်ခေတ်မောင်မှာ မနက်စာဝိုင်း၌ ဒေါ်ငွေခင့်အား စူးစူးရဲရဲကြည့်ကာ တစ်ခွန်းတည်းမေးတော့သည်။
"ဒေါ်ငွေခင်...ခင်ဗျား ကျုပ်ဆရာကြည်ကို အကြွေးနဲ့သိမ်းလိုက်တာတော့ မဟုတ်ပါဘူးနော်...."
သူ့စကားကြောင့် လူအများတစ်ခဏတော့ ကြောင်အ,ကာ သွားတော့၏။ ပြီးကာမှ ဒေါ်ငွေခင်ကြီးမှာ တဟားဟားရယ်ရင်း ရွဲ့ဖြေလာသည်။
"ဟုတ်တယ်ဟေ့...နင့်ဆရာကြည်ကို နင်တို့မြို့ပေါ်တက်တုန်းက လမ်းစရိတ်ချေးထားတဲ့ငွေ ပြန်မဆပ်နိုင်လို့ သိမ်းလိုက်တာဟေ့...."
"ငွေခင်ကလည်းလေ ပေါက်ပေါက်ရှာရှာ....."
ဆရာကြည်ကတော့ ရှက်ရမ်းရမ်းကာ သူ့မိန်းမအား လှမ်းပြော၏။ တစ်ခေတ်မောင်မှာတော့ ဆရာကြည့်အား နှမြောနေတုန်းပင်။
"ဒါနဲ့ တစ်ခေတ်မောင်....မင်း သည်မှာ ကြာကြာနေမယ်မဟုတ်လား...."
"မဖြစ်ဘူး ဆရာကြည်ရဲ့...ရွာမှာ ခရမ်းတွေပျိုးထားခဲ့တာ...ကျုပ်ပြန်မကြည့်လို့မရဘူး...."
"မင်းကတော့လား....ကိုယ့်မွေးဇာတိမှာတောင် ကြာကြာမနေဘူး...."
"တကယ်မရလို့ပါ ဆရာကြည်ရယ်...."
ဆရာကြည်မှာ မျက်နှာကြီးမည်းလျက် သူ့အား ကြည့်နေ၏။ တစ်ခေတ်မောင်သည်လည်း သည့်ထက်ပို၍ ကိုယ့်ရွာကလေးမယ်နေချင်ပါသော်လည်း ခရမ်းခင်းနှင့် နှင်းဆီခင်းအား ဦးခလေးထံ ခဏအပ်ထားရသည်မို့ မဖြစ်မနေပြန်ရမည်သာ။ တစ်ခေတ်မောင်တို့ မနက်စာစားသောက်ပြီးချိန်တွင် ဒေါ်ငွေခင်နှင့် အစ်ကိုထွင်းက ပန်းကန်ခွက်ယောက်များအား သွားရောက်ဆေးကြောကြသည်မို့ အိမ်ရှေ့၌ တစ်ခေတ်မောင်နှင့် ဆရာကြည်သာကျန်ရစ်ခဲ့တော့သည်။
"ဒေါ်ငွေခင်...ကျုပ်အစ်ကိုထွင်းကိုချည်းပဲ မခိုင်းနဲ့နော်!!!...."
"ဟုတ်ပါပြီရှင့်!!! သည်က မိန်းမကြီးကပဲ အကုန်သိမ်းကြုံးလုပ်လိုက်ပါ့မယ်ရှင့်!!!"
ဒေါ်ငွေခင့်ခင်မျာ မျက်နှာမဲ့ရွဲ့ကာဆိုလိုက်ပြီး ထွင်းအက္ခရာလက်ထဲမှ သယ်ထားလေသော ပန်းကန်များအား ဆွဲသယ်ဖို့ပြင်နေ၏။
"နေပါ ဒေါ်ဒေါ်ရယ်....ကျွန်တော်သယ်နိုင်ပါတယ်...."
"အမလေး! မလုပ်ပါနဲ့ ကျွန်တော်မျိုးမပဲသယ်ပါ့မယ်...နို့မို့ဆို ဟိုငနာကလေးက ကျုပ်ကို ပြောလို့ဆိုလို့ ပြီးတော့မှာ မဟုတ်ဘူးတော့...."
ထွင်းအက္ခရာပြန်ဆွဲသည်ကို ပြန်ဆွဲလုနေသော ဒေါ်ဒေါ့်ထံမှ ထွင်းအက္ခရာ ပြန်ဆွဲလုနေမိ၏။
"အကဲပိုတဲ့မောင့်ကို ဂရုထားမနေပါနဲ့...ကျွန်တော်ပဲဆေးလိုက်ပါ့မယ်...."
သူ့လက်ထဲမှ ပန်းကန်ခွက်ယောက်များအား အတင်းဆွဲလုကာ ပန်းကန်ဆေးစဥ့်အိုးဆီ ထော့နင်းထော့နင်းလျှောက်သွားလေသော သူငယ်ကလေး၏ ကျောပြင်ကို ငေးကာ ဒေါ်ငွေခင်တစ်ယောက် ပြုံးနေမိလျက်။
"ပိုလည်း ပိုချင်စရာပါလေ..."
ဒေါ်ငွေခင် တိုးတိုးရေရွတ်မိလေတော့သည်။
တစ်ခေတ်မောင်နှင့် ဆရာကြည်မှာတော့ အိမ်ရှေ့ကွပ်ပျစ်တွင် အကြမ်းရည်သောက်လိုက် ထန်းလျက်ခဲစား၍ အချိုတည်းလိုက်ဖြင့် တိတ်ဆိတ်နေလျက်။ ထိုတိတ်ဆိတ်နေသော လေထုအား တစ်ခေတ်မောင်ကသာ စတင်ဖြိုခွဲလေ၏။
"တောင်းပန်ပါတယ် ဆရာကြည်...."
