သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၅ (Z)
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
ေမာင့္ဒိုင္ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

အခပျြပို

1.9K 166 91
By moe_for_more

Unicode

ပြက္ခဒိန်အနွမ်းလေးထက် ခဲခြစ်ထားလေသော နေ့စွဲကလေးအား ပွတ်သပ်ကာ ပြုံးနေမိတော့သည်။ နယုန်လ၏ ပထမဆုံးရက်ဖြစ်သော ယနေ့။ ယနေ့သည်ကား မောင့်မွေးနေ့။ မောင်နှင့်အတူ နေထိုင်ခဲ့သော လေးနှစ်အတွင်း မောင့်မွေးနေ့အား နှစ်စဥ်မပျက် သူကျင်းပပေးခဲ့သည်။ မကြီးမားသော်ငြား အမှတ်တရဖြစ်စေမည့်နည်းလမ်းများဖြင့် မောင့်မွေးနေ့အား ကျင်းပပေးခဲ့၏။ ဥပမာဆိုရပါသော် ဘုရားအတူတက်၍ ဘုရားအတူဝတ်ပြုတာမျိုး၊ မောင့်အတွက် သိုးမွှေးအင်္ကျီကလေးထိုးပေးတာမျိုး၊ မောင်နှင့်အတူ ဟင်္သာတမြို့ပေါ် လျှောက်လည်တာမျိုးပင်။ မကြီးမားပေသော်ငြား နှစ်စဥ် အမှတ်တရဖြစ်ခဲ့၏။

ယခုနှစ်မွေးနေ့ကိုတော့ မောင်မေ့နေပုံပေါ်ပါ၏။ မနက်လင်းကတည်းက ခြံခေါင်းရင်းထောင့်ရှိ စံပယ်ရုံကိုသာ တသသရှိနေသည်။ တစ်ခါတစ်ရံများဆိုလျှင် ထိုစံပယ်ပင်အား ထွင်းအက္ခရာမျက်စောင်းထိုးမိ၏။ မောင့်ဂရုစိုက်မှုနှင့် မောင့်အချိန်အတော်များများအား ဖဲ့ယူထားသူမဟုတ်ပါလား။ မောင့်အား သက်မဲ့ စံပယ်ရုံနှင့် သဝန်တိုနေမိကြောင်း မောင်သိသွားစဥ်အခါကို ပြန်လည်အမှတ်ရမိ၏။ ထိုစဥ်က မောင်သိပ်ကိုပြုံးရယ်နေခဲ့တာလေ။ အူလှိုက်သည်းလှိုက်ရယ်ရင်း ထွင်းအက္ခရာကို လိုက်စနောက်နေခဲ့တာ။

"အစ်ကိုထွင်းရယ်....မောင့်ကို သက်မဲ့ဖြစ်တဲ့ စံပယ်ရုံကလေးနဲ့တောင် သဝန်တိုတယ်ဆိုတော့ မောင့်ကို သိပ်ချစ်တာပေါ့လေ...."

မောင်က မျက်ခုံးကလေးပင့်ကာ ပြုံးဖြီးဖြီးဖြင့် မေးခဲ့၏။ ထွင်းအက္ခရာမှာတော့ မျက်စောင်းတဝင့်ဝင့်ဖြင့်သာ။

"မောင်က တစ်နေ့တစ်နေ့ အဲ့သည့်စံပယ်ရုံကိုပဲ သနေတာလေ....မောင်ငါ့ကို ချစ်ကော ချစ်သေးရဲ့လား....."

"အိုဗျာ...."

မောင်ကရယ်ပြန်၏။ စံပယ်ရုံ၏ သစ်ရွက်ကလေးများအား ကိုင်တွယ်ကြည့်နေရာမှသည် မျက်နှာ လငမုတ်ဖမ်းနေလေသော ထွင်းအက္ခရာအနားသို့ ရောက်လာကာ ထွင်းအက္ခရာ၏ မေးကလေးအား မောင်က အသာဆွဲမော့ယူ၏။

"ဘယ့်နှယ်မေးလိုက်တာလဲ အစ်ကိုထွင်းရယ်....မောင်ချစ်တာပေါ့ဗျာ....မောင် သိပ်ကို ချစ်တာပေါ့.....မောင် သည်စံပယ်ရုံကလေးကို ပျိုးခဲ့တာ ဘယ်သူ့ကြောင့်လဲ...မောင့်ရဲ့တစ်ဦးတည်းသော အစ်ကိုထွင်းကြောင့်လေ.....မောင့်အစ်ကိုထွင်း နေ့စဥ်နေ့တိုင်း စံပယ်ကုံးတွေ ပေါပေါသီသီပန်နိုင်ဖို့ မောင်ပျိုးခဲ့တာ...မောင်က စံပယ်ရုံကလေးထက် သည်စံပယ်ရုံကလေးကို ပျိုးရတဲ့ အကြောင်းအရင်းလေး အစ်ကိုထွင်းကို အချစ်ဆုံးပေါ့ဗျာ....."

မောင့်အဖြေစကားကြောင့် ထွင်းအက္ခရာမှာ အပြုံးနုနုတို့ကို မဖုံးဖိနိုင်ခဲ့။ မဖုံးကွယ်နိုင်လေအောင် ပြုံးမိတော့ မောင်က ထပ်မံရယ်မောကာ ထွင်းအက္ခရာအား ရင်ခွင်ထဲ အသာဆွဲထည့်ပွေ့ဖက်သေးသည်။

"အာ....မောင်ကလည်း သည်ကလူကချွေးတွေနဲ့ကို....."

"မောင့်အစ်ကိုထွင်းချွေးနံ့လေးက စံပယ်တွေထက်တောင် မွှေးသတဲ့ဗျာ...."

"ဘယ်လို...."

ထွင်းအက္ခရာမှာ သွားတန်းဖွေးဖွေးတို့ပေါ်သည်အထိပင် တဟားဟားရယ်ခဲ့ရသေးသည်။

ထိုနေ့ကအကြောင်းတို့အား ပြန်ပြောင်းတွေးရင်း ထွင်းအက္ခရာသည် နေရာတွင်ရပ်ကာသာ ပြုံးနေမိတော့သည်။

"မောင့်အစ်ကိုထွင်း ဘာတွေတွေးပြီး ပြုံးနေတာတုန်း...."

