သည်မောင် လက်ခုပ် တီးပါ့မယ် (...

By moe_for_more

144K 11.5K 3.1K

အစ်ကိုထွင်းက ဇာတ်စင်ပေါ်မယ် အချိုးအချိတ်ကျကျ လှလှကလေး ကကြိုးဆင်ပါလေ....သည်မောင်ကတော့ ဇာတ်စင်အောက် တစ်နေရာကနေ... More

Author's note
၁ (Z)
၂(Z)
၃(Z)
၄ Z
၅(Z)
၆(Z)
၇(Z)
၈(Z)
၉(Z)
၁၀
၁၀(Z)
၁၁
၁၁(Z)
၁၂
၁၂ (Z)
၁၃
၁၃ (Z)
၁၄
၁၄ (Z)
၁၅
၁၅ (Z)
၁၆
၁၆ (Z)
၁၇
၁၇ (Z)
၁၈
၁၈ (Z)
၁၉
၁၉ (Z)
၂၀
၂၀ (Z)
၂၁
၂၁ (Z)
၂၂
၂၂ (Z)
၂၃
၂၃ (Z)
၂၄
၂၄ (Z)
၂၅
၂၅ ( Z)
၂၆
၂၆ (Z)
၂၇
၂၇ (Z)
၂၈
၂၈ (Z)
၂၉
၂၉ (Z)
၃၀
၃၀ (Z)
၃၁
၃၁ (Z)
၃၂
၃၂ (Z)
၃၃
၃၃ (Z)
၃၄
၃၄ (Z)
၃၅
၃၆
၃၆ (Z)
၃၇
၃၇ (Z)
၃၈
၃၈ (Z)
၃၉
၃၉ (Z)
၄၀ (ဇာတ်သိမ်းပိုင်း)
၄၀ (ဇာတ်သိမ်းပိုင်း) (Z)
အခပျြပို
အချပ်ပို
အခပျြပို၂
အချပ်ပို၂
မောင့်ဒိုင်ယာရီ
မောင့်ဒိုင်ယာရီ
နောက်ကျမှ ရေချိုးမိတဲ့အခါ (ေနာက္က်မွ ေရခ်ိဳးတဲ့အခါ)
ပေသလူးနဲ့ တို့များတစ်ခေတ်မောင်
အဆုံးသတ်မဟုတ်လေသော အဆုံးသတ်
Book Announcement
book cover and details

၃၅ (Z)

438 30 2
By moe_for_more

Zawgyi


"ဘာလို့ဆို အစ်ကိုထွင်းက ကျုပ်ရဲ့ နှစ်ယောက်မရှိတဲ့ ချစ်မြတ်နိုးရသူလေဗျာ..."

တစ်ခေတ်မောင်၏ အက်ရှရှခပ်တိုးတိုးအသံကြောင့် ယခုနက ဆူညံမှုအစုံ တိခနဲ ငြိမ်ကျသွားတော့သည်။ အဖွဲ့သားများ မယုံနိုင်ဖြစ်သွားရကာ တစ်ခေတ်မောင်အား အဓိပ္ပာယ်အမျိုးမျိုးဖြင့် ငေးကြည့်နေကြတော့သည်။ သွေးကြွနေခဲ့သည့် ထူးမော်သည်ပင် အံ့သြမှင်သက်သွားလေ၏။ တစ်ခေတ်မောင်မှာ အားအင်ချိနဲ့စွာ ခေါင်းကိုငုံ့ထားလျက် အသံတိုးတိုးဖြင့် အဆက်မပြတ်ရေရွတ်နေတော့သည်။

"ကျုပ် ချစ်ရတဲ့သူကို ကျုပ်က ဘာ့ကြောင့်များ သည်လိုလုပ်ရပ်မျိုး လုပ်နိုင်ရပါ့မလဲ....ကျုပ် အစ်ကိုထွင်းကို ဘယ်လောက်ထိ ချစ်သလဲဗျာ...အစ်ကိုထွင်းကလည်း ကျုပ်ကို ချစ်တယ်....ကျုပ်ကို ဘာ့ကြောင့် သည်လိုတွေ စွပ်စွဲနေရတာများလဲ....ဘာ့ကြောင့်များလဲ...."

ဆရာရသ၏ မျက်နှာထက်၌ နားမလည်ခြင်းများ ပြေးယှက်နေတော့၏။ အက္ခရာနှင့် တစ်ခေတ်မောင် လွန်စွာ နီးကပ်ရင်းနှီးခဲ့ကြမှန်း သူသိပါ၏။ သို့ပေသော်လည်း ညီအစ်ကိုနှစ်ယောက် ချစ်ခင်သကဲ့သို့ ချစ်ခင်သည်ဟုသာ သူမှတ်ယူထားခဲ့လေသည်။ အမျိုးသားနှစ်ဦး ချစ်ကြိုက်၍ရသလား မရသလား သူ မပြောတတ်။ သူ့တပည့်နှစ်ဦးမှာတော့ ချစ်ကြိုက်၍ရကြောင်း ပြသွားချေပြီ။ ဆရာရသမှာ လွန်စွာ စိတ်ရှုပ်နေလျက် မျက်မှောင်တို့ ကြုံ့နေမိတော့သည်။

"မင်း!!!! မင်းကို ဘာကိစ္စ ရာက ချစ်ရမှာလဲ!!!....ရာက ယောက်ျားလေးကွ!!! ယောက်ျားလေး!....ယောက်ျားတစ်ယောက်ကို ရာချစ်မယ်ဆိုရင်တောင် ငါမဟုတ်ဘဲ ဘာကြောင့် မင်းဖြစ်ရသလဲ...."

ထူးမော်တစ်ယောက် သွေးရူးသွေးတန်းအော်ဟစ်လျက် တစ်ခေတ်မောင်၏ မလဲလှယ်ရသေးသော လူရွှင်တော်ဝတ်စုံအား လည်ပင်းနားမှ ဆွဲဆုပ်ထားသည်မှာ ပြဲလုမတတ်။ ထူးမော်၏ မျက်ဝန်းများမှာလည်း နီနီရဲနေခဲ့တော့သည်။ ရာနှင့် သူမှာ ငယ်စဉ်ကတည်းက အတူကြီးပြင်းခဲ့ကြသည်။ သို့ပေမဲ့ ရာ့ဘဝ၏ အခက်ခဲဆုံးသော အချိန်များ၌ သူအတူရှိမပေးနိုင်ခဲ့ပါ။ ထိုအချိန်များ၌ ထူးမော်မှာ ဘိလပ်၌ ဆေးပညာအား ဆည်းပူးနေခဲ့သည်။ အဆုံး၌ သူ တမြတ်တနိုးငေးကြည့်နေခဲ့သောရာမှာ သူ့အား မရွေးချယ်ခဲ့တော့။ သည်အညာသားအား ရွေးချယ်လိုက်ခြင်းမှာ အနေနီး၍သာ ဖြစ်နိုင်ပါ၏။

"ဘာကြောင့် အစ်ကိုထွင်း ကျုပ်ကို ရွေးချယ်ခဲ့သလဲ ကျုပ်မသိဘူး....သို့ပေမဲ့ အစ်ကိုထွင်း ရွေးချယ်မှုမမှားလေအောင် ကျုပ်က အစ်ကိုထွင်းကို အစွမ်းကုန်ချစ်ပေးမှာ...ခင်ဗျားတောင် မတွေးထားဖူးတဲ့အထိပေါ့...."