"ဟေ!!! ဘာများလဲကွ ရုတ်တရက်ကြီး..."
ဆရာကြည်က အံ့သြနေသော မျက်နှာပေးဖြင့် ပြန်မေး၏။ တစ်ခေတ်မောင် သက်ပြင်းသဲ့သဲ့ချလိုက်မိတော့၏။
"ဆရာကြည်က ကျုပ်ကို လူရွှင်တော်ဖြစ်စေချင်လွန်းလို့ မြို့အထိ ပို့ပေးခဲ့ပေမဲ့ ကျုပ်ကတော့ ဒုံးရင်းက ဒုံးရင်းဖြစ်နေလို့လေ...."
တစ်ခေတ်မောင်စကားအား ဆရာကြည်က ခေါင်းတငြိမ့်ငြိမ့်ဖြင့် နားထောင်နေလေ၏။ ပြီးနောက် သောက်လက်စ အကြမ်းရည်အား အကုန်မော့သောက်လိုက်ကာ သူ့အား လေးနက်စွာကြည့်၍ဆိုတော့သည်။
"အခု မင်းပျော်နေသလား...."
ကိုယ်ပြောသည့်အကြောင်းအရာနှင့် ကွဲလွဲစွာ အမေးပြုလာသည့် ဆရာကြည်ကြောင့် သူတစ်ခဏမျှ ကြောင်အမ်းအမ်းဖြစ်သွားရပါသော်လည်း စဥ့်အိုးဘေးတွင် ဒေါ်ငွေခင်နှင့်အတူတူ စကားတပြောပြောဖြင့် ရယ်မောကာ ပန်းကန်ခွက်ယောက်ဆေးနေလေသော အစ်ကိုထွင်းအား မြင်သည့်အခါ ပြုံးမိလျက် အချိန်မဆိုင်းပဲ အဖြေပေးမိတော့၏။
"သိပ်ပျော်နေရတာပေါ့ ဆရာကြည်ရာ....အစ်ကိုထွင်းက ကျုပ်နံဘေးမယ် အမြဲတစေ ရှိနေတာမို့ မပျော်ရတဲ့နေ့ရယ်လို့ကို မရှိပါဘူး...."
ဆရာကြည်မှာ ခပ်ကြည်ကြည်ပြုံး၍ ခေါင်းတငြိမ့်ငြိမ့်ပြုနေ၏။ ထို့နောက်တွင် တစ်ခေတ်မောင်၏ ပုခုံးအား ဖွဖွဆုပ်ကိုင်ကာဖြင့်....
"ဒါဖြင့်ရင် ငါ့ကို တောင်းပန်စရာဘယ်လိုပါ့မလဲ တစ်ခေတ်မောင်....ဘယ်ဆရာမဆို ကိုယ့်တပည့်ရဲ့ အောင်မြင်မှုတက်လမ်းကို လိုလားကြပေမဲ့လို့ ကိုယ့်တပည့်ရဲ့ ပျော်ရွှင်မှုကိုလည်း ထည့်စဉ်းစားပေးရမပေါ့....ငါ့အတွက်တော့ တစ်ခေတ်မောင် မင်းရဲ့ ပျော်ရွှင်မှုကသာ အရေးအကြီးဆုံးပါ....မင်း အခုပျော်နေတယ်ဆို ဆရာဖြစ်တဲ့ ငါ ကျေနပ်ပါပြီ...."
"ကျေးဇူးပါ ဆရာကြည်...."
တစ်ခေတ်မောင် မျက်ရည်ကြည်များဝဲလျက် ဆိုမိသည်။ ဆရာကြည်ဟာ သူ့အတွက် ဆရာတစ်ဦးထက်ကို ပိုပါ၏။ ဖခင်တစ်ဦး၊ ဦးလေးတစ်ဦးဖြစ်သလို သူငယ်ချင်းကောင်းတစ်ဦးလည်းဖြစ်ခဲ့သည်။ ယခုကဲ့သို့ သူ့အတွက် အစစအရာရာ စဉ်းစားနားလည်ပေးပါသော ဆရာကြည့်အား သူအဟုတ်ပင် လေးစားယုံကြည်ရပါ၏။
"ဒေါ်ငွေခင်နဲ့ လက်ထပ်လိုက်တာကို ဂုဏ်ပြုပါတယ်နော် ဆရာကြည်... ဒါ့နဲ့ ဒေါ်ငွေခင်က ဆရာကြည့်ကို အကြွေးနဲ့ အဓမ္မသိမ်းတာတော့ မဟုတ်ဘူးမလား...."
"မင်းကတော့လား...."
ပြောင်တောင်တောင် မျက်နှာပေးဖြင့် မေးလာလေတော့ ဆရာကြည်မှာ ဝသီအတိုင်း တစ်ခေတ်မောင်၏ ခေါင်းမာမာအား ဂေါက်ခနဲ ခေါက်ချလိုက်တော့သည်။ သူနာသလား မနာသလားတော့မသိပေမဲ့ ခေါက်လိုက်တဲ့ လက်မှာတော့ အတော်နာသွားရပြီ။
"ဆရာကြည်ကတော့ အရင်ကအတိုင်း လက်သံပြောင်တုန်းပါလားနော်...."