အနားရောက်လာသောမောင့်ကြောင့်သာ အတွေးစတို့ ပျက်သွားချေတော့သည်။ မောင်က စံပယ်ဖူးတွေကိုပင် နှီးတောင့်တောင့်ဖြင့် သီထားပြီးပြီဖြစ်၏။ ထို့ကြောင့် ဆံနွယ်များပြေပြေစည်းနှောင်ထားလေသော ထွင်းအက္ခရာအား စံပယ်ကုံးကလေး ပန်ဆင်ပေးလိုက်တော့သည်။

"မောင့်အစ်ကိုထွင်းက လှနေရောပဲ...."

စံပယ်ရနံ့က စိတ်ကိုကြည်လင်စေသည်။ ဆံနွယ်လားရာအတိုင်း သွယ်တန်းကျနေသော စံပယ်ကုံးကလေးအား လက်ဖြင့်သပ်ယူကာ တစ်ချက်မွှေးမိ၏။

"မွှေးနေတာပဲ မောင်ရယ်...."

ယခုဆိုလျှင် ထွင်းအက္ခရာ၏ ဆံနွယ်များမှာ ပုခုံးကျော်ကျော်အထိ ရှည်လျားနေပြီဖြစ်သည်။ သို့သော် အမျိုးသမီးတစ်ဦးလိုတော့ သူ မဝတ်စားတော့ပါ။ အမျိုးသားတစ်ဦးလိုသာ ဝတ်ဆင်ထားပြီး ပုတုန်းရောင် ဆံနွယ်များအား အမြဲတစေ ခပ်ပြေပြေစည်းနှောင်ထားတတ်သည်။ အရပ်ထဲမှ ကာလသားများ သူ့အား အခြောက်ဟု သမုတ်ကာ လိင်တူချင်းလက်ထပ်ပေါင်းသင်နေထိုင်သည်ဟု လက်ညှိုးထိုးကြပါသော်လည်း မောင်နှင့်သူသည် အမှုမထားခဲ့။ အတင်းစကားများကြားလျှင် တစ်ဖက်နားမှဝင်ကာ တစ်ဖက်နားမှထွက်သွားတတ်သည်။ ရင်ထဲသိမ်းဆည်းကာ အရေးလုပ်မနေတော့။ သူတို့နှစ်ဦးအား အရပ်ထဲကလူတို့ ခပ်ခွာခွာဆက်ဆံကြသည်။ သူကြီးနှင့် ဦးခလေးတို့မှ လွဲလို့ပေါ့။

"မနက်စာစားကြမယ်လေ အစ်ကိုထွင်း...."

ယနေ့မှ အတွေးရေယာဥ်ထဲ အမြဲတစေ မျောပါမိနေပါသော ထွင်းအက္ခရာပါလေ။ မောင်ပြောကာမှ သူခေါင်းကလေးငြိမ့်ကာ မီးဖိုချောင်သို့ မောင်နှင့်အတူ ဝင်လာခဲ့တော့သည်။ မနက်စာမှာ အထူးအဆန်းမဟုတ် ထွင်းအက္ခရာကိုယ်တိုင်ပေါင်းထားလေသော ကောက်ညှင်းပြန်ပေါင်းနှင့် ငါးရံ့ခြောက်ဖုတ်ကလေးပင်။ မောင်က သူ့လက်ရာ ကောက်ညှင်းပြန်ပေါင်းဆိုလျှင် ခေါင်းမဖော်တမ်းစားတတ်သည်ကို သူသိ၍ မနက်အစောကြီးထကာ မောင့်မွေးနေ့အတွက် ချက်ပေးထားခြင်းပေ။

"ကောက်ညှင်းပြန်ပေါင်းပါ့လား....ဘာလို့လုပ်ထားရတာလဲ အစ်ကိုထွင်းရယ်....အစ်ကိုထွင်း ပင်ပန်းတာပေါ့....နောက်ဆို မောင်ပဲ ချက်ပါ့မယ်...."

"မောင့်ကို စားစေချင်လို့ သေချာပေါင်းပေးထားတာ....စားရအောင်နော်...."

ငါးရံ့ခြောက်ဖုတ်ကလေးကို ကြွပ်နေအောင်ဖုတ်ထားကာ ဆီနိုင်နိုင်ဖြင့် နယ်ထားသည်။ ကောက်ညှင်းပြန်ပေါင်းကလေးထဲ ထိုငါးရံ့ခြောက်ဖုတ်ကလေး မြှုပ်ကာ စားပါလျှင် ဆွေမျိုးပါ မေ့သွားစေ၏။ မောင်ကတော့ သူထင်သည့်အတိုင်း ခေါင်းမဖော်တမ်းစားနေချေပြီ။ မနက်စာစားချိန်မှာ ခပ်မြန်မြန်ပင်ကုန်ဆုံးသွား၏။ မောင်က ထမင်းစားသွက်၏။ သူကနှေးသည်။ မောင်က အမြဲဆိုသလို သူ့ပန်းကန်ကိုစောင့်နေတတ်ကာ ပန်းကန်ဆေးပေးတတ်သည်။ ယခုလည်းမောင်က သူစားပြီးသည်အထိ စိတ်ရှည်လက်ရှည်စောင့်ပြီးနောက် သူ့ပန်းကန်ကိုပါ ဆွဲယူကာ သွားဆေးနေချေပြီ။

"အော်....ဒါနဲ့ မောင်ရေ.....သည်နေ့ နှင်းဆီတွေအတွက် မြေသြဇာတွေ ဟင်္သာတမြို့ပေါ် တက်ဝယ်ရမဲ့နေ့မဟုတ်လား....."

"ဟုတ်တယ်အစ်ကိုထွင်း...မောင် ခဏနေသွားတော့မှာ....ဦးလူချောကားနဲ့ လမ်းကြုံလိုက်သွားမလို့လေ...."

မောင်က ပန်းကန်ဆေးနေရင်းမှ ပြန်ဖြေသည်။ ပန်းကန်ဆေးပြီးနောက် လူညစ်ပတ်ကလေးမောင်က လက်ကို ပုဆိုးဖြင့် ပေသုတ်ပြန်၏။

"လက်သုတ်ဝတ်နဲ့သုတ်ပါဆို ဘယ်လောက်ပြောပြောမှတ်မထားဘူး...."