"မင်း!!!!"

ထူးမော်မှာ လက်ကို ကျစ်နေအောင် ဆုပ်ထားလျက် တစ်ခေတ်မောင်အား ထိုးရန်ရွယ်ထားလိုက်မိတော့သည်။

"ထူးမော်!!!! ရွယ်ထားတဲ့လက်ကို ချလိုက်!!!"

ဆရာရသ၏ အမိန့်ပေးသံသြသြနောက် ထူးမော် အံကိုကြိတ်၍ ရွယ်ထားသည့်လက်အား ပြန်ချလိုက်သည်။ ထိုလက်များအား ပြန်ချထားလိုက်သည့်တိုင် တင်းကြပ်စွာ လက်သီးဆုပ်ထားမြဲဖြစ်၏။

"ကျုပ် ရေမိုးချိုးပြီး ဆေးရုံဆီ ပြန်သွားတော့မယ်....အစ်ကိုထွင်း သတိရလာတဲ့အခါ အားလုံးထက် သူ့ချစ်သူဖြစ်တဲ့ ကျုပ်ကိုပဲ ပထမဆုံးမြင်စေချင်တယ်...."

ခပ်ပြတ်ပြတ်ပြောပြီးသည်နှင့် အပေါ်ထပ်သို့ တက်သွားလေသော တစ်ခေတ်မောင်အား ကျန်သူအားလုံး မျက်စိတစ်ဆုံး လိုက်ကြည့်နေမိကြသည်။ လူရွှင်တော်အစ်ကိုကြီးများမှာလည်း ပြောစရာစကားများ ​ပျောက်ရှနေလျက်။ မယုံနိုင်လောက်ဖွယ်ဖြစ်လေသော်လည်း တရင်းတနှီးချစ်ခင်ရင်းနှီးခဲ့လေသော တစ်ခေတ်မောင်နှင့်အက္ခရာတို့၏ ပုံရိပ်များအား ပြန်မြင်ယောင်လာချိန်၌ သက်ပြင်းဖွဖွချကာ ခေါင်းသာငြိမ့်မိတော့သည်။

မွှေးတစ်ယောက်မှာတော့ အများနှင့် ကွဲထွက်စွာ ခေါင်းချည်းသာ ငုံ့နေ၏။ တစ်ခေတ်မောင် အစ်ကိုထွင်းအား ချစ်မြတ်နိုးကြောင်း ပြောချိန်တွင်သာ အံ့သြမှုအပြည့်ဖြင့် တစ်ချက်မော့ကြည့်လာ၏။ ပြီးနောက် ပြန်လည်ခေါင်းငုံ့သွားကာ အကြောင်းအရင်းမရှိ လက်နှစ်ဖက်ကိုသာ ပွတ်သပ်နေရင်း မျက်ရည်များကျနေလျက်။ အံ့သြမှုအတွေးများစွာဖြင့် အလုပ်များနေသော အဖွဲ့သားများမှာ မူပျက်နေသော မွှေးအား သတိမထားမိပါချေ။

ဟယ်ရင်တန်ထူးမော်မှာတော့ တောက်ပြင်းပြင်းခေါက်ကာ ထွက်ခွာသွား၏။ အိမ်ဝန်းကြီးထဲမှ ခြေသံပြင်းပြင်းဖြင့် ထွက်ခွာသွားကာ ခြံရှေ့တွင် ရပ်ထားသော ကိုယ့်ကားထဲဝင်၍ မောင်းထွက်သွားလေတော့သည်။ ကမူးရှူးတိုးဖြစ်နေလေသော ထူးမော်မှာ လမ်းတစ်ဖက်ခြမ်းတွင် ရပ်ထားလေသော ကားတစ်စီးကိုတော့ဖြင့် ဂရုမထားမိခဲ့ပါချေ။ ဖြစ်အင်အစအဆုံးအား မြင်တွေ့လိုက်ရသော ပြတင်းပေါက်ဘက်သို့ မျက်နှာမူထားသည့် ထိုလူ့မျက်နှာထက် ခပ်ရွဲ့ရွဲ့အပြုံးတစ်ခုဖြစ်တည်သွားလျက်။

"သူဌေးလေး...သည်မယ် ကားရပ်ထားတာလည်း ကြာလှပြီ...ပြန်ကြမလား..."

ကားမောင်းသူ၏စကားအား မကြားသလို ဟန်ဆောင်လျက် ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။ ဖရိုဖရဲဖြစ်နေလေသော အငြိမ့်သဘင်အိမ်ကြီးမှာ သူ့မျက်စိရှေ့တွင် ရှိနေလေ၏။ တစ်ကြိမ်တစ်ခါက နွေးထွေးကောင်းမွန်ခဲ့ဖူးမည့် အငြိမ့်သဘင်အိမ်ကြီးမှာ လက်သည်ဖြစ်သော သူ့ကြောင့် ဖရိုဖရဲဖြစ်ကုန်ချေပြီ။ သူဌေးလေး မင်းဇေတမှာ ဟင်းခနဲ သက်ပြင်းချလျက် သြရှရှအသံဖြင့် တစ်ခွန်းမျှသာ အမိန့်ပေးလိုက်လေတော့သည်။

"မေမြို့ကို ပြန်မယ်...."