တစ်ခေတ်မောင်က သူ့နှဖူးအား လက်ဖြင့်ပွတ်ရင်းဖြင့် ရှုံ့မဲ့ကာ ပြော၏။ ထိုအချိန်တွင်ပဲ အချိန်ကိုက်စွာ အစ်ကိုထွင်းနှင့် ဒေါ်ငွေခင်တို့ သူတို့နံဘေး ရောက်လာလေတော့၏။ ဆရာကြည်က ခပ်မြန်မြန်သာ စကားလမ်းကြောင်းလွှဲလိုက်လေတော့သည်။
"ထွင်းအက္ခရာကို ငါတို့ သနပ်ခါးခြံထဲ လိုက်ပို့ပေးလိုက်ပါအုန်းလား တစ်ခေတ်မောင်...."
သနပ်ခါးခြံဟူသည့် စကားကိုကြားသည်နှင့် အစ်ကိုထွင်း၏ မျက်လုံးကလေးများ တဖျတ်ဖျတ်လက်သွားသည်ကို တစ်ခေတ်မောင် ဖမ်းမိလိုက်သည်မို့ နှဖူးနာနေသည့်ကြားမှ သွားများပေါ်သည်အထိ ပြုံးရယ်မိကာ...
"သွားကြမလား အစ်ကိုထွင်း...."
"သွားချင်တာပေါ့ မောင်...."
အစ်ကိုထွင်းက တက်တက်ကြွကြွဆို၏။ နေမြင့်လာလျှင် သနပ်ခါးခြံသို့ သွားသည့်လမ်း၌ ပင်ပန်းနိုင်သည်မို့ တစ်ခေတ်မောင်တို့ အချိန်မဆိုင်းလေဘဲ စောစောထွက်ခဲ့ကြလေ၏။ မနက်စား တနင့်တပိုးစားထားသည်မို့ အညောင်းအညာပြေ လမ်းလျှောက်ရာလည်းရောက်ပေ၏။ ရွာထဲသို့ လမ်းလျှောက်သွားလိုက်သည်နှင့် တွေ့သည့်သူတိုင်းက တစ်ခေတ်မောင်အား အားရဝမ်းသာ နှုတ်ဆက်ကြ၏။
လူချစ်လူခင်ပေါသော မောင်က လာနှုတ်ဆက်သမျှသော လူတို့အား တရင်းတနှီးပြန်နှုတ်ဆက်ကာ သာကြောင်းမာကြောင်းမေးနေလေ၏။ ဘေးတွင် ပါလာသော ထွင်းအက္ခရာကတော့ အနေရခက်လျက်။ ထိုလူတွေကို ထွင်းအက္ခရာမှ မသိတာလေ။ မောင်ကသာ တရင်းတနှီးနှုတ်ဆက်နေပေမဲ့ ထိုလူတွေ သူ့ထံ အကြည့်ပို့လာပုံက လူထူးလူဆန်းနှယ်။ ဆန်းမပေါ့။ ဝတ်စားထားသည်မှာ ယောက်ျားကလေးတစ်ဦးလိုဖြစ်သော်လည်း ကြည်လင်ဝင်းမွတ်သော မျက်နှာကလေးနှင့် ခပ်ပြေပြေစည်းနှောင်ထားသော ဆံနွယ်များကြောင့် သူတို့မျက်လုံးထဲ ထူးဆန်းနေလောက်မည်။ လမ်းလျှောက်ပုံကလည်း သာမန်လူနှင့်မတူဟထော့နင်းထော့နင်းနဲ့မဟုတ်ပေလား။ သို့ပေသော်လည်း ထိုသို့ဆက်တိုက်အကြည့်ခံရခြင်းသည် ထွင်းအက္ခရာအား လွန်စွာ အနေရခက်စေ၏။
"ဟယ် တစ်ခေတ်မောင်....နင် ရွာပြန်ရောက်နေတယ်ပေါ့လေ...."
လူကြီးပိုင်းတစ်စုနှင့် နှုတ်ဆက်ပြီး ထွက်အလာ ခမောက်ကလေးကိုယ်စီဆောင်း၍ ဆွမ်းချိုင့်ကိုင်ကာ ပြန်လာကြသော အမျိုးသမီးလေးတစ်စုက တစ်ခေတ်မောင်အား ဝမ်းသာအဲလဲ နှုတ်ဆက်တော့သည်။ မောင်သည်လည်း ပြုံးဖြီးလို့နေသည်မှာ ပါးစပ်နားရွက် တက်ချိတ်တော့မတတ်ပင်။ ထွင်းအက္ခရာ ရင်အတွင်း ချဉ်ခနဲ ခံစားလိုက်ရတော့သည်။
"အယ် မိအေးတို့ပါလား....ဘယ်က ပြန်လာကြတာတုန်း...."
မောင်က ခပ်မြူးမြူးမေး၏။ ထိုအမျိုးသမီးတစ်စုကလည်း ပြုံးရယ်ကာဖြင့်...
"အမလေး မိအေးတို့ကိုများ မေ့သွားပြီလားလို့....နင်က မှတ်မိသေးသားပဲ....ငါတို့ အခု ရွာဦးဘုန်းကြီးကျောင်းက ပြန်လာတာဟဲ့...နင်လည်း ရောက်နေတာဆိုတော့ ဆရာတော်ဘုရားဆီ သွားလျှောက်အုန်းလေ...."
"ကျုပ်လည်း ညနေကျရင် သွားမလားလို့ပါ....."
"ဒါ့နဲ့ ဘေးကတစ်ယောက်က?"