"မောင့်ပုဆိုးလည်း သန့်ပါတယ် အစ်ကိုထွင်းရဲ့....."

မောင့်စကားကြောင့် နှုတ်ခမ်းကလေးဆူပြလိုက်မိ၏။ မောင်ကရယ်ကာ သူ့ကရင်လွယ်အိတ်လေးအား ကောက်ဆွဲလွယ်ပြီး သွားရန် အသင့်ဖြစ်နေတော့သည်။

"ဂရုစိုက်သွားအုန်းနော်မောင်...."

"စိတ်ချပါ အစ်ကိုထွင်းရဲ့...."

ထုံးစံအတိုင်း မောင်က သူ့နှဖူးကလေးအား ခပ်ဖွဖွနမ်း၏။

"တစ်ခေတ်မောင်ရေ!!!! အက္ခရာနဲ့ အဲ့သည်လောက် အလွမ်းသယ်မနေနဲ့ဟ!!! ညနေပြန်ရောက်မှာကိုပဲ!!! မြန်မြန်လာ!!!!"

"ဟော ဦးလူချောတောင် အိမ်ရှေ့ရောက်နေပြီ....."

ဦးလူချော၏ ရွံ့ထူလပျစ်ဂျစ်ကားမှာ အိမ်ရှေ့တွင် စက်နှိုးထားလျက်ပင်။ တစ်ခေတ်မောင် ခပ်ကျယ်ကျယ်အော်ပြောလိုက်၏။

"လာပြီဗျို့ လာပြီ"

အဲ့လူပျိုကြီး ဦးလူချောက သူ့မယ် လွမ်းရမဲ့သူမရှိတိုင်း သူများ လင်မယားကြား အဲလေ လင်လင်ကြား သိပ်ကိုဝင်ပါတတ်တာ။ တစ်ခေတ်မောင် ခပ်ညစ်ညစ်တွေးပြီးနောက် အပြေးကလေးသွားလိုက်တော့ နောက်ပါးဆီမှ အစ်ကိုထွင်း၏ သတိပေးသံက ထွက်ပေါ်လာတော့၏။

"မြေသြဇာဝယ်ရင်လည်း မတန်တဆစျေးဆစ်မနေနဲ့အုန်းနော်....ဟိုတစ်ခေါက်ကလို အများနဲ့တစ်ယောက် ရန်ဖြစ်ပြီးပြန်လာနေရမယ်....."

"ဟုတ်ကဲ့ပါ အစ်ကိုထွင်းရဲ့...တော်ရုံပဲ ဆစ်ပါ့မယ် ဟုတ်ပလား....."

ထို့နောက်တွင် ဦးလူချော၏ ဂျစ်ကားကလေးပေါ် မောင်က ဝှစ်ခနဲ လှမ်းတက်ကာ လိုက်ပါသွားတော့၏။ မောင်ထွက်သွားသည်နှင့် ထွင်းအက္ခရာသည်လည်း သူ့ခေါက်ပိုက်ဆံအိတ်ကလေးကို ဆွဲယူကာ အိမ်မှထွက်ခဲ့တော့သည်။ ခြံတံခါးအား ဝါးလုံးကလေးဖြင့် ညှပ်ကာသာ ပိတ်ခဲ့တော့သည်။ ဤအရပ်သည် အတော်စိတ်ချရသော အရပ်ဖြစ်၏။ အိမ်တံခါးမပိတ်ထားခဲ့လျှင်လည်း ပစ္စည်းတစ်စုံတစ်ရာ ပျောက်ဆုံးခြင်းမရှိတတ်။ ရွာသားများမှာ မိသားစုကဲ့သို့ ရိုင်းပင်းကြသည်။ အများစု ကျဥ်ထားလေသော ထွင်းအက္ခရာတို့ကတော့ ဝိုင်းဝန်းရိုင်းပင်းကြ၍မဟုတ်ဘဲ အရေးတယူအာရုံမစိုက်ကြ၍ အိမ်တံခါးပိတ်မထားခဲ့လည်းဖြစ်လေ၏။

ထွင်းအက္ခရာ ဦးခလေးအိမ်သို့ တန်းတန်းမတ်မတ်သွားလိုက်သည်။ အလျဥ်းသင့်စွာ ဦးခလေးသည်လည်း အိမ်ရှေ့ ကွပ်ပျစ်တွင် အကြမ်းရည်သောက်လျက်ရှိနေ၏။

"ဦးခလေး...."

"ဟော...အက္ခရာ...ဘယ်လိုကဘယ်လိုရောက်လာတာတုန်း....တစ်ခေတ်မောင်ကော သိရဲ့လား...."

ဦးခလေးက ထွင်းအက္ခရာအနောက်သို့ မျှော်တ​ကြည့်ကြည့်ဖြင့် မေးလေ၏။ ထွင်းအက္ခရာ ခေါင်းခါပြလိုက်သည်။

"သူ မသိဘူး ဦးခလေး...."

"ဟေ...သူ မသိဘဲ ဘာလို့လာတာတုန်း....ဟိုက ပြောအုန်းမယ်....အဲ့သည်ကောင်က ငါ့တောင် ပြောသဗျ...ဘာလို့အစ်ကိုထွင်းကို ဂရုမစိုက်ရတာလဲတဲ့လေ....မနက်ဘက် နိဗ္ဗာန်အထိ မနက်စာသွားသွားဝယ်တာ ဟိုက တစ်စက်မှ စိတ်မချဗျ....."

ဦးခလေးက ကရားရေလွှတ်ပြောလေတော့၏။ အတော်လည်း ပိုတဲ့မောင်။ ဦးခလေးကိုပင် ဆူလိုက်သေးသည်။

"ကဲပါ ဦးခလေးရယ်...အခု ဦးခလေးဆီလာတာ အကူအညီတောင်းချင်လို့ပါ...."

"ဆိုပါအုန်း...."

"နိဗ္ဗာန်မှာ ဟင်းစားလေးသွားဝယ်ချင်လို့ ဦးခလေး ထော်လာဂျီလေးနဲ့ လိုက်ပို့ပါ့လားလို့...."

"မဖြစ်ပါဘူး....တစ်ခေတ်မောင်က ငါ့ပြောအုန်းမယ်....မင်းကို နိဗ္ဗာန်အထိ လိုက်ပို့လို့ဆိုပြီး....."