ထို့နောက်တွင်တော့ ထိုကားကလေးမှာ မြန်လှသောအလျင်ဖြင့် ထွက်ခွာသွားလေတော့သည်။

#######

ကုတင်ထက် သတိမကပ်သေးသော အစ်ကိုထွင်းပျင်းမနေဖို့ရာ သဘင်အိမ်မှ ကက်ဆက်ကလေးတစ်လုံး ဆွဲယူလာခဲ့လိုက်သည်။ ဟောင်းနေပြီဖြစ်သော အရောင်ညစ်ညစ်နှင့် ကက်ဆက်ကလေးမှာ ကုတင်ခေါင်းရင်းဘေး စားပွဲကလေးပေါ်တွင် တည်ရှိနေသည်။ တစ်ခေတ်မောင်မှာ ကက်ဆက်ဟောင်းကလေးမှ လွင့်ပျံလာသော မကြည်လင်သည့် သီချင်းသံအား လိုက်လံညည်းလျက် အစ်ကိုထွင်း၏ လက်သွယ်သွယ်များအား ရေပတ်တိုက်ပေးနေလေ၏။

"~~~လေနှင်ရာ လွင့်ရအုန်းမဲ့ ဘဝပါ~~~
~~~တော်ရာကို သွားနေရမဲ့ဘဝပါ~~~
~~~အချစ်ဆုံးရေ မောင်နဲ့ လိုက်အုန်းမလား~~~

~~~မနေချင်မှန်းသိရက်နဲ့လည်း ခေါ်မိတယ်လေ~~~
~~~မလာချင်မှန်းသိရက်နဲ့လည်း မျှော်မိတယ်လေ~~~
~~~အချစ်ရေ သည်လိုပဲလေ~~~"

လေလှိုင်းမှသည် လွင့်ပျံနေသော ကိုလွှမ်းမိုး၏ သီချင်းကလေးအား ခပ်တိုးတိုး ညည်းဆိုနေမိသည်။ အစ်ကိုထွင်း၏ မျက်နှာနုနုကလေးအား ငေးလို့ သီချင်းကလေးညည်းကာ လည်ပင်းတစ်ဝိုက်ကိုလည်း ခပ်စိုစို ရေပတ်ဝတ်ဖြင့် ရေပတ်တိုက်ပေးနေမိ၏။

"~~~အတူနေဖို့ မဖြစ်နိုင်တော့တဲ့ ဘဝအခြေ~~~
~~~အကြင်နာတွေ ဖိတ်စင်လွင့်ထွက်ပေါ့မေ~~~
~~~မောင့်အသည်းတွေ လမ်းခင်းလို့နင်းစေ~~~

~~~မဆိုချင်တဲ့ သီချင်းလေးတွေလည်း ဆိုမိတယ်လေ~~~
~~~မငိုချင်တဲ့ မောင့်မျက်ရည်လည်း ငိုမိတယ်လေ~~~
~~~အချစ်ရေ သည်လိုပဲလေ~~~"

ရေပတ်တိုက်ပေးခြင်းအမှု ပြီးဆုံးသွားသည်မို့ ရေပတ်ဝတ်နှင့် ရေဇလုံအား စားပွဲပေါ်သို့ တင်ထားလိုက်တော့သည်။ တစ်ခေတ်မောင်မှာ သူ့လက်ကြမ်းကြီးများဖြင့် အစ်ကိုထွင်း၏ လက်သွယ်သွယ်အား ခပ်ဖွဖွဆုပ်ကိုင်ထားကာ တယုတယပွတ်သပ်ပေးနေမိ၏။

"သည်လို ရေပတ်ကလေး တိုက်ထားပေတော့ အစ်ကိုထွင်းသတိရလာတဲ့အခါ နုံးချိမနေတော့ဘူးပေါ့...အစ်ကိုထွင်းတို့ မြို့ကြီးသားတွေက သိပ်အသန့်ကြိုက်တာမဟုတ်လား...ဟားဟား...."

တစ်ခေတ်မောင် ခြောက်ကပ်ကပ်ရယ်လိုက်လေ၏။ သို့သော် သူမျက်ဝန်းများမှာ လိုက်လံမရယ်မောနိုင်ချေ။ တိုတောင်းလှသော ရယ်မောမှုပြီးသည်နှင့် တစ်ခေတ်မောင်မျက်နှာကလေး တစ်ဖန် ညှိုးနွမ်းသွားပြန်လေ၏။ ကိုင်ဆုပ်ထားသော အစ်ကိုထွင်း လက်ကလေးအား သူ့နှဖူးတွင် ထိကပ်ထားလိုက်တော့သည်။ ပြီးသည်နှင့် အသံတိတ်ကလေး ငိုရှိုက်နေတော့၏။ အစ်ကိုထွင်း ပြန်လည်သတိရလာဖို့ရာလည်း တဖွဖွ ဆုတောင်းနေတော့၏။ ယခုဆိုလျှင် အစ်ကိုထွင်း သတိမေ့မြောနေသည်မှာ ရက်သတ္တပတ်ပြည့်သွားချေပြီ။

လက်ချောင်းကလေး ခြေချောင်းကလေးများပင် လှုပ်မလာသည်ကြောင့် အဖွဲ့သားများမှာ စိုးတထိတ်ထိတ်ဖြစ်နေကြ၏။ တစ်ခေတ်မောင်မှာတော့ အစ်ကိုထွင်း ပြန်လည် သတိရလာမည်အား ဧကန်သိသည့်အလား နေ့စဉ်ရက်ဆက် ဆေးရုံတွင်ပင်နေကာ အစ်ကိုထွင်းအား အမြဲမပြတ် ရေပတ်တိုက် သန့်စင်ပေးတတ်၏။ သီချင်းကလေးများ ဖွင့်ထားပေးတတ်ကာ အစ်ကိုထွင်း၏ ဆေးရုံခန်းအား တစ်ခေတ်မောင်သာ မောင်ပိုင်စီးထားတော့သည်။

တစ်ခေတ်မောင်မှာ စိတ်ထောင်းကိုယ်ကြေဖြစ်နေချေပြီ။ သည်ရက်သတ္တပတ်အတွင်း အသေအချာ မစားမသောက်ခဲ့ခြင်းကြောင့် တစ်ခေတ်မောင်မှာ အတော်ကလေး ပိန်သွားချေသည်။ မျက်နှာကလေး ချောင်ကျသွားကာ ပါးရိုးများပင် ယခင်ကထက်ထင်းစွာ ထွက်ပေါ်နေ၏။ မုတ်ဆိတ်မွှေးများသည်လည်း တစ်ခေတ်မောင်မျက်နှာထက် နေရာယူနေသည်မို့ တစ်ခေတ်မောင်မှာ နေ့ချင်းညချင်း အသက်ရအိုစာသွားသလိုပင်။

"ကိုတစ်ခေတ်မောင်...နားပါအုန်းလားဟင်....အစ်ကိုအက္ခရာကို နွယ်နွယ်ဂရုစိုက်လိုက်ပါ့မယ်....ကိုတစ်ခေတ်မောင် ညနေစာလည်း ကောင်းကောင်းမစားရသေးဘူးမဟုတ်လား...."