စပ်စပ်စုစုပုံပေါ်သော ကောင်မလေးတစ်ဦးမှာ သူ့အား ညွှန်ပြလျက် မေးလာလေ၏။ မောင့်အပြုံးတို့မှာ ပို၍ ပီပြင်လာရင်း ထွင်းအက္ခရာ ပုခုံးအား ခပ်ဖွဖွလှမ်းဖက်တော့၏။
"ကျုပ်ရဲ့ အစ်ကိုထွင်းလေ...."
ရှေ့တူရူမှ ကောင်မလေးသုံးဦးမှာ သူတို့နှစ်ဦးအား ကြည့်လိုက် သူတို့အချင်းချင်းကြည့်လိုက်ဖြင့် ယောင်တောင်တောင်ဖြစ်နေကြတော့သည်။
"ကျုပ်အစ်ကိုထွင်းကို ဆရာကြည့် သနပ်ခါးခြံထဲ သွားပြမလို့ကွ...မိအေး နင့်ခမောက်ကလေး ငှားစမ်းဟာ..."
"အမ်!!"
မိအေးတစ်ယောက် အမ်ခနဲ ဖြစ်နေသည်ကို တစ်ခေတ်မောင် ဂရုမစိုက်အားဘဲ လက်ထဲကိုင်ထားသော ခမောက်ကလေးအား ဆတ်ခနဲ ဆွဲယူလျက် အစ်ကိုထွင်းအား အသေအချာဆောင်းပေးနေမိသည်။ အစ်ကိုထွင်းကတော့ သူ့အား အံ့သြတကြီးမော့ကြည့်လို့။
"သွားရအောင် အစ်ကိုထွင်း....မိအေးတို့ သွားပြီနော့်...."
"ဟေ...အေးအေး"
ခပ်သွက်သွက်ထွက်သွားလေသော တစ်ခေတ်မောင်နှင့်အစ်ကိုထွင်းအား ငေး၍ ကောင်မလေးသုံးဦးမှာ ယောင်နနကျန်ရစ်နေခဲ့တော့သည်။ ဖြစ်ပျက်သွားသမျှကို နားမလည်နိုင်ဖြစ်နေရကာ ခမောက်ပါသွားသည်ကိုပင် ဘယ်အချိန်ပြန်ပေးမလဲ မမေးလိုက်နိုင်သည်အထိ သတိလက်လွတ်ဖြစ်ကျန်ခဲ့တော့သည်။
"မင်း ခမောက် မင်းပဲဆောင်း....."
မိအေးတို့နှင့် ခပ်လှမ်းလှမ်းရောက်ကာမှ အစ်ကိုထွင်းက ခမောက်ကို အတင်းကာရော ဆွဲချွတ်ကာ သူ့လက်ထဲ ထည့်ပေး၏။ သူသိတာပေါ့ အစ်ကိုထွင်းသူ့အား သဝန်တိုနေသည်ဆိုသည်ကို။ ထို့ကြောင့်ပင် တစ်ခေတ်မောင်မှာ ပြုံးစိစိဖြစ်နေလေတော့သည်။
"ဘာရယ်စရာပါသလဲ...."
သူပြုံးစိစိဖြစ်နေလေတော့ အစ်ကိုထွင်းက ဘောက်ဆတ်ဆတ်မေး၏။ ဒါကိုပင် တစ်ခေတ်မောင်က သဘောတကျရယ်နေမိတော့ အစ်ကိုထွင်း၏ မျက်စောင်းမမည်သော မျက်စောင်းကလေးမှာ သူ့ထံ ဒိုင်းခနဲ ရောက်ချလာတော့သည်။
"အဟွတ်ဟွတ်.....မ...မဟုတ်ပါဘူး...အစ်ကိုထွင်း သဝန်တိုနေတာလေးက ချစ်စရာကောင်းနေလို့ မောင်ကရယ်မိတာပါ...."
"ဟွန်း...ဘယ်သူက သဝန်တိုနေလို့လဲ...."
အစ်ကိုထွင်းက နှုတ်ခမ်းကလေးဆူကာ ပြော၏။ တစ်ခေတ်မောင်မှာ ပြုံးစစဖြင့် အစ်ကိုထွင်းအား ခမောက်ကလေး သေချာဆောင်းပေးနေမိသည်။ ပါးသိုင်းကြိုးကလေးကိုလည်း မနာမကျင်စေရန် ခပ်ပြေပြေချည်ပေးလိုက်၏။ တစ်ခေတ်မောင်၏ လှုပ်ရှားမှုတိုင်းဟာ အလွန်တရာမှ နူးညံ့ညင်သာနေလျက် တယုတယဆန်နေပါ၏။
"မောင့်အစ်ကိုထွင်းကို နေကလေးထိုးတာတောင် မောင်ကကြိုက်တာမဟုတ်ဘူး...ဒါကြောင့် ခမောက်ကလေး ဆောင်းထားပါနော်...."