ဦးခလေးက မျက်နှာကြီး ရှုံ့မဲ့ကာ ပြောနေလေ၏။ ထွင်းအက္ခရာလည်း မျက်နှာကလေးငယ်ပြလိုက်ကာ အကူအညီတောင်းရတော့သည်။

"အဲ့တာကြောင့်လည်း ဦးခလေးကို ပို့ခိုင်းတာပေါ့....ကျွန်တော်တစ်ယောက်တည်းသွားရင် သူစိတ်မချမှာစိုးလို့...."

"ဟင်းးးးးး"

ဦးခလေးက ပြင်းစွာ သက်ပြင်းချ၏။

"ကဲကဲ ဒါဆိုလည်း ပြီးရော...."

သို့နှင့် ဦးခလေးမှာ သူ့အား နိဗ္ဗာန်ရွာစျေးအထိ လိုက်ပို့ပေး၏။ စျေးအတွင်း သုံးလေးပတ်လောက် ထွင်းအက္ခရာပတ်လိုက်သည်။ ပြီးနောက် မောင့်အတွက် ငါးကောင်လုံးကလေးကင်ဖို့ရာ ဆုံးဖြတ်လိုက်ပြီး ငါးလတ်လတ်တစ်ကောင်ဝယ်လိုက်၏။ မောင်က ဟင်းစားမမက်။ ငပိရည်သာ နှစ်သက်၏။ အိမ်တွင်လည်း ငပိမှာ ပျက်လက်သည်မရှိ။ မောင့်အကြိုက်မို့ အမြဲတစေ မှာထားဖြည့်ထားသည်။ ငပိရည်ပျစ်ပျစ်ကလေးကျိုဖို့ရာ ငရုတ်သီး၊ဂျင်းနှင့် ငါးကလေးများဝယ်လိုက်သည်။ တို့စရာအစုံအလင်လည်းဝယ်လိုက်သည်။ ဖရဲသီးအကင်းလေးများတွေ့၍ ပြုတ်ပြီးတို့စားလို့ရစေရန် ဝယ်လာခဲ့လိုက်သည်။ တမာရွက်များသည်လည်းမပါမဖြစ်ပေ။

စျေးမှ ပြန်ရောက်သည်နှင့် ထွင်းအက္ခရာ မောမောပန်းပန်းဖြင့် ချက်ပြုတ်လိုက်လေ၏။ မနက်စာမှာ ကောက်ညှင်းပြန်ပေါင်းဖြစ်၍ ရင်တောင့်နေကာ နေ့လည်စာမစားနိုင်။ ဟင်းချက်ထား၍ မောနေသည်ကြောင့်လည်းပါသည်။ သို့နှင့် ရေမိုးချိုးကာ မောင်ပြန်အလာကိုသာ စောင့်နေလိုက်တော့သည်။ ညနေမှောင်ရီပျိုးချိန်တွင်တော့ မောင်ပြန်လာခဲ့၏။ မောင်ရေအချိုးပြီးကို ထိုင်စောင့်ပြီးနောက် မောင်နှင့်ထမင်းလက်ဆုံစားလိုက်ကြသည်။

"သည်နေ့ ဟင်းက ဟုတ်လှချည်လား အစ်ကိုထွင်းရဲ့...."

"ဘယ်နေ့ကမဟုတ်လို့လဲပြော...."

ထွင်းအက္ခရာ တမင်သပ်သပ်မေးလိုက်သည်။ မောင်က ပြာပြာသလဲဖြင့်။

"မဟုတ်ဘူးလေ မောင်က ဟို....သည်ငါးတစ်ကောင်လုံးကျ မောင်တို့နှစ်ယောက်တည်းနဲ့မကုန်ဘူးလို့...."

"ကုန်အောင်စားရမှာပေါ့....သည်နေ့ဘာနေ့လဲ မှတ်မိသလားမောင်...."

မောင်က ခေါင်းတကုတ်ကုတ်ဖြင့် စဥ်းစားဟန်ပြုနေ၏။ ထွင်းအက္ခရာဘေးမှ စက္ကူထုပ်အား မောင့်ထံ ကမ်းပေးလိုက်ရင်း။

"နှစ်ဆယ့်ငါးနှစ်ပြည့်သွားခဲ့ပြီနော် မောင်....မွေးနေ့ကလေးမှာ ပျော်ရွှင်ပါစေနော်....သည်နှစ်မွေးနေ့အပြင် နောက်နောင်မောင့်မွေးနေ့ပေါင်းများစွာကိုလည်း သည်လိုလေး ဂုဏ်ပြုခွင့်ရပါရစေ....."

တစ်ခေတ်မောင်မှာ ယောင်နနဖြင့် အစ်ကိုထွင်းလက်ထဲမှ စက္ကူထုပ်ကလေးအား လှမ်းယူလိုက်မိတော့သည်။ အမှန်အတိုင်းဆိုရလျှင် ယနေ့မွေးနေ့အား သူလုံးလုံးလျားလျားမေ့နေခြင်းပင်။ ယခုနှစ်တွင် ကလောခင်းသည်လည်း နှစ်ခင်း၊ နှင်းဆီတစ်ခင်းဖြစ်လာလေတော့ အလုပ်များပိကာ ကိုယ့်မွေးနေ့ပင် ကိုယ်မေ့နေခြင်းပင်။ ယခုကဲ့သို့ အစ်ကိုထွင်းက သူ့မွေးနေ့အား သတိတရရှိပေးခြင်းကြောင့် ကြည်နူးခြင်းတို့က ဦးစွာဝင်ရောက်လာတော့၏။ အတူနေထိုင်ခဲ့သည့်လေးနှစ်အတွင်း တစ်ခေတ်မောင်၏ မွေးနေ့အား အစ်ကိုထွင်းကသာ သတိတရဖြင့် နှစ်စဥ်ကျင်းပပေးခဲ့၏။ အစ်ကိုထွင်း၏ အလေးပေးမှုကြောင့် တစ်ခေတ်မောင် မျက်ရည်များပင် ဝဲတက်လာမိတော့သည်။

အစ်ကိုထွင်း လှမ်းပေးသော စက္ကူထုပ်ကလေးအား ​ဖြည်ကြည့်လိုက်ရာ ဒေါနစိမ်းရောင်ဆင်တူရှပ်အင်္ကျီနှစ်စုံအား မြင်လိုက်ရသည်မို့ တစ်ခေတ်မောင် မျက်ဝန်းအစုံ ပြူးကျယ်သွားရတော့သည်။

"မောင်နဲ့အတူ အင်္ကျီဆင်တူကလေးဝတ်ပြီး ဟင်္သာတမြို့ပေါ်သွားလည်ချင်မိလို့လေ....မနက်ဖြန်အတူ သွားကြမလားမောင်...."