"မနွယ်နွယ် ပြန်လိုက်ပါ....သည့်ထက်မှောင်သွားရင် မကောင်းဘူးလေ...."

နွယ်နွယ် သက်ပြင်းကလေးသာချမိတော့သည်။ ကိုတစ်ခေတ်မောင် မည်မျှပင်ပန်းနေမှန်း နွယ်နွယ်ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ဖြစ်၏။ ကိုယ့်ချစ်ရသူ မေ့မြောနေ၍ ပူလောင်သည့်အပူကတစ်ပူ၊ ကိုယ့်ချစ်ရသူအကြောင်း အပုပ်ဖွသူအဖြစ် စွပ်စွဲခံရသည့် အပူကတစ်ပူ၊ တစ်ပူပေါ် တစ်ပူဆင့်၍ ကိုတစ်ခေတ်မောင်တစ်ယောက် ချုံးချုံးကျနေချေပြီ။ သို့ပေသော်လည်း မည်မျှပင် အားအင်ချိနဲ့၍ စိတ်ဓာတ်ကျနေကာမူ အစ်ကိုအက္ခရာ အနားမှတော့ တစ်ဖဝါးမှပင် မခွာပါချေ။ သူ့ခြေသူ့လက်ဖြင့် သူကိုယ်တိုင်သာ ဂရုတစိုက် ပြုစုစောင့်ရှောက်ပေးချေ၏။

အစ်ကိုအက္ခရာအား ဂရုတစိုက် ရှိပေးနေလေသော ကိုတစ်ခေတ်မောင်မှာ သူ့ကိုယ်သူတော့ဖြင့် ဂရုတစိုက်ရှိဖို့ရာ မေ့လျော့နေဟန်တူပါ၏။ မိမိကိုယ်တိုင် စားဖို့သောက်ဖို့ပင် မေ့လျော့ကာ ကုတင်ထက် ငြိမ်သက်စွာ လဲလျောင်းနေသော အစ်ကိုအက္ခရာကိုသာ အရိပ်တကြည့်ကြည့်ဖြင့် ဂရုစိုက်နေချေတော့သည်။ နွယ်နွယ်တို့ ဆရာရသတို့ ကူညီစောင့်ရှောက်ပေးပါမည်ဆိုတာလည်း မဟုတ်ချေ။ သူကိုယ်တိုင် ဂရုတစိုက်ရှိရလေမှ သူစိတ်ချနိုင်ပုံပေါ်၏။ ဤရက်သတ္တပတ်အတွင်း အငြိမ့်အိမ်ကိုပင် ကိုတစ်ခေတ်မောင်တစ်ယောက် ပြန်မအိပ်ပါချေ။ နေ့နေ့ညည အစ်ကိုအက္ခရာအနားတွင် ရှိနေလျက် အစ်ကိုထွင်း သတိရလာဖို့ရန်သာ မျှော်တလင့်လင့်ရှိနေချေ၏။

"ပြန်လိုက်ပါ မနွယ်နွယ်....ညကြီးမိုးချုပ် မိန်းကလေးတစ်ဦးတည်း ဆေးရုံမှာ လူနာစောင့်ဖို့ဆိုတာ မဖြစ်သင့်ပါဘူး...."

နွယ်နွယ်မတတ်နိုင်တော့။ သက်ပြင်းသာချ၍ ခေါင်းသာ ငြိမ့်ရချေတော့သည်။

"ဒါဖြင့် နွယ်နွယ် ပြန်လိုက်ပါ့မယ်....ကိုတစ်ခေတ်မောင် ညစာစားဖို့လည်း မမေ့ပါနဲ့အုန်းနော်...ဟိုးဘက်စားပွဲပေါ်မယ် နွယ်နွယ်ထမင်းချိုင့် ထားပေးခဲ့တယ်နော်...."

တစ်ခေတ်မောင် ခေါင်းလည်းမငြိမ့် ခေါင်းလည်းမခါမိ။ ကုတင်ထက်မှ အစ်ကိုထွင်းကိုသာ ငေးကြည့်နေမိသည်။ ဦးခေါင်းရှိ ဒဏ်ရာမှာ သိပ်မများတာမို့ ဤရက်များအတွင်း အနာကျက်သွားကြချေပြီ။ အစ်ကိုထွင်းမှာ ထုံးနှောင်ထားခြင်း၊ စည်းနှောင်ထားခြင်းမရှိလေသော ဆံနွယ်များဖြင့် ဖျော့တော့စွာ လဲလျောင်းနေလျက်။

"အစ်ကိုထွင်းက သည်ကုတင်ပေါ်မယ် လဲနေတဲ့အချိန် မောင်ဘယ်လိုစိတ်နဲ့များ ထမင်းစားရပါ့မလဲဗျာ...."

အစ်ကိုထွင်း နဖူးပေါ် ဝဲကျနေသော ဆံနွယ်တစ်ချို့အား ခပ်ဖွဖွ သပ်၍ နားနောက်သို့ တယုတယပို့ပေးမိသည်။ တစ်ခေတ်မောင် အစ်ကိုထွင်း၏ လက်အား မလွှတ်တမ်း ဆုပ်ကိုင်လိုက်ကာ အားတင်းပြုံးလိုက်ရင်းဆို၏။

"အမြန်ဆုံး နိုးထလာရမယ်နော် အစ်ကိုထွင်း...အစ်ကိုထွင်း နိုးလာတဲ့အခါ မောင်တို့ ဟိုးအဝေးဆုံးကို ထွက်ပြေးကြမယ်နော်...သည်လူတွေရဲ့ အဝေးဆုံးကိုပေါ့...အစ်ကိုထွင်း မောင်နဲ့အတူ လိုက်မယ်မဟုတ်လား....မောင့်ကို အကြာကြီးစောင့်ရအောင် မလုပ်ပါနဲ့နော် အစ်ကိုထွင်း...."

ထိုအချိန်တွင်ပင် တစ်ခေတ်မောင်ဆုပ်ကိုင်ထားလေသော ထွင်းအက္ခရာ၏ လက်သွယ်သွယ်မှာ ခပ်ဖြေးဖြေးလှုပ်သွားချေတော့သည်။

######

နွယ်နွယ် အငြိမ့်အိမ်သို့ ပြန်ရောက်သောအခါ မှောင်နေချေပြီ။ အငြိမ့်အိမ်ကြီးတစ်ခုလုံး မီးအိမ်ဝါဝါများမှ အလင်းရောင်များဖြင့် လင်းထိန်နေတော့သည်။ ဤအိမ်ကြီးမှာ ယခင်က ဆူညံနွေးထွေးခဲ့ဖူး၏။ အဖွဲ့သားများ စုံစုံညီညီဖြင့် သိုက်သိုက်ဝန်းဝန်းရှိခဲ့ဖူးလေသည်။ ယခုတော့ဖြင့် ပကတိ တိတ်ဆိတ်နေချေတော့သည်။

"နွယ်နွယ် ပြန်လာပလား...ဘယ့်နှယ်လဲ အက္ခရာ အခြေအနေ....သတိရပလား...."