ထွင်းအက္ခရာ၏ မျက်နှာထက် ကျေနပ်ပြုံးကလေး ဖြစ်ထွန်းလာလေတော့၏။ ခေါင်းကလေးဖြေးဖြေးငြိမ့်ပြလိုက်ကာ မောင့်လက်ကိုဆွဲကိုင်လိုက်မိတော့၏။ မောင်က ရယ်မောကာ သနပ်ခါးခြံဆီ ထပ်မံဦးတည်လိုက်တော့သည်။ ဆရာကြည်တို့ သနပ်ခါးခြံကလေးမှာ တောင်ကုန်းကလေးပေါ်တွင် တည်ရှိ၏။ ဘေးဘီဝဲယာတွင် တောင်ကုန်းပြေပြေကလေးများ၊ တောင်ချွန်ချွန်ကလေးများ၊ သစ်ပင်စိမ်းကလေးများဝန်းရံနေလျက် လွန်စွာ ပနံသင့်နေလေ၏။ ပတ်ဝန်းကျင်မှ တောင်ကုန်းကလေးများပေါ်တွင်လည်း သနပ်ခါးခြံကလေးများရှိသည်။ ထို့အထဲတွင် ဆရာကြည့်သနပ်ခါးခြံမှာ အကျယ်ဝန်းဆုံး အလှပဆုံးပင်။
"လှသလား အစ်ကိုထွင်း...."
သနပ်ခါးပင်မြင့်မြင့်တို့အား ငေးမော့ကြည့်ကာ အံ့သြနေပါသော အစ်ကိုထွင်းအား သူမေးမိသည်။ သူ့အမေးစကားကြားသည်နှင့် အစ်ကိုထွင်းမှာ သနပ်ခါးပင်များနှင့် ရှုခင်းများကိုငေးလျက် ပြုံးနေလေတော့သည်။
"သိပ်လှတာပဲမောင်...."
"မောင့်အစ်ကိုထွင်းကိုတော့ မမှီပေါင်...."
အရှက်သည်းစရာ ထိုစကားကြောင့် ထွင်းအက္ခရာမှာ မောင့်ရင်ဘတ်အား ဘုန်းခနဲရိုက်မိတော့သည်။ သူ့ကိုရိုက်သည်ကိုပင် မောင်က ပန်းနှင့်ပေါက်နေသည့်အလား ပြုံးပျော်နေလျက်။
"ဟုတ်မှ ဟုတ်ပါ့မလားလို့ ကြည့်နေတာ...တကယ်ပဲ မင်းဖြစ်နေတာပါလား....မတွေ့ရတာ ကြာပြီနော် ထွင်း...."
ခပ်သြသြအသံလာရာအား လှည့်ကြည့်လိုက်ရာ နှစ်ပေါင်းများစွာ မေ့ပျောက်နေမိပါသော လူတစ်ဦးအား တွေ့လိုက်ရတော့သည်။ ထိုလူ့ကို တွေ့လိုက်ရသည်နှင့် မောင်က သူ့အား ကျောနောက်သို့ ပို့ကာ ဖွက်လေတော့သည်။ ထွင်းအက္ခရာမှာတော့ လွန်စွာ တည်ငြိမ်လျက်ရှိနေလေ၏။
"နေကောင်းပါရဲ့လား သူဌေးလေး မင်းဇေတ...."
ထွင်းအက္ခရာထံမှ သာကြောင်းမာကြောင်း အမေးစကားအား မျှော်လင့်မထားသည်မို့ မင်းဇေတမျက်ခုံးများ ပင့်တက်သွားရတော့သည်။ မောင်ကလည်း စိုးရိမ်တကြီးဖြင့် သူ့အား ကြည့်လာလေသည်။ မင်းဇေတက တခဏမျှ အံ့သြနေပြီးကာမှ ဟက်ခနဲရယ်ကာ ဆိုလေသည်။
"ကောင်းပါ့ဗျာ...ထွင်းကော နေကောင်းရဲ့လား...သည်အတောအတွင်း ပျော်မှ ပျော်ရရဲ့လား...."
ခပ်ရွဲ့ရွဲ့အမေးစကားနောက် မောင့် မေးကြောတို့တောင့်တင်းလာသည်ကို ထွင်းအက္ခရာမြင်လိုက်ရသည်။ သူသည် လွန်စွာတည်ငြိမ်နေသော အသံဖြင့်သာ အဖြေပေးလိုက်ပါ၏။
"နေလည်းကောင်းသလို သိပ်ကိုလည်း ပျော်ရွှင်နေရပါတယ်....ဂရုတစိုက် အမေးပြုပေးလို့ ကျေးဇူးပါ သူဌေးလေး မင်းဇေတ...."
သူ့အဖြေစကားကြောင့် သူဌေးလေး၏ မဲ့ပြုံးတို့ မှေးမှိန်သွားသည်ကို မြင်တွေ့လိုက်ရ၏။ မျက်နှာထားမှာ ရုတ်ချည်းမည်းမှောင်သွားကာ ခပ်ပြတ်ပြတ်ဖြင့်ဆိုတော့သည်။
"ကိုယ်လည်း သည်အနားက သနပ်ခါးခြံတစ်ခု လာကြည့်တာ...ထွင်းတို့ကို မြင်တော့ လာနှုတ်ဆက်ရုံပါ...ဒါဖြင့်...."
စိတ်မရှည်လက်မရှည်ဖြင့် သြရှရှပြောကာ လှည့်ထွက်သွားဖို့ဟန် ပြင်နေသူ မင်းဇေတ။
"နေပါအုန်း...."