တစ်ခေတ်မောင် တောက်တဲ့ကြီးကဲ့သို့ ခေါင်းတဆတ်ဆတ်ငြိမ့်မိသည်။ သူ့အပြုအမူကြောင့် အစ်ကိုထွင်းမှာ မျက်ဝန်းညိုကလေးများလခြမ်းသဏ္ဍာန်ပြောင်းလဲသွားသည်အထိ ရယ်မောလာတော့၏။ ထိုအပြုံးအရယ်လေးတွေသည်ပင် တစ်ခေတ်မောင်အတွက် အကောင်းဆုံးမွေးနေ့လက်ဆောင်ဖြစ်နေချေတော့သည်။

"လက်ဆောင်က ဒါတင်မဟုတ်သေးဘူးနော်မောင်...."

"ထ...ထပ်ရှိသေးတာလား အစ်ကိုထွင်း...."

အစ်ကိုထွင်းက ခေါင်းလေးဖြေးညှင်းစွာ ငြိမ့်ပြ၏။ တစ်ခေတ်မောင်မှာ အံ့သြပြီးရင်း အံ့သြရသည်။ ပြီးပြည့်စုံသော အစ်ကိုထွင်းလက်ရာ ဟင်းလျာတွေနှင့် ဂရုတစိုက်ရွေးဝယ်ထားပါသော ဆင်တူရှပ်အင်္ကျီကလေးအပြင် လက်ဆောင်ထပ်မံရှိသေးသည်တဲ့လား။

"မောင့်အတွက်တော့ အစ်ကိုထွင်းကသာ အကောင်းဆုံးလက်ဆောင်ပါ....တခြားဘာမျှမလိုအပ်ပါဘူး...."

"သို့ပေမဲ့ အခုပေးမဲ့ လက်ဆောင်ကိုလည်း မောင်နှစ်သက်မှာပါ..."

အစ်ကိုထွင်းက ယုံကြည်ချက်ရှိစွာဆို၏။ ထို့နောက် ငါးတစ်ဖဲ့အား အရိုးထွင်ကာ တစ်ခေတ်မောင်ပန်းကန်ထဲ ထည့်ပေးလာတော့သည်။

"များများစားနော် မောင်...."

တစ်ခေတ်မောင်မှာ မျက်ရည်ဝဲနေသည့်ကြားမှ ပြုံးမိတော့သည်။ သူမှတ်မိနေပါသေး၏။ *ထွင်းအက္ခရာ*အငြိမ့်သဘင်အိမ်သို့ သူစရောက်စဥ်အခါက သူ့ထမင်းပန်းကန်ထဲသို့ ပထမဆုံး ဟင်းခူးခပ်ထည့်ပေးခဲ့သူမှာ အစ်ကိုထွင်းဖြစ်ခဲ့၏။ ယခုလည်း ထိုအတိုင်းပင်။ အစ်ကိုထွင်းမှာ သူ့အတွက် အမြဲတစေ ဟင်းခူးခပ်ထည့်ပေးတတ်သည်။ အရိုးသေချာထွင်ထားသော ငါးကင်ဖတ်လေးအား ငေးရင်း တစ်ခေတ်မောင်မှာ မထိန်းနိုင်စွာ မျက်ရည်များကျမိတော့သည်။ ပြန်ပြောင်းတွေးကြည့်ပါလျှင် သူဟူသည့် တစ်ခေတ်မောင်မှာ မည်သူမျှမဟုတ်ခဲ့။ လူသူမသိသော သာမညတစ်ယောက်သာ။ အစ်ကိုထွင်းမှာတော့မတူ။ ပြည်သူချစ်သော အငြိမ့်မင်းသမီးတစ်ဦး။ အစ်ကိုထွင်းနှင့်သူမှာ မိုးနှင့်မြေလို ကွာဝေးကြသူများဟု သူထင်မှတ်ခဲ့သည်။ သို့ပေသော်လည်း အစ်ကိုထွင်းမှာ သူနှင့်အတူ မြေပြင်ပေါ်သို့ ခုန်ဆင်းကာ သူနှင့်အတူ ဒုက္ခခံနေရသည်မို့ သူ့စိတ်တွင်မကောင်းတော့။

"မောင်...မောင်...ဘာ..ဘာဖြစ်လို့လဲဟင်...ငါးကင်မကြိုက်လို့လား...."

မျက်ရည်များအား လက်မောင်းဖြင့် ခပ်ကြမ်းကြမ်းဖိသုတ်ပစ်လိုက်ကာ ပြုံးလိုက်မိသည်။

"မဟုတ်ပါဘူး....မောင်က ငပိရည်ပိုကြိုက်လို့ပါ...."

"ဟင်....မောင်ကလည်း ဒါလေးများ ငိုစရာလား ကလေးလေး ကျနေတာပဲ...."

သို့ဆိုလျက် အစ်ကိုထွင်းမှာ ငပိရည်တစ်ဇွန်း သူ့ထမင်းပန်းကန်ထဲ ခူးခပ်ထည့်ပေးပြန်၏။ ဖရဲသီးအကင်းပြုတ်ကလေးကိုလည်း တို့စားဖို့ရာ ထည့်ပေးနေသေးသည်။

"အစ်ကိုထွင်း...."

"ဟင်...."

"မောင်နဲ့အတူ ဒုက္ခခံစေမိလို့ တောင်းပန်ပါတယ်နော်...တကယ်ဆို အစ်ကိုထွင်းက----"

"မောင်!"