အိမ်အောက် ကွပ်ပျစ်ပေါ် ဝိုင်းစုထိုင်နေကြသော အစ်ကိုကြီးများထဲမှ ကိုကြီးငမှေးမှာ စိုးရိမ်တကြီးဖြင့် မေးချေ၏။ နွယ်နွယ် သက်ပြင်းကလေး ဖွဖွချ၍ ခေါင်းသာ ဖြေးဖြေးခါယမ်းပြမိသည်။ နွယ်နွယ်လည်း သည်ရက်များအတွင်း မည်မျှပင် သက်ပြင်းအခါခါချနေမိမှန်း မသိတော့ပါချေ။ နွယ်နွယ် အထုပ်အပိုးများအား ကွပ်ပျစ်ထောင့်တစ်နေရာတွင် ချကာ တစ်ဖက်သဘင်အိမ်သို့ ပြန်ရန် ပြင်လိုက်မိတော့သည်။

"မိမွှေး!!! နင် ငါ့ကို သေချာရှင်းအောင် ပြောစမ်း!!!"

အပေါ်ထပ်ဆီမှ ဟိန်းထွက်လာသော ဆရာရသ၏ အသံကြောင့် နွယ်နွယ်ကိုယ်လေး တုန်တက်သွားရကာ နေရာတွင် ရပ်၍ အပေါ်ထပ်သို့ အကြည့်ပို့မိသည်။ အခြားအဖွဲ့သားများမှာလည်း ဆရာရသ၏ အသံကျယ်ကျယ်ကြောင့် နွယ်နွယ့်နည်းတူ အပေါ်ထပ်သို့ အကြည့်ပို့လာကြတော့သည်။ မကြာပေ။ ဆရာရသမှာ မမမွှေး၏ လက်ကိုဆွဲလျက် အကြမ်းပတမ်း အောက်ထပ်ကွပ်ပျစ်သို့ ဆင်းလာချေတော့သည်။ မမမွှေး အဘယ်ကြောင့်များ ညမှောင်သည်အထိ ဤအိမ်တွင် ရှိနေသေးသလဲ နွယ်နွယ်မပြောတတ်တော့ချေ။ ဆရာရသပုံစံမှာ လွန်စွာ ဒေါသထွက်နေပုံပေါက်ပါ၏။ မမမွှေးအား အတင်းဆွဲခေါ်လာကာ ကွပ်ပျစ်တွင် ထိုင်စေတော့သည်။

"ဆ...ဆရာရသ...ညီမမွှေးကို ဘယ်လိုဖြစ်လို့ သည်လောက်----"

"မိမွှေး!!!! သည်မှာ...အားလုံးရှေ့မှာ အကုန်ရှင်းပြ!!!"

ဆရာရသ ထိုမျှလောက် ဒေါသထွက်ဆူပူသည်ကို မည်သူမျှ မမြင်ဖူးပါချေ။ မမမွှေးမှာလည်း ကွပ်ပျစ်ပေါ်တွင် ထိုင်လျက် တရှုံ့ရှုံ့ငိုကြွေးနေတော့သည်။ နွယ်နွယ်တစ်ယောက် နားမလည်ရခြင်းများ စုပေါင်း၍ ခေါင်းများပင် ထိုးကိုက်လာချေတော့သည်။ မမမွှေးမှာ ခေါင်းကို ငုံ့ထားရာမှ မော့လာလေပြီး ဆရာရသလက်ကို ဆွဲကာ အော်ဟစ်တောင်းပန်လေတော့သည်။

"ဆရာရသ....မွှေး...မွှေး တောင်းပန်ပါတယ်နော်...မွှေးမှာ အစ်ကိုအက္ခရာကို ထိခိုက်စေလိုတဲ့စိတ် လုံးဝမရှိပါဘူးရှင်....မွှေး...မွှေး အဲ့သည်နေ့ညက သိပ်...သိပ်ကို ကြောက်နေခဲ့လို့ပါ...."

မမမွှေးမှာ ချုံးပွဲချငိုကြွေးရင်း ထိုင်ရှိခိုးမတတ် တောင်းပန်နေချေတော့သည်။ မမမွှေးပြောနေသော စကားများအား နွယ်နွယ်အပါအဝင် မည်သူမျှ နားမလည်နိုင်ကြ။

"ဘာ...ဘာတွေလဲ...ဆရာရသ...ကျုပ်တို့ကို ရှင်းပြပါအုန်း...."

ကိုကြီး ငွေခဲမှာ စိတ်ရှုပ်စွာဖြင့် ဝင်ပြောလေ၏။

"မိမွှေး!!! နင်ကိုယ်တိုင် အစအဆုံး ရှင်းပြလိုက်!....."

"ဟုတ်...ဟုတ်ကဲ့ပါ ဆရာရသ....သည်လိုပါ-----"

သို့နှင့် ပြဿနာများ၏ မူလရင်းမြစ်ဆီသို့ ရောက်သွားချေတော့သည်။ ထိုနေ့ည။ အစ်ကိုအက္ခရာနှင့်သူ မေမြို့သူဌေးလေး အိမ်၌ အငြိမ့်သွားကပြရသည့် ထိုနေ့ည။ ထိုနေ့ညတွင် သူဌေးလေးမှာ ​အစ်ကိုအက္ခရာအား ခြေအိတ်ချွတ်၊ ဆံထုံးဖြေ၍ ကပြဖျော်ဖြေရန် စော်ကားပြောဆိုခဲ့သည်။ ထို့ကြောင့်ပင် ဘယ်ချိန်ကတည်းက လိုက်ပါလာမှန်းမသိသည့်  တစ်ခေတ်မောင်ရောက်ရှိလာကာ အစ်ကိုအက္ခရာအား ပွေ့ချီခေါ်ဆောင်၍ ထိုငရဲမှ ကယ်ထုတ်သွားလေတော့သည်။

သို့ပေမဲ့ ကျန်ရစ်ခဲ့သော မွှေးကိုတော့ဖြင့် မည်သူမျှ သတိတရမရှိခဲ့ချေ။ အစကတည်းက ကြောက်ရွံ့နေခဲ့သော မွှေးမှာ ဤအိမ်သို့ မရောက်ခင်ကတည်းကပင် ဤအိမ်တွင်ကပြဖျော်ဖြေဖို့ရာ ငြင်းဆန်နေခဲ့ပါသော်လည်း အစ်ကိုအက္ခရာ အတင်းခေါ်ဆောင်သည်ကြောင့် ရောက်ရှိခဲ့ရခြင်း။ နာမည်ဆိုးဖြင့် သတင်းထွက်သော ​မေမြို့သူဌေးလေး အိမ်တွင် သူတစ်ဦးတည်းသာ ကျန်ရစ်ခဲ့၏။ မည်သူမျှ ကယ်တင်ခြင်းမရှိ။ သူကိုယ်တိုင် ရုန်းမှ လွတ်ချေတော့မည်။

"အဲ့မှာ ရပ်လိုက်!!!!!"