ထွင်းအက္ခရာ၏ အသံနောက် သူ့ခြေလှမ်းတို့ တုံ့ခနဲရပ်တော့သည်။ မဟုတ်မှ သူ့အား ငြင်းပယ်မိခြင်း၊ လိမ်ညာမိခြင်းအား တောင်းပန်တိုးလျှိုးမည်လား။ ထိုအတွေးဖြင့် ပြန်လှည့်ကာ စူးရဲနေသော တစ်ခေတ်မောင်နောက်မှ ထွင်းအား ငေးမိတော့၏။ ကံဆိုးလှစွာဖြင့် ထွင်းနှုတ်မှ ထွက်ကျလာသော စကားတို့မှာ သူထင်ထားသကဲ့သို့ သူ့အား ပြန်လည်လိုချင်နေသည့် စကားမျိုးဟုတ်မနေခဲ့။
"ကျေးဇူးအထူးတင်ပါတယ်....သူဌေးလေးကြောင့်သာ မဟုတ်ရင် အခုလို မောင်နဲ့ နှစ်ယောက်အတူ ပျော်ပျော်ရွှင်ရွှင်အေးအေးဆေးဆေးနေရမယ်မထင်ဘူး...အငြိမ့်ကရတာကို ပျော်မွေ့ပေမဲ့ အမျိုးသမီးအဖြစ် ဟန်ဆောင်နေရတာမို့ မွန်းကြပ်ခဲ့ရတာမဟုတ်လား....နွံထဲက ရုန်းဖို့ရာ တွန်းအားဖြစ်ပေးခဲ့လို့ ကျေးဇူးပါ....သူဌေးလေးလည်း လူကောင်းတစ်ဦးနဲ့ ဆုံတွေ့နိုင်မှာပါ...ကျွန်တော် ဆုတောင်းပေးနေပါ့မယ်..."
ကြည်ကြည်လင်လင်ပြုံးကာဖြင့် ခပ်အေးအေးပြောပြလာသော ထွင်းအား ငေးလျက် သူ့တွင် တုံ့ပြန်စကားတို့ ပျောက်ရှကုန်တော့သည်။ သူ့ခြေတို့မခိုင်တော့ဘဲ နှလုံးအတွင်း ပူနွေးရှိန်းတက်လာကာ သူ့မျက်ခမ်းစပ်တို့ စပ်ဖျင်းလာတော့သည်။ မူဟန်မပျက်စေရန် ထိုမျှနှင့်ပင် နေရာမှ လှည့်ထွက်ခဲ့မိတော့သည်။ တောင်ကုန်းအတိုင်းဆင်းလာခဲ့ရင်း လမ်းမကြီးရောက်သည်အထိ အတွေးများဖြင့် လျှောက်လှမ်းနေမိသည်။ ရပ်ထားသော သူ့ကားနားရောက်သည်နှင့် သူ့နောက်မှ တကောက်ကောက်လိုက်ပေးနေခဲ့သော အစေခံမှာ ကားတံခါးအား ရိုကျိုးစွာ ဖွင့်ပေးလေတော့သည်။
ကားအတွင်း ဝင်ထိုင်လိုက်ရင်း ဦးစွာ လုပ်မိသည်က သက်ပြင်းဖွဖွ ချမိခြင်းပင်။ အစေခံမှာ ကားမောင်းသူနေရာတွင် ထိုင်ရင်း သူအမိန့်ပေးမည်ကို စိတ်ရှည်စွာ စောင့်ဆိုင်းနေလေ၏။ မင်းဇေတမှာ စီးကရက်တစ်လိပ်အား ငုံခဲလိုက်ရင်း မီးညှိလိုက်တော့သည်။ ခပ်ပြင်းပြင်းတစ်ချက်ရှူရှိုက်ကာ မီးခိုရောင်အငွေ့တို့အား ကားအတွင်း ပျံ့နှံ့စေလိုက်သည်။
"နောက်ဆုံးတော့ ကိုယ်ကပဲ မကောင်းတဲ့ကောင် ဖြစ်ခဲ့တာပါလား ထွင်းရယ်...."
မချိတင်ကဲရေရွတ်မိတော့သည်။
"ထွဋ်ခေါင်....မင်း အမြင်မှာ ငါက သိပ်ကို ယုတ်မာတယ်လို့ ထင်သလား...."
ကားမောင်းသူနေရာမှ ထွဋ်ခေါင်မှာ သူ့ကိုသာ ငေးနေရင်း အဘယ်သို့သော အဖြေမျှ ပေးမလာပါချေ။ မင်းဇေတ ဆေးလိပ်အား တစ်ခါထပ်မံရှိုက်လိုက်မိသည်။ သည်နှစ်တွေအတွင်း သူလုပ်ခဲ့သမျှ လုပ်ရပ်တို့အား မှန်ကန်သည်ဟုသာ တစ်ဖက်ကမ်းခတ်တွေးနေမိ၏။ ထွင်း ယောက်ျားတစ်ဦးဖြစ်နေသည့်အတွက် သူ့မေတ္တာလျော့မသွားပါ။ သို့ပေမဲ့ ထွင်းကလေး သူ့ထံ ဦးညွှတ်မလာသည်ကိုတော့ ဘဝင်မကျဖြစ်မိသည်။ ဘာမဟုတ်သည့် သာမညကောင်ကိုသာ အရေးတယူလုပ်နေသည်ကို သဘောမတွေ့ခဲ့။ သူလုပ်ခဲ့သမျှသည် ထွင်းနှင့်သာမည ကွဲကွာစေဖို့ရန်နှင့် ထွင်းကလေး သူ့အရိပ်အမိုးအောက် ခခယယဖြင့် ဝင်ရောက်ခိုလှုံလာဖို့ရန်သာ ရည်ရွယ်ခဲ့သည်။ ယခုတော့ဖြင့် မှန်းချက်နှင့် နှမ်းထွက်လွဲကာ သူနှင့်ထွင်း ပိုမို ဝေးကွာခဲ့ရ၏။ သည်နှစ်တွေအတွင်း ထွင်းအား အရူးတစ်ယောက်လို ရှာဖွေနေခဲ့သည်ကို သူသာအသိဆုံး၊ သူ့နှလုံးသားသာ အသိဆုံးပင်။