အစ်ကိုထွင်းက သူ့အား ခပ်ဆတ်ဆတ်ကလေးခေါ်လိုက်၏။ သို့ကြောင့်မို့ပင် အစ်ကိုထွင်းအား သူမော့ကြည့်မိသည်။ ထိုအခါမှ အစ်ကိုထွင်းမှာ သက်ပြင်းကလေးဖွဖွချလျက်။

"မောင်တောင်းပန်ရမှာမဟုတ်ဘူး...ငါကမောင့်ကို ကျေးဇူးတင်ရမှာ....ဘဝမှာ သည်လိုမောင်နဲ့အတူ နေရတာက အပျော်ရွှင်ရဆုံးပဲ သိရဲ့လား....ကယ်တင်ပေးလို့ ကျေးဇူးပါမောင်...မောင်ပြောသလို ဒုက္ခခံနေရတယ်လို့ တစ်ခါမှ မတွေးဖူးဘူးရယ်...အဲ့သည်လို တွေးမိဖို့အချိန်မရသည်အထိ မောင်နဲ့ငါ ​ပျော်နေရလို့ပဲ မောင်...."

အစ်ကိုထွင်းမှာ အေးအေးချမ်းချမ်းပြုံးကာ တည်တည်ငြိမ်ငြိမ်ရှင်းပြနေလေ၏။ ထိုအခါမှ လှိုင်းထန်နေသော တစ်ခေတ်မောင်၏ ရင်အစုံလည်း ရုတ်ချည်းငြိမ်ကျသွားတော့သည်။ အစ်ကိုထွင်း၌ ထိုကဲ့သို့ အစွမ်းရှိ၏။ အတွေးများနေသူအား အေးချမ်းတည်ငြိမ်သွားစေသည့် နူးညံ့အေးချမ်းသော အပြုံးနှင့်လေသံကလေး အစ်ကိုထွင်းတွင် ရှိသည်။ ထို့ကြောင့်လည်း အစ်ကိုထွင်းနံဘေးရှိနေရခြင်းသည် သိပ်ကို ငြိမ်းချမ်းပါ၏။

"ကလေးလေးလို အတွေးများမနေစမ်းနဲ့ မောင်ရယ်...ထမင်းစားရအောင်နော်....ညကျ မောင့်အတွက် လက်ဆောင်ရှိသေးတယ်ရယ်...."

"ညကျ?"

တစ်ခေတ်မောင် သံယောင်လိုက်မေးရင်း အတွေးတို့က ဟိုရောက်သည်ရောက်။ ညရောက်မှ ပေးမဲ့ လက်ဆောင်ဆိုလေတော့ မဟုတ်မှလွဲရော....။

"မောင်...မောင်နော်...ဘာ...ဘာတွေ တွေးနေတာလဲ...."

အစ်ကိုထွင်းက သူ့အတွေးမိုက်မိုက်တို့အား လှမ်းဖတ်မိပုံရ၏။ ချက်ချင်းကို ရှင်းပြလေတော့သည်။ အစ်ကိုထွင်းက နူးနူးညံ့ညံ့ပြုံးလျက် ထိုသို့သာဆိုသည်။

"မောင် အငြိမ့်ပွဲမကြည့်ရတာ ကြာပြီမဟုတ်လား....ငါလေ မောင့်တစ်ဦးတည်းအတွက် အငြိမ့်ပွဲကလေးပြင်ပေးထားတယ်ရယ်...."

ထိုစကားကြောင့် တစ်ခေတ်မောင်မှာ အံ့သြပြီးရင်း အံ့သြရပြန်သည်။ အငြိမ့်ပွဲများ မကြည့်ခဲ့သည်မှာ နှစ်များကြာပြီဖြစ်၏။ အငြိမ့်ပွဲကြည့်လျှင် အတိတ်ကိုသတိရကာ အစ်ကိုထွင်းအား ဝမ်းမနည်းစေချင်သည့်အတွက်ကြောင့်လည်းပါသည်။ သို့သော်လည်း ညခင်းတိုင်းလိုလို ကလေးများနှင့်တော့ အစ်ကိုထွင်း အကသင်အကတိုက်လေ့ရှိပါ၏။ ဤသည်ကိုကြည့်ရသည်နှင့်ပင် တစ်ခေတ်မောင်အတွက်မူ လုံလောက်နေပြီဖြစ်၏။

"ဟင်းတွေအေးကုန်တော့မယ် စားကြရအောင်နော်...."

အစ်ကိုထွင်းက ထပ်မံဆော်သြလိုက်သည်မို့ ထမင်းစားခြင်းအမှု၌သာ အာရုံစိုက်ထားလိုက်တော့သည်။ သို့ပေသော်လည်း သူ့တစ်ဦးတည်းအတွက်ပြင်ပေးထားသည့် အငြိမ့်ပွဲကလေးအတွက်မူ ရင်ခုန်နေလျက်ရှိသည်။

ထမင်းစားသောင်ပြီးချိန်၌ မောင်မျက်လုံးများအား ပုဝါဖြင့်စည်းကာ ထိုင်စောင့်ခိုင်းထားလိုက်သည်။ မောင်က သူတစ်ခွန်းဆိုတစ်ခွန်းမို့ ခိုးကြည့်မည်မဟုတ်ကြောင်း သူယုံပါ၏။ ပြီးသည်နှင့် အိမ်ရှေ့ ကွက်လပ်ကလေးတွင် ဦးခလေးအား အကူအညီတောင်းကာ ဆောက်ခိုင်းထားရပါသော ဇာတ်စင်အသေးစားကလေးအား သူကိုယ်တိုင်နေရာပြင်လိုက်သည်။ စင်ဘေးတစ်ဖက်တစ်ချက်ဆီတွင် ရေနံဆီမီးတို့ ညှိထားလိုက်သည်။ စင်ကလေးရှေ့တွင်တော့ မောင်ထိုင်ဖို့ရာ ဖျာကြမ်းတစ်ချပ်ခင်းထားကာ မောင်ထိုင်ရာတွင် မအေးစေဖို့ စောင်ပါးတစ်ချပ်ထပ်ထားလိုက်သည်။