တိုးတိုးတိတ်တိတ်ထွက်ပြေးဖို့ရန် သူ၏ အကြံအစည်မှာ သူဌေးလေး၏ ဟန့်တားသံကြောင့် ရပ်တန့်ခဲ့ရသည်။ ထိုနေရာတွင် ကျောက်ရုပ်တစ်ရုပ်အလား ရပ်တန့်နေခဲ့မိ၏။ မွှေး၏ ခြေဖဝါး လက်ဖဝါးများ အေးစက်လာကာ နှဖူးထက် ချွေးဆို့နေခဲ့သည်ကို ယခုအထိ မှတ်မိနေသေးသည်။

"သည်ကိုလာခဲ့...."

မွှေးတွင် ထိုလူ့စကား နားထောင်ရန်မှအပ ရွေးချယ်စရာမရှိခဲ့။ သူရောက်ရှိနေသည်က ထိုလူ့ ပိုင်နက်ထဲတွင် မဟုတ်ပေလား။

"ခေါင်းကိုမော့!!!"

မွှေးတုန်တုန်ယင်ယင်ဖြင့် ခေါင်းကိုမော့လိုက်သည်။ မျက်မှောင်တို့စုကြုံ့နေလေသော သူဌေးလေး၏ မျက်နှာအား သူမြင်တွေ့ခဲ့ရ၏။

"ကျုပ်ကြားလိုက်တယ်...ဟိုလူပြက်တစ်ခေတ်မောင်က ထွင်းကလေးကို 'အစ်ကိုထွင်း'လို့ ခေါ်လိုက်တာကိုလေ..."

မွှေးကိုယ်ကလေး တောင့်တင်းသွားရတော့သည်။ သူ့နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်လှုပ်လာကာ ခေါင်းငုံ့လိုက်၍ သူ့မျက်နှာအမူအရာအား ကွယ်ဝှက်လိုက်ချင်စိတ်တို့ ပြည့်နှပ်လာတော့သည်။

"ကျုပ်ကို အမှန်အတိုင်း ပြောပြပေးနိုင်မလား...အငြိမ့်သမ မွှေး...."

ဟင့်အင်း။ ဤသည်က သူတို့ အငြိမ့်အဖွဲ့၏ ကြီးမားလှသော လျှို့ဝှက်ချက်ကြီးပင်။ သူချစ်ရသော 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ကြီးအား သူကိုယ်တိုင်သစ္စာဖောက်၍မဖြစ်။

"ကျုပ်မေးနေတယ်လေ!!!"

စိတ်မမှန်စွာ အော်ဟစ်လာသော သူဌေးလေးကြောင့် မွှေးလန့်လွန်း၍ မျက်ရည်များပင် လှိမ့်ဆင်းလာလေတော့သည်။ နှုတ်ခမ်းတို့ တဆတ်ဆတ်တုန်လာသော်လည်း သွားဖြင့် ဖိကိုက်ကာ စိတ်ကိုတင်းထားရ၏။

"ကျုပ်သတင်းတွေ မကြားမိတာတော့ မဟုတ်လောက်ပါဘူးနော်....သေချာတာ တစ်ခုက ကျုပ်မေးတာမှခင်ဗျားမဖြေရင် ခင်ဗျားဘဝအဆုံးသတ်က လှမယ်မထင်ဘူးဆိုတာပဲ..."

မွှေး၏ မျက်ဆံတို့ လှုပ်ခတ်သွားရသည်။ မသိစိတ်၏ စေ့ဆော်မှုအရ အခန်းတစ်ဝိုက် ဝေ့ဝဲကြည့်လိုက်မိသည်။ ရက်စက်လောက်မည့် မျက်နှာထားများနှင့် အိမ်အကူများမှာ တည်တင်းနေကြလျက်။ ထောင်ထောင်မောင်းမောင်း ခြံစောင့်ယောက်ျားသားများမှာလည်း လက်ထဲတွင် တုတ်များကိုယ်စီကိုင်ထားလျက်။ မွှေး၏ နှဖူးထက်မှ ချွေးစသည် ပါးပြင်အထိ လိမ့်ကျလာ၏။

"ကျုပ်သိပ်စိတ်မရှည်တတ်ဘူး...."

မွှေးမသေချင်သေးပါ။ သူချစ်မြတ်နိုးသည့် အငြိမ့်ကပြဖျော်ဖြေခြင်းအား မသေမချင်း တဝကြီး လုပ်ဆောင်ချင်သေး၏။ မွှေးတစ်ယောက် တွေဝေသွားရကာ သူဌေးလေးအား တဖန်မော့ကြည့်မိသည်။

"ကျစ်!!! ဘယ်တတ်နိုင်ပါ့မလဲ...."

သူဌေးလေး ဆိုသူက ခပ်မဲ့မဲ့မျက်နှာပေးဖြင့်ဆိုကာ သူ့လူများအား အချက်ပြသည့်အနေဖြင့် ခေါင်းတစ်ချက်စောင်းပြလေတော့သည်။ မွှေး နှုတ်ခမ်းအား တင်းစွာ ကိုက်ထားသည်ကို လွှတ်လိုက်ကာ မျက်ဝန်းစုံမှိတ်၍ အော်ဟစ်လိုက်မိသည်။

"ကျွန်မ ပြောမယ်!!!"

သူမအသံကြောင့် သူဌေးလေးမှာ သူ့လူများအား လက်ကာပြလေတော့၏။ မွှေးတွင် ရွေးချယ်စရာမရှိတော့။ သူမဘဝကို သူမကိုယ်တိုင် ကယ်တင်ရမည်မို့ပင်။

"ဟုတ်ပါတယ်...ကျွန်မတို့ 'ထွင်းအက္ခရာ'အငြိမ့်အဖွဲ့ရဲ့ ခေါင်းဆောင်းအငြိမ့်မင်းသမီး ထွင်းအက္ခရာက အမျိုးသားတစ်ဦးပါ...."