နှစ်များစွာ သူမှန်သည်ဟု ထင်မှတ်ထားခဲ့သော လုပ်ရပ်များမှာ ယနေ့ ထွင်းနှုတ်ဖျားထံမှ ပွင့်အန်ကျလာသော စကားလုံးတို့ကြောင့် နောင်တရစပြုလာရတော့၏။ သူတကယ်ပဲ မှားခဲ့သည်လား။ မိဘများရှိလျက် ပဲ့ပြင်မခံရသည့်သူ့အတွက် ဘယ်ဟာအမှန်ဘယ်ဟာအမှား ငယ်စဉ်ကတည်းက မခွဲခြားတတ်ပေ။ အရွယ်ရောက်လာလေတော့လည်း သူဌေးလေးဟူသော ဂုဏ်ဖြင့် သူလုပ်သမျှ မှန်သည်ဟု မြှောက်ထိုးပင့်ကော်လုပ်မည့် လူများဝန်းရံကာသာ နေထိုင်ခဲ့ရသည်။ ထို့ကြောင့် သူသည် ဆိုးသည် မိုက်သည် တဇွတ်ထိုးဆန်၏။ ယခုတွင်တော့ သူမျက်ရည်ဝဲမိနေပါပြီ။ ထွင်း၏ဘဝကို ဖျက်ပါလျှင် သူ့ဘဝထဲ ထွင်းတစ်ယောက် ဝင်ရောက်ခိုလှုံလာလိမ့်မည်ဟု ခပ်ရူးရူးတွေးမိသွား၏။ သူထင်ထားသည်နှင့်ကွဲလွဲစွာ ထွင်းနှင့် တစ်ခေတ်မောင်ကိုသာ ထို့ထက်နီးစပ်အောင် သူကူညီပေးလိုက်မိသည်လား။ သို့ဆိုလျှင် ဤနှစ်များတစ်လျှောက်လုံး သူသည်သာ အရူးအနှမ်းကြီးဖြစ်ခဲ့သည်ပေါ့လေ။
မျက်ရည်တို့မှာ အတားအဆီးမရှိ စီးကျလာသော်လည်း မင်းဇေတ မျက်နှာသေဖြင့်သာ ဆေးလိပ်ရှိုက်နေမိတော့သည်။ အက်ရှနေသော သူ့အသံဖြင့် ထွဋ်ခေါင်ကိုသာ အမိန့်ပေးလိုက်မိသည်။
"အိမ်ကိုသာ ပြန်ရအောင်...."
"ဟုတ်ကဲ့ပါ သူဌေးလေး...."
#####
သနပ်ခါးပင်များ အရိပ်အောက် တောင်စောင်းအစွန်းကလေးတွင် ထွင်းအက္ခရာနှင့်တစ်ခေတ်မောင် ယှဉ်လျက်ထိုင်နေကြသည်။ သူတို့နှစ်ဦး၏ ခြေထောက်ကလေးများမှာ လေထဲ၌ ရှေ့နောက်လွှဲရမ်းနေကြ၏။ တစ်ခေတ်မောင်က အစ်ကိုထွင်းအား တစိမ့်စိမ့်ငေးကာ ပြုံးနေသည်မှာ မရပ်တော့။ အကြောင်းမှာမူ ဟိုလူယုတ်မာရှေ့ အစ်ကိုထွင်းပြောခဲ့သော စကားများကြောင့်ပင်။ သူနှင့်အတူ ပျော်ပျော်ရွှင်ရွှင်အေးအေးဆေးဆေးနေနိုင်သည်မို့ လူယုတ်မာအား ကျေးဇူးတင်စကားဆိုနေသော အစ်ကိုထွင်း၏ အပြုံးနှင့်အကြည့်တို့အား အမှတ်ရကာ ခပ်ပြုံးပြုံးဖြစ်နေ၏။
"ဘာလို့ အဲ့သည့်လောက်တောင် ငေးနေရသလဲ...လူကို အနေရခက်အောင်...."
အစ်ကိုထွင်းက ခပ်ဆတ်ဆတ်ကလေးဆို၏။
"အစ်ကိုထွင်း...."
တစ်ခေတ်မောင်မှာ လှိုက်လှိုက်ဖိုဖို ဆွဲငင်ကာ ခေါ်၏။ ထိုခေါ်သံ၌ ဆွဲငင်အားတို့ပါဝင်၏။ ညှို့အားပြင်းသော မောင့်မျက်ဝန်းနက်များသည်လည်း ထွင်းအက္ခရာအား လေးနက်စွာ စူးစိုက်ငေးမောနေလျက်။
"ချစ်တယ်....မောင် အစ်ကိုထွင်းကို သိပ်ချစ်တယ်...."
ရုတ်တရက်ဆန်သော အရင်းအဖျားမရှိထိုစကားကြောင့် ထွင်းအက္ခရာ ကိုယ်ကလေးမှာ ကျဉ်ခနဲပင်။ ရုတ်တရက်မို့ ပါးမို့များရဲတက်လာရကာ ရှိန်းတိန်းတိန်းခံစားလာရ၏။ သူ့လက်အား မောင်က ခပ်ဖြေးဖြေးဆုပ်ကိုင်လာသည်မို့ ကဆုန်ပေါက်နေသော နှလုံးသားအား မနည်းထိန်းချုပ်ကာ မောင့်လက်တို့အား ပြန်လည်ကိုင်ဆုပ်မိတော့သည်။
"ငါ မောင့်ကိုချစ်တာ မောင်သိတယ်မဟုတ်လား...."