ပြီးသည်နှင့် အပေါ်ထပ်သို့ လှစ်ခနဲတက်လိုက်ပြီး ဗီရိုအတွင်း မွှေနှောက်ရှာဖွေလိုက်တော့သည်။ အဆုံး၌ကား သူတယုတယသိမ်းထားသည့် တစ်ထည်တည်းသော အငြိမ့်မင်းသမီးဝတ်စုံကလေးအား ဗီရိုအတွင်းမှ အသာထုတ်လိုက်သည်။ ဤဝတ်စုံကလေးမှာ မောင်နှင့်အတူ ပွဲစကချိန်က ဝတ်ဆင်ခဲ့သော အဝါရောင်အငြိမ့်မင်းသမီးဝတ်စုံကလေးပင်။ သူနှင့်တော်ပါသေးရဲ့လားတော့ သူ မပြောတတ်တော့ပါချေ။ မှောင်လာပြီမို့ အဝတ်အစားအမြန်လဲလိုက်ရာ ကံကောင်းစွာဖြင့် ဝတ်စုံအဝါကလေးက သူနှင့် တော်နေသေး၏။ မှန်ရှေ့တွင်ရပ်ကာ မိမိကိုယ်ကိုကြည့်မိပါ၏။ မင်းသမီးဝတ်စုံအဝါရောင်ကလေးနှင့်လိုက်ဖက်နေသော ကိုယ့်ကိုကိုယ်မြင်ရသည့်အခိုက် ကျေနပ်သွားရကာ ဆံထုံးထုံးခြင်းအမှုစတင်လိုက်တော့သည်။

မောင်နှင့်နေပြီးနောက် ဆံထုံးလည်းထုံးတတ်နေပြီဖြစ်သည်။ တယ်လည်းလှပတယ်မဟုတ်သော်ငြား သပ်ရပ်သည်အထိတော့ ထုံးတတ်နှောင်တတ်နေလေပြီ။ ဆံထုံးခပ်မြင့်မြင့်ထုံးပြီးနောက်တွင်မူ နှစ်များစွာ သိမ်းဆည်းထားခဲ့ပါသော ထန်းခေါက်ဖာငယ်ကလေးအား ဆွဲထုတ်ယူလိုက်၏။ ထန်းခေါက်ဖာကလေးအတွင်းမှ မောင့်လက်ဆောင် သစ်သားဆံထိုးကလေးအား ထုတ်ကာ ဆံထုံးမြင့်မြင့်ထက် ဆင်ယင်လိုက်တော့သည်။ ပြီးသည်နှင့် မောင်ကိုယ်တိုင်သီထားပါသော စံပယ်ကုံးများအား ပေါပေါသီသီပန်ဆင်လိုက်တော့သည်။ ပြင်ဆင်ခြယ်သခြင်းမှာ ဤတွင်ပြီး၏။ မျက်နှာချေမှုန့်မပါလေသော သူ့မျက်နှာကလေးမှာ ပြောင်ရှင်းဝင်းမွတ်နေလျက် ဆံထုံးမြင့်မြင့် စံပယ်ကုံးတွေနှင့် အတော်ကလေးယဥ်နေပြီဖြစ်၏။ ထိုအတိုင်းကလေး အောက်ထပ်ဆီ ဆင်းသွားလိုက်သည်။ မောင့်ကို တွဲခေါ်လိုက်ရင်း စင်ရှေ့စောင်ခင်းထားသောဖျာထက် အသင့်ထိုင်ခိုင်းလိုက်တော့သည်။

ပြီးကာမှ ဇာတ်စင်ထက်၌ ထွင်းအက္ခရာ နေရာယူလိုက်တော့သည်။ ပုဝါအဝါလက်လက်ကလေးကိုလည်း အချိုးအချိတ်ပြင်ထားသောလက်ကလေးဖြင့် ကိုင်တွယ်ကာ ကိုယ်ဟန်ပြင်ထားလိုက်လေတော့သည်။

"သီချင်းသံစတာနဲ့ မောင့်မျက်လုံးတွေ ဖွင့်ကြည့်ဖို့ မမေ့လေနဲ့နော်...."

မောင် ခေါင်းငြိမ့်ပြသည်ကို မြင်သည်နှင့် အသက်ကိုပြင်းပြင်းရှူသွင်းလိုက်ကာ သီချင်းသံသွင်းထားသော ကက်ဆက်ကလေးအားဖွင့်လိုက်လေတော့သည်။

သံစဥ်ကလေးကြားသည်နှင့် မျက်လုံးတစ်ဝိုက်ကွယ်ဝှက်ထားသော ပုဝါစအား တစ်ခေတ်မောင် ဖယ်ရှားလိုက်တော့သည်။ ကက်ဆက်ထံမှ ပျံ့နှံ့လာသော တေးသံကလေးနှင့် ချိုမြကြည်လင်လှပါသော အစ်ကိုထွင်း၏ သီချင်းသီဆိုသံ။ မသက်သာလှပါသော်လည်း ကြိုးစားကပြနေပါသော အစ်ကိုထွင်းမှာ ချွေးကလေးများစို့လို့ပင်။ အစ်ကိုထွင်း၏ ဆံထုံးမြင့်မြင့်ထက် သူဝယ်ပေးထားခဲ့သော ဆံထိုးကလေးနှင့် သူမြတ်နိုးရပါသော စံပယ်ကုံးကလေးများ။ အစ်ကိုထွင်းဝတ်ဆင်ထားသည်က သူနှင့်အစ်ကိုထွင်းအတူတူ စတင်ပွဲကစဥ်က ဝတ်ဆင်ခဲ့သော ဝတ်စုံအဝါကလေးပင်။

အစ်ကိုထွင်း၏ ခြေထောက်ကလေးမှာ တစ်ချက်တစ်ချက်ယိုင်ယိုင်ကျကာ ဟန်ချက်ပျက်သွားတတ်၏။ ထိုအခါတိုင်း စင်အောက်မှ တစ်ခေတ်မောင်မှာ ဖမ်းပွေ့ဖို့ရာ အဆင်သင့်ဖြစ်နေသည့်အလား လက်နှစ်ဖက်ဖွင့်ဟ၍ ကြိုမိ၏။ သို့ပေသော်လည်း အစ်ကိုထွင်းမှာ စိတ်ဓာတ်ပြင်းလေသည်။ ယိုင်သွားသော်လည်း ပြန်ထိန်း၏။ လဲကျလျှင် ပြန်ထ၏။ ပြီးလျှင်တော့ စီးချက်သံစဥ်အတိုင်း ထပ်မံကခုန်ပြန်၏။ စင်အောက်မှ တစ်ခေတ်မောင်ကိုလည်း ပြုံးပြဖို့ သူ မမေ့ပေ။ တစ်ခေတ်မောင်အတွက်မို့သာ မသန်တော့သည့်ခြေကို အားပြု၍ ကြိုးစားကခုန်နေပါသော စင်မြင့်ထက်မှ အစ်ကိုထွင်း။ တစ်ခေတ်မောင်များ ကြယ်စင်တန်းကလေးအား ငေးနေရသကဲ့သို့ မျက်ဝန်းများတဖျတ်ဖျတ်တောက်ကာ ငေးနေမိတော့သည်။ အစ်ကိုထွင်း။ သူ့အစ်ကိုထွင်း။ မောင့်ရဲ့ အစ်ကိုထွင်း။