မွှေးအဖြေစကားကြောင့် သူဌေးလေး မျက်နှာပေါ်တွင် ခပ်ပေါ့ပေါ့အပြုံး တည်လာလေ၏။

"သွားတော့..."

မွှေးခြေထောက်တို့ မရွေ့။ သည်လူ သည်ကိစ္စသိပြီးနောက် ဘာဆက်လုပ်မည်ဆိုသည်ကို သူမမသိချေ။

"သွားတော့လို့ ပြောနေတယ်လေ!!!"

စိတ်ရူးပေါက်အော်ဟစ်ခံလိုက်ရသည့်အခါ မွှေးမှာ နောက်လှည့်မကြည့်စတမ်း ပြေးလာခဲ့တော့၏။ သို့သော်လည်း နောက်နားဆီမှ ကြားနေရသော ထိုသူဌေးလေး၏ ကျေနပ်အားရသော ရယ်မောသံ​ကြီးအား ယခုအထိ မေ့ဖျောက်မရခဲ့ပါ။

"မွှေးတကယ်ပြောတာပါ...အစ်ကိုအက္ခရာကို ထိခိုက်စေဖို့ မွှေးမရည်ရွယ်ပါဘူး...မွှေး...မွှေးမှာ ရွေးချယ်စရာမရှိခဲ့လို့ပါ...."

"ဒါဖြင့်ရင်လည်း ဘာကြောင့်များ သည်ကိစ္စကို စောစောစီးစီး ပြောမပြခဲ့ရတာလဲကွာ..."

ကိုကြီးရှမ်းလေးမှာ မချိတင်ကဲရေရွတ်ဟန်ဖြင့် မေး၏။

"မွှေး ကြောက်နေလို့ပါ....မွှေးကို သည်အငြိမ့်အဖွဲ့ထဲက ဆွဲထုတ်လိုက်ကြမှာကို ကြောက်လွန်းလို့ပါ...ပြီးတော့ ရက်အတော်ကြာတဲ့အထိ ဘာဆိုဘာမျှ ထူးထူးခြားခြားမဖြစ်လေတော့ မွှေး...မွှေးလည်း ဘာမှမဖြစ်လာနိုင်ပါဘူးလို့ ထင်သွားမိခဲ့တာပါ....မွှေးတောင်းပန်ပါတယ်နော်...မွှေးတကယ်တောင်းပန်ပါတယ်နော်...."

မွှေးတစ်ယောက် လက်အုပ်ချီ၍ ဘေးပတ်လည်မှ သူသူငါငါအား တောင်းပန်နေချေတော့သည်။ အဖွဲ့သားများမှာတော့ မျက်နှာမကောင်းကြတော့။ မွှေးဟူသည် ဤအငြိမ့်အဖွဲ့စတည်ထောင်စဉ်ကတည်းက မိသားစုဝင်တစ်ဦးကဲ့သို့ အမြဲအတူတူ ရှိနေခဲ့သည့် ညီမငယ်ကလေးမဟုတ်လား။ မည်သူက သူမ ဤသို့ အဖွဲ့အား သစ္စာဖောက်လိမ့်မည်ဟု ထင်မိပါမည်နည်း။

"နင်တောင်းပန်ရမှာ ငါတို့တတွေကို မဟုတ်ဘူး...ကာယကံရှင်ဖြစ်တဲ့ အက္ခရာကို..."

ဆရာရသက ထိုသို့ဆိုပြီးနောက် မွှေးကိုပင် အကြည့်တစ်ချက်မျှမပို့လေဘဲ အပေါ်ထပ်သို့ ဒေါသတကြီးတက်သွားချေတော့သည်။ မွှေး ဝမ်းနည်းပက်လက်ငိုကြွေးနေမိတော့၏။ သူမ တကယ်ပင်မရည်ရွယ်ခဲ့ပါ။ အစ်ကိုအက္ခရာအား မနာလိုဖြစ်ခဲ့ဖူးသည်မှန်သော်လည်း ထိုသို့ သစ္စာဖောက်ဖို့ရန် သူမတွင် အစီအစဉ်မရှိ။ သူမ အမှန်ပင် ဤအငြိမ့်သဘင်အဖွဲ့ကလေးအား ချစ်မြတ်နိုးပါ၏။ တန်ဖိုးထားပါ၏။ ဤကဲ့သို့ ပျက်စီးသွားဖို့ရန် သူမ မလိုလားခဲ့ချေ။ အဖွဲ့သားများမှာ သူမအား ထွေးပွေ့ပေးဖို့ရာ စိတ်ကူးမရှိကြ။ သက်ပြင်းတချချဖြင့်သာ ကိုယ်စီကိုယ်ငှထွက်ခွာသွားကြ၏။ အဆုံး၌ မွှေးအနားတွင် မည်သူမျှ မကျန်ရစ်တော့။

"မမမွှေး...."

နွယ်နွယ်၏ ခေါ်သံလေးကြောင့် ခေါင်းထောင်ကြည့်မည်အလုပ် သိမ်းကြုံးဖက်ခြင်းအား ခံလိုက်ရတော့သည်။ နွယ်နွယ်၏ ရင်ခွင်ထဲတွင် မွှေးတစ်ယောက် နစ်မြုပ်နေလျက်။

"ငိုလိုက်ပါနော် မမမွှေး...ငိုချင်သလောက် ငိုချလိုက်ပါ...မမမွှေးမှာ သည်က မိနွယ်ရှိသေးတာမို့ နွယ်နွယ့်ရင်ခွင်ထဲမှာ ငိုချလိုက်ပါ...."

"နွယ်နွယ်....မိနွယ်...."

မွှေး မယုံကြည်နိုင်တာမို့ ခပ်တိုးတိုးကလေး ခေါ်ကြည့်မိသည်။

"အင်း....မိနွယ် သည်မှာ မမမွှေးအတွက် ရှိနေတယ်နော်...."