မောင်က ခပ်ဖြေးဖြေးခေါင်းငြိမ့်၏။ ထွင်းအက္ခရာမှာ မောင့်ကဲ့သို့ အချစ်စကား တဖွဖွပြောတတ်သူမဟုတ်။ အပြုံးကလေးများ၊ အပြုအမူကလေးများဖြင့်သာ ဖော်ပြတတ်သည်။ ယခုလည်း တောင်းစောင်းတွင် လေများတဖုက်နေသည်ကြောင့် မိမိခမောက်ကလေးအား လက်တစ်ဖက်ဖြင့် ထိန်းကိုင်လိုက်ရင်း မောင့်ထံသို့ တိုးကပ်သွားကာ မောင့်နှုတ်ခမ်းထူထူများနှင့် သူ့နှုတ်ခမ်းများအား ထပ်တူကျစေလိုက်တော့သည်။
မောင့်ကိုယ်ကလေးတောင့်သွားသည်ကို ထွင်းအက္ခရာ သတိထားမိသည်။ မောင်သူ့အား မည်မျှတန်ဖိုးထားကြောင်း သူအသိဆုံးပင်။ မောင်က သူ့အား ပွေ့ဖက်တာမျိုး၊ ပါးကလေးအား ဖွဖွနမ်းတာမျိုး၊ လက်သွယ်သွယ်အား တယုတယဆုပ်ကိုင်တာအပြင် အသားယူခြင်းမရှိ။ သူ့ဆန္ဒမပါပါဘဲ အတင်းအကြပ်မလုပ်ယူတတ်သလို အမြဲတစေ သူ့အား တမြတ်တနိုးဖြင့် တန်ဖိုးထားတတ်သည်။ ယနေ့အတွက်တော့ မောင့်အတွက် ထွင်းအက္ခရာ ချစ်စကားဖော်ပြပုံမှာ နှုတ်ခမ်းချင်း ထပ်တူကျခြင်းပင်။ ခပ်ဖွဖွကလေး ထိကပ်ပြီးနောက် ခပ်ဖြေးဖြေး ပြန်ဖယ်ခွာလိုက်မိကာ မောင့်အား ပြုံးပြမိသည်။
"မောင် သည့်ထက်ပိုနမ်းလို့ ရမလား အစ်ကိုထွင်း....."
တစ်ခေတ်မောင် မက်မက်မောမောတောင်းဆိုမိတော့ အစ်ကိုထွင်းက ရိုးရှင်းစွာသာ ခေါင်းငြိမ့်ပြ၏။ အစ်ကိုထွင်း ခွင့်ပြုသည်နှင့် ခမောက်ဆောင်းထားသော အစ်ကိုထွင်း၏ ခေါင်းကလေးအား ခပ်ဖြေးဖြေးဆွဲယူထိန်းကိုင်ကာ ပန်းနုရောင်နှုတ်ခမ်းနုနုများအား သိမ်းပိုက်မိတော့သည်။ မတိတထိလေး ထိကပ်နေရာမှ အစ်ကိုထွင်း၏ နှုတ်ခမ်းများအား အပေါ်တစ်လှည့် အောက်တစ်လှည့် ညင်သာစွာ စုပ်ယူနေမိသည်။ ချိုမြိန်သော ထိုအရသာကြောင့် တစ်ခေတ်မောင်ပြုံးမိလေတော့ အစ်ကိုထွင်းသည်လည်း ရယ်လေသည်။ အနမ်းတို့အား ရပ်ကာဖြင့် အစ်ကိုထွင်း၏ နှဖူးကလေးအား သူ့နှဖူးကလေးနှင့် ထိကပ်စေလိုက်တော့သည်။
ပူလောင်လှသော နေ့လယ်ခင်းအချိန်ကလေးတွင် အရိပ်အမိုးကောင်းသော သနပ်ခါးခြံ တောင်စောင်း၌ ခြေထောက်ကလေး ကိုယ်စီချကာ ခမောက်အကာအကွဟ်ဖြင့် နူးညံ့ညင်သာစွာ အနမ်းပေးနေလေသော ချစ်သူနှစ်ဦးမှာ သဘာဝနှင့်လွန်ဆန်၍ လွန်စွာရင်အေးမြစေလျက်.........
======================
15.11.2022🖤ဆွေး🖤
မောင်တို့ extraလေးတွေကို သည်တွင် ခဏရပ်ပါမည်။ နောင် အထိမ်းအမှတ်နေ့ကလေးတွေနဲ့ ကြုံဆုံတဲ့အခါ ပြန်လာခဲ့ပါ့မယ်။ စာဖတ်သူတို့လည်း မောင်နဲ့အစ်ကိုထွင်းကိုလွမ်းလေတိုင်း သည်ရပ်ဝန်းကလေးကို လာလည်ဖို့ မမေ့ပါနဲ့။
စံပယ်ကုံးတွေကို မြင်ရင်ပဲဖြစ်ဖြစ်၊ ကိုမောင်မောင်ရဲ့ "ပန်ပေးပါရစေ စံပယ်တစ်ကုံး"သီချင်းကလေးကို ကြားလိုက်ရရင်ဖြစ်ဖြစ်၊ မုန့်လက်ဆောင်းကလေးသောက်ရရင်ဖြစ်ဖြစ် မောင်နဲ့အစ်ကိုထွင်းကို လွမ်းဆွတ်နေမိဖို့ရာ လောဘကြီးစွာ မျှော်လင့်မိလျက်......
ဆွေးတမြေ့🖤