အဆုံးသတ်၌ လက်ကလေးချိုးကာ အပေါ်မြှောက်လို့ ဂန္ဓဝင်ဆန်ဆန်အဆုံးသတ်လေ၏။ ထိုကိုယ်ဟန်လေးအတိုင်း ငြိမ်သက်အဆုံးသတ်နေရင်း ရင်ဘတ်ကလေးနိမ့်ချည်မြင့်ချည်ဖြင့် မောဟိုက်နေတော့သည်။ ချွေးတို့သည်လည်း အစ်ကိုထွင်း မျက်နှာထက်တွင် နေရာယူနေကြ၏။ တစ်ခေတ်မောင်မှာ လက်ခုပ်အား ဖြေးညှင်း၍ အားပါစွာ တီးခတ်လိုက်တော့သည်။ ပွဲခင်းထဲတွင် သူတစ်ဦးတည်း။ သူ့ရှေ့မှ မင်းသမီးသည်လည်း သူ့တစ်ဦးတည်းအတွက်ဖြစ်နေချေပြီ။ အစ်ကိုထွင်းမှာ သူ့ထံသို့လှည့်၍ ပြုံးပြချေတော့၏။ ကမ္ဘာ၌ အနွေးဆုံးသော ထိုအပြုံးကလေးပင်။

ကြာကြာမရပ်နိုင်တော့သည့်နောက် အစ်ကိုထွင်းမှာ ပုံခနဲလဲကျတော့သည်။ တစ်ခေတ်မောင်မှာ ထိတ်ထိတ်ပြာပြာဖြင့် စင်ပေါ်သို့လွှားခနဲတက်ကာ ပြေးပွေ့မိတော့သည်။ တစ်ခေတ်မောင်၏ စိုးရိမ်ကြီးနေသော မျက်နှာကလေးအား အစ်ကိုထွင်းက လက်ကလေးဖြင့် အသာပွတ်ကာ....

"သဘောကျရဲ့လား မောင်....အရင်လိုတော့ ဘယ်လှတော့မလဲမောင်ရယ်....ခြေထောက်တွေက အားမရှိဘူးရယ်...."

ထိုင်မသိမ်းကလေးအား ခပ်ဖွဖွလှန်ရင်း အစ်ကိုထွင်း ခြေသလုံးတို့အား ကြည့်မိသည်။ ခြေထောက်တို့မှာ နီရဲယောင်ကိုင်းနေပြီဖြစ်၏။ တစ်ခေတ်မောင်ခေါင်းတဆတ်ဆတ်ငြိမ့်လို့ ခပ်တိုးတိုးသာဖြေမိသည်။

"သဘောကျတာပေါ့ မောင်သိပ်သဘောကျတာပေါ့....အစ်ကိုထွင်းဖြစ်နေတာနဲ့တင် မောင်အနှစ်သက်ဆုံးဖြစ်နေပြီ....ကကွက်တွေလှလှမလှလှ၊ ခြေကွက်တွေမှန်မှန်မမှန်မှန် မောင်ကတော့လေ----..."

အစ်ကိုထွင်း၏ နှဖူးထက်မှ ချွေးတို့အား ဂရုတစိုက်သုတ်ပေးမိလေ၏။

"အစ်ကိုထွင်းရဲ့ တစ်ဦးတည်းသော သည်မောင်ကတော့ အမြဲလက်ခုပ်တီးပေးနေမှာပါ...."

အစ်ကိုထွင်းက မောနေသည့်ကြားမှ ရယ်မောလေ၏။ ထို့နောက် အစ်ကိုထွင်းက တစ်ခေတ်မောင်၏ခေါင်းကလေးအား ထိန်းကာ ဆွဲယူရင်း နှဖူးကလေးအား ခပ်ဖွဖွနမ်းလေတော့၏။

"ချစ်တယ်မောင်...."

တစ်ခေတ်မောင် မဆိုင်းမတွပြန်ဖြေမိသည်က....

"မောင်အတွက်တော့ အစ်ကိုထွင်းကသာ အချစ်ရဆုံးပါ....."

================

12.11.2022🖤ဆွေး🖤

extraက သည်မှာပြီးပြီပေါ့နော်...နောက်နောင် နေ့ထူးနေ့မြတ်တွေဖြစ်ဖြစ်၊ အဆွေးသားတွေကို လွမ်းမိရင်ဖြစ်ဖြစ် extraလေးတွေတော့ ထပ်ရေးဖြစ်ပါလိမ့်မယ်....

မင်းဇေတအကြောင်းလေး ရေးပေးပါအုန်းလို့ တောင်းဆိုတဲ့သူရှိတဲ့အတွက် ရေးဖို့အစီအစဥ်မရှိပေမဲ့လို့ မင်းဇေတအတွက် အပိုင်းတိုတိုကလေးလာဖို့တော့ ရှိပါတယ်...စောင့်ပေးကြအုန်းနော်....







Continue Reading

You'll Also Like

1.2M 90.1K 126
credit to original author Shui Qian Cheng. This story belongs to Rosy0513 . I am just a translator. This cover photo is not belong to me.
519K 34.4K 84
Myint Myat Paing Naung X Shin Minn Thant Started Date : 1 Oct, 2022 Ended Date : Just OliviaThet-Eleanor's imaginary
3.5M 217K 52
ခတ္တာ ဆိုတဲ့တောရိုင်းပန်းလေးရဲ့အကြောင်း ခတ္တာက မိန်းမမဟုတ်ဘူး ဒါပေမဲ့အလှ ကြိုက်တယ် ခတ္တာက စာမတတ်ပါဘူး ဒါပေမဲ့ အကိုလေးကိုတော့အရမ်းချစ်တယ်
253K 9.2K 39
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...