ထိုနွေးထွေးလေသော စကားကလေးနောက်တွင် မွှေးမှာ နွယ်နွယ့်ရင်ခွင်ထဲ၌ စိတ်လွတ်ကိုယ်လွတ်ငိုကြွေးနေမိတော့သည်။ နှုတ်မှလည်း တောင်းပန်စကား တဖွဖွဆိုလျက် အော်ဟစ်ငိုကြွေးနေပါသော ရင်ခွင်ထဲမှ မမမွှေးအား နွယ်နွယ်တစ်ယောက် ခေါင်းကလေး ပွတ်ခါသာ နှစ်သိမ့်ပေးနေမိတော့သည်။

######

တစ်ခေတ်မောင် ထုံးစံအတိုင်း ကက်ဆက်ကလေး ဖွင့်ကာ အစ်ကိုထွင်း၏ ဆေးရုံခန်းလေးအား သန့်ရှင်းရေး လုပ်ပေးနေမိ၏။ သန့်ရှင်းရေး လုပ်ပြီးနောက်တွင် အငြိမ့်သဘင်အိမ်မှ သူခူးယူ သီကုံးလာခဲ့သော စံပယ်ပန်းကုံးကလေးအား အစ်ကိုထွင်း ကုတင် ခေါင်းရင်းမှ ထန်းခေါက်ဖာကလေးထဲ ထည့်ထားလိုက်တော့သည်။ ထန်းခေါက်ဖာကလေးထဲတွင် စံပယ်ပန်းခြောက်ကလေးများ တည်ရှိနေ၏။ ထိုထဲမှ စံပယ်ကုံးများသည် အစ်ကိုထွင်း မေ့မြောနေစဉ်အတွင်း တစ်ခေတ်မောင် နေ့စဉ်မပြတ်ယူဆောင်လာခဲ့သော စံပယ်ပန်းကုံးကလေးများဖြစ်၏။ တစ်ခေတ်မောင် ထန်းခေါက်ဖာကလေးဘေးမှ ဘီးကလေးအား ယူကာ လဲလျောင်းနေသော အစ်ကိုထွင်း၏ ဆံနွယ်များအား တမြတ်တနိုးဖြင့် စတင်ဖြီးပေးလေတော့သည်။

"အစ်ကိုထွင်း မောင်သီပေးတဲ့ စံပယ်တွေ မပန်နိုင်တာ နှစ်ပတ်တောင်ကျော်နေပြီနော်....မောင်ကတော့ နေ့တိုင်း သီပြီး ယူလာအုန်းမှာပဲ အစ်ကိုထွင်း....မောင့်အစ်ကိုထွင်း ပြန်ပန်ဆင်နိုင်မဲ့ နေ့အထိပေါ့....."

အစ်ကိုထွင်း၏ လက်ချောင်းကလေး တစ်ချက်နှစ်ချက်လှုပ်ခတ်သွားသည်ကို မြင်လိုက်ရသလိုပင်။ သို့ပေသော်လည်း အမြင်မှားသည်ဟု ထင်ကာ ဆံနွယ်များကိုသာ ဆက်လက်ဖြီးပေးနေမိသည်။ ထိုစဉ် အစ်ကိုထွင်း၏ နှုတ်ခမ်းဖူးဖူးကလေးမှာ စတင်လှုပ်ခတ်လာတော့၏။ တကယ့်မှ ခပ်ဖြေးဖြေးကလေး။

"အစ်ကိုထွင်း!...သတိရပြီလား!...အစ်ကိုထွင်း!...."

တစ်ခေတ်မောင် မျက်ဝန်းတို့ တလက်လက်တောက်ပသွားရပြီး အစ်ကိုထွင်း၏ မျက်နှာကလေးဆီ ပိုမိုနီးကပ်လိုက်ကာ ပြုံးနေမိတော့သည်။ အစ်ကိုထွင်း၏ နှုတ်ခမ်းဖူးဖူးကလေးမှာ တလှုပ်လှုပ်။

"အစ်ကိုထွင်း....မောင့်အစ်ကိုထွင်း သတိရပြီလားဟင်!...."

တစ်ခေတ်မောင်မှာ တလှုပ်လှုပ်ဖြင့် ခပ်တိုးတိုးရေရွတ်နေဟန်တူသော အစ်ကိုထွင်း နှုတ်ခမ်းဖူးဖူးကလေးများဆီ တိုးကပ်သွားကာ နားထောင်မိတော့သည်။ ကြားရသည်က ခပ်တိုးတိုးကလေးရယ်ပါ။ သို့ပေမဲ့ တစ်ခေတ်မောင် ရင်အား နွေးထွေးစိတ်ချသွားစေကာ ဝမ်းသာမျက်ရည်ကျသည်အထိ စွမ်းဆောင်နိုင်လေသည်။ အစ်ကိုထွင်း မျက်ဝန်းကလေးများ အနည်းငယ်ဖွင့်ဟလျက် ခပ်တိုးတိုးရေရွတ်နေသည်က တစ်လုံးတည်းသော နာမ်စားကလေး တစ်ခုပင်။

"မောင်~~"

ဟူသော နာမ်စားကလေးပင်။ တစ်ခေတ်မောင်မှာ အစ်ကိုထွင်း၏ နှဖူးနှင့် သူ့နှဖူးအား ထိကပ်လိုက်လျက် မထိန်းချုပ်နိုင်စွာ ပြုံးရယ်ကာ ငိုကြွေးမိတော့သည်။ ဤမျက်ရည်များမှာ သူ၏ ဝမ်းသာမျက်ရည်များသာ။

===============

24.10.2022🖤ဆွေး🖤

သီချင်းကလေးက 'ဦးလွှမ်းမိုး'ရဲ့ 'မောင်နဲ့လိုက်အုန်းမလား'ဆိုတဲ့ သီချင်းလေးပါ...အချိန်ရရင် ရှာဖွေနားထောင်ကြည့်ပါနော်...တကယ်နားထောင်ကောင်းပါတယ်....

သည်သီချင်းလေးက ၁၉၇၀အချိန်က ထွက်ရှိခဲ့သလား မသေချာပေမဲ့ သဘောကျတာမို့ ထည့်သွင်းရေးသားထားတာပါ...အကျိုးအကြောင်းမဆီမလျော်ဖြစ်သွားရရင် စာရေးသူရဲ့ ညံ့ဖျင်းမှုသပ်သပ်သာ....






Continue Reading

You'll Also Like

233K 22.8K 73
ဇာတ်လိုက်က အရင်ဘဝတုန်းက အပယ်ခံလေးဖြစ်ပြီးတော့ ရုပ်သေးဘုရင် အဖြစ် ဖိအားပေးခံခဲ့ရတယ်။ ပြီးတော့ တော်ဝင်နန်းတော်ကနေ ဝိုင်းပြီးတော့ အနိုင်ကျင့်ခဲ့တဲ့ စစ်သ...
406K 58.1K 199
ဘာသာ​ပြန်သူ - Swae Nyoe Team (တစ်ဦးတည်း ဘာသာပြန်ဆိုခြင်း မဟုတ်ပါ)
1.3M 44.6K 61
Myanmar × BL Uni/Zaw [ 2 ] Warning..... Start Date: 29.9.2023 End Date: 20.11.2023 Photo Crd